Tuesday 24 August 2010

နေ့စွဲလေးတစ်ခု



ရက်စွဲတွေ နေရာချိန်းပေမယ့်
ပန်းနုရောင်သွေးစက်ပျောက်တွေ
ရင်ဘတ်အောက်မှာရှိနေတယ်။
ဆောင်းနှင်းတွေဝေခဲ့ပြီးနောက်
နွေပေါက်ပြီးသစ်ခြောက်ကြွေသော်လည်း
နောင်တစ်ချိန်နှင်းတွေကြားမှာ
ပျော်ချင်သေးတဲ့အသိတွေရှိတယ်။
မိုးစက်တွေ မြေခနေသော်လည်း
သက်တန့်ရောင် မြက်အစုံကြားမှာ
အရိပ်တွေထင်ကျန်နေတယ်။
ရွှေရောင်ချောကလက်တစ်ခု
ရင်ငွေ့လှုံသောနေ့လေးမှာ
အသဲကျောက်စာအဖြစ်နဲ့
အချစ်ကိုတည်ဆောက်ထားတယ်
ရှင်သန်သောခြေလှမ်းတွေ
ခိုင်မာသောသတိတွေ
ပြီးတော့...ပြီးတော့...
တည်ရှိနေတဲ့ ဒီနေ့တွေပေါ့.........

စကားဝါတစ်ပွင့်ပေးပြီး ခရီးရှည်ကြီးထွက်သွားသူ (၂)

ရာသီအဖုံဖုံက
ဝတ်ရုံအထပ်ထပ်မလို့ ကပွဲကပြန်လာကြပြီ
မြေနီလမ်းမဆီမှာတော့ ငါတစ်ယောက်တည်း
မင်းကိုမျှော်ငေးရင်း စကားဝါပွင့်တွေဝေသီ
ငါ့တစ်ယောက်တည်းအတွက် မြူခိုးတွေမိုးလိုရွာပြီ
မြူခိုးတွေမိုးလို၇ွာပြီ...............

ကြာခဲ့ပါပြီ
ဒီစကားဝါပင်ကြီးအောက်မှာပဲ
ပြန်လာမယ်ဆိုတဲ့အသိနဲ့
ပန်းတစ်ပွင့်ကိုပေးရင်း
နှုတ်ဆက်နမ်းခဲ့တဲ့နဖူးပြင်ကို ဖွဖွလေးထိတွေ့ရင်း
လှိုက်မောစွာနဲ့ပင်အိုကိုမော့ကြည့်
စကားတစ်ခွန်းမေးမိတယ်
သူဘယ်မှာလဲ သိပါသလားကွယ်.............

ခဏချင်းငြိမ်သက်
အကိုင်းအလက်တွေလဲ တောင်ပံခတ်လို့
ဝင်းလက်ဆူးရဲတဲ့အလင်းတွေနဲ့
ဖြုန်းခနဲသက်ဝင်လှုပ်ရှား
ဆိတ်ငြိမ်တဲ့သူ့နှလုံးသားက
စကားဝါပန်းနဲ့အလွမ်းသည်မ ငါ့ကို
သနားလိုသည်ထင်ရဲ့
ပင့်သက်ကိုဖွဖွလေးထုတ်
ငါမသိတဲ့ပုံပြင်တစ်ပုဒ်ကို
မြေနီလမ်းထက်မှာဖြန့်ကြဲ
အနီရောင်တွေရဲခနဲပါပဲလေ

တကယ်တော့.......
စကားဝါတစ်ပင်တည်းအောက်မှာနားပြီး
ကမ္ဘာခြားနေတဲ့အဖြစ်
နာကျင်ဖို့ကောင်းလိုက်တာ
သံယောဇဉ်မီးစက်တွေက ပရိဒေ၀နဲ့ပေါင်းပြီ
နက်ရှိုင်းစွာရှိုက်အော်
မင်းခေါ်သံကိုငါကြားရပြီ
နွေမိုးဆောင်းအလီလီကို
သူတစ်ယောက်တည်းအံတုလို့
ဒြပ်ထုမရှိတဲ့ခန္ဓာနဲ့
ပူလောင်ပင်ပန်းစွာ မင်းငိုကြွေးနေတာကို
သိခွင့်မရတဲ့အဖြစ်
ဘယ်သူဖွင့်လှစ်ခဲ့တဲ့ကျိန်စာဆိုးလဲ
ရှင်သန်မှုနဲ့သေဆုံးမှုကြားက
ခြားထားတဲ့စည်းတစ်ခုဟာ
နှလုံးသားတစ်စုံကိုဟန့်တားနိုင်တဲ့
ဓါးသွားတစ်လက်သာဆိုရင်...........................


ဟေ့ချစ်သူရေ
မီးဖိနပ်ကိုစီး ခရီးကြမ်ကိုနှင်
မင်းရင်ခွင်ကို ကိုးစား
ငါ့မှာခွန်အားအပြည့်ပါ
ဆတ်ဆတ်ခါနေတဲ့ပီတိအဟုန်နဲ့
အဖန်ငါးရာကိုဘေးချိတ်
ဟိုးတောင်ကုန်းထိပ်ကနေပြီး
မင်းရှိတဲ့ကမ္ဘာကို ငါလာမှာပေါ့ကွယ်
စကားပါတစ်ပွင့်သာပန်ခွင့်ပေး
အဖန်ငါးရာကိုလည်းဝန်မလေးဘူး
လွင့်ခနဲဟာသွားတဲ့ခံစားမှုက
ရှင်သန်ခြင်းကိုဖောက်ထွက်
မိုးယံထိတက်မယ့်အချစ်က
ငါ့အချစ်ကိုကယ်မမယ်ဆိုရင်
ကယ်မမယ်ဆိုရင် .......ကယ်မမယ်ဆိုရင်...........

Sunday 22 August 2010

အဖြူရောင်နှစ်ခုကြားက မျဉ်းဖြောင့်တစ်ကြောင်း

သူနဲ့ခင်ခဲ့တာတော့ကြာပါပြီ။ ခုထိတော့လူချင်းမဆုံဖြစ်သေးပါဘူး။ အခုခေတ်လူငယ်တွေကြားမှာ ခေတ် စား နေတဲ့အွန်လိုင်းကတစ်ဆင့် ခင်မင်ခွင့်ရခဲ့တာပါ။ အများနဲ့မတူတဲ့ထူခြားချက်ကတော့ သူမဟာရိုးသားတယ်၊ ပွင့်လင်းတယ်၊ ခေတ်အမြင်ရှိတယ်၊ ဘ၀ကိုသတ္တိရှိရှိရင်ဆိုင်ရဲတယ် ရင်ထဲရှိတာကို မကွယ်ဝှက်တတ် ပွင့်ပွင့် လင်းလင်း ဆက်ဆံတတ်တယ်၊ စာပေ၀ါသနာလေးလဲပါတယ်။ စိတ်ချင်းတူ ၀ါသနာချင်းလဲတူတော့ သူနဲ့စကား တွေပြောဖြစ် ငယ်သူငယ်ချင်းအရင်းအခြာလို ခင်မင်ခဲ့ကြတယ်။

သူနဲ့ခင်မင်သိကြွမ်းခဲ့တဲ့ 2007-ခုနှစ်နောက်ပိုင်းကစပြီး ယနေ့အချိန်အထိ ညီမငယ်တစ်ယောက်သဖွယ် သံယောဇဉ်ပိုမြဲသူကလဲအတူတူ အဖြူရောင်ချင်းယှက်နွယ်ခဲ့တယ်ပေါ့။သံယောဇဉ်တွေပိုလာတော့ တစ်ယောက် အကြောင်းတစ်ယောက် အမြင်ချင်းဖလှယ်ကြ တိုင်ပင်ကြ အကြံတွေပေးကြနဲ့ သူ့အတွင်းရေး ကိုယ့်အတွင်းရေး အသိပေး ယုံကြည်စွာအကုန်လုံးဖွင့်ဟဖြစ်ကြတယ်လေ။

အချိန်တွေဝါးမျိုကုန်ဆုံးခဲ့ပေမယ့် သူနဲ့ခင်မင်မှုအဖြူရောင်သံယောဇဉ်တွေကတော့မကုန်ဆုံး ပိုလို့ တောင် တိုးခဲ့သေးတယ်။ ညီမငယ်တစ်ယောက်ရဲ့ ပိုင်ဆိုင်မှု ဆိုးနွဲ့ဟန်လေးတွေနဲ့သူဆိုးနွဲ့ခဲ့တယ်။သူ့ရင်ထဲမှာမွန်းကျပ် လာတဲ့အခါ သူ့ကိုအားပေး စကားတွေအကြာကြီးပြောဖြစ်ခဲ့ကြတယ်။ သူ့ဘ၀ရဲ့ မိဘအပေါ်သိတတ် မှုတွေကို ဂုဏ်ယူဝမ်းသာမိသလို နာကျည်းမှု ခံစားမှုတွေကိုလဲ အကြီးတစ်ယောက်အနေနဲ့ မျှဝေခံစားပေးခဲ့တယ်။ သနား ကရုဏာသက်မိတယ်ပေါ့လေ။

ညီမငယ်နဲ့အနေဝေးပေမယ့် စိတ်ချင်းကတော့ နီးနေခဲ့တယ်၊ အဖြူရောင်သံယောဇဉ်တွေနဲ့ ချည်နှောင်လို့ တစ်ယောက်နဲ့တစ်ယောက် နားလည်ခံစားပေးခဲ့ကြတယ်လေ။ အွန်လိုင်းမှာတွေ့သိခင်မင်ခဲ့ကြပေမယ့်လေးလေး စားစားဆက်ဆံ အဖြူမှာအရောင်မစွန်းခဲ့ပါဘူး အဖြူရောင်အနားနှစ်ဖက်ကြားမှာ သံယောဇဉ်မျဉ်းဖြောင့်ကတော့ အကွေးအကောက်မရှိ ဖြောင့်တန်းလို့ပြေးနေဆဲ…။

ဒီလိုနဲ့ ညီမငယ်ရဲ့ 29 နှစ်မြောက်မွေးနေ့မှာ အကြီးတစ်ယောက်အနေနဲ့ ဘာလက်ဆောင်မှ မပေးဖြစ်ခဲ့ ပြန်ဘူး။ တစ်ယောက်နဲ့တစ်ယောက် တစ်နိုင်ငံစီဆိုတော့ မပေးဖြစ်ခဲ့တာပါ။ အလုပ်မအားတာလဲပါတာပေါ့လေ။ ရင်ထဲမှာတော့မကောင်း အကြီးမပီသတဲ့ငါပါလားလို့ ၀မ်းနည်းမိတာအမှန်။ လက်ဆောင်မပေးဖြစ်ပေမယ့် ညီမ ငယ်အတွက် ပါတီပွဲလေးတစ်ခုတော့ သူငယ်ချင်းတွေနဲ့ကျင်းပပေးဖြစ်ခဲ့တယ်။ (အဲဒီပါတီပွဲမှာတော့ မွေးနေ့ရှင် ညီမလေးမပါဘူးပေါ့လေ) ဆုမွန်ကောင်းတွေချွေရစ်ဖြစ်ခဲ့တယ်။ မွေးနေ့လက်ဆောင်မပေးဖြစ်ပေမယ့် ညီမငယ် ရဲ့ဘ၀အတွက် အဖြူရောင်သံယောဇဉ်တွေကတော့ လွှမ်းခြုံပေးလျှက်ပါ ညီမရယ်။

အွန်လိုင်းပေါ်မျာ တွေ့ခဲ့ကြတဲ့သူနှစ်ယောက် ဖြူစင်တဲ့စိတ်လေးတွေနဲ့ ချည်နှောင်လိုက်တော့ ပိုမိုခိုင်မြဲ ယနေ့အထိ ဆက်လက်ရှင်သန်ဆဲပေါ့။ စာလေးတစ်ခုဖတ်ဖူးတယ် “ အဖြူရောင်ပေါ် အမဲစက်ကျတော့ အဖြူ ရောင် ပျက်တယ်တဲ့” ဒို့နှစ်ယောက်ရဲ့ ခင်မင်မှုဟာ အရောင်မစွန်း အဖြူရောင်သက်သက် ရှင်သန်ခဲ့တယ်နော်။ အဖြူရောင်ကမ်းနှစ်ဖက်ကြားမှာ စီးဆင်းနေတဲ့ စီးကျသံလေးပေါ့။

နေရာချင်းမတူ နိုင်ငံချင်းမတူ အနားနှစ်ဖက်မှာရပ်နေကြတဲ့သူနှစ်ယောက် မျဉ်းဖြောင့်တစ်ခုအနေနဲ့ ဒီဘလော့ ပို့စ်လေးမှာဘဲ အတူစီးဆင်းရင်း ဆက်လက်ရှင်သန်ကြပါစို့…………..

“ဥပေက္ခာဖြင့် မျက်စိမှိတ်ခြင်းကို လမ်းခွဲဟု ငါမယုံ။

စူးစမ်း၊ ဆန်းစစ် ခွဲခြမ်းစိတ်ဖြာမှု၏ သိမ်မွေ့သော အထိအတွေ့သည်သာ

ရလာဒ်အမှန်ဖြစ်၏။

လာရာလမ်းသည် မှုန်သလော၊ ရှေ့ခရီးသည် ဖုံသလော

ဘယ်ပုံဆိုသည်ကိုတော့ အလွှာလွှာခွဲခြမ်းစိတ်ဖြာရပေမည်။”

(ညီမငယ်နဲ့ခင်မင်မှုအမှတ်ရအဖြစ်ရေးဖွဲ့ပါသည်။)

Friday 20 August 2010

လမ်းပေါ်ရောက်ပြီလား




လမ်းပေါ်ရောက်ပြီလား ဆိုတဲ့စကားလေးဟာ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ရဲ့ စကားလုံးလေးပါ။မှတ်မှတ်ရရပေါ့ သူငယ်ချင်းတွေဆုံမိတုံး ၀ိုင်းထိုင်လို့ စပ်မိစပ်ရာ စကားလေးပြောဖြစ်ကြတယ်။ များသောအားဖြင့် လူတွေဟာ လမ်းဘေးကလူဆိုရင် သိပ်ပြီးအထင်မကြီးတတ်ကြဘူးလေ။စင်ပေါ်ရောက်မှ၊ အမြင့်ရောက်မှ အထင်ကြီးကြ တဲ့ လောကကြီးဆိုတော့လမ်းဘေးကလူဆိုရင် မျက်လုံးစိမ်းကြီးတွေနဲ့ အကြည့်တွေ က စိမ်းတတ်ကြတယ်လေ။
ဒါကလဲဖြစ်တတ်တဲ့နိယာမသဘောဆိုတော့ သူ့တို့ကိုလဲအပြစ်ကမဆိုသာဘူးပေါ့။ ခေတ်ကြီးကိုက ဂုဏ်ကိုခင် ပကာသနကိုမင်ကြတဲ့ခေတ်ကြီးဆိုတော့ လမ်းဘေးကလူဆိုရင် တေလေကြမ်းပိုး၊ ယောင်ခြောက်ဆယ်၊ အလုပ်မရှိအကိုင်မရှိတဲ့သူလို့ ထင်ကြတာကလား။
လမ်းပေါ်ကလူနဲ့ လမ်းဘေးကလူ သိပ်မခွဲခြားတတ်တာလဲ ဖြစ်နိုင်လောက်ပါတယ်။ လူဟာ သူ့ဟာနဲ့သူ
တန်ဖိုးတော့ရှိကြတာပေါ့၊ အကုန်လုံးသုံးစားလို့ မရတာတော့မဟုတ်ပါဘူး။ လမ်းဘေးရောက်တဲ့သူဟာ အတော် ရှားပါတယ်။ ပညာဘယ်လောက်တတ်တတ်၊ ပစ္စည်းဥစ္စာဘယ်လောက်ပေါပေါ လူအများနဲ့သဟဇာတမဖြစ် ၊ ကိုယ့်အကျိုး တစ်ခုတည်းကိုသာ ကြည့်တတ်တဲ့လူတန်းစားတွေဟာလမ်းပေါ်ရောက်တဲ့ လူတန်းစားထဲမပါနိုင် ပါဘူး၊ဘေးထိုင်ဘုပြော အကောင်းမမြင်ဝါဒ လက်ကိုင်စွဲထားတဲ့သူတွေပေါ့။
တစ်ခါတုန်းက ၀တ္ထုလေးတစ်ပုဒ်ဖတ်လိုက်ရတယ် စာရေးဆရာ ညီငယ်လေးရေးတဲ့ စာလေးပါ။ကိုသက်ပြင်း ဆိုတဲ့ ကြပ်မပြည့်သူတစ်ယောက်အကြောင်း ရေးထားတာပါ။ ကိုသက်ပြင်းဟာ ကြပ်မပြည့်ပေမဲ့ရေထမ်းပြီး သူဘ၀ ကို ရုန်းကန်ရှာတယ်၊ ရေပုံးရှိရင် ကိုသက်ပြင်းအတွက်ဘာမှပူစရာမလိုဘူး၊ ရေလိုတဲ့အိမ် ရေထမ်းပေး၊ ကျွေးတဲ့ထမင်းစားပေးတဲ့ပိုက်ဆံယူပြီး သူ့ဘ၀ သူ့လမ်းပေါ်သူလျှောက်နေတဲ့သူ။
တစ်နေ့အလှူအိမ်မှာ ကိုသက်ပြင်းတစ်ယောက် ထမင်းသွားစားတယ် တောဓလေ့အတိုင်း လူကဖိနပ်မစီးဘူး ၊
ဖိနပ်ကလူကိုစီးထားတယ်၊ ဖိနပ်ပျောက်မှာဆိုးလို့ ခါးကြားထဲမှာနေရာယူထားတယ်ပေါ့။
အဲဒီအချိန်မှာ ဖိနပ်မပါတဲ့ လူကြီးတစ်ယောက် တောင်ဝှေးကြီးနဲ့ အလှူအိမ်ကို သူလဲထမင်းလာစားတယ်၊ အရပ်ထဲမှာပေါ့အသက်ကြီးတော့ လူရိုသေ ရှင်ရိုသေပေါ့ ။ အလှူအိမ်ရောက်တော့ ထမင်းစားပြီး ပြန်မယ်အလုပ် သူ့ဖိနပ်ကိုလိုက်ရှာတယ်။ မျက်စိမှုန်ဝါးဝါး ဟိုရှာဒီကြည့်ပေါ့ အဲဒီမှာသူ့အကြည့် ကိုသက်ပြင်းစီရောက်သွာတယ်။ ဟော...ကိုသက်ပြင်းခါးကြားက ဖိနပ်ကိုမြင်ပါလေရော၊ အဲဒီမှာပဲ သူ့ဖိနပ်သက်ပြင်းခိုးပါတယ်ဆိုပြီး လိုက်လု လူတွေက၀ိုင်းဖမ်း သောက်ရူးက ထမင်းစားရုံမဟုတ်ဘူး ဖိနပ်တောင်ခိုးတယ်ဆိုပြီး တောင်ဝှေးနဲ့ကိုသက်ပြင်ကို ရိုက်ပါလေရော၊ ကိုသက်ပြင်းခမျာ လူးလိမ့်ခံရတော့သည်။ ဘေးကလူတွေကော ကိုသက်ပြင်းကို ဆဲဆို ကြိမ်းမောင်း လို့ပေါ့။
အဲဒီအချိန်မှာ ဘေးနားအိမ်ကလူတစ်ယောက်က ဖိနပ်မပါဘဲလာတဲ့ အဖိုးကြီးကိုသတိပြုမိထားတော့ သူက သွားပြောတယ် ဘကြီးခုနလာတုံးက ဖိနပ်မှမပါတာ ကျွန်တော်အိမ်ပေါ်ကလှမ်းကြည့်တာ မြင်တယ်လို့ ပြောတယ်။ သက်ပြင်းမှမခိုးတာ နဂိုထဲက ဘကြီးဖိနပ်မှမပါတာဆိုတော့ အဲဒီအခါကျမှ အဖိုးကြီးက အေး.. ဟုတ်သားဘဲ...ဘကြီးမေ့သွားတယ် ဖိနပ်ပါမလားဘူးတဲ့ ၊ဒါကြောင့်ထင်တယ် “မရှိခိုးနိုးနိုး” ဆိုတဲ့စကားပေါ်လာ တာ။ အဲဒီတော့မှ ကိုသက်ပြင်းခမျာသက်သာသွားတယ်။
ကိုသက်ပြင်းလဲ သက်သာရာရသွားရော လဲနေတဲ့နေရာကထပြီးပြောလိုက်တဲ့စကားက သိပ်မှတ်သားဖို့ကောင်း တယ် “သက်ပြင်းလေ မခိုးဘူး ငရဲကြီးတတ်တယ် တဲ့”ကဲဘယ့်နဲ့ရှိစ၊ အသိရှိတဲ့ ကြပ်ပြည့်တဲ့သူက ကြပ်မပြည့်တဲ့သူစီကဖိနပ်ကို လိုခြင်တယ်။ ကြီးနိုင်ငယ်ညှင်း မြေနိမ့်ရာ လှန်စိုက်ဆိုတာ ပေါ်လွင်တယ်လေ။ အဲဒီသူတွေ ဘယ်သူက လမ်းပေါ်ကလဲ ဘယ်သူကလမ်းဘေးလဲ စဉ်းစားကြည့်စေချင်တယ်။
လူ့လောကမှာ ကိုယ့်အတွက်ဘဲ ကြည့်တတ်တဲ့ တစ်ဖို့ထဲသမားတွေ အများကြီးပါ။ အဲဒီလူတွေကကော လမ်းပေါ်ကလား၊ လမ်းဘေးကလား ၊ မရှိဆင်းရဲလို့လမ်းဘေးမှာနေရတာဟာ လမ်းဘေးရောက်တာမှမဟုတ်တာ၊ စိတ်ဓာတ်ဆင်းရဲပြီး လမ်းလယ်ခေါင် ရင်ကော့လျှောက်သူတွေသာ လမ်းဘေးရောက်တာပါ။ ပစ္စည်းဥစ္စာ ဆင်းရဲပြီး စိတ်ဓာတ်ကောင်းတဲ့သူတွေကတော့ လမ်းဘေးမှာနေရပေမယ့် လမ်းပေါ်ရောက်တဲ့သူတွေပါ။
သူငယ်ချင်းကို သူ့ဆရားသမားက မေးတယ် မင်းဘာလုပ်နေလဲ ဘယ်မှာနေလဲ စသည်ပေါ့။အဲဒီလိုမေးတော့ သူငယ်ချင်းကဖြေတယ် အခုတော့ လမ်းပေါ်မှာဘဲလို့ ။အဲဒီတော့ သူ့ဆရာသမားကပြောတယ် အေးမင်းစာတတ် သွားပြီတဲ့။ လောကနိယာမသဘောအရ အဖြူနဲ့အမဲ အကောင်းနဲ့အဆိုးဒွန်တွဲနေပေမယ့် အဲဒါကို ခွဲခြားသိဖို့လို တယ်ဆိုတာတော့ ပြောစရာမလိုဘူးထင်ပါတယ်။ လမ်းပေါ်ကလူဆိုရင်ပေါ့။
ကဲမိတ်ဆွေတို့ ဒို့လဲ လမ်းပေါ်ကလား လမ်းဘေးကလား .........................

အိမ်အပြန်လမ်း …




(ခင်ထား) ဟား..ကျွတ်..လူတွေအများကြီးပဲ

ကျွန်မအလုပ်ကပြန်ချိန်မှာ ကားမှတ်တိုင်မှ လူအုပ်ကြီးကိုကြည့်ပြီး စိတ်အလိုမကျစွာ ရေရွတ်မိချင်းဖြစ်လေသည်။ဒီလောက်ထိလူများ နေလျှင်တော့ ဘတ်(စ်)ကားသည် လွယ်လွယ်နှင့်ရမည်မဟုတ်။ အောက်ဆိုဒ်ကားစီးရအောင်ပိုက်ဆံအိတ်ထဲပြန်ကြည့်လိုက်တော့ မဖြစ် ပိုက်ဆံလဲ အောက်ဆိုဒ်နေလေပြီ။ ဟူး..မတတ်နိုင် ရသည့်လိုင်းကားကို သူနိုင်ကိုယ်နိုင်အပြိုင်ကျဲရတော့မည်။ ကဲ အသင့်သာပြင်ထားပေတော့လို့ကိုယ့်ဘာသာကိုယ် စိတ်ထဲမှာတေးရင် သူမအသင့်အနေအထားပြင်လိုက်သည်။ ကျွန်မတို့ဘ၀တွေက မွေးကထဲက taxi ဖက်မွေးလာတာမဟုတ်။ကိုယ်ပိုင်ကားအိမ်မက်ထဲတောင်မပါ။ လိုင်းကား ရင်းနှီးပြီးသား။ ခြေတစ်ဖက် လက်တစ်ဖက်မိ စပါယ်ယာက ဆွဲ ဆရာရေ့ဆို အလိုက်သင့်လေး..ဒီလိုအတတ်တော့ ကျွန်မတို့ဘ၀တွေက ကျွမ်းကျင်ပြီးသား။ သင်စရာမလို။ဒီတော့တတ်သည့်ပညာမနေသာဆိုသလို ကျွန်မလဲ မှတ်တိုင်မှာလာရပ်သော လိုင်းကားပေါ် လွှားကနဲတတ်ပြီးသား
ကားပေါ်ဘယ်လိုရောက်လာသည်မသိ။ စပါယ်ယာပဲလား နောက်ကလူအုပ်ပဲလားမသိ.ကားပေါ်သို့ရောက်လေပြီ။ဘာပဲ
ဖြစ်ဖြစ်ကားပေါ်ရောက်ပြီဆိုတော့ နေရာကျအောင်တော့ နေရအုန်းမည်။ ဒါကလဲ လိုင်းကားစီးနေကျလူမှ အထာနပ်သည်လေ။ ဘေးကို တစ်ဖက်တစ်ချက်ကြည့် ကိုယ့်ရပ်နေတဲ့နေရာက အန္တရာယ်ကင်းရဲ့လား.. အားလုံးအိုကေ ..ဒီတော့မှ လက်ထဲက ထမင်းချိုင့်လေးကိုင်ပေးမယ့် ကယ်တင်ရှင်လိုက်ရှာရတယ်။ အဲလိုမှမဟုတ်ရင် ငါးပိသိပ်သလို ထိုးထည့်ထားသောဤလိုင်းကားပေါ်၌ လက်တစ်ဖက်ထဲကိုင်ထားလျှင် အခြေအနေမဟန်။ နှစ်ဖက်လုံးဆွဲပြီး တောင့်ထားနိုင်မှအနေအထားက အိုကေမှာစိုပြေမည်လေ။ ကျွန်မကံဆိုးသလားပဲ ထမင်းချိုင့်ကိုင်ပေးမယ့်သူမရှိ။ ကယ်တင်ရှင်မတွေ့သေပြီဆရာပဲ ပြီးတော့ကျွန်မရပ်နေသည့်နေရာက ဘတ်(စ်) ကားထဲလေးတန်းလိုင်းထဲမှာ ကျွန်မက အလယ်တန်းကဖြစ်နေသည်။ အလိုလေး ထွက်တဲ့သူ ၀င်တဲ့သူ ကျွန်မအတိုးခံရတော့မည်။ဒီလိုနဲ့ အလိုမကျတဲ့မျက်နှာ ဒေါသတွေခုန်ပေါက်ြ့ပီး ထွက် ချွေးတစ်လုံးလုံး ဒီကြားထဲဘေးနားမှ နောက်မှရောက်လာသော လူ၏တိုက်ကွက်များကိုလဲ ရှောင်နေတိမ်းနေရသေးသည်။ကြာတော့ ကျွန်မဒေါသတို့က အတားအဆီးမဲ့စွာပဲ။

(ခင်ထား) ဒီမှာ ရှင်ကျွန်မဘေးမှာမတ်တပ်ရပ်မှာလား နောက်ကိုမရောက်ရောက်အောင်တိုးမှာလား တိုးမယ်ဆိုလဲ
နောက်ကိုရွှေ့ ကျောခိုင်းပြီးရွှေ့နော် ကိုးလန့်ကန့်လန့် လာပြီးလုပ်မနေနဲ့။ အလုပ်ပင်ပန်းရတဲ့ကြားထဲမှ ဘုကြည့်လာ
ကြည့်မနေနဲ့ ရှင်ဘာလုပ်မှာလဲပြော

(ထိုလူ)ခင်ဗျားကလဲဗျာ လူကြပ်နေတာပဲ ဒီလောက်တော့သည်းခံမှပေါ့။

(ခင်ထား) ဒီမှာ ကျွန်မမွေးကထဲက လိုင်းကားစီးလာတာ လူတိုးတာလား..ကားကြပ်တာလား ကျွန်မခွဲခြားနိုင်တယ်။
ရှင်ပြောစရာမလိုဘူး။

ဒီလိုဆိုတော့လဲ သကောင့်သား နောက်ကိုရွှေ့သွား၏။ဟူးတစ်ရန်အေးပြီး။စိတ်အေးလို့မှမကြာသေး အပေါ်တန်းကိုကိုင်ထားသော သူမလက်များကို ခဏခဏလာလာထိနေသလိုနှင့် ခဏခဏလာလာကိုင်နေ၏။ ဘယ်သူ့လက်မှန်းမသိ.ဒီလက်ကိုလဲ လွှတ်လိုက်လို့မရ ဒါမှမကိုင်ထားရင် စကောထဲ ဇီးဖြူသည့်လိမ့်သည့်အလား။ဒါနှင့်လူကြပ်နေသည့် ကြားထဲသူမတရားခံအရှာ ထွက်ရ၏။ တွေ့ပြီး ရှပ်အင်ကျီ အပြာရောင်ဝတ်ထားသော တစ်ယောက်။ လက်ကိုရသည့်နေရာလိုက်ပြီးရွှေ့ကြည့်၏။ သေချာအောင်.. ၄င်းလက်လဲ လိုက်လာပြန်၏။ ဒီတော့ ထွက်သည့် ဒေါသမနေနိုင်စွာနှင့်

(ခင်ထား) ဟဲ့ ဟိုအကောင် လက်ကိုင်ရတဲ့ အရသာက တော်တော်ကောင်းနေလို့လား။

(ထိုသူ) မတော်လို့ထိမိတာပဲဗျာ ခင်ဗျားတို့ကလဲ လွန်တယ် အသားပဲ့ပါသွားတာမှတ်လို့။

ပြောသည့်ပုံက။ကောက်ရိုက်ချင်စရာ။တောက် ငါလေ ထမင်းဗူးနှင့် ကောက်ထုလိုက်ရလို့ကတော့ ကွဲရင်ကွဲ..မကွဲရင်ဖူးမှာတော့သေချာသည်။

(ခင်ထား) ဒီမှာ ငါစကားများများမပြောချင်ဘူး အေးလက်တော့ပါချင်နေတယ်။ နင်လက်ကို နင်ဆင်ခြင်လိုက်. အနေအထားက နင်ဆက်ပြီးမိုက်ချင်သေးတယ်ဆိုရင်တော့ လုပ်ကြည့်လိုက်..

သကောင့်သားက နဲနဲတော့ အကြောမာ၏။နေမြဲ။ ဘယ်ရမလဲ ဒါမျိုး..ခင်ထားတို့က လာထားဆိုပြီး ထမင်းချိုင့်က စတီးချိုင့်ဆိုတော့ ပိုအရသာရှိ၏ ကားကလဲအရှိန်နှင့် ဘရိတ်အနင်း ခင်ထားတို့လက်ကလဲ ကွက်တိ။ထိုသူ၏ ဒူခေါင်းနှင့်နှစ်ဆင့် ထမင်းချိုင့် တွေ့ပေးလိုက်၏။ ထိုသူလဲ အားကနဲ့ပဲ။အရသာရှိလိုက်သည်ဖြစ်ချင်း။

(ခင်ထား) မတော်လို့ ဆောရီး..

သူမ၏ ခပ်ထေ့ထေ့ တစ်ကယ်လုပ်မည့်ပုံကြောင့် ထိုသူဆက်ပြီး မထိတထိမလုပ်ရဲတော့…ဒီတော့ အ၀င်အထွက်တွေကို ကြိတ်မှိတ် တောင့်ခံသက်ပြင်းတွေ ဟူးကနဲဟူးကနဲ့ ချရင်း..ရှေ့မှတ်တိုင်ဆင်းရမည်ဆိုတော့တစ်မှတ်တိုင် ကြိုထွက်. ကားစပါယ်ယာ၏ အသံကနားထဲစူးကနဲ။

(စပါယ်ယာ) ဒီမှာ ဟိုအစ်မကြီး အပေါက်ဝမှာ ပိတ်မရပ်နဲ့လေ ဆင်းကာနီးကြမှ ထွက်ပါဗျ။ ကျုပ်တို့က ဒီအပေါက်တစ်
ပေါက်ထဲနဲ့ လုပ်စားနေရတာ။ ခင်ဗျားတို့က..xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(ခင်ထား) ဟဲ့ ငါရှေ့တစ်မှတ်တိုင်ဆင်းမှာ။ ဆင်းလို့ကြာလဲနင်တို့ပဲ..တက်တက်ဆင်းဆင်းနဲ့ ခုကြိုထွက်လဲနင့်ကားလဲ ထွက်နေပါပြီ လူမှမတင်တော့တာ.ဘာလို့ လူကြားထဲငါ့လာအော်ဟစ်နေရတာလဲ။

(စပါယ်ယာ)ခင်ဗျားထွက်လာတော့ အပေါက်ပိတ်သွားတာပေါ့ လူတင်လို့ဘယ်ရတော့မလဲဗျxxxxxxxxxxxxxxxxxxxxx

စပါယ်ယာသည် စကားတို့မရပ်သေး ပြောတုန်း။ ကျွန်မလဲ ကားကလဲ မှတ်တိုင်မှာအရပ်ဆိုတော့ ကွယ်နေသည့် စပါယ်ယာအား တွန်းကာဖြင့် ကားအောက်သို့ ဆင်းလိုက်သည်။ ကားကလဲ အရှိန်မသေသေးဆိုတော့ စပါယ်ယာသည် ကားအောက်သို့ ဖင်ထိုင်ရက် ဘုတ်ခနဲပြုတ်ကျ၏။စပါယ်ယာလဲ အသားနာသွားပြီး ရှက်ရမ်းရမ်းတော့၏။
ဒီတော့ စပါယ်ယာက ဒေါသတကြီး.. ခင်ဗျားမိန်းကလေးဖြစ်နေလို့ဆိုပဲ

(ခင်ထား)မိန်းကလေးဖြစ်လဲရတယ်။ အေးနင်စပါယ်ယာ အေးအေးဆေးဆေး ဆက်လုပ်ချင်သေးတယ်ဆိုရင် နင်ထွက်သွားတော့ နင့်ထမင်းအိုး ငါတုတ်နဲ့ မထိုးချင်ဘူး။

ကျွန်မလဲ ဒေါသတို့က အထွဋ်အထိပ်သို့ ရောက်ပြီလေ။ကျွန်မ၏ သွေးအေးအေးပြန်ပြောလိုက်ပြီး စူးရဲသော မျက်ဝန်းတို့ကြောင့် စပါယ်ယာလဲ ကားပေါ်ပြန်တက်က ထွက်သွား၏။တော်သေးသည် ပြုတ်ကျတုန်းက ကားအရှိန်က နဲနေလို့သာဒီလိုမှ မဟုတ်ရင်.. သူမနေရင်းထိုင်ရင်း ပြသနာတက်အုန်းမည်။ဟူး ဒေါသ ဒေါသ..
သူမသက်ပြင်း ..ဟူးကနဲ့ တစ်ချက်ထပ်မှုတ်ထုတ်ရင်း မှတ်တိုင်မှ အိမ်ကိုလမ်းလျှောက်လာခဲ့လေသည်။

ဒီတော့မှ ကျွန်မလဲသတိထားမိ၏။နောက်သို့လိုက်လာသော ခြေသံ။ လှည့်ကြည့်လိုက်တော့ အလုပ်ကင်တင်းမှာ ကျွန်မကို ခိုးကြည့်နေကြတစ်ယောက်။ သေရော..သေရော.သွားပြီး။ခုနက ဒေါသတို့က ကြက်ပျောက်ငှက်ပျောက် အတွေးနဲ့တင် ရှိန်းကနဲ ဖိန်းကနဲ ရှက်နေတာလား.ကြောက်နေတာလား ဘာမှန်းမသိ။ကျွန်မလဲ စိတ်ဝင်စားသည်လေသူ့ကိုခုတော့ ဒွတ်ခ။
သူစကားပြောဖို့လိုက်လာတာဖြစ်မည်။ကျွန်မက ကားပေါ်မှာအတော်လေးပွဲကြမ်းသွား၏။ တောက်..သေတာ သေလိုက်ချင်တော့တာပဲ ခင်ထားရယ်။သူကတော့ စိုးရွံနေပုံရ၏။ခုမှတော့ ပေါက်တဲ့နဖူးမထူးပြီ။
ကိုယ်ကစလိုက်မှကောင်းမည်။မျက်မှန်းလဲ တမ်းမိပြီးသားဆိုတော့.. သူမနောက်သို့ပြန်လှည့်လိုက်ပြီး..

(ခင်ထား) ဒီမှာ.. ဒီမှာ

စကားမဆုံးသေး ထိုလူသည် ဖနောင့်နှင့်တင်ပါးတစ်သားထဲကျအောင်များ ပြေးသလားထင်ရသည်။
မြန်လိုက်သည်ဖြစ်ချင်း။လှည့်တောင်မကြည့် လစ်လေပြီ။ခပ်ဝေးဝေး..ဝေး နောက်ဆုံးအကြိမ် သက်ပြင်းကို ဟူး..ကနဲ မှုတ်ထုတ်
ရှေ့ကိုဆက်လျှောက်ရမည့် လမ်း ခေါင်းကိုမော့ ရင်ကိုကော့ ထီမထင်သည့်မျက်နှာနှင့် ..
အိမ်အပြန်လမ်း …


ပုံလေးကိုတော့ Internet ကပဲယူသုံးထားတာပါရှင်။

Thursday 19 August 2010

အမေ့ကိုတမ်းတခြင်း

တစ်ချိန်က
ကြည်လဲ့ရွှန်းမြ မျက်ဝန်းတစ်စုံ
နဖူးပေါ်မေးလေးတဖွဖွတင်လို့
သီချင်းသံညှင်းသွဲ့သွဲ့ငြီးဆို
ထွေးပိုက်ထားတဲ့ အမေ့ရင်ခွင်မှာ
နှစ်ခြိုက်စွာ အိပ်မောကျခဲ့။
တစ်ချိန်က
လယ်တောပြန်အမေ
စားဝတ်နေရေး မြစ်ကြီးခြားလို့
တစ်နေ့တာလွမ်းသမျှ
အတိုးချကရုဏာနို့ချို
ချွေးစိုပေမယ့် ချိုခဲ့တယ်။
တစ်ချိန်က
ပရိယေသန ချွေးစက်တို့ရှိန်းမြနေတဲ့
အမေ့ကိုယ်သင်းနံ့
ခုထိ ရှိုက်မိဆဲ
လက်လက်ဆတ်ဆတ်မွှေးမြဆဲပေါ့။
တစ်ချိန်က
မြို့ပြပညာသင်ခရီးဆိုပြီး
တောရွာကို ကျောခိုင်းသွားတဲ့သားကိုလေ
လယ်ကွင်းရိုးပြတ်တောတွေကြားမှာ
မျက်ရည်မှုံဝါး
အမေ့ကိုချန်ထားခဲ့မိပေါ့။
တစ်ချိန်က
အမေ
ကမ္ဘာတည်သရွေ့ အမေပေါ့
အမေရယ်.....
ပြန့်လွင့်ကာကြား သတင်းစကားတွေနဲ့
ပညာကျော်ဖြစ်မယ့် သားပေါ့လို့
ဂုဏ်ယူရတဲ့ အပျော်ထက်
ရင်ခွင်ဆီ မဆိုက်ကပ်နိုင်တဲ့ သားကို
မရောက်တာကြာပေါ့ လို့
မျှော်ရတဲ့အမော
ဘယ်အရာကစီးစီးပိုးပိုးရှိခဲ့လေမလဲ။
ဇရာမြူတွေမှိုင်းနေတဲ့
အမေ့မျက်ဝန်း ဓာတ်မခွဲရက်
မေတ္တာနဲ့သာ နီးကြပါစို့
အမေ။
မှတ်ချက်။ ။ ပြည်ပရောက် ညီမလေးဆွေလေးမွန်နဲ့ အမေ့ရင်ခွင်နဲ့ဝေး
အမေ့ကိုတမ်းတသူသူငယ်ချင်းအားလုံးအတွက်

စကားဝါတစ်ပွင့်ပေးပြီး ခရီးရှည်ကြီးထွက်သွားသူ (၁)

(၁)
နွေမင်းကသူ့လက်ညိုးနဲ့
စကားဝါပင်ကိုထိုးလို့
ရွက်ဝါတို့တစ်ဖြုတ်ဖြုတ်နဲ့ကြွေ
အိပ်မက်တွေလဲသေတော့မယ်ထင်ရဲ့

မင်းလက်နဲ့ဖန်ဆင်းခဲ့တဲ့
စကားဝါတစ်ပွင့်ကတော့
ရင်ဘတ်အဆုံးထိ
အနက်ရှိုင်းဆုံးမှောင်မိုက်
လောင်တိုက်နဲ့ဝေးရာမှာ
တစ်ပွင့်တည်းတုန်ခါငိုရှိုက်လို့
မျှော်လင့်ချက်ကိုအသိုက်ဖွဲ့
ခပ်ယဲ့ယဲ့လေးသာ.......
ဒါပေမယ့် အဲဒီပန်းစကားဝါမှာ
ရနံ့မပါပေမယ့် အိမ်မက်တွေတင်းကြမ်းနဲ့မို့
နွေလမ်းကိုလဲလျှောက်လို့ရသေးတယ်

နွေမင်းကအထွက်
မိုးစက်တို့အ၀င်ကာလ
အိမ်ခေါင်မိုးပေါ်မှာ ကပွဲသဘင်ဆင်ယင်လို့အားမရ
ပြတင်းတံခါးကနေပြီး
ဇွတ်အတင်းဝင်ရောက်
စကားဝါရနံ့တွေနဲ့တည်ဆောာက်ထားတဲ့
ငြိမ်သက်အေးခဲမှုကိုဖောက်ထုတ်
ပန်းတစ်ပွင့်နဲ့ကျောက်ရုပ်
ငါ့ကို အရုးလို့သမုတ်ကြတယ်
အို....မိုးကြမ်းတို့
စကြာဝဠာအပြင်ဘက်သို့သွားပါ
ငါ့ချစ်သူလာရာလမ်းမှာ
လက်တားလို့မကာပါနဲ့
ဟောဒီပရ၀ုဏ် မှာတော့
ငါ့မျက်ရည်မိုးကြောင့်ပျိုးပျက်လက်ထန်
ပန်းပွင့်ဖို့တောင်မကျန်တော့တာမို့
သူပျိုးခဲ့တဲ့စကားဝါဖူးတွေ
မင်းကြောင့်ကြွေကုန်ရင်
ချစ်သူုငြိုငြင်လိမ့်မယ်
သွားပါတော့မိုးရယ်.........

ဒီလိုနဲ့ပဲ မိုးစက်တို့ကွယ်ဝေးပျောက်ဆုံး
နှုင်းမှုန်တွေပိတ်ဖုံးလို့
အခုလိုဆောင်းဦးမှာ
မင်းပန်ပေးဖူးတဲ့ စကားဝါအဖူးတွေက
ငါ့ရင်ဘတ်ပေါ် တစ်ပွင့်ခြင်းခုန်ချရင်း
ပြည့်ကျပ်မို့မောက်နေတဲ့ အလွမ်းတွေကိုငုံ့ကြည့်
လွမ်းသူချင်းဆိုတဲ့အသိနဲ့
ငါ့ကိုဖေးမ သူတို့ပါကူလွမ်းပါရစေတဲ့
နေပါစေတော့ပန်းပျိုတို့ရေ
မင်းတို့သခင်ပြန်လာရင်လေ
အဲဒီအလွမ်းမျှင်တွေကိုစုစည်းပြီး
ခြုံလွှာတစ်ထည်ကိုယက်
စကားဝါတစ်ပွင့်နဲ့ရူးမတက်ဖြစ်ရတဲ့
မိန်းမတစ်ယောက်ရဲ့မျက်ရည်စက်တွေနဲ့
ထွဋ်မြတ်စွာဆေးခြယ်ပြီး
ဆောင်းနှောင်းရာသီထိ သစ္စာရှိရှိချစ်နေမယ်ဆိုတာသာ
ပြောပေးပါတော့ကွယ်......

Tuesday 17 August 2010

ချစ်လျက်နှင့်

ကံမခိုင် အချစ်ကံခေတယ်ပြောပြော
ချစ်လျှက်နဲ့ဝေး ချစ်လျှက်နှင့်တမ်းတ
ချစ်လျှက်နှင့်ဆွေး မြင်လိုလျှက်နှင့်
ချစ်သူမျက်နှာ ခပ်ရေးရေးတောင်
ကြည့်ခွင့် မြင်ခွင့်မရှိတဲ့ ကံ။ ။

ငါကံဆိုးတယ်..ငါကံခေတယ်
ငါလွဲလွန်းတယ်..အချိန်တိုင်း
ချစ်သူနဲ့ ဆုံလိုက်တိုင်း
အမြဲလွဲ အမြဲချော်
ဆုံနိုင်အောင် ဆုံမှတ်ကစောင့်
နေခဲ့တာတောင်
အဲဒီနေ့ ချစ်သူကမလာဘူး။ ။

ဒီလိုနဲ့
ငါလဲစိတ်တွေပျက်
အားတွေငယ်လို့ ဘ၀ရဲ့
ဒဏ်ရာတွေနဲ့ အရုပ်ကြိုးပျက်
နေပါစေတော့ ကံစီမံရာ
ကြိုးဆွဲရာကို အလိုက်သင့်လေး
လက်လေးလှုပ် ခြေလေးလှုပ်
အပြုံးတုတွေနဲ့ စင်ပေါ်က ငါ
မင်းသမီးဖြစ်လာတော့
ချစ်သူကပြောတယ်..
ပြန်လာခဲ့ပါတဲ့။ ။

လွယ်လိုက်တာ ချစ်သူရယ်လို့
ငါမပြောရက်ဘူး
ကြိုးတွေနဲ့ တုပ်နှောင်ထားပြီးသား
ရုပ်သေးမင်းသမီးတစ်ရုပ်ဟာ
သူဘာသာသူ ဘယ်လို ကကြိုးတွေများ
ဆင်နိုင်တော့မှာလဲ..
ကြိုးဆွဲသူ ကကြိုးတွေနဲ့
ပုံသွင်းလို့ထုထားတဲ့
ဒီလောက ပုံစံခွက်ကြီးထဲမှာ
ငါဟာ အံဝင်ခွင်ကျ ဖြစ်နေခဲ့ပြီ။

တစ်ကယ်တော့..
ကံကြမ္မာကြီးက ရက်စက်လွန်းတယ်
မဆုံနိုင်မှတော့ ဘာလို့များ
ပြန်လည်ဆုံဆည်းခွင့်ပေးခဲ့သေးလဲ..
အချစ်တွေကို ပြန်လည်နိုးထခွင့်
ဘာလို့ပေးနေသေးလဲ..
အမှန်တရားတွေကို
ဘာလို့သိခွင့်ပေးနေသေးလဲ..
လွဲနေသလို လွဲနေလိုက်ပါတော့လား။ ။

မင်းလဲ မင်းဘ၀မင်းနေသလို
ငါလဲ ငါ့ဘ၀ ငါနေခဲ့ရင်......
ငါဟာနေ့တိုင်း ဆန္ဒတွေကို
မျိုသိပ်..သက်ပြင်းတွေ
အလီလီချပြီး ခပ်သဲ့သဲ့
ရှိုက်သံတွေနဲ့ ဝေဒနာ
တစ်နင့်တစ်ပိုးကို ရင်မှာ
ပိုက်ထွေးထားတဲ့
လူတစ်ယောက်....မဖြစ်တော့ဘူးပေါ့။ ။

Friday 13 August 2010

မွေးနေ့ကဗျာ




လေအဝှေ့မှာ ၀ဲကာဝဲကာဖြင့်
ကြွေလွင့်ခဲ့ ဒီအချိန်တွေ
မ၀ဲချင် ပင်ယံမှာ နေချင်သေးတယ်....
မကြွေချင် ပင်ယံမှာ လန်းချင်သေးတယ်..
မြင့်ပင်ယံ ဝေဟင်ထက်မှာဖြင့်
ငွားငွား စွင့်စွင့် တင့်ပြီးတော့
လန်းချင်သေးတယ်..။ ။

အိုဘယ့် အိုဘယ်
အချိန်မြစ်တစ်စင်းရယ်
သင်စီးဆင်းရာ လမ်းတစ်လျှောက်
ရေစီးကမ်းပြိုလို့ ဇရာဆိုတဲ့
ကမ်းကို ကပ်လာတော့..
အသိတစ်ချက် လျှက်ကနဲ့
သတိရလိုက်တယ်...
သြော် ....
ငါ့အသက်တစ်နှစ်ကြီးလို့
တစ်နေ၀င် တစ်နေထွက်
သေမယ့်ကမ်း တစ်နှစ်နီးလို့
သွားပါ..ရော့လား။ ။



အသက် ၂၉ နှစ်မြောက် မွေးနေ့လေးမှာ တွေးမိတဲ့ အတွေးလေးပါ။

Thursday 5 August 2010

ပြုသူကအသစ် ဖြစ်သူကအဟောင်း




(ဦးကျော့) မယ်ခင် ရေ ငါဘုန်းကြီးကျောင်းသွားလိုက်အုန်းမယ်ကွ ဒီနေ့ဥပုပ်နေ့ဆိုတော့ သီလလေးယူမလားလို့လေ။

(ဒေါ်ခင်)ကောင်းပါပြီတော်.. သွားလေ ဆရာတော်ကိုကပ်ဖို့ ဆွမ်းချိုင့်ပါတစ်ခါတည်း ယူသွားနော်။

(ဦးကျော့)အေးအေး

ပြောပြောဆိုဆို ဆွမ်းချိုင့်အား ဆွဲလာခဲ့သည်။ရွာလယ် လမ်းမတွင်တော့ ကလေးများ အော်ဟစ်ဆူညံစွာကစားနေကြသည်။ ဒီအချိန်မှာပဲ ကလေးတစ်အုပ်၏ ဆူညံစွာ အော်ဟစ်ရန်ဖြစ်နေသော အသံအား သူကြားလိုက်ရသည်။ ဒါနဲ့ မျက်စိကရောက်သွားတော့ ဟင် သမီးအငယ်လေးပါလား.. တစ်အိမ်လုံးက အငယ်လေးလို့ခေါ်သော် သူ၏ အထွေးဆုံးသမီးလေးဖြစ်သည်။ သူကြည့်နေတုန်းမှာပဲ တစ်ဖက်ကလေးက သမီးလေးအား တွန်းလှဲလိုက်သဖြင့် ဦးကျော့ မျက်လုံးများပြာကနဲ ဒေါသတို့လဲ ထောင်းခနဲ ဘာမှမမြင်တော့ဆွမ်းချိုင့်ကြီးအား ပစ်ချထားခဲ့ပြီး ကလေးရန်ပွဲအတွင်းသို့ လျင်မြန်စွာ သူပြေးဝင်သွားခဲ့သည်။ တစ်ဖက်ကလေးမှလဲ သမီးလေးအား ဆံပင်ဆွဲထားသဖြင့် သူဝင်ဖြေလိုက်၏ ဒါပေမယ့် ဒေါသအဟုန်နှင့် သူဝင်ဖြေလိုက်သဖြင့် တစ်ဖက်မှ ကလေးအား ဆောင့်တွန်းလိုက်သလိုဖြစ်သွား၏။ တစ်ဖက်ကလေး၏ ငိုသံကား နားထဲဝင်ရောက်လာသည့်အခါတွင်တော့ သူလွန်သွားလေပြီ။ တစ်ဖက်မှကလေးလဲ သူတွန်းလိုက်သည့်အရှိန်နှင့်
ပက်လက်လန်လဲကျကာ ကံဆိုးချင်တော့ အုတ်ခဲချွန်နှင့် ခေါင်းနှင့်တိုက်မိပြီး ခေါင်းပေါက်သွားလေပြီ။
ဒီပြသနာနှင့်ပဲ သူလဲ ကျေးရွာကောင်စီရုံးသို့ ရောက်လေတော့သည်။သြော် ဒုက္ခ ဒုက္ခ ဘုန်းကြီးကျောင်းသို့မရောက်ပဲ သူကောင်စီရုံးသို့ ရောက်လေပြီ။

ရွာလူကြီး ဦးသိန်းက..

(ဦးသိန်း) ဦးကျော့ ဦးကျော့ ခင်ဗျားကလေ အားလုံးကောင်းတယ်။လှူရေးတန်းရေးဆိုလဲ ရှေ့ဆုံးကရပ်ရေးရွာရေးဆိုလဲ မတွန့်တိုဘူး နေ့တိုင်းလဲ ဘုရားမှန်မှန် ရှိခိုးနေတာပဲဗျာ ခင်ဗျားသမီး အငယ်လေးနဲ့ ပတ်သတ်ရင် နဲနဲတော့ စိတ်ကိုထိန်းအုန်းမှပေါ့ဗျ။

(ဦးကျော့) ဟုတ်ပါတယ် ကိုသိန်းရာ ကျွန်တော်လဲ သမီးအငယ်လေးနဲ့ ပတ်သတ်ရင် စိတ်ကလွတ်လွတ်သွားတယ်ဗျ။ အသက်ကြီးမှလဲ သမီးလေးကိုရထားပြန် သမီးလေးမွေးမှ စီးပွားရေးကလဲ ဒီရေအလားတက်တာ ကိုသိန်းလဲ အသိပဲလေဗျာ ဒီတော့ ငယ်ငယ်လေးထဲက သမီးကို ကျုပ်ကလက်ဖျားနဲ့တောင် မတို့တာ ခုကျွန်တော့် ရှေ့မှာ သမီးလေးက ဒီလိုဖြစ်သွားတော့ ကျွန်တော်လဲ ထူပူသွားမိတာပါဗျာ။နောက်ဆို ဆင်ခြင်ပါ့မယ်။

(ဦးသိန်း) အေးဗျာ ကျွန်တော့်မှာ တော်တော်ညှိယူလိုက်ရသဗျ။ တော်တော်လဲ တောင်းပန်လိုက်ရတယ်။
ပြီးတော့အဲဒီ ကလေးရဲ့ မိဘတွေနဲ့ ခင်ဗျားကလဲ စီးပွားချင်းတူနေတာရယ် ပြီးတော့ သူတို့စီးပွားရေးကခင်ဗျားကို လိုက်မမှီ တော့တာရယ်ကြောင့် နဂိုထဲက မကျေနပ်ကတဲ့ ကြားထဲခုလို ဖြစ်တော့ သူတို့ဘက်ကတော်တော်ကို မကျေနပ်ကြတာဗျ။ ခင်ဗျားလဲ သတိလေးဘာလေးထားအုန်း။ လောလောဆယ်ကျုပ်ကကြားထဲက တော်တော်ပြောယူလိုက်လို့ မကောင်းတတ်လို့ ဆေးဖိုးလေးပဲ ယူပြီး ပြီးသွားတာမဟုတ်လားဗျ။

(ဦးကျော့) အေးပါ ကိုသိန်းရာ ကျွန်တော် သတိထားလိုက်ပါ့မယ်။

ဒါကလွန်ခဲ့သည့် နှစ်လကျော်ကျော်လောက်က အဖြစ်အပျက်။အဲဒီနောက်ပိုင်း သမီးလေးသည် တရှောင်ရှောင် နေမကောင်းဖြစ်လာသည်။ ညနေ နေ၀င်ရီသရောဆို သမီးလေးသည် တစ်ခုခုကို ကြောက်နေသည့်ပုံနှင့် လူကြီးတွေနားကပ်ပြီးနေလေသည်။ ညဘက်ဆိုလျှင်လဲ အသံနက်ကြီးနှင့် အမယ်လေးကြောက်ပါပြီ
ဆိုပြီး အော်လျှက် ထထပြေးတက်၏။လူကြီးနှစ်ယောက်အားနှင့်တောင် သမီးလေးကို မနိုင်။အိမ်ပြင်ကိုရောက်မသွားအောင် မနဲကြီးဆွဲထားရ၏။ သမီးအကြီးမ နှစ်ယောက်လဲ ဒီအတွက်နှင့်ပဲ အအိပ်ပျက်အစားပျက်နှင့် ပင်ပန်းကြ၏။ သူ့မိန်းမ မခင်ကတော့ မျက်ရည်နှင့် မျက်ခွက်။ ဘုန်းကြီးကျောင်းသွားပြီး ဆရာတော်လက်ဖွဲ့လုပ်ပေးလဲမရ။ အိမ်တွင်လဲ ပရိတ်ရွတ်တာ လုပ်ပေးသည်မရ။ပရောဂလားဆို ကုပြန်တော့လဲ ဆရာကသာ ကောင်းသွားမှာပါပြောသည် သမီးလေးသည် သက်သာမလာခဲ့။ ပိုပိုသာဆိုးလာခဲ့သည် စကားလဲမပြောတော့ အစားအသောက်လဲ ကောင်းကောင်းမစားတော့။ ဘယ်လိုပဲကုကု သမီးလေးသည် နောက်
ဆုံးအသက်ပါ ဆုံးရှုံးသွားလေပြီ။ သမီးလေးသည် အိမ်ရဲ့ ဆည်းလည်း ခုအိမ်ဆည်းလည်းလေးကား ပျက်စီးသွားလေပြီ။ တစ်အိမ်သားလုံး အပူလုံးကြွကြလေပြီ။ အသက်ငယ်ငယ်သာရှိသေးသော သမီးလေး မသေသင့်သေမယ့်သေ သူလို လူကြီးတစ်ယောက်သေသွားခဲ့သော် ကောင်း၏။ ခုတော့ သူ့အသည်းနှလုံးတွေ တစ်စစီပျက်ကြွေသုံးလေပြီ။

(မယ်ခင်) သမီးလေးရေ အမေ့သမီးလေး အမေတို့ဆီကိုပြန်လာခဲ့ပါကွယ်။ အမေ သမီးကို နောက်ဘယ်တော့မှ မဆူတော့ပါဘူး။ သမီးလေး လိုချင်တဲ့ ဈေးက ဂါဝန်လှလှလေးလဲ ၀ယ်ပေးမယ်လေ။ အမေ့နားကိုသာ ပြန်လာခဲ့ပါကွယ်။ကိုကျော့ကျုပ်သမီးလေးကို ပြန်ခေါ်ပေးလေတော်။ ကျုပ်သမီးလေးကို ပြန်ခေါ်ပေး

ဒီနေ့ အသုဘ ချသည့်ရက်ဖြစ်လေသည်။ဒေါ်ခင်တစ်ယောက်ငိုရင်းနှင့် သတိလစ်လဲကျသွားလေသည်။ ဦးကျော့ ကတော့ အံကြီးကို တင်းတင်းကြိတ်ထား၏ မျက်နှာတစ်ခုလုံးလဲ နီရဲနေ၏။ ပြီးတော့ မျက်လုံးတွေလဲ မို့အစ်နေကြသည်။ ဘာသံမှ မထွက်။


“ညီးမလေး အငယ်လေးရေ မမတို့နဲ့ ထကစားအုန်းလေ။ ညီမလေးကြိုက်တဲ့ ပုံပြင်တွေ ထပြီးနားထောင်ပါ
အုန်း ညီမလေးရဲ့.. အမေတို့ အဘတို့ရေ ညီမလေးကို ပြန်ခေါ်မပေးနိုင်ကြတော့ဘူးလား..”


ဤသည်ကား ဦးကျော့၏ သမီးအကြီးနှစ်ယောက်၏ ကြေကွဲဖွယ်ငိုသံသာ ဖြစ်လေတော့သည်။ဟုတ်တော့လဲ ဟုတ်သည် အငယ်လေးသည် မျက်လုံးဝိုင်းဝိုင်း ကြက်တောင်လေးနှစ်ဖက်စီးနှင့် ပါးကွက်ကလေးများ ညီညီညာညာ နှင့် သပ်သပ်ရပ်ရပ် ဖြစ်နေလျှင် အလွန်ပင်ချစ်ဖို့ကောင်းလှသည်။တီတီတာတာ စကားနှင့် တွတ်တီတွတ်တာလဲ ချွဲတတ်သည်။ ဦးကျော့ တို့တစ်အိမ်လုံးပင် မဟုတ် တစ်ရွာလုံးကတောင် အမယ်လေး ဟဲ့မွေးစားများထားသလားတော်လို့ နောက်ရလောက်အောင်ကို အငယ်လေးသည် ချစ်စဖွယ်ကောင်းလှသည်။တောမှာမွေးသော်လည်း အသားလေးကလဲ ဖြူလှ၏ မျက်နှာလေးကလဲ ၀ိုင်းဝိုင်း
လူလေးက ၀ကစ်ကစ်လေး ခုမှ သူငယ်တန်းပြီးလို့ ၁ တန်းတက်ကာစသာ ရှိသေးသည်။
ခုလို အခြေအနေမျိုးဖြစ်လာတော့ တစ်ရွာလုံးစိတ်မကောင်းကြ။ ဦးကျော့ တစ်အိမ်သားလုံး
ကတော့ ရင်ထုမနာ ငိုသူငို တက်သူတက် ဆွဲသူဆွဲနှင့် ..မြင်ရသည့် မြင်ကွင်းက စိတ်ချမ်းသာစရာမရှိ။

(ဦးသိန်း) သူငယ်ချင်း ဖို့ကျော့ ငိုချင်ရင် ငိုလိုက်လေကွာ အဲလိုကြီးအောင့်မထားနဲ့လေကွာ မင်းဖွင့်ထုတ်လိုက်လေကွာ။
သူငယ်ချင်း ဖိုးကျော့ သတိထားလေ သတိထားလေးကွာ။တရားနဲ့ ဖြေမှပေါ့ကွာ။

(ဦးကျော့) သူငယ်ချင်းရာ ငါဘယ်လို တရားနဲ့ဖြေရမလဲကွာ..ဟီးဟီး ..ဟီး..ဟီး..ဟီးဟီး

ဦးကျော့ပြန်လဲ ပြောရင်း လည်ချောင်းသံကြီးနှင့် ဟီးလုံးချ ငိုလေပြီတည်း။ ဒီလိုနှင့် သူတို့တွေ သမီးလေးအတွက် ရက်လည်ဆွမ်းသွတ်လုပ်ပြီးတဲ့နေ့ အဲဒီနေ့မှာပဲ မယ်ခင်တစ်ယောက် ရေချိုးမလို့ဆိုပြီး အိမ်ပေါ်က အဆင်း မူးတယ်မူးတယ်ဆိုပြီးလဲကျသွားလိုက်တာ ဦးဏှောက်သွေးကြောပါပျက်ပြီး ထပ်ပြီးတော့ ဆုံးပြန်လေပြီ။ တစ်ပူကမပြီးသေး နောက်တစ်ပူ ထပ်တက်လေပြီ။ဦးကျော့ကား လူနှင့်အသိစိတ်ဓာတ် မကပ်တော့ ဘာတွေဘယ်လိုဖြစ်
နေသည်မသိ။ကြောင်တောင်တောင်သာ နိုင်နေလေတော့သည်။ သမီးအကြီး
မနှစ်ယောက်ကတော့ ငိုလို့မဆုံး လူတွေလဲ ၁၀ ရက်ကျော်အတွင်း မျက်တွင်းဟောက်ပက် ပိန်ချူံပြီး ကျနေကြလေပြီ။ဒီတော့ ရွာထဲကလူကြီးသူမတွေကပဲ ဦးကျော့တို့ကိုယ်စား ၀င်ရောက်စီမံပေးနေရသည်။ ရွာဦးဘုန်းကြီးလဲ ကြားရတာ စိတ်မချမ်းသာလှ။ ဦးကျော့တို့အိမ်သွားပြီး ဦးကျော့အားတရားပြနေသော်လည်းဦးကျော့ကား အင်းလဲမလုပ် အဲလဲမလုပ်။ ဦးကျော့သည် ဒီအရွယ် ဒီအချိန်ထိ သူ့ဘ၀သည် သည်မိသားစုသူ့အသက်သည် သည်မိသားစု ခုသည်မိသားစုက ရက်ပိုင်းလေးပဲခြားသည် သူချစ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ခွဲခွာနေတာ သူရင်ထဲ မည်သို့ခံစားရမည်ကို ပြောပြလို့ပင်ရနိုင်မည်မဟုတ်။
ဒီလိုနှင့် ဦးကျော့မိန်းမ ဒေါ်ခင်ရက်လည်အပြီး နောက်နှစ်ရက်လောက် အကြာတွင် သမီးအလတ်မသည်မေးခိုင်ပိုးဝင်ပြီး ထပ်ပြီးတော့ ဆုံးလေသည်။ လူတွေလဲ သတိမထားမိကြ ရက်လည်ရက်တွေအတွင်းကခြံထဲမှာ ချက်တာပြုတ်တာ ၀င်ကူလုပ်ပေးရင်း
ထင်းချောင်းမှပါလာသော သံစူးမိသည်ဆို၏။ ဒီတော့ သမီးအကြီးမလဲ

“ရင်ဘတ်စည်တီးပြီး အမယ်လေး ကယ်တော်မူကြပါ အရပ်ကတို့ရေ ကျွန်မတို့မိသားစု ဘာမှ မကောင်းတာ မလုပ်မိပါဘူးတော်။ သူများကိုလဲ စိတ်ပုပ်စိတ်ရုပ်မထားခဲ့ပါဘူး ဘာဖြစ်လို့ ဒီလိုအဖြစ်ဆိုးတွေ ကြုံနေရတာလဲ ..ကယ်တော်မူကြပါ နတ်ကောင်းနတ်မြတ်တို့ရယ် ဆိုပြီး..အော်ဟစ်ငိုယိုလေတော့သည်။ ပြီးတော့ သူ့အဖေဦးကျော့ကိုလဲ အဖေ အဖေ..သတိထားပါအုန်းအဖေရဲ့သမီးမှာ ဒီအဖေ တစ်ယောက်ပဲ ဆွေမျိုးဆိုလို့ရှိတော့တာ အဖေရဲ့ သတိရပါတော့” ဆိုပြီး
အဖေအားဖက်လျှက် ငိုယိုနေလေတော့သည်။

ရွာသူရွာသားများလဲ စိတ်မကောင်းဖြစ်ရုံမှ လွဲပြီး ဘာမှမတတ်နိုင်ကြ။သေခြင်းတရားအား အဘယ်ကဲ့ သို့ကူညီကြမည်နည်း။ အားပေးကြရုံသာတတ်နိုင် လေတော့သည်။ ဦးကျော့ သည် သူ့မိန်းမဆုံးပြီးထဲကစကားလုံးဝမပြောတော့ပေ။ခုသမီး အလတ်မဆုံးသည့် အချိန် သမီးအကြီးမက ဖက်လျှက်ငိုပြီးနောက်တော့ဦးကျော့ တစ်ချိန်လုံး ဘုရားရှေ့ထိုင်ပြီး ဘုရားရှိခိုးချင်း နှင့် တရားထိုင်ချင်းသာ လုပ်နေလေတော့သည်။
စကားတော့ တစ်လုံးမှ မပြော။ ဒီလိုနှင့် ရက်လည်သည့်နေ့တွင်တော့..
ရွာမှလူများလဲ ဦးကျော့ နှင့် သမီးအကြီးမတို့အား သတိထားပြီး စောင့်ကြည့်နေကြလေသည်။ တစ်ခုခုထပ်ဖြစ်မှာ မလိုလားတော့။ဒီလိုနှင့် ညနေပိုင်းသို့ ရောက်လေသော် ဦးကျော့တို့ အိမ်ခြံဝန်းထဲသို့ ၀တ်ဖြူစင်ကြယ်နှင့် အဖိုးအိုတစ်ယောက် ရောက်လာပြီး။သူသည် အကူအညီပေးဖို့လာတာ ဖြစ်ကြောင်း ဒါပေမယ့် သူကူညီပေးပြီးရင် သူ့ကိုဘာမှမမေးဖို့နဲ့ အာဂတတွေ မထားဖို့။လူဆိုတာ မှားတတ်စမြဲမို့ ခွင့်လွှတ်စိတ်ထားပေဖို့နဲ့ ။သေဆုံးသွားသော သူအားလုံးမှာလဲ သူ့ကံနှင့်သူသာ ထားလိုက်ပါတော့လို့ ပြာဆိုဆုံးမလေသည်။ဦးကျော့ကလဲ သူ့အနေနှင့် ဒီထက်ပိုပြီး ဘာမှ ခံစားစရာမရှိတော့ကြောင်း ခုရက်ပိုင်းအတွင်းလဲ တရားထိုင်ချင်း ဘုရားရှိခိုချင်းဖြင့်သာ အချိန်ကုန်စေခဲ့သဖြင့် သူ့အနေနှင့် ဘာမှလုပ်လိုစိတ်မရှိတော့ သောကြောင့်အဖိုးအိုးပြောသည့်စကားအားလက်ခံကြောင်း ဂတိပေးလေတော့သည်။

ဒီတော့မှ အဖိုးအိုလဲ နောက်တစ်နေ့မနက်ပိုင်းတွင် ထပ်ရောက်လာပြီး ကြက်ဖတစ်ကောင်အား နနွင်းရေတို့ဖြင့် လိမ်းကြံပြီးလျှင် မန်းမှုတ်ရွတ်ဆိုကာဖြင့် ထိုကြက်ဖ အား ဦးကျော့ တို့ခြံအတွင်း လွှတ်လိုက်လေတော့သည်။ ထိုကြက်ဖလဲ အိမ်ထဲမြေနေရာ အနှံ့ အားယှက်လျှက် တစ်ခုခုအား ရှာဖွေသည့်ပုံစံနှင့် တစ်နေရာစီလိုက်ပြီး ယှက်လေတော့သည်။ ဒီလိုနှင့် ဦးကျော့တို့ အိမ် အိမ်ဦးတိုင်၏ အောက်ဖက်နားတွင်တော့ ကြက်ဖက်သည် တွင်းခပ်နက်နက်ယက်လေသော် အနီရောင်ပိတ်စဖြင့် ထုပ်ပိုးထားသော အရာတစ်ခုအားတွေ့ရလေတော့ သည်။ အဖိုးအိုလဲ ထိုအထုပ်အားယူလျှက် ဖွင့်ကြည့်လေသော် ပိတ်စတွင် အင်းကွက်
လို တစ်ခုခုရေးထားပြီး အနီစဖြင့် ပတ်ထားသော အရာသည်ကား ၀ါထိန်နေသော လူသေ၏ လက်ညှိုးတစ်ချောင်းဖြစ် လေတော့သည်။ လာကြည့်နေသော ရွာသားအပေါင်းလဲ အလွန်ပင် ထိတ်လန့် တုန်လှုပ်ချင်းဖြစ်ကုန်ကြ၏။ တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသော်လဲ ရွာသားတို့ကား အဖိုးအိုအားမမေးရဲ ။ဦးကျော့ တို့ကတော့ အလွန်ပင်ထိတ်လန့် တုန်လှုပ်ချင်းဖြစ်ကြလေတော့သည်။ အဖိုးအိုကတော့ သူလဲ လုပ်စရာရှိတဲ့ အရာကို လုပ်ပေးပြီပြီးမို့ ပြန်တော့မယ်နှုတ်ဆက်ရင်း မောင်ဖိုးကျော့ရေ လူဘ၀ဆိုတာ ဒီလိုပဲဒုက္ခတွေများတယ်ကွဲ့ မင်းလဲ အသက်ကြီးပြီးမဟုတ်လား သံသရာမှာကိုယ့် အတွက်အထုပ်ကလေးပါ အောင် တော့လုပ်ကွဲ့ ဟုပြောဆိုပြီး ထွက်သွားလေတော့သည်။

ထို့နောက်ပိုင်း အကြီးမသည်ကား အစိုးရ ဆရာမလျှောက်ထားသော အလုပ်ကျသဖြင့် တာဝန်နှင့် ကျရာနေရင်း ထိုအရပ်မှာပင် အိမ်ထောင်ကျသွားသည်ဟု ကြားသိရ၏။ ဦးကျော့သည်ကား သံသရာတွင် အထုပ်ပါနိုင်ဖို့အရေး ရာသက်ပန်
ဘုန်းကြီးဝတ်သွားလေတော့သည်။

နောက်ထပ်အကြောင်းအရာ တစ်ခုကား အဖိုးအိုပြန်သွားပြီး တစ်ပတ်အကြာတွင်တော့ ဦးဖိုးကျော့တို့နှင့်စီးပွားပြိုင်ဘက်ဖြစ်ခဲ့သော အိမ်သည် မီးထလောင်ကာ စီးပွားပြိုင်ဘက်၏ မိန်းမသည် အိပ်ပျော်နေသဖြင့် မီးထဲပါသွားပြီး အသက်ပါဆုံးရှုံးကာ စီးပွားရေးမှာလဲ ချွတ်ခြုံကျလျှက် အတော်ပင် မွဲသွားသည်ဟုကြားသိရလေတော့သည်။

ဤကား မနာလိုသောစိတ် သူတစ်ပါးအား မုဒိတာမပွားနိုင်သော စိတ်ဓာတ်တို့ကြောင့် မသေသင့်သူသေ၏။
ဝဋ်ဆိုသည်ကား လည်ခဲ့သော် တစ်ဘ၀နှင့်မပြီး အကြိမ်ကြိမ် အခါခါသံသရာတွင် ကျင်လည်ပြီးဆပ်ရသည်ဟု
ကြားဖူးခဲ့သည့်အလျှောက်..တွေးရင်းနဲ့ပင် ၄င်းတို့အစား ရင်လေးနေမိတော့သည်။

ဒီပို့လေးကတော့ ဆွေလေးငယ်ငယ်က ဖတ်ဖူးသော နက္ခတရောင်ခြည် မဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ် အား
အခြေခံပြီး ပြန်လည်ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။စာလုံးပေါင်းလေးများ မှားရင် သည်းခံပေးပါလို့။ သေချာ
စစ်တာတောင် ပို့တင်ပြီးမှ ပြန်ပြန်တွေ့နေလို့ပါ။