Monday 21 December 2015

ဒီဇင်ဘာ အတွေး ….





နှစ်တစ်နှစ်၏ နောက်ဆုံးလဖြစ်သည့် ဒီဇင်ဘာသို့ရောက်ရှိလာပြန်ပြီ။ အသက်အရွယ် ရလာသည်နှင့် အမျှ အချိန်တို့သည် အကုန်မြန်လွန်းသည်။ မနှစ်က ဒီဇင်ဘာနှင့် ယခုဒီဇင်ဘာသည် သိပ်နီးကပ်နေလွန်းသည်ဟု ထင်မြင် မိ သည်။ ဒီဇင်ဘာရောက်ပြီဆိုလျှင် အလုပ်ကနေခွင့်တွေယူ နေရပ်ကိုပြန်ပြီး မိသားစုနှင့်ပြန်လည်ဆုံဆည်းကာ အပန်းဖြေ ခရီးတစ်ခုခု ထွက်ကြနှင့် ဒီဇင်ဘာသည် စည်ကားလျှက်ရှိသည်။ ခရစ္စမတ်နီးလာပြီမို့ ခဏကွန်းခိုရာ သည်တိုင်းပြည် တွင် မီးတွေအလှဆင်ထွန်းကြသည်။ ခရစ္စမတ်သစ်ပင်ကြီးများ အလှဆင်ကြသည်။ သာယာငြိမ့်ညောင်းဖွယ် ခရစ္စမတ် တေးများ နေရာတိုင်းတွင်ကြားနေရသည်။
         
          အချို့ကလည်း အလှဆင်ထားသည့် ခရစ္စမတ်မီးရောင်စုံ ခရစ္စမတ်သစ်ပင်ကြီးများနှင့် နွေးနွေးထွေးထွေး အနွေး ထည် ထူထူထဲထဲကြီးများနှင့် ဓာတ်ပုံရိုက်ကြသည်။  တစ်ခါတစ်လေ သူတို့ကိုကြည့်ရင်း ကိုယ်သည်ပြုံးပျော်ခဲ့ရသလို တစ်ခါတစ်ရံ တစ်ကိုယ်တည်းသာဖြစ်သော ကိုယ့်ကိုယ်ကို အထီးကျန်ဆန်လှသည်ဟု တွေးမိသည်။ ထိုအရာများနှင့် ကျွန်မသည် လားလားမှ မသက်ဆိုင်သလို ခံစားရသည်။  နှစ်တိုင်းတွေးမိသည် ငါဘာလို့များ မပျော်သည့်အရပ်တွင် နှစ်ချီကြာညောင်းအောင်နေခဲ့မိသနည်း။ အဖြေသည် တစ်မျိုးတည်းသာ။ money ဟုခေါ်သည့် ငွေ(ပိုက်ဆံ) ကြောင့် ဖြစ်သည်။ ဒီငွေရှိမှ  မိဘတွေကို စိတ်ချမ်းသာအောင်ထားနိုင်မည်။ ဒီငွေရှိမှ ကိုယ်လိုချင်သည့် ဘ၀တစ်ခုကို တည်ထောင် နိုင်မည်။ ဒီငွေရှိမှ အနာဂတ်ခြေလှမ်းတို့ လှပနိုင်မည်။ ဒီငွေသည် ကျွန်မတို့ကို ခိုင်းနေသည်။ ဒီငွေနှင့်အတူ ငယ်ရွယ်နုပျိုမှုများနှင့် အချိန်တို့သည် တစ်ရွေ့ရွေ့ တိုက်စားခံနေရသည်။
         
       ဒီငွေ၏ အခိုင်းခံရခြင်းမှ မလွတ်မြောက်နိုင်ကြပေ။ ဒီငွေနောက်သာ ကောက်ကောက်ပါအောင် လိုက်နေကြရသည် ။ သူတစ်ပါးနိုင်ငံတို့တွင် ဒီငွေကို ရှာဖွေလို့ရနေလျှင် ငါ့နိုင်ငံမှာ ဘာလို့များ ရှာလို့မရသနည်းဟု တွေးမိသည့်အခါ ၀မ်း နည်းစိတ်တို့သည် လှိုက်ကနဲ ခံစားမိပြန်သည်။ ခုတော့ဖြင့်  ကိုယ်ချစ်ခင်တွယ်တာသူတို့နှင့် ဝေးကွာနေရသည်။ ညဘက်တွင် မီးရောင်စုံတို့နှင့် ထွန်းလင်းတောက်ပနေသော မြို့တော်ကြီးတွင် ကိုယ်တစ်ယောက် တည်း မှောင်မိုက်နေသကဲ့သို့ ခံစားရသည်။ ထိုမီးရောင်စုံတို့သည် ကိုယ်နှင့်မဆိုင်သလိုကြီး ခံစားမိသည်။ အလွန်လှပသော မီးရောင်စုံတို့ဖြင့် ဒီဇင်ဘာညသည် အထီးကျန်ဆန်လွန်းလှသည်။ နွေးထွေးစွာ ထွေးပွေ့မည် လက်တစ်စုံအစား ငွေနှင့် ၀ယ်၍ရသော အနွေးထည်ခပ်ထူထူတို့ဖြင့်သာ နွေးစေခဲ့ရသည်။

          အထီးကျန်ဆန်လှသည့် ဒီနေရာအား ကျောခိုင်းပစ်လိုက်ချင်မိသည်။ ချန်ထားရစ်ခဲ့ချင်မိသည်။ ထိုအခါ အနာဂတ်သည် ခပ်ရေးရေး မှုံပြပြသာ ရှိတော့သည်။ တစ်ကယ်တမ်းတွင်မူ ထိုကဲ့သို့မာန်တင်း  ငြီးငွေ့ဖွယ်ဘ၀ကို ဖက်တွယ်လျှက် ဒီငွေကို ရှာနေကြသော်လည်း ဒီငွေသည်အမှန်စင်စစ်အားဖြင့် ကိုယ့်နိုင်ငံတွင် ချမ်းသာရန်မဆိုထားဘိ အခြေခံအဆင့် ကိုပင် မနည်းဖြတ်ကျော်ရမည့် အနေအထားရှိသည်။ အချို့ဆိုလျှင် နိုင်ငံရပ်ခြားတွင် ငွေကိုကုန်းရုန်းရှာ  နှစ်နှစ်ဆို အပြီးပြန်ပြီ ဒီလိုနေရာမျိုးမှာ ဘာလို့အကြာကြီးနေမလဲ။ နှစ်နှစ်ပြည့်ပြီးနောက် ပြန်သွားသည်  မကြာပေ နှစ်နှစ်လုပ်ထားသည်များ ကုန်သွားသဖြင့် ဒီလိုနေရာမျိုးကို ပြန်ရောက်လာကြပြန်သည်။ မိသားစုတို့သည်၎င်း အိမ်သူ ဇန်ီးမယားတို့သည်၎င်း နိုင်ငံရပ်ခြားမှ ရသည့် ၀င်ငွေမျိုးကိုသာ အလိုရှိကြသည်။ ကိုယ့်နိုင်ငံထဲ လုပ်သည့် ၀င်ငွေသည် တစ်ဝမ်းတစ်ခါး ပင်အတော်ညှိယူရသည့် အခြေအနေရှိသည်။ အိုးပိုင်အိမ်ပိုင်များမရှိလျှင် လောကဓံထဲ ယက်ကန် ယက်ကန်နှင့် ပက်လက်မျှောလိုက် မှောက်ခုံမျှောလိုက် အလျင်သင့်သလို စီးဝင်မျှောပါကြရသည်။
         
          ရပ်ဝေးမှာ နေကြသည့်သူများက မိသားစုနှင့်အတူတကွ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းလိုကြသည်။ သူတို့၏ အထီးကျန်ဆန်မှုကို သူတို့လိုမျိုး သွားရောက်အလုပ်လုပ်ဖူးမှသာ သိရှိနိုင်ကြသည်။ နောက်ကွယ်မှ မိသားစု ဇနီးမယားတို့ကလည်း နိုင်ငံရပ်ခြားမှ ၀င်ငွေတို့ကိုသာအလိုရှိကြသည်။ မြန်မာပြည်ထဲနေ ဒီလောက်ပိုက်ဆံဘယ်ရမလဲ ။ နိုင်ငံရပ်ခြားသို့သာ အတင်းလွတ်ကြသည်။ ပိုပြီးဆိုးရွားလှသည့် အဖြစ်များလည်းရှိသည်။ ရပ်ဝေးမှနေသူတို့သည် ကိုယ့်နေရပ်သို့ ပြန်ရောက်သောအခါ ကိုယ့်မိသားစုသည် ဒုံရင်းက ဒုံရင်း ဘာမှလည်းမဖြစ် ဘာမှလည်း မစု ဘာမှလည်း မတွေ့ လက်ကြီးဗလာဖြင့် တွေ့လိုက်ကြရသည်အခါ ရင်ကွဲပက်လက်များဖြစ်ကြရသည်။ နိုင်ငံရပ်ခြားတွင် ဘယ်လောက်ခက်ခဲစွာ စိတ်ဖိစီးစွာနေခဲ့ရလည်း ကိုယ်တိုင်သိကြသည်ပင်။ ဒီလိုဖြတ်သန်းပြီး ရလာသည့် ရလဒ်သည် ဘာမှ မရှိဟုဆိုသည့်အခါ စိတ်ဓာတ်ကျဆင်းသွားလေတော့သည်။

          ပြည်တွင်းမှ မိသားစုများကလည်း နေထိုင်စားသောက်စားရိတ်ကြီးသည်။ မည်သို့ပင်ခြွေတာစေကာမူ  ကုန်ကျ စားရိတ်များသည်။ ကျွန်မတို့သည် ကိုယ့်ဘ၀ ကိုယ့်ကံဟု ဆိုရမည်လေလား။ ထိုသို့လဲ လွဲမချချင်မိပေ။ အလုပ်လုပ် နေပါလျှက် ကြိုးစားနေပါလျှက် ရလာဒ်ကို မတွေ့ရသည်အခါ မခံချင်စိတ်လေများဖြစ်လာမိသည်။ ကျွန်မအလုပ်လုပ်နေသည့် ကျွန်းနိုင်ငံသေးသေးလေးတောင်မှ ဒီလိုအခြေအနေ အဆင့်အတန်းရနေလျှင် ကျွန်မ၏ မိခင်ရင်းနိုင်ငံသည် ဘာကြောင့် ဒီကျွန်းနိုင်ငံလေး၏ ခြေဖျားတောင် မမှီရသနည်း။  ထိုသို့အကြိမ် ကြိမ် တွေးမိလိုက် တိုင်း ဆစ်ကနဲ ဆစ်ကနဲ နာကျင်သွားတတ်သည်။


          ဒီကျွန်းနိုင်ငံလေးမှ လှည့်ပြန်သွားဖို့ ချန်ထားရစ်ခဲ့ဖို့ ကျောခိုင်းခဲ့ဖို့ကို မည်သို့ပင် ကြိုးစားနေစေကာမူ ဒီမိုး ဒီရေ ဒီလေ နှင့်တော့  ရွက်လွင့်လို့မှ လိုရာမပေါက်နိုင်ဟူသည့် ရာခိုင်နှုန်း ပိုများနေခဲ့သည်။ အနာဂတ်သည် ခပ်နက်နက်တူးလေ အရာမထင်သည့် ဂလိုင်ပေါက်ကြီးသာ ဖြစ်လေလေ။ ဘယ်ချိန် ဘယ်မျှ ဘယ်အခါကျမှများ လှပသော ဒီဇင်ဘာညတစ်ညကို ကိုယ်ချစ်ခင်သော သူများနှင့် ဖြတ်သန်းနိုင်ပါ့မလဲ။ မျှော်လင့်ရသည်မှာလဲ မျှော်လွန်းလို့ လင့်လှပြီ။ ခပ်ရေးရေးမျှပင် မမြင်ရသေး။ ဒီဇင်ဘာသည် လှပစွာဆိတ်ငြိမ်နေသော်လည်း ကျွန်မအတွက် တော့ဖြင့် ရှေ့ဆက်လျှောက်ရမည့် အနာဂတ်အရေးအတွက်  အတွေးပွားစရာ ဖြစ်နေပြန်သည်။

          ဒီဇင်ဘာသည် အသက်အရွယ်အရ တစ်နှစ်ကြီးရင့်သွားပြီဆိုသည့် အကြောင်းကို သတိချပ်မိသည်။  ဘာမှ ဖြစ်မလာသေးသော ဘ၀ကို သတိပြုမိသည်။ အထီးကျန်ဆန်မှုတွေ ပိုပြီးသိပ်သည်းလာသည်ကို သိလာရသည်။ မျှော်လင့်ချက်တို့သည် တစ်ဖြည်းဖြည်း မှေးမှိန်လာနေသလို ခံစားရသည်။ ပြီးခဲ့သော ဖြတ်သန်းခဲ့သော အချိန်တို့ကို နှမျောတမ်းတမိသည်။ လက်ဝယ် ပိုင်ပိုင် ဆုပ်ကိုင် မထားနိုင်သော အနာဂတ်အတွက် အားလျော့လာသည်။ ကိုယ်ချစ်ခင် တွယ်တာရသောသူများ၏ လက်တို့ကို ဖမ်းဆုပ်မထားနိုင်သည်နှစ် တစ်နှစ် တိုးလာပြန်ပြီဟု ရေတွက်ရလေသည်။ အိမ်ပြန်ချိန်တွေကို လှမ်းလို့သာ မျှော်ကြည့်ရင်း စိမ့်ကနဲ အေးလာသည့် ဒီဇင်ဘာ၏ အအေးဒဏ်ကို ကာကွယ်ရန်အလို့ငှာ အနွေးထည်ထူထူမှ ဇစ်ကိုသာ မေးစေ့ရောက်သည်အထိ ဆွဲတင်ပစ်လိုက်သည်။ 

   ကဲ .... နင်ကပဲ အေးခဲနိုင်မလား ငါ.....ကပဲ တင်းခံနိုင်မလားပေါ့။ 

 ....
ဒီဇင်ဘာ သရုပ်ဖော်ပုံလေးကိုတော့ google ကနေရှာဖွေ အသုံးပြုထားပါတယ်။  ချစ်သော မောင်နှမ များ အားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင့်။ 



----

Sunday 6 December 2015

သည်.. အခန်း (၂)



          တစ်နေ့ပြီးတစ်နေ့ မှောင်မိုက်နေသည့် အခန်းထဲတွင် သူမ၏ ဘ၀သည် အင်အားတို့ လျှော့ကျလာလေပြီ။ ငါ ပစ္စည်း ငါ့ဥစ္စာတွေကို ထားခဲ့ရတော့မှာပါလား။ အမှန်စင်စစ်မူ သူမသည် ထိုပစ္စည်း ဥစ္စာတို့ဖြင့် မခွဲခွာချင်သေးပေ။  သူမငယ်ငယ်က ငွေသည်သာအဓိကဟု ထင်ခဲ့သည်။ အပျိုကြီးတစ်ယောက် အိမ်ထောင်မရှိသူ လွတ်လပ်သော မိန်းမ တစ်ယောက်အနေနှင့် အသက်ကြီးလျှင်ငွေရှိမှဖြစ်မည်။ အိုစာ မင်းစာကို လောဘကြီးစွာ ရှာဖွေစုဆောင်းခဲ့သည်။ ယခု တိတယအရွယ်ဝင်စမှာပင် သူမသည် အိပ်ယာထဲ ဗုန်းဗုန်းလဲခဲ့ရပြီ။ အိုကြီး အိုမနှင့် သူများ မှီခိုပြီး အသက်ရှင်ရ သည့်ဘ၀ ရောက်ခဲ့ရပြီ။ သူမအတွက်နေ၀င်ချိန်တို့သည် သိပ်စောလွန်းနေသေးသည်။ စီးပွားရေးကို တူမတော်မိသီထံလွဲပေး ကိုယ်တိုင်က တရားဓမ္မကိုသာအားထုတ်သွားတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည့် အချိန်ကျခါမှ သူမသည် မလှုပ်နိုင်မရှားနိုင် ဂီလာန လူနာတစ်ယောက်အနေဖြင့် သည်မှောင်မိုက်နေသည့် အခန်းလေးထဲတွင် ကမ္ဘာတစ်ခုတစ်ဖွယ် အသက်ရှင်ရုံမျှ ရှင်သန်နေရသည်။

          အမှန်ဆိုလျှင်  သည်ဝဋ်ကြွေးမှ လွတ်ချင်လှပြီ။ အိပ်ယာပေါ်ကြီးကျောခင်းလို့ လှဲနေရဖန်များလာသည့်အခါ  အပူလောင်လျှက် ကျောဘက်တွင်အနာအသေးလေးများဖြစ်လာသည်။ အခန်းသည်မှောင်မိုက်လျှက် မသန့်ရှင်းသည့် အတွက် အနာအသေးမှ အနာများကြီးလာကြသည်။ ကျောသည်ပူရုံမျှမက နာကျင်နေရသည်။ နာပါသော်လည်း ဘေးတစ်ခြမ်းစောင်းအိပ်မိသည်အခါ အရိုးပြိုင်းပြိုင်းဖြစ်နေသော အရိုးနှင့်ထောက်အိပ်ရသည့်အတွက် သည်းစွာနာကျင် ခံစားရပြန်သည်။ နာလျှင်နာသည်ဟုမှတ်ဆိုသည့် တရားသဘောကိုသိပါသော်လည်း လက်တွေ့တွင်မူ အမှတ်ခက် လှသည်။ တစ်ခါတစ်ရံ တူမတော်မိသီ မိမိကို ပြောဆိုဆက်ဆံနေသည့် ပုံစံကိုကြားရမြင်ရ သည့်အခါ ဒေါသမီးတောက် လောင်လှသည်။ ဒေါသသည် တစ်ရက်လည်းမပြေ နှစ်ရက်လည်းမပြေ စိတ်တွင်းမှ နာကြည်းမှုသည် တင်းမာသော “တောက်” ခေါက်သံ အဖြင့် ပြောင်းလဲထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် မာသည် တင်းသည် မာန် ပါလှသည်။ နှစ်ရှည်လများ အိပ်ယာထဲလှဲနေသည့် မီးစာကုန်ခါနီး လူမမာတစ်ယောက်၏ အသံဟုဆိုလျှင် ယုံနိုင်ဖွယ်ရာမရှိပေ။

          မိသန်းလာသည့်အချိန် တရားခွေလေးများဖွင့်ပေးသည့်အခါ စိတ်သည်တရားကိုလိုက်မှတ်နေရင်း တစ်ခါပြန် လည် ငြိမ်းချမ်းပြန်လေသည်။ ဧည့်သည်လိုပင် ခဏလာ၍ခဏဆို ပျောက်သွားသည့် တရားဖြစ်နေသည်။ သေချင်းတ ရားကို တွေးမိပြီး ကြောက်ရွံတုန်လှုပ်မိသည့်အခါ  နှုတ်မှ ရသမျှ ဘုရားစာတို့ကို ရွတ်ဆိုမိပြန်သည်။ သူမ၏ဘ၀သည် သေဆိုသော်လည်း မသေရဲ ရှင်ဆိုသော်လည်း နေသာသည့်ဘ၀မဟုတ်။ စိတ်သည် အတိတ်က ရွှေထီးဆောင်းခဲ့သည့် ဘ၀ကို အပြေးအလွှား ပြန်ရောက်ရှိသွားခဲ့သလို ခုကျတော့ရောဆိုသည့် အတွေးတို့ပြန်ဝင်လာသည့်အခါ ခန္ဓာကိုယ်သည် အေးစက်တောင့်တင်းလျှက် ချွေးတို့ဖြင့်ရွှဲနှစ်နေတတ်သည်။ ထိုအချိန်မျိုးတွင် သူမသည် ငါသေတော့ မည်ထင်သည်ဟု တွေးကြံမိသည့်အခါ မာန်သည်ပြန်တင်းပြန်လေသည်။ ဟင့်အင်း မသေနိုင်သေးဘူး ငါရှာထားတဲ့ ပစ္စည်း ငါ့ဥစ္စာ ငါမှ မသုံးရသေးပဲ။ ငါ့စီးပွားရေး စိတ်မချဘူး စိတ်မချဘူး ထိုသို့ဖြင့် အသက်ကို အလုအယက်ဝအောင် ရှုသွင်းရှုထုတ်ပြန်လေသည်။ ထိုသို့ဖြင့် သူမသည် နေ့လား ညလားမကွဲပြားသော သည်အခန်းလေးထဲတွင် လူသက် တစ်ရက်ပိုရှည်ပြန်လေသည်။

          သူမသည် ထိုကဲ့သို့ လူသက်တစ်ရက်ပိုရှည်နေသည်ကိုပင် ၀မ်းသာနေလျှက်ရှိသည်။ ဤသည်ကို ဒုက္ခဟု ရေရာသေချာစွာမသိနိုင်သေးပေ။ သူမပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို သုံးပင်မသုံးစွဲရသော်လည်း ငါပိုင်သည့်ပစ္စည်း ငါ့ဥစ္စာဟူသည့် အစွဲသည် မပျက်နိုင်သေးပေ။

  “ကျွီ”

ဟော တံခါးဖွင့်သံ မိသန်းပါလား။ ပီတိကြောင့် သူမ၏မျက်နှာသည် ပြုံးရိပ်သန်းသွားသည်။ မိသန်းသမီးလေးလည်း ပါလာသည်။ သြော် …သူမသည် မိသန်းကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့် ရပြန်ပြီ။

“ကြီးကြီးသိမ့် နေလို့ကောင်းရဲ့လား”

 မိသန်းသမီးလေး၏ ချိုသာသော အပြုံးလေးနဲ့ မေးသံသည် သူမ၏စိတ်ဘ၀င်ဝယ် အေးမြလွန်းနေပြန်သည်။ သြော် ငါ့ရဲ့ မြေးမကလေး သမီးလေးသာဖြစ်လိုက်လျှင် မည်မျှလောက်ကောင်းမည်နည်း။ ငါ့ဘ၀ခုလိုနေရမည်မဟုတ်။ အသံမထွက်နိုင်သည့် သူမ ခေါင်းကိုလှုပ်သည်ဆိုယုံလေးမျှသာ ညိမ့်ပြမိလိုက်သည်။ မိသန်းကတော့ ထုံးစံအတိုင်း အခန်းတံခါးတွေဖွင့် သန့်ရှင်းရေးလုပ် တရားခွေလေးဖွင့်ပေးထားပြန်သည်။ ကလေးမလေးသည် သူမကို မုန့်အနည်း ငယ်ခွံကျွေးလိုက် ရေအနည်းငယ်တိုက်လိုက်နှင့် အလုပ်ရှုပ်လျှက်ရှိသည်။ သူမသည် ကလေးမလေး ခွံကျွေးသည့် မုန့်အရသာထက် ကြင်နာခြင်းဆိုသည့် စိတ်အရသာအား ပိုပြီးခံတွင်းတွေ့လျှက်ရှိသည်။ အရင်ရက်တွေက ခြောက်ကပ် ကပ်နိုင်လှသော သူမ၏ ဘ၀ကြီးသည် သည်နေ့တွင်တော့ ပြန်လည်စိုပြေလာပြန်သည်။ စိတ်သည်အေး ၍ ကြည်သော အခါ တရားတော်သည် စိတ်နှလုံးထဲဝယ် ညင်ညင်သာသာ ငြိမ့်ညောင်းစွာဖြင့် စီးဆင်းပြန်လေသည်။ ထိုခဏတွင် သူမ၏ စိတ်ထဲ အလှုတစ်ခု ပြုလုပ်ချင်မိသည်။ သူမထံတွင် လှူစရာဘာမျှမရှိ။ စိတ်ကိုအနိုင်နိုင် ဖမ်းဆုပ်မိသောအခါ သူမ၏ နားမှ နားကပ်ကို သတိရလိုက်မိသည်။ တူမတော်မိသီက အစတွင်တော့ ချွတ်ဖို့ကြိုးစားသေးသည်။ နားမှ သွေးထွက်ကာ အသည်းအသန်ရုန်းကန်အော်ဟစ်နေသော သူမကြောင့် လက်လျှော့သွားခြင်းဖြစ်သည်။

 ယခုမိသန်းတို့ရှိနေတုန်း အလှူတစ်ခုမျှ စီစဉ်ခိုင်းလျှင် ကောင်းလေစွ။ အတွေးဖြင့်လက်ကိုမလျှက် နားမှ နားကပ်ကိုဖြုတ်ပေးရန် ကလေးမကိုတောင်းဆိုမိသည်။

“ကြီးကြီးသိမ့် နားကပ်ဖြုတ်ခိုင်းတာလား။”

သူမ၏ ခေါင်းအညိမ့်တွင် ကလေးမသည်ငြင်သာစွာ နားမှ နားကပ်ကိုဖြုတ်ပေးလေသည်။ ဖြုတ်ထားသည့် နားကပ်ကို လက်တွင် ကိုင်ဆုပ်ထားလျှက် မိသန်းကို မျက်လုံးအကြည့်ဖြင့် လှမ်းခေါ်မိသည်။

          “မေမေ ကြီးကြီးသိမ့် ပြောစရာရှိတယ် နဲ့တူတယ် ”

  မိသန်းလက်ထဲ နားကပ်လေးကိုထိုးထည့်ပေးရင်း သူမနှုတ်က အားယူကာလေသံမျှဖြင့် “အလှူ ” ဟူသည့် ဆိုစကား ကို အားတင်းပြောယူရသည်။ မိသန်း အနားနားကပ်ခါ နားထောင်ရင်း သဘောပေါက်သွားပုံရသည်။
          “မိသန်း သန်ဘက်ခါလောက် မမသိမ့်ဖြစ်စေချင်သလို အလှူလာလုပ်ပေးမယ်နော်.”

          “ကျွီ”

 တံခါးဖွင့်သံကြောင့် လှမ်းကြည့်လိုက်လျှင် တူမတော်မိသီသည် အခန်းထဲ ၀င်လာရင်း

          “ဒီမှာ ဒေါ်လေးနားက နားကပ်ကို ဒီသားအမိ ကိုဖြုတ်ပေးလိုက်ရအောင်  ဒေါ်လေးနှင့် ဘာတော်နေလို့တုန်း ဟောဒီက မိသီကမှ တူမအရင်းပါ ဒေါ်လေးရဲ့။ အဲဒီနားကပ် ဘယ်လောက်တန်လဲ ဒေါ်လေးသိတယ်မဟုတ်လား။  နားကပ်ထဲက စိန်အရည်သန့် တစ်လုံးတည်းနဲ့တင် ဒီသားအမိ သူဌေးဖြစ်လောက်တယ် ဒေါ်လေးရဲ့ ..  ထင်တယ် ဒီသားအမိ အလာစိပ်နေထဲက ဒါမျိုးလိုချင်လို့ဆိုတာ သိပြီးသား ဒါကြောင့် စောင့်ကြည့်နေတာ. တော်သေးတာပေါ့ အိမ်ဖော်ကောင်မလေး အမြန်လာပြေးပြောပေလို့ ”

          ထိုစကားတို့ကိုကြားလိုက်ရသည့်ခဏတွင်ပင် သူမ၏ နှလုံးခုန်သံတို့သည် ပိုပိုမြန်လာသည်။ ရေသောက်ချင်သည့်အချိန် ဘဲလ်တီးခေါ်သည့်အခါ မကြားသော မလာသော သူများသည် ယခုမူ အသံမထွက် တိုးတိုးတိတ်တိတ်အမှာစကားတို့ ကြားနိုင်စွမ်းကြသည် မြင်နိုင်စွမ်းကြသည်။ အရိုးကျနေသည့် ရင်အစုံ သည် နိမ့်ချီ မြင့်ချီ။ အသက်ရှုကြပ်လာသည်။ အမြင်တို့ေ၀၀ါးလာသည်။ ခန္ဓာကိုယ်သည် အေးစက်လာသည်။

          “ကြီးကြီးသိမ့် သတိထားလေ သတိထား ကြီးကြီးသိမ့်ဖြစ်ချင်တဲ့ အလှူမလုပ်ရသေးဘူးလေ.”

“မမသိမ့် မနက်ဖြန် ဘုန်းကြီးပင့်ခဲ့မယ်နော်.. အလှူလုပ်ပေးမယ်။”

 ဟုတ်တယ် အလှူမလုပ်ရသေးဘူး ငါသေလို့မဖြစ်ဘူး။ စိတ်ကို တစ်ခါပြန်တင်းမိပြန်သည်။ မိသန်းသည် သူမ၏လက်ထဲသို့ နားကပ်လေးပြန်ထည့်ပေးသည်။

          “ရော့ မမသိမ့်ရဲ့ နားကပ်ကို သေချာပြန်ယူထား မနက်ဖြန် ဘုန်းကြီးပင့်လာတော့မှ ကိုယ်တိုင် လှူနော်။ ဒီည မိသန်းတို့ သားအမိ ဒီမှာပဲ အိပ်မယ်နော်..စိတ်ချ နေကောင်းအောင်သာနေ ရတယ်မဟုတ်လား မမသိမ့်”

သူမသတိကပ်ခါ လှုပ်သည်ဆိုရုံမျှ ခေါင်းညိမ့်ပြလိုက်သည်။ မိသန်းသည် တူမမသီကို အခန်းပြင်သို့ ခေါ်ထုတ်သွား သည်။

  “၀ုန်း”

အခန်းတံခါးပြန်ပိတ်သံကို သူမကြားလိုက်ရသည်။ အခန်း၏အပြင်တွင် မိသန်းနှင့် တူမမိသီတို့ ဘာပြောကြမည် သူမ မသိ။  သည်ညအဖို့ မိသန်းတို့ သားအမိရှိနေသဖြင့် သူမအားတက်မိသည်။ ငါ ဒီနေ့ညကိုမှ အသက်ရှိလျှက် ဖြတ်သန်းနိုင်ပါ့မလား။တရားခွေမှ တရားသံတို့သည် သူမ၏နားစည်ထဲ ရိုက်ခတ်ဝင်လာပြန်သည်။ သူမ အလှူကို ကိုယ်တိုင် လှူတန်းချင်သေးသည်။ ရှိသမျှစိတ်တို့ကိုလျှော့ချထားလိုက်ရင်း အတွေးတို့ကို လက်စသိမ်းလျှက် တရားသံထဲ စီးမျောနိုင်အောင် ကြိုးစားမိသည်။ ခန္ဓာကိုယ်အတွင်းတွင် မီးများလှိုက်လှောင်နေသလို ခံစားရသည်။ ခြေဖျား လက်ဖျားတို့သည် တစ်ဖြည်းဖြည်း အေးစက်လာနေကြသည်။ ထိုခဏတွင် မျက်လုံးတို့သည် ပြာဝေလာလိုက် အသံတို့သည် နီးလာလိုက်ဝေးသွားလိုက် သတိရတစ်ချက် မရတစ်ချက် သိသလိုလို မသိသလိုလို တစ်ခါတစ်လေ မည်းမှောင်နေလိုက် တစ်ခါတစ်လေ လင်းထင်းလာလိုက် ဒီတောင်ကို သူမ မကျော်နိုင်တော့ပြီ။

          “ကျွီ”   

ဟော. ဒါ သူမကျွမ်းဝင်နေကျ အသံ သူမ၏ အခန်းတံခါးအားဖွင့်သည့်အသံ။ စွဲသောစိတ်သည် သတိကို ပြန်ကပ်မိပြန်သည်။ မိသန်းသည် သူမ၏ အခန်းတံခါးကို ဖွင့်ဟကာထားသည်။ ထို့နောက် သူမအနားသို့လာကာ
         
          “မမသိမ့် အခန်းအပြင်မှာ ဘုန်းဘုန်းတို့ရောက်နေပြီနော်။ နားကပ်ကို မိသန်းသွားလှူပေးမယ်။ တံခါးဖွင့် ထားခဲ့မယ်။ မမသိမ့် ဘုန်းဘုန်းတို့ကို မြင်တယ်နော်။ ဒီနေရာကနေ တရားနာပြီး သာဓုခေါ်နော်.. ”

          သူမနှုတ်ခမ်းလှုပ်ရုံမျှ အသိအမှတ်ပြုသည်။ သူမ၏ လက်ထဲမှ နားကပ်လေးကို မိသန်းလက်ထဲ ထည့်ပေးလိုက်သည်။ မိသန်းယူပြီးအခန်းပြင် ပြန်ထွက်သွားသည်။ သာယာအေးမြသော တရားဟောသံသည် သူမ၏ စိတ်ဘ၀င်ဝယ် ငြိမ့်ညောင်းစွာစီးဆင်းပြန်သည်။ စိတ်အစဉ် ၀ယ် ပီတိဇောအဟုန်သည် အေးချမ်းစွာ နေရာဝင်ယူလာသည်။ သူမလက်အုပ်ချီဖို့ ကြိုးစားသည်။  လောက၀ယ် မပိုင်ပိုင်အောင်ကြိုးစားခဲ့သမျှ နောက်ဆုံးတွင် ဗလာဖြစ်သော လက်ချည်းသက်သက်ပင်လျှင် သူမ မပိုင်ပါလေ။ လက်အုပ်ချီဖို့ ကြိုးစားမှုသည် အရာမထင်။ ငါ၏ လက်ကိုလည်း ငါမပိုင်နိုင်တော့ပါလား။ သြော် နောက်ဆုံးတော့လည်း ကိုယ်ဘာမှ မပိုင်သည့်အရာတွေ အတွက် ငါ ပိုင် ငါဆိုင်ဖို့ . ကြိုးစားခဲ့တာပါလား။

 သူမ၏ နေ၀င်ချိန်လား။ သည်တစ်ချိန် အေးချမ်းမှုလေးကနေ သူမပြန်ပြီး မပူလောင်ချင်တော့ပေ။ အားလုံးကို သူမလွှတ်ချခဲ့ချင်ပြီ။ အမျှဝေသံ ကြားလျှင် အသိကိုစုကာ သာဓု ခေါ်မိသည်။  ထိုခဏတွင် သူမ၏ အရင်က မည်းမှောင်နေခဲ့သော အခန်းသည် ကြည်သောအဆင်းဖြင့် လင်းနေသည်။ သူမသည် ပြင်းထန်စွာသော ရောဂါဝေဒနာ၏ နာကျင်ခံစားနေရခြင်းမှ လွတ်မြောက်ခဲ့လေပြီ. သူမသည် ပေါ့ပါးနေသည်။ သူမသည် လေးလံသောအရာအားလုံးကို လွှတ်ချခဲ့ပြီ။ ဘာဆိုဘာမျှ မရှိ. မပိုင်ဆိုင်ရခြင်းသည် အေးချမ်းလိုက်တာဟု သူမသိရှိခဲ့ပြီ။ ပီတိအဟုန်ဖြင့် သူမ၏မျက်နှာသည် ပြုံးနေပြန်သည်။ သည်အခန်းထဲမှ လွတ်မြောက်သွားခဲ့လေပြီ။ သည်အခန်းကား ..သူမအတွက် သံဝေဂရစရာ ကမ္ဘာတစ်ခုဖြစ်ခဲ့ သလို ဒေါသမီး မောဟမီး လောဘမီးတို့ လှောင်မြိုက်ခဲ့သေးသည်။ နောက်ဆုံးတွင်တော့ ..

 သူမသည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်မိခဲ့ပြီ။ သတိကို အသိရှိသည့်တစ်ခဏ၀ယ် သတိကို လက်ကိုင်ထားကာ ညဏ်ကိုအသုံးပြုပြီး ချုပ်ငြိမ်းရာအမှန်ကို သူမလျှောက်လှမ်းနိုင်ခဲ့ပြီဟုသာ ထင်မြင်မိတော့သည်။  
          

*******
 ည်.. အခန်း (၁) ကို ဖတ်လိုကျြှင်ဖြင့် ပေးထားသည့် Link လေးကို click  နှိပ်ပြီး ဖတ်ရှုနိုပါတယ်ရှင့်။

သည်.. အခန်း (၁)

 

ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ 


Tuesday 15 September 2015

ပြည်သူတစ်ယောက်၏ အမြင်



 ပထမဆုံးကျွန်မ၀န်ခံထားပါရစေ။ ကျွန်မနိုင်ငံရေးအကြောင်း ဘာတစ်ခုမျှ မသိပါ။ လုပ်လဲမလုပ်ဖူးပါ။ ယခု ကျွန်မရေးသောစာ အမြင် သဘောတရားတို့သည် ဖိနှိပ်ခံပြည်သူတစ်ယောက်အနေနှင့်သာ ရေးမိခြင်းဖြစ်ပါသည်။ ဒီလို အကြောင်းအရာ ဒီလိုပို့စ်မျိုးကိုလည်း ပထမဆုံးအကြိမ် ရေးမိခြင်းဖြစ်ပါသည်။ ရေးဖို့လည်း တော်တော်စဉ်းစားခဲ့ ရသည်။ မသိပဲ ဘာလို့ရေးသလဲဟုမေးသော် အဖြေရှိပါသည်။ ကိုယ်မွေးဖွားရာ ဇာတိအမိမြေကြီးအတွက် စိတ်ထဲမှာ ခံစားရလွန်းလို့ ရေးပါသည်။ မြိုသိပ်မထားနိုင်၍ ရေးပါသည်။ ပေါက်ကွဲလာ၍ ရေးပါသည်။ ဒုတိယအကြိမ် ကျွန်မထပ် ပြီးပြောပါမည် ယခုရေးသောစာသည် ဖိနှိပ်ခံပြည်သူတစ်ယောက် အနေနှင့်သာ ရေးပါသည်။ 


          ဟိုးအရင်ကဆိုလျှင် ဆန္ဒပြသူများကို ကျွန်မမုန်းပါသည်။ သည်လူတွေအားနေလို့ လမ်းပေါ်ထွက်တာနှင့် ကျွန်မတို့လို အခြေခံလူတန်းစာတွေကို ဒုက္ခရောက်ရသည်ဟုတွေးသည်။ သည်လူတွေလုပ်လို့ တက္ကသိုလ်ကျောင်း တက်ဖို့ ၃ နှစ်ကျော်ကျော် လေးနှစ်စောင့်လိုက်ရသည်။ ဗေ ဂျိ ဆိုထိပြီးဟ ဆိုသည့် လူအတန်းအစားထဲတွင် ပါသည့် အားလျော်စွာ တော်၏ရော်၏ အဝေးသင်လေးနှင့်သာ ကျေနပ်လိုက်ရသည်။ ဘာတတ်ဆို ဘာမျှမတတ်။ ကြိုးစားချင် သည့် လူငယ်တစ်ယောက်၏ ဘ၀တွင် တက်လမ်းဟူသမျှ အကုန်ပိတ်နေသည်ဟု ခံစားခဲ့ရသည်။ နိုင်ငံကလှုပ်လှုပ်ဆို လျှင် တတ်နိုင်သည့်လူတွေက ဆန်တွေပိုဝယ် ဆီတွေပိုဝယ်။ အိမ်မှာလှောင်ထား။ စီးပွားရေးသမားကြီးများကလည်း ကုန်ဈေးနှုန်းကို လိုချင်သလောက်တက်လိုက်ကြသည်။ ဒီနေ့ပိုက်ဆံရှာ မနက်ဖြန်သုံးရသော ကျွန်မတို့လို အခြေခံ လူတန်းစားများအတွက် ဆန်လဲ ပိုမ၀ယ်နိုင် ဆီလဲ ပိုမ၀ယ်ထားနိုင်ဖြင့် တက်ချင်သလောက်တက်ထားသော ဈေးနှုန်းနှင့် သာ တစ်နေ့စာတစ်နေ့ဝယ်ခဲ့ရသည်။ အရင်က ဘဲဥဟင်းချက်စားနိုင်လျှင် ထိုအချိန်ဆို ကန်ဇွန်းရွက်ကြော်နှင့် ငါးပိ ရည်ဖျော်တစ်ခွက်သာ ဟင်းဖြစ်တော့သည်။
         
        
    အလုပ်များနားလိုက်ရလျှင် ငါတို့မိသားစုတော့ ဒုက္ခဟု တွေးပြီးသောကပွားရသည်။ အလုပ်နားရလျှင် ၀င်ငွေ မရှိ။ ၀င်ငွေမရှိလျှင် ဒီနေ့မလုပ်ရ နောက်နေ့ ဘာနှင့်စားရသောက်ရမည်နည်း။ ငတ်ပေတော့မည်။ တွေးရင်း ဒေါသတွေထွက်သည်။ ကိုယ်တွေမှာ စားရေး နေရေး ၀တ်ရေး ရုန်းကန် မအားလပ်ရသည့် ကြားထဲ. ဒီလိုဟာတွေကြောင့် ဒါတွေဟာ လမ်းပေါ်မှာ ထွက်ပြီး ဆန္ဒပြသူများကြောင့်ဟု မြင်သည်။ နိုင်ငံရေးလုပ်သူများ၏ မိသားစုများသည်လည်း ရတက်မအေးရပေ။ နိုင်ငံရေးက လှုပ်လှုပ်ဆိုလျှင် သူတို့အိမ်ရှေ့ ကားတစ်စီးထိုးဆိုက်လာကာ ထိုသူအားခေါ်ဆောင်သွားလေ့ရှိသည်ကို မြင်ရတတ်သည်။ မိသားစုများကလည်း မျက်ရည်လေးဝဲ၀ဲ။ ကိုယ့်အိမ်ရှေ့ ကိုယ့်မျက်စိရှေ့ဖြစ်သော်ကြောင့်  မကြည့်ပဲ မြင်နေရသည်။ အမှန်ဆို ထိုနိုင်ငံရေးလုပ်သူကြီးသည် ဖခင်တာဝန်လည်းမကျေ။ ခင်ပွန်းတာဝန်လည်းမကျေ။ ဇနီးဖြစ်သူ မှာ ၀မ်းရေးလဲ ကိုယ့်ဘာသာကိုယ်ရှင်း သားရေးသမီးရေးလဲ ကိုယ့်ဘာသာကိုရှင်း ဒီလိုအညိမ့်သားထိုင်စားပြီးတော့ များ ဇနီးကို စိတ်ဆင်းရဲအောင် လုပ်ရက်လေတယ်ဟု ကျွန်မတွေးသည်။

         
          ည ၈ နာရီသတင်းလာလျှင် ဘယ်နားမှာ တံတားကြီးဖွင့်လိုက်ပြန်ပြီ။ သီချင်းတွေဆိုလို့ ဇာတိမာန်တွေ ထက်ပြနေလိုက်တာ မြန်မာ့ရုပ်မြင်သံကြားကမြင်နေရသည်။ ဘယ်ဝန်ကြီးကဖြင့် ဘယ်နေရာသွား ဘယ်လိုညွန်ကြား ခဲ့သည်။ မြန်မာ့သတင်းစာဆိုလဲ ယူဖတ်ကြည့် ခေါင်းစီးပိုင်းက ဒါတွေကြီး။ ကိုယ်တိုင်ကလည်း ကိုယ့်အရေးသာ စိတ်ဝင်စားသည်။ ကိုယ်လုပ်မှ ကိုယ်စားနိုင်မှာ ကိုယ်ရှာမှ ကိုယ်ဝတ်နိုင်မှာ ဒါကပထမ။ အရေးကြီးတာက စီးပွားရေး လုပ်ကိုင်စားရနေဖို့သာအဓိက ဘယ်သူပဲတက်ပြီး အုပ်ချုပ်နေနေ ကိုယ့်အရေးမဟုတ်ဘူး။ ဘယ်သူပဲတက်လာ တက်လာ ဒီလိုပဲ သူတို့ရဖို့သာ စားဖို့ သောက်ဖို့ ၀ါးတီးဖို့သာ လုပ်ယူကြမှာပဲ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့် အကြောင်းကိုယ်တွေး ကိုယ့်ဘ၀ ကိုယ်သိဖို့သာအရေးကြီးသည်။ ကံသာလျှင် အမိ ကံသာလျှင်အဖ သြော် ငါကိုယ်က ကံမကောင်း အကြောင်းမလှလိုက်တာ ငါ့ဘ၀ကိုက ဆိုးလိုက်တာ။

အဲဒီလိုတွေးခဲ့မိသော ကိုယ့်ကိုယ်ကို ယခု အတော်ကြီး ရှက်မိသည်။

ငါတော်တော်လေး ညဏ်နည်းခဲ့ပါလား ငါတော်တော်လေး ယုတ်ညံ့ခဲ့ပါလား ငါတော်တော်လေး အသိညဏ် ခေါင်ပါးခဲ့ပါလား တစ်ကိုယ်ကောင်းဆန်ခဲ့တာပါလားဟု အတော်ကြီး အရှက်ရမိသည်။ ကျွန်မတို့ အသိညဏ်တွေ ပွင့်ဖို့လိုပြီ။ ကျွန်မတို့ ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ ကျွန်မတို့ ရုန်းထွက်ဖို့ အချိန်တန်ပါပြီ။ ကျွန်မတို့မှာ လျှောက်စရာလမ်းတွေ မရှိတော့ပါဘူး။ လမ်းတွေပိတ်နေခဲ့ပြီ။ ဒီလိုအချိန်မှာမှ မရုန်းထွက်ခဲ့လျှင် နောင်ရုန်းထွက်ဖို့ အခွင့်အရေးဟာ အတော်ကြီးကိုရှားပါးသွားပါလိမ့်မည်။ အခုအချိန်မှာ ရှေ့က လမ်းဖောက်သူကလဲ အားနဲ့အင်နဲ့ ဖောက်နေပြီ ကျွန်မတို့ကလဲ နောက်ကလိုက်ဖို့လိုနေပါပြီ။ ဒီလောက်နှစ်တွေချီပြီကြာအောင် ကာရံထားတဲ့ ဒီတံတိုင်းကြီးကို လူနည်းစုလေးနဲ့ ဖြိုနေရင် အချိန်ကြာသလို လမ်းလဲ မပေါက်လောက်ပါဘူး။ ဦးဆောင်မယ့်သူရှိတုန်း ချီတက်မယ့်သူရှိတုန်း ကျွန်မတို့ တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အင်အားလေးတွေကို အသုံးချလိုက်ကြရအောင်။

ဘာသာရေးကို ဗန်းပြပြီး အမြင်စောင်းအောင်လုပ်သည့် photo လေးများ သတင်းခေါင်းစဉ်လေးများကို ဖတ်မိ သည့်အခါ ကိုယ့်စိတ်ထဲမှ ထိုသို့လော်သည့်လူများကို မေးမိသည်။ ဘာကြောင့် ဒီလို လုပ်ရက်ရတာလဲလို့ မေးမိသည်။ ငါတို့ပြည်သူတွေ ကျောကော့နေအောင် ခံနေရတာ နင်မမြင်လို့များလား နင့်မိသားစု နင့်အသိုင်းအ၀န်းထဲမှာရော ဒီလို ဒုက္ခတွေကို မခံစားခဲ့ရဘူးလား။ မျက်စိမှိတ်ပြီး ခိုင်းတိုင်းလုပ်မနေပါနဲ့။ နင်လုပ်လိုက်တာက photo လေးတစ်ပုံပဲ။ ဒါပေမယ့် မသိနားမလည်သူရဲ့ ရင်ထဲ ၀ါဒတစ်ခုခုများရောက်သွားခဲ့ရင် ငါတို့တိုင်းပြည်ဟာ ဆယ်စုနှစ်တွေချီအောင် ငရဲ ထက်ခံနေရမည်။ နင်ကိုယ်တိုင်ကရော နင့်အနာဂတ်ဆိုတာကို ဘယ်လိုများ အာမခံချက် အပြည့်နဲ့ ရပ်တည်နေလဲ။ မြင်သာအောင် နမူနာလေး တစ်ခုပြောရရင် အပင်ကအသီးကို ဆွတ်ယူစားသုံးယုံသာ စားသုံးကြတယ်။ ဒီအပင် ဆက်လက်ရှင်သန်အောင် ကြီးထွားအောင် ဘာတစ်ခုမှ စွမ်းဆောင်ခြင်းမရှိဘူး။ ဒီအပင်သေလဲ သေ. သူသေတာ ငါတို့ အလုပ်မဟုတ်ဘူးလို့ ခံယူထားတဲ့ လူတစ်စုရဲ့ အောက်မှာ နင်တာဝန်ထမ်းနေတယ်ဆိုတာကိုမမေ့ပါနဲ့။ သူတို့မှာ တစ်ပင်လဲရင် နောက်တစ်ပင်ကူးလို့ရလောက်တဲ့ အခွင့်အရေးတွေ ယူထားပြီးသား အသီးတွေကိုလဲ လှောင်ထားပြီး သားရှိနေမှာပဲ။ နင် ငတ်နေလို့ သူတို့လှောင်ထားတဲ့ အသီးများ ထုတ်ကျွေးလိမ့်မယ်လို့ နင် မျှော်လင့်ထားမိသလား။ သေချာစဉ်းစားပါလေ နင်ပြောဆို ဆက်ဆံနေတဲ့သူတွေဟာ ဘယ်လိုလူမျိုးတွေဆိုတာ နင်ကိုယ်တိုင် သိပြီး ဖြစ်ပါလိမ့် မယ်။ အဲဒီလို လူမျိုးလူနည်းစုတွေရဲ့ အောက်မှာ နင်ဟာ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နေတာပါလို့ ဆိုလာရင်တော့ ဖြင့် နင်ဟာ အလွန်ကိုသနားစရာကောင်းလွန်းလှတယ်။ ဒီနေရာတွင်  နင် လို့သုံးနှုံးထားပုံဟာ မယဉ်ကျေး ပေမယ့် သည်းခံပေးပါဟုသာ ဆိုချင်ပါသည်။ မဟုတ်တမ်းတရား လုပ်ဇာတ် ဇာတ်လမ်းဖန်တီးနေသောသူများ ရပ်ကြပါတော့ရှင်။ သတင်းအမှန်ကိုသာ ထင်သာမြင်သာအောင် ရေးကြပါ။ မြန်မာလူမျိုးအချင်းချင်း ဆဲဆို ကြမ်းတမ်းတဲ့ စကားဆိုခြင်းတွေကို ကိုယ့်ကိုယ်ကို ထိန်းသိမ်းကြပါ။ သူများသေလို့ဝမ်းသာအားရ ဘယ်ဘာသာကွလို့ ပြောဆိုနေခြင်းထက် ကိုယ့်ဘာသာသာသနာ အရှည်တည်တံ့အောင်ထိန်းသိမ်းကြပါ။

ဘယ်ပါတီကို မဲပေးပါလို့ ကျွန်မတစ်ထစ်ချမပြောပါဘူး။ လူပြိန်းတွေးပဲ တွေးကြည့်ပါ။ 

ကျွန်မတို့ကို ဘာမျှ မပြောင်းလဲစွာ အုပ်ချုပ်လာတာ နှစ်ပေါင်းမည်မျှ ကြာပြီနည်း။ 

ကျွန်မတို့ပြည်သူတွေ ထမင်းဝခဲ့ကြရဲ့လား ပိုပြီးဆာလောင်လာကြသလား။ 

ကျွန်မတို့ရဲ့ မိသားစုတွေ ပျော်ရွှင်နေခဲ့ကြတာလား ခါးသီးခြင်းတွေနဲ့ ဘ၀တွေကို ရုန်းကန်နေကြရသလား ။

ကျွန်မတို့ပြည်သူတွေ ကြိတ်မနိုင်ခဲမရ တောက်ခေါက်ပြီး ငြိမ်ခံနေခဲ့ကြရသည်မှာ    နှစ်ပေါင်းဘယ်လောက်ကြာပြီလဲ

ကျွန်မတို့အခြေခံလူတန်းစားတွေအတွက် ဖိနှိပ်ချုပ်ခြယ်မခံရတဲ့ နေရာများ ရှိခဲ့သလား ။ 

ကျွန်မတို့အခြေခံလူတန်းစားတွေနေ့စဉ်နှင့်အမျှကိုယ်စွမ်း သလောက် လျှောက်ခဲ့ကြတယ် ဆိုရင်တောင်မှ ကိုယ်ကြိုးစားခဲ့သလောက် ရလဒ်ကပြန်ရခဲ့ရဲ့လား။ (ဥပမာ- အစိုးရရုံးတွင်း ရာထူးစာမေးပွဲတစ်ခုခုအတွက် လျှောက်ကြ တယ်ဆိုပါတော့။ စာမေးပွဲမှာရတဲ့ ရလဒ်က အဓိကကျသလား သို့တည်းမဟုတ် စားမေးပွဲနောက်က ကန်တော့ခန်းက ပိုပြီးအဓိကကျသလား)     

 ရိုးသားကြိုးစားနေကြတဲ့ လူငယ်လေးတွေအတွက် အခွင့်အလမ်းက ဘယ်မှာလဲ။ အခွင့်အရေးက ဘယ်မှာလဲ။ 

 ပညာရေးစနစ်ကြီးကရော တိုးတက်လာခဲ့သလား ဆုတ်ယုတ်သွားခဲ့သလား။ 

တိုင်းပြည်မှာ တတ်သိနားလည်တဲ့သူတွေ ပေါများလာကြသလား ဆုတ်ယုတ်သွားခဲ့ကြသလား။

                    ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ဘ၀ကိုယ်ကြောင်းနေကြပေမယ့်  နေ့စဉ်နှင့် အမျှရင်ဆိုင်နေရတာက စား ၀တ် နေ ရေးပါ။ ပြောလျှင်တော့ဖြင့် ရေးလို့လည်း ကုန်မည်မထင်ပါ။ ကျွန်မရေးထားသည်များသည် ဘာမျှ မဟုတ်လောက်သေးသော အခြေခံ မေးခွန်းလေးမျှသာ ရှိသေးသည်။ ကိုယ်လုပ်သလောက် ကိုယ်ပိုင်ပြန်မရတဲ့ဘ၀။ ကိုယ်ကြိုးစားသလောက် ကိုယ်ပိုင် မခံစားရတဲ့ ဘ၀။ ကိုယ်က ခက်ခက်ခဲခဲ ဒီလိုနေရာ ရောက်အောင် ပင်ပင်ပန်းပန်း အချိန်တွေ လူတွေ စိတ်တွေ ရင်းပြီးရပ်တည်လာခဲ့ရသည်။  (နမူနာ- မိုးကျရွှေကိုယ်) လို့ နာမည်ကြီးနေသည့်ကိစ္စများကိုပဲ ကြည့်ပါ။ အရောင်စုံကာလာစုံ ဖဲကြိုးတွေနဲ့ ဆန့်ကျင်နေကြရတာကိုပဲကြည့်ပါ။ ကိုယ်တိုင်ရိုသေလို့ ခေါင်းလေးညိမ့် ခါးလေးကိုင်းပေးရတာက သဘာဝပါ ကြောက်လို့ ခေါင်းလေးညိမ့် ခါးလေးကိုင်းပေးရတာဖြင့် သဘာဝမကျလှပေ။
         
          သည်လိုဖိနှိပ်ခံ ဒုက္ခခံ မျက်ရည်တွေလျှံပြီး နေလာခဲ့ရသည်မှာ ဆယ်စုနှစ်ချီနေခဲ့ပါပြီ။ ဆက်ပြီးတော့ ဒီလိုပဲ သွားကြမလား။ နောက်ထပ်အသစ်အာဏာရလာသည့် ပါတီသည် ကောင်းလျှင်လည်း ကောင်းမည်။ ဆိုးလျှင်လည်း ဆိုးမည်။ ကျွန်မမေးလိုက်ချင်သည်က အဆုံးစွန်အောင် မှောင်နေသည့် အမှောင်ထဲမှာ ဆယ်စုနှစ်ချီအောင် ကျွန်မတို့ နေလာခဲ့ပြီးပြီပဲ။ ဒီထက်ပိုပြီး မှောင်မိုက်မှာကို စိုးရိမ်နေကြသေးသလား ကြောက်နေကြသေးသလား။ ကျွန်မတို့ မြင်နေရသည့် အလင်းဟာ ဘယ်လောက်ပဲ မိန်ဖျော့နေတယ် အားနည်းနေတယ်လို့ ဆိုဆို အမှောင်ထဲမှာထက်စာရင် ကျွန်မတို့ရဲ့ မျက်လုံးတွေ ပိုပြီး မြင်နိုင်ကြပါသေးတယ်။
         
         

          ဗုဒ္ဓဘာသာထွန်းကားရာ ဒီတိုင်းပြည်မှာ တရားဓမ္မကိုဟောပြောခွင့် နာယူခွင့်တွေ ပိတ်ပင်ခံကြရတယ်။ တရားဓမ္မလို့ဆိုမှတော့ အမှန်တရားကို ပြောရဟောရမှာပဲ။ အမှန်တရားကိုပြောတာဟောတာ ပိတ်ပင်ခံရတယ်ဆိုမှဖြင့် လိုက်ပြီးပိတ်ပင်နေတဲ့သူတွေဟာ အမှန်တရားကို လက်မခံနိုင်တာလား အမှားတရားကို လက်ကိုင်ထားတာလားလို့ မေးစရာရှိပြန်တယ်။ ကျွန်မက နိုင်ငံရေးဘာမှ မသိတဲ့ပြည်သူတစ်ယောက်ပါ။ ဒီလိုပြည်သူတစ်ယောက်မှာတောင် ဒီလို အမြင်မျိုး ဒီလိုမေးခွန်းမျိုး ဒီလိုအတွေးမျိုး ပြောင်းလဲရှိလာခဲ့ပါတယ်။ သေချာပါတယ် ကျွန်မနောက်တစ်ခေါက်ထပ်ပြီး မမိုက်မဲတော့ပါဘူး။ မှန်တဲ့လမ်းကိုပဲ ရွေးချယ်တော့မှာပါ။ အခွင့်အရေးရှိတုန်းလေး ရနေတုန်းလေး အင်အားညီညီ ညွတ်ညွတ်နဲ့ ရုန်းထွက်လိုက်ကြရအောင်လား။သူများယောင်လို့လဲ လိုက်မယောင်ကြပါနဲ့တော့။ အားလုံးသတိရှိစွာနဲ့ မှန်ကန်တဲ့လမ်းကိုရွေးချယ်ကြပါ။  

    မှိုင်းတိုက်မခံကြပါနဲ့တော့ မှိုင်းတိုက်ဖို့ လုပ်နေတဲ့ လူတွေလဲ ရပ်လိုက်ကြပါတော့ရှင်။ ကျွန်မတို့မဆိုင်သလိုနေခဲ့မိလို့ ဖိနှိပ်ခံသက်လည်း ရှည်ခဲ့ကြပါပြီ။ ကိုယ်ပိုင်အသိညဏ်နဲ့ သေချာ တွေးတောဆင်ခြင်ကြပါလို့ တိုက်တွန်းနိုးဆော်ရင်း မှန်ကန်တဲ့ လမ်းကိုရွေးချယ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။  

**
ချစ်သော ဘလော့မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။