Wednesday 17 September 2014

ကျွန်မ - မယ်ရုပ်ဆိုး




မျက်နှာလေး ဖွေးဖြူပြီး ချောမွတ်ချင်တယ်ဆိုရင် ဘယ်လိုလေးလုပ်ပါ။ ခန္ဓာကိုယ် သွယ်လျ လှပချင်တယ်ဆို ရင် လေ့ကျင့်ခန်းကို ဘယ်လိုလေးလုပ်ပါ။ ဘယ်လေ့ကျင့်ခန်းတွေ လုပ်ရင် ဘယ်နေရာက အဆီတွေကို ခြေဖျက်နိုင် တယ်။ ခုတစ်လော ဒီလိုစာတွေ ခပ်များများဖတ်မိလေတော့ ကျွန်မငယ်ငယ်က မယ်ရုပ်ဆိုးလေး အကြောင်း သတိတ ရဖြစ်သွားမိတယ်။

          မယ်ရုပ်ဆိုးလေးဆိုတာ တစ်ခြားသူမဟုတ်ပါဘူး ကျွန်မကိုယ်တိုင်ပါပဲ။ ကျွန်မငယ်ငယ်က အသားလေး ဖြူတာ ကလွဲရင်  မျက်နှာပေါက်ကျပုံ မျက်လုံး မျက်ခုံး နှာခေါင်း နှုတ်ခမ်း  တစ်နေရာမှ  လှတယ်လို့ မဆိုသာပါဘူး။ ကြည့်ကောင်းတယ် ဆိုတဲ့ အဆင့်မှာတောင်မရှိသူပါ။ အမေတို့ပြောပြတာ ကြားဖူးတာတော့ ကျွန်မငယ်ငယ်က တစ်ခေါင်းလုံးကို ဆံပင်ကောက်ပေးဖူးတယ်တဲ့။ အဘိုးက ပြောပါတယ် အသားဖြူတဲ့ တရုတ်ကပ္ပလီမလေး ခုမှတွေ့ ဖူးပါသတဲ့။  အဒေါ်တွေ ဦးလေးတွေက ဆို ကျွန်မနာမည်ကို ချစ်စနိုး ရုပ်ဆိုးမလို့ ခေါ်ကြသည် အထိပါပဲ။ 

          ဒီလိုနဲ့ မယ်ရုပ်ဆိုးလေး အရွယ်ရောက်လာတော့ မလှရသည့်ကြားထဲ မျက်နှာအသားအရည်က မကောင်းရှာ ဘူး။ အဆီအမြဲတမ်းပြန်တက်တဲ့ မျက်နှာ။ သနပ်ခါးလိမ်းထားခဏပဲ  အိမ်ထဲနေရင်တောင် သနပ်ခါးဝါဖျော့ဖျော့ ကနေ ရွှံရောင်လို မည်းညစ်ညစ်ပြောင်းသွားသည်မှာ ခဏခဏ။ ဒီလိုဖြစ်သည်မှာလည်း အပြစ်လို့မဆိုသာဘူး။ အမေတို့ အ၀တ်လျှော်သည့် ရွှေဝါဆပ်ပြာဆိုသည်နှင့် မျက်နှာသစ်လာတာ မယ်ရုပ်ဆိုးလေး ငယ်ငယ်ကထဲက ။ အမွှေး ဆပ်ပြာတွေဘာတွေ မသိ။ ချေးသန့်စင်သွားပြီးတာပဲ။ မယ်ရုပ်ဆိုးကလည်း အလှအပကို သိပ်မောမက်လွန်းသူ မဟုတ် လေတော့ ဘာမှမသိ။ မျက်နှာသစ် ဆပ်ပြာပါပြီးတာပဲ။

          အဆီပြန်တဲ့ အသားအရည်ဆိုတော့ကား ၀က်ခြံတွေလဲ ပေါက်သပေါ့။ တစ်ခါတစ်ခါဆို နှာခေါင်းထိပ်မှာ တောင် ပေါက်လိုက်သေး။ နာကလဲနာ အသားကလဲဖြူ ဆိုပြန်တော့ ၀က်ခြံပေါက်သည့်နေရာဆို နီရဲ။ နှာခေါင်းထိပ်က ၀က်ခြံကလည်း ပျောက်လိုက် ပေါက်လိုက် ဆိုတော့ နှာခေါင်းကလည်း ကြီးလာလိုက် သေးသွားလိုက်။ အညှော်လေး များ မိလိုက်လို့ကတော့ဖြင့် မယ်ရုပ်ဆိုးလေး မျက်နှာမှာ ဘုကြီးတွေ ရောင်ကိုင်းပြီး ထွက်လာတော့တာပဲ။ မျက်နှာ တစ်ပြင်လုံး အနီစက်စက်တွေ မနည်း။ မယ်ရုပ်ဆိုးကလည်း ဒါတွေကို ၁၀ တန်းဖြေပြီးသည်အထိ မမှုပါဘူး။ မှန်တောင် မနက်မိုးလင်း သနပ်ခါးရည်ကျဲလိမ်းတဲ့ တစ်ကြိမ်ပဲ ကြည့်တာ။ ကိုယ့်ဘာသာကိုယ် ခံယူပြီးသား ရုပ်ဆိုးတယ်လို့ ဒီတော့ ထူးပြီး လှနေအောင် မပြင်။ ပြင်လိုက်ရင် မျက်နှာက ထူလပျစ်ကြီးဖြစ်ပြီး ရှိရင်းစွဲ ထက် ပိုများရုပ်ဆိုးသွားသလိုပဲ။ 

          အဲ မယ်ရုပ်ဆိုးလေး လှချင်လာမိတာက တက္ကသိုလ်ပထမနှစ်စတက်တော့ သူများသားသမီးတွေများ လှလိုက် တာ။ ကိုယ်တိုင်ကလည်း  ညွတ်ချင်မိသူရှိလာပြီ ဆိုတော့ မယ်ရုပ်ဆိုးလေး လှချင်လာပြီ။ အရင်က ဆံပင်ကို ကုတ်ဝဲတောင် မထားပဲ ယောက်ကျားလေးစတိုင် ခပ်တိုတို ကပ်ကပ် ညှပ်လာတဲ့ ကျွန်မက ဆံပင်ကို ကျောလယ်လောက် အရှည်ထားလာပြီ။ အဲဒီအချိန်တုန်းက မင်းသမီးထက်ထက်မိုးဦး ခောတ်စားတဲ့ အချိန်ပေါ့။ ကြော်ငြာထဲမှာ ထက်ထက်မိုးဦးများ ဆံပင်လေးခါဝဲပြီး သီးချင်းဆို ထမိန်စကတ်လေးနဲ့ ကြွကြွရွရွ လမ်းလျှောက်တဲ့ အခါ မယ်ရုပ်ဆိုးလေးခင်ဗျာ သရေတစ်များများပေါ့။ ထက်ထက်မိုးဦးမျက်နှာလေးကလည်း အပြစ်အနာအဆာကင်းလို့ ဖြူစင်ဝင်းမွတ်လို့။

          ကိုယ့်မျက်နှာ ကိုယ်ပြန်စမ်းမိတော့ အားငယ်ရပြန်ရော။ မျက်နှာက ဘုတွေ ပျောက်တဲ့နည်း ကို မယ်ရုပ်ဆိုး လေး စူးစမ်းလေ့လာပါတော့တယ်။ ပထမ တောင်ကြီးမောက်မယ် ဆိုလို့  တောင်ကြီးမောက်မယ်နဲ့ စမိပါရော။ အမယ်လေး စပ်လိုက်တာ။ လိမ်းသာလိမ်းတယ် အစတော့ ဟုတ်သလိုလို နောက်တော့လဲ ဒုံရင်းက ဒုံရင်းပဲ။ ဒါနဲ့ သံပုရာသီးနဲ့ ပွတ်ပျောက်တယ် ဆိုပြန်ရော။ မယ်ရုပ်ဆိုးလဲ စပ်ပေမယ့် လှချင်ပေသကိုး အောင့်ခံပေါ့။ တစ်ကယ်က သံပုရာရည်လေးကို နားကြပ်တဲ့ ဂွမ်းလိပ်လိုဟာလေးနဲ့ လူး မျက်နှာကိုတို့ပေးရမှာ။ မယ်ရုပ်ဆိုးက ဗဟုသုတနည်း သူပီပီ  မသိလေ။ သံပုရာ ခြမ်းပျော့အောင်လုပ်ပြီး မျက်နှာပွတ်တော့တာ။ တွေးကြည့်တော်သာမူကြပါလေ။ စပ်ကလည်းစပ်။ ၀က်ခြံဘု ထိပ်ကလေးတွေ ပေါက်ပြီး ဘုကနေ အနာလိုဖြစ်။ 

          ညဘက်ပွတ်ပြီးအိပ် မနက်မျက်နှာတစ်ပြင်လုံး နီရဲတွတ် ရောင်ကိုင်း။ အဲဒီအချိန်မှ ကိုယ့်ကိုယ်ကို မလှလိုက် တာလို့ စပြီး အားငယ်မိပါတော့တယ်။ ကြာတော့ မျက်နှာစပ်တာအပြင် အရေပြားတွေပါစားကုန်မယ်ဆိုပြီး အမေက သံပုရာသီးနဲ့ အပွတ်မခံတော့ပါဘူး။ ၀က်ခြံပေါက်တယ်ဆိုတာ မျက်နှာပြင်က ချွေးပေါက်တွေပိတ်တာမို့ ၀က်ခြံ ထွက်တယ်လို့ မယ်ရုပ်ဆိုးသိလာပါပြီ။ ဒီတော့ သနပ်ခါးထူလပျစ်ကြီးတွေ လိမ်းချင်းကိုလျှော့ပါတော့တယ်။ အကြံကုန်သွားပြီမို့ မယ်ရုပ်ဆိုးလဲ သံပုရာသီးပွတ်ပြီးနောက် မျက်နှာချောမွတ်ရေး လုပ်ငန်းကြီးကို ရပ်ဆိုင်းထားလိုက် ပါတော့တယ်။

           အဲ တစ်ပတ်လောက်အကြာမှာတော့ သိသိသာသာပဲ ၀က်ခြံထွက်တာနည်းသွားပြီး ပေါက်ပြဲနေတဲ့ ၀က်ခြံလေးတွေက ပျောက်သွားပါတယ်။ မယ်ရုပ်ဆိုးလေး တစ်ခု ကံကောင်းတာက မျက်နှာက အသားတက်တာ မြန်တာပါ။ ငယ်ငယ်က  ၀က်ခြံထွက်လို့ မျက်နှာမှာ အမဲစက်တွေသာ ကျန်ခဲ့မယ်ဆိုရင် ခုချိန် မယ်ရုပ်ဆိုးရဲ့ မျက်နှာဟာ ချိုင့်ချိုင့်ခွက်ခွက်တွေနဲ့ အမဲစက်တွေနဲ့ တော်တော်ကြည့်ရဆိုးနေမှာပါ။ သဘောကျသွားတယ် အမေ့ ကို ပြန်ခွင့်တောင်းကြည့်တယ် သံပုရာသီး လုပ်ငန်းလေး ပြန်စပါရစေပေါ့။ အမေက လက်မခံပါဘူး။ သံပုရာသီးကို တစ်ပတ် တစ်ကြိမ်ပွတ်ပြီး အမွှေးဆပ်ပြာတွေနဲ့ မျက်နှာသစ်တာကို ရပ်ပစ်လိုက်တယ်။ ရေနွေး ခပ်နွေးနွေးနဲ့ နူးညံ့တဲ့ ဂွမ်းလေး တွေနဲ့သာ မျက်နှာသစ်ဖြစ်ပါတော့တယ်။ 

          အလုပ်ရှုပ်ပေမယ့် အတော်ထိရောက်တယ်လို့ ဆိုရပါ့မယ်။ ၀က်ခြံဘုကြီးတွေ ပျောက်ပြီး ဘုသေးသေး ကလေးတွေ သာ ကျန်ပါတော့တယ်။ ဖြူစင်ဝင်းမွတ်တဲ့ မျက်နှာအသားအရည်ကတော့ အိမ်မက် မက်နေစဲပါ။ တစ်စခန်းထလာတာက ချွေးပေါက်တွေ ကျယ်လာတာပါ။ ဒီလိုဆိုပြန်တော့ တစ်ခါတစ်လေ လှချင်လို့ မိတ်ကပ်လေး များ မျက်နှာပေါ်တင်မိရင် မျက်နှာက အထွတ်အထွတ်ကြီးတွေနဲ့ အဆီတွေ တစ်ဝင်းဝင်း ဖုန်ကလေးများ ထလိုက်လို့ ကဖြင့်. ရှိရင်းစွဲ အသက်ထက် ၁၀ နှစ်လောက်ပိုကြီးတဲ့ မိန်းမကြီးဖြစ်ဖြစ်သွားတော့တာပဲ။ 

          ဒီတော့ အပြင်တစ်ခါ သွားကာနီး မှန်ထဲကိုယ့်မျက်နှာ ကိုယ်ပြန်ကြည့် စိတ်တိုင်းမကျလိုက်တာလေ။ တစ်ခါတစ်ခါ မျက်ရည်တွေကျ ငိုမိသည်အထိ။ နောက်တော့ မျက်နှာကို ဘာမှ မလူးမချယ်ပဲ ဒီတိုင်း အပြင်သွားပါ တော့တယ်။ အဆီပြန်လာတစ်ရှုးနဲ့ပွတ်။ မလှပေမယ့် နောက်ထပ် ၀က်ခြံအဖုအသစ်တွေ မထွက်တော့ဘူးပေါ့။ အဲ မိတ်ကပ်များလိမ်းလိုက်လို့ ကတော့ အပြင်စထွက်ထွက်ခြင်းခဏတာမျှသာ ကြည့်ကောင်းသလိုလို ပြီှးလျှင် အဆီတွေပြန် ညကျ မျက်နှာသစ်လိုက်တဲ့အခါ ၀က်ခြံဘုအသစ်လေးတွေက ထွက်လာဖို့ တာစူနေကြပြီ။ နောက်နေ့ဆို မျက်နှာက ၀က်ခြံဘုအသစ်လေးတွေနဲ့ နီရဲ့လို့။ စိတ်ညစ်ရပြန်ရော။ 

          တက္ကသိုလ် ဒုတိယနှစ် ကျောင်းတွေစတက်ကာနီးမှာ မယ်ရုပ်ဆိုးလေး မျက်နှာက တော်တော် အဆင်ပြေ နေပြီလို့ ဆိုရမယ်။ အိမ်ထဲက အိမ်ပြင်မထွက်။ မိတ်ကပ်လဲ မလိမ်း ။ သနပ်ခါးဆို ရေကျဲလေးသာ။ ရေနွေးလေး နှင့် မှန်မှန်ဆေးဆိုတော့ မျက်နှာမှာ ဘုတွေ ပျောက်သလောက်နီးနီး။ ၀က်ခြံလေး တစ်လုံးလောက်ကတော့ မယ်ရုပ်ဆိုး အတွက် ဘာအရေးတုန်း။ အဲ မနက်ဆို ကျောင်းသွားရတော့မယ် ။  လှလှပပလေးဝတ်ပြီး ခါးလယ်လောက် ဆံပင်ရှည် လေးနဲ့ ပါတိတ်အင်ကျီနဲ့ အမည်းရောင် လွယ်အိတ်ကလေးနဲ့ စိတ်ကူးနဲ့ရူးပေါ့။

          တစ်စခန်းထလာသူက အမေပါ။ မယ်ရုပ်ဆိုးလေးပါးက ၀က်ခြံလေးတစ်လုံး နှစ်လုံးကို ဆေးလိမ်းပါတဲ့။ ကြည့်လိုက်တော့ ဆေးက အဆီတွေနဲ့။ မယ်ရုပ်ဆိုးကလည်း complain တက်ပါတယ်။ သမီးမျက်နှာက အဆီပါတဲ့ ဆေးနဲ့ဆို မတည့်ဘူးပေါ့။ ဒီတော့ ကိုယ့်သားသမီးလှစေချင်တဲ့ အမေက ပွစိပွစိ ဆူပါတော့တယ်။ မယ်ရုပ်ဆိုးလဲ စိတ်ဆိုးပြီး အမေရဲ့ ဆေးဗူးကို တစ်ကလောပြီး မျက်နှာကိုလူးချ လိုက်ပါတော့တယ်။ တစ်ကယ်က ၀က်ခြံဘုလေးပေါ် တစ်တို့လောက်ဆိုရပါပြီ။ 

          အဲမနက်မိုးလင်း မျက်နှာကို မှန်ထဲကြည့်လိုက်တယ် ဆိုရင်ပဲ မယ်ရုပ်ဆိုး အသံပြဲ ကြီးနဲ့ အော်ငိုပါတော့ တယ်။ အမေကြောင့် သမီးရုပ်ဆိုးပါပြီဆိုပြီးတော့။ မငိုနေမလား ညက တစ်ကလော ဆွဲထားတဲ့ နေရာတွေမှာ မီးလောင်ဘု တွေလို အရည်ကြီးဘုတွေ ပါးနှစ်ဖက်မှာ အပြည့်။ အမေကလည်း စိတ်မကောင်း အဖေကလည်း ဆူပေါ့။ ကလေး မလူးချင်တာကို အတင်းလူးခိုင်းတယ်ဆိုပြီး။ ဒါနဲ့ပဲ မယ်ရုပ်ဆိုး ဆေးခန်းပြေးရပါတော့တယ်။ ဆေးခန်းက ဆရာဝန် ပေးလိုက်တဲ့ဆေးက လည်း စွမ်းပါတယ်။ အဆီပါတဲ့ဟာတွေမလူးနဲ့တဲ့။ သက်သာပေမယ့် မပျောက်ကင်းပါဘူး ။

          အဲဒီ အဖုလေးတွေ ပျောက်ဖို့တော်တော်ကြာခဲ့ပါတယ်။ တက္ကသိုလ် ဒုတိယနှစ်တစ်လျှောက်လုံး ပါးကွက် ထူထူ ကြီးတွေ လိမ်းပြီး ကျောင်းတက်ရပါတော့တယ်။ ပိုဆိုးတာက အနာတွေလိုဖြစ်ပြီး အရည်တစ်ရွှဲရွှဲပါ ဖြစ်လာတာ ပါ။ မျက်နှာမှာလဲ ချိုင့်ရာတောင် ကျန်ခဲ့ပါတော့တယ်။ နောက်ဆုံး ဘာနဲ့မှ ပျောက်သွားသလဲ ဆိုတော့ အင်ပတ်စလင် တောင့်ကို အမှုန့်လေးတွေထုတ်ပြီး အနာတွေပေါ် သိပ်လိုက်တဲ့ အချိန်ကြမှပဲ ပျောက်သွားပါတော့တယ်။ ဒါပေသိ ရှစ်လကျော်ကျော် အချိန်ယူခဲ့ရပါတယ်။ 

          ဖြူ စင်ဝင်းမွတ်တဲ့ မျက်နှာကတော့ အဲဒီအချိန်ထိ မရခဲ့ပါဘူး။  ၀က်ခြံပေါက်လိုက် နီရဲနေလိုက် မည်းညစ်ညစ် ဖြစ်နေလိုက်နဲ့ပဲ မမ အရွယ်ကနေ ဒေါ်ဒေါ်အရွယ် ရောက်လာပါတော့တယ်။ ဘ၀ကိုလဲ တော်တော်ဖြတ်သန်းပြီးခဲ့ပြီ ဆိုတော့ အလှအပဆိုတာ ကိုယ့်ဘ၀က ပေးသလောက် ရုပ်သာရတယ်လို့ မယ်ရုပ်ဆိုးလေး နားလည်ခဲ့ပြီ။ မျက်နှာကို သန့်ရှင်းအောင်ထားတယ် အဆီပါတာတွေ တတ်နိုင်သမျှ ရှောင်တယ်။ ကိုယ်နဲ့တည့်မယ်လို့ ထင်တဲ့ မျက်နှာသစ်ဆပ်ပြာကို ရွေးသုံးတယ်။ 

          အရင်လို မလှလို့ အားငယ်ခဲ့တာထက် လတ်တစ်လောရနေတဲ့ ဒီရုပ်လေးကိုပဲ ကျေနပ်နှစ်သိမ့် တတ်လာပြီ။  စိတ်အလိုမကျမှုတွေမရှိတော့ဘူး။ အ၀တ်အစားဝတ်ပြီး ငါလှပမလားလို့ မလုံမလည် ဖြစ်တာမျိုးမရှိတော့ဘူး။ အလိုမကျတဲ့ မျက်မှောင်ကြီးကုတ်နေတတ်တဲ့ အကျင့် ပျောက်သွားတယ်။ နှုတ်ခမ်းကြီး တင်းတင်းစေ့ပြီး စူပုပ်ပုပ် လုပ်တတ်တဲ့ မျက်နှာကြီး ပျောက်သွားတယ်။ အဲဒီအစား ကိုယ့်ဘာသာကိုယ် ယုံကြည်မှုအပြည့်နှင့် အမြဲ ပြုံးရွှင်နေတဲ့ မျက်နှာထားလေး တစ်ခုကို ပိုင်ဆိုင်လာခဲ့တယ်။

          မှန်ထဲမှာ ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ရင် အလိုမကျတဲ့ နေရာဆိုတာကို မရှိတော့ဘူး။ သူများဝတ်လို့ လှပေမယ့် ကိုယ့်ခန္ဓာကိုယ်နဲ့ မလိုက်ရင် ၀တ်ဖို့ စိတ်ကူး မရှိတော့ဘူး ။ လှတယ်ဆိုတဲ့ အင်င်္ကျီထက် အနေအထိုင် လွတ်လပ်ပြီး သက်တောင့် သက်တာ ဖြစ်မယ့် အင်င်္ကျီမျိုးကိုပဲ ရွေးတတ်လာတယ်။ သူ့နေရာနှင့်သူ ၀တ်တတ် စား တတ် နေထိုင်တတ်လာတယ်။ မလှဘူးဆိုရင်တောင် ကြည့်ကောင်းစေမယ် ဆိုတဲ့ ပြင်ဆင်မှုမျိုးကို ရွေးခြယ်တတ်လာတယ်။ 

          လှပတယ်ဆိုတာထက် သန့်ရှင်း အေးချမ်းတယ် ဆိုတဲ့ ၀တ်စား ဆင်ယင်မှုမျိုးကို ပိုနှစ်သက်လာတယ်။ ခုလည်း မယ်ရုပ်ဆိုးလေး က ရုပ်ဆိုးနေစဲပါ။ ဒါပေမယ့် မယ်ရုပ်ဆိုးလေးရဲ့ မျက်နှာမှာ အမြဲ ရွှင်ကြည်တဲ့ အပြုံးချိုချို တစ်ခု တော့ အစဉ်အမြဲ တပ်ဆင်ထားနိုင်ခဲ့ပါပြီ။ 



---
ခုတစ်လော ရေးလက်စ ပို့(စ်) လေးတစ်ပုဒ်ကို ရေးပြီး လက်စမသတ်နိုင်တဲ့အခါ ပေါ့ပေါ့ပါးပါး ခုလို ပို့(စ်) လေးတစ်ပုဒ်ရေးပြီး မုဒ်ပြန်သွင်းရပြန်တယ်။ 
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ 

သရုပ်ဖော်ပုံလေးကတော့ ထုံးစံအတိုင်း google ကနေ ရှာဖွေထားတာပါလို့ ။

13 comments:

  1. ဖတ်လို့ကောင်းလိုက်တာ။ မယ်ရုပ်ဆိုးလေးကိုလဲ မြင်ဖူးချင်လာတယ်။ လောလောဆယ်တော့ အပြုံးချိုလေးနဲ့ ကောင်မလေးတစ်ယောက်ကို မြင်ယောင်မိတယ်။

    ReplyDelete
    Replies
    1. ဆွေလေးမွန်17 September 2014 at 20:15

      ခုလို လာလည်ပြီး ခြေရာလေးချန်ထားခဲ့ပေးလို့ ကျေးဇူးပါ ကြယ်ပြာရေ.

      Delete
  2. တို့လဲငယ်ငယ်ကခြေဆစ်လက်ဆစ်ကြီးလို့ငိုလိုက်ရတာအမောဘဲ အမေကဘဲရုပ်ဆိုးလေးလို့တောင်ခေါ်တာ ယောကျာ်းရတော့လိပ်ပုတဲ့ တိရိစ္တာန်ထဲကကိုမထွက်ရတော့ဘူး :P

    ReplyDelete
    Replies
    1. ဆွေလေးမွန်17 September 2014 at 20:18

      တစ်ခုဆိုးတာကလေ ညီမလေးကျတော့ အမေတို့နဲ့ မျက်ခုံးမျက်လုံးတူ ၀ိုင်းစက်ပြီးလှ အသားကဖြူ ဆွေလေးကျမှ အသားတော့ ဖြူ ပါရဲ့ ...ဆိုတော့ကား .. ပိုပြီး ထင်းထင်းကြီး ဖြစ်နေတော့ တာပဲ

      Delete
  3. မယ်ရုပ်ဆိုးလေး ဟုတ်မဟုတ်တော့မသိဘူး ချစ်ဖို့ကောင်းတဲ့ မွန်လေးဆိုတာတော့ အသေအချာပဲ ... ♥♥♥

    ReplyDelete
    Replies
    1. ဆွေလေးမွန်17 September 2014 at 20:36

      ဟီး. ချစ်ဖို့ကောင်းတဲ့ မွန်လေးဆိုတာနဲ့ အလိုလိုနေရင်း သဘောကျတွေကျတယ် တီတင့်

      Delete
  4. လာဖတ်သွားပါတယ်နော် ညီမဆွေလေး...း)

    ReplyDelete
    Replies
    1. ဆွေလေးမွန်17 September 2014 at 20:38

      ဟုတ် အစ်မမိုး လာေ၇ာက်အားပေးသွားလို့ ကျေးဇူးပါနော်

      Delete
  5. ဒီလောက်ပြုံးချို ပြီးချစ်စရာကောင်းတဲ့ အမ
    ကို ရုပ်ဆိုးတယ် ဘယ်သူပြောလည်း
    ပစ်တော့ ချစ်တာဘဲ...

    ReplyDelete
    Replies
    1. ဆွေလေးမွန်17 September 2014 at 20:39

      ချစ်သူခင်သူများတော့ အစ်မလည်း စိတ်ချမ်းသာပြီး ပျော်ရွှင်ပါ့ရှင် :) :)

      Delete
  6. ဆွေလေးရေ ပိုပြီးတော့မြင်ဖူးချင်ပြီ
    ပါးကွက်ထူထူကြီးကို ငယ်ငယ်ကစပြီး ယခုထိကြိုက်တုန်းပဲ

    ReplyDelete
    Replies
    1. ဆွေလေးမွန်18 September 2014 at 20:23

      အခွင့်ရှိတဲ့ တစ်နေ့တော့ ညီအစ်မတွေ ဆုံဖြစ်ကြမှာပါ sis ရေ။

      Delete
  7. ကနေ့ ဒါ့ပုံလေးတွေ့လိုက်ရတာ

    လှလှလေး

    ချစ်စရာလေး

    ရုပ်ဆိုးလေး ဟုတ်ဘူး

    အာ့ လာပြောတာ :) :)

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......