ကျွန်မရဲ့
ခြေအလှမ်းမှာ ကြွေကျနေတဲ့ တရုတ်စကားပန်းလေးတစ်ပွင့်ကို နင်းမိမှာစိုးလို့ အလျင်အမြန်ရှောင်
လိုက်မိ တယ်။ ခန္ဓာကိုယ်က ဟန်ချက်ပျက်ပြီ ယိုင်ကနဲဖြစ်သွားတယ်။ လဲမကျအောင် ပြန်ထိန်းရင်း ပန်းလေးကို ကျော်ဖြတ် ပြီး ရှောင်သွားဖို့
ကြိုးစားမိတယ်။ ဒါပေမယ့် မရပါဘူး ဆတ်ကနဲ ထိုင်ချလိုက်ပြီး အပင်ကကြွေနေတဲ့ ပန်းလေးတစ်ပွင့်ကို
ကောက်ယူလိုက်တယ်။ ပြီးတော့ ပေနေတဲ့ သဲလေးတွေကို ခါထုတ်ရင်း နားရွက်ကြားထဲ ညှပ်ပစ်လိုက်သည်။
တရုတ်စကားပန်းလေးရဲ့ မွှေးပျံ့ပျံ့ ရနံ့က မွှေးကြူလို့။
ကျွန်မက တရုတ်စကားပန်းဖြူဖြူလေးတွေဆို အရမ်းနှစ်သက်မိတယ်ရှင့်။
မြတ်လဲမြတ်နိုးမိတယ်။ ခြွေဖို့နေနေ သာသာ ကြွေကျခဲ့ရင်တောင် မြေခနေတဲ့ပန်းကလေးတွေကို
မနင်းရက်တဲ့သူရှင့်။ အရင်ကဆိုရင် ကျွန်မနေတဲ့ အိမ်နဲ့ မနီးမဝေးမှာ တရုတ်စကားပင်တွေစီတန်းပေါက်နေတဲ့
စကားပင်တောလေးရှိတယ်။ မြေနီ လမ်းကလေးလဲရှိတယ်။ မနီးမဝေးမှာ ကန်ကြီးတစ်ကန်လည်းရှိတယ်။
ငယ်ငယ်လေးကထဲက တရုတ်စကားပွင့် အကြွေတွေကြား စကားပွင့် ကောက်တမ်း ဆော့ခဲ့ဘူးတဲ့သူ။ မြေပြင်မှာ
ဖွေးနေအောင် ကြွေနေတဲ့ တရုတ်စကားပွင့်တွေကို လိုက်ကောက် ရတာ ကျွန်မအတွက်တော့ မရိုးနိုင်တဲ့
ဆော့ကစားမှု တစ်ခုပဲ။
အချိန်တွေ
ကုန်မှန်းမသိ ကုန်သွားတယ်။ ပန်းကြွေလေးတစ်ပွင့်ကို ကောက်ပြီး ထည့်လိုက်တယ်ဆိုရင်ပဲ
စိတ် ထဲမှာ ကြည်နူးမိတယ်။ အိမ်ရောက်ရင် အဲဒီအပွင့်လေးတွေကို သီတယ် ပန်းလေးတွေ မခြောက်သွေ့သွားခင်အထိ
တရှိုက်မက်မက်မွှေးတယ်။ ခြောက်သွေ့သွားပြီဆိုရင် မေမေ ပေးထားတဲ့ ဗူးကလေးထဲ ထည့်သိမ်းတတ်တယ်။
အဲဒီ ပန်းခြောက်ကလေးတွေကို ထုတ်ထုတ်ပြီးကြည့်နေရရင် အေးချမ်းတယ် စိတ်ချမ်းသာတယ်။ တရုတ်စကားပင်အုပ်အုပ်
တွေကြားထဲမှာ ကျွန်မရှင်သန်ကြီးပြင်းလာရတယ်။
“မေမေ
ရေ သမီး ကန်ကြီးဘက် ခဏသွားပါရစေနော်. ဒီအချိန် တရုတ်စကားပန်းတွေနဲ့ ဖွေးပြီး လှနေတာ့မှာ.
”
“အရမ်းမိုးမချုပ်စေနဲ့နော်
သမီး င့ါသမီးက အရင်လို ကလေးလေး မဟုတ်တော့ဘူး တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့ အပျိုလေး
ဖြစ်နေပြီ။ သွားသတိ လာသတိ နော် သမီး။ ဖေဖေ အလုပ်ကပြန်မလာခင် အိမ်ပြန်ခဲ့ ကြားလား”
“ဟုတ်
မေမေ ”
မရောက်တာကြာပြီ
မတွေ့တာကြာပြီဆိုတော့ အားရပါးရ တရုတ်စကားပင်တောကို ကျွန်မပြေးခဲ့တယ်။ အရွယ် ရောက်လာပြီဆိုတဲ့
ကန့်သတ်ချက်နဲ့အတူ အရင်လို ကျွန်မချစ်တဲ့ တရုတ်စကားပန်းတွေကောက်တမ်း ဆော့ကစားဖို့ မလွယ်တော့ဘူး။
ငယ်သူငယ်ချင်းတစ်ယောက်ကို ခွဲနေရသလို အဲဒီတရုတ်စကားပင်တောလေးကို ကျွန်မ အရမ်းလွမ်း
မိခဲ့တယ်။ ဒါပေမယ့် လိမ္မာတဲ့ သမီးလေး တစ်ယောက်အနေနဲ့ ဖေဖေ မေမေရဲ့ ခွင့်ပြုချက်လေးမှ
မပါရင် အဲဒီနေရာ လေးကို ကျွန်မ မရောက်ဖြစ်ခဲ့ဘူး။ အရင်က တစ်ပတ်တစ်ခါဆိုသလို ဆော့ကစားခဲ့တဲ့
နေရာလေးကို ခုဆိုရင် တရုတ်စကားပန်းတွေ ပွင့်ချိန်ရောက်မှသာ သွားခွင့်ရတော့တယ်။
တရုတ်စကားပင်တောတန်းလေးထဲရောက်တော့
ကျွန်မထင်ထား သလို မြေမှာဖွေးဖွေးလှုပ်အောင် ကြွေနေတဲ့ ပန်းကလေးတွေကို မတွေ့ရဘူး။ အိုး
ဘာဖြစ်တာပါလိမ့်။ အတွေးနဲ့ အမြင် လွဲသွားတာမို့
ကန်ဘောင်ဘေးမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်မိတယ်။ ဒီနေရာလေးကို ရောက်မှပဲ တရုတ်စကားပွင့်ကြွေလေး
တစ်ပွင့်လောက်တော့ ရအောင် ကောက်ယူမယ်လို့ ဆုံးဖြတ်လိုက်မိတယ်။ ပန်းလေးတစ်ပွင့် ကြွေမယ့်အချိန်ကို
အပင်အောက်ကနေ ကျွန်မစောင့်နေခဲ့တယ်။ ဟော ..ပြောရင်း ဆိုရင်း ကြွေလာပြီ. ကြွေလာပြီ..
လေထဲမှာဝဲနေတဲ့ ပန်းပွင့်လေးကို ကျွန်မ အမိအရ လိုက်ဖမ်းတယ်။ ရုတ်တရက် မီးအလင်းရောင်
ဖျတ်ကနဲ ဖြစ်သွားတာမို့ လန့်သွားမိသည်။
ပတ်ဝန်းကျင်ကို
လှည့်ပတ်ပြီးရှာလိုက်တော့ ကင်မရာလွယ်ထားသည့် လူတစ်ယောက် ကျွန်မနဲ့ ခပ်ဝေးဝေး မှာ ရောက်နေတာကိုး။
ဒါဆိုခုနက သူကျွန်မကို ဓာတ်ပုံရိုက်လိုက်တာပေါ့။ ဖမ်းမိတဲ့ ပန်းကလေးကို ထုံးစံအတိုင်း
နား၇ွက်ကြားထဲ ညှပ်ပြီး ထိုသူရှိရာကို ခြေလှမ်းကို ဦးတည်လိုက်မိတယ်။ ကျွန်မရဲ့ လှုပ်ရှားမှုမှန်သမျှကို
ထိုသူကလဲ လက်ထဲက ကင်မရာနဲ့ အမိအရ မှတ်တမ်းတင်တယ်။ သူ့နားကို ရောက်ချိန်မှာတော့ သူ့ကင်မရာကို
လက်နဲ့ ပုတ်ချ လိုက်တယ်။ သူက ရှောင်ရင်း
“ဟေ့
ဟေ့ ဒါဘာလုပ်တာလဲ ချာတိတ်”
အမယ်
သူကပဲ ပြန်မေးရတယ် ရှိသေး။ လူကိုများ ချာတိတ်တဲ့။ သူများ ဓာတ်ပုံခိုးရိုက်တာက သူ။
“ဒီမှာ
ဟေ့လူကြီး ဓာတ်ပုံခိုးရိုက်တာက ခင်ဗျားလေ။ အဲဒါ မကျေနပ်လို့ ကင်မရာကို လက်နဲ့ လှမ်းပြီး
ပုတ်ချတာ ဘာဖြစ်တုန်း”
ဒီတော့မှ
အဲဒီလူ့ ဘေးနားကြည့်မိတယ်။ ကြည့်စမ်း ကြွေနေတဲ့ တရုတ်စကားပွင့်တွေ သူ့ဘေးနားမှာ ပုံလို့။
လက်စသတ်တော့ တရားခံက ဒင်းပဲ။ စိတ်လဲတိုမိတယ်။ သူ့ဘာသာသူ မြေခပြီး လှတဲ့ ပန်းလေးတွေကို
တစ်နေရာထဲ စုပုံထားတာ သိပ်လွန်လွန်းတာပဲလို့လဲ တွေးမိတယ်။
“သြော်
ဒါလား… အဲဒီအတွက်တော့ တောင်းပန်ပါတယ် ခင်ဗျာ။ ပုံစံလေးက အရမ်းသဘာဝကျလွန်းလို့ ခွင့်မတောင်းပဲ
ရိုက်လိုက်မိတာပါ။ ခွင့်တောင်းပြီမှ ရိုက်လိုက်ရင် သဘာဝကျကျမရမှာ စိုးလို့ပါ ခင်ဗျ။
မင်းလေး ကြည့်ရတာ ဒီပန်းတွေကို သိပ်ချစ်တဲ့ ပုံပဲ ။ ဟိုမှာ ကိုယ့်သူငယ်ချင်းတွေကို
ဝိုင်းပြီးကောက်ခိုင်းထားတဲ့ တရုတ်စကားပန်းတွေ မင်းကြိုက်ရင် အကုန်ယူသွားလေ”
ကျွန်မထက်
အသက်ကြီးပုံရပေမယ့် စကားကို လေးလေးစားစားပြောသလို ပန်းတွေယူသွားလို့ ခွင့်ပေးလိုက် တာကြောင့် စိတ်ထဲအနည်းငယ်ကျေနပ်သွားမိတယ်။
“ဒီပန်းတွေကို
ဘာလို့ အဲလိုပုံလိုက်တာလဲ။ မြေပြင်မှာပျံ့နေတာက ပိုလှတာမဟုတ်ဘူးလား”
သူက
နှစ်လိုဖွယ် ပြုံးရင်
“မြေပြင်မှာပျံ့ကျဲနေတဲ့
ပုံလဲ ရိုက်ပြီးပြီဗျ။ အဲဒီလိုပုံပြီးရိုက်ရင်ရော ဆိုပြီး အိုက်ဒီယာ ရလာလို့ဗျ”
“ရှင်က
ဓာတ်ပုံဆရာလား”
သြော်
..သေတော့မှာပဲ မဆီမဆိုင် သူများကိစ္စစပ်စုနေပြန်ပြီ။
“ဓာတ်ပုံဆရာရယ်လို့မဟုတ်ပါဘူး။
ဝါသနာပါလို့ ၀ါသနာရှင်အဆင့် ဆည်းပူးနေတဲ့ အဆင့်ပေါ့။ ဒီနေရာလေးက အရမ်းလှတော့ တစ်ကူးတစ်က
လာရိုက်ရတာဗျ။ ”
“အင်း
ထားပါ။ ဟို ဟို..လေ ကျွန်မဓာတ်ပုံလေးတွေလေ ရှင်နဲ့ ကျွန်မက မသိဘူးလေ သူစိမ်းတွေ မဟုတ်လား”
“အဟင်း.
မင်းက ငယ်ပေမယ့် လူကြီးဆန်သားပဲ. ကိုယ့်ကိုယ်ကို ကျွန်မ တဲ့။ ကျွန်တော့ကိုတော့ ရှင်တဲ့
စိတ်ဝင်စားဖို့ ကောင်းသား”
မျက်စောင်းတစ်ချက်
ပစ်လွှတ်လိုက်ရင်း
“ရှင်
စိတ်ဝင်စားအောင် လုပ်ပြောနေတယ် ထင်လို့လား။ ဒီညနေတော့ ကျွန်မအတွက် ကံဆိုးတာပဲ။ ပန်းကြွေလေးတွေရဲ့
သဘာဝအလှလဲ မတွေ့ရဘူး။ စိတ်ရှုပ်စရာ ကောင်းတဲ့ လူနဲ့လဲ လာဆုံရတယ်။ ဒါပဲ ဓာတ်ပုံတွေကတော့
ရှင့်သဘောပဲ။ ပြန်တောင်းလဲ လေကြောက ရှည်နေအုံး မယ်။”
နောက်လဲကျနေပြီမို့
အိမ်ဘက်ကိုပဲ အသော့လေး ပြန်လာမိတော့တယ်။
“ဟေ့
ဟေ့ နေအုံးလေ။ သြော် ဘယ်လိုဖြစ်ရတာတုန်းကွာ။”
အဲဒီအဖြစ်အပျက်ကို တစ်ပတ်လောက်အထိ အစာမကျေဘူး။
ရင်ထဲမှာ ခိုးလို့ ခုလို့။ အဲဒီနေရာလေးကို ထပ် ပြီးသွားချင်သလိုလို သွားရမှာကိုလဲ တစ်ခုခုကိုစိုးရွံနေသလိုလို။
ဖေဖေ နဲ့မေမေ ကတော့ အဲဒီနေ့က လက်ဗလာနဲ့ ပြန်လာတဲ့
ကျွန်မကို အံ့သြလိုကြည့်တယ်။ အရင်ကဆို တရုတ်စကားပန်းတွေ တစ်ပွေ့ တစ်ပိုက်နဲ့ အိမ်ပြန်လာနေကျ
မဟုတ်လား။ ဘာမှတော့ ထွေထွေထူးထူး မမေးကြပါဘူး။
အဲဒီနေ့က နေ့လည်နေ့ခင်း အိမ်အလုပ်ကိစ္စလဲ
ပြီးပြီမို့ အိပ်ခန်းထဲဝင်ပြီး ပန်းခြောက်လေးတွေ ကြည့်နေမိ တယ်။ ရုတ်တရက်ဆိုသလို လွန်ခဲ့တဲ့
တစ်ပတ်လောက်က ကင်မရာသမားရဲ့ မျက်နှာကိုလည်း မြင်ယောင်နေမိတယ်။ သူပြုံးလိုက်ရင်တော့
ဆွဲဆောင်မှုရှိသားလို့ တွေးမိသေးတယ်။ သြော် ဒုက္ခပဲ ငါဘာတွေ တွေးနေပါလိမ့်နော်။
“အိမ်ရှင်တို့ အိမ်ရှင်တို့.. အိမ်ရှင်တို့
ရှိကြပါသလား ခင်ဗျာ”
ခြံပေါက်ဝက
အော်သံကြောင့် ပြတင်းကနေလှမ်းကြည့်လိုက်တော့ မေမေ အိမ်ထဲကနေ ထွက်လာတာတွေ့တယ်။ ပြီး
ခြံပေါက်ဝက လူတွေနဲ့ စကားအနည်းငယ်ပြောပြီး ခြံတံခါးဖွင့်ပေးတာ တွေ့သည်။ အိမ်နားနီးလာမှကြည့်လိုက်တော့
အမယ် တရုတ်စကားပင်တန်းက လူတော့်။ လက်ထဲမှာ ဓာတ်ပုံတွေလားမသိဘူး။ ကြည့်ချင်လိုက်တာ။
ဒါပေမယ့် မေမေ မခေါ်ရင် သူစိမ်းယောက်ျားလေးတွေနဲ့ တွေ့ခွင့်မရှိတဲ့ ဘ၀မို့ အိမ်ပေါ်ထပ်မှာပဲနေရတယ်။
အောက်ထပ် မဆင်းရဲဘူး.။
ခဏကြာတော့ မေမေ အိမ်ပေါ်တက်လာပြီ လက်ထဲက အိတ်ညိုညို
ကြီးကို ကုတင်ပေါ်တင်သွားပေးတယ်။ြ့ပီး အခန်းထဲကနေ ပြန်ထွက်သွားသည်။ ဟင် မေမေ ကလည်း.
စကားလေးတောင်မပြောဘူး။ သိပ်နေနိုင်တာပဲ။ ရင်ခုန်စွာနှင့် အိတ်ညိုညိုကြီးကို ဖွင့်ပြီးကြည့်လိုက်သည်။
ဟယ်. ဓာတ်ပုံတွေ လှလိုက်တာ။ သူရိုက်ထားတာ အရမ်း အသက်ဝင်လွန်းတယ်။ ကျွန်မ ကိုယ့်ကိုယ်ကို
ဒီလောက်ထိ ကြည့်ကောင်းလိမ့်မယ် လို့ တစ်ကယ်ကို မထင်မိဘူး။ အဓိကက ကျွန်မချစ်လွန်းတဲ့
တရုတ်စကားပွင့်တွေကြောင့် ကျွန်မပိုပြီးကြည့်ကောင်းလာတာဖြစ်မယ်။
ကျွန်မနေ့တိုင်း သူရိုက်ပေးထားတဲ့ ဓာတ်ပုံတွေကို
ထုတ်ကြည့်တယ်။ ပြုံးတယ်။ ပြီးစိတ်ထဲမှာ သူ့ကို ကျေးဇူး တင်ကြောင်းလဲ ပြောချင်လာမိတယ်။
သူ့အပြုံးကိုစိတ်ကူးထဲမှာတွေးရင်း ကျွန်မစွဲလန်းလာမိတယ်။ ဖေဖေ မေမေတို့ကို ပြောပြီး
စကားပင်တန်းတွေစီပြန်သွားမယ်ဆိုလဲ ခွင့်ပြုကြမှာမဟုတ်ဘူး။ တစ်ကယ်ဆို သူဓာတ်ပုံတွေ လာပေးတဲ့
နေ့က မသိသလိုနဲ့ အိမ်အောက်ထပ်ဆင်းပြီး တွေ့လိုက်ရမှာ။ ၁ ရက် ၂ ရက် ၃ ရက် ဖေဖေနဲ့ မေမေ
မသိအောင် အိမ်ကနေ ခဏ ခိုးထွက်သွားမယ်။ ဟုတ်တယ်။ ရှင့်ကြောင့် ပထမဆုံးအကြိမ် မိဘတွေ
မသိအောင် အပြစ်တစ်ခု ခိုးလုပ် မိပြီ။
ဖေဖေနဲ့ မေမေ အလစ်မှာ ကျွန်မတရုတ်စကားပင်တန်းတွေရှိရာ
အရပ်ကိုပြေးထွက်လာခဲ့သည်။ ရှင်များ ရောက်နေရင် သိပ်ကောင်းမှာလို့လဲ ခြေလှမ်းတွေ ခပ်သွက်သွက်လှမ်းရင်း
တွေးခဲ့မိသေးသည်။ ဟော.ရေကန်ဘေးနား မှာ ကျောခိုင်းပြီး လူတစ်ယောက်ထိုင်နေပါလား။ ရှင်များလား။
အိုး မဖြစ်နိုင်ပါဘူး။ ဒီလောက်ထိ တိုက်ဆိုင်စရာလား။ သေချာအောင် ခြေသံလုံလုံနဲ့ အနားကပ်သွားမိတယ်။
“ချွတ် ..ချွတ်” အိုး ..ဒုက္ခပဲ ဒီသစ်ရွက်ခြောက်ကြွေတွေကြောင့်တော့
ခက်ပြီ။ ကျေခိုင်းထားသူက လှည့်ကြည့် တယ်။ သူ့မျက်နှာမှာ အံ့သြမှင်သက်မှုတွေ အပြည့်။
အိုး အဲဒီခံစားချက်တွေထက်ပိုတယ်။ ကျွန်မ မြင်သာအောင် မ ပြောပြတတ်ဘူးရှင့်။ ပြီး သူ့မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့ .ပြီး သူဆတ်ကနဲ မတ်တပ်ထရပ်တယ်။ ကျောခိုင်းထားရာ ကနေ
ကျွန်မနဲ့ မျက်နှာချင်းဆိုင်နီးနီးကပ်ကပ် တိုးလာတယ်။ ရင်ခုန်သံတွေ ဆူညံလိုက်တာရှင်။
မပြောမဆိုနဲ့ ကျွန်မကိုလှမ်းပြီးဖက်တယ်။ ပြီးနှုတ်က တိုးတိုး ရေရွတ်တယ်။
“ကိုယ်ကျေးဇူးအရမ်းတင်တယ် ပန်းကလေးရယ်။ မင်း..ကိုယ့်စီကို
ခုလိုပြန်လာတာ ကျေးဇူးအရမ်းတင်တယ်။ ”
ဘုရားရေ
ကျွန်မရဲ့နာမည် ပန်း ဆိုတာကို သူသိတယ်။ ပြီးတော့ ပန်းကလေးတဲ့။ ကျွန်မကဖြင့် သူ့ရင်ခွင်ထဲက
ရုန်း ထွက်ဖို့ မကြိုးစားတော့ပါဘူး။ ရင်ခုန်သံကို မညာကောင်းဘူး မဟုတ်လား။ ဒါပေမယ့်
သူ့မျက်ဝန်းတွေက ကျွန်မ သူ့အနားရောက်နေရဲ့သားနဲ့ အရမ်းမှိုင်းပြီ ရီဝေလွန်းနေတယ်။ ဘာတွေများ
လွမ်းစရာ လိုနေသေးလို့ လဲ မောင်။ ဟုတ်တယ် ကျွန်မတို့ တရားဝင်ချစ်သူတွေ ဖြစ်သွားပြီးနောက်
သူ့ကို ကျွန်မက မောင်လို့ ခေါ်တယ်။ သူကလည်း ကျွန်မကို ပန်းကလေးလို့ ခေါ်တယ်။
ကျွန်မတို့
နှစ်ယောက်ရဲ့ ကမ္ဘာငယ်ဟာ အရမ်းသာယာလှပတယ်လို့ ထင်မိတယ်။ သူကလည်း မကြာခဏ ဆိုသလို တရုတ်စကားပင်တန်းရှိရာ
တောအုပ်လေးကို လာတယ်။ ကျွန်မကလည်း မကြာခဏဆိုသလို အိမ်က လူကြီး တွေမသိအောင်သွားတွေ့ခဲ့တယ်။
ကျွန်မတို့သံယောဇဉ်က ငြိပြီးရင်းငြိတွယ် ခိုင်ပြီးရင်း
ခိုင်မာလာခဲ့တယ်။ အဲ တစ်နေ့ လူကြီးတွေ လစ်အောင်
စောင့်နေရင်း အိမ်ကထွက်ဖို့ ပြင်လိုက်တယ်။ ခုချိန်လောက်ဆို စကားပင်တောအုပ် လေးမှာ သူစောင့်နေလောက်ပြီ။
ဒီနေ့မှပဲ အိမ်မှာ လူအလစ်ကိုစောင့်နေရတာ တော်တော်ခက်ခဲနေသလိုပဲ။
အဲလူလစ်ပြီဆိုတာနဲ့ ကျွန်မတောအုပ်လေးဘက်ကို
တန်းပြီးပြေးထွက်ခဲ့တော့တယ်။ ဟော မောင်.. ရောက်နေပြီပဲ။ တရုတ်စကားပင်တစ်ပင်ရဲ့ အောက်မှာ
မှီပြီးထိုင်နေတယ်။ ကျွန်မမောင်မသိအောင် မောင့်ကျောဘက် ကိုအသာလေးကပ်သွားပြီး မောင့်ပုခုံးကို
လှမ်းကိုင်လိုက်တယ်။ ပြီးတော့ အသံထွက်တော့မယ့် ကျွန်မရဲ့ ပါးစပ်ကို မောင်က လှမ်းပြီးပိတ်လိုက်တယ်။
တစ်ခုခုကို စိုးရိမ်နေပုံပဲ။ မောင် မျက်လုံးတွေကြည့်နေတဲ့ နေရာကို ကျွန်မရဲ့ အကြည့်ကိုရွှေ့လိုက်မိတယ်။
လူတစ်စုပဲ။ သူတို့နဲ့ မောင်နဲ့ ဘယ်လိုပတ်သတ်လဲ။ မောင် ကရော ဘာလို့ အဲဒီလူတစ် စုကို
ကြောက်ရွံ့နေရတာလဲ။
ဟော ပြောရင်းဆိုရင်း လူစုထဲက လူတစ်ယောက်
ကျွန်မတို့ကို တွေ့သွားပြီ။
“ဟာ ဒီဘက်မှာ ဒီဘက်မှာ တွေ့ပြီ. တွေ့ပြီ”
ပြောပြောဆိုဆို
အဲဒီလူက စပြီးကျွန်မတို့ရှိရာဘက်ကို ပြေးလာတယ်။ မောင်က ကျွန်မရဲ့ လက်ကိုပိုင်ပိုင်နိုင်နိုင်
ဆွဲကိုင် လိုက်တယ်။ ပြီးနေရာကနေ ချာကနဲ လှည့်ပြီးထွက်ပြေးတယ်။ တော်တော်ကြာကြာ တောအုပ်လေးထဲပတ်ပြေးခဲ့ပြီး
ပြေးနေတာကိုရပ်လိုက်တယ်။ ကျွန်မတို့ရဲ့ မျက်နှာချင်းဆိုင်မှာ လူတစ်စု။ ကျောပေးတဲ့အရပ်မှာ
လူတစ်စု။ ကျွန်မတို့ ပြေးလို့ မလွတ်နိုင်တော့ဘူး။ မောင်လဲ မောပြီ။ ကျွန်မလဲ မောပြီ။
မောင်က ကျွန်မရဲ့ ပုခုံးလေးကို ညင်ညင်သာသာ ဆုပ်ကိုင်လိုက်တယ်။
ပြီးတော့
“ကိုယ် မင်းကို အရမ်းချစ်တယ် ဆိုတာ ပန်းကလေး
သိပါတယ်နော်”
ကျွန်မရှက်ရွံကြည်နူးစွာ
မောင့်ကို ခေါင်းညိမ့်ပြမိတယ်။ လူနှစ်စုက မောင့်ကို အတင်းဖမ်းချုပ်ကြတယ်။ မောင် ကနှုတ်ကနေ
ပလုံးပထွေးအော်ရင်း ဖမ်းချုပ်ထားတဲ့ လူတွေနောက်ပါသွားတယ်။ ကျွန်မလဲ တောအုပ်ကလေးထဲကနေ
အိမ်ကို ပြန်လာခဲ့တယ်။ ကျွန်မနဲ့မောင် ဝေးကြတော့မှာလား။ တစ်ခုခုကို ဆုံးရှုံးသွားသလို
ခံစားရသည်။ အသက်ရှုတွေ ကြပ်လိုက်တာ။ မောင် ကဘယ်နေရာမှာနေလဲ ကျွန်မမှ မသိတာ။ ခုနက မောင့်ကိုဖမ်းချုပ်သွားတဲ့
လူတွေ နောက်လိုက်သွားရမှာ။ ဘယ်အရာတွေကများ ကျွန်မကို မလိုက်နိုင်အောင် တားဆီးထားသလဲ။
ကျွန်မ မသိဘူး။ အိမ်ရဲ့ ခြံပေါက်ဝ ကိုရောက်တော့ အိမ်ထဲက အသံတစ်သံ ကြားလိုက်ရသည်။
“ကွယ်လွန်သူ
မပန်း အားရည်စူး၍ ယနေ့ပြုသမျှသော ကုသိုလ်ကောင်းမှု အစုစုတို့အား အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော”
ကျွန်မရဲ့ ခန္ဓာကိုယ်က
သိမ့်ကနဲ မြောက်တက်သွားသလို ခံစားလိုက်ရတယ်။ အိုး ကျွန်မတစ်ကိုယ်လုံး သွေးတွေ ရွှဲနှစ်လို့ပါလား။
ကျွန်မ မှတ်မိပြီ မောင်နဲ့ စတင်ဆုံဆည်းခဲ့တဲ့ ညနေခင်းမှာ အိမ်ကို ခပ်သွက်သွက် ကျွန်မပြန်ခဲ့
တယ်။ ဖေဖေ ပြန်လာလို့ ကျွန်မကို မတွေ့ရင် ဆူမှာကို စိုးရိမ်နေခဲ့တယ်။ အိမ်ရှိရာဘက်ကို ချိုးကွေ့ပြီး အပြေးလေး ၀င်လိုက်တယ်
ဆိုရင်ပဲ မျက်နှာချင်းဆိုင်က အရှိန်ပြင်းပြင်းကားတစ်စီးနဲ့ ၀င်တိုက်မိခဲ့တယ်။ ဒါ..ဒါ
ဆို.. ကျွန်မက သေဆုံးသွားခဲ့ပြီပေါ့။ ဟင့်.. အင်း အဲဒီလိုမဟုတ်ဘူး။ ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ
လေထဲမှာလွင့်နေသလိုပဲ။ ဖေဖေ ..မေမေ သမီးကို ကယ်ပါအုံး။ မမြင်ရတဲ့ လှိုင်းတစ်ခုက ကျွန်မကို
ဆွဲငင်နေသလိုပဲ
“သမီးလေးပန်းရေ
ရောက်လေရာဘ၀က မေမေတို့ပေးလှူတဲ့ ကုသိုလ်ကို အမျှ ခေါ်ပါကွယ်။ အ..ဟင့် ဟင့် အမျှ အမျှ
အမျှ ယူတော်မူကြပါကုန်လော့”
အိုး
ဖေဖေ မေမေ တို့တောင် မကယ်နိုင်တော့ပါလား။ ကျွန်မရဲ့နှုတ်ခမ်းက လှုပ်လာတယ်။
“သာဓု
သာဓု သာဓု ”
ပြီးတော့
ကျွန်မလွင့်မျောသွားတယ်။ အချိန်ဘယ်လောက်ကြာခဲ့တယ် မသိဘူး။ ကျွန်မမှတ်မိတာ တစ်ခုပဲ ရှိတယ်။
အချိန်တစ်ခုကိုရောက်ရင် အရမ်းလှပတဲ့ တရုတ်စကားပင်တောကို ကျွန်မရောက်သွားတယ်။ တရုတ်စကား
ပန်းတွေ မြေမှာကြွေပြီးခနေတာ အရမ်းလှတာပဲရှင်။ ကျွန်မရဲ့ တာဝန်က အဲဒီပန်းလေးတွေကိုကျောခိုင်းပြီး
ထွက်သွားရ မယ်။ ဒါပေမယ့် ကျွန်မမလုပ် နိုင်ဘူးရှင်။ ခြေလှမ်းလေး တစ်လှမ်း လှမ်းလိုက်ပြီးတာနဲ့
အဲဒီပန်းလေးကို ကောက်ပြီး နားမှာ ညှပ်လိုက်မိတော့တာပဲ။ အဲဒီလို ညှပ်လိုက်မိပြီဆိုတာနဲ့
ပတ်ဝန်းကျင်ဟာ တစ်ခါပြန် လည်မည်းမှောင်သွားပြီး အမှောင်ထဲမှာ ကျွန်မအော်ခေါ်နေတတ်တယ်
ဖေဖေရေ မေမေရေ.. မောင်ရေ ဆိုပြီးတော့ပေါ့
စာဖတ်သူတို့လဲ
လပြည့်တဲ့ညတိုင်းမှာ တရုတ်စကားပင်တောအုပ်ကလေးကနေ အဲဒီလို တမ်းတမ်းတတ ဆွေး ဆွေးမြေ့မြေ့
ခေါ်သံကို ကြားခဲ့ဖူးတယ်ဆိုရင် အဲဒါ သေချာပြီ တရုတ်စကားပန်းတွေကို ရူးသွပ်စွာချစ်ခဲ့ဖူး
တဲ့ ပန်းကလေး ဆိုတဲ့ တစ္ဆေမလေးပဲ ဖြစ်ရမယ်။
---
ညီမလေး ပစ်ပစ်ရဲ့ tag ပို့စ်လေးကို ရေးပြီးပြီနော်။ ငယ်ရွယ်တဲ့ အချစ်အကြောင်းမဟုတ်ပေမယ့် ငယ်ရွယ်သူလေး တစ်ယောက်ရဲ့ အချစ်အကြောင်းလေး ရေးပေးလိုက်တယ်နော်.
ချစ်သော မောင်နှမများအားလုံးကျန်းမာလို့ ချမ်းသာကြပါစေ၇ှင်။ သရုပ်ဖော်ပုံလေးကဖြင့် google ကနေပြီးတော့ ရှာဖွေ အသုံးပြုထားပါတယ်..
အစကတော့ဖတ်နေရင်း တရုတ်စကားပွင့်သုတ်စားချင်တယ်ပြောမလို့.. ဖတ်နေရင်းဖတ်နေရင်းဇာတ်သိမ်းလဲရောက်ရောငိုချင်သွားတယ်။ :'(
ReplyDeleteမငိုချင်ပါနဲ့ Thu ရယ် တစ်ကယ့်ဘ၀မှာလဲ သူတို့နှစ်ဦးမပေါင်းရရှာဘူး
Deleteဒါဆိုကောင်မလေးကတစ္ဆေ ပေါ့နော်...
ReplyDeleteသူ သေပြီး တစ္ဆေဘဝနဲ့ ကောင်လေးနဲ့ချစ်သူတွေဖြစ်ကြတာပေါ့နော်...
သနားပါတယ်..
အမကလည်းပေးပေါင်းလိုက်တာ မဟုတ်ဘူး..(ခြေထောက်ကလေးဆောင့်ပြီးပြော )
ခြေထောက်လေးမဆောင့်ပါနဲ့ညီမလေး၇ယ်အပြင်မှာတ၇ုတ်စကားပန်း ကြိုက်တဲ့ကောင်မလေးကလည်းတစ်ကယ်ရှိထှာ ကင်မာ၇ာမန်းလဲရှိပ ဒါပေမယ့် သူတို့တစ်သက်လုံးဝေးသွားတယ်ကွဲ့
Deleteအာ့နဲ့တစ္ဆေကိုဓါးစာခံလုပ်လိုက်ရပါ သ ကွယ် :-) :-)
ံHappy ending မဟုတ်ရင် တီတင့်ကဘယ်တော့မှ မဖတ်ပေမယ့် ဘလော့ဂါတွေရဲ့ ပို့စ်တွေကိုတော့ ၀မ်းနည်းခံပြီးဖတ်တတ်လာတာ ဘလော့ဂါဘ၀ခံယူကထဲကဆိုပါတော့ မွန်လေးရေ။
ReplyDeleteတဂ်ပို့စ်လေး ခံစားရင်းဖတ်သွားပြီနော်။
ဇတ်လမ်းလေးက အဆုံးထိဖတ်ဖြစ်အောင်ဆွဲခေါ်သွားတယ်... ရင်ထဲမှာ စိတ်မကောင်းခြင်းတွေ ကျန်ခဲ့တယ်
ReplyDeleteသနားစရာလေး... စိတ်မကောင်းစရာ.... မထင်မှတ်တဲ့ အလွမ်းလေးက ကြေကွဲစရာလေးနော်..
ReplyDeleteစဉ်းစားစရာပဲ့ တစ္ဆေကိုဓါးစာခံလုပ်လိုက်တာကိုလေ-------အင်းးးး
ReplyDelete