Sunday 31 July 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း - ၇)




သူငယ့် ကိုချစ်ပါသည်။ဒါပေမယ့် ငိုပြီးပြေးထွက်လာသော ငယ့် မျက်နှာလေး မြင်လိုက်တော့ သူ့ရင်မှာ နာကျင်ရသည်။ ဘာအတွက်များ ငယ့် ကို ထပ်ပြီးငိုကြွေးစေတော့ မှာလဲ။ နေပါစေတော့ လေ..နေပါစေတော့ .. ကိုသု ကျောင်းရှေ့ တွင် ရပ်ထားသော သူ့ ကားပေါ်ပြန်တက်လိုက်သည်။ ပြီးတော့ အိမ်အပြန်လမ်းကို သူရွေးချယ်လိုက်သည်။ဒါပေမယ့် သူ့ရင်ဘတ်ကြီး တစ်ခုလုံးတော့ ဟာတာတာ ...

(နုငယ်)မောင်လေးရေ ဒီဘက်ကို ခဏ။ဒီလက်ဖက်ရည်လေးကို နည်းနည်းလောက်ပြန်ပြင်ပေးပါလား။ နို့ ဆီနည်းနည်း သကြားနည်းနည်း ထည့်ပေးနော်..

(စားပွဲထိုး) ဟုတ်ကဲ့ အစ်မ ရ.မယ်..

(ထွန်းသစ်) ဘယ်လိုဖြစ်တာလဲ ငယ် အရင်က ကျစိမ့် သောက်ပြီးတော့ ခုမှ

(နုငယ်) အဟင်း လက်ဖက်ရည်က မောင့် အချစ်လိုပဲ မောင်ရဲ့ နည်းနည်း ခါးနေလို့ နို့ ဆီလေး သကြားလေး ထည့်ရောလိုက် မှ တော်ရုံကြတာ..

(ထွန်းသစ်) ဟားဟား လုပ်တော့ မယ် ငယ်ကတော့ ။ ဒါဆို မောင်လည်း မုန့် ဟင်းခါးထဲ ငံပြာရည် နည်းနည်းလောက် ထပ် ထည့် ရမယ်ထင်တယ်..နုငယ် ရဲ့ အချစ်က နည်းနည်းများပေါ့ နေသလားလို့

(နုငယ်)အမယ်လေး မောင် ကသာပေါ့တယ် ထင်နေတာ ငယ်ကတော့ အိမ်ပြန်ရောက်ရင် သွေးတက်ကိန်းရှိတယ်။

(ထွန်းသစ်) အမ် ဘာလို့ ။

(နုငယ်) ဒီနေ့ မောင်နဲ့ ငယ့် အကြောင်း တရားဝင် အမေ့ ကို အသိပေးလိုက်တော့ မယ်။ ရိပ်မိနေတာတော့ ကြာပြီထင်တယ်. ငယ် ဘာပြောမလဲ ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်နေပုံပဲ။ ခုတစ်လော အမေ မေးတဲ့ ပြောတဲ့ စကားတွေက နည်းနည်း ဆန်းနေတယ် မောင်ရဲ့ ..

(ထွန်းသစ်) ဘာလို့ များ လေငြိမ်ရပ်ဝန်းမှာ မနေချင်ရတာလဲ ငယ်။

(နုငယ်)လိမ်ရ ညာရတာကို ငယ်ကိုယ်တိုင် မုန်းတယ်။

(ထွန်းသစ်) အင်း ငယ် အစအရာရာအတွက် ပြင်ဆင်ပြီးပြီဆိုရင်တော့ ..သဘောပဲလေ။ ဒါပေမယ့် ..

(နုငယ်) စိတ်ချပါမောင် ငယ် က အမြဲတမ်း မောင့် ဘက်ကပဲ ရပ်တည်မှာပါ။ တစ်ခုပဲ ငယ့် ကို မောင် မလိမ်နဲ့ ။ ဘယ်တော့ မှ မလိမ်မိစေနဲ့ ။ ပြီးတော့ ငယ် မောင့်ကို ချစ်ရကျိုးနပ်ချင်တယ် ။ ဖြစ်မလား မောင်...

(ထွန်းသစ်) ဟုတ်ကဲ့ ပါခင်ဗျာ ..ဒါပေမယ့် မောင် ကတော့ တစ်ခါတစ်ခါ ငယ် လိမ်ပြောတာလေးကိုပဲ ကြားချင်တယ်။ တစ်ခါတစ်လေ အမှန်အတိုင်း မပြောပါနဲ့ လားငယ်။

(နုငယ်)အဟင်း.. မောင်ကလည်းလေ တစ်ခါတစ်ခါ အမှန်တရားကို ကြားရတာ နားခါးချင်ခါးမယ် ဒါပေမယ့် အဲဒါကမှ တစ်ကယ့် အနှစ်သာရမောင်ရဲ့ ။ နှုတ်ဖျားကနေ မောင့် သဘောလို့ ချွဲပြီးပြောလိုက်တာက ကြားရတာ ချိုသာနေပေမယ့် အဲဒီ စကားလေးရဲ့ နောက်ကွယ်မှာ ဓါးထက်ထက် တစ်ချောင်များကပ်ပါလာမယ်ဆိုရင် မောင် ဘယ်လိုကာကွယ်မလဲ ..

(ထွန်းသစ်) တော်ပါပြီကွာ.. မောင် ငယ်နဲ့ စကားပြိုင်မပြောတော့ ပါဘူး။ ငယ်ကလေ ခုလိုအချိန်မျိုးဆို အရမ်းချစ်ဖို့ ကောင်းတယ်။ အင်း ဒါပေမယ့် ..

(နုငယ်) မောင် နားလည်ထားဖို့ က မောင့် အရင်ရည်းစားတွေနဲ့ ပတ်သတ်ရင် ပြင်းပြင်းထန်ထန် သတိပေးပြီး နှိပ်ကွပ်နေတာ ကို ပြောတာလား။ အဲဒါက မောင် မှားထားခဲ့ လို့ လေ။ ငယ် မောင့် ကို ယုံကြည်ဖို့ အချိန်အတိုင်းအတာ တစ်ခုလိုတယ်။ ဥပမာ ကွာ ခု ငယ် က မောင့်ရဲ့ ချစ်သူ..

(ထွန်းသစ်) အင်း..ဟင်.. ဒါပေါ့

(နုငယ်) ငယ့် စိတ်ထဲမှာ မောင်ကလွဲရင် တစ်ခြားယောက်ကျားလေးတွေကို စိတ်လဲမ၀င်စားဘူး။ ပြီးတော့ မောင့် ကိုဘယ်ယောက်ကျားလေးနဲ့ မှ မနှိုင်းယှဉ်ဖူးဘူး။ မောင့် ဘက်ကပေးသလောက်နဲ့ ငယ်ကျေနပ်နိုင်တယ်။ နားလည်ပေးနိုင်တယ်။ ပြီးတော့ မောင့်ရဲ့ စိတ်ကို ငယ် အရမ်းနားလည်နေတယ်။ အဲဒါ ခက်တာပဲ..

(ထွန်းသစ်) အမ် ဘာကိုဆိုလိုတာလဲ ငယ်

(နုငယ်)ဒီလိုလေ မောင့်ရဲ ဗီဇ ကိုက အရာရာကို လွယ်လွယ်နဲ့ မစဉ်းစားပဲ လုပ်တတ်တယ်။ ဒါပေမယ့် မောင့်ရဲ့ စိတ်ထဲမှာ ငယ် ရှိနေပြီသားဆိုတာကိုလဲ ငယ်သိတယ်။ ဒါပေမယ့် တစ်ခြား လှတပတ ကောင်မလေးတွေကို မြင်ရင် မောင့် မျက်စပစ်နေတာလဲ ငယ်သိတယ်။ ပြီးတော့ ဘာရယ်ဟုတ်ဘူး ဟိုသူငယ်ချင်းကောင်မလေးက လာခေါ်လိုက် မောင်ပါသွားလိုက်။ ဒါပေမယ့် ဘာမှတော့ မဟုတ်တာ ငယ်သိတယ်။ ဒါပေမယ့် ငယ့် ရဲ့ အမေ မသိဘူး။ မောင့် ကို ငယ့် မိဘတွေနဲ့ အတိုက်အခံလုပ်ပြီး ချစ်ထားရတာ ကို သိပါတယ်နော်။ မတော်လို့ များ ငယ့် မိဘတွေများ မောင်ဒီလိုကောင်မလေးတွေနဲ့ တွဲတာ တွေ့ သွားရင် ..

(ထွန်းသစ်) အင်း..ဟင်

(နုငယ်) ငယ် ကရော ဒါဟာ ကျွန်မကို တစ်ကယ်ချစ်နေတဲ့ ယောက်ကျားတစ်ယောက်ပါလို့ ဘယ်လို ရင်ဆိုင်ပြီးပြောရမလဲ။ ပြီးတော့ ငယ်ချစ်ရတာက မောင်မှ မောင်ပဲ ဒါပေမယ့် မောင် ချစ်နေတာက နှုတ်ဖျားမှာ ချစ်တယ်လို့ ပြောနေပေမယ့် တစ်ခါတစ်ခါ လေးလေးနက်နက် မရှိသလိုပဲ..ဒါကြောင့်မို့ မောင့်ကို ငယ် မယုံကြည်သေးဘူး..ဒီတော့ ငယ်လဲ မောင့် ကိုပဲ လက်ထပ်မှာ ယူမှာလို့ ညာမပြောနိုင်သေးဘူး.

(ထွန်းသစ်) ကွာ ..ငယ်ကလဲ ကောင်းခန်းရောက်မှ လုပ်ပြီး။ ကိုယ့် ချစ်သူက ကိုယ့် ကိုဘယ်လောက်ချစ်ကြောင်း နားလည်ကြောင်း ဖီလ်း တက်နေတဲ့ အချိန်မှ မောင့် ကို မယူနိုင်ဘူးတဲ့ .. ငယ် ဒီလောက်ချစ်နေမှပဲ ဘာလို့ မျက်စိမှိတ်ပြီး ယူမယ် လို့ မပြောနိုင်ရတာလဲ..

(နုငယ်) မောင် မှားပြီး ချစ်နေတာမှန်တယ် ဒါပေမယ့် ကိုယ်ချစ်တဲ့ သူက ဒီလိုလူမျိုးပါလားဆိုတာကို စိတ်ထဲမှာ မသိချင်တာ. မောင့် ကိုအဲလိုလူမျိုး မဖြစ်စေချင်တာ. မောင့်ကိုယ်လဲ ငယ် ချစ်နေသလိုပဲ ချစ်နေစေချင်တာ။ ငယ်ခံစားမိတာကတော့ ငယ်ချစ်သလောက် မောင်ဆီက ပြန်မရဘူးဆိုတာပဲ။


(ထွန်းသစ်) ကဲ တော်ပြီ ပြန်မယ်။ တစ်နေ့ တစ်နေ့ ငယ်နဲ့ တွေ့ တိုင်း ဒါပဲ အပ်ကြောင်းထပ်နေတော့ တာပဲ။ မောင် သေချာ တယ် တစ်ကယ်တမ်း အချိန်ကျရင် မောင် ယူမယ့် မိန်းမ ကငယ်ပဲ ဖြစ်ရမယ်။ ပြီးတော့ မောင့် ပတ်ဝန်းကျင်မှာ ငယ် က မောင့်ရဲ့ ချစ်သူပါဆိုတာ တိတိလင်းလင်း ကြေညာပြီးသား။ ငယ့် ကိုလဲ အားလုံးက သိပြီးသား။ ဒါပေမယ့် တစ်ခါတစ်လေ သူငယ်ချင်းမိန်းကလေးတွေက လိုအပ်လို့ အကူအညီတောင်းလာရင်တော့ မောင် လဲ..


(နုငယ်) အင်းပါ အင်းပါ... ဟွန်း ဖြစ်နိုင်ရင် မောင့်ရဲ့ ၅ ပေ ၅ လက်မ အရပ်ရယ် ပြီးတော့ နည်းနည်း ကြည့်လို့ ကောင်းနေတဲ့ မောင့် ရုပ်ရည်ရယ် ပြီးတော့ လူတိုင်းကို ခင်မင်နှစ်လိုစွာ ပြုံးပြတိုင်းပေါ်နေတဲ့ သွားတက်ကလေးတွေရယ်
အဲဒါတွေအကုန်လုံးကို ပလတ်စတစ် ဆာဂျယ်ရီ လုပ်လိုက်လို့ ရရင် ကောင်းမယ် ထင်တယ်.


(ထွန်းသစ်) ဟားဟားဟား... ငယ်က တော့ ကွာ သူစိတ်ချဖို့ အရေး ချစ်သူ ကို ပလတ်စတစ် ဆာဂျယ်ရီတောင် လုပ် အုန်းမတဲ့ ..ဒါလေးတော့ ချမ်းသာပေးပါကွာ .. အမေ ပေးတဲ့ ရုပ်ရည်လေးပါ. တစ်ကယ်ဆို ငယ်လဲ ချစ်ဖို့ အလွန်ကောင်း သော ကောင်မလေးတစ်ယောက်ပါကွာ။ ငယ်က သာ ခပ်တည်တည်ကြီးနေနေလို့ ..


(နုငယ်) မောင့် ကိုချစ်တာ ချောလို့ ချစ်တာမှမဟုတ်တာမောင်ရဲ့ ။ မချောလဲ ဘာအရေး. အရေးကြီးတာက တစ်ယောက်နဲ့ တစ်ယောက် သံယောစဉ်ကြီးပြီး နားလည်မှုရှိဖို့ သာ အဓိက..

(ထွန်းသစ်) ကဲပါ မောင့် ကိုစိတ်ချ သေချာတယ် မောင် ငယ်ပြောသလိုနေမယ် ဆင်ခြင်မယ် ငယ်သာ မောင့်ဘေးနားမှာ ရှိလို့ ကတော့ အရာအားလုံးငယ့် သဘော. ပြီးတော့ မောင်လည်း နောင်တရနေပါပြီကွာ အရင်ကသာ မောင် စိတ်ထင်ရာ ဇွတ်မလုပ် ခဲ့ ဘူးဆိုရင် ခုချိန်မှာ ငယ့် မိဘတွေဘက်က ဒီလောက်ထိ ခါးခါးသီးသီးဖြစ်နေမှာ မဟုတ်ဘူး။ မောင် ဆိုးခဲ့ လို့ ..

(နုငယ်) အဲဒီ ငယ်သာ ဘေးနားမှာရှိရင်ဆိုတဲ့ စကားလဲမကြိုက်ဘူး။ မောင် ယောက်ကျားတစ်ယောက်ပဲ ငယ်ရှိရှိမရှိရှိ မောင် ကိုယ့်ဘာသာကိုယ် မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်နိုင်ရမှာပေါ့။ မောင်က အရည်အချင်းရှိတဲ့ ယောက်ကျားတစ်ယောက်ပဲ ဟာ..

(ထွန်းသစ်) ဟင့်အင်း ငယ်နဲ့ မောင် စိတ်သဘောထားမတိုက်ဆိုင်တာ အဲဒီနေရာတွေပဲ.. မောင့်ကတော့ ချစ်ချင်းရဲ့ မျှော်လင့် ချင်းနဲ့ ပဲ အသက်ရှင်တယ်။ ငယ် ကတော့ ဦးဏှောက်ရဲ့ စေစားရာ အတိုင်း ဖြစ်သင့်တာတွေနဲ့ ဘ၀ကို အသက်ရှင်တယ်..
ဒါကြောင့် မောင် ကလည်းတစ်ခါတစ်ခါ ငယ် မောင့်ကိုချစ်နေတာနဲ့ ဖြစ်သင့်တာနဲ့ ယှဉ်လိုက်ရင် မောင့် စိတ်တွေထိုင်းမှိုင်းလေးလံသွားတယ်။ ငယ်တစ်ယောက်တည်း မောင့်ရဲ့ စိတ်ကို နားလည်တာမဟုတ်ဘူး မောင်လဲ ငယ့် ရဲ့ စိတ်ကို နားလည်တယ် ငယ်...

နှစ်ယောက်သား ခဏမျှ ငြိမ်သက်သွားကြသည်။ ခဏနေတော့ ငယ် ထွန်းသစ် လက်ဖမိုးလေးကို ကြင်နယုယစွာ အုပ်မိုး ကိုင်ဆုပ် လိုက်ရင်း...

(နုငယ်) မောင်..

(ထွန်းသစ်) ဟင်..

(နုငယ်) မတူညီတာရှိရင် နားလည်မှုတွေနဲ့ ညှိယူကြမယ်လေ..

(ထွန်းသစ်) အင်း.. နောက်ဆိုမောင်လဲ စိတ်ထဲမှာ စိတ်ညစ်စရာရှိရင် မောင့်ရဲ့ စိတ်ကို ထင်ရာ မစိုင်းတော့ ဘူးနော်.

(နုငယ်)အင်း..

ထွန်းသစ် ငယ့် လက်ကလေးကို အားမလိုအားမရ ပြိုင်ဆုပ်ကိုင်လိုက်ရင်း

(ထွန်းသစ်) ငယ် သိလား ..ငယ် နဲ့ ခွဲရမယ့် အိမ်ပြန်ချိန်တွေကို မုန်းတယ်။ ပြီးတော့ ခုချိန်ထိ ငယ်နဲ့ နီးစပ်အောင် ကိုယ့် ဘာသာ ကိုယ် မကြိုးစားနိုင်သေးတဲ့ ကိုယ့် ကိုယ်ကို လဲမုန်းတယ်။ ပြီးတော့

(နုငယ်) မောင်..

(ထွန်းသစ်) ဟင်

(နုငယ်) ငယ် တို့ ပြန်ကြရအောင်. ကြိုးစားကြတာပေါ့ မောင်ရယ် နော်..

(ထွန်းသစ်) အင်း..ဒါပေမယ့် မောင်လေ...

(နုငယ်) တော်ပါပြီ မောင်ရယ်။ ဘာလို့ စိတ်ဓာတ်ကျစရာ စကားတွေပြောနေမလဲ။ မောင်ချစ်တယ်ဆိုတာကို ငယ် သိပါတယ်။ ဒါဆို ကျေနပ်တော့ နော်.

ထွန်းသစ် မချင့်မရဲ ငယ့် လက်ကလေးကို ပြန်လွှတ်ပေးလိုက်ရင်း စိတ်ထဲမှာ သက်ပြင်းမောကြီးများသာ အကြိမ်ကြိမ် ချနေမိတော့ သည်။ ပြီးတော့ စိတ်ထဲမှလဲ မောင့်ဘက်မှာ အမြဲတမ်းရပ်တည်ပေးပါ ငယ်ရယ်လို့ လဲ အကြိမ်ကြိမ်ပြောနေမိသည်။
တစ်ခါတစ်ခါ ငယ့် ကိုချစ်ရလွန်းလို့ သူ့ အသက်ရှုတွေတောင် ကြပ်ချင်သည်။ မွန်းကြပ်လွန်းနေသည်။ ငယ့် ကိုဆုံးရှုံးရမှာ ကို သူသေမလောက်ကြောက်ပါသည်။ ဒါပေမယ့် ငယ့် ကိုချစ်ရတာ ကြိုးတန်းပေါ် လမ်းလျှောက်နေရသလိုပင်။ စိတ်ထဲမှာ တစ်ထင့် ထင့် ငါ့ကို သူဘယ်အချိန်မှာ ဘယ်အပြစ်ကြောင့် လမ်းခွဲစကားတွေ ဆိုလာလေမလဲ.. သူလဲ သတိထားပြီးနေသည်။
အဘယ့် ကြောင့်ဆိုသော် သူသည် ငယ်ပြောသလို ဘာမှ မစဉ်းစားပဲ လွယ်လွယ်ကူကူလုပ်တတ်သလောက် ငယ်သည် အရာရာကို စေ့ စေ့ စပ်စပ် စဉ်းစား ပြင်ဆင်ပြီးမှသာ သူလုပ်ချင်တာကို တစ်ထစ်ချင်းအကွက်ချပြီး လုပ်တတ်သည်ကို ထွန်းသစ် နားလည်ထားသည် သိထားသည်။ သူနှင့်ငယ်ချစ်သူဖြစ်လာချင်းသည် ငယ်၏ စိတ်ကလေး တစ်ဒင်္ဂလွတ်ထွက်သော အချိန်၌ ငယ်သည် မလူးသာမလွန့် သာ နှလုံးသားပိုက်ကွန်ထဲ ကျခဲ့ ရသည် မဟုတ်ပါလား....

Wednesday 27 July 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၆)




မောင်နဲ့ တွေ့ ပြီးနောက် နောက်ရက်တွေများ တွေ့ အုန်းမလားရယ်လို့ မျှော်လင့်မိသော်လည်း မတွေ့ခဲ့ပါ။တစ်ရက်ပြီး တစ်ရက် မျှော်လင့် နေမိသော်လည်း မျှော်သူကတော့ ရောက်မလာခဲ့ ။ စိတ်ထဲမှာအလိုလိုသိနေသလို မောင် ရောက်ကိုရောက်လာရမည်ဟု လည်း စိတ်ထဲမှာထင်နေမိသည်။ ဒီလိုနှင့် သောကြာနေ့ သာရောက်လာသည် မောင့်ရဲ့ အရိပ်အယောင်လေးမျှတောင် သူမ မတွေ့ သေး..ဟူး..ဘယ်အချိန်ထိ မျှော်နေရမှာလဲ မောင်.. နောက်ထပ် မောင် နဲ့ ထပ်တွေ့ ဖို့ ကံကြမ္မာကဖန်တီးပေးတဲ့ အချိန်ထိ သူမစောင့်ရအုန်းမည်။ အတွေးများနှင့်ပင် နေရတာ မွန်းကြပ်လာသည်။ ကျောင်းခန်းထဲမှာ မနေချင်တော့ ။ အေးအေးဆေးဆေး တစ်နေရာမှာ တစ်ယောက်တည်း သွားထိုင်နေချင်မိသည်။ တွေးနေကြာသည် သွားထိုင်လိုက်တာက စိတ်ပေါ့ပါးသွားမည်ထင်သည်။ သူမ စိတ်ကူးနှင့် တစ်ယောက်တည်းထွက်လာခဲ့ သည်။ စိတ်ထဲမှာ အားမလို အားမရနှင့် နေမထိထိုင်မသာဖြစ်နေသည်။ ဘာကို သူမ တောင့်တနေ လိုချင်နေမှန်းမသိ။ စိတ်ရှိလက်ရှိသာ မောင် ရေ လို့ အားရပါးရ အော်ပစ်လိုက်ချင်သည်။

(နုငယ်) ဟင်း.. မောင် ရယ် ရှင်ဟာလေ ကျွန်မကို လောကကြီးမှာ ဒုက္ခအပေးဆုံးလူတစ်ယောက်ပဲသိလား။

(ထွန်းသစ်) အဟင်း ဒုက္ခပေးတာက မောင် မဟုတ်ပါဘူး။ နုငယ် ကသာ ကိုယ့် ဒုက္ခ ကိုယ်ရှာနေတာ။

(နုငယ်) အဲ.. ဟင် နင်..နင်..

(ထွန်းသစ်) နင်တွေ ဘာတွေ လုပ်မနေပါနဲ့ ။ ခုနကလိုပဲ ခေါ်လိုက်တာ မကောင်းဘူးလား။

(နုငယ်) ငါ ရည်ရွယ်ပြီး မောင် လို့ ခေါ်တဲ့ သူဟာ နင်ပါလို့ ဘာဖြစ်လို့ တထစ်ချ ထင်လိုက်ရတာလဲ ထွန်းသစ်။ နင်ဖြစ်ချင်မှ လဲ ဖြစ်မှာပါ..

(ထွန်းသစ်) နုငယ် ဘာဖြစ်လို့ ဟန်ဆောင်နေအုန်းမှာလဲ။

(နုငယ်) နင်..ချစ်တယ်ဆိုတဲ့ အချစ်ကို ငါဘယ်လို ယုံရမလဲဆိုတာ အရင် ရှင်းပြတာ ပိုကောင်းမယ်ထင်တယ်။

(ထွန်းသစ်) ဘာကို ဆိုလိုတာလဲ နုငယ်

(နုငယ်) မသိချင်ယောင်ဆောင်မနေပါနဲ့ ထွန်းသစ်ရယ်။ နင့်မှာ တစ်ခြားကောင်မလေးတွေရှိနေတာ ငါသိနေတာပဲ။ ပြီးတော့ နင် ငါ့ရှေ့ ကနေ နှစ်နဲ့ ချီပြီး ကိုယ်ယောင်ဖျောက်နေနိုင်တာပဲ။ နင့်ကိုယ်နင် သိပ်ပြီးအပိုင်တွက်လွန်းတယ်ဟ။ ငါ အဲလောက်ထိ မိုက်မဲ တဲ့ မိန်းမ မဟုတ်ဘူး။

(ထွန်းသစ်) ဟုတ်ပါတယ် နင် မမိုက်မဲ ဘူးဆိုတာ ငါသိပြီးသား ဒါကြောင့်လဲ နင့် အမေကြီးပါးစပ်ကနေ တတွတ်တွတ်ရွတ်နေတဲ့ ဆရာဝန်လောင်းကြီး ကိုသု ကိုလက်ခံလိုက်တယ်ပေါ့။ပြီးတော့ သမီးအလိမ္မာတုံးကြီးပေါ့။

(နုငယ်) ထွန်းသစ် ..နင် နင်.. တော်တော့ ..တော်လိုက်တော့

ထွန်းသစ် အသက်မပါသလို ခြောက်ကပ်ကပ် တစ်ချက်ရယ်လိုက်ရင်း

(ထွန်းသစ်) အဟင်း..ဟင်း.. နုငယ် နင်မှတ်ထား ..နောက်တစ်ခါများ ငါ့ အသည်းနှလုံးက နုနုငယ် ဆိုတဲ့ မိန်းမ ကို လွမ်းတယ် လွမ်းတယ်လို့ ပြောလာခဲ့ ရင် ဟောဒီအမှတ်မရှိတဲ့ ငါ့ အသည်းနှလုံးကိုပဲ ဖောက်ထုတ်ပစ်လိုက်မယ်။ ဘယ်တော့ မှ နင့်ဆီကို ငါ ခြေဦးလှည့်မလာတော့ ဘူး....ငါကိုက တုံးလွန်းတာပဲ နေမှာပါ...ကဲ သွားပြီး..

နုငယ် ကတော့ ဘာမှ ပြန်မပြောနိုင်ခဲ့ ပါ။ ရင်ထဲမှာစကားလုံးတွေကတော့ အပြည့်ပါ ဒါပေမယ့် ဘာလို့ များကျွန်မရဲ့ နှလုံးသား ထဲက စကားတွေ ကျွန်မမပြောလိုက်နိုင်ပါလိမ့် ။ အဆောင်အပြင်ဘက်မှ တစ်ဝေါဝေါ ဆိုင်ကယ်စက်သံကြောင့် သူမလှည့်ကြည့် လိုက်တော့ ဆိုင်ကယ်ကို အပြင်းမောင်းနှင်ထွက်သွားသော ထွန်းသစ်ကိုသာ ရိပ်ကနဲ တွေ့ လိုက်ရသည်။ ခက်သည် မိန်းမတစ်ယောက်ကို တွေ့ ချင်သည့်အချိန်မှ လာတွေ့ ပြီး .. ချစ်လိုက်ပါဆိုတာကတော့ ..ခက်သည် ခက်လွန်းနေသည်။
ဒါဆို သူပြောသလို မတွေ့ ရတော့ ဘူးလား။

(နုငယ်) ဟင်း....ဟင်း.............

သက်ပြင်းခပ်လေးလေးတစ်ချက်သာ ချလိုက်ရင်း အမေ့ ကိုလဲ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါဟု သူမဂတိပေးထား၏။ ကောင်းပါတယ်လေ အဆုံးသတ်မကောင်းမှန်းသိတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို မစလိုက်ရတာပဲ သူရော ကျွန်မရော အတွက် အကောင်းဆုံးဖြစ်ပါလိမ့် မည်။ ဒါပေမယ့် မျက်ဝန်းမှာတော့ မျက်ရည်တို့ ရွှဲရွှဲစိုလို့ ။ ရက်စက်လိုက်တာ ကံတရားရယ် အချစ်ကို စတင်ထိတွေ့ မိစဉ်မှာပဲ အသည်းကွဲ မှတ်တမ်းထဲ ထည့်လိုက်ရမယ်လို့ ။ ကျွန်မချစ်ခဲ့ ရတဲ့ အချစ်ရဲ့ အနားသတ် နောက်ဆုံးက ဒီလိုပဲလား ..ကျောင်းမှာလဲ ဆက်မနေချင်။ ဘယ်နေရာသွားရမလဲ မသိ။ အိမ်ပြန်ပြီး အိပ်လိုက်ပဲ ကောင်းမယ်ထင်သည်။ အေးလေ ပြန်တာပဲကောင်းပါတယ်လေ..လောလောဆယ်တော့ အားအင်ချိနဲ့ သွားသလိုပင်။

"ဟေ့ ကောင်တွေ ကျောင်းရှေ့ မှာ ခုလေးတင်ဆိုင်ကယ်တစ်စီးနဲ့ ကားနဲ့ တိုက်မိတယ်ပြောတယ်။ ဆိုင်ကယ်သမားကတော့ ပွဲချင်းပြီးပဲတဲ့ ။ပြီးတော့ ဆိုင်ကယ်သမားက အပြင်လူတဲ့ ကွ တို့ ကျောင်းကမဟုတ်ဘူး"

"ဟာ..လာလာမြန်မြန် သွားကြည့်ရအောင်"

ကျောင်းသားတစ်စု ပြောလဲပြော ပြေးလဲပြေးထွက်သွားကြသည်။ ခဏတော့ သူမမှင်သက်နေမိသည်။ ရင်ထဲမှာ ခံစားချက်တစ်ချို့ မွန်းကြပ်လွန်းနေသည်ကို။ ဒါပေမယ့် သူမတစ်ခုခုကို သတိရသွားသည်။ ဆိုင်ကယ်သမား..မောင် ..မောင် ..လဲ ခု..ခုန ကလေးတင် ဆိုင်ကယ်ကို အရမ်းမောင်းထွက်သွားသည်။ ဆိုင်ကယ်သမားဆိုတာ မောင်...မောင် ..များလား..
အို ..မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့ ဒီလိုသာဆိုရင်တော့ ကျွန်မကိုယ် ကျွန်မ ခွှင့်မလွှတ်ဘူး မောင်..
သူမ ခြေလှမ်းတို့ မြန်စပြုလာပြီ..ထို့ နောက် သူမ ပြေးထွက်လာခဲ့ သည်။ ပြေးလာသည့် အရှိန်ကြောင့် သူမမောဟိုက်နေသည်။ အသက်ရှုလို့ လဲမ၀။ သို့ ပေမယ့် သူမခြေလှမ်းတွေ ရပ်မပစ်လိုက်ရဲပါ။ မောင် မဟုတ်ပါစေနဲ့ လို့ လည်း စိတ်ထဲမှာ ဆုတောင်းနေမိသည်။ ပြီးတော့ သူမ ငိုနေသည်။ ခြေလှမ်းတွေ ခပ်သွက်သွက်ပြေးရင်း လူတွေ ၀ိုင်းအုံကြည့်နေသော နေရာသို့ ရောက်လာသည်။ သူမ မောဟိုက်နေသည် ဒါပေမယ့် မနားပဲ သူမလူအုပ်ထဲ ၀င်တိုးဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာပင်..
သူမ၏ လက်တစ်ဖက်အား တစ်ယောက်ယောက်က ဆွဲလိုက်သလို တင်းကနဲ ဖြစ်သွားသည်။ သူမ လှည့်ကြည့် လိုက်တော့ .

(ထွန်းသစ်) ဟိတ် အရူးမလေး ..ငိုမနေနဲ့ လာလာ ဒီဘက်ကို..

(နုငယ်) မောင်..ရှင် ရှင် တစ်ကယ်ပဲနော်..

ထွန်းသစ် ခေါင်းညိမ့် ပြလိုက်ရင်း..

(ထွန်းသစ်) အင်း..ဟုတ်တယ် မောင် မသေနိုင်သေးဘူး။ နုငယ်ချစ်တဲ့ နုငယ်ရဲ့ ချစ်သူ လုပ်ရအုန်းမှာမို့ လို့ ။

နုငယ် ရှက်စနိုးတစ်ချက်ပြုံးလိုက်ရင်း..

(နုငယ်) မောင် နော် လာစမနေဲ့ ဒီမှာဖြင့် စိုးရိမ်လို့ သေတော့ မယ်။

(ထွန်းသစ်) မောင် တွေ့ ပါတယ်ကွာ။ တစ်ကယ်တော့ နုငယ်ရယ် မောင်ရော နှစ်ယောက်လုံးရဲ့ စိတ်ထဲ မှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ချစ်တယ်ဆိုတာ နားလည်ပြီးသားပါကွာ။ မောင် တို့ နှစ်ယောက် မာနတွေ ပြိုင်နေကြလို့ ပါ။
တစ်ကယ်က မောင်ကံကောင်းသွားတာ။ စိတ်ဆိုးဆိုးနဲ့ ထွက်လာပေမယ့် တစ်ကယ်က နုငယ်ရဲ့ မျက်နှာလေး ညှိုးပြီးကျန် နေခဲ့ တာ မောင့် ရင်ထဲ တစ်ကယ်မကောင်းဘူး။ နောက်ဆုံး မောင့်ဒေါသတွေပဲ လျှော့ လိုက်ပါ့မယ်လေဆိုပြီး ကျောင်းထဲ ပြန်ကွေ့ လာတာ..အဲအချိန်မှာပဲ ကျောင်းထဲကထွက်လာတဲ့ နောက်ထပ် ဆိုင်ကယ်တစ်စီးနဲ့ တိုက်မိကြတာ..မောင် ဂတိပေးပါတယ်ကွာ။ အရင်တုန်းကလို နုငယ် ချစ်တဲ့ ထွန်းသစ် ပြန်ဖြစ်လာစေရမယ်..နော်..

နုငယ်ကရော ဘာပြောနိုင်မှာမို့ လို့ တုန်း ..မျက်စောင်းလေးတစ်ချက်ခဲလို့ .. မောင့်ရင်ခွင်ထဲ ခိုဝင်လိုက်ရုံမှတစ်ပါး နုငယ်မှာ ရွေးချယ်စရာလမ်းမရှိ။ ခုနက မောင်သေပြီလို့ ထင်တဲ့ နောင်တမျိုး ခံစားချက်မျိုး သူမနောက်တစ်ကြိမ် မခံစားနိုင်တော့ ။ လောလောဆယ်တော့ အချစ်အတွက် တစ်ခါလောက်တော့ မိုက်လိုက်ပါရစေ အမေ..လို့ သာ စိတ်ထဲမှ အမေ့ ကိုတောင်းပန် နေမိသည်။

ထိုမြင်ကွင်းအစ အဆုံးကို မမှိတ်မသုန် စိုက်ကြည့်နေသော လူတစ်ယောက်တော့ ရှိသည်။ထိုသူကတော့ ဘယ်သူဖြစ်ဦးမည်နည်း ကိုသု ..ကိုသု ပေါ့...

...........................................................................

Monday 18 July 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၅)




ဤသို့ နှင့် တက္ကသိုလ်ကျောင်းများ တက်ဖို့ အချိန်ရောက်လာလေပြီ။ ကျောင်းပိတ်ရက် ဘယ်မှလဲ မသွားရ ဘာမှလဲ မလုပ်ရ။ အိမ်တွင်းပုန်းလိုက် တစ်ခါတစ်ရံ ကျောင်းနေဘက် သူငယ်ချင်းအိမ်ရောက်လိုက်နှင့်သာ နုငယ် အချိန်များကို ကုန်လွန်စေခဲ့သည်။စိတ်ထဲမှာ တော့ အချိန်တိုင်း ထွန်းသစ် အကြောင်းများသာ။မည်သူ့ ကိုရင်ဖွင့်ရမည်နည်း။ ဒါလဲမသိပါ။သူမချစ်သော ထွန်းသစ် သည်လည်း သူမအားတစ်ကယ် ချစ်မချစ်သူမ မသိတော့ ပါ။ သူမအထင်တော့ ငယ်ရွယ်ချိန်မို့ စိတ်လှုပ်ရှားခဲ့ သလား။ သူမကရော ငယ်ရွယ်သူ မို့ ထွန်းသစ်ကို စိတ်လှုပ်ရှားပြီးများ...ခုလိုအချိန်တိုင်းသတိရနေသည်လား။ မသိခဲ့ ပါ... ခုချိန်မှာ သူမသိသည်က တစ်ခုထဲ . တစ်ခုခုကို လွမ်းနေသည်။

ထွန်းသစ် ကလဲသူမရှိရာ ရောက်မလာခဲ့ ပါ။မစခင်က ဆုံးနေသော ဇာတ်လမ်းကဲ့သို့ အစလဲမသိ အဆုံးလဲမသိ။ ဘာလဲမသိ။ သူမရည်မှန်းချက်က ငယ်ငယ်လေးထဲက တက္ကသိုလ်မှာဆရာမ ပြန်လုပ်ချင်သည်။ ထို့ ကြောင့် မိမိလုပ်ချင်သော ရည်မှန်းချက်ထဲတွင် သာ စိတ်ကိုနှစ်ထားလိုက်ဖို့ သူမဆုံးဖြတ်လိုက်သည်။ တစ်ခါတစ်ခါ ချစ်သော ထွန်းသစ်အကြောင်းသတိရမိလျှင်တော့ ဒိုင်ယာရီ စာအုပ်လေးကိုသာ သူမရင်ဖွင့်ပစ်လိုက်သည်။ ဒါပဲ ဒါပါပဲ...
တက္ကသိုလ်ပထမနှစ် ဒီလိုပင်..စိတ်ထဲမှာ ပြောင်းလဲပစ်လို့ ရမည် စိတ်လှုပ်ရှားချင်းသာဖြစ်သည်ဟု ခံယူထားသော အချစ်၏ ချည်နှောင်မှုသည်လည်း တစ်စတစ်စ ခိုင်မြဲလာခဲ့သည်။ တစ်နေ့မှ မေ့လို့မရခဲ့။ ဘေးနားမှာရှိနေသော ကိုသု ကိုတော့ အစ်ကိုတစ်ယောက်လို အားကိုးချစ်ခင်မိတာတော့ သေချာသည်။ ချစ်သူလိုတော့ လက်ခံလို့ မရ။ မကြာခဏတွေ့ ဖြစ်ကြသည်။ သို့ သော်အခြေအနေတိုင်းသည်လဲ မပြောင်းလဲ ခိုင်မာအမြစ်တွယ်လာသည်က ထွန်းသစ် ကိုချစ်သောအချစ်များသာ။ ခုဆိုရင် ဒိုင်ယာရီစာအုပ်လေး ၅ အုပ်ဖြစ်နေပြီမောင်။ ဟုတ်သည် သူမ၏ ဒိုင်ယာရီစာအုပ်လေးထဲမှာ မောင် လို့သာ သုံးနှုံးခဲ့ သည်မှာ ကြာပြီ။ သူမကိုယ်တိုင် သူမလဲ ကျွန်မလို့ သုံးနှုံးတတ်နေခဲ့ ပြီ။ တက္ကသိုလ် ပထမနှစ်ကို ဒီလိုနှင့်ပင် ပြီးဆုံးခဲ့ သည်။ ဘာမှန်းမသိ။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ အချစ်စစ်မှန်ခဲ့ တယ်ဆိုရင်တော့ ကျွန်မတို့ တစ်နေ့နေ့ ချစ်သူ တွေဖြစ်နိုင်ကြမှာပါ။ ဒါက အချစ်နဲ့ ပတ်သတ်တဲ့ ကျွန်မရဲ့ မျှော်လင့်ချက်။ ရှောင်နေသာသူအား ကျွန်မလိုက်ရှာမနေတော့ပါ။ ချစ်သူ ပြန်လာသော အချိန်ကိုသာ ကျွန်မကြိုဆိုလိုက်တော့ မည်..
(ဒေါ်ချို) သမီး ကျောင်းသွားတော့ မလို့လား စောလိုက်တာ..

(နုငယ်) ဟုတ်တယ် မေ..ဒုတိယနှစ်ရောက်လာမှ ကျူတိုရီရယ်တွေပိုများတယ်။ ပြီးတော့ မေရယ် သူငယ်ချင်းတွေ ဘာတွေလဲ ရလာပြီဆိုတော့ ကင်တန်းထိုင်တဲ့ ချိန်လေးတော့ ပေးရမှာပေါ့လို့ ဟုတ်ဖူးလား..

(ဒေါ်ချို)ဟုတ်ပတော်.. မေ့ သမီးကလေ တစ်နေ့ တစ်ခြားပိုပိုလှလှလာတယ်။

(နုငယ်) အဟင်း..အမေ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေပြန်ပြီနော်။ ဒါဆို သမီးသွားပြီနော်..မေ..

ကျောင်းကားစောင့်နေရင်း တစ်ဖက်ခြမ်းလမ်းဘက်ကို လှမ်းကြည့်လိုက်တော့ ထွန်းသစ် တက်နေသည်ဆိုသော GTI ကျောင်းကား. အလိုလိုနေရင်းစိတ်က တွေ့ မလားလို့ တော့ သူမ ရှာကြည့်မိသေးသည်။ တစ်ခါမှတော့ မတွေ့ ခဲ့ ပါ။ ဒါပေမယ့် ခုချိန်ထိ သူမရှာနေစဲ။

(နုငယ်)ဟူး နေကလဲ ပူလိုက်တာ။ ၈ နာရီခွဲလောက်ရှိသေးတာကို။

သူမပြောပြောဆိုဆို ထီးလေးထုတ်ပြီးနေပူရာဘက်ကာထားမိသည်။ ကျောင်းကားကလဲ ဒီနေ့မှ မလာသေးကြာနေသည်။
သူငယ်ချင်းတွေ စောင့်နေကြရော့မည်။ နာရီကိုကြည့်လိုက်တော့ နောက်ကျနေပြီ။ဟော..ပြောရင်းဆိုရင်း ကျောင်းကားလာပြီ...
သူမ ထီးလေးပိတ်ပြီး ကားပေါ်အပြေးလေးတက်လိုက်သည်။ ပြီးတော့ နောက်ဆုံးထိုင်ခုံနေရာမှာ လူလွတ်နေသဖြင့် သူမအပြေးကလေး သွားပြီးထိုင်လိုက်သည်။ အကြာကြီးစီးရမှာ နေရာမရရင် မတ်တပ်ရပ်ရတာ ညောင်းသည်။ကိုယ့် အတွေးနှင့် ကိုယ်ဖြစ်နေသဖြင့် ဘေးနားက ထိုင်သည့်သူကို ခုမှကြည့်မိသည်။ကျောင်းသားပုံလဲ မပေါက်။ဆံပင်ကစုတ်ဖွားနှင့် ဒီကြားထဲ အုပ်ထုပ်ကလဲ မျက်နှာကို အုပ်ပြီးစောင်းထားသည်။ ဒီကြားထဲ အ၀တ်အစားတွေကလဲ တွန့်ကျေလို့ ။ ပြီးတော့ သူမနှာခေါင်းထဲ ချဉ်စုပ်စုပ် အနံ့တစ်ခုလဲရနေသည်။ ခဏလောက်ကြာတော့ မှ သူမထိုအနံ့ကိုသေသေချာချာ သဘောပေါက်သွားသည်။ အရက်နံ့။
ဒုက္ခပါပဲ မူးနေတာလားမသိဘူး။ စောစောစီးစီး။ ဒီကြားထဲ ထိုသူ၏ ဆိုဖာပေါ်မှီထားသော ခေါင်းက တစ်ဖက်ဖက် သူမဖက်ကျကျလာသေးသည်။ တော်သေးသူမအသားနှင့် ထိတော့ မထိသေး။ စိတ်ကတော့ တော်တော်ကြီး အနှောင့်အယှက် ဖြစ်နေပြီ။သူမသတိထားပြီး ကြည့်နေသည့်ကြားမှ ..ထိုလူ့ ခေါင်းကြီးက ယိမ်းလာပြန်၏။ ဒီတော့ ဒီတစ်ခါတော့ လက်နှင့် ဟိုဘက်ကို ခပ်ကြမ်းကြမ်းတွန်းထုတ်လိုက်သည်။ ထိုသူ နိုးသွား၏။ ပြီးတော့ သူမအား ဒေါသတကြီးနှင့် အုပ်ထုပ်ကိုချွတ်လိုက်ပြီး

ဒီမှာ ...ခင်ဗျား ....ဘယ်.... အဲ

တွေ့ချင်သောအချိန်မှာ မတွေ့ရသော ကျွန်မချစ်ရတဲ့ မောင်လေ။ ဘုရားရေ ဘယ်လိုများဖြစ်နေရတာတုန်း။ကွာသွားလိုက်တာ အရမ်းကို ကွာသွားသည်။

(ထွန်းသစ်) အဲ..နင်..နင်


(နုငယ်) ဟုတ်တယ် ငါ နုငယ်။ နင်ကရော မနက်စောစောစီးစီး ကျောင်းကားပေါ် ဘယ်လိုဖြစ်နေတာလဲ။ကြည့်မကောင်း ရှုမကောင်းနဲ့ ။ ရုပ်ပျက်ဆင်းပျက်နိုင်လိုက်တာ။ ငါ ထင်တောင်မထင်ဘူး။နင်ဆိုးနေတယ် ဆိုတာတော့ ကြားတယ်။ ဒီလောက်ထိ ဖြစ်နေမယ်လို့ တော့ မထင်ဘူး။ ခုတော့ လက်တွေ့

(ထွန်းသစ်) အဟင်း.. ငါညက အိမ်မပြန်ဘူးဟ။ မြို့ ထဲက သူငယ်ချင်းတွေ တိုက်ခန်းလိုက်အိပ်တာ။ ၀ိုင်းလိုက်တာများသွားတယ်။ အိမ်ပြန်ပြီ အကျီ်လဲမလို့ ပဲ အိပ်ပျော်ပြီးပါလာတာ။ နင်အခုနိုးလိုက်မှ နိုးတယ်ဆိုပါတော့ ။ နင်ကတော့ ပိုလှလာတယ်ဟ.

(နုငယ်) အင်း..

(ထွန်းသစ်) ဘာလဲ ငါပုံစံက စုတ်ပြတ်နေလို့ နင်က စကားမပြောချင်တဲ့ သဘောလား..

(နုငယ်) နင်က မတွေ့ ချင်လို့ ရှောင်နေတဲ့ သူပါ။ နင်ပြောချင်လား မပြောချင်လား ငါမှမသိတာ.

(ထွန်းသစ်)နှုတ်မဆက်ပဲ ထွက်သွားတဲ့ သူက ဘယ်သူလဲ.. ပြန်လာတော့ ရော ဘေးနားမှာ ငယ်..ငယ် နဲ့ ပါလာတာရော ဘယ်သူလဲ.. ဘာသတင်း ဘာအဆက်အသွယ်မှ မလုပ်ပဲ နေနိုင်ခဲ့ သူက ဘယ်သူလဲ.. ငါမဟုတ်တာတော့ သေချာတယ်..

(နုငယ်) နင်...နင်... အင်း..ထားလိုက်တော့ ထားလိုက်တော့ အဲဒီအကြောင်းတွေ ပြန်ပြောနေလဲ ဘာမှ ထူးခြားမလာတာ သေချာတယ်။ ဒါပေမယ့် ငါတစ်ခုတော့ ပြောချင်သေးတယ်။ တစ်ခွန်းပဲ နှစ်နဲ့ ချီပြီး ပုန်းနိုင်တဲ့ နင်က ပိုတော်ပါတယ်ဟာ..


ထို့ နောက် သူတို့ နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြပြန်သည်။ခဏနေတော့ တစ်ပြိုင်နက်တည်း..

(ထွန်းသစ်) ဟိုလူနဲ့ ရော..

(နုငယ်)နင်ရော..

(ထွန်းသစ်)အဲ အိုကေ အိုကေ နင်မေးချင်တာ အရင်မေး

(နုငယ်) နင်..နင်.. ကောင်မလေးတွေအများကြီးနဲ့ တွဲ..တွဲနေ

(ထွန်းသစ်) အင်း.ဟုတ်တယ် ဒီလိုပါပဲ..နင်ကရော ဟိုလူနဲ့

(နုငယ်)အင်း ငါစဉ်းစားနေတုန်းပဲ။ငါလဲ ဒီလိုပါပဲ.

(ထွန်းသစ်)သြော်.. ငါ့အတွက် အခွင့်အရေးရှိသေးတာပေါ့

မောင်..ရယ် ရှင်ဟာလေ။ လမ်းကြုံလို့ တွေ့ တော့ မှ အခွင့်အရေးရှိသေးလားတဲ့ ။

(နုငယ်) အဟင်း.. နင်ဟာလေ လောဘတော့ ကြီးသား။ လမ်းကြုံတုန်းလေး နင်တွဲနေတဲ့ မိန်းကလေးတွေလိုပဲ လွယ်လွယ်ရမယ် ထင်လို့ မေးလိုက်တာလား..

ထွန်းသစ် မျက်နှာတင်းကနဲ တစ်ချက်ဖြစ်သွားသည်။ ထို့ နောက်..

(ထွန်းသစ်) ရှေ့ မှတ်တိုင်ပါတယ် ဆရာရေ...ဆင်းမယ်

မောင် ကျွန်မကို နှုတ်ဆက်မသွားပါ။ တစ်ချက်လေးမျှတောင် ပြန်လှည့်မကြည့်သွားပါ။ ဘာလဲ ဘာလဲ မောင်..
ကျွန်မနားက ပြန်လည်ထွက်ခွာသွားပြန်ပြီ။ နောက်တစ်ကြိမ် ကျွန်မနားကို ပြန်ရောက်လာဖို့ ဘယ်လောက် ကြာကြာ စောင့်နေရ အုန်းမှာလဲ ..တစ်ကယ်ဆို ကျွန်မသူ့ ကို စကားလေးလျှော့ ပြောသင့်တာ။ ခုတော့ မောင်နဲ့ ပြန်တွေ့ဖို့ ..မသေချာသော အိမ်မက်တို့ အား ကျွန်မဆက်လို့ မက်နေရ ပေအုန်းမည်။ပြီးတော့ ကျွန်မ မောင့်ကိုပြောစရာ စကားတွေ ရှိနေသေးသည်။ ပြောချင်မိနေသေးသည်။ ဒါပေမယ့် လက်တွေ့ တွင် ကျွန်မပြောလိုက်သောစကားများက နှလုံးသားနှင့် ဆန့် ကျင်ဘက်များသာ..
ဟူး ...မျှော်လင့်ရတာ မောတယ် မောင်ရယ်...

Saturday 16 July 2011

ပြုံးနေတာပဲ

တက်လိုက်ရတဲ့ လှေကား
ညောင်းလို့ တောင်
ငါမနားခဲ့ ရဘူး...။ ။

ထမ်းလိုက်ရတဲ့ တာဝန်
လေးလွန်းလို့
တစ်ခါတစ်ခါ
အတွင်းပါကြေတယ်.။ ။

လုပ်လိုက်ရတဲ့
ဖြစ်သင့်တာ ခုဆို
ကိုယ်ဖြစ်ချင်တာ
ဘာလဲတောင်
မသိနိုင်တော့ ဘူး။ ။

အမြဲတော့ ပြုံးနေတာပဲ
တစ်ချို့ ကပြောတယ်
ပုံသေနေပြီးတဲ့ ။ ။

ဒီတစ်ခါ ငါ့အတွက်
တွက်လွန်းလို့
ဘာမှကို မကျန်ဘူး။ ။

သည်းခံချင်း
အဲဒါ ငါ့ဆီမှာ
အချမ်းသာဆုံး ပစ္စည်း။

ငါ့ရဲ့ အနာဂတ်
နောက်ပါတွေကို
ဝေမျှနေတာနဲ့
အဆင်းရဲဆုံး ဖြစ်နေတာ
ကြာပေါ့။


ဒါဆို..
ခုရော.. ခုလား
လောကကြီးက
ရသလောက် ငါယူတယ်
ပေးသလောက် ကျေနပ်လိုက်တယ်
ပျော်လား အင်း..
ပြုံးတော့ ...
ပြုံးနေတာပဲ....

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၄)




ကျောခိုင်းနေသော နုငယ်တို့ နှစ်ယောက် သူ့ ကိုတော့ မမြင်ပါလေ။ ခေါ်လိုက်ရင် ကောင်းမလား ။ သူထင်သလိုများ ဖြစ်နေခဲ့ ရင်.. ဝေခွဲမရသော စိတ်တို့ နှင့် နေရာမှာပင် သူရပ်နေမိသည်။ သူမျှော်လင့် တောင့်တမိခဲ့ သော မျက်ဝန်း တစ်စုံ..နှင့် အကြည့်ချင်းဆုံသွား၏။

ဟင် .. အထွန်း ပါလား. နုငယ် ပျော်သွားသည်။ပြန်ရောက်ရောက်ချင်း ထွန်းသစ် တို့ အိမ်ကိုလဲ သူမရောက်ပြီးပြီ။ မတွေ့ ။ ကျောင်းသို့ လာခဲ့ သည် မတွေ့ ။ ခုမမျှော်လင့်ပဲ တွေ့ လိုက်ရသဖြင့် အပျော်လွန်စွာ ထွန်းသစ်ထံသို့ ခြေလှမ်းတို့ စလိုက်သည်။ သို့ သော်... တစ်ခါတစ်ရံ၌ ကံကြမ္မာမျက်နှာသာမပေးသောအခါ ....
သူမ၏ ခြေလှမ်းသည် အုတ်ခဲကျိုးတစ်ခုအား တက်နင်းမိပြီး ခြေထောက်ခေါက်လျှက် သူမလဲပြိုကျမလိုဖြစ်သွား၏။

(နုငယ်) အား...အမယ်လေး..

(ကိုသု) ငယ် ချောလဲ မယ်..အဲ အဲ..

(နုငယ်) အ. အား.. ခြေထောက် ထောက်လို့ မရတော့ ဘူး. နာလိုက်တာ

(ကိုသု) ရတယ် ငယ် ကျွန်တော့် ကိုပဲ ခဏမှီထားလိုက်တော့ အိမ်အရင်ပြန်ရအောင်နော်.

ဒီတော့ ဘေးမှာရှိနေသော ကိုသု ကပဲ အလိုက်သင့် ထိန်းပေးလိုက်ရသည်။ ဒါပေမယ့် နုငယ် သည်ခြေထောက်ခေါက်သွားသဖြင့် သူမခြေထောက်သည် တော်တော်နာနေပြီ။ မတ်တပ်..မရပ်နိုင်တော့။ ထိန်းပေးထားသော ကိုသု ကိုပင် အလိုက်သင့်မှီထားလိုက်ရသည်။ ခြေထောက်နာနေသည့် ကြားမှပင် ထွန်းသစ် ကိုသူမ လှမ်းကြည့်လိုက်သောအခါ ကျောခိုင်းထွက်ခွာသွားသော ထွန်းသစ်၏ နောက်ကျောကိုသာ သူမမြင်လိုက်ရ၏။ သူမ သက်ပြင်းခပ်မျှင်းမျှင်းလေး ကျိတ်ပြီးချရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ ..

ထိုနေ့ ဆေးခန်းသွားပြလိုက်ရသည်။ ဆရာဝန်မှ နှစ်ပတ်လောက် လမ်းမလျှောက်ပဲ နားနေမှရမည်ဆိုသဖြင့် သူမအပြင်မထွက်နိုင်ခဲ့။
သူမမျှော်နေမိသော်လည်း ထွန်းသစ်ရောက်မလာခဲ့. နေကောင်းလို့ လမ်းလျှောက်နိုင်လျှင်တော့ ထွန်းသစ် အိမ်ကိုသူမ သွားတွေ့ လိုက်မည်။

(ဒေါ်ချို) သမီး. ခြေထောက်သက်သာရဲ့ လား။

(နုငယ်) ဟုတ် မေ.. သက်သာတယ်. ထွန်းသစ် တစ်ယောက်ရော အပြင်မှာ တွေ့ မိသေးလားဟင် အမေ။ သမီး ပြန်ရောက် နေတာတောင် သမီးဆီလာလည်ဖော်မရဘူး.

ဒေါ်ချို တစ်ချက်ပြုံးလိုက်ရင်း

(ဒေါ်ချို)ဘာဖြစ်လဲ သမီးရယ် သူလာမလည်ပေမယ့်။ ကိုသု တော့လာနေတာပဲ မဟုတ်လား။

(နုငယ်) ဟင် ..မေကလည်း. ကိုသု နဲ့က

(ဒေါ်ချို) အေးပါ အမေသိပါတယ်။ ခုလောလောဆယ်တော့ ရိုးရိုးခင်တာပဲပေါ့်။ ဒါပေမယ့် သမီးသိထားဖို့ က မေမေတို့ လူကြီးချင်းတော့ စကားပြောထားတယ်။ ကိုသု ကလဲ သမီးကိုစိတ်ဝင်စားနေတာပါပဲ။ သမီးက ငယ်သေးပေမယ့် ၁၀ တန်းအောင်ပြီးပြီ ဆိုမှတော့ နောက်ဆို မလုပ်သင့်တာတွေ မှားပြီးလုပ်မိမှာစိုးလို့ ခုထဲက သမီးသိထားသင့်တာတွေ ပြောပြထားတာ။ သမီးကို မအူပင်ခဏပို့ထားတယ်ဆိုတာလဲ ကိုသု တို့ မိဘတွေကိုလဲ သိအောင် ကိုသုလဲ ခဏကျောင်းပိတ် ရက် မအူပင်အိမ်ပြန်တုန်း သမီးတို့ လူငယ်ချင်းလဲ ရင်းနှီးအောင်..

(နုငယ်) တော်ပါတော့ အမေ..သမီး လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် သမီး မမိုက်ပါဘူး။ အဲဒါတော့ အမေ စိတ်ချ။ ဒါပေမယ့် လူငယ်ဆိုတာ ချုပ်ချယ်လွန်းရင် ထိန်းချုပ်ထားတာ လွန်လွန်းရင် လွတ်သွားတတ်တယ်အမေ။ သမီးကို ကိုယ်ပိုင်လွတ် လပ်ခွင့်လေးတော့ ပေးပါ။

(ဒေါ်ချို)အင်းလေ သမီးကို အမေက မမိုက်မဲလောက်ဘူးလို့ ယုံကြည်သလို သမီးကလဲ အမေ့ရဲ့ ယုံကြည်မှုတွေကိုတော့ အလွဲသုံးစား မလုပ်မိစေနဲ့ နော်။

(နုငယ်) အင်းပါ အမေ ..အမေလဲ သိသားနဲ့ ငယ်ငယ်လေးထဲက အမေတို့က သမီးကို ဒါမလုပ်ရဘူးလို့ ဆုံးမစရာမလိုအောင် သမီးအလိမ္မာတစ်ယောက်ဖြစ်အောင် သမီးကိုယ်ဘာသာကိုယ်ထိန်းပြီးနေခဲ့ တာပါအမေ။ ဘာလို့လဲဆိုတော့ သမီးကိုချုပ်ခြယ်ပြီး ဘောင်ခတ်တာကို သမီးမုန်းတယ် အမေ။ သမီးကိုယ့်ဘာသာကိုယ်ပဲ ဘောင်ခတ်ပြီးနေပါရစေ။

(ဒေါ်ချို) ကောင်းပြီးလေ သမီးစကားတည်ပါစေ။ဒါပေမယ့်...

(နုငယ်) စိတ်ချပါအမေ သမီးက အမေ့ရဲ့ သမီးပါ။

နုငယ် ရဲ့ စိတ်ထဲမှာတော့ အင်းလေ အချိန်တွေ မလွန်ခင်မှာ သိထားတော့ လဲ ..ကောင်းပါတယ်။ ဒါပေမယ့် ထွန်းသစ် နဲ့ တော့ တွေ့ ကိုတွေ့ ရပေမည်။ဒါပေမယ့် သူမ တစ်ကယ်သွားတွေ့ သည့်အချိန်တွင် ထွန်းသစ် အိမ်မှာ ရှိမနေခဲ့ ပါ။

(ဒေါ်ကြူ) သားက သူ့ အဖေရဲ့ မြို့ ထဲကဆိုင်ကို နေ့ တိုင်းလိုက်လိုက်သွားတယ်သမီးရဲ့ ။ အလုပ်တော့ လုပ်ပါရဲ့ သမီးရယ် ဒါပေမယ့် ဆိုင်က လူပေါင်းစုံဆိုတော့ လေ သမီးသူငယ်ချင်းကတော့ အတတ်ကောင်းတွေတတ်နေလေရဲ့ ပြီးတော့ ဘာဖြစ် တယ်မသိပါဘူး မျက်နှာကလဲ အမြဲသုန်မှုန်နေတာပဲ

(နုငယ်) ဘာတွေတတ်လာလို့ လဲ အန်တီရဲ့

(ဒေါ်ကြူ) ဟိုတစ်နေ့ ကလေ သူ့ အဖေကဆိုင်အတွက်လိုတဲ့ ပစ္စည်းတွေလိုအပ်လို့ သွားဝယ်တာလေ သားကိုဆိုင်မှာထားခဲ့ တာ အဲဒါညကျတော့ ဆိုင်က အလုပ်သမားတွေနဲ့ ဘီယာသွားသောက်သတဲ့ ။ သူပြောတာတော့ ဆိုင်က အလုပ်သမားတွေနဲ့ ပိုရင်းနှီးအောင် ပိုပြီးတော့ လဲ ပြောလို့ ဆိုလို့ ကောင်းအောင်တဲ့

(နုငယ်)ဟင်း..

ကနဲ သက်ပြင်းချရုံမှ လွဲပြီးဘာမှမတတ်နိုင်ခဲ့ ပါလေ။ထွန်းသစ်၏ အဖေက မြို့ ထဲတွင် electronic shop တစ်ခုဖွင့်ထား၏။
ဆိုင်ကတော့ ကြီးသည်။ယောက်ကျားလေး အလုပ်သမားတွေကြီး ဆိုင်တွင် ၁၀ ယောက်လောက်ရှိသည်။ဒါက တစ်ခါတစ်ရံ ထွန်းသစ် စိတ်လိုလက်ရ ပြောပြသော အကြောင်းအရာများသာ။ဒီထက်ပိုပြီး ဘာမှမသိ။ပြီးတော့ လောလောဆယ်အခြေအနေတွင် သူမလမ်းထွက်စရာ အကြောင်းပြချက်မရှိ။ အမေကလဲ ခွင့်ပြုမယ်မထင်။ ဒီတော့ မိန်းကလေးမို့ မျှော်ပြီး မောရုံသာ..
ထွန်းသစ်ကလဲ ပေါ်မလာ။ ဒီတော့ နုငယ်၏ ရင်ဖွင့်ရာသည် ဒိုင်ယာရီစာအုပ်လေးမှ တစ်ပါး အခြားမရှိပြီ။
တစ်လ..နှစ်လ..သုံးလ..လေးလ သူမမနေနိုင် ထွန်းသစ်တို့ အိမ်ဘက် သွားဖို့ ပြင်လိုက်သည်။

(ဒေါ်ချို) သမီး ခုတစ်လော ထွန်းသစ် သတင်းတွေကြားနေရတာမကောင်းဘူးနော်။ သမီးလဲ ဆင်ဆင်ခြင်ခြင်နေ။ ညဘက်ဆို မူးပြီးပြန်လာတယ်တဲ့ ။ ဟိုဖက်ရပ်ကွက်က ကောင်မလေးတစ်ယောက်နဲ့ လဲ တွဲနေတယ်တဲ့ နော်။ ဒီလို "ဇ" ကလေးရှိ နေလို့ ကိုး အမေက ..

(နုငယ်) သမီးက ကိုယ့် သူငယ်ချင်း ကောင်းတာကိုပဲ လိုချင်တဲ့ သူငယ်ချင်းကောင်းပါ အမေ။

ပြောပြီး နုငယ် အိမ်ကနေထွက်လာခဲ့ သည်။ ထွန်းသစ် ရေ နင်ဘာလို့ ကိုယ့် ဘ၀ကို ဖျက်ဆီးနေရတာလဲဟာ။


(နုငယ်) အန်တီကြူရေ..

(ဒေါ်ကြူ) သြော် သမီးနုငယ်ပါလား။ လာလေ သမီး။

(နုငယ်) အန်တီ ပိန်သွားတယ်နော်။

(ဒေါ်ကြူ) သမီး သူငယ်ချင်းကပြောရတာ ခက်တယ်ကွယ်။ အန်တီက စကထဲက ဆိုးနေတာဆိုရင်တော့ ဒီလောက်ထိ စိတ်မညစ် ပါဘူးကွယ်။ ခုတော့ ၁၀ တန်းလဲ အောင် ဂုဏ်ထူးလဲ ပါသေး... အညွန့် တစ်လူလူနဲ့ ကိုယ့် သားလေ ခုဒီလို ပုံစံဖြစ်နေတော့

(နုငယ်) သူ့ ကို ဆိုင်ခေါ်မသွားနဲ့ ပေါ့

(ဒေါ်ကြူ) မရဘူးသမီးရဲ့ ဆိုင်ပိတ်ရက်တောင် အိမ်မှာမှ မနေတာ။ဒီတော့ ဆိုင်မှာ သူ့ အဖေမျက်စိရှေ့ ဆိုပြီး စိတ်လျှော့ ပြီးတော့ ခေါ်သွားရတော့ တာပဲ။

(နုငယ်)မနက်ကို ဘယ်အချိန် ဆိုင်ကိုသွားလဲ အန်တီ

(ဒေါ်ကြူ)မနက် ၉ နာရီလောက်ဆို အိမ်က ထွက်တယ် သမီး။

(နုငယ်) အဲဒါဆို သမီးမနက် အစောကြီးသူနဲ့ လာတွေ့ မယ် အန်တီ သူ့ ကိုပြောထားပေးနော်..

(ဒေါ်ကြူ) အေး ကူညီပါအုန်းသမီးရယ်..

နောက်တစ်နေ့ မနက်..၇ နာရီ

(နုငယ်) အန်တီရေ ထွန်းသစ်နိုးပြီးလား..

(ဒေါ်ကြူ)အေး လာ သမီး။ အိမ်ပေါ်တက်။

(နုငယ်) မ..မရှိဘူးလား..ဟင် အန်တီ

(ဒေါ်ကြူ) ဟင်း ..ဟုတ်တယ် သမီးရယ် ညက အန်တီမှာထားပါတယ် သမီးလာမယ်လို့ ။ အဲဒါ မနက်အန်တီ အိပ်ယာနိုးတော့ သား အိမ်မှာမရှိတော့ ဘူးကွဲ့ ။ သူ့ အဖေပြောတာတော့ မနက် အစောကြီးထဲက ထထွက်သွားတယ်တဲ့ ။

နုငယ် ရှက်သွား၏။ ရှက်ရွံ့ သောစိတ်ကြောင့် မျက်နှာတို့ နီမြန်းနေ၏။ ဟုတ်တယ်လေ မိန်းကလေးဖြစ်ပြီး ဒီလောက်ထိ သူမဘက်
က လျှော့ ပေးခဲ့ တာတောင်မှ ..ဆိုတော့ ..၀ဲကနေဝေ့ လာသော မျက်ရည်တို့ နှင့် အတူ ငိုသံ ခပ်အက်အက်ဖြင့်

(နုငယ်) ဒါဆို သမီးပြန်တော့ မယ်နော်။ နောက်လဲ သူမတွေ့ ချင်တဲ့ မျက်နှာကို ဘယ်တော့ မှ မတွေ့ စေရဘူးလို့ ပြောပေးပါနော်။

(ဒေါ်ကြူ) သမီးရယ် သမီးသူငယ်ချင်းကို စိတ်မဆိုးပါနဲ့ ကွယ်။နော်..

နုငယ် ဘာမှပြန်မပြောနိုင်တော့ ပါ ခေါင်းလေးကိုသာ တစ်ချက်ညိမ့် ပြရင်း ထွန်းသစ်တို့ ခြံဝသို့ ခပ်သုတ်သုတ်ထွက်လာ ခဲ့ သည်။ မျက်ဝန်းမှ မျက်ရည်များထိန်း၍ ရတော့ မည်မဟုတ်။ မာန ရှက်စိတ်တို့ ဖြင့် ရောထွေးလျှက် သူမပါးပြင်တွင် မျက်ရည် တို့ စိုရွှဲနေ၏။ ဘေးပတ်ဝန်းကျင်ကိုလဲ သတိမထားနိုင်။ သူမ အိမ်အမြန်ပြန်ရောက်ပြီး အခန်းတံခါးပိတ်လျှက် အားရပါးရ ငိုရှိုက် လိုက်ခြင်ပြီ။ ဒီနေ့ နင်နဲ့ ပတ်သတ်ပြီး ငါဝအောင်ငိုလိုက်မယ် ထွန်းသစ်ရယ်။ နောက်နေ့ တွေမှာ နင်ဟာ ငါ့ရဲ့ မျှော်လင့်ချင်း အရှင်သခင် ဖြစ်ချင်မှလဲဖြစ်တော့ မယ်။ ငါ့ရဲ့ အိမ်မက်ထဲက မင်းသားလေးဟာလဲ နင်ဟုတ်ချင်မှ ဟုတ်တော့ မယ်။ ဒါပေမယ့် လေ ငါ့နှလုံးသားထဲက အချစ်ဆိုတဲ့ ရင်ခုန်သံတွေကိုတော့ ငါ...ငါ ချက်ချင်းပြောင်းလဲလိုက်လို့ ရပါ့မလား...
.....................................

ထွန်းသစ် မြင်ပါသည်။ နုငယ် သူတို့ အိမ်ထဲဝင်သွားတာကိုလဲ မြင်သည်။ နုငယ် ပြန်ထွက်လာတာကိုလဲ မြင်သည်။ ငိုနေတာကို လဲ မြင်သည်။ ဘာလို့ ငိုရတာလဲ နုငယ်.. နင်ကျေနပ်လို့ နင်ပျော်ရွှင်လို့ လုပ်နေတာ မဟုတ်ဘူးလား။ ဘာလို့ ငါ့ အတွက် မျက်ရည်တွေ ကျနေရတာလဲ။ ငါမေးလိုက်ချင်တယ် နုငယ် နင့်မှာ ငါ့အတွက်ကျစရာ မျက်ရည်တွေများ ရှိသေးလို့ လား...လို့.



........................................
နောက်ထပ် အပိုင်း(၅) ကိုတတ်နိုင်သမျှ မြန်မြန်လေးရေးပြီးတင်ပေးပါ့မယ်လို့ ။
ဘလော့ မောင်နှမများအားလုံး ကျန်းမာလို့ ရွှင်လန်းကြပါစေရှင်။

Monday 11 July 2011

၂၀၀၀ ခုနှစ် တက္ကသိုလ် ဖီလင်..




ပူပြင်းလှသော နေရောင်ခြည်ကြောင့် ကြည့်နေရသော မျက်လုံးတို့ပင် ကြိမ်းစပ်စပ်ဖြစ်လာ၏။ တစ်ချက်တစ်ချက် ဝှေ့ကနဲ့တိုက်လိုက် သောလေပြေကြောင့်တော့ အေးသလိုလို ဒါပေမယ့် လွင်ပြင်ပူပူက ဖြတ်လာရသည်မို့ ပူတာပါပဲလေ။လွင်တီး ခေါင်ပြင်ထဲထီးထီးကြီး ရှိနေသော အသစ်စက်စက် တက္ကသိုလ်ကျောင်းတော်ကြီးအား စိတ်ပျက်လက်ပျက်နှင့် နောက်သို့ပြန်လှည့်၍ ကြည့်နေမိသည်။ ဘယ်မှာလဲ စိတ်ကူးထဲက တက္ကသိုလ် ဘယ်မှာလဲ ဦးချစ်လက်ဘက်ရည်ဆိုင် ဘယ်မှာလဲ ကျောင်းသားဘ၀ ပျော်ရွှင်မှု။
ရင်ခုန်စရာ မကောင်းလိုက်တဲ့ တက္ကသိုလ်ကျောင်းသူဘ၀။ ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာတော့ အဲလိုမဟုတ်။ ထစ်ကနဲရှိ ဗေဂျိဆို ကိုယ့် ကံကြမ္မာကများဆိုးနေသလား။ သစ်ပုပ်ပင် မတွေ့ ကံ့ကော်လဲ မတွေ့ king လဲမတွေ့ Queen လဲမရှိ ။ အို..အသင်လောကဟူ၍သာ အားရပါးရ အော်ဟစ်လိုက်ချင်၏။
ယခင် ယခင်က တက္ကသိုလ်ကျောင်းသူလေးများလှကြသည်။ ကျောင်းသားလေးများ ခန့်ကြသည် သန့်ကြသည်။ပျော်ကြသည် လွတ်လပ်ကြသည်။ သံယောဇဉ်တွေ ဖလှယ်ကြသည်။ သူငယ်ချင်းဆိုလဲ သူငယ်ချင်းသံယောဇဉ် အချစ်ဆိုလဲ အချစ်ရဲ့ ရသ။ ပြည့်ပြည့်၀၀ ခံစားနိုင်ကြသည်။ကဗျာဆန်နိုင်ကြသည်။ ဒဿန တွေ ရှာဖွေခဲ့ကြသည်။ အတွေ့အကြုံတွေ ဖလှယ်နိုင်ခဲ့ကြသည်။ မည်မျှလောက် များ အားကျစရာကောင်းသနည်း။ အတွေးလေးနဲ့တင် ကြည်နူးလှပါဘိ..

ယခုခောတ် တက္ကသိုလ်ကျောင်းသူလေးများ မိန်းကလေးမို့ လှချင်ပါသောကြောင့် ပြင်မိဆင်မိခြယ်မိသည်။ ကြာသော်မျက်နှာသည် တစ်ဖြည်း ဖြည်းနှင့် ထူထူပိန်းပန်း အမ်းတမ်းတမ်းဖြစ်လာသည်။ ဖုံများတက်လာသောကြောင့်ဖြစ်သည်။ ပါးနီသည် မနီနိုင်ပဲ မည်းလာသည်။ ခြယ်သထားသော မျက်ခုံးမွှေးတို့သည်လည်း တရုတ်သိုင်းကား များမှ မိစ္ဆာသိုင်းသမား များကဲ့ သို့ မည်းမည်းနက်နက် ထူထူပိန်းပိန်းဖြစ်လာ၏။ ခြုံငုံပြီးပြောရသော် မပြင်သော်မှ ပို၍လှ၏။ ဤ ကား တက္ကသိုလ်သစ်ကြီးထဲမှ ကျောင်းသူလေးများ လှပုံပ ပုံဖြစ်သည်။

နောက်ထပ် အကျိုးထူးတစ်ခုလဲ ရှိသေးသည်။ ကျောင်းမသွားချင်လျှင် အရှင်းမသွားက ပိုကောင်း၏။ ကျောင်းရောက်ပြီးမှ လစ်သော် အကျိုးကား ဘတ်(စ်)စီးရသည်မှာ တစ်မေ့တစ်မော တစ်ခေါခေါနှင့် ကျော်သည့်မှတ်တိုင် ပြန်ပြန်လျှောက်နေရသောကြောင့် ရုပ်ရှင်ကြည့်သော် လက်မှတ်မရ။ ဒါဖြင့် တစ်ခုခုစား အိမ်ပြန်ကြစို့ ဆိုတော့ အာလုံး၏ အဖြေသည် နေပူကျဲတဲ နာရီတော်တော်များများ ကားစီးခဲ့ရသဖြင့် ပင်ပန်းချေပြီ။ အိမ်ပြန်ပြီး အိပ်သည်က ပို၍ဇိမ်ကျသည်ဟု အဆိုတင်သွင်းကြပြန်၏။

ဒါတင်မကသေး ကျောင်း canteen ၏ ကျော်ကြားမှုများမှာလဲ ပြောဖွယ်ရာမရှိ။ ပေါပေါလောလော ခပ်မြန်မြန်ရသောစားစရာမှာ READY MAKE ခေါက်ဆွဲပြုတ်နှင့် SUPER COFFEE ဖြစ်သည်။ တစ်ခြားစားစရာများကတော့ ပိုက်ဆံလဲများမှ အချိန်လဲပေးမှ အရသာလဲ ချာလျှင် ချာတူလန်သည်။ ကောင်းလျှင်လဲ လွှတ်ကောင်းသည်။ ထို့ကြောင့်ရှေ့ကဆိုခဲ့ပြီး ဖြစ်သည့် အတိုင်း ပြောဖွယ်ရာ ဘာမျှ မရှိသော ကြောင့် ပြောဖွယ်ရာ မရှိ canteen ဖြစ်၏။

သို့ပေမယ့် အချို့ယောက်ကျားလေးများကတော့ အေးအေးလူလူရှိလှသည်။ လွတ်နေသော အဆောင်များထဲတွင် ၀ိုင်းကြသည်။ အတတ်ပညာဟူသည် စုံအောင်တတ်ထားမှ ကောင်းသည်မဟုတ်လား။ ကဲထားပါ ။ ဒါဖြင့် သူငယ်ချင်းများများထား ၀ိုင်းဖွဲ့ပြီး ပျော်ကြမယ်ဆိုတော့ ဒီနေ့က ဟိုသူငယ်ချင်းလာသည် နောက်နေ့က ကိုယ်ကပျင်းလို့ ကျောင်းမတက်။ အနှစ်ချုပ်သော် စာမေးပွဲ ဖြေကာနီးမှသာ လူစုံမျက်နှာစုံ မြင်ရ၏။

ဒါပေသိ တက္ကသိုလ် ကျောင်းတော်ကြီးသည် လူငယ်တို့၏ တန်ဖိုးရှိသော အချိန်တွေကိုတော့ ၀ါးမြိုစားသောက်နေကြ၏။ လူငယ်တို့၏ တက်ကြွနေသော ဖျတ်လတ်နေသော လန်းဆန်းနေသော စိတ်များအား မရေမရာ မပြတ်မသား ဝေေ၀၀ါးဝါး ခံစားချက်တွေဖြင့် ရော ထွေးပစ်လိုက်ကြ၏။ ငယ်ရွယ်သော အချိန်တွေကို ရင်းနှီးမြှုပ်နှံ ပိုက်ဆံတွေ အကုန်ခံကာဖြင့် နောက်ဆုံးရလာသော ရလဒ်သည် ဘွဲ့ဟူသော စာရွက်တစ်ရွက်သာ ဖြစ်သည်။ ထိုဘွဲ့ထဲတွင် ရေရာတာမရှိ အတတ်ပညာမရှိ။ ၀ါသနာမရှိ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိ ဒါပေမယ့် အရယူဖို့တော့ လိုနေပြန်သေးသည်။ ဘ၀အတွက် သက်မွေးပညာကို သင်လိုချင်ပါက နောက်ထပ် ပိုက်ဆံရင်းနှီးကာဖြင့် အခြားသင်တန်းကျောင်းများအား လိုက်တက်နေဖို့လိုနေပြန်၏။

ကျောင်းပြီးလဲ ဘာလုပ်ရမှန်းမသိ။ မိဘက ချမ်းသာနေရင်တော့ကောင်းသား။ ခုတော့ သူလိုကိုယ်လို။ ယောက်ကျားယူလိုက် ပြီးတာပဲဆိုတော့ အိုး..သူတို့လဲ သူလိုကိုယ်လို။ လောကကြီး သူလိုကိုယ်လိုတွေများသည်။ ချစ်သူ ...ချစ်သူတစ်ယောက်တစ်လေများ ကျောင်းတက်နေရင်းရလိုက်သလား ....သူငယ်ချင်းဆိုတာတောင် ရာခိုင်နှုန်းသိပ်မများလှတာ တစ်ယောက်နှင့်တစ်ယောက် တစ်ကယ့်နားလည် မှုတွေနှင့် ချစ်သူတစ်ယောက်တော့ဖြင့် မတွေးပါလေ။ မတွေးပါ။

ဤသို့ဖြင့် ဆေးသားတို့ သစ်လွင်တောက်ပနေသော ကျောင်းတော်သစ်ကြီးထဲတွင် အချို့ကျောင်းသားတို့သည် တတ်နိုင်ကြ၏။ အချို့ ကျောင်းသားတို့သည် ချို့တဲ့ကြ၏။ အချို့ကျောင်းသားတို့ သည် တစ်ဖက်က ကျောင်းတော်ကြီးအားအချိန်ပေးနေရသလို တစ်ဖက်က လည်းငွေ ဆိုသော် အရာအား ရှာဖွေနေကြရ၏။ အချို့ကျောင်းသားများသည် တစ်ဝက်တစ်ပျက်နှင့် ကျောင်းတော်ကြီးအား လက်ပြနှုတ် ဆက်သွားကြ၏။ အချို့သည်လည်း ဘ၀တက္ကသိုလ်အားကူးပြောင်းလိုက်ကြ၏။ မည်သို့ပင်ဆိုစေ ..ဘွဲ့ဆိုသော စာရွက်တစ်ရွက်တော့
ကျွန်ုပ်တို့လက်ထဲတွင် ကိုင်ဆွဲထားစရာလိုသည်။ တက္ကသိုလ်ကျောင်းတော်သစ်ကြီးမှ ပေးသလောက်သော ပညာလေးအား အရယူနိုင် ရန်လဲ လိုအပ်နေသေးသည်။ ထိုပညာလေးသည် နောင်တစ်ချိန်တွင် မျိုးစေ့တစ်စေ့ ဖြစ်ချင်လဲဖြစ်မည်။ အညှောင့်မထွက်နိုင်ပဲ သေသွားသော သစ်စေ့လေးတစ်စေ့လဲ ဖြစ်ချင်ဖြစ်နေနိုင်သည်။ သို့သော် သင့်ထံတွင် ပျိုးဖို့တော့ မျိုးစေ့လေး တစ်မျိုး တစ်လေတော့ ရှိမှ ဖြစ်မည် မဟုတ်ပါလော။ ။

သြော်.... ယခုခောတ် ဘယ်လို တက္ကသိုလ် ဖီလင်ကြီးများပါလဲနော်.........


------------------------------------------

ဒီပို့ (စ်)လေး ကရေးထားတာကြာပြီ စဉ်းစားနေတာ တင်လိုက်ရင်ကောင်းမလား မကောင်းဘူးလားနဲ့ ။
ဒါပေမယ့် ဒီလို ရေးထားတာက အရမ်းကြီး သိလွန်းတတ်လွန်း လို့ ရေးထားတာ မဟုတ်ပါဘူး။ ကျောင်းတက်စဉ်အခါက စိတ်ထဲမှာ တစ်ကယ်ပဲ အဲလို ခံစားခဲ့ ရလို့ ပါ။ အဲဒီ ခံစားချက်လေးကို ဒီနေ့ ဘလော့ လေးရေးဖြစ်လာတဲ့ အခါမှာ စာလေး တစ်ပုဒ် အဖြင့် ချရေးမိချင်းသာ ဖြစ်ပါတယ်လို့ ပြောပါရစေ။

Sunday 10 July 2011

Shek O - beach

ဒီတစ်ပတ် စနေနေ့ ရုံးကလူတွေနဲ့ Shek O Beach ကို BBQ သွားစားခဲ့ ကြတယ်။ နေကတော့ ပူသလားမမေးနဲ့ ဒါပေမယ့် နေပူလေ ဓာတ်ပုံရိုက်ရတာလဲ လှလေ မဟုတ်လား။ ဘာတဲ့ နေစားတာဆိုလား ဓာတ်ပုံစားတာ ဆိုလား..ပဲ
ဆွေလေး ကိုယ်တိုင်ပါတဲ့ ဓာတ်ပုံတွေတော့ မတင်တော့ဘူး။ဓာတ်ပုံစားတာ လူတွေသိကုန်မှာ ဆိုလို့ ။ ဟဲဟဲ
ရှိတဲ့ ကင်မရာအဟောင်းလေးနဲ့ ရသလောက်ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ တင်ပေးလိုက်တယ်။ အပြင်မှာတော့ ကမ်းခြေက အရမ်းကိုလှတယ် ဓာတ်ပုံထဲမှာ မလှဘူးဆိုရင်တော့ ဓာတ်ပုံရိုက်တဲ့ ဆွေလေး ညံ့တာပဲ နေမှာပါ။




ကဲ ပင်လယ်ကြီးရဲ့ အစကို မြင်နေရပြီ။ စိတ်ထဲမွန်းကြပ်တာတွေ အားလုံးဖွင့်ပြီး အော်ဟစ်လိုက်ကြစို့ ။




ဒါပေမယ့် ပဲ့ တင်သံတွေတော့ ပြန်ကြားရမှာ ။ ဘာလို့လဲ ဆိုတော့ ဘေးနားမှာ ခုလိုတောင်တန်း အကြီးကြီးတွေလဲ ရှိသေးတာကိုး။ ပုံထဲပါတဲ့ လူတွေ တော့ ဘာလုပ်နေကြလဲ မသိဘူး။ ရိုက်တာကတော့ ပင်လယ်နဲ့ တောင်တန်း ပဲ..




ဒီမှာ သဲချောင်းလေးတစ်ခု။ ပင်လယ်ကမ်းစပ်ကို လှိုင်းတွေလာပုတ်ကြတဲ့ အခါ ပင်လယ်ရေတွေနဲ့ အတူ သဲပွင့်လေးတွေလဲ ပါလာ
ကြတယ်။ ဒါပေမယ့် လှိုင်းတွေသာ ပင်လယ်ရေထဲ ပြန်ပါသွားရော.. သဲပွင့်လေးတွေကြတော့ ကမ်းစပ်မှာ ချန်ထားခဲ့ တယ်။
ခုတော့ ရနေတဲ့ နေရာလေးမှာပဲ သဲချောင်းလေးဖြစ်သွားတာပေါ့။



မယုံရင် ဒီမှာကြည့် ..လှိုင်းတွေ လာနေပြီ






ပြီးတော့ ဟောဒီလို ကမ်းစပ်က အိမ်လေးတွေလဲ ရှိတယ်...





သူတို့ တွေတော့ နေပူပူကြားထဲမှာ ကူးလဲ ကူးနိုင်ကြတယ်.





တိမ်တွေကင်းစင်နေတော့ လဲ တစ်မျိုးကြည့်လို့ လှတာပဲ






ဟောဒီလို တိမ်သားတွေ တိမ်လိပ်တွေနဲ့ ဆိုတော့ လဲ ကြည့်လို့ လှနေတာပဲ.



ကဲကဲ တောင်တန်းတွေ ပင်လယ်တွေကြည့်ပြီး ဗိုက်ဆာလာပြီဆိုရင်တော့ ဟောဒီလို ဆိုင်တန်းတွေဘက် သွားပြီး BBQ သွားစားကြတယ်




ကဲ BBQ အမြည်းသဘောပေါ့လေ...ရိုက်ထားသမျှထဲက တစ်ပုံ...



ကဲ ကုန်ပြီး ဘာမှ ကျန်တော့ ဘူး။

ပြန်တော့ မယ်ဟယ်။ ပင်ပန်းပြီး။ စားလို့ လဲ ၀ ပြီ။ လည်လို့ လဲ ၀ပြီ။

Friday 8 July 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၃)




မျှော်သာမျှော်သည် မျှော်သူကတော့ ပေါ်မလာခဲ့။ စိန်ပန်းတွေပွင့်သည် ထို့နောက် ငုဝါ ထို့နောက်ပိတောက် ထို့နောက် သင်္ကြန် မည်သို့ပင်ဆိုစေ ရင်မောရသူက ထွန်းသစ်ပါလေ။ နုငယ် တစ်ယောက် သတိလေးတောင်ရရဲ့လားမသိ။ သူကတော့ တစ်နေ့ ပြန်လာနိုးနိုး မျှော်နေခဲ့သော်လည်း အရိပ်အရောင်လေးမျှပင် မတွေ့ရ။ မျှော်ရတာကြာတော့ မျှော်လင့်ချက်တို့ အေးခဲ လာခဲ့သည်။ နောက်ဆုံး.အောင်စာရင်းထွက်သည့်နေ့မှာတော့ သေချာသည် တွေ့ရမည်။ ထို့နေ့သည်သာ နုငယ်အားတွေ့နိုင် သောနေ့ ။
အောင်စာရင်းတွေထွက်တော့မည်။ ညဘက်ထဲက ကျောင်းသားများလှုပ်လှုပ်ရွရွ ။ ထွန်းသစ် ကတော့ ငြိမ်ငြိမ်သာ နေချင်သည်။ ခုထိ နုငယ် ပြန်ရောက်မလာသေး။ နုငယ်ရာ နင်ပြန်မလာသေးဘူးလား။ ငါဆိုတဲ့ကောင်ရော နင့်အတွေးထဲမှာ ရှိသေးရဲ့လား။

(ဒေါ်ကြူ) သား..ဘာဖြစ်နေလဲ မနက် အောင်စာရင်း အတွက် စိတ်လှုပ်ရှားနေတာလား။ သားကိုကြည့်ရတာ တက်တက် ကြွကြွကို မရှိဘူး။ စာမေးပွဲပြီးထဲက။ အမေကြည့်နေတာကြာပြီ။ စာမေးပွဲကျတော့လဲ ဘာဖြစ်လဲသားရယ် နောက်တစ်နှစ်ပေါ့။

ဒေါ်ကြူကတော့ သားဖြစ်သူ စာမေးပွဲအတွက်လို့ထင်သည်ကိုး။ ထွန်းသစ်ကတော့..

(ထွန်းသစ်) မဟုတ်ပါဘူး အမေ သား စာမေးပွဲက အောင်မှာပါ။

(ဒေါ်ကြူ) ဒါဖြင့်…

ရုတ်တရက်စဥ်းစားသွားသလိုနှင့်… မျက်နှာထားက အော်..ဒါကိုး…လို့

(ဒေါ်ကြူ) အော်. ဟော်ဟော် ငါ့သားက နုငယ်ကိုလွမ်းနေတာလား။ သားရယ် မင်းဖြင့် ၁၀ တန်းစာမေးပွဲတောင် အောင်စာရင်း မကြည့်ရသေးဘူး။ ခုထဲက မင်းဟာက ..

(ထွန်းသစ်) အာ အမေကလဲ သတိရစရာလား သူ့ကို။ ဒီလောက် သံယောစဉ် မဲ့တဲ့ မိန်းကလေးကိုများ..

ပြောပြောဆိုဆို ထွန်းသစ် အိပ်ခန်းထဲ ၀င်သွားသည်။ ဒေါ်ကြူက တော့ ပြုံးပြီးကျန်ခဲ့သည်။ ဟုတ်သည်လေ။ ဒီဇာတ်က သူနှင့် နုငယ် အမေ တို့ပေါင်းကြံတဲ့ ဇာတ်ကိုး။ ကလေးနှစ်ယောက်ကို ကြည့်ရသည်မှာ ခုတစ်လော နည်းနည်းမူမမှန်ချင်။ ပြီးတော့ ငယ်သေးတဲ့ အရွယ်ဆိုတော့ ပြောလို့ရရင်တော်သေး။ တော်ကြာ တစ်ခုခုဆို ရင်ကျိုးရမှာက မိဘ။ ထို့ကြောင့် စာမေးပွဲပြီးတာ နှင့် ကလေးနှစ်ယောက်ကို ခွဲထားဖို့ စီစဉ်လိုက်ကြသည်။ ငယ်သေးကြတာပဲလေ။ ဘယ်မှာလာပြီး ခိုင်မြဲတဲ့ အချစ်ဖြစ်မတုန်း။ တစ်ဒင်္ဂလေး စိတ်လှုပ်ရှားသည်ကို ရူးမိုက်ဖို့စဉ်းစားနေကြသည်မဟုတ်လား။ ခုတော့လဲ ပြီးတာပဲ။ သားပုံစံကြည့်ရတာ နုငယ် ကို စိတ်ဆိုးနေပုံ။ နုငယ် အမေကလဲပြောသည်။ ခဏခဏ ပြန်လာမယ်ပဲ လုပ်နေလို့ ပညာသားပါပါ နဲ့ အောင်စာရင်းထွက်မှ ပြန်လာလို့ပြောထားကြောင်း။ မနက်ဖြန် နုငယ်ရောက်ပါလိမ့်မည်။ မနက်စောစောပေါ့… ၉ နာရီ ၁၀ နာရီလောက်..

ဟေး ငါအောင်တယ်ကွ ငါအောင်တယ်..
ဟင်း….ငါကျတယ်ကွာ…ဆိုတာမျိုး ကျောင်းရှေ့မှာ ကျောင်းသားတစ်သိုက် ဆူညံလို့။ တစ်ချို့ကျပျော်လို့ တစ်ချို့ကျ ငိုင်လို့ တစ်ချို့လဲ ငိုလို့..စုံလို့ပါလေ။ အဲဒီထဲမှာ ထွန်းသစ်တို့ သူငယ်ချင်းတစ်စုလဲပါတယ်။

(မင်းလွင်) ထွန်းသစ် ဂုဏ်ယူတယ်ကွာ။ မင်း ၃ ဘာသာတောင် ဂုဏ်ထူးထွက်တယ်။ ငါကတော့ အောင်ယုံပဲ အောင်တယ်ကွ။ မျိုးကြီးကတော့ ကျတယ်ကွ။ ဒါတောင် ဒီကောင်က ဘာဖြစ်ဖြစ် လျှောက်လည်ကြမယ် လုပ်နေသေးတယ်။ ဒီကောင့်အဖေက ကျတယ် ကြားလို့ တုတ်တစ်ချောင်းနဲ့ လိုက်လာပြီး ဒီကောင်ကို ပြန်ခေါ်သွားလို့ကွ။ နုငယ် လဲ ၁ ဘာသာ ဂုဏ်ထူးပါတယ်ကွ။ ဟေ့ကောင် ထွန်းသစ် ဘာဖြစ်နေလဲ ..မပျော်ဘူးလား..နုငယ် ပြန်မလာသေးလို့လား။

(ထွန်းသစ်) အေးကွာ ငါနုငယ်ကို အရမ်းသတိရနေတယ်။ ဒီနေ့တော့ နုငယ်နဲ့တွေ့ရပြီလို့ မှတ်ထားတာ။ ခုထိ ရောက်မလာသေး ဘူးကွာ။ မလာတော့ဘူး ထင်ပါရဲ့။

(မင်းလွင်) မင်းကလဲ လာမှာပါကွ။ ဒီနေ့လိုနေ့မျိုး ဘယ် ၁၀ တန်းကျောင်းသားမှ လက်လွှတ်မခံဘူး။

(ထွန်းသစ်) မသိဘူးကွာစိတ်ထဲမှာ မပျော်ဘူး။ တစ်ခုခုလိုနေသလိုပဲ။ လာကွာ ငါတို့ ကျောင်းထိပ်က လက်ဖက်ရည်ဆိုင် သွားရအောင်။

သူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဘယ်မေဂျာက ကောင်းသည်။ အမှတ်ကတော့ ဘယ်လောက်ရနိုင်သည်။ ပြောဖြစ်ကြသည်။ ထို့နောက် တိတ်ဆိတ်သွားကြပြန်သည်။ ဒိုင်ခံပြောနေသူက မင်းလွင်။ နားထောင်နေသူက ထွန်းသစ်။ ခဏကြာတော့ မင်းလွင် မသိမသာ သက်ပြင်းခိုးချရင်း.

(မင်းလွင်) သူငယ်ချင်း စိတ်ထဲမှာ အရမ်းထားမနေပါနဲ့ကွာ။ သူပြန်လာမှာပါ။ မင်း မပြန်သေးဘူးလား။

ထွန်းသစ် ခေါင်းခါပြသည်။ တစ်ကယ်တော့ မင်းလွင် စကထဲက လက်ဖက်ရည်ဆိုင် လိုက်ချင်သည်မဟုတ်။ ထွန်းသစ် ကိုအားနာလို့သာ သူလိုက်လာချင်းဖြစ်သည်။ အိမ်ကလဲ မျှော်နေတော့မည်လေ.

(မင်းလွင်) အေး..ဒါဆို သူငယ်ချင်း ငါပြန်တော့ မယ်နော်။ မင်းလဲ အကြာကြီးထိုင်မနေနဲ့ ။ အိမ်ပြန်ပြီး မင်းမိဘတွေကို အကြောင်းကြားလိုက်အုန်း။

(ထွန်းသစ်) အေးပါကွာ။ အမေတို့လဲ ခုလောက်ဆို သူများပြောတာနဲ့ သိလောက်ပါပြီ။ ငါလဲခဏဆိုပြန်မှာပါ။

(မင်းလွင်) အေးအေး ဒါဆို ငါသွားပြီနော်..

(ထွန်းသစ်) အင်း..

အင်းလို့သာ ပြောသည် စိတ်နှင့်လူမကပ်။စိတ်ထဲ ဘာလိုနေမှန်း ဘာဖြစ်နေမှန်းကို သူကိုယ်တိုင်မသိ။ ဘာမှလဲ လုပ်ချင်စိတ်မရှိ။ ဆိုင်ထဲမှ နေပြီး အပြင်မှာ သွားလာနေသော လူများကိုသာ လိုက်ပြီးငေးနေမိသည်။ တစ်ခါတစ်ခါ အသိစိတ်လေးသူ့စိတ်လေး ပြန်ကပ်လာတော့ စိတ်ထဲမှာတနေမိတာက နုငယ်..နုငယ်. နာကျင်ပါတယ်လေ မေ့လိုက်တာကောင်းပါတယ်လို့တွေးပြန်တော့ နောင်တတွေပဲ ရလာသလိုလို။ စိတ်ထဲမှာ အော်ဟစ်ပစ်လိုက်ချင်သည်။ ဘာဖြစ်နေတာလဲကွာလို့သာ ကိုယ်ဘာကိုယ် အော်ပြီး ပြန်မေးလိုက်ချင်သည်။ အိမ်လဲမပြန်ချင်သေး။ ဒီလိုနေလို့တော့ မဖြစ်။ ကျောင်းထဲကို တစ်ခါလောက် အောင်စာရင်း ပြန်သွား ကြည့်လိုက်အုန်းမည်။ ဒီတိုင်းဆို ကြာရင်သူရူးသွားနိုင်သည်။ ကဲ တွေးနေကြာပါတယ်လေ ကျောင်းထဲတစ်ခေါက်ပြန်သွားမည်။
ဒီလိုနှင့်သူခြေလှမ်းတွေကို ကျောင်းဘက်ကို ဦးတည်လိုက်သည်။

ကျောင်းပေါက်ဝရောက်ပြီး ကျောင်းထဲလှမ်းကြည့်လိုက်တော့ ထွန်းသစ်လုံးဝ မမျှော်လင့်ထားသောသူ။ နုငယ် ပြန်ရောက်နေသည်။ ၀မ်းသာအားရ စိတ်လွတ်ကိုယ်လွတ် ခြေလှမ်းကျဲကြီးများဖြင့် နုငယ်ဘေးနားရောက်အောင် သူလှမ်းလိုက်သည်။ ရုတ်တရက် မမျှော်လင့်သော မြင်ကွင်းကြောင့် သူ့ခြေလှမ်းတို့ တုံ့ကနဲ ရပ်သွားသည်။

အသက်လေးငါးနှစ်မျှ ကြီးပုံရသော အစ်ကိုကြီးတစ်ယောက်ထံသို့ နုငယ် လျှောက်သွားသည်။ ပြီးတော့ စကားပြောနေကြသည်။ ပြီးတော့ ရယ်လို့မောလို့ ပျော်လို့ရွှင်လို့။ အဲဒီ အစ်ကိုကြီးသည်လည်း လူစိမ်းပဲဖြစ်မည်။ တစ်ခါမှ သူမမြင်ဘူး။ ဘာလဲ။ စကားပြောပုံတွေက အလွန်ရင်းနှီးနေကြသည်။ ပြီးတော့ နုငယ် ကတစ်ချက်တစ်ချက် ရှက်ရှက်သွားသလိုမျိုး။ ဘာလဲ ...ဘာလဲ..

နုငယ်...နုငယ်ရေ ... နင်ဘာလဲဟာ.. ......



***************************************
အပိုင်း(၄) ကို မကြာခင်ဆက်ရေးပြီးတင်ပေးပါ့မယ်နော်။ ပြီးတော့ ဒီပို့(စ်)လေးရဲ့ အရှေ့ က စာပိုဒ်တွေမှာ "-့ " အောက်ကမြင့် သုံးထားတာလေးတွေက နည်းနည်းမှားနေတယ် ။ typing error ပါ။ keyboard ပြန်ပြောင်းပြီး install လုပ်ထားတော့ လက်က ရိုက်ရတာ အကျင့်မဖြစ်ပဲနဲ့ မှားသုံးထားမိတယ်။ ပြင်ဆင်ပြီးတော့ ပဲ ဖတ်ပေးကြပါလို့ တောင်းပန်ပါရစေနော်။

ဘာလော့ မောင်နှမ များအားလုံး ကျန်းမာလို့ ရွှင်လန်းကြပါစေနော်.

Tuesday 5 July 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၂)





(နုငယ်) တော်တော်နာနေသေးလားဟင်။

(ထွန်းသစ်) နာနေသေးတာပေါ့ဟ။ နင်က လုပ်လိုက်ရင် တစ်ဇောက်ကန်းကြီးပဲ။

နုငယ် ထွန်းသစ်ကို မျက်စောင်းတစ်ချက်လှမ်းထိုးရင်း..

(နုငယ်) ဟွန်း ဟုတ်တယ်. နင်ကြတော့ ငါ့ကို မတော်တာတွေ လာပြောတာကြတော့ မပြောဘူး။

ထွန်းသစ် ရယ်ကျဲကျဲလုပ်ရင်း

(ထွန်းသစ်) မတော်တာ မဟုတ်ဘူး ငါကအတည်ပြောတာ။ ဒီနေ့ကစပြီး နင့်ကို ရည်းစားစကား စပြောတော့မလို့..

(နုငယ်) ထွန်းသစ်…နင်နော်…နင်… ငါလေ လုပ်ထည့်လိုက်ရ။ တော်ပြီ ဘာဖြစ်နေမှန်းကို မသိဘူး။ဟုတ်တာလဲ မဟုတ်ပဲနဲ့။ ငါ့ကို အဲဒါတွေလာမပြောနဲ့ ခုချိန်ငါ ကျောင်းစာပဲစိတ်ဝင်စားတယ်။ နောက်တစ်ခါ ထပ်လာပြောရင် နင်နဲ့ငါ ဝေးဝေးနေမယ်။ဒါပဲ။

(ထွန်းသစ်) တော်ကြာ..နင်နဲ့ဝေးနေလို့ ငါ့မှာ စာလည်းမကျက်နိုင်. တစ်မှိုင်မှိုင် တစ်တွေတွေ နင့်စိတ်မှ နင်ဖြစ်ပြီး ၁၀ တန်းကျသွားရင် ဘယ်လိုလုပ်မလဲ

(နုငယ်) အဲဒါမျိုးဆို ငါက ပိုပြီးအထင်မကြီးသေးဘူး။ ပျော့ညံ့လွန်းတယ်။ ဒါပေမယ့် နင်ကလဲ အဲလောက်ထိ ဖြစ်မယ့် သူမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ငါသိတဲ့ ထွန်းသစ်က ပျော်ပျော်ပဲနေတတ်တာ စိတ်ညစ်တာတွေ ပိုက်ထားတတ်တဲ့ သူမျိုးမှ မဟုတ်တာ။ဟုတ်တယ်မဟုတ်လား။

ထွန်းသစ် ခပ်ပြုံးပြုံး ပြန်ကြည့်ရင်း

(ထွန်းသစ်) ဟုတ်ပဗျာ။ င့ါစိတ်ကို နင်ပဲနားလည်တယ်။ ငါတို့တွေ ငယ်သေးတာပဲ။ဒါပေမယ့် တစ်ခုပဲ နင်ငါမသိပဲ ရည်းစားတော့ မထားရဘူးနော်။အဲဒါ..

နုငယ် မျက်စောင်းပြန်ခဲရင်း

(နုငယ်) အေးပါ ကြည့်ကြသေးတာပေါ့..ဘယ်နှစ်ရက် ဘယ်နှစ်လ..ခံမလဲဆိုတာ ဟွန်း သွားတော့မယ် အတန်းထဲ ၀င်တော့မယ်။ သူငယ်ချင်းတွေနဲ့ကြီး အလေလိုက်မနေနဲ့။ စာလေးလဲ ကျက်အုန်း။

(ထွန်းသစ်) အေးပါ။ နင်ကလေ သိပ်ဆရာကြီးလုပ်တာပဲ။ သြော် ဟဲ့

နုငယ် နောက်ပြန်လှည့်ကြည့်ရင်း

(နုငယ်) ဘာတုန်း..


(ထွန်းသစ်) ခုနက နင်ပြောတာလေ ဘယ်နှစ်ရက် ဘယ်နှစ်လ မဟုတ်ဘူး ထာဝရ..ထာဝရ အဲဒါမှတ်ထားအုန်း. အဲဒါ ပြောမလို့

နုငယ် ဘာမှပြန်မပြောတော့ အတန်းထဲသို့သာ ၀င်သွား၏။

(မင်းလွင်) ထွန်းသစ် ဘာလုပ်နေတာလဲ။ နုငယ်ဆီလာတာလား။

(ထွန်းသစ်) ဟုတ်တယ်ကွ။ မင်းလဲ နုငယ်ကို ကြိတ်ကြံမနေနဲ့။ ငါ နုငယ် အစ်ကို မလုပ်တော့ဘူး။ နောက်ဆို နုငယ် ရဲ့ ချစ်သူ လုပ်တော့မှာ။ သူငယ်ချင်းချင်းဆိုတော့ ကြိုပြောထားတာ။ တော်ကြာ ကွက်ကျော်တယ် ဖြစ်နေမှာစိုးလို့

မင်းလွင် ပြုံးလိုက်ရင်း

(မင်းလွင်) အေးပါ ထွန်းသစ်ရာ ငါနားလည်ပါတယ်။ နုငယ် ကလဲ မင်းမှ မင်းပါပဲကွာ…

ဤသို့ဖြင့် ထွန်းသစ်တို့ ၁၀ တန်းစာမေးပွဲကြီးကို ကျော်ဖြတ်ခဲ့ကြသည်။ ၁၀ တန်း စာမေးပွဲဖြေပြီးနောက်ဆုံး နေ့ အိမ်ပြန်ရောက် ခဏလောက်နား။ ညနေ နေအေးတော့ ရေမိုးချိုးပြီး နုငယ်တို့အိမ်ဘက်သူထွက်လာခဲ့သည်။

(ထွန်းသစ်) နုငယ်ရေ..နုငယ်…

နုငယ်၏ အမေ အိမ်ထဲမှာထွက်လာ၏။

(ဒေါ်ချို) သြော် သားထွန်းသစ်ပါလား။ သားသူငယ်ချင်းပြောမသွားဘူးလား။ သူခရီးထွက်သွားတယ်လေ။ မအူပင်က သူ့အစ်မတွေအိမ် လိုက်လည်မယ်ဆိုပြီး ပါသွားလေရဲ့။ ခုပဲ ကားဂိတ်ဆင်းသွားကြတယ်။
အောင်စာရင်းတွေ ထွက်ကာနီးမှပဲ ပြန်လာမယ်လို့ပြောတာပဲ သားရဲ့။

(ထွန်းသစ်) သြော်..ဟုတ်လား အန်တီချို ဒါဆို သားပြန်တော့မယ်နော်..

ထွန်းသစ် နုငယ်အမေအားနှုတ်ဆက်ပြီးပြန်လာခဲ့သည်။ ခရီးသွားတာကို သူ့ကိုဘာမှ မပြော။ ဒါပေမယ့် လောလောဆယ်တော့ စိတ်ထဲလစ်ဟာနေသလိုပင်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းသူမသိ။ တစ်ယောက်တည်း ထီးထီးကြီး ကျန်ခဲ့သလိုခံစားရသည်။ ဒီနေ့ နုငယ်ကိုသူချစ်နေတဲ့ အကြောင်းကို အတည်တကျပြောမည်။ ပြီးရင် ၁၀ တန်းအောင်စာရင်း ထွက်တဲ့နေ့ကျရင် နုငယ်ထံမှ သူအဖြေတောင်းမည်။ ဒီကြားထဲ နုငယ်နှင့် ခဏခဏလာတွေ့မည်။ ပြီးရင် ရက်ကွက်ထဲက ကလေးတွေရဲ့ နွေရာသီ သင်တန်းမှာ သူနဲ့နုငယ် ပညာဒါန ပြုကြမည်။ ဒါဆိုနုငယ်နှင့် သူနေ့တိုင်းတွေ့နေရမည်။ အတွေးတွေအများကြီးနှင့် သူလာခဲ့သည်။ ခုတော့ ဘာတစ်ခုမှ မရနိုင်ပဲ သူပြန်ရတော့မည်။ ပြီးတော့ နုငယ် ပြန်လာမည်က အောင်စာရင်းတွေ ထွက်ကာနီးမှတဲ့။ ဘာတစ်ခုလုပ်ချင်စိတ်မရှိတော့။ အိမ်ပြန်အိပ်တာပဲ ကောင်းသည်။ နုငယ် ရှိမနေသော နေ့ရက်ရှည်ကြီးကို သူဖြတ်သန်း ရအုန်းမည်။ ဟူး…စာမေးပွဲတွင်းတုန်းကလဲ စာဖြေရသည့် ကျောင်းချင်းမတူသောကြောင့် မတွေ့ဖြစ်။ စာမေးပွဲမဖြေခင် ကျောင်းကြီးမှ စာကျက်ချိန် ၂ လ ပိတ်လိုက်ထဲက သူနှင့်နုငယ်တို့ သိပ်ပြီးမတွေ့ဖြစ် ကြ။ နုငယ်ကို သတိရနေပေမယ့် ဒီအချိန် ကျောင်းစာက အရေးကြီးဆုံးမို့ ကျောင်းစာထဲကိုသာ သူ့စိတ်တွေ နှစ်ထားလိုက်သည်။ ခုတော့ ..ရော..ခုတော့လဲ နုငယ်ကိုမတွေ့ရ။ ဟူးးးးးးးးးးးးးးးးးးးးး..
အိမ်အပြန်လမ်းကို ခေါင်းငုံ့လျှောက်ရင်း သက်ပြင်းလေးလေးသာ ချနိုင်တော့သည်။ အေးလေ ဘယ်တတ်နိုင်မလဲ ကိုယ်က ချစ်နေရတဲ့သူကိုး သူပြန်လာအောင်ပဲ စောင့်ရတော့မှာပေါ့။ နုငယ်ရေ မြန်မြန်သာ ပြန်လာခဲ့ပါကွာ.. ဒီကောင် ထွန်းသစ် နင့်ကို မျှော်နေတယ်………
ပျော်ပျော်နေတတ်တဲ့ ထွန်းသစ် ခုနင့်ကို မှိုင်ပြီးလွမ်းနေတယ်ဟာ…

**********************************************************************

Monday 4 July 2011

အချစ်သည် ...တစ်ခါတစ်ရံ၌.....(အပိုင်း -၁)





(မင်းလွင်) ထွန်းသစ် ဒီနေ့ မျိုးကြီး သူ့အဖေ သောက်နေကျ စီးကရက် တစ်ဗူးမလာတယ်တဲ့ကွ။ ငါတို့ မုန့်စားဆင်းချိန် စမ်းမလို့ ။ မင်းရော

(ထွန်းသစ်) ဟ ငြင်းစရာလား ဒါမျိုးဆို ငထွန်း တို့က ရှေ့ဆုံးက

(မျိုးကြီး) တော်စမ်းပါ ထွန်းသစ်ရာ နုငယ် ဟေ့ဆို နာမည်ကြားရုံနဲ့ ဒူးတုန်နေတာများ။ ဟိုတစ်ခါ ကျောင်းပြေးတုန်းကလဲ မင်းကို ခေါ်မိလို့ ငါတို့တစ်ဖွဲ့လုံး ဆော်ခံရပြီးပြီနော်. ခုလဲ ပိုင်မှ လုပ်..

(ထွန်းသစ်) အောင်မာ ငါက ဘာလို့ နုငယ် ကို ကြောက်နေရမှာတုန်း .. သူက အိမ်က မိဘတွေကို သွားသွားတိုင်လို့ သတိထားနေရတာ..

(မင်းလွင်) ထွန်းသစ် မင်းနဲ့ နုငယ်က ဘယ်ထဲက စပြီးခင်ကြတာတုန်း။

(ထွန်းသစ်) ငါးတန်းထဲက နုငယ် ဒီကျောင်းကို စပြောင်းလာစထဲက ဆိုပါတော့။ အိမ်ချင်းကလဲ နီးနေတော့ ငါတို့ ပိုတွဲဖြစ်သွားတယ် ထင်တာပဲ။ ခု ၁၀ တန်းရောက်တဲ့ ထိဆိုပါတော့။ မင်းက ဒါတွေ ဘာလို့လာမေးနေတာလဲ။ မင်းလွင်နော် ဟင်း မင်းအကြောငါက မသိရင်ခက်မယ်။ နုငယ်နဲ့ ဝေးဝေးနေကွာ။ ငါကသူ့ရဲ့ အစ်ကိုလိုဆိုရင်လဲ မမှားဘူး။ ငါ ဒါပဲပြောမယ်။

(မင်းလွင်) ဟင်း............ အေးပါကွာ။ အေးပါ။

မုန့်စားဆင်းချိန်ရောက်တော့ သူတို့ သူငယ်ချင်းတွေ မျက်စပစ်ပြီး ယောက်ကျားလေး အိမ်သာဘက်လျှောက်လာခဲ့ကြသည်။
ရုတ်တရက် ထွန်းသစ် စလွယ်သိုင်းလွယ်ထားသော လွယ်အိတ်ကြိုးအား ဆောင့်ဆွဲခံလိုက်ရသည်။ ဒေါသထွက်ထွက်နှင့် လှည့်ကြည့် လိုက်တော့..

(ထွန်းသစ်) အာ..နုငယ် ဘာလုပ်တာတုန်း.ငါက တစ်ခြားသူမှတ်လို့ တင်းပြီး ..ကိုင်တော့မလို့

(နုငယ်) ဟွန်း နင်တို့ယောက်ကျားလေးတွေကလဲ အားနေ ရန်ဖြစ်ဖို့ရယ် မဟုတ်တာလုပ်ဖို့ရယ် ဒါပဲ။ ဟိုမှာလေ မတွေ့ဘူးလား လူအုပ်ကြီး မုန့်လုဝယ်နေကြတာ။ ငါ့ကို တိုးပေးပါလား.ပြီးတော့ ဆိုင်အောက်မှာလဲ ရေတွေအများကြီး ၀င်နေတော့လေ ထမိန်တွေ ရေစိုကုန်မှာစိုးလို့။ လူရှင်းမှ ဆိုလဲ ငါစားချင်တဲ့မုန့်မရမှာစိုးလို့ပါဟ...နော်..နော်..

(ထွန်းသစ်) ငါ မအားဘူး။ ဟိုမှာ သူငယ်ချင်းတွေစောင့်နေတယ်။ လူရှင်းမှ ကျန်တာဝယ်စား။

ထိုစဉ် မင်းလွင် အနားသို့ရောက်လာပြီး

(မင်းလွင်) ထွန်းသစ် ဘာဖြစ်နေတာလဲ ။ သွားမယ်လေ တော်ကြာ ကျောင်းပြန်တက်သွား အုန်းမယ်။ ဟိုကောင်တွေ စောင့်နေတယ်။

(ထွန်းသစ်) ဒီမှာလေကွာ နုငယ် လာရစ်နေတယ်။ မုန့်ဈေးတန်းကနေ မုန့်တိုးဝယ်ခိုင်းနေတာ။ ဒီနေ့မှ မိုးရွာတော့ အပြင်မထွက်ကြပဲ အထဲကဆိုင်မှာ လူလာအုံနေတာကွ။ ဆိုင်အောက်မှလဲ ရေတွေဝင်နေတော့ သူ့ထမိန်တွေ စိုမှာစိုးလို့တဲ့။

(မင်းလွင်) ဒါ..ဒါဆို မင်းသွားချင်သွားလေ ငါ..ငါ ၀ယ်ပေးလိုက်မယ်။

ဒီလိုဆိုတော့ ထွန်းသစ် က မကြိုက်ချင်

(ထွန်းသစ်) နေနေ ..ငါပဲ တိုးပြီးဝယ်ပေးလိုက်တော့မယ်။ မင်းတို့သွားနှင့်တော့။ကျောင်းပြန်မတက်ခင် ငါလိုက်လာခဲ့မယ်။ စောင့်တော့မနေကြနဲ့..ရော့ နုငယ် အရှုပ်မ ငါ့လွယ်အိတ် ယူထား ပေး နင့် ပိုက်ဆံ.. ဟေ့ကောင် မင်းလွင် သွားတော့လေ ငါ့ကို စောင့်မနေနဲ့

(မင်းလွင်) အေး..အေး....

မင်းလွင် ကတော့ နောက်ပြန်လှည့်ကြည့်လှည့်ကြည့်နှင့် ထွက်သွား၏။ ပြောပြောဆိုဆို ထွန်းသစ် ပုဆိုးကို တိုတိုပြင်ဝတ် နုငယ်ထံမှ ပိုက်ဆံယူုပြီး လူအုပ်ထဲတိုးသွားလေပြီ။
နုငယ် တစ်ချက် ပြုံးလိုက်သည်။ ဟင်း ဒင်း ဒီလူအုပ်ထဲတိုးနေလို့ကတော့ မုန့်စားဆင်းချိန်ကုန်လုနီးနီးတိုးရမည်။သူမ သိပြီးသား ဟိုကောင်တွေမျိုးကြီးတို့အုပ်စု နှင့် ဆေးလိပ်လိုက်သောက်မှာ စိုးသောကြောင့် တစ်ဖက်လှည့်နှင့် သူမခိုင်းလိုက်ချင်း ဖြစ်သည်။ ဒင်းက တားလဲရမည်မဟုတ်။ သူမက မိဘတွေကို သွားတိုင်လဲ စိတ်ဆိုးမှာစိုးသည်။ ဟိုတစ်ခါ ဒင်း ကျောင်းပြေးတုန်းက သူမတိုင်လိုက်မိသောကြောင့် သူ့အဖေရိုက်တာများ ဒင်း အိပ်ယာထဲက ၃ ရက်မထနိုင်။ ဒီလိုဆိုတော့လဲ သူမမှာ စိတ်မချမ်းသာပါလေ။ ဟင်း ခုတော့ ဒင်းဘာတတ်နိုင်သေးတုန်း....

(နုငယ်) အန်တီကြူရေ ထွန်းသစ်ရှိလား။ ဒီမှာ စာအုပ်တွေလာပေးတာ။

(ဒေါ်ကြူ) အေးအေး ရှိတယ် သမီးရေ။ ရှိတယ်။ ဟိုကောင် ထွန်းသစ် ဒီမှာ သမီးနုငယ်ရောက်နေတယ်။ လာလာ သမီး အိမ်ထဲဝင်။

(နုငယ်) ဟုတ်..

(ထွန်းသစ်) လာပြီ လာပြီ အရှုပ်မ။

အော်လဲ အော် အိမ်ထဲကလဲ ပြေးထွက်လာ၏။

(နုငယ်) အောင်မာ ဘာအရှုပ်မလဲ။ နင် ဟိုနေ့က ကျောင်းတစ်ချိန်လစ်ထားတဲ့ စာတွေလာပေးတာ။မနက်ဖြန် ဆရာမ စာမေးမယ်လေ။ နင်ပဲ လာရှင်းပေးပါဆို သေမလို မျက်နှာထားနဲ့ ငါ့ကို ကျောင်းဆင်းတုန်းက မှာထားပြီးတော့။ ခုဘာအရှုပ်မလဲ။ ဟွန်း မုန့်စားဆင်းချိန် မုန့်တိုးပေးထားတဲ့ မျက်နှာနဲ့လဲ ငါက လာပေးရသေးတယ်။

(ထွန်းသစ်) အော် ဟုတ်သားပဲ သယ်ရင်းလေးကလဲ ငါက မေ့တတ်လို့ပါဟ။ ဟီး စိတ်မဆိုးနဲ့ လာလာ.ငါတို့စာကြည့် ခန်းထဲသွားမယ်။

ဒီလို နီးနီးကပ်ကပ် ခုံတစ်ခုံမှာ မျက်နှာချင်းဆိုင်ထိုင် သူမစာရှင်းပြနေတော့..ရေချိုးပြီးကာစ သနပ်ခါးနံ့ သင်းသင်းတို့က နှာခေါင်းထဲမှာ မွှေးပျံ့နေသည်။ ဒီနေ့မှ သူမ ၀တ်လာသော ဂါဝန်အင်္ကျီ လက်ပြတ်နက်ပြာရောင်လေးနှင့် သူမ အသားအရေဖြူဝင်းပုံနှင့်က ကြည့်လို့ ပိုကောင်းနေ၏။ ပြီးတော့ သူမ၏ ကလေးဆန်ဆန် ဟန်ဆောင်ခြင်းမရှိ စကားပြောဟန်လေးကိုးက ထွန်းသစ် ရင်ထဲ ကလိကလိ။ အသည်းယားနေ၏။ သူမ၏ သနပ်ခါးရေကျဲလိမ်းထားသော ပါးဖောင်းဖောင်းလေးများအား စိတ်ရှိလက်ရှိ ငယ်ငယ်တုန်းကလို ဆွဲလိုက်ရရင်ဖြင့်တော့လေ ..ဟင်း..ဟင်း

(နုငယ်) ဟဲ့ ငထွန်း ငါရှင်းပြတာနားလည်လားလို့ မေးနေတယ်လေ။ စိတ်က ဘယ်ရောက်. ဟင်း ကျောင်းကပြန်ရောက်တာ ကြာနေပြီ ခုထိ ရေမချိုးရသေးဘူး။ ငပျင်း။ ချွေးစော်ကလဲနံသေး။ ဒါကို ငါက သည်းခံပြီး ရှင်းပြနေတာတောင် နင့်စိတ်က ဘယ်ရောက်နေလဲ..ငါလေ ခေါက်လိုက်ရ..

(ထွန်းသစ်) နင်ကလဲ နားလည်ပါတယ်ဆိုဟာ. သိပ်ဆရာကြီးလုပ်တာပဲ။ သြော် ဒါနဲ့ စကားမစပ် နုငယ်..နင်ကြီးလာရင် ငါ့ကို ယောက်ကျားလုပ်ပါလား..

ဒေါင်...
(နုငယ်) ဘာ..ဘာပြောတယ် ..

နုငယ် လက်ကလဲမြန်ပါ၏ ဘာပြောတယ်က နောက်မှ လက်ကအရင် ဘေးမှာရှိသော သံကွန်ပါဗူးနဲ့ သမလိုက်၏။ လက်သံပြောင်သလားမမေးနှင့်...ထွန်းသစ် နဖူးမှ သွေးတို့လဲရဲကနဲ ...ထွန်းသစ်လဲ အား...ကနဲ
ဒီတော့မှ

(နုငယ်) အန်တီ..အန်တီကြူရေ လာပါအုန်း ဒီမှာ ထွန်းသစ်ခေါင်းမှာ သွေးတွေ...

(ဒေါ်ကြူ) ဟဲ့ ဟဲ့ အမယ်လေး သား ခေါင်းမှာ သွေးတွေပါလား ဘာဖြစ်ကြတာတုန်း. ခုနက စာရှင်းနေကြတာအကောင်း

(နုငယ်) ဟို..ဟို..ဟို လေ..

(ထွန်းသစ်) အာ ဒီအရှုပ်မ တစ်ဟိုဟိုနဲ့ ခေါင်းကနာနေပြီ...သား ကိုယ့်ဘာသာကိုယ်နောက်ပြီး နုငယ်ကိုစလိုက်တာ..အဲဒါ လက်ကနဲနဲ ပြင်းသွားတယ်..ကွန်ပါဗူးက ကော်မှတ်လို့ ဟီး သံဖြစ်နေတယ်..ဘာမှ မဖြစ်ပါဘူး သားထင်တာနဲနဲ ပွန်းသွားတာ နေမှာ..

ဒေါ်ကြူ သိလိုက်သည် ဒီကလေးတွေ စကြဆော့ကြရင်း လက်လွန်ပြီလို့

(ဒေါ်ကြူ) ကဲကဲ ပြအုန်း အမေ့ကို တော်တော်ကြီးသွားလား...

အနာသည် သိပ်တော့မကြီးပါ။နဲနဲ ကွဲသွားရုံသာ။ သို့ပေမယ့် ထိုနေ့သည် ထွန်းသစ်၏ ရင်ခုန်သံတို့စသောနေ့ ထို့အတူ နုငယ် သည်လည်း သူမ၏ အပြစ်အားကာပြောပေးသော ထွန်းသစ်အား စိတ်ထဲတွင်သနားသလိုလို... တစ်မျိုးကြီး အမျိုးအမည် မသိသော ဝေဒနာအချို့တော့ သူမရင်ထဲ ကိန်းသွားသည်တော့ သေချာသည်။ဘာလဲတော့ သူမ အသေအချာ မသိသေး....

.........................................
ရေးမယ် ရေးမယ်နှင့် စဉ်းစားရင်း အားတဲ့ အချိန်လေးရသလောက်ရေးတင်လိုက်မိတယ်။ နောက်ထပ်တစ်ပိုင်းကိုလဲ တတ်နိုင်သမျှ မြန်မြန်လေးစဉ်းစားပြီး ရေးတင်ပေးလိုက်ပါ့မယ်။ ဘလော့လေးကို ဒီအတိုင်းပစ်ထားရတာ သနားလို့။

ဘလော့ မောင်နှမများအားလုံး ကျန်းမာလို့ ရွှင်လန်းကြပါစေနော်။