Sunday, 8 March 2015

ဤခရီးနီးသလား



       



    ဤခရီးနီးသလားဟု ကျွန်မကိုမေးလာခဲ့လျှင် ဝေးပါသည် ကျွန်မအတွက် ဝေးလွန်းနေပါသည်ဟုသာ ကျွန်မ ၏ ကိုယ်ပိုင်ဘ၀နှင့် နှိုင်းယှဉ်ရင်းဖြေမိမည်ဖြစ်သည်။ ကျွန်မ၏ နာမည်ကို လူတိုင်းက အလွယ်ခေါ်ကြသည်မှာ အညို ဟု ခေါ်သည်။ အညို တွင် အညိုအပါအ၀င် မွေးချင်းမောင်နှမ သုံးယောက်ရှိသည်။ အညိုသည် သမီးအကြီးဆုံးဖြစ်သည်။ အညို တို့မိသားစု သည် သာမန်လက်လုပ်လက်စား မိသားစုသာဖြစ်သည်။ ဆင်းရဲတွင်းနက်သည်။ အညိုတို့သည် ရပ်ကွက်မှ ယာယီပေး ထားသော မြေနေရာတွင် သက်ကယ် ဓနိမိုး အိမ်ကလေးတစ်လုံး ကိုယ်ပိုင်ဆောက် ကာနေကြသည်။ အလကားတော့ မဟုတ် လစဉ်ရပ်ကွက်ရုံးသို့ အိမ်လခတော့ဖြင့်ပေးရသည်။ သို့ပေမယ့် တစ်ခြားအိမ်တို့ကို ငှားနေသည်နှင့်စာလျှင် အများကြီးသက်သာသဖြင့် ထိုကဲ့သို့ပေးနေရသည်ကိုပင် ကျေနပ်လှပြီ။ ကျေးဇူးကြီးလှပြီ. ဒါသည်အညိုတို့၏ မိသားစုဘ၀။

          သို့ပေမယ့် ကျီးလန့်စာစားဆိုသလိုပင် ဘယ်အချိန်များ ဒီနေရာကနေ ဖယ်ခိုင်းမလဲ ဆိုသည်ကို အစဉ်အမြဲ ပူပန်ကြောင့်ကြနေရတတ်သည်။ သည်နေရာကနေ ဘယ်ပြောင်းရမှန်းလဲမသိ။ ဒီကြားထဲ အိမ်ငှားလျှင် အရင်လိုစပေါ် တင် လစဉ်ပေးမဟုတ် ၆ လ အပြတ် တစ်နှစ်စာ အပြတ် ပိုက်ဆံပုံပေးပြီး ငှားရသဖြင့် လက်လုပ်လက်စား အညို တို့ မိသားစုအတွက်တော့ တာဝန်ကြီးလှသည်။ သူများတွေ ကြေးအိုးတစ်ပွဲ ငွေ ၅ ထောင်ပေးကာစားသောက်နေနိုင်သော ခောတ် တွင် အညိုတို့မိသားစုအတွက် ငွေ ၅ ထောင်ဆိုသည့် ပမာဏမှာ များပြားလွန်းနေသေးသည်။ အညို ငယ်စဉ်
ကထဲက အိမ်မက်မက်လာခဲ့သည်မှာ ကိုယ်ပိုင်အိမ်လေးတစ်လုံး ရရှိဖို့ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အိမ်ပြောင်း ကာနီးလျှင် အမေသောကရောက်ရသည်။ ငိုကြွေးရသည်။ အဖေ့ မျက်နှာသူများအောက်ကျို့ ရသည်။ ကိုယ့်ကို ငွေ မချေးချင်လို့ ရှောင်နေမှန်းသိရက်နှင့်  ဒီတစ်လမ်းသာရှိလေတော့ ခေါင်းငုံ့ကာ ကိုယ်လိုချင်သမျှ ပိုက်ဆံကိုချေးရ သည်။ အတိုးသည် မတန်တဆပေးရသည်။ အိမ်တစ်ခါပြောင်းလျှင် အကြွေးသည်နှစ်ချီ၍ ပြန်ဆပ်ရသည်။

ခရီး၏ အစ..
          ပထမတစ်အိမ်ပြောင်းတုန်းကဆိုလျှင် အညို ကျောင်းမှထွက်လိုက်ရသည်။ ထိုနှစ်က အညိုသည် ၁၀တန်း ကျောင်းတက်နေစဲ ဖြစ်သည်။ အညို စိတ်ထဲတွင် ၁၀ တန်းအောင်လျှင် တက္ကသိုလ်တက်မည်။ ပညာတတ်ကြီး ဖြစ် လာလျှင် ပိုက်ဆံတွေရှာမည် ။ ပြီးလျှင် အမေတို့အတွက် အိမ်လေးတစ်လုံးဝယ်ပေးမည်။ သို့သော် ၁၀ တန်းနှစ်စမှာပင် အမေတို့အိမ်ပြောင်းရမယ် သမီး။ ငါ့သမီးကိုလည်း ကျူရှင်ကောင်းကောင်းလဲ မထားပေးနိုင်။ အောင်ချင်မှလဲ အောင်မှာ။ ဒီတော့ တစ်နှစ်လောက်အောက်လိုက်ပါသမီးရယ်လို့ အမေက သနားစဖွယ်ဆို လာပြန်တော့ အညိုမှာ ခေါင်းညိမ့်နာခံရုံကလွဲ ပြီး တစ်ခြားနည်းမရှိ။ ကျောင်းမတက်ရပေမယ့် အမေက တစ်နှစ်ပဲ အောက်လိုက်ပါ ဆိုလာသဖြင့် အညိုသူငယ်ချင်းများ ထံမှ စာအုပ်တွေငှားပြီး  စာကျက်ထားခဲ့သည်။ နောင်နှစ် စာမေးပွဲ ၀င်ဖြေလိုက်လျှင် အညို အောင်ကို အောင်ရမည်။

          အိမ်တွင်အားလပ်နေသော အညိုအတွက် ပိုက်ဆံရမည့်အလုပ်ကို ရှာလာရသည်။ စက်ရုံတစ်ခုတွင် လုပ်ရမည်ဖြစ် သည်။ အအေးခန်းထဲတွင် ငါးများရွေးရသောအလုပ်။ တစ်နေကုန် ပိုးသတ်ဆေးနံ့ တစ်ထောင်းထောင်းနှင့် အေးခဲနေ သောအခန်းထဲတွင် မတ်တပ်ရပ် ငါးရွေးရသောအလုပ်သည် မသက်သာလှပေ။ ညဘက်ပြန်လာလျှင် စာကလည်း  ကျက်ရသေးသည်။ အညို ပညာတတ်မိန်းမတစ်ယောက်ဖြစ်ချင်မိသည်။ သူများထက် တော်ချင်တတ်ချင်လျှင် သူများထက် ပိုအပင်ပန်းခံပြီး ပိုကြိုးစားရမည်ဟု အညိုမှတ်သားထားဖူးသည်။ သို့ပေမယ့် အညို တစ်ယောက် အလုပ် ထွက်လုပ်သဖြင့် တစ်နှစ်တိတိတွင် အိမ်ပြောင်းထားသော အကြွေးကျေခဲ့သည်။ အမေနှင့်အဖေ၏ မျက်နှာသည် ကြည်နူးနေခဲ့သည်။ အညိုလဲ ပျော်သည်။ ပြီးတော့ ပိုက်ဆံ၏ အသုံးဝင်ပုံကို အညို နည်းနည်းရိပ်မိသလိုရှိလာ သည်။ စာကျက်ပျက်လိုလျှင် ပျက်ပါစေတော့ အချိန်ပိုရှိလျှင် အညိုဆင်းသည်။ အချိန်ပိုလစာသည် အညို အတွက်အင်ကျီ ၀မ်းဆက် လှလှလေးများ ဖြစ်လာနိုင်သည် မဟုတ်ပါလား။

          ၁ နှစ်ခွဲကျော်ကျော်မျှ အလုပ်လုပ်ပြီးသောအခါ အညို လူရည်လည်လာခဲ့ပြီ။ ငါးရွေးသည့်အလုပ်ထက် ပိုပြီး အဆင်ပြေမည့် အလုပ်တစ်ခုကို အညို ရှာမိသည်။ ဒုတိယအလုပ်သည် အထည်ချုပ်စက်ရုံတွင်ဖြစ်သည်။ ပထမထိတွေ့ ခဲ့သည့် အသိုင်းအ၀န်းထက် လူပိုများသည်။ အမြင်ပိုကျယ်လာခဲ့သည်။ ထိုအချိန်တွင် အညိုသည် အချစ်ကို စတင် မြည်းစမ်းဘူးခဲ့ပြီဖြစ်သည်။ အိမ်တွင် အညို၏ ၁၀ တန်းမှတ်စုစာအုပ်ကလေးများ ဖတ်စာအုပ်များသည် ဖုန်အလူးလူး နှင့် ဒေါင့်ကပ်နေ ခဲ့ပြီဖြစ်သည်။  ဒုတိယအကြိမ်မြောက် အိမ်ထပ်ပြောင်းရပြန်သည်။ သြော် ပြေလည်သလိုလို ရှိလေမှ လို့ အညိုစိတ်ထဲ မချိတင်ကဲဖြစ်မိသေးသည်။ အေးလေဘယ်တတ်နိုင်မလဲ ပြောင်းဆိုတော့လဲ ပြောင်းရမှာပေါ့။ ခက်သည်က အညိုအလုပ်ထွက်လုပ်ပြီး လစာလေးပြေလည်လာစကထဲက အဖေသည် အလုပ်ကောင်းကောင်းမလုပ် တော့ပေ။ အကြောင်းပြချက်မှာ ပင်ပန်းပြီ အသက်ကြီးပြီ နားချင်လှသည်ဟု ဆိုသည်။ အမှန်က ၁ ကို ၁ ပေါင်းလျှင် ၂ ရမည် ဖြစ်သော်လည်း ယခုမှု ဒုံရင်းက ဒုံရင်း ၁ ယောက်ရှာသော ပိုက်ဆံအား တစ်မိသားစုလုံး ထိုင်စားနေသကဲ့ သို့ ရှိသည်။အဖေသည် ပုံမှန်ဝင်ငွေမရှိသော်လည်း  သုံးလတစ်ခါမျိုး လေးလတစ်ခါမျိုးဆိုလျှင်တော့ အဖေ့ဝင်ငွေရတတ် သည်။ အမေနှင့်အညို သည် အေးလေ မရတာထက်စာလျှင် ရနေလျှင်တော်သေးသည် ဟူသည့် အတွေးနှင့်ပင် အဖေ ပေးသမျှသော ပိုက်ဆံတို့အားလက်ခံရလေသည်။ ထိုအချိန်တွင် ပိုက်ဆံသည် ဘ၀တွင် အရေးကြီး ပစ္စည်း တစ်ခု ဖြစ်သည်ဆိုသည်ကို အညို သဘောပိုက်မိလာခဲ့သည်။ အညို၏ စာအုပ်လေးများမှ စာရွက်လေးများ တစ်ရွက်စီ တစ်ရွက်စီ ဆုတ်ဖြဲ ခံနေရပြီဖြစ်သည်။

ခရီး၏ အလယ်…
          အညိုတို့မောင်နှမထဲတွင် အညိုအောက်မှ ဒုတိယမြောက် ညီမသည် စာတော်သည်။ ညဏ်ထက်သည်။ ထို့ ကြောင့် အညိုမအောင်ခဲ့သည့် ၁၀ တန်းကို ညီမလေးအောင်စေရမည်ဟု အညို ဆုံးဖြတ်သည်။ ကျန်သော မောင် လေး တစ်ယောက်သည် စာလဲသေချာမသင်။ ဆေးလိပ်သောက် ရန်ဖြစ် ကျောင်းမှ ခဏခဏ တိုင်စာရောက်လာသဖြင့် ကျောင်းထုတ်လိုက်ရသည်။ ဒီတော့ ပညာရေးတွင်  ညီမလေးအတွက် အညိုကြိုးစားရမည်။ အမေကဖြင့် ဖြစ်ပါ့မလား သမီးရယ်ဟု ဆိုသည်။  အညို လိုမျိုး ညီမလေး လမ်းမပျောက်စေရ။ အညိုပခုံးမှ တာဝန်ထုပ်သည် ပိုပြီး ကြီးလာသည်။ အဖေ၏ ၀င်ငွေသည် ၃ လတစ်ကြိမ်တောင် မမှန်ချင်တော့ပေ။ ဒီကြားထဲ အညိုတို့ အထည်စက်ရုံတွေ ပိတ်သိမ်းသွား ကြသည်။ အညို အကြပ်ရိုက်လေပြီ။ ကံက ဆိုးလျှင် အုံနှင့်သင်းနှင့်ဆိုသကဲ့သို့  တတိယအကြိမ်မြောက် အိမ်ပြောင်း ရမည့် အကြောင်းက ပေါ်လာခဲ့သည်။ ဒီတစ်ခါ ပိုက်ဆံချေးရမည့်သူသည် အဖေ မဟုတ်တော့ပေ။ အညိုဖြစ်သည်။ အညို သူငယ်ချင်းတစ်ယောက် အလုပ်ပြောင်းသွားပြီး နောက်ပိုင်း အဆင်ပြေသည်ဟု ကြားရသည်။ ဟုတ်သည် ထိုသူငယ်ချင်းထံတွင် အကူအညီသွားတောင်းကြည့်မည်။ ရေနှစ်နေသူသည် ကောက်ရိုးတစ်မျှင်ကိုပင် ရလိုရငြား ဆွဲ မိမည်မှာ သေချာလှသည် မဟုတ်ပါလား။

          သူငယ်ချင်းသည် အညိုလိုချင်သည့် ငွေကြေးပမာဏကို  ကြည်ဖြူစွာ ကူညီရုံမက သူနှင့်အတူ အလုပ်လုပ်ရန် ပါ တိုက်တွန်းခဲ့သည်။  သူငယ်ချင်းမက ပြောသည်မှာ တစ်လမျှ အလုပ်လုပ်ရုံဖြင့် အကြွေးကျေသည်ဟူသတဲ့။ အညို ဦးဏှောက်တွင် သူငယ်ချင်းမစကားပြောသံများကို ကြားတစ်ချက် မကြားတစ်ချက် ။ အထိေ၇ာက်ဆုံးနှင့် အညို နားထဲကြားယောင်နေသည်မှာ တစ်လ၀င်ငွေသည် အညို အရင်အလုပ်လုပ်ခဲ့သည် လစာထက် များစွာ သာလွန်နေခြင်းပင်။ ဒါပေမယ့် အညို ယတိပြတ်ငြင်းဆန်ခဲ့သည်။ သူငယ်ချင်းမသည် အကူအညီလိုလျှင် ထပ်လာခဲ့ပါဟုဆိုကာ သူမကိုဆက်သွယ်ရမည့် ဖုန်းနံပါတ်ပင်ပေးလေသည်။ သူမဆိုသည်မှာ ဘ၀တူတွေမို့ ကိုယ်ချင်းစာပါသည်တဲ့။ ဟင့်အင်း အညို လူပင်ပန်းလျှင် ပင်ပန်းပါစေ။ စိတ်ပင်ပန်းစေ မည့် အလုပ်တော့ မလုပ်လိုပေ။

          သူငယ်ချင်းမထံမှ ပိုက်ဆံကိုယူခဲ့ပြီး အိမ်အပြန်သည် သာယာလှပနေခဲ့သည်။ ပြသနာတစ်ခု ဖြေရှင်းလို့ ပြီးပြီ။ အလုပ်အသစ်ရရေးသာ ကြိုးစားရပေတော့မည်။ ကြိုးစားလျှင် ဘာမဆိုဖြစ်ပါသည်လေ။ အိမ်ပေါ်သို့ လှမ်းတက် လိုက်သည်နှင့် အညို၏ နေ၀င်ချိန်ကို လှမ်းမြင်လိုက်ရသည်။ မောင်လေးကို ရဲများလက်ထိတ်ခတ်၍ ဖမ်းသွားခြင်းပင်။ ဘာဖြစ်လို့လဲဟု ဆိုသော် လူရိုက်မှု။ ဆေးဖိုးပေးလျှင် ကြေအေးပေးမည်ဟု ဆိုသည်။ ပြသနာ၏အစမှာ အဖေ့ ချဲကြွေးများ ကို လာတောင်းသော ချဲဒိုင်လုပ်သူ၏ ခေါင်းအား ရိုက်ခွဲလိုက်ခြင်းပင်ဖြစ်သည်။ ပြသနာ၏ အဆုံးတွင် အညို သူငယ်ချင်းမထံမှာ ချေးလာသော ပိုက်ဆံသည် မလုံလောက်သဖြင့် ဒုတိယမိ သွားထပ်ချေးရသည်။ အဖေ့ချဲကြွေး များ အကုန်ဆပ်ပေးလိုက်ရသလို ဆေးဖိုးလဲရောကြေး ပေးလိုက်ရသည်။ အိမ်ကလည်းပြောင်းရပေတော့မည်။ အမေက အညို ကို ကြည့်ကာ “အားနာလိုက်တာ သမီးရယ်” ဟုဆိုသည်။ အညို စိတ်ထဲက ပြန်ပြောမိသည်။ အမေ အားနာသင့်ပါတယ် အမေ သမီးကို အားနာသင့်ပါတယ်လို့ မနက်ဖြန်ဆိုလျှင် သူငယ်ချင်းမ၏ အကူအညီဖြင့် အညို အလုပ်စဆင်းရပေတော့ မည်။

          ထိုအချိန်တွင် အညို၏ ဒုတိယအရွယ်အချစ်သည် ပြတ်စဲသွားခဲ့သည်။ အကြောင်းပြချက်မှာ အညို၏ အလုပ်သစ်ကြောင့် ဖြစ်သည်။ အညိုလည်း ကျေနပ်မိပါသည်။ ကိုယ်ချစ်သောသူကို ကိုယ့်ကြောင့် မစွန်းထင်စေလို။ ချစ်သူကို ကျေကျေနပ်နပ် အပြုံးဖြင့် လမ်းခွဲလေးသော အခါ ချစ်သူသည် နောက်ဆုံးအကြိမ်အဖြင့် အညိုကို မေးခဲ့သေး သည်။ အညို တစ်ယောက်စာကိုဖြင့် သူဝမ်းဝအောင်ရှာဖွေကျွေးမွေးနိုင်ပါသည်တဲ့။ အညို ပြန်မေးခဲ့သည့်  နောက်ဆုံး မေးခွန်းကိုဖြင့် သူ ပြန်မဖြေခဲ့ပါ။ သူသည် အညိုကိုထားရစ်ခါ ကျောခိုင်းထွက်ခွာသွားခဲ့သည်။ အညိုမေးသည့် မေးခွန်းမှာ ရှင်းပါသည် တိုပါသည် ပြတ်ပါသည်။ “အညို မိသားစုကိုရော ” ဟူသည် မေးခွန်းတိုလေးမျှသာ အညို မေးခဲ့မိခြင်း ဖြစ် သည်။ အညိုတွင်ငယ်ဂုဏ်လေးရှိသလို ရွက်ကြမ်းရေကျိုထက် သာလွန်သည့် ရုပ်ရည်လေး ရှိလေရာ အညို အတွက် အလုပ်သည် ကောင်းသည်ဆိုခြင်းထက် သာလွန်နေသေးသည်။ သည်ပုံအတိုင်းဆိုလျှင် အညို မျှော်လင့်ခဲ့မိသော် ကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ဖြင့် နောင်နှစ်များမကြာမှီ ပိုင်ဆိုင်ရပေလိမ့်မည်။

          ညီမလေးသည်လည်း တက္ကသိုလ် ကျောင်းသူကြီးဖြစ်ခဲ့ပြီ။ အိမ်၏ တာဝန်များအားလုံးသည် အညိုပုခုံးတွင် နှစ်ဖက်လုံး ထမ်း ထားပြီးသားဖြစ်လေပြီ။ ယခုနေသော အိမ်လေးအား ရပ်ကွက်ရုံးသို့ ပြန်အပ်ခါ များမကြားမှီ ခပ်ယိုင်ယိုင် အိမ်အိုလေး တစ်လုံးအား အညိုတို့ ပိုင်ဆိုင်တော့မည်ဖြစ်သည်။ အညို အိမ်ဝယ်လိုက်နိုင်ပါသည်။ အိမ်သည် များစွာမကောင်းလှပါ ။ သို့ပေမယ့် ဓနိမိုးပျဉ်ကာ အိမ်ကလေး။ ဆွေးနေပေမယ့် နေလို့ရနေသေးသည်။ ဟောင်းနေပေမယ့် ပြိုမကျနိုင်သေး။ နွေအခါ အပူလုံသလို မိုးအခါ မိုးစိုမည့်အရေးတော့ ကာကွယ်လို့ ရနေသေးသည်။ သို့ပေမယ့် အညိုတို့မိသားစုအတွက်တော့ ရွှေဘုံရွှေနန်း တမျှ ခမ်းနားလှပလွန်းနေပြန်သည်။ အိုးပိုင် အိမ်ပိုင်ဟူသည့်ဘ၀ နေစရာမပူမပင်ရသည့် ဘ၀ အသက်၀၀ ရှုနိုင်သည့် အခွင့်အရေး ငါ ဘယ်အချိန် ဒီအိမ်ပေါ်ကဆင်းပေးရမလဲဟူသည့် ဝေဒနာ ပျောက်ကင်းသွားသည့် ခံစားချက် သူများတွေအတွက်တော့  ဘယ်လိုနေမည်မှန်းမသိသော်လည်း အညိုအတွက်တော့ ရင်ထဲမှ နှစ်ရှည်လများ တစ်ဆို့နေခဲ့သည် အလုံးကြီးတစ်ခု လျှော့ကျသွားသလိုပင်။ လေးလံလှသော ၀န်ထုပ်ဝန်ပိုးတစ်ခုကို နေရာအတည်တ ကျ ထားလိုက်နိုင်သကဲ့သို့ ကြည်နူးပီတိဖြစ်ရသည်။ အမေပြုံးသည် အဖေ၏ အပြုံးသည် ကျေနပ်သည့်အပြုံး။ ထိုအရာတို့နှင့်ပင် အညိုသည် ၁၀ တန်းမှ ဖတ်စာအုပ်ကလေးများကို ၄င်း သူများထက် ပိုကြိုးစားမှ ပိုပြီးတိုးတက်သည် ဟူ သည့် အဆိုအမိန့်တို့ကို ၄င်း အချစ်ကို ၄င်း လုံးလုံးလျားလျား မေ့လျှော့ နေခဲ့လေတော့ သည်။

ခရီး၏ …အဆုံး
          ညီမလေးသည် ဘွဲ့ရပညာတတ်ရုံမျှမက ကြင်ယာပါစုံသွားခဲ့သည်။ သို့သော် ဝေဒနာကြီးကြီးမားမား တစ်ခု တော့ဖြင့် ပေးခဲ့သေးသည်။ အမေ့သမီးအကြီးကို မင်္ဂလာပွဲ မလာပါစေနှင့်တဲ့။ သြော်…ပြောရက်နိုင်ပါပေ့ ဆိုသည့် အတွေးနှင့်ပင် ရင်နင့်နေခဲ့ရသည်။ အမေတို့ကို ထောက်ပံ့စေချင်လျှင် အမေ့သမီးအကြီးကို အမေတို့ အိမ်ရိပ်တောင် မနင်းစေပါနှင့်လို့ ဆိုခဲ့သေးပါသတဲ့။ ဘာဖြစ်လို့လဲဟု မေးသည့်အခါ အညို၏ အလုပ်ကို ရှက်လို့ပါတဲ့။ ဒီလိုမသန့် ရှင်းပဲ ရလာသည့် ငွေများနှင့် အညိုကို ရွံလို့တဲ့။ မောင်လေးကလည်း အညိုရှိလျှင် အိမ်တွင် မနေဘူးဟုဆိုသည်။ ရှက်လို့တဲ့။ သားယောက်ကျားလေး အပြင်မှာလေလွင့်နေလျှင် ပျက်စီးသွားနိုင်သည်။ သမီးမောင်လေးကို အိမ်ပြန် လာပါစေလို့ အမေက ဆိုလာသည့်အခါ အညိုသည် အိမ်ပေါ်က အလိုလို ဆင်းပေးရလေတော့သည်။ ယခုတော့ အညိုချစ်သော မိသားစုသည် အညို ကိုအလိုမရှိတော့ပါ။ အညိုသည် တစ်ဦးတည်း အထီးကျန်စွာ တိုက်ခန်းကျဉ်း ကျဉ်းလေး တစ်ခုထဲတွင်နေရသည်။ တော်သေးသည်က နောက်ဆုံးတစ်ခေါက်ဖမ်းမိခဲ့သည့် ငါးသည်ကြီးလွန်းသဖြင့် ယခုကဲ့သို့ တိုက်ခန်းကျဉ်းကျဉ်းလေးတစ်ခု ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ အိမ်ရိပ်တောင် မနင်းရဘူးဆိုသဖြင့် အညို အဝေးကနေသာ လှမ်းကြည့်ခွင့်ရရှိခဲ့သည်။ ဒုတိယ အရွယ်အချစ်နှင့်လည်း ကြုံကြိုက်သဖြင့် တစ်ခါဆုံခဲ့သေးသည်။ သူသည် သမီးလေးတစ်ယောက်ရနေပြီဖြစ်သည်။

          အညို ကိုဂရုဏာသက်စွာ ကြည့်ရင်း အညို ရယ် မိသားစုကို ဒီလောက်တောင် ချစ်ရသလားဟု ပြစ်တင် ဆို ညည်းသွားခဲ့သည်။ ကိုယ့်ကိုယ်ကို လည်းဂရုစိုက်လို့ဆိုသည်။  သူ့အမျိုးသမီးရောက်လာပြီ ပြန်ကြရအောင် ဆိုသဖြင့် အညိုနေသော အိမ်ကိုပင် ကားကြုံ လိုက်ပို့ခဲ့ကြသေးသည်။ အညို၏ ဒုတိယအချစ်သည် ယခုကားနှင့်အိုးပိုင် အိမ်ပိုင် နှင့်ဖြစ်သည်။ သူ့အမျိုးသမီးနေရာတွင် အညို ကိုယ့်ကိုယ်ကိုမြင်ကြည့်သည်။ အညို နှလုံးသားတွေ တစ်ဆစ်ဆစ် နာပြီး အောင့်လာရသည်။ လက်က ရင်ဘတ်နေရာကိုဖိရင်း ကျွတ်ကျွတ်ဟု ညည်းမိသည်အထိ နာကျင်ရသည်။ ဒုတိယ အချစ် သည် အညိုကို စိတ်မကောင်းစွာနှင့် ကားမှန်မှ တစ်ဆင့်ခိုးကြည့်သည်။ သူ့အမျိုးသမီးသည် ကျေနပ်ပုံမရ။ အညို နားလည်ပါးနပ်စွာဖြင့်  အိမ်မရောက်သေးခင် နည်းနည်းခပ်လှမ်းလှမ်းမှာပင် ဆင်းလိုက်သည်။ ဈေးဝယ်စရာခုမှ သတိရ လို့ဟု ဆိုကာ ရှောင်ထွက်လာခဲ့သည်။ လမ်းဘေးတွင် ဆင်းရပ်ရင်း သူတို့ကားလေး မျက်ဝန်းမှ ပျောက်သွားလေမှ အညိုသည် ၀မ်းနည်းပက်လက် ကလေးတစ်ယောက်ကဲ့သို့ ငိုကြွေးခဲ့မိသည်။ လမ်းသွားလမ်းလာတို့သည် အညိုကို ရူးနေသလားဟု ဆိုသည့်အကြည့်ဖြင့်ကြည့်သည်။ အညိုမရှက်နိုင်တော့ပါ။ ဒီထက်ပင် အညို အရှက်နည်းခဲ့ရသည်မှာ သူတို့မှ မသိကြလေပဲ။

          ထိုနေ့က အညို အိမ်ပြန်ရောက်တော့ အိမ်ပေါက်ဝတွင် မျက်နှာငယ်လေးနှင့် ထိုင်နေသော အမေ့ကို တွေ့ လိုက်ရသည်။ ယခုအချိန်တွင် အညိုသည် အမေ့ရင်ခွင်ထဲတိုးဝင်ကာ ငိုလိုက်ချင်သည်။ သို့သော် အိမ်တံခါးဖွင့်ပြီး အထဲရောက်လို့ ထိုင်သည့်အခါ အညို ပုခုံးကိုမှီကာ အမေ ငိုခဲ့သည်။တစ်ခုခု ဆိုသည်ကို အညိုသိလိုက်သည်။ အမေ့ကို နှစ်သိမ့်အားပေးစကားဆိုရင်း အကြောင်းကိုမေးသည့်အခါ အညို၏ အိမ်အိုလေးကို ပေါင်ထားကြောင်း အကြွေးနှင့်ဆုံးတော့မည်ဖြစ်ကြောင်း။ အမေပင် မသိခဲ့ကြောင်း ။ မောင်လေးနှင့် အဖေသည် အမေ မသိအောင် အိမ်ဂရံကို ယူပေါင်ထားခြင်းဖြစ်ကြောင်း။ ညီမလေးသည် စားဖို့သာ ထောက်ပံ့နိုင်မည် ဓါးခုတ်ရာ လက်ဝင်မလျှိုနိုင်ဟု အပြတ်ပြောလွှတ်လိုက်သည်ဟုဆိုသည်။ ညီမလေး၏ ယောက်ကျားသည် ယခုအခါ အမေတို့ကို ထောက်ပံ့ နေသည်ကို မကြည်ဖြူနိုင်တော့ပေ။ အညို ၏ ဗီဒိုထဲမှ အမေတို့အတွက် စုထားသည့် လစဉ်ထောက်ပံ့ငွေကို အမေ့ လက်ထဲ ထည့်ပေးလိုက်သည်။

 ခရီး၏ …
          အမေ့ မျက်နှာပြုံးပျော်သွားသည်။ ကျေးဇူးတင်ပါတယ် သမီးကြီးရယ်။ အမေကလေ ငါ့သမီးကြီးကို အမြဲ ကျေးဇူးတင်နေရတယ်ဟုဆိုသည်။ နောက်များ အမေကြုံရင်လေ ငါ့သမီးကြီးအတွက် ဟင်းလာချက်ပေးမယ် သိလား တဲ့။ ရပါတယ်အမေ အညိုအတွက် လျှောက်ခဲ့ရတဲ့ လမ်းကလည်းများခဲ့ပါပြီ။ ခရီးအကွာအဝေးကလည်း ဝေးလွန်းခဲ့ပါ ပြီ။ သာယာလှပသည့် မိသားစုဘ၀ အပူအပင်ကင်းသည့် မိသားစုဘ၀ သောကများကင်းစင်သည့် မိသားစု ဘ၀ မိသားစု လက်စုံထမင်းစားဝိုင်း ဆို သည်မှာ အညို နှင့် မအပ်စပ်သော အရာတွေပါအမေ။ အညို လေ ပန်းတိုင်ဆိုတာကို အိမ်မက်ထဲတောင် ထည့်ပြီး မမက်ကြည့်ချင်တော့ပါ ဘူး။ ခုချိန်မှာတော့ အညို ၁၀ တန်းတုန်းက စာအုပ်လေးတွေကို အရမ်းပဲ လွမ်းမိတယ် အမေ။ အမေသည် အညိုကို လက်ပြနှုတ်ဆက်ကာ အိမ်အိုလေးစီသို့  ပြန်သွားခဲ့ပြီဖြစ်သည်။ အညိုကဖြင့် မှောင်မည်းတိတ်ဆိတ်နေသော တိုက်ခန်းကျဉ်းလေးထဲတွင် မှီစရာရင်ခွင်မရှိ ပုခုံးမရှိ ရှိုက်၍ ရှိုက်၍ ငိုရင်း မောပန်း ပင်ပန်းလွန်း လှသဖြင့် တစ်ခဏမျှ အိပ်ပျော်သွားမိသည်။ သို့ပေမယ့် ခန္ဓာကိုယ်သည် ပင်ပန်းနွမ်းနယ်လွန်း လှသဖြင့် အိပ်ပျော်သွားသော်ငြား စိတ်သည်မအိပ် စိတ်တွင်းမှ အကြိမ်ကြိမ်ရွတ်ဆိုမိသည့် စကားသည် တစ်ခွန်းတည်း သာ။   အညို အတွက် တော့ ဤခရီး ဝေးလွန်း လှပါသည် ။ အညို အတွက် တော့ ဤခရီး ဝေးလွန်းသည်။ အညို အတွက် တော့ ဤခရီး မနီးခဲ့ပါလေ။ 



************
စာမရေးတာကြာလို့ ဘလော့မောင်နှမတွေများ ဆွေလေးကို မေ့နေပြီလား မသိပါဘူး။ ခုတော့ ခံစားလို့ ရသမျှ ၀ါသနာကို ပို့စ်လေးတစ်ခုအဖြစ်မွေးဖွားခဲ့ပြန်ပြီ။ ဒါပေမယ့် အားက ခပ်ငယ်ငယ်ရယ်။ စာဖတ်လာသူတွေ နည်းတယ်။ 
ချစ်စွာသော မောင်နှမများအားလုံး ကျန်းမာလို့ လန်းဖြာ ချမ်းသာကြပါစေရှင်.။ 
 သရုပ်ဖော်ပုံလေးကိုဖြင့် google ကနေရှာဖွေပြီး တင်ပေးလိုက်ရပါကြောင်း။

Tuesday, 3 February 2015

ဖေ့ဘွတ်နှင့်တစ်နေ့တာ




ဒီနေ့  … ကိုယ်လဲအေး သူ(customer)လဲအေး  မည်သည့် email မျှ မလာ။ လုပ်လိုက်စတွေ လည်း မရှိ။ အေးအေးဆေးဆေး အလုပ်တွင်နှပ်နေလိုက်ရုံသာရှိသည်။ အားနေတော့ လက်က Browser ပေါ်မှာ အလိုလိုရိုက်လိုက်မိပြီးသား www.facebook.com.  တစ်ကယ်တော့ စာရေးချင်နေတာ။ ဒါပေမယ့်  ဘာရေးလို့ ရေးရမှန်းမသိ။ ဘာခံစားချက်မျှ မရှိ။ အကြောင်းအရာလည်းမရှိ။ စာရေးဖို့လက်လျှော့ရင်း facebook ပေါ်ကူးလာမိခြင်းဖြစ်သည်။ 


စစချင်းတွေ့လိုက်ရသည်က ရုံးက အစ်မကြီး မနေ့က သူပြောတော့ နေမကောင်းလို့ ခွင့်ယူတာတဲ့ ခုကျ back date နှင့်တက်လာသည့် ဓာတ်ပုံတွေမနည်း။ ဒီမှာက ကျွန်းတွေဘက်ကို နေ့ချင်းပြန်ခရီး သွားလို့ရသည်။ သူ့ ကြည့်ရတာ ဒီမနက်မှ ကျွန်းဘက်ကနေ သင်္ဘောနဲ့ အပြေးလာပုံရသည်။ ညက ကျွန်းမှာ သူငယ်ချင်းတွေနှင့် မီးပုံပွဲ သောက်ခဲ့ စားခဲ့ကြပုံရသည်။ ခုလိုဆောင်းတွင်းဆိုလျှင် ဒီကလူအများစုက အပျော်ခရီးတိုလေးများအနေဖြင့် ကျွန်းတွေ ဘက်ကို သွားလေ့ရှိကြသည်။ ရာသီဥတုက ခပ်အေးအေး ဆောင်းရာသီပြယုဒ် သစ်ပင်ဖူးနုသစ်တို့က နီနီညိုညို တောရိုင်းပန်းလေးများက လမ်းဘေးတစ်ဖက်တစ်ချက် ပွင့်နေတတ်ကြသည်။ ကိုယ်သည်ပင် ထိုကဲ့သို့ ကျွန်းတွေဘက် သွားရလျှင် ဓာတ်ပုံတွေရိုက် လမ်းလျှောက်ရင်း လျှောက်ရင်း ချွေးလေးကစို့လာ ခရီးသွားဖော်ခြင်း အော်ဟစ်နှုတ်ဆက်နှင့် ကြဉ်းကြပ်နေသမျှ လူနေမှုဘ၀ထဲမှ လွတ်မြောက်သွားသလို ခံစားချက်တို့ ပေါ့ပါးလာတတ်သည်။ သို့ပေမယ့် ညအိပ်ညနေထိတော့ ကျွန်းများဘက်တွင် မနေဖူးပေ။ ဒီနှစ်ဆောင်းတွင်းသွားမည် ဟု အားခဲထားသော်လည်း ခုထိ မရောက်သေး။ ရုံးက အစ်မကြီးကတော့ဖြင့် မနေက သွားခဲ့ပေပြီ။ အဲ သူသွားသည်က ကိုယ့်လို အလုပ်ပိတ်ရက်မဟုတ်ပဲ နေမကောင်းဟု ရုံးကိုခွင့်တင်ပြီး ခရီးသွားခဲ့ခြင်းကသာ တစ်မူထူးသည်။ ထားပါလေ နောက် ထပ် feed လေး ဆက်ဖတ်ကြည့်လိုက်အုန်းမည်။ 


ထိုင်ဝမ် လေယာဉ်ပျက်ကျမှုအကြောင်း။ ဘုရား ဘုရား ဒဏ်ရာရသူရ သေဆုံးသည့်သူနှင့် ကျန်ခဲ့မည့်သူတွေ အတွက် စိတ်မကောင်းဖြစ်မိသည်။ ခုတစ်လော လေယာဉ်ဘေးဒဏ်တွေ အတော်များလာသည်။ အရင်က လေယာဉ်စီး မကြောက်တတ်သော် ကိုယ်တိုင်ပင် လေယာဉ်ပျံတတ်ချိန်နှင့် ဆင်းချိန်ကြလျှင် ဘုရားစားရွတ်တတ်လာသည်။ အသက်ကြီးလေ သေရမှာပိုကြောက်လေ ဖြစ်နေမိသလား မသိ။ အရင်က ငါသေရင်လို့ မစဉ်းစားမိ။ ခုငါသေရင် ငါသေရင် အဲဒီလိုတွေ အများကြီး စဉ်းစားမိလာသည်။ သို့ပေမယ့် မတတ်နိုင်ပေ ရှောင်လွဲနိုင်စရာမရှိ။ ကိုယ်သည် ပြည်ပမှာ အလုပ်လုပ်နေသည့်လူဖြစ်သည့်အတွက် လေယာဉ်ပျံသည် ကိုယ့်အတွက် အိမ်ကို အရောက် ပြန်ပို့ပေးနိုင် သည့် တစ်ခုတည်းသောအရာဖြစ်သည်။ ထို့ကြောင့် ကြောက်နေလျှင်လည်း ဘာမျှ မထူး။ ကံပေါ့လို့သာ တွေးယုံရှိသည်။ ခုလို မျိုး စိတ်မချမ်းသာစရာများကို မဖတ်လိုလှပေ။ စိတ်လေးလေးနှင့် နောက်ထပ် feed တစ်ခုကို ထပ်ဖတ်သည်။ 


အစ်ကိုတော် ဏီလင်းညို ၏ စတေးတပ်အားတွေ့ရသည်။ အမယ် feeling ဟော့ရှော့ထလုပ် ဆိုပဲ။ စတေး တပ်လေးဖတ်နေရင်း ပြုံးမိပြန်သည်။ မနေ့က “ဘာလဲ အဲတော့ ငါက ထကပြမှာလား” ဟူသည့် အခန်းဆက်ဖြစ်သည်။ အစ်ကိုတော်တင်ထားသည့် ပုံထဲမှ ကောင်လေးအစား ဟိုတစ်လောတုန်းကမှ ဖေ့ဘွတ်တွင်တွေ့ဖူးသည့် photo နှင့် မျက်လုံးထဲ အစားထိုးကြည့်သည်။ ဂျယ်ထောင်ထားသည့်ဆံပင်နှင့် နှုတ်ခတ်မွှေးရေးရေးနှင့် မာဖလာပတ်ကာ ကနေသည့် အစ်ကိုတော်ပုံမြင်ကြည့်မိသည်။ ဟတ်ကနဲ သွားကြီးဖြီးလာသည်။ အဲ..ရုံးကအစ်မကြီးနှင့် မျက်လုံးချင်းဆုံမိသည်။ တစ်ယောက်ထဲ ဟတ်ကနဲ သွားဖြီးပြီးရီမိသည့် ကိုယ့်အားသူသည် သူ့ကို ရီပြသည်အထင်နှင့် ကြောင်တောင်တောင်ပြန်ရီပြသည်။ ဒီတော့မှ  ပိုရီချင်သွားမိသည်။ ငါ့နှယ် ကြုံတတ်ပလေတယ်။ ကဲ..ကဲ နောက်ထပ် feed အသစ်လေး ဖတ်လေအုန်းမှ။ 


  7Day News Journal ဂျာနယ်မှ သတင်း။ ယာယီသက်သေခံကတ်ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုမှုတုံ့ပြန်ရန် ရခိုင် လူထုသဘောထားရယူမည်ဟု ဆိုသည်။ နိုင်ငံရေးသတင်း ဖတ်ဖြစ်တိုင်း အားမလို အားမရဖြစ်ရသည်။ တစ်ခါတစ်လေ စိုးရိမ်သောကရောက်ရသည်။ တစ်ခါတစ်လေ သြော် ငါတို့မျှော်လင့်နေတဲ့ အနာဂတ် တိုင်းပြည်ကြီး ဘယ်ချိန်များမှ ရပါ့မလဲဟု ညည်းညူမိသည်အထိ စိတ်ဓာတ်တွေကျချင်သည်။ သို့ပေမယ့် ကိုယ်သည် သတင်းဖတ်သူသာ နိုင်ငံ အတွက်တော့ ကိုယ်ဘာမှ လုပ်ပေးနိုင်ခြင်းမရှိပါ။ ထိုင်ပြီး စိတ်မကောင်းဖြစ်နေရုံ ကြည့်ြ့ပီး စိတ်မချမ်းသာရုံသာ တတ်နိုင်သည်။ တစ်ခါတစ်ခါ ဖတ်ဖြစ်သည့် သတင်းတိုင်းကလည်း အမှန်မဟုတ်။ အောက်က comments များကို ပြန်ဖတ်တော့မှ သိရသည်။ ဘယ်နေရာက photo ကြီးကို ဘယ်လို အတုပြုထားပါသည်ဆိုသည့်အကြောင်း။ တစ်ခါ တစ်ခါ မြန်မာနိုင်ငံသားတို့၏ ဆဲဆိုနေသောမှတ်ချက်များလည်း ဖတ်ရသည်။  တစ်ခါတစ်ခါ သာသနာတော်နှင့် မလျော်ကန်သည့် အကြောင်းများလဲပါသည်။ တစ်ခါတစ်လေ သူ့ခြေလှမ်းနှင့်သူ သူ့အရွယ် လှမ်းနေနိုင် သမျှ လှမ်းနေသည့် မိန်းမတစ်ယောက်ကို ခပ်ရိုင်းရိုင်းပြောထားသည့် မှတ်ချက်များလည်းတွေ့ရသည်။ ဘယ်သူအဖွဲ့ ဘယ်ဝါအဖွဲ့ ရောကြိတ်အဖွဲ့ မြင်မြင်ရာဆဲ အဖွဲ့ အစုံ။  ထိုသို့တွေ့ရသောအခါ ကိုယ့်စိတ်ထဲ တို့နိုင်ငံကြီးသည် ချီသာ ချီနေသည် အလံသာလွှင့်နေသည် လေသာတိုက်နေသည် ရှေ့သို့ကားမရောက်ဟု စိတ်ထဲတွေးမိသည်။  


          ကဲ  နောက်တစ်ပုဒ် Myanmar Job DB မှ အလုပ်ခေါ်နေသည်ကိုတွေ့ရသည်။ ရှေ့နေလိုင်စင်ရထားသူဟု ပြောသည်။ ကိုယ်နှင့်တော့မဆိုင်ပေ။ ကိုယ်လည်းဘယ်အချိန် မြန်မပြည်ထဲပြန်ဝင်ပြီး အလုပ်လုပ်ရမည်မသိ။ ရည်မှန်း ချက်တော့ရှိသည်။ ရေခြားမြေခြားမှာ မိသားစုကို ရပ်တည်ဖို့ ကိုယ်မစဉ်းစားမိ။ သေလျှင်တောင်မှ ကိုယ့်အမိမြေတွင် ပင် သေချင်မိသည်။ သို့ပေမယ့် အနာဂတ်သည် မပြတ်သားလှပေ။ ဖြစ်တည်လာသည့်ဘ၀ကို ဖြစ်နိုင်သလို လျှောက် လှမ်းရမည်သာ။ ရွေးလို့ရရင် ရွေးချယ်မည်။ မရခဲ့လျှင် စေညွန်ရာ ကိုယ်သွားလိုက်ရုံသာ။ ပင်ပန်းလား ဆင်းရဲလား မမေးလေနှင့် ကိုယ့်ဘ၀သည် လှိုင်းထန်လေကြီးပြီး ကိုယ်ရုန်းခဲ့ရဖူးပြီ။ အဲဒီအချိန် သေမလား တိုက်မလားဆို ကိုယ်ရွေးခဲ့သည်က တိုက်ခဲ့သည်။ ကိုယ်သည် သေရင်ပြီးတာပဲဟု တစ်ခါမျှ မတွေးဖူးပေ။ တိုက်ရင်းသေလိုလျှင် သေပါစေတော့ဟုသာ ကိုယ်တွေးခဲ့ဖူးသည်။ ထို့ကြောင့် ကိုယ့်အတွက်တော့ စိန်ခေါ်မှုတိုင်းသည် တိုက်ရုံသာ. လာမည့်ဘေး ပြေးတွေ့ရုံ။

         
          ဘာတဲ့ မိုးယံမ ၏ woman အဓိပ္ပါယ်ဖွင့်ဆိုချက်ကြီးသွားတွေ့သည်။
women
want
owner
money
economic
news
စတေးတပ် အောက်ကနေ ရီသလိုလို ပြုံးသလိုလို လှောင်သလိုလို မဲ့ ကာပြုံးနေသည့် ကတုံးသုံးကောင်ပုံတွေ့ရသည်။  အမယ် ဒင်းက.. ဒါမျိုးလဲရသည်။ သူသည် အစုံအဖွဲ့များအား လှည့်ပတ် ဆေးထိုးနေသောသူဖြစ်သည်။ စကားဆန်းများ လည်း အလွန်တတ်သည်။ ကိုယ်နှင့်သူ မရင်းနှီးသော်ငြား သူ့ရေးသည့် စတေးတပ်နှင့် စာတွေတော့ ရင်းနှီးသည်။ တစ် ခါတစ်လေ သူဆေးထိုးထားသမျှသည် ကိုယ်နှင့်သဘောတွေ့လျှင် ကိုယ်သည် like ကိုနှိပ်ခဲ့တတ်သည်။


          ကဲ လာလေ့ နောက်ထပ်အသစ်လေး အစ်မကြာဖြူနွယ်၏ လာရောက်လေ့လာ ဂျပန်ဘာသာ page ဖြစ်သည်။ ဒီအစ်မ စာလဲရေးသည် ခရီးတွေလည်းသွားသည်။ မိဘကိုလည်း ပြုစုရသေးသည်။ တစ်ခါတစ်ရံ စာရေးဖော် မောင်နှမ များကိုလည်း စနောက်နေတတ်သေးသည်။ သူသည်လည်း ကိုယ်နှင့် သိပ်ပြီး ရင်းနှီးလှသည် မဟုတ်။ ကိုယ်သည် သူရေးသမျှ စာတို့အားဖတ်နေသူ တစ်ယောက်သာ။ 

         
          အစ်မ ချစ်ကြည်အေး၏ ခပ်ဆွေးဆွေးရိုက်ထားသော  ပုံလေးအားတွေ့ရသည်။ လှသောသူများမည်သို့နေ နေ လှကြသည် ။ စိတ်ထဲတွင် မှတ်ချက်ပြုမိသည်။ အစ်မစံပယ် ၏ တို့ဖူးသုပ် တင်ထားသည်မှာ နှစ်ရက်သုံးရက်မျှ ရှိပြီ။ ဘယ်နှစ်ခါကြည့်ကြည့် သရေတများများနှင့်စားချင်မိသည်။ ဟော ခုပဲ အစ်မသက်ဝေ ၏ ရောင်စုံကာလ လှလှ Photo လေးများတတ်လာသည်။ စိတ်ကူးကောင်းလွန်းသည့် အစ်မ။ အသစ်စက်စက် နယူးကလိုရီ မည်သော အစ်မနတ်သမီးမှ လည်း သားဓာတ်ပုံတွေရော အမေဓာတ်ပုံတွေရောတင်သည်။ ဓာတ်ပုံရိုက် ၀ါသနာကြီးလွန်းသော အစ်မဖြစ်သည်။ 

         
          အဲအဲ.. ညနေ ၃နာရီခွဲတော့မှာပါလား. ထမင်းစားပြီးကထဲက ဖေ့ဘွတ်ထဲ ၀င်မွှေနေတာ ..ဒီနေ့တော့ ဒီလောက်နှင့်ပင် ဖေ့ဘွတ်ကြီးကို နှုတ်ဆက်လိုက်တော့မည်။ ဖေ့ဘွတ်နှင့်တစ်နေ့တာ ဤတွင်ပြီး၏။ 



         
--
ချစ်သောမောင်နှမများ ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ လောလောဆယ်ဘာကိုမျ ခံစားချက်နှင့် ရေး လို့မရသော အခြေအနေမှာ ခုလိုမျိုး ပေါ့ပေါ့ပါးပါးလေးနှင့် ဧည့်ခံလိုက်ရပါတယ်ရှင့်။

         





           
         

Thursday, 22 January 2015

အတ္တတစ်ခုနှင့် ခပ်ထူထူရူးနေခဲ့တယ်




ဟင့်အင်း မရေးဘူး။ ဒါပေမယ့် စိတ်အလိုကို ဆန့်ကျင်ပြီး တစ်ခြားအကြောင်းအရာတွေကို တွေးနေမိတာ ရေးချခဲ့မိတာ။ စာတစ်ကြောင်း စကားလုံးတစ်လုံးဟာ ကျွန်မအတွက် မောဟိုက်နွမ်းလျနေသလို။ စကားစုတွေ က ဟိုတစ်စု ဒီတစ်စု။ ဘာကိုဆိုလိုမှန်း ရေးမိတဲ့ ကျွန်မကိုယ်တိုင် အဓိပ္ပါယ်ကို မသိနိုင်ခဲ့။ ကျွန်မရူးနေပြီ ထင်တယ်။

       “မောင်.. ”

ဘာလို့မှန်းမသိပါဘူး။ ခုချိန်မှာ မောင့် အကြောင်းတစ်စုံတစ်ရာကို ကျွန်မရေးချချင်နေမိတယ်။ ကျွန်မ ရဲ့ ကွန်ပျူတာထဲမှာ ရေးလက်စ file လေးတွေမြောက်များစွာရှိတယ်။ အဲဒီ မြောက်များစွာသော file လေးထဲက စကား လုံးတွေကိုလည်း စိတ်အလိုမကျစွာ ရေးလိုက် ပြန်ဖျက်လိုက်နှင့် ဘယ်နှစ်ကြိမ်လဲလို့တောင် မမှတ်မိနိုင်တော့ဘူး။ တစ်ကယ်က ကိုယ့်ခံစားချက်တွေကို လိမ်နေတဲ့ ကျွန်မအပြစ်လို့ပဲ ဆိုရမယ်ထင်တယ်။ မောင့်ကို သတိရတဲ့စိတ် တမ်းတတဲ့စိတ်က ဘာဆိုဘာမှကို အလိုမကျဘူး။ ချုပ်တီးထားတဲ့ စိတ်တစ်စုံကို နှောင်ကြိုးကနေ လွတ်ပေး လိုက် ရင်ကောင်းမယ်ထင်တယ်နော်… အဲဒီလိုမှ မဟုတ်ဘူးဆိုရင်.. 


မောင် လို့ စကားလုံးလေးတစ်လုံးကို  ရေးလိုက်မိတယ်ဆိုရင်ပဲ ကျွန်မရဲ့ လက်ချောင်းလေးတွေက ကီးဘုတ် စ်ပေါ် သွက်လက်စွာ လှုပ်ရှားသွားကြတယ်။ စကားလုံးလှလှလေးတွေ စီးမျောထွက်ကျလာတယ်။ စိတ်ဟာ ပေါ့ပါး လွတ်လပ်လို့ ကြည်နူးမိသလိုလို ရှိလာတယ်။  ကျွန်မဘာလို့များ ခံစားချက်တွေနှင့် သွေဖီစွာ နေခဲ့မိ ပါ လိမ့်။ ဒါပေမယ့် ကျွန်မရဲ့ အတွေးထဲ ဘ၀ထဲမှာ မောင် ဆိုတဲ့ လူတစ်ယောက်ကို ရှိမနေစေချင်ဘူး။ ကျွန်မရဲ့ ဘ၀ထဲကို ပြန်ရောက် မလာစေ ချင်ဘူး။ မေ့ချင်တယ်။ မုန်းချင်တယ်။ အားလုံးကို ခံစားချက် အသစ် တစ်ခုရယ်လို့ ထပ်ပြီး မခံစားချင်ဘူး။  ကျေးဇူးပြုပြီး ကျွန်မရဲ့ အတိတ် ကနေ မောင် ထွက်ခွာသွားပေးပါလား။ ပြောသာနေရတာ တစ်ကယ်တော့ မောင် ကထွက်ခွာသွားခဲ့တာကြာခဲ့ပြီပဲ လက်မလွှတ်နိုင်ခဲ့တဲ့ သူက ကျွန်မ ။ ပိုက်ထွေးထားခဲ့သူက ကျွန်မ။ စွဲလန်းရူးသွပ်နေမိတဲ့သူက ကျွန်မ။ 


 မောင်နဲ့ပတ်သတ်တဲ့ အရိပ်အငွေ့ ဟူသမျှ အရာအားလုံးကို မှတ်ညဏ်တွေထဲက ဖျောက် တယ် ။ ရုပ်ဝထ္ထုပစ္စည်းမှန်သမျှ လွှတ်ပစ်တယ်။ အမှတ်တရတွေမှန်သမျှ မေ့ပစ်တယ်။ ခက်တာတစ်ခုပဲ နှလုံးသားထဲ မှာ ဖျက်လို့မရဘူး။ မောင့် အပြုံး မောင့် အကြည့် ချိုမြတဲ့ အနမ်း မောင့် အပြောတွေက ကျွန်မရဲ့ နှလုံးသားထဲမှာ စွဲမြဲစွာ ကျန် ရစ်နေတယ်။ ကျွန်မရေးနေတဲ့ စကားလုံးတွေထဲမှာ မောင် လို့  မသုံးနှုံးမိအောင် တမင်သက်သက်ကို ရှောင်ခဲ့တယ်။ မောင် ဆိုတာ ကျွန်မရဲ့ အတွေးထဲ စိတ်ထဲ သမိုင်းတစ်လျှောက်မှာ မရှိခဲ့ဘူးတဲ့ သူတစ်ယောက်အဖြစ် ကျွန်မရဲ့ စိတ်နှလုံးကို ပုံသွင်းယူတယ်။ အချိန်တွေကို စတေးတယ် အတွေးတွေကို သတ်ပြစ်တယ်။ ဒါပေမယ့် ကျွန်မရှုံးနေစဲပါပဲ ။ ရှုံးနေစဲပါပဲ။ မျက်ဝန်းမှာ မျက်ရည်ကြည် တို့ ဝေ့လာပြန်ပြီ။ အမြင်တွေက ၀ိုးတစ်ဝါးရယ်။ ဟင့်အင်း ကျွန်မက မျက်ရည်ခပ်လွယ်လွယ် မကျတတ်တဲ့ မိန်းမ အချစ်နဲ့ ပတ်သတ်ရင် ဘယ်တော့မှ မငိုတတ်တဲ့ မိန်းမ။ စာရိုက်နေတဲ့ လက်ဖမိုးပေါ် မျက်ရည်တစ်ပေါက် ကျလာပြန် တယ်။

         
ကျွန်မအတွက်တော့ ခက်ခဲပြီး ပင်ပန်းလွန်းလှတယ်။ မောင့်အကြောင်းရယ်လို့ မဟုတ်တဲ့ ရေးထားခဲ့မိသမျှ စကားလုံးတိုင်းဟာ အနှစ်မပါသလို ပြန်ဖတ်လိုက်တဲ့ အခါဟာတာတာနဲ့ အကာတွေကြီးဖြစ်နေတတ်တယ် ။ ဆားမပါတဲ့ ဟင်းလိုပဲ အရသာက ပေါ့ပျက်ပျက်။ ဇာတ်ကောင်တွေဟာ ကြိုးဆွဲရာကရတဲ့ စက္ကူရုပ်လေးတွေလို အချိုးမကျ မလှမပ ခြေကားယား လက်ကားယား။ ဖတ်သူကို ပျက်ရယ်ပြုသလိုတောင် ဖြစ်နေခဲ့ပြီ။ အသိက မောင်နဲ့ အဝေးမှာနေချင် ပေမယ့် သံလိုက်လို ပြေးပြေးကပ်နေတဲ့ နှလုံးသားကြောင့် ကျွန်မရဲ့ စကားလုံးတွေဟာ လိုင်းကြောင်နေသလို ဖြစ်နေ ခဲ့ပြီ။ ရေးချလိုက်ချင်တယ် မောင် ဆိုတဲ့ လူတစ်ယောက်ကို မုန်းနေတဲ့ မိန်းမ တစ်ယောက် အကြောင်း ဟင့်အင်း ရေးမိလိုက်တာက မောင့်ကို ကျွန်မအရမ်းလွမ်းနေမိတယ် ဆိုတဲ့ အကြောင်း။ မောင် ကျွန်မကို မေ့နေသလားလို့ မတွေးမိဘူး ကျွန်မရဲ့ နှလုံးသားထဲက မောင့် ကိုအဝေးနှင်ထုတ်ဖို့ပဲ ကြိုးစားမိနေတယ်။ မောင် ကျွန်မကို ချစ်သေးရဲ့လားလို့ မစဉ်းစားမိဘူး ကျွန်မကပဲ မောင့်ကို မုန်းတတ်သွားအောင် ကြိုးစားမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်မမောင့်ကို မုန်းတတ်ချင်လို့ပါ။ 

         
          လိမ်ညာတတ်တဲ့သူကို ကျွန်မ မုန်းတယ် မောင်။ အထူးသဖြင့် အချစ်နဲ့ပတ်သတ်ပြီး လိမ်ညာခံရပြီ ဆိုရင် အညာခံရတဲ့သူက ပိုပြီးထိခိုက်နာကျင်ကြေကွဲ ခံစားရတယ်။ ယုံကြည်မှု အားကိုးမှု နားလည်မှုတွေနဲ့ အနားသတ် ထားတဲ့ အချစ်ပါ မောင်။ မီးဆိုတာကို အလွန်ကြောက်တတ်ပေမယ့် အလင်းရောင်ကို တွယ်တာလွန်းလို့ အနားကပ် လာတဲ့သူကိုမှ ဒီမှာရော့ မီးဆိုတာ ဒီလိုပူတတ်တယ်လို့ နာမူနာအဖြစ် မီးနဲ့ရှို့ပြလိုက်သလိုပါပဲ။ ခုတော့ ကျွန်မ မီးဆိုတာ အဲဒီလို ပူတတ်တယ်လို့ နားလည်ခဲ့ပါပြီ။ ဒါပေမယ့် တစ်ချိန်က ပိုင်ဆိုင်ခဲ့ဘူးတဲ့ အလင်းရောင်ကိုတော့ ကျွန်မ ခုချိန်ထိ မျှော်လင့်မိနေတုန်းပဲ။  အညာခံရမှာ တွေးကြောက်တတ်သည့်သူကိုမှ ပိုင်ပိုင်နိုင်နိုင် အညာခံလိုက်ရတဲ့ အဖြစ်။ ကျွန်မ သိပ်ညံ့ သွားခဲ့တယ်။ စိတ်ကူးယဉ် အချစ်တွေကို ရေးနေခဲ့သူမို့ အချစ်နဲ့ ပတ်သတ်ရင် ကျွမ်းကျင်ပိုင် နိုင်ဆုံးလို့ ခံယူထားမိတဲ့ ကျွန်မ ..ခုတော့ ပရိတ်သတ်ရှေ့မှာတော့ အပြုံးတွေနဲ့ မတုန်မလှုပ် ကန့်လန့်ကာနောက် ကွယ်မှာ ရင်ကွဲအောင် ငိုနေရသူက ကျွန်မ။ 


          ကျွန်မ ရူးနေသလား မသိဘူးနော်။ မောင် ကတော့ ပြောခဲ့ဘူးပါတယ် မင်းက အတ္တတစ်ခုနှင့် ခပ်ထူထူ ရူးနေတဲ့ မိန်းမတဲ့။ ထူးတော့ ထူးဆန်းပါတယ် အချစ်ကို ယုံကြည်မှုအားနည်းတဲ့ မိန်းမတစ်ယောက်ဟာ စိတ်ကူးယဉ် အချစ်တွေကို ရေးတတ်တဲ့ စာရေးဆရာမတစ်ယောက် ဖြစ်နေတာ အဆန်းတော့ အဆန်းပါပဲ။ ဟူး..ခက်တော့တာပဲ မောင့် အကြောင်းရေးဖို့ ကျွန်မကိုယ်တိုင် ငြင်းဆန်နေတဲ့ကြားက ရေးမိပြန်ပြီ။ ကျွန်မ မောင့် ကို မချစ်ဘူး။ မချစ်ခဲ့ဘူး သေချာတယ်။ ကျွန်မမောင့်ကို လွမ်းနေတာလေးတစ်ခုပဲရှိတာပါ ဟုတ်ပါတယ်. ကျွန်မ မောင့်ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး မုန်းသွားခဲ့တာ ကြာခဲ့ပါပြီ

………………….. မောင်။ 



--
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကဖြင့် google ကနေ ရှာဖွေအသုံးပြုထားပါတယ်။ ခုတစ်လော ဘလော့လောကကြီး ငြိမ်သက်နေလွန်းတယ်။ 


Wednesday, 7 January 2015

မောင့်အနား မောင့်အပါးကနေ တစ်ဖ၀ါးမှ မခွာချင် ခဲ့သူပါ




လှိုင်းတို့သည် စုံရပ်နေမိသည့် ကိုယ့်ခြေအစုံကို အရှိန်ပြင်းပြင်းလာရိုက်ခတ်သည်။ ကိုယ့်ခြေဖ၀ါး အောက်မှ သဲတို့သည် ရေနက်ထဲသို့ စုပ်ယူဆွဲနစ်ခြင်းခံရ၏။ မကြာမှီ နေ၀င်ပေတော့မည်။ နေမင်းကြီး၏ အလင်းရောင်သည် တစ်ဖြည်းဖြည်း လျှော့ပါးလာခဲ့ပြီ။ နေမင်းကြီးသည် ပင်လယ်ရေပြင်အောက်သို့ ငုပ်လျှိုးဝင်တော့မည့် အလား ပင်လယ်ရေမျက်နှာပြင်နှင့် နေမင်းကြီးသည် ထိလုထိခင်း။   တစ်ကယ်တော့ ဒါဟာ ကျွန်မစိတ်ကူး ယဉ်မိတာပါ။ ကျွန်မ မျက်ဝန်းထဲ မြင်နေရတဲ့ ပုံရိပ်ယောင်တစ်ခုပဲ။ တစ်ကယ်တော့ ပင်လယ်က ပင်လယ် နေမင်းက နေမင်းပါပဲ။ ပင်လယ်ရေ အောက်ကို ငုံ့လျှိုးမယ့် နေမင်းဆိုတာ ဒီကမ္ဘာပေါ်မှာ ရှိကို မရှိခဲ့တာပါ။

          ကိုယ့်ကိုယ်ကို ပြုံးမိသည် သြော် ငါတော်တော်စိတ်ကူးယဉ်တတ်တဲ့ မိန်းမပဲလို့။ ပြန်မှပါ တည်းနေသည့် ဟိုတယ်တွင် သူငယ်ချင်းတွေ ညစာစားဖို့ စောင့်နေပေတော့မည်။ ပင်လယ်၏ နေ၀င်ချိန် သဘာဝအလှ ဆွဲဆောင်မှုကြောင့် တစ်ယောက်တည်း ကမ်းခြေသို့ ပြန်ဆင်းခဲ့သည်။ ဟိုတယ်ပေါ်မှ လှမ်းကြည့်သည့် မြင်ကွင်းထက် ပိုလှသည်။ ပိုနာကျင်ရသည်။ ပိုကြေကွဲရသည်။ ပိုပြီး အထီးကျန်ဆန်ရသည်။ ဒီနေရာလေးကနေ လှည့်ပြန်ချင်လှပြီ။ သို့ပေမယ့် သည်သောင်ယံက “မေ” မခွာရက်နိုင်ပြန်။  အဲဒီလိုပဲ ခုနေ ကျွန်မရှင့်ကို သတိမရချင်ဘူး “မောင်”။ ကျွန်မရဲ့ အတွေးတွေထဲကို ရှင်ရောက်မလာစေချင်ဘူး။ ဒါပေမယ့် ကျွန်မရဲ့ နှလုံးသားကတော့ ရှင့်ကိုအရမ်းလွမ်းနေမိတယ် တမ်းတမ်းတတကို လွမ်းမိပါတယ် “မောင်”။

          တွေးမိရင်း မျက်ရည်တို့က ၀ိုင်းလာပြန်သည်။ ဟင့်အင့် မဟုတ်ဘူး။ ကျွန်မက တော်ရုံငိုတတ်တဲ့ မိန်းမ တစ်ယောက်မှ မဟုတ်တာ။ မျက်ရည်လွယ်လွယ်ကျတတ်တဲ့ မိန်းမတစ်ယောက်မဟုတ်ဘူး။ ဘာလို့ရှင်နဲ့ပတ်သတ်မှ ကျွန်မမျက်ရည်တွေ မခန်းနိုင်အောင် ကျနေရသလဲ “မောင်”။ ကျွန်မက မာကျောတဲ့မိန်းမ။ နူးညံ့ ပျော့ပျောင်းခြင်း အလျင်းမရှိတဲ့ မိန်းမ။ မိန်းမနှင့် မတူတဲ့ မိန်းမ။ ဒါပေမယ့် “မောင်”လို့ ကျွန်မခေါ်ခဲ့တဲ့ နာမ်စား ယောက်ကျားတစ်ယောက်ကြောင့် နေရာဟောင်းကနေ ပြေးထွက်လာခဲ့ရတယ်။  ဟောဒီကမ်းခြေမှာ မျက်ရည်ကျနေခဲ့ရတယ်။ ကျွန်မရဲ့ နှလုံးသား ခံစားချက်တွေကို ထိန်းချုပ်လို့မရဘူး။ အတင်းဖျက်နေတဲ့ ဦးဏှောက်ကိုကျော်လွန်ပြီး နှလုံးသားရဲ့ ခံစားချက်တွေက အနိုင်ယူသွားတယ်။ ၀မ်းနည်းတဲ့စိတ် ဆုံးရှုံးလိုက်ရပြီဆိုတဲ့ အသိနှင့် ကျွန်မ မျက်ရည်ကျနေရတယ်။ မချစ်သင့်တဲ့ သူကိုမှ ချစ်မိတဲ့ ကျွန်မရဲ့ နှလုံးသားကိုပဲ ရိုက်နက်ဆုံးမလို့ ရရင် ရိုက်နှက်ဆုံးမလိုက်ချင်တယ်။ ဟင်..နင်အမှတ်မရှိဘူးလား။ နင်အမှတ်သည်းခြေမရှိဘူးလားလို့ အဲဒီလို မေးပြီး ရိုက်ပစ် လိုက်ချင်တာ။  

          နေမင်းကြီးလုံးဝ ပျောက်ကွယ်သွားပြီ။ မှောင်သွားပြီးပဲ။ မနက်ဖြန်ဆိုရင် ကျွန်မချစ်ခဲ့တဲ့ မောင့် ရဲ့ မင်္ဂလာပွဲ။ မနက်ဖြန်ကို ကျွန်မဘယ်လိုရင်ဆိုင်ရမလဲ “မောင်”။ မောင် ကသစ္စာမဲ့တာလား။ ကျွန်မကိုယ်တိုင် ခေါင်းမာ ခဲ့တာလား။ မောင် သာခုနေဘေးနားရှိရင် ပြောမယ်ထင်တယ်။ “မင်းက ပေးခဲ့တဲ့ အခွင့်အရေးကို မယူတတ်တဲ့သူ” လို့။ ဟင့်အင်း ကျွန်မက အချစ်နဲ့ သိက္ခာမှာ သိက္ခာကိုပဲ ထိန်းခဲ့တဲ့ မိန်းမတစ်ယောက်ပါ။ မောင် နဲ့ ကျွန်မ စတင် ဆုံဆည်းမှုက အချိန်တွေနှောင်းလွန်ခဲ့တယ်။ စတင်တွေ့ဆုံခဲ့တာကိုက မောင့်ရဲ့ စေ့စပ်ပွဲမှာ သူငယ်ချင်းရဲ့ အစ်ကို စေ့စပ်ပွဲ လိုက်ခဲ့ပေးပါလို့ အကူအညီတောင်းမှုကြောင့် လိုက်ခဲ့မိတယ်။ တစ်ကယ်လို့ အဲဒီနေ့ကသာ မလိုက်လာခဲ့ ရင် အခုလိုမျိုး အချစ်ကို မြည်းစမ်းဖြစ်ခဲ့မယ် မထင်ဘူး။ သူငယ်ချင်းက အဲဒီနေ့က ပြောခဲ့တယ်။ “လိုက်ခဲ့ပါ အပျို ကြီးရယ် အားကျသွားအောင်လို့” တဲ့။ အားကျတယ် မကျဘူးတော့ ကျွန်မ မသိဘူးပေါ့။ အခုတော့ အချစ်ကို ကျွန်မ စိတ်ကုန်နေတယ် လို့ပဲ ပြောချင်မိတယ်။

          ပြေးသူနဲ့ လိုက်သူရဲ့ ရာဇ၀င်ကို ရှင်တို့သိကြမယ်ထင်တယ်။ ပြေးတဲ့သူက အပြေးကောင်းနေသမျှ လိုက်တဲ့ သူကလည်း ပိုလိုက်ပြီး အမိဖမ်းချင်လေပေါ့။ ဒီလိုပဲ ကျွန်မက ရှောင်ခဲ့သမျှ ပြေးခဲ့သမျှ “မောင်” ကဖြင့် အဖမ်းတော် ခဲ့တယ်လို့ ပြောရမယ်ထင်တယ်။ အမှန်တော့ စေ့စပ်ပွဲနေ့က မောင့်ရဲ့ မျက်ဝန်း မောင့်ရဲ့ အကြည့်တွေကို မှတ်မှတ် ရရ စွဲလန်းသွားခဲ့မိတယ်။ စကားတွေ မပြောဖြစ်ပေမယ့် ဘာဆိုတာကို စိတ်ထဲကနေ နားလည်သွားခဲ့တယ်။ အဲဒီ အသိကြောင့်ပဲ မောင်က ထပ်ဆုံတွေ့နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ကျွန်မက အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ ရှောင်နေခဲ့တယ်။ ကျွန်မထံကို အားမလိုအားမရ ဒေါသတွေထွက်ပြီး မောင် ရောက်လာလိမ့်မယ်လို့ တစ်ခါမျှ မတွေးမိ ခဲ့ဘူး။ ပြောသွားတဲ့ စကားတွေလဲ မှတ်မိနေခဲ့တယ် “မင်းက အချစ်အတွက် သိပ်ပြီးသူရဲဘောကြောင်တဲ့ မိန်းမ တဲ့ မင်းရဲ့မာနတွေ ခ၀ါချလိုက်ရမှာ သိပ်ကြောက်နေသလားတဲ့”  ကျွန်မကတော့ တုံဏိဘာဝေ အင်းမလုပ် အဲမလုပ်တဲ့ မျက်နှာသေနဲ့ ပြန်ပြီးတုန့်ပြန်ခဲ့တယ်။
         
          ဒါပေမယ့် ကျွန်မရဲ့နှုတ်က တစ်ခွန်းတော့ မေးလိုက်သေးတယ်။ “ရှင် သူ့ကို ချစ်လို့ စေ့စပ်ဖို့ လက်ခံခဲ့တာ မဟုတ်ဘူးလားလို့ ” . သူဖြေသွားတဲ့ စကားတစ်ခွန်းကြောင့်ဖြင့် ကျွန်မဆွံအလို့ သွားခဲ့ရတယ်။ “ ချစ် ဖို့နေနေ သာသာ မစေ့စပ်မှီ တစ်ပတ်အလိုကမှ မျက်နှာမြင်ဖူးတာ” တဲ့။ သြော်.. လှည့်စားရက်တဲ့ ကံကြမ္မာရယ်လို့သာ ညည်း လိုက်ချင်တော့တယ်။

          နောက်တစ်နေ့ ရုံးပြန်တက်ချိန်မှာ တစ်ညလုံးငိုထားလို့ မို့အစ်နေတဲ့ မျက်နှာအတွက် အတော်ကြီး မိတ်ကပ်တွေ ခြယ်သလိုက်ရတယ် မောင် ရဲ့။ ဒါကိုတော့ ရှင်သိခဲ့မယ် မထင်ဘူး။ အပြုံးတွေကို အလှဆုံးဖြစ်အောင် ပြုံးခဲ့သေးတယ်။ အဲဒီနေ့မှပဲ လူတွေက ချီးကျူကြတယ် သိလား ဒီနေ့ “မ” အရမ်းလှနေတယ်တဲ့။ မောင် အဲဒီလို ဒေါသတွေထွက်ပြီး အားမလိုအားမရ လာပြီးရန်တွေ့သွားတာကို ကျွန်မနှလုံးသားက ကြိတ်ပြီး သဘောကျတယ်။ သူ ငါ့ကို ချစ်နေတာပါလားလို့ တွေးပြီး ကျေနပ်တယ်။ ဒါပေမယ့် သော့ခတ်သိမ်းထားပြီးသား ၀ယ်သူရှိပြီးသား အလှပြ ထားတဲ့ မှန်ဘီဒိုထဲက အရုပ်လေးတွေလို ကြည့်သာကြည့် ချစ်သာချစ် မပိုင်ဆိုင်နိုင်တော့ဘူး ဆိုတဲ့ အသိက ကျွန်မကို တစ်ညလုံး ငိုကြွေး နေစေခဲ့တယ်။

          ကျွန်မက အရမ်းချစ်တတ်တဲ့ မိန်းမတစ်ယောက်ပါ။ ခုအသက် ခုအရွယ် ခုအချိန်ထိ ဘာကြောင့် အပျိုကြီး ဘ၀ နေခဲ့သလဲ ရှင်တို့သိကြလား။ ကျွန်မလိုချင်တဲ့ အချစ်မျိုးမရခဲ့လို့ ခေါင်းမာမာနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လိုချင်တဲ့ အချစ်ကို မျှောင်တစ်လင့်လင့်ရှိနေခဲ့တဲ့ မိန်းမ။ အပြင်ပန်း ခပ်တင်းတင်းဟန်က မာကျောနေသယောင်ယောင်နဲ့  အတွင်း စိတ်ထဲမှာ စိတ်ကူးယဉ်ဆန်လွန်းပြီး ရိုမန့်တစ် ချစ်ချင်ခဲ့တဲ့ မိန်းမ။ မောင် ပေးခဲ့တဲ့ အချစ်ကို ၀မ်းပန်းတစ်သာ ကြိုဆို လိုက်ချင်တယ်။ ကျွန်မရှာဖွေခဲ့တဲ့ အချစ်ကို အခုမှပဲ တွေ့ခဲ့ရတယ်။ ဘာကြောင့်ချစ်သွားတာလဲလို့ မမေးနဲ့ အကြောင်းပြ ချက်ရယ်လို့ တစ်စုံတစ်ရာမရှိခဲ့တဲ့ အချစ်ရယ်ပါ။ အကြောင်းပြချက်တွေမဲ့စွာ မောင့်ကို ကျွန်မချစ်မိသွား ခဲ့တယ်။

          “ကိုယ့်ကိုယ်ကို မလိမ်ပါနဲ့လား။ ခု မင်းခေါင်းညိမ့်လိုက်တာနဲ့ ငါ့ရဲ့  စေ့စပ်ပွဲ ဖျက်သိမ်း ကြောင်းထည့် လိုက်မယ်။ ငါ့ဘ၀ကို ငါ့ခြေထောက်ပေါ်ရပ်တည်မယ်။ ငါ့မိဘကို နားလည်အောင် ငါ အတတ်နိုင်ဆုံး ဖြေရှင်းမယ်။ ငါ လိုချင်တာ တစ်ခုပဲ မင်းရဲ့နှုတ်က ထွက်လာမယ့် စကားလေးတစ်ခွန်းပဲ။ “ကျွန်မ ရှင့်ကိုချစ်ပါတယ်ဆိုတဲ့ ” စကား လေးပဲ ။ အဲဒီ စကားလေးကို ရရင် အရာအားလုံးကို ငါရင်ဆိုင်ရဲတယ်” တဲ့ ။ ကျွန်မထင်ထားတာထက် ပိုချစ်နိုင်ခဲ့တယ် မောင် ပဲလို့ စိတ်ထဲက တွေးပြီး ကျေနပ်မိနေသေးတယ်။ ဒါပေမယ့် ကျွန်မနှုတ်က ထွက်လာတဲ့စကားကဖြင့် ကျွန်မရဲ့ နှလုံးသား တွေကို ကြေကွဲစေပါတယ် မောင်။ ဖိတ်စာ Design အမျိုးမျိုးကို ရှင်းပြနေရင်း သတို့သားနေရာက မောင့် နာမည်နဲ့ သတို့သမီးနေရာမှာ ကျွန်မမဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ အမည်ကို ဖတ်ဖတ်ပြနေရတာ ကျွန်မရဲ့ နှလုံးသားတွေ နာကျင်လွန်းလှပါတယ်။ ကျွန်မတွေးမိသေးတယ် မိဘလက်ထက်ကထဲက ဦးစီးလုပ်ကိုင်လာခဲ့တယ် ဟောဒီ မင်္ဂလာဖိတ်စာတွေရိုက်ပေးတဲ့ ဒီအလုပ်ကို အဲဒီအချိန်မှာ ကျွန်မအရမ်းမုန်းမိတယ်။ ဖြစ်နိုင်ရင် အဲဒီနေရာကြီးတစ်ခုလုံး မီးတင်ရှို့ပြစ်လိုက်ချင်တာပါ မောင်။
         
          ဒါပေမယ့် ကျွန်မအကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တယ်။ တစ်ကယ်ပဲ လိုလိုလားလားနဲ့ မောင် ဟာ ဖိတ်စာ design ကို အပ်သွားတာလား ကျွန်မကိုပဲ ရင်နာအောင် ထပ်လုပ်ချင်ခဲ့တာလား ကျွန်မ မသိဘူး။ “မင်း စိတ်ကြိုက် မင်း စိတ်တိုင်းကျတဲ့ Design ကိုသာ ရွေးပြီးလုပ်လိုက်ပါတဲ့ ငါစရံငွေပေးခဲ့မယ် ပြီးသွားပြီဆိုရင် ဖုန်းဆက်လိုက်ပါတဲ့” ခပ်တင်းတင်းပြောပြီးထွက်သွားတဲ့ မောင့် ရဲ့နောက်ကျောကိုကြည့်ရင်း ကျွန်မရဲ့ မျက်လုံးတွေ ပြာဝေသွားခဲ့ရတယ်။ အဲဒီနေ့ညကနေ နောက်ထပ် ၂ ရပ်တိတိ ဆေးရုံပေါ်မှာနေခဲ့ရတယ်လို့ မောင် ကတော့ မသိခဲ့ပါဘူး။ ရောဂါက စိတ်အရမ်းလှုပ်ရှားလွန်းလို့ လျှော့ဖြစ်သွားပါသတဲ့။ ပြီး အားနည်းနေပြီ အနားယူဖို့လိုတာမို့ ဆရာဝန်က ဆေးရုံပေါ်မှာပဲ နေစေခဲ့သည်။ အားနည်းမှာပေါ့ မောင်နဲ့ဆုံတွေ့ခဲ့တဲ့ နေ့ကနေစပြီး ညဘက်ဆို ကျွန်မရဲ့ အိပ်ချိန်ဟာ ၁ နာရီထက်မပိုခဲ့ဘူး။ အတွေးတွေထဲ တစ်ဝဲလည်လည်ဖြစ်နေတဲ့ ကျွန်မ။ အချစ်ဘက်ကိုလိုက်မလား သို့မဟုတ် တစ်ခြားမိန်းမနဲ့ စေ့စပ်ထာြး့ပီးသား ယောက်ကျားတစ်ယောက်ကို မျက်နှာခပ်ပြောင်ပြောင်နဲ့ ချစ်ပြလိုက်မလား။ ဟင့်အင်း ကျွန်မအဲဒီလောက်ထိ သတ္တိမရှိခဲ့ဘူး မောင်။
         
“မင်း သတ္တိရှိဖို့မလိုပါဘူး။ ငါ နည်းနည်းအတွေးချော်သွားတယ်။ ငါ ပဲ သတ္တိရှိဖို့ လိုတယ် ဆိုတာကို နားလည်လိုက်တယ်”

          နောက်ကျောကအသံကြောင့် လှည့်ကြည့်မိတော့ ဘယ်လိုမှ မထင်မှတ်ထားတဲ့ ကျွန်မရဲ့ မောင်။ နားမလည် နိုင်တဲ့ မျက်ဝန်းအစုံနှင့် ဆွံအတဲ့ နှုတ်ခမ်းတို့ဖြင့် မောင့်ကို အံ့သြတစ်ကြီး ကြည့်နေမိတယ်။ အိမ်မက်လား။ ခုချိန်မှာ မောင်က ရန်ကုန်မှာရှိရမှာလေ။ မနက်ဖြန် မောင့်ရဲ့ မင်္ဂလာပွဲပဲ။ မောင် ရန်ကုန်မှာရှိရမှာ။ ဒါက စိတ်က ထင်ယောင် ထင်မှားဖြစ်တာ။ ဟုတ်တယ် ကျွန်မဘေးမှာ ဘယ်သူမှမရှိပါဘူး။
         
          “မနက်ဖြန်မှာ လက်ထပ်မဲ့ သတို့သမီးက ငါ့ ကိုငြင်းလွှတ်လိုက်တယ်။ မိန်းမတစ်ယောက်ကို နှလုံးသားထဲ ပိုက်ပြီး အဲဒီမိန်းမမဟုတ်တဲ့ အခြားအမျိုးသမီးတစ်ယောက်ကို ရွှေလက်တွဲလို့ လက်ထပ်ရဲတဲ့ ငါလို ယောက်ကျားကို သူက အယုံအကြည် နည်းနည်းလေးမှ မရှိဘူးတဲ့ အဲဒါ မင်းအသုံးမကျလို့ ဖြစ်ရတာ။ ”
         
          အသံက တစ်ကယ်ပဲ ဟုတ်တယ် ဒါဟာ တစ်ကယ်ပဲ လက်တွေ့ ထင်ယောင်ထင်မှားမဟုတ်ဘူး။ မောင့် ရဲ့ ပြစ် တင်စကားကို ကျွန်မမငြင်းလိုတော့ပါဘူး။ ခေါင်းသာငုံ့ထားလိုက်မိတယ်။ ကမ်းစပ်က သဲနုနုလေးတွေကို ခြေထောက် နဲ့ ထိုးကော်ရင်း အဓိပ္မာယ်မဲ့ စွာ ဆော့ကစားနေမိတယ်။ မောင် ဆူလိုလျှင် ဆူပါစေတော့လေ။

          “အဲတော့ မင်းမှာ အပြစ်ရှိတယ်။ ခုငါ့မှာ နေစရာအိမ်လဲမရှိဘူး။ ထမင်းစားရမယ့် နေရာလဲ ပျောက်ပြီ။ လူတွေကလည်း ငါ့ကို သစ္စာမရှိတဲ့ကောင်ဆိုပြီး အကြည့်ခံရတော့မယ်။ အဲဒီတော့ မင်း ..ဒီနေရာမှာ ခြေစုံရပ်နေ တာ တော်တော်ကြာနေပြီ မညောင်းသေးဘူးလား။ ကိုယ့် ပုခုံးကို လာမှီကြည့်ပါလား။ ”

          ကျွန်မပေပြီး ရပ်မိနေသေးတယ်။ နေရာကနေ တစ်လက်မ မှ မရွှေ့။ မောင် က မျက်နှာခပ်တင်းတင်းနှင့်

             “မင်းရဲ့ အပြစ်ဒဏ်က ကိုယ့်ပုခုံးကို ယုံကြည်အားကိုးစွာမှီလိုက်ဖို့ပဲ ”

ကျွန်မခုမှ ရှင်သန်လာသူလို့ လှလှပပပြုံးလိုက်မိတယ်။ မှောင်နေတော့ မောင် တွေ့လိုက်မယ်လို့ မထင်ဘူး။ ခပ်ရွံရွံ မောင့် အနားတိုးကပ်သွားရင်း မောင့် ပုခုံးကို ကျွန်မမှီထားလိုက်တယ်။ ပင်လယ်ပြင်ကတိုက်လာတဲ့ လေတို့ကြောင့် ကျွန်မရဲ့ မျက်နှာပေါ် ဆံပင်တွေ ဖုံးအုပ်သွားတယ်။ မောင် က အသာအယာ မျက်နှာပေါ်ကဆံပင်တို့ကို သပ်တင်ပေး ရင်း

          “ငါ မင်း ကို တစ်ကယ်ချစ်တာသိလား ” လို့ တိုးတိုးဆိုတယ်။ ကျွန်မက ဟိုးအရင် မောင်နဲ့ဆုံဆည်းစကတည်း က “မောင့်အနား မောင့်အပါးကနေ တစ်ဖ၀ါးမှ မခွာချင် ခဲ့သူပါ” မောင်ရယ် လို့ ခပ်တိုးတိုးရေရွတ်ရင်း မောင့်ရင်ခွင်ထဲ ကျွန်မမျက်နှာကို ၀ှက်ထားလိုက်မိတော့တယ်။ ကျွန်မက ရှက်တတ်တယ်ရှင့်။ 

---

ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကိုဖြင့် google ကနေပြီး ရှာဖွေ အသုံးပြုထားပါတယ်။