အပျိုမ အိပ်ယာပေါ်ဝယ်
တစ်လူးလူးတစ်လိမ့်လိမ့်။ ဘေးနားရှိနာရီကို လှမ်းကြည့်တော့ ည ၁၀ နာရီ။ ဟော ခြေသံကြားတယ်။
မျက်လုံးကိုမှိတ် ပြီးတစ်ဖက်လှည့်ကာ အသက်မှန်မှန်ရှု အိပ်ချင်ယောင်ဆောင်လိုက်သည်။ အခန်းထဲ
ဝင်လာသည့်ခြေသံကို ကြားနေရသည်။ သူမကိုယ်ပေါ်မှ လျှော့ရဲရဲဖြစ်နေသည့် စောင်ကိုလုံခြုံအောင်
ခြုံပေးကာ ခြေသံက အခန်းအပြင်သို့ ပြန်ထွက်သွားသည်။ အေးသည့်လဆိုသော်လည်း အပျိုမ၏ နားထင်မှ
ချွေးတစ်ပေါက်သည် ပေါက် ကနဲ စီးကျလာ၏။
ခဏမျှ အခြေအနေစောင့်ကြည့်ကာ
ငြိမ်နေမိသေးသည်။ တော်တော်ကြာတော့မှ အသံမကြားအောင် ဖြည်း ဖြည်းချင်းကုန်းထလိုက်သည်။
စစချင်းမျက်လုံးထဲဘာမှ မမြင်ရပေ။ မှောင်နေသည်သာရှိသည်။ ကျင့်သားရနေပြီဖြစ် သည့် အခန်းထဲ
အ၀တ်ထည့်သည့် ဘီဒိုဘက်ရှိရာကို ခြေထောက်ကိုရွှေ့လိုက်သည်။ ခြေလှမ်း ၅ လှမ်းမျှ လှမ်းပြီး
နောက် မျက်လုံးသည် အမှောင်ထဲ နည်းနည်းမြင်လာရ၏။ ဘီဒိုနောက်ဘက်အသင့်ကပ်ထားသည့် အိတ်ကို
လက်နှင့် စမ်းပြီး နှိုက်ယူလိုက်သည်။ ပြီးလျှင် ညနေက မီးပူတိုက်ရင်း စီထည့်ထားပြီးသားဖြစ်သည့်
ဘီဒိုဒုတိယထပ်မှ အင်ကျီ ထမိန်တို့ကို အိတ်ထဲသို့ အစီအရီထည့်လိုက်သည်။
ဟော ခြေသံကြားပြန်ပြီ။
အင်ကျီများစီထည့်နေရာမှ သူမရပ်လိုက်ပြီးနားစွင့်လိုက်သည်။ အခန်းတံခါးသည် ခပ်ဟဟ ဖြစ်လာသည်။ အခန်းအပြင်ဘက်မှသူသည် သူမ၏အိပ်ယာကုတင်ကို
လှမ်းကြည့်နေပုံရသည်။ သူမအသက်ပင် ပြင်းပြင်းမရှုရဲ။ တော်ပါသေးရဲ့ ကုတင်ပေါ်မှာ ခွခေါင်းအုံးကြီး
စောင်အုပ်ခဲ့ပေလို့။ ထို့နောက် အခန်းတံခါး ပြန် ပိတ်သွားသည်။ သည်တော့မှ အပျိုမ သက်မချနိုင်၏။
အပြီးမသက်နိုင်သေးသည့် အင်ကျီတို့ကို ထည့်၏။ ပြီးဇစ်ကို သေသေချာချာဆွဲပြီး ပိတ်လိုက်သည်။
အိတ်ကိုအသာမကာ
ကုတင်အောက် အမှောင်ရိပ်ထဲ ခဏထိုးထည့်ထားလိုက်သည်။ နာရီမှ မီးလင်းခလုတ် လေးကို နှိပ်ပြီးကြည့်လိုက်တော့
၁၀ နာရီ ၄၅ မိနစ်။ စာကြည့်စားပွဲထံသို့ လှမ်းလိုက်ပြန်သည်။ စားပွဲရှိ အံဆွဲကို အသံမမြည်အောင်
ခပ်ဖြည်းဖြည်း ဆွဲဖွင့်လိုက်သည်။ အထဲမှ ဒိုင်ယာရီစာအုပ်လေးကိုယူပြီး စားပွဲခုံပေါ်လှမ်းတင်
လိုက်သည်။ ပထမဆုံး စာမျက်နှာရှိ စာရွက်ဖြူဖြူခေါက်လေးကို မြင်သာအောင် အပြင်သို့တစ်ခြမ်းဆွဲထုတ်လိုက်သည်။
စိတ်ထဲမှာ ၀မ်းနည်းသလိုလို ပျော်သလိုလို။ ဘာလိုကြီးမှန်းမသိ။ ရင်ခုန်ချင်သလိုလို။
ပြီးခြေသံခပ်ဖွဖွနင်းကာ
အိပ်ယာပေါ်ပြန်လှဲလိုက်ပြန်သည်။ သြော် ဒီညမှ ညတာပိုရှည်လွန်းနေသလား မသိ။ မျက်ဝန်းမှ
မျက်ရည်တို့သည် ခေါင်းအုံးပေါ်သို့စီးကျလာပြန်သည်။ ငိုနေပါရောလား။ မငိုပါဘူး ဒါငိုစရာမှ
မဟုတ်တာ။ အသက် ၂၀ ကျော် ဆိုသည့်အရွယ်သည် အရွယ်ရောက်ပြီပဲ။ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်
ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ကိုယ်ပိုင်ဘ၀တစ်ခုကို ထူထောင်ပိုင်ခွင့်ရှိသည်။
အချစ်ကိုမြည်စမ်းပိုင်ခွင့်ရှိသည်။ အပျိုမ ၏ ဆုံးဖြတ်ချက် မှန်သည်။
မနက်ဖြန်ဆိုလျှင်
အပျိုမဘ၀၏ အလှည့်အပြောင်း။ ချစ်သောချစ်သူအနားမှာနေပြီး ဘ၀တစ်ခုကို စတင်တည် ထောင်မည့်နေ့။
အတွေးနှင့်ပင် ကြည်နူးရသည်။ ရင်ခုန် လှိုက်မောရသည်။ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်စသည်
လှစ်ကနဲ။ တွေးရင်းရှက်သလိုလို ရင်ဖိုလှိုက်မောသလိုလို ..အိုး ဘယ်လိုကြီးမှန်းကို မသိပါဘူး။ နာရီကို ယူကြည့်မိ ပြန် သည်။ ၁၁ နာရီ ခွဲ။ စိတ်လှုပ်ရှားလွန်းလို့လားမသိ အိပ်ချင်စိတ်တို့ပျောက်နေသည်။ မျက်လုံးကို မှိတ်လို့မရ။
ဟော အိပ်ခန်းအပြင်မှ မီးပိတ်သွားပြီ။ တစ်အိမ်သားလုံး အိပ်ကြပြီထင်။ ညည့်နက်လာသည်နှင့်အမျှ
အသံတို့သည် တိတ် ဆိတ်ငြိမ်သက်သွားသည်။ အိမ်ရှေ့အိမ်မှ တစ်ဝုန်းဝုန်း ထိုးဟောင်နေသော
ရန်လုံကြီးအသံကြားရသည်။ တော်ပါသေး ရဲ့ အိမ်ဘေးဘက် ခြံပေါက်ဝကိုချိန်းထားပေလို့။ အိမ်ရှေ့ခြံပေါက်ဝဆိုလျှင်
ရန်လုံကြီးဟောင်တာနှင့် အပျိုမတို့ လူမိပြီး ဒုက္ခရောက်နိုင်သည်။
ခုချိန်မှာ
အပျိုမ၏ရင်ထဲ ကြောက်စိတ်လုံးဝမရှိ။ သတ္တိတွေရှိနေသည်။ အရင်ကဆို အိမ်နောက်ဖေး အမှောင်ထဲ
သို့ပင် တစ်ယောက်တည်းမသွားဝံ့သော အပျိုမသည် ခြံဘေးအပေါက်မှထွက်ကာ တစ်ဖက်ခြမ်းရှိ ကြီးမားသော
သစ် ပင်ကြီးအောက်သို့သွားပြီး တစ်ယောက်တည်းစောင့်မည်ဟူသည့် စိတ်မျိုးပင် ရှိနေသေးသည်။
ဒါ အချစ်၏ တန်ခိုးများ ပင်ဖြစ်မည်။ အချစ်ဆုံးနှင့် ဆုံဆည်းသူသည် တစ်ယောက်တည်းသာ ဖြစ်လိုသည့်
အပျိုမအတွက် ချစ်သူနှင့်ဆုံဆည်း ကြရေးသာ အရေးကြီးသည်။ ကျန်တာ ဂရုမစိုက်နိုင်။
အဓိပ္ပာယ်မဲ့စွာ
ခွခေါင်းအုံးကြီးကို တင်းကြပ်စွာ ဖက်ထားမိပြန်သည်။ အချိန်ကလည်း ကြာလိုက်တာ စောင့် နေလို့လားမသိ။
အင်းခုလောက်ဆို အဖေနှင့်အမေ အိပ်မောကျလောက်ပြီ။ ကုတင်ပေါ်မှ ဖြည်းဖြည်းထကာ ကုတင် အောက်မှ
အထုပ်ကြီးကို ဆွဲထုတ်မိပြန်သည်။ လက်နှင့်ချိန်ဆပြီ ဆွဲကြည့်သည်။ အင်း သိပ်မလေးပါဘူး။
စာကြည့်စားပွဲ ပေါ်အသင့်တင့်ထားသည့် ဘေးလွယ်အိတ်ထဲ ပြန်စစ်သည်။ ပိုက်ဆံအိတ် မှတ်ပုံတင်။
စုထားသည့်ပိုက်ဆံသည် နည်းလွန်းနေသည်။ မိဘဆင်ပေးထားသည့် ရွှေထည်လက်ဝတ်လက်စားတို့ကို ယူမသွားချင်ပေ။
သို့ပေမယ့် ပစ္စည်း လေးရှိတော့ ဘာပဲဖြစ်ဖြစ် စိတ်ထဲအားရှိလှပေသည်။ ထို့ကြောင့် အစတုန်းက
ယူမသွားပဲ ချွတ်ထားခဲ့မည်ဟု ကြံစည် ထားပေမယ့် ယခုမူ ၀တ်သွားရန်သာ စိတ်ကူးလိုက်သည်။
အ၀တ်အစားအိတ်နှင့် ဘေးလွယ်အိတ်ကို အခန်းအပေါက်ဝသို့ ဆွဲလာပြီ အဆင်သင့်ချထားလိုက်သည်။
လက်မှနာရီကို ကြည့်မိတော့ ည ၁၂ နာရီ ထိုးပြီး ၁၅ မိနစ်။ အခန်းတံခါးကို အခြေအနေကြည့်ပြီး
ခပ်ဟဟ ဖွင့်ကြည့် လိုက်သည်။ အိမ်အောက်ထပ် ဧည့်ခန်းသည် တိတ်ဆိတ်ငြိမ်သက်လျှက်။ မျက်စိအနည်းငယ်ကျင့်သားရအောင်
ကြည့် နေလိုက်သေးသည်။ အထုပ်တွေကိုဆွဲပြီး အိပ်ခန်းအပြင်ဘက် ထောင့်လေးတွင် ခဏချထားလိုက်သည်။
အပေါ်ထပ် လှေကားပေါ်သို့ ခြေသံလုံလုံဖြင့် တက်ခဲ့သည်။
မိဘများ၏
အိပ်ခန်းအပြင်ဘက်ရောက်တော့ မျက်ရည်ဝဲစွာ ရှိခိုးဦးချဖို့ပြင်သည်။ ဟင် စကားပြောသံကြား
နေရသလိုပဲ။ ဒုက္ခပဲ မအိပ်ကြသေးဘူးနဲ့တူတယ်။ မိသွားရင်တော့ခက်ပြီ။ အခန်းအပြင်ဘက်တွင်
ငြိမ်သက်စွာ ရပ်နေမိ ရင်း အခန်းထဲမှ ခပ်တိုးတိုးအသံကိုနားစွင့်မိသည်။
“သမီး
အခြေအနေဘယ်လိုလဲ”
“ကျုပ်လဲ
စောင့်ကြည့်နေတာပဲ”
“မင်းကိုက
သမီးကို ဂရုမစိုက်တာ။ ကိုယ့်သမီး ရည်းစားရနေတာမသိဘူးလား”
“သြော်
ကျုပ်ကလည်း အခွေငှားဆိုင်ပဲ သူတစ်ယောက်တည်းသွားတာ ဆိုတော့ ဘယ်အချိန် ရည်းစားရသွားသလဲ
မသိဘူးလေ ပြီး တော့်သမီးက အနေအထိုင် သိပ်ပိရိတာ”
“ဟင်း..
သေချာဂရုစိုက်ပါကွာ။ မတော် တစ်ခုခုဆို ငါတို့ပဲ ရင်ကျိုးမှာ။ သမီးငယ်ငယ်တုန်းက မကျန်းမာလွန်းလို့
ပိုးမွေးသလို မွေးထားရတာ။ အချိန်မတန်သေးပဲ တစ်ခုခုဆို ငါအရင်သေမှာ. ”
စကားပြောနေသော
အဖေ့ အသံသည် ငိုသံခပ်အက်အက်ဖြစ်သွားသည်။ အပျိုမရင်ထဲ လှိုက်ကနဲ ၀မ်းနည်း စိတ်တို့ အလိပ်လိုက်တက်လာသည်။
စိတ်ထဲမှ သမီးကိုခွင့်လွှတ်ပါအဖေဟု ပြောနေမိသည်။
“အေးပါ
တော်…. ကျုပ် ဂရုစိုက်ပါ့မယ် တစ်ခုခုတော့ မဖြစ်ပါစေနဲ့လို့
ဆုတောင်း၇မှာပဲ။ အ ဟင့် ဟင့် ဟင့်”
ဟင်
..မေမေ ပြောရင်းငိုနေပါလား။ မျက်ရည်တို့ပါးပြင်တွင် တစ်လိမ့်လိမ့်ဆင်းလာသည်။ သမီးကိုခွင့်လွှတ်ပါ
ဖေဖေနဲ့ မေမေတို့ရယ်။ အပျိုမ ကိုခုချိန်ထိ ကလေးလေးတစ်ယောက်လို ဂရုစိုက်စဲ ပါလား။
“သြော်
.. ငါဒီတစ်ပတ် အလုပ်ထဲပိုက်ဆံထပ်စိုက်ဖို့လိုတယ်ကွ။ အဲဒါ သမီးလည်ပင်းက ဆွဲကြိုးလေး
ရောင်း လိုက်မလားလို့”
“အိုး.
ဖြစ်မလား သမီးက အပျိုလေး လည်ပင်းမှာဗြောင်ကြီးနဲ့ ရှက်ရှာမှာပေါ့။ ကျုပ်လည်ပင်းက ဆွဲကြိုးသာ
ရောင်းပါတော်”
အပျိုမ လည်ပင်းမှ
ဆွဲကြိုးလေးကို ယောင်ပြီးစမ်းမိသည်။ လက်ဖမိုးပေါ်သို့ မျက်ရည်တစ်ပေါက် ပေါက်ကနဲ နေအောင်
ကျသွားသည်။ ခြေသံလုံအောင်ထိန်းရင်း အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ အ၀တ်အစားထုပ်နှင့်
ဘေးလွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ အံကိုခပ်တင်းတင်းကြိတ်လိုက်သည်။ ခြေလှမ်းတို့ကို
အိမ်နောက်ဖေး တံခါးပေါက်သို့ ဦးတည်လိုက်သည်။ အ၀တ်အစားအိတ်ကို အောက်သို့ခဏပြန်ချလိုက်မိပြန်သည်။
အေးလေ လက်ဝတ်လက်စားတွေ ယူမသွားတော့ပါဘူး။ ကိုယ့်မိုက်ပြစ်ကိုယ်ခံရုံပေါ့။ အိပ်ခန်းတံခါးကို
အသာပြန်ဖွင့် လက်ဝတ် လက်စားတွေ ချွတ်ပြီး ဒိုင်ယာရီစာအုပ်လေးဘေးနားပုံလိုက်သည်။
အိပ်ခန်းလေးကို
နောက်ဆုံးနှုတ်ဆက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ အိပ်ခန်းအပြင် ပြန်ထွက်လာပြန် သည်။
ဟင် ခုနက မိဘတွေကို သွားကန်တော့တာ။ မကန်တော့ခဲ့ရဘူး။ အေးလေ အောက်ထပ်ကနေပဲ ဦးချခဲ့တော့
မယ်။ ဟင် မဟုတ်ပါဘူး အနီးကပ်ကန်တော့ သွားချင်တယ်။ အပေါ်ထပ်လှေကားပေါ် ပြန်တက်ခဲ့သည်။
အခန်းပေါက် ၀ မှ ဦးချလိုက်သည်။ သမီးကို ခွှင့်လွှတ်ပါ ဖေဖေနှင့်မေမေဟု စိတ်ထဲမှ တောင်းပန်မိသည်။
“မင်းကလည်း
ငါမကြိုက်တဲ့ ဟင်းပဲ ခဏခဏ ချက်နေတာပဲ”
“သြော်
တော်မကြိုက်ပေမယ့် သမီးကြိုက်တယ်တော့် သမီးကို စိတ်ပျော်အောင်ခုချိန်ထားရမှာ။ တော်
နားမလည်ပဲနဲ့”
“ကဲ
ကဲ အိပ်တော့ ညည့်နက်ပြီ မနက် ငါက အလုပ်အစောကြီး သွားရမှာ ”
“အင်း..
အိပ်နေတာပဲတော် သမီးအတွက်စိတ်ပူလို့ အိပ်မပျော်ဘူး”
အပျိုမ နားနှစ်ဖက်ကို
ပိတ်ရင်း အိမ်အောက်ထပ် ပြန်ဆင်းလာခဲ့သည်။ ဖေဖေနဲ့မေမေ ပြောသမျှ စကားလုံးတိုင်းသည်
အပျိုမ အကြောင်း။ အပျိုမက ဖေဖေနှင့်မေမေ သည် အပျိုမကို ချုပ်ခြယ်လွန်းသည်။ ပြီးတော့
အပျိုမကို မချစ်ကြ။ အငယ်ဆုံးဖြစ်သော ညီမလေး ကိုသာ ချစ်သည်ဟု ထင်ခဲ့မိသည်။ ခုတော့ အပျိုမကြိုက်သည့် ဟင်းတစ်ခွက်ကအစ ဂရုစိုက်လွန်းလှသည်။ လှမ်းသောခြေလှမ်းတို့သည် မပြတ် သားတော့ပေ။ လက်မှ
နာရီကိုကြည့်လိုက်တော့ မနက် ၁ နာရီခွဲပြီ။
အ၀တ်အစားထုတ်ကို ဆွဲမလိုက်ပြီး အိမ်နောက်ဖေး သို့ အားတင်ပြီး လှမ်းလိုက်သည်။ ညနေကထဲက တည်းထားသော သော့ခလောက်ကိုဖြုတ်လိုက်သည်။ အိမ်ပြင်သို့ ထွက်
တော့မည်။ အင့် ကနဲ တစ်ချက် ရှိုက်လိုက်မိသည်။ မနက်ကျရင် ဖေဖေနဲ့မေမေ င့ါကိုစိတ်ပူနေမှာပဲ။
အိမ်အပြင်သို့လှမ်းထွက်လိုက်သည်။
ခြံဘေးအပေါက်နားမှ တစ်ဖက်ခြမ်းရှိ သစ်ပင်ကြီးအောက်သို့ လှမ်းကြည့် လိုက်သည်။ ဟော လူရိပ်တွေ့ရတယ်။
ချစ်သူရောက်နေပြီထင်။ ခြံတံခါးကိုသူမတွန်းဖွင့်လိုက်သည်။
သူမသွားတော့ မည်။ ဖေဖေနှင့်မေမေ အိပ်သည့် အိပ်ခန်းဘက်ကို လှမ်းမျှော်လို့ကြည့်လိုက်သည်
ညသည် မှောင်မိုက်နေစဲ။ ခြံပြင်သို့ ခြေလှမ်းမယ် ဟန်ပြင်လိုက်လျှင် နားထဲ ခုနက ဖေဖေနှင့်မေမေ
ပြောနေသည့် စကားသံတို့ကို အထပ်ထပ် ပြန်ကြားနေရသည်။
နှုတ်ခမ်းကိုဖိပြီးကိုက်လိုက်သည်။
ခြံတံခါးကို အတွင်းဘက်မှ ပြန်ဆွဲပြီး ပိတ်လိုက်သည်။ အိမ်နောက်ဖေး အပေါက်မှပင် ပြန်ဝင်လာခဲ့သည်။
အ၀တ်အစားထည့်ထားသော အိတ်ကိုပြန်ဆွဲရင်း အိပ်ခန်းထဲပြန်ဝင်လာခဲ့သည်။ အ၀တ်အစားတွေ ကို
ဒုတိယထပ်သို့ အထပ်လိုက်ပြန်သွင်းလိုက်သည်။ အိတ်ကို ဘီဒိုအနောက်ဘက်သို့ ခေါက်ပြီး ပြန်သွင်းလိုက်သည်။
ဘေးလွယ်အိတ်ကိုစားပွဲပေါ် ပြန်တင် လိုက်သည်။ စားပွဲခုံပေါ်မှ စာအုပ်လေးကို အံဆွဲထဲ ပြန်ထည့်လိုက်သည်။
ကုတင်ပေါ်သို့
ပြန်လှဲချလိုက်သည်။ ခေါင်းအုံးနှင့် မျက်နှာအပ်ကာ ကြိတ်ပြီး ရှိုက်ငိုပစ်လိုက်သည်။ အပျိုမကို
ခွှင့်လွှင့်ပါတော့ ချစ်သူရယ်.. ကံမကုန်လို့ ပြန်ဆုံကြမယ်ဆိုရင် အပျိုမ ချစ်သူ့ရဲ့ရင်ခွင်
တိုးဝင်ကာ ခိုလို့သာ နားလိုက်ချင်ပါရဲ့ .. အချိန်မတန်သေးတဲ့ ခုချိန်မှာတော့ အပျိုမကို
နားလည်ပေးပါလို့ တောင်းဆိုယုံက လွဲပြီး အခြားစကားဆိုစရာ မရှိတော့ပါဘူးလေ…ဒီတစ်ညသည် အပျိုမ အတွက်တော့ ညတာရှည်လွန်း ပေတော့မည်။
---
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကိုဖြင့် ရှာဖွေပြီး အသုံးပြုထားပါတယ်ရှင်
ညီမက ဇာတ်လမ်းလေးတွေရေးတာ သိပ်တော်တယ်...း)
ReplyDeleteမိဘနေရာကနေတွေးတော့လဲ အပျိုမရဲ့ ဆုံးဖြတ်ချက်လေးမှန်ပါတယ် မွန်လေးရေ....
ReplyDeleteမိဘအပေါ်သိတတ်နားလည်တဲ့ သမီးတစ်ယောက်မို့ ကျေနပ်စွာဖတ်သွားပြီ ....
မိဘမေတ္တာကိုသိတတ်နားလည်သွားတဲ့ အပျိုမလေးဘဝ အေးချမ်းမှာပါ။ :)
ReplyDeleteအမစာလေးတွေသဘောကျလိုက်တာ
ချစ်တဲ့ အသူ