Sunday, 17 March 2013

ဒီရေ...လှိုင်း (၂)

  

ယောက်ကျားတစ်ယောက်ရဲ့ စိတ်ကို ခန့်မှန်းရတော်တော်ခက်တယ်ဆိုတာ ဒီရေ နဲ့ ပြန်ဆုံပြီး နောက်ပိုင်းမှ ပိုပြီးသိလာသလိုပဲ။ဒီရေနဲ့ ပထမဆုံးပြန်တွေ့တဲနေ့က သူ့ရဲ့ အပြုံး သူ့ရဲ့ အကြည့်တွေက နောက်တစ်နေ့ကျွန်မနဲ့ သူပြန်တွေ့တဲ့အချိန်မှာ အားလုံးပျောက်ကွယ်သွားကြတယ်။ နောက်သူနဲ့ ကျွန်မဆက်ဆံရေးက အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးထက် မပိုပြန်ဘူး။ တစ်နေ့လုံး နေလို့မှ သူနဲ့ ကျွန်မ တစ်ခါလောက်တောင် မတွေ့ဖြစ်။ အဲ…ဒါဆိုရင် သူပျောက်သွားတဲ့နှစ်တွေမှာ ကျွန်မကို မေ့နေသလားဆိုပြန်တော့ ။အဲဒီနေ့က ကျွန်မ အလုပ်တွေများနေတာနဲ့ နောက်ကျနေခဲ့တယ်။ အလုပ်ပြီးလို့ နာရီကြည့်လိုက်တော့ ၇ နာရီခွဲ။ အိမ်ပြန်ဖို့ ခပ်မြန်မြန်ပြင်ဆင်လိုက်ပြီး ထွက်တော့မယ်ဆိုမှ ..

“လှိုင်း ….စားမေးပွဲနောက်ဆုံးနေ့ က ကျွန်တော့်ကို စောင့်နေခဲ့သေးလားတဲ့ ။”

. ရုတ်တရက်ကြီး အမေးခံလိုက်ရတာမို့ အရမ်းကို အံ့သြသွားမိတာ အမှန်။

“အင်း ဟုတ်တယ် စောင့်နေခဲ့သေးတယ်။ ရှင့်ရဲ့ထီးလေးကို ပြန်ပေးမလို့ လေ”

“ဟုတ်တယ် ကိုယ့်မေမေ ဆေးရုံတင်လိုက်ရတယ်လေ။ ဒါပေမယ့် ကိုယ်ကံဆိုးတယ် ကိုယ် ဆေးရုံရောက်တော့ မေမေ ဆုံးသွားပြီ”

သြော် သူဒါကြောင့်ပျောက်သွားတာကိုးလို့ နားလည်လိုက်တယ်။ ပြီးတော့ သူက သူ့ရဲ့ ရုံးခန်းထဲပြန်လှည့်ဝင်သွားတယ်။ ကျွန်မမှာသာ ဘယ်လိုခံစားလို့ ခံစားရမယ်မှန်းမသိဘူး။ တစ်ကယ်ဆို ဒီကိစ္စကို ပြန်မပြောပြလဲ ဖြစ်နေတာပဲ ။ ဒါပေမယ့် ဘာလို့ ကျွန်မကို ပြောပြချင်ရပြန်တာလဲ ။ 

          အဲဒီလိုမျိုးက တစ်ဖုံ။ နောက်တစ်မျိုးကတော့ .

“လှိုင်း က လှိုင်း မေမေ နဲ့ တူလားတဲ့ “..

ခက်တာပဲ ကျွန်မကို မွေးပြီးပြီးချင်းဆုံးသွားတဲ့ မေမေ့ ကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ဖေဖေ ရဲ့ မေတ္တာတွေအားလုံးကိုပဲ ရထားလို့လားတော့ မသိဘူး ကျွန်မရဲ့ ဘ၀မှာ မေမေ မရှိဖူးရယ်လို့ တစ်ခါမျှ အားမငယ်ခဲ့ ဖူးဘူး။

“ဟိုလေ အဲဒါ ဒီရေ ကဘာလို့ မေးတာလဲ”

“အဟင်း သမီးလိုချင် အမေကြည့်တဲ့ အဲဒါကြောင့်မို့ပါ ဘာရယ် မဟုတ်ပါဘူး ” တဲ့။

သြော် သမီးလိုချင် အမေကြည့်တဲ့ ဆိုတဲ့စကားက အမေးခံရတဲ့ ကျွန်မအတွက် ဘာမှ မဟုတ်ဘူးတဲ့လား။ သူမေးလိုက်တာက ကျွန်မရဲ့ အမေလေ။ ဒါဆို သူက ကျွန်မကို ..လို ချင်..အ…အ.အာ…. မဖြစ်နိုင်ပါဘူး။ ကိုယ်ကသာ မေးခွန်းတွေ မေးပြီး စိတ်ထဲဗျာများနေတာ ဒီရေ ကတော့ အဲဒီလို မေးချင်တာလေး တစ်ခွန်းမေး ပြီးရင် ကျောခိုင်းပြီး ထွက်သွားပြီ။ ကိုယ့်မှာသာ တစ်ကိုယ်တည်း မေးခွန်းတွေနဲ့ ကျန်ခဲ့တာ။

“လှိုင်း ရှင့်ရဲ့ ဒီရေ က ထူးဆန်းတယ်နော်။ ”

“အင်း ..ဘာဖြစ်လို့လဲ အမြီးပေါက်ပြီး ဂျိုထွက်နေလို့ လား.”

“အဟမ်း..အဟမ်း ..”ချောင်းလန့်သံကြားလို့ လှည့်ကြည့်လိုက်တော့ သူက အပေါက်ဝမှာ မတ်တပ်ရပ်လို့ မျက်နှာက ပြုံးစိစိနဲ့.။ ပြီးတော့ ပြောသွားသေးတယ် အနားနား ကပ်ပြီး

“ကိုယ်သေချာတယ် လှိုင်းပြောတဲ့ အမြီးနဲ့ဂျို ကိုယ့်မှာ မရှိဘူးတဲ့ ”

ကျွန်မ မှာ မျက်နှာဘယ်လိုထားလို့ထားရမယ်ကို မသိတာ။ တစ်ကယ်တော့ မီ က ဒီရေနဲ့ ကျွန်မကို နေ့တိုင်းစနေလွန်းလို့။ ဒီနေ့လည်း မီ က မစခင် ကျွန်မက ကြိုပြီး ဘုတောလိုက်တာ။ ဖြစ်ချင်တော့ သူက ကျွန်မတို့အခန်းရှေ့ရောက်နေတာ။ မီ ကိုပဲ စိတ်ထဲမှာ ကြိတ်ပြီး ကြိမ်ဆဲ ပစ်လိုက်တယ် ။ မီ ကတော့ သူ့ကို ကျွန်မမဲနေမှာစိုးလို့ လား မသိ အခန်းအပြင်ဖက်ကို လျှာလေးထုတ် ခေါင်းလေးပုပြီး ထွက်သွားပြီ။
          တစ်ကယ်လည်း မီ တို့စချင်လည်း စချင်စရာ။ တစ်ခါတစ်လေ ကျွန်မရဲ့ စားပွဲရှေ့ကနေ အကြောင်းမရှိ အကြောင်းရှာပြီး ခေါက်တုန့်ခေါက်ပြန်လျှောက်တယ်။ တစ်ခါတစ်လေ ကျပြန်တော့ တစ်ပတ်လုံးနေလို့မှ သူ့မျက်နှာတစ်ခါလောက်တောင် တွေ့ရသည်မရှိ။ တစ်ခါတစ်လေ ကျပြန်တော့ နေ့လည်စာ ကျွန်မစားဖို့ဆိုပြီး ပို့ခိုင်းပေးတတ်သေးတယ်။ ဒါပေမယ့် သူနဲ့ ကျွန်မရဲ့ ဆက်ဆံရေးကတော့ အလုပ်ရှင် အလုပ်သမားထက် ပိုသည်လို့မရှိ။ သူ့ကို ကြည့်ရတာ နေ့တိုင်းအရောင်ပြောင်းနေသလိုပဲ။ သူ့ရဲ့ စိတ်ကို ခန့်မှန်းရတာ ကျွန်မအတွက်တော့ အဖြေမရှိတဲ့ ပုစ္ဆာတွက်တစ်ပုဒ်ကို တွက်နေရသလိုပဲ။

          သြော် ဒီလိုနဲ့ပဲ ဇာတ်မျှောကြီး ဖြစ်တော့မယ်ထင်ပါရဲ့။

“လှိုင်း ရှင့်ကို ချစ်တယ် လို့မပြောသေးဘူးလား။ ဘေးကကြည့်နေတဲ့ သူတောင် သိတယ် .။ လှိုင်း ကို စိတ်ဝင်စားနေတယ် ဆိုတာ”

“အင်း.”

“တစ်ခါတစ်လေကျရင်လေ လှိုင်း ကို သူက တမင်ရှောင်နေသလိုပဲနော်။”

“အင်း.”

“အဲ…..ဒါပေမယ့် လှိုင်းကိုတော့ ဂရုစိုက်သား။ လှိုင်းမှာ ထမင်းချိုင့် မပါတဲ့နေ့ဆို သူဘယ်လို ကြည့်နေလဲ မသိဘူးနော်။ ထမင်းလာဝယ် ပို့ရော”

“အင်း ..နတ်မျက်စိ ရှိတယ် ထင်တယ်”

“ဟာ လှိုင်း ကလဲ မီက အတည်ပြောနေတာကို”

“အေးလေ ကျုပ်ကရော အပျော်ပဲ ကြိုက်မှာပါလို့ ပြောနေလို့ လား”

“လှိုင်း နော် နောက်တီး နောက်တောက်နဲ့ မီ ကတစ်ကယ်ပြောနေတာ။ အသက်တွေလည်းကြီးပြီး ကြိုက်ရင်လဲ မြန်မြန်ယူကြပြီးရော ”

“ဟဲ့ မီရယ် ကျုပ်ကယူပါ့မယ် ဆိုတာတောင် ရှင့်ရဲ့ အခန်းထဲက ဘိုးတော်က ခဏနေဦး ပုတီးစိပ်နေတယ် ဆိုတော့ ဟောဒီက မိလှိုင်း ဘာလုပ်နိုင်မှာတုန်း။ ဂတုံးတုံး အ၀တ်ဝါလေးဝတ်ပြီး ကြိုဆောက်ထားတဲ့ ဇရပ်မှာ စောင့်နေရုံပဲ တတ်နိုင်တယ်။”

“အေးဟေ့ စောင့်စောင့် နော်။ တော်ကြာ သူများနောက်ပါသွားမှ မိလှိုင်းတို့ ရင်ကွဲပက်လက်နဲ့ မီ ရယ် ဆိုရင်တော့ လေ ”

အဲဒီတုန်းက မီ ပြောခဲ့တာ ကျွန်မအတွက် ကြိုတင်နမိတ်များလား မသိပါဘူး။ နောက်ထပ်လအနည်းငယ်လောက်အကြာမှာ ကျွန်မ စာချုပ်စာတန်းအချို့ကို အစုရှယ်ယာဝင် အန်တီကြီး တစ်ယောက်ရဲ့ အိမ်ကို သွားပို့ပေးရတယ်။ ခဏစောင့်ပါလို့ပြောပြီ ဓာတ်ပုံ အယ်ဘမ် တွေရှေ့ချပေးခဲ့တာနဲ့ ကျွန်မလည်း ဘာရယ် မဟုတ်ဘူး ယူကြည့်မိလိုက်တယ်။ အဲဒီအထဲမှာ ကျွန်မအတွက် ရင်ကွဲပက်လက်ဖြစ်စေမယ့် ဓာတ်ပုံအချို့ကိုတွေ့ခဲ့တာပဲ။

“အန်တီ ဒီဓာတ်ပုံတွေ က …”

“သြော် ဟုတ်တယ် သမီးရဲ့ ဒါ ဒီရေ တို့ စေ့စပ်ပွဲနေ့က ရိုက်ထားတာလေ။ ကြာပြီ ကောင်မလေးက ခုနိုင်ငံခြားမှာလေ။ အန်တီရဲ့ တူမပေါ့။ ခုခောတ်ကလေးတွေများ နားကို မလည်နိုင်ပါဘူးကွယ်။ စေ့စပ်ထားတာ နှစ်နှစ်ကျော်ပြီ ခုထိ လက်ထပ်ပွဲ ကိုဟိုရွှေ့ဒီရွှေ့နဲ့။ ဒီရေ ဖေဖေ နဲ့ တိုင်ပင်ထားတာတော့ ဒီနှစ် နှစ်ကုန်ပိုင်းလောက်တော့ မင်္ဂလာပွဲကို မရရအောင် စီစဉ်မှဖြစ်မယ်လို့။ အန်တီတို့ ဘက် က မိန်းကလေး ရှင် မဟုတ်လား..”

“အင်း…ဟုတ် ဟုတ် တာပေါ့…”

လို့ ၀ဲလာတဲ့ မျက်ရည်ကို မသိမသာလေး ထိန်းရင်း တုန်ယင်နေတဲ့ အသံ.

“အန်တီ သမီးကို ပြန်ခွင့်ပြုပါအုန်းနော် .” 

လို့ နှုတ်ဆက်ရင်း ထပြန်လာခဲ့တယ်။ 
အပြန်လမ်းတစ်လျှောက်မှာတော့ အိမ်အပြင်မှာ မိုးတွေသည်းနေတယ် ဒီရေ …..

--------ဒီရေ လှိုင်း ဇာတ်သိမ်းလေးကို တတ်နိုင်သမျှ မြန်မြန်လေးရေးပြီး တင်ပေးပါ့မယ်လို့ မှာရင်း
ဘလော့ သူငယ်ချင်း မောင်နှမ များအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။
 


Friday, 8 March 2013

ဒီရေ.လှိုင်း (၁)






ဖေဖေ ကတော့ပြောဖူးတယ်။ ကျွန်မမွေးပြီးကာစ ကျွန်မရဲ့ မျက်နှာလေးကို မြင်လိုက်ရုံနဲ့တင် ဖေဖေရဲ့ စိတ်ထဲမှာဖော်မပြနိုင်လောက်တဲ့ ကြည်နူးမှုတွေနဲ့ ရင်ထဲမှာ လှိုင်းထန်သွားသလို လှုပ်ခနဲ ဖြစ်သွားတဲ့ ခံစားချက်မျိုးဖြစ်မိတယ်တဲ့။ ဒါကြောင့် ကျွန်မရဲ့ နာမည်ကို ထူးထူးခြားခြား တစ်လုံးတည်း လှိုင်း ဆိုပြီး ခေါ်ဖြစ်သွားတယ်တဲ့။  ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ လူတိုင်းမှာ နာမည် အမည်သညာ တစ်ခုဆီရှိကြတာပါပဲ ။ အထူးအဆန်းမှ မဟုတ်တာ။ အဲ ထူးဆန်းတာက ဒီနေ့မှ ကျွန်မတို့ရဲ့ ၁၀ တန်း (B) ခန်းကို ပြောင်းလာတဲ့ ကောင်လေးပဲ။ သူ့နာမည်က ဒီရေ..တဲ့ 

          အတန်းပိုင်ဆရာမက ကျောင်းသားသစ်ရဲ့ နာမည်ကို မိတ်ဆက်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် တိုးတိုး တိုးတိုး ထွက်လာတဲ့ အသံက ဒီရေ …လှိုင်း  ဒီရေ …လှိုင်း တဲ့။ ခက်တာပဲ။ အဲကောင်လေး ပုံစံကြည့်ရတာတော့ နည်းနည်းလေး မာရေ ကြောရေ နိုင်မယ့်ပုံ။ ဟွန်း ပုံစံကိုက မာန်ပဲ တင်းနေသလိုလို မာနပဲ ကြီးသလိုလို မျက်နှာက ဖြူဖတ်ဖြူရော်နဲ့ ဒါပေမယ့် သပ်သပ်ရပ်ရပ်တော့ ရှိပုံရတယ်။ ဒါပေမယ့် ဘာလို့မှန်းတော့ ကျွန်မ မသိဘူး သူ့နာမည် ကိုတော့ သဘောကျနှစ်သက်မိသလိုပဲ။ နှုတ်ခမ်းလေး လှုပ်ရုံ ကျွန်မလဲ တိုးတိုးလေး ညည်းနေမိခဲ့တယ် ဒီရေ…လှိုင်း ..ဒီရေ..လှိုင်း လို့။

          နောက်နေ့ အခန်းထဲသွားတော့ ဘယ်ကျောင်းသားတွေ လက်သရမ်းလဲ မသိပါဘူး စာသင်တဲ့ ကျောက်သင်ပုန်းမှာ ဒီရေ + လှိုင်း ဆိုပြီး ရေးပြီး စထားကြတယ်။ ကျွန်မလေ ရှက်သလို လို သဘောပဲ ကျသလိုလိုနဲ့။ သူကတော့ အဲလို မဟုတ်ခဲ့ ဘူး။ မထင်မှတ်လောက်အောင် သူ့ရဲ့ တုန့်ပြန်မှုကတော့ ပြင်းထန်လွန်းတယ်။

“အေး မင်းတို့ ဒီလို နောက်ချင်ကြတယ် ဆိုရင် လှိုင်း ဆိုတဲ့ နာမည်ပါတဲ့ မိန်းမ မျိုးနဲ့ မစနဲ့တဲ့ ။ အဲင်္ဒီ လှိုင်း ဆိုတဲ့ အသံကို ငါကြားမိတာနဲ့ အော့ နှလုံးနာလွန်းလို့တဲ့.”

ကျွန်မလေ ကြားမိကာစကဆို ရှက်လဲရှက် . ပြီးတော့ ကျွန်မက သူလိုလူတစ်ယောက် အော့ နှလုံးနာစရာ ဘာများရှိနေလို့ လဲ။ သူ့ကို ကျွန်မလဲ တစ်ခွန်းပဲ အဲဒီနေ့ က ပြန်ပြောခဲ့ ပါတယ်။

“ရွယ်တူ မိန်းကလေးတစ်ယောက်ကို ဒီလို နိမ်နိမ်ချချ ပြောတတ်တဲ့ ယောက်ကျားမဆန်တဲ့ ယောက်ကျားတစ်ယောက်ကို တွေ့ဖူးတာ ငါ့ဘ၀မှာ ဒါဟာ ပထမဆုံး အကြိမ်ပဲလို့ ”

အဲဒီအချိန်တုန်းက ကျွန်မထင်ထားခဲ့တာ ကျွန်မသူ့ ကို မုန်းတယ်လို့ ပေါ့။ သူ့ကြောင့် ကျွန်မ အရှက်ရခဲ့တာ။ နောက်နေ့တွေမှာတော့ ကျွန်မသူ့ကို မကြည့်မိအောင်နေတယ်။ ဂရုမစိုက်သလို နေတယ်။ သူနဲ့ ကျွန်မ မျက်နှာချင်းမဆိုင်မိအောင် နေခဲ့တယ်။ သူဆိုတာ ကျွန်မဘ၀မှာ မရှိအောင်နေခဲ့တယ်။ ဒါပေမယ့် အဲဒီိလို ဂရုတစ်စိုက် မေ့ဖျောက်ခဲ့မိတာကိုးက  ဒီရေ ဆိုတဲ့ လူတစ်ယောက် ကျွန်မရဲ့ စိတ်ထဲကို ရောက်မှန်းမသိ ရောက်လာခဲ့တာပဲ။ 

ကျွန်မတို့ ၁၀ တန်းစာမေးပွဲတွေ မနက်ဖြန်ဆို နောက်ဆုံး တစ်ဘာသာပဲ ဖြေရတော့မယ်။ ရှေ့ဘာသာတွေ အကုန်လုံး ကိုယ်မှန်းထားသလောက်ဖြေနိုင်တာမို့ စိတ်ထဲမှာအရမ်းကို တက်ကြွနေမိတယ်။ အချိန်ရသလောက် မေးခွန်းနဲ့ အဖြေတွေ ပြန်တိုက်ပြီး အချိန်ပြည့် ခေါင်းလောင်းထိုးမှပဲ စာမေးပွဲခန်းထဲက ကျွန်မထွက်ခဲ့မိတယ်။ အပြင်ရောက်တော့ မထင်မှတ်စွာပဲ မိုးကရွာနေတယ်။ ဒုက္ခပါပဲ ဖေဖေ့ကားက လမ်းထိပ်မှာပဲ စောင့်နေမှာ။ ကျောင်းရှေ့လမ်းက ကျဉ်းလွန်းတော့ ကားတွေ အရမ်းကြပ်နေလို့ လမ်းထိပ်မှာပဲ စောင့်ပါလို့ မှာထားတာ။ ဒီအချိန်အခါမဟုတ်တဲ့ မိုးကြောင့်တော့ ခက်တာပဲလို့ စိတ်ထဲမှာတွေးလိုက်မိတယ်။

          တစ်ကယ်အံ့သြစရာပဲ ကျွန်မရဲ့လွယ်အိတ်ကို ရုတ်တရက်ဆွဲယူုပြီး ထီးကို ဖျတ်ကနဲ ထည့် ပြီးတော့ လစ်ခနဲပြေးထွက်သွားတဲ့သူက ဒီရေ တဲ့ ။ ရှင်ဘယ်လိုလူလဲ ဒီရေ ရယ်။ ရှင်ပဲ အော့နှလုံးနာတဲ့ လှိုင်း ဆို ။ အဲဒီနေ့က ကျွန်မရဲ့ စိတ်ထဲ ကျေနပ်သလိုလို သူ့အပေါ်ထားတဲ့ အမုန်းတွေပဲ ပျောက်သွားသလိုလို မိုးရွာကြီးထဲမှာ သူပေးတဲ့ ထီးလေးဆောင်းပြီး လျှောက်နေရတာကိုးက ပိုပြီး လုံခြုံမှု အေးမြမှုတွေ ရှိနေသလိုလို။ အိးု ..သိတော့ပါဘူး ဘာမှန်းကို။ 

          နောက်နေ့ စာမေးပွဲပြီးတော့ သူ့ရဲ့ ထီးလေးကို ပြန်ပေးဖို့ ကျွန်မ သူတို့အခန်းရှေ့က စောင့်နေမိသေးတယ်၊ ။ဒါပေမယ့် အဲဒီနေ့ထဲက ဒီရေ ဆိုတဲ့သူ ကျွန်မရဲ့ ဘ၀ထဲကနေ အပြီးပျောက်ကွယ်  သွားခဲ့တာ ဒီနေ့ ဒီချိန်ထိပဲ။ ခုချိန်ထိ သူ့ရဲ့ ထီးကလေးကို ကျွန်မသိမ်းထားမိသေးတယ်။ တစ်နေ့နေ့ ပိုင်ရှင်ပြန်လာရင် ပြန်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ့။ 

          “လှိုင်း ရေ မနက်ဖြန် company ကို စောစောလာပေးနော်။ ဦးထင်လင်းထန်ရဲ့ သား ဒါရိုက်တာပေါက်စ အသစ်စက်စက်လေးက ရုံးစပြီး တက်မဲ့ ရက်ပါတဲ့ ရှင်။ ”

          “ဟုတ်ကဲ့ ပါ ဒေါ်မီမီခင် ရှင်။ နေပါအုန်း မနက်စောစောရုံးလာပြီး ဒါရိုက်တာ အသစ်လေးကို ကြိုရမယ့် သူက ဟောဒီက admin manger ကြီး မဟုတ်ဘူးလား။”

          “ဟုတ်တော့ ဟုတ်တာပေါ့ လှိုင်းရယ် ကျွန်မတို့က ရှင့်လို အပျိုကြီး တစ်ကိုယ်တည်း ဟုတ်ဘူးရှင့် ။ သားနဲ့ သမီးနဲ့ ယောက်ကျားနဲ့ ဆိုတော့ အလုပ်များတယ် ။ လုပ်ပါ သူငယ်ချင်းလေးရယ် နော်..နော်”

မီ ဆိုတာက ကျွန်မရဲ့ တက္ကသိုလ်တက်ထဲက သူငယ်ချင်း ခုလဲအလုပ်ထဲမှာ တူတူဆိုတော့ ကိုယ့်လက်အောက် လူဆိုပေမယ့်လည်း ဒီလိုပါပဲ ငဲ့နေရတာနဲ့ မနက်ဖြန် ဒါရိုက်တာပေါက်စ အတွက် ကျွန်မပဲ ရုံးစောစောလာရတော့မှာပေါ့။ မျက်နှာငယ်လေးနဲ့ သူငယ်ချင်းကို ကျွန်မ ခေါင်းငြိမ့်ပြလိုက်တာနဲ့ တစ်ပြိုင်နက် မီ ကတော့ သူ့သားကျောင်းကြိုဖို့ မမီမှာစိုးတာနဲ့ ပြေးရှာပြီ။ ဟွန်း ဒါကြောင့် ယောက်ကျားမလိုချင်တာ။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေလို့ ရတဲ့ဟာကို အလကား မိန်းမတွေများ ဒုက္ခခံချင်ကြတာပဲ။ 

          နောက်တစ်နေ့မနက် ရုံးရောက်တာနဲ့  ဒါရိုက်တာပေါက်စနေမယ့် အခန်းမှာ ဘာတွေများလိုအပ်သေးလဲစစ် သူ့ အတွက်ခန့်ပေးထားတဲ့ အတွင်းရေးမှူးမလေးရောက်လာတော့ နေရာချပေးနဲ့ မနက် ၁၀ နာရီထိုးရော။ ဒီချိန်ထိတော့ ဒါရိုက်တာပေါက်စ မရောက်လာသေးဘူး။ ဒါနဲ့ပဲ သူမခြင်းထဲ ထည့်လာတဲ့ မနက်စာ စားသောက်ခန်းထဲမှာ ထိုင်စားနေလိုက်တယ် ။ ဗိုက်ဆာလာပြီလေ မိုးကျရွှေကိုယ်က ပေါ်လာတော် မမူသေးဘူး။ 

          တစ်ကယ်တော့ ကံကြမ္မာဆိုတာကိုယ်မမြင်နိုင်တဲ့အရာ အရမ်းကို ဆန်းကြယ်တာပဲ။ သူဟာ ကျွန်မဘ၀ထဲကို ရုတ်တရက်ဝင်လာတယ် ရုတ်တရက် ပျောက်ကွယ်သွားပြန်တယ် ဟောကြည့် ဒါရိုက်တာပေါက်စဆိုတဲ့ သူက  ဒီရေ တဲ့။ တစ်ကယ်တော့လေ သူပျောက်ကွယ်သွားတဲ့ ကာလတွေမှာ သူ့ဘ၀မှာ လှိုင်းဆိုတဲ့ မိန်းကလေးကို မေ့မေ့ ပျောက်ပျောက်ရှိနေခဲ့မယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် ဒီနေ့ သူကျွန်မကို တွေ့လိုက်တော့ အရမ်းကို ၀မ်းသာသွားတဲ့ပုံပဲ။ ပြီးတော့ သူစကားတွေ အများကြီး ပြောချင်နေပုံ ရတယ်။ အလုပ်ကလူကြီးတွေနဲ့ တွေ့နေလို့သာ ကျွန်မကို ဘာမှ မပြောတာ။ သူစကားပြောနေရင်း ကျွန်မကို ကွက်ကြည့် ကွက်ကြည့် လုပ်နေတာ ကျွန်မသိတာပေါ့။

 ပြီးတော့ ပြန်ကာနီး ကျွန်မနားကပ်ပြီး သူပြောသွားသေးတယ် 

"ကိုယ်တို့ မနက်ဖြန်လောက်တော့ စကားတွေအများကြီးပြောဖို့ အချိန်ရလောက်ပါတယ်တဲ့။"

 ရှင်ဟာလေ ကျွန်မကပဲ ရှင်နဲ့စကားပြောဖို့ မျှော်လင့်နေတဲ့ သူလို့များ ထင်နေသလားဟင်။ 
          ဘာပဲဖြစ်ဖြစ် ဒီရေ ရယ် ဒီနေ့ ကျွန်မပျော်နေတယ် သိလား။


---အပိုင်း ၂ ကိုတော့ မကြာခင်တင်ပေးနိုင်အောင်ကြိုးစားနေပါတယ်။
ဘလော့ မောင်နှမ များ ကျန်းမာလို့ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းရင်း..အလုပ်အားတုန်းလေး 
 စိတ်ထဲမှာ စာစီထားတောလေးတွေ ချရေးမိလိုက်ပြန်တယ်။

Sunday, 20 January 2013

ဘ နဲ့ ၀ ပေါင်းတဲ့ ဘဝ






တစ်ခါတစ်လေမှာ လေးနေတဲ့ စိတ်တွေကို ခဏလောက် ပဲဖြစ်ဖြစ် ပစ်ချထားလိုက်လို့ ရရင် ကောင်းမယ်လို့ ခဏခဏ တွေးမိတယ်။ စိတ်ရဲ့ ထွက်ပေါက်ဟာ ဘာလဲ တစ်ကယ်ပဲ မသိတော့ ဘူး။ သီချင်းတွေ အော်ဆိုပစ်လိုက်ရင် ကောင်းမလား။ ဒါမှမဟုတ် အနားမှာ ရှိတဲ့ ပစ္စည်းတွေ ပဲ အော်ဟစ်ရိုက်ခွဲ ပစ်လိုက်ရင် ကောင်းမလား။ ဒါမှမဟုတ် မိန်းကလေး ပီပီသသ မျက်ရည်တွေနဲ့ပဲ အဖော်လုပ်လိုက်ရင်ကောင်းမလား။ ဒါလဲ ရိုးနေပါပြီလေ။ ငိုခဲ့ ရလွန်းလို့လဲ မျက်ရည်တွေတောင်ကုန်လုပြီ။ တစ်ခါတစ်ခါ လူမသိအောင် ကြိတ်ကြိတ်ပြီး ရှိုက်တတ်တဲ့ အကျင့်ကလေးတောင် ရနေခဲ့ပြီ။ 

           “ပိုက်ဆံလေး ၂ သောင်း ၃ သောင်းလောက်ဟာ မင်းဘ၀ အတွက် ဒီလောက်တောင် အရေးပါသလားတဲ့။”

အရေးပါတာပေါ့။ အဲဒီပိုက်ဆံလေး ၂  သောင်း ၃သောင်းလောက် basic salary နဲ့ အလုပ်ရဖို့ အတွက် ကျွန်မ ၁၀ တန်းအောင် အောင်ကြိုးစားခဲ့ ရတယ်။ ဒါပဲ လားဆိုတော့ ဘွဲ့ ဆိုတဲ့ စာရွက် တစ်ရွက် ကိုင်နိုင်အောင် အိမ်မှာ စက်ချုပ်ပြီး အဝေးသင်ဆိုတာကို ပြေးဟယ် လွှားဟယ်နဲ့ ယူခဲ့ ရတယ်။ ဒါနဲ့လဲ မလုံလောက်သေးဘူး ခုလို စာရင်းကိုင် လစာကောင်းကောင်းရဖို့ အတွက် စာရင်းကိုင် သင်တန်းဆိုတာကို  အဝေးသင်နဲ့ အပြိုင် သုံးနှစ်လောက် တတ်ခဲ့ ရတယ်။ ကြားထဲမှာ ကုန်တဲ့ အချိန်တွေ ကျွန်မရဲ့ ချွေးတွေ မိဘတွေရဲ့ ငါ့သမီးလေး ဖြစ်လာမှာပါဆိုတဲ့ မျှော်လင့်ချက်တွေ။ အများကြီးရင်းထားရတာ။ ဒါတောင် ခုမှ အစ လက်ထောက်စာရင်းကိုင် ဆိုတဲ့ နေရာက စရမှာ။ ရှေ့ဆက်ဘာတွေ ထပ်ရင်းရ အုန်းမလဲ ကျွန်မမသိသေးဘူး။

“အင်တာဗျူးလေး တစ်ခု လွတ်သွားတော့ မင်းဘ၀ အတွက် ဘာများ ထိခိုက်သွားနိုင်သလဲတဲ့”

ရေနစ်နေတဲ့ အချိန်မှာ ကောက်ရိုးလေး တစ်မျှင်ကလဲ ကျွန်မဘ၀ အတွက်ကူကယ်ရာပဲလေ။ မတော်လို့ ကျွန်မ မသွားခဲ့ လို့ ဒီအလုပ်ကို လက်လွှတ်လိုက်ရပြီ ဆိုပါတော့ နောက်ထပ် အင်တာဗျူးတွေ ဘယ်နှစ်ခု ထပ်ဖြေရအုန်းမလဲ မသိနိုင်ဘူး။ ကိုယ်လို သူလို ဘ၀မျိုးနဲ့ အလုပ်လျှောက်နေတဲ့ သူတွေ များတာမှ အများကြီး။
            ဒီလို အင်တာဗျူးလေး ရဖို့အတွက်တောင် ဘယ်လောက်ကြိုးစားထားရလဲ။ ကျွန်မဆင်းရဲတယ်။ ဒီနေ့မှာထမင်းစားပြီး နောက်နေ့မနက်မိုးလင်းရင် ငါဘယ်ကနေ ပိုက်ဆံရမလဲလို့ တွေးရတဲ့ ဘ၀ကြီးကို မုန်းမိနေတာကြာပြီ။ ကျောင်းတက်နေတုန်းကဆို ကိုယ်ရှာတဲ့ ပိုက်ဆံမလောက်လို့ အမေ့ဆီကနေများ လက်ဖြန့်ပြီး မုန့်ဖိုးတောင်းရပြီဆိုရင် ရင်ထဲမှာ အလုံးကြီးဆို့နေသလိုပဲ။ ကျွန်မကို မုန့်ဖိုးပေးလိုက်ပြီ ဆိုရင် ဒီနေ့အဖို့ အိမ်က ဟင်းဟာ ငါးပိရည်တစ်ခွက်ထဲ ဖြစ်ချင်ဖြစ်သွားနိုင်တာကိုး။ ငါ့ကြောင့် ဆိုတဲ့ စိတ်က ဘယ်လိုမှ ဖြေလို့မရဘူး။ အဲဒီနေ့ တစ်နေ့လုံး ကျောင်းမှာ ငေါင်တောင်တောင်နဲ့ ။ ကျောင်းမတက်တော့ ဘူးလို့ ဆုံးဖြတ်မိတာလဲ အခါခါပဲ။ ကျောင်းမတက်တော့ ဘူးဆိုရင် ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်က ဘာလဲ ဆိုတဲ့ မေးခွန်းကို မဖြေနိုင်လို့သာ ကြိတ်မိတ်ပြီးတက်ခဲ့ရတာ။ သူများတွေကျောင်းလာပြီး လှတပတလေးတွေများမြင်ရင် ကျွန်မအရမ်းအားကျမိတာ။ သူတို့လို ကျွန်မ လှတပတမှ မနေနိုင်ခဲ့တာ။

“ငါ့ဘ၀နဲ့ ငါဆို ငါ့မိဘတွေနဲ့ ခွဲပြီး ရေမြေရပ်ခြားကို ဘာသွားပြီး အလုပ် လုပ်စရာလိုလဲ မင်းကြောင့် မင်းရဲ့ ကိုယ့်ဘ၀ ကိုယ်တည်ထောင်ကြရအောင်ဆိုတဲ့ စကားလေးတစ်ခွန်းကြောင့် ငါ သွားရတာ။ ဒါပေမယ့် ကွာ..
ငါသွားတဲ့ အချိန်လေးကိုတောင် မင်းက လေဆိပ်ကို လိုက်မပို့ နိုင်ဘူးဆိုတာကတော့ ကွာ…”

ဟုတ်တယ်…မောင့် ဘက်က ကြည့်ရင်လဲ မှန်တယ်။ ကျွန်မဘက်က ကြည့်ရင်လဲ မှန်တယ်။ ကျွန်မကို အလုပ်က အင်တာဗျူး ဒုတိယအကြိမ် ခေါ်တဲ့ အချိန် မို့ လို့ ပါ မောင်ရယ်။ ကံကောင်းရင် ကျွန်မ အလုပ်ရသွားနိုင်တယ်။ ဟုတ်ပါတယ် မောင့် ဘ၀နဲ့ မောင်ဆို ပင်ပန်းဆင်းရဲ ခံနေစရာမလိုပါဘူး။ မောင် တို့မိဘတွေက အခြေခိုင်ပြီးသားတွေပဲ။  ကျွန်မ ဆင်းရဲ မှန်းသိရဲ့ သားနဲ့ မောင်ချစ်ခဲ့တာ ကို လဲသိတယ်။ အစစအရာရာ ကျွန်မဘက်က မရှိမာနတွေနဲ့ တင်းမာနေသလောက် မောင့်ဘက်က နားလည်ချစ်ပေးခဲ့တာတွေလဲ သိတယ်။ ကျွန်မလဲ မောင့် ကိုချစ်ပါတယ်။ ဒါပေမယ့် ဖြစ်လာတဲ့ အခြေအနေနဲ့ ဖြစ်နေတဲ့ ဘ၀ကို ဦးစားပေးခဲ့ မိတာ မောင့် ကို မချစ်လို့မှ မဟုတ်ပဲ။
တစ်ကယ်ဆို မောင်နဲ့ အကြာကြီးခွဲရတော့ မယ်ဆိုတဲ့ အသိနဲ့တင် မနက်ဖြန်ကို ဆက်လှမ်းဖို့ အားအင်တွေ ကုန်ခမ်းနေတာ  မောင် မှ မသိပဲ။ မောင် တစ်ယောက် ရေခြား မြေခြားကို အချိန်အကြာကြီး ထွက်ခွာသွားချိန်မှာ ကျွန်မကလဲ ဘ၀အတွက် တိုက်ပွဲ တစ်ခုရဲ့ အစကို ဆင်နွဲနေတဲ့ အချိန်ပါမောင်။ ကျွန်မကို မုန်းမသွားပါနဲ့ နားလည်ပေးပါ ဆိုတဲ့ စကားတစ်ခွန်းကလွဲလို့ တစ်ခြား မောင် နားထောင်လို့ ကောင်းမယ့် စကားမျိုး ခုချိန်မှာ ရှာလို့ မတွေ့ သေးဘူး။ ဒါပေမယ့် မသေချာပါဘူး ။ ကျွန်မ မျက်နှာကို စိုက်ကြည့်ပြီး လက်ညှိုးငေါက်ငေါက် ထိုးလို့ မောင်ပြောသွားတဲ့ စကားကို ခုထိ ကြားယောင်မိသေးတယ်။

“မင်းဟာ ပိုက်ဆံ အတွက်သာ ဆိုရင် ချစ်သူကို စွန့် ပစ်ရင် စွန့်ပစ်လိုက်ရပါစေ ပိုက်ဆံနောက် ကို ကောက်ကောက်ပါအောင် လိုက်မယ့် မိန်းမတဲ့။ အေး မင်းငါ့ကို စောင့်နေလိုက် ခင်ခင်ခက် ။ ငါရှာလို့ ရတဲ့ ပိုက်ဆံနဲ့ ငါကိုယ်တိုင် မင်းသိပ်ချစ်တဲ့ ပိုက်ဆံတွေနဲ့ လာဝယ်မယ်တဲ့။”

ရက်စက်လိုက်တာ ပြောရက်လိုက်တာ မောင်ရယ် လို့ စိတ်ထဲမှာ ကြိတ်ပြီး ညည်းတွားခဲ့ မိပေမယ့် နှုတ်ကတော့ ဘာမှ မောင့်ကို ပြန်မပြောဖြစ်ခဲ့ ဘူး။ ကျောပေးပြီး ထွက်ခွာသွားတဲ့ မောင့်ရဲ့ ကျောပြင်ကို မျက်ရည်တွေ ၀ိုးတ၀ါးထဲက လိုက်ကြည့်နေခဲ့ မိတယ်။ ဒီတစ်ခါဟာ နောက်ဆုံးတစ်ခေါက်လဲ ဖြစ်ချင်ဖြစ်သွားနိုင်တာကိုး။
ကဲ ကျွန်မဘယ်သူ့ကို သွားပြီး အပြစ်တင်ရမလဲ ။ လောကကြီးကိုလား ခောတ်ကြီးကိုလား စနစ်ကိုလား။ ကျွန်မလိုမျိုးပဲ ခံစားနေကြရတဲ့ သူတွေလဲဒုနဲ့ ဒေးပါပဲ။ တစ်ချို့ဆို ဖြစ်ချင်ရာ ဖြစ်ဆို ဘ၀ကိုရေစုန်မျှောလိုက်တဲ့ သူတွေလဲ များတာမှ အများကြီး။ လူကြီးတွေကို ပြောပြန်တော့ လည်း လောကဒဏ်တဲ့။ 
ထားလိုက်ပါလေ။ ထားလိုက်ပါ။ အော်စရာဟစ်တိုင်နဲ့ ငါဆုံးရှုံးနေတယ် ငါ နာကျင်နေတယ် ဆိုတာ ငါ တစ်ယောက်တည်းမှ မဟုတ်တာ။ မိဘတွေက ပြည့်စုံအောင် မထားနိုင်တဲ့ လူငယ်တွေတိုင်း ဖြစ်နေရ ခံစားနေရတဲ့ ဒုက္ခပဲ။ အထူးသဖြင့် မိဘတွေ ဆင်းရဲနေတာ စိတ်သောကရောက်နေတာကို နားလည်တဲ့ လူငယ်တွေမှာဆို ပိုပြီး ခံစားရတယ်။
တစ်ခါတစ်လေ အချစ်တွေကို စွန့်လွှတ်လိုက်တယ်.။ တစ်ခါတစ်လေ ဘ၀တွေကို ရင်းနှီး မြှုပ်နှံလိုက်တယ်။ တစ်ခါတစ်လေ အထီးကျန်တဲ့ ဘ၀ကြီးကို ပိုက်ထွေးလိုက်တယ်။ အေးလေ ပြန်စဉ်းစားကြည့် ငါ တစ်ယောက်တည်းမှ မဟုတ်တာလို့..  ဒီလိုပဲ ဒီလိုပဲဖြေရတော့မယ်. ဒီထက်ပိုပြီး ကျွန်မ ဘာမှ မလုပ်နိုင်ဘူးလေ.. အံကို ကြိတ် လက်သီးကို ဆုပ်ပြီး တစ်နေရာရာမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေတာက လွဲလို့ ..ကျန်တာ ဘာမှ မရှိတော့ ဘူးလေ…

----------------------------------။------------------။-------------------------------


ချစ်စွာသော ဘလော့  မောင်နှမ များအားလုံး မတွေ့ တာကြာပြီ။ ဆွေလေး လဲ စာတွေတော့ လိုက်ဖတ်ဖြစ်ပါတယ် ဒါပေမယ့် အရင်လိုတော့ မောင်နှမတွေ ကို နှုတ်မဆက်ဖြစ်ဘူး။  အချိန်ကို လုပြီး ဖတ်နေရတာလဲ ပါတယ်။ နောက်တစ်ခုက အိမ်က ကွန်ပျူတာနဲ့မှပဲ မြန်မာစာ ရိုက်လို့ ရတော့ တယ်. ရုံးက ကွန်ပျူတာက ဖတ်လို့ပဲ ရတော့ တယ်လေ။ အလုပ်တွေကတော့ တာဝန်ကြီးလာတာနဲ့ အမျှ ပုံပုံလာတယ်။
ခုလဲ ဖေဖော်ဝါရီဆို ဆွေလေး ရန်ကုန်ပြန်ဖြစ်အုန်းမယ်။ ဒီတော့ ဒီပို့(စ်)လေးတင်ပြီးသွားရင်လဲ ဆွေလေး ၁ လ လောက်လော့တော့ ဘလော့ ကနေ ထပ်ပျောက်နေအုန်းမှာပါပဲ။ ခုတော့ မတွေ့တာကြာတဲ့ မောင်နှမတွေကို လဲ နှုတ်ဆက်ရင်း စာစီထားတဲ့ ကြာပြီ ဖြစ်တဲ့ ဒီပို့(စ်)လေးနဲ့ မောင် နှမတွေကို နှုတ်ဆက်လိုက်ပါတယ်နော်။

နှစ်သစ်မှာ ဘလော့မောင်နှမများအားလုံး ကျန်မာလို့ ချမ်းသာ ကြပါစေရှင်။


Tuesday, 25 September 2012

ခံစားချက်

ရင်ခုန်သံ ဖရိုဖရဲနဲ့
သံစဉ်တွေ မညီညာတော့ တဲ့ အခါ
အချစ်ဆိုတာ 
ကြားရတာ နားဝမှာ ခါးတယ်။  ။

မျှော်လင့်ချက်တွေ
အကြိမ်ကြိမ်သေဆုံးလာတဲ့ အခါ
ခံစားချက်တွေလည်း
တစ်စ တစ်စ ပျောက်ကွယ်သွားတယ်။

ယုံကြည်မှုတွေ
အကြိမ်ကြိမ်အသတ်ခံရတဲ့ အခါ
သံသယဆိုတဲ့ မျက်မှန်တစ်လက်နဲ့
လူတွေကို ငါကြည့်တတ်လာတယ်။

 ဒီလူကို ငါလွမ်းသလိုနဲ့
အချိန်တစ်ခု ကုန်သွားတဲ့ အခါ
ငါ့ရင်ထဲမှာ
လွမ်းရတာ ပိုပိုထုံလာတ.ယ်။

မွန်းကြပ်မှုတွေနဲ့
ခံစားချက်တွေ ရှုပ်ထွေးလာတဲ့ အခါ
ဖရိုဖရဲ ကဗျာတစ်ပုဒ်ကို
သံစဉ်မညှိ ကာရံမကြည့်ပဲ
ငါရေးနေမိတော့ တယ်။










Sunday, 6 May 2012

မျှော်လင့်ခြင်း အိမ်မက်



ကျွန်မ သူ့ရဲ့ မျက်နှာလေးကို မြင်နေရတာကိုးက စိတ်ထဲမှာ အေးမြငြိမ်းချမ်းသွားသလို ခံစားရတယ်။ သူ ကျွန်မ ဘေးနားမှာ ရှိနေပါလားဆိုတဲ့ အသိက  ကိုယ့်ကိုယ်ကို ပိုပြီး လုံခြုံသွားသလို ခံစားရတယ်။ ပြီးတော့ သူ့ရဲ့ နှစ်လို ဖွယ် ချိုသာအေးမြသော အပြုံး။ တစ်ကယ်ဆို ခုမှ စတွေ့ စပြီးမြင်ဖူးတဲ့ သူတစ်ယောက်ကို ကျွန်မဒီလောက်ထိ စွဲလန်း နှစ်သက်နေစရာ မလိုဘူး မဟုတ်လား။ထူးဆန်းတယ်ရှင် တစ်ကယ်ပဲ သူနဲ့ကျွန်မ အရမ်းကို ရင်းနှီးခဲ့ ဖူးတယ် လို့ စိတ်ထဲမှာ အလိုလို သိနေတယ်။ သူကလည်း ကျွန်မကို နှစ်ပေါင်းများစွာက ကွဲကွာသွားတဲ့သူတစ်ယောက်ကို ပြန်တွေ့နေရသလိုမျိုး သူ့မျက်လုံးတွေက ဆွေးဆွေးမြေ့ မြေ့ ။ အဲ နောက်တစ်ခုက လောလောဆယ် ကျွန်မရောက်နေတဲ့ နေရာက ဘယ်နေရာလဲ ဆိုတာ ကျွန်မကိုယ်တိုင်မသိတာပဲ။ တစ်ကယ်ပြောတာပါရှင် ကျွန်မ ဒီနေရာကို ရောက်မလာခင် ဘယ်နေရာမှာ နေခဲ့သလဲ။ အဲ ကုန်ကုန်ပြောမယ်ရှင် ကျွန်မကိုယ် ကျွန်မ နာမည် ဘယ်သူလဲ ဆိုတာတောင် မမှတ်မိဘူး။
          ဒါပေမယ့် သူကတော့ ကျွန်မကို နန်းနွယ် လို့ ခေါ်တယ်။ သူပြောပြတဲ့ ကျွန်မနာမည်အပြည့်အစုံက စောနန်းနွယ် တဲ့။ သူ့ကိုသူကတော့ စောစပ်ဖသာ တဲ့။ သူ့နာမည် ဘာပဲဖြစ်ဖြစ်ပါ ၀မ်းနည်းစရာ ကောင်းတာ တစ်ခုက ကျွန်မစကားပြောလို့ မရတာပဲ။ သူတို့ ပြောနေတာတွေ အားလုံးကို ကြားတယ် မြင်ရတယ် ခံစားလို့ ရတယ် ။ အဲ ကျွန်မစကားပြောဖို့ အားယူလိုက်တယ် ဆိုရင်ပဲ အသံတွေက လည်ချောင်းဝမှာ ပျောက်ကွယ်သွားတော့ တာပဲ။ ကဲ မထူးဆန်းဘူးလား။ ထူးဆန်းဆိုလေ သူတို့ဝတ်ထားတဲ့ အ၀တ်အစား ကျွန်မကိုယ်ပေါ်က အ၀တ်အစားတွေက အစပေါ့။ အားလုံး အနက်ရောင် ချည်ထည်ပေါ်မှာ ရွှေမျှင်လေးတွေ နဲ့ အလှဆင်ထားတဲ့ အ၀တ်အစားတွေ။ ပြီးတော့ သူတို့ အင်္ကျီ တွေကလေ ရှမ်းရိုးရာ အ၀တ်အစားနဲ့တော့ ဆင်သား။ ဒါပေမယ့် လုံးလုံးကြီးကြတော့ လဲ မတူပြန်ဘူး။ ဘာပဲဖြစ်ဖြစ် ခုကျွန်မ၀တ်ထားတဲ့ အ၀တ်အစားတွေ ကိုတော့ အရမ်းကို နှစ်သက်မိတယ်။
          သြော် နောက်တစ်ခုက ကျွန်မရောက်နေတဲ့ နေရာ။ မှိုင်းပြပြ တောင်တန်းကြီးတွေ ပြီးတော့ တောင်တန်းကြီးတွေရဲ့ ထိပ်မှာ ဝေ့၀ဲနေတဲ့ တိမ်သားတိမ်လိပ်တွေ။ တစ်ချို့နေရာတွေမှာဆို တောင်ကလပ်တွေမှာ ကပ်ပြီးပေါက်နေတဲ့ အဖြူရောင်ပန်းပွင့် အကြီးကြီးတွေ။ လှလိုက်တာရှင်။ ကျွန်မတစ်သက်တာ တွေ့ဖူးသမျှထဲမှာ အလှဆုံး သက်ရှိပန်းချီကားကြီး တစ်ချပ်ပဲ။ ခုကျွန်မ မတ်တပ်ရပ်နေတာက ကျောက်ဂူကြီး တစ်ခုရဲ့ အပေါက်ဝနားမှာ။ ရှေ့မှာတော့ အလွန်နက်ရှိုင်းလှတဲ့ ချောက်ကြီးတစ်ခု။ ကျောက်ဂူပေါက်ဝ နားကနေပြီး အောက်ကို ငုံ့ ကြည့်လိုက်တော့လေ ကိုယ်ကပဲ တိမ်တွေပေါ် မတ်တပ်ရပ်နေသလိုလို။တောတောင်ရေမြေနံ့ ပါတဲ့ လေပြေလေးကို ရှုရှိုက်လိုက်ရတာကိုးက စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးသွားသလိုပဲ။ ဒီနေရာလေးကို ကျွန်မ ခုမှ ရောက်ဖူးတယ် ဆိုပေမယ့် ဒီနေရာလေးကို စိတ်ထဲမှာ အလိုလို သိနေတယ်။ ပြီးတော့ ကျွန်မအရမ်းကို နှစ်သက်တာပဲရှင်။ ဒီနေရာလေးမှာ နေရတာ ကျွန်မပျော်လိုက်တာ..
          ဒီကျောက်ဂူကြီးထဲမှာလေ ရေအိုင်ငယ်လေးတစ်ခုရှိသေးတယ်။ အရမ်းကို ကြည်လင်အေးမြပြီး ရွှေရောင်ငါးလေး တွေ ကူးခပ်နေတာကို ကြည့်ရတာ ကြည်နူးစရာ။ အဲဒီ ရေအိုင်ငယ်လေးဘေးနားက ကျောက်တုံးကြီးပေါ် ထိုင်ပြီး ကျွန်မရဲ့ ခြေထောက်ကလေးတွေကို ရေထဲချပြီး ရေဆော့ ကစားရတာကိုလဲ ပျော်လိုက်တာ။အဲဒီရေအိုင်လေးက ရေတွေက ကျောက်ဂူကြီးရဲ့ အတွင်းထဲ အနိမ့်ပိုင်းနေရာလေးကို စမ်းချောင်းလေးတစ်ခုလို ကွေ့ပတ်ပြီး စီးဆင်းနေတာ။ အဲဒီ စမ်းချောင်းလေးရဲ့ အဆုံးမှာတော့  သိကြားမင်းလိုပဲ နတ်အ၀တ်အစားတွေ ၀တ်ထားတဲ့ ပုံနဲ့  ထုလုပ်ထားတဲ့ လူတစ်ရပ်နီးနီးလောက်ရှိ ရုပ်တုကြီး။ အဲဒီရုပ်တုကြီးရဲ့ လက်က ရှေ့ ဘက်ကို တစ်စုံတစ်ခုကို ညွန်ပြနေပုံပဲ။ အဲ..ရုပ်တုကြီး ညွန်ပြထားတဲ့ လက်တည့်တည့်မှာ နောက်ထပ် ကျောက်ဂူ ပေါက်ကြီးတစ်ခု။ အဲဒီကျောက်ဂူကြီးထဲကနေပြီး အရောင်တွေ လျှံတက်နေတာများ ၀င်းလို့။ အထဲမှာ ဘာရှိနေမှန်းတော့ မသိဘူး။ ဒီနေရာကိုရင်းနှီးနေတယ်လို့တော့ စိတ်ထဲမှာခံစားလို့ ရတယ်။
          ကျောက်ဂူကြီးထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ မှင်သက်အံ့သြပြီး စိတ်ထဲမှာ ၀မ်းနည်းစိတ်တို့က လှိုက်ကနဲ ဖြစ်သွားတယ်။ တစ်ပြိုင်နက်တည်း  ၀မ်းသာခြင်းဆိုတဲ့ စိတ်ကိုလည်း ခံစားလိုက်ရပြန်တယ်။ ကျောက်ဂူကြီးထဲမှာ အဖြူရောင် ကျောက်သားဖြင့် ထွင်းထုထားသော ထိုင်တော်မူ ဗုဒ္စရုပ်ပွားတော်ကြီးတစ်ဆူကို သပ္ပါယ်စွာ ဖူးမြော်လိုက်ရသည်။ မျက်နှာတော်မှာ ပြုံးတော်မူနေသကဲ့သို့ ဖူးတွေ့ရသည်။ မကိုဋ် ရွှေစလွယ်တို့တွင် ထည့်သွင်းနှစ်မြှုပ်စီရီထားသော အနီ၊ အစိမ်း နှင့် ပြာလဲ့လဲ့ ကျောက်အရောင်တို့ ကြောင့် မျက်နှာတော်မှာ လင်းလက်လျှက်ရှိသည်။ ရုပ်ပွားတော်ကြီးသည် အလွန်ကြီးမားပြီး အမြင့်မှာမူ ကျောက်ဂူကြီး၏ ခေါင်မိုးဖြင့် ထိလုနီးနီးမျှပင် ရှိသည်။ ရုပ်ပွားတော်ကြီး၏ ပလ္လင်ခြေရင်း ပတ်ပတ်လည်တွင်တော့  ရွှေငွေ ကျောက်သံပတ္တမြားတို့ဖြင့် ရောနှောနေလျှက်ရှိသော ကြီးမားသော ရတနာပုံကြီးအား တွေ့ရှိလိုက်ရသည်။ ထို့နောက် ကျောက်ဂူကြီး၏ ထောင့်နားတွင်ရှိသော စိမ်းမြမြ ကျောက်သားနှင့် ရေအိုးကြီးထဲမှာ ရေ တို့ ကိုယူပြီး ရုပ်ပွားတော်ကြီးရှေ့ရှိ သောက်တော်ရေခွက်များကို ရေဖြည့်လိုက်သည်။ ပြီးနောက် ထိခြင်းငါးပါးဖြင့် ရုပ်ပွားတော်ကြီး အား ရှိခိုးပူဇော်နေမိသည်။ မည်မျှ လောက်ကြာအောင် ရုပ်ပွားတော်ကြီးအား ပူဇော်နေမိသည်မသိ ပျော့ပျော့အိအိ အထိအတွေ့ကြောင့် ကျွန်မရဲ့ မျက်လုံးတွေ ကို ဖွင့်ကြည့်လိုက်တယ်ဆိုရင်ပဲ ကျွန်မလိပ်ပြာလွင့်သွားမတတ် ကြောက်လန့်သွားရတယ်။ မကြောက်ပဲ နေမလား။
ကျွန်မရဲ့ အရှေ့မှာ ပါးပြင်းကြီးထောင်ထားတဲ့ ကြီးမားလှတဲ့ အစိမ်းရောင် မြွေကြီး ။ ပြီးတော့ သူက ကျွန်မကို ရစ်ခွေပြီး ပတ်ထားသေးတာ။ ဒီကြားထဲ သူ့ရဲ့ ကြီးမားတဲ့ ပါးပြင်ကြီးနဲ့ တစ်ရွှီရွှီနှာမှုတ်သံကြီးက ကျွန်မမျက်နှာ နားမှာ တစ်ရစ်ဝဲ၀ဲ။ မြွေကြီးရဲ့ အစိမ်းရောင်တောက်တောက်မျက်လုံးများကြောင့် ပိုပြီး ကြောက်စရာ ကောင်းနေသလားမသိ။ အို ဒုက္ခပါပဲ အသံထွက်ပြီးတော့ လဲ အော်လို့ မရ။ ဘုရားကယ်တော် မူပါ။ ကျွန်မ ကြောက်လွန်းလို့ မျက်လုံးမှိတ်ပြီး ဘုရားကိုပဲ တနေမိသည်။

“ဟေ့ ကောင်စိမ်းကြီး မင်းသခင်မ ကြောက်ရှာလွန်းနေပြီ။ မင်းကသာမှတ်မိတာ။ မင်း သခင်မကတော့ ငါတို့ကို မမှတ်မိနိုင်ဘူးကွဲ့။ ”

ဒီတော့မှ မြွေကြီးက ရစ်ခွေထားတဲ့ သူ့ရဲ့ ကိုယ်လုံးကြီးကို ကျွန်မရဲ့ ကိုယ်ပေါ်ကနေ ခွာသွားပေးတာ။ ဒါတောင် သူက ကျွန်မရဲ့ လက်ပေါ်သူ့ခေါင်းလေး လာတင်ထားပြီး မှေးနေသေးတာ။ ဒီလိုဆိုပြန်တော့လဲ ဒင်းလေးက ချစ်စရာလေးပါလားလို့ စိတ်ထဲထင်လိုက်မိသေး။ အဲဒီမြွေကြီးရဲ့ ခေါင်းကိုသူမ တစ်ယုတစ်ယ ပွတ်သပ်ပေးနေမိပြန်သည်။ ထိုအချိန်မှာပဲ ကျွန်မရဲ့ မျက်လုံးထဲမှာ ရုပ်ရှင်ပြနေသလိုပဲ ရုပ်ပုံကားချပ်တွေ တစ်ချပ်ပြီး တစ်ချပ်။ အဲ ကျွန်မ အကြိုက်ဆုံး  ကားချပ်ကတော့လေ ဟောဒီမြွေကြီးရဲ့ ခေါင်းပေါ်မှာ ကျွန်မက မတ်တပ်ရပ်လို့ ပြီးတော့ ကျွန်မကိုယ်ပေါ်က အနက်ရောင် ပုဝါပါးက လေထဲမှာ လွင့်ကာလွင့်ကာနဲ့ မြွေကြီးကို လိုက်စီးရတာကို အကြိုက်ဆုံးပဲ။ ပြီးတော့ ကျွန်မရဲ့ မျက်ဝန်းကလည်း မျက်ရည်တွေ ကျလာသေးတာ။ တားမနိုင်စီးမရပါပဲ။
ဒါပေမယ့် ကျွန်မကိုယ် ကျွန်မဘာဖြစ်လို့ ဒီလောက်ထိ ငိုနေမိမှန်းတောင် မသိဘူး။ စိတ်ထဲမှာ ၀မ်းနည်းနေတာပဲ သိတယ်။

          “ကဲ စောနန်း အချိန်မရှိဘူးကွဲ့ ဘိုးဘိုး ရောက်မလာခင် တို့များ ကပွဲ သဘင်သွားကြအုန်းစို့”

ဒါတောင် မြွေစိမ်းကြီးက မကျေနပ်သေးသလိုနဲ့ ကျွန်မရဲ့ နောက်ကို လိုက်လာဖို့ ပြင်သေးတာ။

 “ကောင်စိမ်းကြီး မင်းလိုက်လို့ မရဘူးကွဲ့။ ကျေနပ်ပါကွယ် နေခဲ့ကွဲ့ နေခဲ့ ”

ဒါက သူ့ရဲ့ မချိတင်ကဲ ရေရွတ်သလိုလိုနဲ့ မြွေစိမ်းကြီးကို အမိန့်ပေးနေတဲ့ လေသံ ။ သူပြောတဲ့နေရာကို ရောက်တော့  ကျွန်မ နဲ့ သူက ရွှေရောင်တစ်ဝင်းဝင်း စင်မြင့်ကြီးပေါ်မှာထိုင်လို့ ။ ကျွန်မတို့ရဲ့ အရှေ့မှာ တော့ ဘာမှကို မမြင်ရဘူး မြူမှုန်လိုလို တိမ်တွေလိုလိုနဲ့။ ဟွန်း ဒီလောက် ဘာမှ မမြင်ရတာကို ဘယ်လိုလုပ်ပြီး ကပွဲသဘင်ကြည့်မလဲလို့ စိတ်ထဲမှာ စဉ်းစားမိသေးတယ်။ ပြီးတော့လေ အံ့သြစရာရှင် ခုနက ကျောက်သားနံရံတွေမှာ ကပ်ပြီးပေါက်နေတဲ့ အဖြူရောင်ပန်းပွင့်ကြီးတစ်ပွင့် ကို သူက ကျွန်မကို လက်ဆောင်ပေးသေးတယ် ရှင့်။ အဲဒီပန်းပွင့်ရဲ့ ရနံ့ကလေ သင်းသင်းလေးနဲ့ မွှေးပျံ့လိုက်တာ ပြောမနေပါနဲ့။
          အဲ ခဏနေတော့ တီးလုံးသံတွေ ကြားလာရတယ်။ကြည့်နေရင်း ကြည့်နေရင်း တိမ်လိပ်ကြီးတွေ ကြားမှာ ရွှေရောင် နဂါးကြီးတွေကို ဘွားကနဲ တွေ့လိုက်ရတယ်။ ပြီးတော့ တီးလုံးသံတွေနဲ့ တူ ရွှေရောင်နဂါးကြီးတွေ ကနေလိုက်တာများ ကြည့်လို့ကောင်းချက်ကတော့ ပြောမနေပါနဲ့။ အဲနောက်တော့ ကျွန်မရယ် ခုနက စောစပ်ဖသာဆိုတဲ့ လူရယ် အဖြူရောင်ဝတ်စုံနဲ့ အဘိုးကြီးတစ်ဦးရယ် ကျယ်ပြန့် တဲ့ ကျောက်ဂူ ခန်းမကြီး တစ်ခုထဲ ရောက်နေကြတယ်။ ကျွန်မကတော့ သူတို့ဘေးနားက ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်လို့ ။သူတို့နှစ်ယောက်ကတော့ စကားတွေပြောနေကြတယ်။ အဲ အကုန်မကြားရပေမယ့် ကျွန်မကြားရသလောက်ကတော့  ဘိုးဘိုးဖြူပြောတာတော့ .

  “လူကလေး သူမှ မင်းတို့ကို မမှတ်မိသေးပဲ။ အချိန်တန်တော့ သူလဲ အိမ်ပြန်လာရမှာပါကွယ်. သူ့ကို ခေါ်ထားလို့ တော့ မဖြစ်သေးဘူး။ မမှတ်မိသေးဘူးဆိုတာ ၀ဋ်ကြွေးတွေ မကုန်သေးဘူးဆိုတဲ့ သဘောကွဲ့။”

သူကတော့ မချိတင်ကဲ့ အလျှော့ မပေးဘူးဆိုတဲ့ လေသံနဲ့

“ဘိုးဘိုး..”

“ဒါဖြင့်လဲ မင်းကိုယ်တိုင် ကာယာကံရှင်ကို မေးကြည့်ကွဲ့”

ဒါနဲ့ပဲ..

“နန်းနွယ်.. ဒီမှာပဲ နေတော့ မယ် မဟုတ်လားဟင်..”

ဒီအချိန်မှာပဲ ကျွန်မနားထဲကို ပဲ့တင်သံတစ်သံ ကြားလာရတယ်။

“သမီးလေး သမီး”

ဟော ဒါ ဒါ အမေ့ရဲ့ အသံပဲ။ ဟုတ်တယ် ကျွန်မမှာ အဖေ နဲ့ အမေ ရှိသေးတယ်။ ကျွန်မ အဖေနဲ့ အမေကို ကျေးဇူး ဆပ်ရအုန်းမယ်။ ဒီမှာနေလို့ မဖြစ်သေးဘူး။ ကျွန်မ ပြန်မှ ဖြစ်မှာ။ သူတို့ ကျွန်မကို စိတ်ပူနေလိမ့်မယ်။ ကျွန်မ ဒီမှာ နေလို့ မဖြစ်ဘူး။ စိတ်ထဲမှာ ကျွန်မကို ဒီမှာခေါ်ထားမှာ အရမ်းကို စိုးရိမ်ကြောက်လန့် သွားမိပြန်တယ်။

“မဖြစ်..မဖြစ်ဘူး ကျွန်မ အိမ်ပြန်မှာ..”

အို အံ့သြစရာပါလား။ ခုန က တစ်ချိန်လုံး စကားပြောမရတာ ။ ခုတော့ လည်ချောင်းဝမှာ အသံ ထွက်လာပါလား။
အဘိုးဖြူကတော့ ပြုံးပြီးကြည့်လို့ ။

“ဒီမှာပဲ အပြီးနေလိုက်ပါ စောနန်းရယ် မပြန်ပါနဲ့တော့နော် ..”

“ဟင့်အင်း..ရှင့်ကိုမှ ကျွန်မ မသိတာ။ အဖေနဲ့ အမေ ကို ကျေးဇူးဆပ်ရအုန်းမယ်။ ကျွန်မပြန်ပါရစေရှင် နော်..”

ဒီအချိန်မှာပဲ မထင်မှတ်စရာ ပြောင်းလဲသွားသူက စပ်ဖသာ ဆိုတဲ့ သူပဲ။

“ကဲ ဒီလောက်တောင် ဒုက္ခများတဲ့ လူလောကကြီး ပြန်သွားချင်တဲ့ ဟာ..ကဲဟာ..ကဲဟာ”

ကျွန်မကို သူ့ခါးက ဓါးကိုဖြုတ်လို့ လိုက်ခုတ်တယ်။ကိုယ့် ကိုရို့ပြီး ရှောင်လိုက်လို့  သူ့ခုတ်တဲ့ ဓါးချက်ကို နှစ်ကြိမ် တိတိ ရှောင်နိုင်လိုက်ပေမယ့် သုံးချက်မြောက်မှာတော့ အောက်မှာရှိတဲ့ ကျောက်ခဲကို နင်းမိပြီး ကျွန်မ မြေပေါ်မှာ ချော်လဲ သွားတယ်။ ဒီချိန်မှာပဲ ၀င်လာတဲ့ သူ့ဓါးချက်ကို ကျွန်မလက်နဲ့ လှမ်းပြီးကာလိုက်တယ်။ အို သူ့ရဲ့ ဓါးဦးချွန်ထိပ်က ကျွန်မရဲ့ လက်မကို စိုက်ဝင်သွားပါရောလား။ အသည်းခိုက်လောက်အောင် နာကျင်မှုနဲ့ တူတူ ကျွန်မအားကနဲ နှုတ်ကနေအော်ရင်း အမှောင်ထုကြီးထဲကို ပြုတ်ကျသွားသလို ခံစားလိုက်ရတယ်။ ဒါပေမယ့် ကျွန်မကိုယ် ကျွန်မ သတိရှိနေတဲ့ အချိန်မှာ နားထဲမှာ သူ့ရဲ့ အသံကို ကျွန်မနားထဲမှာ ပဲ့ တင်ထပ်မျှ ကြားလိုက်ရသည်။

          “ဒီဘ၀မှာ နန်းနွယ်ကို လက်လွှတ်လိုက်ရပေမယ့် နောင်ဘ၀ အဆက်ဆက်တိုင်း မျှော်နေမယ်။ ပြန်လာခဲ့ ပါ နန်းနွယ် ..ပြန်လာခဲ့ပါ နန်းနွယ် ပြန်လာခဲ့ပါ..ပြန်လာခဲ့ ပါ..နန်း…နွယ်….“

“အား…..အား……”

“သမီး သမီးလေး သတိရလာပြီ လား. အမေတို့ ဘေးမှာရှိတယ်လေ ..”

စိုးရိမ်တစ်ကြီးနှင့် ငုံ့မိုးကြည့်နေသော အဖေနဲ့ အမေ့ရဲ့ မျက်နှာ။

“အား ကျွတ် ကျွတ် သမီး ဘယ်ရောက်နေတာလဲ ”

“သမီး ဘာမှ စိတ်မပူနဲ့နော်. သမီးခု ဆေးရုံပေါ်မှာ။ အလုပ်ကိစ္စနဲ့ သမီးတို့ ရုံးကကားနဲ့ မန္တလေးကို ခရီးသွားတုန်း ကား  accident ဖြစ်လို့လေ။ ဟယ် ..ဆရာ.. ဆရာ လုပ်ပါအုန်း။ ခုနက သမီးရဲ့ လက်မက အကောင်းကြီးပါ။ ခုမှ ဘာဖြစ်လို့ သွေးတွေ ထွက်လာပြီး ရောင်ကိုင်းလာရတာတုန်း”

ကျွန်မသတိလစ်မေ့မြောနေတုန်း ဂယောက်ဂယက် နှင့် စိတ်ထင်ရာ လျှောက်ပြီးမက်နေတာထင်ပါရဲ့။ ဒါနဲ့ပဲ ကျွန်မ လည်း အဲဒီအဖြစ်အပျက်တွေကို မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်တယ် ။ ဒဏ်ရာလဲ သက်သာလာပြီမို့ နောက်တစ်ရက်ဆိုရင်  ဆေးရုံက ဆင်းရတော့မယ်။
     ကျွန်မ အိမ်မက်လား တစ်ကယ်လား ဝေခွဲလို့မရဘူး။ ကျွန်မအိပ်ပျော်နေတုန်း ကျွန်မဘေးနားမှာ လူတစ်ယောက် မတ်တပ်ရပ်ပြီး လာကြည့်နေသလို ခံစားရတယ်။ပြီးတော့ ပန်းဖြူဖြူ ပွင့်ကြီးတွေရဲ့ ရနံ့ မွှေးလိုက်တာ သင်းပျံ့ နေတာပဲ။ မတ်တပ်ရပ်ပြီး လာကြည့်နေသော သူကတော့ ၀ိုးတ၀ါးပဲ။ ကျွန်မစကားပြောဖို့ အားယူကြည့်တယ်။ ကျွန်မတစ်ကိုယ်လုံး လှုပ်လို့မရဘူး ပြီးတော့ စကားလဲပြောလို့မရဘူး။ ထိုသူကတော့ ကျွန်မကို အကြာကြီး မတ်တပ် ရပ်ကြည့်နေသည်။
           မနက်မိုးလင်း မျက်လုံးဖွင့်လိုက်သည်နှင့် ရလိုက်တဲ့ မွှေးပျံ့ပျံ့ ရနံ့ကြောင့်  ကျွန်မအခန်းပတ်လည်ကို ဝေ့ ၀ဲပြီး လိုက်ကြည့်မိတယ်။ ကျွန်မရဲ့ အခန်းထဲက ပန်းအိုးလေးမှာ လှပစွာထိုးထားတဲ့ ပန်းဖြူဖြူပွင့်ကြီးကြောင့် ကျွန်မ ထခုန်မိမတတ် လန့်သွားရတယ်။ အဲဒီနေ့က ကျွန်မဒီပန်းလေးရဲ့ ရာဇ၀င်ကို လိုက်ပြီးစုံစမ်းပါသော်လည်း ဘာမှ ရေရေရာရာ မသိရ။ အဲ နောက်တစ်ခုထူးဆန်းတာကိုလည်း ဆရာဝန်ကပြောလိုက်သေးတယ်။ ကျွန်မရဲ့ လက်မ က ဒဏ်ရာကို သူတော်တော်လေး ဝေခွဲမရဖြစ်ကြောင်း။ ကျွန်မသတိလစ်မေ့မြောနေစဉ်မှာ ဒီဒဏ်ရာ လုံးဝ မရှိတာ သေချာကြောင်း။ ပြီးတော့ လက်မက ဒဏ်ရာကလည်း ဓါးကဲ့သို့ ချွန်မြသောလက်နက်ဖြင့် ထိုးခံရသော ဒဏ်ရာဖြစ်ကြောင်း။ ဘာဖြစ်လို့ ကားaccident ဖြစ်တဲ့ လူနာတစ်ယောက်မှာ ထိုကဲ့ သို့ ဒဏ်ရာမျိုး ဘာကြောင့်ရနေသလဲ စဉ်းစားလို့မရကြောင်း။ ဘာပဲဖြစ်ဖြစ်ပါလေ ကျွန်မရဲ့ အသားကိုနာကျင်စေပေမယ့် ကျွန်မသူ့ ကို စိတ်မဆိုးမိ။ သူ့ရဲ့ နှစ်လိုဖွယ် အပြုံးကိုလဲ စိတ်ထဲကနေ မေ့ပစ်လိုက်လို့မရ။ ပြီးတော့ ဆေးရုံမှ ပန်းဖြူဖြူ ပွင့်ကြီးကို အိမ်ကိုယူလာပြီး ကျွန်မရဲ့ အိပ်ခန်းထဲမှာ ထိုးထားလိုက်သည်။ ဒီညလဲ သူကျွန်မရဲ့ အိမ်မက်ထဲကို ရောက်ချင် ရောက်လာနိုင်သည် မဟုတ်ပါလားရှင်.။


…………………………………………….
 အလည်အပတ်ရောက်လာကြသော မောင်နှမများနှင့် တစ်ကွ ချစ်စွာသော ဘလော့မောင်နှမ များကျန်းမာလို့ ချမ်းသာကြပါစေရှင်။