Thursday, 19 August 2010

အမေ့ကိုတမ်းတခြင်း

တစ်ချိန်က
ကြည်လဲ့ရွှန်းမြ မျက်ဝန်းတစ်စုံ
နဖူးပေါ်မေးလေးတဖွဖွတင်လို့
သီချင်းသံညှင်းသွဲ့သွဲ့ငြီးဆို
ထွေးပိုက်ထားတဲ့ အမေ့ရင်ခွင်မှာ
နှစ်ခြိုက်စွာ အိပ်မောကျခဲ့။
တစ်ချိန်က
လယ်တောပြန်အမေ
စားဝတ်နေရေး မြစ်ကြီးခြားလို့
တစ်နေ့တာလွမ်းသမျှ
အတိုးချကရုဏာနို့ချို
ချွေးစိုပေမယ့် ချိုခဲ့တယ်။
တစ်ချိန်က
ပရိယေသန ချွေးစက်တို့ရှိန်းမြနေတဲ့
အမေ့ကိုယ်သင်းနံ့
ခုထိ ရှိုက်မိဆဲ
လက်လက်ဆတ်ဆတ်မွှေးမြဆဲပေါ့။
တစ်ချိန်က
မြို့ပြပညာသင်ခရီးဆိုပြီး
တောရွာကို ကျောခိုင်းသွားတဲ့သားကိုလေ
လယ်ကွင်းရိုးပြတ်တောတွေကြားမှာ
မျက်ရည်မှုံဝါး
အမေ့ကိုချန်ထားခဲ့မိပေါ့။
တစ်ချိန်က
အမေ
ကမ္ဘာတည်သရွေ့ အမေပေါ့
အမေရယ်.....
ပြန့်လွင့်ကာကြား သတင်းစကားတွေနဲ့
ပညာကျော်ဖြစ်မယ့် သားပေါ့လို့
ဂုဏ်ယူရတဲ့ အပျော်ထက်
ရင်ခွင်ဆီ မဆိုက်ကပ်နိုင်တဲ့ သားကို
မရောက်တာကြာပေါ့ လို့
မျှော်ရတဲ့အမော
ဘယ်အရာကစီးစီးပိုးပိုးရှိခဲ့လေမလဲ။
ဇရာမြူတွေမှိုင်းနေတဲ့
အမေ့မျက်ဝန်း ဓာတ်မခွဲရက်
မေတ္တာနဲ့သာ နီးကြပါစို့
အမေ။
မှတ်ချက်။ ။ ပြည်ပရောက် ညီမလေးဆွေလေးမွန်နဲ့ အမေ့ရင်ခွင်နဲ့ဝေး
အမေ့ကိုတမ်းတသူသူငယ်ချင်းအားလုံးအတွက်

စကားဝါတစ်ပွင့်ပေးပြီး ခရီးရှည်ကြီးထွက်သွားသူ (၁)

(၁)
နွေမင်းကသူ့လက်ညိုးနဲ့
စကားဝါပင်ကိုထိုးလို့
ရွက်ဝါတို့တစ်ဖြုတ်ဖြုတ်နဲ့ကြွေ
အိပ်မက်တွေလဲသေတော့မယ်ထင်ရဲ့

မင်းလက်နဲ့ဖန်ဆင်းခဲ့တဲ့
စကားဝါတစ်ပွင့်ကတော့
ရင်ဘတ်အဆုံးထိ
အနက်ရှိုင်းဆုံးမှောင်မိုက်
လောင်တိုက်နဲ့ဝေးရာမှာ
တစ်ပွင့်တည်းတုန်ခါငိုရှိုက်လို့
မျှော်လင့်ချက်ကိုအသိုက်ဖွဲ့
ခပ်ယဲ့ယဲ့လေးသာ.......
ဒါပေမယ့် အဲဒီပန်းစကားဝါမှာ
ရနံ့မပါပေမယ့် အိမ်မက်တွေတင်းကြမ်းနဲ့မို့
နွေလမ်းကိုလဲလျှောက်လို့ရသေးတယ်

နွေမင်းကအထွက်
မိုးစက်တို့အ၀င်ကာလ
အိမ်ခေါင်မိုးပေါ်မှာ ကပွဲသဘင်ဆင်ယင်လို့အားမရ
ပြတင်းတံခါးကနေပြီး
ဇွတ်အတင်းဝင်ရောက်
စကားဝါရနံ့တွေနဲ့တည်ဆောာက်ထားတဲ့
ငြိမ်သက်အေးခဲမှုကိုဖောက်ထုတ်
ပန်းတစ်ပွင့်နဲ့ကျောက်ရုပ်
ငါ့ကို အရုးလို့သမုတ်ကြတယ်
အို....မိုးကြမ်းတို့
စကြာဝဠာအပြင်ဘက်သို့သွားပါ
ငါ့ချစ်သူလာရာလမ်းမှာ
လက်တားလို့မကာပါနဲ့
ဟောဒီပရ၀ုဏ် မှာတော့
ငါ့မျက်ရည်မိုးကြောင့်ပျိုးပျက်လက်ထန်
ပန်းပွင့်ဖို့တောင်မကျန်တော့တာမို့
သူပျိုးခဲ့တဲ့စကားဝါဖူးတွေ
မင်းကြောင့်ကြွေကုန်ရင်
ချစ်သူုငြိုငြင်လိမ့်မယ်
သွားပါတော့မိုးရယ်.........

ဒီလိုနဲ့ပဲ မိုးစက်တို့ကွယ်ဝေးပျောက်ဆုံး
နှုင်းမှုန်တွေပိတ်ဖုံးလို့
အခုလိုဆောင်းဦးမှာ
မင်းပန်ပေးဖူးတဲ့ စကားဝါအဖူးတွေက
ငါ့ရင်ဘတ်ပေါ် တစ်ပွင့်ခြင်းခုန်ချရင်း
ပြည့်ကျပ်မို့မောက်နေတဲ့ အလွမ်းတွေကိုငုံ့ကြည့်
လွမ်းသူချင်းဆိုတဲ့အသိနဲ့
ငါ့ကိုဖေးမ သူတို့ပါကူလွမ်းပါရစေတဲ့
နေပါစေတော့ပန်းပျိုတို့ရေ
မင်းတို့သခင်ပြန်လာရင်လေ
အဲဒီအလွမ်းမျှင်တွေကိုစုစည်းပြီး
ခြုံလွှာတစ်ထည်ကိုယက်
စကားဝါတစ်ပွင့်နဲ့ရူးမတက်ဖြစ်ရတဲ့
မိန်းမတစ်ယောက်ရဲ့မျက်ရည်စက်တွေနဲ့
ထွဋ်မြတ်စွာဆေးခြယ်ပြီး
ဆောင်းနှောင်းရာသီထိ သစ္စာရှိရှိချစ်နေမယ်ဆိုတာသာ
ပြောပေးပါတော့ကွယ်......

Tuesday, 17 August 2010

ချစ်လျက်နှင့်

ကံမခိုင် အချစ်ကံခေတယ်ပြောပြော
ချစ်လျှက်နဲ့ဝေး ချစ်လျှက်နှင့်တမ်းတ
ချစ်လျှက်နှင့်ဆွေး မြင်လိုလျှက်နှင့်
ချစ်သူမျက်နှာ ခပ်ရေးရေးတောင်
ကြည့်ခွင့် မြင်ခွင့်မရှိတဲ့ ကံ။ ။

ငါကံဆိုးတယ်..ငါကံခေတယ်
ငါလွဲလွန်းတယ်..အချိန်တိုင်း
ချစ်သူနဲ့ ဆုံလိုက်တိုင်း
အမြဲလွဲ အမြဲချော်
ဆုံနိုင်အောင် ဆုံမှတ်ကစောင့်
နေခဲ့တာတောင်
အဲဒီနေ့ ချစ်သူကမလာဘူး။ ။

ဒီလိုနဲ့
ငါလဲစိတ်တွေပျက်
အားတွေငယ်လို့ ဘ၀ရဲ့
ဒဏ်ရာတွေနဲ့ အရုပ်ကြိုးပျက်
နေပါစေတော့ ကံစီမံရာ
ကြိုးဆွဲရာကို အလိုက်သင့်လေး
လက်လေးလှုပ် ခြေလေးလှုပ်
အပြုံးတုတွေနဲ့ စင်ပေါ်က ငါ
မင်းသမီးဖြစ်လာတော့
ချစ်သူကပြောတယ်..
ပြန်လာခဲ့ပါတဲ့။ ။

လွယ်လိုက်တာ ချစ်သူရယ်လို့
ငါမပြောရက်ဘူး
ကြိုးတွေနဲ့ တုပ်နှောင်ထားပြီးသား
ရုပ်သေးမင်းသမီးတစ်ရုပ်ဟာ
သူဘာသာသူ ဘယ်လို ကကြိုးတွေများ
ဆင်နိုင်တော့မှာလဲ..
ကြိုးဆွဲသူ ကကြိုးတွေနဲ့
ပုံသွင်းလို့ထုထားတဲ့
ဒီလောက ပုံစံခွက်ကြီးထဲမှာ
ငါဟာ အံဝင်ခွင်ကျ ဖြစ်နေခဲ့ပြီ။

တစ်ကယ်တော့..
ကံကြမ္မာကြီးက ရက်စက်လွန်းတယ်
မဆုံနိုင်မှတော့ ဘာလို့များ
ပြန်လည်ဆုံဆည်းခွင့်ပေးခဲ့သေးလဲ..
အချစ်တွေကို ပြန်လည်နိုးထခွင့်
ဘာလို့ပေးနေသေးလဲ..
အမှန်တရားတွေကို
ဘာလို့သိခွင့်ပေးနေသေးလဲ..
လွဲနေသလို လွဲနေလိုက်ပါတော့လား။ ။

မင်းလဲ မင်းဘ၀မင်းနေသလို
ငါလဲ ငါ့ဘ၀ ငါနေခဲ့ရင်......
ငါဟာနေ့တိုင်း ဆန္ဒတွေကို
မျိုသိပ်..သက်ပြင်းတွေ
အလီလီချပြီး ခပ်သဲ့သဲ့
ရှိုက်သံတွေနဲ့ ဝေဒနာ
တစ်နင့်တစ်ပိုးကို ရင်မှာ
ပိုက်ထွေးထားတဲ့
လူတစ်ယောက်....မဖြစ်တော့ဘူးပေါ့။ ။

Friday, 13 August 2010

မွေးနေ့ကဗျာ




လေအဝှေ့မှာ ၀ဲကာဝဲကာဖြင့်
ကြွေလွင့်ခဲ့ ဒီအချိန်တွေ
မ၀ဲချင် ပင်ယံမှာ နေချင်သေးတယ်....
မကြွေချင် ပင်ယံမှာ လန်းချင်သေးတယ်..
မြင့်ပင်ယံ ဝေဟင်ထက်မှာဖြင့်
ငွားငွား စွင့်စွင့် တင့်ပြီးတော့
လန်းချင်သေးတယ်..။ ။

အိုဘယ့် အိုဘယ်
အချိန်မြစ်တစ်စင်းရယ်
သင်စီးဆင်းရာ လမ်းတစ်လျှောက်
ရေစီးကမ်းပြိုလို့ ဇရာဆိုတဲ့
ကမ်းကို ကပ်လာတော့..
အသိတစ်ချက် လျှက်ကနဲ့
သတိရလိုက်တယ်...
သြော် ....
ငါ့အသက်တစ်နှစ်ကြီးလို့
တစ်နေ၀င် တစ်နေထွက်
သေမယ့်ကမ်း တစ်နှစ်နီးလို့
သွားပါ..ရော့လား။ ။



အသက် ၂၉ နှစ်မြောက် မွေးနေ့လေးမှာ တွေးမိတဲ့ အတွေးလေးပါ။

Thursday, 5 August 2010

ပြုသူကအသစ် ဖြစ်သူကအဟောင်း




(ဦးကျော့) မယ်ခင် ရေ ငါဘုန်းကြီးကျောင်းသွားလိုက်အုန်းမယ်ကွ ဒီနေ့ဥပုပ်နေ့ဆိုတော့ သီလလေးယူမလားလို့လေ။

(ဒေါ်ခင်)ကောင်းပါပြီတော်.. သွားလေ ဆရာတော်ကိုကပ်ဖို့ ဆွမ်းချိုင့်ပါတစ်ခါတည်း ယူသွားနော်။

(ဦးကျော့)အေးအေး

ပြောပြောဆိုဆို ဆွမ်းချိုင့်အား ဆွဲလာခဲ့သည်။ရွာလယ် လမ်းမတွင်တော့ ကလေးများ အော်ဟစ်ဆူညံစွာကစားနေကြသည်။ ဒီအချိန်မှာပဲ ကလေးတစ်အုပ်၏ ဆူညံစွာ အော်ဟစ်ရန်ဖြစ်နေသော အသံအား သူကြားလိုက်ရသည်။ ဒါနဲ့ မျက်စိကရောက်သွားတော့ ဟင် သမီးအငယ်လေးပါလား.. တစ်အိမ်လုံးက အငယ်လေးလို့ခေါ်သော် သူ၏ အထွေးဆုံးသမီးလေးဖြစ်သည်။ သူကြည့်နေတုန်းမှာပဲ တစ်ဖက်ကလေးက သမီးလေးအား တွန်းလှဲလိုက်သဖြင့် ဦးကျော့ မျက်လုံးများပြာကနဲ ဒေါသတို့လဲ ထောင်းခနဲ ဘာမှမမြင်တော့ဆွမ်းချိုင့်ကြီးအား ပစ်ချထားခဲ့ပြီး ကလေးရန်ပွဲအတွင်းသို့ လျင်မြန်စွာ သူပြေးဝင်သွားခဲ့သည်။ တစ်ဖက်ကလေးမှလဲ သမီးလေးအား ဆံပင်ဆွဲထားသဖြင့် သူဝင်ဖြေလိုက်၏ ဒါပေမယ့် ဒေါသအဟုန်နှင့် သူဝင်ဖြေလိုက်သဖြင့် တစ်ဖက်မှ ကလေးအား ဆောင့်တွန်းလိုက်သလိုဖြစ်သွား၏။ တစ်ဖက်ကလေး၏ ငိုသံကား နားထဲဝင်ရောက်လာသည့်အခါတွင်တော့ သူလွန်သွားလေပြီ။ တစ်ဖက်မှကလေးလဲ သူတွန်းလိုက်သည့်အရှိန်နှင့်
ပက်လက်လန်လဲကျကာ ကံဆိုးချင်တော့ အုတ်ခဲချွန်နှင့် ခေါင်းနှင့်တိုက်မိပြီး ခေါင်းပေါက်သွားလေပြီ။
ဒီပြသနာနှင့်ပဲ သူလဲ ကျေးရွာကောင်စီရုံးသို့ ရောက်လေတော့သည်။သြော် ဒုက္ခ ဒုက္ခ ဘုန်းကြီးကျောင်းသို့မရောက်ပဲ သူကောင်စီရုံးသို့ ရောက်လေပြီ။

ရွာလူကြီး ဦးသိန်းက..

(ဦးသိန်း) ဦးကျော့ ဦးကျော့ ခင်ဗျားကလေ အားလုံးကောင်းတယ်။လှူရေးတန်းရေးဆိုလဲ ရှေ့ဆုံးကရပ်ရေးရွာရေးဆိုလဲ မတွန့်တိုဘူး နေ့တိုင်းလဲ ဘုရားမှန်မှန် ရှိခိုးနေတာပဲဗျာ ခင်ဗျားသမီး အငယ်လေးနဲ့ ပတ်သတ်ရင် နဲနဲတော့ စိတ်ကိုထိန်းအုန်းမှပေါ့ဗျ။

(ဦးကျော့) ဟုတ်ပါတယ် ကိုသိန်းရာ ကျွန်တော်လဲ သမီးအငယ်လေးနဲ့ ပတ်သတ်ရင် စိတ်ကလွတ်လွတ်သွားတယ်ဗျ။ အသက်ကြီးမှလဲ သမီးလေးကိုရထားပြန် သမီးလေးမွေးမှ စီးပွားရေးကလဲ ဒီရေအလားတက်တာ ကိုသိန်းလဲ အသိပဲလေဗျာ ဒီတော့ ငယ်ငယ်လေးထဲက သမီးကို ကျုပ်ကလက်ဖျားနဲ့တောင် မတို့တာ ခုကျွန်တော့် ရှေ့မှာ သမီးလေးက ဒီလိုဖြစ်သွားတော့ ကျွန်တော်လဲ ထူပူသွားမိတာပါဗျာ။နောက်ဆို ဆင်ခြင်ပါ့မယ်။

(ဦးသိန်း) အေးဗျာ ကျွန်တော့်မှာ တော်တော်ညှိယူလိုက်ရသဗျ။ တော်တော်လဲ တောင်းပန်လိုက်ရတယ်။
ပြီးတော့အဲဒီ ကလေးရဲ့ မိဘတွေနဲ့ ခင်ဗျားကလဲ စီးပွားချင်းတူနေတာရယ် ပြီးတော့ သူတို့စီးပွားရေးကခင်ဗျားကို လိုက်မမှီ တော့တာရယ်ကြောင့် နဂိုထဲက မကျေနပ်ကတဲ့ ကြားထဲခုလို ဖြစ်တော့ သူတို့ဘက်ကတော်တော်ကို မကျေနပ်ကြတာဗျ။ ခင်ဗျားလဲ သတိလေးဘာလေးထားအုန်း။ လောလောဆယ်ကျုပ်ကကြားထဲက တော်တော်ပြောယူလိုက်လို့ မကောင်းတတ်လို့ ဆေးဖိုးလေးပဲ ယူပြီး ပြီးသွားတာမဟုတ်လားဗျ။

(ဦးကျော့) အေးပါ ကိုသိန်းရာ ကျွန်တော် သတိထားလိုက်ပါ့မယ်။

ဒါကလွန်ခဲ့သည့် နှစ်လကျော်ကျော်လောက်က အဖြစ်အပျက်။အဲဒီနောက်ပိုင်း သမီးလေးသည် တရှောင်ရှောင် နေမကောင်းဖြစ်လာသည်။ ညနေ နေ၀င်ရီသရောဆို သမီးလေးသည် တစ်ခုခုကို ကြောက်နေသည့်ပုံနှင့် လူကြီးတွေနားကပ်ပြီးနေလေသည်။ ညဘက်ဆိုလျှင်လဲ အသံနက်ကြီးနှင့် အမယ်လေးကြောက်ပါပြီ
ဆိုပြီး အော်လျှက် ထထပြေးတက်၏။လူကြီးနှစ်ယောက်အားနှင့်တောင် သမီးလေးကို မနိုင်။အိမ်ပြင်ကိုရောက်မသွားအောင် မနဲကြီးဆွဲထားရ၏။ သမီးအကြီးမ နှစ်ယောက်လဲ ဒီအတွက်နှင့်ပဲ အအိပ်ပျက်အစားပျက်နှင့် ပင်ပန်းကြ၏။ သူ့မိန်းမ မခင်ကတော့ မျက်ရည်နှင့် မျက်ခွက်။ ဘုန်းကြီးကျောင်းသွားပြီး ဆရာတော်လက်ဖွဲ့လုပ်ပေးလဲမရ။ အိမ်တွင်လဲ ပရိတ်ရွတ်တာ လုပ်ပေးသည်မရ။ပရောဂလားဆို ကုပြန်တော့လဲ ဆရာကသာ ကောင်းသွားမှာပါပြောသည် သမီးလေးသည် သက်သာမလာခဲ့။ ပိုပိုသာဆိုးလာခဲ့သည် စကားလဲမပြောတော့ အစားအသောက်လဲ ကောင်းကောင်းမစားတော့။ ဘယ်လိုပဲကုကု သမီးလေးသည် နောက်
ဆုံးအသက်ပါ ဆုံးရှုံးသွားလေပြီ။ သမီးလေးသည် အိမ်ရဲ့ ဆည်းလည်း ခုအိမ်ဆည်းလည်းလေးကား ပျက်စီးသွားလေပြီ။ တစ်အိမ်သားလုံး အပူလုံးကြွကြလေပြီ။ အသက်ငယ်ငယ်သာရှိသေးသော သမီးလေး မသေသင့်သေမယ့်သေ သူလို လူကြီးတစ်ယောက်သေသွားခဲ့သော် ကောင်း၏။ ခုတော့ သူ့အသည်းနှလုံးတွေ တစ်စစီပျက်ကြွေသုံးလေပြီ။

(မယ်ခင်) သမီးလေးရေ အမေ့သမီးလေး အမေတို့ဆီကိုပြန်လာခဲ့ပါကွယ်။ အမေ သမီးကို နောက်ဘယ်တော့မှ မဆူတော့ပါဘူး။ သမီးလေး လိုချင်တဲ့ ဈေးက ဂါဝန်လှလှလေးလဲ ၀ယ်ပေးမယ်လေ။ အမေ့နားကိုသာ ပြန်လာခဲ့ပါကွယ်။ကိုကျော့ကျုပ်သမီးလေးကို ပြန်ခေါ်ပေးလေတော်။ ကျုပ်သမီးလေးကို ပြန်ခေါ်ပေး

ဒီနေ့ အသုဘ ချသည့်ရက်ဖြစ်လေသည်။ဒေါ်ခင်တစ်ယောက်ငိုရင်းနှင့် သတိလစ်လဲကျသွားလေသည်။ ဦးကျော့ ကတော့ အံကြီးကို တင်းတင်းကြိတ်ထား၏ မျက်နှာတစ်ခုလုံးလဲ နီရဲနေ၏။ ပြီးတော့ မျက်လုံးတွေလဲ မို့အစ်နေကြသည်။ ဘာသံမှ မထွက်။


“ညီးမလေး အငယ်လေးရေ မမတို့နဲ့ ထကစားအုန်းလေ။ ညီမလေးကြိုက်တဲ့ ပုံပြင်တွေ ထပြီးနားထောင်ပါ
အုန်း ညီမလေးရဲ့.. အမေတို့ အဘတို့ရေ ညီမလေးကို ပြန်ခေါ်မပေးနိုင်ကြတော့ဘူးလား..”


ဤသည်ကား ဦးကျော့၏ သမီးအကြီးနှစ်ယောက်၏ ကြေကွဲဖွယ်ငိုသံသာ ဖြစ်လေတော့သည်။ဟုတ်တော့လဲ ဟုတ်သည် အငယ်လေးသည် မျက်လုံးဝိုင်းဝိုင်း ကြက်တောင်လေးနှစ်ဖက်စီးနှင့် ပါးကွက်ကလေးများ ညီညီညာညာ နှင့် သပ်သပ်ရပ်ရပ် ဖြစ်နေလျှင် အလွန်ပင်ချစ်ဖို့ကောင်းလှသည်။တီတီတာတာ စကားနှင့် တွတ်တီတွတ်တာလဲ ချွဲတတ်သည်။ ဦးကျော့ တို့တစ်အိမ်လုံးပင် မဟုတ် တစ်ရွာလုံးကတောင် အမယ်လေး ဟဲ့မွေးစားများထားသလားတော်လို့ နောက်ရလောက်အောင်ကို အငယ်လေးသည် ချစ်စဖွယ်ကောင်းလှသည်။တောမှာမွေးသော်လည်း အသားလေးကလဲ ဖြူလှ၏ မျက်နှာလေးကလဲ ၀ိုင်းဝိုင်း
လူလေးက ၀ကစ်ကစ်လေး ခုမှ သူငယ်တန်းပြီးလို့ ၁ တန်းတက်ကာစသာ ရှိသေးသည်။
ခုလို အခြေအနေမျိုးဖြစ်လာတော့ တစ်ရွာလုံးစိတ်မကောင်းကြ။ ဦးကျော့ တစ်အိမ်သားလုံး
ကတော့ ရင်ထုမနာ ငိုသူငို တက်သူတက် ဆွဲသူဆွဲနှင့် ..မြင်ရသည့် မြင်ကွင်းက စိတ်ချမ်းသာစရာမရှိ။

(ဦးသိန်း) သူငယ်ချင်း ဖို့ကျော့ ငိုချင်ရင် ငိုလိုက်လေကွာ အဲလိုကြီးအောင့်မထားနဲ့လေကွာ မင်းဖွင့်ထုတ်လိုက်လေကွာ။
သူငယ်ချင်း ဖိုးကျော့ သတိထားလေ သတိထားလေးကွာ။တရားနဲ့ ဖြေမှပေါ့ကွာ။

(ဦးကျော့) သူငယ်ချင်းရာ ငါဘယ်လို တရားနဲ့ဖြေရမလဲကွာ..ဟီးဟီး ..ဟီး..ဟီး..ဟီးဟီး

ဦးကျော့ပြန်လဲ ပြောရင်း လည်ချောင်းသံကြီးနှင့် ဟီးလုံးချ ငိုလေပြီတည်း။ ဒီလိုနှင့် သူတို့တွေ သမီးလေးအတွက် ရက်လည်ဆွမ်းသွတ်လုပ်ပြီးတဲ့နေ့ အဲဒီနေ့မှာပဲ မယ်ခင်တစ်ယောက် ရေချိုးမလို့ဆိုပြီး အိမ်ပေါ်က အဆင်း မူးတယ်မူးတယ်ဆိုပြီးလဲကျသွားလိုက်တာ ဦးဏှောက်သွေးကြောပါပျက်ပြီး ထပ်ပြီးတော့ ဆုံးပြန်လေပြီ။ တစ်ပူကမပြီးသေး နောက်တစ်ပူ ထပ်တက်လေပြီ။ဦးကျော့ကား လူနှင့်အသိစိတ်ဓာတ် မကပ်တော့ ဘာတွေဘယ်လိုဖြစ်
နေသည်မသိ။ကြောင်တောင်တောင်သာ နိုင်နေလေတော့သည်။ သမီးအကြီး
မနှစ်ယောက်ကတော့ ငိုလို့မဆုံး လူတွေလဲ ၁၀ ရက်ကျော်အတွင်း မျက်တွင်းဟောက်ပက် ပိန်ချူံပြီး ကျနေကြလေပြီ။ဒီတော့ ရွာထဲကလူကြီးသူမတွေကပဲ ဦးကျော့တို့ကိုယ်စား ၀င်ရောက်စီမံပေးနေရသည်။ ရွာဦးဘုန်းကြီးလဲ ကြားရတာ စိတ်မချမ်းသာလှ။ ဦးကျော့တို့အိမ်သွားပြီး ဦးကျော့အားတရားပြနေသော်လည်းဦးကျော့ကား အင်းလဲမလုပ် အဲလဲမလုပ်။ ဦးကျော့သည် ဒီအရွယ် ဒီအချိန်ထိ သူ့ဘ၀သည် သည်မိသားစုသူ့အသက်သည် သည်မိသားစု ခုသည်မိသားစုက ရက်ပိုင်းလေးပဲခြားသည် သူချစ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ခွဲခွာနေတာ သူရင်ထဲ မည်သို့ခံစားရမည်ကို ပြောပြလို့ပင်ရနိုင်မည်မဟုတ်။
ဒီလိုနှင့် ဦးကျော့မိန်းမ ဒေါ်ခင်ရက်လည်အပြီး နောက်နှစ်ရက်လောက် အကြာတွင် သမီးအလတ်မသည်မေးခိုင်ပိုးဝင်ပြီး ထပ်ပြီးတော့ ဆုံးလေသည်။ လူတွေလဲ သတိမထားမိကြ ရက်လည်ရက်တွေအတွင်းကခြံထဲမှာ ချက်တာပြုတ်တာ ၀င်ကူလုပ်ပေးရင်း
ထင်းချောင်းမှပါလာသော သံစူးမိသည်ဆို၏။ ဒီတော့ သမီးအကြီးမလဲ

“ရင်ဘတ်စည်တီးပြီး အမယ်လေး ကယ်တော်မူကြပါ အရပ်ကတို့ရေ ကျွန်မတို့မိသားစု ဘာမှ မကောင်းတာ မလုပ်မိပါဘူးတော်။ သူများကိုလဲ စိတ်ပုပ်စိတ်ရုပ်မထားခဲ့ပါဘူး ဘာဖြစ်လို့ ဒီလိုအဖြစ်ဆိုးတွေ ကြုံနေရတာလဲ ..ကယ်တော်မူကြပါ နတ်ကောင်းနတ်မြတ်တို့ရယ် ဆိုပြီး..အော်ဟစ်ငိုယိုလေတော့သည်။ ပြီးတော့ သူ့အဖေဦးကျော့ကိုလဲ အဖေ အဖေ..သတိထားပါအုန်းအဖေရဲ့သမီးမှာ ဒီအဖေ တစ်ယောက်ပဲ ဆွေမျိုးဆိုလို့ရှိတော့တာ အဖေရဲ့ သတိရပါတော့” ဆိုပြီး
အဖေအားဖက်လျှက် ငိုယိုနေလေတော့သည်။

ရွာသူရွာသားများလဲ စိတ်မကောင်းဖြစ်ရုံမှ လွဲပြီး ဘာမှမတတ်နိုင်ကြ။သေခြင်းတရားအား အဘယ်ကဲ့ သို့ကူညီကြမည်နည်း။ အားပေးကြရုံသာတတ်နိုင် လေတော့သည်။ ဦးကျော့ သည် သူ့မိန်းမဆုံးပြီးထဲကစကားလုံးဝမပြောတော့ပေ။ခုသမီး အလတ်မဆုံးသည့် အချိန် သမီးအကြီးမက ဖက်လျှက်ငိုပြီးနောက်တော့ဦးကျော့ တစ်ချိန်လုံး ဘုရားရှေ့ထိုင်ပြီး ဘုရားရှိခိုးချင်း နှင့် တရားထိုင်ချင်းသာ လုပ်နေလေတော့သည်။
စကားတော့ တစ်လုံးမှ မပြော။ ဒီလိုနှင့် ရက်လည်သည့်နေ့တွင်တော့..
ရွာမှလူများလဲ ဦးကျော့ နှင့် သမီးအကြီးမတို့အား သတိထားပြီး စောင့်ကြည့်နေကြလေသည်။ တစ်ခုခုထပ်ဖြစ်မှာ မလိုလားတော့။ဒီလိုနှင့် ညနေပိုင်းသို့ ရောက်လေသော် ဦးကျော့တို့ အိမ်ခြံဝန်းထဲသို့ ၀တ်ဖြူစင်ကြယ်နှင့် အဖိုးအိုတစ်ယောက် ရောက်လာပြီး။သူသည် အကူအညီပေးဖို့လာတာ ဖြစ်ကြောင်း ဒါပေမယ့် သူကူညီပေးပြီးရင် သူ့ကိုဘာမှမမေးဖို့နဲ့ အာဂတတွေ မထားဖို့။လူဆိုတာ မှားတတ်စမြဲမို့ ခွင့်လွှတ်စိတ်ထားပေဖို့နဲ့ ။သေဆုံးသွားသော သူအားလုံးမှာလဲ သူ့ကံနှင့်သူသာ ထားလိုက်ပါတော့လို့ ပြာဆိုဆုံးမလေသည်။ဦးကျော့ကလဲ သူ့အနေနှင့် ဒီထက်ပိုပြီး ဘာမှ ခံစားစရာမရှိတော့ကြောင်း ခုရက်ပိုင်းအတွင်းလဲ တရားထိုင်ချင်း ဘုရားရှိခိုချင်းဖြင့်သာ အချိန်ကုန်စေခဲ့သဖြင့် သူ့အနေနှင့် ဘာမှလုပ်လိုစိတ်မရှိတော့ သောကြောင့်အဖိုးအိုးပြောသည့်စကားအားလက်ခံကြောင်း ဂတိပေးလေတော့သည်။

ဒီတော့မှ အဖိုးအိုလဲ နောက်တစ်နေ့မနက်ပိုင်းတွင် ထပ်ရောက်လာပြီး ကြက်ဖတစ်ကောင်အား နနွင်းရေတို့ဖြင့် လိမ်းကြံပြီးလျှင် မန်းမှုတ်ရွတ်ဆိုကာဖြင့် ထိုကြက်ဖ အား ဦးကျော့ တို့ခြံအတွင်း လွှတ်လိုက်လေတော့သည်။ ထိုကြက်ဖလဲ အိမ်ထဲမြေနေရာ အနှံ့ အားယှက်လျှက် တစ်ခုခုအား ရှာဖွေသည့်ပုံစံနှင့် တစ်နေရာစီလိုက်ပြီး ယှက်လေတော့သည်။ ဒီလိုနှင့် ဦးကျော့တို့ အိမ် အိမ်ဦးတိုင်၏ အောက်ဖက်နားတွင်တော့ ကြက်ဖက်သည် တွင်းခပ်နက်နက်ယက်လေသော် အနီရောင်ပိတ်စဖြင့် ထုပ်ပိုးထားသော အရာတစ်ခုအားတွေ့ရလေတော့ သည်။ အဖိုးအိုလဲ ထိုအထုပ်အားယူလျှက် ဖွင့်ကြည့်လေသော် ပိတ်စတွင် အင်းကွက်
လို တစ်ခုခုရေးထားပြီး အနီစဖြင့် ပတ်ထားသော အရာသည်ကား ၀ါထိန်နေသော လူသေ၏ လက်ညှိုးတစ်ချောင်းဖြစ် လေတော့သည်။ လာကြည့်နေသော ရွာသားအပေါင်းလဲ အလွန်ပင် ထိတ်လန့် တုန်လှုပ်ချင်းဖြစ်ကုန်ကြ၏။ တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသော်လဲ ရွာသားတို့ကား အဖိုးအိုအားမမေးရဲ ။ဦးကျော့ တို့ကတော့ အလွန်ပင်ထိတ်လန့် တုန်လှုပ်ချင်းဖြစ်ကြလေတော့သည်။ အဖိုးအိုကတော့ သူလဲ လုပ်စရာရှိတဲ့ အရာကို လုပ်ပေးပြီပြီးမို့ ပြန်တော့မယ်နှုတ်ဆက်ရင်း မောင်ဖိုးကျော့ရေ လူဘ၀ဆိုတာ ဒီလိုပဲဒုက္ခတွေများတယ်ကွဲ့ မင်းလဲ အသက်ကြီးပြီးမဟုတ်လား သံသရာမှာကိုယ့် အတွက်အထုပ်ကလေးပါ အောင် တော့လုပ်ကွဲ့ ဟုပြောဆိုပြီး ထွက်သွားလေတော့သည်။

ထို့နောက်ပိုင်း အကြီးမသည်ကား အစိုးရ ဆရာမလျှောက်ထားသော အလုပ်ကျသဖြင့် တာဝန်နှင့် ကျရာနေရင်း ထိုအရပ်မှာပင် အိမ်ထောင်ကျသွားသည်ဟု ကြားသိရ၏။ ဦးကျော့သည်ကား သံသရာတွင် အထုပ်ပါနိုင်ဖို့အရေး ရာသက်ပန်
ဘုန်းကြီးဝတ်သွားလေတော့သည်။

နောက်ထပ်အကြောင်းအရာ တစ်ခုကား အဖိုးအိုပြန်သွားပြီး တစ်ပတ်အကြာတွင်တော့ ဦးဖိုးကျော့တို့နှင့်စီးပွားပြိုင်ဘက်ဖြစ်ခဲ့သော အိမ်သည် မီးထလောင်ကာ စီးပွားပြိုင်ဘက်၏ မိန်းမသည် အိပ်ပျော်နေသဖြင့် မီးထဲပါသွားပြီး အသက်ပါဆုံးရှုံးကာ စီးပွားရေးမှာလဲ ချွတ်ခြုံကျလျှက် အတော်ပင် မွဲသွားသည်ဟုကြားသိရလေတော့သည်။

ဤကား မနာလိုသောစိတ် သူတစ်ပါးအား မုဒိတာမပွားနိုင်သော စိတ်ဓာတ်တို့ကြောင့် မသေသင့်သူသေ၏။
ဝဋ်ဆိုသည်ကား လည်ခဲ့သော် တစ်ဘ၀နှင့်မပြီး အကြိမ်ကြိမ် အခါခါသံသရာတွင် ကျင်လည်ပြီးဆပ်ရသည်ဟု
ကြားဖူးခဲ့သည့်အလျှောက်..တွေးရင်းနဲ့ပင် ၄င်းတို့အစား ရင်လေးနေမိတော့သည်။

ဒီပို့လေးကတော့ ဆွေလေးငယ်ငယ်က ဖတ်ဖူးသော နက္ခတရောင်ခြည် မဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ် အား
အခြေခံပြီး ပြန်လည်ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။စာလုံးပေါင်းလေးများ မှားရင် သည်းခံပေးပါလို့။ သေချာ
စစ်တာတောင် ပို့တင်ပြီးမှ ပြန်ပြန်တွေ့နေလို့ပါ။