Thursday, 16 October 2014
ကျေဇူးပြု၍ မုန်းမေ့ပါ
ကျွန်မသည် အချစ်ကို ချစ်ပင်ချစ်ဖူးသော်ငြား အချစ်စစ်နှင့် မတွေ့ခဲ့၍ အတုကိုပင် စစ်သည်ဟု ထင်မြင်ခဲ့ဖူးသည်။ ပထမတော့ ကိုယ်ချစ်နေရသည်ကိုပင် အချစ်ဟု ထင်၏။ ကိုယ့်တစ်ဖက်သာလျှင် သည်း သည်းလှုပ် ချစ်၏။ အပြစ်ဟူသမျှ မြူမှုံမျှပင် မခ။ ချစ်သူပြုံးနေ ပျော်နေလျှင်သော်လည်းကောင်း ချစ်သူ့ နဘေး တီတီတာတာ နေရလျှင်သော်လည်းကောင်း ကျွန်မပျော်၏။ စိတ်ညစ်စရာရှိလျှင်သော်မှ ချစ်သူ့ပုခုံး ခေါင်းလေး မှေးတင်လိုက်သည့် အခါ ကောင်းကင်တို့ပင်လျှင် ပြာပြီး ပိုလှသွားသရောင်ရောင် ထင်မိတတ်သေး၏။
စိတ်ညစ်တတ် စိတ်ဓာတ်ကျတတ်သော ချစ်သူအား တစ်ဖက်သတ် အားပေး၏။ သူက ကိုယ့်ကို တစ်ကယ်ချစ်သလား မချစ်ခဲ့ဘူး လားသေချာစဉ်စား ဆင်ခြင်နိုင်သည်ဟူ၍ မရှိ။ သူက ကိုယ့်ကို အားပေးသလား ဖေးမသလားဟု တစ်ခါမျှ မတွေးဖူး။ ကိုယ့်ကိုယ်သူက စာနာပေးတတ်သလား။ ကျွန်မကိုယ်တိုင် အားကိုးတစ်ကြီး မှီခဲ့သောပုခုံးသည် တစ်ကယ်ပင် ခိုင်မာ တောင့်တင်းစွာ ကျွန်မအတွက် အဆင်သင့်ရှိနေခဲ့ရဲ့ လား တစ်ခါမျှ မတွေး။ ယုံကြည်ခဲ့မိသည်။ ကိုယ်တိုင်က မေတ္တာ စစ်မှန်လျှင် မှန်သောမေတ္တာသာ ပြန်ရတတ်သည်ဟူ၍ပေါ့။
ထို့ကြောင့် သူ့ကိုကောင်းစေချင်သော ကျွန်မသည် ပြုပြင်သည်။ ထိန်းကွပ်သည်။ လမ်းညွန်သည်။ ငါပြင်လျှင် သူပြောင်းလဲလာမည်ဟူသည့် အစွဲကို လက်ကိုင်ထားခဲ့သည်။ သူသည်လည်း တစ်ကယ်တမ်းလိုက်၍ ပြုပြင်သော်အခါ ၀မ်းသာလို့မဆုံး ကြည်နူးလို့မဆုံး။ အချစ်စစ်သည်ဟု ကြိတ်ပြီး မာန်တက်ခဲ့မိသေးသည်။ သို့ပေမယ့် တစ်ခါတစ်ရံ သူ၏ မျက်ဝန်းများကို မကြိုက်။ သူ့အပြုအမူများကို မနှစ်သက်။ ချစ်နေတုန်း ရူးမူးခဲ့သည်ဆိုတော့ သြော် ဒါလေးများ ဟူသည့် စိတ်သည် သံသယတို့ကို မှေးမှိန်သွားစေခဲ့သည်။
တစ်ကယ်တမ်းတော့ ကျွန်မအမှားကြီးမှားသည်။ သူ့ကြောင့် ကျွန်မတစ်ခါမှ လွတ်လပ်စွာ မပျော်ရွှင်ခဲ့ရဘူး။ သူ့အတွက်အချိန်ပြည့် စိုးရိမ်ခဲ့ရသည်။ ပူပင်ခဲ့ရသည်။ ကြောင့်ကြခဲ့ရသည်။ သူ့ကို အားကိုးသည့်စိတ်မျိုး ကျွန်မ၏ စိတ်ထဲတွင် တစ်ခါမျှ ယုံယုံ ကြည်ကြည် ဖြစ်ပေါ်မလာခဲ့။ မပျော်ရွှင်သူ စိတ်ဓာတ်ကျသူသည် သူဖြစ်သည်။ အားပေးသူ ဖေးမသူသည် ကျွန်မအမြဲ ဖြစ်သည်။ ကျွန်မ၏ အခက်အခဲအား သူ့ကို တစ်ခါမျှ ဖွင့်ဟလို့ တိုင်ပင်ခဲ့ရသည်ဟူ၍မရှိ။ သူ၏အခက် အခဲအား ဖြေရှင်းပေးရသည်သာ ရှိခဲ့သည်။ ထိုအချိန်သည် အချစ်စိတ် မွှန်ခဲ့သည် ဟုပင် ပြောရမည် လေလား မသိ။ ယခုကဲ့ သို့တွေးတော ဆင်ခြင်နိုင်သည့် အတွေး အယူအဆကျွန်မတွင်မရှိ။
ကျွန်မသိသည်က သူ့ဘေးနားရှိနေလျှင် ပျော်သည်။ စိတ်သည် လွတ်လပ်ပေါ့ပါးနေသည်။ ကြည်နူးသည်။ ဤသည်ကို အချစ်ဟုထင်သည်။ တစ်ခါ ရောဂါလေး ပိုရင့်လာသော အခါ ပေးဆပ်ခြင်း ဖြင့်သာ ချစ်မည်ဟူသော ဆောင်ပုဒ်ကလေးကို တစ်ပြပြဖြစ်လာပြန်သည်။ ခုချိန် ပြန်စဉ်းစားကြည့်လျှင် ကျွန်မသည် အတော်စိတ်ကူးယဉ်ဆန်ပြီး ရူးသွပ်နေသော မိန်းမတစ်ယောက် ဖြစ်နေသည်။ ထိုအချိန်ကတော့ဖြင့် ငယ်ရွယ်စဉ် အချစ်ဦး ဖြစ်တာလဲ ပါမည်ဟု ထင်သည်။ ဒါပေမယ့် ကျွန်မ၏ အရွယ်သည် အသက်၂၀ ကျော်နေပြီဖြစ်သည်။
ထားပါ. နီးနေပြုပြင်နေစဉ်က ကိုယ်ထိန်းကျောင်းသလို ပါနေသလိုလို တစ်ကယ်တမ်းဝေးသွားသည့်အခါ မှာတော့ သူ၏စိတ်သည် ကိုယ့်ထံတွင်မရှိသည်ကို သိလာရသည်။  လူချင်းတွေ့နေ နီးစပ်နေတုန်းကဖြင့် စိတ်ထဲတစ်ကယ်ပဲ တွယ်တာသလိုလိုနှင့် အနေဝေးသွားသည့်အခါမှာတော့ သူနှင့်ကျွန်မ တစ်ကယ်ဝေးသွား ကြသည်။ အမှန်တစ်ကယ်. အချစ်သာစစ်ခဲ့လျှင် တစ်ကယ်သာ သံယောဇဉ်ကြီးခဲ့ကြလျှင် အချိန်နှင့် အကွာအဝေးသည် ထည့်တွက်စရာမလိုပေ။  တစ်ကယ်တော့ သူသည် ကျွန်မ၏ ပေးဆပ်ခြင်း ဖေးမခြင်းတို့တွင် သာယာစွာ အချစ်ဟု ထင်ခဲ့ပုံရသည်။ ကျွန်မသည်လည်း အချစ်ဦးဆိုသည်တွင် ချစ်သူနှင့်လက်ထပ်သူ သည် တစ်ယောက်သာ ဖြစ်ရမည် ဟူသော အတွေးကြီးနှင့်ပင် ကိုယ့်စိတ်၏ သာယာမှုကိုလိုက်ပြီး အချစ်ဟုထင်မြင်ယူဆ ခဲ့ပုံရသည်။ သူရော ကျွန်မရော အတုအယောင် အချစ်ကို အချစ်စစ်ဟုထင်ခဲ့သည်။
ကျွန်မကိုယ်တိုင် အချိန်အတော်ကြာသည်အထိ မရိပ်မိခဲ့။ တစ်ကယ်တော့ ကိုယ့်အတ္တကိုယ်သာ ပိုချစ်ခဲ့ကြ ခြင်းဖြစ်သည်။ ငါက ချစ်နေခဲ့ရဲ့သားနဲ့ ငါကနားလည်ပေးရဲ့သားနဲ့ ဒီလို အတွေးမျိုးတွေနှင့် စိတ်ထဲမှာ အမှတ်ရနေခဲ့ သည်။ တစ်ခါတစ်ရံ ပျော်စရာအမှတ်တရလေးတွေ တွေးပြီး လွမ်းတတ်သည်။ သူမရှိသောအခါ အထီးကျန်ဆန်သလို ခံစားခဲ့ရသည်။ ဒါကိုပင် သြော်.. ငါတစ်ကယ်ချစ်ခဲ့ဖူးပါလားဟု တွေးခဲ့သေးသည်။ အမှန်စင်စစ် သူနှင့်ကျွန်မ ချစ်ခဲ့သည့် အချိန်တွင် ကျွန်မ၏စိတ်ထဲ အေးမြခြင်းဟူသည့် ခံစားချက်မျိုးမရှိ။ အချိန်ပြည့် ပူလောင်သော အတ္တဖြူဖြူ များနှင့်သာ ကျွန်မ၏ စိတ်ကို ခြုံလွှမ်းထားခဲ့သည်။
အချိန်ပြည့် မတင်မကျစိတ်နှင့် မျိုသိပ်ခဲ့ရသည်သာ များသည်။ တစ်ဦးနှင့်တစ်ဦး ပွင့်လင်းသည်ဟု ထင်ရသော်လည်း တစ်ကယ်တမ်း မပွင့်လင်း ခဲ့ကြ။ ရိုးသားသည်ဟု ထင်ရသော်လည်း နှစ်ဦးစလုံး ရိုးသားမှုမရှိ။ သူဘာလဲ ကိုယ်ဘာလဲဆိုသည်ကို စောင့်ကြည့်နေ ကြသည်။ သူကျွန်မကို မယုံကြည်သလို ကျွန်မလဲ သူ့ကို ရိုးသားသည်ဟု မထင်ခဲ့။ သူ့ကို လက်ထပ်မည်ဟူသည့် ယုံကြည်လောက်သည့် စိတ်ခံစားမှုမျိုး ကျွန်မထံတွင်မရှိ။ အချိန်ပြည့် ကျွန်မ၏စိတ်ထဲတွင် သူသည် လိုအပ်နေသေး သည် ။ သံသယရှိနေသေးသည်။ ကျွန်မဘ၀၏ လက်တွဲဖော်ဟု ယုံယုံကြည်ကြည် သတ်မှတ်လို့မရ။
ဒါကို ကျွန်မ၏ စိတ်က သိသည်။ သို့ပေမယ့် ကိုယ့်စိတ်ကို ကိုယ်တိုင် လိမ်ညာခဲ့သည်။ ဒါကြောင့်ပင် လူကြီးသူမများမှ ဆုံးမခဲ့ကြခြင်းဖြစ်မည်။ အသက်အရွယ်ငယ်တုန်းရွယ်တုန်းတွင် အိမ်ထောင်ရေးဟူသည်ကို အလျင် စလို မဆုံးဖြတ်သင့်။ အသက်အရွယ်အရ အတွေ့အကြုံအရ တွေးခေါ်မျှော်မြင်ပုံတို့သည် ကွဲပြားသွားသည်။ ရင့်ကျက် လာသည်နှင့်အမျှ အမှားဟူသည်ကို စိတ်က လက်ခံလာနိုင်သည်။ အမှန်က ဘာဆိုသည်ကို မြင်လာနိုင်သည်။ ယခုအချိန် သူ့ကို ကျွန်မဘ၀ရဲ့ လက်တွဲဖော်အဖြင့် လက်ခံနိုင်သေးသလားဟု မေးလျှင် ကျွန်မတွင် တိကျရေရာ ပြတ်သားသည့်အဖြေတစ်ခုရှိသည်။
          သူ့ကိုသာ လက်တွဲဖော်အဖြစ် လက်ခံခဲ့လျှင် ကျွန်မ၏ ပျော်ရွှင်ခြင်းများ ပျောက်ဆုံးသွားမည်မှာ အသေအချာ ဖြစ်သည်။ သူသည်လည်း ကျွန်မ၏ အခက်အခဲကိုစာနာ နားလည်ပေးနိုင်မည်မဟုတ်။ ကျွန်မကသာ တစ်ဖတ်သတ် ဖေးမသူ ဖြစ် ခဲ့သောကြောင့် ကျွန်မ၏ ဖေးမမှုကိုသာ သူယူမည် သူ့ထံမှ ဖေးမကြင်နာမှုကို ပြန်ပေးရန်ကား သူသိမည်မထင်။ ထို့ကြောင့် ကျွန်မ၏ ပျော်ရွှင်မှုများသည် သူ့အားပေးဆပ်ရင်း ပေးဆပ်ရင်း အချိန်ကြာလာ သည်နှင့်အမျှ ခြောက်ခန်း သွားနိုင်သည်။ ကျွန်မအတွက် ပျော်ရွှင်မှုအစစ်သည် "သူ" မဖြစ်နိုင်သည်မှာ သေချာခဲ့ပြီ။
          အချို့လည်း ငယ်ရွယ်စွာ အိမ်ထောင်ကျပြီး သေတစ်ပန်သက်တစ်ဆုံး လက်တွဲသွားကြသည့် ဘ၀များလည်း ရှိပါသည်။ ကျွန်မဆိုလိုသည်မှာ ဘ၀ကံအကြောင်းပေး မလှခဲ့၍ ကျွန်မကဲ့သို့ အချစ်နှင့်လွဲချော်ခဲ့သူများ ရှိသော်  အသည်းကွဲသည်ဟူသည့် စကားလုံးကို နာမည်တပ်မစောပါနှင့်။ သူနှင့်ကိုယ် ပတ်သတ်ခဲ့သမျှကို သေချာပြန်စဉ်းစား ပါ။ သူ့ကြောင့် ကိုယ်တစ်ကယ်ပျော်ရွှင်ခဲ့ရဲ့လား။ ကိုယ့်အတွက်သူတစ်ကယ်ပဲ လိုအပ်ခဲ့ရဲ့လား။ သေချာပြန်တွေးပါ။
          အများအားဖြင့်တော့ ထိုကဲ့ သို့သောအချိန်တွင် စဉ်းစားတွေးခေါ်နိုင်မှုသည် အလွန်နည်းသည်။ ကျွန်မ ကိုင်တိုင်သော်မှ ရူးခဲ့ဘူးသည်။ အချိန်ယူပါ။  ကိုယ့်ခံစားချက် ကိုယ့်အတွေးကို ကိုယ်တိုင်မလိမ်ညာ ပါနှင့်။ မည်သူပင် ဖြစ်စေ သူနှင့်ကိုယ် တွဲနေရင်း စကားပြောနေရင်း အကြည့်လေးတွေမှာပဲ ဖြစ်စေ မိမိစိတ်ထဲ ထင့်ကနဲ ဖြစ်သွားတတ်သည့် အခြေအနေမျိုး ကြုံဘူးကြပေလိမ့်မည်။ လတ်တစ်လော မွှန်နေသော အချစ်နှင့် မကွယ်ပါနှင့်။ အမှန်အတိုင်းလက်ခံတတ်အောင် ကြိုးစားပါ။ အချိန်အကြာကြီး သံသယကို မျိုသိပ်မထားပါနှင့်။ ပွင့်လင်းစွာမေးပါ။
          သူ့ရဲ့ စိတ်ကို အချိန်တိုင်းလွှမ်းမိုးနိုင်အောင် မကြိုးစားပါနှင့်။ သူ့အလိုလို သတိတရဖြစ်တတ်တာကိုပဲ လိုချင်ပါ။ အချိန်တိုင်း ကိုယ့်စိတ်နှင့် သူ့ကိုယ် မနေခိုင်းပါနှင့်။ သူ့စိတ်ကြိုက်နေပါစေ။ ဒါမှ သူ့ရဲ့ တစ်ကယ့် အစစ်အမှန်ဆိုသည်ကို တွေ့နိုင်ပေလိမ့်မည်။ အစစ်အမှန်ကိုတွေ့မှ ဆုံးဖြတ်ချက်သည် မှန်ပေလိမ့်မည်။ တစ်ခါတစ်ရံ တွင် သူတို့ကိုယ်တိုင်ပင် မသိသော ဟန်ဆောင်မှုတွေတောင် ရှိတတ်သည်။ သူတို့ကိုယ်တိုင်က ပျော်နေသည်ဟု ထင်လိမ့်မည်။ ဒါပေမယ့် အချိန်ကြာလာသော်အခါ ငြီးငွေ့မှု ဖြစ်လာတတ်သည်။ ထိုအချိန်မျိုးတွင် ကိုယ့်ကိုယ်စကားပြောနေသည်မှာ စိတ်ပါသလိုလို မပါသလိုလို ပြောချင်သလိုလို မပြောချင်သလိုလို ဖြစ်နေတတ် သည်။
 အချစ်နှင့်ပတ်သတ်ပြီး  တယ်သိပါလား။ အဲဒီလိုမျိုးမထင်ပါနှင့်။ လူပုံစုံအမျိုးမျိုးတွင် အချစ်သည်လည်း ပုံစံအမျိုးမျိုးရှိနေနိုင်ပါသည်။ အကယ်၍များ ကိုယ်ကြုံတွေ့ခဲ့ရသည့် အချစ်မျိုးနှင့် ကြုံတွေ့ခဲ့ရသူများ ရှိခဲ့လျှင် စဉ်းစား ဆင်ခြင်နိုင်ဖို့ ။ ကိုယ့်ခံစားချက်ကို မလိမ်ညာဖို့သာ ရည်ရွယ်ပါတယ်။ ကိုယ်မပျော်နိုင်မှန်း သိနှင့်နေရဲ့သားနှင့်  မတွယ်ညှိပါနှင့် လွှတ်ပေးလိုက်ပါ။ ဒါမှ သူရော ကိုယ်ရော လွတ်လပ်သွားမှာ ဖြစ်သည်။
          အဲဒီလိုမှ မဟုတ်ပဲ သိသိကြီးနှင့် ဘာပဲဖြစ်ဖြစ်ဆိုပြီး တွယ်ဖက်ထားလိုက်လျှင်တော့ဖြင့် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးသည်ဟုသည် ပြောလိုလှသည်။ အချိန်ကြာလာသည်နှင့်အမျှ ခံစားချက်တို့သည် စကားပြောလာပါလိမ့်မည်။ လူစိမ်းနှစ်ဦီး မည်မျှလောက်ပင် အတ္တတွေကင်းသည်ဟု ဆိုနေပါစေ တစ်ဖက်နှင့်တစ်ဖက် အပေးအယူမမျှသော အခါ တစ်ဖက်မှာလဲ နာစရာရှိလာသလို တစ်ဖက်မှာလဲ ဒဏ်ရာတွေပွားလာလိမ့်မည်။ ထို့ကြောင့် စေတနာနှင့် ပြောလိုသည်မှာ မလွန်ခင်က ကျောခိုင်းပါ။ လွှတ်ချခဲ့ပါ။
          ကျောခိုင်းခဲ့ လွှတ်ချခဲ့၍ နာကျင်ပေမည်။ ဒါပေမယ့်အမှန်ကို အမှန်အတိုင်း လက်ခံလိုက်လျှင် သင့်နာကျင်မှုသည် ခဏမျှသာ။ အချိန်ကြာလာသည်နှင့်အမျှ အနာဂတ်သည် ပျော်ရွှင်လာလိမ့် မည်။ သာယာလာလိမ့်မည်။ စိမ်းလန်းလာပါလိမ့်မည်။ တစ်ဦးတည်း အထီးကျန်ဆန်လိုက်တာဟူသည့် အတွေးမျိုးမှ လွဲပြီး သင့်ထံတွင် စိတ်နာစရာမရှိ။ ဒဏ်ရာအနာတရ မရှိ။ သင့်ဘ၀ကို သင်လွတ်လပ်စွာ ထိန်းကျောင်းနိုင်သေးသည်။
          ဤနေရာတွင် ကျွန်မနှင့် အတွေးချင်းကွဲပြားသည်လည်းရှိမည်။ကျွန်မသည် ကိုခံစားခဲ့ရသလို အကြံပေးရုံသာ ပြောပြရုံသာတတ်နိုင်သည်။ သင့်အချစ်ကို သင်ကိုယ်တိုင်သာလျှင် ဖန်တီးဆုံးဖြတ်နိုင်ပေမည်။ ဒါကြောင့် ကျွန်မပြောလို သည်မှာ - ကိုယ့်အတွက် တစ်ကယ့်ပျော်ရွှင်မှုအစစ်အမှန် မဟုတ်ခဲ့ဘူးဆိုလျှင် . “ကျေဇူးပြု၍ မုန်းမေ့လိုက်ကြပါ” လို့ ..
----------
ချစ်သောမောင်နှမများ အားလုံးကျန်းမာလို့ ချမ်းသာကြပါစေရှင်။ အဆုံးမသတ်နိုင်သေးသော ပို့(စ်) လေးကို စိတ်တိုင်း ကျခြယ်မှုန်းပြီး တင်လို့ရသွားပါပြီရှင့်။ တီတင့် ကများ ဂါ စစ်စစ်ကြီးလို့ ရာထူးတိုးပေးသွားလို့လား မသိပါဘူး။
သရုပ်ဖော်ပုံကလေးကတော့ဖြင့် ထုံးစံအတိုင်း ရှာဖွေမွှေနောက်ပြီး အသုံးပြုထားပါတယ်လို့ အသိပေးပါရစေ။
Monday, 13 October 2014
ဘလော့ မဂါ့ တစ်ဂါ ၏ ဒုက္ခ
စာတစ်ကြောင်းကိုရေးလိုက်။ ပြန်ဖျက်လိုက်။ အတွေးမှာ ပေါ်လာသည်ကို ပြန်ရေး ။ မဟုတ်သေးဘူး။ မဟုတ်သေး ဘူး။ ရေးချင်တာ ဒါမဟုတ်ဘူး။ အော်.. ရေးသာ ရေးထားပါလေ။ ပြီးမှ မလိုအပ်သည်ကို ပြန်ဖျက်မည်။ ပြီးခဲ့သည့်ရက်တွေက ဟော တစ်ပို့(စ်) ဟော တစ်ပို့(စ်) လို့ ပြောရလောက်အောင် လက်တွေ သွက်နေခဲ့သလောက် ဒီကနေ့ ဒီရက်တွေမှ ဘာဖြစ်တယ် မသိ။
ဘာရေးမည်ဆိုသည့် အတွေးလဲရှိသည်။ ဇာတ်လမ်းလည်းရှိသည်။ ခေါင်းစဉ်လဲရှိသည်။ တစ်ကယ်တမ်းချရေး လိုက်သည့် အခါ keyboard ပေါ်က လက်ကွက်တို့သည် Backspace သာ အနှိပ်များနေသည်။ ဟိုမရောက် ဒီမရောက် ရေးလက်စfile များ လေးခုမျှ ရှိသည်။ အချောမသပ်ရသေး။ ပြန်ဖတ်လျှင်လည်း စိတ်တိုင်းမကျ။ ဖတ်နေရင်း ဖတ်နေရင်း ပျင်းလာသည်။ ဒီတော့. ဟင် ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဖတ်သည်ကို ကိုယ်တိုင် စိတ်ဝင်စားမှုမရှိ။ မဖြစ်ဘူး ဒါ ပို့(စ်) တစ်ပုဒ် မဖြစ်နိုင်ဘူး။
ပြန်ဖျက်ပြီး အသစ်ပြန်ရေးမှ။ ဟင်. ဖျက်လိုက်ရင် နှမျောစရာ။ တစ်ချို့စကားလုံးတွေ သိပ်ကြိုက်နေတယ်။ ပြန်ပြင်လိုက်ရင် ကောင်းသွားမှာ။ ဇာတ်လမ်းက မဆိုးဘူး။ သည်လိုနှင့် save button လေးနိပ် file တစ်file သိမ်းလိုက်ပြန်သည်။  စိတ်တိုင်းမကျရင် မရေးတာကောင်းပါတယ်။  ၂ ရက်မျှ စာမရေး စာမဖတ်ပဲ နေမိသည်။ စာရေးချင်တယ် စာရေးချင်တယ် စာမရေးရလျှင် ထမင်းစားပြီး ရေမသောက်ရသလိုပဲ။ တစ်ခုခု နင်နေသလိုမျိုး။ တစ်ခုခုလိုအပ်နေသလိုမျိုး။
          File အသစ်လေးဖွင့် စာရေး။ ရေးနေရင်း ပြန်ဖတ်။ စိတ်တိုင်းမကျဘူး။ ကိုယ်တစ်ကယ်ချပြီးရေးပြချင်သည် က ပိုလေးနက်သည်။ ခပ်သွက်သွက်ရိုက်ထားသော စကားလုံးများသည် ကိုယ့်စိတ်ထဲက ခံစားချက်ကို လိုက်မမှီ။ စကားလေးတွေထဲမှာ ခံစားချက်များ ပေါ့နေသည်။ ပြန်ပြီးဖတ်လိုက်လျှင် စာဖတ်ရတာထောက်နေသည်။ ပြန်ပြင်ရေး လိုက်လျှင်လည်း သည်နေရာမှာ ရေးချင်သည်က ဒီလိုမဟုတ်။ ကိုယ်ပေးချင်သည့် ရသပျောက်သွားလိမ့်မည်။
          ခပ်ဆွေးဆွေး ဆိုသည့် စကားလုံးကို မသုံးပဲ ဖတ်နေစဉ်အတွင်း  ဆွေးသွားသည်ကိုရေးချင်သည်။ ပျော်လိုက် တာဟူသည့် စကားလုံးကိုမသုံးပဲ  အပျော်များ ဖြစ်သွားစေချင်သည်။ အဖွဲ့အနွဲ့ နှင့်ပင် ချစ်တတ်သွားစေချင်သည်။ မုန်းတတ်သွားစေချင်သည်။ ကြောက်သွားစေချင်သည်။ ဖတ်ပြီးသည့်အခါ ရသတစ်စုံတစ်ရာ ဖတ်သူတို့၏ ရင်ထဲကျန်ရစ်စေချင်သည်။ 
          ဒီစာကိုရေးတာ သိပ်များရှည်လွန်းနေသလား။ ဖတ်နေတဲ့သူများ ပျင်းသွားမလား။ ပေါ့ရွှတ်ရွှတ်များ ဖြစ်နေသ လား။ အဲ စာလုံးပေါင်းကစစ်နေရင်းမှားပြန်ပြီ ။ ဘာပါလိမ့် မြန်မာစာသတ်ပုံကျမ်း http://myanmarwords.pikay.org သွားဖတ်လေမှ။ရေးချင်တာက ချည်တိုင် . မှန်ပါ့မလား စာလုံးပေါင်း။ ခေါင်းစိုက်အောင်ရှာ မတွေ့။ ပြီးမှ ရှာမယ်လေ ခုဆက်ရေးမယ်။ ဆက်ရေးသည် သုံးမျက်နှာ လောက်အရောက်တွင် စိတ်တိုင်းမကျပြန်. သို့နှင့် သို့နှင့် 
           ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတော့ ရယ်ချင်မိသည်။ အမယ် တစ်ကယ့် စာရေးဆရာ ၀ါရင့်ကြီးအလား။ တစ်ကယ်တော့ ကိုယ်ဟာ ဘလော့မဂါ့ တစ်ဂါပါလေ ဟု ဆွေလေးမွန် ကိုယ့်ဘာသာကိုယ် ဖြေသိမ့်သည်။ ဟိုမရောက် သည်မရောက် ဆွေလေးမွန်တစ်ယောက် စာရေးရင်း ရေးရင်း ကိုယ်လိုသလို ထွက်မလာသော  ခံစားချက်များကြောင့် ယခု ဒီပို့(စ်) ကိုရေးသည်ဟု မှတ်ပါလေ။
          သေချာပါတယ် ဒီပို့(စ်)လေးသည် မည်သည့်ရသကိုမျှ မပေးစွမ်းနိုင်ပါ။  လူစုံတုန်းလေး ကိုယ့်အကြောင်း ကိုယ်ဖော်ရတာပါ။ ပြောပြချင်လို့မဟုတ်ပါဘူး (ခပ်တည်တည်နှင့် ဖတ်ပါ မပြုံးရ) ။ 
 ပုံ 
 မဂါ့ တစ်ဂါ သူ :) :) :) :)
--
ပုံလေးကိုတော့ဖြင့် google ကနေပြီး ရှာဖွေ အသုံးပြုထားတာပါလို့ အကြောင်းကြားရင် မဒမ် (မဒမ်ကိုး) ရဲ့ BPP Challenge  လေးကို ပြန်ဖြေလိုက်ရပါကြောင်းပြောရင်း ဆားချက်လိုက်ရပါတယ်ရှင့်။ 
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။
Wednesday, 8 October 2014
မယ့် ဆန္ဒ
ဘ၀ဘုံမှာ ပျော်စံရာသာ
ကောင်းခြင်းလဲရှိ ဖျက်လဲရှိ
ကြုံရ ဆုံရ ဒီလောကဒဏ်
မာန်ကိုတင်းရင်း အံကိုခဲ
ခပ်ပြုံးပြုံးပဲ နေပါ ..အမောင်။  ။
အတွေးခဏ ဟိုခဏ
တွေးမိ တွေးရာ ရောရောင်ကာတွေး
ထွေထွေလာလာ မူးမူးနောက်နောက်
ကြာကြာတွေးသော် စိတ်ကျပိုပို
အားအင်ကုန်ခမ်း နေမထိတယ်
ခပ်ပြုံးပြုံးပဲ နေပါ ..အမောင်။  ။
အောင်မြင်မှုသည် လက်တစ်ကမ်းဝယ်
ရောက်လု ရောက်ခင်း လှမ်းရခက်မည်
စိတ်မကျလင့် အားအင်ကိုသုံး
ကြိုးစားမည်မှာ မိဝန်တာတည်း
ချွေးပြိုက်ပြိုက်ကျ စိုလို့ပင် ရွှဲရွှဲ
ခပ်ပြုံးပြုံးပဲ နေပါ .. အမောင်။ ။
မယ့်တာဝန်မှာ အမောဖြေသိမ့်
စကားအရာ အားပေးရာသာ
အကြံကောင်းပေး ဖြည့်ဆည်းတာဝန်
မလှစ်စေရ ငြူစူလွတ်ကင်း
ငှားကာ ပုခုံး မောပြေစေမည်
အမောင်... ကြိုးစား
ခပ်ပြုံးပြုံးသာ နေပေးပါ။ ။
----
သီတင်းကျွတ် အခါ သမယမှာ ချစ်သော မောင်နှမများ အားလုံး ကျန်းမာလို့ ရွှင်လန်းကြပါစေရှင်။
မိမိထက် သက်ကြီး ၀ါကြီးသူ များအားလုံးကို ကံသုံးပါးနှင့် ပြစ်မှားမိသည် ရှိသော် ခွင့်လွှတ်ပေးကြပါလို့ ရိုသေဂါဝရ ပြု အပ်ပါတယ်ရှင်။
Sunday, 5 October 2014
အလှူ
          ကိုဖိုးသာရေ တော်ကတော့ သံသရာခရီး ဦးအောင် သွားနှင့်ပြီကိုး။ ကျုပ်မှာဖြင့် ဒီသား ဒီသမီး ဒီမြေးတွေနဲ့ ရုန်းနေကန်နေရတုန်း။ တော်ကြီး သက်ရှိထင်ရှား ရှိစဉ်ကလည်း ဒီမြေ ဒီရေ ဒီလယ်တွေမှာ တော်တစ်ယောက်တည်း ကြိုးစား လုပ်ကိုင်ခဲ့တာပဲ။ ကျုပ်တို့မိသားစုမှာ ၀မ်းဝရုံအပြင် ကိုယ်ပိုင်အိမ်လေး ရွှေစ ငွေစ လေးတွေစုမိဆောင်းမိ ရှိခဲ့သေး။ ခုခောတ်တော့ ကျုပ်လဲ မတွေးတတ်ပေါင် ခုဆို ရှင့်လက်ထက်ပွား ခုနေတဲ့အိမ်ကလေးတောင် ယိုင်နဲ့နဲ့ ဖြစ်နေတာ ထိုင်ကြည့်နေရတော့တာပဲ။
          ပြင်ဖို့မဆိုသာဘု။ ကျုပ်လက်ထဲက ရွှေစ ငွေစလေးတွေများ ပါးလိုက်လာလိုက်တာ ကျုပ်နားရွက်က နားပေါက် ကလေးတောင် ဟောင်းလောင်းဖြစ်နေတာကြာပေါ့။ ဒီမြေ ဒီရေ ဒီလယ်မှာ ကျုပ်သားသမီးတွေနဲ့ အလုပ်လုပ်တာပါပဲ တော်။ သဟာကြောင့် ကျုပ်တို့လုံးပါး ပါးနေသလဲ ကျုပ်ဖြင့်စဉ်းစားလို့ကို မမှီဘူး။  တော့် သားသမီးတွေ ပြောတာတော့ ခောတ်ကိုက ဒီလိုပါးတဲ့ခောတ်တဲ့။ ပြီးပြောသေးတော် လယ်ရောင်းပြီး သိန်းရာချီ ကိုင်ပါလား အမေတဲ့။ ညဏ်တိမ်တယ်ပဲ ပြောပါ။ ဒီလောက် မြို့နဲ့ဝေး ခေါင်တဲ့ အရပ်မှာ ကျုပ်လယ်ကို သိန်းရာချီ ပေးဝယ်မယ့် သူရှိပါ့ မလားတော်။ လယ်ရောင်းပြီး နင်တို့က ဘာလုပ်စားကြမှာတုန်းလို့ ကျုပ်လဲမေးလိုက်တယ်။ ဘယ်နှယ့်တော် လယ်သမား လယ်ရောင်းတော့ ထမင်းအိုးကွဲရုံသာရှိတော့မှာပေါ့။ ဒီလယ်တွေရောင်းပြီးတော့ အိမ်ကလယ်ထွန်တဲ့ နွားတွေ လှည်းတတ်ရုံအပြင် ဘာများ အသုံးကျတော့မှာတုန်း။ တော့်သားသမီးတွေများ တယ်ခက်တာပဲ။ သူများယောင် လိုက်ယောင်တာပဲကိုး။
          ဒါပေမယ့် ကျုပ်လဲအသက်ကြီးပြီ။ တစ်နေ့ တော့်နောက် လိုက်ရမှာပဲ။ သံသရာခရီးအတွက် ရိက္ခာထုပ် ပြင်မှ ဖြစ်တော့မယ်။ ဒီပစ္စည်းလေးကို ကျုပ်တပ်မက်နေလည်း တန်ဆာလဲ လုပ်လို့ရတာမဟုတ်။ တော်ကြီး သတိရတိုင်း ထုတ်ထုတ်ကြည့်နေရတဲ့ တက်မက်မှုတန်ဆာ ပဲ ဖြစ်နေတာ ကြာပေါ့။ အလှူလေး အတန်းလေးရှိလို့ ရှိတဲ့ရွှေစလေး တွေ ထုတ်ဝတ်လေးတိုင်း တော့်သားသမီးတွေရဲ့ လောဘမီးနဲ့တွေ့လေတော့ အရည်ပျော်ပျော်သွားတာ နှမျှောလွန်း လို့။ နောက်ဆုံးကျန်တဲ့ ဟောဒီ ကျုပ်မြတ်နိုးလွန်းလှတဲ့ ဒီပစ္စည်းလေးကိုတော့ဖြင့် တန်ဆာလဲ မလုပ်ရဲပေါင်။ အရည်ပျော်သွားမှာ စိုးလှတယ်။
          “ဆရာတော်ဘုရား မနက်ဖြန် မြို့တက်မယ် ဆို.ဘုရား”
        “ဟုတ်တယ် ဒါယကာမကြီး ဘာဖြစ်လို့တုန်း”
 “တပည့်တော်မ မြေးလေးတွေကို သာသနာဘောင်သွင်း သင်္ကန်းစီးပေးချင်လို့ ဘုရား။ အဲဒါ..ဟော..ဟောဒီပစ္စည်းလေး ကို မြို့မှာ ရသလောက်နဲ့ ရောင်းခဲ့ပေးပါ ဘုရား။ ပြီးလိုအပ်တဲ့ သင်္ကန်းပရိက္ခရာ အစုံလဲ ၀ယ်ခဲ့ပေးပါဘုရား။ ”
မျက်ရည်ဝဲ လက်အစုံက တုန်ယင်လို့ လက်ကိုင်ပုဝါ ခပ်နွမ်းနွမ်းနဲ့ ထုတ်ထားသည့် အထုပ်လေး ဆရာတော့် ထံ လှမ်းပေးလိုက်တယ်ဆိုရင်ပဲ ရှိုက်သံက အင့်ကနဲ။ ကိုဖိုးသာရေ ကျုပ်တို့အလှူကြီးပြီးလို့ ရေစက်ချ တရားနာတဲ့ အခါ တော်လဲရောက်ရာဘုံဘ၀ကနေ သာဓုခေါ်ပါတော်။ ဆရာတော်ကို ဦးချပြီး ရွာဦးကျောင်းကနေ အိမ်ပြန်ရာ လမ်းတစ်လျှောက် အမေ့ညို စိတ်ထဲ ပစ္စည်းလေးရောင်းထုတ်လိုက်ရလို့ ၀မ်းနည်းနှမျှောမိသလို အလှူအတွက် ကြည်နူးရပြန်တယ်။
“ဒါယကာမကြီး ပစ္စည်းက တော်တော်တန်ဖိုးကြီးတာလား။ သင်္ကန်းပရိက္ခရာ အပြည့်အစုံ ၀ယ်ပြီးတဲ့ အပြင် ၁၀ သိန်းကြီးများတောင် ကျန်သကွဲ့။ ရော့ ရော့ ယူသွား အလှူလာတဲ့ သူတွေကို ကျွေးဖို့ မွေးဖို့ ပြင်ဆင်လှည့်။”
 ကျုပ်တွေးထားတာက ဆရာတော့်ထံက ပိုက်ဆံရပြီးမှ သားသမီးတွေကို အသိပေးမယ်။ ကျုပ်လက်ထဲ ပိုက်ဆံဘယ်လောက်ရှိလဲ တော့်သားသမီးတွေ သိလို့မဖြစ်ဘူး။ သိရင် ကျုပ်အလှူလေးတောင် ဖြောင့်ပမလားလို့ စိုးရိမ်ရတယ်။ ခက်တာက ဆရာတော်နဲ့အတူ မြို့လိုက်သွားတဲ့  ဘုန်းကြီးကျောင်းသား ငကောက်ပဲ။ ကျုပ်ဘယက် ကြီးရောင်းတာ ၁၀ သိန်းကျော်ကြီးများတောင် ရတယ်ဆိုပြီး ရွာထဲလျှောက်ပြောလိုက်တာ ကျုပ်သားသမီးတွေတင် မကဘူး တစ်ရွာလုံးသိ။
         “အမေညို တို့များ မရှိဘူး မရှိဘူးနဲ့ အခုတော့ ၁၀ သိန်းဖိုးကြီးများတောင် အလှူလုပ်မတဲ့ ”
          “အဲဒါပြောတာပေါ့ ကျစ်ထားတာလေးတွေ ရှိပါသေးတယ်ဆို. ”
 “အလှူအတွက် ၁၀ သိန်းတောင်ဆိုတော့ အိုး အလှူနေ့တော့ဖြင့် မီးခိုးအတိတ်ပဲဟေ့”
“အေး ရွာထဲ ဒီလို အလှူကြီး အတန်းကြီး မရှိတာကြာပေါ့ မယ်ညို တို့များ တယ်လျှိုထားသကိုး ”
  ရွာထဲဟိုးလေး တစ်ကြော်ကြော်။ ပြောလို့မဆုံးနိုင်ကြဘူး။ လူတွေများ တယ်ခက်တာပဲ။  ဒီပိုက်ဆံတွေ ရွာဦးကျောင်း ပြန်လှည့်ထားရကောင်းမလား။ အိမ်ပြန်သံသေတ္တာလေးထဲ သော့လေးခတ်ထားရကောင်မလား။ ချီတုံချတုံ။ အေးလေ မထူးပါဘူး။ အိမ်ယူသွားပြီး ကျုပ်သံသေတ္တာထဲထည့် သော့ခတ်ပြီး ညည အဲသေတ္တာကြီး ဖက်အိပ်ရုံပေါ့။ ကျုပ်က အပြင်ရန်ထက် အိမ်ထဲက ကျုပ်သားသမီးတွေ ကြောက်တာ။
“အမေ .. ကျုပ်တို့သားသမီးတွေ ရှင်ပြုတာ ရွာထဲက သူများပြောမှ သိရတယ်။ တစ်ကယ်ဆို ကျုပ်တို့နဲ့ အရင် တိုင်ပင်သင့်တာ ”
“အိုး အစ်ကို့နှယ် ခုလဲအလှူလုပ်မယ် ဆိုမှတော့ အမေ့ကို ၀ိုင်းကူကြရုံပေါ့။ အမေ ကျုပ်ဖြင့်လေ ရွာထဲက ဒေါ်တရုတ်မဆိုင်သွားပြီး အင်ကျီထမီတောင် ၀ယ်ခဲ့ပြီတော့်။ အမေ့အတွက် ပုဝါပါ ဆွဲလာတယ်။ ပြီး ကျုပ်ယောက်ကျား အစ်ကိုတို့လင်မယားနဲ့ မောင်လေးတို့လင်မယားအတွက်ပါ ၀ယ်လာခဲ့သတော်။ ပိုက်ဆံတော့ အမေ့ အလှူထဲက ပဲ ရှင်းလိုက်။ အလှူရှင် ဆိုတာ တောက်တောက်ပြောင်ပြောင် ရှိမှ ကောင်းမှာ မဟုတ်လား အမေရဲ့”
“ယောင်းမနှယ် စေ့စပ်လိုက်တာ။ ဟုတ်ပ ကျုပ်တို့မှာ စားလောက်ရုံအပြင် ခါးမလှနိုင်တာကြာပေါ့။ ခုတော့ အမေ့အလှူမှီပြီး ကြံစုပ်ရအုန်းမှာ..ဟင်း ဟင်း .. ”
ဒီလိုနဲ့ ကျုပ်ရဲ့ အလှူငွေ ၁၀သိန်းထဲက ၁ သိန်း ကျော်ကျော် ဟာဖြင့် ခါးလှပြီး ကြံစုပ်တဲ့အထဲ ပါသွားပေါ့။ အေးလေ ဘာအရေးတုန်း လက်ထဲ ၈ သိန်းကျော်ကြီးများတောင် ရှိသေးတဲ့ဟာ။ အလှူမှာ ကျွေးဖို့ ဟင်းအမယ်ကို တော့ ငါးခြောက်ထောင်းကြော် စပ်စပ်လေး၊ သီးစုံပဲဟင်း ၊ ၀က်သနီချက်၊ အအီပြေ သရက်ချဉ်သုပ်လေး ထည့်မယ်။ ပြီး ငါးပိကြော် နဲ့ တို့စရာအစုံ။
“အမေ. မောင်ရင်လောင်းလှည့်ဖို့ မြင်းမငှားတော့ဘူးလား။ ”
“ဟုတ်သားပဲ အမေရယ် အလှူလုပ်မှဖြင့် ခန့်ခန့်ထည်ထည်လုပ်တာ ပိုကောင်းတာပေါ့. ဒါမှ သူများတွေ အားကျမှာ။”
“အမေ ကျုပ်ရွာထဲက အသီမထံက ၃ စုံစာ လက်ဝတ်လက်စားတွေ ငှားလာခဲ့တယ် ။  တန်လိုက်တာ ၃ စုံစာတောင် ယူလို့တဲ့ ၂ သောင်းပဲ ယူလိုက်တယ်။ ပြီး မောင်ရင်လောင်းတွေ မိတ်ကပ်ပြင်ဖို့နဲ့ အမေနဲ့ ကျုပ်တို့ မိတ်ကပ်ပြင်ဖို့က ၅ သောင်းတဲ့။ သမီးစီစဉ်ခဲ့ပြီ”
“အိမ်ရှေ့မှာ မဏ္ဍပ်ထိုးဖို့လေ။ ကျုပ်ဖြင့် ၀ါးတွေကို အကောင်းပဲ သုံးတယ်။ ခိုင်ခိုင်ခန့်ခန့် ဖြစ်အောင်ပေါ့။ ရှင်လောင်းလှည့်ပြီး ညကျ မဏ္ဍပ်မှာ ကာရာအိုကေ ထည့်မယ်နော်။ သူများတွေဆို အငြိမ့်ပါသွင်းတာ။ ကျုပ်တို့က မထည့်နိုင်တော့ ကာရာအိုကေလေးတော့ လုပ်မှဗျ။ သူများလက်ညှိုးထိုးမခံရအောင်။ အဲဒါ စက်တွေငှားတာ ၂ ရက်ကို ၆ သောင်းကျတယ် ”
“သြော် အမေရှင်လောင်းလှည့်တဲ့ နေ့ကျ ဟိုဘက်ရွာက ဒိုးပတ်ဝိုင်းငှားထားတယ်နော်။ ၃ သောင်း။”
စာရင်းချုပ်လိုက်တော့ ကျုပ်လက်ထဲ ကျွေးဖို့မွေးဖို့ကျန်တာ ၂ သိန်းကျော်ကျော်လောက်။ ကျုပ်တော့ ခေါင်းဆင်နင်းတာပဲ ။ တစ်ရွာလုံး ဒီပိုက်ဆံနဲ့ မီးခိုးတိတ် ဘယ်လိုလှူရပ။ ကျုပ်အလှူ ၁၀ သိန်းဆိုတာကြီးက တစ်ရွာလုံး စိတ်ဝင်စားနေတာ မဟုတ်လား။ မတတ်နိုင်ဘူး ကဲ ကိုဖိုးသာရေ တော်ကြီး သာဓုသာ ပိုခေါ်ပေတော့ တော်ဆုံးသွားတုန်းက ချွတ်ယူထားလိုက်တဲ့ ရွှေလက်စွပ်ကြီးနဲ့ ကျုပ်ရဲ့လက်က လက်စွပ်မောင်းကွင်း လေးနှစ်ကွင်းတော့ဖြင့် သွားရှာပေါ့။
ရေစက်ချ သာဓု ခေါ်တဲ့အချိန်များ  ရင်ထဲလှိုက်ကနဲ ၀မ်းသာပီတိဖြစ်လွန်းလို့။ ဒါပေမယ့် ကျုပ်အတွက် ကျန်းမာရေး သာရေးနာရေးဆိုပြီး ချန်ထားတဲ့ တော့်ရွှေလက်စွပ်ကြီးနဲ့ လက်စွပ်လေးနှစ်ကွင်းတော့ နှမျှောလှသပေါ့။ ဒီလိုနဲ့ ကျုပ်အလှူကြီး စီစီကားကားသိုက်သိုက်မြိုက်မြိုက်နဲ့ ပြီးသွားလိုက်တာ။ အလှူပြီးတော့ ပြောစမတ်ကို တွင်လို့။
အမေ့ညို အလှူက ထမင်းများ ကြမ်းချက်က စာဖွဲ့လောက်သတဲ့။ ၀က်သားဆိုလဲ ကန်တော့ပွဲနဲ့ မနည်းတောင်းပန်ပြီးမှ စားရသတဲ့။ သရက်ချဉ်သုပ်ဆိုလဲ ပုစွန်ခြောက်ကို ဒိုင်ဗင်ပစ်ဖမ်းရသတဲ့။ သီစုံပဲဟင်း မဟုတ်ဘူး သီးစုံပဲ ရေလုံပြုတ်တဲ့။ ငါးခြောက်ထောင်းကြော်တော့ အတော်စားကောင်းဆိုပဲ။ ငါးပိကြော်မဟုတ်ဘူး ငါးပိလှော်တဲ့။ ကဲ အငြိမ့်မပါလို့ လက်ညှိုးထိုး မထိုးတော့ ကျုပ်မသိဘူးပေါ့။ လူအများပြောကြတာတော့ ကျုပ်အသိပဲ။
ဒါပေသိ ကျုပ်မြေးတွေ သင်္ကန်းစီးလို့ တည်တည်ငြိမ်ငြိမ်မြင်ရတာဖြင့် စိတ်ချမ်းသာလှတယ်။ ကျုပ်တော့ သံသရာ ခရီးအတွက် ရိက္ခာထုပ်ခဲ့ပြီ ကိုဖိုးသာ ရေ။ ကျုပ်သေရင် ရွှေထီးဆောင်းပြီး ရဟန်းဒါယကာမ ဒေါ်မယ်ညို ဆိုပြီး နာမည်တပ်ရမှာတော့ အသေအချာပဲ။
အဲ မပြီးနိုင် မစီးနိုင်တာကတော့ တော့်သားသမီးတွေပဲ။ ဘယ့်နှယ်တော် အမေ့ သံသေတ္တာလေးထဲ ဟိုဟာလေး ထည့်သိမ်းချင်လို့ ဒီဟာလေး ထည့်သိမ်းချင်လို့ဆိုပြီး ကျုပ်သေတ္တာသော့ ခဏခဏ လာလာတောင်းသတော့။ ပြီး ကျုပ်အခန်းထဲက အင်ကျီတွေဘာတွေဆို ကျုပ်သမီး ကျုပ်ချွေးမ အပြိုင် ရှင်းပေးကြတယ်။ အရင်တုန်းက ကိုယ့်အ၀တ်ကိုယ်လျှော် ဆိုပေမယ့် အခုတော့ ချွေးမနဲ့ သမီး အပြိုင် ကျုပ်ကို ပြုစုနေလိုက်တာ။ ကျုပ်ဖြင့် သွားမရှိတဲ့ သွားဖုံးသားမပေါ်ပဲ နှုတ်ခမ်းတွန့်ရုံသာ အတွင်းကြိတ် ရီချင် လှသတော် ဟင်း ဟင်း ဟင်း။
        ---
ချစ်စွာသော မောင်နှမများ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။
သရုပ်ဖော်ပုံလေးကိုတော့ဖြင့် google ကနေရှာဖွေပြီး အသုံးပြုထားတာပါရှင်။
Thursday, 2 October 2014
တိမ်ဝှက်တဲ့ လ
ညသည်လှ၏။ လ သည်လည်း သာ၏။ လှသောညနှင့် သာသောလ တို့ပေါင်းမိသော အခါ လရောင်ဖြာကျ လျှက်ရှိသော ၀ရံတာလေးသို့ တစ်ခါ ရောက်ခဲ့ရပြန်သည်။ လေအဝှေ့တွင်  ခြံထဲမှ စပယ်ရနံ့ တို့သည် ကြိုင်လှိုင်စွာ မွှေးပျံ့ နေလေသည်။ သြော် …ယစ်မူးဖို့ ကောင်းလိုက်ပါဘိ။ မျက်လုံးကိုမှိတ် လက်နှစ်ဖက်ကိုဆန့် အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းမိ သည်.။ သြော်.. လရောင်မှာ ယစ်မူးမိပြန်ပေါ့။
          “လှတဲ့ညတိုင်းမှာကိုယ့်ကိုယ် သတိရပါလား”
သတိရလိုက်တာ။ ကျွန်မကို မေ့များသွားခဲ့ပြီလား။ သုံးနှစ် သုံးမိုးဆိုတဲ့ ရာသီအပြောင်းအလဲမှာ ခံစားချက်တွေအေးခဲသွားနိုင်သလား။ ကျွန်မကိုယ်တိုင်ကရော ရှင့်ကို ချစ်ခဲ့ဖူး သလား။ သေချာတာတစ်ခုကတော့ လရောင်မှာ လွတ်လပ်စွာယစ်မူးမိတဲ့ အချိန်တိုင်း ကျွန်မရှင့်ကို တမ်းတမ်းတတ လွမ်းနေခဲ့မိတယ်။ ရှင်သာ ဘေးနားမှာ ရှိရင်ဆိုတဲ့ အတွေးမျိုး အကြိမ်ကြိမ် တွေးမိတယ်။ တစ်ခါတစ်လေတော့လည်း  ရှင်ငှားခဲ့ဘူးတဲ့ ပုခုံးတစ်ဖက်ကို ကျွန်မသိပ်လိုချင်မိပြန်တယ်။
“နှလုံးသားရဲ့ စေညွန်ရာကို ဆန့်ကျင်ဘက် လမ်းလျှောက်တဲ့ မိန်းမပဲ”
အဟင်း ..နှလုံးသားရဲ့ စေညွန်ရာတဲ့လား။ ဖွဲ့တတ်လိုက်တာ။ ဒီလိုပဲ ကျွန်မက နှလုံးသားကို မထေမဲ့မြင် ပြုခဲ့တာ များတယ်။ ခံစားချက်တွေ ကြမ်းရှလွန်းခဲ့ပေမယ့် ကျွန်မပျော်နေခဲ့မိတယ်။ ဟုတ်တယ်လေ လူဆိုတာ ကိုယ်ရွေးချယ်ပြီးခဲ့တဲ့ လမ်းကို ကျေကျေနပ်နပ်ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်ရတယ် မဟုတ်လား။ ကျွန်မက ခံစားချက်တွေကို ပိုက်ထွေးထားတတ်တဲ့ မိန်းမတစ်ယောက် မဟုတ်တာ ရှင်လဲသိပြီးသားပဲ။ ဘ၀ကို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ဖြတ်သန်းချင်တဲ့ မိန်းမ။
ဒါကြောင့် လေးပင်လွန်းတာတွေဆို ပစ်ချလိုက်တာပဲ။  သယ်ထားပြန်လဲ လေးလံလွန်းနေရုံအပြင် ဘာမှ လုပ်လို့မရမယ့် အတူတူ တစ်နေရာရာမှာ ပစ်ထားခဲ့လိုက်တာပဲ ကောင်းပါတယ်။ ရှင်က ကျွန်မကို သတ္တိနည်းလိုက် တာလို့ ထင်ခဲ့မယ် မဟုတ်လား။ ပြသနာတစ်ခုကို ခေါင်းရှောင်တတ်တဲ့ မိန်းမ။ ကိုယ်လုပ်ခဲ့တဲ့ အမှားတစ်ခုကို ၀န်မခံတတ်တဲ့ မိန်းမလို့ ထင်နေခဲ့တယ် မဟုတ်လား။ ကောင်းပါတယ်။ တစ်ခါတစ်လေ အမှန်တရားတစ်ခုဖြစ်ပေ မယ့် ဖြေရှင်းလိုက်တဲ့အခါ တစ်ဖက်သူအတွက် ဘ၀ပျက်စရာဆိုရင် ဒီအတိုင်းလေးပဲ သေချာထုပ်ပိုးပြီး အမှန်တရားကို ပြတိုက်ထဲ ထည့်သိမ်းထားလိုက်တာ ပိုကောင်းမယ်လို့ ကျွန်မထင်တယ်။
“ဆောင်း. ငါ..နင့်ကိုအရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါ့ကြောင့် .. နင်..နင်..”
အင်း. ဟုတ်တယ် မိပုံ နင့်ကြောင့် ငါဟာ လသာတဲ့ညတွေမှပဲ လရောင်ကို ယစ်မူးပြီး ချစ်သူကို လွမ်းခွင့် ရတော့တယ်။ ဒါပေမယ့် နင့်မိသားစု ဘ၀လေးသာယာစိုပြေနေတယ် ဆိုရင် ငါကျေနပ် နှစ်သိမ့်နိုင်ပါတယ်။ ငါ့ရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်းလေးအတွက်ပဲ။ ဖြစ်ပြီးခဲ့တာတွေအတွက် ဘယ်သူ့ဘယ်သူ့ကိုမှ အပြစ်တင် မနေချင် တော့ပါဘူး။ အရာအားလုံးဟာ သူ့အကွက်နဲ့ သူ့ဂွင် အံဝင်ဂွင်ကျ ဖြစ်နေခဲ့တာပဲ။
“ဆောင်း ဒါ. ငါ့ရဲ့ မတ်ကလေး ကို့ ရဲ့ ညီ “ညီညီထက်” တဲ့”
          မိပုံကြောင့်ပဲ ရှင်နဲ့ သိကျွမ်းခွင့်ရခဲ့တယ်။ ကျွန်မနဲ့ ခင်မင်ချင်လွန်းလို့ မိပုံကို အသုံးချခဲ့တယ် ဆိုတာတော့ ရှင်နဲ့ ရင်းနှီးသွားပြီနောက်ပိုင်းမှပဲ ရှင်ပြောပြလို့ ကျွန်မသိခဲ့ရတယ်။ ဘာပဲပြောပြောပါ ချစ်တတ်ခဲ့ ချစ်မိခဲ့တာက တော့ ကျွန်မဘ၀ရဲ့ အတွေ့အကြုံသစ်ပေါ့။
          “ဆောင်း.. ဟိုနေ့က မိပုံနဲ့ ဘယ်သွားတာလဲ. ကိုယ် မင်းတို့နှစ်ယောက် မြိုင် ဆေးခန်းထဲက ထွက်လာတာ တွေ့လိုက်တယ်။”       
          ရှင်မေးတာကတော့ ခပ်ရိုးရိုးပဲ။ ဒါပေမယ့် ကျွန်မနားထဲ မိုးကြိုးပစ်ချလိုက်သလိုပဲ။ အဲဒီနေ့က ဆရာဝန် ပြောလိုက်တဲ့ စကားလဲ နားထဲပြန်ကြားယောင်မိတယ်။
          “လူနာ နာမည်က ပုံပုံချစ်နော်။ ပြောရမှာတော့ စိတ်မကောင်းဘူးဗျ။ ခင်ဗျား ကိုယ်ဝန် ဖျက်ချခဲ့ဖူးတယ် မဟုတ်လား။ ”
မိပုံကတော့ မျက်လုံး အပြူးသားနှင့်
          “ရှင်..”
           “ဟုတ်တယ်ဗျ. ခု ခင်ဗျားမှာ ကလေးမရနိုင်တာက အဲဒီကိစ္စကြောင့်ပဲ ။ ခင်ဗျား အမျိုးသားမှာတော့ ဘာပြသနာမှ မရှိပါဘူး။ အမျိုးသားကို သေချာပြောပြပေါ့ဗျာ။ ဒါပေမယ့် စိတ်ဓာတ်တော့ မကျပါနဲ့။ ကျွန်တော် အခု ဆေးပေးလိုက်မယ် ။ စွဲပြီးသောက်ကြည့်ပေါ့။ ကံကောင်းရင်တော့ ခင်ဗျား မိခင်လောင်းတစ်ယောက် ဖြစ်လာ နိုင်ပါသေးတယ်”
          အဲဒီတုန်းက မိပုံကို ကျွန်မ စိတ်ဆိုးလိုက်တာလေ။ ကိစ္စတွေ အကုန်  ပြီးစီးတော့မှ ကျွန်မသိခဲ့ရတာ။ မသေကောင်း မပျောက်ကောင်း တစ်ခုခုများဆိုတာကို တွေးမိလေ မိပုံ ကို ဂရုဏာဒေါသောနဲ့ ဆူမိလေပဲ။ မိုက်လိုက်တာ မိပုံရယ်လို့ အကြိမ်ကြိမ် ညည်းတွားမိသည်အထိ။ မိပုံ လည်း ကံကောင်းလို့ အသက်ရှင်ကျန်ခဲ့တာ။ ဝေဒနာကို ခံစားလိုက်ရတာ များ မသေရုံတစ်မယ်။  ဒါပေမယ့် သေချာတာတစ်ခုကတော့ အဲဒီတုန်းက ကိုယ်ဝန်က အခုလက်ရှိ အမျိုးသား(ခင်ပွန်း)နဲ့ မဟုတ်ဘူး ဆိုတာပဲ။
          “ဆောင်း ကိုယ်မေးနေတယ်လေ။ ”
ကျွန်မက ခပ်လွယ်လွယ်ပဲ ဖြေခဲ့တာပါ။
          “ကျွန်မ..ကျွန်မ သွားပြတာပါ။ မိန်းမရောဂါပါ.။ ဆေးစွဲသောက်လိုက်ရင် ကောင်းသွားမှာပါလို့ ဆရာဝန်က ပြော တယ်။ ”
          အဲဒီအဖြေရဲ့ နောက်ကွယ်မှာ သေလောက်အောင် နာကျင်မှုတွေ ရှက်ရွံ့မှုတွေ ရှိနေမယ်လို့ ကျွန်မဘယ်သိပါ့မလဲ။  ကျွန်မသိတာက မိပုံကို ကာကွယ်ရမယ်။ ဒါပေမယ့် ကျွန်မ မသိခဲ့တာတစ်ခုက အဲဒီနေ့က ရှင် ကျွန်မကို ချစ်ခွင့်ပန်မလို့တဲ့။ ရှင့်အတွက် အဖြေက ရှိနှင့်ပြီးသားပါ။ ရှင်ရဲ့နှုတ်က ဖွင့်ပြောမယ့် အချိန်ကိုပဲ မျှော်လင့်နေခဲ့မိတာ ။ တစ်ကယ်တမ်းတော့ အဲဒီနေ့က နောက်ထပ် ဘာစကားမှ ထပ်မပြောဖြစ်တော့ဘူး။ မှာထားတဲ့ ကော်ဖီခွက်တွေ အကုန်မှာ ရှင်နဲ့ကျွန်မ တိတ်ဆိတ်ငြိမ်သက်စွာ အဲဒီဆိုင်လေးက ထပြန်ခဲ့ကြတယ်ဆိုတာပဲ။
          “ဆောင်း. သူငယ်ချင်း. ငါ.. ငါ ..နင့်ကို အားနာလိုက်တာဟာ. ငါ..တောင်းပန်ပါတယ်.ငါ့ကြောင့် ..”
          ငိုသံ ခပ်အက်အက်နှင့် ဖုန်းထဲက မိပုံအသံ။ နင်တောင်းပန်နေတာလား။ ပြီးသွားပါပြီဟာ။ ထားလိုက်ပါတော့။ နင်ကိုယ်တိုင်မှ အမှန်တရားကို ရင်ဆိုင်ဖြေရှင်းရဲတဲ့ သတ္တိမှ မရှိတာ။ တစ်ကယ်ဆိုသူလာမေးတဲ့ အချိန်မှာ နင်အမှန်တရားတစ်ခုကို ချပြလိုက်ဖို့ကောင်းတယ်။
          “ညီညီ အဲဒီနေ့က ဆေးခန်းထဲ ၀င်လိုက်လာတယ်တဲ့။ ငါတို့နှစ်ယောက် ဆေးခန်းက ဆေးကောင်တာမှာ ဆေးယူပြီး ထွက်သွားတော့ သူနောက်ကနေ လိုက်ခေါ်မလို့။ဒါပေမယ့် ဆရာဝန်ဘေးက နပ်စ်နဲ့ ဆေးကောင်တာက ကောင်မလေးတွေရဲ့ စကားပြောသံကြောင့် သူလိုက်မခေါ်မိခဲ့တာတဲ့။ ”
          “ညည်းတို့လဲ သတိထားကြ ဟိုမှာတွေ့လား လူမသိသူမသိ ကိုယ်ဝန်ဖျက်ချပြီး ခုမှဒုက္ခနဲ့ လှလှ တွေ့နေကြ တာ ” တဲ့။
   အဲဒီညကဆိုရင်လေ တစ်ညလုံး အတွေးတွေနဲ့ရှက်ရွံ့ နေလိုက်တာ။ ရှင်ကျွန်မကို အထင်သေး သွားလောက်ပြီပေါ့။
          “ဆောင်း. ကိုယ် မင်းကို ချစ်တယ်။”
ရှင့်မျက်ဝန်းထဲမှာ ကျွန်မကို သနားတဲ့ အရိပ်အယောင်တွေ ။ ယူကျုံးမရတဲ့ အကြည့်တွေ။ ဖြစ်မှ ဖြစ်ရလေ ဆိုတဲ့ အကြည့်တွေ တွေ့နေရတယ်။ ၀မ်းနည်းရတယ် ၀မ်းသာကြည်နူးရတယ်။ ၀မ်းနည်းမိခဲ့တာက ရှင့်အသိထဲ မှာ ကျွန်မက မသန့်ရှင်းတော့တဲ့ မိန်းမတစ်ယောက်။ ၀မ်းသာမိတာက ကျွန်မကို ဒီလောက်တောင်ပဲ ချစ်ခဲ့ရသတဲ့ လား။ ဒါပေမယ့် မကျွမ်းခင်က လွမ်းနှင့်နေရပြီ။
  “ကျွန်မ ရှင့်ကို မချစ်ဘူး။”
ရှင်က ခပ်တိုးတိုး ရေရွတ်ရင်း မှတ်ချက်ပေးတယ်။
“နှလုံးသားရဲ့ စေညွန်ရာကို ဆန့်ကျင်ဘက် လမ်းလျှောက်တဲ့ မိန်းမပဲ”
ကျွန်မက ပြုံးတယ်လို့ ဆိုသာရုံ အပြုံးမျိုးသာ ဖန်ဆင်းပြလိုက်တယ်။ ပြတ်သားစွာ လိမ်ညာတယ်။ ပိရိစွာ ခြေရာဖျောက်တယ်။ သေသပ်စွာ ကျောခိုင်းခဲ့တယ်။ ကြာတော့လည်း မေ့သွား မှာပါလို့ ဖြေတွေးခဲ့တယ်။ ဟော.. မှောင်သွားပြီ မှိတ်ထားတဲ့ မျက်လုံးတွေ ပြန်ဖွင့်ကြည့်မိသည်။ လမင်းကြီးကို တိမ် မည်းတွေ အုပ်သွားတာကိုး။  အေးမြတဲ့ လရောင်အစား ၀ရံတာမှာ မှောင်မိုက်မှုတွေ ကြီးစိုးသွားပြန်တယ်။ လမင်းကြီးကို နှုတ်ဆက်တဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။ ကျွန်မသွားတော့မယ်။  နောက်တစ်ကြိမ်များ လရောင်မှာ ယစ်မူးဖို့ အခွင့်အရေး ရှိခဲ့မယ်ဆိုရင် ကျွန်မတို့ ပြန်ဆုံကြသေးတာပေါ့လို့။ ခြံထဲမှ စံပယ်ရနံ့တို့သည် မွှေးပျံ့ ကြိုင်လှိုင်နေစဲ။   ။
-----
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ရွှင်လန်းကြပါစေရှင်။ 
သရုပ်ဖော်ပုံလေးကိုတော့ဖြင့် ထုံးစံအတိုင်း google ကနေ ရှာဖွေပြီ အသုံးပြုထားပါတယ်။