Saturday 22 March 2014

ချစ်ခဲ့မိပါသော်…လည်း




မောင် ကပြောဖူးသည် စိတ်ခံစားချက်တို့ကို သိုဝှက်မြိုသိပ်ပြီး ဟန်ဆောင်ကောင်းသည့် နေရာတွင် ကျွန်မက နံပါတ်တစ်တဲ့။ မောင့် အပေါ်ကျွန်မဘာတွေများ ဟန်ဆောင်သိုဝှက်ခဲ့ပါလိမ့်။ တစ်ကယ်တော့ ဟန်ဆောင်တယ် လိမ်ညာတယ်ဆိုတာ ကျွန်မကိုယ်တိုင် အမုန်းဆုံးအရာတွေပါ။ မောင် မသိခဲ့တာက မိန်းမတွေအကြောင်းပါ။ မိန်းမတွေဟာ ကိုယ်တစ်ကယ်ချစ်ရတဲ့ ချစ်သူကို ဘယ်တော့မှ မညာတတ်ဘူး ဟန်မဆောင်တတ်ဘူးဆိုတာ မောင် မေ့လျော့နေခဲ့တာဖြစ်မယ်။ 

          ကျွန်မက မြက်ခင်းစိမ်းစိမ်းနဲ့ လွင်ပြင်တွေကိုချစ်တယ်။လတ်ဆတ်တဲ့ လေသင်းနံ့ကိုမြတ်နိုးတယ်။ လွင်ပြင်ကျယ်တစ်ခုကိုရောက်ပြီဆိုရင် အဲဒီလွင်ပြင်ကို မျက်နှာအပ် မျက်လုံးအစုံကိုမိတ် လက်နှစ်ဖက်ကို ဆန့်တန်းပြီး လေတွေတစ်ဝကြီး ရှူသွင်းပလိုက်။ နားဖျားလေးတွေကို လေပြေတွေတိုးဝှေ့သွားတဲ့ ခံစားချက်ဟာ ဘာနဲ့မှ နှိုင်းလို့ မရတဲ့ စိတ်ရဲ့ ပြီးပြည့်စုံချင်းပဲ။ မောင် ကတော့ အဲဒီလိုမဟုတ်ခဲ့ဘူး။ လွင်ပြင်တွေကို တံတိုင်းခတ်ချင်တယ်။ သတ်မှတ်ချက်ပေတံတွေနဲ့ တိုင်းကြည့်ချင်တယ်။ လွင်ပြင်ကျယ်ထဲမှာ ဒါက မင်းနေရာ ဒါက ငါနေရာဆိုပြီး စည်းတွေ တားချင်တယ်။ ပြီးတော့ ဟာလာဟင်းလင်းလွင်ပြင်ကျယ်ကိုမကြိုက်ဘူးတဲ့။ အမိုးအကာနဲ့ နေရာတစ်ခုလုပ် တံတိုင်းခတ်ပြီး လုံလုံခြုံခြုံနေချင် တဲ့သူတဲ့။ 

          တစ်ကယ်တော့ မောင်ရောကျွန်မရော နှစ်ယောက်စလုံးက လွင်ပြင်ကျယ်ကနေ လာခဲ့ရတဲ့ သူတွေပါ။ လွင်ပြင်ကြီးရဲ့ ဟိုတစ်ဖက်ခြမ်းကိုရောက်မှ အဲဒီဘက်က အမိုးအကာနဲ့နေရာတစ်ခုကို လိုချင်တက်မက်နေခဲ့တဲ့ မောင့် ကိုအဲဒီတုန်းက ကျွန်မအရမ်းသနားမိခဲ့သေးတယ်။ ဒါပေမယ့် မောင် လိုချင်တဲ့အရာကို ရယူပေးနိုင်စွမ်းတွေ ကျွန်မမှာမှမရှိခဲ့ပဲ။ နှလုံးသားတွေနာတာပေါ့ ဒါပေမယ့်   မောင်လိုချင်တာရသွားတဲ့ အတွက် မောင့်ကို တောက်ပတဲ့ အပြုံးတစ်စုံနဲ့တော့ နှုတ်ဆက်နိုင်ခဲ့တယ်။ ကျွန်မကတော့ လွင်ပြင်ထဲမှာလေသင်းနံ့တွေ ရနေရင် ကျေနပ်နေတတ်တဲ့ သူပါမောင်။ မောင်လိုချင်တဲ့ အမိုးအကာ အဆောင်အယောင် တောက်တောက်ပြောင်ပြောင်တွေကြားထဲမှာ မောင့်ရဲ့ တစ်ဘ၀လုံး ပျော်မွေ့နေပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုတောင်းပေးခဲ့မိသေးတယ်။    

          မောင် ဘယ်တော့မှ နောင်တမရပါစေနဲ့လို့လဲ ကြိတ်ပြီးဆုတောင်းမိခဲ့သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောင်တတွေနဲ့ ကြေကွဲနေမယ့် မောင့်ရဲ့ နှလုံးသားကို ကျွန်မမမြင်လိုဘူး။ မကြည့်ရက်ဘူး။ မနာကျင်စေချင်ဘူး။ မောင့်ကို လွင်ပြင်တစ်ဖက်မှာ ထားခဲ့ပြီး ကျွန်မကတော့ မောင်နဲ့ဝေးရာ ဆန့်ကျင်ဘက်ကို မျက်နှာမူပြီ ဆက်လျှောက် လှမ်းခဲ့တယ်။ ခရီးအစမှာ မောင့်လက်တွေကို တွဲထားနိုင်ခဲ့လို့ ကြည်နူးခဲ့ရပေမယ့် လမ်းမဆုံးခင် လက်တွဲဖြုတ်ခဲ့ လိုက်ရတာ ရင်နာရတယ်မောင်။ 

          ပြီးတော့ ကျွန်မစိုးရိမ်မိသေးတယ် မောင်အရမ်းပင်ပန်းပြီး စိတ်တွေရှုပ်ထွေးနောက်ကျိနေတဲ့အခါ မှီခိုစရာ အေးမြတဲ့ ရင်ခွင်တစ်စုံမှ ရှိရဲ့လားလို့ပေါ့။ တစ်ခါတစ်လေ ရှူံးနိမ့်မှုတွေနဲ့ ကြုံတွေ့လာတဲ့ မောင့်ကို ဖြေသိမ့်ပေးနိုင်မယ့် သူရော ရှိရဲ့လား။ တစ်ခါတစ်လေ စိတ်မောလူမောကြုံတွေ့လာရတဲ့ အခါ ကျွန်မလို ပုခုံးတစ်ဖက် ကိုခဏငှားပေးနိုင်မယ့် သူရောရှိရဲ့လား။ တစ်ခါတစ်လေ မောင့် ရဲ့စိတ်ထဲက ခံစားချက်တွေကို စိတ်လိုလိုက်ရ နားထောင်ပေးမယ့်သူရော ရှိပ့ါမလား။ ပြီးတော့ မောင်ကရော အဲဒီလူကို ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်နိုင်ရဲ့လား။ ကံကောင်းပါစေလို့ ကျွန်မအမြဲဆုတောင်းနေပါတယ် မောင်။ 

          အဲဒီလိုနှစ်ဦးဟာ ဒီနေ့တော့ မထင်မှတ်စွာနဲ့ ပြန်ဆုံတွေ့ခဲ့ကြတယ်။ အံ့သြစရာကြီးပါလား လောကကြီးရယ်။ လောကကြီး ဒီလောက်ကျယ်တာ ဆုံမယ့်ဆုံတော့ နီးနီးကပ်ကပ်။ ကျွန်မနဲ့လက်ထပ်မယ့် ခင်ပွန်းလောင်းက မောင်နဲ့ဆို ယောက်ဖတော်စပ်ပါတယ်တဲ့။ ဒီနေ့က ရုံးတော်တက်ပြီး လက်မှတ်ထိုးတဲ့ ပွဲ။ နောက်တစ်ရက်ခြားမှာ မင်္ဂလာပွဲ။ မောင် ငိုနေလား မငိုပါနဲ့မောင်။ ဒါ ကျွန်မဖန်တီးခဲ့တဲ့ အရာမဟုတ်ပါဘူး။ ကျွန်မက ကံပေးသလောက်ကိုပဲ စိတ်လိုလိုက်ရ ယူခဲ့တဲ့သူပါ။မောင့် အလှည့်တုန်းကလို လိုလားတောင့်တစိတ် လိုချင်တဲ့စိတ်တွေနဲ့ ဒီနေ့ ဒီလိုဖြစ်လာခဲ့တာမဟုတ်ပါဘူး။ မောင့် မျက်ဝန်းတွေကို ကျွန်မ မကြည့်ချင်ဘူး။ 

          ဘာလို့လဲဆိုတော့ မောင့်မျက်ဝန်းထဲမှာ ကြေကွဲရိပ်တွေစွန်းထင်းနေတယ်။ နောင်တတွေ ရောင်ပြန်ဟတ်နေတယ်။ အို မောင့်မျက်ဝန်းထဲက စကားလုံးတွေကို ကျွန်မ မဖတ်ပါရစေနဲ့။ မဖတ်ပါရစေနဲ့။ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းပဲမောင်ရယ် ပျော်အောင်နေမှပေါ့။ ခုမောင်လိုချင်တာတွေ အားလုံးရနေတာပဲ။ ဘာအတွက်များ ကြေကွဲမှုတွေနဲ့ စွန်းထင်နေသလဲကွယ်။


          “မင်းအရမ်းတော်တယ် မြရည်ဝေ.တဲ့”

          “အဟင်းဒါပေါ့ အမောင်ရဲ့ အမောင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းဆိုတော့ အမောင့်ခြေရာ အတိုင်းလိုက်ရတာပေါ့လို့”


အဲဒီစကားကို အပြုံးမပျက်ပြန်ပြောလိုက်ရင်းက စိတ်ထဲမှာတွေးလိုက်မိတယ်။ တစ်ကယ်ပဲ ကျွန်မက ဟန်ဆောင်သိုဝှက်မှုတွေနဲ့ ပြည့်နှက်နေခဲ့သလားလို့ပေါ့ ။ ခုပဲ ကြည့်လေ ဒီစကားဟာ မောင့်နှလုံးသားကို  နာကျင်စေမယ့် မြှားတစ်စင်းဖြစ်တယ်ဆိုတာ သိရက်သားနဲ့ ကျွန်မ အပြုံးမပျက် ပစ်လွှတ်လိုက်မိပြန်ပြီ။ ခွင့်မလွှတ်ပါနဲ့မောင်။ ကျွန်မက ကြေကွဲနေမယ့် မျက်ဝန်းတွေထက်  နာကျည်းနေတဲ့ မျက်ဝန်းတွေကိုပဲ ပိုပြီးအလိုရှိနေတဲ့ မိန်းမတစ်ယောက်ပါ။
          

------********
ချစ်စွာသောဘလော့မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။

1 comment:

  1. မောင် မသိခဲ့တာက မိန်းမတွေအကြောင်းပါ။ မိန်းမတွေဟာ ကိုယ်တစ်ကယ်ချစ်ရတဲ့ ချစ်သူကို ဘယ်တော့မှ မညာတတ်ဘူး ဟန်မဆောင်တတ်ဘူးဆိုတာ မောင် မေ့လျော့နေခဲ့တာဖြစ်မယ်။

    အဲဒီစကားလေး အရမ်းကြိုက်တယ် မမ ။

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......