Wednesday, 12 November 2014
အလွမ်းတွေ ခြွေကာသာသွန်းပါတော့ ..အမုန်းမိုးဘယ်ငြိုးနဲ့ရွာ
ကောင်းကင်တွင် တိမ်ညိုတို့ မည်းကာမှောင်နေကြသည်။ မကြာမှီ မိုးရွာလိမ့်မည်ထင်။ နေ့ခင်းပိုင်းဖြစ်၍ အိမ်ရှေ့လမ်းမတွင် လူသွားလူလာကျဲပါးလျှက်ရှိသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက် အေးချမ်း လျှက်။ မိုးသားတိမ်လိပ် တို့ တစ်ရိပ်ရိပ်ပြေးနေကြသည်။ လင်းရာမှာ မှောင် မှောင်ရာမှ မည်းလာကြသည်။ကြည့်နေစဉ်မှာပင် မိုးစက်လေးများ တစ်ပေါက်နှစ်ပေါက်ကျလာသည်။   မိုးသည် ပိုပြီး ရွာသွန်း သည်းထန်လာသည်။ မိုးရေတို့  တစ်ဝေါဝေါထိုးကြလာသည်ကို သဘောကျနှစ်သက်စွာ ငေးနေမိသည်။
          “အေးနေမှာပဲ”
နှုတ်က ခပ်တိုးတိုးရေရွတ်မိသည်။  လေပါလာသဖြင့် မိုးစက်မိုးငွေ့ အမှုန်လေးများ မျက်နှာကိုယ်လုံးတို့ကို လာရောက် ရိုက်ခတ်ကြသည်။ သွားမှပါ။ အိမ်ထဲဝင်မှ။ တွေးရုံသာတွေးပြီး အိမ်ထဲသို့ မ၀င်ဖြစ်။ မြင်နေရသည့် မြင် ကွင်းလေးကို ကျောခိုင်းလိုက်ရမှာ နှမျောသည်။ နှမျောသောအတွေးဖြင့် ၀ရံတာလေးတွင် ဆက်ပြီးနေဖြစ်သည်။ သဘောကျလိုက်တာ။ အပြုံးနည်းသော နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ပွင့် ပွင့်အာလာခဲ့သည်။ မျက်ဝန်းတို့ ရီနေကြသည်။
“အောင်မယ်လေး..”
ကောင်မလေးတစ်ယောက်သည် ထိန့်လန့်စွာ အော်ဟစ်သံနှင့်အတူ သူမ၏ လက်ထဲမှ ထီးသည် လေနှင့် အတူ လွင့်ပါသွားခဲ့သည်။ သည်းထန်သော မိုးများကြားတွင် တစ်ကိုယ်လုံးစိုလို့ ရွှဲရွှဲ။ ရုတ်တရက်ဖြစ်သွားသော ခြေနေကြောင့် ကောင်မလေးကြောင်ပြီး မတ်တပ်ရပ်နေသည်။ ထီးသည်လေနှင့်အတူ ခပ်လှမ်းလှမ်းသို့ လွင့်ပါသွား ခဲ့သည်။
“သီတာ ရော့ရော့ နင်ထီး တစ်ကိုယ်လုံးစိုကုန်ပြီ အအေးပတ်တော့မှာပဲ”
 သူငယ်ချင်းဖြစ်ပုံရသော ကောင်လေးသည် ခပ်မြန်မြန်ပြေးလာရင်း လွင့်သွားသော ထီးကို ကောက်လာပြီး ကောင်မလေးလက်ထဲထည့်ပေးလိုက်သည်။ သတိပြန်ဝင်လာသော ကောင်မလေးသည် ထီးကို ဖွင့်လိုက်သည်။ ထီးက ပျက်လေပြီ။ ပြန်ဖွင့်လို့မရ။
          “ကဲ ကဲ နေတော့ မိသီတာ လာလာငါနဲ့ တူတူသာလိုက်ခဲ့တော့”
ကောင်လေးက ထီးကို နှစ်ယောက်မျှဆောင်းရင်း ကောင်မလေးနားတိုးကပ်လိုက်သည်။ ဤမျှလောက် နီးနီးကပ်ကပ်သူ တို့နှစ်ယောက် တစ်ခါမျှ မနေဘူး။ မိုးရေတို့စိုရွှဲနေသော ကောင်မလေး၏ မျက်နှာသည် ၀င်းလက်စိုပြေလျှက်ရှိသည်။ အရင်က မသပ်မရပ်နှင့် ဖြစ်သလို စည်းနှောင်းထားသော ဆံပင်တို့ကို ကောင်မလေးက ဘေးတစ်ဖက်သို့ သိမ်းကာ အရှေ့သို့ချထားပြန်သည်။ ဒီတော့မှ ကောင်မလေး၏ မေးစေ့လုံးလုံးဝန်းဝန်းလေးသည် ပို၍ပေါ်လွင်သွားသယောင်။ ရေစိုထားသော နှုတ်ခမ်းတို့သည် ရွှန်းစို နီထွေးလျှက်။ မပြင်ပဲ လှသောအလှသည် ကောင်လေးအတွက် တဒင်္ဂမိန်းမော သွားစရာ ဖြစ်နေသည်။
          “ဟဲ့ သုတ ဘာလို့ ငါ့ ဒီလောက်ကြည့်နေတာတုန်း. ဒီမှာ အင်ကျီကပါးလို့ ရေစိုပြီး အနေရ ခက်နေရတဲ့ ထဲ နင်က တစ်မျိုး။ ဘာဖြစ်လို့လဲ ခုနက ထီးနဲ့ညှိပြီး ငါ့အင်ကျီပြဲ သွားလို့လား”       
 မလုံမလဲ ကောင်မလေး သူ့ကိုယ်သူ လှည့်ပတ်ပြီး ပြန်ကြည့်သည်။ ဒီတော့မှ ကောင်လေးက သတိဝင်လာဟန်ဖြင့်
    “မ..မပြဲပါဘူး။ ရော့ရော့ ငါ့အပေါ်ရှပ်အင်ကျီ ထပ်ဝတ်လိုက်။ နောက်နေ့မှ ပြန်လျှော်ပြီး ပြန်ပေးတော့.”
လျှပ်ကနဲ လက်သွားသော လျှပ်စီးအလင်းရောင်နှင့် အတူ လေကြမ်းတစ်ချက်အဝေ့တွင် မိုးရေတို့သည် သူမ၏ မျက်နှာ သို့ ဖြန်းကနဲ လာရိုက်ကုန်၏။ အတိတ်တွင် စီးမျောနေသော စိတ်အလျင်သည် ပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိ လာသည် ပါးတွင် ပူနွေးသောရေစီးကြောင်းလေးတစ်ခု စီးဆင်းလာသည်။ငါ ငါ ငိုနေတာပေါ့။ ဒါ မျက်ရည်လား။  အိုး မဟုတ်ပါ ဘူး မိုးငွေ့လေးတွေ မျက်နှာကို လာရိုက်လို့ မိုးရေတွေပဲ နေမှာပါ။
 “ဟာ မြတ်ကလည်း သုတက ဒီလောက်အလှကြိုက်တဲ့ဟာ… ပြီးသူတွဲနေတဲ့ ကောင်မလေး တွေကြည့် အလန်းတွေ ငါ့လိုရုပ်ကို ငါ့လိုအဆင့်အတန်းကို ဘယ်ကြိုက်ပါ့မလဲဟဲ့. ပြီးတော့ ငါက ယောက်ျားဆို မချောရင်နေ မချမ်းသာရင်နေ ငါ့ကိုသစ္စာရှိရှိနဲ့ တစ်ကယ့်မေတ္တာစစ်နဲ့ ချစ်တဲ့သူပဲ လိုချင်တာ။ ပြီးတော့ သုတရဲ့ နံပါတ်စဉ် တစ်ခုထဲမှာ ငါမပါချင်ဘူး ။ ပိုက်ဆံမရှိလို့ ဆင်းရဲပေမယ့် ငါ့မှာ မိန်းကလေးတစ်ယောက်ရဲ့ မာနတော့ချမ်းသာတယ်”
 “မင်းတို့ကလည်းကွာ မင်းကြည့် သူများမိန်းကလေးတွေများ ငါ့နားကပ်ချင်လွန်းလို့။ သီတာထက် အပုံကြီး အလန်းကြီးသာတယ်။ သီတာက ခင်ဖို့ကောင်းပေမယ့် ခပ်ကြောကြော မာနကြီးတစ်ခွဲသားလုပ်နေတာ ငါ သဘောမကျပါဘူး။ ငါက မိန်းမဆိုရင်  ကျက်သရေရှိရှိ လှလှပပ ထက်မြက်ပေမယ့် ယောက်ျားနောက်က လိုက်တဲ့ သူမျိုးပဲ သဘောကျတာ။ သီတာကိုကြည့်ရတာ မာဆတ်ဆတ်  ဘယ်လိုမှ ခံစားလို့မရပါဘူးကွာ ..သူငယ်ချင်းပဲ ကောင်းပါတယ်။ ပြီးတော့ ပုံကလည်းကြည့်အုန်း ကျောင်းလာမျက်နှာပြောင်နဲ့ ပြင်ပြင်ဆင်ဆင်ကို မတွေ့ရဘူး”
ကိုထက်နှင့်မြတ် ၊ ဖိုးကျော်နှင့်မိခမ်း တို့သည် ချစ်သူရည်းစားအတွဲများဖြစ်သလို့ သုတနှင့်သီတာကိုလည်း သူငယ်ချင်းအဆင့်ထက်ကျော်ကာ ချစ်သူတွေဖြစ်စေချင်ကြသည်။ ခက်နေသည်က သုတနှင့် သီတာနှစ်ယောက် စလုံးပင်။ အကြောင်းပြချက်ကိုယ်စီ ရှိခဲ့ကြသည်။ သို့ပေမယ့် မိုးသည်းသည်းထဲ သူတို့နှစ်ဦး၏ ရင်ခုန်သံသည် အစပျိုးခဲ့ ကြသည်။  
“တီ…တီ…တီ..တီ…တီ”
မီးသွေးအိတ်များ တင်ထားသော စက်ဘီးကို သတိနှင့် အားစိုက်နင်းရင်း မညီညာသောလမ်းတွင် ဘေးဆင်း ပေးဖို့ စိတ်ကူးလိုက်သည်။ နောက်မှ ကိုယ်ပိုင်ကားတစ်စီးသည် အသည်းအသန် ဟွန်းတီးကာ လမ်းတောင်းနေပြီလေ။ ပိုက်ဆံရှိသော သူများ သိပ်မောက်မာတာပဲ။ မီးသွေးသုံးအိတ်ဆိုတဲ့ အလေးချိန်က နည်းတာ မှတ်လို့။ ဘေးဆင်းပေး ဖို့ကို သတိအတော်ထားရတယ်ဆိုတာ မသိလေရော့သလား။ အေးလေ ကိုယ်ပိုင်ကားစီးနေမှတော့ ခုလိုအလေးချိန် အများကြီးနှင့် စက်ဘီးစီးဖူးမှာလဲ မဟုတ်။ ပြီး နင်းနေတာ မိန်းကလေးလို့လည်း သိမည်မဟုတ်။ မီးသွေးအိတ်တို့က နောက်ကျောမှာကွယ်ထားသည် မဟုတ်လား။
ကျွတ် ငါကွာ ..စိတ်မရှည်တော့ဘူး။ ဒီလောက်ဟွန်းတီးနေတာတောင် ဘေးမဆင်းပေးသေးဘူး။ မိုးရေမိပြီး နောက်နေ့ သီတာဖျားသည်ဟု ခွင့်တိုင်ကာ ကျောင်းသို့မလာ။ ဒီနေ့ဆို တစ်ပတ်ပြည့်ပြီ။ ဟိုကောင်တွေကို သီတာ အိမ်သွားမည်ဟု ခေါ်သည်ကို ညစ်ပြီးမလိုက်ကြ။ ရုပ်ရှင်လက်မှတ်ဝယ်ပြီးသားဟု ဆိုကာ မြို့ထဲထွက်သွားကြသည်။ သို့နှင့် သုတတစ်ယောက်တည်းသာ လိုက်လာခဲ့သည်။ အိမ်ကလည်းရှာရသေး။ လမ်းတွေကလည်းကျဉ်းသည်။ ဒီကြားထဲ ချိုင့်တွေကလည်းပေါသေး။ ကားကို မနည်းသတိထားပြီးမောင်းနေရသည်။ ဒါကို အဲဒီရှေ့က စက်ဘီးက နှေးတိနှေးကွေး။
ဟော စက်ဘီးတစ်ဖက်ကိုချိုးကွေ့သွားသည်။ ကောင်းတယ်။ သီတာတို့အိမ်ကိုရောက်တော့ သီတာအမေနှင့် မောင်လေးသာတွေ့ရသည်။ သီတာက မီးသွေးသွားပို့သည်ဟုဆိုသည်။ သီတာတို့က မီးသွေးအရောင်းဆိုင် ဖွင့်ထား သည်။ သည်နေ့ဆိုင်အလုပ်သမားက မလာ။ ထို့ကြောင့် သီတာကိုယ်တိုင် သွားပို့ရသည်ဟု ဆိုသည်။  သီတာ အမေပြောပုံအရ သီတာ၏ ၀င်ငွေကိုသာ အိမ်က မှီခိုနေရသည်ဆိုသည်။ အလုပ်ကတစ်ဖက် ကျောင်းကတစ်ဖက် နှင့် မိသားစုအရေးက တစ်ဖက်တို့ကို ဟန်ချက်ညီစွာ လည်ပတ်နေရခြင်းဖြစ်သည်။ သြော် ..ငါ့လို မိဘထံက လက်ဖြန့်  မုန့်ဖိုးတောင်းပြီး ကျောင်းတက်ရတဲ့ဘ၀ မဟုတ်ရှာပါလားလို့ သနားမိသည်။ အရင်ကသူထင်သည်က  သီတာသည် ပိုက်ဆံသုံး အရမ်းသိတတ်သည်။ အရမ်းကပ်သည်ဟု။ ခုတော့ သူထင်သလိုမဟုတ်ပါလားဟု သုတ ကိုယ့်ကိုယ်ကို ပြန်ရှက်နေမိသည်။
ဟင် အိမ်ရှေ့မှာ ကိုယ်ပိုင်ကားတစ်စီးရပ်ထားပါလား။ သုတ ကားပဲ ဘာလာလုပ်ပါလိမ့်။ စက်ဘီးကိုခြံထဲ ကွေ့ဝင်ရင်း ခြံထောင့်မှာ ထောက်ထားလိုက်သည်။
“ဟဲ့ သုတ အိမ်အထိ လိုက်လာတယ်။ ကိုထက်တို့ ဖိုးကျော်တို့ရော”
အသံနှင့်အတူ ရောက်လာသည့်  သီတာကို သူလှည့်ကြည့်လိုက်သည်။ ဟင် ခုနက စက်ဘီးသမားပါလား။ ဒါဆို ပစ္စည်းတွေအများကြီးနှင့် စက်ဘီးနင်းနေသည်မှာ သီတာ။ နေပူကျဲကျဲထဲရုန်းနေသည်မှာ သူမပေါ့.။ သုတ ရင်ထဲ တစ်ဆစ်ဆစ် နာကျင်လာသလို ခံစားရသည်။ သူမသည် ဘောင်းဘီတို ရှပ်အင်ကျီအကွက် လက်တိုနှင့် ဦးထုပ်ဆောင်း ထားသေးသည်။ သို့ပေမယ့် သူမတစ်ကိုယ်လုံးတွင် မီးသွေးတို့ဖြင့် မည်းသဲလျှက်ရှိသည်။
“အေး နင်နေမကောင်းဘူးဆို.လို့ သူတို့က ရုပ်ရှင်သွားကြည့်တယ်လေ အလကား သူငယ်ချင်းကောင်း မဟုတ်တဲ့ ကောင်တွေ”
“ဟုတ်တယ်ဟ မနေ့ကမှ နလံထတာ။ အဲဒါဒီနေ့ ဆိုင်က အလုပ်သမားကောင်လေးက ရုတ်တရက် ခွင့်ယူသွားတယ်လေ အဲဒါနဲ့ ငါလဲ ၀င်လုပ်နေရတာ။ အရင်နေ့တွေက ဆို သွားပို့လဲ ခရီးဒီလောက်မဝေးဘူး”
သူမချွေးတွေသုတ်နေရင်းပြောသည်။ မနေ့ကမှ နလံထတယ် ဆိုပဲ။ ဒီနေ့ ပစ္စည်းအလေးကြီးတွေနှင့် ချိုင့်ခွက် နေသော လမ်းတွင် နေပူထဲ စက်ဘီးနင်းသည်။ မသက်သာလိုက်တာ။
“အမေ သမီးသူငယ်ချင်းကို လက်ဖက်လေး ဘာလေး သုပ်ပေးလေ ဟဲ့ စားမယ် မို့လား နင် ညနေစာ ထမင်း ရော စားပြီးလား”
“မမကြီး သားကို ဒီနေ့ ခေါက်ဆွဲကြော် ၀ယ်ကျွေးမယ်ဆို။ ”
“သားငယ် ကလည်းကွာ ဒီနေ့တော့ ရှိတဲ့ ထမင်းလေးပဲ စားလိုက် နောက်နေ့ ၀ယ်ကျွေးမယ်နော်..”
“ဟင့်အင်း ဟင့်အင်း မရဘူး ပြောနေတာကြာပြီ ဒီနေ့ ပဲ စားမယ်”
သီတာမောင်လေးက ပြောရင်း တစ်ရှုံ့ ရှုံ့ ငိုသည်။ သုတကို အားနာသွားသလို သီတာ ပြန်လှည့်ကြည့်သည်။ သုတကဖြင့် သီတာကို သနားလွန်းလို့ ဖြစ်နိုင်လျှင် ရင်ခွင်ထဲဆွဲသွင်းလို့ နှစ်သိမ့်ပေးချင်လှပြီ။ ပြီးတော့ ကိုယ့်ကိုယ် ကိုလဲ ရှက်သည်။ ခုချိန်ထိ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ရအောင်ရှာဖွေနိုင်ခဲ့သည်မဟုတ်။ မိဘလုပ်စာ မိဘအရှိန်အ၀ါဖြင့် ငါ မာန်တက်ခဲ့ပါလားဟု နောင်တရချင်သည်။ သူသည်သီတာနှင့်စာလျှင် အလွန် အသုံးမကျသော သားသမီး ဖြစ်နေ သည်။
“သီတာ ခဏနော် ငါပြန်လာခဲ့မယ်။ ငါတို့ထမင်းညနေစာ တူတူ စားကြတာပေါ့ ”   
 ပြောပြီးရုတ်ချည်း အိမ်က ထထွက်သွားသည်။ သီတာ တားချိန်မရလိုက်။ ခဏကြာတော့ ခေါက်ဆွဲကြော် ဘဲကင် ၁၂ မျိုးဟင်းချို. ဟင်းနောက်ထပ် သုံးလေးပွဲလောက် ပါဆယ်ဆွဲပြီး သုတ ပြန်ရောက်လာသည်။ ထိုညနေက သီတာ တို့ မိသားစုနှင့်အတူတူ ထမင်းလက်စုံစားရခဲ့ရသည်။ သုတ၏ ဘ၀တွင် အရသာအရှိဆုံး ထမင်းဝိုင်း လေး ဖြစ်ခဲ့သည်။ သုတ ၏ဘ၀ အနေအထိုင်ပြောင်းလဲမှုတို့၏ တစ်ဆစ်ချိုး အကွေ့လေးပင်။
          သုတ၏ မိဘများ အံ့သြယူရသည်အထိ အဖေ၏ အလုပ်တွင်ဝင်လုပ်ရင်း ကျောင်းတက်သည်။ အရင်လို အားမနေတော့သဖြင့် သူငယ်ချင်းတွေနှင့် ဆုံချိန်နည်းသွားသည်။ သို့ပေမယ့် သီတာ၏ အိမ်သို့ မကြာခဏဆို သလို သုတရောက်လာတတ်သည်။  ရောက်လာတိုင်းလဲ သီတာမောင်လေးနှင့်အတူ အပြင်ထွက်ကာ တစ်ခုခုထွက်စားကြ သည်။ တစ်ခါတစ်ရံ သီတာပင်မပါပဲ သီတာမောင်လေးကို ကစားကွင်းလိုက်ပို့ပေးတတ်သည်။ အားကိုးမဲ့နေသော ဘ၀ လေးတွင် မှီရာတည်ရာ ရှိလာသောအခါ သီတာတို့မိသားစုလေး ပျော်ကြသည်။
          တစ်ခါတစ်ရံ တစ်လလုံးနေလို့မှ သုတရောက်မလာလျှင် အိမ်မှ သားငယ်သည် ကိုကိုသု လာလဲမလာဘူးဟု ဆိုကာ သုတထံသို့ ဖုန်းလှမ်းဆက်တတ်နေပြီ။ သီတာကတော့ သုတကို သူငယ်ချင်းကောင်းတစ်ယောက်အနေနှင့် သာ သဘောထားသည်။ သီတာထင်သည်မှာ သုတသည် စာနာနားလည်မှုတို့ဖြင့် သီတာတို့မိသားစုလေးကို ဖေးမ နေသည်ဟုသာ။ သုတ၏ ရင်ထဲ အချစ်ဟူသည် ကိန်းအောင်နေမည်ဟု သီတာ မထင်ရဲခဲ့ပေ။ ကွာခြားလွန်းသည့် ဘ၀ အခြေအနေတွင် ဒါသည် မဖြစ်နိုင်ဆိုသည်ကို သီတာ တစ်ထစ်ချတွက်ကိန်းချထားခဲ့ပြီးသား။
          “ဟလို ကိုကိုသုလား ။ မနက်ဖြန်အားလား။ သားတို့ကျောင်းမှာလေ ဆုပေးပွဲရှိတယ်။ သားက ဒုတိယ ရတယ် ။ အဲဒါ မမနဲ့ အတူ ကိုကိုသု လိုက်ခဲ့ပါလား”
          ထိုကဲ့သို့ သားငယ် တောင်းဆိုသမျှ သုတက လိုက်လျောသည်။ ကျောင်းတွေပြီးတော့မည်။ သူငယ်ချင်းဘ၀ နှင့်သာ ရပ်တည်စဲ။ သုတ၏ ရည်မှန်းချက်သည်။ ယခုလို သီတာတို့ဘ၀အခြေအနေတွင် သူ၏မိဘများသည် သီတာနှင့် သူ့ကို သဘောတူမည်မဟုတ်။ အဓိကကျသည့် စီးပွားရေးကို သူကိုယ်တိုင်ကြိုးစားပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် တည်နိုင်သည့်နေ့တွင် သီတာတို့ မိသားစုလေးကို သူပိုင်ပိုင်နိုင်နိင်စောင့်ရှောက်နိုင်မည်။ အဲဒီအချိန်ကျမှ သီတာကို ဖွင့်ပြောမည်။ သီတာသည်လည်း ငြင်းမည်မဟုတ်။ ဒါကို သုတတို့ နှလုံးသားချင်းနားလည်သည်။ သံယောဇဉ်နွယ်သည် နှစ်ဦးစလုံးတွင် ချစ်သည်ဟု မဆိုခဲ့သော်ငြား ခိုင်မြဲစွာ ရစ်နှောင်ဖွဲ့ ခဲ့ပြီး ဖြစ်နေသည်မှာတော့ သေချာသည် ဟုသာ သုတတွေးသည်။
          “ဟုတ်ကဲ့ ကိုသက်..ကျေးဇူးတင်ပါတယ်နော် ခုလို အိမ်တိုင်ရာရောက် အလုပ်ရှာပေးပြီး အကြောင်းကြားပေးတာ”     
သီတာတို့အိမ်ရှေ့တွင် ကားတစ်စီးရပ်ထားသည်။ ဘယ်သူ့ကားပါလိမ့်။ သားငယ်က အိမ်ရှေ့ ခုံလေးတွင် ထွက်ထိုင် ပြီး မှိုင်နေသည်။
          “သားငယ် ဘာဖြစ်နေတာတုန်း နေမကောင်းဘူးလား”
          “ဟာ ကိုကိုသု ..ဟိုမှာလေ အိမ်ပေါ်မှာလေ ဧည့်သည်ရောက်နေတာ။ သားက အဲလူကြီး မကြိုက်ဘူး သိပ် သြဇာပေးတာ။ မမရော မေမေကြီးရော အဲလူကြီးဆို ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့”
          သားငယ်လေးကို အနားဆွဲယူပြီး ရင်ခွင်ထဲ ထွေးပိုက်ထားလိုက်သည်။ သားငယ်ကလည်း ကြည်နူးစွာဖြင့် ပြန်ဖက်သည်။ ကိုသက်သည် သီတာတို့အမေဘက်မှ ရပ်ဆွေရပ်မျိုးဖြစ်သည်။ ယခုသီတာတို့ နေသည့်အိမ်ပင်လျှင် ကိုသက့် ကျေးဇူးမကင်းဟု သီတာပြောဖူးသည်။ သီတာ ထက် အသက် ၅ နှစ်မျှ ကြီးပြီး လူကြီးဆန်သည်။ လိုအပ်လျှင် လိုအပ်သလို ကူညီစောင့်ရှောက်ပေးသည်။ အိမ်သို့ အသွားအလာတော့မစိပ်။ ဖုန်းဖြင့်သာ အဆက်အသွယ် ရှိကြ သည်။ ဒီနေ့ကျမှ အိမ်ကိုလာလို့ဟု သုတ စိတ်ထဲတွေးမိသည်။
          ကိုသက်ကျေးဇူးဖြင့်ပင် ကျောင်းပြီးသည်နှင့် သီတာ သည်နေရာကောင်းသော ရုံးဝန်ထမ်းဘ၀ကို ရခဲ့သည်။ အစတွင် မီးသွေးဆိုင်လေးကို အလုပ်သမားနှင့် ထိန်းထားသေးသော်လည်း နောက်ပိုင်း သီတာ၏ အလုပ်မှ ၀င်ငွေ ကောင်းလာသောအခါ ဆိုင်လေးကို ပိတ်ပစ်ခဲ့သည်။ သုတကဖြင့် ထိုဆိုင်လေးကိုနှမျောသည်။ သည်ဆိုင် သည်အလုပ် တွေကြောင့် သူသည် သီတာကို အသည်းကြွေလုမတတ် သနားစိတ်ဖြင့် ချစ်ခင်စုံမက်ခဲ့ရသည်မဟုတ်ပါလား။ ဒါပေသိ တစ်ဖက်ကတွေးပြန်တော့ ခုဆိုလျှင်သီတာသည် သက်တောင့်သက်တာ လှလှပပဖြင့် ဘ၀အဆင့်ကို တစ်ဆင့်ခြင်း လှမ်းတက်နေနိုင်ပြီ မဟုတ်ပါလား။ ချစ်သော သီတာအတွက် သုတ ၀မ်းသာကြည်နူးသည်။
          အချိန်တွေ ဒီလောက်ကြာနေပြီ တစ်ကယ်ဆိုလျှင် သုတဘက်က တစ်စုံတစ်ခု စတင်လှုပ်ရှားသင့်သည်။ နင် ငါ့ကို မချစ်ဘူးလား သုတဟု မေးလို့ရလျှင်ကောင်းမည်။ ခုတော့ တစ်စုံတစ်ရာမျှ ဖွင့်ဟ ပြောဆိုခြင်းမရှိပဲ မျက်ဝန်းထဲမှ အချစ်ကိုရှာဖွေနေရသည်မှာ သီတာ အတွက်ပင်ပန်းလွန်းလှသည်။  မေမေကလည်း စိတ်ချချင်ပြီ ကိုသက်နှင့်ဆိုလျှင် သင့်တော်သည် ကိုသက်ကလည်း မေမေ့ကို ကမ်းလှမ်းထားသည်ဟု ဆိုသည်။ သုတရယ် နင့်ရင်ထဲမှာ ငါ့အတွက် နေရာ လေးတစ်ခုကိုမျှ သတ်မှတ်လို့မပေးနိုင်ဘူးလား ဟင်။
          ဒီတစ်ခေါက် နိုင်ငံခြားသွားပြီး ပြန်လာလျှင် သုတ ဖွင့်ပြောလိုက်တော့မည်။ ယခုတစ်ခေါက် စီးပွားရေး အဆင် ပြေလျှင် သုတမျှော်မှန်းထားသလို ကိုယ့်ခြေထောက်ပေါ်ကိုယ် ပိုင်ပိုင်နိုင်နိုင် ရပ်တည်နိုင်ပြီ။ ပင်ပန်းနေသည့် သီတာ ဘ၀လေးကို အေးအေးချမ်းချမ်းနှင့် အိမ်ရှင်မတစ်ယောက်၏ ဘ၀လေးကိုပေးမည်။ ယောက်ျားချင်းမို့ သိသည်။ ကိုသက်ဆိုသူ၏ ရန်ကလည်းရှိသေးသည်။ ဒီတစ်ခေါက်ခရီးထွက်တာ ၁ လလောက်တော့ ကြာလိမ့်မည်ထင်။
          “ဟလို .. အေး ပြော သုတ ငါ သီတာ”
          “ငါလား နေကောင်းပါတယ်ဟ။ ဘာဖြစ်လို့လဲ။ အမယ် ငါ့ကို သတိရလို့။ လွမ်းလို့။ ငါက နင့်ရည်စား မှ မဟုတ်တာဟဲ့. သုတရဲ့ လွမ်းတဲ့အကြောင်းတွေ လာပြောနေတယ်။ တယ်ခက်တာပဲ။ နင့်မှာ ရည်စားမရှိဘူး .. အမယ်လေး မယုံပေါင်။ ဘာချစ်တဲ့ ကောင်မလေးရှိတယ်။ ဖွင့်မပြောရသေးတာ။ သြော်…အေးပါ..ကဲ ကဲ ဖုန်းဆက် ရခြင်းအကြောင်းပြော.. နောက်မနေနဲ့… ”
          “အေး. ငါအစကတော့ နင့်ကိုပြန်လာမှ ပြောမလို့ပဲဟ. ခုတော့မရတော့ဘူး ဖုန်းနဲ့ပဲ ပြောလိုက်တော့ မယ်။ နင့်ကို အလေးမထားတာမဟုတ်ဘူးနော်။  
          “အမယ်. အေးပါ ပြောမှာသာ ပြောစမ်းပါ”
          “တီ တီ တီ”
  စားပွဲပေါ်မှ သီတာလက်ကိုင်ဖုန်းက မြည်လာပြန်သည်။  
          “ဟဲ့ ခဏလေး  လက်ကိုင်ဖုန်းကလာနေတယ်။ ဟယ်လို.. ဟင်..ဟုတ်ကဲ့ ဟုတ်ကဲ့ ခုပဲ လာပြီ “
 သုတကို မေ့သွားသည် သီတာ လက်ကိုင်ဖုန်းပြောရင်း အိတ်ကို ဒရောသောပါးဆွဲကာ အခန်းထဲမှ ပြေးထွက် သွားသည်။
          “ဟလို ဟလို ..ဟလို သီတာ …သီတာ ဟဲ့ ဘာဖြစ်တာလဲ ”
သုတ ရင်တွေပူလိုက်တာ။ ဘာဖြစ်တာပါလိမ့် ..
“ဟလို”
တစ်ဖက်မှ ဟလိုဟု ထူးသံကြားရသည်။
“သီ ..သီ တာလား ”
“မဟုတ်ပါဘူးရှင် မမသီတာ အမေ ရုတ်တရက် ဆေးရုံတင်လိုက်ရတယ်ဆိုလို့ ခုပဲ ထွက်သွားပါတယ်”
“သြော် ဟုတ်ကဲ့ ကျေးဇူးပါပဲ ဗျာ”
ဒုက္ခပဲ ပြန်ချင်လိုက်တာ။ အလုပ်ကပြီးနေပြီ သဘက်ခါ ပြန်ရတော့မှာ။ ဟာ မတတ်နိုင်ဘူး လေယဉ်လက် မှတ်ရွှေ့  ကြည့်မယ်။ air line ကို ဖုန်းခေါ်လိုက်သည်။ အချိန်ရွှေ့လို့မရ။ မနက်ဖြန်က လူပြည့်နေပြီပြောသည်။ Stand by လာစောင့်ပါဟုဆိုသည်။ ဘယ်လိုမှချိန်းလို့မရ။ သီတာ လက်ကိုင်ဖုန်းကိုခေါ်လည်းမရ။ ဖြစ်နိုင်လျှင် ပြေးသွားချင် လှပြီ။ စိတ်ထဲပူလှပြီ။ သီတာရေ ငါပြန်လာမယ် အားတင်းပြီးစောင့်နေပါဟာ။ တစ်ရက်ထဲပါ။ တစ်ရက်ထဲပါ။ ပြီးမည်ဟု ထင်သည့် အလုပ်သည် မပြီး အလုပ်ကမပြီးသည့်အခါ နောက်ထပ်ပင် ၁ လမျှ ထက်ကြာသွားသည်။ သီတာနှင့် ဘယ်လိုမှ ဆက်သွယ်လို့မရ။
ပြန်လာပြီဆိုကထဲက သီတာတို့အိမ်ဘက်ရှိရာ သူထွက်လာခဲ့သည်။ တွေ့ရသည့်မြင်ကွင်းသည် အမောဆို့စ ရာပင်။ အိမ်ရောင်းမည်ဟူသည့်စာတမ်းနှင့် အိမ်သည် သော့ခတ်ထားလျှက်။  သီတာ၏ အလုပ်ကိုလိုက်သွားသည်။ ကြားရသည့်သတင်းသည် ပိုပြီးသွေးပျက်ဖွယ်ရာကောင်းသည်။ သီတာအမေနှင့် မောင်လေးသည် ကားအက်ဆီးဒင့် ဖြင့်ဆုံးသွားပြီဟုသိရသည်။ ကိုသက်နှင့် အကျဉ်းရုန်းလက်ထပ်ကာ နိုင်ငံခြားထွက်သွားသည်ဟု ကြားသည်။ သုတ၏ မျှော်လင့်ချက်တွေ ရေစုံမျော ခဲ့သည့်နေ့။ သီတာ ရာ နင် ငါ့ရင်ထဲမြင်အောင် လှမ်းမကြည့်တတ်ဘူးလား။ ငါ့ဘက်ကို နင်တစ်ချက်လေးမျှ ငဲ့စောင်းလို့ မကြည့်ခဲ့ဘူးလား။ နင် တော်တော်ရက်စက် မာကျောတဲ့ မိန်းမ။ ငါ့နှလုံးသားကို ချေမွသွားတဲ့ မိန်းမ။
          “ငါ ပြန်ရောက်လာပြီ သုတ..”
ဟု နှုတ်က တိုးတိုးလေးရေရွတ်သည်။ ပြီးတော့ သူမသည် ၀ရံတာတံခါးကိုပိတ်ခါ အခန်းထဲ လှည့်ဝင်လာခဲ့သည်။ ထိုအချိန်မှာပင် သူမ မမြင်သာသောနေရာမှ လူတစ်ယောက်ထွက်လာသည်။ ထိုသူသည် သူမ၀ရံတာထွက်လာပြီး မိုးရေထဲ ကြာမြင့်စွာ မတ်တပ်ရပ်သည့် အချိန်မှစ ၍ သူမကိုကြည့်နေခြင်းဖြစ်သည်။ ထိုသူသည်လည်း မိုးရေတို့ဖြင့် ရွှဲရွှဲ စိုလျှက်ရှိသည်။
 “နင် ..ပြန်ရောက်လာပြီလား သီတာ. ငါ နင့်ကိုလွမ်းနေရင်း အရမ်းမုန်းတယ်ဟာ..”
မင်္ဂလာ အခါတော်ပေး သီချင်းသံ သည် ခန်းမထဲတွင် ညိမ့်ညိမ့်ညောင်းညောင်း ထွက်ပေါ်လာ သည်။ ကြီးကျယ် ခန်းနားလှသော မင်္ဂလာခန်းမကြီးတွင် သတို့သား သတို့သမီးတို့သည် လက်ချင်းယှက်လျှက် နှစ်ဖက်မိဘစုံညီစွာဖြင့် ညီညာသော ခြေလှမ်းတို့ဖြင့် မင်္ဂလာစင်မြင့်ပေါ်သို့ လှမ်းတက်သွားကြသည်။ သုတသည် မင်္ဂလာပွဲကို လာသည့်ပရိတ် သတ်ကို လိုက်ကြည့်မိသည်။ သူ၏ မျက်လုံးများသည် တစ်နေရာတွင် ရပ်တန့်သွားသည်။ ထိုမိန်းမသည် သူ့ကို အေးမြ သော အပြုံးနှင့် ပြုံးပြသည်။ သုတ၏ နှလုံးသားကို တစ်စုံတစ်ခုက  ဖြစ်ညှစ်ဆုပ်ကိုင်လိုက်သည်နှယ် လှိုက်မော မွန်းကြပ်သွားမိသည်။ သုတသည် သူ၏ အကြည့်ကို အခြားတစ်နေရာသို့ အလျင်အမြန်ရွှေ့ပစ်လိုက်မိသည်။
          မနေနိုင်လွန်းစွာ နောက်တစ်ခေါက်ထပ်ကြည့်မိသည့်အခါ ထိုမိန်းမသည်ပျောက်ကွယ်သွားခဲ့လေပြီ။ သူအလျင် အမြန်မျက်စိကစားပြီး ရှာဖွေမိသည်။ မင်္ဂလာခန်းမကို ကျောပေး ၍ လှမ်းထွက်သွားသော ထိုမိန်းမ၏ နောက်ကျောဘက် ကိုသာမြင်လိုက်ရသည်။ သက်ပြင်းကိုချရင်း သတို့သမီးလက်ကို ယုယကြင်နာစွာ တွဲလိုက်သည်။ ထို့နောက် စင်မြင့်ပေါ်မှာဆင်းကာ လှိုင်သောအပြုံးတို့ဖြင့် ဧည့်သည်များကို လိုက်လံနှုတ်ဆက်နေလေသည်။
           မင်္ဂလာခန်းမထဲက သီတာထွက်လာခဲ့သည်။ နင်ပျော်ရွှင်ပါစေ သုတရယ်။ ငါ့ကိုမုန်းလက်စနဲ့ နင်ဆက်ပြီး မုန်း ပါ။ အဖြစ်မှန်ဆိုတာကို ငါ မရှင်းပါရစေနဲ့တော့။ ငါ့အတွက် အချစ်ကြိမ်စာလို့ပဲ မှတ်ပါတယ်။ ငါ့မောင်လေးကို ကစားကွင်း လိုက်ပို့ရင်း အမေရယ် ကိုသက်နဲ့ ငါ့မောင်လေးတို့ ကားအက်ဆီးဒင့်ဖြစ်ကြတယ်။ အမေနဲ့ မောင်လေးက တော့ နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်။ ကိုသက်ကတော့ အသက်ကို အနိုင်နိုင်လုနေရတဲ့ အချိန်ပေါ့။ မိဘဆွေ မျိုးသားချင်းလဲ မရှိတော့ အမေနဲ့ မောင်လေးအသုဘက တစ်ဖက် ကိုသက်ကိုစောင့်ရှောက်ပေးရတာတစ်ဖက်။
          ကိုသက်အခြေနေတည်ငြိမ်သွားတော့ ဆရာဝန်ကြီးက ခေါ်ပြောတယ် နိုင်ငံခြားသွားကုရင် ရနိုင်တယ်တဲ့။ ကိုသက်ကလည်း ကုချင်တယ်။ ခက်တာက ပြုစုစောင့်ရှောက်မယ့် ဆွေမျိုးသားချင်းမရှိဘူး။ နောက်ဆုံး ငါတို့အပေါ်မှာကျေးဇူးလဲ ရှိသလို ခုလည်းငါတို့မိသားစုကြောင့် ဒုက္ခရောက်နေရတဲ့ ကိုသက်အတွက် နိုင်ငံခြားကို လိုက်ပါပြုစုမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကိုသက်နဲ့ အကျဉ်းရုံးလက်ထပ်ပြီးနိုင်ငံခြားလိုက်သွားခဲ့ တယ်။ ကိုသက်က ခါးရိုးထိသွားတာမို့ သူဟာ လမ်းမလျှောက်နိုင်တဲ့ ဒုက္ခတိတစ်ယောက်။ ၀ှီးချဲနဲ့ လူမမာတစ်ယောက် ။ အဲဒီလို လူတစ်ယောက်ကို ငါဘယ်လို ပစ်ပစ်ခါခါ လုပ်ရမလဲ ဟင်။
          ငါကြိုးစားပြီး ကိုသက်ကို ညီမအရင်းလေးတစ်ယောက်လို ပြုစုခဲ့ပါတယ်။ ဒါပေမယ့် ကိုသက် ကံဆိုးတယ်။ ခါးမှာဖြစ်ထားတဲ့ ဒဏ်ရာက လိုက်စားပြီး ကင်ဆာအဆင့်ကိုပြောင်းသွားတယ်။ မနှစ်ကမှ ကိုသက်ဆုံးသွားတယ်။ ငါမြန်မာပြည်ကို ပြန်ပြေးလာခဲ့တယ်။ နင့်ကို အကြောင်းစုံရှင်းပြဖို့။ ငါ့ကိုမမုန်းရင်တော်ပါပြီဆိုတဲ့ ဆန္ဒတစ်ခုထဲရယ်ပါ။ ကိုသက်ရှိနေစဉ်ကတော့ လူ့လောကကနေ ထွက်ခွာသွားခါနီး လူနာတစ်ယောက်ကို ငါထပ်ပြီးသောကတွေ မပေး ချင်ဘူး။ ဒါကြောင့် အားလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီးနေခဲ့သည်။ တစ်ကယ်ဆို ကိုသက်ကိုယ်တိုင်က ငါ့ရင်ထဲက အချစ်ဟာ သုတဆိုတဲ့နင်မှန်း သူသိထားပြီးသား။ ရိပ်မိနေပြီးသား။ သူငါ့ကို တစ်ဖွဖွ ပြောရှာတယ်။ ကိုသက် ငါ့ ညီမလေးကို အရမ်းအားနာမိတယ်တဲ့။ သုတကိုလည်း တောင်းပန်ချင်တယ်တဲ့။ ကိုသက်ကို အသွားဖြောင့်စေချင်တဲ့ စိတ်နဲ့ ငါဘာမှမဖြစ်သလိုနေခဲ့တယ်။ ငါတို့ သိပ်ကံဆိုးတယ်ဟာ နင်ရဲ့ စေ့စပ်ပွဲသတင်းကို ငါသတင်းစာ မှာဖတ်လိုက် ရတယ်။ ငါထပ်ပြီးဆုံးဖြတ်လိုက်ရတယ်။ နင့်လမ်းကို နင်ပျော်ပျော်ရွှင်ရွှင်လျှောက်နိုင်ပါစေဆိုတဲ့ ဆန္ဒလေးတစ်ခုပဲ။
          ဟော ..မိုးတွေရွာလာပြန်ပြီ။သည်းလိုက်တာ။ အချိန်အခါလဲ မဟုတ်ပဲနဲ့။ လေအဝှေ့တွင် ထီးကလေး ပါသွား ပြန်သည်။  မိုးရေလား မျက်ရည်လား မကွဲပြားဘူး။ သေချာတယ် နှလုံးသားတွေ နာကျင်နေတယ်။ ဘယ်အငြိုးနဲ့များ ရွာသလဲမိုးရယ်လို့ မေးချင်မိတယ်။ ကောင်းကင်တွင်လျှပ်စီးတို့လျှပ်လို့နေသည်။ သီတာ ကောင်းကင်ကြီးကို မော့ ကြည့်သည်။ ပြီးတော့ နာကျင်စွာ ..အားးးး ဟု အသံကုန်အော်ဟစ်သည်။
          လှလှပပနှင့် ကျော့မော့စွာ ၀တ်စားပြင်ဆင်ထားသည့် လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်သည် လမ်းမပေါ် တွက် အားရပါးရ မိုးကောင်းကင်ကိုမော့ကြည့်ပြီး အော်ဟစ်လျှက်ရှိသည်။ သူမ၏ မျက်ဝန်းတွင် မျက်ရည်တို့ ဖြိုင်ဖြိုင် ကျလျှက်ရှိသည်။ နေ့လည်ခင်းနေရောင်သည် ပူပြင်းတောက်လောင်လျှက်ရှိသည်။ တစ်ကယ်က မိုးသည် သူမ၏ မျက်ဝန်းထဲတွင်သာ ရွာသွန်းလျှက် ရှိနေခြင်းဆိုသည်ကိုတော့ သူမဘေးနားတွင် ရပ်ကြည့်နေကြသော သူငယ်ချင်းများ သာ သိသည်။ သူမအော်ပါစေ လွတ်လွတ်လပ်လပ်အော်ဟစ်နေပါစေ. ခံစားချက်တွေတစ်နင့်တစ်ပိုးပြည့်နေသည့် ဘ၀ ကို လွတ်မြောက်သွားပါစေဟူ ၍ စာနာသော မျက်ဝန်းတို့ဖြင့်သာ ကြည့်နေရလေတော့သည်။ 
-----
သရုပ်ဖော်ပုံလေးကိုဖြင့် google ကနေရှာဖွေ အသုံးပြုထားပါသည်။ ချစ်သော မောင်နှမများ ကျန်းမာလို့ ပျော်ရွှင်ကြပါစေရှင်။
ဆွေလေးမွန်တော့ဖြင့် ဇာတ်လမ်းတွေက မဆုံဆည်းဘူးရယ်လို့တော့ ပြောကြတော့မှာပဲ။ တစ်ကယ်က ဆွေလေးမွန်ကိုယ်တိုင် နောက်ဆုံးပိတ်ဇာတ်သိမ်းကြရင် မင်းသားနဲ့မင်းသမီး ဆုံဆည်းပြီး ပျော်ပျော်ရွှင်ရွှင် ဇာတ်သိမ်းတဲ့ စာမျိုးပဲ ဖတ်ချင်ခဲ့တာပါ။ ကိုယ်တိုင်..ဘလော့မှာ စာလေးတွေ ရေးမှပဲ ဘာကြောင့်ရယ်မသိ ပို့စ်လေးတွေက အလွမ်းနဲ့ကြီး အနားသတ်နေတော့တာပဲ။ သည်းခံပြီးသာ ဖတ်ပေးကြပါလို့ :) :) :) :) :)
3 comments:
  1. အဲဒါ စာလည်ဖတ်တာများလို့ ဓါတ်ကူးတာနေမယ် ညီမလေး...း))
    ReplyDelete
  2. ထင်တော့ထင်သားပဲ အလွမ်းဇာတ်လမ်းလေး တစ်ပုဒ်အဖြစ် ဇာတ်သိမ်းမယ်လို့ ....
    ဇာတ်ပေါင်းတာကို နှစ်သက်ခဲ့ပေမယ့် အတိတ်ကံဆိုတာရှိသေးတော့ ဆွေးဆွေးမြေ့မြေ့နဲ့ အဆုံးသတ်တာလဲ ခံနိုင်ရည်ရှိနေပါပြီ မွန်လေးရေ။
    ReplyDelete
  3. တီတင့်ပြောသလိုပါပဲဆွေလေးရေ
    ခေါက်ရိုးကျိုးနေပြီဖြစ်နေတဲ့ ဆွေးဆွေးလေးပေါ့
    ဖတ်လိုက်ရလို့ကျေနပ်တယ်
    ReplyDelete
ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......