Monday 9 May 2016

facebook နှင့် ဦးရီးတော်




 
ခင်သက်တွင် အသက် ၄၀ကျော် ဦးရီးတော် တစ်ယောက်ရှိသည်။ ဘယ်အချိန် ဘယ်သူကပဲ မေးမေး ဦးရီးတော်သည် သူ၏အသက်အား ၂၈ ထက်ပိုသည်ဟူ၍ မရှိ။ ပိုပိုလိုလိုမရှိ ၂၈ ဟူ၍သာ တိတိပပဖြေ၏။ ကလေး တစ်ယောက်ပင်ရှိသော်ငြား အိမ်ထောင်ကွဲနေသည်မှာ ကြာမြင့်လှပြီဖြစ်ရာ အလိုလိုပင် လူပျိုရာထူးပြန်ယူ၏။ လူပျို ကြီး ဟူပြီး အားရပါးရ ကြော်ငြာ၏။ တစ်ခါတစ်ရံ သူ့ကိုယ်သူ ခင်သက်တို့ထက်ပင် နုပျိုနေသေးသည်ဟု ဆိုလာပြန်သေး သည်။ ခင်သက်တို့လည်း အမေ၏မောင် ဒီဦးရီးတော်တစ်ယောက်တည်းသာ တူမများနှင့်အပြိုင် ပေါနေလေရာ ရှိစေ တော့ဟူသည့်သဘောဖြင့် လျစ်လျူရှုထားရလေ၏။
         
          အင်တာနက်သုံးနိုင်သည့် ဖုန်းများပေါများလာရသည်မှအစပြုပြီး ဦးရီးတော်၏ နုပျိုခြင်းအမှုသည် ပိုပိုကြီးလာ လေတော့သည်။ ခင်သက်တို့သည်လည်း ခောတ်လူငယ်များပီပီ facebook, viber, wechat , line မရိုးနိုင်အောင် သုံးလေ၏။ ဦးရီးတော်သည်လည်း တူမများအား တစ်နေကုန်တစ်နေခန်း မနားမနေ လေသေနတ်ပစ်ပြီး သူ၏ facebook account အားဖွင့်ခိုင်းလေ၏။ အစတွင် ခင်သက်တို့သည် မသိချင်ယောင်ဆောင် ဟိုပတ်ပြေး ဒီပတ်ပြေး ရှောင်နေကြသော်လည်း နေ့နေ့ညည ဦးရီးတော်၏ လေသေနတ်အားနားညည်းလှသည်ဖြစ်ရာ facebook account သစ်ဖွင့်ပေးရလေတော့သည်။ ကဲ လာပါပြီ ဦးရီတော်သည် သူ၏ facebook အမည်နာမအား “မျိုးသန့်ကိုကို” ဟုဆိုလေ၏။ မွေးနေ့သည်လည်း ကွက်တိ ၂၈ နှစ်သာထည့်လေ၏။ ထို့နောက် ကင်မရာ ၃၆၀ နှင့် ရိုက်ထားသော သူ့ပုံအား effects တွေ အမျိုးမျိုးထည့်ကာ profile ပုံတင်ခိုင်းလေ၏။ ခင်သက်သည် စိတ်ထဲမှနေပြီး ဟွန့် နေနှင့်အုန်း ပေါ့ နောက်နေ့မှ comments ကနေပြီ သူ၏ ပျက်စီးယိုယွင်းစွာ လှနေသော ဘာ effects မျှမပါသည့် ဓာတ်ပုံကြီး အားတင်ပစ်မည်ဟု အားခဲထားလေ၏။

          ဦးရီးတော်သည် ပေါပင်ပေါသော်ငြား နုံတော့ မနုံချာလှပေ။ ခင်သက်တို့၏ facebook account များနှင့် friend မလုပ်နဲ့ဟု ကြိုတင်ခိုင်းလေ၏ ။ ပြီးနောက် သူ၏ account အား friend only သာမြင်ရအောင် security ထားခိုင်း၏။  ထို့နောက် pwd ကိုသူ့စိတ်ကြိုက် ပြန်ချိန်း၏။ ဦးရီးတော်သည် facebook အားအတော်လေ့လာ ထားပုံ ရ၏။ သူသည် လေ့လာထားသော်လည်း တစ်ကယ်တမ်းဖုန်းကိုင်ပြီး ကိုယ်တိုင်လုပ်ဟုဆိုလျှင် ဘယ်နေရာကို နှိပ်လို့ နှိပ်ရမှန်းမသိပေ။ ဦးရီးတော်၏ အကျွမ်းကျင်ဆုံးဖုန်းနှိပ်ခြင်းအတတ်ပညာသည် ဖုန်းလာလျှင် answer ဖြေယုံမျှသာဖြစ် သည်။ ဒါတောင်မှ ဟန်းဆက်အသစ်တစ်ခုချိန်းလျှင် တူမများထံမှ အကြိမ်တစ်ရာမက လာမေးမြန်း သင်ယူထားခြင်းဖြစ် သည်။ ဖုန်း screen မှ lock ကိုလည်း ချိန်းလိုက်ရသည်မှာ အမျိုးမျိုး။ ဦးရီးတော်ဖုန်းထဲ ဘာရှိလို့ ဒီလောက် lock နေရ သလဲ ခင်သက်တို့လည်း မသိပေ။

          ဦးရီးတော်ကို facebook account ဖွင့်ပေးပြီးနောက်တွင်တော့ ခင်သက်တို့အတော်ကြီး နားအေးပါးအေး ဖြစ်သွား၏။ အရင်ကဆိုလျှင် ထမင်းဝိုင်းတွင် ဦးရီးတော်၏အသံသည် ဖောင်ဖောင်ကျဲ၏။ ယခုဆိုလျှင် ထမင်းလေး တစ်လုတ်စားလိုက်  ဖုန်းလေးပွတ်လိုက်။ ကြက်သားဟင်းများချက်ပြီဆိုလျှင် ဦးရီးတော်သည် သူဦးလျှင် ကောင်း ပေ့ဆိုသည့် အဆီအနှစ်တို့အား သူ့ထမင်းပန်းကန်ထဲ ဦးစွာခပ်ထည့်လေ၏။ ယခုဆိုလျှင် ဦးရီးတော်သည် ကြက် သားကို အာရုံမရောက် ဖုန်းသားကိုသာ အာရုံရလေ၏။ ထို့ကြောင့် ခင်သက်တို့သည် ကောင်းပေ့ဆိုသည့် အသား အဆီအနှစ်တို့အား ဦးစွာပိုင်ပိုင်တွယ်ရလေ၏။ ဦးရီးတော်ဆိုသည့်ရာထူးကြောင့် ဟင်းခွက်ကိုဦးစားပေး နိုက်ခိုင်း နေရသည်ကို မကျေနပ်သော်လည်း မျက်စောင်းထိုးကာ ထိုင်ကြည့်နေရုံမှအပ မတတ်နိုင်ပေ။
         
          အိမ်သာတက်လျှင်လည်း အရင်လိုမကြာတော့ပေ။ အဘယ်ကြောင့်ဆိုသော် အိမ်သာထဲတွင် အင်တာနက် လိုင်းမမိသော်ကြောင့်ဖြစ်သည်။ ရေချိုးခန်းထဲဝင်လျှင် ရေသံတစ်ဝုန်းဝုန်းနှင့် မပြီးနိုင်အစီးနိုင် ရေချိုးသော ဦးရီးတော် သည် ယခုမူ ခက်သွက်သွက်ချိုးလေ၏။ တစ်ခါတစ်ရံ ဆပ်ပြာများပင်မစင်သောကြာင့် တူမတွေမှ ရေချိုးခန်းထဲ ပြန် တွန်းထည့်ရလေ၏။ ညဘက်ဆိုလျှင် ၁၂ နာရီ ၁  နာရီလောက်မှ အိမ်ပြန်လာတတ်သော ဦးရီးတော်သည် ယခုမူ ၈ နာရီဒေါင်ဆိုသည်နှင့် ဖုန်းလေးကိုင်ခါ သူ့အိပ်ခန်းထဲ ၀င်သွားတတ်လေ၏။ ခင်သက်တို့ကတော့ ကောင်းလှတေး ကောင်းလှတေးဟု ဆိုမိ၏။ သို့မဟုတ်ပါမူ အိမ်တံခါးထထဖွင့်ပေးရသည်မှာ အိပ်ရေးပျက်လှသည်။ မဆီမဆိုင် facebook ကြီးကိုပင် ကျေးဇူးအထူးတင်ရှိပါသည်ဟု သတင်းစာတွင်ပင် ကြော်ငြာထည့်ချင်မိသည်။ အရင်လို တူမတွေနှင့် အပြိုင်သူ့ကိုယ်သူ နုပျိုလှသည်ဟု နားကြားမြင်ကပ်စရာ စကား မကြားရတော့ပေ။

          တစ်နေ့ခင်သက်တို့ အလုပ်မှပြန်လာပြီး အ၀တ်အစားပင်မလဲရသေး ထမင်းချိုင့်လေး ချယုံရှိသေး ဦးရီး တော်သည် ပြူးပြူးပြာပြာဖြင့် သူ့အိပ်ခန်းထဲမှ ပြေးထွက်လာ၏။ ပြီးတော့ အလောတကြီးမေး၏။ သူ့ကောင်မလေးက စိတ်ဆိုးပြီး ဘလော့သွားလို့ ဘလော့ပြန်ဖြေပေးပါဟု ဆိုလာလေ၏။ ခင်သက်တို့လည်း အမြင်ကပ်စွာနှင့် အချွန်နှင့် မလေ၏။ သူဘလော့သွားရင် ကိုယ်လည်း ဘလော့လိုက်လျှင် ဖြေပြီးသားဖြစ်သည်ဟု အကြံညဏ်ပေးလိုက်လေ၏။ ဦးရီးတော်သည် သူ၏ဖုန်းအား ခင်သက်တို့ကို ပေးမကိုင်တော့ပေ။ ယခုလို ပါးစပ်နှင့်သာအကြံညဏ်တောင်းလေ ၏။ ဟုတ်လားဆိုပြီး သူ့အိပ်ခန်းထဲပြန်ဝင်သွား၏။ ခဏနေပြန်ထွက်လာပြန်၏။ unfriend လိုက်လျှင်ရော ပိုပြီးကောင်း လားဟု မေးလာပြန်၏။ အင်းပေါ့ Unfreind ရင် ပိုပြီးမြန်မြန် ဘလော့ဖြေတတ်တယ်ဟု အဆင်းဘီးတပ်ပေးလိုက်၏။ ဒါဆို ufriend မယ်ဟုဆိုပြီး သူ့အိပ်ခန်းထဲ ပြန်ဝင်သွား၏။

          နောက်တစ်နေ့အလုပ်မှ ပြန်အရောက်တွင် ဦးရီးတော်သည် ဘီးလူးဆိုင်းတီးလျှက်ရှိသည်။ သူ့ကောင်မလေးမှ unfriend လို့ဆိုပြီး အပြတ်ဖြတ်သွားကြောင်း အမေ့ကို တိုင်တောနေလေ၏။ ခင်သက်တို့နှင့်လည်း စကားမပြောပေ။သူ့အိပ်ခန်းထဲတွင်သာ ထမင်းစားလေ၏။ ခင်သက်တို့တူမတွေ မျက်နှာမမြင်ချင်ဘူးဟု ဆိုလေသည်။ အမေကတော့ ခင်သက်တို့ကို တိုးတိုးကြိတ်ဆူ၏။ စကြနောက်ကြတာ သည်လောက်တောင်စရလားဟု ဆူပူလေ၏။ အမေကလည်း အမေ့မောင် အသက်လေးဆယ်ကျော်ကို ဘယ်သူကကြိုက်မှာတုန်း။ facebook ကဒီလိုပဲဟု ဆိုလေ သော် အမေသည်အမယ်လေးတော် ညည်းတို့ခောတ်ကလည်း အဆန်းပဲ ရည်းစားကို အပျင်းပြေထားကြသလားဟု ရင်ဘတ်ကိုဖိ မျက်လုံးပြူးပြီးမေး၏။ ဒါတောင် အဖော်အချွတ် မယ်မယ်များ၏ ဓာတ်ပုံတွေအကြောင်းမပြောရသေး။ သူတို့သည် အပျင်းပြေ အဖော်အချွတ်ရိုက်ကြသည်ဟု ပြောလေလျှင် အမေသည် ၀ယ်ပေးထားသောဖုန်းများအား ပြန်သိမ်း သွားနိုင်သည်။

          လာပြန်ပါပြီ ခင်သက်၏ ဖုန်းထဲ အမျိုးသမီးတစ်ယောက်အသံနှင့် ဖုန်းဝင်လာ၏။ ကိုမျိုးသန့်ကိုကို နှင့် စကား ပြော ချင်လို့ပါဟု ဆိုလေ၏။ ခင်သက်သည် ဦးရီးတော်၏ အမည်နာမအား မေ့နေသည်ဖြစ်ရာ ဖုန်းမှားနေသည်ဟု ပြောကာ ဖုန်းပြန်ချလိုက်၏။ ထိုအမျိုးသမီးသည် ထပ်ဆက်ပြန်လေသည်။ သူမကိုပေးထားသည်မှာ ဒီဖုန်းနံပါတ်သေချာ ကြောင်း မမှားဘူးဟုဆိုလေ၏။ ပြီးတော့ ညီမက ကိုမျိုးသန့်ကိုကိုနှင့် ဘာတော်လဲ ဘာလို့ သူ့ဖုန်းကိုကိုင်နေတာလဲ ဆိုပြီး စစ်လားဆေးလား မေး၏။ ခင်သက်လည်း ဒီမှာအစ်မ ဒါ ကျွန်မရဲ့ ဖုန်း အစစ်ပဲ အစ်မပြောတဲ့ မျိုးသန့်ကိုကို လဲ မသိဘူး။ နောက်တစ်ခေါက်လာမဆက်နှင့်ဟု ခပ်ပြတ်ပြတ်ပြောပစ်လိုက်၏။ တစ်ဖက်မှလည်း အေးမသေချာသေးလို့ ပေါ့ သေချာလို့ကတော့ ညည်းရော ညည်းအကောင်ရာ ဓါးစာမိမယ်မှတ်ဟု ပြန်ကြိမ်းလေ၏။ ခင်သက်လည်း ကောင်းပြီလေ အစ်မ ခုအစ်မဖုန်းနံပါတ်ကျွန်မမှာရှိတယ် အသံဖမ်းထားတယ် ရဲစခန်းရောက်မှရှင်းဟု ဆိုလိုက်လေသော် ဂွပ် ကနဲဖုန်းချသွား၏။ ဒေါသသည်မပြေသေးသည်ဖြစ်ရာ ထပ်ခေါ်သော်လည်း စက်ပိတ်ထားပါသဖြင့်နှင့်သာ တိုးလေ၏။

          ဦးရီးတော်သည်ကား ငြိမ်ချက်သားကောင်းလျှက်ရှိသည်။ ဟိုတစ်ခါကိစ္စဖြစ်ပြီးနောက်ပိုင်း အကြံညဏ် လာမ တောင်းတော့ပေ။ အတော်ကြီး စိတ်ချမ်းသာစရာကောင်းလှတေးဟု မှတ်ချက်ချမိသည်။ တစ်နေ့တွင်တော့  အလုပ်မှအပြန်တွင် အမျိုးသမီးတစ်ယောက်သည် ဓာတ်ပုံတစ်ပုံကိုပြကာ ဒီအနီးအနားတွင် ဒီလူကိုတွေ့မိသလားဟု မေးလေ၏။ ခင်သက် သည် ရုတ်တရက်မို့ လူပုံကိုမမှတ်မိသော်ငြား ဓာတ်ပုံနောက်ခံတွင်ပါနေသည့် ခင်သက်တို့၏ ဧည့်ခန်းအနေအထား အား သတိထားမိလေ၏။ ထို့ကြောင့် ပြူးပြဲပြီးသေချာကြည့်သော် ဓာတ်ပုံသည် ဦးရီးတော်ပုံဖြစ်လေ၏။ ရုတ်တရက်မို့ အံ့အားသင့်ကာ ဟန်မဆောင်မိပဲ သိတယ်ဒါ ခင်သက်ဦးလေးဟု လွှတ်ကနဲ ထွက်သွားမိလေတော့သည်။ ထိုအမျိုးသ မီးသည် ၀မ်းသာအားရ သူ့ကိုယ်သူ အန်တီလေးဟု နာမ်စားတွင်တွင်သုံးကာ အိမ်သို့ ပါလာခဲ့လေပြီ။ ကိုကို ကလေ ကိုကိုကလေ ဆိုသည့် နာမ်စားကိုလည်း ထပ်ခါထပ်ခါ ကြားရလေ၏။ သည်တော့မှ ခင်သက်သည် ငါတော့ နေရင်း ထိုင်ရင်း မြွေပွေးကို အိတ်ထဲ ကောက်ထည့်မိပြီးဟု သိလေတော့သည်။

          အိမ်သို့ရောက်သော် အမျိုးသမီးကိုဧည့်ခန်းတွင်ထားခဲ့ပြီး အမေရေ ပြသနာတော့တက်ပြီဟု အစချီကာ ပြောရလေတော့သည်။ အမေ့မောင်ကို အမေ့ဘာသာအမေ သွားခေါ်တော့ဟု တီးတိုးကြိတ်ပြောရလေသည်။ ဦးရီးတော်သည် သူ့အန္တာရယ်အားကြိုသိနေသည့်အလား အိမ်မှာမရှိဟု ဆိုလေ၏။ သည်မနက်ပဲ ပဲခူးက သူငယ်ချင်းထံသွားမည်ဟုဆိုကာ အထုပ်ဆွဲထွက်သွားကြောင်း သိရလေသည်။ အဲဒါဆိုလည်း အမေသွား ရှင်းလေဟု အမေ့ကိုသာ ဧည့်ခန်းထဲ တွန်းထုတ်ရတော့သည်။ အမေလည်း ယောင်နနဖြင့် အစ်မ အဲလေ ညီမဟိုလေ မောင်လေးမရှိဘူး ပဲခူးက သူ့သူငယ်ချင်းအိမ် သွားမယ်ဆိုပြီး ဒီမနက်ပဲ အထုပ်ဆွဲထွက်သွားတယ်ဟု ဆိုလေသော် ထိုအမျိုးသမီး သည် ချုံးပွဲချငိုလေ၏။ မမရယ် ဒီလိုဆိုရင်ဖြင့် ညီမတော့ ဒုက္ခနှင့်လှလှတွေ့ပြီထင်ပါတယ်။ အိမ်က သားသမီးတွေကို “ကိုကို” နဲ့ ခိုးရာလိုက်ပြေးသွားပြီလို့ စာရေးထားခဲ့တာ။ ဟမ်.. ဘယ်လို အိမ်က သားသမီးတွေကို ဘုရား…ဘုရား. အမေကဖြင့် ပါးစပ်အဟောင်းသား ခင်သက်ကဖြင့် နှုတ်ကထွက်လို့ ဘုရားတမိလေ၏။

          ဒီပုံအတိုင်းသာဆိုလျှင် ဦးရီးတော်ဖြင့် ကျားခံတွင်းသက်ဆင်းမိလေပြီဟု ဆိုချင်မိသည်။ မေမေ့ကို မမ၊ မမနှင့် ခေါ်နေသည့် အမျိုးသမီးသည် မိတ်ကပ်အဖွေးသား နှုတ်ခမ်းအနီသားဖြင့် ၀တ်စားထားပုံမှာလည်း အသက်အရွယ်နှင့် မလိုက်ပေ။ မိတ်ကပ် ဆံပင် နှုတ်ခမ်းနီ ဖယ်လိုက်လျှင် မေမေနှင့်အသက်တူတူလောက် ရှိသည်ဟု ခန့်မှန်းမိသည်။ အိမ်က သားသမီးတွေဟု ဆိုပုံအရ သားကြီးသမီးကြီး များရှိနေပုံရသည်။ အခန့်သင့်လျှင် မြေးပါရှိလောက်သည့် အရွယ်ဖြစ်သည်။ ပြီးတော့ ဦးရီးတော်ကို ခေါ်ပုံက ကိုကို ဟု ဆိုလေသည်။ ဦးရီးတော်ဖုန်းကိုခေါ်သော်လည်း ဆက်သွယ်မှုဧရိယာပြင်ပဖြစ်နေသဖြင့် မည်သို့မျှ အကြောင်းကထူးမ လာပေ။ မေမေလည်း ညီမရယ် မောင်လေးပြန်လာမှသာ တစ်ခေါက်လာခဲ့ပါ။ မောင်လေးနှင့်အရင်အဆက်အသွယ်ရ အောင်ကြိုးစားကြည့်ပါအုန်းနော်လို့ ချော့ပြောရင်း ထိုအမျိုးသမီးအား ခပ်ယဉ်ယဉ်နှင်ရလေတော့သည်။ အမျိုးသမီး သည် ညနေပိုင်း မိုးချုပ်သည်အထိ စောင့်မည်ဟုဆိုလေ၏။

ထိုအခါ မေမေက အိမ်ကအမျိုးသား(ဖေဖေ)သည် သူ့မောင်လေး ဒီလိုမျိုးရှုပ်နေသည်ကို သိလျှင် ငြိုငြင်သွားမည်ဖြစ်ကြောင်း။ ညနေဆိုလျှင် အမျိုးသားသည် အလုပ်မှ ပြန်လာပြီဖြစ်ကြောင်း။ အခန့်မသင့်လျှင် သူ့မောင်လေးအိမ်ပေါ်ကနေ ဆင်းရမည်ဖြစ်ကြောင်း ပုံပြောပြရလေ၏။ အမျိုးသမီးက ခပ်သွက် သွက်ပြန်မေး၏။ ဟင် .ဒါက “ကိုကို” တို့မိဘပိုင်အိမ် မဟုတ်ဘူးလား။ မေမေသည်လည်း ပြာပြာသလဲ မဟုတ်ပါဘူးကွယ် ဒါအစ်မအမျိုးသားရဲ့ မိဘ ပိုင်အိမ် ပါ။ မောင်လေးက လူလွတ်ဆိုတော့ ဒီလိုပဲ အိမ်မှာနေခိုင်းထားတာဟု ဆိုလေသော် အမျိုးသမီးသည် အငိုတိတ်ခါ ဒါဆို ရင် မိဘပိုင်company မှာ အလုပ်လုပ်တာဆို။ မေမေလည်း ဟက်ကနဲ တစ်ချက်ရယ်လိုက်ရင်း ဟုတ်တယ် အစ်မ အမျိုး သားရဲ့ ကုန်မျိုးစုံပွဲရုံမှာ တောက်တိုမယ်ရ အလုပ်လုပ်ကြောင်း ဖြေလေ၏။ ထို့နောက် အမျိုးသမီးသည် ဧည့်ခန်းမှ ဦးရီး တော်ပုံအား လက်ညှိုးထိုးကာ ဒါက ကိုကိုရဲ့ အဖေပုံလားဟု စပ်စပ်စုစု မေးပြန်၏။ ခင်သက်လည်း မဆိုင်းမတွပင် အဲဒါမမရဲ့ ကိုကိုပုံ ဟု ဆိုလေသော် ထိုအမျိုးသမီးသည် အပြန်နောက်ကျလျှင် လိုင်းကားတွေမရှိသဖြင့် အိမ်အပြန်ခက်ခဲကြောင်း ခုပဲ ပြန်တော့မယ်နော်ဟု ခက်သွက်သွက်ဆိုကာ ဧည့်ခန်းမှထလေတော့သည်။

ထိုအမျိုးသမီးပြန်သွားသော် သားအမိနှစ်ယောက်သည် ဖြစ်စက သွေးပူပြီး စိုးရိမ်ထိန့်လန့်နေသော်လည်း ထိုအမျိုးသမီးပြောပုံ ဆိုပုံနှင့် ဦးရီးတော်၏ လိမ့်လုံးရွှီလုံးတို့အား ပြန်ပြန်ပြောကာ လက်ဝါးချင်းရိုက်လို့ ရယ်ရသည်မှာ လည်း မောလှပြီ။ ဒါတင်မကသေး ညနေထမင်းဝိုင်းတွင် ခင်သက်၏ ကိုကို အမူအရာအား ကြည့်ကာ ရယ်လိုက်ကြ သည်မှာ ခပ်တည်တည်နေသည့် ဖေဖေပင် ထမင်းလုတ်သီးသည်အထိ ညီမလေးဆိုလျှင် ညအိပ်ယာဝင်သည်အထိ မပြီးနိုင်မစီးနိုင် ကိုကို..ဟိဟိ..ခွီခွီဖြင့် ကြိတ်ရယ်လို့ မဆုံးနိုင်ပေ။ ဦးရီးတော်သည်ကား အိမ်နှင့် သုံးရက်တိတိ အဆက် အသွယ်ပြတ်နေပြီးနောက် လေးရက်မြောက်တွင် မေမေ့ထံ ဖုန်းဆက်လေ၏။ မေမေသည် သူ၏မောင်အား ဘယ်လို လဲ ကိုကို ဟု စကားအစချီလေသော် ဦးရီးတော်သည် ကျွန်တော်ပဲခူးမှာ ကြာမယ်မမ ပျော်သလောက်နေမယ်။ ကြာချင်လဲ ကြာမယ်ဟု စကားပြတ်ပြတ်ပြောလေ၏။ မေမေသည်လည်း အေးကြာချင်သလောက်သာ ကြာဟေ့ တစ်ခုပဲ ငါ့ယောက်ကျားပိုင်တဲ့အိမ်တော့ မိဘဘိုးဘွားပိုင်အိမ် မလုပ်မိစေနဲ့ ကြားလားဟု ခပ်ငေါက်ငေါက်ပြောသံကြားရ၏။

နောက် နှစ်လအကြာတွင် ဦးရီးတော် အိမ်ပေါ်ပြန်ရောက်လာ၏။ ဖုန်းကတော့ ပွတ်မြဲပင်။ မေမေက အေးနင့်ပါ သာနင်facebook ကြီးမှာ ကြူကြူ ရွရွ ငါ့အိမ်ပေါ် အရှုပ်ထုပ်တွေ ပါမလာစေနဲ့။ ငါ့သမီးတွေ ဖုန်းနံပါတ်လဲ ဆွဲမထည့်နဲ့ နင့်ကိစ္စနင် အပြင်မှာပြီးအောင်ရှင်း။ အေး ကိုယ့်ထက်ငယ်ရွယ်တဲ့ ကလေးမလေးတွေကိုလည်း လိမ့်မယ် ဖြီးမယ် မကြံ နဲ့ သူများမတိုင်ခင် ငါအရင်ဦးအောင် ထောင်ထဲပို့ပလိုက်မယ်နားလည်လား။ ဘယ်နှယ့်တော် ရှိတဲ့ကလေးတစ် ယောက်တောင် လူပျိုဖြစ်ပြီး မြေးရတော့မယ် ခုထိ အသက်က ၂၈ ထက်မကြီးနိုင်ဘူး။ နောက်တစ်ခါ ဒီလိုပြသနာမျိုး ထပ်ဖြစ်ရင် ကိုယ့်အထုပ်ကိုယ်ဆွဲပြီး တော်ရာဂျောင်းပေတော့ဟု ရာဇသံပေးထားလေတော့သည်။ ဦးရီးတော်လည်း သူ့အမှားနှင့်သူမို့ ခေါင်းကိုသာတွင်တွင်ညိမ့် လေ၏။ ဟိုတစ်နေ့ကဖြင့်  ဦးရီးတော်၏ ဖုန်းအား ခင်သက်တို့ အမှတ်တမဲ့ ကြည့်လိုက်မိလေရာ သူ၏ profile သည် ကိုကိုပျောက်ခါ  “မောင်မောင်ချစ်” ဟူပြီး တွေ့လိုက်ရ လေတော့သည်။ 


------
ချစ်သောမောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင့်။ ဘလော့မရေးတာကြာပြီမို့ လို့ ပေါ့ပေါ့ပါးပါး ပို့စ်လေးနှင့်ပင် လက်ရည်ပြန်သွေးထားပါကြောင်း။  သရုပ်ပြပုံလေးကတော့ google ကနေ ရှာဖွေအသုံးပြုထားပါတယ်။ 

1 comment:

  1. FB မှာဖတ်ခဲ့ပြီးပြီ ....ဘလော့မှာအသစ်တင်တာမို့ဝင်လည်ဖြစ်သွားတယ်နော်......
    မောင်မောင်ချစ်အဖြစ်နဲ့ဆက်လန်းမယ်

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......