Monday 1 April 2013

ဒီရေ..လှိုင်း (ဇာတ်သိမ်း)







နောက်တစ်နေ့ မနက်အိပ်ရာနိုးတော့ ကျွန်မတစ်ကိုယ်လုံး ညောင်းကိုက်နေတာပဲ။ ဖျားနေပြီ ထင်တယ်။

“ဟလို မီ လား။ အင်း ဟုတ်တယ် လှိုင်း ပါ။ ဒီနေ့ ဖျားနေလို့ ။ အင်း အင်း ဟုတ်တယ် အဲဒီ file တွေက သူ့ စားပွဲပေါ်တင်ပေးလိုက်။ ခွင့် ၂ ရက်လောက်တော့ တင်ပေးထားနော်။ အင်း အင်း ..ကြားထဲမှာ ကိစ္စရှိရင် ဖုန်းပဲ ဆက်လိုက်တော့ နော်. ကျေးဇူး မီ ဒါပဲနော်..ဖုန်းချလိုက်တော့မယ် ..”

ရုံးကိုဖုန်းဆက်ပြီးတာနဲ့ ဆေးခန်းကို အရင်သွားလိုက်တယ်။ ဆေးခန်းရောက်တော့ လူတွေများနေတာမို့ စောင့်ရအုန်းမည်။ မနက်စာလဲ မစားရသေး။ ဗိုက်ဆာလှပြီ။ ဒါနဲ့ပဲ ဆေးခန်းရှေ့က လက်ဘက်ရည်ဆိုင်မှာ မုန့်နှင့်ကော်ဖီ မှာသောက်နေလိုက်သည်။ စိတ်ထဲမှာတော့ တစ်ကိုယ်တည်း အထီးကျန်သလိုနှင့် အားငယ်နေသလိုပဲ။ သြော် ဖျားနေလို့နေမှာပါလို့ ဖြည့်တွေးလိုက်မိသည်။ ဒါပေမယ့်  လှိုက်ကနဲတက်လာတဲ့  ၀မ်းနည်းစိတ်ကြောင့် မျက်ဝန်းမှ မျက်ရည်တို့သီလာပြန်သည်။ မသိမသာ လေး မျက်ရည်သုတ်လိုက်ရင်း ရင်ထဲမှာ ကြိတ်ရှိုက်နေမိသည်။ သြော် ငါ့နှယ် အရင်ကလဲ ဖျားဘူးတာပဲဟာ ဒီလိုခံစားချက်မျိုး မဖြစ်ဖူးပါဘူး။ ခုကျမှပဲ …..

“လှိုင်း ..”

 ရှင်ဘာလာလုပ်ပြန်ပြီလဲ ဒီရေ ရယ် ။ ကျွန်မကို ဒီလောက်နှိပ်စက်ရ တော်ရောပေါ့။  ပြီးတော့ ရှင့်ရဲ့မျက်ဝန်းတွေနဲ့ ရင်မဆိုင်ချင်ဘူး။ ရှင့်ရဲ့ အဓိပ္ပါယ်ဖော်ရ ခက်ခဲတဲ့ အကြည့်တွေနဲ့ ရင်မဆိုင်ချင်ဘူး ဆိုရင် ပိုမှန်မယ် ထင်တယ်။

“လှိုင်း ရယ် ဖျားနေတယ် ဆိုပြီးတော့. ကားကို ကိုယ်တိုင်မောင်းလာ ရလား။ တော်သေးတာပေါ့ အိမ်ကို ဖုန်းဆက်ပြီး လှိုင်း ဖေဖေ ကိုမေးပြီး လိုက်လာလို့။ ခုဘာတွေစားနေတာလဲ။ အာ..ဖျားနေတဲ့ဟာကို ဒီကော်ဖီနဲ့ မုန့်နဲ့ က ဘယ်လိုလုပ် အာဟာရ ဖြစ်မှာလဲ။ လှိုင်း ကြိုက်တဲ့ ဘဲသားဆန်ပြုတ် လေ ဒီနားမှာ ဆိုင်ကောင်းကောင်းရှိတယ်။ဟေ့ ကောင်လေး ရေ ဒီမှာ ပိုက်ဆံထားခဲ့ ပြီ။ ဆေးခန်းကို ကိုယ်မေးခဲ့ပြီ နောက် ထပ် ၁၅ မိနစ်လောက် စောင့်ရအုန်းမယ် ပြောတယ်.” 

စကားတွေလဲ အဆက်မပြတ်ပြော ပြီးတော့ ကျွန်မကိုပါ အတင်းဆွဲထူမလိုဖြစ်နေတဲ့ သူ့ကြောင့် ဘာမှ မေးမနေတော့ဘူး။ အမှန်အတိုင်းပြောရရင် ကျွန်မသူ့ကို ချစ်ရတာ နာကြင်ခံစားနေရတယ် ဆိုပေမယ့် ခုလို သူဂရုတစ်စိုက်ရှိနေတာကိုးပဲ ကြည်နူးမိပြန်တယ်။ ပြီးတော့ စိတ်ထဲမှာလဲ ခုနကလိုမျိုး အားငယ်တယ် ဆိုတဲ့ ခံစားချက်မျိုး မရှိတော့ ပြန်ဘူး။ သြော် ဒီရေ ရယ် ရှင့်ကိုချစ်ရတာ ပင်ပန်းလိုက်တာ။
          အဲဒီနေ့ က .သူကျွန်မရဲ့ ဘေးမှာ တစ်နေကုန် နေပေးခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ ဂရုစိုက်မှု ကြင်နာသနားတဲ့ အကြည့်တွေကိုတော့ မနက်ဖြန်မှာ ထပ်ရလိမ့်အုန်းမယ်လို့ ကျွန်မ မမျှော်လင့်ရဲတော့ ပါဘူး။ အဖြေထွက်ပြီးသား ပုစ္ဆာတစ်ပုဒ်ကို အဖြေအတွက် ထပ်စဉ်းစားဖို့ မလိုတော့ ပါဘူး။
“လှိုင်း..ဒါဘာလုပ်တာလဲ”
         
“အလုပ်ထွက်စာပါ.”

“လှိုင်းမှာ အလုပ်ထွက်ရလောက်အောင် ခိုင်မာတဲ့ အကြောင်းပြချက်များ ရှိလို့လား”

“ဟုတ်ကဲ့ ရှိပါတယ်။ ဖေဖေ ပိုင်တဲ့ ပုဂံမှာ ရှိတဲ့ ဟိုတယ်ကို ဦးစီးလုပ်ကိုင်ပေးဖို့ပါ။ ဖေဖေက ကျန်းမာရေးကြောင့် နားချင်ပြီတဲ့လေ။ ဒါကြောင့်ပါ။”

မျက်နှာကို အချိုဆုံးဖြစ်အောင် ပြုံးထားရင် အကြောင်းပြချက်တွေပေးခဲ့တယ်။ တစ်ကယ်တော့ ကျွန်မအလုပ်ထွက်ချင်ရတဲ့ ခိုင်မာတဲ့အကြောင်းပြချက်ကတော့ ရှင့်ရဲ့ဘေးနားမှာ ရှိမနေချင်လို့ ပါ ဒီရေ။ နောက် ၃ လလောက်အကြာမှာ ကျွန်မ company ကနေ အလုပ်နားခဲ့တယ်။ ပြီးတော့ ပုဂံမှာ ရှိတဲ့ ဖေဖေ့ရဲ့ ဟိုတယ် ကိစ္စတွေ ကိုစီမံရင်း လေ့လာရင်း လှိုင်းရဲ့ ဘ၀ထဲက ဒီရေ့ ကို မေ့နိုင်အောင် ကြိုးစားခဲ့တယ်။ ဘာဖြစ်လို့ သူကျွန်မကို လိမ်ညာခဲ့ရသလဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ ရှာမနေချင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မသူ့ကို ချစ်ခဲ့ဘူးတယ် ချစ်နေရတယ် ဆိုရင် ကျွန်မဘ၀ အတွက်လုံလောက်ပါပြီ။ ဒီထက်ပိုပြီး အချစ်အတွက် ဘာကိုမှထပ်ပြီး လောဘကြီးမနေတော့ ဘူး။ ရာသီတွေ အချိန်စက်ဝန်းတွေကို အလုပ်ထဲစိတ်ကို နှစ်ပြီး လှလှပပ ကြီး ဖြတ်ကျော်ပစ်လိုက်တယ်။

ဒါပေမယ့် လောကကြီးက ကျွန်မနေသားကျနေတာကို မနာလိုဘူးနဲ့တူတယ်။ တည်ငြိမ်တဲ့ ဘ၀လေးကို လှုပ်နိုးလိုက်ပြန်ပြီ။ ကျွန်မနဲ့ ဒီရေ တို့ ပြန်ဆုံခဲ့ကြတယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ကိုကြည့်ရတာ တစ်ခုခုကို စိတ်ရှုပ်နေသလိုပဲ။ သူက ကျွန်မတို့ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်ပေါ့။ ဒီရေ ကတော့ ကျွန်မကို မမြင်ပါဘူး။ ကျွန်မကတော့ သူ့ရဲ့ သက်ပြင်းတွေ ခဏခဏ ရှိုက်နေတဲ့ ကျောပြင်ကိုကြည့်ရင်း အလွမ်းဖြေနေတဲ့ သူဆိုပါတော့။ ရှင်ဘာတွေများ သောကများနေတာလဲ ဒီရေ ရယ်။ နေ့တိုင်းလိုလို ဟိုတယ်က အရက်ဘားမှာ ရှင့်ကိုတွေ့နေရတာ စိတ်မချမ်းသာလိုက်တာ။ ကျွန်မ ရှင်နဲ့ တွေ့လိုက်ရင် ကောင်းမလား။ ရှင့်ရဲ့ သောကတွေကို ကူညီပြီးဖြေရှင်းပေးလို့ ရနိုင်မယ်ဆိုရင်ပေါ့။

“ဒီရေ..”

“လှိုင်း..”

“ဒီရေ တို့ လက်ထပ်ပြီးကြပြီလား”

“ဟင့်အင်း. ကိုယ့်ရဲ့ စေ့စပ်ပွဲကို ကိုယ့်ဘက်က ဖျက်သိမ်းလိုက်တယ်။”

“ဘာလို့လဲ ”

“လှိုင်း ကို ချစ်ခဲ့မိတဲ့ အချစ်တွေက ကိုယ့်ကိုယ်နိုင်သွားလို့”

“ရှင်…”

“ဟုတ်တယ်. ကိုယ့်ဘ၀မှာ လှိုင်း ဆိုတဲ့နာမည်နဲ့ မိန်းမနှစ်ယောက်ကို ပတ်သတ်ခဲ့ ဘူးတယ်။ တစ်ယောက်က ကိုယ်ချစ်ရတဲ့ လှိုင်း။ နောက်တစ်ယောက်က ကိုယ့်ရဲ့ မိထွေး လှိုင်းရဲ့ အမေအရင်း ဒေါ်ခင်မေလှိုင်း”

“မ..မ ဖြစ်နိုင်တာ။ မေမေ က လှိုင်း ကိုမွေးပြီးပြီ ချင်း ဆုံးသွားပြီ။ဘယ်လိုလုပ်..”

“ဟုတ်တယ်။ မင်းကို မွေးပြီးပြီချင်း ဆေးရုံမှာထားခဲ့တယ်။ ပြီးတော့ ကိုယ့်ဖေဖေနောက်ကို လိုက်သွားတဲ့ မင်းရဲ့ မေမေကို မုန်းလွန်းလို့ သေပြီလို့ လိမ်ပြောထားခဲ့တာ။ ကိုယ်လဲ ဒီအကြောင်းတွေကို မေမေဆုံးသွားပြီးနောက်မှ သိရတာ။ ကိုယ့်မေမေ ဆုံးပြီး လာခေါ်တဲ့ အချိန်မှာ မင်းတို့အိမ်ကို ဒေါ်ခင်မေလှိုင်း သွားခဲ့သေးတယ်။ အကြောင်းပြချက်ကတော့ မင်းနဲ့ တွေ့ချင်လို့ပေါ့။ ဒါပေမယ့် မင်းကတော့ မရှိဘူးလေ။”

“အင်း ဟုတ်တယ် စာမေးပွဲပြီးတော့ ချောင်းသာကို ခရီးထွက်ခဲ့တယ်လေ။ဖေဖေ့ရဲ့ ညီမတွေနဲ့။ ဖေဖေပဲ အိမ်မှာကျန်ခဲ့တာ အလုပ်ကိစ္စရှိလို့ ဆိုပြီးတော့”

“အဲဒီတော့မှ မင်းကို ဒေါ်ခင်မေလှိုင်းရဲ့ သမီးမှန်း ကိုယ်သိခဲ့တာ။ဒါကြောင့် မင်းကိုမေ့ပစ်ဖို့ မင်းနဲ့ဝေးဝေးနေဖို့ ကိုယ်ဆုံးဖြတ်ခဲ့တယ်။ ကိုယ့်မေမေ တစ်ယောက်လုံး ဆုံးရှုံးရတာ မင်းရဲ့ အမေ ဒေါ်ခင်မေလှိုင်းဆိုတဲ့ မိန်းမကြောင့်။ ပြီးတော့ ကိုယ်ဘ၀တစ်လျှောက်လုံးကို ခြယ်လှယ်ခဲ့တဲ့ မိန်းမ။ “

“ဒါဆို ကျွန်မ တက္ကသိုလ်တက်နေတုန်း အိမ်ကိုလာလည်တဲ့ မိန်းမကြီးက.”

“ဟုတ်တယ် အဲဒါ မင်းရဲ့ အမေပဲ။ ”

“ကျွန်မတောင် စိတ်ဆိုးသွားသေးတယ်။ ကျွန်မနဲ့ သူငယ်ချင်းတွေ ရှင့်အကြောင်းပြောနေတာကို အသံမပေးပဲ ရပ်ပြီး နားထောင်နေလို့လေ. ဖေဖေ့ရဲ့ ဧည့်သည်က သူများကိုယ်ရေး ကိုယ်တာကို သိပ်ပြီး စပ်စုတာပဲလို့ ”

“အင်း ဒါကြောင့်ထင်တယ် ကိုယ်နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတော့ မင်းနဲ့ကိုယ့်ကို လက်ထပ်ပေးဖို့ သူကြိုးစားခဲ့တယ်”

“ဟင်. ကျွန်မပြောတာ ရှင့်ရဲ့ထီးကလေးကို အမှတ်တရ သိမ်းထားတယ် ဆိုရုံလောက်ပါ။”

“အဟင်း အမှန်အတိုင်း ၀န်ခံရရင် မင်းနဲ့ဝေးနေပေမယ့်  တစ်ရက်မှ မင်းကိုမေ့လို့မရခဲ့ဘူး။ ဒါပေမယ့် ဒေါ်ခင်မေလှိုင်းရဲ့ အစီအမံကိုလည်း ကိုယ်မလိုက်နာချင်ဘူး။ သူ့ကြောင့် သူ့ရဲ့သမီးထိခိုက်နစ်နာသွားရပါလား ဆိုတဲ့ ခံစားချက်မျိုးဖြစ်စေချင်တာ။ဒါကြောင့် ကိုယ်နဲ့ နိုင်ငံခြားမှာကျောင်းတူတူ တက်ခဲ့တဲ့ နန်းမြင့်ခိုင် နဲ့ လူသိရှင်ကြား ကိုယ်စေ့စပ်ခဲ့တယ်။”

“ဟင်. ရှင်စေ့စပ်တာနဲ့ ကျွန်မနဲ့က ဘာဆိုင်လို့လဲ ..”

“ဒါဆို ကိုယ့်မှာစေ့စပ်ထားတဲ့သူရှိတယ်လို့ သိသွားတာနဲ့ ဘာဖြစ်လို့ ကိုယ့်ဘေးနားကနေ ပြေးထွက်သွားရတာလဲ .”

“အဲဒါက..”

“လှိုင်း ကိုယ့်ကိုယ်ကိုယ် ဘာလို့ညာနေတာလဲ။ ခုလိုမျိုး ကိုယ်ခံစားနေရတာ ကိုယ့်ကိုယ်ကိုယ်ညာခဲ့လို့ လှိုင်းရဲ့ သိလား။ တစ်ကယ်လည်း ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း ဒေါ်ခင်မေလှိုင်းခံစားခဲ့ရပါတယ်။ အိပ်ရာထဲ လဲခဲ့တဲ့ထိ ဆိုပါတော့။အဲဒီနောက် ကိုယ့် ဖေဖေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဦးစီးခွင့်တွေ ရလာခဲ့တယ်။ ပြသနာက ကိုယ်နဲ့ လှိုင်း ပြန်ဆုံခဲ့တာပဲ ”

“ဒါကြောင့် ရှင်ကျွန်မနဲ့ ခပ်တန်းတန်းနေခဲ့တယ် ဆိုပါတော့ ”

“အင်း. ဒါပေမယ့် ကိုယ့်အချစ်တွေကိုတော့ ဟန်ဆောင်ထားခဲ့လို့ မရဘူး။ တစ်ဖက်ကလည်း မင်းဟာ ဒေါ်ခင်မေလှိုင်းရဲ့ သမီးဆိုတဲ့ ခံစားချက်ကို မေ့လို့မရပြန်ဘူး။ ”

“ဒါနဲ့များ ..”

“ကိုယ် မင်းကိုအရမ်းချစ်မိသွားတယ် လှိုင်း။ ”

“ခု ကျွန်မရဲ့ မေမေရော..”

“ကိုယ် စိတ်မကောင်းပါဘူး။ သူလွန်ခဲ့တဲ့ ၁ လလောက်ကပဲ ဆုံးသွားပြီ။”

“ရှင် အရမ်းရက်စက်တာပဲ ဒီရေ။ ဘာဖြစ်လို့ တည်ငြိမ်နေတဲ့ ကျွန်မရဲ့ ဘ၀ကို ပြန်ပြီး လှုပ်နိုးချင်ရတာလဲ။ ကျွန်မရဲ့ မေမေ ရှိသေးတယ်ဆိုလို့ ၀မ်းသာမလိုရှိသေး ခုတော့ ဆုံးသွားပြီဆိုတော့ ဘာ့အတွက်ကြောင့် ဒါတွေ ကျွန်မကို လာပြောပြနေရတာလဲ . ကျွန်မခံစားနေရတာကို ရှင်မြင်ချင်သေးလို့လား”

“ကိုယ်တောင်းပန်ပါတယ် ဆိုတဲ့ စကားထက် လေးနက်တဲ့ စကားလုံးတွေ ရှိသေးရင် ကိုယ်သုံးမိမှာပါ။ ခုကိုယ်နောင်တရနေ လှိုင်း။ ခုကိုယ့်ဘ၀ကြီးက အဓိပ္ပါယ်မဲ့နေတယ်။ ကိုယ့်အတွက် မင်းလိုအပ်တယ်။ ကိုယ်မင်းကိုလိုက်ရှာခဲ့သေးတယ်။မီ့ ကိုလည်း ဘယ်လိုမှ မေးလို့မရခဲ့ဘူး”

“ဟုတ်တယ် မီ ကလည်း ရှင့်ကို မုန်းနေတာ။ ရှင့်မှာ စေ့စပ်ထားတဲ့ သူရှိရဲ့ သားနဲ့”

“နောက်ဆုံး မင်းဖေဖေဆီကို ကိုယ်သွားခဲ့တယ်။ ကိုယ့်အမှားတွေကိုလည်း ကိုယ်ဝန်ခံခဲ့တယ်။ မင်းဖေဖေ ပေးလိုက်တဲ့ လိပ်စာနဲ့ ကိုယ်ဒီကို လိုက်လာခဲ့တာ။ ဒါပေမယ့် မင်းကိုယ်နဲ့ ထွက်ပြီး မတွေ့ခဲ့ဘူး။ မင်း ကိုယ့်ကိုယ် ရှောင်နေတယ်။ ”

“ဒါဆို ဖေဖေ ..သိပြီးသားပေါ့။”

“အင်း ဟုတ်တယ် ထီးကလေးရဲ့ ပိုင်ရှင်ကို ခုမှပဲ မြင်ဖူးတော့တယ်တဲ့ ”

“ဒီရေ…”

“လှိုင်း..”

ကျွန်မရဲ့ နှလုံးသားကို ညာမနေတော့ပါဘူး။ ကမ်းလင့်လာတဲ့ ဒီရေ ရဲ့ ပုခုံးကို အလိုက်သင့် မှေးတင်လိုက်ရင်း အထီးကျန်မှုနဲ့ ဘ၀အမောတွေကို ဖြေသိမ့်လိုက်တော့တယ်။

 --------------------------
 တစ်ခါတစ်လေမှသာ ဧည့်ဝတ်ကျေနိုင်တော့တဲ့ ဆွေလေးရဲ့ ဘလော့ လေးကို မကြာခဏလာလည်ပေးကြတဲ့ ဘလော့မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ် လို့ ပြောရင်း 
ဘလော့ မောင်နှမများ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။

1 comment:

  1. ဇာတ်သိမ်းပိုင်းလေး လာဖတ်သွားတယ်။
    Happy ending လေးပဲ..
    အရမ်းလည်း ပျောက်ပျောက်မနေပါနဲ့ဦး။ စာတွေရေးနေနိုင်ပါစေ...

    ခင်မင်ခြင်းအားဖြင့်...
    ဏီလင်းညို

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......