Thursday 3 April 2014

လှစေချင်လွန်းလို့..




“အေး..နင်တို့တွေ ခောတ်ဆိုးကို အကျင့်ဆိုးနဲ့ ဖြတ်ကျော်နေသမျှ ဘယ်တော့မှ ဒီလိုဘ၀ကလွတ်မှာ မဟုတ်ဘူး”

“အဖေကလည်း ဒီလိုမျိုးအ၀တ်အစားလေး ၀တ်ရုံလောက်နဲ့ ဒီလောက်တော့ မပြောသင့်ပါဘူး”

“ဟ မပြောလို့ရမလား နင်တို့ဟာက အဖေ အစ်ကို မောင်တွေရှေ့ မရှောင် ဟိုပေါ်ဒီပေါ် ဟိုပြတ်ဒီပြတ် ငါတို့မျက်နှာ တွေ ဘယ်နားသွားထားရမလဲ”

“သူများတွလဲ ၀တ်နေတာပဲ ဟာ သူများတွေများ သမီးထက်တောင်ဆိုးသေး”

“ဟဲ့ သူများကို မကြည့်နဲ့ နင်ကြည့်ရမှာက နင့်အဖေမျက်နှာ နင့်အစ်ကိုမျက်နှာ နင့်မောင်မျက်နှာဟ အေး နင်ဖော်လို့ လိုက်ကြည့်လဲ အမူးသမားနဲ့ တဏှာရူးလောက်ပဲ ကြည့်မှာ”

“အဖေ ကိုယ်တိုင်သမီးကို ဒီလိုပြောနေမှတော့ တစ်ခြားသူတွေက သမီးကို ဘယ်မှာလာပြီး တန်ဖိုးထားတော့မလဲ”

“အေး တန်ဖိုးထားခံချင်ရင် တန်ဖိုးထားခံထိုက်အောင် ၀တ်စားဆင်ယင်လေ။ ခောတ်မှီတာနဲ့ ခောတ်ဆန်တာနဲ့ ကို ခွဲခွဲခြားခြားသိအောင် လုပ်ထား။ သွား နင့်ရဲ့ပေါင်ပေါ်နေတဲ့ ဘောင်းဘီစုတ်ကို သွားလဲ ပြီးရင် တစ်ခါတည်း လွတ်ပစ် လိုက် ငါ..ထပ်ပြီး မမြင်ချင်ဘူးနော် မိတုန်..နင့်ငါ့အကြောင်းသိတယ်နော်.. ဒါပဲ သွားတော့”

မိတုန်သူ့အိပ်ခန်းထဲပြန်ဝင်ပြီး လုံလုံခြုံခြုံရှိမယ့် ဘောင်းဘီရှည်နဲ့ တီရှပ်တစ်ထည်နဲ့တွဲဝတ်လိုက်တယ်။ ပြီးအပေါ်ရုံ အကျီ င်္လေးတစ်ထည် ထပ်ဝတ်လိုက်သည်။ ပြီးမှန်ထဲမှာ ကိုယ့်ကိုယ်ပြန်ကြည့်လိုက်သည်။

“ဟွန့် ပုံတုံးကြီး” သွားပြီ ဒီနေ့ရေစပက်မယ့်နေ့မို့လို့ အလန်းဝတ်ပြီးပြင်ထားတာ။ ခိုးအထွက်မှာ အဖေနဲ့တွေ့ပြီး ဒီပုံ ဖြစ်သွားတာ။ သွားပါပြီ။ သွားပါပြီ။ ရေကစားမဏ္ဏပ်မှာ ဒီနေ့တော့ ငါချောင်ကပ်ပြီ။ မတတ်နိုင်ဘူး ခုနေဒါနဲ့ထွက် ဟိုရောက်မှ ခုနပုံစံပြန်လဲမယ်။ အတွေးနဲ့ ၀တ်စုံကို  အိတ်ထဲကောက်ထည့်လိုက်သည်။

“မိတုန် ထွက်လာရင် နင့်အိတ်ကို ငါစစ်မှာနော် အေးခုန၀တ်စုံထည့်လာလို့ကတော့ နင်ဒီနှစ်သင်္ကြန်ရေကစား ဖို့ ပါမစ်ပိတ်ပြီ”

အိမ်ရှေ့ခန်းကနေထွက်လာတဲ့ အဖေ့ရဲ့ အသံဗြဲကြီးကြောင့်  ခပ်မြန်မြန်အိတ်ထဲက အကျီ င်္တွေကို ပြန်ထုတ်လိုက် တယ်။ အေးလေ ရေကစားရတော်ရောပေါ့။ ဘယ်တတ်နိုင်မတုန်း ။ စိတ်လျှော့လိုက်ပြီ။ အစ်ကိုကြီးကို စောင့်ရမည်။ မလာနိုင်သေးဘူး။ ရေလွှတ်တာနဲ့ လာခေါ်မယ်ဆိုပြီးတော့။

“တုန်တုန် ရေဒီမှာလာကြည့်စမ်း ကိုကြီးဘာတွေယူလာလဲလို့”

ဟော ကိုကြီးပြန်လာပြီထင်တယ်။ အခန်းထဲကနေ သူမအပြေးလေးထွက်လိုက်သည်။

“ဟာ ပိတောက်ပန်းတွေ အများကြီးပဲ ”

“အေး ဟုတ်တယ် ညီမလေးရ။ လမ်းမှာခူးနေကြတာတွေ့လို့ ကိုကြီးက ငါ့ညီမလေးအတွက်တောင်းလာတာ။ရော့ သွားပန်လှည့် ဝေနေအောင်ပန်ခဲ့။ ”

“ဟာ ကိုကြီးကလဲ မိတုန်က ဂျင်းဘောင်းဘီကြီးနဲ့ဟာ ပန်းပန်လို့ ဘယ်လှပါ့မလဲ လို့ ”

“အဲဒါဆို အင်္ကျီနဲ့ ထမီလဲလိုက်လေ ညီမလေးရဲ့ ကိုလေးဝယ်ပေးထားတာလေ ပန်းပွင့်အစိတ်လေးတွေနဲ့ သင်္ကြန်ကျရင် ၀တ်ဖို့ဆိုပြီးတော့လေ။  ပြီးရင်မျက်နှာလေးကို ရှင်းရှင်းလေး ပြင်ခဲ့သွားသွား”

မိတုန်ငိုချင်သွားတယ်။ တော်ပြီသင်္ကြန်ရေကစားချင်စိတ်လဲမရှိတော့ပါဘူး။ မိတုန်ရဲ့ ကံကိုကဆိုးတာ။ မေမေကလည်း မိတုန်ကို တစ်ယောက်တည်းထားသွားတယ်။ ခုဖေဖေနဲ့ အစ်ကိုတွေကြားမှာ မိတုန် အရမ်းအားငယ်တယ် မေမေရယ်။ မိတုန်ကို ၀ိုင်းပြီးချုပ်ခြယ်နေကြတယ်။

“ဟော ဟော လုပ်ချင်ရာမလုပ်ရရင် မျက်ရည်က၀ဲလာပြီ။ ကဲ ညီမလေး ကိုကြီးတို့ ပြောသလိုသာ ၀တ်ခဲ့ မဏ္ဏပ်မှာ ငါ့ညီမလေးက အလှဆုံးဖြစ်စေရမယ်။ ဘယ်လိုလဲ. ”

မိတုန်ဘာမှပြောချင်စိတ်ကို မရှိတော့တာ။ အခန်းထဲပြန်ဝင် ထမီနဲ့ အကျီ င်္ကိုပြန်လဲ။ ဟွန့် ခုနကထက်တောင် ပိုတုံး သွားပြီ။ စိတ်ပေါက်ပေါက်နှင့်  ခုနကကိုကြီးယူလာပေးတဲ့ ပိတောက်ပန်းတွေကို ခေါင်းတစ်ခုလုံးမှာဝေနေအောင်ပန် လိုက်တယ်။ မှတ်ရော။ ပြီးရွဲ့ ပြီးတော့ သနပ်ခါးကို သစ်ရွက်ပုံ ပါးကွက်လေး ကွက်ပစ်လိုက်တယ်။ ကဲ မှတ်ထား။

“ညီမလေးရေ ပြီးပြီလားဟေ့ သွားမယ်”

“ပြီးပြီ ပြီးပြီ”

ခြေသံကိုခပ်ပြင်းပြင်းနင်းရင်း အိမ်ရှေ့ခန်းထွက်လာလိုက်တယ်။ ဖေဖေကတော့ ဖတ်လက်စသတင်းစာပေါ်ကနေ မသိမသာ မိတုန် ကို ကျော်ြ့ပီးလှမ်းကြည့်သည်။ ပြီးဖေဖေ့မျက်နှာ ပြုံးသွားသည်။ ဖေဖေပြုံးသွားတော့ မိတုန်လဲစိတ် ကောက်ပြေချင်သလိုလို။ ကိုကြီးနဲ့ ကိုလေးကလည်း

“ဟာ..လှလိုက်တဲ့ ငါ့ညီမလေး။ င့ါညီမတော့ ဒီနေ့မဏ္ဏပ်မှာ SUPER STAR ဖြစ်ပြီဟေ့” 

ရေကစားမဏ္ဏပ်ကနီးတော့ လမ်းလျှောက်သွားရုံ။ လမ်းမကြီးပေါ်ရောက်တယ်ဆိုရင်ပဲ သင်္ကြန်ကားတွေနဲ့ စပြီးရေပက်နေကြပြီ။ စည်ကားစပြုနေပြီ။ ဒီအချိန်မှာပဲ နိုင်ငံခြားသားအုပ်စုတစ်စုက မိတုန်နဲ့အတူ ဓာတ်ပုံရိုက်ချင်လို့တဲ့။ အမယ်..ဟိ။ သူတို့မိတုန်ဝတ်လာတဲ့ အကျီ င်္ထမိန်နဲ့ အဲဒီလိုပိတောက်ပန်းတွေ ပန်ချင်တယ်တဲ့။ ပြီးမိတုန်ရဲ့ ပါးကွက်ကိုလဲ အရမ်းလှတာပဲတဲ့။ ပျော်လိုက်တာ။ စိတ်ကနည်းနည်းတက်ကြွသွားတယ်။

          အဲရေပက်တဲ့သူတွေနားရောက်တော့လဲ။

“ဟာ ရိုးရိုးယဉ်ယဉ်လေးဟ။ လောင်းလောင်း ခေါင်းကနေမလောင်းကြနဲ့နော်။ပန်ထားတဲ့ ပိတောက်တွေ ကြွေကုန်မယ်။ “

ယဉ်ယဉ်ကျေးကျေးနဲ့ အေးအေးသက်သာရေလောင်းကြပြန်တယ်။  ဒီအချိန်မှာပဲ ခုနကမိတုန်ဝတ် ထားသလိုမျိုး ခောတ်ရဲ့သမီးပျိုလေးတွေတစ်စု ရောက်လာတယ်။ သူတို့လဲ ရေကစားတဲ့မဏ္ဏပ်သွားမလို့ထင်ပါရဲ့။

“ဟာ..မိုက်တယ်ကွ ဆွဲဟေ့ဆွဲဟ ” အသံနဲ့အတူ ရေပိုက်တွေနဲ့ တရကြမ်းလိုက်ပက်သူကပက်။ ခွက်စောင်း ခုပ်တဲ့သူက ခုပ်။  ရေပုံးကြီးတွေနဲ့ ခေါင်းကနေ၀ုန်းကနဲ လောင်းတဲ့သူကလောင်း။ ကောင်မလေးတွေခင်ဗျာ အမယ်လေး အဘလေးအော်ယူပြီးပြေးကြရရှာတယ်။ အိနြေ္ဒပျက်လိုက်တာ။

ကိုကြီးက မိတုန်ကို တွေ့တယ်မဟုတ်လားဆိုတဲ့ ပုံစံနဲ့ လှမ်းကြည့်တယ်။ ခုမိတုန် ပျော်နေပါပြီကိုကြီးရဲ့။ ဘောင်းဘီနဲ့ တီရှပ်မ၀တ်ရလို့ စိတ်မကောက်တော့ပါဘူး။ ပြီးမိတုန်ဆုံးဖြတ်လိုက်သည်။ နောက်နေ့တွေမှာလဲ ကိုကြီးကို ပိတောက်ပန်းတွေအများကြီးရအောင်ရှာခိုင်းရမည်။ ပြီးလျှင် မိတုန်ရဲ့ခေါင်းပေါ်မှာ ဒီနေ့ထက်ပိုပြီး ပိတောက်တွေဝေနေ အောင်ပန်ဆင်ရင်း မိတုန်ချစ်မြတ်နိုးတဲ့ အတာသင်္ကြန်ကို ဖြတ်သန်းလိုက်ပါတော့မည်လို့ ….



ချစ်လှစွာသော မောင်နှမများအားလုံး နှစ်ကူးသင်္ကြန်မှာ မင်္ဂလာအပေါင်းခညောင်းလို့ ပြုံးပျော်ကြည်နူးပြီး ရွှင်လန်းနိုင်ကြပါစေရှင်။ 

သရုပ်ဖော်ပုံလေးကိုတော့ အောက်ပါလင့်လေးမှ ဓာတ်ပုံလေးကို ခဏယူသုံးထားတာပါရှင်။ ဒီနေရာကနေ တစ်ဆက်တည်း ပုံလေးကို ယူသုံးခွင့်ပြုပါလို့ ခွင့်တောင်းပါရစေရှင့်။


5 comments:

  1. သင်္ကြန်ရဲ့ အငွေ့အသက်လေးတွေ ခံစားဖတ်ရှုသွားတယ် မွန်လေးရေ...
    နှစ်ကူးသင်္ကြန်အတူ မိသားစုအားလုံး ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  2. မင်္ဂလာ ရှိတဲ့ သင်္ကြန်ငွေ့လေးတွေခံစားရင်း

    ReplyDelete
  3. “အေး တန်ဖိုးထားခံချင်ရင် တန်ဖိုးထားခံထိုက်အောင် ၀တ်စားဆင်ယင်လေ။ ခောတ်မှီတာနဲ့ ခောတ်ဆန်တာနဲ့ ကို ခွဲခွဲခြားခြားသိအောင် လုပ်ထား။

    နှစ်သက်စွာ အာပေးဖတ်ရှု့သွားပါတယ် မမ ။

    ReplyDelete
  4. “အေး တန်ဖိုးထားခံချင်ရင် တန်ဖိုးထားခံထိုက်အောင် ၀တ်စားဆင်ယင်လေ။ ခောတ်မှီတာနဲ့ ခောတ်ဆန်တာနဲ့ ကို ခွဲခွဲခြားခြားသိအောင် လုပ်ထား။ *

    တိုတိုလေးနဲ့ထိထိမိမိ ရေးသားပြသွားတာ အရမ်းနှစ်သက်မိပါတယ် ။
    ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် ။

    ReplyDelete
  5. ပျော်ရွှင်စရာတင်သာမက ကျက်သရေမင်္ဂလာနဲ့ပြည့်စုံတဲ့ သင်္ကြန်လေးဖြစ်သွားတာ ဖတ်ရင်း ကြည်နူးစရာ..။

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......