Wednesday, 2 July 2014

ကဗျာတစ်ပုဒ်ရဲ့ ရာဇ၀င်



 
 
“သက်နောင် ငါ အရမ်းလွမ်းနေပြီ..”

နားထဲကြားလိုက်ရသည့် အသံက တစ်ကယ့်ကို တိုးတိုးညင်သာ။  နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ခပ်တိုးတိုးညည်း လိုက်သည့် အသံ။ မျက်ရည် တစ်ပေါက် ပေါက်ကနဲ ကျသွားသည်။ သူအိပ်ပျော်နေရာမှ ငေါက်ကနဲ ထထိုင်လိုက်မိသည်။ နာရီကိုယူကြည့်တော့ မနက် ၂ နာရီထိုးလုလု။  သူ့ပါးက မျက်ရည်တစ်ပေါက်ကို သုတ်လိုက်ရင်း အိပ်ယာထဲ ပြန်လှဲချ လိုက်မိသည်။ ရင်ဘတ်ထဲမှာတော့ မွန်းကြပ်မှုတို့ဖြင့် အသက်ရှုလို့မရ။

          ဘာကြောင့်ရယ်မသိ စိတ်ထဲမှာ အလိုလို အားငယ်သလို ၀မ်းနည်းမိသလို လှိုက်ကနဲ။ ပြီးတော့ သူခပ်တိုးတိုး ပြန်ရေရွတ်လိုက်သည်။

          “ငါလဲ နင့်ကို့ အရမ်းလွမ်းနေပြီ ပြာလဲ့ ရယ်.”

ပြာလဲ့ နင် ငါ့ကိုအရမ်း သတိရနေတာလားဟင်။ စိတ်ထဲကမေးမိသည်။ ပြာလဲ့နှင့် မတွေ့ရသည်မှာ သုံးနှစ်ကျော် လောက်ရှိပြီ။ တစ်ခါတစ်ရံ ဖုန်းထဲမှ အသံလေးကြားရုံမျှဖြင့် ချစ်သူကိုလွမ်းရသည်မှာ ကြာခဲ့ပြီ။ သုံးနှစ်အတွင်း VZO Chat နှင့် သုံးခါလောက်ပြောဖူးသည်။ သူမ၏ ၀ါးတားတား အရိပ်သာမြင်ရသည်။ ကိုယ်ပြောသည့်အသံ သူ့ဆီ မရောက် သူပြောသည့် အသံ ကိုယ်မကြား ။ ပြာလဲ့မှာသာ VZO chat တစ်ခါပြောဖို့အရေး မြို့ပေါ်တက်ပြီး တစ်ကူးတစ်က နက်ဆိုင်ရောက်အောင် လာရရှာသည်။ ရောက်ပြန်တော့ လဲ ကွန်နက်ရှင်က မကောင်း။ ဒီလိုနှင့် အချိန်ကုန် ပိုက်ဆံလဲ ကုန်သော  VZO Chat အား နှစ်ဦးသဘောတူ စွန့်လွှတ်လိုက်ကြသည်။ ဒါတောင် ရန်ပွဲလေးနှင့် အဆုံးသတ်လိုက်ခြင်းဖြစ်သည်။

         
“နင့်ကို ငါပြောသားပဲ အဲဒီရွာမှာ ဆရာမသွားမလုပ်ပါနဲ့ ခေါင်လွန်းပါတယ်လို့။ ခုတော့ နင် ဘယ်နှယ့် ရှိစ”

“အဲဒါ ငါ့ဝါသနာလေ။ ဘာလဲ နင့်လိုမျိုး နိုင်ငံရပ်ခြားမှာ ပိုက်ဆံမရှာ နိုင်လို့ ငါ့ရဲ့ အလုပ်ကို အထင်သေးတာ လား”


“တော်စမ်းပါဟာ.. ခုကနင့်ကို လွယ်လွယ် ဆက်သွယ်လို့မရတာက အဓိက”


“နှလုံးသားချင်း နီးနေပြီးသားပဲ။ ဘာလဲ နင်က လူချင်းနီးနေမှ နင့် နှလုံးသားကအချစ်တွေ ပူနွေးနေတာ လား”


အဲဒီနေ့က သူစိတ်တိုတိုနှင့် ဖုန်းချပစ်လိုက်သည်။ အလကားချစ်သူ ဒီမှာဖုန်းကဒ်ဈေးကြီးပေးပြီး သူ့အသံ ကြားချင်လွန်းလို့ တစ်ကူးတစ်က ဖုန်းဆက်ရသည်။ ခုတော့ ချစ်သူက သူ နားမ၀င်လောက်သည့် စကားလုံးတွေနဲ့ ပစ်ပေါက်သည်။ သူများ အတွဲတွေများတွေ့ရင် သူ့မှာတော့ သတိရလိုက်ရတာ။ လွမ်းလိုက်ရတာ။ ချစ်သူကတော့ အားနေ အားတင်းထားပါ။ မကြာခင်ဆုံဆည်းကြမှာပါ။ ခုလဲ ဖုန်းဆက်ပြီး စကားပြောနိုင်ကြတာပဲ။ဒီလိုစကားလုံးမျိုး တွေနှင့်သာ နှစ်သိမ့်ရန် တတ်နိုင်နေတဲ့သူ။  နင့်ကို ငါ ချစ်သလောက် နင် ငါ့ကို ပြန်မချစ်ဘူး ပြာလဲ့။

အဲဒီစိတ်နှင့် ပြာလဲ့ကို ၂ ပတ်တိတိ  ဖုန်းမဆက်ပဲ နေခဲ့သည်။  သို့ပေမယ့် mail ထဲရောက်လာသည့် ပြာလဲ့ ၏ ကဗျာလေးကြောင့် ချက်ချင်း ဖုန်းပြန်ခေါ်ခဲ့မိသည်။ 

ပြေလျှော့ကာ စိတ်အနွမ်းပြေပါတော့
မောင်နွမ်းတော့ မနေသာတယ်
တစ်ကြိမ်သာ နားလည်ပေးပါတော့
နောင် အကြိမ်ဆင်ခြင်ပါ့မယ်.
ပြေတယ်ဆို မောင့်ရင်ခွင် ဖွင့်ကာထားပေးပါ
ပြေးဝင်ကာမှီနွဲ့လိုက်ချင်ရဲ့
တိုးလို့သာ နှောင်တည်းရစ်ပတ်ပါ
မျက်လုံးအစုံကိုမှိတ် မျက်နှာတော်မော့ကာထားပါ့မယ်
မွတ်သိပ်တဲ့ နှုတ်ခမ်းအစုံနဲ့
အနမ်းတွေခြွေကာသာ သွန်းပါတော့
မောင် နွမ်းတဲ့ ဒီခဏမှာ
ချစ်..အရမ်းလွမ်းလှပြီ။  

စိတ်ထဲမှာ ကြည်နူးမှုကလဲ အပြည့်။ အော်..သူငါ့ကိုချစ်ရှာသားပဲလို့။ အလုပ်သွားတာများ မြေကြီးနဲ့ ခြေထောက်ထိတယ်လို့ကို မထင်ဘူး။ ပြာလဲ့ စာတွေကဗျာတွေ နှစ်သက်ပြီး ရေးဖွဲ့တတ်မှန်းသိပေမယ့် ဒီလောက်ထိ လို့ မထင်ခဲ့မိ။ အလုပ်လုပ်ရတာများ ပေါ့ပါးသွက်လက်နေလိုက်တာ မန်နေဂျာကိုယ်တိုင်က

“မင်း ဒီနေ့ ဘာဆေးတွေသောက်ထားသလဲ ” လို့ မေးယူရသည်အထိ။ 

အပြင်မှာတော့ မျက်နှာက ရယ်ကျဲကျဲပေါ့ သို့ပေမယ့် စိတ်ထဲမှာ ဖြေနေမိတာက အချစ်ဆေး အချစ်ဆေးလို့ ။ နာရီကို ထပ်ကြည့်မိပြန်သည်။ နာရီလက်တံတို့က ညွှန်းနေတာ မနက် ၃ နာရီ။ ဟူး..မနက်အလုပ်သွားရမှာ။ ခုထိပြန်ပြီး အိပ်မပျော်နိုင်သေး။ အတွေး တို့ က ရိပ်ခနဲ လွန်ခဲ့သည့် တစ်လခန့်က အဖြစ်အပျက်ဆီ ရောက်သွားပြန်သည်။

          “ပြာလဲ့ ဒါ ကလေးကစားနေတာမဟုတ်ဘူးနော်..”

          “အေးပါ ငါသိပါတယ်။ ခုဟာက ..ငါလဲ..မတတ်သာလို့ပါ။ နောက်ထပ် ၁ နှစ်ဆိုရင် ငါ့အလုပ်က မြို့ကျောင်းကို ရွှေ့လို့ရပြီလေ”

          “အဲဒါဆို ငါ ဘယ်လိုလုပ်ရမလဲပြော။ ငါ့မိဘတွေကို ဒီနှစ်ဒီဇင်ဘာမှာ လာမြန်းခိုင်းမယ်။ ဖေဖော်ဝါရီမှာ ငါပြန်လာပြီ မင်္ဂလာဆောင်မယ်။ ပြီးရင် နင် ငါနဲအတူ နိုင်ငံခြားလိုက်ခဲ့ရမယ်။ အားလုံးစီစဉ်ပြီးပြီလေ။ ငါ့မိဘတွေကို ပြောပြီးပြီလေ။”

          “ဟာ..ဆရာမအလုပ်က မထွက်နိင်ပါဘူး။ ငါ ဆရာမဖြစ်ချင်လွန်းလို့ ဘယ်လောက်ထိ ဒုက္ခတွေ ခံထားရလဲ နင်အသိဆုံး”

          “အဲဒါဆို ငါ့မိဘတွေကို မပြောခင် နင့်အကျိုးအကြောင်းပြောလေ။ ပြီးတော့ နင့်ဆရာမ လစာက ဘယ်လောက်တောင် မက်မောစရာကောင်းနေလို့လဲ”

          “သက်နောင်..!!!!!!!!!!”

ဖုန်းထဲက သူမ၏ အော်သံ ကျယ်လောင်စွာထွက်လာသည်။ ပြီး သူမဘာမှမပြောတော့။ သူမ၏ အသက်ရှုသံကို သာကြား နေရသည်။

          “ပြာလဲ့ ငါ နင့်ကို အရမ်းချစ်တယ်။”

ဒီတစ်ခါတော့ ပြာလဲ့ဘက်က ဖုန်းအရင်ချသွားသည်။ အဲဒီနောက်ပိုင်း သူလဲဖုန်းမခေါ်သလို ပြာလဲ့ ထံမှလဲ ဘာအဆက်အသွယ် မှ မရ။ ခုသူအိပ်ပျော်နေတုန်း သေသေချာချာကြီး ကြားလိုက်ရသည်။ နေမှကောင်းရဲ့လား။ သူမအရမ်းခံစားနေရသလား။ သူမပြောခဲ့ဖူးသလိုပဲ ချစ်လွန်းတော့ သူမ၏နှလုံးသား ငိုကြွေးသံကို ကြားလိုက်ရသည်လား။ စိုးရိမ်စိတ်တို့က ပိုပြီး ကြီးထွားလာသည်။ မဖြစ်ဘူး မနက်ကျရင် ဖုန်းဆက်ကြည့်ရမည်။ ပြီးရင် အကျိုးအကြောင်းသေချာပြောပြီး ပြန်ညှိကြည့်မည်။ ခုတော့ သူမနေကောင်းပါစေဟု ဆုတောင်းရင်း ဘုရားစာအချို့ ရွတ်နေရုံက လွဲပြီး ဘာမှ မတတ်နိုင်ပါပေ။

မနက်က ဖုန်းခေါ်သော်လည်း သူမနှင့် အဆက်အသွယ်မရ။ လေးလံထိုင်မှိုင်းစွာဖြင့် ရုံးကိုရောက်လာရသည်။ အလုပ်ထဲစိတ်ကမပါ။

ဖုန်းထဲ email ရောက်လာသည့် အသံကြောင့် ဖုန်းကိုယူကြည့်လိုက်သည်။ ရင်ထဲမှာ လှိုက်ကနဲ။  ပြာလဲ့ထံမှ mail ဖြစ်သည်။ ကဗျာစာပိုဒ်လေး တစ်ပုဒ်သာ ပါသည်။ အခြား မည်သည့်စာမျှ ပါမလာ။

         
     “အလွမ်းတစ်ရှိုက်က
တစ်နင့်တစ်ပိုး
သီးပေမယ့်
အဲဒီ..ခါးသက်မှုကိုပဲ
ရစ်မူးစွာ ဆက်ရှိုက်နေပြန်တယ်….”       

ရုံးချိန်တွင်းမို့  ဖုန်းလဲပြန်ဆက်လို့မရ။ စိတ်ထဲမှာ နေမထိထိုင်မသာ။  ရုံးဆင်းချိန်သာ မြန်မြန်ရောက်ချင်မိတော့သည်။ ညနေရုံးဆင်းသည်နှင့် အိမ်ပြန်ရောက်အောင် မစောင့်နိုင်။ ရုံးရှေ့က staff နားနေခန်းမှာ ထိုင်ပြီး ပြာလဲ့တို့ ကျောင်းက ဖုန်းကိုခေါ်မိသည်။

          “ဟလို”

          “ဟုတ်ကဲ့ ကျွန်တော် ဆရာမပြာလဲ့ရီ နဲ့ စကားပြောချင်လို့ပါ ခင်ဗျာ”

          “သြော် ဆရာမပြာလဲ့လား ရန်ကုန်ခဏပြန်သွားတယ်။ မရှိဘူး။”


ကျေးဇူးတင်စကားကိုပင် မဆိုမိ။ ခွပ် ကနဲ ဖုန်းပြန်ချလိုက်သည်။ ရန်ကုန်က ပြာလဲ့တို့ အိမ်ဖုန်းကို ထပ်ခေါ်သည်။ ဖုန်းက ကိုင်မယ့်သူမရှိ။ ပြာလဲ့ နှင့် စကားပြောချင်လှပြီ။ စိတ်ပူလွန်းလို့ လူတစ်ကိုယ်လုံးထူပူနေတာပဲ။  သွေးအေးအေးထားပြီး စဉ်းစားကြည့်သည်။ ဟာ သိပြီး ပြာလဲ့ အစ်မ လက်ကိုင်ဖုန်းနံပါတ် ရှိသားပဲ။ ပိုက်ဆံအိတ် ကို ဖွင့်သည်။ ရေးမှတ်ထားသော စာရွက်အတိုအစလေးတွေကို မွှေနှောက်ရှာဖွေမိပြန်သည်။ မတွေ့သေး။ ဟား ဒီမှာ ရပြီ ဒီဖုန်းနံပါတ် ..သူ အလောတကြီး ဖုန်းနံပါတ်လေးတွေကို နှိပ်လိုက်သည်။

          “ဟလို မကြီးလား”

          “ကျွန်တော် သက်နောင် ပါ”

          “ဟဲလို ဟုတ် ဘယ်သူလဲမသိဘူး ။ မကြီး ရီတာ ကို့ရှာတာလားမသိဘူး။ ”

          “ဟုတ်တယ် ဟုတ်တယ်”

          “ခဏနေမှ ပြန်ဆက်ပါရှင် မကြီးအပြင်သွားတာ  ရုံးမှာ လက်ကိုင်ဖုန်း မေ့ကျန်ခဲ့လို့ပါ”

တောက်! ငါကွာလို့ စိတ်ထဲမှ ကြိတ်မနိုင်ခဲမရ ဖြစ်ရင်း ဖုန်းပြန်ချလိုက်မိတော့သည်။ ညနေစာ ဘာမှလဲ စားချင်စိတ် မရှိတော့ ပြာလဲ့ ဘာများဖြစ်လို့လဲ။ ရုံးရှေ့ထွက်ပြီး တွေ့သည့် taxi တားလိုက်သည်။
အိမ်ရောက်တော့ အ၀တ်အစားလဲ ကုတင်ပေါ်လှဲချရင်း ခုနက မမရီတာ ဖုန်းကို ခေါ်မိပြန်သည်။

          “ဟလို”

          “မမ ရီတာလား ကျွန်တော်ပါ သက်နောင်။”

          “အေး မောင်လေး။ နင်တို့နှစ်ယောက် ဘာဖြစ်ကြပြန်ပြီလဲ။ ပြာလဲ့ ရန်ကုန်ခဏပြန်ရောက်နေတယ်။ မျက်နှာလဲ မကောင်းဘူး။ အဲဒါလေ..”

          “တီ”

ဟင် ..သွားပြီး ဖုန်းကဒ်ကုန်သွားပြီ။ သူလွယ်တဲ့ အိတ်ထဲ ဖုန်းကဒ် ထပ်နိုက်သည်။ ဟာ ခုမှ သတိရသည် ဖုန်းကဒ် ကုန်နေတာပဲ။ ဟာ…သွားပါပြီကွာ။ ၀ယ်ဖို့ မေ့နေတာ။ ပြန်ထွက်ဝယ်ဖို့ ကလည်း အဝေးကြီး။ ဟားး … ဆံပင်တွေကို လက်နှင့် သပ်တင်လိုက်ရင်း အိပ်ယာပေါ် ခြေပစ်လိုက်ပစ် ပြန်လှဲချလိုက်မိသည်။ ပြီးတော့ ဖုန်းထဲရှိနေသည့် မနက်က ပြာလဲ့ ပို့ထားတဲ့ ကဗျာလေး ကို ပြန်ဖတ်မိသည်။ ပြီးတော့ စာရွက်လေးတစ်ရွက်ထဲ သူမ၏ ကဗျာလေးကို ချရေးလိုက်မိသည်။ 

         
        အလွမ်းတစ်ရှိုက်က
တစ်နင့်တစ်ပိုး
သီးပေမယ့်
အဲဒီ..ခါးသက်မှုကိုပဲ
ရစ်မူးစွာ ဆက်ရှိုက်နေပြန်တယ်….

နေ့စွဲတွေက
ကြွေမြဲကြွေစဲ
လေအလွှင့်မှာ
မှိုင်းပျပျမီးရောင်အောက်က
မထင်မရှားပန်းချီကားတစ်ချပ်ရဲ့
မညီမညာ စုတ်ချက်တွေကလည်း
ဟို တစ်စက် သည် တစ်စက်….

ချိုမြိန်တဲ့ အနမ်းတွေအတွက်
ခါးသက်တဲ့ အလွမ်းတွေကို
ဂစ်တာအို ကြိုးပြတ်
ကာရံမဲ့ တေးသွားထပ်
ဗလောင်ဆူနေအောင်
ကူးခတ်ရင်း…
မြန်မြန်လောင်မြိုက်
ပြာကျလိုက်ချင်ပြီ..
ဒီ..အလွမ်းရှိုက်သံ…   

သူ့ဘေးနားမှာ မှင်နဲ့ခြစ်ထားတဲ့ စာရွက်တွေ ရှုပ်ပွလို့။ ကဗျာလေးကို နောက်တစ်ခါက် ပြန်ဖတ်ကြည့်မိပြန်သည်။ ပြီးတော့ ဖုန်းနဲ့ ပြန်ရေးပြီး ပြာလဲ့ email ထဲကို ပို့ပေးလိုက်သည်။ ပြီးတော့ စိတ်လျှေြာ့ပီး မျက်လုံးအစုံကို မှိတ်ချ လိုက်သည်။ သည်နေ့ ညတော့ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်လိုက်ချင်ပြီ။ အိပ်မပျော်တဲ့ ညတွေဟာ ညတာရှည် လွန်းတယ်လေ။
         
          တီ..တီ ….တီ ….တီ…

လက်ကိုင်ဖုန်းမြည်သံကြောင့် သူမျက်လုံးမဖွင့်ပဲ ဖုန်းကို answer လုပ်လိုက်သည်။

“ဟလို”

“သက်နောင်လား..ပြာလဲ့ပါ”

အသံကြားသည်နှင့် အိပ်နေရာကနေ ငေါက်ကနဲ ထထိုင်မိသည်ထိ။ ထိတ်ကနဲ

“ပြာလဲ့ နေကောင်းရဲ့ လား ”

“နေကောင်းပါတယ် မောင် ရဲ့”

ဘာ..မောင် ရဲ့တဲ့။ သူမကို ခေါ်ခိုင်းနေတာကြာပြီ။ ခုမှ မောင် ရဲ့တဲ့။ မျက်နှာတစ်ခုလုံးသကာရည်လောင်းထား သလို ချိုမြိန်သွားလိုက်တာ။ အိပ်ချင်မူးတူး  ဟီး ကနဲ သူ့သွားတွေဖြဲသွားတာ သူကိုယ်တိုင်သာအသိ။

“ ပြာလဲ့ ကိုလေ မောင် အရမ်းချစ်တယ် သိလား”

“အင်း..ဒါနဲ့ စကားမစပ် မောင့် ရဲ့ ကဗျာလေးက ပြာလဲ့ရဲ့ နှလုံးသားကို အရည်ပျော်သွားစေတယ်။ ဖေဖော်ဝါရီ လကို မောင်ပြန်လာဖို့ အဆင်သင့်လုပ်ထားတော့ နော်။ ဒါပဲနော် မောင်”


ပြောပြီး သူမ ရုတ်တရက် ဖုန်းချသွားသည်။ ရုတ်တရက်ဆိုတော့ သူသဘောမပေါက်လိုက်မိ။ ဖေဖော်ဝါရီ ဖေဖော်ဝါရီ.. ဟား သိပြီ  . .. လက်ထပ်ဖို့ သူမလက်ခံလိုက်ပြီ။ ဘာရယ်မဟုတ် ဖုန်းထဲက သူမ၏ ပုံလေးကို အနမ်းတွေ ပေးနေမိပြန်သည်။ နောက်မှ သတိရသည်။ သူ၏ အခန်းဖော်။ ကုတင်ဘက်ကို လှမ်းကြည့်လိုက်တော့ သူ့ကို စိတ်ပျက်လက်ပျက်နှင့် ထိုင်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူရဲ့မချိသွားဖြဲအပြုံးကို  ဒုတိယအကြိမ်ပြုံးပြလိုက်ရင်း

“အဟဲ ဆောရီးနော်.. 

“ခင်ဗျား ကြည့်လုပ် ..ကျုပ်အိပ်ရေးတွေပျက်တာများနေပြီ။ ညကလည်း တစ်ခန်းလုံး စက္ကူတွေ ရှုပ်ပွနေတာပဲ ပြော ခုဘာတဲ့လဲ”

“လက်ထပ်မယ်တဲ့”

“ဟား ဂုဏ်ယူပါတယ် အစ်ကို။ နောက်နေ့တွေ ကျွန်တော် အိပ်ရေးမပျက်တော့ဘူးပေါ့။”

          ပြောပြောဆိုဆို ကောင်လေး သူ့ကုတင်ပေါ်ပြန်လှဲချရင်း တစ်ဖက်သို့လှည့်သွားသည်။ ခုချိန် ဖြစ်နိုင်ရင် အခန်းထဲမှာ ရှေ့ဂျွမ်း နောက်ဂျွမ်း အလယ်ဂျွမ်းများပစ်လို့ ရရင်ဖြင့် ပစ်လိုက်ချင်တာဟု စိတ်ထဲမှာ ကြိမ်းဝါးရင်း ဘေးနားက ခွခေါင်းအုံးကြီးကို သိမ်းကျုံးပြီး ဖက်ပစ်လိုက်လေတော့သည်။ 

----
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ 
သရုပ်ဖော်ပုံလေးကိုတော့ google ကနေ ရှာဖွေပြီး ယူသုံးထားပါတယ်။




Thursday, 19 June 2014

ချစ်ခဲ့ဖူးတဲ့ မောင့် အကြောင်း





 
ကျွန်မက အချစ်စာရေးဆရာမကြီးတဲ့လား။ သိမ်မွေ့နူးညံ့တဲ့ စိတ်ခံစားမှု နှလုံးသားထဲက ပေါက်ဖွားလာတဲ့ စကားစု တို့ကို  အနုပညာတစ်ခုအဖြင့် ဖန်တီးခဲ့မိတယ်။ အဲဒီဖန်တီးမှုက  အချစ်မှာ အပြစ်တစ်ခုများဖြစ်သွားခဲ့သလား။  ကိုယ်တိုင်ခံယူထားတဲ့ အချစ်ကို ကိုယ်နားလည်သလို ခံစားပြီး စာရွက်ပေါ်ချပြခဲ့မိတာ မောင်နဲ့ကျွန်မရဲ့ ဝေးကွာခြင်းအစတွေပဲလား။

          “ဆွေ.. မင်းရေးထားတဲ့စာတွေမှာ မောင်မရှိရင် မဖြစ်ဘူးဆိုတဲ့ စာလေးတစ်ကြောင်းများ ထည့်မရေးနိုင် ဘူးလား”

          “မောင် ရယ် “ လို့သာ ခပ်တိုးတိုးညည်းလိုက်မိတော့တယ်။ ကျွန်မဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ စရိုက်ဟာ  မူရင်း ကျွန်မဗီဇပေါ်မှာ အခြေခံတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ဇာတ်ရဲ့ သဘောအရ တစ်ခါတစ်လေမှာ မာနတွေမိုးထိအောင် မြင့်သင့်ရင် မြင့်ပြရတယ်။ တစ်ခါတစ်လေ ချိုးနှိမ်ပြီး အောက်ကျို့ရင် ကျို့ပြရတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး ။ ကျွန်မရေးခဲ့မိတဲ့ စာသားတွေထဲမှာ..

          ကျွန်မရဲ့ ဘ၀ကြီးမှာ မောင်သာမရှိခဲ့ရင် ဆိုတဲ့ စာလေးတစ်ကြောင်းတစ်လေမှ ထည့်ရေးချင်စိတ် မရှိခဲ့ ဘူး။ ဘာလို့လဲ ဆိုတော့ မောင်က ကျွန်မရဲ့ နှလုံးသားထဲမှာ စူးစူးနှစ်နှစ် ၀င်ရောက် နေရာယူခဲ့ပြီးပြီ။ မောင်က ကျွန်မရဲ့ ဘေးနားရှိနေသည်ဖြစ်စေ မရှိခဲ့သည်ဖြစ်စေ အဲဒီနေရာလေးတစ်ခုကဖြင့် မောင့် အတွက်အမြဲတမ်း ချန်လှပ်ထားမယ့် အခန်းငယ်တစ်ခုဆိုတာ ကျွန်မကိုယ်တိုင်သေချာနေလို့ပဲ။ 

          “မင်းသာငါ့ကို တစ်ကယ်ချစ်တယ်ဆိုရင် ငါ့ကို မင်းဘေးနားမှာ အမြဲရှိနေစေချင်ရမှာပေါ့တဲ့”

          ရှိစေချင်တာပေါ့ မောင် ရယ်။ ကိုယ့်ချစ်သူဘေးနားမှာ မနေချင်တဲ့ မိန်းမ ဘယ်နှစ်ယောက်ရှိသလဲ ။ လိုက်မေးကြည့်ပါ။ အားလုံးက ၀မ်းသာအားရ “အို ဘယ်လိုမေးလိုက်ပါလိမ့် နေချင်တာပေါ့” လို့ ဖြေကြမယ့် သူကြီးပဲ။ ဒါပေမယ့် ကိုယ့်ချစ်သူကိုယ်တိုင်က ကိုယ်ပေးထားတဲ့ နေရာလေးမှာ မနေချင်တော့တဲ့အခါ  ဘယ်လိုအကြောင်းပြ ချက်နဲ့များ ချစ်သူ့ဘေးနားတွယ်ကပ်နေရမလဲ မောင်။

          အဲဒီလိုသာ တွယ်ကပ်နေရရင် မောင် ကိုယ်တိုင်လဲ အချုပ်ခံရသလို ကျွန်မကိုယ်တိုင်လဲ အချုပ်ခံနေရမယ့် မောင့်အတွက် စိတ်ဆင်းရဲရမယ်။ အဲဒီအတွက် မောင် သွားချင်ရင် သွားပါလေ။ ကျွန်မဘယ်တော့မှ တွယ်ကပ်မနေ ပါဘူးလို့ ပြောမိတာကို  မောင် ခေါင်းစဉ်တပ်ခဲ့တာက “မာန” တဲ့။ မဟုတ်ခဲ့ပါဘူးလို့ ဖြေရှင်းချင်ပေမယ့် လဲ  မောင် ကိုယ်တိုင် ခေါင်းစဉ်တပ်ထားခဲ့ တာမို့ လွယ်လွယ်နဲ့ ပြန်ဖျက်လို့မရခဲ့ပြန်ဘူး။

          “မင်း ငါ့ကို တစ်ကယ်မချစ်ပါဘူး ဆွေ.. မင်းရဲ့ အချစ်ဝထ္ထုတစ်ပုဒ်အတွက် ငါရဲ့ နှလုံးသားက ကုန်ကြမ်းဖြစ်သွားခဲ့တာပဲ”

          အလွန်ကိုလွဲမှားတဲ့ စွပ်စွဲချက်တစ်ခုလို့သာ ပြောလိုက်ချင်မိတယ်။ ကျွန်မရဲ့ အနုပညာရသမြောက်ဖို့အတွက် ကျွန်မရဲ့ နှလုံးသားကို ကုန်ကြမ်းအဖြင့် အသုံးပြုရမယ်တဲ့လား။ တစ်ခါတစ်လေ မောင့်ကိုတစ်ကယ်ပဲ နားမလည်မိဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကို မောင် ၀င်စွက်ဖက်လို့ရတယ်။ ကန့်သတ်လို့ရတယ်။ ချုပ်ခြယ်လို့ရတယ်။ ဒါပေမယ့် ကျွန်မဖန်တီးတဲ့ အနုပညာကိုတော့ မောင့်မှာဝေဖန်ပိုင်ခွင့်ရှိတယ်။ စာဖတ်သူတစ်ယောက်အနေနဲ့ပေါ့။ ကန့်သတ်ခွင့် မရှိသလို။ ချုပ်ခြယ်ပိုင်ခွင့်လဲမရှိဘူး။

          ဒါမှမဟုတ် မောင်ကိုယ်တိုင် ကျွန်မရဲ့ စာဖတ်ပရိတ်သတ်တစ်ယောက် ဖြစ်နေခဲ့လို့များလား။ ကျွန်မဖန်တီးခဲ့ တဲ့ အနုပညာကိုခံစားပြီး ကျွန်မရဲ့ စိတ်ကိုဖတ်နေမိခဲ့တာလား။ ဖြစ်စေချင်တာကတော့ ကျွန်မရဲ့ မျက်ဝန်းထဲက မောင့်ကိုချစ်တဲ့ အချစ်တွေကိုပဲ ဖတ်တတ်အောင် ကြိုးစားပါလားလို့ တိုက်တွန်းလိုက်ချင်တယ်။ ကျွန်မခံစားမိတဲ့ ခြယ်မှုန်းခဲ့မိတဲ့ စာသားလေးတွေမှာ တစ်ခါတစ်လေ ကိုယ်တိုင် စီးမျောခံစားပြီးမှ ရေးတတ်တာကတော့ ကျွန်မရဲ့ အမူအကျင့်လို့သာ ၀န်ခံမိမယ်ထင်တယ်။

          ကျွန်မတို့နှစ်ယောက် ကော်ဖီဆိုင်တူတူထိုင်ကြတဲ့အခါ မောင်က ကျွန်မအတွက် ခါးစိမ့်စိမ့် ကော်ဖီတစ်ခွက် ကိုအရင်ဖျော်ပေးတာမျိုး ။ အိမ်ပြန်ချိန်လမ်းခွဲတဲ့အခါ “မောင့် ကိုကျွန်မအရမ်းချစ်တာပဲလို့ ” ပြောနေကျစကားလေးနဲ့ နှုတ်ဆက်တတ်တဲ့ အမူအကျင့်မျိုး။ တစ်ခါတစ်လေ နှစ်ယောက်သားတွေ့နေကြပေမယ့် စကားမဆိုဖြစ်ပဲ ကျွန်မက မောင့် ပုခုံးကိုမှီပြီ ငြိမ်ချက်သားကောင်းနေတတ်သလို မောင် ကိုယ်တိုင်ကလည်း အမှီခံရတာကို ကျေနပ်နေတဲ့ ပုံစံမျိုး။ စကားတွေအများကြီး မဆိုဖြစ်ကြပဲ တစ်ဦးနဲ့ တစ်ဦးနားလည်နေတဲ့ ပုံစံမျိုး။ ဟုတ်တယ် အဲဒီအမူအကျင့်လေးတွေကို ကျွန်မရေး တဲ့ ဇာတ်ကောင်တွေထဲမှာ ထည့်ပြီးခြယ်မှုန်းတတ်တယ်။


ဒါပေမယ့် မောင့်ကို သိစေချင်တာတစ်ခုက အဲဒီအရာတွေအားလုံးက ကျွန်မရဲ့ ၀ထ္ထုတစ်ပုဒ်အတွက် ကွင်းဆင်းခဲ့တဲ့ လက်တွေ့တွေမဟုတ်ဘူး။ မောင့် ကိုချစ်လို့ ဖြစ်လာတဲ့ စိတ်ခံစားမှုတွေ။ ကျွန်မရဲ့ စိတ်ခံစားမှုတွေကို ကျွန်မရေးတဲ့ ဇာတ်ကောင်တွေပေါ်မှာ အရောင်လေးတွေ ထည့်ခြယ်ခဲ့မိတာ။ အဲဒီလိုရေးခြယ်ချင်ခဲ့လို့ မောင် နဲ့ ပတ်သတ်ခဲ့တာမဟုတ်ဘူး။ ကျွန်မဖန်တီးတဲ့ အနုပညာနဲ့ ကျွန်မရဲ့ အချစ်နဲ့ကို ကွဲလွဲအောင် ကြည့်ပါလား မောင် ရယ်လို့ သာပြောလိုက်ချင်မိတယ်။

“ငါသာ ဇော်သီဟနေရာမှာဆိုရင် နုနုဝေ ဆိုတဲ့ မိန်းမကို ဘယ်တော့မှ လက်မထပ်ဘူးတဲ့”

          ရှင်းရှင်းလင်းလင်း နားလည်စမ်းပါမောင်ရယ်။  တစ်ကယ့်လက်တွေ့မှာ ကျွန်မကလည်း နုနုဝေ မဟုတ်သလို မောင်ကလည်း ဘယ်တော့မှ ဇော်သီဟ ဖြစ်လာမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နုနုဝေဆိုတဲ့ မိန်းကလေးက မာနကြီးတယ်။ ယောင်္ကျားတွေကို အထင်မကြီးဘူး။ သူဆက်ဆံလာတဲ့ သူကြီးပြင်းလာတဲ့ အသိုင်းအ၀န်းကြားမှာလဲ ကောင်းတဲ့ယောင်္ကျားရယ်လို့ မတွေ့ခဲ့ဘူး။ ဒါကြောင့် သူမက ယောင်္ကျားတွေကို နိမ့်ချတဲ့ အကြည့်နဲ့ အမြဲတမ်းကြည့်တယ်။

          ဒါပေမယ့် ဇော်သီဟ ကတော့ အမြင်တွေစောင်းနေတဲ့ အဲဒီ နုနုဝေ ဆိုတဲ့ကောင်မလေးကို လေးလေးနက် နက် ချစ်ခဲ့မိတယ်။ တစ်ခါတစ်လေ နုနုဝေ ပြောတဲ့ စကားတွေထဲမှာ ယောက်င်္ကျားတစ်ယောက်ရဲ့ မာနကိုးချိုးဖဲ့တဲ့ စကားလုံးမျိုး ပါလာတယ်ဆိုရင်တောင် ဇော်သီဟ ကအဲဒီလိုစကားလုံးမျိုးတွေ ကိုယ့်နားထဲမကြားဘူးလို့ ပြန်ပြော တတ်တယ်။ နောက်ဆုံး နုနုဝေ က ဇော်သီဟကို ချစ်မိသွားတယ်။ ဒါပေမယ့် သူမက အမှန်တရားကို လက်မခံဘူး။ မာနကိုလဲ အရှုံးမပေးချင်ဘူး။ ဒါကြောင့် ဇော်သီဟ နားကနေ အဝေးကို နှစ်တွေ ချီပြီးထွက်ပြေးသွားတယ်။

          ဇော်သီဟ က နုနုဝေကို လိုက်ရှာတယ်။ နောက်ဆုံး သူတို့နှစ်ယောက် ပြန်တွေ့သွားတယ်။ ဒီတစ်ခါတော့ နုနုဝေ ဘယ်ကိုမှ ထွက်မပြေးတော့ဘူး။ ဇော်သီဟကလည်း နုနုဝေ ကို ထပ်ပြီး အပြေးမခံတော့ဘူး။ ကျွန်မရေးခဲ့တဲ့ ၀ထ္ထုတစ်ပုဒ်ပါ။ ဟုတ်တယ် ကျွန်မလဲ သိနေခဲ့ပါတယ်။ မောင် က ဘယ်တော့မှ ဇော်သီဟ ဖြစ်မလာနိုင် ဘူးဆိုတာကိုပေါ့။
         
ဒီနေ့လဲ စာအုပ်လေးတစ်အုပ်ကို အဆုံးသတ်လိုက်ပြန်ပြီ။ ဒီတစ်အုပ်မှာလဲ ချစ်သူနှစ်ဦး မဆုံဆည်းကြပြန် ဘူး။ ကျွန်မ၀န်ခံပါတယ်။ မောင်နဲ့ဝေးကွာပြီနောက်ပိုင်းမှာ စာအုပ်လေးတွေရဲ့ အဆုံးသတ်မှာ ဆုံဆည်းမှုတွေ နည်းတယ်။ ဇာတ်ရဲ့သဘောအရ တစ်ကယ်လိုအပ်မှပဲ ချစ်သူနှစ်ဦးကို ဆုံဆည်းစေခဲ့မိတယ်။ ဒါပေမယ့်  စိတ်ထဲမှာ ခံစားရတာ တစ်ကယ်ပဲထိရှ ပြင်းထန်နေလို့လားမသိဘူး။ မောင်နဲ့ ကွဲကွာပြီးနောက်ပိုင်း ကျွန်မဖန် တီးခဲ့တဲ့ အနုပညာက ပိုပြီးရသမြောက်လာတယ်။ ပိုပြီး အောင်မြင်လာတယ်။ စာဖတ်သူတွေ ပိုပြီးလက်ခံလာတယ်။

          မောင်နဲ့ဝေးနေခဲ့ရလို့ ကျွန်မလွမ်းရတယ်။ တမ်းတရတယ်။ စိတ်အားငယ်မိတယ်။ ဒါပေမယ့် ကျွန်မပျော်ပါ တယ် မောင်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ အနုပညာက ပိုပြီး လက်စောင်းထက်လာတယ်။ ပိုပြီးထိရှ ခံစားလာရတယ်။ ပိုပြီးနူးညံ့လာရတယ်။ ပိုပြီး ချစ်တတ်လာရတယ်။ အဖော်မဲ့လို့ အထီးကျန်ပေမယ့် မောင့်ကိုချစ်ရတဲ့ အချစ်တွေကို ကျွန်မရဲ့ နှလုံးသားထဲ ထွေးပိုက်ရင်း ကျွန်မမြတ်နိုးတဲ့ အနုပညာကို ရသမြောက်အောင် ထုဆစ်လာနိုင်တာကို ပီတိဖြစ်ရတယ်။

သြော်… မေ့လို့ ကျွန်မရဲ့ ဒီတစ်ခေါက်အသစ်ထွက်မယ့် စာအုပ်လေးရဲ့ နာမည်က

“ချစ်ခဲ့ဖူးတဲ့ မောင့် အကြောင်း”  တဲ့

ကျွန်မသေချာသိနေတယ်။ မောင် လဲဝယ်ဖတ်ပြီး ကျွန်မဆီကို ဝေဖန်တဲ့စာတစ်စောင် ထပ်ပြီး ပို့အုန်းမှာ မဟုတ်လား “မောင်”


-----
သရုပ်ဖော်ပုံလေးကိုတော့ google ကနေပြီးတော့ ရှာဖွေသုံးစွဲထားပါတယ်လို့ အကြောင်းကြားရင်း ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။

ဒီ ပို့(စ်)လေးကို ရေးနေမိတုန်း "အနုပညာ" ဆိုတဲ့စကားလုံးကို သုံးရတာ တာဝန်ကြီးတယ်လို့ ခံစားမိတယ်။ ဒါကြောင့် ၀န်ခံပါရစေ။ ဆွေလေးက ၀ါသနာအရသာ ရေးသားသူဖြစ်သောကြောင့် အမှားတစ်စုံတစ်ရာများတွေ့ခဲ့ရင် နားလည်ခွင့်လွှတ်ပေးပါလို့။

Monday, 16 June 2014

တစ်ဒင်္ဂ အမှောင်




     

    အာရုဏ်တက်ချိန် ….. မှောင်ရီပျိုးစဲ။ ရောင်နီမလာသေး။ လင်းကြက်တို့ တွန်လုပြီ။  မနက်စောစော ထနေကြမို့ ဆက်ပြီးလှဲနေလဲ မထူးပါဘူးလေ။ ထတာပဲ ကောင်းပါတယ်။ ပြီးဘုရားသောက်တော်ရေလဲ မျက်နှာသစ်တော်ရေ ကပ်။ ဘုရားရှိခိုး။ အမျှဝေဦးချလို့ ပြီးသည့်တိုင်အောင် အရင့် အရင်နေ့တွေကလို အေးချမ်းတဲ့ စိတ်ကလေးက ရောက်မလာ။ လေပူတစ်ချက် မှုတ်ထုတ်ရင်း ဘုရားကျောင်းဆောင်နောက်က ကြေးစည်ထုပ်လေးကို လက်ဖြင့်စမ်းမိသည်။ စိတ်အစဉ်ကတော့ မနေ့က အဖြစ်အပျက်အချို့ ကွက်ကွက် ကွင်းကွင်း.

 “နောင် ဝေ ဝေ ….” သာယာနာပျော်ဖွယ် ကောင်းလှသည့် မနက်ခင်းကြေးစည်သံ။ မရှေးမနှောင်းမှာပင် သာယာကြည် လင်သော အသံ။ “အားလုံးကျကျသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ “.

အမျှဝေသံအဆုံး ဘုန်းကနဲ နံရံကို ကန်လိုက်တဲ့ အသံ။  ပြီးခပ်အုပ်အုပ်ထွက်လာတဲ့ ရန်ပွဲ။

“ဘာလဲကွာ မနက်စောစောစီးစီး အိပ်ရတာ ဇိမ်ကိုမရှိဘူး။ ဆူညံနေတာပဲ။”

“အဲဒါ တော်ပြောစရာမလိုဘူး။ ဒါ ကျုပ်အစ်မကြီးအိမ်. .”

“တော်စမ်း .. နင့်ကို အဲဒါကြောင့် ဒီအိမ်ကလူတွေ လူရာမသွင်းတာ။ နင်လဲသားသမီးပဲ ဒါမိဘဘိုးဘွားပိုင်အိမ် ဘာနင့်အစ်မကြီးအိမ်လဲ အမွေဆိုင်အိမ် မှတ်ထား..မှတ်ထား”

“တော် ..ပါးစပ်နဲ့ပြော ..လက်ပါစရာမလိုဘူး။ ကျုပ်ကိုမသနားရင်နေ ကျုပ်ဗိုက်ထဲက ရှင့်ရင်သွေးလေး အတွက်တော့ သိတတ်စမ်းပါ။”

“တောက်! မနက်စောစောစီးစီး ကျက်သရေ ကိုယုတ်တယ်။ ဖြန်း..”


မြနှစ် စဉ်းစားတွေးတောချိန် မရနိုင်တော့ပေ။ မြသစ်တို့ ရဲ့ အိပ်ခန်းထဲကို ရောက်ချိန်မှာတော့ မျက်ရည်တွေနဲ့ လဲပြိုနေတဲ့ ညီမလေးမြသစ်ကိုပဲ စိတ်မကောင်းလွန်း စွာ ထွေးပွေ့မိတော့တယ်။ မြသစ် ယောက်ကျား တင်အေးက တော့ ထွက်သွားပြီထင် ။

“အစ်မ ..ကျုပ်မှားပြီတော့။ အစ်မတို့စကား နားမထောင်ပဲ မိုက်မဲခဲ့မိတာ ကျုပ်မှားပြီ။ အီး ..ဟီး…ဟီး”

“မြသစ်ညည်းအေ မိုက်တုန်းကတော့ မိုက်ခဲ့ပြီးမှပဲ ။ ခုမှတော့  ငိုမနေနဲ့တော့။ တိုးတိုးညီမလေး ဘေးနှစ်အိမ်က ညည်းအစ်ကိုတွေ ကြားသွားမှဖြင့် ဒုက္ခတွေရောက်ကုန်မယ်။ အစ်မနောက်နေ့ကျရင် ကြေးစည်မတီးတော့ဘူး။ အသံတိုးတိုးနဲ့ပဲ ဘုရား ရှိခိုးတော့မယ် ဟုတ်ပြီလား”

          နှမျှောတသစွာ ကြေးစည်ထုပ်လေးကို ဘုရားစင်နောက်နား သို့ရိုရိုသေသေပြန်တင်ထားရင်း ဒုတိယမိ သက်ပြင်းရှည်ကြီး ချမိပြန်သည်။

“ဟင်း……………..”  ပြီးတော့ မျက်ဝန်းမှာ အရင်တုန်းက အေးချမ်းတဲ့ အိမ်လေးကို မြင်ယောင်မိပြန်သည်။

မြနှစ်တို့တွင် မောင်နှမလေးယောက်ရှိသည်။ မောင်နှစ်ယောက်ဖြစ်သည့် မြသာနှင့်မြမောင် ကအိမ်ထောင်စောကျသည် မို့ ခြံကြီးအတွင်းမှာပင် နောက်ထပ် အိမ်နှစ်လုံးထပ်ဆောက်ပြီး သီးသန့်နေကြသည်။ မြနှစ်နှင့် မြသစ်တို့ ညီမအစ်မက ခြံလယ်က အိမ်မ ကြီးတွင်နေသည်။ မိဘတွေစောစောစီးစီး ဆုံးသွားကြပေမယ့် ဥစ္စာပစ္စည်း ပြည့်စုံစွာထား ပေးခဲ့မှုကြောင့် မောင်နှမ လေးယောက် မတောင့်မတ မကြောင့်မကြနေနိုင် စားနိုင်ကြသည်။အစ်မကြီးမြနှစ်က ငွေစာရင်းဇယားကိုင် အကြီးကောင် မြသာကဆန်စက်ကိုဦးစီး အငယ်ကောင်မြမောင်က လယ်တွေကိုဦးစီး အထွေးဆုံးမြသစ် ကဖြင့် အငယ်ဆုံးမို့ အချစ်ပိုခဲ့ကြသည်။

          အိမ်ထောင်တွေကွဲသွားကြပေမယ့် စီးပွားတော့မခွဲ။ ရလာသမျှ တစ်နှစ်စာအရင်းအနှီးကို မောင်နှမလေး ယောက် အညီအမျှခွဲဝေကြသည်သာ။ မြသာနှင့်မြမောင် ကလည်း အစ်မကြီးမြနှစ်ကို ချစ်ကြောက်ရိုသေကြသည်။ သူတို့၏ မိန်းမတွေကလည်း မြနှစ်ကို လေးလေးစားစားပင် ။ မြသာရဲ့ သား မြဦး လေးနှင့် မြမောင်ရဲ့ သမီးလေး ချစ်တုန် တို့ပင် ကျောင်းနေစအရွယ်ရောက်နေပြီ။  မိသားစု သိုက်သိုက်ဝန်းဝန်းနှင့် အေးအေးချမ်းချမ်း နေလာခဲ့ ကြသည်။

အဲ ခုတော့ ညီမလေးမြသစ် အိမ်ထောင်ကျပြီး နောက်ပိုင်းတွင်တော့ အိမ်တွင်းရေးက ရင်လေးစရာဖြစ်လာသည်။ မြသစ် ကလည်းမိုက်သည်။ တားနေသည့်ကြားထဲက ခိုးရာလိုက်ပြေးသည်။ အစ်ကိုတွေက သတ်မယ်တစ်ကဲကဲ။ အဲ ပြန်ရောက်လာတော့ မြသစ်တစ်ယောက် ဗိုက်တစ်လုံးနဲ့။

          ကလေးမျက်နှာရှိလာပြီဆိုတော့ ကလေးအဖေကိုလည်း အိမ်ပေါ်တင်ထားရတော့သည်။ မြသာနှင့် မြမောင် က တင်အေးကိုကြည့်မရပေမယ့် မြသစ်ဗိုက်ထဲက ကလေးမျက်နှာကြောင့်သာ ကြည့်နေကြခြင်းဖြစ်သည်။ မြသာမှာလဲ သားတစ်ယောက် မြမောင်မှာလည်း သမီးလေးတစ်ယောက်ရှိပြီမို့ သူတို့ငြိမ်နေကြရသည်။ ခက်တာက တင်အေးပင်။  အိမ်ပေါ်ရောက်စကတော့ မြမောင်နှင့်တူတူ လယ်တွေကို ဦးစီးလုပ်ကိုင်ပေးသည်။ နည်းနည်းကြာတော့ နေပူထဲပင်ပန်း တယ် ဆိုသဖြင့် ဆန်စက်ကို ပို့လိုက်ရပြန်သည်။

          အဲသိပ်မကြာပါဘူး ဆန်စက်အလုပ်သမားတွေနဲ့ ပေါင်းပြီးဆန်တွေ ခိုးထုတ်တာမို့ ခုတော့ အိမ်မှာပင် အငြိမ့် သားထိုင်လို့ စားနေပြန်သည်။ ဒါတင်အားမရသေး အချိန်ရှိသမျှ မြသစ်ကို အမွေခွဲခိုင်းသည်။ မြသစ်က မပြောတော့ တင်အေးက ခုလိုမျိုး ပြသနာမရှိ ပြသနာရှာသည်။ မနက်မိုးလင်း အရက်ဆိုင် ညမိုးချုပ် အရက်ဆိုင်။ မြသာနှင့် မြမောင်က ဓါးတစ်ဝင့်ဝင့်။

“အေး နင်တို့နှမ စောစောစီးစီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ် နင့်တို့ရဲ့ တူလား တူမလားမသိတဲ့ ကလေးလဲ အဖေမဲ့ ဘ၀ကိုရောက်စေချင် လုပ်ချင်သလိုသာ လုပ်ကြဟေ့”

ဆိုလို့ အံကိုတင်းပြီး  မျက်နှာလွဲထားကြခြင်းသာဖြစ်သည်။ ဟိုးအရင်ကဆို  မြသာနှင့် မြမောင်လောက် လက်ရဲဇက်ရဲနိုင်တာ  ရွာထဲတွင် မရှိ။ လူပျို တုန်းကဆို ထစ်ကနဲ စီကနဲရှိ ရန်ပွဲဆို သူတို့ညီအစ်ကိုသာ။ ခုအိမ်ထောင်ကျ သားသမီးတွေရ လာလို့သာ ခြေငြိမ်သွားကြခြင်း ဖြစ်သည်။ မြနှစ်ကတော့  ခပ်အေးအေးသမားမို့ ဝဋ်ကြွေးလို့သာ မှတ်ယူထားသည်။ သို့ပေမယ့် အရင်လို အေးအေးဆေးဆေးမရှိလှ။

“အစ်မရေ  မနိုးသေးဘူးလား ဗျို့  နေမကောင်းလို့လား အစ်မ မနက်စောစောထ ဘုရားရှိခိုးတဲ့ ကြေးစည်သံ မကြားပါလားဗျ”

အတွေးတို့ ကောင်းတုန်း အိမ်ရှေ့မှ အော်နေတဲ့ မြသာရဲ့ အသံကြောင့် မြနှစ် အိမ်ရှေ့ပြတင်းပေါက်နား ထွက်လာရင်း..

“နိုးပြီး ငါ့မောင်ရေ.. ညီမလေးမြသစ်က ညညဆို အိပ်မပျော်ရှာဘူး။ အဲဒါ အစ်မကြေးစည်တီးရင် နိုးသွားမှာ စိုးလို့.. သူ့ခင်ဗျာ နေ့စလစေ့ ကြီးနဲ့ မဟုတ်လား.. အလုပ်သွားကြတော့မလို့ မဟုတ်လား။  သွားကြ သွားကြ နေမမြင့်ခင်.. ဘာပဲလုပ်လုပ် မေတ္တာစေတနာပါပါလုပ်ကြ .. အစ်မလဲ ဆွမ်းခံကိုယ်တော်လေး အမှီ ဆွမ်းချက်မလို့ .”

စကားကို တိုတိုနှင့် ပြတ်ပြတ်ပြောပြီး အိမ်နောက်ဖေး လှစ်ကနဲ ပြန်ဝင်သွားတဲ့  မြနှစ်ကို ကြည့်ပြီး မြသာနဲ့ မြမောင် အကြည့်ချင်းဆုံပြီး တစ်ခုခုကို သဘောပေါက်သွားသည်။ တောက် ဒီကောင်တင်အေးတော့ကွာ။ ငါ့ ညီမမှာ ကလေးသာ မရှိလို့ ကတော့ လေ မင်းကိုသတ်ပြီး ထောင်ထဲဝင်တယ်လို့ စိတ်ထဲမှာ ကြိမ်းဝါးနေကြရုံသာ တတ်နိုင်ကြသည်။ ဆိုင်သာဆိုင် မပိုင်တော့ပြီကိုး ။ အဲ အချိန်တန်တော့  မြသစ်က ယောက်ကျားလေးမွေးတယ်။ ချစ်ဖို့ကောင်းလိုက်တာ လွန်ရော။ မောင်မြချစ် လို့ခေါ်ကြပြန်တယ်။ အိမ်တွင်းက တင်အေး မီးကတော့ တစ်မြေ့မြေ့ ပေါ့။

မောင်မြချစ် လေးကချစ်ဖို့ ကောင်းလွန်းတော့  ကလေးမျက်နှာနဲ့ တင်အေးကို မြသာတို့ ညီအစ်ကိုက အရင်ကလောက် မျက်နှာကြောမတင်းတော့ဘူး။ သို့ပေမယ့် အရောတစ်ဝင်လဲ မရှိကြဘူး။ ဒါကိုပဲ တင်အေးက သူ့ ကိုနှိမ်တယ်။ သူကို လူရာမသွင်းဘူး ဆိုတဲ့ စွဲချက်ကပိုကြီးလာတယ်။ အဆိုးဆုံးတစ်ခုက မြဦးလေးနဲ့ သဲတုန်း ရှင်ပြု နားသ အလှူမှာ လူတိုင်းလိုလိုက ကျုပ်တင်အေး ကိုရှိတယ်လို့တောင် မထင်ဘူး။   တစ်ကယ်ဆို ကျုပ်လဲ သူဌေးပဲ. သူတို့မောင်နှမတွေပိုင်တာ ကျုပ်သူ့ညီမ ယူထားတာ ကျုပ်လဲပိုင်တာပေါ့။


အခုတော့ သူတို့မိသားစုအသိုင်းအ၀န်းထဲမှာ ကျုပ်ကို လူရာမသွင်းတာ အနာဆုံးပဲ။ ဟင်းဟင်း နေကြပေါ့ သူတို့ရဲ့ အညှာကို ကျုပ်က ကိုင်ထားပြီးသားပါဆိုတဲ့ တင်အေးက တစ်နေ့တစ်ခြား ပိုပိုဆိုးလာတော့တာပဲ။ ညညဆို မူးပြီးပြန်လာ။ မြသစ်ကို ပြသနာရှာ။ ပြီးရင် မောင်မြချစ်ကလေးကို မရရအောင်နိုး။ ပြီးရင် မြနှစ်ကို စောင်းမြောင်းပြောဆို။ မြသစ်ကတော့ မျက်ရည်နဲ့ မျက်ခွက်။ မြနှစ်ကတော့ အိမ်ထဲကမီး ကြိတ်ရှင်းနေရတော့ တာပဲ။ မတော်လို့ မြသာတို့ မြမောင်တို့ကြားများသွားရင် ပြသနာက အကျယ်အကျယ်ဖြစ်ကုန်တော့မှာ။ တင်အေးက ဒါကြတော့ လည်းနပ် တယ်။ ကြိတ်ဖြစ်တာ။ လက်ရည်ချင်းယှဉ် ဟိုညီအစ်ကို သူမနိုင်ဘူး ဆိုတာ သိပြီးသား။ အမူးပါး။

မြသစ် ကတော့ အရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင် ချစ်တယ်ဆိုတဲ့ မိန်းမမျိုး။ ဒီလိုနဲ့ မောင်မြချစ်လေး ငါးနှစ်သားလောက်ထိ မြနှစ်တစ်ယောက် အိမ်တွင်းမီးကို ကြိတ်ငြိမ်းနိုင်ခဲ့ပါရဲ့။ ခုတော့ ကြိတ်ပြီး မငြိမ်းနိင်တာက မြသစ်။ ရင်တွေ အသဲတွေ ဗလောင်ဆူနေတာ။  သူမကိုယ်တိုင် တွေ့လိုက်ရတဲ့ မြင်ကွင်း။

ညကသူမအရက်ဆိုင်ရှေ့က ဖြတ်ပြန်လာတော့ ကိုတင်အေးရယ်ပေါ့။ မိန်းမတစ်ယောက်ရဲ့ ခါးကိုဖက်ပြီး အရက်ဆိုင် အတွင်းခန်းထဲဝင်သွားတာ ကျုပ်ကိုယ်တိုင်တွေ့လိုက်တာ။ ဟောဒီမျက်စိကြီးနဲ့ကို တည့်တည့်တွေ့ခဲ့တာ။ ကျုပ်အသည်းတွေ ဆတ်ဆတ်ခါနာပေါ့။ အစ်မတွေ အစ်ကိုတွေကို ခြေစုံကန်ပြီး ဒင်းနှိပ်စက်သမျှ ခံပြီး ချစ်လာတာကို မှ မထောက်။ အိမ်ပေါ်အခန့်သားထိုင်ပြီး စားနေတဲ့ ဒီယောင်္ကျား  ခုတော့ နောက်မီးပါလင်းနေတယ်။

ယူကျိုးမရတဲ့စိတ်က ရင်ထဲမှာ တစ်နုံ့နုံ့။ ဒါပေသိ သားလေးမျက် နှာကရှိသေးတယ်။ အတတ်နိုင်ဆုံး စိတ်ကိုလျှော့ပြီး တင်အေးကို ချော့ ပြောကြည့်သည်။

“ကိုတင်အေးရယ် ကျုပ်အိမ်မှာ အမြည်းလေးလုပ်ပေးပါ့မယ် အိမ်မှာပဲ ဇိမ်ကျကျသောက်စမ်းပါ”

တင်အေးကတော့ မရပါဘူး။ ညဘက် အိမ်ပြန်မအိပ်တဲ့ ရက်တွေများလာတယ်။ ရွာထဲဆိုတော့လည်း မကြာပါဘူး သတင်းသဲ့ သဲ့ ထွက်လာပြီ။

“ဟဲ့ မြသစ် သတင်းသဲ့သဲ့ ကြားနေတယ်နော်။  တော်ကြာ နင့်အစ်ကိုတွေနဲ့ တုတ်ဆွဲ ဓားဆွဲတွေ ဖြစ်ကုန်မယ်။”

ညီမလုပ်သူကို ကြိတ်ပြီးသင်တယ်။ အဲ ..တစ်နေ့တော့ ...ပေါ့။

ဒီနေ့နဲဆို တင်အေးအိမ်ပြန်မအိပ်တာ တစ်ပတ်တိတိရှိပြီ။ မြသစ် အံကိုကြိတ်ပြီး  တင်အေးရဲ့ စတည်းချရာ အရက်ဆိုင်ကို လိုက်လာခဲ့တယ်။ ဟော တွေ့ပါပြီ။ ဆိုင်ထောင့်မှာ တင်အေးနဲ့ အရက်ဆိုင်ပိုင်ရှင် မမနဲ့။ မြသစ် ဆိုင်ထဲ ၀င်လာတာမြင်တော့ ဟိုမိန်းမက ထထွက်သွားတယ်။

“ေ-က် ကမြင်းမ နင်ဒီကိုဘာလာလုပ်တာလဲ”

“တော် အိမ်ပြန်မလာတာ တစ်ပတ်ရှိပြီလေ ။ အဲဒါ ပြန်လာခေါ်တာ။ ”

“မလိုက်ဘူး ငါပြန်လာချင်တဲ့ အချိန်ပြန်လာမယ်။ နင့် အစ်ကိုတွေ အစ်မတွေ အားကိုးနဲ့ ငါ့လာပြီး ပမာပခန့် ”

မြသစ်က တင်အေးသောက်နေတဲ့ အရက်ဖန်ခွက်ကို ဆွဲလုပြီး လွှတ်ပစ်လိုက်သည်။

“ငါ.. တောက်… ကဲကွာ”

တင်အေး အရက်ပုလင်းကိုဆွဲပြီး မြသစ်ခေါင်းကို ရိုက်ချလိုက်သည်။ သတင်းကလည်း မြန်ပ။ မြသာနဲ့ မြမောင် ဓါးကိုယ် စီဆွဲပြီး အရက်ဆိုင်ကို ချီတက်သွားပြီဆိုတဲ့ သတင်း မြနှစ်ဆီရောက်လာပြီ။ မြနှစ် ထမိန်တိုတို ပြင်ဝတ်ရင်း ဘုရား ဘုရား ညီမလေးလဲ ဘာမှမဖြစ်ပါစေနဲ့ မြသာတို့ညီအစ်ကိုတွေလဲ လက်လွန်ခြေလွန် မဖြစ်ကြပါစေနဲ့ ဆုလဲတောင်း ။ အပူသည်မကြီး မြနှစ် မမောနိုင်ဘူး အရက်ဆိုင်ကို ရောက်အောင်ပြေး။ ဇောက ကပ်နေပြီးကိုး။

          အရင်လိုအေးချမ်းတဲ့ မြနှစ်မဟုတ်တော့ဘူး။ သောကတွေနဲ့ေ လာင်မြိုက်နေတဲ့ မြနှစ်။ တင်အေး ကလည်း ဟိုညီအစ်ကိုလာနေပြီဆိုတဲ့ သတင်းကြားမှ ဆိုင်ကနေလှစ်ထွက်ဖို့ ကြိုးစားတယ်။ ရင်ဆိုင်ရင် သူခံရမှာကို။ ဒါပေမယ့် တင်အေး နောက်ကျသွားပြီ။ ဟိုညီအစ်ကိုလာနေတာကို ဆိုင်ရှေ့ကနေ သူမြင်လိုက်တယ်။ ပြေးဖို့မမှီလောက် တော့ဘူး။ ဆိုင်အတွင်းခန်းထဲ ၀င်ပုန်းတယ်။ ဟိုညီအစ်ကိုကလည်း ဓါးဆွဲ ပြီး ဆိုင်ထဲ တင်အေးကို လိုက်ရှာနေပြီ။ တင်အေး ဆက်ပုန်းနေရင် မိတော့မယ် မထူးဘူး အခြေအနေကြည့်ပြီး ဆိုင်နောက်ပေါက်က ပြေးဖို့ ကြိုးစားတယ်။ မြသာက ရှေ့မှာ အယောင်ပြ အနောက်က တဲပေါက်ဝမှာ မြမောင်ကလဲ စောင့်နေပြီးသား။

          ဒါကို အနီးကိုရောက်လာတဲ့ မြနှစ်ကမြင်တယ်။ ပြေးစမ်း မြနှစ်.။ ပြေးစမ်း. မဖြစ်ဘူး။ ငါ့တူလေး တူမလေးတွေ ဒုက္ခရောက်တော့မယ်။ တင်အေးကတော့ နောက်ပေါက်ကနေဆို လွတ်ပြီလို့ ထင်ပုံပဲ။ ခေါင်းလေးငုံ့ ကိုယ်လေးယို့ ပြီး ထွက်လာတယ်။ တစ်ကယ်က အပေါ်မှာ စီးမိုးထားတဲ့ မြမောင်ရဲ့ ဓါးကို သူမမြင်ဘူး။ ကွက်တိပဲ ။ မြမောင် လက်ကို အရွယ် မြနှစ်ရှိသမျှ အားကုန်သုံးပြီး မြမောင်နဲ ကိုယ်လုံးချင်းပြေးတိုက်လို့ မြမောင်လက်ထဲက ဓါးကို ၀င်လုတယ်။

          တဲနောက်က ရုန်းရင်းဆန်ခတ် အသံကြောင့် မြသာ တဲနောက်ဘက်ကို ဓါးဝင့်ပြီး ပြေးဝင်လာသည်။ မြနှစ် မစဉ်းစားတော့ ဘူး။ လက်ထဲရောက်နေတဲ့ မြမောင်ရဲ့ဓါးနဲ့ တင်အေးရဲ့  ရင်ဘတ်တည့်တည့်ကို မျက်စိမိတ်ပြီး  ထိုးချပစ်လိုက်တယ်။

“အင့် ” ဆိုတဲ့ အသံထွက်လာတယ်။ တင်အေး ကတော့ အံ့သြမှင်သက်မှုတွေနဲ့ မြနှစ်ကို ကြည့်ရင်း တစ်ဖြည်းဖြည်း မြေပေါ်ကိုလဲပြိုကျသွားသည်။ သူထင်တာက မြနှစ်က သူ့ကို အကာအကွယ်ပေးမယ့်သူ။

        အစ်မ..”

မြသာနဲ့ မြမောင်ရဲ့ ရင်ခေါင်းထဲက လှိုက်ပြီး အော်လိုက်တဲ့ အသံ။

တင်အေး ကိုယ်ထဲကစင်ထွက်လာတဲ့ သွေးတွေ မြနှစ် ရဲ့ အင်င်္ကျီအဖြူရောင်ပေါ်မှာ စွန်းထင်ခဲ့ပြီ။

“အစ်မ နင်….. နင် ဟာ..”

“ခုမှတော့.. နင်တို့ ငိုမနေကြနဲ့ ။ ကောင်းကောင်းနေခဲ့ကြ။ ညီမလေးမြသစ်ကို သေချာ ဂရုစိုက်။ နင် တို့မှာ သားသမီးတွေ ရှိတယ်။ ငါ ကတစ်ယောက်တည်း ငဲ့ရမယ့်သူမရှိဘူး။ အေး..သူများကံ ပြောင်းလို့မရတော့ ကိုယ့်ကံပဲ ပြောင်းရတော့မှာပေါ့ဟယ်… ”

ပြောနေရင်း မြနှစ် အသံတိမ်ဝင်သွားတယ်။ မျက်ဝန်းမှာ မျက်ရည်တို့ပြည့်လျှံလို့။  ရွေးချယ်စရာမပေးတော့ တဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရမလား။ ဖြစ်ချိန်တန်လို့ ဖြစ်သွားတယ်ပဲ ဆိုကြမလား။ မနက်တိုင်း အမျှဝေလို့ မေတ္တာပို့ နေပေမယ့် ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး ကိုယ့်အရေးနဲ့ ပတ်သတ်တော့ လူတစ်ယောက်ရဲ့ အသက်ကိုတောင်  စဉ်းစားချင်း အလျင်းမရှိ သတ်ပစ်လိုက်ရဲတဲ့ ဇောကိုပဲ အပြစ်တင်ရမလား။

အဲ သေချာတာတစ်ခုကတော့ ဘုရားစင်နောက်နားက ကြေးစည်လေးကတော့ဖြင့် ပိုင်ရှင်မဲ့စွာ ဖုန်အထပ်ထပ် ဖြစ်နေတော့မည်မှာ မလွဲနိုင်သော အမှန်တရားတစ်ခုပင်ဖြစ်လေတော့သည်။ 



-----
ချစ်စွာသော မောင်နှမများ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ 
သရုပ်ဖော်ပုံလေးကို google ကနေပြီးတော့ပဲ ရှာဖွေပြီးအသုံးပြုထားပါတယ်။