Wednesday 9 March 2011

မုန်းတယ်



မရှိအရှိဟန်ထုတ်ပြီး ရှိသယောင်ယောင်နဲ့
ဟန်ဆောင်ကောင်းတဲ့ သူတွေကို
မုန်းတယ်။ ။

ခင်မင်သလိုလိုနဲ့ ရင်ကို
ဓါးထက်ထက်နဲ့ခွဲ သွေးရဲရဲ
ထွက်လာတော့မှ..အို
ဆောရီးနော် ဆိုတဲ့ သူတွေကို
မုန်းတယ်။ ။

ဖြစ်လာမလား ဖြစ်လာမလား
တစ်သသနဲ့ တစ်နေ့လာနိုး
တစ်နေ့ဖြစ်နိုးနဲ့
မျှော်လင့်နေတဲ့ စိတ်တွေကို
မုန်းတယ်။ ။

မပွင့်တစ်ပွင့်နဲ့ လိုရင်းကို
မရောက်ဘူး ဟိုလိုလို
ဒီလိုလို တစ်ကယ့်အရေး
တစ်ကယ့်ဘေးကျတော့
ခေါင်းခါခါ လည်ခါခါနဲ့
ဒီနေ့ မအားလို့နော် ဆိုတဲ့ သူတွေကို
မုန်းတယ်။ ။

စားစရာရှိ အားမနာတမ်း
ယူစရာရှိ လှည့်မကြည့်စတမ်း
ပေးစရာရှိ မျက်နှာမကြည့်စတမ်း
ထွီကနဲ မထွေးရုံတစ်မယ်
ကျေးဇူး မသိတတ်တဲ့ သူတွေကို
မုန်းတယ်။ ။

ပြောနေတာက မင်းအတွက်
ရလာတာက မင်းမဟုတ်ဘူး
ဖြစ်လာတော့ မင်းရှင်း
ကယ်ပါယူပါ တစ်စာစာနဲ့
ပြေးလာသမျှ လူု
ရင်စီးလို့ ခေါင်းမော့ပြီး
ပြေးပြေးတွေ့ပေးနေတဲ့ ကိုယ့်ကိုယ်လဲ
မုန်းတယ်။ ။

ခံနေရတာလဲသိတယ်
လိမ်နေတာလဲသိတယ်
ကိုယ့်ဘာသာကိုယ်
အသုံးမကျတာလဲသိတယ်
သူများထွီသလို လိုက်မထွီနိုင်တာလဲသိတယ်
အနိုင်နဲ့ပိုင်းလို့ ငါဟဲ့လို့
တစ်ကွက်ကိုနင်း အနိုင်ပိုင်းနိုင်တာလဲ
ငါသိတယ်.. ဒါပေမယ့်

ဒါပေမယ့်ပေါ့လေ...
ငါ ဟန်မဆောင်တတ်ဘူး..
ငါ အပြုံးတုတွေ မတပ်ဆင်တတ်ဘူး
ငါ မယုတ်မာတတ်ဘူး
ငါ သံယောဇဉ်တွေ မပြတ်ဘူး
ငါ့မှာ မျှော်လင့်ချက်တွေရှိတယ်
တစ်နေ့တော့
သူ .... ကောင်းလာနိုးနိုးပေါ့။

5 comments:

  1. အုပ်ကြီး9 March 2011 at 08:22

    တကယ်ချစ်တတ်တဲ့သူတွေကိုတော့
    မမုန်းလောက်ဖူးထင်ပါတယ် ...
    :)

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)9 March 2011 at 11:40

    တော်တော်ကောင်းတဲ့ကဗျာလေးပဲ
    ခံစားချက်တွေ တနင့်တပိုးနဲ့မို့ ထိရှသွားတယ်
    ဟန်မဆောင်တတ်သူက ရင်နာရစတမ်းလား မသိပါဘူး
    လူတွေက နားလည်ရခက်တယ်ပေါ့နော်

    ReplyDelete
  3. အရမ်းကောင်းတဲ့ကဗျာလေးပါ။
    ရင်နှင့်ရေးသောစာသားများကို
    နှလုံးသားဖြင့် ခံစားအားပေးသွားလျှက်
    ကောင်းသောနေ့လေးဖြစ်ပါစေမမ။

    ReplyDelete
  4. မြစ်ကျိုးအင်း10 March 2011 at 12:32

    မပြတ်သားတတ်တဲ့ ငဲ့ညှာတတ်တဲ့ ကိုယ့်ကိုယ်ကိုပဲ မုန်းတာ ပိုကောင်းမယ်။ ကိုယ်တွေလည်း ကြုံဖူးတယ်။

    ReplyDelete
  5. မိုးယံ12 March 2011 at 11:15

    မုန်းတယ် မုန်းတယ်...စောင့်လိုက်ရတဲ့... ငါအဘွားကြီးဖြစ်တော့မယ်...မုန်းတယ် မုန်းတယ်..

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......