ကျွန်မ အိမ်ပြန်ချင်တယ်အမေ။
မိုးရာသီရောက်လို့ ခေါင်မိုးက မိုးမလုံတဲ့အခါနှင့် ညဘက်မိုးရွာချိန်နဲ့များ တိုက် ဆိုင်ခဲ့ရင်
အိပ်နေရာကနေ အိပ်ယာလိပ်တွေသိမ်း မိုးယိုပေါက်တွေ လွတ်ရာကို ထွက်ပြေးခဲ့ရတာကိုလဲ သတိရတယ်။
အိပ်ရေးပျက်ခဲ့တယ် ဆိုပေမယ့် တစ်ပျော်တစ်ပါး အဖေက ခေါင်မိုးတက်ဖာ သမီးတို့က အလွယ်တစ် ကူသုံး လို့ရ
မယ့် ကတ်ထူစက္ကူ ခပ်မာမာတွေကို ပြေးပြေးလွှားလွှားရှာပေးကြရတယ်လေ။ မိုးလဲတိတ် အိမ်လဲစိုစိုရွှဲနေတဲ့
အခြေ အနေမှာ မိသားစုတွေ မိုးရေလွတ်ရာ နေရာတစ်ခုထဲမှာ တိုးတိုးဝှေ့ဝှေ့ ပူးပူးကပ်ကပ်
အိပ်ခဲ့ရတာကိုလဲ ခုထိ မမေ့ သေးဘူး။ အိပ်ရေးပျက်ကြတယ် ဒါပေမယ့် ခေါင်းအုံးနဲ့ဦးခေါင်း
ထိလိုက်တယ်ဆိုတာနှင့် အိပ်မောကျသွားခဲ့ရတာ ကိုတော့ တမ်းတမိတယ်။
ခုဆိုရင်
ညအိပ်ရာဝင်စ ခေါင်းအုံးနဲ့ ဦးခေါင်း ထိထားတယ် ဆိုပေမယ့် အိပ်မောကျဖို့ မဆိုပါဘူး အိပ်ပျော်ဖို့
ကို အတော်ကြီးကြိုးစားယူနေရတယ်။ ဒါပေမယ့် သမီးခုနေတဲ့အိမ်မှာ မိုးမယိုဘူး လေသံမကြားရဘူး
air con သံတစ် ၀ီဝီနဲ့ အေးအေးမြမြ သက်တောင့်သက်တာ အိပ်စက်အနားယူလို့ရတဲ့ အိမ်မျိုးပါ။
အမေ့အိမ်မှာလို ပူလွန်းလို့ ခြင် ကိုက် လွန်းလို့ ယပ်တောင်လဲ တစ်ဝီ၀ီ ထမခတ်ရပါဘူး။
ဒါပေမယ့် သမီးစိတ်ထဲ မလုံခြုံသလိုခံစားရပြီ ညဘက်ဆို အကြိမ်ကြိမ် ခဏခဏ လန့်နိးတတ်တယ်။
အမေ့အိမ်မှာတုန်းကလို ညအိပ်ယာဝင် မနက်အိပ်ယာနိုးတဲ့ အချိန်ဟာ မနက်ခင်းတစ်ရေးလိုမျိုး
အိပ်ချင်လိုက်စမ်းပါဘိ။
နံနက်ခင်း
အဆာပြေ မုန့်စားတဲ့အချိန်မှာ မုန့်ဟင်းခါး နှစ်ထုပ်ဝယ်။ ပြီး မုန့်ဖတ်အပိုဝယ်။ ဇလုံခပ်ကြီးကြီး
တစ်ခုထဲမှာ နံနံပင်ထပ်ထည့် ငရုတ်သီးမှုန့်လေး ထပ်ဖြည့် ငံပြာရည်အနည်းငယ်နဲ့ နယ်ထားတဲ့
မနက်စာကို သမီး ပိုကြိုက်တယ် အမေ။ ဇလုံကြီးထဲ ဇွန်းတွေတပ် တစ်ယောက်တစ်ဇွန်း မျှဝေပြီးစားရတဲ့
မနက်စာက ပိုမြိန်နေသလိုပါပဲ။ ပြီးရင် လက်ဘက်ရည်အချိုတည်းဖို့
လက်ဖက်ရည်ပါဆယ်ထုပ်လေးဝယ် အိမ်က ရေနွေးအကြမ်း ပန်းကန်လုံးနဲ့ မစို့ မပို့ သောက်ရတဲ့
လက်ဘက်ရည်က ဘာလို့များ ပိုပြီးစွဲမက်ဖွယ်ကောင်းနေသလဲ မသိပါဘူး။ ခုဆိုရင် သမီးမနက်စာ
ကို ကော်ဖီတစ်ခွက် ပေါင်မုန့်တစ်လုံးနဲ့ ဘယ်သူ့ကိုမှ ဝေမျှ စရာမလိုပဲ သမီးတစ်ယောက်တည်း
စားရပါတယ် ဒါပေမယ့် အရသာက ခပ်ဖွယ်ဖွယ်နဲ့ ကော်ဖီဟာ ခပ်မွှေးမွှေးဖြစ်မနေပြန်ဘူး။ ဗိုက်ပြည့်ပေမယ့်
အရသာမဲ့နေတယ်။
ထမင်းစားတဲ့
အချိန်ဆိုရင်လည်း မိသားစုစုံမှ စားတတ်တဲ့ သမီးတို့ရဲ့ ထမင်းဝိုင်းလေးဟာ စည်စည်ကားကား
နော်။ ဒါပေမယ့် ဟင်းကောင်း အသားဟင်းဆိုတာ တစ်လနေမှ တစ်ခါ အနိုင်နိုင်ရယ်ပါ။ ဟင်းရွက်ချဉ်ဟင်း
အရည်လို တစ်ခွက်။ ဈေးသက်သက်သာသာ ဆီပျံဟင်းတစ်ခွက်။
အဲ ဆီပျံဟင်းကလည်း အဖေ့အတွက်ချက်တာမို့ ပန်းကန်က
ခပ်သေးသေးရယ်ပါ။ သမီးအနှစ်သက်ဆုံးကတော့လေ ကြက်သွန်ဖြူ၊ ကြက်သွန်နီမီးဖုတ်၊ ငရုတ်သီးစိမ်းကိုလှော်ပြီး
ရောထောင်း ရလာတဲ့ အနှစ်ကို ငါးပိရည်ကျိုပူပူလေးထဲ လောင်းထည့်လိုက်။ ပြီးရင် ငရုတ်သီးမှုန့်မွှေးတယ်ဆိုရုံလေးထည့်
ဘေးနားမှာ တို့စရာ အသီးအရွက် အပြုတ်မျိုးစုံနဲ့ စားရတဲ့ အရသာမျိုး ပြန်ရချင်တယ်။ ဒီမှာတော့ တစ်နေ့တစ်မျိုး အသားဟင်းလဲ စားရပါရဲ့။
ဈေးကြီးပေးပြီး ၀ယ်စားရတဲ့ Sea food လိုမျိုး ဆိုလဲ တစ်ပတ်တစ်ခါ စားရပါရဲ့ အမေ့အိမ်က ငါးပိရည်နဲ့နှယ်ပြီး စားရတဲ့ ထမင်းကို
သမီးဘာလို့ တမ်းတနေသလဲ မသိပါဘူး အမေရယ်။ အနောက်တိုင်းအစားအစာလား
တရုတ်ဟင်းလျာလား စိတ်ကြိုက် ပိုက်ဆံပေးပြီးစားလို့ရပါ
ရဲ့နှင့် အမေ့အိမ်က ငါးပိရည်ကိုလွမ်းနေတဲ့
သမီးရယ်ပါ။
သမီးမှတ်မိသေးတယ်
တစ်ခါတစ်လေ များများစားရတဲ့ ငါးပိရည်ကျိုပန်းကန်ဟာ လက်စုံတတ်တယ်လေ။ အဲဒီ အခါ ဟာဧည့်သည်လာတော့မယ်
ဧည့်သည်မူးသွားအောင် များများမွှေပလိုက်ဆိုပြီ နောက်နောက်ပြောင်ပြောင် ငါးပိရည်ပန်းကန်
ဝဲဂယက်ထအောင် မွှေကြတယ်။ ထမင်းစားပြီး မကြာပါဘူး အိမ်ကိုဧည့်သည်ရောက်လာပြီ ဘယ်လို ဖြစ်မှန်းမသိဘူး
လာတုန်းကအကောင်း လမ်းရောက်မှ မူးလာတာလို့ ဧည့်သည်ရဲ့ ဆိုစကားကိုအကြားမှာ တစ်ယောက် မျက်နှာ
တစ်ယောက်ကြည့်ပြီး ကြိတ်ရယ်ခဲ့ရဖူးတယ်လေ။
ခုထမင်းစားနေရတာဖြင့်
ဟင်းတွေက အမယ်စုံပါရဲ့။ မစုံနေမလား။ ဒီနေ့ဟင်းလေးတစ် မျိုးချက်လိုက် မကုန်ပြန် ရေခဲသေတ္တာထဲ
ထည့်သိမ်းလိုက် နောက်နေ့ တစ်မျိုးချက်လိုက် မကုန်သိမ်းလိုက်နဲ့။ တစ်နေ့ ဟင်းငါးမျိုးလောက်
ရှိနေပါရဲ့ အေးစက်စက်နဲ့ စားရတာ နွေးနွေးထွေးထွေးမရှိ အထီးကျန်ထမင်းဟင်းတွေ ပါပဲ။ စုံစရာ
လက်လဲ မရှိပါဘူး။ ကိုယ်တစ်ယောက်တည်း ထိုင်စားရတဲ့ ထမင်းဝိုင်းပေကိုး။ မျက်နှာကြည့်ပြီး
ကြိတ်ရယ်စရာလဲ မရှိခဲ့တာကြာပြီပေါ့။
ပြီးတော့လေ အရင်ကဆို အမေက သမီးရဲ့အင်ကျီ
designer ပဲနော်။ အမေဆင်ပေးတဲ့ ဈေးအနေတော် ခပ်ရိုး ရိုးအင်ကျီလေးတွေနဲ့ ထမီကို ၀တ်ခဲ့ရတယ်။ အများအားဖြင့်တော့ ပါတိတ်ဝမ်းဆက်လေးတွေ အသားချောကျိကျိ
ခပ်အိအိ ၀မ်းဆက်လေးတွေကို ၀တ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီအချိန်သူများတွေက ready
made ဆိုတာကို ဈေးကြီး ကြီး ပေးဝယ်ပြီ ၀တ်နေကြပြီ။
သမီးလေ သူတို့နဲ့ ကိုယ်နဲ့ယှဉ်ရင် ကိုယ်က အရောင်မိန်နေသလိုပဲ ခံစားရတယ်။ ပြီးတော့ ခောတ်ပေါ်ဆံပင်တွေကို
ဖြောင့်ဆင်းပြီး လှလှပပ ခြယ်သထားကြတဲ့ သူတို့ မျက်နှာလေး တွေကဖြင့် သမီးအတွက်တော့ အားကျစရာပါ။
သမီးကိုယ်တိုင်က သနပ်ခါးကိုသာ အားပြုနေရတဲ့ ဘ၀မဟုတ်လား။
ခုဆိုရင်
သမီးဒီမှာ သူများတွေလို Ready made အင်ကျီလဲဝတ်နိုင်ပါရဲ့။ ဈေးလဲပေးရတာများပါရဲ့။
ဒါပေမယ့် သမီးစိတ်ထဲ ကိုယ်နဲ့အဆင်မပြေသလိုပါပဲ။ အမေချုပ်ပေးတုန်းကလို စမတ်မကျဘူးလို့လဲ
ထင်မိတယ်။ ဆံပင်ဆိုရင် လည်း လိုသလို ကောက်လိုက်ဖြောင့်လိုက် လုပ်နိုင်ပါရဲ့။ ဆိုးတာတစ်ခုကတော့
အရင်လို ဆံပင်ရှည်ရှည် အုံထူထူ ဘ၀ဆိုတာကို ပြန်မရောက်နိုင်တော့ဘူးဆိုတာပါပဲ။ မျက်နှာဆိုလဲ
သူများတွေလို ခြယ်သပြီး လိမ်းနိုင်ပါရဲ့ ဒါပေမယ့်
သမီးအရင်ကလိမ်းခဲ့ဖူးတဲ့ သနပ်ခါးလောက်တော့ မမွှေးဘူးပေါ့။ ရောက်တဲ့ဘ၀ ရောက်တဲ့နေရာ ဆိုပြန်တော့
ပျော်သလိုမနေရပေမယ့် တော်သလိုတော့ နေရတာပေါ့ အမေရယ်။ ဒါပေမယ့် သမီးရဲ့ စိတ်တွေ အမေ့အိမ်မှာ
နေတုန်းကလို မလန်းဆန်းခဲ့တာတော့ အတော်ကြာနေခဲ့ပါပြီ။
တစ်ခါတစ်ခါ
ဘ၀ကထန်လာတဲ့အခါ သမီးမှာကိုယ်ပိုင်အခန်းတစ်ခုရှိလို့ အခန်းတံခါးပိတ်ငိုခဲ့ရပေမယ့် အမေနဲ့အတူတူ
နေတုန်းကလို ရင်ဖွင့်ပြီး မပြောလိုက်ရတော့ သမီးမှာ မျက်ရည်သာခန်းခဲ့တယ် ရင်ထဲက အရှိုက်က
တော့ဖြင့် ရင်ဝမှာတစ်ဆို့ဆို့ ကျန်ခဲ့တာပါပဲ။ အရှင်းပျောက်တယ်ရယ်လို့တော့ မရှိခဲ့ပါဘူး။
အချိန်တန်အရွယ် ရောက်ရင် သိုက်မြုံကို စွန့်ခွာပြီး ဘ၀ပေးတာဝန်ကို ကျေပြွန်စွာထမ်းဆောင်နေရတယ်
ဆိုပေမယ့် တစ်ကယ်ဆို သမီးက မိုးမလုံ ဆောင်းတွင်းချမ်းတဲ့အခါ စောင်မလောက်တဲ့ အမေ့ရဲ့
အိမ်လေးကိုပဲ လွမ်းနေခဲ့ရတယ်။
ငယ်စဉ်တုန်းကဖြင့်
ငါကြီးလာရင် ပိုက်ဆံတွေရှာမယ်။ မိဘတွေကို ထောက်ပံ့မယ်။ မြန်မြန်အရွယ်ရောက် မြန်မြန်
အသက်ကြီးချင်တယ်လို့ တောင့်တခဲ့မိတဲ့ သမီးဟာ ခုဆိုရင်ဖြင့် ငယ်ဘ၀ကိုပဲ ပြန်လိုချင်တော့တယ်
အမေ။ အပူအပင်ကင်းပြီး တွေးစရာနည်းတယ်ရယ်လို့ ခုမှပဲ သိတော့တယ်လေ။ ဒါပေမယ့် သဘာဝတရားကို
လွန်ဆန်လို့ မှမရပဲ။ အချိန်အတိုင်းအတာ သဘာဝတရားအရ
သမီးနေတဲ့နေရာ ရောက်နေတဲ့နေရာဟာ အမေ့အိမ်နဲ့ မိုင်ပေါင်းမြောက်များစွာ ကွာဝေးချင်ကွာဝေးနေမယ်။ သမီးရဲ့
လွမ်းတဲ့စိတ် အသိစိတ်ကလေးကဖြင့် အမေ့ရဲ့ အိမ်နား တစ်ဝဲလည်လည်ရယ်ပါလို့…
--
ချစ်စွာသော ဘလော့မောင်နှမ များ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးက ဖြင့် google ကနေရှာဖွေပြီး အသုံးပြုထားတာပါရှင်။
ပြန်မရနိုင်တော့တဲ့ ငယ်ဘ၀ ကြည်နူးမှုလေးတွေ လွမ်းဆွတ်တမ်းတရတာလဲ အရသာတစ်မျိုးပဲမဟုတ်လား...။ လက်ရှိဘ၀ရဲ့ခက်ထန်မှုတွေကြုံလာတဲ့အခါ ကြည်နူးစရာလေးတွေနဲ့ ဖြေတွေးနိုင်ပါစေ...ညီမလေးဆွေ...း)
ReplyDeleteနွေးထွေးတဲ့အမေရဲ့အရိပ်ကို ဘယ်အရိပ်မှမမှီဘူးနော် :(
ReplyDeleteဖတ်ရင်း အမေ့ကို အရမ်း သတိရသွားတယ်။ ဒါပေမဲ့ အမေကတော့ မရှိရှာတော့ပါဘူး။
ReplyDeleteဘ၀တွေက ဒီလိုဘဲနော်။ ငယ်ဘ၀ကို တွေးကြည့်မိတိုင်း တခုခုကို လွမ်းဆွတ်တမ်းတနေမိသလိုပါဘဲ။
အထူးသဖြင့် ပကာသနမရှိပေမဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့ အမေ့အိမ်ကိုပေါ့။
ပြန်လည်မရနိုင်တော့တဲ့ အတိတ်ရဲ့ပုံရိပ်လေးတွေပါ မွန်လေးရေ။
ReplyDeleteအနေဝေးတဲ့အခါမှာ အနေနီးတဲ့အချိန်ကာလတွေရဲ့ တန်ဘိုးကို ပိုနားလည်လာတာဟာလဲ သဘာဝတရားပါ။
တစ်ဘ၀အတွက်ကိုယ့်ကို ပေးစွမ်းနိုင်တဲ့အေးမြခြင်း
တစ်ဘ၀အတွက် အေးမြခြင်းကိုပေးစွမ်းနိုင်တာ မိခင်ပါ။ (စာသားရေးရင်း ခလုတ်မှားနှိပ်မိလို့ :P )
ReplyDeleteစကားချပ်ကျန်နေသေးတယ်ထင်လို့ ဆက်ရေးလိုက်တယ် မွန်လေးရေ။
ခေါင်းစဉ်က စံပယ်စိတ်ကိုသိနေသလိုလေးမို့ ပိုပြီးစိတ်ဝင်စားနေတာပါ
ReplyDeleteမေမေနဲ့ခွဲပြီးနေရတဲ့အချိန်တွေတိုင်းမေမေကိုလွမ်းတဲ့စိတ်ကကြာလေ ပိုပိုလာတယ် ခံစားချက်ခြင်းတူ)))))
မအားဘူးဖြစ်နေလို့ ဒီနေ့မှ ဘလော့ထဲဝင်ဖြစ်တာနော်