Wednesday 27 August 2014

ဘလော့ဒေး အမှတ်တရ



 


ကျွန်မကျင်လည်သော ပတ်ဝန်းကျင်တွင် စာရေးခြင်း ၀ါသနာဟူသည် ကျွန်မတစ်ဦးတည်းသာ ထူးပြီးရူးသော ၀ါသနာဟုဆိုရမည်။ ကွန်ပျူ တာမကိုင် နိုင်ခဲ့သည့် ဘ၀တွင် သော့ခတ်ထားသော စာအုပ်လေးတွေနှင့် ရေးသည်။ ခဏခဏ ပြန်ဖတ်သည်။ ကျွန်မတွင် သော့ခတ်ထားသော စာအုပ်လေးများစွာ ရှိခဲ့သည်။ ယခုချိန်ထိလည်း ရန်ကုန် အိမ်တွင် သိမ်းထားစဲ။ 

          အိမ်ရှိလူကုန်ပြောသည် ကျွန်မသည် စိတ်ကူးယဉ်ဆန်သည် ရူးသည်တဲ့။ ကျွန်မကတော့ဖြင့် ထိုစာအုပ်လေး များတွင် ရေးစရာရှိရေးပြီး သော့ခတ်ပြီး သိမ်းထားမိမြဲ။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့ရောက်ရှိလာခဲ့သည်။ ဘလော့ဆို တာကို စတင်ပြီး ထိတွေ့ခွင့်ရ လာခဲ့သည်။  ပျော်ရွှင်စရာများကို အသောလေးနှင့် ရေးထားသည့် ဘလော့။ မိသားစု ဘ၀ကို ချစ်စဖွယ်  ရေးသားတတ်သည့် ဘလော့။ အတွေ့အကြုံကနေ  ၀ါသနာပါရာ စာပေနှင့် မျှဝေပေးတတ်သည့် ဘလော့။ အချက်အပြုတ် နည်းလေးများနှင့် စားချင်စဖွယ် သရုပ်ဖော်ပုံလေးများနှင့်ဘလော့။ တစ္ဆေ သရဲ အကြောင်း လား  အချစ်အကြောင်းလား သို့တည်းမဟုတ် ကဗျာလား သည်လိုပျော်ဝင်သွားလိုက်တာ ၀ါသနာပိုး ရှိနေသည့် ကျွန်မ အတွက် ကိုယ်ပိုင် ဘလော့လေး တစ်ခုဖြစ်လာဖို့ တွန်းအားပေးလိုက်သလိုပင်။

           ကျွန်မအားသန်သည့် ကဗျာနှင့် မတောက်တစ်ခေါက် ပို့(စ်)လေးတွေ ရေးမိသည်။ ဘလော့ရပ်ဝန်းမှ  မောင်နှ မများသည် နွေးထွေးစွာ ကြိုဆိုကြသည်။ comments လေးတွေ ထင်မြင်ချက်လေးတွေ ဖတ်ရသည့်အခါ  ကြည်နူးပီတိ ဖြစ်မိသည်။ နိုင်ငံရပ်ခြားကို ရောက်ခါစ အထီးကျန်ဆန်သည့် အချိန်များကို ဘလော့တွေလည် စာတွေဖတ်နှင့် အဖော်ပြုခဲ့ရဖူးသည်။  အတွေ့အကြုံဘလော့လေးတွေ ဖတ်ပြီးသည့်အခါ သြော် ငါတစ်ယောက်တည်း ကြမ်းတမ်းခဲ့ ဖူးတာမှ မဟုတ်ပဲ။ အချစ်အကြောင်းတွေ ဖတ်ရသည့်အခါ သြော် လူတိုင်း အသည်းကွဲဖူးကြသကိုး။ အချက်အပြုတ် လေးတွေ ဖတ်ပြီးသည့် အခါ ဒီဟင်းလေးတော့ ချက်စားပစ်လိုက်မယ်။ တစ္ဆေ သရဲ အကြောင်းများ ဖတ်ပြီးသည့် အခါ တစ်ပတ်လောက်က နောက်ကျောမလုံ လှည့်လှည့်ကြည့်ရသည်မှာ အမော။       

          ဤသို့ ခံစားမှုရသများပေးတတ်သော ဘလော့ရွာကလေးအား ကျွန်မမြတ်နိုးပါသည်။ စည်စည်ကားကား ထိုဘလော့ရွာလေးတွင် ယခုတော့ဖြင့် ခြောက်သွေ့နေလေပြီ။ စာရေးကောင်းကြသော အချို့အချို့သော မောင်နှမ များ၏ ဘလော့များသည် တိတ်ဆိတ်လို့။  ကျွန်မထင်ပါသည် အကြောင်းကြောင်းကြောင့် ဘလော့ရွာလေးနှင့် ဝေး ကွာနေခဲ့သော်လည်း သူတို့၏ စိတ်ထဲတွင်တော့ ဘလော့ရွာလေးကို လွမ်းဆွတ်သည့် စိတ်ကလေးတော့ ရှိနေပါ လိမ့်မည်။ 

          ဘလော့တွင် စာရေးသားသူအများစုသည် နာမည်ကြီးလို၍ စာရေးခြင်းမဟုတ်။ ကျော်ကြားလို၍ စာရေးခြင်း မဟုတ်။ စာရေးဆရာ ဖြစ်လို၍ စာရေးခြင်းမဟုတ်။ ဘလော့ဂါ ဖြစ်လို၍ စာရေးခြင်းမဟုတ်။ ဘလော့တွင် စာရေး၍ ဘလော့ဂါ ဖြစ်လာသည်။ ပင်ကိုယ်ဗီဇ ၀ါသနာအထုံရှိပြီးသူများမို့ စာဖတ်သူလက်ခံလာ၍ နာမည်ထင်ပေါ်လာသည်။ လူသိများလာ၍ ကျော်ကြားလာသည်။ ကျော်ကြားလာ၍ အချို့ print စာပေ စာမျက်နှာများပေါ်ရောက်သွားသည်။ အကြိမ်များလာ၍ စာရေးဆရာဖြစ်လာသည်။ တွေးကြည့်လျှင် ပင်ကိုယ်ဗီဇ ပါရမီရှိသူမို့ စာဖတ်သူလက်ခံလို့ ဖြစ်လာသော စာရေးဆရာများဖြစ်သည်။ 

          လူအမျိုးမျိုး စိတ်အထွေထွေနှင့်မို့ ပထမဆုံး မုန်တိုင်းလေး ဘလော့ရွာတွင် စတင်တိုက်ခတ်သွားသည်။ ၄င်း မှာ ဘလော့ရေးသော ဘလော့ဂါများကို  ချိုးချိုးနှိမ်နှိမ်နှင့် အတင်းတုတ်ရေးကြသည်။ ဘလော့တွင် စာဖတ်သူများကို လည်း ကိုယ့်အတွက် အကျိုးမရှိသောစာပေများကို ဖတ်သည်။ ထင်မြင်ချက်တွေ မျိုးစုံပေးကြသည်။ ဘလော့ဂါများ မမှုကြပါ ဆက်ရေးနေကြသေးသည်။ မသိမသာပြောင်းလဲသွားသည်ကတော့ အရင်လိုမျိုး စိတ်ခံစားချက်နှင့် keyboard  လက်ကွက်လေးများက တစ်ထပ်တည်းမကျနိုင်ကြတော့ပေ။ အကြောင်းမှာ တွေဝေသွားကြသည်။ ရေးသောစာများသည် အဆိပ်လော သို့တည်းမဟုတ် မိမိရေးသည့်စာ မိမိ တာဝန်ယူရမည်လောဟူသည် တွေဝေမှု ဖြစ်သည်။ 

          အချို့ဆိုလျှင် ဘလော့ရွာလေးမှ အပြီးအပိုင်ထွက်သွားကြသည်။ အဲသည်အချိန်ကစလို့ မသိမသာ အေးခဲ သွားလိုက်တာ facebook ဆိုတာကြီး ပေါ်လာသည့် အခါတွင်တော့ ခြောက်သွေ့သွားလေပြီ။ ကျွန်မကိုယ်တိုင်သော်မှ မနက်မိုးလင်း ကွန်ပျူတာဖွင့်လျှင် facebook ဆိုသည့် စာမျက်နှာကို အရင်ကြည့် ဘာသတင်းများထူးသလဲ လို့  ကြည့်တတ် ရှာဖွေတတ်နေပြီကိုး။  ရသစာပေရေးသော ဘလော့များထက် နိုင်ငံရေး သတင်း သရော်စာများရေးသည့် ဘလော့များ အလျှိုလျှိုဝင်ရောက်နေရာ ယူကြလေတော့သည်။

          ပြောရလျှင် နိုင်ငံရေး သတင်းဆိုသည့် ဘလော့များသည် တစ်နေ့တစ်မျိုးမရိုးရအောင် ပို့စ်များတက်နိုင်ပါ သော်လည်း ရသစာပေးရေးသည့် ဘလော့များသည် တစ်လနေလို့မှ တစ်ပုဒ် အနိုင်နိုင်ရယ်။ အချို့ comments များဆို လျှင်လည်း ဘလော့ရေးသူများကို လှောင်ချင်သလိုလို နင့်အကြောင်းငါသိတယ်ဟု ခြိမ်းခြောက်ချင်သလိုလို နှင့် တစ်ချို့ဆိုလျှင် ရိုင်းစိုင်းစွာ မှတ်ချက်များရေးတတ်ခဲ့ကြသည်။ အချို့ဘလော့များတွင် message ရိုက်သည့် box များကို အပြီးအပိုင်ပိတ်လိုက်ကြသလို comments များကိုလည်း verify နှင့်သာထိန်းထားကြရသည်။ 

          ဘက်ပေါင်းစုံသော အကြောင်းတရားတို့ကြောင့် ဘလော့ရွာသည် လွတ်လပ်ခြင်းမှသည် တစ်ဖြည်းဖြည်း  ကျဉ်းမြောင်းလာကြသည်။  အရင်လိုခံစားချက်တို့ မလွတ်လပ်တော့ပြီ။ ထို့ကြောင့် ကျောခိုင်းသူ စွန့်ခွာသူတို့ တစ်ဖြည်းဖြည်း များလာခဲ့ကြသည်။      စာဖတ်သူနည်းလာတော့ comments လေးတွေလည်း နည်းလာသည်။ ကျွန်မကိုယ်တိုင်သော်မှ  ပို့(စ်) အသစ်တင်ပြီးဆိုလျှင် သွားဖတ်ပြီး comments မပေးဖြစ်။ slient reader တွေများလာသည်။ ဒီတော့ လတ်တစ်လော ဘလော့ရေးနေသူများအဖို့ ကိုယ့်ကိုယ်ကိုယုံကြည်ချက် အားနည်းလာရသည်။ ရေးတဲ့စာ ဖတ်သူမရှိမှတော့ ဘာလို့ ဆက်ရေးမလဲဆိုသည့် အတွေးများ ၀င်ရောက်နေရာ ယူလာခဲ့သည်။ 

          ထိုထဲတွင် ကျွန်မလဲ ပါဝင်သည်။ အကြိမ်ကြိမ် စဉ်းစားမိခဲ့သည် ဘလော့လေးကို ပိတ်ပစ်လိုက်ရင် ကောင်းမလားပေါ့။ ကျွန်မက ဘလော့ဂါ စစ်စစ်ကြီးလည်းမဟုတ်။ ၀ါသနာပါသော စာရေးသူသာဖြစ်သည်။  ဒါပေမယ့် ကိုယ်မြတ်နိုးသည့် အရာတစ်ခုကို ခုချက်ချင်းကြီး စွန့်လွတ်လိုက်ရမည် ဆိုတော့လည်း မလုပ်ရက်။ ဒါဆိုလျှင် ၀ါသနာကို ဆက်ပြီး ရှင်သန်ခွင့်ပြုရမည်လား။ ခုချိန်ထိတော့ မတွေးတတ်သေးပါ။ လွှတ်ချလိုက်သင့်သည့် အချိန်တွင် တော့ ကျွန်မလွှတ်ချလိုက်မိမည်ဖြစ်သည်။ ခုချိန်ထိတော့ ကျွန်မ တွယ်ညှိနေစဲပင်။ မြတ်နိုးမိနေစဲပင်။ 

          ဤသို့ဖြင့် ဘလော့ရွာထဲတွင် ခရီးဆက်နေစဲ ကျွန်မပါလို့ နှုတ်ခွန်းဆက်သရင်း Blog day အမှတ်တရအဖြင့်  ယခုပို့(စ်) လေးကို ရေးသားလိုက်ရပါတယ်ရှင်။ 


ချစ်စွာသော ဘလော့မောင်နှမများအားလုံး HAPPY BLOG DAY ပါရှင်။ မောင်နှမများအားလုံး ကျန်းမာလို့ ပျော်ရွှင်ချမ်းမြေ့ ကြပါစေရှင်။

သရုပ်ဖော်ပုံလေးကိုဖြင့် ထုံးစံအတိုင်း google ကနေရှာဖွေ အသုံးပြုထားပါတယ်ရှင်။
 

7 comments:

  1. Just read your nice blog day post with thanks <3

    ReplyDelete
  2. ဟုတ်ပါ့။ ဘလော့ရပ်ဝန်းကြီး တိတ်ဆိတ်သွားလိုက်တာ။
    ရှေးမြို့ဟောင်းကြီးအလားဘဲ။
    အကြောင်းအမျိုးမျိုးကြောင့် ဆိုတဲ့အထဲမှာ ဖေ့စ်ဘုတ်က တရားခံ တစ်ခုပါဘဲ။
    ဘလော့ထက် ဖဘက အဆပေါင်းများစွာ မြန်ဆန်တာကိုး။
    ဖဘမှာ ကွန်မင့်ပေးရင် ဟောကနဲဒိုင်းကနဲ မဟုတ်လား။
    ဘလော့ကွန်မင့်ကတော့ အသစ်တက်လာရင်တောင် ရီဖရက်လုပ်မှ မြင်ရတာ မဟုတ်လား။
    ဘာဘဲ ဖြစ်ဖြစ် ဖဘထက် ဘလက ပိုတော့ ခံထည်ပါတယ်။
    ငြိမ်သက်စွာ စီးဆင်းနေဆဲပါ။

    ဘလော့တစ်ခေတ်ထွန်းခဲ့သလို နောက်လဲ ပြန်ထွန်းလာဦးမယ်လို့ မျှော်လင့်ကြတာပေါ့။

    ReplyDelete
  3. Happy Blog Day ပါဆွေလေးရေ
    အမြဲတမ်းစာတွေ ရေးနိုင်ပါစေလို့နော်

    ReplyDelete
  4. blog တိတ်ဆိတ်ချက်ကတော့ တစ်ကယ်ကြီးပါ … စာစရေးစတုန်းကနဲ့ကို မတူတော့ဘူးရယ် … happy blog day ပါ မမရေ … :)

    ReplyDelete
  5. ဘလော့ဂ်ဒေးအမှတ်တရပို့စ်လေးလာဖတ်သွားပါတယ်..း)

    ReplyDelete
  6. မကြီးရေ
    tag ပိုစ့်တွေလည်းဖတ်ပြီးပြီ
    မကြီးကိုလည်း tag လုပ်ထားကြတယ်..
    မကြီးရေ..စိတ်ခေါ်မှု့ကိုလက်ခံပြီး ..တခြားသောသူတွေကိုလည်း
    ပြန်စိန်ခေါ်ပေးပါဦး..
    ဘလော့ရွာလေး ပြန်လည်စည်ကားလာစေဖို့ပေါ့...

    ချစ်တဲ့ ပစ်ပစ်

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......