Wednesday 21 August 2013

ချစ်ခြင်းတစ်ခုရဲ့ သမိုင်းတစ်ပုဒ်


စ.. ပြီလို့ ဆိုကထဲက ဘာမှမလိုချင်ခဲ့သူပါ
ယူဖို့ထက် ပေးဆပ်ဖို့ကိုပဲ
သတိရခဲ့တဲ့သူ။   ။

ကိုယ်တိုင်ပျော်ရွှင်ဖို့ထက် သူပြုံးနေတာကိုပဲ
 မြင်ချင်ခဲ့တဲ့သူ။   ။

အမှတ်တမဲ့ပုံရိပ်တစ်ချို့ကိုတောင်
အမှတ်တရ ရှိနေခဲ့တဲ့သူ။   ။

တစ်ယောက်နဲ့အများမှာ
တစ်ယောက်ဘက်က ရှိနေပေးခဲ့သူ။   ။

ယုံကြည်မှုဆိုတာ အများအမြင်မဟုတ်ဘူး
ရင်ဘတ်ထဲက သံစဉ်တွေညှိတဲ့ အသံလို့
ခွန်းတုန့်ပြန်ခဲ့တဲ့သူ။  ။

မိုင်ထောင်ချီဝေးနေပါစေ ရင်ခုန်သံတွေတော့
ကြားနေရလိမ့်မယ်လို့
မျှော်လင့်ခဲ့မိသူ။  ။

အဝေးကိုပျံချင်ရင် ပျံပါစေ
လှောင်အိမ်ဆိုတာ သူ့အတွက်မဟုတ်ဘူးလို့
ဆုံးဖြတ်ချက်နဲ့အတူ
လှောင်အိမ်တံခါးကို ဖွင့်ပေးခဲ့တဲ့သူ။  ။

ဒါဘာတွေလဲ ...
နောင်တတွေလားလို့ မေးခဲ့ရင်
ဟင့်အင်း.. မဟုတ်လောက်ပါဘူး
ဒါဟာ....
ချစ်ခြင်းတစ်ခုရဲ့ သမိုင်းတစ်ပုဒ်
ဖြစ်ခဲ့ ဘူးတယ် ဆိုရုံလေးပါ။  ။

Friday 16 August 2013

မမိုက်တော့ ဘူး





မျက်ရည်တွေလဲ ..ခမ်း
နှလုံးသားလဲ ...ကျွမ်း
တိုးတိတ် ...တိတ်ဆိတ်
မုန်းမာန်ကို ...တင်း
ကျောခိုင်း ..အဝေး
ပြေးထွက်ခဲ့ပြီ။   ။

လွမ်းရက်တွေ ...ရင့်
သက်တမ်းတွေ ..တိုး
ဆွေးလု ..ပျက်သုဉ်း
ရှုပ်ထွေး ...စိတ်ထွေ
မျှော်တစ်....လင့်လင့်
အမှန်ကို သိချိန် ။  ။

အမှားကနေ ..အမှန်
အမှန်ကနေ ..အမှား
ဝေခွဲ ပိုင်းဖြတ်..!!!!!
ဒီမှာ ..  အချစ်..
ဒီတစ်ခါ ...ကျွန်မ
မမိုက်တော့ ဘူး။  ။

Monday 12 August 2013

မသိကိန်းများနှင့် ခဏတာ



မင်းသာ ငါ့အနားရှိခဲ့ရင်လို့
ယဉ်တတ်တဲ့စိတ်ကူးလေးကို
သတ်ပြစ်လိုက်တဲ့အခါ..
ရင်ဘတ်ထဲက နှလုံးခုန်သံတွေမှာ
အဓိပ္ပါယ်တွေ ကင်းမဲ့သွားကြတယ်။  ။

မချစ်တတ်တော့ပါဘူးလို့
ဘယ်လိုပဲ သင်သင်...
နားမလည်ဘူးဆိုတဲ့ စကားတစ်လုံးနဲ့
အစကနေ အခါခါ ပြန်ရှင်းနေရတာ
ကြာတော့လည်း ..တော်တော်ထူတဲ့
အသည်းနှလုံးတစ်စုံပဲလို့
စွဲချက်တင်ခဲ့မိတယ်။ ။

အချစ်စစ်ဆိုတာ
နင်ရခဲ့တာ မဟုတ်ဘူး
နင်ရခဲ့တာ ချစ်ခဲ့ဖူးသူရဲ့ အတ္တ...
ဘယ်လောက်ပဲ သတိပေးနေနေ
ချစ်နေရတာကိုးက အချစ်လို့
ဘာသာပြန်တွေက ..
ထွက်ထွက်လာပြန်တယ်။  ။

လောင်ကျွမ်းမှုတွေ အကြိမ်ကြိမ်
ဝါးမြိုခြင်းခံနေ ရတာတောင်
ပြာ..ဖြစ်မသွားတဲ့
ကိုယ့်နှလုံးသား ကိုလည်း
သြချယူခဲ့ မိပါရဲ့။  ။

တစ်ကယ်ဆို.. ပြာပဲ ဖြစ်ခဲ့သင့်တာပါ
ဒါပေမယ့် ဘာလို့များ..
အေးခဲနေတဲ့ နေရာတစ်ခုက
ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု
ဖြစ်လာခဲ့သလဲ... ။   ။

ဒီလိုနဲ့.
မသိချင်း ပုစ္ဆာတစ်ပုဒ်ကို
ခက်ခက်ခဲခဲ တွက်မနေတော့ပါဘူး
ဒါဟာ ပုစ္ဆာတစ်ပုဒ်လို့ ငါသိထားရင်
ဖြစ်ချင်တဲ့ ဆန္ဒတစ်စုံ
ပြင်းပြတဲ့ နှလုံးသားတစ်ခု
နားလည်မှုနဲ့ ဖေးမပေးမယ့် မျက်ဝန်းတစ်စုံ
ကမ်းလျှင့်လာမဲ့ လက်တစ်စုံ....
အဲဒီလို ဆုံလာတဲ့ အချိန်တစ်ခုကြရင်ဖြင့်
အဖြေတစ်ခုဆိုတာ ..ငါ..
တွက်ထုတ်နိုင်ကောင်းပါရဲ့။   ။