Saturday 27 April 2013

မောင်... ထားခဲ့တဲ့ နေရာ (၁)




မောင် ကျွန်မတို့ဝေးခဲ့ကြတာ ကြာပြီနော်။ ၁၀ စုနှစ်တော်တော်များများ ကြာခဲ့ပြီ။ မောင်ကတော့ ဘာမှ မပြောင်းလဲသေးပါဘူး။ ခုချိန်ထိ ကျွန်မတို့ထိုင်နေကြ ကော်ဖီဆိုင်လေးကို အချိန်မှန်လာတုန်း။ ဒါပေမယ့်ပေါ့ မောင် ရယ် ဝေးနေမှ တစ်သသ ဖြစ်နေတာထက် နီးနေတုန်းက ဘာလို့များ အချစ်ဆိုတာကို တန်ဖိုးမထားခဲ့ရတာလဲ။ ဘာလို့များ မိဘတွေကို မလွန်ဆန်ရဲလို့ပါ ဆိုတဲ့ စကားတစ်ခွန်းနဲ့ ချန်ထားရက် ခဲ့တာလဲ။ မောင် ကိုယ်တိုင်ကိုယ်က မလိုချင်ဘူးဆိုမှတော့ ကျွန်မ အတင်းတောင်းဆိုမနေတော့ပါဘူး မောင်နဲ့ အဝေးဆုံးဆိုတဲ့နေရာမှာ ကျွန်မနေခဲ့တယ်။ ကျွန်မမောင့်ကို ချစ်နေစဲပါ ချစ်နေပါသေးတယ် ဒါပေမယ့် မောင့်ရဲ့ နှလုံးသားတည့်တည့်ကို ထိုးနိုင်မယ့် ဓါးတစ်ချောင်းကိုလည်း ချွန်မျှနေအောင် သွေးထားတယ်မောင်. အဟင်း ပြောရရင်တော့  နိုင်လိုမင်းထက်ပြုမူတတ်ကြတဲ့ မောင် တို့ တစ်မိသားစုလုံးကိုပေါ့။

          ကျွန်မက အရင်ကလို မောင့်ရဲ့ ယုန်လေးတစ်ကောင် မဟုတ်တော့သလို မောင့်ရဲ့ နားလည်မှုလေးလဲ မဟုတ်တော့ဘူး။ ခု…ကျွန်မသွေးထားတဲ့ ဓါးလေးကို ထုတ်သုံးဖို့ အချိန်တန်ပြီလေ။ ဒါကြောင့် မောင်အချိန်မှန် လာထိုင်တတ်တဲ့ ဟောဒီကော်ဖီဆိုင်လေးမှာ ထိုင်ပြီး မောင့်ကိုစောင့်နေတာ။ မောင်ကတော့ ကျွန်မကို မတွေ့သေးပါဘူး။ အသက် ၄၀ ကျော်ဆိုတဲ့ ကျွန်မ အရင်ကလောက် နုပျိုလတ်ဆတ်မနေပေမယ့် ရင့်ကျက်တဲ့မိန်းမတစ်ယောက်ရဲ့ အလှမျိုးတော့ ကျွန်မမှာ ရှိနေသေးတယ်လို့ ထင်တာပဲ။ ဟော..ကျွန်မရဲ့ ဓါးကလေး ဆိုင်ထဲ ၀င်လာပြီပဲ။

“သား..မေမေ ဒီမှာ”

သားက ခပ်သွက်သွက် လျှောက်လာရင်း ..ဆိုင်ထဲကို မျက်လုံးဝေ့ ကြည့်ပြီး တစ်ခုခုကို ရှာနေတာ။ ကျွန်မသိတာပေါ့။ ဒီနေ့ သားရဲ့ အသက် ၁၈ နှစ်ပြည့်တဲ့ အထိန်းအမှတ်နဲ့ သားရဲ့ဖေဖေနဲ့ တွေ့ပေးမယ်လို့ သားကိုပြောထားတာကိုး။ 


“ထိုင်ပါအုန်း သားရယ်။ တစ်ကယ်ထဲလောနေလိုက်တာ။ သား ဖေဖေ ကိုတွေ့ရင် ဟောဒီက ၁၈ နှစ်လုံးလုံးပြုစု စောင့်ရှောက်လာတဲ့ မေမေ့ကိုတောင် မေ့ သွားမလား မသိပါဘူး။”


“ဟာ မေမေက လည်း .သားက ဖေဖေ့ကို မြင်ဘူးချင်ရုံသက်သက်ပါ။ သားအချစ်ဆုံးက ဟောဒီက သားရဲ့ ချစ်လှစွာသော မေမေ ဒေါ်မြတ်သက်ထား တစ်ယောက်တည်း။”


“အမယ်လေး ချွဲနေလိုက်တာ။ ဒါကြောင့် မေမေ့ရဲ့ အသည်းစွဲလေးဖြစ်နေတာ။ ဟိုမှာတွေ့လား ဟိုဘက်ထောင့်မှာ ထိုင်နေတာ။ အဲဒါ သားရဲ့ ဖေဖေ အရင်းပဲ ။ နာမည်က ဦးခိုင်ခန့် တဲ့။ ကဲ သား. စကားပြောချင် သွားပြောလေ မေမေ ဒီမှာ ထိုင်စောင့်နေမယ်။ အေးအေးဆေးဆေးပဲ မေမေ ဒီနေ့ ဆိုင်ကို မေရီ နဲ့ လွဲခဲ့ပြီ။ ဒီမှာ စာအုပ်ထိုင်ဖတ်ရင်း စောင့်နေမယ်လေ။ ”


“ဟုတ်..ဒါဆို သားသွားပြီ”


သားကို ခေါင်းညိမ့်ပြလိုက်ရင်း အကွယ်ကနေ သူနဲ့ မျက်နှာချင်းဆိုင် မြင်ရတဲ့ ဘက်ကို ရွှေ့ပြီးထိုင်လိုက်တယ် မောင့်ရဲ့ တည်ငြိမ်လှပါတယ်ဆိုတဲ့  စိတ်တွေ ဘယ်လို လှုပ်ရှားသွားမလဲ ဆိုတာကို သိချင်လို့။ သားရေ မေမေ သွေးပေးထားသလောက်သာ ထက်လိုက်စမ်းပါ။
******************************


“ဦး ကျွန်တော် ဒီမှာ ခဏလောက်ထိုင်မယ်နော်.”

ရုပ်ရည်သန့်ပြန့်ပြီး မွန်ရည်တဲ့ ကောင်လေးကြောင့်ပဲ သူအလွယ်တစ်ကူ ခေါင်းညိမ့် လိုက်တယ်။ 


“ထိုင်လေကွာ. ဦးလဲ တစ်ယောက်တည်း ဆိုတော့ ပျင်းနေတာနဲ့ အတော်ပဲ။ ခုလိုမျိုး အပြင်မှာ မိုးတစ်စိမ့်စိမ့် ရွာနေတာကို ကြည့်ပြီး ကော်ဖီတစ်ခွက်ကို အရသာခံသောက်ရတာ တော်တော်အရသာရှိတာ”


“အဟင်း .ဟင်း”


သူပြောလိုက်တဲ့ စကားကြောင့် လူငယ်လေးက တဟင်း ဟင်းရယ်လိုက်တော့ သူတစ်မျိုးဖြစ်သွားတာတော့ အမှန်


“မင်းက ဘာလို့ ရီရတာလဲ ကွ”


“အော် ..ဒီလိုပါဦး ကျွန်တော့်ရဲ့ မေမေ နဲ့တူလို့ပါ။ မေမေကလဲ ဦးလိုမျိုးပဲလေ မိုးလေးစိမ့်စိမ့်လေး ရွာနေတာကို ကြည့်ပြီး ကော်ဖီထိုင်သောက်တတ်လို့ ။”


“သြော်.. ဒါနဲ့ မင်း ဒီထိုင်ခုံမှာ လာထိုင်ပြီး ဦးကို နှုတ်ဆတ်ရချင်း အကြောင်းအရင်းက …”


“အဲဒါက..ဒီလို ဦလေးရ ဒီနေ့ ကျွန်တော့် အသက် ၁၈ နှစ်ပြည့်တယ်လေ။ ကျွန်တော့် မေမေက ငယ်ငယ်လေးထဲက ကျွန်တော် ဖေဖေနဲ့ တွေ့ချင်တယ်လို့ ပြောရင် မင်း အသက် ၁၈ နှစ်ပြည့်တဲ့ နေ့ကျရင် မေမေ ပေးမယ့် မွေးနေ့လက်ဆောင်တဲ့။ ”


“အင်း..အဲဒီတော့ မင်းရဲ့ အဖေ နဲ့ တွေ့ပြီပြီးလား”


“ဟင့်အင်း ခုဦးလေးနဲ့ ပထမဆုံးလာတွေ့တာပဲ။ ”


ဟင်..ဒါဆိုရင် သူက ကောင်လေးရဲ့ အဖေ.အာ ဘယ်လိုလုပ်….


“ဟာကွာ ..ဘယ်လိုလုပ်….”


သူ့ရဲ့ ရှုးရှုးရှားရှား ဖြစ်သွားတဲ့ ပုံကိုကြည့်ပြီး ကောင်လေးက


“ခဏလေးပါ ဦး။ ကျွန်တော့်ရဲ့ မေမေ့ နာမည်ကိုလည်း နားထောင်ကြည့်ပါအုန်း။ ကျွန်တော့်မေမေရဲ့ နာမည်က ဒေါ်မြတ်သက်ထား တဲ့”


“ဘာ… မြတ်သက်ထား။ ”


ခုနက အပြင်မှာ မိုးစိမ့်ပြီးရွာနေတာ။ ခုသူ့ရင်ထဲမှာ မိုးကြိုးပစ်ချလိုက်သလိုပဲ။ ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတယ်။


“ဟုတ်တယ် ဦးလေးရဲ့ တိုးတိုးပြောပါ။ဆိုင်ထဲမှာ လူတွေအများကြီးပဲ ၀ိုင်းကြည့်နေကြတယ်။ ဟိုမှာလေ ကျွန်တော့်မေမေလဲ ပါတယ်။”


ကောင်လေးညွန်ပြတဲ့ ဘက်ကိုကြည့်လိုက်တော့ သူမကလည်းသူ့ကို ပြန်ကြည့်ပြီး ခေါင်းညိမ့် ပြုံးပြနေတာတွေ့တယ်။ဟုတ်တယ် မြတ်သက်ထားမှ မြတ်သက်ထားအစစ်။ သူ့ခြေလှမ်းတွေကို သက်ထားဆီကို  အပြေးတစ်ပိုင်း သွားဖို့ ပြင်လိုက်တယ်။


“ဟိုးဟိုး ဦးလေး မေမေက ဦးနဲ့ စကားမပြောချင်ဘူးလို့ ပြောတယ်။ ဦးလာရင် သူထပြန်သွားမှာတဲ့။ ကျွန်တော် လည်း သွားတော့မယ်နော်။”


အဖြစ်အပျက်တွေက ရုတ်တရက် မြန်ဆန်လွန်းနေတာကြောင့် သူ့ရဲ့စိတ်တွေ လှုပ်ရှားလွန်းနေတယ်။ သူကောင်လေးကို မတားလိုက်နိုင်ခင်မှာပဲ  ကောင်လေးသူ့အနားက ပြေးထွက်သွားတယ်။ ပြီးတော့ သက်ထား နဲ့တူတူ ဆိုင်ထဲက ထွက်သွားကြတယ်။ သူကိုယ့်ကိုယ်ကို ပြန်ပြီး သတိထားမိလို့ ဆိုင်ရှေ့ ကို ပြေးလိုက်သွားတဲ့ အချိန်မှာ သူမ တို့သားအမိက ကားမောင်းပြီး ထွက်သွားကြပြီ။ ကောင်လေးကတော့ ကားပေါ်ကနေ တက်တာပြသွားသေးတယ်။

         ဆိုင်ရှေ့မှာပဲ ရုတ်တရက် ဒူးတွေ ညွတ်ကျသွားတယ်။  သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေကို သူမထိန်းနိုင်ဘူး။ သူ့ရဲ့ သားတဲ့… နာမည် ဘယ်သူလဲလို့တောင် မသိလိုက်ပါလား သားရယ်..


*********************************

စာတွေဖတ်ရတာများနေမှာစိုးလို့ အပိုင်း ခွဲပြီး တင်လိုက်ပြီ။ 
ချစ်စွာသော ဘလော့ မောင်နှမများ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။












No comments:

Post a Comment

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......