Tuesday, 5 July 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၂)





(နုငယ်) တော်တော်နာနေသေးလားဟင်။

(ထွန်းသစ်) နာနေသေးတာပေါ့ဟ။ နင်က လုပ်လိုက်ရင် တစ်ဇောက်ကန်းကြီးပဲ။

နုငယ် ထွန်းသစ်ကို မျက်စောင်းတစ်ချက်လှမ်းထိုးရင်း..

(နုငယ်) ဟွန်း ဟုတ်တယ်. နင်ကြတော့ ငါ့ကို မတော်တာတွေ လာပြောတာကြတော့ မပြောဘူး။

ထွန်းသစ် ရယ်ကျဲကျဲလုပ်ရင်း

(ထွန်းသစ်) မတော်တာ မဟုတ်ဘူး ငါကအတည်ပြောတာ။ ဒီနေ့ကစပြီး နင့်ကို ရည်းစားစကား စပြောတော့မလို့..

(နုငယ်) ထွန်းသစ်…နင်နော်…နင်… ငါလေ လုပ်ထည့်လိုက်ရ။ တော်ပြီ ဘာဖြစ်နေမှန်းကို မသိဘူး။ဟုတ်တာလဲ မဟုတ်ပဲနဲ့။ ငါ့ကို အဲဒါတွေလာမပြောနဲ့ ခုချိန်ငါ ကျောင်းစာပဲစိတ်ဝင်စားတယ်။ နောက်တစ်ခါ ထပ်လာပြောရင် နင်နဲ့ငါ ဝေးဝေးနေမယ်။ဒါပဲ။

(ထွန်းသစ်) တော်ကြာ..နင်နဲ့ဝေးနေလို့ ငါ့မှာ စာလည်းမကျက်နိုင်. တစ်မှိုင်မှိုင် တစ်တွေတွေ နင့်စိတ်မှ နင်ဖြစ်ပြီး ၁၀ တန်းကျသွားရင် ဘယ်လိုလုပ်မလဲ

(နုငယ်) အဲဒါမျိုးဆို ငါက ပိုပြီးအထင်မကြီးသေးဘူး။ ပျော့ညံ့လွန်းတယ်။ ဒါပေမယ့် နင်ကလဲ အဲလောက်ထိ ဖြစ်မယ့် သူမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ငါသိတဲ့ ထွန်းသစ်က ပျော်ပျော်ပဲနေတတ်တာ စိတ်ညစ်တာတွေ ပိုက်ထားတတ်တဲ့ သူမျိုးမှ မဟုတ်တာ။ဟုတ်တယ်မဟုတ်လား။

ထွန်းသစ် ခပ်ပြုံးပြုံး ပြန်ကြည့်ရင်း

(ထွန်းသစ်) ဟုတ်ပဗျာ။ င့ါစိတ်ကို နင်ပဲနားလည်တယ်။ ငါတို့တွေ ငယ်သေးတာပဲ။ဒါပေမယ့် တစ်ခုပဲ နင်ငါမသိပဲ ရည်းစားတော့ မထားရဘူးနော်။အဲဒါ..

နုငယ် မျက်စောင်းပြန်ခဲရင်း

(နုငယ်) အေးပါ ကြည့်ကြသေးတာပေါ့..ဘယ်နှစ်ရက် ဘယ်နှစ်လ..ခံမလဲဆိုတာ ဟွန်း သွားတော့မယ် အတန်းထဲ ၀င်တော့မယ်။ သူငယ်ချင်းတွေနဲ့ကြီး အလေလိုက်မနေနဲ့။ စာလေးလဲ ကျက်အုန်း။

(ထွန်းသစ်) အေးပါ။ နင်ကလေ သိပ်ဆရာကြီးလုပ်တာပဲ။ သြော် ဟဲ့

နုငယ် နောက်ပြန်လှည့်ကြည့်ရင်း

(နုငယ်) ဘာတုန်း..


(ထွန်းသစ်) ခုနက နင်ပြောတာလေ ဘယ်နှစ်ရက် ဘယ်နှစ်လ မဟုတ်ဘူး ထာဝရ..ထာဝရ အဲဒါမှတ်ထားအုန်း. အဲဒါ ပြောမလို့

နုငယ် ဘာမှပြန်မပြောတော့ အတန်းထဲသို့သာ ၀င်သွား၏။

(မင်းလွင်) ထွန်းသစ် ဘာလုပ်နေတာလဲ။ နုငယ်ဆီလာတာလား။

(ထွန်းသစ်) ဟုတ်တယ်ကွ။ မင်းလဲ နုငယ်ကို ကြိတ်ကြံမနေနဲ့။ ငါ နုငယ် အစ်ကို မလုပ်တော့ဘူး။ နောက်ဆို နုငယ် ရဲ့ ချစ်သူ လုပ်တော့မှာ။ သူငယ်ချင်းချင်းဆိုတော့ ကြိုပြောထားတာ။ တော်ကြာ ကွက်ကျော်တယ် ဖြစ်နေမှာစိုးလို့

မင်းလွင် ပြုံးလိုက်ရင်း

(မင်းလွင်) အေးပါ ထွန်းသစ်ရာ ငါနားလည်ပါတယ်။ နုငယ် ကလဲ မင်းမှ မင်းပါပဲကွာ…

ဤသို့ဖြင့် ထွန်းသစ်တို့ ၁၀ တန်းစာမေးပွဲကြီးကို ကျော်ဖြတ်ခဲ့ကြသည်။ ၁၀ တန်း စာမေးပွဲဖြေပြီးနောက်ဆုံး နေ့ အိမ်ပြန်ရောက် ခဏလောက်နား။ ညနေ နေအေးတော့ ရေမိုးချိုးပြီး နုငယ်တို့အိမ်ဘက်သူထွက်လာခဲ့သည်။

(ထွန်းသစ်) နုငယ်ရေ..နုငယ်…

နုငယ်၏ အမေ အိမ်ထဲမှာထွက်လာ၏။

(ဒေါ်ချို) သြော် သားထွန်းသစ်ပါလား။ သားသူငယ်ချင်းပြောမသွားဘူးလား။ သူခရီးထွက်သွားတယ်လေ။ မအူပင်က သူ့အစ်မတွေအိမ် လိုက်လည်မယ်ဆိုပြီး ပါသွားလေရဲ့။ ခုပဲ ကားဂိတ်ဆင်းသွားကြတယ်။
အောင်စာရင်းတွေ ထွက်ကာနီးမှပဲ ပြန်လာမယ်လို့ပြောတာပဲ သားရဲ့။

(ထွန်းသစ်) သြော်..ဟုတ်လား အန်တီချို ဒါဆို သားပြန်တော့မယ်နော်..

ထွန်းသစ် နုငယ်အမေအားနှုတ်ဆက်ပြီးပြန်လာခဲ့သည်။ ခရီးသွားတာကို သူ့ကိုဘာမှ မပြော။ ဒါပေမယ့် လောလောဆယ်တော့ စိတ်ထဲလစ်ဟာနေသလိုပင်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းသူမသိ။ တစ်ယောက်တည်း ထီးထီးကြီး ကျန်ခဲ့သလိုခံစားရသည်။ ဒီနေ့ နုငယ်ကိုသူချစ်နေတဲ့ အကြောင်းကို အတည်တကျပြောမည်။ ပြီးရင် ၁၀ တန်းအောင်စာရင်း ထွက်တဲ့နေ့ကျရင် နုငယ်ထံမှ သူအဖြေတောင်းမည်။ ဒီကြားထဲ နုငယ်နှင့် ခဏခဏလာတွေ့မည်။ ပြီးရင် ရက်ကွက်ထဲက ကလေးတွေရဲ့ နွေရာသီ သင်တန်းမှာ သူနဲ့နုငယ် ပညာဒါန ပြုကြမည်။ ဒါဆိုနုငယ်နှင့် သူနေ့တိုင်းတွေ့နေရမည်။ အတွေးတွေအများကြီးနှင့် သူလာခဲ့သည်။ ခုတော့ ဘာတစ်ခုမှ မရနိုင်ပဲ သူပြန်ရတော့မည်။ ပြီးတော့ နုငယ် ပြန်လာမည်က အောင်စာရင်းတွေ ထွက်ကာနီးမှတဲ့။ ဘာတစ်ခုလုပ်ချင်စိတ်မရှိတော့။ အိမ်ပြန်အိပ်တာပဲ ကောင်းသည်။ နုငယ် ရှိမနေသော နေ့ရက်ရှည်ကြီးကို သူဖြတ်သန်း ရအုန်းမည်။ ဟူး…စာမေးပွဲတွင်းတုန်းကလဲ စာဖြေရသည့် ကျောင်းချင်းမတူသောကြောင့် မတွေ့ဖြစ်။ စာမေးပွဲမဖြေခင် ကျောင်းကြီးမှ စာကျက်ချိန် ၂ လ ပိတ်လိုက်ထဲက သူနှင့်နုငယ်တို့ သိပ်ပြီးမတွေ့ဖြစ် ကြ။ နုငယ်ကို သတိရနေပေမယ့် ဒီအချိန် ကျောင်းစာက အရေးကြီးဆုံးမို့ ကျောင်းစာထဲကိုသာ သူ့စိတ်တွေ နှစ်ထားလိုက်သည်။ ခုတော့ ..ရော..ခုတော့လဲ နုငယ်ကိုမတွေ့ရ။ ဟူးးးးးးးးးးးးးးးးးးးးး..
အိမ်အပြန်လမ်းကို ခေါင်းငုံ့လျှောက်ရင်း သက်ပြင်းလေးလေးသာ ချနိုင်တော့သည်။ အေးလေ ဘယ်တတ်နိုင်မလဲ ကိုယ်က ချစ်နေရတဲ့သူကိုး သူပြန်လာအောင်ပဲ စောင့်ရတော့မှာပေါ့။ နုငယ်ရေ မြန်မြန်သာ ပြန်လာခဲ့ပါကွာ.. ဒီကောင် ထွန်းသစ် နင့်ကို မျှော်နေတယ်………
ပျော်ပျော်နေတတ်တဲ့ ထွန်းသစ် ခုနင့်ကို မှိုင်ပြီးလွမ်းနေတယ်ဟာ…

**********************************************************************

Monday, 4 July 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၁)





(မင်းလွင်) ထွန်းသစ် ဒီနေ့ မျိုးကြီး သူ့အဖေ သောက်နေကျ စီးကရက် တစ်ဗူးမလာတယ်တဲ့ကွ။ ငါတို့ မုန့်စားဆင်းချိန် စမ်းမလို့ ။ မင်းရော

(ထွန်းသစ်) ဟ ငြင်းစရာလား ဒါမျိုးဆို ငထွန်း တို့က ရှေ့ဆုံးက

(မျိုးကြီး) တော်စမ်းပါ ထွန်းသစ်ရာ နုငယ် ဟေ့ဆို နာမည်ကြားရုံနဲ့ ဒူးတုန်နေတာများ။ ဟိုတစ်ခါ ကျောင်းပြေးတုန်းကလဲ မင်းကို ခေါ်မိလို့ ငါတို့တစ်ဖွဲ့လုံး ဆော်ခံရပြီးပြီနော်. ခုလဲ ပိုင်မှ လုပ်..

(ထွန်းသစ်) အောင်မာ ငါက ဘာလို့ နုငယ် ကို ကြောက်နေရမှာတုန်း .. သူက အိမ်က မိဘတွေကို သွားသွားတိုင်လို့ သတိထားနေရတာ..

(မင်းလွင်) ထွန်းသစ် မင်းနဲ့ နုငယ်က ဘယ်ထဲက စပြီးခင်ကြတာတုန်း။

(ထွန်းသစ်) ငါးတန်းထဲက နုငယ် ဒီကျောင်းကို စပြောင်းလာစထဲက ဆိုပါတော့။ အိမ်ချင်းကလဲ နီးနေတော့ ငါတို့ ပိုတွဲဖြစ်သွားတယ် ထင်တာပဲ။ ခု ၁၀ တန်းရောက်တဲ့ ထိဆိုပါတော့။ မင်းက ဒါတွေ ဘာလို့လာမေးနေတာလဲ။ မင်းလွင်နော် ဟင်း မင်းအကြောငါက မသိရင်ခက်မယ်။ နုငယ်နဲ့ ဝေးဝေးနေကွာ။ ငါကသူ့ရဲ့ အစ်ကိုလိုဆိုရင်လဲ မမှားဘူး။ ငါ ဒါပဲပြောမယ်။

(မင်းလွင်) ဟင်း............ အေးပါကွာ။ အေးပါ။

မုန့်စားဆင်းချိန်ရောက်တော့ သူတို့ သူငယ်ချင်းတွေ မျက်စပစ်ပြီး ယောက်ကျားလေး အိမ်သာဘက်လျှောက်လာခဲ့ကြသည်။
ရုတ်တရက် ထွန်းသစ် စလွယ်သိုင်းလွယ်ထားသော လွယ်အိတ်ကြိုးအား ဆောင့်ဆွဲခံလိုက်ရသည်။ ဒေါသထွက်ထွက်နှင့် လှည့်ကြည့် လိုက်တော့..

(ထွန်းသစ်) အာ..နုငယ် ဘာလုပ်တာတုန်း.ငါက တစ်ခြားသူမှတ်လို့ တင်းပြီး ..ကိုင်တော့မလို့

(နုငယ်) ဟွန်း နင်တို့ယောက်ကျားလေးတွေကလဲ အားနေ ရန်ဖြစ်ဖို့ရယ် မဟုတ်တာလုပ်ဖို့ရယ် ဒါပဲ။ ဟိုမှာလေ မတွေ့ဘူးလား လူအုပ်ကြီး မုန့်လုဝယ်နေကြတာ။ ငါ့ကို တိုးပေးပါလား.ပြီးတော့ ဆိုင်အောက်မှာလဲ ရေတွေအများကြီး ၀င်နေတော့လေ ထမိန်တွေ ရေစိုကုန်မှာစိုးလို့။ လူရှင်းမှ ဆိုလဲ ငါစားချင်တဲ့မုန့်မရမှာစိုးလို့ပါဟ...နော်..နော်..

(ထွန်းသစ်) ငါ မအားဘူး။ ဟိုမှာ သူငယ်ချင်းတွေစောင့်နေတယ်။ လူရှင်းမှ ကျန်တာဝယ်စား။

ထိုစဉ် မင်းလွင် အနားသို့ရောက်လာပြီး

(မင်းလွင်) ထွန်းသစ် ဘာဖြစ်နေတာလဲ ။ သွားမယ်လေ တော်ကြာ ကျောင်းပြန်တက်သွား အုန်းမယ်။ ဟိုကောင်တွေ စောင့်နေတယ်။

(ထွန်းသစ်) ဒီမှာလေကွာ နုငယ် လာရစ်နေတယ်။ မုန့်ဈေးတန်းကနေ မုန့်တိုးဝယ်ခိုင်းနေတာ။ ဒီနေ့မှ မိုးရွာတော့ အပြင်မထွက်ကြပဲ အထဲကဆိုင်မှာ လူလာအုံနေတာကွ။ ဆိုင်အောက်မှလဲ ရေတွေဝင်နေတော့ သူ့ထမိန်တွေ စိုမှာစိုးလို့တဲ့။

(မင်းလွင်) ဒါ..ဒါဆို မင်းသွားချင်သွားလေ ငါ..ငါ ၀ယ်ပေးလိုက်မယ်။

ဒီလိုဆိုတော့ ထွန်းသစ် က မကြိုက်ချင်

(ထွန်းသစ်) နေနေ ..ငါပဲ တိုးပြီးဝယ်ပေးလိုက်တော့မယ်။ မင်းတို့သွားနှင့်တော့။ကျောင်းပြန်မတက်ခင် ငါလိုက်လာခဲ့မယ်။ စောင့်တော့မနေကြနဲ့..ရော့ နုငယ် အရှုပ်မ ငါ့လွယ်အိတ် ယူထား ပေး နင့် ပိုက်ဆံ.. ဟေ့ကောင် မင်းလွင် သွားတော့လေ ငါ့ကို စောင့်မနေနဲ့

(မင်းလွင်) အေး..အေး....

မင်းလွင် ကတော့ နောက်ပြန်လှည့်ကြည့်လှည့်ကြည့်နှင့် ထွက်သွား၏။ ပြောပြောဆိုဆို ထွန်းသစ် ပုဆိုးကို တိုတိုပြင်ဝတ် နုငယ်ထံမှ ပိုက်ဆံယူုပြီး လူအုပ်ထဲတိုးသွားလေပြီ။
နုငယ် တစ်ချက် ပြုံးလိုက်သည်။ ဟင်း ဒင်း ဒီလူအုပ်ထဲတိုးနေလို့ကတော့ မုန့်စားဆင်းချိန်ကုန်လုနီးနီးတိုးရမည်။သူမ သိပြီးသား ဟိုကောင်တွေမျိုးကြီးတို့အုပ်စု နှင့် ဆေးလိပ်လိုက်သောက်မှာ စိုးသောကြောင့် တစ်ဖက်လှည့်နှင့် သူမခိုင်းလိုက်ချင်း ဖြစ်သည်။ ဒင်းက တားလဲရမည်မဟုတ်။ သူမက မိဘတွေကို သွားတိုင်လဲ စိတ်ဆိုးမှာစိုးသည်။ ဟိုတစ်ခါ ဒင်း ကျောင်းပြေးတုန်းက သူမတိုင်လိုက်မိသောကြောင့် သူ့အဖေရိုက်တာများ ဒင်း အိပ်ယာထဲက ၃ ရက်မထနိုင်။ ဒီလိုဆိုတော့လဲ သူမမှာ စိတ်မချမ်းသာပါလေ။ ဟင်း ခုတော့ ဒင်းဘာတတ်နိုင်သေးတုန်း....

(နုငယ်) အန်တီကြူရေ ထွန်းသစ်ရှိလား။ ဒီမှာ စာအုပ်တွေလာပေးတာ။

(ဒေါ်ကြူ) အေးအေး ရှိတယ် သမီးရေ။ ရှိတယ်။ ဟိုကောင် ထွန်းသစ် ဒီမှာ သမီးနုငယ်ရောက်နေတယ်။ လာလာ သမီး အိမ်ထဲဝင်။

(နုငယ်) ဟုတ်..

(ထွန်းသစ်) လာပြီ လာပြီ အရှုပ်မ။

အော်လဲ အော် အိမ်ထဲကလဲ ပြေးထွက်လာ၏။

(နုငယ်) အောင်မာ ဘာအရှုပ်မလဲ။ နင် ဟိုနေ့က ကျောင်းတစ်ချိန်လစ်ထားတဲ့ စာတွေလာပေးတာ။မနက်ဖြန် ဆရာမ စာမေးမယ်လေ။ နင်ပဲ လာရှင်းပေးပါဆို သေမလို မျက်နှာထားနဲ့ ငါ့ကို ကျောင်းဆင်းတုန်းက မှာထားပြီးတော့။ ခုဘာအရှုပ်မလဲ။ ဟွန်း မုန့်စားဆင်းချိန် မုန့်တိုးပေးထားတဲ့ မျက်နှာနဲ့လဲ ငါက လာပေးရသေးတယ်။

(ထွန်းသစ်) အော် ဟုတ်သားပဲ သယ်ရင်းလေးကလဲ ငါက မေ့တတ်လို့ပါဟ။ ဟီး စိတ်မဆိုးနဲ့ လာလာ.ငါတို့စာကြည့် ခန်းထဲသွားမယ်။

ဒီလို နီးနီးကပ်ကပ် ခုံတစ်ခုံမှာ မျက်နှာချင်းဆိုင်ထိုင် သူမစာရှင်းပြနေတော့..ရေချိုးပြီးကာစ သနပ်ခါးနံ့ သင်းသင်းတို့က နှာခေါင်းထဲမှာ မွှေးပျံ့နေသည်။ ဒီနေ့မှ သူမ ၀တ်လာသော ဂါဝန်အင်္ကျီ လက်ပြတ်နက်ပြာရောင်လေးနှင့် သူမ အသားအရေဖြူဝင်းပုံနှင့်က ကြည့်လို့ ပိုကောင်းနေ၏။ ပြီးတော့ သူမ၏ ကလေးဆန်ဆန် ဟန်ဆောင်ခြင်းမရှိ စကားပြောဟန်လေးကိုးက ထွန်းသစ် ရင်ထဲ ကလိကလိ။ အသည်းယားနေ၏။ သူမ၏ သနပ်ခါးရေကျဲလိမ်းထားသော ပါးဖောင်းဖောင်းလေးများအား စိတ်ရှိလက်ရှိ ငယ်ငယ်တုန်းကလို ဆွဲလိုက်ရရင်ဖြင့်တော့လေ ..ဟင်း..ဟင်း

(နုငယ်) ဟဲ့ ငထွန်း ငါရှင်းပြတာနားလည်လားလို့ မေးနေတယ်လေ။ စိတ်က ဘယ်ရောက်. ဟင်း ကျောင်းကပြန်ရောက်တာ ကြာနေပြီ ခုထိ ရေမချိုးရသေးဘူး။ ငပျင်း။ ချွေးစော်ကလဲနံသေး။ ဒါကို ငါက သည်းခံပြီး ရှင်းပြနေတာတောင် နင့်စိတ်က ဘယ်ရောက်နေလဲ..ငါလေ ခေါက်လိုက်ရ..

(ထွန်းသစ်) နင်ကလဲ နားလည်ပါတယ်ဆိုဟာ. သိပ်ဆရာကြီးလုပ်တာပဲ။ သြော် ဒါနဲ့ စကားမစပ် နုငယ်..နင်ကြီးလာရင် ငါ့ကို ယောက်ကျားလုပ်ပါလား..

ဒေါင်...
(နုငယ်) ဘာ..ဘာပြောတယ် ..

နုငယ် လက်ကလဲမြန်ပါ၏ ဘာပြောတယ်က နောက်မှ လက်ကအရင် ဘေးမှာရှိသော သံကွန်ပါဗူးနဲ့ သမလိုက်၏။ လက်သံပြောင်သလားမမေးနှင့်...ထွန်းသစ် နဖူးမှ သွေးတို့လဲရဲကနဲ ...ထွန်းသစ်လဲ အား...ကနဲ
ဒီတော့မှ

(နုငယ်) အန်တီ..အန်တီကြူရေ လာပါအုန်း ဒီမှာ ထွန်းသစ်ခေါင်းမှာ သွေးတွေ...

(ဒေါ်ကြူ) ဟဲ့ ဟဲ့ အမယ်လေး သား ခေါင်းမှာ သွေးတွေပါလား ဘာဖြစ်ကြတာတုန်း. ခုနက စာရှင်းနေကြတာအကောင်း

(နုငယ်) ဟို..ဟို..ဟို လေ..

(ထွန်းသစ်) အာ ဒီအရှုပ်မ တစ်ဟိုဟိုနဲ့ ခေါင်းကနာနေပြီ...သား ကိုယ့်ဘာသာကိုယ်နောက်ပြီး နုငယ်ကိုစလိုက်တာ..အဲဒါ လက်ကနဲနဲ ပြင်းသွားတယ်..ကွန်ပါဗူးက ကော်မှတ်လို့ ဟီး သံဖြစ်နေတယ်..ဘာမှ မဖြစ်ပါဘူး သားထင်တာနဲနဲ ပွန်းသွားတာ နေမှာ..

ဒေါ်ကြူ သိလိုက်သည် ဒီကလေးတွေ စကြဆော့ကြရင်း လက်လွန်ပြီလို့

(ဒေါ်ကြူ) ကဲကဲ ပြအုန်း အမေ့ကို တော်တော်ကြီးသွားလား...

အနာသည် သိပ်တော့မကြီးပါ။နဲနဲ ကွဲသွားရုံသာ။ သို့ပေမယ့် ထိုနေ့သည် ထွန်းသစ်၏ ရင်ခုန်သံတို့စသောနေ့ ထို့အတူ နုငယ် သည်လည်း သူမ၏ အပြစ်အားကာပြောပေးသော ထွန်းသစ်အား စိတ်ထဲတွင်သနားသလိုလို... တစ်မျိုးကြီး အမျိုးအမည် မသိသော ဝေဒနာအချို့တော့ သူမရင်ထဲ ကိန်းသွားသည်တော့ သေချာသည်။ဘာလဲတော့ သူမ အသေအချာ မသိသေး....

.........................................
ရေးမယ် ရေးမယ်နှင့် စဉ်းစားရင်း အားတဲ့ အချိန်လေးရသလောက်ရေးတင်လိုက်မိတယ်။ နောက်ထပ်တစ်ပိုင်းကိုလဲ တတ်နိုင်သမျှ မြန်မြန်လေးစဉ်းစားပြီး ရေးတင်ပေးလိုက်ပါ့မယ်။ ဘလော့လေးကို ဒီအတိုင်းပစ်ထားရတာ သနားလို့။

ဘလော့ မောင်နှမများအားလုံး ကျန်းမာလို့ ရွှင်လန်းကြပါစေနော်။

Sunday, 26 June 2011

ရူး..လိုက်ပါရစေ...




ခြေလှမ်းတို့ အချက်ညီညီ
လှမ်းရင် ဒီလမ်းလေးမှာ
ငါ..တစ်ကိုယ်တည်း..

သံစဉ်တို့ ခပ်တိုးတိုး
ညည်းဆို ပီပြင်လာတော့
ဒါဟာ အလွမ်းသံစဉ်
တစ်ပုဒ်ပဲ...

ပီပြင်လာတာနဲ့ အမျှ
ခပ်ပြင်းပြင်း နာကျင်မှုတွေ
ရင်ဒဏ်ရာ အပြည့်နဲ့
တိုက်ခိုက်လာကြတယ်..

ဒါပေမယ့်
ခြေလှမ်းတွေ ငါရပ်မပစ်ရဲဘူး
ဆက်တော့ သွားရအုန်းမယ်..
နောက်လှည့်လို့ မဖြစ်ဘူး
ချစ်သူ...

ကျောခိုင်းထားလို့
ငါ့နောက်ကျောကို ကြည့်နေတဲ့မင်း
ငါရယ်နေတယ်လို့
ထင်ချင်ထင်နိုင်တယ်....

တစ်ကယ်တမ်းက..
ငါ..ငိုနေတာပါ ချစ်သူ..
ငါ ငိုနေတာပါ...

တိုက်ဆိုင်မှုတွေ ရှိတိုင်း
အမှတ်တရတွေ မြင်ရတိုင်း
ငါဟာ စိတ်လွတ်ကိုယ်လွတ်
ရူးတတ်တဲ့ အရူးတစ်ယောက်
ဖြစ်သွားတယ် ချစ်သူ..

ငါ..ရူးပိုင်ခွင့် ရှိတယ်မဟုတ်လား..
ငါ ချစ်ပိုင်ခွင့် ရှိတယ်မဟုတ်လား..
ငါ..ဘာကိုမှ ငဲ့ကွက်စရာ
မရှိဘူး မဟုတ်လား...

ဒီလိုဆိုရင် လောကကြီးရယ်
ငါ ရူးလိုက်ပါရစေ..
ငါ ရူး...လိုက်ပါရစေ..လား..။ ။

ပုံလေးကတော့ အင်တာနက်ကနေ ရှာပြီးတော့ပဲ ယူသုံးထားတာပါ။
ဆွေလေး အလုပ်မအားတဲ့ အတွက် ဘလော့လေးကို မရေးနိုင်ပဲ ပိုင်ရှင်မဲ့ ပစ်ထားသလို ဖြစ်နေမိတယ်။ လူက အလုပ်မအားတဲ့ အပြင် ကွန်ပျူတာကလဲ ညီမလေးရောက်နေတော့ နှစ်ယောက်တစ်လုံးဖြစ်နေတဲ့ အတွက် ကွန်ပျူတာလဲ မအား လူလဲ မအားဘူးဖြစ်နေလို့ ဘလော့လေးနဲ့ ပတ်သတ်ပြီး ဘာမှကို မလုပ်နိုင်ပါဘူး။
ဒါပေမယ့် စိတ်ထဲမှာတော့ အမြဲသတိရနေပါတယ်။
ဘလော့တွေလိုက်ပြီး မလည်နိုင် စာတွေလဲ သေချာလိုက်မဖတ်နိုင်တာကိုးက တစ်ခုခုလိုနေသလိုပါပဲ။
ဘလော့မောင်နှမတွေ အားလုံးကို သတိရနေ တစ်ကယ်လွမ်းနေပါတယ်လို့...
ဒီပို့(စ်)လေးကပဲ ပြောပါရစေ....

Friday, 27 May 2011

ညည်းချင်း

ချော့မြူခါ.... သြော် ....
နေပါအုန်းရယ်လို့
ချိန်တော်ရယ် ဆွဲပါသော်လည်း
သုံးနှစ်ခါ လွန်ကာနီးပြီးမို့
သက်ပြင်းသာ
ဟင်း ဟင်း ချလို့
စိတ်လျှော့ကာ အိတ်လေးပိုက်ပြီး
ရောက်ခဲ့ပေါ့ အလည်တစ်ခါ....
တစ်ရပ်တစ်ကျေး တစ်နယ်ဝေးမှာ
တို့အမျိုး တို့စကားနဲ့
စူးစမ်းကာ မေးမြန်းလေတော့
စိတ်ပိန်တာ ပြောမပြချင်ဘု
တစ်ထပ်တော့ ကုန်သွားပေါ့
သည်တစ်ခါ ...
ရောက်အလာ အနီဖုံးနဲ့
တံဆိပ်ဖုံဖုံ ထုပါတဲ့
သစ်လွင်လွင် ဘုတ်အုပ်တစ်ခုတော့
ပိန်ချပ်ချပ် .. သည်အိတ်ကပ်ထဲ ...
ကျန်.....ခဲ့လေတာ ပ။

ဆွေလေး မအားရတဲ့ တစ်စိတ်တစ်ဒေသထဲမှာ ဒီကိစ္စလဲပါတယ်။ အလုပ်က ခွင့်ယူရတာ ၃ ရက်။ စနေ ပြန်ဆင်းပေးရတာ ၁ လ။ project 4 ခုက ရက်ပိုင်းလေးပဲခြားပြီး live run စတယ်။ ဒီတစ်ပတ်တော့ နားမယ်ဟေ့လို့ အော်ပြီးနားလိုက်တယ်။
နားရင်လဲ လက်က မရဘူး ရေးချင်လာရော။ ဒီတော့ ကဗျာလေးနဲ့ပဲ စရေးလိုက်တယ်။
ဘလော့မောင်နှမတွေ အားလုံးကိုတော့ တစ်ကယ်သတိရနေတယ် အဟုတ်..

Friday, 20 May 2011

လတ်တလော စိတ်ဆန္ဒများ (ဆွေလေးမွန်)

(1)အစားချင်ဆုံးအစားအစာ- မုန့်ဟင်းခါး၊ ပေါ့ဆိမ့်လက်ဘက်ရည်လေးတစ်ခွက်၊ ကြေးအိုး၊ ၀က်သားဒုတ်ထိုး
(အားလုံး အစားချင်ဆုံးကြီးပဲ ဆက်ရေးနေရင် စားချင်စိတ်တွေပိုများလာမှာစိုလို့ :P)

(2)နေ့တိုင်းစားဖြစ်တဲ့အစား - ပေါင်မုန့် ၊ ကော်ဖီ နဲ့ ခေါက်ဆွဲပြုတ် (အလုပ်မအားသောကြောင့် လွယ်ကူလျင်မြန် အလျင်စလို စား၍ရသော အစားအစာများသာ စားဖြစ်သည်)

(3)အလိုချင်ဆုံးရေမွှေး - မရှိ
(4)သုံးဖြစ်နေတဲ့ရေမွှေး - မရှိ
(ရေမွှေးနဲ့ ပတ်သတ်ရင်တော့ မရှိ မရှိလို့ဖြေတာ အကြောင်းရှိပါတယ်။ ရေမွှေးနံ့ရရင် အိပ်ငိုက်တတ်လို့ပါ။
ကျွန်မဆွတ်ထားရင်ပဲဖြစ်ဖြစ် တစ်ခြားသူဆီက ရတာပဲဖြစ်ဖြစ် ငါးမိနစ်လောက်ပဲ အဲဒီအနံ့ရ အိပ်ငိုက်တော့ တာပဲ။)

(5)အလိုချင်ဆုံးမွေးနေ့လက်ဆောင် -မွေးနေ့ နီးနေပေမယ့် ခုချိန်ထိ ဘာလိုချင်မှန်း သိသေးဘူး
(ဖြစ်နိုင်ရင်ပေါ့လေ ပေါ့ပေါ့ပါးပါးနဲ့ ထုပ်ပိုးရတာလဲ သက်သာ ပေးတဲ့ သူလဲ သယ်ရတာ မလေးအောင်လို့ စိန်လက်စွပ် တစ်ကွင်းလောက် ဆိုတော်ပါပြီ (:P))


(6)အလိုချင်ဆုံးဖုန်း - အဲဒါလဲ မရှိဘူး။ ကျွန်မက အဆင်ပြေသလိုနေတတ်လို ထင်တယ်။ ရတာကိုပဲ အဆင်ပြေအောင် သုံးတတ်တာလဲပါတယ်။ ကိုယ်လိုချင်တာနည်းတယ်။
(အဟီး… မလိုချင်လဲနေရော လိုချင်လဲ ..ပြောတော့ပါဘူးလေ.. အကြောင်းတွေသိကုန်မယ် ဟဲဟဲ)

(7)သုံးဖြစ်နေတဲ့ဖုန်း - Sony Ericsson xperia X8
(စစ၀ယ်ဝယ်ချင်းတုန်းကတော့ ကလိနေရတာနဲ့ တော်တော်စိတ်ဝင်စားဖို့ကောင်းတာ မြန်မာဖောင့်လေး ထည့်လိုက် application လေးအသစ်ထည့်လိုက်နဲ့ ခုတော့လဲ သူ့ကို အချိန်ပေးဖို့နေနေသာသာ ဖုန်းတောင် အများကြီး မပြောဖြစ်အောင် အချိန်တွေရှားပါးနေတယ်။ အဟုတ်)

(8)အရူးသွပ်ဆုံးအရာ - ကွန်ပျူတာတစ်လုံးနှင့် ဘလော့တွေလည် စာတွေဖတ်။ virus တွေသတ်လိုက် file cleaner လေး run လိုက် software တွေစမ်းတင်လိုက် download လိုက် မကြိုက်ရင် uninstall လုပ်လိုက်နဲ့
အဲလိုနေရတာကို ရူးသွပ်တယ်လို့ပြောရမှာပဲ။ တစ်ခါတစ်လေ ထမင်းမေ့ ဟင်းမေ့ ။ တစ်ခါတစ်လေ အလုပ်နဲ့ ပတ်သတ်တဲ့ research တွေများရှာရင် တစ်နေကုန် ရေ တောင်မသောက်မိဘူး။ မေ့နေတာ။
ဒါကိုပဲ ရူးသွပ်တယ်လို့ ဆိုရမှာပဲ။ ဒါတောင် game ဆော့တာမပါသေးဘူး။
(ဒါကြောင့် မြန်မာပြည်မှာ ပြောကြတယ် programmer ကိုများ ရည်းစားတော်မိပြီဆိုရင် စိတ်ရှည်သည်းခံ စောင့်ဆိုင်းရန်နှင့် အချိန်ပေးရန်လိုသတဲ့ကွန်ပျူတာနဲ့ နေတဲ့ အချိန်က ပိုများသကိုး )

(9)အနီးစပ်ဆုံးဂီတ - April သင်္ကြန်ကျတော့မယ်ဆိုပြီး ပျော်လိုက်တာဖြစ်ချင်းပေါ့။ သင်္ကြန်သီချင်းတွေနားထောင်မယ်ဆိုပြီး download လုပ် ဖုန်းထဲထည့်လိုက်ထားတာ သင်္ကြန်ပြီးလို့ April ကုန် MAY သာရောက်လာရော ခုချိန်ထိ တစ်ပုဒ်မှ နားမထောင်ရသေးဘူး။ ဒီတော့ ဝေးနေတယ် ရှိဘူးလို့ပဲ ပြောရတော့မှာပဲ။

(10)အလိုချင်ဆုံးစာအုပ် - ပြောပြန်ရင်လဲ ဒီသူငယ်မ မရှိတာတော်တော်များတယ်လို့ ပြောကြတော့မှာပဲ။ ရှိဘူး ကြုံသမျှ အကုန်ဖတ်တယ်။

(11)အခုဖတ်ဖြစ်နေတဲ့စာအုပ် - မရှိပြန်ဘူး ရှင့်။

(12)အကြားချင်ဆုံးစကား - ဒီနေ့ Client site Customer ဆီက ဖုန်းလုံးဝ မလာဘူး။
(ဟီး အဲဒီ အသံ အကြားချင်ဆုံးပဲ :D)

(13)အဖြစ်ချင်ဆုံးဆန္ဒ - အိပ်ရေး၀၀ အိပ်ချင်တယ်။ အရမ်းကြီးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ်။

(14)အလိုချင်ဆုံးဆု - မေတ္တာတရားနဲ့နေပြီး လောဘ ဒေါသ မောဟ မကြီးသောသူ အေးချမ်းသောသူ ဖြစ်ချင်တယ်။

(15)အသွားချင်ဆုံးနေရာ - ကျိုက်ထီးရိုး ဘုရားဖူး

(16)သွားဖြစ်နေတဲ့နေရာတွေ - ကမ်းစပ် ၊ အလုပ် နဲ့ အိမ်

(17)အကြည့်ချင်ဆုံးရုပ်ရှင် - Action နဲ့ မြန်မာ အငြိမ့်ဟာသကောင်းကောင်း (သို့သော် မကြည့်ဖြစ်ပါ)

(18)အပြောချင်ဆုံးစကား - ကောင်းကောင်းနေပြီး ကောင်းကောင်းကြံပါ

(19)အယုံကြည်ဆုံးလူသား - ကိုယ်နဲ့ခင်တဲ့သူ ရင်းနှီးတဲ့သူအားလုံးကို ပွင့်ပွင့်လင်းလင်း အရှိကို အရှိအတိုင်း ဆက်ဆံတတ်ပါတယ်။ ယုံကြည်ရကောင်းလား မကောင်းလား တစ်ခါမျှ မစဉ်းစားခဲ့ဖူးပါ။ တစ်ခါတစ်လေ ကိုယ်ပဲ ခံရတာများပါတယ်။ ဒါပေမယ့် လဲ အမှတ်မရှိပါဘူး။

(20)မယုံကြည်ဆုံးအရာ - အဲဒါတော့ရှိတယ် “ကံ” ဘယ်တော့တစ်ထစ်ချတွက်လို့မရဘူး။ ကိုယ်ထင်တာ ရည်မှန်းတာနဲ့ အမြန်တမ်း ပြောင်းပြန် အချိုးကျတယ်။ အဟုတ်။

(21)အမုန်းဆုံးအရာ - သူများတွေတော့ မသိဘူး။ မျှော်တစ်လင့်လင့် ဖြစ်လာနိုးနိုးနေရတာကို မုန်းတယ်။
(လုပ်မယ်ဆို ခုလုပ်မယ် သေရင်သေ မသေရင်ရှင်ဒါပဲ။ အဲဒါကြောင့်လဲ ခဏခဏ ပင်ပန်းတယ် ဒါပေမယ့် မပြင်ဘူး ဒီလိုပဲ ဆက်လုပ်နေတယ်.. လူမိုက်ပဲလား မသိပါဘူး)

(22)အသောက်ဖြစ်ဆုံးအအေး - အအေးတော့မရှိဘူး။ ဒါပေမယ့် လက်ဖက်ခြောက်နှပ်ထားတဲ့ ရေနွေးကြမ်းများဆို တစ်နေ့ကို ၅ ခွက်လောက်ကနေ ၇ ခွက်လောက်ထိ သောက်ဖြစ်တယ်။

(23)လတ်တလောအထိတွေ့ဆုံးအရာ - အလုပ်
(24)မကောင်းတဲ့ကျန်းမာရေး - ကောင်းလိုက်တာ ဖျားပြီးအလုပ်ကခွင့်ယူချင်တာ (ခုထိ မဖျားဘူး… ဂယ်)

(25)အကောင်းဆုံးအဖော် - တရား

(26)လက်ရှိအကြိုက်ဆုံးသီချင်း - ရှိဘူး (ခံစားချက်တွေထက် လတ်တစ်လောဖြတ်နေရတဲ့ အရာတွေ အပေါ်မှာ စိတ်က ပိုရောက်နေတယ်)

(27)အကြောက်ဆုံးအလုပ် - စိတ်မပါတဲ့ အရာကို လုပ်ရမှာ အကြောက်ဆုံးပဲ။
(စိတ်မပါဘူးဆို လှည့်ကိုမကြည့်တာ။ အရင်ရန်ကုန်မှာတုန်းကဆို ဟင်းချက်ခိုင်းရင် ဒီနေ့ စိတ်မပါဘူးနော်ဆို
မချက်ခိုင်းတော့ဘူး။ အိမ်ကလူတွေသိတယ် တူးတာစားမလား ငံတာစားမလား ချဉ်တာစားမလား အဲလိုမေးတာနဲ့ တူတူပဲဆိုတာ ဟီးဟီး)(စာကြွင်း ကိုယ်များစားချင်လို့ ချက်လို့ကတော့ ရှယ်နော် ကြွားတာဟုတ်ဘူးနော် ကြုံလို့ ပြောပြတာ)

(28)တန်ဖိုးအထားဆုံးအရာ - ရှိပြန်ဘူး။ (ဖြေရတာ အားတောင်နားတယ် တိကယ်)

(29)အကြောက်ဆုံးတိရိစ္ဆာန် - တီကောင် (ရီရဘူးနော် ဖတ်ပြီး)

(30)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - တစ်ယောက်တည်းပါကွယ် (တွေ့စရာ ဘလော့ကာ ဒီမြေမှာ ရှိမှ မရှိပဲ)

(31)အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ပိုက်ဆံအိတ်နဲ့ ဖုန်းပေါ့ကွယ်..

(32)သွားဖြစ်နေတဲ့နေရာတွေ - ကမ်းခြေ ခဏခဏ သွားတယ်

(33)စိတ်အညစ်ဆုံးအချိန် - ဘ၀မှာ ကြီးကြီးမားမား နှစ်ခါလောက်ညစ်ဖူးတယ်။ ခုတော့လဲ ရိုးသွားတာပဲ။
ဒါပေမယ့် ညစ်သင့်တဲ့ အချိန်တော့လူပဲ ညစ်တာပေါ့လေ။

(34)အနေချင်ဆုံးနေရာ - အေးချမ်းတဲ့နေရာ

(35)ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - စားစရာ ဘာမှ မရှိလို့ လုပ်ရမှာလဲပျင်းလို့ tv ကိုစိတ်ပြောင်းအောင် ဖျတ်ကနဲ ဖွင့်လိုက်တော့ သူတို့ ကြက်ကင်တွေ စားနေကြတယ်တဲ့။

(36)ပေးချင်တဲ့သတင်းတစ်ခု- သင်္ကြန်ဆိုလျှင် မုန့်လုံးရေပေါ်ကို တွဲသိကြသလို ခုချိန်ထိ အလုပ်ရေပေါ်တာ မမြုပ်သေးဘူးကွယ်။ တစ်ကယ်ပြောတာပါ။ အတည်..

(37)အပျော်ဆုံးဖြစ်မယ့်အချိန် - ရှိလာတော့မယ် မထင်ဘူး။

ကိုအုပ် က tag ပြီးလို့ CBOX မှာအော်သွားတော့ အော်ရေးရအုန်းမဟဲ့ဆို အားတင်းပြီးရေးလိုက်ပါတယ်လို့။
ခုတောင် မနက် ၆ နာရီထိုးပြီး မအိပ်ရသေးဘူး။ ခုလို သတိတရ ရေးဖြစ်အောင် tag ပေးတဲ့ ကိုအုပ်ကိုလဲ ကျေးဇူးတင်ပါတယ်။ြ့ပီးတော့ ဆွေလေးဘလော့ကို ပစ်ထားတဲ့ အချိန်မှာ လာလည်ကျတဲ့ ဘလော့မောင်နှမများကိုလဲ သတိရနေပါတယ်လို့..