Sunday, 7 December 2014

အရိုးခံ





ကျွန်မလေ ကိုယ့်ရင်ထဲက မြိုသိပ်လို့ထားရသမျှ ခံစားချက်တွေ အားလုံးကို အန်ထုတ်လို့ရရင် အန်ထုတ် ပစ်လိုက်ချင်တယ်။ ဆို့နင့်နင့် ခံစားရတဲ့  အရသာဟာ တစ်ကယ့်ကို ခံစားရခက်လှတယ်။ ကျွန်မက နုံတယ်တဲ့ အေးတယ်တဲ့။ ကျွန်မတော့ ကိုယ့်ကိုယ်ကို အဲဒီလို မထင်မိဘူး။ နုံတယ်ဆိုတာမျိုးက ဘာဆိုဘာမှန်းမသိတတ်တဲ့သူ ဘာဆိုဘာမှ မသိတဲ့သူကိုမှ ခေါ်လို့ရမယ် ထင်တယ်။

          ကျွန်မက စကားတစ်ခွန်းဟလို့ ပြောလိုက်တယ် ဆိုတာနဲ့ ဘယ်ရည်ရွယ်ချက်ကို ရောက်အောင်သွားတော့ မလဲ ဆိုတာကို  ခန့်မှန်းမိတယ်။ ကျွန်မရဲ့ ဘ၀ကသိသိရက်ကြီးနှင့် နှုတ်ကဖွင့်ဟပြီး ရင်ဖွင့်လို့ ချပြစရာ မရှိတဲ့ အဖြစ်။ ကျွန်မက နယ်မြို့လေးတစ်မြို့က ပိုက်ဆံအတော်အသင့်ရှိတဲ့ မိသားစုမှာ တစ်ဦးတည်းသော သမီး။ မိဘများက ထိန်းသိမ်းတော်ခဲ့လေတော့ ဘွဲ့သာရပြီတယ် ရည်းစားသနာမရှိ။ အိမ်မှုကိစ္စနိုင်နင်းတဲ့ မိဘမျက်နှာပွင့်စရာ သမီးတစ် လိမ္မာတစ်ယောက်ဖြစ်ခဲ့တယ်။

          မိဘတွေရဲ့ ဆန္ဒအရ ရွေးချယ်ပြီး ပေးစားလိုက်တဲ့ လင်တော်မောင်ကို ရိုသေလေးစား အားကိုးပြီချစ်ခဲ့တယ်။ မိဘများကလည်း စိတ်ချလို့သွားပြီနှင့်တူပါရဲ့ ကျွန်မအိမ်ထောင်ကျပြီ တစ်နှစ်အတွင်းမှာ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကွယ်လွန်သွားကြတယ်။ ဒီတော့ ကျွန်မအတွက် ဆွေရင်း မျိုးရင်း သွေးရင်းသည် လင်တော်မောင်နှင့် လင်တော်မောင် ဘက်က မိဘတွေပေါ့။ လင်တော်မောင်ဘက်က စည်းစိမ်ချမ်းသာပြည့်စုံတာနှင့်အညီ တိုက်ကြီး ကားကြီးတစ်ဝီ၀ီနှင့် တော့ နေရစားရပါရဲ့။ အိပ်တော့လဲ ဖဲမွေ့ယာပေါ် အိစက်ညက်ညောစွာ အိပ်ရပါရဲ့ သို့ပေမယ့် နှစ်ယောက်အိပ် ကုတင် အကြီးကြီးမှာ တစ်ခြမ်းလှစ်လက်လို့ အိပ်ခဲ့ရတဲ့ ညပေါင်းဟာ အများအပြား။ ကားကြီးကလည်း တစ်ဝီ၀ီပါပဲ သို့ပေမယ့် တစ်ပတ်မှာ တစ်ခါ အိမ်အတွက်ဈေးဝယ်ခြမ်းရုံသာ စီးရတဲ့ကား။

          အ၀တ်ဘီဒိုထဲမှာလဲ တန်ဖိုးကြီး အ၀တ်အစားတွေ အပုံအပင်ရယ်ပါ။ တစ်ချို့ဆို အသစ်စက်စက်။ လက်ဝတ်လက်စားဆိုလဲ မိဘလက်ငုတ်လက်ရင်းနှင့် ယောက္ခမဘက်ကဆင်ပေးထားတာဖြင့် ပြည့်စုံသည်ထက် ပိုတောင်နေလှပြီ။ ဒါပေမယ့် သနားစရာက တစ်နှစ်နေလို့မှ တစ်ခါလင်တော်မောင်ရဲ့ အပြမယားအဖြင့် ရွှေလက်တွဲ လို့ ပွဲတက်ရသည့်အခါမှ ထုတ်ဝတ်ဖြစ်တဲ့ အဆင်တန်ဆာ။ အိမ်မှာနေလို့ကဖြင့် နံနက်စာ နေ့လည်စာ နေ့လည်ခင်း အချိုတည်းသည့်ပွဲ ညနေစာဖြင့် အိမ်ရှိလူကုန် အတွက် မနေမနားချက်ပြုတ် ပြင်ဆင်ပေးရတဲ့ ကျွန်မရယ်လေ။ တစ်အိမ်လုံးသန့်ရှင်းရေးလဲ ကျွန်မ။ အ၀တ်အစားလျှော်ဆိုလဲ ကျွန်မ။ မီးပူတိုက်လို့ ဘီဒိုတွေထဲ လိုက်ထည့်ပေးရင် တောင်မှ ကျွန်မကိုယ်တိုင်စီထည့်ပေးမှ နှစ်သက်သဘောကျသတဲ့။ တော်သေးတာက တစ်ယောက်တည်းမဟုတ်ပဲ အိမ်အကူ မိန်းကလေးတစ်ယောက်ထားပေး ပေလို့ပေါ့။

          ကျွန်မကဖြင့် ညအိပ်ယာဝင်ချိန်တိုင်း လွတ်နေတတ်တဲ့ ပိုင်ရှင်မဲ့ ခေါင်းအုံးလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ် ရပေမယ့် ပိုင်ရှင်ပြန်လာတဲ့နေ့မှာ ခေါင်းအုံးလေးဟာ ကိုယ်ငွေ့နဲ့နွေးနေပြီ အေးခဲမသွားတာလေးပဲ ကျေးဇူးတင်မိ လှပါတယ်။ အမှန်ဆို ကျွန်မက အချစ်ဆိုတာကို လင်တော်မောင်နဲ့မှ စတင်ထိတွေ့ အစပြုခဲ့ဘူးတာလေ။ မမြင်ဘူး မူး မြစ်ထင်ဆိုသလို ရူးခဲ့ပေတာကိုး။ ချိုချိုသာသာ နူးနူးညံ့ညံ့ သကာလူးထားတဲ့ စကားတွေကြားထဲမှာ မလူးသာ မလွန့်သာ ။ တစ်ချို့စကားလုံးတွေဆို နူးညံ့သလောက် ဓါးတစ်လက်လောက်နီးနီး ထက်ကြပေတာပဲလို့ ကြုံဖူးမှ သဘောပေါက်လာတဲ့ အဖြစ်။ တစ်ခါတစ်လေမှ ပြန်လာတတ်တဲ့ လင်တော်မောင်ရဲ့ ကိုယ်သင်းနံ့မှာ မွှေးမွှေးကြိုင်ကြိုင် ထုံထုံအီအီ ရေမွှေးနံ့တွေ ကပ်ပါလာတတ်တယ်။ တစ်ခါတစ်လေ အနီရောင် ပန်းရောင် ခပ်တောက် တောက် ရောင်ခြယ်တွေ စွန်းထင်းလာတတ်တယ်။ ဘာလဲလို့ မေးတဲ့အခါ မသိဘူး ဘယ်လိုစွန်းလဲ ဆိုတဲ့ စကားအပြင် ပိုမရခဲ့ဘူး။ သြော်.. မိန်းမတစ်ယောက်ရဲ့ ရင်ထဲက မြိုသိပ်မှုဟာ တစ်ဖြည်းဖြည်းနဲ့ ပွယောင်းနေရာက ကျစ်လစ် အေးခဲ မောကြောလာခဲ့ပြီ။

          အားကိုးရာ ယောက္ခမကို တိုင်တည်ပြန်တော့ အချိန်တန် အိမ်ပြန်လာ ကျွန်မကတရားဝင် ဇနီးမယား ဖြစ်နေတာ နဲ့တင် အားရကျေနပ်စရာ ကောင်းနေပြီတဲ့။ ကျွန်မလို အဆင့်အတန်းဟာ ဖဲမွေ့ယာကို အိမ်မက်တောင် မက်ဖူးမယ် မထင်ဘူးတဲ့။ ခုဆိုရင် ဖဲမွေ့ယာကို ပိုင်ဆိုင်နေပြီပဲ လှစ်လပ်နေတဲ့ ခေါင်းအုံးလေးကို ဘာလို့ စာဖွဲ့နေမလဲ သမီးရယ်တဲ့။ ကဲ ကျွန်မပြောပါတယ် ဘယ်လောက်ထိ နူးညံြ့ပီး ထက်မြနေလိုက်တဲ့ စကားလုံးတွေလဲ။ ရင်ဘတ်စည်တီးလို့ ပြေးငိုစရာ အမေလဲမရှိခဲ့ပါဘူး။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ငရုတ်သီး ဆီသတ်လို့ အခိုးရိုက်တာနဲ့ မျက်ရည်ကို အားရပါးရ ရောကျနေရတဲ့ ကျွန်မရယ်ပါ။

          သတ္တိရှိရှိရင်ဆိုင်လိုက်ချင်ပေမယ့် တွယ်နေတဲ့ သံယောစဉ်နှောင်ထုံးကို ဖြတ်မရနိုင်ခဲ့ဘူး။ ကျွန်မရဲ့ လင်တော်မောင်ကို အချစ်ပိုလွန်းမိခြဲ့ပီလေ။ စူးပါစေတော့ တစ်ဆုံးထိနစ်ဝင်အောင် အစူးခံခဲ့ပြီပဲ ပထမဆုံးအကြိမ် စူးခဲ့တာထက်တော့ ပိုပြီး မနာကျင်မိတော့ပါဘူး။ အနာဆိုတာ ကျင့်သားရနေတဲ့ ကျွန်မအတွက် အားကစားနည်း တစ်ခုလိုတောင် ဖြစ်နေခဲ့ပြီ။ ဒီလိုနဲ့ အိမ်ထောင်သက် သုံးနှစ်နီးနီးကပ်လာသည့်အခါ တောင်းဆိုမှုတစ်ခုနှင့် ကြုံဆုံ လာခဲ့ရတယ်။ မြေးချီချင်သတဲ့။ အဖေ ဖြစ်ချင်လာသတဲ့။

          ဟင့်အင်း မဖြစ်နိုင်တာ။ ကျွန်မက လင်တော်မောင်ကို ချစ်လွန်းလို့ ဒုက္ခတွင်းထဲ နေနိုင်ပေမယ့် ကျွန်မရဲ့ သွေးသားထဲကဖြစ်တဲ့ သားသမီးလေးကိုဖြင့် ဟောဒီလို ဒုက္ခတွင်းထဲ ခေါ်ပြီး မသွင်းပါရစေနဲ့။ အမေနေရာ ဖြစ်လာမယ့် ကျွန်မရဲ့ မျက်ရည်တွေကို ရင်သွေးလေး မမြင်ရပါစေနဲ့။ လူ့လောကထဲခေါ်ပြီး အမေ မင်းကို ဒုက္ခမပေးရက် ပါဘူးကွယ်လို့ စိတ်ပိုင်းဖြတ်မိတယ်။ ရင်သွေးလေးက အမေ့အတွက် အားဖြစ်လာပေမယ့် အမေ့ရဲ့ မျက်ရည်တွေက မင်းအတွက် အားငယ်မှုတွေ ဖြစ်စေလိမ့်မယ်။ ငါ့သား ငါ့သမီးလေး ကြီးလာရင် အမေ့ဘ၀က ဒီလိုပါ လားလို့ နားလည်ပါ့မလား အမေက အတာ နုံတာကို ခံပေါ့လို့ ဆိုလေမည်လား။ ဒါမှမဟုတ် စကားလုံးလှလှတို့ ကြားမှာ အမေနဲ့ ရင်သွေးလေး စည်းတစ်ဖက်စီခြားနေမလား။ သေချာတာတော့ဖြင့် အဲဒီလို ဖြစ်ရက်တွေအားလုံးကို အမေ မခံစားနိုင်ဘူးကွယ်။ အမေရင်မဆိုင်နိုင်ဘူး။ ဒီတော့ င့ါသား ငါ့သမီးလေးကို အမေ့ရဲ့ ဘ၀ထဲ ခေါ်ပြီး မသွင်းပါရ စေနဲ့။ ဘာလို့လဲ ဆိုတော့ မင်းကို အမေ ချစ်လွန်းလို့။ အမေ ချစ်လွန်းလို့ပါကွယ်။

          တောင်းဆိုသူနှင့် ငြင်းဆန်သူတို့ ကြားထဲမှာ မုန်တိုင်းဟာ ပြင်းထန်လာခဲ့တယ်။ ကျွန်မကို စိတ်ကုန်တယ်တဲ့။ ကျွန်မက စိတ်တောင်ပြတ်နေခဲ့ပြီလို့ စိတ်ထဲက ဆိုနေခဲ့သေးတယ်။ ကျွန်မက ခေါင်းမာလွန်းသတဲ့။ မဟုတ်ဘူး ယုံကြည်ချက်တွေ ပြင်းထန်လွန်းနေသာတာ ဖြစ်တယ်။ မိန်းမ မပီသဘူးတဲ့။ မိန်းမအတွေး မရှိဘူးတဲ့။ မိန်းမတစ်ယောက်ရဲ့ ပြည့်မှီတဲ့ အရည်အချင်းမရှိဘူးတဲ့။ အတ္တကြီးလွန်းသတဲ့။ မိခင်စိတ်မရှိဘူးတဲ့။ စွပ်စွဲ ချက်တွေ သိပ်များတယ်။ ကျွန်မကို အသိုင်းအ၀ိုင်းကနေ ဖယ်ကြဉ်ကြတယ်။ လိမ္မာတယ်လို့ ထင်ခဲ့သလောက် မိုက်မဲတဲ့ ချွေးမ တစ်ယောက်ဖြစ်နေမှန်း အခုမှသိသတဲ့.။ ဖွတ်ထွက်မှ တောင်ပို့မှန်းသိသတဲ့။ အဲဒီစကားသံကြားမိတော့ ရေငုံပြီး ပိတ် နေတဲ့ နှုတ်က အလိုလိုစကားပုံတစ်ခု ပြန်ထွက်ကျလာခဲ့တယ်။ သူခိုးက လူပြန်ဟစ်တယ်လို့ ခပ်ကျယ်ကျယ် ရေရွတ် လိုက်မိတယ်။ တစ်ကယ်ပါ မြိုချထားသမျှ  မဆန့်တော့လို့ အန်ကျလာတဲ့ ရင်ထဲက စကားလုံး အချို့ပါ။

          ဘယ်လောက်ထိ နာသွားသလဲမသိဘူး လင်တော်မောင်ရဲ့ အမေဟာ ဆရာဝန်ပင့်ပြီး အလုပ်ကနေ တစ်ရက်တိ တိ အနားယူလိုက်ရတဲ့ ဖြစ်စဉ်လေးတောင် ဖြစ်သွားသေး။ တစ်သက်နဲ့ တစ်ကိုယ် တစ်ကယ်ပြောတာပါ အိမ်မှာ လူစုံ တက်စုံ လင်တော်မောင်အပါအ၀င် မိသားစုတွေ အစုံမြင်ရတာ အဲဒီတစ်ရက်တည်း။ ကျွန်မကလား ခုလိုလူစုံတော့ ပျော်မိတာပေါ့ရှင်။ ဒါကြောင့် ဈေးကိုထပ်သွား ဟင်းတွေကို ဖွယ်ဖွယ်ရာရာ ထပ်ပြီးချက် လူစုံတုန်းလေး ထမင်းလက်စုံ စားကြတာပေါ့လို့ ရယ်ရယ်မောမော အခန်းထဲသွားခေါ်တော့ အံ့သြ၀ိုင်းစက်တဲ့ မျက်လုံးအစုံနဲ့ ကြည့်ခြင်းကို ခံရပြန် တယ်။

          သူတို့တွေ အခန်းထဲက ထွက်မလာတဲ့အဆုံး ရှည်လျားတဲ့ ထမင်းဝိုင်းမှာ ကျွန်မတစ်ယောက်တည်း အားရ ပါးရ ဟင်းတွေ ကို နယ်စားပစ်လိုက်တယ်။ အရသာရှိလိုက်တာ။ ခုလိုမျိုး မစားရပဲ ဇွန်းလေး ခရင်းလေးနဲ့ တို့ကနဲ ဆိတ်ကနဲ စားခဲ့ရတဲ့ ရက်တွေများသကိုး။ ဆီဦးထောပတ် ကောင်းပေ့ ညွတ်ပေ့ဆိုတာ အိမ်ရှိ လူကုန်ပြီးမှ ကျွန်မထမင်းစားပန်းကန်ထဲ တစ်ဖတ်တစ်လေ ရောက်တဲ့ဟင်းဖတ်မဟုတ်လား။ ခုလိုမျိုး ဦးဦးဖျားဖျား ကောင်းပေ့ ညွတ်ပေ့ဆိုတာကို လက်နဲ့ အားရပါးရနှိုက် သူတို့နံတယ်ဆိုတဲ့ ငါးပိရည်စပ်စပ်လေးနဲ့ နှယ်စားလိုက်တာ ကျွန်မအတွက်တော့ သုံးနှစ်တာမှာ အရသာအရှိဆုံး ထမင်းတစ်နပ်ပဲ။ မဆီမဆိုင် အိမ်အကူကောင်မလေးကိုတောင် ကျွန်မနဲ့ အတူတူ ထမင်းစားခိုင်းလိုက်သေးတယ်။

          ထမင်းစားလို့ ဗိုက်ပြည့်သွားတဲ့ ခံစားချက်နှင့်အတူ ကျွန်မရဲ့ စိတ်ဟာလဲ အဆာပြေသွားတယ်။ တစ်ကယ်ပါ အလွတ်လပ် အပေါ့ပါးဆုံး ဖြစ်နေတဲ့တစ်ရက်ပဲ။ စားပြီး ဗိုက်ပြည့်သွားတော့ မျက်လုံးက လေးလာတယ်။ အိမ်အကူ ကောင်မလေးကို ပန်းကန်ဆေးတဲ့ တာဝန်ပေးခဲ့ပြီး အခန်းထဲက အိပ်ယာပေါ် ခြေပစ်လက်ပစ် နှစ်နှစ်ခြိုက်ခြိုက် အိပ် ပစ်လိုက်တယ်။ အိမ်မက်ထဲမှာ ကျွန်မအရမ်းလွတ်လပ်ပြီး ပျော်နေခဲ့တယ်။ အားရပါးရ ဟန်ဆောင်မှုမရှိပဲ လွတ်လွတ် လပ်လပ် ရယ်မောတယ်။ စားချင်တာစားတယ်။ ပြောချင်တာပြောတယ်။ လုပ်ချင်ရာ လုပ်တယ်။ ဘ၀ဟာ ခုမှပဲ နေသာ ထိုင်သာ ရှိသွားတော့တယ်။

          ကျွန်မနိုးလာတော့ ဘေးနားက ပိုင်ရှင်လွတ်နေတဲ့ ခေါင်းအုံးလေးကို မျက်လုံးထဲ အရင်မြင်မိတယ်။ြ့ပီးတော့ နှလုံးသားမှာ တစ်ဆစ်ဆစ်နာကျင်လာတယ်။ မခံစားနိုင်တော့ဘူး။ ခေါင်းအုံးလေးကို မမြင်ရတဲ့ဘက် အခြမ်းကို ကျောခိုင်းပြီးလှည့်ပစ်လိုက်တယ်။  ကျွန်မရဲ့ လက်အစုံကိုတော့ ခြုံထားတဲ့ စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့တယ်။ ကျောခိုင်းလိုက်တော့ ကျွန်မနာကျင်ရတယ်။ ဒါပေမယ့် ကျွန်မကျောခိုင်းလိုက်ချင်တယ်။ ဘာလို့လဲဆိုတော့ အိမ်မက်ထဲကလို လွတ်လွတ်လပ်လပ်ရယ်မောချင်တယ်။ ပြုံးနေချင်တယ်။ စားချင်တာစားပြီး သာယာတဲ့ မိသားစု ဘ၀လေးလိုချင်တယ်။ ကျွန်မနှစ်နှစ်ခြိုက်ခြိုက် နောက်ထပ် တစ်ရေးထပ်အိပ်ချင်တယ်။ ခုနက လို အိမ်မက်မျိုးထပ်မက်ချင်တယ်။ ပိုင်ရှင်မဲ့နေတဲ့ ခေါင်းအုံးလေးကို မြင်နေရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မယ် မထင်ဘူးလေ။
         
******
“လူနာက ခုလိုမျိုးဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ”

“ပြီးခဲ့တဲ့ တစ်ပတ်ကပါ ဆရာ။ သုံးရက်တိတိ အိပ်နေတာ။ ဘယ်လိုမှ နိုးလို့မရဘူး။”

“အင်း ပြန်နိုးလာတော့ .. သူ့မျက်လုံးထဲ ဘာမှ မမြင်တော့ဘူးလား”

“အဲဒီလိုလဲ မဟုတ်ဘူး ဆရာ။ သူ့မျက်လုံးထဲ မြင်နေရတယ် ထင်တယ်။ မမြင်တော့တာက သူ့ရဲ့ စိတ် ဖြစ်မယ် ထင်တယ်”

“ခင်ဗျားဘာကြောင့် ဒီလိုပြောနိုင်တာလဲ”

“ဒီ ဒီ ဒီလိုပါ.. ကျွန်တော်သူ့ဘေးမှာ တူတူလှဲပြီး အိပ်နေရင်တောင် သူ့ရဲ့ မျက်လုံးဟာ ကျွန်တော် အိပ်တဲ့ ခေါင်းအုံကနေ မခွာဘူး။ ဘေးနားမှာ ဘယ်သူတွေ ရှိနေလဲ သူသိပုံမရဘူး။ ရှင်း ရှင်း..ပြောရ ရင် ဗျာ.. သူ ..သူ့ ဘေးနား ရှိနေတဲ့ ကျွန်တော့်ထံကိုတောင် သူ့မျက်လုံးမရွှေ့ဘူး”

“သြော် အဲလိုလား..”

“ဆ..ဆရာ ..သူ ပြန်ကောင်းလာနိုင်သလား ခင်ဗျာ”

“သူ့ရဲ့ စိတ်ကိုပြန်မြင်လာအောင် ကြိုးစားကြည့်တာပေါ့ ”

“သူ့ကို ဂရုစိုက်ပြီး ကုသပေးပါဆရာ။ ကျွန်တော် ..ကျွန်တော့် ဘ၀ထဲမှာ သူဟာ အရေးပါတဲ့ သူတစ်ယောက် ဖြစ်နေပြီ။ သူမရှိရင် ကျွန်တော်မနေတတ်တော့ဘူး။ သူ့ကို ကျွန်တော် အရမ်းကို မြတ်နိုးနေမိပြီ။ ကျွန်တော့် အတွက်..သူ”

ဆရာဝန်လက်ကာပြလိုက်ရင်း

“ခင်ဗျား အတွက်သူဟာ အရေးပါလွန်းနေမှန်း အစောကြီးကထဲက ခင်ဗျား ကြိုသိဖို့ ကောင်းပါတယ် ဗျာ.”

ထိုယောက်ျားသည် ခေါင်းငိုက်စိုက်ကျသွားသည်။ သူ၏ မျက်ဝန်းမှ မျက်ရည်တို့သည် သူ့ လက်ဖမိုးပေါ်သို့ တစ်ပေါက်ပေါက်ကျလာသည်။ နောင်မှ တသည် နောင်တသည် မျက်ရည်တို့အဖြင့် တစ်သွင်သွင် စီးဆင်းနေပေလိမ့် မည်။
         
         
 ---

ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကဖြင့် google ကနေ ရှာဖွေအသုံးပြုထားပါတယ်ရှင်။
 
                   
         
         
                     

Monday, 1 December 2014

ကိုယ့်ရဲ့ ဒီဇင်ဘာ





ဘာလိုလိုနဲ့ ဒီဇင်ဘာရောက်လာပြန်ပြီနော်။ ဒီဇင်ဘာဆိုရင် တစ်ခြားလတွေထက် ခံစားချက်တွေ ပိုပြီးထူထဲ နက်ရှိုင်း တယ်။ မြူမှုန်တွေကြားက ၀ိုးတ၀ါး မနက်ခင်းတွေကို ပိုသတိရတယ်။ အေးမြမြ နံနက်ခင်းရဲ့ အရသာဟာ ပိုပြီးစွဲမက် ဖွယ်ရာကောင်းတယ်။ တစ်ကယ်တော့ အချိန်ကာလတွေ ပြောင်းလဲသွားခြင်းနှင့်အတူ ကိုယ့်ရဲ့ ဒီဇင်ဘာသည် တစ်ဖြည်းဖြည်း ပူပြင်းခြောက်သွေ့လာခဲ့တယ်။

          အရင်ကတော့ ဒီဇင်ဘာရယ်လို့ ထူးထူးထွေထွေ မချစ်တတ်ခဲ့ပါဘူး။ ဒါပေမယ့် တစ်ခုသော ဒီဇင်ဘာမှာဖြင့် ကိုယ့် အတွက် အမှတ်တရတွေ မွေးဖွားပေးခဲ့သလို ချစ်တတ်တဲ့ အသည်းနှလုံးတစ်စုံဟာလဲ ပေါက်ဖွားလာခဲ့ဘူး တယ်။ အဲဒီနောက်ပိုင်း ဒီဇင်ဘာရဲ့အနှစ်သာရဟာ ကိုယ့် အတွက် ချိုမြိန်တယ်။ ကြည်နူးတယ်။ မြတ်နိုးမိတယ်။ အားအင်တွေမွေးဖွားလာခဲ့တယ်။ အဲဒီအချိန်က စလို့ကိုယ်ဟာ ဒီဇင်ဘာကိုရစ်မူးတတ် ရူးသွပ်လာခဲ့ တော့တယ်။
         
          ဒီဇင်ဘာတစ်ခုရဲ့ နံနက်ခင်းစောစောမှာ နွေးထွေးတဲ့လက်တစ်စုံကို အားကိုးတစ်ကြီး ဆုပ်ကိုင်ခဲ့ဖူးတယ်။ သေချာတယ် ဒီလက်တစ်စုံဟာ ကိုယ့်ဘ၀ရဲ့ အနားသတ် လက်တစ်စုံပဲလို့ ယုံကြည်စွာ ရူးမိုက်ဖူးခဲ့တယ်။ ဒီဇင်ဘာရဲ့ ပုံရိပ်ယောင် ရူးသွပ်မှုတစ်ခုဆိုတာ ကြိုမသိခဲ့ရတဲ့ အဖြစ်ရယ်ပါ။ ပျော်ပျော်ကြီး လက်တွေကိုဆုပ်ကိုင်လို့ ခရီးကို ပျော်ပျော်ကြီးလှမ်းခဲ့တယ်။ မှီခဲ့ဖူးတဲ့ ပုခုံးတစ်စုံလောက် ဘယ်အရာကို မှယုံကြည်မှုမရှိခဲ့ဘူး။ တစ်ကယ်တော့ အဲဒီ လက်အစုံဟာ ခရီးတစ်ဝက်မှာ ရက်ရက်စက်စက် ဖြုတ်ချ ခံခဲ့ရမယ်မှန်းသိရင် အဲဒီလောက်ထိ ဒီဇင်ဘာဟာ ရင်နာဖွယ် ကောင်းလိမ့်မယ်မထင်ဘူး။ ပိုင်နိုင်စွာ ဆုပ်ကိုင်ခဲ့ပြီးမှ ဒါဟာ အိမ်မက်လို့သိရတဲ့အခါ ခြေကုန်လက်ပန်းကျ ဗြုန်းကနဲ ပြိုလှဲခဲ့ရတဲ့ အဲဒီ .ဒီဇင်ဘာပဲပေါ့။
         
           တော်ရုံနဲ့ ပြန်မထနိုင်ခဲ့ဘူး ။ အရှိုက်ကိုထိခဲ့တာပဲ။ ဒီဇင်ဘာရောက်တိုင်း မျက်ရည်တွေ မခမ်း နိုင်စွာ ကြိတ် ငိုခဲ့ရတယ်။ အေးစက်စက်လက်ဖျားတွေကို ကော်ဖီပူပူ ပန်းကန်လုံးလေးကိုင်လို့ အနွေးဓာတ်ကို ဖန်တီးယူခဲ့ရတယ်။ အနွေးဓာတ်ကို ဖန်တီးယူလို့ ရခဲ့သော်ငြား အထီးကျန်မှုကို အဖော်ပြုဖို့ရာ မစွမ်းသာဘူး။ ဒီဇင်ဘာမှာ ကိုယ်တစ် ယောက်တည်း အရမ်းအထီးကျန်ဆန်ခဲ့တယ်။ ရင်နာတယ်ဆိုတဲ့စကားဟာ အပြင်ပန်းမဟုတ်ပဲ ရင်ထဲအသည်းထဲက လိုက်ပြီးနာခဲ့ရတယ်ဆိုတာ သိအောင် စကားလုံးတွေရှာမရခဲ့ဖူး။

          နေရာဟောင်း ပတ်ဝန်းကျင်ဟောင်းမှာ အတိတ်ကို လွမ်းဆွတ်ခြင်းများနှင့်  ရင်ဆိုင်ခြင်းငှာ မစွမ်းသာခဲ့ဘူး။ နေရာ သစ်မှာ ကိုယ်ဟာ တစ်ယောက်တည်း  ဒီဇင်ဘာကို အရွဲ့တိုက်တယ်။ ကိုယ်မမြင်ဘူး မသိခဲ့ဘူးတဲ့ လူစိမ်းတွေဟာ ဒီဇင်ဘာဆိုရင် သိပ်ပျော်ကြတယ်။ သူတို့မိသားစု သူတို့သူငယ်ချင်း သူတို့ရဲ့ ချစ်သူနှင့်အတူ သူတို့ကြည်နူးကြတယ်။ ကိုယ်ကတော့ တစ်ယောက်တည်း သူတို့တွေကိုကြည့်ပြီး မျက်ရည်ဝဲတယ်။ အဖော်မဲ့တဲ့ အရပ်မှာ တစ်ယောက်တည်း ပေပေတေတေနေတယ်။ ဒီဇင်ဘာ နင်အေးပစ်လိုက်စမ်း ခဲသွားတဲ့ အထိ။ ငါ့ရဲ့ ခံစားချက်တွေ အေးခဲသွားတဲ့အထိ လို့ အံကြိတ်ပြီး ဒီဇင်ဘာတွေကို ကျော်ဖြတ်တယ်။
         
          ကောင်းကင်မှာသာတဲ့လကို လက်ဝယ်ပိုင်ပိုင်ရရှိခဲ့ပြီလို့ ကြွေးကြော်ချိန်မှ အဲဒီလဟာ ရေတွင်းထဲက လရဲ့ အရိပ်ဆိုတာကို သိခဲ့ရတဲ့ အဖြစ်။ ရေတွင်းထဲကလဟာ လှတော့လှပါရဲ့ သာတော့သာပါရဲ့ ကိုယ်ဟာ ထိတွေ့လို့ မရသလို ရေပြင်နှောက်သွားမှာလဲစိုးခဲ့ရတယ်။ ရေနှောက်သွားခဲ့ရင် လရဲ့ အရိပ်ကလေးတောင် ကိုယ်မြင်နိုင်တော့ မယ် မထင်ဘူးလေ။ ဒီဇင်ဘာဆိုတဲ့ ကာလတော်တော်များကို တစ်ယောက်တည်း ညှိုးငယ်စွာ ဖြတ်ကျော်ခဲ့ရတယ်။ ကိုယ့်ကိုသနားပါလို့ မဆိုလိုချင်ပါဘူး။ ဒီဇင်ဘာဟာ ကိုယ့်ကို ဘယ်လောက်ထိ ရက်စက်ခဲ့သလဲ ဆိုတာကို သိရင် တော်ပါပြီ။
         
          အချိန်တွေပြောင်းလဲသွားချင်းနဲ့အတူ ဒီဇင်ဘာကို ဖြတ်သန်းပုံတွေ ကွဲပြားလာခဲ့တယ်။ တစ်ခါတစ်ရံ ကိုယ်ဟာ ဒီဇင်ဘာကိုနာကျည်းကြောင်း ကဗျာတွေရေးတယ်။ တစ်ခါတစ်ရံ ကြည်နူးလွမ်းဆွတ်ဖွယ်တွေကိုရေးတယ်။ တစ်ခါတစ် လေ မုန်းတီးမိတဲ့ အကြောင်းရေးတယ်။ တစ်ခါတစ်လေ အထီးကျန်ဆန်တဲ့ အကြောင်း စာမျက်နှာတစ်ခုပေါ်မှာ ရေး တယ်။ ကိုယ့်ရဲ့ကဗျာ ကိုယ့်ရဲ့ ခံစားချက်တွေကို နှစ်သိမ့်ပေးမယ့်သူတွေ အဲဒီစာမျက်နှာပေါ်မှာရှိတယ်။ ကိုယ့်ကို နားလည်ပေးမယ်သူတွေ အဲဒီစာမျက်နှာပေါ်မှာ တွေ့ခဲ့တယ်။
         
          ဒီဇင်ဘာကို အကောင်းဆုံးဖြတ်သန်းနိုင်မယ့် အဲဒီစာမျက်နှာကို ရှာဖွေတွေ့ရှိခဲ့တယ်။ ကိုယ်ဟာ ဒီဇင်ဘာဆို ရင် ၀မ်းနည်းနေတတ်တုန်းပဲ။ ဒါပေမယ့် အေးစက်တဲ့ ဒီဇင်ဘာရဲ့ လမ်းဘေးအုတ်ခုံလေးပေါ်မှာ တစ်ယောက်တည်း အထီးကျန်စွာ ထိုင်နေတတ်တဲ့ မိန်းကလေးမဟုတ်တော့ဘူး။  ကြည်နူးနေတဲ့သူ ပျော်နေတတ်တဲ့သူတွေကို ရီဝေ စွာ ငေးမောကြည့်နေတတ်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်တော့ဘူး။ အခန်းတစ်ခုထဲမှာ ဒီဇင်ဘာဝတ်စုံကို နွေးနွေးထွေးထွေးဝတ် ဘေးနားမှာ ကော်ဖီပူပူတစ်ခွက်ကိုချ နွေးထွေးတဲ့ အခန်းလေးထဲမှာ ကိုယ့်ကိုယ်နှစ်သိမ့်သူ စာနာသူ ဖေးမသူတို့နှင့် ကိုယ်ဟာ အထီးကျန်သော်လည်း ကိုယ်အရမ်းပျော်နေခဲ့တယ်.. ဒီဇင်ဘာရေ ကိုယ်အရမ်းပျော်နေခဲ့တယ် သိလား ..
         

---
ချစ်စွာသော ဘလော့မောင်နှမများ ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကိုတော့ဖြင့် google ကနေ ရှာဖွေအသုံးပြုထားပါတယ်။
          ဆွေလေးက စပြီး ဘလော့မောင်နှမတွေကို tag စ မလုပ်ဖူးပါဘူး. ဒီတစ်ခါကဖြင့် ပထမဆုံး အကြိမ်ပါလို့။ ပထမဆုံး အကြိမ်ကို မျက်နှာသာလေး ပေးသောအားဖြင့် ဆွေလေးရဲ့ tag  ပို့စ်လေးကို ရေးပေးကြပါနော်။ အလုပ်အခက်အခဲ ခရီးသွားရာသီကို ကိုယ်ချင်းစာသောအားဖြင့် ဒီဇင်ဘာလ တစ်လလုံး အားတဲ့ အချိန် ရေးပေးကြ ပါနော်။ ဆွေလေး tag ချင်သည့် သူများကဖြင့်  
အစ်မသက်ဝေ၊ အစ်မချစ်ကြည်အေး၊ အစ်မမြသွေး၊ အစ်မမိုးငွေ့၊ သူကြီးမင်း၊ ဆရာ.ဟန် ၊  ညီမလေးပစ်ပစ်၊ ချစ်ရတဲ့ဂျက် Jasmine Jasmine

ညီမရင်ငြိမ်းသူ၊ တီတင့် တို့ဖြစ်ပါတယ်ရှင်။ 


          တစ်ခြားသော ဘလော့ဂါ မောင်နှမများကိုလဲ tag ချင်သော်လည်း မအားဘူးဆိုသည်ကို သိသည့်အတွက် ချန်ထားခဲ့ရပါတယ်ရှင့်။

Tuesday, 25 November 2014

အိမ်လွမ်း..သူများသို့ ..”





ကျွန်မ အိမ်ပြန်ချင်တယ်အမေ။ မိုးရာသီရောက်လို့ ခေါင်မိုးက မိုးမလုံတဲ့အခါနှင့် ညဘက်မိုးရွာချိန်နဲ့များ တိုက် ဆိုင်ခဲ့ရင် အိပ်နေရာကနေ အိပ်ယာလိပ်တွေသိမ်း မိုးယိုပေါက်တွေ လွတ်ရာကို ထွက်ပြေးခဲ့ရတာကိုလဲ သတိရတယ်။ အိပ်ရေးပျက်ခဲ့တယ် ဆိုပေမယ့် တစ်ပျော်တစ်ပါး  အဖေက ခေါင်မိုးတက်ဖာ သမီးတို့က အလွယ်တစ် ကူသုံး လို့ရ မယ့် ကတ်ထူစက္ကူ ခပ်မာမာတွေကို ပြေးပြေးလွှားလွှားရှာပေးကြရတယ်လေ။ မိုးလဲတိတ် အိမ်လဲစိုစိုရွှဲနေတဲ့ အခြေ အနေမှာ မိသားစုတွေ မိုးရေလွတ်ရာ နေရာတစ်ခုထဲမှာ တိုးတိုးဝှေ့ဝှေ့ ပူးပူးကပ်ကပ် အိပ်ခဲ့ရတာကိုလဲ ခုထိ မမေ့ သေးဘူး။ အိပ်ရေးပျက်ကြတယ် ဒါပေမယ့် ခေါင်းအုံးနဲ့ဦးခေါင်း ထိလိုက်တယ်ဆိုတာနှင့် အိပ်မောကျသွားခဲ့ရတာ ကိုတော့ တမ်းတမိတယ်။

ခုဆိုရင် ညအိပ်ရာဝင်စ ခေါင်းအုံးနဲ့ ဦးခေါင်း ထိထားတယ် ဆိုပေမယ့် အိပ်မောကျဖို့ မဆိုပါဘူး အိပ်ပျော်ဖို့ ကို အတော်ကြီးကြိုးစားယူနေရတယ်။ ဒါပေမယ့် သမီးခုနေတဲ့အိမ်မှာ မိုးမယိုဘူး လေသံမကြားရဘူး air con သံတစ် ၀ီဝီနဲ့ အေးအေးမြမြ သက်တောင့်သက်တာ အိပ်စက်အနားယူလို့ရတဲ့ အိမ်မျိုးပါ။ အမေ့အိမ်မှာလို ပူလွန်းလို့ ခြင် ကိုက် လွန်းလို့ ယပ်တောင်လဲ တစ်ဝီ၀ီ ထမခတ်ရပါဘူး။ ဒါပေမယ့် သမီးစိတ်ထဲ မလုံခြုံသလိုခံစားရပြီ ညဘက်ဆို အကြိမ်ကြိမ် ခဏခဏ လန့်နိးတတ်တယ်။ အမေ့အိမ်မှာတုန်းကလို ညအိပ်ယာဝင် မနက်အိပ်ယာနိုးတဲ့ အချိန်ဟာ မနက်ခင်းတစ်ရေးလိုမျိုး အိပ်ချင်လိုက်စမ်းပါဘိ။

နံနက်ခင်း အဆာပြေ မုန့်စားတဲ့အချိန်မှာ မုန့်ဟင်းခါး နှစ်ထုပ်ဝယ်။ ပြီး မုန့်ဖတ်အပိုဝယ်။ ဇလုံခပ်ကြီးကြီး တစ်ခုထဲမှာ နံနံပင်ထပ်ထည့် ငရုတ်သီးမှုန့်လေး ထပ်ဖြည့် ငံပြာရည်အနည်းငယ်နဲ့ နယ်ထားတဲ့ မနက်စာကို သမီး ပိုကြိုက်တယ် အမေ။ ဇလုံကြီးထဲ ဇွန်းတွေတပ် တစ်ယောက်တစ်ဇွန်း မျှဝေပြီးစားရတဲ့ မနက်စာက ပိုမြိန်နေသလိုပါပဲ။  ပြီးရင် လက်ဘက်ရည်အချိုတည်းဖို့ လက်ဖက်ရည်ပါဆယ်ထုပ်လေးဝယ် အိမ်က ရေနွေးအကြမ်း ပန်းကန်လုံးနဲ့ မစို့ မပို့ သောက်ရတဲ့ လက်ဘက်ရည်က ဘာလို့များ ပိုပြီးစွဲမက်ဖွယ်ကောင်းနေသလဲ မသိပါဘူး။ ခုဆိုရင် သမီးမနက်စာ ကို ကော်ဖီတစ်ခွက် ပေါင်မုန့်တစ်လုံးနဲ့ ဘယ်သူ့ကိုမှ ဝေမျှ စရာမလိုပဲ သမီးတစ်ယောက်တည်း စားရပါတယ် ဒါပေမယ့် အရသာက ခပ်ဖွယ်ဖွယ်နဲ့ ကော်ဖီဟာ ခပ်မွှေးမွှေးဖြစ်မနေပြန်ဘူး။ ဗိုက်ပြည့်ပေမယ့် အရသာမဲ့နေတယ်။

          ထမင်းစားတဲ့ အချိန်ဆိုရင်လည်း မိသားစုစုံမှ စားတတ်တဲ့ သမီးတို့ရဲ့ ထမင်းဝိုင်းလေးဟာ စည်စည်ကားကား နော်။ ဒါပေမယ့် ဟင်းကောင်း အသားဟင်းဆိုတာ တစ်လနေမှ တစ်ခါ အနိုင်နိုင်ရယ်ပါ။ ဟင်းရွက်ချဉ်ဟင်း အရည်လို တစ်ခွက်။  ဈေးသက်သက်သာသာ ဆီပျံဟင်းတစ်ခွက်။ အဲ ဆီပျံဟင်းကလည်း အဖေ့အတွက်ချက်တာမို့  ပန်းကန်က ခပ်သေးသေးရယ်ပါ။ သမီးအနှစ်သက်ဆုံးကတော့လေ ကြက်သွန်ဖြူ၊ ကြက်သွန်နီမီးဖုတ်၊ ငရုတ်သီးစိမ်းကိုလှော်ပြီး ရောထောင်း ရလာတဲ့ အနှစ်ကို ငါးပိရည်ကျိုပူပူလေးထဲ လောင်းထည့်လိုက်။ ပြီးရင် ငရုတ်သီးမှုန့်မွှေးတယ်ဆိုရုံလေးထည့် ဘေးနားမှာ တို့စရာ အသီးအရွက် အပြုတ်မျိုးစုံနဲ့ စားရတဲ့ အရသာမျိုး ပြန်ရချင်တယ်။  ဒီမှာတော့ တစ်နေ့တစ်မျိုး အသားဟင်းလဲ စားရပါရဲ့။ ဈေးကြီးပေးပြီး ၀ယ်စားရတဲ့ Sea food လိုမျိုး ဆိုလဲ တစ်ပတ်တစ်ခါ စားရပါရဲ့  အမေ့အိမ်က ငါးပိရည်နဲ့နှယ်ပြီး စားရတဲ့ ထမင်းကို သမီးဘာလို့ တမ်းတနေသလဲ မသိပါဘူး အမေရယ်။  အနောက်တိုင်းအစားအစာလား တရုတ်ဟင်းလျာလား စိတ်ကြိုက်  ပိုက်ဆံပေးပြီးစားလို့ရပါ ရဲ့နှင့်  အမေ့အိမ်က ငါးပိရည်ကိုလွမ်းနေတဲ့ သမီးရယ်ပါ။
         
          သမီးမှတ်မိသေးတယ် တစ်ခါတစ်လေ များများစားရတဲ့ ငါးပိရည်ကျိုပန်းကန်ဟာ လက်စုံတတ်တယ်လေ။ အဲဒီ အခါ ဟာဧည့်သည်လာတော့မယ် ဧည့်သည်မူးသွားအောင် များများမွှေပလိုက်ဆိုပြီ နောက်နောက်ပြောင်ပြောင် ငါးပိရည်ပန်းကန် ၀ဲဂယက်ထအောင် မွှေကြတယ်။ ထမင်းစားပြီး မကြာပါဘူး အိမ်ကိုဧည့်သည်ရောက်လာပြီ ဘယ်လို ဖြစ်မှန်းမသိဘူး လာတုန်းကအကောင်း လမ်းရောက်မှ မူးလာတာလို့ ဧည့်သည်ရဲ့ ဆိုစကားကိုအကြားမှာ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး ကြိတ်ရယ်ခဲ့ရဖူးတယ်လေ။

          ခုထမင်းစားနေရတာဖြင့် ဟင်းတွေက အမယ်စုံပါရဲ့။ မစုံနေမလား။ ဒီနေ့ဟင်းလေးတစ် မျိုးချက်လိုက် မကုန်ပြန် ရေခဲသေတ္တာထဲ ထည့်သိမ်းလိုက် နောက်နေ့ တစ်မျိုးချက်လိုက် မကုန်သိမ်းလိုက်နဲ့။ တစ်နေ့ ဟင်းငါးမျိုးလောက် ရှိနေပါရဲ့ အေးစက်စက်နဲ့ စားရတာ နွေးနွေးထွေးထွေးမရှိ အထီးကျန်ထမင်းဟင်းတွေ ပါပဲ။ စုံစရာ လက်လဲ မရှိပါဘူး။ ကိုယ်တစ်ယောက်တည်း ထိုင်စားရတဲ့ ထမင်းဝိုင်းပေကိုး။ မျက်နှာကြည့်ပြီး ကြိတ်ရယ်စရာလဲ မရှိခဲ့တာကြာပြီပေါ့။ 


                    ပြီးတော့လေ အရင်ကဆို အမေက သမီးရဲ့အင်ကျီ designer ပဲနော်။ အမေဆင်ပေးတဲ့ ဈေးအနေတော် ခပ်ရိုး ရိုးအင်ကျီလေးတွေနဲ့ ထမီကို ၀တ်ခဲ့ရတယ်။  အများအားဖြင့်တော့ ပါတိတ်ဝမ်းဆက်လေးတွေ အသားချောကျိကျိ ခပ်အိအိ ၀မ်းဆက်လေးတွေကို ၀တ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီအချိန်သူများတွေက ready made  ဆိုတာကို ဈေးကြီး ကြီး ပေးဝယ်ပြီ ၀တ်နေကြပြီ။ သမီးလေ သူတို့နဲ့ ကိုယ်နဲ့ယှဉ်ရင် ကိုယ်က အရောင်မိန်နေသလိုပဲ ခံစားရတယ်။ ပြီးတော့ ခောတ်ပေါ်ဆံပင်တွေကို ဖြောင့်ဆင်းပြီး လှလှပပ ခြယ်သထားကြတဲ့ သူတို့ မျက်နှာလေး တွေကဖြင့် သမီးအတွက်တော့ အားကျစရာပါ။ သမီးကိုယ်တိုင်က သနပ်ခါးကိုသာ အားပြုနေရတဲ့ ဘ၀မဟုတ်လား။

         
          ခုဆိုရင် သမီးဒီမှာ သူများတွေလို Ready made အင်ကျီလဲဝတ်နိုင်ပါရဲ့။ ဈေးလဲပေးရတာများပါရဲ့။ ဒါပေမယ့် သမီးစိတ်ထဲ ကိုယ်နဲ့အဆင်မပြေသလိုပါပဲ။ အမေချုပ်ပေးတုန်းကလို စမတ်မကျဘူးလို့လဲ ထင်မိတယ်။ ဆံပင်ဆိုရင် လည်း လိုသလို ကောက်လိုက်ဖြောင့်လိုက် လုပ်နိုင်ပါရဲ့။ ဆိုးတာတစ်ခုကတော့ အရင်လို ဆံပင်ရှည်ရှည် အုံထူထူ ဘ၀ဆိုတာကို ပြန်မရောက်နိုင်တော့ဘူးဆိုတာပါပဲ။ မျက်နှာဆိုလဲ သူများတွေလို ခြယ်သပြီး လိမ်းနိုင်ပါရဲ့  ဒါပေမယ့် သမီးအရင်ကလိမ်းခဲ့ဖူးတဲ့ သနပ်ခါးလောက်တော့ မမွှေးဘူးပေါ့။ ရောက်တဲ့ဘ၀ ရောက်တဲ့နေရာ ဆိုပြန်တော့ ပျော်သလိုမနေရပေမယ့် တော်သလိုတော့ နေရတာပေါ့ အမေရယ်။ ဒါပေမယ့် သမီးရဲ့ စိတ်တွေ အမေ့အိမ်မှာ နေတုန်းကလို မလန်းဆန်းခဲ့တာတော့ အတော်ကြာနေခဲ့ပါပြီ။


          တစ်ခါတစ်ခါ ဘ၀ကထန်လာတဲ့အခါ သမီးမှာကိုယ်ပိုင်အခန်းတစ်ခုရှိလို့ အခန်းတံခါးပိတ်ငိုခဲ့ရပေမယ့် အမေနဲ့အတူတူ နေတုန်းကလို ရင်ဖွင့်ပြီး မပြောလိုက်ရတော့ သမီးမှာ မျက်ရည်သာခန်းခဲ့တယ် ရင်ထဲက အရှိုက်က တော့ဖြင့် ရင်ဝမှာတစ်ဆို့ဆို့ ကျန်ခဲ့တာပါပဲ။ အရှင်းပျောက်တယ်ရယ်လို့တော့ မရှိခဲ့ပါဘူး။ အချိန်တန်အရွယ် ရောက်ရင် သိုက်မြုံကို စွန့်ခွာပြီး ဘ၀ပေးတာဝန်ကို ကျေပြွန်စွာထမ်းဆောင်နေရတယ် ဆိုပေမယ့် တစ်ကယ်ဆို သမီးက မိုးမလုံ ဆောင်းတွင်းချမ်းတဲ့အခါ စောင်မလောက်တဲ့ အမေ့ရဲ့ အိမ်လေးကိုပဲ လွမ်းနေခဲ့ရတယ်။  


          ငယ်စဉ်တုန်းကဖြင့် ငါကြီးလာရင် ပိုက်ဆံတွေရှာမယ်။ မိဘတွေကို ထောက်ပံ့မယ်။ မြန်မြန်အရွယ်ရောက် မြန်မြန် အသက်ကြီးချင်တယ်လို့ တောင့်တခဲ့မိတဲ့ သမီးဟာ ခုဆိုရင်ဖြင့် ငယ်ဘ၀ကိုပဲ ပြန်လိုချင်တော့တယ် အမေ။ အပူအပင်ကင်းပြီး တွေးစရာနည်းတယ်ရယ်လို့ ခုမှပဲ သိတော့တယ်လေ။ ဒါပေမယ့် သဘာဝတရားကို လွန်ဆန်လို့ မှမရပဲ။  အချိန်အတိုင်းအတာ သဘာဝတရားအရ သမီးနေတဲ့နေရာ ရောက်နေတဲ့နေရာဟာ အမေ့အိမ်နဲ့ မိုင်ပေါင်းမြောက်များစွာ ကွာဝေးချင်ကွာဝေးနေမယ်။ သမီးရဲ့ လွမ်းတဲ့စိတ် အသိစိတ်ကလေးကဖြင့် အမေ့ရဲ့ အိမ်နား တစ်ဝဲလည်လည်ရယ်ပါလို့…


--
 ချစ်စွာသော ဘလော့မောင်နှမ များ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။   သရုပ်ဖော်ပုံလေးက ဖြင့် google ကနေရှာဖွေပြီး အသုံးပြုထားတာပါရှင်။

Monday, 24 November 2014

ကျွန်မ၏ ချာတူးလန် မိတ်ကပ်ပညာ





          အမှန်အတိုင်းဝန်ခံရပါမူ ကျွန်မသည် မိတ်ကပ်လိမ်းရာတွင် အလွန်တရာမှ ညံ့ဖျင်းသူဟု ၀န်ခံရပါလိမ့်မည်။ ယ ခု အသက် ၃၀ ကျော်သည်အထိ  မျက်ခုံးမွှေးရိတ်တာတို့ ပုံဖော်တာတို့ တစ်ခါမျှ မလုပ်သလို လုပ်လဲ မလုပ်တတ်ပါ။ အဆိုးဆုံးအချက်မှာ ကိုယ့်မျက်ခုံးမွှေး ကိုယ်တိုင် မဆွဲတတ်ပေ။ နေ့စဉ်နေ့တိုင်း skin care လိမ်း ပေါင်ဒါလူးပြီး အလုပ်သွားတတ်သော ကျွန်မဖြစ်သည်။ ကျွန်မနှုတ်ခမ်းနီ ဆိုးသော အချိန်သည် ညဘက် အိပ်ယာဝင်ချိန်ဖြစ်သည်။ နှုတ်ခမ်းခြောက်သွေ့တတ်သော ကျွန်မအတွက် ညဘက်ဆိုလျှင် နှုတ်ခမ်းနီအဆီ လူးအိပ်သည်။ ဒါမှပင် နေ့ဘက်တွင် နှုတ်ခမ်းသား ခြောက်သွေ့သည်ကို သက်သာစေသည်။

          မိတ်ကပ်လူးထားသည့် မျက်နှာထက် ပင်ကိုယ်သဘာဝ နှင့် နေရသည်ကို ပိုပြီးနှစ်သက်သဘောကျသော ကျွန်မ၏ ဗီဇ အရလဲ ပါမည်ထင်သည်။ ထိုကဲ့သို့ အတော်လျှော်လှသော ကျွန်မသည် တစ်ခါတွင် လက်စွမ်းပြခွင့် ကြုံလာခဲ့သည်။ အိမ်က ညီမလေးနယ်ဘက်သို့သွားပြီး မင်္ဂလာဆောင်သောအခါ ကျွန်မအပါအ၀င် ညီမ၀မ်းကွဲ လေး သည် ကိုယ့်ဘာသာကို ကိုယ့်မျက်နှာကိုယ်ခြယ်သကြသည်။  မင်္ဂလာဆွမ်းကျွေးပွဲမို့ အာရုံဆွမ်းကပ်ကြသည်။ မနက်စောစော ဝေလီဝေလင်း အိပ်ယာနိုးကြပြီ။  နယ်ဘက်မို့ ဘက်ထရီအလင်းရောင်က ခပ်ဖျော့ဖျော့။  
         
          နှာခေါင်းလဲ အရိပ် ပါးလဲအရိပ်မျှ မြင်ရသော အနေအထား အလင်းရောင်ဖြစ်သည်။ ကျွန်မဘယ်ကနေ ဘယ်လို စပြီ လိမ်းရမည်မသိ။ သို့နှင့်သုံးနေကျ skin care လူးလိုက်သည်။ တစ်စခန်းထလာသည်က ညီမ၀မ်းကွဲလေးဖြစ်သည်။ သူ့ကို မိတ်ကပ်လူးပေးပါဟု ဆိုလာသည်။ အထင်ကြီးရှာပေတော့သည်။ နိုင်ငံခြားတွင် သုံးလေးနှစ်ကျော်ကျော်မျှ ဖြတ်သန်းလာသော ကျွန်မ၏ အတွေ့အကြုံကို သူမြည်စမ်းကြည့်ချင်ဟန်တူသည်။ ကျွန်မကလည်း မိတ်ကပ်လေးပွတ် ပေါင်ဒါရိုက်လာခဲ့သည်ပဲ ကိုယ့်ကိုယ်ကို အထင်ကြီးစွာ အေးလာညီမလေးဟု ၀မ်းပန်းတစ်သာ ကြိုဆိုလိုက်သည်။ လက်စွမ်းပြခွင့်တော့ ရပေပြီ။

          ပထမ မိတ်ကပ်ယူပြီ လိမ်းလိုက်သည်။ မျက်နှာအနှံ့သေချာအောင် ပွတ်ဆွဲလိုက်သည်။ ပြီး ပေါင်ဒါဖို့သည်။ အဲ မျက်ခုံးမွှေးစဆွဲတယ် ဆိုရင်ပဲ ကျွန်မချွေးပြန်လာပါပြီ။ မျက်ခုံးမွှေးက အလင်းရောင်ဖျော့ဖျော့ထဲကြည့်ရသည်မှာ မျှော့ ကြီးနှစ်ချောင်းကပ်နေသည့်အလား။ ပြီး တစ်ဖက်က အနည်းငယ်မြင့်တက်နေသည်ဟု ထင်ရလောက်သည်။ မတက်နိုင် ပြန်ဖျက်လျှင် မျက်နှာသွားသစ်ခိုင်းရပေမည်။ အချိန်ကမရှိ။ အိမ်ရှေ့မှ အဖေက မြန်မြန်လုပ် ၄ နာရီခွဲပြီဟု ဆိုနေလေပြီ။ သို့နှင့် မျက်ခွံပေါ်သို့  eye လိုင်နာတင်ပေးလိုက်သည်။ ပထမ အညိုရင့် နောက်မျက်ခွံအသားပေါ်သို့ အညိုဖျော့ . ပြီး မျက်ခုံးလေးပိုပြီးထင်းအောင် မျက်ခုံးအောက်ခြေ အနားသတ်ကို အဖြူရောင် ရှိတ်လေးဖြင့် ဆွဲပေးလိုက်သည်။ တယ်ဟုတ်တဲ့ ငါပါလားပေါ့။
         
ပြီး မျက်လုံးအောက်ဖက်ကို အပြာနု ခပ်ဖျော့ဖျော့ ဆွဲပေးလိုက်သည်။ ပြီးတော့ ပါးနှစ်ဘက်ကို  ပါးနီအနည်း ငယ်တို့ပေးလိုက်သည်။ ဒီအချိန်မှာပဲ အဖေရဲ့ ကဲ နင်တို့မပြီးကြသေးဘူးလားဟူသည့် စိတ်မရှည်သံနှင့် အော်သံစ ကြားရလေပြီ။ ကိုယ်တိုင်က မျက်နှာကို skin care လူးထားသည်မှ အပ ဘာမျှ မလုပ်ရသေး။ ကဲ ညီမလေး ကိုယ့်ဘာသာကို နှုတ်ခမ်းနီဆိုးလိုက်တော့ ပေါင်ဒါလေးနည်းနည်း ပြန်ဖို့လိုက်ပေါ့။
         
          ကိုယ်က မိတ်ကပ်လေးနည်းနည်းဆွဲကာ ပွတ်လူးလိုက်သည်။ အဖေ အိမ်နောက်ဖေးရောက်လာပြီ။ ဟင် အင်ကျီတောင်မလဲရသေးဘူးလား။ ၅ နာရီထိုးနေပြီ ဆွမ်းကပ် နောက်ကျမယ် မြန်မြန်လုပ်ဟု ဆိုကာတစ်ဒုန်းဒုန်းနှင့် အိမ်ရှေ့ ပြန်ထွက်သွားသည်။ မတတ်နိုင်တော့ပေ ပေါင်ဒါဘူးလေး ဘေးချ အင်ကျီ ကမန်းကတန်းလဲရပြီ။ ဆံပင်ကို လည်း ဖြစ်သလို စုပြီးစီးနှောင်ပလိုက်သည်။ ပေါင်ဒါကိုယူပြီး ခပ်မြန်မြန် လူးချလိုက်သည်။ အိမ်ရှေ့ရောက်တော့ ကားသည် စက်နိုးနေလေပြီ။ ဖိနပ်ကို စွေ့ကနဲ့ လက်နဲ့ကောက်ယူရင်း ကားပေါ်လွှားကနဲ ခုန်တက်လိုက်ရသည်။
         
          ဘုန်းကြီးကျောင်းရောက်တော့ သတို့သမီးပင် မရောက်သေး အလှပြင်ဆိုင်မှာ ပြင်နေတုန်းရှိသေး။ မတတ်နိုင် ဘုန်းကြီးကျောင်းပေါက်ဝထိုင်ပြီး  ငိုက်မြည်းချင်းအမှုပြုလိုက်သေးသည်။ ခဏနေ သတို့သမီးရောက်လာတော့ ဆွမ်း ကပ် တရားနာနှင့် မနက်မိုးလင်းပြီး အလင်းရောင်စပြီ ရလာလေပြီ။ စပြီး သတိထားမိသည်မှာ ၀မ်းကွဲညီမလေး၏ မျက်လုံးပင်။ မျက်ခွံပေါ်တွင် ဖြူပြီး တော်တော်လင်းနေသည်ဟု ထင်ရသည်။ သြော် ထားပါလေ ဒါ အလင်းရောင်လာ ကာစ မှောင်နေသေးလို့နေမှာပါ။

          ခဏနေတော့ အမေကကျွန်မကိုခေါ်မေးသည်။ သမီးနင်ဘာမှ မျက်နှာမှာ လိမ်းမလာဘူးလားတဲ့။ ကျွန်မက မိတ်ကပ်နည်းနည်း လူးထားတယ်အမေဟု ပြန်ဖြေသည်။ မှန်သွားကြည့်ဆိုသည်။ မှန်ကြည့်လိုက်သည့်အခါ ကျွန်မ၏ မျက်နှာသည် ပြောင်သလင်းခါလျှက် ငါ မိတ်ကပ်လိမ်းလာပါတယ်ဟု စိတ်ထဲတွေးမိသေးသည်။ ပြီး သြော် ငါ နှုတ်ခမ်းနီ ဆိုးဖို့လဲ မေ့လာသဟဲ့။ အေးလေ မတတ်နိုင်ဘူး လာပြီးမှ အိမ်ပြန်လို့မှမရပဲ။ နေပါစေ ..နေပါစေတော့ ပေါ့။
         
          အလင်းရောင်ရလာသည်နှင့် အခြေအနေဆိုးလာသည်မှာ ကျွန်မ၏ ညီမ၀မ်းကွဲလေးမျက်နှာပင်။ မိတ်ကပ်သည် နှခေါင်းဘေးနားတွင် ပုံနေသေးသည်။ ဘေးနားခေါ်ပြီး tissue နှင့်ပွတ်ပေးလိုက်သည်။ မျက်ခွံပေါ်တွင် ဖြူဖြူဖွေးဖွေးကြီး ဖြစ်နေသည်။ ငါလိမ်းတာ အညိုဖျော့ပါ ဘယ်နှယ့် ဖြူနေသတုန်းဟု တွေးမိသေးသည်.။ နည်းနည်း ထပ်ပါးပေးလိုက် သည်။ အထင်ဆုံးကဖြင့် မျက်ခုံးမွှေးကြီး နှစ်ကြောင်းဖြစ်သည်။ ကြည့်မကောင်းသေး သို့နှင့် မျက်ခုံးမွှေးလဲ ထပ်ပြီးသုတ် ပစ်လိုက်သည်။ ထိုကဲ့သို့ ပြုပြင်ပေးပြီသည်တောင်မှ ညီမ၀မ်းကွဲလေးသည် သူ့မျက်နှာကို လူအများကြီးကြားထဲ မပြရဲ သေး။
         
သို့နှင့် နင်အဲဒါဆိုလည်း မျက်နှာသွားသစ်ပါလားဟု အကြံပေးမိသည်။ လက်စွမ်းပြမိသည်မှာ ကိုယ်တိုင် မ ဟုတ်ပါလား။ မင်္ဂလာဆောင်မှ ဓာတ်ပုံများထွက်လာသည့်အခါတွင်တော့ ညီမလေးဝမ်းကွဲလေးမျက်လုံးသည် အဖြူရောင်ထိန်ထိန်ဝင်းလျှက် အလွန်တောက်ပလျှက်ရှိသည်။ ဘေးနှစ်ဘက်က ပါးနီသည် မရဲပဲ အဘယ်ကြောင့် မည်းသွားသနည်း ကျွန်မလဲ မဆိုတတ်။ မျက်နှာသည်မည်းလျှက်ရှိသည်။ အဖြူဆုံး အထင်းဆုံးနှင့် အလင်းဆုံးသည် မျက်ခွံ နှင့် မျက်ခုံးဖြစ်သည်။ နှုတ်ခမ်းနီလည်း ဒင်းက မည်သို့ဆိုးလာသည်မသိ။ ဖြူဖြူနဲ့ဖွေးဖွေး။
         
          သို့နှင့်ဓာတ်ပုံတွေ ကြည့်ပြီးသည့်အခါ အိမ်မှ အိမ်သားများအားလုံး တစ်ညီတစ်ညွတ်တည်း ကျွန်မကို ထောက်ခံမဲပေးကြသည်။ မိတ်ကပ်လိမ်းသည်မှာ အလွန်တော်သည်ဟုဆိုသည်။ ရုပ်ပြောင်းသွားသည်ဟု ဆိုကြသည်။ ကျွန်မလည်း ဆွေမျိုးများ၏ မြှောက်ပင့်မှုအား မခို့တရို့ နှင့် ငါဟဲ့လို့  အလိုက်သင့်ပြုံး၍ သာနေပြလိုက်သည်။ ကိုယ်တော်လို့ တော်တယ် ပြောတာ... မာန်တတ်စရာ မလိုပါဘူးလေဟု တွေးကာ မျက်နှာကို သာ အနည်းငယ်မော့မိလေသည်။  ထို့နောက် ညီမ ၀မ်းကွဲလေးအား ဟဲ့ နင်ဘွဲ့ယူရင် ငါ ထပ်ပြင်ပေးမယ်ဟု သွေးတိုးစမ်းကြည့်သည်။ ညီမ၀မ်းကွဲလေးသည် မျက်ရည်များ ၀ဲကာ သမီးပိုက်ဆံစုနေတယ်မကြီး အလှပြင်ဆိုင်မှာပဲ သွားပြင်လိုက်မယ် ဟု မျက်နှာမသာမယာနှင့် ပြန်ချေပသည်။ မကြီးလက်ရာ သမီး တစ်သက်မှာ တစ်ခါပဲ ပြင်ပါရစေ ဟု ဆိုပါတယ်။

          ကိုယ်လဲ ဟန်ကိုယ့်ဖို့ဆိုသလို အမယ်နင်ပိုက်ဆံကုန်နေမှာစိုးလို့ ငါက စေတနာနဲ့ပြောတာနော် ဟု စကားပင် မဆုံးသေး ညီမလေးဝမ်းကွဲလေးသည် ကိုယ်ေ၇ှ့မှလစ်သွားသည်မှာ မြန်ချက်။ နောက်ဆုံး ကိုယ့်မိတ်ကပ်ပညာတော့ ထိပါးမခံနိုင်ဟု နှလုံးမူကာ သမီးကမိတ်ကပ်လိမ်းတတ်ပါတယ်နော် အဖေက လောလော..လောလောနဲ့ မို့လို့ ဒီကြားထဲ ဘက်ထရီမီးက မှောင်နေသေးတယ်။ ဒီလောက်ပြင်လို့ရတာတောင် ကံကောင်းဟု ခပ်တည်တည်နှင့် ရော ကြိတ်လိုက်ရလေတော့သည်။
         
          ထို့ကြောင့် ကျွန်မ၏ မိတ်ကပ်ကျွမ်းကျင်မှုပညာအား အသုံးပြုလိုကြတယ်ဆိုရင်ဖြင့် ဘလော့မောင်နှမ များ အကြောင်းကြားပါလေ။ ကိုယ်တိုင်ပစ္စည်းစုံလင်စွာ ယူလာပြီ အခမဲ့ မိတ်ကပ်ပြင်ပေးပါမယ်လို့ ကြော်ငြာ မောင်းခတ်ပါရစေလားရှင်။


----
ချစ်သော ဘလော့မောင်နှမများအားလုံး ကျန်းမာလို့ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကတော့ ဖြင့် google ကနေ ရှာဖွေအသုံးပြု ထားပါတယ်လို့ 
အလွမ်းတွေကြီးဖတ်နေ၇မှာစိုးလို့ ဒီတစ်ခါ ပေါ့ပေါ့ပါးပါးပို့(စ်)လေးနှင့် ဧည့်ခံပါရစေရှင်။