အိပ်နေရင်းမှ မျက်လုံးအစုံသည်
ဖျတ်ကနဲပွင့်လာ၏။ အကြည့်က အလိုလိုရွေ့လျားသွားသည်။ အိမ်အောက်မှနေပြီး
ကြမ်းကြားအပေါက်မှ အပေါ်သို့လျှံတက်နေသော ၀ါဖန့်ဖန့်မီးရောင်ဆီသို့ ။ တစ်ကယ်ဆို
ဒီလိုမျိုးမရှိသင့်။ ခြေတံရှည်ဆောက်ထားသော အိမ်အောက်သို့ အဘယ်သူသည်
လျှပ်စစ်မီးလုံး လာပြီးထွန်းထားသနည်း။ အမှိုက်သရိုက်များနှင့်
အနည်းငယ်စိုစွတ်ပြီးပျော့အိအိ ရှိသောရွံ့မြေသာရှိသည့် အိမ်အောက်တွင် အဘယ့်ကြောင့်
မီးထွန်းထားသနည်း။
အိပ်ရာခေါင်းရင်းမှ စားပွဲတင်နာရီအသေးလေးကို မီးခလုတ်လေးနိပ်ပြီး ယူကြည့်လိုက်သည်။
ဟင် ည ၁ နာရီပဲရှိပါသေးလား။ ည ၁ နာရီကြီးကို အိမ်အောက်လာပြီး ဘယ်သူမီးထွန်းထားသလဲ။
သိချင်သည့် စိတ်နှင့် ကြမ်းပေါက်ထဲသို့ ငုံ့ကြည့်လိုက်သည်။ ဘုရား ဘုရား ဒါကြီး
အိမ်အောက်ကို ဘယ်လိုရောက်နေပါလိမ့်။ ကြောက်စရာကောင်းလိုက်တာ နမိတ်မကောင်းလိုက်တာ။
ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားနေရသည်။ မည်းမှောင်နေသည့် အိပ်ခန်းထဲ ထပြီး
မီးခလုတ်နှိပ်ဖို့ပင် လက်က တွန့်ဆုတ်နေမိသည်။
သူမမြင်လိုက်ရသည်က နက်မှောင်ပြောင်ချောနေသည့် ခေါင်းတလားကြီးတစ်ခု။ ၀ါဖန့်ဖန့်
မီးရောင်သည် ထိုခေါင်းတစ်လားအပေါ်တည့်တည့်မှ ဖွင့်ထားသော မီးလုံးဖြစ်သည်။
ခေါင်းတစ်လားကြီး၏ အဖုံးသည် ဖွင့်ထားလျှက်။ သူမငုံ့ကြည့်နေသည့် နေရာသည်
ခေါင်းတလားထဲတွင် ဘာရှိနေသလဲ ဆိုသည်ကိုမမြင်ရ။ သူမ၏တည်နေရာသည် ခေါင်းတစ်လားကြီး၏
ခြေရင်းပိုင်း အနည်းငယ်ကွာဝေးသော အနေအထားတွင်ဖြစ်သည်။ ကုတင်ကဲ့သို့ သော စင်ပေါ်တွင်
ထိုခေါင်းတလားကြီးကို တင်ထားသည်။
သို့ပေမယ့် ခေါင်းတစ်လားထဲ ဘာများရှိနေမလဲဆိုသည့် အတွေးကို သူမ
မလွန်ဆန်နိုင်။တစ်စုံတစ်ရာသော မမြင်ရသည့် ဆွဲအားတစ်ခုသည်
သူမအားညှို့ငင်ခေါ်နေသလိုပင်။ ထို့ကြောင့် ခေါင်းတစ်လား၏ အတွင်းထဲကို
မြင်နိုင်လောက်သည့်နေရာသို့ သူမ၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းရွေ့လိုက်သည်။
နဖူးတွင် ချွေးတွေ သီးလာသည်။ တစ်ချက်တစ်ချက် ထရံပေါက်မှ တိုးဝှေ့လာသော
ဆောင်းလေနှင့် အနည်းငယ်စို့နေသော ချွေးတို့နှင့် တွေ့ထိကြသောအခါ
ကြက်သီးတို့ တစ်ဖြန်းဖြန်းထကုန်၏။
အနည်းငယ်မျှသာရွှေ့ရသော
အကွာအဝေးသည်ပင် အလွန်ခက်ခဲ လွန်းပေစွ။ ခေါင်းတစ်လား၏ အတွင်းထဲသို့
မြင်နိုင်သည့် အနေအထား ကြမ်းပေါက်နားသို့ ရောက်လေပြီ။ နှလုံးခုန်သံတို့
ပိုမြန်လာကြသည်။ ရွှဲစိုလာသောနဖူးမှ ချွေးတို့ကို လက်နှင့်သပ်ချလိုက်သည်။ စိတ်ကိုတင်းပြီး
ကြမ်းပေါက်ထဲသို့ သူမငုံ့ကြည့်လိုက်သည်။
သည်တစ်ကြိမ်တွင်တော့ ဦးခေါင်းသည် သုံးလေးဆမျှကြီးသွားသလိုခံစားရ၏ ။
လူတစ်ကိုယ်လုံး ထုံသွားသလိုခံစားရသည်။ အတွင်းလေးဘက်လေးတန်ကို ဖြူဝင်းသော
ပိုးဖဲသားတို့ဖြင့် ကပ်ထား၏။ထို့အပြင် ပိတ်သားဘောင်းဘီအမည်းရောင် အကျီ
င်္အမည်းရောင်တို့ကို ဆင်ယင်ထားပြီး ရှည်သောမျက်နှာနှင့် ဖြူရော်ရော်ရှိနေသော
လူသေအလောင်းတစ်ခုရှိနေ၏။
ဖြူဝင်းသော ပိုးဖဲသားပေါ်တွင်
အနက်ရောင်ဝတ်စုံဖြင့် ဖြူရော်ရော်လူသေအလောင်းသည် ပိုပြီးထင်းနေသကဲ့သို့ရှိ၏။နှုတ်ခမ်းသားတွေတဆတ်ဆတ်တုန်လာသည်။ ကြောက်စိတ်ကအသက်ရှု
ကြပ်လာသည်အထိ ဒုက္ခပေးလာသည်။ သူမဘာလုပ်ရမည်နည်း။ သူမကြည့်နေစဉ်ပင် အလောင်းက
လှုပ်သွားသကဲ့သို့ရှိ၏။ မျက်လုံးတို့ပြာဝေသွားသည်။ အသံထွက်အောင်
အော်မိမလိုဖြစ်သွားသော ပါးစပ်အား အလျင်အမြန်လက်ဖြင့် ဖုံးပိတ်လိုက်မိသည်။
ရင်ဘတ်ထဲထိုးအောင့်လာသည်။ လူတစ်ကိုယ်လုံး ရေခဲတုံးတစ်မျှ အေးစက်နေပြီ။ ဒီတော့မှ အားကိုးရာ အကူအညီပေးမယ့်
သူကိုရှာဖွေမိသည်။
အဖွား ဟုတ်တယ်
သူမနဲ့တူတူအိပ်နေသည့် အဖွားကိုသတိရလိုက်သည်။ အဖွားကိုနိုးလိုက်မည်။
ထိုအချိန်မှာပင် အလောင်းကောင်ကြီးက ရုတ်တရက် ဖျတ်ကနဲ ထထိုင်လာ၏။ ထို့နောက်
သူမငုံ့ကြည့်နေသည့် ကြမ်းပေါက်သို့ သိနေသည့်အလား မျက်လုံးလှန်ကြည့်၏။
သူမ၏အကြည့်နှင့် အလောင်းကောင်ကြီး၏ မျက်လုံးဆုံ သကဲ့သို့ ဖြစ်သွားသောအခါ
သူမ၏ကြောက်စိတ်သည် အထိတ်အထိပ်သို့ ရောက်ရှိသွားသည်။တုန်လှုပ်ခြောက်ခြားသွား၏။ သူမကိုယ်ကိုနောက်သို့ ဖျတ်ကနဲရွေ့လိုက်မိသည်။
အဖွားရှိရာသို့ ထပြေးသည်။ အား..ခြေထောက်တွေလှုပ်လို့မရ။ အဖွား အဖွားရေ။
အသံထွက်ပြီးအော်ခေါ်သည်။ နှုတ်မှ အသံတို့တစ်စုံတစ်ရာမထွက်။ သူမမျက်လုံးအိမ်မှ
မျက်ရည်တို့ ကျလာ၏။ ပြီးအိမ်အောက်မှ ရွံဗွံထဲသို့ အရာဝထ္ထုတစ်ခုခု ပြုတ်ကျသည့်အသံကြားလိုက်ရ၏။
ပြီးခြေလှမ်းမှန်မှန်နဲ့ ရွံ့ဗွက်ထဲလမ်းလျှောက်လာသောအသံ။
ဘုရား..ဘုရား
အလောင်းကောင်ကြီးထလာပြီ။ ထလာပြီ။ လူကခုထိ လှုပ်လို့မရသေး။အခုမှ ပွင့်လျှက်ရှိသောပြတင်းပေါက်ကိုလရောင်အောက်တွင်တွေ့လိုက်ရသည်။ဒီအချိန်မှာပဲမည်းမည်းအရိပ်ကြီးတစ် ခု ပြတင်းပေါက်နားကပ်လာသည်ကို တွေ့လိုက်ရသည်။ဘုရား ဘုရား အိမ်ပေါ်ကိုသာ တက်လာရင်။ သူမကြောက်ဇောကပ်နေလေပြီ။ ဘာမျှစဉ်းစားမနေတော့။ ပြတင်းပေါက်နားကိုပြေးသွားလိုက်သည်။ ပြတင်း ပေါက်ဘောင်ပေါ်
တွယ်တက်ရန်ပြင်နေ သော အလောင်းကောင်ကြီး၏ လက်အားအနား တွင်တွေ့ရသော
တံမြက်စီးရိုးဖြင့် မျက်စိမှိတ်ပြီး အကြိမ်ပေါင်းများစွာ ကောက်ရိုက်ပစ်လိုက်သည်။
ရွံ့ဗွက်ထဲသို့ ၀ုန်းကနဲ ပြိုလဲသည့် အသံကြားမှ သူမမျက်လုံးပြန်ဖွင့်ကြည့်၏။
သူမပြတင်းတံခါးနှစ်ချက်ကို အားကုန်ဆွဲ ပိတ်ပစ်လိုက်သည်။
ဒီအချိန်မှာပဲ အိမ်ရှေ့တံခါးမကြီးက ပွင့်လျှက်သား။ သူမ၏စိတ်သည်လည်း
ဟာကနဲဖြစ်သွား၏။ အလောင်းကောင်ကြီး၏ ရွံ့ဗွက်ထဲလမ်းလျှောက်သံ တစ်စွပ်စွပ်ကလဲ
ကြားရသည်မှာ ပိုမြန်လာသလိုရှိ၏။ သူမ အိမ်ရှေ့တံခါးမကြီးကိုပြေးပိတ်ဖို့
ကြိုးစားသည်။ ခါတိုင်းပေါ့ပါးစွာသယ်ဆောင်နေရသော သည်ခန္ဓာသည် ယခုလေးလံလွန်းလှပေစွ။
ပြေးနေရင်း ဒူးတွေညွတ်ညွတ်ကျ၏။ခြေတစ်လှမ်းကို ခန္ဓာကိုယ်အတွင်းရှိ အင်အားတွေ
အားကုန်သုံးပြီး လျှောက်နေရ၏။ တံခါးနားရောက်သည်နှင့် တံခါးတစ်ချက်ကို
အားကုန်ဆွဲပိတ်လိုက်သည် ။ နောက်တံခါးတစ်ချက် ပိတ်ဖို့ကြိုးစားလိုက်သည်။
သူမနောက်ကျသွားပြီ။
အလောင်းကောင်ကြီး၏ လက်တစ်ဖက်က တံခါးကိုဆွဲထားသည်။
နောက်ထပ်လက်တစ်ဖက်က သူမရဲ့ လည်ပင်းကို အမိအရ ကိုင်တွယ်မိသွား၏။ အလောင်းကောင်၏
လက်နှင့် သူမ၏အသား ထိလိုက်တယ်ဆိုရင်ပဲ သူမတစ်ကိုယ်လုံးရှိ သွေးတို့အေးခဲသွားသည့်
အလား ကျင်ခနဲ သူမ အားရှိသမျှ ရုန်းကန်ရင် အားကုန်အော်ပစ်လိုက်သည်။
အား….အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
“မြေး.. သတိထားလေ သတိထား။
ဟဲ့ ရေတစ်ခွက်အမြန်ခပ်ခဲ့စမ်း။ ကလေးလန့်တယ်ထင်တယ်။ မြန်မြန်လုပ်”
နားထဲတွင်
အဖွားအသံကြားလာရသည်။ ပြီးအဖွားထိုးပေးသော ရေခွက်ကို တုန်ရီနေသောလက်ဖြင့်
လှမ်းယူပြီး အငမ်းမရသောက်၏။ အဖွားကို ကွယ်ပြီး အိမ်အောက်သို့ မ၀ံ့ရဲစွာ
ငုံ့ကြည့်လိုက်သေးသည်။ ပကတိအမှောင်။ဒီတော့မှ တင်းနေတဲ့စိတ်ကြီး ဟင်းကနဲချ။
အဖွားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော လက်ကို ဖြေလျှော့လိုက်မိသည်။
တစ်ကိုယ်လုံးချွေးတို့ ဖြင့် ရွှဲနစ်လို့။လူလဲ အားအင်တွေကင်းမဲ့လို့။ တော်ပါသေးရဲ့
အိမ်မက်မို့လို့ ။မနက်ကျတော့ ကျွန်မဖျားပါတော့တယ်။
ဘ၀မှာ အခြောက်ခြားဆုံး
မက်ခဲ့ဘူးတဲ့ အိမ်မက်ပါပဲ။ ကျွန်မ ၁၀ ရက်လောက်နေပြီးမှ နလန်ပြန်ထနိုင်ခဲ့ပါတယ်။
ဒါတောင် အဲဒီအချိန်တုန်းက ကျွန်မရဲ့ အသက်က ၂၀ ကျော်နေပါပြီ။ အဲဒီနောက်ပိုင်း အမှောင်ထဲကို တစ်ယောက်တည်း မသွားရဲဘူး။ အခန်းတစ်ခုထဲမှာ တစ်ယောက်တည်း
မနေရဲဘူး။ အထူးသဖြင့် အဲဒီအခန်းက မီးလုံးအ၀ါရောင်ထွန်းထားရင် ပိုပြီး
ကျွန်မမနေရဲဘူး။ ပြီး အိပ်တဲ့ ကုတင်ကို ခြင်ထောင် သို့
လုံလုံခြုံခြုံကာပြီးမှ အိပ်တတ်လေ့ ရှိတယ်။ ဟာလာဟင်းလင်း မအိပ်ရဲဘူး။ အဲဒီလိ
ုအိပ်တဲ့နေ့များဆို တစ်ညလုံး ၁၀ ခါထက် မနည်း လန့်လန့်နိုးတတ်ပါတော့တယ်။
ဒီတော့ကျွန်မစဉ်းစားမိတယ်။
လူတစ်ဦးရဲ့ အကြောက်တရား။ တစ်ကယ်လို့ ဒီအကြောက်တရားကို တစ်ကယ် ရင်ဆိုင်နေရပြီ
ကိုယ်လဲအဲဒါကြီးကို ကြုံတွေ့နေရပြီဆိုရင် လူဆိုတာ ထွက်ပေါက်တော့ ရှာတတ်စမြဲပါပဲ။
ဘာလို့လဲဆိုတော့ ငါဆိုတဲ့ အတ္တရှိလို့ပါ။ ငါ မသေချင်သေးဘူး။ ငါနာမှာ ကြောက်တယ်။
ဒီတော့ ပြောရရင် ကြောက်တတ်တဲ့ စိတ်ဇောကနေ ဖြစ်ပေါ်လာတဲ့ ပြန်လည်ခုခံလိုတဲ့စိတ်။
အဲဒီစိတ်ကလည်း ကိုယ်တိုင်တစ်ကယ့် အကြောက်တရားကို ရင်ဆိုင်လိုက်ရတဲ့ အချိန်မှ
ပေါ်လာတတ်တဲ့စိတ်ပါ။ ဒါပေမယ့် ရင်ဆိုင်ပြီးသွားပြီဆိုရင် အဲဒီအကြောက်တရားက
ပြီးသွားပြီ။ ပျောက်သွားပြီး။ ခုနက ကျွန်မရဲ့အိမ်မက်မျိုး တစ်ကယ့်လက်တွေ့မှာ
ဖြစ်သွားမယ်ဆိုရင် အများဆုံး မိနစ် ၃၀ပေါ့။ မိနစ်သုံးဆယ်ပြီးနောက်မှာ
အဲဒီအကြောက်တရားဟာ ပျောက်သွားပါပြီ။
အဲ ကျန်နေတာကတော့
ကျွန်မကိုအကောင်အထည်မမြင်ရပဲ ကြောက်လန့်နေတတ်တဲ့ စိတ်ပါပဲ။
တစ်ကယ်ဖြစ်လာသလားဆိုတော့လဲ ဖြစ်မလာပါဘူး။ ဒါပေမယ့် အဲဒီမမြင်ရတဲ့ ဟာကြီးကို
ကျွန်မကြောက်နေတတ် တယ်။ လန့်တတ်တယ်။ နောက်ကျောမလုံသလိုခံစားရတယ်။ ကျွန်မရဲ့
စိတ်ထဲမှာစွဲလန်းစိတ်ကြီးနဲ့ ကြောက်တယ်။ သိတယ် ဒါဟာ တစ်ကယ့်လက်တွေ့မဟုတ်ဘူး။
ဒီလိုမျိုး အကြောင်းအရင်း တိတိကျကျမရှိပဲ ကြောက်တတ်တဲ့ စိတ်ကြီးက ဘယ်အချိန်ထိ
လွှမ်းမိုးထား မှာလဲလို့ မေးရင် ကျွန်မလဲ မသိနိုင်ပါဘူး။တစ်သက်လုံးလား။
အကြောင်း တစ်စုံတစ်ရာ တိုက်ဆိုင်ရင် ပျောက်သွားမှာလား။ ဒါပေမယ့် အဲဒီအိမ်မက်က
ကျွန်မကိုခုချိန်ထိတိုင်အောင် လွှမ်းမိုးထားစဲပါပဲ လို့ပြောရင်းနဲ့
“ကြိုတင်သိမြင်နိုင်တဲ့
အကြောက်တရားနဲ့ ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား။ ဘယ်အရာက သင့်ကိုပိုပြီး
ကြောက်လန့်စေပါသလဲ” ဆိုတဲ့ Tag ပို့(စ်)လေးကို အဆုံးသတ်လိုက်ပါရစေရှင်။
ကျွန်မရေးထားတာနဲ့ အစ်မ နှင်းနဲ့မာယာ ရဲ့ တစ်ကယ့်ရေးစေချင်တဲ့ အကြောင်းအရာနဲ့ မှ
တိုက်ဆိုင်ပါ့မလားလို့တော့ စိုးရိမ်မိတယ်။ ဒါဟာ ဘလော့ရေးလာတဲ့သက်တမ်း ၆
နှစ်အတွင်းမှာ တတိယအကြိမ်မြောက်လိုက်ရေးလိုက်မိတဲ့ Tag ပို့(စ်)ပါ။ ရေးလာတာ ၆
နှစ်ဆိုပေမယ့် တစ်ကယ်တမ်းတော့ ကျွန်မရဲ့ စာရေးနိုင်တယ်ဆိုတဲ့ အတတ်ကတော့ အလွန်ကို
ငယ်နုနေပါသေးတယ်။ ဒါကြောင့် ကျွန်မရေးထားတဲ့ ဒီပို့(စ်)လေးမှာ
အကြောင်းအစုံတစ်ရာများ အမှားအယွင်း ရှိရင် ခွင့်လွှတ်ပေးကြပါလို့
တောင်းပန်စကားဆိုရင်း
မောင်နှမများအားလုံး
ကျန်းမာလို့ ချမ်းသာကြပါစေရှင်။
သရုပ်ဖော်ပုံလေးကိုတော့
ထုံးစံအတိုင်း google ကနေ၇ှာဖွေပြီးသုံးထားတာပါရှင်။
တဂ်ပို့စ်လေး ဖတ်သွားခဲ့တယ် မမဆွေလေး ...
ReplyDeleteကျန်းမာရေးအရ အားအင်ချိနဲ့နေတဲ့အခါမျိုး ကံနိမ့်နေတဲ့အခါမျိုးမှာ ဖြစ်တတ်တာမျိုးပေါ့ မွန်လေးရေ...
ReplyDeleteအိပ်မက်လိုလို အပြင်မှာ တကယ်ဖြစ်သလိုလိုမျိုး ခံစားရတယ်။ ကြုံဘူးတော့ သိနေတယ်လေ :)
တဂ်ပို့စ်လေးကို ကြည်နူးစွာဖတ်သွားတယ် ...
မေတ္တာဖြင့်
တီတင့်
အစပိုင်းဖတ်ပြီးကြက်သီးတွေထသွားတယ်... အမကသတ္တိသိပ်ကောင်းတာ :D
ReplyDeleteတဂ်ပိုစ့်လေးကို ဆွဲဆောင်မှုအားကောင်းကောင်းနဲ့ ရေးသွားတာ အားကျမိပါတယ် … :)
ReplyDeleteတက်ဂ်ပို့စ်လေး ကိုဏီ ဖတ်သွားတယ်...။
ReplyDeleteအိပ်မက်ကို သရုပ်ဖော်တာ ပီပြင်တယ်...။
မရို့စ် ကြောက်မယ်ဆိုရင် ကြောက်စရာ..... :D
------------------
ခင်မင်စွာ...
ကိုဏီ
ညီမလေးရဲ့အိပ်မက်ဆိုးမျိုး မက်ဖူးတယ်..
ReplyDeleteလန့်နိုးချိန်မှာ ချွေးတွေပျံပြီး အာခေါင်တွေ ခြောက်သွေ့လို့ရယ်..။
အဲ့ဒီလို အိပ်မက်မျိုးတော့ မမက်ချင်ဘူးရယ်..။
အမေတို့ကတော့ အဲ့လိုအိပ်မက်တွေ မက်လို့ လန့်နိုးလာရင် ဘုရားသောက်တော်ရေနဲ့ ဖြန်းပြီး ဘုရားစာရွတ်ပေးတာ မှတ်မိသေးတယ်။.
တကယ်ကို အိပ်မက်ဆိုးပါပဲ မက်ပြီးသား အိပ်မက်လေးကို မြင်သာအောင်ဖော်ပြတတ်တယ်
ReplyDeleteညီမလေး အဲလိုအိပ်မက်မျိုးတွေ ခဏခဏ မက်ဖူးတယ်.. နိုးတဝက် အိပ်တဝက် အဖြစ်တွေနဲ့လဲ ကြုံဘူးပါတယ်.. မကြောက်ဘူးလို့ အားတင်းထားတဲ့ကြားက လက်တွေ့ကြုံလာရင် လိပ်ပြာလွင့်မတတ်ကြောက်တာ မဆန်းပါဘူး...
ReplyDeleteတက်ပို့စ်လေးရေးပေးတဲ့အတွက် ကျေးဇူးပါနော်.
ချစ်သော
နှင်း
ဟိုက်ရှားဘားစ်...
ReplyDeleteအပီအပြင်နဲ့ ကျကျနနကို ရေးထားတာကိုးဗျ...ဖတ်ရင်းဖတ်ရင်းနဲ့ အချိန်နီးမှ ဇွတ်အတင်းတွန်းရေးလိုက်ရတဲ့ ကိုယ့်ပို့စ်ကလေးကို ပြန်တွေးရင်း မျက်နှာတောင် ငယ်မိပါလေရော...
အိမ်မက်ဆိုးကိုမြင်သာအောင်ရေးပြထားတာကိုက
ReplyDeleteကြောက်ဖို့ကောင်းလိုက်တာအမရယ်..
အဲလိုအိမ်မက်တွေ ပစ်လည်းမက်ဖူးတယ်..
အိပ်မက်ဆိုးကို သရုပ်ဖော်ပြထားတာ ပီပြလိုက်တာရှင်။
ReplyDeleteအိပ်မက်လေးကို ရေးဖွဲ့ထားပုံလေးက အရမ်းပီပြင်လွန်းတော့
ReplyDeleteဖတ်နေရင်း ကြက်သီးတွေတောင်ထမိတယ် ။ လေးစား အားကျ
လျှက် ။
ခိုင်လေး ( ရွှေတောင် )
သူများတွေရဲ့ ရေးနိုင်အားကို အားကျလိုက်တာနော်... :)
ReplyDelete