ကျွန်မသည်
မိမိရဲ့ ကိုယ်ပိုင်ဗီဇအရ စကားနည်း၏။ အေးဆေးစွာသာနေတတ်၏။ ကိုယ့်အသားကို နာအောင် လုပ်လျှင်သော်မျှ
ရုတ်ချည်းစိတ်ဆိုးဒေါသထွက်တတ်သော မိန်းမတစ်ယောက်မဟုတ်ပေ။ ကျွန်မသည် မိန်းမတစ်ယောက်ဟု
ဆိုသော်လည်း ဖြတ်သန်းလာရသော ဘ၀ပတ်ဝန်းကျင်အနေအထားအရ အလှအပကို သိပ်ပြီး မက်မက်မောမောမရှိလှ။
သူများတွေလှနေလျှင်တော့ ဟယ်လှလိုက်တာ ငါလဲလှချင်သည် ဟူသော စိတ်မျိုးတော့ ရှိတတ်သည်။
သို့သော် သူတို့လှနေအောင်ပြင်ဆင်သလို ငါလဲ လိုက်ဝယ်ပြီးလနှေအောင် ပြင်မယ်ဟူသော စိတ်ကူးမျိုးမရှိ။
အဘယ့်ကြောင့်ဆိုသော် သူတို့ကဲ့သို့ လိုက်ပြီးဝယ်နိုင်ဝတ်နိုင်သော
ပိုက်ဆံ ကျွန်မထံတွင်မရှိ။ ထို့ကြောင့် ကိုယ်မ၀ယ်နိုင်လျှင် စတိုးဆိုင် (သို့) ဈေးထဲက အထည်ဆိုင်တောင် ၀င်ကြည့်လေ့မရှိ။ မတတ်နိုင်လျှင်
မလိုချင်တာကောင်းသည်။ လိုချင်မိသော် အဲဒီစိတ်က ပူလောင်လွန်းလှသည်ဟု ကျွန်မထင်သည်။ နောက်တစ်ခုက လှအောင်ဝတ်နိုင်သည်ထက် သန့်ရှင်းကြည်လင်သော
အဆင်းကို ကျွန်မပိုသဘောကျ၏။ တစ်ခါတစ်ရံရာသီဥတုက
ပူလောင်နေလျှင် ကျွန်မသည် အလှထက် လူသက်သက်သာသာနှင့် ပိုမိုပွယောင်းသော အ၀တ်အထည်တို့ကို
အ၀တ်များသည်။ နဂိုကပင် ခပ်ပြည့်ပြည့် ကျွန်မအတွက် ပိုမိုပြီး ၀နေသယောင်ရှိတတ်သည်။ မတတ်နိုင်
လူသက်သာဖို့က အရေးကြီးသည်။
ထို့အပြင် မိန်းမတို့တတ်အပ်သော် ဈေးဝယ်ခြင်း
အတန်းပညာတွင် သုံညမှတ်ရထားသူဖြစ်သည်။ ၀ယ်မည်ဟု စဉ်းစားထားလျှင် ဈေးမဆစ်ပဲ ၀ယ်တတ်သည်။
ဟဲ့ ဈေးဆစ်ပါဟုဆိုသော် ကျွန်မက ပြန်ပြောလေ့ရှိသည် “သူတို့လဲ မြတ်ချင်လို့ရောင်းတာပဲ ကိုယ်လဲလိုအပ်လို့ ၀ယ်တာပဲဟု ” ပြန်ပြောတတ်သည်။
နောက်တစ်ခုက ကိုယ့်ကိုယ်ကိုသာ စိတ်ဝင်စားသည်။ ကိုယ့်အတွေးနဲ့ကိုယ်နေတာများသည်.။ သူများက
ကိုယ့်ကိုယ်ဘယ်လိုမြင်မလဲ ဘယ်လိုထင်မလဲ စိတ်မ၀င်စားတတ်။ ထို့ကြောင့် လူအချို့က သတ်မှတ်သည်
“အမယ်လေး ရုပ်လဲမရှိ ပိုက်ဆံလဲတစ်ပြားမှ မရှိပဲ မျက်နှာက သူ့ထမင်းတစ်လောကလုံးထိုင်စားနေတဲ့
ရုပ်မျိုး “။ ခက်သည် လူတွေက သူတို့နှင့် မဆက်ဆံ ဖက်လှဲ တစ်ကင်းမရှိလျှင် တစ်ခုခုတော့
အပြစ်လေးပြောလိုက်မှ နေသာထိုင်သာ ရှိသွားတတ်သည်။ ပြောပါလေ ကျွန်မလဲ ဂရုစိုက်တတ်သူမဟုတ်။
အဲ လူပြောများစရာဖြစ်လာတာက ကျွန်မကို လိုက်ပြီးနှောင့်ယှက်နေသာ
ပိုက်ဆံသာချမ်းသာပြီး စိတ်ဓာတ်ဆင်းရဲသော လူတစ်ယောက်ကြောင့်ဖြစ်သည်။ သူက ကျွန်မရဲ့နောက်ကို
တစ်ကောက်ကောက်လိုက်၏။ ကျွန်မလို ဆင်းရဲသူမသည် သူလိုသူဌေးသားတစ်ယောက်အား အဘယ့်ကြောင့်
အာခံနိုင်မည်နည်း ဟူသောစိတ်နဲ့ လိုက်ခြင်းဖြစ်သည်။ ကိုယ့်ဘာသာကိုယ်နေသော ငှက်ပျော်ပင်အား
မဆီမဆိုင် ဓါးနှင့်လာချိုင်သကဲ့သို့ ရှိသည်။ အစကတော့ ကျွန်မသည် မသိယောင်သာ ဆောင်ထားခဲ့သည်။
ကိုယ့်ကိုယ် အနှောင့်အယှက်ဖြစ်တာမှတ်လို့ပေါ့။
နောက်တော့ အမေကမေးလာသည်။ ညည်းသူဌေးသားတစ်ယောက်ကို
ကပ်ချူနေတယ်ဆိုတဲ့။ အမေ့ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း
“အမေရယ် ကိုယ့်သားသမီးအကြောင်း ကိုယ်မသိဘူးလားလို့
” မေးလိုက်သည်။ အမေ ဘာမှ မပြော။
အဲနောက်တစ်ဆင့်
တက်လာသည် တစ်နေ့တစ်ခြား ကျွန်မ၏ဗိုက်က ပိုပိုပြီးပူလာသည်ဟူသတဲ့။ ဒီတစ်ခါတော့ အမေက ငိုသောမျက်လုံးနှင့်
ကြည့်လာသည်။ ပြီး
“အမေ့ ကို
မကြောက်နဲ့သမီး ပြောစရာရှိတာ ရဲရဲပြောဟူသတဲ့.” ။
ကျွန်မငြိမ်နေလို့မရတော့။
“အမေ့ကို
ဘယ်သူပြောလဲလို့။ “
အမေပြန်ပြောတာက
“ပတ်ဝန်းကျင်က
လူတွေ အားလုံး အဲလိုပဲ ပြောတာပဲတဲ့”
ဒီ.ကစလို့
ကျွန်မပတ်ဝန်းကျင်ကို သတိထားမိလာသည်။ ပြီးတော့ ဟိုစိတ်ဓာတ်ဆင်းရဲသော သူဌေးသားကို ပြန်ပြီးတုန့်ပြန်လိုက်သည်။ ငါ့နောက်ကိုထပ်ပြီး
မလိုက်လာမိစေနဲ့။ ငါနင့်ကို သဘောမကျဘူးလို့ အပြတ်ပြောလိုက်သည်။
ကျွန်မထင်သည်က ဒါပြီးပြတ်ပြီ။ နောက်မဟုတ်ဘူးဆိုရင်
ထင်ကြေးပေးနေတဲ့လူတွေက ငြိမ်သွားမှာပဲ။ ခက်တာက ဟိုသူဌေးသားက သူပဲ အ၀စားသုံးပြီးသွားလို့
မသုံးချင်တော့လို့ပဲ လွှတ်ပစ်လိုက်သလိုလို မစားရ၀ခမန်းပြောသည်။ တစ်ကယ်ဆို အဲဒီအကောင်
ကျွန်မ၏ လက်ဖျားလေးတောင် ထိဖူးသည်မဟုတ်။ လူတွေ တော်တော်စဉ်းစားရကြပ်သည်။ သူများကိစ္စတော်တော်
စိတ်ဝင်စားကြသည်ထင်။ ကိုယ်တိုင်လာမေးကြသည်။
“နင်နဲ့ အဲသူဌေးသားပြတ်သွားပြီလားတဲ့”
ခက်တာပဲ ပြတ်ရအောင်
အစထဲက ဆက်ကို မဆက်တာလို့ ပြန်ပြောလိုက်တယ်။
“ဟဲ့ ဗိုက်ကိစ္စ ဘယ်လိုဖြေရှင်းလိုက်သလဲတဲ့”
ဟုတ်တယ် အပုပ်တွေကျအောင် ၀မ်းနှုတ်ဆေးသောက်ပြီး ဖြေရှင်းလိုက်တယ် လို့ပြောလိုက်သည်။
“ဟိုဆေးခန်းမှာတွေ့လိုက်တယ်လေ
ဘာလဲ ဟိုကိစ္စသွားလုပ်တာလား ”
နင်ရော အဲဒီဆေးခန်းမှာ
အဲလိုသွားလုပ်နေကြလားလို့ မေးလိုက်တော့ ဟဲ့
ငါကဖျားလို့ သွားတာတဲ့။
ခက်တာပဲ။
ကိုယ်က မသိချင်ယောင်ဆောင်ထားတော့ပိုဆိုးလာသည်။ ဒေါသတွေထွက်လာသည်။ ခေါင်းတွေပူလာသည်။
စိတ်တွေပူလောင်လာသည်။ အမေကပြောသည် ဒီပတ်ဝန်းကျင်မှာ သူ့မျက်နှာ ဘယ်လိုပြရမှန်းပင် မသိတဲ့။
ရှက်လွန်းလို့တဲ့။ တစ်ငိုငို တစ်ရယ်ရယ်။ အရင်က ကျွန်မရဲ့ လောကကြီ့း  အေးချမ်းပါတယ်။
ဘယ်လိုတွေကြောင့် ပူပြင်းလောင်မြှိုက်နေသလဲ။ အရင်းခံက ဟိုအကောင်သာလျှင် ဖြစ်သည်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလားမသိ။
အချိန်ကိုက်ပင် ဟိုအကောင်ရဲ့ မိန်းမနှင့်ကလေးက လူမြင်ကွင်းရှေ့ ရောက်လာသည်။ ဒီတော့
နောက်တစ်ဆင့်ထပ်တိုးသည်။ ကြားကြားသမျှ ဒေါသထွက်စရာတွေ တစ်သီကြီးဖြစ်လာသည်။ ကျွန်မစိတ်ဆိုးရာကနေ
မုန်းလာရသည်။ အလုပ်က အထုတ်ခံရသည်။ သည်လိုစာရိတ္တမကောင်းသည့် သူကို အလုပ်ဆက်ခန့်ထားစရာ
မရှိဟု ဆိုသည်။
စိတ်ညစ်ညစ်နှင့် လက်ဘက်ရည်ဆိုင် တစ်ထောင့်တစ်နေရာတွင်
ဝင်ထိုင်ပြီး စိတ်ပြေလက်ပျောက် စာအုပ်တစ်အုပ်နှင့် လက်ဘက်ရည်သောက်သည်။ နားထဲအသံအချို့
ရောက်လာသည်။
“အဲ ကောင်မလေးလား ။ အဟင်း မိန်းမနဲ့ ကလေးရောက်လာတော့
အနားကပ်မခံတော့ဘူးလေကွာ ဒါလေးတွေက ဇယားရွှေ့တတ်မှ။ မဆိုးပါဘူး။ မလှပေမယ့် စစ်စစ်ကလေး
မြည်းလိုက်ရတာပဲကွာ သိတယ်မဟုတ်လား။ ”
သွေးတွေဆူပွက်လာသည်။ မသိမသာနောက်လှည့်ကြည့်လိုက်သည်။
ထင်သည့်အတိုင်းပင် စိတ်ဓာတ်ဆင်းရဲလွန်းတဲ့ အကောင်။ ဖတ်လက်စ စာအုပ်ကိုစားပွဲပေါ်လှမ်းတင်လိုက်သည်။
ပြီးတော့ စားပွဲပေါ်က ရေနွေးအိုးပူပူကို လှမ်းယူပြီး လက်ကို ကျောဘက်မှာ ၀ှက်ထားလိုက်သည်။
ခြေလှမ်းမှန်မှန်နှင့် သူတို့စားပွဲနားကို လမ်းလျှောက်သွားလိုက်သည်။ မျက်နှာချင်းဆိုင်
အနေအထား မတ်တပ်ရပ်လိုက်ရင်း ။
“ဆက်ပြောပါအုန်း။
ရှင့်ပုံပြင်တွေ နားထောင်လို့ကောင်းတယ်။ ”
ကျွန်မက အေးစက်စက်ပြုံးရင်
ပြောတော့ အဲဒီလူက
“ဟို ဟို…ဟိုလေ
ကိုယ်ခုနက ပြောနေတာ မင်းကို မဟုတ်ဘူး ”
ကျွန်မ
ကျကျနန တစ်ချက်ပြုံးပြလိုက်တယ်။ ရုတ်တရက် အဲဒီလူအနားကိုသွားလိုက်ပြီး လေအလျင်လို မြန်ဆန်ချင်းမျိုးနဲ့
အဲဒီလူအပေါ်ကို ရေနွေးတွေ အားလုံးကုန်အောင် လောင်းချလိုက်သည်။ ထိုလူ တစ်အားအားနှင့်
အော်သည်။ ကျွန်မက မျက်စိအရသာခံပြီးကြည့်သည်။ ရေနွေးကုန်သွားတော့ ရေနွေးကရားအိုးနှင့်
သူ၏ခေါင်းကို ထပ်ပြီး လွှဲရိုက်ပစ်လိုက်သည်။ ဘယ်နေရာကနေ ဒီလိုအားမာန်တွေ ၀င်လာပါလိမ့်။
သူ့ခေါင်းက သွေးတွေ ဖြာကနဲ ထွက်လာသည်။ ကျွန်မပိုပြီးသဘောကျသလိုရှိလာသည်။
နောက်တစ်ချက် ထပ်ရိုက်သည်။ နောက်တစ်ချက် ..နောက်တစ်ချက်.. နောက်တစ်ချက်.. နောက်တစ်ချက်..
ထိုလူသေမသွားဘူး။ ကျွန်မကလဲ မသေစေချင်သေးဘူး။ လူတစ်ယောက်ကိုမုန်းရင်
သေအောင်သတ် လိုက်တာက လွယ်သည်။ အသက်ရှင်ရက်နဲ့ ဒုက္ခတွေ တစ်စိမ့်စိမ့်ခံစားစေမှ အရသာပိုရှိတာ။
တစ်ကိုယ်လုံးရေနွေးပူလောင်ထားသဖြင့် အရည်ပြားတွေ မကောင်းသည့် သူလိုမျိုးဖြစ်သွားသည်။
အထူးသဖြင့် မျက်နှာ ရေနွေးပူလောင်ထားပြီးသားကို အိုးနဲ့ထပ်ပြီးရိုက်လိုက်သည့်အတွက်
ဖာထေးလို့မရအောင် စုတ်ပြတ်သတ်သွားသည်။ ကျွန်မ ကျေနပ်သည်။ သူ့ရဲ့မျက်နှာကိုမြင်တိုင်း
ဒင်းကျွန်မကို သတိရနေရမည်။ ဒေါသတွေထွက်နေရမည်။ ပူလောင်နေရမည်။ ယူကျိုးမရဖြစ်နေရမည်။
တစ်ကယ်က သူ့အသားနာစေချင်တာထက် အဲဒီလိုစိတ်မျိုးတွေ နဲ့ သူ့ကို အသက်ရှင်နေစေချင်တာ။
ကျွန်မတော်တော်ရက်စက်ခဲ့သလား။
ကျွန်မဒေါသဖြစ် ခဲပါတယ်။ ဒါပေမယ့် ရုတ်တရက်ဖြစ်သွားတဲ့ ဒေါသရဲ့ ဆိုးကျိုးကို မထိန်းလိုက်နိုင်ဘူး။
ခုတော့ ကျွန်မထောင်ထဲမှာပေါ့။ စိတ်မကောင်းတာ တစ်ခုပဲ အမေ့အတွက် စိတ်မကောင်းဘူး။ တစ်ကယ်တော့
ကျွန်မရဲ့စိတ်က ဖြူစင်နူးညံ့ပါတယ်။ ဒါပေမယ့် ဒေါသ မောဟ နဲ့ မာန ဆိုတဲ့ အရာတွေ ၀င်ရောက်နှောင့်ယှက်လိုက်တယ်
ဆိုရင်ပဲ ကျွန်မချောက်နက်နက်ထဲ ကျသွားခဲ့သည်။ နောင်တဟူသည် နောင်မှတတဲ့ အမျိုးမို့ ခုတော့..
နဖူးကနေစီးကျလာတဲ့ ချွေးစက်တွေကို လက်နဲ့ဖိပြီးသပ်ချ လိုက်ရုံမှ တစ်ပါး အခြား မရှိတော့
သည်ပင်။
---
ချစ်စွာသော မောင်နှမများအားလုံး ကျန်မာလို့ ချမ်းသာကြပါစေရှင်။
သရုပ်ဖော်ပုံလေးကိုတော့ google ကနေပြီး ရှာဖွေအသုံးပြုထားပါတယ်။
တိုတောင်းတဲ့ အချိန်အတွင်းမှာ ရှုထောင့်အမျိုးမျိုးကနေ လူကိုဒုက္ခပေးတာ ဒေါသ လောဘ မာန်မာနတွေပေါ့..
ReplyDeleteလက်တွေ့ဘ၀လေးတွေနဲ့ယှဉ်နေတဲ့ ဇာတ်အိမ်လေး တည်ဆောက်ထားတာပါလား အားပေးသွားတယ် ဆွေလေးမွန်...
မေတ္တာဖြင့်
တီတင့်
ပတ်ဝန်းကျင်ရဲ့ မဟုတ်မဟတ် အတင်းလုပ်ဇာတ်တွေကြောင့် လောကကြီးမှာ ခါးသီးစရာ အဖြစ်တွေကို ကြုံလိုက်ရတဲ့ မိန်းကလေးတစ်ကြောင်း ပုံဖော်ထားတာ တော်တော်လေးကို သဘောကျမိပါတယ် မဆွေလေးမွန်ရေ။
ReplyDeleteလူတို့ပါးစပ်၊ အရပ်စကား၊ မမှန်များ၏ တဲ့။ ဘာမှ ဂရုစိုက်မနေနဲ့ မဆွေလေးမွန်။ အဲဒီလို ပြောရင် အဲဒီပြောတဲ့သူရဲ့အဆင့်အတန်းကို ခန့်မှန်းလို့ရတယ်။ မစားရတဲ့အမဲ သဲနဲ့ပက်တာနေမယ်။
ReplyDeleteအဲ... စာလေးက ဆွဲဆောင်မှု အပြည့်နော်။ သူကြီးမင်းလို ပေါကြောင်ကြောင်ဟုတ်ဖူး။း)
ဂျက်လဲ လူတယောက်ကိုအရမ်းမုန်းဖူးတယ် သူု့ကိုတော့မရှင်စေချင်ဘူး သေစေချင်တယ် လှပတဲ့လောကကြီးနဲ့သူကမတန်လို့လေ
ReplyDeleteအင်...သေချာတာက မုန်းရတာအရမ်းကိုပင်ပန်းခဲ့တယ်.....လူတယောက်စိတ်တမျိုးပေါ့နော်
အဲတာလေးတွေကိုဖတ်တဲ့သူစိတ်ဝင်စားရအောင်ရေးတတ်တဲ ဆွေလေးကိုလေးစားမိတယ်
တီတင့်,မြတ်ပန်းနွယ်,သူကြီးမင်း နှင့် စံပယ်ချို (ဂျက်) -> -> ခုလိုမျိုး တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဘလော့လေးကို လာလည်ပြီး အားပေးသွားကြတဲ့ အတွက်ဆွေလေးမွန်က အများကြီးကျေးဇူးတင်ပါတယ်ရှင့်.. :) :)
ReplyDeleteမဗေဒါဘလော့လင့်ကနေလိုက်လာတာ တိုက်တိုက်ဆိုင်ဆိုင် အခုတင် စိတ်ထဲ မုန်းစရာပေါ်လာတာနဲ့  ပိုစ့်နဲ့ တော့ဟုတ်နေပီ
ReplyDeleteတကယ်က အမုန်းက သိပ်ပင်ပန်းတာပဲ ရုပ်လည်းပိုဆိုးသွားပီး အသက်တောင်ပိုတိုသွားသလိုခံစားရတယ် ဒါပေမယ့် အဲ့မုန်းတယ်ဆိုတဲ့စိတ်ကြီးဖျောက်မရတာဆိုးတယ်
မဖတ်ရသေးတာတွေ လိုက်ဖတ်လိုက်ဦးမယ်
ပိုးပိုး
တခါတခါ စိတ်ဆိုတာက လွှတ်ပေးလိုက်လို့ မကောင်းဘူး
ReplyDeleteတခါတခါတော့လည်း ထိန်းချုပ်လွန်းတော့လည်း
မကောင်းပြန်ဘူး
အဆိုးဆုံးက လူတွေဘဲ
လူတွေရဲ့ ပါးစပ်ပေါက်ဘဲ...
သိပ်မုန်းဖို့ ကောင်းတယ်...
အမရေ ..ရေးထားတာလေး သိပ်ကောင်းတယ်..
ဇတ်သိမ်းလေးက မလှပေမဲ့
ကိုယ်လုပ်ချင်တာကို စိတ်လက်ရှိ တော့ လုပ်ခွင့်ရလိုက်တာပေါ့
အင်း...လူတွေကလည်း အမျိုးမျိုး စိတ်တွေကလည်း အထွေထွေဆိုတော့ အဆင်ပြေအောင် ကြည့်နေပေးရ တစ်ခါတစ်လေတော့လည်း မကြားချင်ယောင်ဆောင်လိုက်ရနဲ့ အသက်တွေပဲ တဖြည်းဖြည်းကြီးလိုက်လာတယ် လူနဲ့သဟဇာတဖြစ်ဖို့ကတော့ ကြိုးစားနေရတုန်းပါပဲလေ...
ReplyDeleteကိုယ်ကိုယ်တိုင် ခံစားရသလိုပဲ သေချာဖတ်သွားပါတယ် မဆွေလေးမွန် .
ReplyDelete