Sunday 6 December 2015

သည်.. အခန်း (၂)



          တစ်နေ့ပြီးတစ်နေ့ မှောင်မိုက်နေသည့် အခန်းထဲတွင် သူမ၏ ဘ၀သည် အင်အားတို့ လျှော့ကျလာလေပြီ။ ငါ ပစ္စည်း ငါ့ဥစ္စာတွေကို ထားခဲ့ရတော့မှာပါလား။ အမှန်စင်စစ်မူ သူမသည် ထိုပစ္စည်း ဥစ္စာတို့ဖြင့် မခွဲခွာချင်သေးပေ။  သူမငယ်ငယ်က ငွေသည်သာအဓိကဟု ထင်ခဲ့သည်။ အပျိုကြီးတစ်ယောက် အိမ်ထောင်မရှိသူ လွတ်လပ်သော မိန်းမ တစ်ယောက်အနေနှင့် အသက်ကြီးလျှင်ငွေရှိမှဖြစ်မည်။ အိုစာ မင်းစာကို လောဘကြီးစွာ ရှာဖွေစုဆောင်းခဲ့သည်။ ယခု တိတယအရွယ်ဝင်စမှာပင် သူမသည် အိပ်ယာထဲ ဗုန်းဗုန်းလဲခဲ့ရပြီ။ အိုကြီး အိုမနှင့် သူများ မှီခိုပြီး အသက်ရှင်ရ သည့်ဘ၀ ရောက်ခဲ့ရပြီ။ သူမအတွက်နေ၀င်ချိန်တို့သည် သိပ်စောလွန်းနေသေးသည်။ စီးပွားရေးကို တူမတော်မိသီထံလွဲပေး ကိုယ်တိုင်က တရားဓမ္မကိုသာအားထုတ်သွားတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည့် အချိန်ကျခါမှ သူမသည် မလှုပ်နိုင်မရှားနိုင် ဂီလာန လူနာတစ်ယောက်အနေဖြင့် သည်မှောင်မိုက်နေသည့် အခန်းလေးထဲတွင် ကမ္ဘာတစ်ခုတစ်ဖွယ် အသက်ရှင်ရုံမျှ ရှင်သန်နေရသည်။

          အမှန်ဆိုလျှင်  သည်ဝဋ်ကြွေးမှ လွတ်ချင်လှပြီ။ အိပ်ယာပေါ်ကြီးကျောခင်းလို့ လှဲနေရဖန်များလာသည့်အခါ  အပူလောင်လျှက် ကျောဘက်တွင်အနာအသေးလေးများဖြစ်လာသည်။ အခန်းသည်မှောင်မိုက်လျှက် မသန့်ရှင်းသည့် အတွက် အနာအသေးမှ အနာများကြီးလာကြသည်။ ကျောသည်ပူရုံမျှမက နာကျင်နေရသည်။ နာပါသော်လည်း ဘေးတစ်ခြမ်းစောင်းအိပ်မိသည်အခါ အရိုးပြိုင်းပြိုင်းဖြစ်နေသော အရိုးနှင့်ထောက်အိပ်ရသည့်အတွက် သည်းစွာနာကျင် ခံစားရပြန်သည်။ နာလျှင်နာသည်ဟုမှတ်ဆိုသည့် တရားသဘောကိုသိပါသော်လည်း လက်တွေ့တွင်မူ အမှတ်ခက် လှသည်။ တစ်ခါတစ်ရံ တူမတော်မိသီ မိမိကို ပြောဆိုဆက်ဆံနေသည့် ပုံစံကိုကြားရမြင်ရ သည့်အခါ ဒေါသမီးတောက် လောင်လှသည်။ ဒေါသသည် တစ်ရက်လည်းမပြေ နှစ်ရက်လည်းမပြေ စိတ်တွင်းမှ နာကြည်းမှုသည် တင်းမာသော “တောက်” ခေါက်သံ အဖြင့် ပြောင်းလဲထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် မာသည် တင်းသည် မာန် ပါလှသည်။ နှစ်ရှည်လများ အိပ်ယာထဲလှဲနေသည့် မီးစာကုန်ခါနီး လူမမာတစ်ယောက်၏ အသံဟုဆိုလျှင် ယုံနိုင်ဖွယ်ရာမရှိပေ။

          မိသန်းလာသည့်အချိန် တရားခွေလေးများဖွင့်ပေးသည့်အခါ စိတ်သည်တရားကိုလိုက်မှတ်နေရင်း တစ်ခါပြန် လည် ငြိမ်းချမ်းပြန်လေသည်။ ဧည့်သည်လိုပင် ခဏလာ၍ခဏဆို ပျောက်သွားသည့် တရားဖြစ်နေသည်။ သေချင်းတ ရားကို တွေးမိပြီး ကြောက်ရွံတုန်လှုပ်မိသည့်အခါ  နှုတ်မှ ရသမျှ ဘုရားစာတို့ကို ရွတ်ဆိုမိပြန်သည်။ သူမ၏ဘ၀သည် သေဆိုသော်လည်း မသေရဲ ရှင်ဆိုသော်လည်း နေသာသည့်ဘ၀မဟုတ်။ စိတ်သည် အတိတ်က ရွှေထီးဆောင်းခဲ့သည့် ဘ၀ကို အပြေးအလွှား ပြန်ရောက်ရှိသွားခဲ့သလို ခုကျတော့ရောဆိုသည့် အတွေးတို့ပြန်ဝင်လာသည့်အခါ ခန္ဓာကိုယ်သည် အေးစက်တောင့်တင်းလျှက် ချွေးတို့ဖြင့်ရွှဲနှစ်နေတတ်သည်။ ထိုအချိန်မျိုးတွင် သူမသည် ငါသေတော့ မည်ထင်သည်ဟု တွေးကြံမိသည့်အခါ မာန်သည်ပြန်တင်းပြန်လေသည်။ ဟင့်အင်း မသေနိုင်သေးဘူး ငါရှာထားတဲ့ ပစ္စည်း ငါ့ဥစ္စာ ငါမှ မသုံးရသေးပဲ။ ငါ့စီးပွားရေး စိတ်မချဘူး စိတ်မချဘူး ထိုသို့ဖြင့် အသက်ကို အလုအယက်ဝအောင် ရှုသွင်းရှုထုတ်ပြန်လေသည်။ ထိုသို့ဖြင့် သူမသည် နေ့လား ညလားမကွဲပြားသော သည်အခန်းလေးထဲတွင် လူသက် တစ်ရက်ပိုရှည်ပြန်လေသည်။

          သူမသည် ထိုကဲ့သို့ လူသက်တစ်ရက်ပိုရှည်နေသည်ကိုပင် ၀မ်းသာနေလျှက်ရှိသည်။ ဤသည်ကို ဒုက္ခဟု ရေရာသေချာစွာမသိနိုင်သေးပေ။ သူမပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို သုံးပင်မသုံးစွဲရသော်လည်း ငါပိုင်သည့်ပစ္စည်း ငါ့ဥစ္စာဟူသည့် အစွဲသည် မပျက်နိုင်သေးပေ။

  “ကျွီ”

ဟော တံခါးဖွင့်သံ မိသန်းပါလား။ ပီတိကြောင့် သူမ၏မျက်နှာသည် ပြုံးရိပ်သန်းသွားသည်။ မိသန်းသမီးလေးလည်း ပါလာသည်။ သြော် …သူမသည် မိသန်းကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့် ရပြန်ပြီ။

“ကြီးကြီးသိမ့် နေလို့ကောင်းရဲ့လား”

 မိသန်းသမီးလေး၏ ချိုသာသော အပြုံးလေးနဲ့ မေးသံသည် သူမ၏စိတ်ဘ၀င်ဝယ် အေးမြလွန်းနေပြန်သည်။ သြော် ငါ့ရဲ့ မြေးမကလေး သမီးလေးသာဖြစ်လိုက်လျှင် မည်မျှလောက်ကောင်းမည်နည်း။ ငါ့ဘ၀ခုလိုနေရမည်မဟုတ်။ အသံမထွက်နိုင်သည့် သူမ ခေါင်းကိုလှုပ်သည်ဆိုယုံလေးမျှသာ ညိမ့်ပြမိလိုက်သည်။ မိသန်းကတော့ ထုံးစံအတိုင်း အခန်းတံခါးတွေဖွင့် သန့်ရှင်းရေးလုပ် တရားခွေလေးဖွင့်ပေးထားပြန်သည်။ ကလေးမလေးသည် သူမကို မုန့်အနည်း ငယ်ခွံကျွေးလိုက် ရေအနည်းငယ်တိုက်လိုက်နှင့် အလုပ်ရှုပ်လျှက်ရှိသည်။ သူမသည် ကလေးမလေး ခွံကျွေးသည့် မုန့်အရသာထက် ကြင်နာခြင်းဆိုသည့် စိတ်အရသာအား ပိုပြီးခံတွင်းတွေ့လျှက်ရှိသည်။ အရင်ရက်တွေက ခြောက်ကပ် ကပ်နိုင်လှသော သူမ၏ ဘ၀ကြီးသည် သည်နေ့တွင်တော့ ပြန်လည်စိုပြေလာပြန်သည်။ စိတ်သည်အေး ၍ ကြည်သော အခါ တရားတော်သည် စိတ်နှလုံးထဲဝယ် ညင်ညင်သာသာ ငြိမ့်ညောင်းစွာဖြင့် စီးဆင်းပြန်လေသည်။ ထိုခဏတွင် သူမ၏ စိတ်ထဲ အလှုတစ်ခု ပြုလုပ်ချင်မိသည်။ သူမထံတွင် လှူစရာဘာမျှမရှိ။ စိတ်ကိုအနိုင်နိုင် ဖမ်းဆုပ်မိသောအခါ သူမ၏ နားမှ နားကပ်ကို သတိရလိုက်မိသည်။ တူမတော်မိသီက အစတွင်တော့ ချွတ်ဖို့ကြိုးစားသေးသည်။ နားမှ သွေးထွက်ကာ အသည်းအသန်ရုန်းကန်အော်ဟစ်နေသော သူမကြောင့် လက်လျှော့သွားခြင်းဖြစ်သည်။

 ယခုမိသန်းတို့ရှိနေတုန်း အလှူတစ်ခုမျှ စီစဉ်ခိုင်းလျှင် ကောင်းလေစွ။ အတွေးဖြင့်လက်ကိုမလျှက် နားမှ နားကပ်ကိုဖြုတ်ပေးရန် ကလေးမကိုတောင်းဆိုမိသည်။

“ကြီးကြီးသိမ့် နားကပ်ဖြုတ်ခိုင်းတာလား။”

သူမ၏ ခေါင်းအညိမ့်တွင် ကလေးမသည်ငြင်သာစွာ နားမှ နားကပ်ကိုဖြုတ်ပေးလေသည်။ ဖြုတ်ထားသည့် နားကပ်ကို လက်တွင် ကိုင်ဆုပ်ထားလျှက် မိသန်းကို မျက်လုံးအကြည့်ဖြင့် လှမ်းခေါ်မိသည်။

          “မေမေ ကြီးကြီးသိမ့် ပြောစရာရှိတယ် နဲ့တူတယ် ”

  မိသန်းလက်ထဲ နားကပ်လေးကိုထိုးထည့်ပေးရင်း သူမနှုတ်က အားယူကာလေသံမျှဖြင့် “အလှူ ” ဟူသည့် ဆိုစကား ကို အားတင်းပြောယူရသည်။ မိသန်း အနားနားကပ်ခါ နားထောင်ရင်း သဘောပေါက်သွားပုံရသည်။
          “မိသန်း သန်ဘက်ခါလောက် မမသိမ့်ဖြစ်စေချင်သလို အလှူလာလုပ်ပေးမယ်နော်.”

          “ကျွီ”

 တံခါးဖွင့်သံကြောင့် လှမ်းကြည့်လိုက်လျှင် တူမတော်မိသီသည် အခန်းထဲ ၀င်လာရင်း

          “ဒီမှာ ဒေါ်လေးနားက နားကပ်ကို ဒီသားအမိ ကိုဖြုတ်ပေးလိုက်ရအောင်  ဒေါ်လေးနှင့် ဘာတော်နေလို့တုန်း ဟောဒီက မိသီကမှ တူမအရင်းပါ ဒေါ်လေးရဲ့။ အဲဒီနားကပ် ဘယ်လောက်တန်လဲ ဒေါ်လေးသိတယ်မဟုတ်လား။  နားကပ်ထဲက စိန်အရည်သန့် တစ်လုံးတည်းနဲ့တင် ဒီသားအမိ သူဌေးဖြစ်လောက်တယ် ဒေါ်လေးရဲ့ ..  ထင်တယ် ဒီသားအမိ အလာစိပ်နေထဲက ဒါမျိုးလိုချင်လို့ဆိုတာ သိပြီးသား ဒါကြောင့် စောင့်ကြည့်နေတာ. တော်သေးတာပေါ့ အိမ်ဖော်ကောင်မလေး အမြန်လာပြေးပြောပေလို့ ”

          ထိုစကားတို့ကိုကြားလိုက်ရသည့်ခဏတွင်ပင် သူမ၏ နှလုံးခုန်သံတို့သည် ပိုပိုမြန်လာသည်။ ရေသောက်ချင်သည့်အချိန် ဘဲလ်တီးခေါ်သည့်အခါ မကြားသော မလာသော သူများသည် ယခုမူ အသံမထွက် တိုးတိုးတိတ်တိတ်အမှာစကားတို့ ကြားနိုင်စွမ်းကြသည် မြင်နိုင်စွမ်းကြသည်။ အရိုးကျနေသည့် ရင်အစုံ သည် နိမ့်ချီ မြင့်ချီ။ အသက်ရှုကြပ်လာသည်။ အမြင်တို့ေ၀၀ါးလာသည်။ ခန္ဓာကိုယ်သည် အေးစက်လာသည်။

          “ကြီးကြီးသိမ့် သတိထားလေ သတိထား ကြီးကြီးသိမ့်ဖြစ်ချင်တဲ့ အလှူမလုပ်ရသေးဘူးလေ.”

“မမသိမ့် မနက်ဖြန် ဘုန်းကြီးပင့်ခဲ့မယ်နော်.. အလှူလုပ်ပေးမယ်။”

 ဟုတ်တယ် အလှူမလုပ်ရသေးဘူး ငါသေလို့မဖြစ်ဘူး။ စိတ်ကို တစ်ခါပြန်တင်းမိပြန်သည်။ မိသန်းသည် သူမ၏လက်ထဲသို့ နားကပ်လေးပြန်ထည့်ပေးသည်။

          “ရော့ မမသိမ့်ရဲ့ နားကပ်ကို သေချာပြန်ယူထား မနက်ဖြန် ဘုန်းကြီးပင့်လာတော့မှ ကိုယ်တိုင် လှူနော်။ ဒီည မိသန်းတို့ သားအမိ ဒီမှာပဲ အိပ်မယ်နော်..စိတ်ချ နေကောင်းအောင်သာနေ ရတယ်မဟုတ်လား မမသိမ့်”

သူမသတိကပ်ခါ လှုပ်သည်ဆိုရုံမျှ ခေါင်းညိမ့်ပြလိုက်သည်။ မိသန်းသည် တူမမသီကို အခန်းပြင်သို့ ခေါ်ထုတ်သွား သည်။

  “၀ုန်း”

အခန်းတံခါးပြန်ပိတ်သံကို သူမကြားလိုက်ရသည်။ အခန်း၏အပြင်တွင် မိသန်းနှင့် တူမမိသီတို့ ဘာပြောကြမည် သူမ မသိ။  သည်ညအဖို့ မိသန်းတို့ သားအမိရှိနေသဖြင့် သူမအားတက်မိသည်။ ငါ ဒီနေ့ညကိုမှ အသက်ရှိလျှက် ဖြတ်သန်းနိုင်ပါ့မလား။တရားခွေမှ တရားသံတို့သည် သူမ၏နားစည်ထဲ ရိုက်ခတ်ဝင်လာပြန်သည်။ သူမ အလှူကို ကိုယ်တိုင် လှူတန်းချင်သေးသည်။ ရှိသမျှစိတ်တို့ကိုလျှော့ချထားလိုက်ရင်း အတွေးတို့ကို လက်စသိမ်းလျှက် တရားသံထဲ စီးမျောနိုင်အောင် ကြိုးစားမိသည်။ ခန္ဓာကိုယ်အတွင်းတွင် မီးများလှိုက်လှောင်နေသလို ခံစားရသည်။ ခြေဖျား လက်ဖျားတို့သည် တစ်ဖြည်းဖြည်း အေးစက်လာနေကြသည်။ ထိုခဏတွင် မျက်လုံးတို့သည် ပြာဝေလာလိုက် အသံတို့သည် နီးလာလိုက်ဝေးသွားလိုက် သတိရတစ်ချက် မရတစ်ချက် သိသလိုလို မသိသလိုလို တစ်ခါတစ်လေ မည်းမှောင်နေလိုက် တစ်ခါတစ်လေ လင်းထင်းလာလိုက် ဒီတောင်ကို သူမ မကျော်နိုင်တော့ပြီ။

          “ကျွီ”   

ဟော. ဒါ သူမကျွမ်းဝင်နေကျ အသံ သူမ၏ အခန်းတံခါးအားဖွင့်သည့်အသံ။ စွဲသောစိတ်သည် သတိကို ပြန်ကပ်မိပြန်သည်။ မိသန်းသည် သူမ၏ အခန်းတံခါးကို ဖွင့်ဟကာထားသည်။ ထို့နောက် သူမအနားသို့လာကာ
         
          “မမသိမ့် အခန်းအပြင်မှာ ဘုန်းဘုန်းတို့ရောက်နေပြီနော်။ နားကပ်ကို မိသန်းသွားလှူပေးမယ်။ တံခါးဖွင့် ထားခဲ့မယ်။ မမသိမ့် ဘုန်းဘုန်းတို့ကို မြင်တယ်နော်။ ဒီနေရာကနေ တရားနာပြီး သာဓုခေါ်နော်.. ”

          သူမနှုတ်ခမ်းလှုပ်ရုံမျှ အသိအမှတ်ပြုသည်။ သူမ၏ လက်ထဲမှ နားကပ်လေးကို မိသန်းလက်ထဲ ထည့်ပေးလိုက်သည်။ မိသန်းယူပြီးအခန်းပြင် ပြန်ထွက်သွားသည်။ သာယာအေးမြသော တရားဟောသံသည် သူမ၏ စိတ်ဘ၀င်ဝယ် ငြိမ့်ညောင်းစွာစီးဆင်းပြန်သည်။ စိတ်အစဉ် ၀ယ် ပီတိဇောအဟုန်သည် အေးချမ်းစွာ နေရာဝင်ယူလာသည်။ သူမလက်အုပ်ချီဖို့ ကြိုးစားသည်။  လောက၀ယ် မပိုင်ပိုင်အောင်ကြိုးစားခဲ့သမျှ နောက်ဆုံးတွင် ဗလာဖြစ်သော လက်ချည်းသက်သက်ပင်လျှင် သူမ မပိုင်ပါလေ။ လက်အုပ်ချီဖို့ ကြိုးစားမှုသည် အရာမထင်။ ငါ၏ လက်ကိုလည်း ငါမပိုင်နိုင်တော့ပါလား။ သြော် နောက်ဆုံးတော့လည်း ကိုယ်ဘာမှ မပိုင်သည့်အရာတွေ အတွက် ငါ ပိုင် ငါဆိုင်ဖို့ . ကြိုးစားခဲ့တာပါလား။

 သူမ၏ နေ၀င်ချိန်လား။ သည်တစ်ချိန် အေးချမ်းမှုလေးကနေ သူမပြန်ပြီး မပူလောင်ချင်တော့ပေ။ အားလုံးကို သူမလွှတ်ချခဲ့ချင်ပြီ။ အမျှဝေသံ ကြားလျှင် အသိကိုစုကာ သာဓု ခေါ်မိသည်။  ထိုခဏတွင် သူမ၏ အရင်က မည်းမှောင်နေခဲ့သော အခန်းသည် ကြည်သောအဆင်းဖြင့် လင်းနေသည်။ သူမသည် ပြင်းထန်စွာသော ရောဂါဝေဒနာ၏ နာကျင်ခံစားနေရခြင်းမှ လွတ်မြောက်ခဲ့လေပြီ. သူမသည် ပေါ့ပါးနေသည်။ သူမသည် လေးလံသောအရာအားလုံးကို လွှတ်ချခဲ့ပြီ။ ဘာဆိုဘာမျှ မရှိ. မပိုင်ဆိုင်ရခြင်းသည် အေးချမ်းလိုက်တာဟု သူမသိရှိခဲ့ပြီ။ ပီတိအဟုန်ဖြင့် သူမ၏မျက်နှာသည် ပြုံးနေပြန်သည်။ သည်အခန်းထဲမှ လွတ်မြောက်သွားခဲ့လေပြီ။ သည်အခန်းကား ..သူမအတွက် သံဝေဂရစရာ ကမ္ဘာတစ်ခုဖြစ်ခဲ့ သလို ဒေါသမီး မောဟမီး လောဘမီးတို့ လှောင်မြိုက်ခဲ့သေးသည်။ နောက်ဆုံးတွင်တော့ ..

 သူမသည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်မိခဲ့ပြီ။ သတိကို အသိရှိသည့်တစ်ခဏ၀ယ် သတိကို လက်ကိုင်ထားကာ ညဏ်ကိုအသုံးပြုပြီး ချုပ်ငြိမ်းရာအမှန်ကို သူမလျှောက်လှမ်းနိုင်ခဲ့ပြီဟုသာ ထင်မြင်မိတော့သည်။  
          

*******
 ည်.. အခန်း (၁) ကို ဖတ်လိုကျြှင်ဖြင့် ပေးထားသည့် Link လေးကို click  နှိပ်ပြီး ဖတ်ရှုနိုပါတယ်ရှင့်။

သည်.. အခန်း (၁)

 

ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ 


No comments:

Post a Comment

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......