Monday, 14 September 2015

စာစီဖြစ်တဲ့ အတွေးအချို့ ..(၁)





 မပြည့်စုံသူနှစ်ဦး ဘ၀တစ်ခုကို စတင်တည်ထောင်မယ်ဆိုရင် သူများတွေထက် ပိုပြီးခက်ခဲပင်ပန်းမယ် ဆိုတာကို သိနှင့်ပြီးသားပါလေ။ ကျွန်မတို့နှစ်ယောက်စလုံး တွေးထားခဲ့ပြီးသားပါ။ မပြည့်စုံတဲ့ ဒုက္ခကိုကြောက်နေရင် ကျွန်မတို့နှစ်ဦး မဆုံဆည်းယုံသာရှိ ကြမှာပေါ့။ အခုလည်း တစ်ယောက်တစ်နေရာ တစ်နိုင်ငံစီ ဝေးကွာနေကြတာပါပဲ။ ဒါပေမယ့် ခံစားချက်ခြင်းမတူဘူး။ အရင်ကဆိုရင် ဘာမှန်းမသိ တိကျရေရာမှုမရှိတဲ့ လမ်းကို စမ်းတစ်ဝါးဝါးနဲ့ လျှောက်ကြရတယ်။တစ်ယောက်နှင့်တစ်ယောက် လက်တွဲမထားနိုင်တော့ သူယိုင်လဲ ကိုယ်ပြေးထူလို့မရ ကိုယ်ယိုင်လဲ သူပြေးထူလို့မရ။ ကိုယ့်လမ်းနဲ့ကိုယ် စမ်းတ၀ါးဝါး လျှောက်နေကြရတဲ့ ဘ၀နှစ်ခုအဖြစ် ရပ်တည်နေခဲ့ရတယ်။

ခုတော့ တစ်ခရီးထဲ တစ်လမ်းထဲ တစ်ဘ၀ထဲ တစ်လှေထဲ စီးကြရပြီ။ တစ်ယောက်ယိုင်ရင် တစ်ယောက်က လှမ်းထိန်းလို့ရပြီ။ တစ်ယောက်မောရင် တစ်ယောက်က ရေဗူးလေးတော့ ကမ်းပေးလို့ရပြီ။ အရင်လိုဘာမျှော်လင့် ချက်မှ မရှိပဲ  သေချာရေရာတဲ့ ဘ၀ဆိုတာ ဘာလဲလို့ ပြန်မေးနေစရာမလိုတော့ဘူး။ ကျွန်မတို့ ဘ၀ကိုစခဲ့ကြပြီးပြီ။ အိမ်ထောင်ရယ်လို့ဖြစ်လာရင် အတူတူ ရှိနေနိုင်ရင်တော့ အကောင်းဆုံးမှန်း ကျွန်မသိပါတယ်။ ဒါပေသိ ဖြစ်လာရတဲ့ အခြေအနေ ဖြစ်တည်နေတဲ့ဘ၀ကို အရင်သုံးသပ်ကြည့်လိုက်တော့ ဖြစ်သင့်တာကို ရွေးချယ်ရမြဲပဲ မဟုတ်လား။ ဖြစ်ချင်တာကို လုပ်လိုက်ရပေမယ့် ရေရှည်မှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့လာရင် ပင်ပန်းမယ့်သူက ခင်ပွန်းနှင့်ဇနီး နှစ်ဦးပဲလေ။

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘ၀ရယ်လို့ တည်ဆောက်ထားတဲ့သူတွေ။ ချစ်ကြင်လို့ မြတ် နိုးလို့ သူ့ဘ၀ ကိုယ့်ဘ၀ မခွဲခြားပဲ ဘ၀တစ်ခုတည်းရယ်လို့ ထူထောင်ခဲ့ပြီးမှ အသေးအမွှားကိစ္စလေးတွေအတွက် မတူရင်ညှိမယ် ညှိမရရင် နားလည်ပေးမယ်။ သူ့ဘက်ကိုယ့်ဘက်ရယ် လို့တွက်မနေပါနဲ့တော့လေ။ အိမ်ထောင်ရေး မှာ သူ့ဘက်ကိုယ့်ဘက်ကိုမရှိတော့ဘူး။ အသေးဆုံးနမူနာလေးတစ်ခုပဲ စဉ်းစားကြည့် သူစိတ်ကောက်နေမယ် ကိုယ်တိုင်ကရော စိတ်ချမ်းသာနေ သလား။ စိတ်ကောက်သူကိုယ်တိုင်ကရော စိတ်သက်သာရာ ရနေသလား။ နှစ်ဦးစလုံးစိတ်မသက်သာပါဘူးလေ။ တစ်ယောက်ဒုက္ခဖြစ်နေမယ်ဆိုရင် ကျန်တစ်ယောက်က ထိုင်ပြီးလက်ပိုက် ကြည့်နေရက်သလား မသက်သာလို့ လက်ပိုက်ကြည့်နေရတယ်ဆိုရင်တောင်မှ ကြည့်နေရတဲ့သူရင်ထဲ အေးမြနေလိမ့် မယ်လို့များ ထင်နေသလား။ တစ်ဦးနဲ့တစ်ဦး စိတ်ဆိုးကြပေမယ့် ကျွန်မတို့စိတ်နာအောင်တော့ မလုပ်ကြဖို့ အရေးကြီးတယ်။ တစ်လှေတည်းစီးနေကြတဲ့သူအချင်းချင်း သူပဲ့ကိုင်လို့ မနိုင်တာ သူ့အပိုင်း ကိုယ့်အပိုင်းကိုယ်နိုင် ပြီးတာပဲလို့ တွက်နေမိရင် သတိထားမိဖို့က လှေနစ်ရင် သူ့အပိုင်းပဲနစ်တာမဟုတ်ဘူး ကိုယ်စီးနေတဲ့တစ်လှေလုံးနစ် တယ်ဆိုတာကိုပေါ့။

တာဝန်အရှိဆုံးသူက ခင်ပွန်းနှင့်ဇနီးပဲ ဒါကြောင့် အနားမှမနေနိုင်လို့ပဲဖြစ်ဖြစ် ခဏတာဝေးကွာနေကြတယ်ပဲ ဆိုဆို စိတ်မကောင်းဖြစ်နေမယ့်အစား အခြေကျတဲ့ဘ၀တစ်ခုကို မြန်မြန်ရနိုင်ဖို့ တက်ညီလက်ညီ ကြိုးစားကြဖို့ လိုတယ်။ခုခောတ်အိမ်ထောင်ရေးမှာ လုံလောက်တဲ့ဝင်ငွေ ခိုစရာ အိမ်လေးတစ်လုံးတော့ မဖြစ်မနေလို အပ်နေသေး တယ်ဆိုတာ နားလည်ထားကြပြီးသားပါလေ။ ဘ၀ရဲ့အစမှာကထဲကိုက ကျွန်မတို့နှစ်ဦး သက်လုံကောင်းကောင်း မပြေးထားနိုင်ရင် သားတွေ သမီးတွေရလာတဲ့အခါမှာ ကျွန်မတို့ ပိုမောပြီး ပိုပင်ပန်းရလိမ့်မယ်။ အထူးသဖြင့် ခက်ခက်ခဲခဲရုန်းတက်လာရတဲ့ ကျွန်မတို့လိုဘ၀တွေမို့ သားတွေသမီးတွေကိုတော့ မပင်ပန်းစေချင်ဘူး။ သူတို့ရဲ့ ဘ၀လေးတွေကို သက်တောင့်သက်သာနှင့် လိုရာပန်းတိုင်ကို  ထောက်ပံ့ ပေးနိုင်တဲ့ အဖေနဲ့အမေဖြစ်ချင်တယ်။ နေရိပ်ကိုလိုချင်ရင် နေပူကနေစောင့်ရသတဲ့။ အခုတော့ ခဏလောက်ဖြစ်ဖြစ် နေပူခံလိုက် ကြရအောင်။

ခဏတာဝေးနေတဲ့အချိန်တွေမှာ စိတ်ဓာတ်လဲမကျနဲ့။ တစ်ဦးနှင့်တစ်ဦးလဲ ပွင့်လင်းပါ။ သစ္စာရှိပါ။ နားလည်ပါ။ မြတ်နိုးတွယ်တာနေပေးပါလို့ အမှာလေးတော့ ပါးချင်တယ်။ ကျွန်မတို့နှစ်ဦးရဲ့ ဘ၀မှ ခက်ခဲနေတာ မဟုတ်ပါဘူး။ လောကကြီးမှာ ကိုယ့်ထက် ဘ၀ဆိုးတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။ ကျွန်မတို့နှစ်ဦးရဲ့ ဘ၀ပေးကံကြမ္မာကိုက ဘယ်အရာမှ အဆင်သင့်ရယ်လို့ မဖြစ်တတ်ဘူးလေ။ ကိုယ်တိုင်အောက်ခြေကနေ ရုန်းကန် ကြိုးစားပြီးမှ ကိုယ်စိုက်တဲ့အပင်က အသီးမောမောနဲ့ ခူးစား ပိုချိုတယ်ဆိုတဲ့ ဘ၀မျိုးတွေ မဟုတ်လား။ ဒီတော့ အပင်လေးရှင်သန်နိုင်ကြီးထွားလာနိုင်အောင် ကျွန်မတို့ တက်ညီလက်ညီ ကြိုးစား လိုက်ကြ ရအောင်။

အဲဒီခဏလေးမှာ ပင်ပန်းမယ် စိတ်ဓာတ်ကျစရာတွေရှိမယ် စိတ်ဆိုးစရာတွေလဲ တွေ့မယ် သည်းခံမှုအတိုင်း အတာတွေ လဲလိုမယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မက ဇနီးကောင်းတစ်ယောက်အနေနဲ့ အနားမှာ အမြဲတမ်းရပ်တည် ပေးမှာပါ။လူတစ်ဦးနှင့်တစ်ဦး ပေါင်းစပ်ထားတဲ့ ဘ၀တစ်ခုမှာ ကောင်းတာကြီးပဲလာမယ် ပျော်ရွှင်စရာတွေကြီးပဲ ရှိမယ်လို့ တစ်ခါမှ မတွေးမိခဲ့ပါဘူး။ ဇနီးကောင်းဆိုတာ အပြောလွယ်သလောက် အလုပ်တော့ခက်မယ်ဆိုတာ ကျွန်မသိပါတယ်။ အစွမ်းရှိသလောက် အင်အားရှိသလောက်တော့ ကျွန်မကြိုးစားကြည့်ပါ့မယ်။ ခက်ခဲတယ် ဆိုပေမယ့်လဲ ကြိုးစားပြီးရပ်တည်မိမှာပါပဲ။ ကျွန်မကိုယ်တိုင်လည်းသိပါတယ် ပြီးပြည့်စုံတဲ့ မိန်းမတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် လိုအပ်တယ် မှန်ကန်တယ်ဆိုရင် ကျွန်မပြင်ဆင်နိုင်ပါတယ်။

 ဘ၀မှာ အချိန်တော်တော်ကြာ တစ်ယောက်ထဲတွေး တစ်ယောက်ထဲရုန်းလာရတဲ့ မိန်းမတစ်ယောက်အနေနဲ့ တစ်ခါတစ်လေတော့ ဆုံးဖြတ်ချက်ဟာ တစ်ကိုယ်ကောင်းဆန်နေနိုင်တယ်။ ငါဆိုတဲ့ မာန ရှိနေနိုင်တယ်။ လုပ်ရိုး လုပ်စဉ် ကိုယ်စဉ်းစားနေကျဆိုတော့ ဒါဟာမှားတယ်လို့ကို မသိတတ်တဲ့ အချိန်ရှိရင် ရှိနိုင်တယ်။ ဒါကိုမှားတယ်လို့ ထောက်ပြနိုင်ရင် ကျွန်မလဲ ကျိုးကြောင်းပြင်ဆင်ပြီး ပြင်သင့်ရင် ပြင်ပါ့မယ်။ ခင်ပွန်းသည်ဆိုလဲ ဒီလိုပဲပေါ့ ပြင်သင့်တယ် ထင်ရင် ပြင်ပါ။ ဒါကို ပိုပြီး နားလည်မှု ရလာတယ်လို့ ဆိုရမယ်ထင်တယ်။ အဲဒီလို နားလည်မှုတွေ ပိုရလာလေလေ ကျွန်မတို့နှစ်ဦးကို ချည်ထားတဲ့ကြိုးတွေကလည်း ပိုပြီး ခိုင်မြဲ ပိုပြီးတင်းလာလေလေပေါ့။ ဒါဆိုရင် အခြား အခြားသော ဝေးကွာခြင်းအမှုတွေဟာ ကျွန်မတို့ကို ခွဲခွာခြင်းငှာ မတတ်နိုင်တော့ပါဘူးလေ။ တစ်ဦးနှင့်တစ်ဦး အတင်း ချုပ်နှောင်ချည်ထားခြင်းထက်  မြတ်နိုးစွာ တွယ်တာနှောင်ဖွဲ့ခြင်းကို ကျွန်မပိုပြီး အလိုရှိခဲ့တယ်။ ချည်နှောင်ခြင်း ဆိုတာ ကန်ထွက်သွားမှာစိုးလို့ ချည်ကြတာလို့ထင်တယ်။ ချည်ထားရပြီဆိုကထဲကိုက အချည်ခံရတဲ့သူဟာ ကိုယ့် အနားမှာ မနေချင်သူလို့ အဓိပ္ပာယ်ရတယ်။ ကိုယ်တွယ်တာမြတ်နိုးရတဲ့သူက ကိုယ့်အနားမှာ မနေချင်ဘူးရယ်လို့ တွေးရတဲ့ အတွေးကိုက မောပန်းလွန်းလှတယ်။ ဒါကြောင့် ချည်နှောင်ခြင်းအမှုတွေကို မပြုပါရစေနဲ့။ ကျွန်မအနားမှာ လိုလိုချင်ချင် နေသော သူသာဖြစ်နေပါစေလို့ ကျွန်မဆန္ဒပြုမိတယ်။

ကံဇာတ်ဆရာကိုတော့ ကျွန်မပုံချပြီး မယုံနိုင်သေးပါဘူး။ မုန်တိုင်းလဲ ထန်ချင်လျှင် ထန်နိုင်ပါသေးတယ်။ တစ်ဦး တစ်ယောက်တည်းကို လေထန်တဲ့ မုန်တိုင်းထဲ ထားခဲ့ရင်တော့ လွင့်သွားသူလဲ မသက်သာသလို မုန်တိုင်းမိပြီး ကျန်ခဲ့ တဲ့ သူလဲ မသက်သာပါဘူး။ နှစ်ယောက်အတူတူ ကြိုးစားပြီး မုန်တိုင်းဒဏ် ကြံ့ကြံ့ခံနေခဲ့တယ်ဆိုရင်တော့ ကံကောင်းရင် အသက်ရှင်လျှက် လွတ်မြောက်နိုင်မယ် သေသွားတယ်ဆိုရင်တောင် အနည်းဆုံးတော့ တစ်ယောက်လက်ကို တစ်ယောက်တွဲထားနိုင်သေးတယ်။ သေဆုံးချိန်မှာ အငြိုးတွေ အမုန်းတွေ အာဃာတတွေမရှိဘူး ခပ်ပြုံးပြုံး ကျေနပ်စွာ သေဆုံးနိုင်ကြတယ်။ အဲဒီလိုပဲ အိမ်ထောင်ရေးမှာ အငြိုးတွေ အမုန်းတွေ အာဃာတတွေ မပါစေချင်ဘူး။ ရောက်မလာစေချင်ဘူး။ ရန်ဖြစ်ကြတယ် စကားများကြတယ် ဆိုရင်တောင် ဒါဟာနားလည်မှု နှီးနှောဖလှယ်ပွဲပဲ ဖြစ်သင့်တယ်လို့ ကျွန်မထင်တယ်။ ကျွန်မကတော့ ချမ်းသာခြင်းမှာ စိတ်အေးချမ်းသာခြင်းကမှ တစ်ကယ့် ချမ်းသာမှုအစစ်လို့ မြင်တာပဲ။ ကိုယ်တိုင်လဲ မပူလောင်ချင်သလို ကိုယ့်ကြောင့် သူတစ်ပါးပူလောင်အောင်လဲ မလုပ်ချင်မိဘူး။

ဘာပဲဖြစ်နေနေ ဘာပြသနာပဲဖြစ်ဖြစ်  တစ်ယောက်နဲ့တစ်ယောက်တော့ ဖြေရှင်းခွင့်လေးပေးကြရမယ်။ ခုချိန်မှာ တင်းမာတယ်ဆိုတဲ့ အခြေအနေမဖြစ်သင့်တော့ဘူး။ ညှိယူတဲ့ဆိုတဲ့ အခြေအနေကိုပဲ ဖြတ်သန်းကြရအောင်နော်။ ဘ၀ဆိုတဲ့ တိုက်ပွဲတွေဟာ အဆက်မပြတ်တိုက်နေရပေမယ့် တစ်ချိန်ချိန်မှာတော့ ငြိမ်းချမ်းသာယာတဲ့နေ့လေးကို ရောက်ရှိလာမှာပါ။ ဘ၀အတွက် တက်ညီလက်ညီ တိုက်ပွဲဝင်နေ ရင်း ကျွန်မတို့ရဲ့ မိသားစုဘ၀လေးကိုလည်း စည်းစနစ်တစ်ကျ အခြေခံက စလို့ ထူထောင်ကြရအောင်။ ရှောင်သင့်တာလဲ ရှောင်ရင်း ပြင်သင့်တာလည်း ပြင်ဆင်ရင်း ညှိသင့်တာညှိကြရင်း သင်ကြားသင့်တာလဲ သင်ကြားရင်း  ကျွန်မတို့ရွေးချယ်ထားတဲ့ လမ်းကို ဆက်ပြီး လျှောက်ကြရအောင်။ ပျိုးထားတဲ့အပင်က အသီးချိုချိုတွေ သီးလာမယ့်နေ့ကို မျှော်လင့်ရင်း ရှင်သန်ကြရအောင် နော်..  


****************** 

အရှိန်ရတုန်းလေး ပို့စ်လေးတွေ ခပ်စိပ်စိပ် တင်ဖြစ်တယ်။ အိမ်ထောင်ရေးမှာ ကိုယ်တိုင်စဉ်းစားမိတာလေး တွေကို ၀ါသနာပါရာ ပို့စ်လေးတစ်ခုအဖြစ် ဖန်တီးမိပါတယ်။ အချို့နေရာတွေမှာ အမြင်မတူ ကွဲလွဲတာတွေလဲ ရှိနေနိုင်ပါတယ်။  ကိုယ်ပိုင်ခံယူချက်မှာပဲ မူတည်တယ်လို့ ထင်မိတယ်။ ဒါကြောင့် ဆွေလေးရေးသားထားတဲ့ အထဲမှာ အချိုးမပြေ အဆင်မသင့်တာလေးတွေများ တွေ့ခဲ့မိတယ် ဖတ်ခဲ့မိတယ်ဆိုရင် သည်းခံပေးကြပါဆို စကားဆိုရင်း..
 
ချစ်သော မောင်နှမများအားလုံး ချမ်းသာကိုယ်စိတ်မြဲ ကြပါစေရှင်။ 
 
 
 
 
 

Thursday, 10 September 2015

အချစ်ကို..ဘယ်ပုံပြောရမယ်





          မောင် တစ်ယောက်ပျောက်ချက်သားကောင်းနေသည်မှာ ကြာခဲ့ပြီ ။ စိမ်း ကိုယ်တိုင်ကလိုက်မဖမ်းခဲ့တာလား သို့ တည်းမဟုတ် လွှတ်ပေးခဲ့တာလား ။ မောင့် အကြောင်းရယ်လို့ မတွေးချင်ခဲ့ပေ ။ တွေးမိလိုက်လျှင် ပျော်ရွှင်ခဲ့ရသည် ထက် နာကျင်နေခဲ့ရသည်ကသာ များသည်။ ချစ်မိတတ်လွန်းသူကိုမှ ဝေဒနာတွေ ပေးရက်သူမောင့်ကို တစ်ခါတစ်လေ ကျွမ်းအောင်လွမ်းမိခဲ့သလို တစ်ခါတစ်လေ နစ်နေအောင် နာမိသည်ဆိုကလည်း မမှား။ အရင်ကလို ဆိုစကားတွေက ချိုပါစေလားမောင် အရင်ကလို အနမ်းတွေက အေးမြပါစေလား ဟိုးအရင်ကလို အကြင်နာတွေစွေပါစေတော့လား မောင်။
         
          ကျွန်မတို့နှစ်ယောက်ရဲ့ ရင်ခုန်သံတွေ ဝေးသွားခဲ့သည်ကတော့ဖြင့် သေချာသလောက်ရှိခဲ့ပြီ။ သဘောတူညီမျှစွာ ရွေးချယ်ပြီး လျှောက်ခဲ့ ကြသည့်လမ်း အလျှောက်များလို့ ခရီးရောက်ပါမှ သည်လမ်းကိုရွေးခဲ့တာမှားပြီလို့များ နောင်တရလို့ လှည့်ပြန်သွား ခဲ့လေသလား။ ဆူးညှောင့်ခလုတ်တွေသိပ်များနေခဲ့သလား မောင်။ မောင့် ခြေဖ၀ါးမှာ သွေးတွေလူးနေခဲ့ပြီလား။  မောင်သိထားဖို့က နှစ်ယောက်လျှောက်တဲ့ သည်လမ်းမှာ မောင်ရော ကျွန်မရော နှစ်ဦးစလုံး နာကျင်နေရတဲ့ သူတွေပါ ။ မောင် ကျမှ ပိုပြီးနာကျင်နေရသလားလို့ ကျွန်မမေးလိုက်ချင်မိတယ်။ ကျွန်မက အချစ်ဆိုတာ အပေးအယူညီမျှစွာ နားလည်ဖြည့်စွက်ခြင်းများစွာနှင့် တည်ဆောက်လို့ရတဲ့ အိမ်လို့ ထင်ခဲ့မိတာ။ ခြေဖ၀ါးလေးကွဲရုံလောက်နဲ့တော့ မောင် နောက်လှည့်ပြီးမပြေးသင့်ဘုးလို့ ထင်တာပဲ။ မောင့်နေရာမှာ ကျွန်မသာဆိုရင် ဘယ်တော့မှ ဟောဒီလမ်းထဲမှာ မောင့် ကိုတစ်ယောက်တည်းမထားခဲ့ဘူး။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ပန်းတိုင်ကိုရောက် ဒီလမ်းဆုံးအောင်တော့ မောင့် လက်ကိုတွဲပြီး လျှောက်မိမှာပဲ။

          ဒါကြောင့်များ မိန်းမတွေကို အချစ်ကြီးတယ်. အချစ်မျက်ကန်းလို့ ဆိုခဲ့ကြလေသလားမသိဘူးပေါ့။ ကျွန်မလဲ လူထဲက လူတစ်ယောက်မို့ အမှားဆိုတာမကင်းခဲ့ပါဘူး။ မောင့် ဘက်မှာလဲ အမှားကင်းတယ်ရယ်လို့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ရင်ဆိုင်ပုံခြင်း ဖြေရှင်းပုံခြင်းတော့ သိပ်ကွာခြားလွန်းနေခဲ့ပြန်တယ်။ ကျွန်မက ပြသနာတစ်ခုကို သွေးအေးစွာနှင့် ဖြေရှင်းတတ်ပေမယ့် မောင် ကတော့ ဒေါသသိပ်ကြီးပြီး သွေးဆူလွန်းတယ်။ ကျွန်မက အမှားဆိုတာကို ကိုယ်မှားနေရင် ၀န်ခံရဲသလို နောက်တစ်ခါဆိုတာ လုံးဝမဖြစ်အောင်နေတယ်။ မောင်ကတော့ အမှားကို ၀န်မခံပဲ ဟိုလူကြောင့် သည်လူကြောင့် နောက်တစ်ခါဆို ဆင်ခြင်ပါ့မယ် ဒါပေမယ့် နောက်တစ်ခါ ထပ်ဖြစ်ခဲ့ ပြန်တယ်။ အဲဒီလိုဖြစ်ခြင်းရဲ့ အကျိုးရလဒ်ကဖြင့် မောင်မှားနေခဲ့ရင် အမှားကိုနားမလည်ပေးနိုင်တော့ဘူး။ မောင့်စကားဆို မယုံကြည်တော့ဘူးဆိုတဲ့ မိန်းမတစ်ယောက် ဖြစ်လာခဲ့တယ်။ ဟိုးအရင်အစကဖြင့် မောင့်ကို မျက်လုံးစုံမိတ်ပြီး ယုံကြည်မှုတွေ ပုံအပ်ခဲ့တဲ့ သူပါ။

          ဒါပေမယ့် ခွင့်လွှတ်ရပြန် အလိမ်ခံရပြန် များလာခဲ့တဲ့သူ ကျွန်မက ခုဆိုရင် မောင်ဘာပဲ လုပ်လုပ် မောင်ဘာပဲ ပြောပြော သံသယမျက်မှန်နဲ့ တပ်ပြီးကြည့်တယ်။ ဒီတော့ အကြည့်ခံရတဲ့ မောင်က ဒါဟာ ယောက်ကျားတစ်ယောက် ရဲ့ သိက္ခာကိုစော်ကားတာတဲ့။ သူ့ကိုနှိမ့်ချပြီးကြည့်တယ်လို့ဆိုပြန်တယ်။ အဲဒီလို အကြည့်မခံချင်ရင် အစထဲက ကျွန်မရဲ့ ကောင်းနေတဲ့ မျက်လုံးကို သံသယ မျက်မှန်တပ်ပြီးမကြည့်ရအောင် မောင်နေခဲ့သင့်တယ်။ တစ်ကြိမ်မှားပြီးရင် နောက်တစ်ကြိမ် ဒီလိုအမှားမျိုး ထပ်မလုပ်ဖို့ လိုတယ်။ မောင့်ကိုနေရာတိုင်းမှာ လိုက်ထိန်းနေရအောင် မောင်က ကလေးသူငယ်လေးတစ်ယောက်လား။ ယောက်ကျား ဆိုတာ မိန်းမတစ်ယောက်ရဲ့ ချော့မော့ ထိန်းကျောင်းမှုလိုတယ်ဆိုပေမယ့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ ကိုယ်ပိုင်ဆင်ခြင်ညဏ်လေးတော့ ရှိသင့်တာပေါ့။ ကိုယ့်ကိုယ်ကို မထိန်းကျောင်းနိုင်တဲ့ ယောက်ကျားတစ်ယောက်ဟာ  ကိုယ်ပိုင်မိသားစုတစ်ခုကို ဘယ်လိုထိန်းကြောင်းနိုင်ပါ့မလဲ။

          ဒီလိုဆိုပြန်တော့ ကျွန်မက ဖြစ်နေတဲ့ပြသနာခပ်သေးသေးကို စကားလုံးခပ်ကြီးကြီးတွေနဲ့ တုန့်ပြန်သတဲ့ ။လူတစ်ယောက်အကြောင်း တွေးရင် သည်လူရဲ့ နေပုံထိုင်ပုံ စဉ်းစားဆင်ခြင်ပုံကိုကြည့်ပြီး သည်လူရဲ့အနာဂတ်ကို ခန့်မှန်း ကြတာပဲ။ လူတိုင်းဒီလိုတွေးကြတာပဲ။ ကျွန်မက မောင့်ကို ချစ်နေတဲ့မိန်းမတစ်ယောက်။ မောင်နဲ့ပတ်သတ်ပြီး မိသားစု လေးတစ်ခု တည်ဆောက်မယ်လို့ စိတ်ကူးယဉ် အိမ်မက်မက်နေတဲ့ မိန်းမတစ်ယောက် ဒီလိုမိန်းမမျိုးက မောင့်ကို ခုလို ကောက်ချက်ချမိတာ လွန်မယ်တော့ မထင်ပါဘူး။ ကိုယ်အားကိုးရမယ့်ယောက်ကျားဟာ ခုကထဲက ဒီလိုဖြစ်နေပြီဆိုရင် အနာဂတ်မှာ ကျွန်မရဲ့ မိသားစုအိမ်လေးဟာ ဘယ်လိုများသာယာနိုင်မလဲ ဘယ်လိုများပျော်ရွှင်နိုင် မလဲ။ ချစ်တယ်ဆိုရင် အနစ်နာခံနိုင်ရမှာပေါ့လို့ မောင်ကဆိုချင်သေးသလား။ မိန်းမတစ်ယောက်ဟာလေ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ကိုယ်ချစ်တဲ့ယောက်ကျားက  ကိုယ့်အပေါ် သစ္စာရှိတယ် မြတ်နိုးနေတယ် ကြင်နာနေတယ်ဆိုရင်လေ တုတ်နဲ့ ရိုက်ထုတ်ရင်တောင် အဝေးသွားနိုင်မှာမဟုတ်ဘူး။ အနာသက်သာသွားရင် အဲဒီယောက်ကျားထံ ပြန်ကွေ့လာမှာပဲ။

          မောင်သိထားဖို့က မိန်းမတွေဟာ အသဲနှလုံးတစ်ခုတည်းနဲ့ ချစ်လာကြတာမဟုတ်ဘူး။ ဦးဏှောက်နဲ့ပါ ချစ်ကြတာ။ ရင့်ကျက်တည်ငြိမ်နေပြီးသား မိန်းမတစ်ယောက်ဟာ ဘယ်တော့မှ အချစ်ကို နှလုံးသားတစ်ခုတည်းနဲ့ မဆုံးဖြတ်ကြဘူး။ ချစ်နေတုန်းခဏပဲ ဦးဏှောက်ကိုမေ့ချင်မေ့နေမယ်။ အချိန်တန်ရင်တော့ ဦးဏှောက်နဲ့ တန်းပြန် ညှိတတ်ကြတယ်။ မောင်သာ ကျွန်မကို တစ်ကယ်ချစ်တယ်ဆိုရင် ကျွန်မရဲ့ စိတ်ကိုနာကျင်စေမယ့် အလုပ်မျိုး လုပ်မှာ မဟုတ်ဘူး။ တစ်စုံတစ်ရာ အမှားကိုလုပ်မိတော့မယ်ဆိုရင်တောင်မှ သြော် ငါ့ချစ်သူလေးဆိုတဲ့ အသိညဏ်မျိုး မောင့်မှာ ရှိရမယ်။ ကျွန်မကငွေမမက်ပါဘူးမောင်။ တစ်ချိန်ချိန်မှာ အိမ်ထောင်ဦးစီးဖြစ်လာမယ့် သူ အိမ်ရဲ့ တာဝန်ကို ထမ်းမယ့်သူက မိသားစုတစ်စုရဲ့ စားဝတ်နေရေးကို ဖြေရှင်းဖို့ ငွေရှာတတ်ရမယ်။ ငွေရှိမှ ဖြစ်မယ်ဆိုတာကို မောင် နားလည်ထားရမယ်။ မချမ်းသာရင်နေပါစေ.. ထမင်းတစ်နပ်ကို အေးအေးချမ်းချမ်းစားလို့ရတဲ့ မိသားစုဘ၀လေးကိုတော့ မောင်ဖန်တီးပေးနိုင်ရမှာပေါ့။

          ချစ်စရာအချစ်တွေပြည့်နေပေမယ့် စားစရာဝမ်းဟောင်းလောင်းနဲ့ ဘယ်မိန်းမမှ မနေနိုင်ပါဘူးမောင်။ တစ်ကယ်လို့နေနိုင်ခဲ့တယ်ဆိုရင်လည်း ခဏပါ။ နောက်ပိုင်းတော့ ဆာလောင်လွန်းရင် ချစ်ဖို့မေ့သွားပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ကလူသားတွေမို့လို့ပါ။ လူသားတိုင်းမှာ ဒေါသ မောဟ မာန် မာန ငါ ဆိုတာ ရှိနေကြတာပဲ။ မောင်သာ တစ်ကယ်မြတ်နိုးနေတယ်ဆိုရင် နှိပ်စက်နေဖို့မလိုဘူး။ ကိုယ်ချစ်လွန်းတဲ့မိန်းမကို ဒုက္ခတော ကြီးကြားထဲမှာထား ကျေကျေနပ်နပ်ကြည့်နေနိုင်တယ်ဆိုရင် သေချာပြီ အဲဒါဟာ .. တစ်ကယ်ချစ်မြတ်နိုးခြင်းမရှိလို့ပဲ။ ကျွန်မတို့မိန်းမသားတွေက ဒီလိုတွေးပါတယ်။ ဒါကို မောင်က ငါ့မှာငွေမရှိလို့ မင်းလမ်းခွဲရက်တာလို့ ဆိုလိုချင်ရင်ဖြင့် သဘောပါလေ။ ကျွန်မက ငွေမက်တာလို့ ခေါင်းစဉ်တပ်ချင်ရင်ဖြင့် ခပ်ပြုံးပြုံး နေမိမှာ အမှန်ပဲ။
         
          ဒီတစ်ခါ မောင်များ ကျွန်မအနားပြန်ရောက်လာတဲ့ အခါ ကျွန်မတို့နှစ်ဦးရဲ့ လမ်းခွဲစကားကို ကျွန်မကပဲ စပြီး ဆိုပါရစေတော့။ ချစ်သူလို့နာမည်ခံသာရှိပြီ မောင်စိတ်လိုမှ စာလေးတစ်စောင်ရောက်လာတတ်တဲ့ ဟောဒီမြေမှာ ကျွန်မ နှလုံးသားတွေလဲ ကျွမ်းလှပါပြီ။ မောင့်သတင်းစကားတွေကို သူငယ်ချင်းတွေသယ်သယ်လာကြတာလဲ ကျွန်မရဲ့ နားနှစ်ဖက်လျှံကျနေပြီ။ ခြောက်နှစ်ကြာ ချစ်ခဲ့ကြတဲ့ အချစ်ဟာ နောက်ဆုံးမှာ သစ္စာမရှိကြေးဆိုတဲ့ ရလာဒ်က ကျွန်မအတွက်အကောင်းဆုံး အတွေ့အကြုံပါပဲ။ မောင်သဘောတူလို့ ဟောဒီအလုပ်နေရာ မောင်နဲ့ဝေးရမှာ ကျွန်မနေခဲ့တာပါ။ မောင်လဲ ကျွန်မကိုယုံလို့ ကျွန်မလဲမောင့်ကိုယုံလို့။ နောက်ဆုံးယုံကြည်မှုတွေ အသတ်ခံလိုက်ရတယ်။ နောက်နှစ်လက်ထပ်ကြမယ်လို့ ဆိုစကားသာလာခဲ့ပြီး လက်ထပ်ဖို့ဘာမှ မပြင်ဆင်ရသေးတဲ့ ယောက်ကျားတစ်ယောက်ရဲ့ ဂတိစကားကို ကျွန်မထပ်ပြီး မယုံတော့ပါဘူး။

          ဒါက နောက်ဆုံးမောင်ရေးထားတဲ့စာထဲမှာ ကျွန်မဖတ်မိခဲ့တာ။ စာလေးဖတ်ပြီး ရယ်စရာပြက်လုံး တစ်ခုရသလို ဟားတိုက်ရယ်ခဲ့သေးတယ်။ ကျွန်မကိုယ်တိုင်တောင် လက်ထပ်ဖို့ စုထားဆောင်းထားတဲ့ ငွေရှိနေပါရဲ့ နဲ့ မောင် ကဖြင့် အကြောင်းပြချက်မျိုးစုံပြ ခုထိကိုယ့်လက်ထဲ ငွေမရှိသေးဘူးဆိုလာလေတော့ လက်ထပ်ပွဲဆိုတာကို ဘယ်လိုများ စီစဉ်ရသလဲဆိုတာ မောင် မသိတာလား မသိချင်ယောင်များဆောင်နေခဲ့သလား။

သူများတွေများ ကျွန်မကိုမေးလာခဲ့ရင်ပေါ့ .. မောင်.. ကျွန်မကိုချစ်တဲ့ မောင့်ရဲ့ အချစ်ဆိုတာလေ
          “ အချစ်ကို ဘယ်ပုံလို့များ သူများတွေကို ပြောပြလိုက်ရမလဲ.. မောင်…။”


--
စာမရေးတာကြာလို့ ဘလော့လေးခြောက်ခန်းနေတာလဲ မကြည့်ရက်ပြန်လေတော့ အားတင်းပြီးရေး တင်မိပြန်တယ်။ ဒါပေသိ ပြန်ဖတ်တော့လဲ ကျေနပ်လောက်တဲ့အထိတော့မဟုတ်ပြန်ဘူး။ ၀ါသနအရ ခုလိုတိုတိုထွာထွာရေးတာလေး ကိုလဲ မစွန့်လွတ်နိုင်ပြန်ဘူး။ ဒါကြောင့် စာဖတ်နေရင်း အချိုးမကျတာလေးများတွေ့ခဲ့ရင် သည်းခံနားလည်ပေးပါလို့ တောင်းပန်စကားဆိုရင်း ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။
         
         

         

Tuesday, 8 September 2015

ရရ..စားစား..ခဲ့သော်.









မိဌေး ၏ဇာတိချက်ကြွေ မွေးရပ်မြေဟုဆိုလောက်သည့် မြို့စွန်မြို့ဖျား သည်ရပ်ကွက်လေးထဲမှာ နေလာတာ ကြာလှပြီ။ အထူးသဖြင့် မိဌေးနေသည့် သည်လမ်းသွယ်လေးထဲမှာ မိဌေးက မသိသူမရှိသလောက်ပေ။ မိဌေးသည် မိခင်အိုကြီးနှင့်အတူတူနေထိုင်ကာ အနီးအနားရပ်ကွက်ဈေးထဲတွင် ဟင်းသီးဟင်းရွက်ရောင်းသည့် အလုပ်ဖြင့် အသက်မွေးသည်။ ရုပ်ရည်ကလည်းသူတစ်ထူးအောင် ပြောပလောက်စရာမရှိပေရာ သည်လိုပဲ သူလိုကိုယ်လို ရုန်းရင်းကန်းရင် ရိုးရိုးအေးအေးမျှသာနေတတ်သည်။ မိဌေး စိတ်ထဲတွင် အမေနှင့် မိဌေးသည်သာဘ၀ တစ်ခြားချစ်စရာ မျက်စိကျစရာယောက်ကျားလဲ မတွေ့သလို စိတ်လဲမ၀င်စားပေ။ ယောက်ကျားများကလည်း မိဌေးကို စိတ်မ၀င်စားပေ။ အချိန်ပြည့် အရောင်အဆင်းခပ်မွဲမွဲ အ၀တ်အစားအချို့နှင့် ဟင်းရွက်ဗန်းကြီးခေါင်းပေါ်တင်သည့် အချိန်သာ မိဌေး အပြင်ထွက်သည့် အချိန်ဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ဘာမှမဘာနိုင်သော ပြားချပ်ချပ်ဖြစ် ပေရာ မည်သည့်ဆန့်ကျင်ဘက် ပုရိသယောက်ကျားမှ မိဌေးကို စိတ်ဝင်စားခြင်းမရှိလှပေ။ တစ်ခါတစ်ရံ အလေးအပင် မသည်မှာ များလှပေရာ လမ်းလျှောက်ရာတွင် ခါးလေးက ခပ်ကိုင်းကိုင်း မိဌေး၏ အသက်သည် အမှန်ဆိုလျှင် ၃၀ ကျော်ကျော်မျှသာရှိသေးသည်။ သို့သော် ၅၀ နားနီးနီး မိန်းမကြီးတစ်ယောက်ပမာဟုပင် ထင်မြင်ရသည်။

မိဌေးကလည်း သူများမည်သို့မြင်သည် ဂရုမစိုက်။ သူ့စိတ်ထဲရှိသည်မှာ ဈေးရောင်းမည် ပိုက်ဆံရမည် အမေအိုကြီးလုပ်ကျွေးမည်။ ဒါသည်ပင် မိဌေး စိတ်ချမ်းသာလှပြီ။ မိဌေး၏ အမေသည် အဖေ့ကိုကြောက်ရသည်။ အဖေသည်လည်း ညနေစောင်းဆိုလျှင် အရက်ကမူး သွေးကဆိုးဆိုးဖြင့် မိဌေးတို့ သားအမိနှစ်ယောက်သည် အဖေ့၏ စိတ်ထွက်ပေါက်ဖြစ်ရရှာသည်။ တစ်ခါတစ်ရံ မူးသည်ယစ်သည် တစ်ခါတစ်ရံ လက်ပါခြေပါနှင့် နှိပ်စက်သည်။ မိဌေး ငယ်ငယ်က အမေ့ကိုပြောမိသည်။

 “အမေရယ် သမီးတို့သားအမိ ပြေးကြပါစို့ “ လို့ ဒီတော့အမေက

“မဖြစ်သေးပါဘူး သမီးရယ် ညည်းအဖေတစ်ယောက်တည်း ဒီထက် ပိုပျက်စီးသွားမှာပေါ့။ ပြီးအမေတို့သားအမိ ဘယ်လိုရှာဖွေ စားသောက်ကြမလဲ။ အမေက ဘာမှ လုပ်တတ်ကိုင်တတ်တာမဟုတ်ဘူး။ တောသူမဆိုတော့ ရွာပြန်ကောက်စိုက်ဖို့သာ တတ်တာအေ့” လို့ ဆိုတတ်တယ်။

နှစ်ခါသုံးခါဆိုတော့ မိဌေး လည်းအမေ့ကို မတိုက်တွန်း ဖြစ်တော့ပါဘူး။ အဖေနှိပ်စက်သမျှ ကြိတ်ခံရနေရတော့တာပဲ။ နောက် မိဌေး အသက် ၂၀ ကျော်ကျော်လောက်မှာ အဖေသည်အရက်ကြောင့်ပင် အသက်ဆုံးရှုံးခဲ့ရသည်။ ဘာလို့မှန်းတော့ မိဌေးမသိပေ။ အဖေဆုံးသွားတော့ မိဌေး လည်းမငို အမေလည်းမငိုခဲ့ပေ။ မျက်ရည်သည်သူ့အလိုလိုမကျခဲ့။ မိဌေးတို့သားအမိနှစ်ယောက် ငိုခဲ့ရလွန်းသဖြင့် မျက်ရည်တို့ခန်းသွားခဲ့ပြီလား မသိနိုင်ပေ။ သားအမိနှစ်ယောက် သွားလေသူအဖေ့အတွက် တာဝန်ကျေအောင်တော့ ကုသိုလ်ကောင်းမှု ရသမျှ ပြုပေးခဲ့သည်။

 မိဌေး၏ ဟင်းရွက်ဆိုင်လေးသည် ရောင်းအားကောင်းလှသည်။ မိဌေးက အပြောအဆိုယဉ်ကျေးသည်။ တတ်နိုင်သမျှ ဟင်းရွက်များကို စိမ်းနေအောင်ထားသည်။ နွမ်းပြီးရိသွားသည်များဆိုလျှင် ရှုံးသော်လည်း လွှတ်သာပြစ် လိုက်တတ်သည်။ စပြီးရောင်းကာစက ဆိုလျှင် တစ်ပတ်တစ်ကြိမ်သာ ဈေးကြီးထဲသွားဖောက်သည်ယူနိုင်သော မိဌေးသည် ယခုဆိုလျှင် ၂ ရက်တစ်ကြိမ်မျှ ဈေးကြီးထဲ ဆင်းရသည်။ မနက်မိုးမလင်းခင် ဝေလီဝေလင်းကပင် ဈေးကြီးထဲ ဖောက်သည်ယူ ရပ်ကွက်ဈေးအမှီပြန်ခင်း ရသမျှရောင်း ထမင်းစားချိန် အမေချက်ထားတာလေးပြေးစား ညနေစောင်းဆိုလျှင် ညဈေးထဲတစ်ခါဆိုင်ထွက်နှင့် မိဌေး ဘ၀ကျင်လည်နေခဲ့သည်။ ယခုတော့ဖြင့် လောကအလယ်တွင် မိဌေး တစ်ယောက်သာရှိတော့သည်.။ အမေသည် မိဌေးကို စိတ်ချလက်ချထားခဲ့လေပြီ။ ဒီတော့ မှ မိဌေးသိသည်။ မိဌေး၏ မျက်ရည်တို့မခန်းသေးပေ အော်ကြီးဟစ်ကျယ်မငိုမိသော်ငြား စိတ်ထဲကဖြင့် ကြိတ်ပြီး ရှိုက်ခဲ့ရလေသည်။

          “အမေရယ် မိဌေးပိုက်ဆံရှာနိုင် ကျွေးနိုင်မွေးနိုင်သည့်အချိန်များ အေးအေးချမ်းချမ်း အသက်ရှည်ရှည်လေး နေပါရော့လား ။ ဒီလောက်ထိ အဖေ့နောက်ကို အလောတကြီး လိုက်သွားစရာများလိုသလားလို့” မိဌေး ၀မ်းနည်းရသည်။  ပြီးတော့ အမေမရှိတော့ မိဌေး၏ဘ၀သည် တွယ်စရာမရှိသည့် နွယ်တစ်ပင်လိုပင်။ ငါဘာအတွက်များ လောကကြီးထဲ အသက်ရှိနေသလဲဟု တွေးမိသည်အထိ။

          အမေမရှိသည့်နောက်ပိုင်းတွင်လဲ မိဌေး၏ဘ၀သည် ထူးပြီးပြောင်းလဲမသွားခဲ့ပေ။ သည်လိုပင် တစ်ကိုယ်တည်း ရှာလိုက်ဖွေလိုက် ကျင်လည်လာလိုက်နှင့်သာ အချိန်တွေကုန်လွန်လာခဲ့သည်။ အဲ ထူးသည်မှာ ရပ်ကွက်လူကြီး ဖြစ်သည်။ မိဌေး၏ ဆိုင်မှ ဟင်းရွက်တို့ကို လာဝယ်သည် စကားများဖောင်ဖွဲ့အောင် ပြောသည်။ ကြာသော် အရိုးခံ မိဌေးသည် ရယ်ရယ်ပြုံးပြုံးဖြင့် စကားပြန်ပြောတတ်လာသည်။ တစ်ခါတစ်ရံ ဒန့်သလွန်သီးနုနုလေးများရလျှင် အိမ်သို့လာပို့ပေးပါဟု မှာတတ်လေရာ. မိဌေးကလည်းရလာသည့်နေ့ဆိုလျှင် တကူးတကပင် အိမ်သို့ဝင်ပို့ ပေး တတ်သည်။ ဟိုဟင်းရွက်လေးရလျှင် လာပို့ပေးပါ ဒီဟင်းရွက်လေးများရလျှင် လာပို့ပေးပါဟု အမှာတော်ရှိတိုင်း မိဌေးကလဲ ပို့မြဲ။ ကြာသော် သူများကို ငါးကျပ်ရောင်းလျှင် သူတို့အားခင်မင်လာသဖြင့် လေးကျပ်သာပေးပါဟု တောင်းတတ်သည်။ တစ်ခါတစ်ရံလည်း ထိုအိမ်မှ ဘာဟင်းလေးချက်လို့ဆိုပြီး ဟင်းခွက်ကလေးများလည်း ရောက်လာ တတ်ခဲ့ပြီ မဟုတ်ပါလား။ ထို့ကြောင့်  တစ်ကိုယ်တည်း တွယ်ရာမဲ့နေသော  မိဌေးသည် ကျေကျေနပ်နပ်ကြီး အတွယ် ခံလေတော့သည်။
         
          အစတွင်ပြသနာမရှိသော်လည်း အချိန်တို့ကြာလာလေ အစိုင်အခဲသည် ကြီးလာလေဖြစ်ရသည်။ အစက စကားသာဖောင်ဖွဲ့အောင် ပြောတတ်သော်လည်း ခင်မင်ရင်းနှီးလာသည့်အခါ လက်လေးပုတ် ခြေလေးတို့နှင့် စကား ပြောလာပြန်သည်။ မိဌေးက ထိုသို့ဖြစ်လာတော့ မကြိုက်ချင်။ လူမြင်ကွင်းမှာ သည်လို လက်တို့ ခြေတို့စကားပြောစရာ မလိုဟုထင်သည်။ အများအမြင်လဲ မသင့်တော်ပေ။ မိဌေး၏ စိတ်အရင်းခံကလည်း အဖေ့ကြောင့် ယောက်ကျားဟူသည် သိပ်ပြီးအမြင်ကြည်လင်လှသည်မဟုတ်။ ထို့ကြောင့် မိဌေးက သည်းမခံနိုင်သည့် အဆုံးတွင် ခပ်ပြတ်ပြတ် ခပ်ရိုင်းရိုင်းပြောလွှတ်လိုက်သည်။ လူကြားထဲ ပက်ကနဲ ပြောလိုက်သည်မို့ မျက်နှာကြီးမည်းပြီး ထွက်သွားသည်။ ထိုပြသနာသည် သည်တွင်ပြီးပြီဟု မိဌေးထင်လိုက်သည်။ သြော် တစ်ကိုယ်တည်းဖြစ်နေသည်မို့ မိတ်ဆွေဟု မိဌေးထင်ခဲ့သမျှ ခုတော့ တက်တက်စင်အောင် လွဲလေပြီ။
         
အစကတည်းက တစ်ယောက်ထဲ ခုလဲတစ်ယောက်ထဲ မိဌေးအတွက် ထူးခြားမနေတော့ပါလေ။ ဒီလိုပဲ မေ့မေ့ ပျောက်ပျောက် ရရစားစားရှာရှာဖွေဖွေသာနေခဲ့သည်။ အတွယ်မရှိသောဘ၀သည် ပြန်ပြီးလွတ်လပ်သွားပြန် သည်။

“ဟဲ့ မိဌေးညည်း တုံးသလိုလို အသလိုလို လုပ်မနေနဲ့ ညည်းတော့ ဒုက္ခလှလှတွေ့တော့မှာပဲ။ ညည်းကို မမြင့်က သူ့ယောက်ကျားနဲ့ ဖောက်ပြန်နေတယ်လို့ ရပ်ကွက်ထဲ လျှောက်ပြောနေတယ်တဲ့” သည်စကားသယ်ဆောင် လာသူက ဈေးထဲမှာ မိဌေးနဲ့အတူ ဘေးချင်းယှဉ်လျှက် မျှစ်ရောင်းနေသည့် အမေကြည် ပေါ့။

“မဟုတ်တာ အမေကြည် ရယ် မိဌေးဘယ်တုန်းကများ အနေအထိုင် လှပ်ပေါ်လော်လည်နေမိလို့တုန်း.” မိဌေးက ဒီလိုဆိုပြန်လေတော့

“ညည်းသူတို့အိမ် ဟင်းရွက်တွေသွားသွားပေးတယ်ဆို။ ဈေးလည်းလျှော့ပေးတယ်ဆို။ ပြီးသူ့ယောက်ကျားများ ဈေးလာဝယ်ရင် ပြုံးလို့ရွှင်လို့ဆို. သူ့ယောက်ကျားကလည်း ကလေးတွေကို ဟင်းခွက်ကလေးတွေ လာလာပို့ခိုင်းတယ် ဆို..”


“ဟင်းရွက်တွေ သွားပေးတာက သူတို့ကမှာထားလို့ပါ။ မိဌေးသွားပေးရင် အဲဒီမမြင့်ကိုယ်တိုင်ပဲ ကျေးဇူးတင်တယ်နော် မိဌေး သိလားဆိုပြီး စကားတွေဖောင်ဖွဲ့အောင်ပြောပြီး ထွက်ထွက်ယူတာပါတော့် သည်တော့ မိဌေးက သြော် သူတို့ ငါ့ကို ခင်ကြရှာတယ်ဆိုပြီး ဈေးလျှော့ပေးမိတာပါ”

အမေကြည် သဘောပေါက်လိုက်ပြီး အရိုးခံ မိဌေးဒီကလေးမတော့ ထောင်ချောက်မိပြီထင်။ ခက်သည်က အမေကြည်ကသာ မိဌေးကိုအမြင်ရှင်းခြင်းဖြစ်သည်။ ကိုယ့်သမီးလေးလို ချစ်သည် သံယောစဉ်လဲ ဖြစ်မိသည်။ သူတို့ သားအမိဘ၀ သနားလည်းသနားသည် ကိုယ်ချင်းလဲစာမိသည်။ အမေကြည်ကိုယ်တိုင် ခုထိမြေးတွေကို ရှာဖွေလုပ်ကျွေး နေရတုန်း အသက်ကြီးတယ်ရယ်လို့ မနားနိုင်သေးဘူးမဟုတ်ပါလား။ ကိုယ့်ဒုက္ခမှ ကိုယ်အနိုင်နိုင်ရယ် သူများဒုက္ခ ကိုယ်ဘယ်လိုများကယ်နိုင်မတုန်း။ သက်ပြင်းခပ်လေးလေးသာချပြီး ခေါင်းလေးသာခါလိုက်မိသည်။

“သမီး မိဌေးညည်းဒုက္ခတစ်ခုခုဖြစ်ပြီဆို အမေကြည်ကို တိုင်ပင်နော်။ အမေကြည် တတ်နိုင်သလောက်တော့ ကူညီနိုင်ပါတယ်ကွယ်။”

မိဌေးက မသိသလို နားမလည်သလို ပြန်ကြည့်ရင်း ယောင်နနနှင့် ခေါင်းညိမ့်ပြလိုက်သည်။ ပတ်ဝန်းကျင်မှ လူများကဖြင့် တစ်ချို့လည်းမမြင့်၏ စကားကိုချဲ့ကားပြီး ဟုတ်သယောင်ယောင်ပြောကြသည်။ တစ်ချို့လဲ သူတို့ပဲ တစ်ကယ်ကြီး မြင်ခဲ့ရသလိုမျိုး။ တစ်ချို့ကလဲ မဟုတ်ပါဘူးအေ ဒီကလေးမ ခပ်ရိုးရိုးနေတာပါ။ ဒင်းတို့လင်မယား ဘယ်လိုစိတ်ထားမမှန်လဲ ဆိုတာအကုန်သိပ။ ဒါပေမယ့် သူများဓါးခုတ်ရာ လက်တော့ဝင်မလျှိုနိုင်ဘူးဟူ သည့်သဘောဖြင့် ရေငုံနှုတ်ပိတ်နေကြသည်။ မိဌေးကတော့ သတင်းအတော်ကြီးနေသည့် ရွှေမင်းသမီးဖြစ်ပေပြီ။ အချို့ကလည်း ယောက်ကျားသားများဖြစ်နေပါလျှက် သနားသလိုလို ကိုယ်ချင်းစာသလိုနှင့် “ဒီလိုပုံကိုများ ဒင်းကခိုးစား ၀ှက်စားတာ အံ့ပါရဲ့.။ သူ့မိန်းမ မမြင့်ရင်နာမယ်ဆိုလဲ နာလောက်ပါရဲ့” လို့ ဆိုကြပြန်သေးသည်။ မိဌေးလည်း တစ်နေ့ထက်တစ်နေ့ မျက်နှာသည် ထူအမ်းအမ်းဖြစ်လာသည်။ ဈေးရောင်းလဲ အရင်ကလောက် မသွက်တော့ပေ။ ပိုပြီးခက်သည်က ရပ်ကွက်ရုံးမှ စာလာသည် မိဌေးယခုနေသောအိမ်နေရာသည် မိဌေးတို့အပိုင်မဟုတ်ပါတဲ့။ မိဌေးကို ဘယ်နေ့နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ သတိပေးစာဖြစ်သည်။

နောက်ဆုံးတော့ မိဌေးသည် ကိုယ်၏ ဇာတိချက်ကြွေမွေးရပ်မြေကိုစွန့်ခွာခဲ့ရလေသည်။ အမေကြည်က တိုင်ပင်ဆိုတော့ အမေကြည်ကိုသာ တိုင်ပင်လိုက်မိသည်။ အမေကြည် ကလည်း  ကဲ ညည်းကျုပ်ညီမရှိတဲ့ ရွာကိုသာ သွားနေပေတော့။ သူက ညည်းကိုစောင့်ရှောက်ပါလိမ့်မယ်။ ညည်းစုမိဆောင်းမိထားတဲ့ ငွေလေးနဲ့ ရွာမှာခုလိုပဲ ဈေးရောင်းစားပေါ့။ မဟုတ်လဲ ကျုပ်ရဲ့ညီမသီလရှင်ဆရာကြီးက ညည်းကိုနေဖို့ထိုင်ဖို့ စီစဉ်ပေးမှာပါ။ ကဲ သွားပေအုန်း တော့ သမီးမိဌေးရေ.. ဘ၀သံသရာဆိုတာဒီလိုပဲ ရတက်ပွေအောင် လျှောက်လှမ်းရတယ်မဟုတ်လားလို့ မျက်ရည်လေး စမ်းစမ်းနဲ့ အားပေးလွှတ်လိုက်ရတော့သည်။

နောက် ၃ လလောက်အကြာတွင် မိဌေး၏ အိမ်နေရာသည် ဘီယာဆိုင်ကြီးကြီး တစ်ဆိုင်ဖွင့်လာသည်။ ရပ်ကွက်ရုံးမှမြေနေရာ ငှားသည်ဟု သိရသည်။ မိဌေး၏ ဟင်းရွက်ဆိုင်နေရာကို မမြင့်က သေသေချာချာပြန်လည် ပြုပြင်သည်။ သူမ၏နာမည်ဖြင့် ဆိုင်နေရာကျအောင်လျှောက်ထားသည်။ ထိုဆိုင်ပေါ်တွင် ဆန် ဆီ ဆား ငရုတ် ကြက်သွန် ကုန်ခြောက်များအား အကြီးအကျယ်တင်ရောင်းသည်။ ဒီတော့လည်း ပတ်ဝန်းကျင်မှ အသံအချို့ ထွက်လာ ပြန်သည်။ မမြင့်တို့တွင် ဒီလောက်ထိရင်းနှီးစားသောက်နိုင်လောက်သည့် ငွေရင်းမရှိဘူးဆိုတာ အကုန်သိသည်။ ဘယ်က ငွေများရသနည်း။ မမြင့်အဆိုအရဆိုလျှင် မိဘအမွေဟု နာမည်တွင်၏။ မမြင့်၏လည်ပင်းတွင် ရွှေဆွဲကြိုးတုတ် တုတ်ခိုင်ခိုင်ကြီး တစ်ကုံးနှင့် လက်ကောက်ကွင်းများခြင်း တစ်ချွင်ချွင်ထိပွတ်သံတို့သည် ဆိုင်ချင်းဘေးချင်းယှဉ်လျှက် ရောင်းနေသော အမေကြည်နားကြားမြင်ကပ်လှသည်။ စိတ်ထဲမှလည်း ပြောမိသည် ဒင်းတို့ချွင်နိုင်ကြပါစေ။ ချွင်နိုင် ကြပါစေ။ ယခုဆိုလျှင် အမေကြည်၏ ဆိုင်ကလေးပင် ခပ်ယဲ့ ယဲ့ ဖြစ်လှပြီ။ မမြင့်က သူ့ဆိုင်ကိုချဲ့လိုလှသည်ဟု အမေကြည်မကြားကြားအောင် ပြောနေတတ်သည်မဟုတ်ပါလား။ ငွေကလေး မြိုးမြိုးမြက်မြက်ရလျှင်ဖြင့် အမေကြည်ဆိုင်လေးအား ပြန်ထုတ်လိုက်မည်ဟု တွေးထားပြီးသား အမေကြည်လည်း လူထဲကလူဖြစ်သည့်အပြင် သည်နှစ် မြေးအကြီးဆုံးလေးက ၁၀ တန်းအောင်ပြီးဆိုတော့ တက္ကသိုလ်စားရိတ် ကြိုရှာထားရပေမည်။

     သည်လိုနှင့် ရက်တွေလပြောင်း ရာသီတွေပြောင်းရင်း အမေကြည်၏ ဆိုင်လေးလဲ ပျောက်ကွယ်သွားခဲ့ပြီ။တစ်နေ့ တော့ ..ဈေးဝယ်လာသူတစ်ဦး၏ ညည်းသံကြားရသည်။
“ဟင်းရွက်တွေကလည်း ပိုက်ဆံပေးပြီးဝယ်ရတာတောင် အကောင်းမရဘူး.။ နွမ်းဖတ်လို့။ အရင်ကဆို ဟိုကောင်မလေး ရောင်းသည့် ဟင်းရွက်များ စိမ်းပြီးလတ်နေတာပဲ.။”

ဈေးသည်အချင်းချင်းပြောကြသည့်စကားသည်
“ဟဲ့ မိသက် ညည်းယောက်ကျားလူအေးကြီး ဘယ်လိုဖြစ်သွားတုန်း။ အရင်ကဆိုစကားတောင် ခပ်ဟဟ ပြောတာ မဟုတ်ဘူး ညက မူးပြီး ရပ်ကွက်ထဲ ရမ်းလို့ဆို”

“အေးလေ သူကိုယ်တိုင်ကလည်းကြီးမှ မိုက်တဲ့ ကြီးမိုက် သည်ကြားထဲ အလွယ်တစ်ကူ သောက်ချင်မူးချင်တိုင်း မူးလို့ရတဲ့ ဟိုဆိုင်ကြီးကလည်းရှိ. အကြွေးကလည်းရ။ အရင်ကဆိုရင် အရက်ဆိုင်ဆိုတာ ခပ်ဝေးဝေးလျှောက်ရ တစ်ကူးတစ်က ကားစီးရနဲ့ ခုခောတ်က လိုချင်တိုင်းအလွယ်တစ်ကူနေရာတစ်ကာရနေပြန်တော့..”

“အေးလေ မိဌေးသာဟင်းရွက်ဆက်ရောင်းနေရင် ကျုပ်ယောက်ကျားအရက်သမားလည်း အသေစောမှာမဟုတ်ဘူး. ညည်းယောက်ကျားလည်း အရက်သမားဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် တွေးကြည့်တော့လည်း မဆိုင်ပါဘူးအေ။ ဒင်းတို့ကိုးက ..မိုက်တာ”

     ဟင်းရွက်သည်မလေးအား အချို့ကလည်း သတိရကြသည်။ အချို့ကလည်း မေ့မေ့ပျောက်ပျောက်။ သူမ ပျောက်သွားသည်မှာ သူမ၏ဘ၀တစ်ခုသာပျောက်သွားခြင်းဖြစ်သည်။ ယခုချိန်ဆိုလျှင် မိဌေးသည် ဘ၀သစ်တွင် အခြေကျလျှင်လည်း အခြေကျနေလောက်ပြီ။ သည်ရပ်ကွက်ထဲ ကျန်ခဲ့သည့်သူများသည်သာ ကောင်းလျှင်လည်း ကောင်းသည်ခံစားရမည်။ ဆိုးလျှင်လဲ ဆိုးသည်ခံစားရမည်။ သို့ပေမယ့် ပြန်စဉ်းစားကြည့်လျှင်လည်း ဟင်းရွက်သည်မ လေးတစ်ယောက် ပျောက်ရှသွားခြင်းသည် သည်ရပ်ကွက်၏ ကောင်းခြင်းဆိုးခြင်းကို မလှုပ်ခတ်နိုင်ပါပေ။

          အမှန်တစ်ကယ် အားနည်းချက်မှာ မကောင်းသည့်သူအား မကောင်းဘူးလို့ မပြောရဲခဲ့ကြပေ။ ငါကိုယ်တိုင် တောင် အနိုင်နိုင် ငါ့နဲ့မှ မဆိုင်တာဟူသည့် အတွေး သူ့ပြသနာ သူရှင်းလိုက်မယ်ဟူသည့် သဘော၊ ကိစ္စတစ်ခုကို ခြေခြေမြစ်မြစ် ဘာလဲဟု သေချာမတွေးတော မဆင်ခြင်ပဲ သူများအပြောနဲ့ ရောယောင်လိုက်ကြသည့် သဘော၊ အဓိက အားနည်းချက်မှာ စိတ်ထားအခြေခံမကောင်းသည့်သူအား ခေါင်းဆောင်တင်မြှောက်ထားခြင်းပင်ဖြစ်သည်။ 

မကောင်းဘူးဟုသိသည့်အခါ စည်းစည်းလုံးလုံးဖြုတ်ချခဲ့သော် ..

မကောင်းဘူးဟုသိသည့်အခါ မှန်ကန်သော လမ်းကိုလျှောက်ခဲ့သော်….

--
တွေးမိသမျှအား ၀ါသနာအရသာ ဒီပို့စ်လေးကို ရေးခဲ့မိပါသည်။ အားနည်းချက်များရှိခဲ့သော် ဖြည့်စွက်နားလည်ပေးကြဖို့ တောင်းပန်စကားဆိုရင်း ချစ်စွာသော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။