Tuesday 2 June 2015

ဘ၀ထဲက အမောများ





ခုတစ်လော ကျွန်မသည် အတွေးတစ်ခုတွင် နှစ်မျောပျောဝင်လျှက်ရှိသည်။ မည်မျှလောက်နည်းဆိုသော် အချိန် တိုင်း ထိုအတွေးသည် ကျွန်မ၏ အတွင်းစိတ်ကို စိုးမိုးထားသည်။ လွှမ်းမိုးထားသည်။ တစ်ခြားအရာတို့အား စိတ်မ၀င် စားနိုင်လောက်အောင် ကြီးစိုးထားသည်။  စိတ်အာရုံတို့သည်လည်း ရှုပ်ထွေးနောက်ကျိလျှက်ရှိသည်။ စိတ်သည် ကြည် ကြည်လင်လင်မရှိ။ ဘာမျှ လုပ်ချင်ကိုင်ချင်စိတ်မရှိ။ စိတ်ဓာတ်ကျသည်လားဟု ဆိုသော် စိတ်ဓာတ်ကျသည်လည်း မဟုတ် သောကသည် ကိုယ့်အတွင်းစိတ်ကို တစ်မြည့်မြည့်လှောင်ကျွမ်းနေသကဲ့ သို့ ရှိသည်။

          ကျွန်မသည် ငယ်စဉ်အခါက ဆင်းရဲစွာကြီးပြင်းခဲ့ရသည့် အားလျော်စွာ ပူပင်ကြောင့်ကြခြင်းဟူသည့် သောက သည် ကျွန်မ၏ အရင်းနှီးဆုံး စိတ်ခံစားမှုဖြစ်ခဲ့သည်။ ကျွန်မကြီးပြင်းခဲ့ရသည့် မိသားစုသည် မြုံနေသော မီးတောင် တစ်ခုကဲ့သို့ ဖြစ်သည်။ အပြင်ပန်းကြည့်လျှင် ထိုမီးတောင်ကြီးသည် အေးခဲနေသည့်သဖွယ် ပတ်ဝန်းကျင်သည်လည်း စိမ်းစိမ်းစိုစိုမို့ လှသယောင်ယောင် အမှန်မူ အတွင်းထဲတွင် အချိန်မရွေး ထပေါက်ကွဲနိုင်သည့် ပူလောင်သော ချောရည်ပူများနှင့်  ဆူပွက်လျှက်ရှိသည်။ ကျွန်မသည် ထိုချောရည်ပူများအချိန်မရွေး ပေါက်ကွဲလာမည်ကို စိုးရိမ်သောက ရင်တစ်မမနှင့် နေခဲ့ရသော ကလေးငယ်တစ်ဦးဖြစ်ခဲ့ဘူးသည်။ ဘယ်အချိန် ပေါက်ကွဲမလဲ ဘယ်အချိန် အပူလောင်မလဲ ဘယ်အချိန်သာယာသော စိမ်းလန်းမှုတွေ ပျောက်ကွယ်ပြီး လောင်ကျွမ်းသွားမလဲ ထိုကဲ့သို့ စိုးရိမ်မှု မျိုးဖြင့် ရပ်တည်လာရသည်။

          ငယ်စဉ်ကဖြင့် ပညာရှာသည့်အရွယ်မို့ မိဘကို မကူနိုင်ခဲ့ပေ။ မိဘနှစ်ပါး၏ နှစ်ဖက် စစ်မျက်နှာပြင် အလယ် တွင် ရပ်ကာ တတ်နိုင်သမျှတော့ဖြင့် စစ်ပြေငြိမ်းစေခဲ့သည်။ တစ်ကယ်တမ်း တိုက်ကြပြီဆိုတော့လည်း ကလေးသာ သာ ကျွန်မသည် မျက်ရည်ကျယုံ စိတ်ထိခိုက်ယုံ မိဘနှစ်ပါး၏ သူတစ်ပြန် ကိုယ်တစ်ပြန် အနာတရ စကားတို့ကို နားထဲ သံရည်ပူလောင်းချသလို နားထောင်ရင်း လက်သီးကိုကျစ်ကျစ်ဆုပ်လို့ အံကြိတ်ထားယုံမှအပ ဘာမှ မတတ်နိုင်ခဲ့။ ကျွန်မ ဘာကိုစိုးရိမ်သနည်း ပူပန်ခဲ့ရသနည်း။ မိသားစုပြိုပျက်သွားမှာကိုလား တစ်ကွဲတစ်ပြားဖြစ်သွားမှာကိုလား ထိုသို့ လဲခေါင်းစဉ်မမည် ကျွန်မသိခဲ့သည်မှာ ထိုကဲ့သို တိုက်ပွဲတွေကို မြင်ရကြားရတိုင်း ကျွန်မသည် အိမ်နှင့်ဝေးရာကို သွား နေချင်သည် ။ စိတ်ဆင်းရဲခဲ့ရသည်။

          ထိုအချိန်က ကျွန်မထင်ခဲ့သည်မှာ သြော် မိသားစုမှာ စားစရာ နေစရာ ၀တ်စရာ မပြည့်စုံလို့ ဒီလိုစိတ်ဆင်းရဲ မှုတွေ တာရှည်နေခဲ့သည်ဟု ကျွန်မတွးခဲ့မိသည်။ ကျွန်မအလှည့် ကျွန်မတတ်နိင်သည့် အလှည့်ကျလျှင် ထိုသို့ မဖြစ် စေရ။ သူတို့၏ တစ်သက်တာလုံး စိတ်ဆင်းရဲမှုတို့ ပပျောက်ကာ စိတ်ချမ်းသာစေရမည်။ ကျွန်မသူတို့ကို ပစ်ခွာ မသွား နိုင်ခဲ့။ အရာအားလုံးကို စွန့်လွှတ်ပြီး သူတို့၏ စိတ်ချမ်းသာရေးကိုသာ ပြီးပြည့်စုံစေဖို့ ဘ၀ကို ဦးတည်လျှောက်လှမ်း ခဲ့သည်။ သားသမီး (သမီးအကြီး) တစ်ဦးက ထားသော စေတနာ မေတ္တာဖြစ်သည်။ မည်သည့် အကြောင်းပြချက်နှင့်မျှ လမ်းကို ခြွတ်ချော်သွားခွင့်မပေးခဲ့။

          လူငယ် ငယ်ရွယ်သူတစ်ဦးဖြစ်သည့်အားလျော်စွာ အချိန်တိုင်းတော့ကျွန်မ မလိမ္မာခဲ့ပါ။ သို့သော် မိသားစုကို ကျောခိုင်းသွားရမည့် အချိန်တွင် အမြဲတမ်း နောက်ကြောင်းပြန်လှည့်ခဲ့သည်။ တစ်ဖက်ဖက်ကို ပြတ်သားစွာ ရွေးချယ် တော့မည် ဆိုလျှင် မိသားစု ကိုသာ ရွေးချယ်ခဲ့သည်။ ဘ၀ကို ကျွန်မထက်ပိုပြီး ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့သူများလည်း ရှိနိုင်ပေသည်။ သို့ပေမယ့် လွယ်ကူလှသည်ဟု လည်း မဆိုသာပေ။ ပြည့်စုံနေပြီးသားသူများနှင့် စာလျှင်တော့ဖြင့် ပိုပြီးရုန်းကန်ခဲ့ရသည်မှာ သေချာသည်။ အပြောအဆို အနှိမ်ခံခဲ့ရမည်မှာလည်း သေချာပြီးသားဖြစ်သည်။ မရှိဆင်းရဲ မျက်နှာမွဲလျှင် မာန့်ဝင့်ထည်ကာ ဂုဏ်မောက်သောသူများနှင့်တွေ့ဆုံမြဲပင်။

          ခါချဉ်ကောင်သည့် သူ့အရွယ်နှင့် သူ့အင်အား သူတည်ဆောက်သော အိမ်သည် သေးပင်သေးသော်ငြား သူ့ အင်အားကဖြင့် ရှိသမျှထုတ်သုံးခဲ့ရသည်သာ။ ကျွန်မလည်း ထိုကဲ့သို့ပင် မိသားစုသည် တိုက်ကြီးကားကြီး တစ်ဝီ၀ီနှင့် မထားနိုင်သော်ငြား မိုးလုံ လေလုံသော အိမ်တွင် သူတို့၏ ဘ၀ကို ထားပေးခဲ့သည်။ ပိုက်ဆံကိုရေလို သုံးနိုင်အောင် မရှာပေးနိုင်သော်ငြား ဒီနေ့ထမင်းတစ်နပ်စားပြီး နောက်နေ့ ဘာနှင့်စားရမလဲဟူသော စိုးရိမ်ပူပန်ခြင်း အလျင်းမရှိရလေအောင် ဖြည့်ဆည်းပေးခဲ့သည်။

          အမှန်စင်စစ် ထိုအိမ်အသစ်လေးတွင် ကျွန်မသည် တစ်လတန်သည် နှစ်လတန်သည် တစ်ခါမျှမနေခဲ့ဘူးချေ။ အဘယ့်ကြောင့်ဆိုသော် ထိုအိမ်အသစ်လေး၏ လိုသမျှတို့ကို ကျွန်မသည် အားကြိုးမာန်တက် ရှာဖွေ နေစဲ ဖြည့်ဆည်း နေစဲဖြစ်သည်။ ထို့ကြောင့် ထိုအိမ်အသစ်လေးတွင် ကျွန်မတစ်ကြိမ်မျှ နားနားနေနေ နေရသည်ဟူသည့် အခွင့်အရေး မရှိသေးချေ။ ကျွန်မလိုချင်သော မိသားစု နွေးထွေးစုသည့်မေတ္တာ အေးချမ်းသည့် မိသားဘ၀လေးဖြင့် ကျွန်မမနေနိုင်သေးချေ။ ကျွန်မသည် အဝေးတစ်နေရာတွင် ရသမျှ ငွေရှာ ဒုတိယအရွယ်ဟူသည့် အချိန်တို့ကို ငွေနှင့် လှဲလှယ်လျှက် အထီးကျန်စွာ တစ်ဦးတည်း ဒိုင်ခံရုန်းကန်နေစဲဖြစ်သည်။ ကျွန်မအတွက် ပြန်စဉ်းစားကြည့်လျှင် လောက ကြီးသည် တရားမျှတမှုမရှိဟုထင်မိသည်။ ကျွန်မလိုချင်သော ဘ၀အား မိသားစုကိုဖန်ဆင်းပေးနိုင်သော် လည်း ဖန်ဆင်းသူကျွန်မသည် ဘေးမှရပ်ကာ ထောက်ကန်ပေးနေသူဖြစ်သည်။

          တစ်ခုတည်းသော ဒေါက်တိုင်ဖြစ်သည့် ကျွန်မသည် ထိုဘ၀လေးအားလိုချင်ခံစားမိသော် ကျွန်မဆွဲကိုင်ထားသည့်ဒေါက်တိုင်အားလွှတ်ချပစ်လိုက်ရန်ပင်ဖြစ်သည်။ ကျွန်မလွှတ်ချလိုက် လျှင်မိသားစုလေးသည် နောက် တစ်ခါ ထပ်ပြီး ယိုင်နဲ့သွားနိုင်သည်။ ထို့ကြောင့် ကျွန်မသည် မျက်ရည်ဝဲကာ မတ်တပ်ရပ်လျှက် ပီတိအပြုံးဖြင့် ဘေးမှ ရပ်ကြည့်နေရုံမှတစ်ပါး အခြားအရာကို ရွေးချယ်ပိုင်ခွင့် ကျွန်မတွင်မရှိ။ သူတို့ပျော်နေလျှင် ကျွန်မစိတ်ချမ်းသာ ပါသည်။ သူတို့ပြည့်စုံနေလျှင် ကျွန်မပြည့်စုံနေပါပြီ။ သူတို့မိုးလုံနေလျှင် ကျွန်မလည်းမိုးလုံနေပါပြီ။ ထိုအတွေးသည် ကျွန်မ၏ စိတ်အတွင်းမှ ကိုယ့်ကိုယ်ကို အားပေးသော ဖြေတွေးဖြစ်သည်။ အမှန်စင်စစ်တွင်မူ အိမ်ကြီးတစ်အိမ်လုံး မယိုင်သွားအောင် မိန်းမတစ်ယောက်၏ အားဖြင့် ထောက်ကန်ပေးထားနိုင်သည်ဆိုသည်မှာ လွယ်ကူသောအလုပ်တော့ ဖြင့်မဟုတ်။

          ကျွန်မဖန်တီးပေးသည့် အိမ်သည် စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကုန်လုံနေသည်တော့မဟုတ်ပေ။ သို့ပေမယ့် အရင်လို သူများမျက်နှာကြည့်နေရသည့် အိမ်ထက်စာလျှင် တဲပင်ဆိုသော်လည်း ကိုယ်ကျောခင်းချင်သည့် နေရာခင်းမည် ကိုယ်စားချင်သည့်အချိန် ယူစားမည်။ သက်တောင့်သက်သာနေနိုင်သောအနေအထားဖြစ်သည်။နေတတ်လျှင်စိတ်ချမ်းသာကိုယ်ချမ်းသာနေနိုင်
 သောအိမ်မျိုးဖြစ်သည်။ ခရီးကိုနှင်ကာ အားကုန်သုံးလို့ လျှောက်လဲ လျှောက်ခဲ့ပြီးပြီ နှင်လဲနှင်ခဲ့ပြီးပြီ အင်အားလဲ ကုန်လုနီးပြီး အကျိုးအမြတ်တို့လဲ ခံစားနေခဲ့ကြရပြီ စား ၀တ် နေ ရေး မပူမပင် မကြောင့်မကြ နေနိုင်ကြပြီ။ သို့ဆိုလျှင် ကျွန်မ၏ အမြင်သည် အေးချမ်းသာယာသော မိသားစုလေး ဖြစ်ကို ဖြစ်နေရမည့် အချိန်ဖြစ်သည်။

          သို့ပေမယ့် ယခုတစ်မြေ့မြေ့လောင်ကျွမ်းနေသာအရာသည် ခရီးဆုံးသော်လည်း ကျွန်မလိုချင်သည့် အေးချမ်း သာယာသော မိသားစုလေး ဖြစ်မလာခဲ့ခြင်းပင်ဖြစ်သည်။ အထင်နှင့်အမြင် တက်တက်စင်အောင်လွဲခဲ့သောကြောင့် ဖြစ်သည်။ ဒီတစ်တောင်ကျော်လို့ ဟိုဖက်အခြမ်းရောက်ရင်ဖြင့် သာယာသည့်ကမ္ဘာကြီးရှိသည်ဟု အားကြိုးမာန်တက် ကုတ်ကပ်တွယ်ဖက် တက်ခဲ့သည်။ ခြေထောက်တွေပေါက်ပြဲလို့ သွေးယိုစီးနေလဲ ဘာအရေးလဲ ဟိုဘက်ခြမ်းရောက်မှ သာယာသည့် ရေကန်မှ ရေခပ်အေးအေး ခပ်သောက်ယုံပေါ့။ လက်တွေကြိမ်းစက်နေလဲ ဘာအရေးလဲ လတ်ဆတ်သည့် လေ ကို တစ်ဝကြီးရှုသွင်းပြီး အားရပါးရ နားလိုက်ယုံပေါ့။ တောင်ထိပ်ကို ရောက်သည့်အခါမှပင် ဟိုဘက်ခြမ်းမှာ ကိုယ့်အထင်နှင့် အမြင်သည် အတော်ကြီးလွဲနေမှန်း သိလိုက်ရသည်။ကျွန်မတွေ့လိုက်ရသည်ကရွံနွံတွေ နှင့် ပြည့်နှက်နေ သည့် နွံအိုင်ကြီးတစ်ခု ပင်ဖြစ်သည်။ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် ရင်သည်နှိမ့်ချည်မြင့်ချည် ။ တောင်တက်လို့ မောလာသည့် အမောသည် အသက်ပင်မရှုနိုင်။ ရေအေးအေး သောက်စရာမရှိ။ လတ်ဆတ်သည့် လေမရှိ။ မောကလည်းမော ဆာလောင်မှုကလည်းအပြည့် နားပစ်လိုက်မည်ဟူသည့် စိတ်ကူးသည် အရာမထင်. ရှေ့ခရီး ဘယ်လိုဆက်မလဲဟူသည့် အတွေးကို အမောတကောစဉ်းစားနေရပြန်သည်။

          ဟိုဘက်ကိုဆက်သွားတော့ နွံအိုင် ဒီဘက်ကိုပြန်ဆင်းတော့ ထပ်မော။ ကဲ ယခုအချိန် ကျွန်မ၏ ခံစားချက်သည် ထိုသူကဲ့သို့ပင်ဖြစ်သည်။ ယူကျုံးမရလဲဖြစ်သည်။ စိတ်မကောင်းလဲဖြစ်သည်။ အားမလို အားမရလည်း ဖြစ်သည်။ ကျွန်မ၏ ပင်ပန်းစွာ ဖြတ်ကျော်ခဲ့မှုများသည် အရာမထင် တန်ဖိုးမဲ့စွာ အသုံးချခံနေခဲ့ရသည်။ကျွန်မစွန့်လွတ် နစ်နာခံကာ ကြိုးစားခဲ့သမျှသည် သူတို့၏ စိတ်ချမ်းသာ မှုဖြစ်မလာခဲ့။ ယခုအချိန်တွင် ပူပင်ကြောင့်ကြစရာ ဘာတစ်ခုမျှ မရှိပါပဲ စိတ်ဆင်းရဲနေကြရသော သူတို့အစား ကျွန်မ စိတ်မကောင်းဖြစ်မိသည်။ ဘာဖြစ်လို့များ ကိုယ့်ကိုယ်ကို သက်သာအောင် မနေကြတာလဲ စိတ်ချမ်းသာအောင် မနေကြရတာလဲ အားမလို အားမရဖြစ်သည်။

          ရလာသည့်အကျိုးအမြတ်တို့ကို ဘာကြောင့်များ အကျိုးရှိရှိ အသုံးမချရတာလဲ သူတို့ကို ကျွန်မမေးချင်မိသည်။ ကျွန်မကို မသနားလို့လား။ ကျွန်မနေရာမှာ ကိုယ်ချင်းမစာတတ်လို့လား။ ကျွန်မဘာဖြစ်စေချင် သနည်း သူတို့မသိ၍လား။ကျွန်မခပ်ဆိတ်ဆိတ်သာနေခဲ့သည်။ ဘာမှလဲမပြော။ ဘာမှလဲ မဆိုချင်။ တာဝန်ကို တာဝန်လိုယူ၍ သူတို့ကို ဘေးကနေသာ ထိုင်ကြည့်နေခဲ့သည်။ ဒါပေမယ့် ကျွန်မ၏ စိတ်နှလုံးသည် နာကြင်နေရသည်။ ၀မ်းနည်းနေရသည်။ ကြေကွဲနေရသည်။ သူတို့ဘ၀ကို ထိုကဲ့သို့ ဆက်သွားကြမည်လား။ မျက်လုံးစုံမှိတ်ပြီး ကျွန်မ ကျောခိုင်းလိုက်ရမည်လား။ နောင်လာမည့် အနာဂတ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ။ တွေးရင်း ရင်မောနေရသည့် မိသားစုလောကဓံ အမောကြီးဖြစ်သော သောက အပူလှိုင်းဖြစ်သည်။ စိတ်အတွင်းမှ ဖျောက်ဖျက်ရန် ကြိုစားနေသော်လည်း မအောင်မြင်သေးချေ။ ဖြေစရာ တစ်ခုသာရှိသည် သြော် ကိုယ့်ဘ၀ကိုတောင် လိုသလို ပုံသွင်းလို့ မရနိုင်မှတော့ သူတို့၏ စိတ် သူတို့၏ဘ၀ကို ပုံသွင်းနိုင်အောင် ကြိုးစားမိသည့် ကျွန်မသာလျှင် အပြစ်ရှိပါသည်လို့ပဲ ဖြေတွေးမိလေတော့သည်။
         
         ကျွန်မ ကောင်းကောင်းကြီး နားလည်သဘောပေါက်မိသည်မှာ မိသားစုတစ်ခု၏ ပျော်ရွှင်မှုသည် စား ၀တ် နေ ရေး ပေါ်တွင်အများကြီးမှီတည်နေသည်ဆိုသော်လည်း အပြည့်အစုံတော့ဖြင့်မဟုတ်နိုင်ပေ။ သို့ ဆိုလျှင်.........



---
ခရီးက ပြန်ရောက်ပါပြီ။  ချစ်သော မောင်နှမများအားလုံး   စိတ်နှလုံး အေးချမ်းလို့ ချမ်းမြေ့ ပျော်ရွှင်ကြည်နူး ကြပါစေရှင်..

ဒီပို့စ်လေးကို ရေးမိခြင်းရဲ့ အဓိကရည်ရွယ်ချက်ကဖြင့် ရှေ့ကရုန်းနေကန်နေသူတို့ အတွက် ကိုယ်ချင်းစာစေချင်သည်။ သူတို့ရဲ့ ခံစားချက် ဘ၀ အမော တွေကို နားလည်တတ်စေချင်သည်။ ငွေ ဟူသည် ရရင် ရသလောက် ရှာဖွေရသူသည်လည်း ပင်ပန်းဆင်းရဲရသည် ကို သိတတ်စေ ချင်သည်။ သူ့ဘ၀အတွက် ပျော်ရွှင်စရာမရှိသော နေရာတွင်  ရုန်းကန်ရှာဖွေရင်း သင်တို့၏ ပျော်ရွှင်မှုကို ၀ယ်ယူ ပေးနေသူတစ်ယောက် ဖြစ်သည်။ အရင်းအနှီးသည် သူ၏ အသက်အရွယ် သူ၏ ပေးဆပ်ခြင်း သူ၏ အချိန် သူ၏ ဘ၀ ဖြစ်သည်ကို နားလည်ပေးတတ်ကြပါစေ။

3 comments:

  1. 'ဘာဖြစ်လို့များ ကိုယ့်ကိုယ်ကို သက်သာအောင် မနေကြတာလဲ စိတ်ချမ်းသာအောင် မနေကြရတာလဲ အားမလို အားမရဖြစ်သည်' ဒီအချက်က အဓိကအချက်ပေါ့ မွန်လေးရေ... စိတ်ချမ်းသာမှု စိတ်ဆင်းရဲမှုဆိုတာ ကိုယ်တိုင်သာဖန်တီးနိုင်စွမ်းရှိသလို ဆန္ဒနဲ့လက်တွေ့ဆိုတာ ကိုက်ညီဘို့လဲ အင်မတန်ခက်ခဲပါတယ်။ ဘ၀အမောများ ဖြေနိုင်ပါစေလို့။

    ReplyDelete
  2. မိသားစုတစ်ခု၏ ပျော်ရွှင်မှုသည် စား ၀တ် နေ ရေး ပေါ်တွင်အများကြီးမှီတည်နေသည်ဆိုသော်လည်း အပြည့်အစုံတော့ဖြင့်မဟုတ်နိုင်ပေ---------------------------ဟုတ်တယ်ညီမရေ.....အရမ်းမှန်တာပဲ

    ReplyDelete
  3. နားလည်မှု့ဆိုတာ လွဲတတ်သည် ..တဲ့
    ကြားဖူးတာလေးပါ...
    မိသားစုဆိုတာကလည်း ကိုယ့်ရဲ့ အသွေးအသားတွေဘဲဆိုတော့
    တခါတလေ မှာ ဖြစ်တတ်ပါတယ် အမ..
    သူတို့နဲ့အမ နားလည်မှု့လွဲတာ..ဒါမှမဟုတ်
    အရာတခုကို နားလည်ပုံခြင်းမတူတာပေါ့..
    အမနားလည်သလိုအနေအထားမျိုးသူတို့နားမလည်တာ..
    သူတို့နားလည်ပုံ ပုံစံမျိုး အမလက်ခံမပေးနိုင်တာ ပေါ့..
    ဒါပေမဲ့လည်း အချိန်တခုပါဘဲ...
    အဲချိန်တခုတော့ စောင့်လိုက်ပါ အမ..
    အမ လက်ခံတဲ့ ပုံစံက အမှန်လား..
    မိသားစုကလက်ခံတဲ့ ပုံစံက အမှန်လားဆိုတာ
    အဖြေ ထွက်လာပါလိမ့်မယ်..
    အဖြူ အမည်းသဲကွဲသွားတဲ့အခါ ..
    အားလုံး နားလည်သွားမှာပါ..အမ

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......