Saturday 25 December 2010

ဖြစ်မလာခဲ့သော ... ဖြစ်ချင်နေတာ(ဆွေလေးမွန်)



လူတိုင်းလူတိုင်းမှာ ကိုယ်ဘာဖြစ်ချင်သလဲဆိုတဲ့ အတွေး အိမ်မက်မျှော်လင့်ချက်လေးတွေ တစ်ခုခုစီတော့ ရှိနေစမြဲပါပဲ။ ဒါပေမယ့် အဲဒီထဲကမှ လောကကြီးနဲ့ ရင်ဆိုင်ပြီးတွေ့ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲလိုက်တဲ့အခါ တစ်ခါတစ်ခါ ကိုယ်ဖြစ်ချင်တာလေးတွေကို ချနင်းပစ် လိုက်ရတာမျိုး.. ကိုယ်တိုင်စွန့်လွတ်လိုက်ရတာမျိုး.. ရင်နာနာနဲ့ကျောခိုင်းလိုက်ရတာမျိုး ကြုံလာတဲ့အခါတွင်တော့ ကိုယ်ဖြစ်ချင်တဲ့အရာရဲ့ ကိုယ့်ရင်ထဲကလိုချင်တဲ့စိတ် တန်ဖိုးနဲ့အမျှ စိတ်တွေနာကျင်ရတော့တာပါပဲ။
ဒါဆိုရင် ကျွန်မငယ်စဉ်က ဖြစ်ချင်ခဲ့တာ ဘာလဲဆိုတာကိုပြောပြဖို့လိုတာပေါ့။ ကျွန်မလိုချင်ခဲ့တာက နဲနဲတော့ ဆန်းတယ်..ဘာလို့လဲဆိုတော့ ကိုယ်ကြုံလာရတဲ့ ဘ၀ ကံနှင့် တိုက်ရိုက်ကြီး သက်ဆိုင်နေတာကိုး။ ဒါဆိုရင်ဖြင့် ကျွန်မရဲ့ ဘ၀ကိုနဲနဲတော့ ပြောပြ ဖို့လိုတာပေါ့။
ကိုယ့်ဘ၀ကိုယ့်ကံအကြောင်းပြောရရင်တော့ ကံမကောင်းဘူးလို့ပဲပြောရမှာပဲ။ ငယ်ငယ်လေးထဲက ကျွန်မချစ်လွန်းတဲ့ ကျွန်မသံယော ဇဉ်ကြီးခဲ့တဲ့ လူတွေအားလုံးက ကျွန်မဘေးနားကနေ တစ်နည်းနည်းနဲ့ ခွဲသွားကြတာကြီးပဲ။ပထမက ဖိုးဖိုး ဒါပေမယ့် ကျွန်မ ၃ တန်းလောက်အရောက်မှာ ဆုံးသွားတယ်။ ရုတ်တရက်ကြီးပါ။ ဘာရောဂါမှ မရှိဘူး လူကြီးတွေပြောတာကတော့ အစာအိမ်သွေးကြော ပေါက်ပြီးဆုံးတယ်လို့ ပြောကြတယ်။ပြီးတော့ ငယ်ငယ်လေးထဲက အဖေ အမေ နဲ့နေတာမဟုတ်ဘူး။ ဒီအဖိုး ဒီအဖွား ဒီဦးလေး အဒေါ်တွေကြားထဲမှာလဲ ဖူးဖူးမှုတ်ပြီး ချစ်ခံလာရတာ။ ဒါပေ...မယ့် ဖိုးဖိုးမရှိတဲ့နောက်ပိုင်း အဒေါ်တွေ ဦးလေးတွေကလဲ ယောက်ကျားယူ မိန်းမယူဆိုတော့ ကျွန်မကို ဖွားဖွားက အဖေ အမေတွေစီပြန်ပို့တော့တာပဲ။အဲဒီမှာ အဖိုးတွေအဖွားတွေနဲ့ ဘာလို့နေခိုင်းတာလဲ ဆိုတဲ့ အကြောင်းပါလာပြီ။ အဖေနဲ့အမေက ခဏခဏ ရန်ဖြစ်တာမို့ တော်ကြာရန်ဖြစ်ပြီး အဖေအိမ်ပေါ်ကဆင်းသွားရင် မြေးဦးဖြစ်တဲ့ ကျွန်မကိုပါ ခေါ်သွားမှာစိုးတာကြောင့် အဖိုးက ကျွန်မ ၉ လသမီးလောက်ထဲက ခေါ်ထားတာ။ အဖေနဲ့အမေက တွေ့ချင်ရင် အဖိုးအိမ်လာကြည့်။ အဲလို။ ခုတော့ ကျွန်မ အဖေ၊အမေဆီ ပြန်သွားရပြီဆိုတော့ စဉ်းစားသာကြည့်. ပြီးတော့ ညီမလေးကလဲ ရှိလာပြီးဆိုတော့ အဲဒီမှာ ကျွန်မစပြီး မပျော်တော့ဘူး။ ခက်တာက ညီမလေးနဲ့ အဖေ အမေနဲ့ကတူတူ နေနေကြဆိုတော့လေ ဘာပဲဖြစ်ဖြစ် အဖေအမေက စဉ်းစားလိုက်ရင် ညီမလေး အတွက်အရင် စဉ်းစားကြတာပေါ့။ ဒီလိုအတွေးမျိုးက ခုအသက်ကြီးမှ စဉ်းစားတာလေ။ ငယ်ငယ်တုန်းကတော့ အဖေနဲ့အမေက ညီမလေးကို ငါ့ထက်ပိုချစ်တာ။ အဲလိုတွေးတော့ ဒုတိယ ကျွန်မချစ်တဲ့ အဖေနဲ့အမေက ကျွန်မကို မချစ်ဘူးပေါ့။ဒီကြားထဲ အဖေအမေ ရန်ပွဲကလဲ ကြမ်းလိုက်တာပြောမနေနဲ့။ မပျော်တော့ဘူး။ ၅ တန်းဆိုကလေးသာသာရှိသေးတဲ့ ကျွန်မ ဘယ်လောက်ထိအောင် စိတ်တွေပူလောင်ခဲ့ရသလဲဆိုရင် ၅ တန်းကျောင်းပိတ်တော့ မိဘတွေက မေသီလရှင်ဝတ်ပေးတယ်။ ရွှေမင်းဝံ ကျောင်းတိုက်မှာ။ မနက်ဆိုဘုရားအစောကြီးထရှိခိုး။ ပြီးရင် တရားထိုင် ။ပြီးရင်စာသင်။ အဲဒီမှာ သူများတွေ ၁ ပတ်လောက်ဝတ်ပြီးလူထွက်ကြတာ။ ကျွန်မက ၁ လနေလဲမထွက်ဘူး ၁ လခွဲကျော်လဲမထွက်ဘူး။ ဘာလို့လဲဆို တော့ ကျွန်မစိတ်တွေ တော်တော်အေးချမ်းတာ။ အဲဒီလိုနေရတာကို ကျွန်မနှစ်ခြိုက်မိတာကိုး။ ကျွန်မက လူပြန်မထွက်တော့ဘူးလို့ကို ပြောတာ။ အဖေနဲ့အမေက အဲဒီတော့မှ ကျွန်မရင်ထဲက ထိခိုက်မှုကိုမြင်တာ။ ကျွန်မကို ငိုပြီး သမီးရယ်ငယ်ပါသေးတယ် သမီးကြီးလို့ စာတွေသင်ပေးပြီးတော့ မှ မေသီလရှင်ပြန်ဝတ်လဲ အမေတို့ခွင့်ပြုပါ့မယ်ဆိုပြီး ချော့မော့ပြီးပြန်ခေါ်မှ ကျွန်မလဲ လူထွက်ပြီး မိဘတွေနဲ့ ပြန်လိုက်တာ။ဒါကျွန်မ ၅ တန်းနော်။တကယ်ဆို အဲဒါကလေးသာသာရှိသေးတာ။ အဖေနဲ့အမေက ဒီတော့မှ ကလေးတွေရှေ့ ရန်ဖြစ်တာ တို့ ဘာညာကို ဆင်ခြင်ကြတာ။ ဒါပေမယ့် ညီမလေးနဲ့ ယှဉ်ရင်တော့ ကျွန်မက အမြဲဒုတိယ။ နမူနာလေးတစ်ခုပြောပြမယ် ညီမလေးငါတန်းရောက်တော့ အထက်တန်းကျောင်းပြောင်းတက်ရတယ်လေ။ အဲဒီမှာ ညီမလေးနဲ့ကျွန်မ တစ်ကျောင်းထဲ ဖြစ်သွားတဲ့ အချိန်ကစပြီး ကျွန်မ ၁၀ တန်းနှစ်ကျောင်းပြီးတဲ့ အထိ ခံစားရတဲ့သောက။ ညီမလေးက ထမင်းချိုင့်မကိုင်ချင်ဘူးတဲ့။ ဒီတော့ မိဘတွေက လေးဆင့်ချိုင့်ဝယ်ပေးတယ်။ ကျွန်မက အဲဒီချိုင့်ကိုဆွဲပြီး ကျောင်းသွားရတယ်။ မုန့်စားဆင်းချိန်ကျ ညီမလေးဆီအရင် ထမင်းချိုင့်သွားပို့ရတယ်။ သူက ကျောင်းကိုစောသွားတာကိုး။ဒီတော့ထမင်းချိုင့်က အမြဲ ကျွန်မစီမှာ။ သူစားပြီးတော့မှ ကျွန်မက ထမင်းချိုင့်ကို အတန်းထဲပြန်ယူလာ ပြီးမှကျွန်မစားရတယ်။ ဒါက အများကြီးထဲက မှ အပေါ့ပါးဆုံးတစ်ခုကို ကျွန်မ ပြောပြတာ။ မိဘတွေကို မကိုင်ချင်ဘူး ပြောပေမယ့် ညီမလေးက မသိသေးလို့ပါ ဆိုတာနဲ့ပဲ ကျွန်မအဲဒါ ၁၀ တန်းအထိ အလိုပဲလုပ်ခဲ့ရတာ။ မိဘတွေကလဲ ဘယ်လောက်ထိ ကျွန်ကိုဂရုစိုက်ခဲ့လဲဆိုရင် ၁၀ တန်းကျွန်မတက်နေတဲ့ ကျူရှင်နေရာ ခုချိန်ထိ ဘယ်နေရာလဲ သူတို့မသိဘူး။ ဒါဆို ညဘက် သူများမိဘတွေလို လက်ဖက်လေးသုတ်ပေး ကော်ဖီလေးဖျော်ပေးလားဆိုတော့ စာမေးပွဲသာဖြေရော တစ်ခါမှ အဲလိုဂရုစိုက်တာမခံရဘူး။ ပိုဆိုးတာက ညဘက်ဘယ်လောက်ပဲစာကျက်လို့ ညည့်နက်နေနေ မနက်ဆို ၆ နာရီအမှီထပြီး ဈေးသွား အမေတို့အလုပ်ထမင်းချိုင့်ရော ကိုယ့်အတွက် ကျောင်းထမင်းချိုင့်ရော ကိုယ့်ဘာသာကိုယ် အမှီထချက်ရတယ်။ အဲလို..
စိတ်ထဲမှာတော့ မကောင်းဘူးပေါ့။ ငယ်ကလဲ ငယ်သေးတာကိုး။ ၀မ်းနည်းတာပေါ့။ ဒါနဲ့ ၁၀ တန်းစာမေးပွဲလဲပြီးရော အမေ့ရဲ့ညီမတစ်ဝမ်းကွဲ မအူပင်က အဒေါ်တွေ အိမ်သွားနေတော့တာပဲ။ ဘယ်လောက်ကြာလဲဆိုရင် ၁ နှစ်လောက်ကြာမယ်ထင်တယ်။ စာမေးပွဲ အောင်စာရင်းတွေ ထွက်ခါနီးမှ ပြန်လာတာ။ အဲဒီမအူပင်အိမ်က အစ်မတစ်ယောက်ကလဲ ကျွန်မဘ၀ရဲ့ အရေးပါတဲ့တစ်ယောက်ပဲ။ ညီအစ်မ အရင်းထက် ကျွန်မသူ့ကိုပိုချစ်တယ်။ ညီမလေးက အနိုင်ကျင့်သလောက် သူက ကျွန်မကိုအနစ်နာခံတာကိုး။ ပြီးတော့ အဲဒီအိမ်က အဒေါ်တွေက ကျွန်မရဲ့မမွေးစားမိဘလို့ကိုပြောလို့ရတယ် သူတို့တွေက အရမ်းဖြူစင်ပြီး ကျွန်မမိဘထံမှ လိုချင်မေတ္တာတွေ သူတို့စီက ရတာကိုး။ စိတ်ချမ်းသာတဲ့ နေရာ ပျော်တယ်ဆိုတော့ နေတာပဲ။ ၁ နှစ်လောက်ကြာ ပြန်မလာလွန်းတော့မှ အမေတို့ က ဖုန်းလှမ်းဆက်တယ် ပြန်လာခဲ့ပါ ဒီအဖေ အမေ ရှိတာမှတ်မိသေးရဲ့လားဆိုပြီး ငိုပြီးပြောတော့မှ ကျွန်မ အိမ်ပြန်ရောက်တာ။
ဒါနဲ့ ကျွန်မချစ်တဲ့ အဲဒီအစ်မကလဲ ဘာမပြောညာမပြော ယောက်ကျားယူရော။ ၀မ်းနည်းတာပေါ့။ ကိုယ့်ဘ၀ထဲက တစ်ခုခုလျှော့သွားသလို ခံစားရတာ။ အဲဒီအချိန်က တက္ကသိုလ်ဒုတိယနှစ်ပေါ့။ အဖေနဲ့အမေတို့ကလဲ အဲဒီအချိန် ညီမလေးကအလိုလိုက်လွန်းလို့ ဆိုးလာတော့ ကျွန်မကို လိမ္မာတယ်ဆိုပြီး နဲနဲသိတတ်လာတဲ့ သဘောလေးပါလာတယ်။ ကဲဒါနဲ့ ပညာစုံတော့ ချစ်သူလေးလဲ ရလာပြီ ဆိုပါတော့။ ဒါပေမယ့် ချစ်ရတာတော့ ကြောက်သား။ သံယောဇဉ်ကြီးတဲ့ သူတွေက တစ်နည်းနည်းနဲ့တော့ ခွဲသွားတာကိုး။ ဒါပေမယ့် ချစ်တာကို တားလို့မှမရပဲ။ဒါပေမယ့် နောက်ဆုံးတော့ သူလဲချန်ထားခဲ့တာပါပဲ။
အဲဒီအချိန်ကြတော့ ကိုယ့်ဘာသာကိုယ် ဆင်ခြင်မိသွားပြီး။ ခုလိုခံစားနေရတာတွေ သောကဗျာပါဒ ပူလောင်မှုတွေကို အေးချမ်းချင်တဲ့ စိတ်မျိုးဖြစ်လာတာ။ ဘာလဲဆိုတော့ မေသီလရှင် ပြန်ထွက်လာပြီထဲက ကျွန်မစိတ်ထဲက ပျောက်ပျက်မသွားတာက အဲဒီလိုတရားနဲ့ နေရတာ အေးချမ်းလိုက်တာဆိုတဲ့ စိတ်မျိုး အမြစ်တွယ်လာတာ ငယ်ငယ်လေးထဲက။ နေ့တိုင်းဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ညဘက်ဆို ဘုရားသောက်တော်ရေလဲ ဘုရားရှိခိုး အဲဒါကတော့ ကျွန်မအမြဲလုပ်ဖြစ်တယ်။ တစ်နေ့ကို အဲဒီတစ်နာရီလောက် ရယူလိုက်တဲ့ စိတ်အေးချမ်းမှုကို နောက်ဖြတ်သန်းရမယ့် နေ့တွေအတွက် ကျွန်မမှာအားတွေဖြစ်လာတယ်။ စိတ်တွေလဲ ရင့်ကျက်လာတယ်။ နောက်ပိုင်း ကျွန်မအလုပ်ကလဲ အဆင်ပြေလာ မိသားစုက ကျွန်မအပေါ်အားကိုးလာတဲ့ အချိန်မှာတော့ မိဘတွေကျွန်မကို ချစ်တယ်ဆိုတာလည်း မြင်တတ်လာပြီ။ အရာရာကို ကျွန်မသိတတ် မြင်တတ် နားလည်လာတတ်ပြီ။ ဒါပေမယ့် ဖြတ်သန်းလာတဲ့ ဘ၀အရ ..ရလာတဲ့ အောင်မြင်မှုတွေ ရနေတဲ့ အရာတွေအားလုံးအပေါ်မှာတော့ ငါပိုင်လိုက်တာလို့ မချစ်တတ်တော့ ဘူး။ တစ်နေ့ကျ သူတို့က အဝေးကိုခွဲသွားကြအုန်းမှာပဲလို့ စိတ်ထဲမှာထင်နေတာ။ခုလောလောဆယ်တော့ မိဘဆိုတာ ကျွန်မအပေါ်မှာ တာဝန်ရှိသေးတာမို့ ဘ၀ကိုကြံ့ကြံ့ခံလို့ ရင်ဆိုင်အုန်းမှာပါ။
ဒါပေမယ့် ကျွန်မကိုယ်ကျွန်မပိုင်သွားတဲ့နေ့ အဲဒီနေ့ကျရင်တော့ ကျွန်မဖြစ်ချင်နေတာက
အေးချမ်းတဲ့ တရားဓမ္မကို ကျွန်မ အားထုတ်ချင်ပါတယ်။

ဘာလို့လဲဆိုတော့ နောက်ဘ၀ တွေများ ဒီလိုမျိုးစိတ်သောကတွေကို ကျွန်မမခံစားချင်တော့ပါ။ ကြောက်တတ်သွားပါပြီ။ လောလောဆယ်တော့ ကျွန်မတတ်နိုင်သလောက် ကုသိုလ်ကောင်းမှုတွေ လုပ်နေစဲပါလို့ နိဂုံးချုပ်ရင်း..

ကိုအုပ်ကြီးတက်(ဂ်) ထားတဲ့ "ဖြစ်မလာခဲ့သော ... ဖြစ်ချင်နေတာ" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပို့(စ်)လေးတစ်ပုဒ် ရေးလိုက်ရပါတယ်။
ကြာတော့ကြာသွားပါတယ်။ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားပြီး ရေးခဲ့ပါတယ်။ စာဖတ်နေရင်းနဲ့ အမှားလေးများပါရင်တော့ သည်းခံပေးပါလို့။

Sunday 19 December 2010

အဘယ့်ကြောင့်




(မေ၀င်း) မောင် .. မိဘတွေကတော့ မေ တို့ကို သဘောမတူကြဘူး ခါးခါးသီးသီးကို ငြင်းနေကြတယ်။ မေကတော့ သမီးအကြီးဆုံးမို့ မောင် ကတော့ သားအငယ်ဆုံးမို့ မောင့်ဘက်ကတော့ မောင့်အမေက အဓိကပါ။ မေတို့မိသားစုက ဆင်းရဲတယ်ဆိုပေမယ့် ပုံမှန်လေးတော့ နေနိုင်စားနိုင်ကြပါသေးတယ်။

(ခင်မောင်) မေရာ ခုမောင်တို့က စာသင်နေတဲ့ ဆရာ၊ဆရာမတွေဖြစ်နေပြီပဲ။ ကိုယ့်ရဲ့အိမ်ထောင်ရေးကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိ ကြပါတယ်။ မိဘတွေသဘောမတူလဲ မောင်တို့ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားကြတာပေါ့။ အဓိကကတော့ မေက မောင့်ကိုချစ်နေဖို့ပဲ။
မောင် ကတော့ မေ့ ကိုချစ်တယ်။ ခုတောင် မောင် မူလတန်းပြ ကျောင်းဆရာကနေပြီး အထက်တန်းပြလျှောက်ထားပြီးပြီ။

ဒီလိုနှင့် နှစ်ယောက်စလုံး ဆရာ၊ဆရာမ တွေဖြစ်ကြသော သူတို့ချစ်သူနှစ်ယောက်သည် နှစ်ဘက်မိဘ တွေမပါခဲ့သော် မင်္ဂလာပွဲအား ကျောင်းအုပ်ကြီးများအား မိဘနေရာထားလို့ ဘ၀ကို သုံညကနေစခဲ့ကြသည်။ စစချင်းတွင်တော့ အိမ်ငှားဘ၀နှင့်သူတို့နေခဲ့ကြသည်။ ငှားထားသောအိမ်လေး၌ပင် ကလေးများအား ကျူရှင်ပြပေးကြသည်။ နှစ်ယောက်စလုံးသည် စာအသင်အပြကောင်းသော ဆရာ၊ဆရာမ များမို့ သူတို့နှစ်ယောက်စလုံး၏ လစဉ်ဝင်ငွေသည် မစိုးလှ။ လုံလောက်သည့်အပြင် ပိုတောင်ပိုလျှံခဲ့သဖြင့် လက်ဝတ်လက်စားတော် တော်များများပင် သူတို့နှစ်ယောက်စုမိခဲ့ကြသည်။သူတို့လက်ထပ်ပြီးမကြာခင်တွင် ဆရာဦးခင်မောင် သည်အထက်တန်းပြ အဖြင့် ရာထူးတိုးပြန်၏။ ထိုကြောင့်သူတို့ဇနီးမောင်နှံအား ဆရာ ဆရာမ အသိုင်းအ၀ိုင်းများကြားတွင် အိမ်ထောင်ရေးကံကောင်း ကြသည် ဟုအားကျခဲ့ကြ၏။ထိုအချိန်ထိ သူတို့၏ အိမ်ထောင်ရေးဘ၀လေးသည် သာယာစိုပြေခဲ့ကြသည်။ လက်ထပ်ပြီးနှစ်နှစ်လောက်အကြာထိ နှစ်ဘက်မိဘများက အဆက်အဆံမလုပ်ခဲ့ကြ။ ဒါပေမယ့် သူတို့ဇနီးမောင်နှံ၏ စီးပွားရေးသည် အရှိန်နှင့်ထိုးတက်နေသော်လည်း မိဘများသည်ကား ကျချိန်မို့ အရင်လိုစီးပွားရေးမကောင်းကြ။လက်ထပ်ပြီးနှစ်နှစ်ကြာခဲ့သော်လည်း သူတို့ဇနီးမောင်နှံတွင်သားသမီး မထွန်းကားခဲ့။ သူတို့လိုချင်ခဲ့ကြသည်။ လိုချင်ပါသော်လည်း သူတို့မရခဲ့။ ဒါနှင့်ပဲ ပတ်ဝန်းကျင်မှ လူကြီးသူမများက သူတို့ကိုဖျောင်းဖျခဲ့ကြသည် မိဘတွေကိုပြန်တောင်းပန်ကြဖို့။ အမှားများရှိရင် ခွင့်လွတ်ပေးရန် တောင်းပန်ကြဖို့ တိုက်တွန်းကြ၏။ ဒီလိုနှင့် နှစ်ဘက်မိဘတွေနှင့် ပြန်ဆက်ဆံမိခဲ့ကြသည်။ ပြသနာဟူသည် ၄င်းကပင် စခဲ့သည်ဟု ဆိုရပေတော့မည်။

(ခင်မောင်) မေ၀င်း မင်းမိဘတွေကို ထောက်ပံ့တာ လွန်နေပြီနော်။ အရင်ကိုယ်တို့လက်ထပ်ခဲ့တုန်းက မင်းမိဘတွေ လှည့်ကြည့်ခဲ့ကြလို့ လား ဘ၀ဆိုတာကို သုံညကစခဲ့ကြတာပါကွ။ ရွှေရှိမှ လာပြီး ရွှေသမက်တော်ချင်လို့ ရမလားကွ။

(မေ၀င်း) ဒီမှာ ကိုခင်မောင် ကျွန်မကိုကြီးပဲ အပြစ်တင်မနေနဲ့လေ။ အရင်ကျွန်မတို့ရှာသမျှပိုက်ဆံအားလုံးပုံ ပြီးရင် စုဖို့က တစ်ပုံ စားဖို့က တစ်ပုံ နဲ့ လှူဖို့တန်းဖို့ ကတစ်ပုံဆိုပြီး ကျေနပ်စွာနဲ့ ကျင့်သုံးလာကြတာပဲမဟုတ်လား။ ခုအိမ်ထောင်သက်တမ်းနှစ်နှစ်ကျော် လောက်မှ ရှင်ဘက်က အချိုးတွေပြောင်းလာတာကြတော့ ရှင်မပြောတော့ဘူးလား။ ရှင့်အမေ ရှင့်ကိုမြှောက်ပေးသလို မိန်းမကို တစ်လ အသုံးစားရိတ်ဘယ်လောက်ပဲပေးဆိုတာနဲ့ ခုရှင်ကျင့်သုံးနေတာ ဘယ်လောက်ကြာနေပြီလဲ။ ရှင့်အမေ ရှင့်မိဘတွေကရော ကျွန်မတို့ဘ ၀စခဲ့တုန်းက ဘယ်လောက်များ လုပ်ပေးခဲ့လို့လည်း။ ခုရွှေရှိမှ လာပြီး ရှင့်ကို သားလေးသားလေး လာခေါ်တာကြတော့ ကောင်းတယ်ပေါ့။

(ခင်မောင်) မင်းဘာမှ ငါ့အမေကို ပြောနေစရာမလိုဘူးကွ။ မိဘ စီးပွားရေးကျနေချိန်မှာ သားသမီးကထောက်ပံ့ပေးရတာ တာဝန်ပဲ။

(မေ၀င်း) ဒါဆို ရှင်လဲ ကျွန်မကိုဘာမှလာပြီး လွန်တာတို့ကဲတာတို့ လာပြောနေစရာမလိုဘူးလေ။ ရှင့်ဘက်ကသာ မိန်းမရေ မိဘတွေကို ဒီလတော့တစ်ဖက်စီကို ဘယ်လောက်စီ ကန်တော့လိုက်ရအောင်လို့ ပွင့်ပွင့်လင်းလင်းပြောပါလား။ ခုတော့ ဟင်း...
ကျွန်မကို အိမ်စားရိတ်လေးပဲပေးပြီး ကျန်တဲ့ ပိုက်ဆံတွေ အကုန်လုံး ရှင့်မိဘတွေကိုပေးလိုက်တာကြတော့ တရားတယ်ပေါ့ ဟင်..

(ခင်မောင်) ဟ အဲဒါငါပြောတယ်လေ ခဏချေးလိုက်တာလို့။ အစ်ကိုကြီးတို့ စီးပွားရေးမကောင်းလို့။ အဖေကလာပြီး အကူအညီတောင်းလို့ ပါဆို

(မေ၀င်း) ရီတောင် ရီချင်သေးတယ် ကိုခင်မောင် ဘယ်နှစ်လလောက်ချေးနေလဲ ဘယ်တော့ ပြန်ရမှာလဲ။

ဒီလိုနှင့် သူတို့ဇနီးမောင်နှံသည် အိမ်တွင်းမီးကြိတ်လောင်နေခဲ့သည်မှာ ကြာလေပြီ။တစ်ခုရှိသည်က သူတို့သည်ဆရာ ဆရာမများဖြစ် သည်။ သူများတွေလို အော်ကြီးဟစ်ကျယ် ရန်ဖြစ်လို့မရ။ဒီတော့ တစ်ယောက်နှင့်တစ်ယောက် စိတ်မကြည်သော အချိန်မျိုးတွင် မျက်နှာချင်းမဆိုင်မိအောင် စကားမပြောဖြစ်ကြအောင်နေခဲ့ကြသည်။ ဒါသည်ပင် အိမ်ထောင်ရေး၏ အေးခဲလာချင်း အစဖြစ်ပေတော့သည်။ နောက်ဆုံး သူတို့နှစ်ဦးသဘောတူ ကွာရှင်းကြဖို့အထိ အိမ်ထောင်ရေး တိုက်ပွဲတွေ ပြင်းထန်လာခဲ့ကြသည်။

ဒါပေမယ့် မထင်မှတ်လှစွာပင် ဆရာမဒေါ်မေ၀င်းတွင် ကိုယ်ဝန်ရှိလာခဲ့သောအခါ။

သူတို့ကွာရှင်းပြတ်စဲဖို့ကိစ္စကိုနှစ်ဦးသဘောတူ ပယ်ဖျက်လိုက်ကြသည်။ သူတို့၏ ရင်သွေးလေးကို မိစုံဖစုံ သောဘ၀ကိုသာသူတို့ပေး လိုသည်။ ထက်မြက်ပျော်ရွှင်သော ရင်သွေးငယ်လေးတစ်ယောက်ကိုသာ သူတို့မွေးဖွားလိုကြသည်။ ထို့ကြောင့် ဇနီးမောင်နှံနှစ်ယောက် သည် ဖြစ်ခဲ့ပြီးသော အရာများကို တတ်နိုင်သမျှ မေ့ဖျောက်ထားကြပြီး အရင်လို နွေးထွေးသော အိမ်ထောင်ရေးဘ၀လေးကို ကြိုးစားပြီး ပြန်လည်ထူထောင်ခဲ့ကြသည်။ဒါပေမယ့် တစ်ယောက်နှင့် တစ်ယောက်အရင်လို ပြန်လည်နွေးထွေးမလာခဲ့ကြ။နှစ်ယောက် လုံး၏ စိတ်ထဲတွင် မွေးဖွားလာခဲ့သော ရင်သွေးလေးသည်သာ သူတို့၏မျှော်လင့်ချက် သူတို့၏အနာဂတ်။

(ဒေါ်မေ၀င်း) ဟုတ်တယ် သမီး။ သမီးက ဆရာမတို့ရဲ့ သားသမီးလိုဖြစ်နေလို့ ဒီအကြောင်းတွေကို ပြောပြတာ။ခုဆရာမတို့အိမ်ထောင် ရေးက အရမ်းကိုသွေးအေးလွန်းတယ်။ ဘာမှ နွေးထွေးကြင်နာမှုမရှိဘူး။ သမီးဆရာကြီးကလဲ သမီးတို့မြင်တဲ့တိုင်း သားလေး ကိုပဲ သူ့ဘ၀ဖြစ်နေတာလေ။ ဆရာမကတော့ သားလေးရဲ့ အမေ တစ်ယောက်ဆိုတဲ့ နာမည်ကလွဲလို့ ကျန်တာ သူ့ဘ၀ထဲမှာ မရှိတော့ဘူး။
ဒီတော့ သမီးလဲ အရွယ်ရောက်နေပြီပဲ။ အိမ်ထောင်ရေးဆိုတာကို စဉ်းစားတော့မယ်ဆိုရင်။ အဲဒီယောက်ကျားက ကိုယ်ပေါ်ဘယ် လောက်ထိချစ်သလဲ ဆိုတာထက်။ နားလည်ပေးနိုင်သလဲဆိုတာကို ဦးစားပေးစဉ်းစားသင့်တယ်။ ချစ်လဲချစ် နားလဲနားလည်ပေးနိုင်တယ် ဆိုရင်တော့ အကောင်းဆုံးပေါ့သမီးရယ်။

(နဒီ) ဟုတ်ကဲ့ပါဆရာမ။ နဒီ ..ဇော် နဲ့ပတ်သတ်တဲ့ ကိစ္စကို သေသေချာချာ စဉ်းစားပါ့မယ်။ အိမ်ထောင်ရေးဆိုတာကို နဒီ ..အချစ် နဲ့ မရောထွေးတော့ပါဘူး။

(ဒေါ်မေ၀င်း)ကောင်းတယ်သမီး။ ဇော် ကလဲ ငယ်ငယ်လေးထဲက ဆရာမတို့တပည့်ဖြစ်သလို။ နဒီ ကလဲ ဆရာမတို့ရဲ့ တပည့်အရင်း ကြီးပါပဲ။ ဒါပေမယ့် ဆရာမမြင်ကြည့်ရသလောက်ဆို သမီးက ဇော် ထက်အများကြီးလိမ္မာတယ် သိလဲသိတတ်တယ်။ ဒါပေမယ့် သမီးရဲ့အားနည်းချက်က သမီးရဲ့မိသားစုက မပြည့်စုံဘူး။ ဒါကိုဇော် အဖေက တော်တော်လေး သဘောမကျဘူး။ တစ်ခါတစ်ခါ အိမ်လာလို့ သမီးတို့နှစ်ယောက်အကြောင်းကိုပြောရင် သူက သမီးကိုတော့ သဘောကျပေမယ့် ငါ့သမီးရဲ့နောက်က မိသားစုကိုတော့ တော်တော်လေး သဘောကျပုံမရဘူး။ ပြီးတော့ ဇော် ကလဲ မိဘရဲ့ စီးပွားရေးလောင်းရိပ် အောက်ကနေ ကျော်နိုင်မယ့် ယောက်ကျားတစ်ယောက်လို့ ဆရာမ မမြင်ဘူး နဒီ။ ဒီတော့ နဒီ ကိုဆရာမရဲ့ သမီးလေး တစ်ယောက်လို သဘောထားပြီး ဆရာမလို အိမ်ထောင်ရေး သောကတွေမခံစားစေချင်ဘူး။
ဟင်း...ဆရာမပြောချင်တာကတော့ သမီးရယ်.. အိမ်ထောင်ရေးမှာ ယူတဲ့သူနှစ်ယောက်က ပိုအရေးကြီးတယ် ဆိုပေမယ့်လဲ နောက်က မိသားစု အသိုင်းအ၀ိုင်းချင်းက စရိုက်တွေ မတူတဲ့အခါ သမီးတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်က မိသားစုကို ပိုပြီးခင်တွယ် မိတဲ့အခါမျိုးတွေမှာ အရင်က ဘယ်လောက်ပဲချစ်ခဲ့ ချစ်ခဲ့ကြ အဲဒီအချိန်မှာ နားလည်မှုမပေးနိုင်ဘူးဆိုရင်တော့ ဆရာမတို့လို အိမ်ထောင်ရေးမျိုးနောက်တစ်ခု ထပ်ဖြစ်လာနေအုန်းမှာပဲလေ။

နောက်ဆုံးဆရာမပြောချင်တာကတော့ သမီးရယ် ချစ်တာတစ်ခုတည်းနဲ့တော့ အိမ်ထောင်ရေးဆိုတာ မပြည့်စုံဘူး။ နားလည်မှုရယ် သဘောထားကြီးမှုရယ်။ ပြီးတော့ ပတ်သတ်နေတဲ့ မိသားစု အသိုင်းအ၀ိုင်းရယ်။ ပြီးတော့ စီးပွားရေးရယ် အဲဒါတွေအားလုံးပြည့်စုံမှ အေးချမ်းသာယာတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်လာတာပဲ သမီး။

ဆရာမပြောသမျှကို နဒီ နားထောင်ပြီး အိမ်အပြန် လမ်းတစ်လျှောက်တွင်တော့ အတွေးများစွာပါလာခဲ့သည်။
ချစ်ခဲ့ကြသော လူနှစ်ယောက်သည် ယခုအချိန်၌ အဘယ်ကြောင့် ခံစားမှုတို့ အေးခဲသွားကြသနည်း။
တစ်ယောက်နှင့်တစ်ယောက် အဘယ့်ကြောင့် နာကျင်စေသနည်း။
မျှော်လင့်ချက်တွေ အဘယ့်ကြောင့် ပျောက်ဆုံးသွားကြသနည်း။
အဘယ့်ကြောင့် တစ်ယောက်နှင့်တစ်ယောက် မာန များထားနေကြသနည်း။

စဉ်းစားလေ တွေးမိလေး ပိုပြီးရှုပ်ထွေးလာသည်သာ ဖြစ်နေလေတော့သည်။



--------------------------------------------------
ခုဆွေလေး ရေးထားတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့အတွေးလေးမှာ အထာမကျတာလဲ ရှိချင်ရှိနေနိုင်ပါတယ်။  ဆွေလေးနားလည်ထားတာက အိမ်ထောင်ရေး သာယာမှု ဆိုတာကို ရဖို့ခက်သလို ရခဲ့ရင်လည်း ဒါဟာ ဘ၀ရဲ့ ကံကောင်းချင်းတစ်ရပ်ပဲလို့ ထင်ပါတယ်။

ဒါပေမယ့် ဒါကဆွေလေးရဲ့ အတွေးသေးသေးလေးပါ။ နောက်ထပ် အယူအဆတွေအများကြီး ရှိနေနိုင်ပါသေးတယ်။ ဒါကတော့ ဆွေလေးနားလည်သလောက် ဆွေလေးဝါသနာပါတဲ့ အရေးအဖွဲ့လေးနဲ့ တစ်မျိုးပြောင်းပြီး ကြိုးစားကြည့်မိတာပါ။

Friday 17 December 2010

လေးဘက်ထောက် ငပွေး

Funny Faces Ghost Halloween Images

Funny Faces Ghost Halloween Images




ပိန်းပိတ်အောင် မှောင်နေတဲ့ အကာလညအချိန်။ တစ်ချက်တစ်ချက် လေအဝှေ့ ရှဲကနဲရှဲကနဲ သစ်ကိုင်းကြီးတွေလှုပ်နေပုံမှာ မကောင်းဆိုးဝါးတွေများ လက်ကြီးတွေကားပြီး ပျော်မြူးနေသလားထင်ရတယ်။လူအများခေါင်းချလို့ အိပ်တဲ့အချိန်ကိုး။ဒီကြားထဲ ချမ်းပိုနေတာက ဆောင်းအ၀င်ဆိုတော့ လူအများကွေးကောင်းတဲ့အချိန်။ ဒီအချိန် ညရေးညတာ ထစရာရှိတာတောင် မရမကမိုးအလင်း အိပ်ကြသေးတာ။ ဒါပေမယ့် ညမှောင်မှောင် ခပ်အေးအေးမှာ အရိပ်တစ်ခု လှုပ်ရှားနေတာ။ ဟော. . ခုပဲကြည့် အရိပ်ရဲ့ လက်ကမြှောက်ကနဲ ကြိုးတန်းမှာလှမ်းထားတဲ့ ညသိပ်ပုဆိုးတစ်ထည်လဲ အရိပ်လက်ထဲ လျှောကနဲ။ ကိုရွှေသူခိုးက ခိုးမဲ့သာ ခိုးလိုက်တာ ထည့်စရာပါပုံမရဘူး။ သူ့ကိုယ်ခန္ဓာပိန်သေးသေးမှာ အနံကြီးကွင်းကျယ် ပုဆိုးကို မရမကလုံးဝတ်ပြီး ခါးတောင်းတောင် တိုအောင်ကျိုက်လိုက်သေးတာ။ဒါတောင် ပုဆိုးကဒူခေါင်းနီးနီး ခါးပုံစက အထုပ်နဲ့အထည်နဲ့။ အထုပ်နဲ့အထည်နဲ့ဆိုလို့ တစ်လွဲတော့မတွေးနဲ့ ကြီးနေတဲ့ပုဆိုးကို မရမကလုံးထွေးခေါက်ပြီး ၀တ်ထားတာကို ပြောချင်တာ။ဒီကြားထဲ နှင်းငွေ့နဲ့ ပုဆိုးက ရေစိုသလိုအေးစက်စက်။ ဒါကိုပင် ကိုသူခိုးက ကျေနပ်သွားသလိုနဲ့ နှုတ်ကနေတိုးတိုးပြောနေသေးတာ..

(သူခိုး) ဆောရီးဗျာ ကျုပ်လဲ အေးအေးနဲ့အိပ်တာ ပြန်နိုးတော့ နောက်ကျနေတာနဲ့ ကျုပ်ပုဆိုးမေ့ခဲ့တယ်ဗျာ။မရည်ရွယ်ပေမယ့်
ခိုးမိသွားတာ..ဟီးဟီး..၀တ်ထားတဲ့ဘောင်းဘီတိုက အပြင်ထွက်မှ တော်တော်အေးသကိုးဗျ။

ပြောလဲပြော သူ့ပုံစံလဲသဘောကျနေပုံနဲ့ တစ်ခွီးခွီးကြိတ်ရယ်နေသေး။ပြီးတော့ သူနေ့လည်က ရွာထဲမယောင်မလည်နဲ့အခြေအနေ ကြည့်ထားတဲ့ အိမ်ဘက်ကိုခပ်သွက်သွက်လှမ်းလာခဲ့လိုက်တယ်။ သူကခိုးမယ်ဆို အဲဒီအိမ် အခြေအနေကို အရင်ကြည့်တာ။ သူ့ဗလနဲ့ က ချောင်ချောင်ချိချိ ခိုးလို့ရတဲ့ အိမ်ရှာရတာ။ သတ္တိနဲတယ်ပဲပြောပြော ရဲတယ်ဆိုကျုပ် ဓါးပြလုပ်စားမှာပေါ့ဗျ။ အဲဒီအိမ်မှာနေတာက အဖွားကြီးတစ်ယောက်နဲ့ ကျပ်မပြည့်တဲ့ ကောင်လေးပဲရှိတာလို့ ကျုပ်သိခဲ့ရတယ်ဗျ။ ကျုပ်မျက်စိအကျဆုံးကတော့ဗျာ အဲဒီအိမ်က အဖွားကြီးဝတ်ဝတ်နေတဲ့ ရွှေဆွဲကြိုး ခပ်ကြီးကြီးတစ်ကုံးရယ် ရွှေလက်ကောက် သုံးလေးကွင်းလောက်ရယ် မျက်စိထဲကကိုးမထွက်ဘူး။ တစ်ခါ ကျုပ်တို့ရွာ အလှူလာတုန်းက ဒီအဖွားကြီး ၀တ်လာတာဗျ။ ဒီထဲက ကျုပ်စနည်းနာနေတာ။ ခုတော့ ကျုပ်အဲဒီအိမ် ၀င်ပေါက်ထွက်ပေါက် ကျုပ်လေ့လာထားပြီးသား။ ဟော ပြောရင်းဆိုရင်း အိမ်နဲ့နီးလာပါရောလား။ ကဲပြောနေကြာတယ် လုပ်ငန်းလေးမြန်မြန်စမယ်ဗျာ။

ကဲ ..သူခိုးလဲ အိမ်ထဲရောက်.. ရှာဖွေရေး စတော့တာပေါ့။

သူလဲအိမ်နောက်ဖေးပေါက်ကနေ၀င်ပြီး အဖွားကြီးအိပ်တဲ့ အိပ်ခန်းနားကိုသူခိုးခြေသံနဲ့ ကပ်လာခဲ့တယ်။ဟော..အဖွားကြီး အိပ်ခန်းပေါက်နားရောက်တော့မယ်။ ကျုပ်လဲ ဆွဲကြိုးကြီးနဲ့ လက်ကောက်တွေ မျက်စိထဲမြင်ပြီး နောက်ဖေးခန်းအလယ်ဆင့်ကနေ အဖွားကြီး အိပ်ခန်းဘက်ကူးမယ်ပေါ့ ခြေကိုအလှမ်း။ ဟဲ့..ပလုတ်တုတ်..ဘာကြီးတုန်း...အိမ်ပြတင်းပေါက်ကကျလာတဲ့ ရိပ်တိတ်တိတ် လရောင်ကြောင့် မှောင်မှောင်နဲ့မည်းမည်းထဲ.. ခပ်ထွားထွား ကုန်းကုန်းကွကွ အရိပ်ကြီးတစ်ခု အမွှေးကြမ်းကြမ်းကြီးတွေနဲ့ ကျုပ်ရဲ့ ခြေသလုံးပိန်ပိန်ကို တိုးနေပါလား။ ဟား... လူမိပြီထင်တယ်. စိတ်ထဲမှာ စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေနဲ့ ပြာကနဲ ဘာမှမစဉ်းစားနိုင် ဘူး ကျုပ်လှည့်ပြေးဖို့ ကြိုးစားလိုက်တယ်။
ဒါပေမယ့် ကျုပ်နောက်ကျသွားပြီ။ အရိပ်ကြီးရဲ့ လက်တစ်ဖက်က လေပေါ်ကို ရုတ်တရက်မြှောက်တက်လာပြီ ကျုပ်ခြေထောက်ကို ဖမ်း ဆွဲထားလိုက်တယ်။ကျုပ်လဲ အားကုန်ရှိသမျှ ရုန်းကြည့်တယ်။ ဒီအချိန်ကျုပ်စိတ်ထဲကိုဝင်လာတာက အဲဒီအရိပ်ကြီးက လူလား ဘာလဲ..
လူဆိုရင်တော့ ခုလောက်ဆိုအော်တော့မှာပေါ့။ ဒီလို အသံမထွက်ပဲ နေမှာမဟုတ်။ ဒါဆို... ဒါဆို...ဒါဆို...
ခုမှကျုပ်ပိုသတိထားမိလာသလိုပဲ ကျုပ်ကိုဖမ်းဆွဲထားတဲ့ လက်ကြီးက အေးစက်စက်ကြီးပဲ။


အ..အ...ရှင် ဘုရား ကယ်တော်မူပါ။ခိုးတဲ့တစ်ပါးသီလပဲ ကျိုးတာပါဘုရား။

ကျုပ်လဲရုန်းရင်း ကန်ရင်း ရသမျှဘုရားစာ အကုန်ရွတ်တာ။ဘယ်လိုမှ အဲဒီလက်ကြီးလက်က မလွတ်ဘူး။ ကျုပ်အသံထွက်ပြီး ကယ်တော်မူပါလို့အော်လိုက်ရင်လဲ လူမိမှာကတစ်ကြောင်း။ ကျုပ်တစ်ကိုယ်လုံးတော့ အေးစက်ပြီး ကြက်သီးတွေထ ဒီလောက်ချမ်းချမ်းထဲ ချွေးတွေများထွက်လာလိုက်တာ ရေချိုးသလိုပဲ။ စိုစိုကိုရွှဲ။ ရုန်းရင်းကန်ရင်း အဲဒီအရိပ်မည်းမည်းကြီးက
ကျုပ်ရဲ့ ဖမ်းထားတဲ့ ခြေသလုံးပေါ်ကို သရေလိုဘာလိုလို အရည်ခပ်ချွဲချွဲတွေကျလာတယ်။ ဘုရားဘုရား ဒါဆို သေချာပြီး..သရဲလား သဘက်လား ကျုပ်မရတော့ဘူးဗျာ ကြောက်လွန်းလို့ မျက်လုံးတွေလဲပြာလာပြီး အသားတွေလဲ တစ်ဆတ်ဆတ်တုန်လာပြီး ကျုပ်နောက်ဆုံးရုန်းတော့ မယ် ရအောင်အားနဲ့ရုန်းမယ်.

ဒါနဲ့ ကျုပ်လဲရှိသမျှအားတွေ အကုန်စုပြီးရုန်းမယ်လို့ အပြင် ဖမ်းထားတဲ့ ခြေထောက်ကလဲစူးကနဲ့ နာကျင်မှုနဲ့အတူု အကိုက်ခံရပြီ။ အိုး....ဘာပြောကောင်းမလဲ...

"ကယ်တော်မူကြပါဗျို့..ကျုပ်ကိုသရဲ ကိုက်နေလို့ ကယ်တော်မူပါ။ အား..........အား...အား"

လူခြေတိတ်ဆိတ်တဲ့ သည်လိုအချိန်မျိုးမှာ သူခိုးရဲ့ ကြောက်လန့်တစ်ကြားနဲ့ ငယ်သံပါအောင်အော်သံကြီး ကြောင့်ဘေးပတ်ဝန်းကျင်က လူတွေလဲ နိုးလာကြပြီး သူခိုးဝင်ခိုးတဲ့ အိမ်ပတ်ဝန်းကျင်နားကို ၀ိုင်းလာကြတယ်။

(ရွာသားများ) ဟေ့ ဒေါ်မှင်...ဒေါ်မှင်.. ဒေါ်မှင်ဘာဖြစ်တာတုန်း မှန်အိမ်မီးလေး ဘာလေးထွန်းပါအုန်းဗျ။

ဒီလိုရွာသားတွေအသံကြားတော့မှ အိမ်ထဲကနေ အသံတစ်သံနဲ့အတူ အဖွားကြီးတစ်ယောက် မီးမထွန်းရသေးတဲ့ မှန်အိမ်ကိုင်ပြီး ထွက်လာတယ်။

(ဒေါ်မှင်) ကျုပ်လဲသိဘူးတော်..အိမ်နောက်ဖေးနားကနေ အသံကြားတာပဲ။ တစ်ယောက်တည်းဆိုတော့ သွားမကြည့်ရဲဘူးတော့။
ကျုပ်သား ငပွေး ကလဲ အရေးဟယ် အကြောင်းဟယ် ဆို ဘယ်မှာလဲကိုမသိဘူး။ ရှာကြပါအုန်းတော်.

အဖွားကြီးလဲ ဆံပင်စုတ်ဖွား ကြောက်ကြောက်လန့်လန့် နဲ့ အသံတုန်တုန်နဲ့ပြောရှာတယ်။ ဒါနဲ့ပဲ ရွာသားတစ်ယောက်က

(ရွာသား) အာ..ကြီးတော်တို့ကလဲ အိမ်နောက်ဖေး ကိစ္စအရင်ရှင်းပါအုန်းဗျ။ ပြီးတော့မှ ကြီးတော် ရဲ့သားကိုရှာ ဟုတ်ပြီလား။
ကဲ ရွာသားတွေ မီးတုတ်တွေထွန်းပြီး ခြံထဲကနေ အိမ်နောက်ဖေးပေါက်ကို ပတ်ဝင်မယ်။ အားလုံးသွားကြမယ်ဟေ့..

အေး သွားကြမယ်ဟေ့ တစ်ခုခုဆို အားလုံးအသင့်ပြင်ထားနော်..


ဒီလိုနဲ့ ရွာသားတွေ ခြံထဲကနေပတ်ဝင်ပြီး သူခိုးဖွင့်ထားခဲ့တဲ့ အိမ်နောက်ဖေးတံခါးကို အသာလေး ဆွဲဖွင့်လိုက်ချိန်မှာ...
ရွာသားတွေ ဟင်..အို ..ဟာ ...ဘယ်လိုဖြစ်တာတုန်း.. ရွာသားတွေရဲ့ တစ်ယောက်တစ်ပေါက် အာမေဋိတ်သံတွေကြားလိုက် ရတယ်.

ဟုတ်ပါတယ်. အိမ်၇ှင်ဒေါ်မှင်ရဲ့သား ငပွေးက ပလက်လန်နေတဲ့ လူတစ်ယောက်ရဲ့ ခြေသလုံးကို ကိုက်လျှက် မှောက်လျက် အနေအထားနဲ့ သတိမေ့နေခဲ့သလို အကိုက်ခံရသော မျက်နှာစိမ်းလူကလဲ သတိလစ်လို့နေပါတယ်.
နှစ်ယောက်စလုံးကို လူတွေက တော်တော်ခြေမကိုချိုး နှာနပ် ခေါင်းခေါက်တော့မှပဲ တစ်အင်းအင်းညည်းပြီး သတိပြန်လည်လာကြပါတယ်။ ဒါတောင် သူခိုးက အရှိန်မသေသေးသလိုနဲ့ သရဲ ..သရဲ ဆိုပြီးထပြီးထွက်ပြေးမလို လုပ်တာကြောင့် ရွာသားတွေ အားလုံးကငြိမ်အောင် ဖမ်းချုပ်ထားလိုက်ပါတယ်။

အမှန်တစ်ကယ်တော့ သူခိုးက ကံကြမ္မာဂြိုလ်ဆိုးနဲ့ မညှာမတာတွေ့တယ်လို့ဆိုရမှာပါ။ သူခိုးရဲ့ ဖြစ်ရပ်ကိုတော့ ရေးပြီးဖြစ်လို့ ခုတော့ ငပွေးရဲ့ အတွေးလေးကိုလဲ ရှုစားကြပါလို့။ ငပွေးက ဒီလို...


တောက်ဒီနေ့ညမှ ဘာဖြစ်တယ်မသိဘူး ညရေးညတာ ရေအိမ်သွားချင်တာ ဘယ်လိုမှ အောင့်ထားလို့မရ။ သူ့အမေဒေါ်မှင်ကို တော့သူအားကိုးမနေချင်။ သူ့အမေက အိပ်ပြီးဆို မြို့ကဒီဂျေဆိုတာကြီး လော်တပ်ပြီးပွတ်တောင် မနိုးဘူး။သူဟိုဘက်လိမ့် ဒီဘက် လိမ့်မရဘူးရေအိမ်သွားမှကိုဖြစ်မယ်။ ခက်တာက သူတစ်ယောက်တည်းမသွားရဲ။ တော်ကြာသရဲနဲ့ တိုးနေရင် သူအောင့်ထားတာတွေ ထွက်ရုံမက အသက်ပါပါသွားနိုင်သည်။ ဆက်အိပ်လို့လဲမရ။ထရတော့မည် ဒီတော့ သူစဉ်းစားသည် သရဲနဲ့တွေ့ရင် သူဘာလုပ်မလဲ..
သူကြားဖူးတဲ့ သရဲတွေကတော်တော်ကြီးကြသည် ကိုချက်ကြီး ပြောတာများ အရပ်ကထန်းပင်လောက်ဆိုပဲ။မျက်လုံးက ဇကောလောက်ရှိတယ်တဲ့။ လျှာဆို နီရဲပြီးတိုင်းလို့မရလောက်အောင်ကိုရှည်တာတဲ့။ အစွယ်ကြီးတွေဆိုလဲပြူးနေတာပဲတဲ့။တွေးရင်နဲ့ တောင်သူတော်တော်ကြောက်လာသည်။ ပိုပြီးတော့လဲရေအိမ်သွားချင်လာသလိုလို သရဲကိုသူကြောက်တာအဲဒါတွေကြောက်တာဖြစ်သည်။ ဒါဆိုမကြည့်ရင် အဲဒါတွေမြင်ရမည်မဟုတ်။ ဒီတော့ သူမျက်စိမှိတ်ပြီးသွားမည် ဘာဖြစ်ဖြစ် မျက်စိလုံးဝမဖွင့်။ ပြီးတော့ သရဲနဲ့မျက်နှာချင်းဆိုင်တွေ့မှာကို သူကြောက်သည် ၀င်တိုက်မိနေရင် ဒုက္ခ။ ဒီတော့ ၀င်မတိုက်မိအောင် လေးဘက်ထောက်ပြီးသွားမည်။ ဒါဆို မျက်နှာချင်ဆိုင်မတွေ့ ကံကောင်းလျှင် သရဲ၏ ခြေထောက်နှစ်ချောင်းကြားမှ သူလွတ်မည်။ စဉ်းစားရင်း စဉ်းစားရင်း ဟုတ်သလိုလိုဖြစ်လာသည်။ ဟုတ်တယ် အဲလိုလုပ်ပြီး သွားမယ်။
ဒါနဲ့ပဲငပွေးတစ်ယောက် ခြင်ထောင်ကိုမ မျက်လုံးကိုမှိတ် လေးဘက်ကိုထောက်ပြီး ချီတက်လာသော အချိန် သူခိုးကလဲ အိမ်နောက်ဖေးပေါက်ကနေတစ်ဆင့် အိမ်မကြီးကို အလှမ်း အပေါက်ဝမှာ သူခိုးနှင့်ငပွေး ငပွေးနှင့်သူခိုး ဆုံမိကြချင်းဖြစ်သည်။

သူ့ကိုယ်သူအားတင်းပြီး သူဖော်တဲ့ဆေးသူသောက်ပြီး ထလာသောငပွေးတစ်ယောက် သူ့ခေါင်းနှင့် သူခိုးခြေထောက်တိုက်မိလိုက် တာနှင့်ငပွေးတပ်အပ်ထင်လိုက်သည်။ သရဲခြေထောက်နှင့် သူ့ရဲ့ခေါင်းနဲ့ တိုက်မိပြီ။မျက်လုံးလဲ သူဖွင့်မကြည့်ရဲ။ သူလဲကြောက်အားလန့်အား ဆွဲမိဆွဲရာ လှမ်းဆွဲလိုက်သည်။ ဘာလဲတော့မသိ အမွှေးဘလက်ပွနှင့် ခြေလားလက်လား မကွဲပြားသောဟောကြီးအား သူဆွဲမိသည်။ ဆွဲမိပြီဆိုမှတော့ သူမလွတ် သူ့ကြောက်အားလန့်အားနဲ့ တွန်းကန်ပြီး အဲဒါကြီးလှမ်းဖက်ထားမိသည်။နောက်ဟိုစမ်း ဒီစမ်းလိုက်စမ်းတော့ ဘာမှမတွေ့။ သူလဲဘာလုပ်ရမှန်းမသိ.ပြောရင်းဆိုရင်း သူကြိတ်ပြီးငိုနေမိသောကြောင့်သူ့ပါးစပ်မှ သရေများကျကာသာလာ၏။ အသံလဲမထွက်ရဲ။ သူ့ကိုကိုက်စားလိုက်ရင် ဒုက္ခ။ ဒါနဲ့ သူလဲဘာလုပ်ရမှန်းမသိဖြစ်နေတုန်း သူဖမ်းဆွဲထားသော အရာကြီးက အတင်းရုန်း၏။ ဒီပုံအတိုင်းဆို လွတ်သွားတော့မယ်။ မထူး သူမကိုက်ခင် ကိုယ်ကဦးအောင် ကိုက်မည်။ ဒီလိုအတွေးနဲ့ ငပွေးက အသားကုန် ကိုက်လိုက်သော်..

သူခိုးလဲ သတိလစ်ကာ ဘိုင်းကနဲအလှဲ ငပွေးလဲ မှောက်လျက်လှဲ သရဲတော့ သူ့ကို ဒရွတ်တိုက်ဆွဲပြီးဆိုသော အတွေးနှင့် ပြိုင်တူ သတိလစ်သွားလေတော့သည်။


ထို့နောက် ရွာသားအားလုံးနဲ့ ရွာလူကြီးတွေ ရှေ့မှာ သူခိုးကိုမေးလိုက် ငပွေးကိုမေးလိုက်နှင့် ဇာတ်ရည်လည်သော်..
နားထောင်နေသော ရွာလူကြီးများ အသောမသတ်နိုင်အောင်ရီကြ၏။ ရဲစခန်းသူခိုးအပ်တဲ့ ရွာလူကြီးအားလုံးမျက်နှာက
ပြုံးဖြီးဖြီး..ဒီလိုနဲ့..
သူခိုးမှန်းသိသွားသောကြောင့် သူခိုးကိုရဲစခန်းပို့လိုက်သည်.ငပွေးသည် ဘွဲ့တစ်ခုရ၏ ရွာမှာပြောပါတယ်။ ဒီအချိန်မှစပြီး ဒေါ်မှင်ရဲ့သား ငပွေးအား တစ်ရွာလုံးက နာမည်ပြောင်းခေါ်ကြသည်။

လေးဘက်ထောက် ငပွေး ဟူသတဲ့...



----------------------------------------------------------------------------
ခုချိန်ထိ ပို့(စ်)လေးတွေဖတ်ပြီး ခြေရာတွေ ချန်ခဲ့ကြတဲ့သူတွေရော မချန်ခဲ့ကြတဲ့ ဘလော့မောင်နှမတွေအားလုံး ကျန်းမာ ပျှော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဒီဇင်ဘာ ဆိုတော့ ပြန်တဲ့သူတွေက မိသားစုနဲ့တွေ့ဖို့ ပြုံးပျော်နေကြသလို။
မပြန်ဖြစ်တဲ့သူတွေကတော့ အိမ် လွမ်းစိတ်နဲ့ အိမ်ကိုလွမ်းနေကြမှာပဲလို့ တွေးမိတယ်။ ဆွေလေး လိုပေါ့။
ဒီတော့ ဘလော့မောင်နှမတွေရဲ့ လွမ်းနေတဲ့ စိတ်လေးတွေကို အပြောင်းအလဲလေးဖြစ်အောင် ပို့(စ်)လေးတစ်ခုလောက် ပြောင်းပြီး ရေးကြည့်မိတယ်။
ဖတ်နေတဲ့ အချိန်ရယ် ဖတ်ပြီးသွားလို့ တဒင်္ဂဖြစ်လာတဲ့ ပျော်ရွှင်မှုလေး ဖြစ်လာတယ်ဆိုရင်ဖြင့်.. ဘလော့မောင်နှမများကို
ဘလော့ အိမ်မလည်ဖြစ်တာကြာလို့ လာဘ်ထိုးတာ အိုကေတယ်လို့ မှတ်ယူလိုက်ပါ့မယ်.

ပြီးတော့ ရေးသားချက်များမှာ တစ်ခုခုလိုနေတယ်ဆိုရင်လဲ သည်းခံပေးပါလို့ ကြိုပြီးတောင်းပန်ပါရစေ။

ပုံလေးကတော့ ထုံးစံအတိုင်း internet ကရှာပြီး သုံးထားတာ။

Thursday 16 December 2010

အချစ်နဲ့ သီအိုရီ




(သူရ) ငါနင့်ကို ပြောမပြတတ်လောက်အောင် ချစ်တယ် ဖြူ။ ဘာလို့ချစ်လဲလို့ပြန်မပြောနိုင်လောက်အောင် နင်ငါ့ရဲ့ စိတ်တွေကိုပိုင် ဆိုင်သွားတာ။ ငါ့ကိုယ်ငါတောင် မသိလိုက်ဘူး။ ဘယ်အချိန်ထဲက ဒီလိုငါပြောင်းလဲသွားလဲဆိုတာ ငါကိုယ်တိုင်ကို မသိခဲ့ဘူး။ အရမ်းအံ့သြဖို့ ကောင်းတယ်။ ဖြူ .. နင်ရော အဲလိုပဲလားဟင်..

ကောင်လေးက အားတက်သရောမေးနေ ပြောနေခဲ့သော်လည်း ကောင်မလေး၏ မျက်နှာတွင်တော့ ဘာခံစားချက်တွေဖြစ်နေသလဲ ဆိုတာ ဖတ်လို့မရလောက်အောင် ကောင်မလေး၏ အမူအရာတွေက အေးစက်လွန်းနေသည်။ ကောင်လေးက ဒီလိုမေးတော့မှ ကောင်မလေး သက်ပြင်းမျှင်းမျှင်းလေး တစ်ချက်ကို ကြိတ်ရှိုက်လိုက်ပြီး

(ဖြူ) အင်း ဒီလိုပဲပေါ့။

အသက်မပါလွန်းလှစွာ အဖြေစကားက အေးတိအေးစက်နိုင်လွန်းနေသည်။ တစ်ကယ်တော့ လောကကြီးသည် ကိုယ်မျှော်လင့်ခဲ့သော တောင့်တခဲ့သော အချိန်တွင် မည်သို့ပင်ဆန္ဒတွေပြင်းပြ ခဲ့သော်လည်း ထိုအချိန်မျိုးတွင် မျှော်လင့်ချက်ဟူသည် ရောင်နီသန်းလာတာကိုပင် အိမ်မက်ခွင့်ရခဲ့ကြသည်မဟုတ်။ သို့သော် .. မျှော်လင့်ချက်တွေလက်ပန်းကျ ခံစားမှုတွေကို ရိုက်ချိုး ဖြစ်လာတာတွေ ရလာတာတွေကို စိတ်အားနှစ်သိမ့်ခဲ့ချင်းဖြင့် တည်ငြိမ်လာချင်းလော အေးစက်သွားချင်လော အဓိပ္ပာယ်ဖွင့်ဆိုရခက်ခဲသော အခြေအနေတွင်မှ မိမိလိုချင်ခဲ့သော မိမိတောင့်တခဲ့သော မျှော်လင့်ချင်းတို့အား ရုတ်တရက်ပိုင်ဆိုင်ခွင့် ရလိုက်ကြသော် အခါ..

ခုလဲဒီလိုပါပဲ။ သူရ ဆိုသောကောင်လေးနှင့် ဖြူဆိုသော ကောင်မလေးတို့တွင် ဖြူ သည် မျှော်လင့်ချင်းအိမ်မက်တွေကို တောင့်တခဲ့သူဖြစ်ပြီး သူရသည် မျှော်လင့်ချင်းအိမ်မက်တို့၏ အရှင်သခင်ဖြစ်နေခဲ့သည်။ဖြူဆိုသော ကောင်မလေးသည် အနေအေးလွန်းသည်။ သူမကိုကြည့်လျှင် အစဉ်အမြဲ သနပ်ခါးပါးကွက်ကြားလေးနှင့် မလှလွန်းသော်လည်း ဖြူစင်ရိုးသားမှုဖြင့် အေးချမ်းစွာနေလွန်းသူဖြစ်သည်။သူမသည် တစ်သက်မှာတစ်ယောက်သောသူဖြစ်သော သူမ၏ချစ်သူကောင်လေးကိုသာ ချစ်ခဲ့သည် နားလည်ခဲ့သည် အရာရာကို သည်းခံချင်းတို့ဖြင့် ချစ်သူကောင်လေး၏ စစ်မှန်သော ချစ်ချင်းတို့အား ဖြူဆိုသော ကောင်မလေး မျှော်လင့်ခဲ့မိသည်။ သို့သော် နှလုံးသားလမ်းကြောင်းတွင် ကျွန်းခံနေသူတို့၏ မူအရ ဖြူ သည် သူချစ်ခဲ့သော ကောင်လေးနှင့် ချစ်သူဖြစ်ပြီး
နောက်ပိုင်းတွင် ၀မ်းနည်းကြေကွဲချင်းဟူသည် ဖြူ့ အတွက်နေ့စဉ်နေ့တိုင်းဖြစ်ရိုးဖြစ်စဉ်တစ်ခုနီးနီးသာ ဖြစ်လာလေတော့သည်။

(အိခင်)"ဖြူ ရှင့်လူကို ကြည့်ပြောအုန်းနော်။ ကျုပ် ဟိုတစ်နေ့က မြို့ထဲမှာ ကောင်မလေးတစ်ယောက်နဲ့ လက်ချင်းတွဲလို့ ပျော်လို့ ပါးလို့နော်"

(ဖြူ) အင်း... အိခင်ရယ် ငါကမှသူ့က မစွန့်လွတ်နိုင်သေးတာ ဘယ်တတ်နိုင်မလဲဟာ။

(အိခင်) ဟဲ့ နင့်ကိုခွဲခိုင်းတာမှ မဟုတ်တာ။ကြည့်ပြောဖို့ အနေအထိုင်ဆင်ခြင်ခိုင်းဖို့အဲဒါကိုပြောတာလေ။ ဖြူရယ် နင့်အစားတော့ ငါတော်တော်ရင်လေးတယ်သိလား။

(ဖြူ)အေးပါ အိခင် ရယ်နင်ပြောတာ ငါနားလည်ပါတယ်။ပြင်လိုက်လို့ ချစ်ရမှန်းသိလာတဲ့ သူရကိုမလိုချင်ဘူး။ ချစ်လို့ပြင်လာတဲ့ သူရကို လိုချင်တာ။ ငါပြောလိုက်ပေမယ့် သူက နောက်ကွယ်မှာ လုပ်ချင်တာလုပ်နေတာမျိုးကိုလဲ ငါမလိုလားဘူး။

(အိခင်) အေး..ဒေါ်ဖြူနှင်း နင့်အစားငါတို့က ဒေါသထွက်လို့ပြောနေတာ။ နင့်လူက လွန်ကိုလွန်းလွန်တယ်။ ဒီလိုသာနင်လုပ်နေလို့ကတော့လေ သူများနောက်ကိုပါသွားမှာအမှန်ပဲ။ ဒါဆိုနင်သူ့ကိုမယူတော့ဘူးပေါ့။ မရလဲနေပစေပေါ့။ အလိုလား ..ဒါဆိုလဲဟယ် ခုထဲက လမ်းခွဲလိုက်ပါတော့လား .ဘာလို့စိတ်ဆင်းရဲခံနေသေးလဲ..

(ဖြူ) အင်း အဲဒါကတော့ ပြန်ဖြေရခက်တယ်ဟ။ တစ်ကယ်တော့ အချစ်ဆိုတာ လက်ထက်ထိမ်းမြှားချင်းမှာ အများဆုံး အဆုံးသတ်ရတယ်ဆိုပေမယ့် လဲဟာ တစ်ကယ်တမ်းလက်ထပ် ကြပြီဆို စိတ်ဆင်းရဲရမှာကို ကြိုသိနေတာပဲလေ။ ဒီတော့ ငါနားလည်တဲ့ အချစ်ဆိုတာက ပိုင်ဆိုင်လိုချင်းက အဓိကမကျတော့ဘူး။ပြီးတော့ ခုချိန်မှာ ငါသူ့ဘေးနားမှာရှိချင်သေးတယ်။ ဒါကြောင့်..

(အိခင်) ဟင်းးးးးးးးးးးးးးးးးးးး.. အေးလေ နင်ကျေနပ်ရင်ပြီးတာပါပဲ ဖြူ ရာ။ ဖြူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဖြူလွမ်းလွန်း ဆိုပြီး
စာရေးဆရာမလုပ်စားပါလား။ ဟွန်း.. အမြင်ကိုကတ်တယ်။

အိခင် သည်လဲ သူ့သူငယ်ချင်းမလေး၏ အဖြင့်ကိုကြည့်ရင်း အားမလိုအားမရဖြင့် ရွှဲ့ပြောနေသေးသည်။ တစ်ကယ်တော့ အိခင်မှန်သည်ဟုဆိုရမည်။ ကောင်မလေး ဒီလိုချစ်ပေးနေသည့်ကြားမှပင်..တစ်နေ့

(မိန်းကလေး) ဒီက မဖြူနှင်းဆိုတာလားမသိဘူး။ ကျွန်မခဏလောက် ၀င်ထိုင်မယ်နော်။

(ဖြူ) အော်..အင်းထိုင်လေ ညီမ ဘာကိစ္စများရှိလို့လဲမသိဘူး။

(မိန်းကလေး) ကျွန်မနာမည်က သင်းသင်း ပါ။ (မောင်)ကိုသူရ ရဲ့ချစ်သူဆိုပါတော့။ ဒီတော့ မောင့်ရဲ့ ချစ်သူတစ်ယောက်အနေနဲ့ မောင်နဲ့ဝေးဝေးနေပေးဖို့လာပြောတာ။ ယောက်ကျားမရှားပါဘူး မဖြူနှင်းရယ်..

(အိခင်)ဒီမှာ မသင်းသင်း..စကားကိုကြည့်ပြောပြီး ယဉ်ယဉ်ကျေးကျေးပြောရင် ကောင်းမယ်နဲ့တူတယ်နော်။

(ဖြူ) နေနေ အိခင် ဖြူပြောလိုက်မယ်။

ဖြူ အိခင်ကိုဝင်ဟန့်လိုက်ရင်း သင်းသင်း ဆိုသောကောင်မလေးကို သနားသလိုတစ်ချက်ကြည့်လိုက်သည်..
ပြီးတော့

(ဖြူ) ညီမသင်းသင်းနော်။ ညီမကို အစ်မတစ်ခုလောက်ပြောပါရစေ။ အစ်မပြောတာကိုတော့ ဆုံးအောင်နားထောင်ပေးပါလို့ မေတ္တာရပ်ခံပါရစေနော်။ ညီမရယ် တစ်ကယ်တော့ ညီမလေးပြောသလို ယောက်ကျားမရှားဘူးဆိုတာ ဟုတ်ပါတယ်။ တစ်ခုပဲ ညီမလေးနားလည်ထားဖို့က ဘယ်တော့မှ တို့မိန်းကလေးတွေအချင်းချင်း ယောက်ကျားတစ်ယောက်အတွက်နဲ့ ရန်သူတွေမဖြစ်ကြစေနဲ့။ တစ်ကယ်ဆို အပြစ်ရှိသူက တို့တွေမှ မဟုတ်တာ။ အစ်မ သူရ နဲ့ခပ်ဝေးဝေးနေပေးပါ့မယ်။ စိတ်မပူပါနဲ့..
ဟုတ်ပြီလား ပြန်တော့နော်...

(အိခင်) ဖြူ..

(ဖြူ) ငါ သူရနဲ့ ခပ်ဝေးဝေးမှာ နေပြီး ချစ်နိုင်အောင် ကြိုးစားတော့မယ် အိခင်။ ငါက ချစ်တတ်တဲ့မိန်းမတစ်ယောက်ဖြစ်ပေမယ့်။
စဉ်းစားဆင်ခြင်တတ်တဲ့ မိန်းမတစ်ယောက်လည်း ဖြစ်နေသေးတာကိုး။

အဲဒီအဖြစ်အပျက်နောက်ပိုင်း ဖြူသည်.. သူရ ဆိုသော ကောင်လေးနှင့် ခပ်ဝေးဝေးသာ နေခဲ့လေသည်။ခုတော့ သူရဆိုသော ကောင်လေးသည် ဖြူရှိရာ ရောက်လာပြီး သူဘယ်လိုချစ်မိခဲ့သော် သူဘယ်လိုမှ မခန့်မှန်းမိခဲ့သော်..သူဘယ်လိုမှ မသိခဲ့သော် အကြောင်းများအား ဖြူ သိအောင် အားတက်သရော ပြောဆိုနေခဲ့လေသည်။

သို့သော်..

(သူရ) ဖြူ ..ကိုကြည့်ရတာ အသက်မပါသလိုပဲ။ ဘာဖြစ်နေတာလဲဟင်။ ဖြူ ဖြစ်စေချင်သလို ကိုယ်ချစ်တတ်လာပြီလေ..

(ဖြူ) သူရ .. လူတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေ ယုံကြည်မှုတွေကို ရိုက်ချိုးပြစ်ခဲ့ပြီး ပြန်ဆက်လို့ရနိုင်ပါတော့မလား။ ခုဆိုနင်သတ်ခဲ့လို့ ငါ့စိတ်တွေ သေသွားခဲ့တာကြာပေါ့။ ဒါပေမယ့် ငါ....နင့်ကိုချစ်နေသေးတယ် သူရ။
ဒါ....ပေ....မယ့် ငါနင်နဲ့ ဝေးဝေးမှာနေပြီချစ်ရတာ ချစ်နေရတာကို ငါပိုနှစ်ခြိုက်မိတယ်။..


(သူရ) ဖြူ ..အယူခံမဟုတ်ပေမယ့် မုန်းတယ် လို့ တစ်ခွန်းလောက်တော့ ပြောသွားပါလား ဖြူ

ကောင်မလေး ပြောဖို့ အားယူလိုက်သည်။ နှုတ်ခမ်းလေးများ ပွင့်ဟလာသည်။

(ဖြူ) ဟင့်အင်း မမုန်းဘူး ချစ်နေစဲပဲ

ပြီးတော့ ကောင်မလေး သည် ကောင်လေးနှင့် ဆန့်ကျင်ဘက်ကို ကျောခိုင်းလိုက်သည်။ ပြီးတော့
သူရ နဲ့ဝေးရာသို့တစ်ဖြည်းဖြည်း...... ဖြည်းဖြည်း...ကျောခိုင်းထွက်ခွာသွားသည်မှာ..နောက်ဆုံး သူရ ရဲ့ မြင်ကွင်းမှ ပျောက်ဆုံးသွားသည်အထိ..............

သို့ဆိုလျှင် သူရ ကရော....

ပတ်ဝန်းကျင်မှ လူအများပြောနေကြသည်။ သူရ သည် အရက်၏ကျေးကျွန်ဖြစ်လို့နေသည်။ အကြောင်းမှာ မိန်းကလေးတစ်ယောက်ကြောင့် ဟုဆိုကြသေးသည်။ ပြီးတော့ ထိုမိန်းကလေးသည် ဘာမှမဟုတ်ပဲ သွေးကြီးကာ မာနကထောင်လွှား လွန်းသည်ဟုဆိုကြသည်။ ၄င်းအပြင် သူရ သည် ထိုမိန်းကလေး အပေါ်တွင် အလွန်ပင် ချစ်မြတ်နိုး ကြောင်းလဲ ပြောနေကြသေးသည်။

သို့ဆိုကလျှင် ..သင်းသင်း ဆိုသော မိန်းကလေးကရော..

လူတိုင်း လူတိုင်း တွင် အချစ်နှင့်ပတ်သတ်သော အချစ်နှင့်သက်ဆိုင်သော ခံစားမှုလေးတွေ ကိုယ်စီတော့ရှိနေကြစမြဲပင်။တစ်ချို့က ပိုင်ဆိုင်လိုသည်။ တစ်ချို့က ပေးဆပ်လိုသည်။ တစ် ချို့က ပျော်ရွှင်လိုသည်။ တစ်ချို့က ပေါက်ကွဲလွယ်ကြသည်။ တစ်ချို့က အဓိပ္ပါယ်လွဲမှားယူကြသည်။

မည်သို့ပင်ဆိုစေ ..အချစ် ဟူသည်.. သီအိုရီ သာလျှင်ရှိပြီး အဖြေထွက်ရန်သည်ကား အလွန်ခက်ခဲသော ပုစ္ဆာတစ်ပုဒ်ဟု ပင် ဆိုမိချင်တော့သည်။



..............................................................................................................................................................
ခုတစ်လော ဘလော့ရေးတာ ကျဲသွားတာကတော့ မအားလပ်လို့ပါ။ ဘလော့အိမ်လည်မထွက်ဖြစ်တာမို့ ဘလော့မောင်နှမများအား လုံးကိုလဲ သတိရနေပါတယ်လို့။ နောက်တစ်ပတ် အလုပ်ပိတ်ရက်ကြရင်တော့ ဘလော့ အိမ်လည်ထွက်ဖြစ်အောင် ကြိုးစားဖြစ်မယ်ထင်ပါတယ်လို့။။။

Thursday 9 December 2010

ဒို့က မေ့တတ်တယ်နော်....

အင်း ဘလော့မှာစာမရေးဖြစ်တာ အတော်ကြာသွားတယ်၊ အလုပ်ကလဲမအား ခရီးကလဲ ဟိုသွားဒီသွားဆိုတော့ ဘလော့ဂါတွေစီလဲ အလည်မရောက်ဖြစ်ဘူး၊ အချစ်ဆုံးညီမလေးနဲ့တောင် မဆုံဖြစ်တာကြာပေါ့။ စာလေးတွေ ရေးမယ်လို့ စိတ်ကူးထားတာတွေကလဲ မေ့ကုန်တယ်။ တဖြေးဖြေးအသက်လေးတွေကလဲ ရလာတော့ မေ့တတ် တဲ့ရောဂါကလဲ ၀င်လာတယ်ထင်တာပဲ။ အခုလုပ်မယ်ဆိုတဲ့အရာတွေလဲ ခဏခဏမေ့၊ မှတ်များမထားရင် ဘာမှကိုသတိမရတော့တာ။ မေ့တတ်တာလဲ မျိုးရိုးနဲ့ဆိုင်မလားမသိဘူး၊ အဖိုးလည်းမေ့တတ်တယ်၊ အဖွားလဲ မေ့တတ်တယ်၊ အဖွားဆို အဖိုးကိုရှေ့ထားပြီး ဟဲ့ နင့်တို့အဖိုးဘယ်သွားလဲ အသက်ကြီးမှ အလေတော်တော် လိုက်တယ်၊ အဲလိုပြောတော့ အဖိုးက ဟ ငါကဘယ်သွားလို့လဲ ဒီမှာထိုင်နေတာမတွေ့ဘူးလား။ ဒီတော့ အဖွားက သိပါဘူးတော် ကျုပ်ကမေ့သွားလို့ပါ အဲလို အဲလိုမျိုး...
အမေလဲ အဲလိုပဲမေ့တတ်တယ်.. တစ်ခါအမေဈေးသွားဝယ်တာ ဘာမှမပါပဲပြန်လာတော့ အစ်မကမေးတယ် အမေ ဈေးသွားတာလဲ ဘာမှလဲမပါလာဘူးလို့ပြောတော့ ဟုတ်လား ငါဆိုင်ရှေ့တော့ရောက်တယ် စကားပြောပြီးပြန်လာတာ မေ့သွားတာ ပြန်သွားလိုက်အုံးမယ်ဆိုပြီး နောက်တစ်ခေါက်ပြန်သွားရတယ်။
ကိုယ့်အလှည့်ရောက်တော့လဲ အဲလိုပဲခဏခဏမေ့တတ်တယ်၊ မှတ်မှတ်ရရ ပစ္စည်းတစ်ခုသွားဝယ်ဖို့ ညောင်လေး ပင်ဘက်သွားတာ အဲဒီရောက်တော့ ပစ္စည်းလည်းကြိုက်တယ် ဈေးလည်းညှိပြီးပြီ ငွေချေမယ်ဆိုပြီး အိပ်ထဲငွေရှာတော့ ငွေကမတွေ့ဘူး ချွေးတွေကိုပြန်လို့ လမ်းမှာပဲပျောက်သလား စဉ်းစားလို့မရဘူး၊ အဲဒါနဲ့ အိမ်ကိုဖုန်းဆက်တော့မှ အမေကပြောတယ် ကောင်လေး နင်ဘယ်ရောက်နေတာလဲ ခရီးသွားမယ်ဆိုပြီး နင့်ပိုက်ဆံတွေက အခန်းထဲမှာ ဘာလုပ်ထားတာလဲတဲ့ အဲလိုပြောမှ အော်ငါပိုက်ဆံတွေ အိမ်မှာမေ့ကျန်ခဲ့ တာကိုးလို့ စိတ်သက်သာရာရသွားတယ်။
တစ်ခါကလဲ မှတ်မှတ်ရရ ဒီဇင်ဘာလ ၂၅ ရက်၊ ခရစ်စမတ်ည သူငယ်ချင်းတွေစုပြီး မီးပုံပွဲလေး လုပ်ဖြစ်တယ်။ ယောက်ျားလေးရော မိန်းခလေးရော ၁၀ ယောက် လောက်ရှိတယ်၊ ခြံထဲမှာဆိုတော့ သူငယ်ချင်းတွေ လွတ်လွတ်လပ်လပ် ပျော်ကြတာပေါ့၊ ဘီယာလေးကလဲ နဲနဲပါးပါးပါပါတော့ အာလေးတွေကလဲ ရွှင်တယ်၊ မိန်းခလေးတွေက စားစရာတွေစီစဉ်ကြ၊ စားလိုက် သောက်လိုက်နဲ့ အတော်လေးပျော်နေတုံး သူငယ်ချင်းတစ်ယောက်က ကဲအစီအစဉ်တစ်ခုလုပ်မယ် ဂစ်တာတီးပြီးသီချင်းဆိုကြမယ် မဲကျတဲ့သူ ကပြရမယ်ဆိုတော့ အေးအဲဒါကောင်းတယ်၊ လုပ်မယ်ပေါ့ သူများတွေမဲပေါက်တော့ ထကတာအဆင်ပြေလို့ ကိုယ့်အလှည့်ရောက်မှ ပြဿနာကစတာ၊ စတာကဒီလို... ကိုယ်ကအိမ်ရှင်ဆိုတော့ ပုဆိုးက အိမ်နေရင်း ၀တ်တဲ့ပုဆိုး ဟိုဟာလိုလိုက် ပြေးယူလိုက် ဒီဟာလိုလိုက် ပြေးယူလိုက်နဲ့ မီးပုံးဘေးထိုင်တဲ့အချိန် ပုဆိုးချုပ်ရိုးက ဗြိကနဲကွဲပါလေရော ဆူနေကြတာဆိုတော့ ပုဆိုးပြဲတဲ့အသံ သူများတွေ မကြားလိုက်ဘူး ကိုယ်လဲမထူးပါဘူး ဆိုပြီး အသာလေး အဲလိုပဲထိုင်နေတာ ပြီးမှမသိမသာ ပုဆိုးလှည့်ဝတ်မယ်ပေါ့လေ သတိတော့ထားသား။ အဲဒီအချိန်မဲကထပေါက်ပါလေရော ပုဆိုးပြဲနေတာကို မေ့သွားတယ် ၀ိုင်းထဲဝင်ပြီးကွေးနေအောင်ကတာပေါ့ အဲဒီမှာကောင်မလေးတွေက ၀ိုင်းအော်တယ် ဟဲ့ ကိုလေး နင့်နောက်မှာ နောက်မှာ ပုဆိုးပုဆိုး ......ဆိုပြီး လက်ညိုးဝိုင်းထိုးတော့ ကိုယ်လဲ ယောင်ပြီးလက်နဲ့ နောက်စမ်းလိုက်တော့ လက်က လေဟာနယ်ထဲ ရောက်သွားတယ် ဟိုက်..သွားပြီ ပုဆိုးပြဲနေတာ ငါမေ့သွားတယ်၊ ရှက်လိုက်တာ မပြောပါနဲ့....
ဘယ်သူမှမပြောပဲနေတာ ခုမှ အွန်လိုင်းတက်ပြောတာဟီး.......အဲလိုမေ့တတ်တာ အင်းဒီနှစ်လဲ ခရစ်စမတ်မှာ ဘယ်လိုမေ့အုံးမလဲဆိုတာတော့ အဲဒီညကျမှပဲ ရင်ခုံစွာနဲ့ စောင့်ရတာပေါ့ ... သေချာတာကတော့ အဲဒီညမှာ ဘောင်းဘီရှည်ဝတ်ရမယ်လို့ သေချာမှတ်ထားရမယ်.....ဟီး ဒါပေမယ့် ....ဒို့ကမေ့တတ်တယ်နော်.....
သူငယ်ချင်းအားလုံး ခရစ်စမတ်မှာပျော်ရွှင်နိုင်ကြပါစေ......

Monday 6 December 2010

စိတ်ရဲ့ ဒဏ်ရာ




အဲဒီနေ့က ကျူရှင်ကနေပြန်လာတဲ့သူမလွယ်အိတ်လေးချပြီး ထမင်းစားဖို့ နောက်ဖေးခန်းကို အသွားဟိန်းကနဲ့ ထွက်လာတဲ့ အသံ
"သွား နင်လဲအိမ်ပေါ်ကနေဆင်းသွား နင့်အမေအမျိုးတွေနဲ့ နင်လဲအတူတူပဲ ရော့ ဒီမှာနင့်အထုပ်.."
ကျယ်လောင်ပြီး နီမြန်းသောမျက်နှာနှင့် ဒေါသ၏လွှမ်းမိုးခြင်းကိုခံနေရသော သူမ၏အဖေ ..ပြောလဲပြော အထုပ်တစ်ထုပ်လဲ သူမရှေ့ ကိုပြုတ်ကျလာတယ်.. ဒီအချိန်မှာပဲ အမေ့ရဲ့ အသံကိုသူမစကြားလိုက်ရတယ်။
"ရှင် ကလေးကိုဘာမှပြောနေစရာမလိုဘူး ပြောခြင်းပြောကျုပ်ကိုပြော။"
ပြီးတော့ သူမဘက်လှည့်ပြီး
"သမီးအိမ်ရှေ့ မှာသွားဆော့နော်။" တဲ့..
ဒါနဲ့ပဲ သူမလည်း အယောင်ယောင်အမှားမှား ရှေ့မှာရှိတဲ့ အထုပ်လေးကောက် ဟုတ်ကဲ့ဆိုပြီး အိမ်ရှေ့ ပြန်ထွက်လာတယ်။
နောက် မှာတော့ အဖေနဲ့ အမေရဲ့ ပွဲကြမ်းတဲ့ အသံတွေ..
ဗိုက်ကလည်းတော်တော်ဆာနေပြီး..ဟင်း..မဆာပဲ ခံနိုင်မလား
သီတင်းကျွတ်မေမေနဲ့ဖေဖေ့ ကိုကန်တော့ဖို့ သူမမုန့်ဖိုးတွေစုနေတာ..ဒီတော့ မုန့်စားဆင်းချိန် မုန့်မစားရဘူးလေ။ ပြီးတော့ ကျောင်းကအပြန် ကျူရှင်ကိုတန်းပြေး ဆိုလိုက်ရတဲ့ စာ ဆရာတိုင်ပေးတိုင်း လိုက်ဆိုနေရတာ ..မောလဲမော ဆာလဲဆာနဲ့ အိမ်ပြန်ရောက်..ကြိုနေတဲ့ ဒီအသံတွေ..ဖြစ်နိုင်ရင် မကြားခြင်ဘူး.
ဖေဖေ ကဆို ညီမလေးမှညီမလေး။ငါ့ကိုတော့ သိပ်ချစ်ပုံမရဘူး။ အေးပေါ့လေ..ဘယ်ချစ်မလဲ ငါကလည်းငယ်ငယ်ထဲက
ဖွားဖွားနဲ့ဖိုးဖိုး တို့ဆီမှာအနေများတာကိုး.ခုကျောင်းစတက်တော့မှ ဖွားဖွားတို့က ဒီကိုပြန်ပို့တာ..ခုဆို သူမ ပထမတန်းတောင် တက်နေရပြီ။ဟိုတစ်လောကများ ညီမလေးသူဘာသာသူ ကစားလို့ချောလဲတာကို ဖေဖေက ရိုက်လိုက်တာ မျက်လုံးထဲမှာကြယ်တွေ.လတွေတောင်မြင်သွားတယ်။မမြင်ပဲနေမလား..မျက်နှာကို လက်ပြန် ရိုက်လိုက်တာကိုး..ဟွန်း အဲဒီထဲက ညီမလေးဆို စိတ်မှာအမြင်ကိုမကြည်တော့ဘူး ဟွန်း သူ့ကြောင့်လေ ဖိုးဖိုးဆို ဒီလိုမပြောနဲ့ ဆူတောင်ဆူဖူးဘူး..
တွေးလဲတွေး သူမအထုပ်လေးပိုက်ယောင်လည်လည်နဲ့အိမ်ရှေ့လမ်းမရောက်လာပြီ..
စိတ်ကလဲတွေးနေတော့ မျက်နှာငယ်လေးနဲ့ မျက်ဝန်းမှာ မျက်ရည်တွေလည်း ၀ိုင်းနေပြီ။
သူမသူငယ်ချင်းတွေ ဆော့နေကြတယ်..သူမကတော့ ဆော့ခြင်စိတ်လဲရှိပါဘူး။
သူမဒီလိုမဆော့တော့တာ ဖေဖေတို့ဆီကိုပြန်ရောက်ပြီးမှ အရင်ကဖိုးဖိုးတို့အိမ်မှာဆို သူမအရမ်းပျော်ခဲ့ပါသည်။
အဒေါ်တွေဦးလေးတွေ ဖွားဖွားတို့ကချစ်မှချစ်။ ခု..ဒီကိုလည်းရောက်ရော နေ့စဉ်ရက်ဆက် ဖေဖေနဲ့မေမေရဲ့ ရန်ပွဲ ဘာကြောင့်လဲတော့ မသိပေမယ့် ဖေဖေက အမြဲပြောတာတော့ မင်းအမျိုးတွေ မင်းအမျိုးတွေ နဲ့ မေမေကတော့ ငွေ..ငွေလို့တော့ ပြောနေသံကြားတာပဲ..သူများတွေဆို အဖေတွေအမေတွေက ကျောင်းလာပြီး မုန့်စားဆင်းချိန်ဆိုရင် မိဘတွေက မုန့်လာပို့ရတာနဲ့ ထမင်းလာကျွေးရတာနဲ့ သူမကတော့ လာကျွေးဖို့ပြောနဲ့ မုန့်တောင်မစားနိုင်ဘူး။ သူမစုရတဲ့ မုန့်ဖိုးလေးနဲ့ မေမေတို့ကို ကန်တော့ရင် မေမေနဲ့ဖေဖေ ပျော်သွားတာကို သူမကြည့်ခြင်လို့ပါ။ ခုတော့ ရန်ပွဲကလည်းမပြီးသေးဘူးထင်တယ်။ သူများမိသားစုတွေဆိုရင် ပြုံးလို့ပျော်လို့ တစ်ခြားသူမနဲ့ရွယ်တူကောင်မလေးတွေဆို သီတင်းကျွတ် လှတပတ အကျီလေးတွေတောင် ၀ယ်ပြီးပြီတဲ့ ဟွန်း..
ကြွားနေကြတာ..သူမမှာတော့ မေမေကလည်း သတိမထားမိဘူးနဲ့တူတယ်..လေး ငါး ထည်ထက်ပိုတဲ့ အကျီမရှိ..
အင်းလေ မေမေလဲ ၀ယ်ပေးခြင်မှာပါ..ပြီးတော့ မုန့်စားဆင်းချိန် လာခြင်မှာပါ..
အလုပ်ကအားတယ်မှမရှိတာကို ချက်တာပြုတ်တာပြီးတော့ စက်လဲချုပ်သေးတာကို ဖေဖေကတော့ မြို့ထဲသွား ပြီးရင် အလုပ်ရှင်တဲ့ စကားလုံးတွေသုံး မေမေနဲ့ပြော ဖေဖေလဲစက်ချုပ် နှစ်ယောက်လုံးတော့ ပင်ပန်းတာပါပဲ။
ဒီတော့ သူမလဲမေမေနဲ့ဖေဖေကို ဘယ်တော့မှ ဟိုဟာလိုခြင်တယ် ဒီဟာလိုခြင်တယ် ပူဆာလေ့မရှိ။ ဖေဖေနဲ့မေမေ သနားပါတယ်လေ..ဒီတော့ သူမမှာ ရှိတာလေးနဲ့ပဲနေတတ်တယ်။ အဲဒါကြောင့် ဖိုးဖိုးကပြောတာ ငါ့မြေးကသိတတ်ပြီး လိမ္မာတဲ့ကလေးပါတဲ့။ ပြီးတော့ အေးလဲအေးတယ်တဲ့။
တစ်ကယ်တော့ သူမနေရတာ မပျော်ပါဘူး သူမတစ်ယောက်ထဲ အမြဲတမ်း သူမတစ်ယောက်ထဲ။ ညီမလေးကတော့ သူမလိုမဟုတ် လိုခြင်တာရရင်ရ မရရင်တော့ ဖေဖေနဲ့မေမေ ခါင်းပူပြီးသာမှတ်။ သူမထက်စာရင် ညီမလေးက ပိုပြည့်စုံသည်ပဲ.အကျီတွေလဲပေါသည်။ မုန့်လည်းစားခြင်တာစားလို့ရသည်။
တစ်ခါလောက် အသံပြဲကြီးနဲ့ ငိုလိုက်ရင်ပြီးပြီ ညီမလေးလိုခြင်တာ အားလုံးရှေ့ကိုရောက်။ ဖိုးဖိုးပြောတဲ့ ငိုတတ်တဲ့ ကလေးမုန့်စားရ ဆိုတာမျိုးနေမှာ။
စဉ်စားရင်းနဲ့တောင် သူမသတိထားမိတယ်..သူမငိုနေတာ..မျက်ရည်တွေတောင် တော်တော်ကျနေပြီ။ သူမက ဒီလိုအချိန်ပဲ ငိုတာ..မျက်ရည်တွေများ မျက်နှာမှာရွှဲလို့..တစ်ခြားချိန်ဆို သူမမကြိုက်တဲ့ ဟင်းနဲ့တောင် ထမင်းတစ်နပ်ပဲဆိုပြီး ကြိတ်မှိတ်ပြီးစားတာ နောက်တော့ မကြိုက်တဲ့ ဟာတောင် ဘာမှန်းမသိတော့ဘူး။ အင်း..ငိုရတာနဲ့ စဉ်းစားနေမိတာတွေနဲ့ သူမတော်တော်လေးနုံးချိနေသလိုခံစားရတယ်..အိပ်ခြင်လာသလိုပဲ..အင်း..ဗိုက်လဲအရမ်းဆာနေပြီ..ဖိုးဖိုးတို့ဆီကို ငါသွားမယ်..ဟုတ်တယ်ခုချိန်ဖိုးဖိုးတို့ဆီကိုသွားမယ်..ဖိုးဖိုးတို့ ကဟိုဘက်ရပ်ကွက်မှာနေတာ..မှောင်တော့နေပြီ ကွင်းပြင်ကြီးတော့ ဖြတ်လျှောက်ရမယ်ဟိုဖက်ရပ်ကွက်နဲ့ ဒီဖက်ရပ်ကွက်ကို ခြားထားတာ..ဟင်.. ဖြစ်ပါ့မလား နေ့လည်ဆို လူတွေဖြတ်နေကြပေမယ့် ခုလို ညခုနှစ်နာရီ လောက်ဆို လူပြတ်ပြီ ကြောက်စရာကြီး ငါတစ်ယောက်တည်းကို..
သူမတွေးလည်းတွေး ခုနက လမ်းထိပ် အုတ်ခုံပေါ်ထိုင်နေရာကနေ ခြေထောက်တွေရွေ့လိုက်တယ် လမ်းထိပ်ကို လျှောက်သွားလိုက် လမ်းထဲ ပြန်ဝင်လာလိုက် မျက်လုံးမှာလဲ မျက်ရည်တွေက အဆက်မပြတ်ကို ကျနေပြီ...လက်ထဲမှာ အထုပ်ကလဲ ပိုက်ထားသေးတယ်.မှောင်ကလဲတော်တော် မှောင်နေပြီ..
ဟာ..ဘာပဲဖြစ်ဖြစ်သွားမယ်ကွာ သူမဆုံးဖြတ်ပြီး လမ်းထဲပြန်ဝင်လာတဲ့ ခြေထောက်တွေကို ပြန်လှည့်လိုက်တယ်..ဒီချိန်မှာပဲ
သူမအားကိုးအရဆုံး အသံနှင့်တူ သူမကိုယ်လုံးလေး စွေ့ကနေပွေ့ချီသွားတယ်.

"မြေး လေးဘယ်သွားမလို့တုန်း လက်ထဲမှာလဲ အထုပ်ကြီးနဲ့ပါလား..ဟာ ငါ့မြေးငိုထားတာ မျက်ရည်တွေလဲ
ရွှဲလို့ ပါလား..ကြည့်စမ်း ငါ့မြေး ဓာတ်ရှင်မင်းသမီးလုပ်မလို့ ကျင့်နေတာဖြစ်ရမယ်..လာလာဖိုးဖိုးချီပြီး အိမ်ပြန်ပို့ပေးမယ်နော်"

ဒီလိုဒီလို ကြားမှသူမပိုတောင် ငိုခြင်လာသလိုပဲ။သူမ ခက်အက်အက် ငိုသံနဲ့ ဖိုးဖိုး လို့ခေါ်ပြီး ဖိုးဖိုးပခုံးပေါ်ကို အားကိုးတစ်ကြီးနဲ့ သူမခေါင်းကိုမှီချလိုက်ပြီး..ဖိုးဖိုးကို တင်းတင်းကြပ်ကြပ် ဖက်ထားမိတယ်..ပြီးတော့ ငိုသံစွပ်စွာနဲ့ ဖိုးဖိုးမြေးဗိုက်ဆာတယ်.လို့ သူမဘ၀မှာ ပထမဆုံးအကြိမ် ပူဆာလိုက်မိတယ်.

သူမ ငယ်စဉ်က အဲဒီအဖြစ်အပျက်လေးကိုသူမစဉ်းစားနေဖြစ်တာပါ။
ခုတောင် မျက်ဝန်းမှာ မျက်ရည်တွေတောင်ဝိုင်းနေပြီ။သူမနောက်မှ မေမေတို့ပြန်ပြောသလောက် သိရတာကတော့ သူမလမ်းထိပ်မှာ ထိုင်ပြီး ငိုနေတာကြာနေလို့ လမ်းထဲကသိတဲ့ သူတစ်ယောက်က ဖိုးဖိုးကို သွားခေါ်လာတယ်လို့ ပြောပါတယ်။ အင်း ဖိုးဖိုးသာရောက်မလာခဲ့ ရင် ဘာတွေ ဆက်ဖြစ်မယ် သူမမသိပါ။
အင်း အဲဒါကြောင့်မို့ပြောကြတာ ငယ်ရွယ်နုနယ်နဲ့ ကလေးတွေရဲ့စိတ်ကို အနာတရဖြစ်အောင် မလုပ်ပါနဲ့လို့
ခုတော့ သူမလူကြီးဖြစ်လို့ လုပ်ငန်းခွင်ထဲဝင် ရင့်ကျက်နေတဲ့ အချိန်မှာတောင် အဲဒီအဖြစ်အပျက်လေးက စိတ်ကိုဝမ်းနည်းအောင် လုပ်နိုင်တုန်းပဲ။ ခုတော့ သူမရဲ့ အားကိုးရာ ဖိုးဖိုးလဲ မရှိတော့ပါဘူး အဲဒီရန်ပွဲလေးပြီး နောက် တစ်နှစ်လောက်ကြာတော့ ဆုံးသွားတယ် ထင်တာပဲ သူမမမှတ်မိတော့..အရမ်းကို အံ့သြစရာကောင်းတယ်လို့ပဲပြောပြောပါ..သေချာတာတစ်ခုကတော့ ..အဲဒီနေ့ သူမခံစားရတဲ့ အရာတွေအားလုံးမှတ်မိပေမယ့် ကျန်တဲ့ ပထမတန်းကနေ ပဉ္စမတန်းထိ အဖြစ်အပျက်တွေအားလုံး သူမ..မမှတ်မိတော့ပါ။ သူငယ်ချင်းတွေကပြန်တွေ့လို့ ခေါ်ရင်တောင် သူမမသိတော့ပါ။ အဲဒီအတန်းတွေကြားထဲမှာဘာတွေ ဖြစ်ခဲ့လဲဘယ်သူတွေ နဲ့ သူငယ်ချင်းဖြစ်လဲ သူမ မသိပါ။ ဖေဖေတို့ မေမေတို့ ကပြောပြရင်တောင်သြော် ဟုတ်လားနဲ့ ပြီးခဲ့သည့် သူမဖြစ်သွားပါသည်။
ပဉ္စမတန်း နောက်ပိုင်းတော့ အသိညဏ်ရင့်ကျက်လာလို့ပဲလား မပြောတတ် သူမပြန်မှတ်မိလာခဲ့သည်.ဒါပေမယ့် ညီမလေးအပေါ်မှာ အမြင်မကြည်မှု ဖေဖေ၊မေမေ တို့ကို ဘက်လိုက်တယ်လို့ ထင်တဲ့စိတ်ကတော့ ခုချိန်ထိ ဘယ်လို
မှ ဖျောက်လို့မရ အသိညဏ်နှင့် သူမထိန်းသည်ပဲ မရပါ။ လက်တွေ့ကိုယှဉ်ကြည့်သည် မရပါ။စိတ်ထဲမှာ စွဲနေပြီ သည်စိတ်က။ ဒါကြောင့် ညီမလေးနဲ့ သူမ ညီအစ်မသာဖြစ်သည် သူမပေါင်းသော ငယ်သူငယ်ချင်းတွေ လောက်တောင် မရင်းနှီးကြပါ။သူမကို ညီမလေးနဲ့ပတ်သတ်ရင် အေးဆက်ဆက်နိုင်လွန်းတယ်လို့ ပြောကြသည်။ သူမလဲ ပြင်ကြည့်သည် ဘယ်လိုမှ မရပါ။ဒီတော့ သူမဘ၀နဲ့ ယှဉ်ပြီးအသိညဏ်ရလိုက်သည်။ တစ်ကယ်လို့များ တစ်နေ့မှာ..သူမသည် မိဘ တစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် သူမ၏ သားသမီးများအား ဒီလိုခံစားချက်မျိုး ဒီလိုနာကျင်မှုမျိုး ဘယ်တော့ မှ မပေးဖြစ်အောင် သူမသတိထားရမည်။သူမ၏မိသားစုလေးကို အေးချမ်းသာယာသော ဘ၀လေးပဲ ပေးမည်။ အေးချမ်းမှု.စိတ်ချမ်းသာမှုတွေ ပဲ သူမပေးဖြစ်အောင် ကြိုးစားမည်။ သူမ မရခဲ့သောဘ၀ကို သူမ၏မိသားစုလေးအား သူမပေးမည်။ သူမကြိုးစားရမည်။သူမ ကြိုးစားနေရအုန်းမည်။


ဒီပို့(စ်)လေးကတော့ ဆွေလေး ဟိုးအရင်ကရေးခဲ့ဘူးတဲ့ တစ်ခုပါ။ ခုတစ်လော အလုပ်တွေ တော်တော်များနေလို့ ဘလော့ကိုလည်း လှည့်မကြည့်နိုင် အလည်အပတ်တွေလဲ မလာနိုင်တာကို နားလည်ပေးကြပါလို့ ပြောရင်း မပြတ်သော သံယောဇဉ်နဲ့ ၇ုံးကနေပြီး တင်ပြီးသား အဟောင်းပို့(စ်)လေးတစ်ခုကို ဆွေလေး ပြန်တင်ပေးလိုက်တာပါ။
ဘာလို့လဲဆိုတော့ ဒီပို့(စ်)လေးကို ဆွေလေးကိုယ်တိုင်ပြန်ဖတ်ဖြစ်တိုင်း စိတ်ထဲမှာတစ်ခုခု ကျန်ခဲ့သလို ပြန်ခံစားမိလို့ပါ။

Wednesday 10 November 2010

ခရမ်းပြာအတွက် ချောကလက်ကပေးသော နောက်ဆုံးပျော်ရွှင်မှု




သူမ ရဲ့ လက်တွေက ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ နှေးကွေးလေးလံစွာ ယိမ်းနွဲ့လှုပ်ရှားနေသည်။ ကွန်ပျူတာကို ခုမှစသုံးဖူးပြီ ချက်တင် ဆိုတာကိုလည်း ခုမှသာ ထိုင်ပြီးစကား စပြောဖူးခြင်း ဖြစ်ပါသည်။ တစ်နေကုန် အိမ်လေးထဲက သူမ၏ အိပ်ခန်းလေးထဲမှာသာ အချိန်ကုန်နေရသူ သူမအတွက် အပျင်းပြေစေရန် ရည်ရွယ်ပြီးအဖော်မွန်အဖြစ် အစ်မက ကွန်ပျူတာတစ်လုံး ဆင်ပေးခဲ့ပြီးကွန်ပျူတာ အသုံးပြုပုံနှင့် အင်တာနက် အကြောင်း အနည်းအကျဉ်း သင်ပြပေးခဲ့သည် ။ ထို့နောက် သူမကို ချောကလက်မြို့တော် ဆိုက်လေးထဲသို့ နံမည် လှလှလေး တစ်ခုပေးပြီး အကောင့်ဖွင့်ပေးခဲ့သည်။ သူမ အတွက်တော့ ချောကလက် မြို့တော်လေးသည် စိတ်အပန်းဖြေစရာဖြစ်သလို ပျော်ရွှင်စွာ ခိုလှုံရာလေးလည်း ဖြစ်စေခဲ့ပါတော့သည်။ ချောကလက် မြို့တော်လေးထဲက သူငယ်ချင်းများကိုလည်း အပြင်မှာ မတွေ့ဘူး မမြင်ဘူးရပေမဲ့ သူမ သံယောဇဉ်ဖြစ်ပြီး ခင်မင်နေမိပါသည်။ သူမ အိမ်လေးသို့ ပုံလှလှလေးတွေနှင့် လာလည်သွားတာ တွေ့လိုက်ရရင် ပျော်လို့မဆုံး၊ ပုံလေးတွေကိုလည်း ကြည်လို့မဝ ဖြစ်ရကာ မြို့သူမြို့သားတို့၏ နွေးထွေးသော ခင်မင်မှုများကို ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ခံစားမိခဲ့သည်။

ကွန်ပျူတာ ကို သိပ်မကျွမ်းကျင်လှသော သူမကတော့ အလည်လာသွားသော သူငယ်ချင်းမျာဆီသို့ ပုံမပါဘဲ စာလေးတွေနဲ့သာ ပြန်လည်ပြီး အလည်ရောက်သွားတတ်ပါသည်။ သူမ အတွက် ချောကလက် မြို့တော်လေးထဲမှာ မှတ်မှတ်ရရ ရှိနေတဲ့ သူငယ်ချင်း တစ်ယောက်လည်း ရှိပါသေးသည်။ သူမ၏ အိမ်လေးကို နေ့တိုင်း ထူးထူးဆန်းဆန်းပုံလေးတွေနှင့်အတူ ဘော်ဒါကြီးရေ ဟုခေါ်ကာ ရောက်ရောက်လာတတ်ပြီး လစ်ပြီဟု ဆိုကာပြန်သွားတတ်သည့် ညသခင် ဆိုသည့် သူငယ်ချင်းဘဲ ဖြစ်ပါသည်။ အပြင်မှာ မတွေ့မြင်ဘူးပေမဲ့ သူမ ရင်ထဲမှာ သူကို လှိုက်လှဲစွာ ခင်မင်မိပါသည်။ သူငယ်ချင်း အားလုံးအပေါ် နွေးထွေးဖော်ရွေပြီး ဂရုစိုက်တတ်တဲ့ သူရဲ့အပြု အမှုလေးကို သူမသတိထားမိကာ သဘောကျပြီး ဖြူစင်စွာ ခင်မင်ခဲ့မိသည်။ထို့ကြောင့် သူအိမ်လေးကိုလည်း သူမ အမြဲလို အလည် ရောက်သွားတတ်သည်။ ထို့နောက်မှာတော့ သူငယ်ချင်းတွေ ရေးထားသော ပို့စ်လေးမျာကို ဖတ်နိုင်သလောက် ဖတ်ပြီး ကော်မန့်လေးတွေ ပေးဖြစ်ခဲ့သည်။ သူမ ကိုယ်တိုင်လည်း စာတွေရေးပြီး ပို့စ်လေးတွေ တင်ဖြစ်ခဲ့သည်။ သူမ ရေးထားတဲ့ စာလေးတွေကို သူငယ်ချင်းတွေကဖတ်ပြီး ကော်မန့် လှလှလေးတွေ ပေးထားခဲ့လျှင် သူမ မှာ ဖတ်လို့မဝ ပျော်လို့ မဆုံးနိုင်အောင် ဖြစ်နေပါတော့သည်။

ချောကလက် မြို့တော် ဆိုက်လေးမှာသာ ဝင်ထားခဲ့တဲ့ သူမကတော့ ဒီမြို့တော်လေးနှင့် မြို့တော်လေးထဲက သူငယ်ချင်းများသာ သူမ အတွက်ခင်တွယ်စရာ ဖြစ်စေခဲ့ပြီး ပျော်ရွှင်ကြည်နူးစရာ နေရာလေးတစ်ခု ဖြစ်တည်ခဲ့ပါတော့သည်။ ထို့နောက် သူမ ခံစားရတဲ့ ဝေဒနာနှင့် စိတ်ဒဏ်ရာတွေ ကိုအတတ်နိုင်ဆုံး မေ့ဖျောက်စေဖို့ စာတွေဖတ် စာတွေရေး သည့်အပြင် ဂျီတော့ကနေ ချက်တင် ထိုင်ပြီး စာတွေရိုက်ကာ စကားတွေလည်း ပြောနေတတ်ပါသေးသည်။ သူမကို အင်တာနက်သုံးတတ်အောင် သင်ပြပေးခဲ့သူ သူမရဲ့ အစ်မက သူမကို အွန်လိုင်းတက်ရင် ချက်တင်မှာ ဘယ်တော့မှ ကိုယ်အကြောင်း၊ နာမည်၊ နေတဲ့နေရာကို အမှန်အတိုင်း မပြောပါနှင့် အွန်လိုင်းလောက က ရှုပ်ထွေးပြီး အလိမ်အညာတွေများလွန်းတဲ့အတွက် VZO နှင့် ဖုန်းကိုလည်း မသုံးပါနှင့် ညီမလေး ကိုဒဏ်ရာတွေဖြစ်သွားမှာ ခံစားမှုတွေ ဖြစ်သွားမှာစိုးရိမ်လို့ပါ ဟုဆိုပြီး သူမ ထံ ဂတိတောင်းပြီး တားမြစ်ထားခဲ့ပါသည်။ သူမ ကိုယ်တိုင်လည်း သူမရဲ့ အကြောင်းတွေကို ဘယ်သူ့ကိုမှ မသိစေချင်တဲ့သူမို့ အဲ့ဒီဂတိကို အလွယ်တကူ ပေးလိုက်ပြီး ချက်တင်စထိုင်ကာ မတွေ့ဘူး မမြင်ဘူးတဲ့ သူများနှင့် အွန်လိုင်းမှာ စာရိုက်ပြီး စကားပြောခြင်းကို စတင်ပါတော့သည်။

ကိုယ့် ဘဝအကြောင်း ကိုယ်နေတဲ့နေရာ ကိုယ့်နာမည်ကိုတောင် အမှန်အတိုင်း မပြောချင်ခဲ့တဲ့ သူမ ကတော့ ဂျီတော့ ပေါ်မှာ အခြားသူများနှင့် စကားပြောလျှင် ဘုကလန့် စကား ကိုးလိုးကန့်လန့် စကားလုံးများသာ ထွက်ကျလာတတ်သည်။ တစ်ချို့ကျတော့ ဘုကလန့် စကားတွေ ပြောတတ်တဲ့ သူမ ကို အပြစ် မမြင်ဘဲ ပိုပြီးစိတ်ဝင်စားခင်မင်ကြတဲ့ သူငယ်ချင်းများရှိကြသလို၊ အချို့ကျတော့လည်း “ မင်းဟာ တကယ့် လူထူးလူဆန်း တစ်ယောက်ဘဲ ” ဟုဆိုကာ စိတ်ဆိုးသွားကြတဲ့ သူတွေလည်း ရှိကြပါသည်။ ထို့နောက် နှမချင်း မစာနာ စွာဖြင့် ဒေါသတကြီး မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုသွားကြတဲ့ သူများကိုလည်း မကြာခဏ ကြုံတွေ့ရတတ်ပါသေးသည်။ အဲ့ဒီလို လူမျိုးများကို တွေ့ရတော့ သူမ စိတ်မကောင်းဖြစ်ပြီး အပြီးတိုင် ဘလော့ ထားလိုက်ပါတော့သည်။ သို့သော် သူမ ဖြေသာပါသည်။ သည်းခံစိတ် မရှိတဲ့သူ အောက်တန်းကျတဲ့သူ မိုက်ရိုင်းတဲ့သူများနှင့် သူမ မိတ်ဆွေ အပေါင်းအသင်း မဖြစ်လိုက် ရသည်က ကံကောင်မှု ဟုယူဆလိုက်တော့ သူမစိတ် ပေါ့ပါးကျေနပ်သွားခဲ့မိပါတော့သည်။ တဆက်တည်း သူမ ရဲ့ လုပ်ရပ်တွေက နောက်ဆုံးတော့ သူမ အပေါ် သည်းခံနိုင်သောသူ နာလည် ပေးနိုင်သောသူ စိတ်သဘောထား မြင့်မြတ်သောသူ သူမကို တကယ် ခင်မင်ကြသော သူများသာ ကျန်နေလိမ့်မည်ဟု သူမက ယူဆထားလိုက်ပါတော့သည်။ သူမ ယူဆထားခဲ့သည့် အတိုင်းလည်း ခင်မင်စရာကောင်းသော သူငယ်ချင်များ ရန်ဖြစ်ဖော်များ ရခဲ့ပါသည်။


ဒီလိုနှင့် တစ်နေ့မှာတော့ သူမရဲ့ဘဝမှာ မျော်လင့် မထားတဲ့ အဖြစ်အပျက်လေးတစ်ခု အမှတ်မထင် ဖြစ်ပျက်လာခဲ့ပါတော့သည်။ သူမရဲ့ ဘုကလန့် စကား၊ ခပ်ရင့်ရင့် စကားများကို စိတ်မဆိုးဘဲ သည်းခံပြီး ပြန်လည် နောက်ပြောင် ကျီစယ်တတ်သော ကောင်းကလေး ၅ ယောက်နှင့် သူမ ခင်မင်ခဲ့မိသည်။ သူတို့ကတော့ သူတို့၏ နာမည် သူတို့၏ အကြောင်းတွေကို ပွင့်လင်းစွာပြောပြတတ်ပြီး သူမ ရဲ့အကြောင်းတွေကိုလည်း မေးတတ်ပါသည်။ သူမက မဖြေဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေတတ်သည်ကိုလည်း နားလည်ပေးကာ “ ဘာဖြစ်လဲ နာမည် နေတဲ့နေရာသိမှ ခင်လို့ရတာ မဟုတ်ပါဘူး ဒီလိုလည်း ခင်လို့ဖြစ်ပါတယ်” ဟုဆိုကာ အမည်မပြောတဲ့သူမ ကို သူတို့က တစ်ယောက်တစ်မျိုးစီ နာမည်ပေး ကင်ပွန်းတတ် ကြပါတော့သည်။ တစ်ယောက်က သူမကို ဘွားဘွား ဟုခေါ်ပြီး နောက် တစ်ယောက်ကတော့ အပျိုကြီး ဟု ခေါ်တတ်ပါသည်။ နောက်ထပ် တစ်ယောက်ကတော့ မကြီး ဟု ခေါ်ပြီ ကျန်နှစ်ယောက်ကတော့ မမ ဟု ခေါ်ဝေါ်ကြပါတော့သည်။ ဘွားဘွား ရေ ဟု ခေါ်ပြီး ချွဲတတ်သော ကောင်လေးကို သူမက သားသားရေ ဟုပြန်ခေါ်ကာ စနောက်တတ်သလို အပျိုကြီး ဟုခေါ်သော ကောင်းလေးကိုလည်း ဘုကလန့် စကားတွေ ပြန်ပြောမိတတ်ပါသည်။

ထို့နောက် သူကို မကြီး ဟုခေါ်ပြီး အမြဲရစ်တတ်တဲ့ ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်ကိုလည်း သူစိတ်ကျေနပ်သွားအောင် အရစ်ခံပေးပြီး သူမကလည်း ဂျစ်ကန်ကန်နဲ့ ပြန်လည်ရစ်တတ်ပါသေးသည်။ အဲ့ဒီအခါကျရင်တော့ သူက “မကြီး ပြောတာသိပ်တရားလွန်တာဘဲ ကျွန်တော့်ဘက်ကတော့ မဘလော့ချင်ဘူး… မကြီးဘက်က ဘလော့လိုက်ဗျာ” ဟု စိတ်ဆိုး မာန်ဆိုးဖြင့် ပြောတတ်ပါသည်။ ဒီလို အခြေအနေလေး တင်းမာလာရင်တော့ သူမက လေပြေလေးနဲ့ ပြန်လည် ချော့မော့ကာ တောင်းပန်ရပါသေးသည်။ ထို့နောက် မမ ဟုခေါ်ပြီး စတတ်သော ကောင်လေးနှစ်ယောက် ၊ သူတို့ နှစ်ယောက်ကတော့ သူများတွေထက် သူတို့ကို ပိုပြီး ခင်စေချင်ကာ ဘုကလှန်စကားတွေထက် စကားကောင်းကောင်းမွန်မွန်လေးတွေဘဲ ပြောစေချင်ခဲ့တဲ့ သူလေးတွေဘဲ ဖြစ်ပါသည်။ သူမကတော့ ကိုယ့်အကြောင်း မသိစေချင်ခဲ့တဲ့ အတွက် စကားအကောင်းများထက် ဘုကလန့် စကားများသာပြောတတ်ခဲ့သည်။ ထိုအတွက် တခါတလေ စကားများရန်ဖြစ်ပြီး စိတ်ကောက်ကာ မခေါ်ခဲ့ကြတဲ့ အချိန်တွေလည်း ရှိတတ်ပါသေးသည်။

နေ့ရက် အချိန်လေးတွေကြာလာတော့ သူတို့လေးတွေကို သူမ မှတ်မှတ်ထင်ထင် ရှိလာပါတော့သည်။ သူတို့ ၅ ယောက်လုံးက အသက်တွေလည်း ရွယ်တူလေးတွေ ဖြစ်ကြသလို သူတို့ ကျောင်းတက်နေကြတဲ့ နိုင်ငံလည်း တူညီနေပြီး အွန်လိုင်း တက်ချိန်တွေပါ တိုက်တိုက်ဆိုင်ဆိုင် တူညီနေကာ လူငယ်သဘာဝ “ ဒီနေ့တော့ စိတ်ညစ်နေလို့ အရက်သောက်တော့မယ်ဗျား” ဆိုတဲ့ စကားတွေအထိပါ တူညီနေကြတော့ သူမ သံသယ ဝင်လာမိတော့သည်။ တစ်ယောက်တည်းက ဒါမှမဟုတ် နှစ်ယောက်လောက်က အကောင့်တွေ အများကြီး ဖောက်ပြီး သူမကို သက်သက် အရူးလုပ်နေတာလား ဟုတွေးမိလိုက်တော့ ဒေါသ ထွက်မိပါတော့သည်။

တစ်နေ့တော့ သူမကို မမ ဟုခေါ်သော ကောင်လေး တစ်ယောက်က သူမ အကြောင်းတွေကို စေ့စေ့စပ်စပ် မေးလာပါတော့သည်။ သူမ ကတော့ ထုံးစံအတိုင်း သူမ အကြောင်းကို မပြောပြချင်ခဲ့တဲ့အတွက် ဘုကလန့် စကားများနှင့် ခပ်ရင့်ရင့် စကားများသာ ပြန်ပြောမိခဲ့ပါသည်။ သိချင်တာကို မသိရဘဲ စကားလုံး ခပ်မာမာတွေသာ ရရှိခဲ့တဲ့အတွက် သူ အတော်လေး စိတ်ဆိုးသွားကာ သူမကို ပြန် ရွဲ့ ပြီး ဘုကလန့် စကားတွေ ပြန်လည် ပြောဆိုလာပါတော့သည်။ ထို့နောက် သူမနှင့် ထိုကောင်လေး ဂျီတော့ ပေါ်မှာ အကြီးအကျယ် စကားများကြပါတော့သည်။ နောက်ဆုံး သူမ စိတ်ဆိုးပြီး သူ့ကို ဘလော့ လုပ်လိုက်ပါတော့သည်။ ခဏလောက်ကြာတော့ အွန်လိုင်းပေါ်က မြေးလေး “ သား” က “ဘွားဘွား... နေကောင်းလား”ဆိုပြီး နုတ်ဆက်လာတာ တွေ့လိုက်ရပါသည်။ သူမ ဒေါသ အရှိန်မသေသေး။ ထို့ကြောင့် အစောပိုင်းက သူမ နှင့် ကောင်လေး ရန်ဖြစ်ထားခဲ့သော စာကို“ သား ”ထံ ပို့ပေးလိုက်ပြီး“ အဲ့ဒီကောင်လေး ကိုသိလား” ဟု မေးလိုက်ပါသည်။ သား က ဂျီတော့ ပေါ်မှာ “ ဟဟဟ” ဆိုတဲ့စကားလုံးနှင့်အတူ “မသိပါဘူးဘွားဘွား ” ရယ်ဟု ပြန်ပြောလာပါသည်။ သူမက “ဒါဆိုဘာ့ကြောင့် မင်းကရယ်တာလဲ” ဟုပြန်မေးတော “ဘွားဘွားလှော်ချက်တွေ က မိုက်လွန်းလို့ပါ။ ကောင်းတယ် အဲ့ဒီလိုမျိုးကောင်းကို ဘလော့လိုက့် ဘွားဘွား ကို သက်သက်စောကားတာ ” ဟုဆိုပြီး “ဟားဟားဟား ” ဆိုတဲ့ ရယ်သံစွဲလေးက ပါလာပြန်သည်။ သူမစိတ်ထဲ ပိုပြီး မသင်္ကာဖြစ်လာပါတော့သည်။

ထို့နောက် .. မကြီး ဟုခေါ်သော ကောင်လေးတစ်ယောက် ပေါ်လာပြန်သည်။ “ကျွန်တော် မူးနေလို့ မကြီးကို ရစ်မယ်ဗျား” ဟုဆိုကာ သူမကို စကားလုံးများဖြင့် ရစ်နေပါတော့သည်။ ထို့ပြင် “မကြီး ကျွန်တော့ကိုခင်ရင် အဲ့ဒီ ဗီဒီယို လေးကြည့် ” ဟုဆိုကာ “ စိတ်ညစ်နေလို့ သွားတော့မယ်ဗျား”ဟု ပြောပြီး ပျောက်သွားပါတော့သည်။ သူ ပို့ထားသော ဗီဒီယိုလေးကို ဖွင့်ကြည့်မိလိုက်တော့ သူမ အလွန်ဘဲ ကြောက်လှန့်ပြီး တုန်လှုပ် ခြောက်ခြားသွားခဲ့ရပါတော့သည်။ သူပို့လိုက်သည်မှာ လူတစ်ယောက်ကို ရက်ရက်စက်စက် အရှင်လတ်လတ် ခေါင်းဖြတ်သတ် နေတဲ့ ပုံတွေဘဲ ဖြစ်ပါတော့သည်။ သို့သော် သူမက သူ ကြည့်စေချင်လို့ ပို့ပေးခဲ့တာ ဆိုတဲ့ အသိနှင့် အဲ့ဒီ ဗီဒီယိုလေးကို တုန်လှုပ်ခြောက်ခြားစွာဖြင့် အကြိမ်ကြိမ် ကြည့်ပေးနေခဲ့ပါသည်။ သူမ ထို ဗီဒီယို လေးကိုကြည့်နေစဉ်မှာဘဲ မမ ဟုခေါ်သော နောက်ကောင်လေး တစ်ယောက် က နုတ်ဆက်လာပြန်ပါသည်။ သူမ စိတ်တွေက ဒေါသအရှိန် သံသယအရှိန် နှင့် ကြောက်လှန့်မှု အရှိန်တွေ ကြောင့်ပါ ရှုပ်ထွေး နောက်ကျိနေပါတော့သည်။ ထို့ကြောင့် ထိုကောင်လေးအား “သွားတော့ ငါ့ကို ဘာစကားမှလာမပြောနေနဲ့ ငါအိပ်တော့မယ်” ဟု ခပ်တင်းတင်း ပြောလိုက်တော့သည်။

ထိုကောင်လေးက သူမကို “ မမ အိပ်ချင်ရင်လည်း အိပ်ပါ ဒါဆိုရင် လည်း နောက်နေ့မှဘဲ ကျွန်တော်တို့ အကြောင်းတွေ မမကို အမှန်အတိုင်း ပြောပြပါတော့မယ် ” ဟုဆိုလာတော့ သူမ အလွန်ဘဲ စိတ်ဝင်စားသွားမိသည်။ ကျွန်တော်တို့ ဆိုသော အသုံးအနှုန်းက တစ်ယောက်ထဲမဟုတ်ဘဲ အများကို ရည်ညွန်းသည့် စကားလုံး မဟုတ်ပါလား။ ထို့ကြောင့် သူမ က“ ငါမအိပ်တော့ဘူး စိတ်ဝင်စားတယ် ပြောပြစမ်း အမှန်အတိုင်း ”ဟု ခပ်သွက်သွက်လေးရေးပြီး ပြန်ပြောလိုက်ပါတော့သည်။ ထို့နောက်မှာတော့ သူက “မမ လုံးဝ စိတ်မဆိုးပါနဲ့ ကျွန်တော် အရင်ဆုံး တောင်းပန်ပါတယ် ပြီးတော့ ဘလော့လည်း မလုပ်လိုက်ပါနဲ့ ” ဟုဆိုကာ ဆက်မပြောသေးဘဲ ရပ်နေသည်။ သူမက “ဆက်ပြော ငါစောင့်နေတယ်”ဟု ပြောလိုက်ပြီး စိတ်လှုပ်ရှားစွာ စကားလုံးတွေကို စောင့်မျှော် နေမိပါတော့သည်။ အတန်ကြာတော့ သူက “ ဒီနေ့ မမ ဘလော့ လုပ်လိုက်တဲ့ တစ်ယောက်ရယ် မမ ကသား လို့ခေါ်တဲ့ တစ်ယောက်ရယ် ကျွန်တော်ရယ် ကတစ်ခန်းထဲ အတူနေကြတဲ့ သူငယ်ချင်းတွေပါ ။ မကြီးလို့ခေါ်တဲ့ တစ်ယောက် နဲ့ အပျိုကြီးလို့ခေါ်တဲ့ တစ်ယောက်ကတော့ တစ်ခြားအခန်းမှာ နေကြပါတယ်။ ကျွန်တော်တို့ အားလုံးဟာ သူငယ်ချင်းတွေပါ။ မမရဲ့ ဘုကလန့် စကားတွေကို စိတ်ဝင်စားပြီး စချင်ခဲ့ကြတဲ့ အတွက် ကျွန်တော်တို့ အဲ့ဒီလို လုပ်ခဲ့မိကြတာပါ ။ ပြီးတော့ မမက VZO နဲ့ ချက်မယ်ဆိုလည်း လက်မခံ၊ ဂျီတော့နဲ့ ပြောမယ်ဆိုရင်လည်း အမြဲငြင်းနေတော့ ကျွန်တော်တို့အားလုံးက မမကို ကောင်လေးတစ်ယောက်လို့လည်း ထင်မိခဲ့ကြပါတယ်။ မမနဲ့ စကားတွေပြောတာကြာလာတော့ မမရဲ့ စိတ်ထားလေးကိုလည်း သိလာသလို ကျွန်တော်တို့ တစ်ယောက်တစ်မျိုး နှောက်ယှက်လို့ မမ အလုပ်ရှုပ် စိတ်ရှုပ် နေခဲ့ရတာတွေကိုလည်း အရမ်းလည်း အားနာခဲ့မိပါတယ်။ ဒါကြောင့် အမှန်အတိုင်းပြောပြီး ဝန်ခံကြတာပါ။ ကျွန်တော်တို့ကို စိတ်မဆိုးလိုက်ပါနဲ့နော်”ဟု ရှည်လျားစွာ ရှင်းပြလာပါတော့သည်။

ထိုစကားလုံးများသည် သူမကို လှောင်ပြောင်နေသလို ခံစားရပြီး ဒေါသ ကို အလိပ်လိုက်ထွက်စေခဲ့ပါတော့သည်။ သူတို့လေးတွေ အားလုံး ပေါင်းပြီးသူမကို အရူးလုပ်ကာ ကွယ်ရာတွင် သူမကို ဟားတိုက် ရယ်မော နေကြမည် လှောင်ပြောင်နေကြမည်ဟု သူမ ခံပြင်းစွာ တွေးမိလိုက်သည်။ ထို့နောက် သူမ ပါးစပ်က ဆဲမိလိုက်သလို လက်ကလည်း ဒေါသ အငွေ့အသက်တွေပါတဲ့ စကားလုံးတွေ ချရေးလိုက်မိပါတော့သည်။ “ ဘာ့ကြောင့် ဒီလို လုပ်ကြတာလဲ ငါက မင်းတို့အတွက် ဟားတိုက်လှောင်ရယ်စရာ အရူးတစ်ယောက် ငပေါကြီးတစ်ယောက် မင်းတို့ရဲ့ စကားဝိုင်းထဲက အမြည်းတစ်ခွက်ပေါ့ ဟုတ်လား ”ဟု နာနာကျည်းကျည်း ပြောမိလိုက်ကာ တစ်ဆက်တည်းမှာ “အားလုံး ကိုနုတ်ဆက်ခဲ့ပါတယ် ” ဟု ပြောပြီး ဆိုင်းအောက် လုပ်ဖို့ သူမ၏ လက်တွေ ရွေ့လျားလိုက်ပါတော့သည်။ ထိုအချိန်တွင် “ မမရယ် အားလုံးကို နုတ်ဆက်ခဲ့ပါတယ် ဆိုတာက ဘာကိုပြောနေတာလဲ။ မမ စိတ်ကျေနပ်မယ်ဆိုရင်တော့ အားလုံးကို ဘလော့ချင်ရင်လည်း ဘလော့လိုက်ပါ ဒါပေမဲ့ ကျွန်တော်တို့ကတော့ မမကို အမြဲအမှတ်ရပြီး ခင်နေကြမှာပါ ခု ကျွန်တော်တို့ ကွန်ပျူတာရှေ့မှာ အားလုံးရှိနေပါတယ်” ဆိုတဲ့ စကားလေးက ကမန်းကတန်း ရောက်ရှိလာခဲ့ပါသည်။

သူမ တွေဝေသွားမိပါတော့သည်။ သူတို့လေးတွေနဲ့ စကားတွေပြော ငြင်းခုန်ရန်ဖြစ်ရင်း ပျော်ရွှင်ခဲ့ရသည့် အချိန်များကိုလည်း ဖြတ်ကနဲ သတိရလိုက်မိကာ ဆိုင်းအောက်လုပ်တော့မည့် သူမ၏လက်က အလိုလို ရပ်တန့်သွားတော့သည်။ ထို့နောက် ဘယ်တော့မှ ဘယ်သူ့ကိုမှ မပြောပြ ဖြစ်ခဲ့သော သူမ၏ နာကျင် ကြေကွဲစရာ အဖြစ်အပျက်များကို သူတို့လေးတွေအား ရင်ဖွင့်ပြီး အားရပါးရ ငိုကြွေး မိလိုက်ပါတော့သည်။ တကယ်တော့ သူမက အက်ဆီးဒင့် တစ်ခုကြောင့် အောက်ပိုင်းသေနေသည့် အပြင် လူ့လောကတွင် ( ၆)လသာ အသက်ရှင်ခွင့် ရတော့မည့် သွေးကင်ဆာ ရောဂါဝေဒနာကို အပြင်းအထန် ခံစားနေရသော သူ တစ်ယောက်သာ ဖြစ်ပါသည်။ သူမ၏ ချစ်သူမှာလည်း အက်ဆီးဒင့် မဖြစ်ခင်၊ ရောဂါဒေနာကို မခံစားရသေးခင် အချိန်တွေက ချောမောလှပနေသေးသော သူမကို အလွန်ချစ်ကာ ဂရုတစိုက်ရှိနေခဲ့သည်။ နောက်ပိုင်းတော့ အောက်ပိုင်းသေ၍ ကင်ဆာရောဂါကြောင့် ပြောင်းလဲလာသော သူမ၏ ဟောက်ပက်ပက် မျက်လုံးများ ကျိုးတိုးကျဲတဲ ဆံပင်များ ပိန်လှီကျုံနွဲ့ နေသော ခန္ဓာကိုယ် နှင့် ဝီးလ်ချဲပေါ်မှာသာ ရှိနေတတ်သော သူမကို အပြီးတိုင် စွန့်ခွာသွားပြီး တစ်ခြားသော ကောင်မလေးတစ်ယောက်နှင့် လက်ထပ်သွားခဲ့ပါတော့သည်။

ကံတရားက သူမကို မညာတာ အငြိုးတကြီး နိုင်လွန်းလှသည်။ သေဆုံးဖို့ကိုတောင် နှလုံးသားတစ်ခုလုံး ကွဲကြေပြီး စောင့်နေရမဲ့ အဖြစ်မျိုးကို ရက်ရက်စက်စက် ဖန်တီးပေးခဲ့သည်။ ထို့ကြောင့် သူမခံစားရသော ဒေနာတွေနှင့် စိတ်ဒဏ်ရာတွေ ကို ခဏလေးဖြစ်ဖြစ် မေ့ဖျောက်ထားနိုင်ဖို့ ချောကလက် မြို့တော်လေးထဲမှာ လည်ပတ်ရင်း ချက်တင်ထိုင်ကာ မတွေ့ဘူး မမြင်ဘူးသော သူများနှင့် စကား ပြောခြင်းကို စတင်ခဲ့မိခြင်းသာ ဖြစ်ပါသည်။ ချက်တင် ထိုင်သောအခါ သူမ အကြောင်း မေးကြသည်ကို ပြောပြနိုင်သော ခွန်အားမရှိသည့်အပြင် သူမ ဘဝကို သူမ စိတ်ပျက်အားငယ် ကြောက်ရွံမိနေသည့် အတွက်ကြောင့် ပြောလိုက်သော သူမ၏ စကားများမှာ တဘက်လူ အတွက်တော့ မလှမပ ဘုကလန့် များသာဖြစ်စေခဲ့တော့သည်။ ထိုအကြောင်းတွေကို သူမ က နာကြည်းစွာ ချရေးပြီး သူတိုလေးတွေကို ပြောပြလိုက်တော့ ကွန်ပျူတာ မျက်နှာပြင်ပေါ်မှာ အတန်ကြာသည့်အထိ စကားလုံးတွေ ရပ်နားကုန်သည်။ သူမ ကိုယ်တိုင်လည်း ကွန်ပျူတာရှေ့မှာ ခေါင်းငိုက်စိုက်ချပြီး သည်းထန်စွာ ငိုကြွေးနေမိပါတော့သည်။

ထို့နောက် ကွန်ပျူတာ မျက်နှာပြင်ပေါ်မှာ “ မမ....ရယ် ” ဆိုသည့် စကာလုံးလေးကို မျက်ရည်တွေကြားမှာ သူမ မှုန်ဝါးဝါးတွေ့လိုက်ရလိုက်သည်။ သူမ က “ ငါ့ အကြောင်း ဘာသိချင်ကြသေးလဲ မေးကြလေ။ သိချင်တဲ့ အကြောင်းအရာ မှန်သမျှ အကုန်သာမေးကြ အားလုံးဖြေမယ်” ဟု နာနာကျင်ကျင် ပြန်ပြောလိုက်ပြီး သူတို့လေးတွေရဲ့ မေးလာမည့် စကားလုံးများကို ငိုကြွေးကာ စောင့်နေလိုက်တော့သည်။ အတန်ကြာတော့ “မမ ရယ်…. တော်ပါတော့ မပြောပါနဲ့တော့ ကျွန်တော်တို့ အားလုံးကို ခွင့်လွတ်ပါ တောင်းပန်ပါတယ် ပြီးတော့ ကျွန်တော်တို့ မမကို ဂျီတော့နဲ့ စကားပြောပြီး တောင်းပန်ချင်လို့ပါ ခွင့်ပြုပေးပါနော် ဒီဂျီတော့ကနေ အသံနဲ့ ပြောခွင့် မရဘူးဆိုရင်လည်း မမကို ဆက်သွယ်လို့ရမဲ့ ဖုန်းနံပတ်လေးတော့ ပေးပါနော် ။ မမရဲ့ အသံကိုလည်း ကြားပါရစေ ကျွန်တော်တို့ အားလုံးလည်း မမနဲ့ စကားပြောချင်နေကြသလို အားလုံးကလည်း အရမ်းကို တောင်းပန်ချင်နေကြပါတယ်။ ကျွန်တော်တို့ရဲ့ ဒီ ဆန္ဒလေး တစ်ခုကိုတော့ လိုက်လျောာပေးပါ မမ ရယ် ” ဆိုသည့် စကားလေး ကို တွေ့လိုက်ရတော့ သူမ စိတ်အနည်းငယ် ပျော့ပြောင်းသွားခဲ့ပြီး သူမ၏ ဖုန်းနံပတ် လေးကို ပြောပြလိုက်ပါတော့သည်။

၅ မိနစ်လောက်နေတော့ သူမ၏ လက်ကိုင်ဖုန်း အသံမြည်လာပါသည်။ သူမ ဖုန်းကို တုန်ယင်စွာ လှမ်းကိုင်လိုက်ပြီး ငိုသံဖြင့် ထူးလိုက်မိသည်။ တစ်ဆက်တည်း “ မမ...ကျွန်တော်တို့ပါ ခု ကျွန်တော်တို့သူငယ်ချင်းတွေအားလုံး ဖုန်းနားမှာ ရှိနေကြပါတယ်။ ကျွန်တော်တို့ကို ခွင့်လွတ်ပေးပါ တောင်းပန်ပါတယ်ဗျား” ဆိုသည့် အသံလေးတွေကိုပါ ကြားလိုက်ရသည်။ သူမ စကားပြန်မပြောနိုင်သေးဘဲ ငိုကြွေးနေမိသည်။ သူမ ငိုသံ ကြားရတော့ သူတို့ ပိုပြီး စိတ်မကောင်း ဖြစ်သွားကြကာ တိုးညှင်းဖျော့တော့သော အသံလေးဖြင့် “ မမ ရယ် ကျွန်တော်တို့ အားလုံးက မမနဲ့အတူ ဒီအဖြစ်အပျက်တွေ ကိုလည်း ဘဝမှာ ဘယ်တော့မှ မေ့ပြစ်လို့ မရနိုင်တော့တဲ့အထိ အမှတ်ရ နေကြတော့မှာပါ ကျွန်တော်တို့ အားလုံး မ နဲ့ ထပ်တူ နာကျင် ခံစားနေရပါတယ်။ ကျွန်တော်တို့ လွန်ခဲ့မိတာတွေ ကိုလည်း တကယ်ရင်ထဲက လှိုက်လှိုက် လှဲလှဲနဲ့ကို တောင်းပန်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ကိုလည်း မမရဲ့ တကယ့်မောင်လေး အရင်းတွေလိုဘဲ သတ်မှတ်ပေးပါ။ မမ မသိတာတွေကို ကျွန်တော် တို့ကို မေးနိုင်သလို ကျွန်တော်တို့ နားမလည်တာတွေကိုလည်း မမကို မေးပြီးတိုင်ပင် ကြမယ်နော် ။ နောက်ပြီး အစ်မတစ်ယောက်ကို မောင်လေးတွေက ဆိုးနွဲ့သလိုဘဲ ကျွန်တော်တို့လည်း ဆိုးနွဲ့ပါရစေ ခွင့်ပြုပါနော် ” ဟု ဆိုလာသည်။ သူမ စကားပြန်မပြောနိုင်သေး ဆို့နင့်စွာ ငိုကြွေးဆဲ။ ထို့နောက် “ မမ ရယ် စကားလေးတော့ ပြန်ပြောပါဦးနော်။ ဒီမှာ မမရဲ့ မြေးလေး သားသားက စိတ်မကောင်းဖြစ်နေပြီး စကားတောင် ပြောနိုင်တဲ့ အင်အားမရှိလို့တဲ့ အိပ်ယာပေါ်မှာ ပက်လက်လှန်ပြီး တွေဝေနေတယ် ။ မ မှာ ဒီလို နာကျင်မှုတွေ ရှိနေမှန်းမသိလို့ စခဲ့နောက်ခဲ့မိတာကို အပြစ်မမြင်ပေးပါနဲ့နော် ။ မရယ် မငိုပါနဲ့တော့ ကျွန်တော်တို့ တကယ်ပဲ ခံစားရလို့ပါ ” ဟု ပြောလာသည်။

ထို့နောက် စကားပြောသံလေးတွေ ခေတ္တသိတ်ဆိတ်သွားခဲ့ပြီး သူမ နားထဲသို့ သာယာငြိမ့်ညောင်းသော ဂီတာသံလေး တစ်ခု ဖုန်းထဲမှတစ်ဆင့် ဖြတ်သန်း စီးဆင်းလာပါတော့သည်။ သူမ အာရုံစိုက်ပြီး ငြိမ်သက်စွာ နားထောင်နေမိသည်။ နောက်တော့ ဂီတာသံလေးနှင့်အတူ ဝိုင်ဝိုင်းရဲ့ ဖြေသိမ့်လိုက် သီချင်းလေးကို သံပြိုင်သီဆိုနေကြတဲ့ သူတို့ရဲ အသံလေးတွေကိုပါ တစ်ဆက်တည်း ကြားလိုက်ရပါတာ့သည်။ သူမ နှလုံးသွေးတွေ တဒိတ်ဒိတ် ခုန်လာပါသည်။ ဝမ်းနည်းပူဆွေးမှုတွေက ကြည်နူးမှု အသွင်သို့ ပြောင်းလဲလာကာ အေးစက်နေတဲ့ သူမရဲ့ နှလုံးသားက နွေးထွေးတဲ့ အငွေ့အသက်လေးတွေ ခံစား လိုက်ရလေတော့သည်။ “ အိုး.....ကြည့်စမ်း ဘယ်လောက် ကြည်နူးဖို့ကောင်းတဲ့ အဖြစ်အပျက်လေးလဲ ။ ဘဝမှာ ဒီလို အဖြစ်အပျက်လေးတွေနဲ့ ဒီလောက်ကောင်းတဲ့ အဖော်မွန်တွေ၊ မောင်လေးတွေ ရရှိလာလိမ့်မည်ဆိုတာ သူမ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိပါ ။ ဒီလိုဆိုတော့လဲ မျော်လင့်ချက်မဲ့ပြီး သေဆုံးဖို့ကိုသာ စောင့်မျော်နေရသူ သူမ အတွက် ကံကြမ္မာက အကောင်းမွန်ဆုံး လက်ဆောင်လေးကို အချိန်မှီ ယူဆောင်လာပေးခဲ့သည်ပေါ့” ဟု သူမ ကြည်နူးစွာ တွေးလိုက်မိသည်။

ထို့နောက် သူတို့လေးတွေ အားလုံးနှင့် ဖုန်းထဲမှာ စကားတွေ အများကြီး ပြောဖြစ်ခဲ့သည်။ သူမ၏ မျက်ရည်များလည်း ခမ်းခြောက်သွားခဲ့ရလေပြီ။ အချိန်တွေ ဘယ်လိုကုန်ဆုံးသွားမှန်း သတိမထားမိခဲ့။ ပြူတင်းတံခါးကို ဖွင့်လိုက်တော့ အလင်းရောင်က ကြိုလင့်နေပြီ ။ သူမ အတွက်တော့ ကုန်ဆုံးသွားခဲ့သော တစ်ညတာဟာ လှပလွန်းပြီး အဖိုးထိုက်တန်လွန်းလှသော ည၊ သူမဘဝအတွက် ပျော်ရွှင်စရာ ကြည်နူးစရာ နေ့သစ်လေးတွေ ဆောင်ယူလာပေးခဲ့သော ညအဖြစ် ဘဝမှာ မှတ်မှတ်ရရ ရှိနေတော့မည်မှာ အသေအချာဘဲ ဖြစ်လေသည်။ သူမရဲ့ ရှင်သန်နေထိုင်ချိန်တွေ အဓိပ္ပါယ်ရှိလာသလို အထီးကျန်ဆန်သော ခံစားမှုများလည်း တဖြေးဖြေး မှုန်ဝါးလာခဲ့တော့သည်။ချောကလက်မြို့တော် လေးထဲမှာ ပျော်ရွှင်စရာ လည်ပတ်နိုင်သလို သူငယ်ချင်းများနှင့် မြို့တော်လေးထဲမှာ တွေ့ဆုံဆွေးနွေးပြီး ရင်းနီးပွင့်လင်းစွာ ငြင်းခုန်လို့ရသည်။ ခင်မင်လို့ရသည် ရင်ဖွင့်လို့ရသည် မဟုတ်ပါလား။ ထိုအတူ သူမတွင် အရမ်းချစ်ရသော အဖော်မွန် မောင်ငယ်လေးများနှင့်လည်း ည အစောပိုင်းတွေမှာလည်း ချက်တင်ထိုင်ပြီး ဂျီတော့ပေါ်မှာ စကားတွေ များခဲ့ကြသလို ကွန်ပျူတာ ပိတ်လို့ အိပ်ခါနီး အချိန်တွေမှာလည်း ညတိုင်း မပျက်မကွက် ဖုန်းထဲကနေ ဂီတာတီးပြီး သီချင်းဆိုပြကြသည်ကို ကြည်နူးစွာ နားထောင်နေခဲ့ရပါသည်။

သီချင်းဆို၍ ပြီးလျှင်တော့ သူတို့လေးတွေ အားလုံးနှင့် တစ်ယောက်ချင်းစီ စကားပြောရပါသေးသည်။ တစ်ယောက်ယောက်ကို မမေးမိ စကားမပြောခဲ့ မိလျှင်တော့ ထို တစ်ယောက်က သူမကို စိတ်ကောက်ပြီး “သူ့ကို မခင်လို့ ဂရုမစိုက်လို့ စကားမပြောတာ မမေးတာ ”ဟုဆိုပြီး ရစ်ပါတော့သည်။ ထိုသို့ အရစ်ခံရတော့ သူမ ကစိတ်မဆိုးဘဲ ပိုပြီးဝမ်းသာ ကြည်နူးမှု ဖြစ်ရသည်။ သူမ အပေါ်ထားရှိသော သူတို့၏ ခင်မင်မှုလေးတွေကိုလည်း သူမ တကယ်ပဲ တန်ဖိုးထား မြတ်နိုးခဲ့မိလေသည်။ သူမ၏ ခြောက်သွေ့အထီးကျန်နေသော ဘဝ နှင့် ၊ မျှော်လင့်ချက်မဲ့ပြီး သေဆုံးဖို့ အချိန်ကို ဝေဒနာတွေဖြင့် ခံစားပြီး စောင့်မျှော်နေရသူ သူမ အတွက်တော့ အလိုအပ်ဆုံး အရာက ရွှေ ငွေ စည်းစိမ်တွေ မဟုတ် ၊ စစ်မှန်သော မေတ္တာတရားနှင့် ကြင်နာ ဂရုစိုက်မှုလေးတွေပဲ ဖြစ်ပါတော့သည်။


သူမ ပိုင်ဆိုင်ရသော အချိန်တွေကလည်း တဖြေးဖြေးနှင့် ကုန်ဆုံးလာ ခဲ့လေပြီ။ ထိုသို့ စိတ်ထားကောင်း၍ မွန်မြတ်သော သူမ၏ မောင်ငယ်လေးများကို မသေခင် အချိန်လေးမှာ မြင်တွေ့သွားခဲ့ရရင် ဘယ်လောက် ကောင်းလိုက်လေမလဲဟု တွေးမိလိုက်တော့ သူမ၏ ရင်ဘတ်က ဆစ်ကနဲ နာကျင်လာမိသည်။ ထို့နောက် ကျိုးတိုးကျဲတဲ ဖြစ်နေသော ဆံပင်များကို လက်ကအလိုလို စမ်းမိပြီး ဟောက်ပက်ပက် ဖြစ်နေသည့် မျက်လုံးများက ပိန်လှီချိနဲ့နေသော သူမ၏ခန္ဓာကိုယ်ပေါ်သို့ ဝေ့ဝဲကြည့်လိုက်မိသည်။ ထို့နောက် သူမ အသံမထွက်ဘဲ တစ်ချက် ရှိုက်မိလိုက်ပါတော့သည်။





ခရမ်းပြာကျူးလစ်


ဒီပို့လေးက ဆွေလေး ရေးတာမဟုတ်ပါ။ချောကလက်မြို့တော်မှ မြို့သူတစ်ယောက်ရေးထားသော ဇာတ်လမ်းလေးပါ။ ဘလော့မောင်နှမ များလဲ ဖတ်စေချင်လို့ ကူးပြီးတင်ပေးလိုက်တာပါ။

Friday 5 November 2010

ရာသီစာ အလွမ်း




ရာသီက..ဆောင်း
တုန်ကာလေ ချမ်းရမယ့်
သည်အချိန်..
မှားကာလေ နေရော့သလား
ညှို့မှိုင်းမှိုင်း အာကာပြင်ဝယ်
ညိုမည်းကာ သည်းမစဲတယ်..။ ။

ဒီရာသီ မှတ်မမှားရင်ဖြင့်
ငွေနှင်းတွေစီကာ ကျတဲ့
ဒီ..ဆောင်းလရာသီပါ..
ဘယ့်အရေး မစဲသာပဲ
ရွှေမိုးရယ်ညိုနေရတယ်
ဥတုတွေဖောက်ပြန်
မုတ်သုံလေ မှားရော့သလား...။ ။

တော်ရာမှာ ပစ်ကာထားလို့
နေသာယုံ မေ့ထားတဲ့
အလွမ်းရယ်.......
မုတ်သုံလေ မှားပြန်တော့
ပြန်ကြော့ကာ ဒီရင်ခွင်ကို
ညှိုးကာလေ သူမစဲ.
ဆောင်းလိုပင် .
သူစိမ့်ကာ အေးနေသေးတယ်..။ ။

ကာကွယ်မဲ့ မျှော်လင့်ချက်တွေကြား
အိမ်မက်တွေ တစ်ကယ်ဖြစ်လာနိုးနဲ့
ရာသီတွေပြောင်း ကြာညောင်းကာ
နေပေမယ့်..
တိုက်ဆိုင်လို့ သတိရရင်ဖြင့်
သိပါစေ ရည်ညွန်းရင်း..
ရင်တွင်းမှာ ကြိတ်တွေးမိတယ်
ယနေ့တိုင်...
လွမ်းနေသေးတယ်...။ ။



ဒီကဗျာလေးကတော့ ဒီနေ့ အုံ့မှိုင်းမှိုင်းရာသီဥတုကြောင့်ရယ် ပြီးတော့ ရုံးမှာအားနေတာရယ်ကြောင့် ရေးဖြစ်သွားတယ်။
တစ်ခါတစ်လေ အဲလိုရာသီဥတုက ဘာလိုမှန်းမသိ တစ်ခုခုကို လွမ်းနေသလိုပဲ..
ပုံ လေးကတော့ ထုံးစံအတိုင်း internet ကရှာသုံးထားတာပေါ့။

ဘလော့လာလည်ကြသော မောင်နှမများ ကျန်းမာလို့ ရွှင်လန်းကြပါစေနော်။

Wednesday 3 November 2010

ကမ္ဘာငယ်ရဲ့နိဒါန်း



ထမင်းစားလို့အသက်ရှင်
ထမင်းရှင်ဟာဘယ်သူလဲ။
ထမင်းဆိုတာဆန်ကလာ
ဆန်ကိုရှာတာဘယ်သူလဲ။
မိသားစုတို့ပျော်ရွှင်ရာ
ပြည့်စုံစေတာဘယ်သူလဲ။
ပြည့်စုံစေဖို့ ငွေကိုရှာ
ခေါင်းဆောင်နေတာဘယ်သူလဲ။

မြေကမ္ဘာဝယ်သေချာမတ်မတ်
ထူထောင်ရပ်ကာ လူဖြစ်လာရေး
အသက်ပေးတာ အမေသာဟု
မေတ္တာချိန်ခွင် ပိုစေချင်လည်း
အရှင်ဗုဒ္ဓဟောပြအလို
မိကိုလက်ျာ ဘကိုလက်ဝဲ
အရှိပဲလေ..
လက်ဝဲမပါ
ဘယ်မှာ ပြည့်စုံလေမည်နည်း။

အမေ့မေတ္တာ လရောင်ဖြာဆို
အဖေဟာနေမင်း ထိန်ပြောင်ဝင်းလိမ့်
လင်းအားကြီးလို့ရောင်နီလာ
နေမင်းပါဝါ မမေ့ပါနှင့်။
မိသားစုဝယ် ကမ္ဘာငယ်ကို
လူထဲကလူ လူနှင့်တူဖို့
နံနက်မိုးသောက် အလင်းရောက်ငြား
ချစ်သားမောင်လှ ထမင်းဝဖို့
ညနေချိန်ရောက် ဆည်းဆာတောက်က
သမီးမချော ရယ်ရွှင်မောဖို့
နေ့ရောညပါ မအားရှာခဲ့။

အိမ်ရှင်ဇနီး ကြင်ဘက်မီးကို
မညီးမညူ စိတ်ကြည့်ဖြူဖို့
နေပူမမှု နှင်းထုမမြင်
မိုးလျှင် မကြောက်
လျှောက်ခဲ့သည့်လမ်း ခရီးကြမ်းရှ
ဘ၀ဇာတ်ခုံ ကကြိုးစုံခဲ့။

ထိုကြောင့်သာလေ
မတွေဝေနှင့်
အမေ့ပမာ
ဖေ့မေတ္တာကို ကမ္ဘာမှာရှိ
လူတိုင်းသိအောင်
ကလောင်တစ်ချက် မှင်တစ်စက်ဖြင့်
ရေးကွက်ကိုရှာ ကဗျာမော်ကွန်း
ထပ်ဆင့်ညွန်းချင်
ကျေးဇူးတင်ပြီး ချစ်တယ်အဖေ......................။
အဖေကိုချစ်တတ်သော သူများဖြစ်ပါစေလို့ ဆန္ဒပြုရင်း................

Thursday 28 October 2010

လွမ်းတဲ့ စိတ်



လွမ်းတယ် ချစ်ရယ်
တူနှစ်ကိုယ် ယှဉ်ကာရယ်
သပြေခက်ကိုင် နှင်းဆီတစ်ပိုင်နဲ့
မြတ်ရွှေတိဂုံ စေတီတော်ရင်းမှာ
တူနှစ်ပြိုင် ကုသိုလ်ထူးကာနှင့်
ရေစက်ရယ် ရှည်ချင်လှတယ်။ ။

လွမ်းတယ် ချစ်ရယ်
သီတင်းရယ် ကျွတ်ခါပြီးတော့
ခါတန်ဆောင် လှမြတ်မှာဖြင့်
ကထိန်ပွဲကြီး နီးကာလာပေါ့
တစ်ခြားသူတွေ ကုသိုလ်ယူ
ပြုံးပျော်ကာ နေကြသလို
တို့နှစ်ဦးလဲ ရွှေလက်ရယ်တွဲ
ကုသိုလ်ရယ် တူချင်လှတယ်။

လွမ်းတယ် ချစ်ရယ်
တို့မြေကပွဲ ဆွမ်းဆန်တော်
လောင်းလှူပွဲဝယ်
မောင်ကလေ ဆွမ်းဆန်အိတ်ကိုထမ်း
မယ်ကလေ ဆွမ်းဆန်တော်
လောင်းလှူကာဖြင့်
မောင်တစ်ထမ်း မယ်တစ်ရွက်
ကုသိုလ်ရယ် ထပ်ဆင့်ကာလိုချင်လှသေး။

လွမ်းတယ် ချစ်ရယ်
ဆွမ်းဆန်တော်ပွဲ ဒီနေ့ပြီးတော့
ကျင်းပတဲ့ ညချမ်းချိန်ခါ
ဆီမီးရယ် ထိန်ထိန်လင်း
တို့ပြည်သူ အလှူပေးတဲ့
နိဗ္ဗာန် ဈေးပွဲတော်ကိုလ..

မိဘတွေ ခွင့်ပန်ကာဖြင့်
ဝိုင်းဝန်းကာ ချစ်သူငယ်ချင်းတွေနဲ့
မောင့်လက်ကိုတွဲ
ပွဲတစ်လျှောက် လှူတာစားကာဖြင့်
မျက်နှာတော် ပြုံးပျော်နေတာများ

ဟင်..!!!!!!!!!!!
ခုများတော့ဖြင့် ...
အပြစ်ရယ်တင်...
အဘယ်သူ လက်ညှိုးထိုးရပ
မယ့်အပြုံးပျောက်ကွယ်တာ
ကြာလှပေါ့ စိတ်ကူးနဲ့ရူး
လွမ်းရတဲ့ ဒီစိတ်ရယ်...
လွမ်းတယ် အချစ်ရယ်။ ။


သီတင်းကျွတ်ပုံလေးကိုတော့ ဒီနေရာကနေ ယူသုံးပါတယ်ရှင့်။
http://yinminkhine.multiply.com/journal/item/425/425?&item_id=425&view:replies=threaded

-----------------------------------------------------------------------------------
မွေးရပ်မြေကို လွမ်းတဲ့စိတ်ရယ်..ပြီးတော့...............
စိတ်ရယ် ဖြစ်လာလို့ မနေနိုင်မထိုင်နိုင် ကဗျာလေးတစ်ပုဒ် ရေးလိုက်မိတယ်.။

အားလုံးပဲ ကျန်းမာရွှင်လန်းလို့ ပြုံးပျော်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Saturday 23 October 2010

အကြွေမှားသော ပန်းတစ်ပွင့်

“ဓမ္မတရားက တစ်ကိုမွေးဖွား၊ တစ်က နှစ်ကိုသန့်စင်၊ နှစ်က သုံးကိုမွေးဖွား၊ သုံးက အနန္တရုပ်ဝတ္ထုကိုဖန်ဆင်း၊ အနန္တရုပ်ပစ္စည်းက ရှိခြင်းကို ဖြစ်တည်၊ ရှိခြင်းက မရှိခြင်းကိုသွား၊ နောက်ဆုံးတရားက ဗလာတဲ့” တရုပ်အဘိဓမ္မာ ဆရာ လောက်ကျစ် ရဲ့ တွေးခေါ်မှုလေးပါ။ သက်ရှိသက်မဲ့ အရာဝတ္ထုတွေဟာ ဓမ္မတရားရဲ့အောက်မှာမွေးဖွား လာကြတာ။ ရှိခြင်းမရှိခြင်းဟာလဲ သူ့သဘောအတိုင်း သူဆောင်ရွက်နေတာ အဲဒီအပေါ်မှာခံစားမှုနာမ်တရားက အလိုလိုလိုက်ခံစား မခံစားနိုင်တော့ ထွက်ပေါက်တွေအမျိုးမျိုးရှာ နောက်ဆုံးတော့လဲ ဗလာသက်သက်ဘဲ ပြန်သွားရတာမဟုတ်လား။

လူတွေဟာ ကယ်တင်ရင်းနဲ့ နစ်မြုပ်သွားကြတာတွေ အများသား၊ လူနာဖြစ်သွားတဲ့ဆရာဝန်တစ်ယောက်ဟာ ဝေဒနာရဲ့နာကျင်မှုကို အသေချာသိသွားတော့ ကယ်ကြပါဦးဗျာလို့ အသံနက်ကြီးနဲ့ထအော်တယ်လေ။ အရင်က ကယ်တင်ရှင်ဆရာဝန်ဟာ ခုတော့သူကိုယ်တိုင်ကယ်တင်ခံရမယ့် ဘ၀ရောက်တော့ နာကျင်မှုကို သူမခံစားနိုင် ဘူးမဟုတ်လား။ ကြုံရတဲ့ဒုက္ခတွေ ခဏခဏဖြစ်နေတော့ ရချင်တာကိုဆုတောင်းရတာလဲ အမော၊ အိမ်ပေါ်က ဘုရားရှင်ကို သေချာမကြည့်ဝံ့တော့ဘူး ကိုယ့်ကိုယ်ကို မျက်နှာပူလွန်းလို့။

ထူခြားတဲ့ကံကြမ္မာနဲ့ ကြီးကျယ်ခန်းနားမှုများ ဘယ်အချိန်များ မျက်စိလည်လမ်းမှားရောက်လာမလဲလို့ မျှော်လင့် ရင်း ဘ၀တွေပျက်သွားတဲ့လူတွေ ဒုနဲ့ဒေး အဲဒီအထဲက အဖြစ်အပျက်လေးတစ်ခု ပြောပြချင်ပါတယ်။
လူစိတ်မရှိသော လူတစ်ယောက်ကြောင့် ပျက်စီးသွားရတဲ့ ပန်းလေးတစ်ပွင်ပါ။ ဘ၀နှစ်ခုကိုပေါင်းစပ်ပြီး ဘ၀သစ်တစ်ခု ထူထောင်မယ်ဟဲ့လို့ ကြုံးဝါးပြီး လက်ထပ်ခဲ့ကြတဲ့ အကြင်လင်မယား ယောကျာ်းနာမည်က ကိုတင်နိုင်၊ မိန်းမနာမည်က မသန်းကြိုင်။ လက်ထပ်ပြီးခါစ ပျော်လိုက်ကြတဲ့ဖြစ်အင် ငယ်ချစ်တွေဆိုတော့လဲ တစ်ယောက်နဲ့တစ်ယောက် ကြင်နာကြ ယုယကြနဲ့ မျှော်လင့်ချက်တွေ ယုံကြည်ချက်တစ်ပွေ့တစ်ပိုက်ကြီး ဘ၀ကိုစတင်ခဲ့တယ်။

လေပြေလေးတိုက်နေတဲ့ဘ၀ဟာ အစကတော့ဟုတ်သလိုနဲ့ ခလေးလဲတစ်ယောက်ရရော ကိုတင်နိုင်တစ်ယောက် လေနီကြမ်းစတိုက်တော့တယ်။ အရက်လေးတမြမြ၊ ဖဲလေးကလဲစလာတယ်။
အလုပ်လဲ မယ်မယ်ရရ မလုပ်တော့ဘူး၊ မိန်းမလုပ်တဲ့သူကတော့ တည်ဆောက်ထားတဲ့အိမ်ထောင်လေးကို မပြိုကွဲအောင် ရုန်းကန်နေရရှာတယ်။ ချစ်လို့ယူထားတဲ့ယောက်ျားကို ချော့ကာမော့ကာနဲ့ ဘယ်လိုပဲ သိမ်းသွင်းသော်လည်း ထူးခြားမလာဘူး မူးမြဲရူးဆဲပဲ။ ထူးခြားလာတာကတော့ မူးလာတိုင်း မိန်းမကို ရိုတ်နှက် ညှင်းဆဲလာတာပဲ။ မသန်းကြိုင်ခမျာ ငယ်ချစ်ဆိုတော့ မပြစ်ရက်ရှာဘူး ကိုငမူးကို ပြုစုယုယဆဲ။

ဒီလိုနဲ့ နောက်ထပ်ကိုယ်ဝန်တစ်ခု ကိုငမူးရဲ့လက်ဆောင် ရင်ဝယ်ပိုက်ထားရပြန်ရော။ ကိုယ်ဝန်တစ်ဖက် မိသားစုဝမ်းရေးတစ်ဖက် ရုန်းကန်နေရတာ လူရုပ်တောင်မပေါက်ချင်တော့ဘူး။ ဒီအချိန်မိန်းမအနားရှိရမယ့် ယောက်ျားဟာ ပျောက်ချင်းမလှပျောက်သွားတယ်။ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ။ သတင်းလဲမကြား အဆက်အသွယ်လဲမလုပ်တော့ ကျန်နေခဲ့တဲ့ မိသားစုဟာ သေလားရှင်လားမသိ သောကတွေရင်ဝယ်ပိုက်ပြီး ဗိုက်ကြီးတကားကားနဲ့ ခါးသီးတဲ့ဘ၀ကို မသန်းကြိုင်ခမျာ ရုန်းကန်ရင်း သမီးလေးတစ်ယောက် အရပ်အကူ အညီနဲ့မွေးဖွားရတယ်။ လင်ပစ်မယားဖြစ်ပေမယ့် ဘ၀ကိုအရှုံးမပေး သားသမီးတွေကိုလုပ်ကျွေးလို့ လူလားမြောက်အောင် ပြုစုပေးတယ်။ ပတ်ဝတ်းကျင်ကတော့ သူ့ကိုကြည့်ပြီး အသနားတွေပို အကူအညီတွေပေးပြီး ဖေးမပေးရှာတယ်။ တစ်ခုလပ်လို့ခေါ်ရမလား မုဆိုးမလို့ပဲခေါ်ရမလား မသိတော့ဘူး။

အားကိုးစရာယောက်ျားမရှိတော့ ပတ်ဝန်းကျင်ကိုပဲအားကိုးပြီး လုပ်ကိုင်လာလိုက်တာ အိမ်ပိုင်ယာပိုင် ရွှေလေး နဲ့ ဖြစ်လာတယ်။ မသန်းကြိုင်ခမျာလဲ သားသမီးတွေနဲ့ ပျော်လို့ရွှင်လို့ စိုစိုပြေပြေလေးဖြစ်လို့။

ဒီလိုနဲ့နေလာလိုက်တာ ၁၀-နှစ်လောက်လဲကြာရော ဘသားချောကိုတင်နိုင်တစ်ယောက်ရွာကိုပြန်ရောက်လာ တယ်။ အသပြာတော့ပါမလာဘူး ရောဂါတွေသယ်လာတယ်။ စိတ်နာနေတဲ့ မသန်းကြိုင်ရဲ့အသိုင်းအ၀ိုင်းက ပြန်မပေါင်းဖို့နားချပေမယ့် ငယ်ချစ်လင်တော်မောင်ကို အသနားပိုတဲ့ မသန်းကြိုင်ဟာ ပြုံးပြုံးကြီးကြီး အိမ်ပေါ် ခေါ်တင်လို့ ပြုစုပေးရှာတယ်။ ငွေပါမလာပေမယ့် ပါလာတဲ့ရောဂါကို ရှာထားတဲ့ငွေတွေနဲ့ ပျောက်အောင်ကုပေး ရှာတယ်။

မိသားစုတွေပြန်ဆုံလို့ ပျော်လို့မဆုံးခင်မှာပဲ ကိုတင်နိုင်တစ်ယောက် ဗွေပြန်ဖောက်လာတယ်။ အရက်လေး တမြမြနဲ့ နေ့တိုင်းမူးလာ နှိပ်စက်လို့ ပတ်ဝန်းကျင်ကမခံနိုင်လို့ မသန်းကြိုင်ကိုကွာဖို့ပြောတော့ သားသမီးတွေ မျက်နှာငယ်မှာဆိုးလို့ဆိုပြီး သူ့ဘ၀ကိုအနစ်နာခံပြီး နေခဲ့တယ်။ ယောက်ျားမရှိတုန်း ရှာထားတဲ့စီးပွားရေးကလဲ ယောက်ျားပြန်လာမှ ကုန်ပါလေရော။ အကြွေးတွေ ပတ်ချာလည် ဆိုးလိုက်တဲ့ဒုက္ခ နေ့စဉ်မျက်ရည်နဲ့ မျက်ခွက် ပြတ်တယ်လို့ကိုမရှိဘူး။

ယောက်ျားနှိပ်စက်တဲ့ဒဏ်ခံရင်း သားသမီးတွေလဲ အရွယ်ရောက်ရော မသန်းကြိုင်ခမျာ အဆိပ်သောက်လို့ သူ့ကိုယ်သူ အဆုံးစီရင်သွာားတယ်။ ပတ်ဝန်းကျင်ကတော့ အဖြစ်ဆိုးတဲ့ မသန်းကြိုင်ကိုကြည့်ပြီး ငိုလိုက်ကြ တာတစ်ရွာလုံးနီးပါပဲ။ ရှင်သန်ခြင်းဒဿနမှာ အရေးအကြီးဆုံးက အစာအိမ်နဲ့ ဦးနှောက် တစ်ခုခုပေါ့။ ဒီအချိန်မှာအချစ်ဆိုတာ ရွစိစိသန်းတစ်ကောင်ဆိုတာ သူသိသွားခဲ့တယ်။
သူ့ဘ၀နဲ့ရင်းပြီး လင်တော်မောင်ကို ကယ်တင်ပေမယ့် ကယ်တင်လို့မရတဲ့အခါ လွတ်မြောက်ရာထွက်ပေါက် သူကိုယ်တိုင်ရှာသွားခဲ့တယ်။

မိသားစုပြိုကွဲခဲ့ပြီ။ ဟင်းလင်းပြင်ထဲမှာ နာကျင်နေတဲ့လူသားတစ်ယောက် အတောင်ပေါက်ပြီး ဂြိုဟ်တစ်လုံး ဖြစ်သွားမယ်လို့များ သူထင်လေလားမသိ။ ရုပ်ပျက်ဆင်းပျက် အသက်မထွက်မီ ကြုံးဝါးတဲ့သူ့စကားသံ အင်း...ခုမှဝဋ်ကျွတ်ပြီတဲ့....

လူသားမဆန်တဲ့ လူသားတစ်ယောက်ကြောင့် လူသားဆန်တဲ့ လူသားတစ်ယောက် ဆုံးရှုံးသွားရတာတော့ ရင်နင့်စရာပါ။ ဒီလိုအဖြစ်မျိုး ဘယ်လောက်ရှိဦးမလဲ မတွေးရဲစရာ။ မကြွေသင့်သော ပန်းတစ်ပွင့် ကြွေသွား ပေမယ့် ကြွေသင့်တဲ့ပန်းကတော့ ခုထိမူးဆဲ ရူးဆဲ...................

ကျွန်မ..ချစ်ခဲ့ပါတယ်...သို့သော်



ဒီလောကကြီးမှာ ရှိနေတဲ့ လူအတော်များများကတော့ အိမ်ထောင်ရေး ဆိုတာ ဘယ်လိုတွေးကြသည်မသိ။ ကျွန်မကတော့အိမ်ထောင် ရေးဆိုသည့် စကားသံ ကြားလျှင်ပင် ဒူးတော်တော် တုန်နေတတ်သော မိန်းမ တစ်ယောက်ဖြစ်လို့နေသည်။ ဒါဆိုလျှင် ယောက်ကျားယူ ဘူးသလားလို့မေးရင် ။ ကျွန်မ ဟင့်အင်းလို့သာ ဖြေနိုင်သည်။မယူဘူးပါ။ ဒါဆို ဘာလို့ကြောက်သလဲ ဆိုတာ ဖြေစရာရှိသည်။ ကျွန်မ မိဘတွေရဲ့ အိမ်ထောင်ရေး ကျွန်မကျင်လည်ခဲ့သော ပတ်ဝန်းကျင် ကျွန်မခါးစီးခံခဲ့ရသော မိသားစု ဘ၀ ခါးခါးကြီး ကိုသာလက်ညှိုး ညွန်ပြစရာရှိသည်။ဒါကတော့ ကျွန်မရဲ့ ဘ၀ ကျွန်မရဲ့ ကံပါလေ။ ကျွန်မ မှာရွေးချယ် ကြီးပြင်းပိုင်ခွင့်မှ မရှိပဲ။ ကျရာနေရာကျရာဘ၀ ကျွန်မ နေတတ်သလို နေရတာပဲလေ။ ပြသနာက ကျွန်မ၏ ထိုကဲ့သို့ စိတ္တဇဆန်ဆန်ကြောက်ရွံမှုတစ်ခုအား ဖက်တွယ်ထားရင်း စိတ်ထဲမှာ အမြစ်တွယ်ခဲ့သည့် အတွေးက အချစ်ဟူသည် ပူဆွေးသောကနှင့် ကိုယ့်ကိုယ်ရှုံးသွားစေသောအရာ။ ကိုယ့်ကိုယ်နာကျင်မှုတွေပေးသော အရာ။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားစေသောအရာ။ ဒီတော့ တစ်သက်လုံး အပျိုကြီး လုပ်သွားဖို့ကိုသာ စိတ္တဇဆန်ဆန် ဆုံးဖြတ်လေတော့သည်။
ဒါပေမယ့် ကံကြမ္မာဆိုတာကလဲ ခက်သားလား။ ကြောက်ပါသည်ဆိုမှ မှတ်ပလားလို့ မေးနေသလို အချစ်နှင့် ကျွန်မ ကျွန်မနှင့်အချစ် ရှောင်ရင်းတိမ်းရင်း တည့်တည့်တိုးမိခဲ့ပြီ။ ချစ်တတ်ပါပြီဆိုမှတော့ ရှုံးနေပြီလား စိတ်ဆင်းရဲနေသလား မပျော်တော့ဘူးလားလို့ ကျွန်မကို လာမေးလျှင် ကျေကျေနပ်နပ်ကြီးကို ချစ်ပါတယ်လို့သာ ခပ်ပြုံးပြုံးဖြေယုံရှိသည်။ ဒါပေမယ့် ပြသနာက ကျွန်မရင်ထဲက ကြောက်ရွံမှုနှင့် အချစ်တို့ လွန်ဆွဲပြိုင်နေကြသည်။ တစ်ဖက်က ရူးရူးမူးမူးချစ်နေသလို တစ်ဖက်က အိမ်ထောင်ပြုချင်းဆိုသည် ကို အသည်း အသန်ငြင်းသည်။ တစ်ဖက်က အချစ်ရှိမှ အသက်ရှိသည်ဟု အဓိပ္ပါယ်ကို ပြောင်ပြောင်တင်းတင်း ဖွင့်ဆိုနေသလို တစ်ဖက်ကလဲ အချစ် သည် ဗိုက်မ၀ နိုင်ဆိုသော စာတမ်းအား ကျမ်းကိုးကျမ်းကား ကျင်လည်နေသော ပတ်ဝန်းကျင်နှင့် သက်သေပြပြန်၏။ ဒီတော့ ချစ်ခဲ့မိသော ချစ်သူအား နားလည်မပေးနိုင်ခဲ့။ သူဘာတွေများ လိုအပ်နေသလဲ မတွေးပေးခဲ့။ ငါဒီလိုလေး များ ပြောလိုက်လျှင်ဖြင့် သူဘယ်လိုခံစားသွားရမလဲ မစဉ်းစားမိ။
ကျွန်မ ကိုယ့်စိတ်နှင့် ကိုယ့်အချစ်ကိုသာ ခံစားနေမိသည်လေ။ ချစ်သူ အားလုံလောက်သော အချစ်တို့အား ယောင်လို့တောင် ထုတ်မပြောဖြစ်ခဲ့။ တစ်ခါမေးမှ ချစ်တယ် လို့တစ်ခါပြောတတ်သော မိန်းမတစ်ယောက်အား အဘယ်ယောက်ကျားတို့သည် စိတ်ရှည်နိုင် မည်နည်း။ ဒါတောင် ကျွန်မကမလျှော့ အချစ်ဟူသည် မဆုံဆည်းနိုင်ပေမယ့် လွမ်းနေရတာလဲ အချစ်လို့ ခပ်ပေါပေါ သီအိုရီကို ရွတ်နေခဲ့သေးတာ။ ချစ်သူက တူတူနေချင်ပြီကွာလို့ ပြောရင်တောင် ကျွန်မသည် ရှင်တို့ယောက်ကျားတွေကလေ အချစ်နဲ့ လိုချင်တက်မက် မှုကိုသိပ်ပြီး ရောနှောပစ်တာပဲလို့ အလိုက်မသိစွာ ပြန်လည်ချေပတတ်သေးသည်။ တစ်ခါက ဒီလိုဖြေလိုက်လို့ နောက်တစ်ခေါက် ထပ်ပြောရင် ချစ်သူ့သဘောအတိုင်း လက်ထပ်ကြတာပေါ့လို့ ဖြေလိုက်မယ်လို့ သင်ထင်လျှင် မှားပါလိမ့်မည်။ အချစ်ရဲ့ နောက်ဆုံး အဆုံးသတ် နောက်ဆုံးပန်းတိုင်က ဒီလို တစ်စိမ်းလူနှစ်ဦးရဲ့ တူတူနေထိုင်ချင်မှာ ဆုံးသလားလို့ ကျွန်မက ခပ်ထေ့ ထေ့ပြန်မေးခဲ့ရင်ဖြင့် လောကကြီးရှိ ယောက်ကျားသားအားလုံးက တစ်မျိုးထဲပဲ ပြန်ဖြေမယ်ထင်ပါတယ်။ တောထွက်လိုက်ပါလို့လေ။ ချစ်သူကတော့ သက်ပြင်းခပ်လေးလေးတစ်ချက်ကို မှုတ်ထုတ်ရင်း ပြောခဲ့တာက ကိုယ်အချစ်ရေးမှာ ကံမကောင်းဘူးတဲ့။
အမှန်တော့ ကျွန်မကိုယ့်ဘာသာကိုယ် အထင်ကြီးခဲ့ချင်းသာဖြစ်သည်။ အချစ်က အချစ် ဘ၀က ဘ၀။ ဘ၀နဲ့အချစ်ဆို ဘ၀ပဲရွေး ချယ်မယ်ဟေ့လို့ မာန်ပါပါကြွေးကြော်ခဲ့သော်ကျွန်မ။ အချစ်သည် ကျွန်မ၏ ဘ၀ထဲမှ အပြီးထွက်သွားသော အချိန်မှပဲ အချစ်ရှိမှ အသက်ရှင်နိုင်သည်။အချစ်ရှိမှ မျှော်လင့်ချင်း အိမ်မက်တွေ ရှင်သန်လာနိုင်သည်။ အချစ်ရှိမှ လောကကြီးလှ သည်ဆိုသော အဆိုပြုလွှာတို့အား ကျွန်မ ခြွင်းချက်မရှိ လက်ခံခဲ့သည်။ သို့ပေမယ့် နောင်မှတသော နောင်တဟူသည် ခပ်ကြီးကြီးထိမှ ခပ်ကြီးကြီးတတတ်သော အရာမျိုးမဟုတ်လား။ ခပ်ကြီးကြီးတခဲ့သည်။ ကျင်လည်နေရသော ပတ်ဝန်းကျင်သည် အသက်မဲ့သွားသလို ခံစားခဲ့ရတယ်။ ဘေးနားက ဖြစ်ပျက်နေသော အရာများအား ဘာတွေလဲ မသိတော့။ စိတ်နှင့်လူ မကပ်။ အလုပ်ပြန်ချိန် ဘတ်(စ်)ကားပေါ်မှ အတွဲများကိုတွေ့လျှင် ရင်ထဲမှ အလုံးကြီးလှိုက်ကနဲ တက်လာ.ပြီးရင် နှစ်ချက် သုံးချက် ရှိုက်။ ဟင်းကနဲ သက်ပြင်းချ။ မျက်နှာကိုလွှဲ လက်စွဲတော် mp4 လေးနားမှတပ်။ မျက်လုံးကိုမှိတ် ရင်တွင်းကြိတ်ငို ယုံသာ တတ်နိုင်သည်။ အထူးသဖြင့် သီတင်းကျွတ်. တူနှစ်ကိုယ် ရွှေလက်တွဲသည့် အချိန်များဆို ကျွန်မ အိမ်ပြင်မထွက်ချင်။ စကားတစ်ခွန်းအား အလွန်မုန်းသည်။ အပျိုကြီး ဘယ်တော့စားရမှာလဲ ဆိုသော အမေးမျိုးဖြစ်သည်။ မင်္ဂလာဆောင် သီချင်းများကြားပြီဆို ကျွန်မရင်ထဲမှာ ငိုတဲ့မိုး တစ်ရက်နှစ်ရက်နဲ့ မစဲ။ ပြောရလျှင် သူများက အပျိုကြီးလို့ ခေါ်ဆိုနေရသော ကျွန်မအရွယ်သည် ရင့်ကျက်ပြီးဆိုသော ပြယုဂ်ကို မြင်သာသည်။ ပြီးတော့ ကျွန်မ ဖြစ်ချင်ခဲ့သော် အပျိုကြီးဖြစ်သည်။ အထီးကျန်တယ်ဆိုလဲ အခြားယောက်ကျားများကို ရွေးချယ်ခွင့် ကျွန်မမှာ ရှိနေသေးသည်။ ရွေးနိုင်သေးသည်။ အဘယ်ကြောင့် ကျွန်မ နောင်တနွံထဲ နစ်နေရသနည်း။ အဘယ်ကြောင့် ကျွန်မငိုပွဲတွေ ဆင်နေရသနည်း။ အဘယ်ကြောင့် အသက်သာလျှင် ကြီးပြီး အချစ်နှင့်အလွမ်းတို့သည် နုပျိုနေရသနည်း။ ဖြစ်ပျက်ခဲ့သမျှတို့သည် အချိန်တွေ ကူးကာပြောင်းနေ ပေမယ့် အမြဲတမ်း ကျွန်မအား ထိခိုက်စေရသနည်း။ ဘ၀ သည် ဘ၀ကဲ့သို့မနေပဲ အချစ် အားတမ်းတမ်းတတ လွမ်းဆွတ်နေရသနည်း..


အကြောင်းပြချက်က တစ်ခုတည်းပင်..
ကျွန်မ တစ်ကယ်ချစ်ခဲ့ဘူးပါသည်..သို့သော်....


----------------------------------------------------------။----------------------------------------------------

သီတင်းကျွတ်လပြည့်နေ့မှာ ဘလော့မောင်နှမများအားလုံး ကုသိုလ်စိတ်ကို နှလုံးသွင်းလို့ ပျော်ရွှင်နိုင်ကြပါစေရှင်။
ဆွေလေး ခုတစ်လော အလုပ်အပြန်နောက်ကျလို့ မအားတာနဲ့ ဘလော့ မောင်နှမတွေရဲ့ အိမ်တွေကို လိုက်မလည်ဖြစ်တာပါ။

Thursday 21 October 2010

ချည်တိုင်မလွတ်သောကြိုး

အိပ်မပျော်တဲ့ညတိုင်း ငုတ်တုတ်ထထိုင်ပြီး အတွေးကွန်ယက်ထဲမှာ ချာချာလည်ခဲ့တဲ့ညပေါင်း မနည်းတော့ဘူး။ ဘယ်လိုပဲတွေးတွေး ကြိုးချည်ထားတဲ့မျောက်တစ်ကောင်လို ဒီနေရာပဲ ပတ်ချာလည်နေတယ်။ ပြေးထွက်လို့မရ ချည်နှောင်ထားတဲ့ကြိုးတွေ အထပ်ထပ်ရစ်ပတ်လို့ အသဲနှလုံးထဲထိ နစ်ဝင်နေပြီ။

ဆောင်းတစ်ညရဲ့ နံနက်ခင်းလို တံဆက်မြိတ်မှာ တွဲလောင်းခိုနေတဲ့ နှင်းရေစက်တွေဟာ ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ ထွက်ခွာသွားတယ်။ နှင်းရေစက်တွေကို အရမ်းအားကျမိတယ်။ ဒီပတ်ဝန်းကျင် ဒီအသိုင်းအ၀ိုင်း ကလွတ်အောင် ခုန်ချထွက်ပြေးချင်လိုက်တာ ချည်နှောင်ထားတဲ့ကြိုးတွေ ဆွေးမြေ့သွားရင် သိပ်ကောင်း မှာဘဲလို့တွေးရင်း ဒီနားပဲ ပတ်ပြေးနေမိတာ ဘယ်နှစ်ပတ်မှန်းတောင် မသိတော့ဘူး။

ရယ်စရာကောင်းတဲ့ ငါ့ဘ၀ပတ်ဝန်းကျင်မှာ ချိုမြိန်တဲ့ ကာရံမရှိဘူး၊ မွှေးပျံ့တဲ့နှင်းဆီရနံ့မရှိဘူး၊ နိုးထခဲ့တဲ့ နံနက်ခင်းတိုင်းဟာ မိုးတိတ်ပြီးနေထွက်လာတဲ့အခါ သဲလမ်းပေါ် တွန့်လိမ်ကောက်ကွေးနေတဲ့ တီကောင်တစ်ကောင်လို လူးလွန့်နေရစမြဲ၊ ဒီဘ၀ကလွတ်မြောက်အောင် ဆုတောင်းခဲ့တဲ့နေ့တွေ တောင်တွေ လိုတောင် ပုံလို့နေပေါ့။

ကံ ဥာဏ် ၀ီရိယ အချိုးအစားညီမှ အခွင့်အလမ်းသင့်မှ တိကျခြင်း သေချာခြင်းတွေဟာ အိုင်တီခေတ် ကွန်ပျူတာခေတ်မရောက်ခင်ကတည်းက ရှိပြီးသားဆိုတာသိပေမယ့် အချိုးအစားညီအောင်မညှိတတ်တဲ့ဘ၀ တိကျခြင်း သေချာခြင်းဆိုတာတွေ တစ်ခါတစ်လေတောင်မှ ယောင်လို့တောင် မတိုက်ဆိုင်ခဲ့ဘူး။ အတိတ်ဆိုတာ လွမ်းဆွတ်တမ်းတစရာ ဘာမှမရှိခဲ့သလို ပစ္စုပ္ပန်ရဲ့ ဗဟိုချက်မဟာ ဘယ်နေရာလဲဆိုတာ ရှာမတွေ့ခဲ့ပြန်ဘူး အနာဂတ်ဆိုတာ ဝေလာဝေးပဲ၊ ကာလသုံးပါး လုံးပါးပါးနေတဲ့ငါ့ဘ၀ ယုံကြည့်မှုတွေ ရေတိမ်နစ်ခဲ့တဲ့ နေ့ရက် ပေါင်း ဘယ်လောက်တောင်ရှိခဲ့ပြီလဲ မွေးသက္ကရာဇ်တောင် မေ့နေတာ ကြာခဲ့ပြီ။

ငယ်ငယ်တုန်းက စကားလေးတစ်ခု မှတ်သားခဲ့ဘူးတယ် “လူအောက်ကျို့လို့မသေဘူး သစ်ပင် အောက်ကျို့မှ သေတာတဲ့” ဒါပေမယ့် လူ့အောက်ကျို့လို့ ငါ့ဘ၀သေခဲ့တာကြာပေါ့၊ သံပတ်ပေးရတဲ့စက်ရုပ်လို သံပတ်ကုန်လို့ ခဏခဏအသက်ပြန်သွင်းရတာ မျက်လှည့်စရာတွေရဲ့ မန္တာန်တွေတောင် ကုန်လုနီးပါးဖြစ်နေပြီ။

ရေထဲကငါးလေးတွေလို လွတ်လွတ်လပ်လပ်နေချင်တယ်။ လှိုင်းလေးတလိပ်လိပ် အဝေးကရိုးရိုး ရိပ်ရိပ်မြစ်ဆိပ်ကို ရေလည်ခေါင်ကနေပြီး လွမ်းကြည့်ချင်တယ်။ လေတိုက်ရာလွင့်မျောမယ့် လှေလေးလို ငါ့ဘ၀ကို မျောချလိုက်ချင်တယ်။ ဒါပေမယ့် ငါ့ဘ၀ရဲ့ရွက်လှေဟာ ကြိုးနဲ့ငြိနေပြန်ရော ချည်တိုင်မှာပဲ တ၀ဲလည် လည် လှိုင်းဒဏ် လေဒဏ်တို့ရဲ့ ကြည်စယ်မှုအပေါ် နိမ့်တစ်လှည့် မြင့်တစ်ချီ မလွတ်နိုင်တဲ့ချည်တိုင်ကြိုးကို ပြန်စောင်းကြည့်ရတာ မျက်လုံးနဲ့ နောက်စေ့ နေရာပြောင်းထားရမလိုဖြစ်နေပြီ။

ဒါပေမယ့် ငါသေတဲ့အခါ လူစည်စရာတော့မလိုဘူး။ ကြေးစည်တစ်လက်တော့ရှိဖို့လိုတယ်လေ။ အဲဒီကြေးစည် လေးထဲမှာ ငါ့ဘ၀ရဲ့ အတ္ထုပ္ပတ္တိ ကြေကွဲစရာ လွမ်းဆွေးစရာ သံဝေဂတွေထည့်လို့ပေါ့။ တမ်းတစရာ ဘာမှမရှိတာတော့သေချာတယ်။ ပြီးတော့ ငါ့ခြေနှစ်ချောင်း အခေါင်းအပြင်ဘက်ထုတ်ထားပေးပါ သေရာပါဒီခြေနှစ်ချောင်းယူမသွားချင်ဘူး။

ကောင်းကင်နဲ့ အ၀ီစိဟာ ခြေထောက်ပါတိုင်း သွားလို့ရတာမှ မဟုတ် တာ အနှစ်မရှိတဲ့ ကမ္ဘာကြီးမှာ မနေချင်ပေမယ့် အချစ်ရှိတဲ့ကမ္ဘာကြီးကို ငါ့ပြန်လာချင်သေးတာတော့အမှန် ..................။

Saturday 16 October 2010

အတွေးစိတ်

ရှမ်းပြည်နယ်တောင်ပိုင်း မြို့ငယ်လေးတစ်ခုမှာ
ငှက်ခလေးတွေရဲ့တွန်မြူးသံ
သူနားထောင်ခဲ့ဘူးတယ်။
အင်ဒိုနီးရှားရဲ့ ကျွန်းစုတွေပေါ်
ငှက်ပေါင်းစုံတို့ရဲ့ ကြွေးကြော်သံ
ဦးပုညရဲ့ပြဇာတ်မှာ ဖတ်ဘူးတယ်။
ခက်တာက ဦးပုညအဲဒီကျွန်းပေါ်မရောက်ဖူးပြန်ဘူး
အဲဒီတုံးက တီဟိတိကျွန်းပေါ်ရောက်နေတဲ့ ဂေါ်ဂင်က
ဦးပုညစီစာတစ်စောင်လှမ်းပို့လိုက်တယ်တဲ့။
ဒါပေမယ့် အဲဒီငှက်လေးတွေရဲ့အသံ
သူလွမ်းနေပြန်ရော။
ကမ္ဘာကြီးရဲ့ဒဏ်ရာတွေ တစ်နေ့ထက် တစ်နေ့
တိုးတိုးလာတာကို ကြေကွဲနေမိပြန်ရော။
ဖြစ်ပုံက ပုပ္ပားတောင်ကြောတစ်လျှောက်
ရေတိုက်စာလို့ မြေဆီလွှာပျက်သုဉ်းတာကို
သူမမြင်ရက်နိုင်ပြန်ဘူး။
အာတိတ်သမုဒ္ဒရာကြီးကို ငါးနိုင်ငံလက်ဝါးကြီးအုပ်
သယံဇာတတွေ ပျော်ပျော်ပါးပါကြီးစားလို့
ရေခဲပြင်ကြီး ဆုံးရှုံးသွားမှာကို သူတို့ဝမ်းမနည်းကြပေမယ့်
သူကတော့ ၀မ်းနည်းလို့မဆုံးဘူးတဲ့။
ဒါတွေနဲ့ဝေးရာ ဗြဟ္မာပြည်ကိုတောင်
စတေးရှောင်ရမလို သူ့ရင်တွေမွန်းကြပ်နေပြန်ရော။
သဘာဝတရားတွေက ကမ္ဘာကြီးကိုအလှဆင်
သူတို့ကမင်းမူ ခိုတစ်ကောင်လိုကျင့်သုံး
ဒီလောကကြီးမှာ သူတစ်ကောင်တည်းရှိသလို
ငြီးညူနေတတ်ပြန်ရော။
အသုံးချခွင့်မရှိရင်တောင် တန်ဖိုးထားတတ်တဲ့ ၀န်းကျင်ရှိရင်
လောကကို သူ တာဝန်ကျေပွန်ချင်ပြန်ရော။
ဘ၀ကိုတည်ထောင်ရင်း ပျော်တတ်ရင်
တည်ထောင်ချင်တဲ့စိတ်ကစပြီး ပျော်ရမှာပေါ့
ခုတော့............ သူကပဲ အလှမဆင်တတ်တာလား
ကမ္ဘာကြီးကဘဲ အိုဇုန်းလွှာပေါက်လို့လားမသိ
သူ့စိတ်ထဲမှာတော့ အတွေးတွေကဝေး၀ါးဆဲ......

Sunday 10 October 2010

ဖတ်ခဲ့ဘူးသော အချစ်စာမျက်နှာများ (၁)




(ထွန်းလင်း) ဟိုမှာ ကိုမင်းကြည်တော့ ဘီလူးသိုင်းနင်းလာပြီဟေ့... ဒီနေ့သူ့ကောင်မလေး
ယမင်းကြည်နဲ့ သွားတွေ့မယ်လို့ပြောတာကွဘာလွဲလာပြန်ပြီလဲ မသိဘူးကွ။ အသာနေ မသိချင်ယောင်ဆောင်နေ...

ကိုဇော် စကားပြောလျှင်သူ့ကောင်မလေးအကြောင်း ခဏခဏကြားနေရသောကြောင့် နာမည်ရင်းပျောက်ပြီး သူငယ်ချင်းများက ကိုမင်းကြည်ဟုသာခေါ်နေကြလေသည်။ထွန်းလင်း၊စောကြီးနဲ့ ဝေဖြိုးတို့ ထိုင်နေရာလက်ဘက်ရည် ၀ိုင်းသို့ နီမြန်းသောမျက်နှာ.ခုနှစ်ခေါက်ချိုး ရှစ်ခေါက်ချိုးလမ်းလျှောက်လာပုံ ကလဲ နင်းလာသော မြေကြီးအား မညှာမတာ စောင့်ကာ စောင့်ကာနင်းရင်းဖြင့်လာ နေသော ကိုဇော် တစ်ယောက်။
ဝိုင်းအနီးသို့ရောက် လာပြီး ရေနွေးကြမ်းအိုးထဲမှ ရေနွေးများအားငှဲ့ပြီးသောက်နေပုံမှာလဲ အငမ်းမရ။ သူ့ခင်ဗျာရေ တော်တော်ပြတ်လပ်လာပုံရသည်။ ရေနွေးကြမ်းတစ်ခွက်သောက်ပြီးမှ နဲနဲနေသာထိုင်သာရှိသွားသလိုပုံနှင့်သောက်ပြီးသောရေနွေးကြမ်း ခွက်အား ခုန်ပေါ်သို့ခပ်ကြမ်းကြမ်းစောင့်ချလိုက်၏။ ပြီးသော မကျေနပ်သော မျက်နှာထားနှင့်..

(ကိုဇော်) မင်းကြည်ကွာ ဒီတစ်ခါလွဲတာ တော်တော်ဆိုးတယ်..တောက်..

ပြောလို့မှ မဆုံးသေး စကားစတာ မင်းကြည်ကစသည်။နာမည်ပျောက်တာတောင် နဲသေး။

(ထွန်းလင်း) ဘာလဲ ရုပ်ရှင်ရုံထဲမှာ အိမ်မြှောင်ထပ်ကျွေးပြန်ပြီလား။

စာကြွင်း။ ။
(၄င်း အိမ်မြှောင်ကျွေးဇာတ်လမ်းအား ဘလော့လာလည်သော
မောင်နှမများမှ စိတ်ဝင်စားတယ်ဆိုရင်ဖြင့်ကျွန်မ ပြောပြပါ့မယ့်။ခုတော့စာရှည်မှာဆိုလို့ ကျော်လိုက်တယ်...ဟီး..)

(ကိုဇော်) ဒီတစ်ခါ အဲလိုထပ်လုပ်ကြည့်ပါလား ငါဆိုတဲ့ကောင်က လှည့်တောင်ကြည့်မှာ မဟုတ်တော့ဘူး။

(ဝေဖြိုး) သြော် ..ဒီတစ်ခါကတော့ သည်းခံနိုင်တယ်ပေါ့ ဂလိုလား။ကောင်းပါတယ်ကွာ။
ဟားဟား မင်းနောက်နှစ် မင်းတို့ ရဲ့ ချစ်သက်တမ်း ၃ နှစ်ပြည့်ကြရင် မုန့်တီထပ်သောက်ပေါ့ကွာ။ဟားဟား...

စာကြွင်း။ ။
(ဒါလဲ ကြုံရင်ပြောပြမယ်နော် ခုတော့ဆက်လိုက်အုန်းမယ်...ကျလိ ..ကျလိ လုပ်တာ။)

(ကိုဇော်) ဟေ့ကောင် ဒေါသထွက်လာတယ်နော် မင်းပေါ်ပုံပစ်လိုက်ရမလား ပြော။

(စောကြီး) လွှတ်ထားလိုက်စမ်းပါကွာ..ဒီကောင် ယုဇန ပလာဇာရဲ့ အမြဲတမ်းထိုးထိုး ရပ်နေတဲ့ စက်လှေကားပေါ်က ကားကနဲကျအောင်။ဟိုတစ်ခါလွတ်သွားပေမယ့် ဒီတစ်ခါ ဒီကောင် လူဖြစ်ပါရှုံးမှာ..ဟားဟား

(ကိုဇော်) ဟေ့ကောင်တွေ ဟေ့ကောင်တွေ ငါနော်..ငါ..

ဟားဟား ...

ကိုဇော် တစ်ယောက် လက်သီးရွယ်ပြီး ပြုံးစိစိဖြစ်လာသောကြောင့် သူငယ်ချင်းတွေအားလုံး
ဝိုင်းရီကြသည်။ဟုတ်တော့လဲ ဟုတ်သည် သူ့ကောင်မလေး ယမင်းကြည်၏ လွဲချက်တွေမှာ ကိုမင်းကြည် တစ်ယောက် အလူးလူး အလဲလဲ နဲ့ ခါးစည်းခံနေရသည် မဟုတ်လား။

(ထွန်းလင်း) ကဲ ..ကိုမင်းကြည် ဆိုစမ်းပါအုန်း ဘာလွဲလာတုန်း။

(ကိုဇော်)ဟူး....ပြောကိုမပြောချင်တော့ပါဘူးကွာ။ ဒီနေ့တစ်နေ့လုံးအိုကေတယ်ကွ။အပြန် ကားဂိတ်ရောက်မှ ဖြစ်တာ။

(ဝေဖြိုး) ဆိုစမ်းပါအုန်း

(ကိုဇော်) ဒီလိုကွာ..မင်းကြည် အစားအသောက်ငမ်းတာ မင်းတို့သိတယ်ဟုတ်။

(ဝေဖြိုး)အေး သိတယ်လေ။ သူစားချင်တဲ့ အစားအသောက်များဆို ကားတစ်တန် ရေတစ်တန် သွားရရင်တောင် မရမက သွားစားတဲ့ အမျိုးဟာ။ သိပြီးသား လာကြော်ငြာမနေနဲ့။တစ်ခါတစ်ခါ မင်းတောင် ငတ်ငတ်လာတာ တွေ့သားပဲ။ လက်မြန်ချက်ကတော့ငါတို့တောင် လိုက်လို့မမှီဘူး။

(ကိုဇော်)ဟေ့ကောင်...
တော်ပြီး အဲလောက်ပြောတော်ရောပေါ့။ ဇာတ်လမ်းက အဲကစတာ။ညနေပိုင်း အိမ်ပြန်ချိန်ဆိုတော့ ကားမှတ်တိုင် ကလူကများတာကွာ။ဒါနဲ့ ငါတို့လဲ ကားစီးဖို့စောင့်နေတုန်း မင်းကြည်က ကားမှတ်တိုင်နောက်က ကြာဇံနဲ့ဝက်အူစုံနဲ့ သုပ်တဲ့ဆိုင်မှာစားမလို့တဲ့ကွာ။ငါကလဲဆိုင်နဲ့ဘာနဲ့ဆိုစားပါတယ်ကွာ။ ခုဟာက လမ်းဘေးဆိုင်ကလဲဖြစ်လူတွေကလဲများဆိုတော့ကွာငါကမစားဘူး ပြန်မယ်ပဲပြောပြီး ကားလာရင်တက်ရအောင် မှတ်တိုင်ရှေ့ နဲနဲထွက်ရပ်နေလိုက်တာ။ပထမတော့ သူငါ့ဘေးမှာပဲကွ။ဒါနဲ့ငါနဲ့သူဟိုပြောဒီပြောနဲ့ နောက်တော့ ငါလဲ ကားလာရင် ဒီလူအများကြီးကိုကျော်ပြီး မင်းကြည်နဲ့တက်ရမှာ အိမ်တောင်ရောက်ပမလားလို့ စိုးရိမ်တဲ့စိတ်ရယ်..သူက ကားကြပ်ရင်လဲ ဂျီးကများသေးတယ်လေ။ဒီတော့ ငါလဲ ကားပေါ်တက်ဖို့ပဲ စိတ်ကရောက်နေတာကွာ။ဒါနဲ့ ငါလဲကားလာတော့ မင်းကြည်လက်ကိုဆွဲပြီး ငါလဲ ကားပေါ်ပြေးတက်ရတာပေါ့ကွ။ ရန်ကုန်လိုင်းကားဆိုတာကလဲ တက်လဲတိုးတိုး ဆင်းလဲခက်ခက်ဆိုတာ မင်းတို့လဲသိတဲ့တိုင်း။

(စောကြီး) အေးပါ မင်းဟာက လိုရင်းကိုမရောက်ဘူး။လိုင်းကားစီးတာ လာပြီး စာဖွဲ့နေတယ်။

(ကိုဇော်) အေးပါကွ။ဖြစ်တာကအဲဒီလိုင်းကားပေါ်ရောက်မှ စတာလေ။အင်း ငါလဲကားပေါ်ရောက် နေရာ အပီအပြင်ယူပြီးရော ကားပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်ကွ ငါလဲ မြင်ဘူးပါတယ်ပေါ့ ဒီအင်ကျီနဲ့ ထမီနဲ့ .သေချာကြည့်မှဟေ့ အဲဒါငါ့ရည်းစား မင်းကြည်ကွ။ဟား အဲမှာ ငါခေါင်းကြီးသွားတာ ငါလက်ဆွဲပြီးတွဲတင်လာတာ ဘယ်သူလဲပေါ့။ပြီးတော့ အဲဒီသူက ရုန်းလဲမရုန်းဘူးလေ ..
လားလား.. အင်ကျီကတော့ အေ၇ာင်ဆင်တယ်ကွ..ဘာဖြစ်နေလဲသိလား မင်းတို့သိလား..

ဒါနဲ့ သူငယ်ချင်းသုံးယောက်လုံးလဲ သိချင်ဇောနဲ့ ပြိုင်တူမေး၏။

(အေး ...ဘာဖြစ်နေလဲ)

(ကိုဇော်) အေးဟေ့ မာမီ ဖြစ်နေတာ မာမီဖြစ်နေတာ.ဟာ ငါကွာ ရှက်လိုက်တာ မျက်နှာဘယ်နားထားရမလဲ မသိဘူး..ကားပေါ်က ပြေးဆင်းမယ်လုပ်တော့ ကားကလဲ ထွက်နေပြီ..အဲ မာမီ ကြီးက လဲ သား...မာမီကိုဆွဲတုန်းကတော့ ဆွဲလာပြီးတော့ ခုကြမှ ဘာလို့ပြေးတာလဲဆိုပြီးတော့ဟေ့ အပီလက်ကိုဆွဲထားတာ။

ဟား....ဟားဟား ဟားဟား................... သူငယ်ချင်းတွေ အားလုံး တစ်ဝါးဝါး တစ်ဟားဟား။..

(ထွန်းလင်း) ဟားဟား နေပါအုန်း မင်းရဲ့ ကောင်မလေး က မှတ်တိုင်မှာ ရပ်ပြီးဘာလုပ်နေလဲ ကိုယ့်ရည်းစားတစ်ယောက်လုံး ကားပေါ်တက်သွားတာ ကို မမြင်လိုက်ရအောင်။

(ကိုဇော်) ဘာလုပ်ရမှာလဲကွ နောက်ကိုလှည့်ပြီး အဲဒီ အသုပ်ဆိုင်ကို ငမ်းနေတာလေကွာ။ငါ့မှာကွာ အဲဒီမာမီကို ဘယ်လိုရှင်းပြရမလဲကို မသိဘူး။ ဟိုမာမီကြီးကလဲ အပြီကပ်တာကွ။မင်းကလဲ လွတ်ကိုမလွတ်တာ။ရှက်ကလဲ ရှက်။ထူပူနေတာပဲ။ ဒါနဲ့ ငါလဲရှေ့မှတ်တိုင်ပါတယ်ဆိုပြီး အတင်း မာမီကြီးကို လွတ်အောင်ရုန်း ပြီးတော့ ကားပေါ်ကနေ ဆင်းပြေးခဲ့ရတာဟေ့။

(စောကြီး) ဒါဆို မင်းကောင်မလေးကရော...

(ကိုဇော်) အဲဒီထိက ရှက်ပဲရှက်သေးတာ ဒေါသမထွက်သေးဘူး။ ဒါနဲ့ ငါလဲ နောက်ကို တစ်မှတ်တိုင်ပြန်လျှောက်ပြီး မင်းကြည် ကျန်ခဲ့တဲ့မှတ်တိုင်ကို ပြန်သွားရော..အဲကျေးဇူးရှင် ဘာလုပ်နေလဲ သိလား..

ဒီတစ်ခါလဲ သံပြိုင် သူငယ်ချင်း သုံးယောက် ခေါင်းလေးတွေ ရှေ့ကိုကိုင်းပြီး

(အေး ဘာလုပ်နေလဲ)

(ကိုဇော်) အဲဒီ အသုပ်ဆိုင်မှာ ၀င်တွယ်နေတယ်လေကွာ။

ဟားဟား..ဟားဟား..

(ထွန်းလင်း)ဟားဟား ဒါဆိုမင်းပါဝင်တွယ်ခဲ့တယ်ပေါ့။

(ကိုဇော်) ဘယ်ကလာကွာ။ မင်းကြည် ဘာလုပ်နေတာလဲဆိုတော့ သူ့ကိုထားခဲ့ပြီး စိတ်ဆိုးပြီး ကားပေါ်တက်သွား တယ်ထင်လို့တဲ့။ အဲဒါနဲ့ အသုပ်ဝင်ဆွဲပြီးမှ အိမ်ပြန်မလို့တဲ့လေကွာ။စိတ်ဆိုးမယ့်တူတူ မထူးဘူးဆိုပြီးတော့တဲ့။
မတွေ့ဘူးဖူး ရည်းစားက စိတ်ဆိုးပြီးထားသွားတယ် လို့ထင်တာတောင် စားချင်တဲ့ ဟာလေးတော့ ရအောင်ဝင်စားလိုက်သေးတယ်။ အဲမှာ ဒေါသပါထွက်လာတာ။

(ဝေဖြိုး) ဒါနဲ့ မင်းဘယ်လိုပေါက်ကွဲလိုက်လဲ မင်းကြည်ကို စိတ်ဆိုးဆိုးနဲ့ အပြတ်ပြောခဲ့တာပေါ့။ မင်းနဲ့ငါ ဇာတ်လမ်းဒီမှာတင် ပြတ်ပြီး နောက်တစ်ခါဆိုတာ မရှိတော့ဘူး။ခဏခဏ အရှက်ကွဲပြီး အကျိုးနဲလွန်းလို့ဆိုပြီးတော့လေ။

(ကိုဇော်) မင်းတို့ကလဲ အဲလောက်တော့ ငါက လုပ်မလားဟ။

(စောကြီး) မင်းခုနတုန်းကပုံက လူသတ်တော့မယ့်တိုင်းပဲလေ။

(ထွန်းလင်း) အေးလေ..ချက်ချင်းပဲ သတ်သေတော့မယ့်မျက်နှာမျိုးနဲ့။ အေးပါ ဆက်ပြော အဲလောက်တော့ လုပ်မလားဆိုတော့ မင်းဘယ်လောက်လုပ်ခဲ့လဲ။

အဲ ကိုမင်းကြည် ပြန်လာမယ့် စကားကို စောင့်ရင်း စောကြီး၊ထွန်းလင်းနဲ့ ဝေဖြိုးတို့က မသိမသာ ရရာလက်နက်တွေဆွဲကိုင်ထားကြပြီ။ ဘာလို့လဲ ဆိုတော့ ကိုမင်းကြည် ဘာဖြေလာမလဲ သူတို့သိပြီးသား..ဆွမ်းကြီးဝိုင်းလောင်းဖို့ အသင့်ပြင်ထားလိုက်သည်။ကိုမင်းကြည် ကတော့ သူ့ဖီလင်နဲ့ သူ။

(ကိုဇော်) မင်းတို့လဲ သိသားနဲ့ သူ့ကိုသွားဆူလို့မှ မရတာ။ဆူလိုက်လို့ စိတ်ကောက်ရင် ငါချော့ရတာ ပင်ပန်းတာမင်းတို့လဲ သိသားနဲ့။ ဒီတော့ သူ့ကိုနောက်တစ်ခါဒါမျိုးမဖြစ်စေနဲ့လို့ ချော့မော့ပြောပြီး အိမ်လိုက်ပို့လိုက်တာပေါ့ကွ။

ကိုမင်းကြည် စကားဆုံးသည်နှင့်
ထွန်းလင်းကလဲ ကုန်နေသော ရေနွေးကြမ်းခရားနှင့် ကိုမင်းကြည်၏ခေါင်းအား
ဒေါင်ကနဲ ဟဲ လိုက်သလို
ဝေဖြိုးကလဲ သူသောက်နေသော ရေနွေးကြမ်းခွက်နဲ့ အဆက်မပြတ် ဒေါက်.ဒေါက်.ဒေါက် ဟူ၍၄င်း.
စောကြီးကလဲ ကုန်နေသော ပလာတာပန်းကန်နှင့် ဂွက်ဂွက်ဟူပြီး ၄င်း ချီးကျူးထောပနာ ပြုလိုက်ကြလေတော့....သည်။


အလွမ်းတွေကြီးပဲရေးမိနေလို့ ဒီတစ်ခါ ကြည်နူးစရာလေးတစ်ခု ရေးဖြစ်သွားတယ်။
ဘလော့ လာလည်ကြသော မောင်နှမများ စိတ်ရွှင်လန်း ကျန်းမာ ချမ်းသာပါစေလို့ ဆန္ဒပြုရင်း....

Friday 8 October 2010

အသံမဲ့ကျသောမျက်ရည်

အိမ်တံစက်မြိတ်ရဲ့ ကောင်းကင်ရှေ့မှာ
ဝါဆိုမိုးတို့ ရွာသွန်းချိန်
မိုးစက်မိုးပေါက်တို့ရဲ့ ကြုံးဝါသံ
ဆူညံလို့နေပေါ့....
လျက်တစ်ပျက် လင်းလက်လိုက်တဲ့
လျှပ်ပန်းရဲ့ အရိပ်အောက်မှာ
ဝိုးတ၀ါး ချစ်သူရဲ့ မျက်ဝန်းတစ်စုံ
သူပြုံးနေလား..ငိုနေလား....
မိုးရေလား..မျက်ရေလား
ငါမခွဲတတ်ဘူး...
ငါ့ ကိုယ်မှာဝတ်ထားတဲ့
အရောင်မဲ့ ည၀တ်အင်ကျီ
ဒဏ်ရာပေါင်းများစွာ
ချုပ်ရိုးတွေခြံရံလို့
နဂိုဟန် မူမပျက်အောင်
တဲတဲလေး ပွေ့ဖက်ထားတယ်
နလုံးသားရပ်ဝန်း ငိုရှိုက်သံ
မျော်လင့်ခြင်းကင်းမဲ့တဲ့
လင်းရောင်ခြည်
ကမ်းလှမ်းလိုက်တဲ့
လက်အစုံပေါ် ပစ်ချလိုက်တဲ့ကံကြမ္မာ
အဆိပ်ဆူးတွေ ပလူပျံပေါ့
ပူလောင်နေတဲ့ ရင်တွင်းဝေဒနာ
ဘယ်သူများသိနိုင်ပါ့မလဲ
ခုတော့.........
ချုပ်ရိုးတွေနဲ့ အင်ကျီမှာ
အနီရောင်သွေးတွေ
မျက်ရည်မိုးတွေနဲ့အတူ
စီဆင်းလို့နေပြီလေ.........

Wednesday 6 October 2010

HEART HOLE



ဘ၀ရယ်....သနားကာ
ငါ့ ကို ငဲ့ညာတယ်ဆိုရင်ဖြင့်
ခပ်ဖြေးဖြေး မျှင်းပြီးတော့
ရင်ဒဏ်ရာ ဗလပွနဲ့
မသေမရှင် မျှော်လင့်ကာ
ဇောသွယ်သွယ်တွေနဲ့
ရှင်ကာလေ ထားမနေစမ်းပါနှင့်.....
တစ်ကယ်ဆို
တစ်ခါဆို ဖြိုသလောက်
ဇီဝပါ နှုတ်လိုက်စမ်းပါ
ငါ့..ရင်ကိုဖွင့် ခေါင်းကိုမော့ပြီး
မမှိတ်စတမ်း ဒီအမြင်တွေနဲ့
ငါ..ရဲကာ ၀ံ့လိုက်စမ်းခြင်ပါဘိ....
ဝံ့ကာလေ ဘယ်လိုပင်
ငါရဲသော်လည်း အကြံပိုင်တဲ့
ဒီဘ၀ ကျောဘက်က
လှည့်ကာ ချဲတယ်
အငိုက်ဆို တစ်ခဏ
အင့်..ကနဲ
ငါ အသံထွက်သွားတယ်
ဒီရင်မှာ..
နှလုံးသား ဗလာကြီးနဲ့ပါလား............................................။

Friday 1 October 2010

အသံမဲ့ကြိုး



နွေကိုချစ်တဲ့ ဥသြငယ်

ဆောင်းနှင်းကွယ်မိုးကာနေတာကြောင့်

သစ်တောတောင် ဘယ်လိုမှိုင်းပေမယ့်

သူ့ဌာနေ နွေမှာမြူးတာကြောင့်

ဆောင်းမပါ နွေမရှိခဲ့ရင်ကွယ်

မေရှိတဲ့ ရင်ခွင်စမ်းအိုင်မှာ

သစ်ခြောက်ပင် တဖက်ကိုင်းကို

ဖက်သိုင်းလို့ တူပျော်ချင်တယ် ။


ရေမှာဖွားတဲ့ ရွှေငါးငယ်

ရွေပင်လယ် အနက်ရှိုင်းပေမယ့်

ငွေစင်ကြယ် ငယ်ဖော်မဲ့ရင်တော့

လှိုင်းခွပ်တာ ကဗျာလွတ်ရယ်လို့

အိပ်မက်တွေ အရောင်ပျောက်ခဲ့တယ်

အို..ပင်လယ် ဖေါ်မပြုနိုင်ဘူး

သူ ထူးတာဘဲ ကြားချင်တယ်။


အိုဘယ့်...ငါ့နှယ်..

မျက်ကြည်လွှာ အဆာပါးလေးမှာ

တိုက်နံရံ အကာများပေမယ့်

သူ့မျက်ချယ် ရွှေအိုရောင်ကိုတော့

ဘယ်ဖုန်း မကွယ်

တွယ်မှိတဲ့ ဒီကြိုးငယ်တန်း

အတွေးတိတ်ပြီး တမှေးအိပ်တာတောင်

သူ့ကိုယ်ရောင် ၀ိညာဉ်အနမ်းတွေနဲ့

ဆံနွယ်တွေ လာရာလမ်းသွယ်ကို

အခန်းငယ် လေပြူတင်းမှာ

မှန်းမျှော်မိယောင်

မြို့ရွှေပြည် စည်သံခြိမ့်ရင်တော့

စို့နေမည့် ချွေးနှင်းစက်တွေကို

ပြေးဖက်ကြို ကဗျာပေါင်းကြမယ်

စောင့်နှင့်ပေတော့ ။

Sunday 26 September 2010

မမှားလောက်တော့



တော်ပြီဆို နောက်တစ်ခါ
ပြန် လှည့်လို့ မကြည့်တော့ဘူး
စုံကုန်ကာ ထွက်သွားတဲ့
ဒီခြေထောက်ကို တစ်သက်စာ
မှတ်လို့ဖြင့်ထားလိုက်တယ်..။

ဒုတိယရယ်လို့ ပြန်ခိုခွင့်
ပေးလိုက်မယ် မထင်နဲ့
ဒင်း..........
သတ်သွားပုံက
စုတ်ပြတ်သတ် ဖွာလန်ကျဲ
ဒီ.....စိတ်တွေလေ...။

မေတ္တာဆိုတာ ဂျိုနဲ့လား
စေတနာဆိုတာ
တန်ဖိုး ဘယ်လောက်လဲလို့
မေးဖော်....ရမှတော့
ငါ..ကျောခိုင်းလိုက်တာဟာ
မမှားလောက်တော့ပါဘူး။ ။


ပုံလေးကိုတော့ internet ကပဲရှာပြီးသုံးထားတာပါ။လာရောက်လည်ပတ်ကြသော ဘလော့မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်လို့..ဆွေလေး ဒီပို့(စ်)လေးကပဲ ထပ်ပြောလိုက်ပါရစေ။

Saturday 25 September 2010

မာန၏ နံရံတစ်ဖက်ခြား




ဒီနေ့ ကျွန်မ အရမ်းကို ပျော်နေမိသည်။ နားထဲဝင်လာသည့် အိမ်ကညီမလေးဆိုနေသော မျိုးကြီးရဲ့ သီချင်းသံ။

"ကန်တော်ကြီး အင်းယားလမ်း... မသွားချင် ကိုယ်လေ မသွားဘူး ပြန်မြင်ယောင်ကာ ရူးနိုင်တယ်.."

ပြီးတော့ ကျွန်မနှုတ်ကလဲ တိုးတိုးလေး လိုက်ညည်းနေမိတယ်။ မိသားစု အတွက် ကျွန်မလုပ်ပေးနိုင်ပေမယ့် ချစ်သူကိုတော့ သတိရမိတယ်။
သက်ပြင်း ခပ်မျှင်မျှင်လေးတစ်ချက်ကို လူမသိ သူမသိ မှုတ်ထုတ်ရင်း ချစ်သူ့ကို လွမ်းမိပြန်တယ်။
ခုချိန်သူဘာများလုပ်နေပါလိမ့်အဆက်အသွယ်ပြတ်နေတာ ၃ လလောက်ရှိပြီး။ စာမလာသတင်းမကြား..ဘာများဖြစ်နေပါလိမ့်။ အဆင်မပြေရင်လဲ ပြန်သာလာခဲ့ပါ ချစ်သူရယ် ကျွန်မက ငွေချမ်းသာချင်တဲ့ မိန်းမမှ မဟုတ်တာ။ ကျွန်မက စိတ်ပဲချမ်းသာချင်တာ။ ချစ်သူနိုင်ငံခြားထွက်သွားပြီး ၆ လလောက်ထိတော့ အဆက်အသွယ်ရနေသေးသည်။နောက်တော့ ဘာသတင်းမှ မကြားတော့။ ကဲပါ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ကျွန်မမိသားစုအတွက် ကျွန်မရှာသော ကိုယ်ပိုင် ပိုက်ဆံနှင့် ကာရာအိုကေ အပေါ်စက် အောက်စက် ၀ယ်ပေးလိုက်တယ် မနေ့က။ဒီပိုက်ဆံတွေရဖို့ ကျွန်မ ချွေတာစုဆောင်း အငတ်ခံပြီး သူများရုံးပြန်ချိန်မပြန်နိုင်ပဲ overtime ကြေးတွေစု။ ၈ လလောက်ကြာတော့မှ ဒီပိုက်ဆံကရလာတာ။ အဓိကကတော့ အမေ့အတွက်ပါ။အမေ က၀ါသနာအရမ်းပါတာ။ ဒီကြားထဲကိုးရီးယား အပိုင်းတွေ လာတော့ ပိုဆိုး။ တစ်နေကုန်အလုပ်မှာ စက်ချုပ် ညကျ သူများဘယ်အိမ်လေးမှာ များ သွားကြည့်လို့ရမလဲ။ သူ့ခင်ဗျာချောင် ရတာအမော။ တီဗွီ ရှိတဲ့ အိမ်တွေကလဲသူတို့လဲ ကိုယ့်ပစ္စည်းနဲ့ကိုယ် ဇိမ်တော့ယူချင်ကြတာပေါ့။ လူအများကြီးလာကြည့်ကြတော့ ပိုင်ရှင်တွေလဲလွတ်လွတ်လပ်လပ် ကြည့်လို့မရ ဒီတော့ အဲဒီကိုးရီးယားကားတွေ လာချိန်ဆို တီဗွီရှိတဲ့ အိမ်တွေအားလုံးက အိမ်တံခါးတွေ ပိတ်ထားကြတာ။ဒီတော့ကျွန်မတို့လို မျက်နှာမွဲ သူဆင်းရဲတွေကြတော့ ဟိုလိုချောင်း ဒီလိုချောင်း ပေါ့။ ဒါနဲ့ပဲ ကျွန်မလဲ အမေ့ တွက်ကြိုးစားပေးလိုက်တာ။
ခုတော့ ကိုယ်လဲ လွမ်းလာရင် သီချင်းကာရာအိုကေတွေအပြတ်ဟဲနိုင် အမေလဲ ချောင်းစရာမလိုတော့။ စိတ်လေးကို ချမ်းသာနေရောပဲ။ ကြည်နူးမိတာပေါ့။ ဒါဟာ ကျွန်မ မိသားစုကို ပထမဆုံးအကြိမ် ကျွန်မ၀င်ငွေ ကျွန်မအား ကျွန်မချွေးတွေနဲ့ လုပ်ပေးနိုင်တဲ့အရာလဲ ဖြစ်နေတာ့ စိတ်ထဲမှာ ကြည်နူးမဆုံးဘူး။ မေမေ ဆို အရမ်းကို ပျော်နေတာ။ အင်း ဒါပေ...မယ့် ပြတ်နိုင်လွန်းတဲ့ မီးအတွက်တော့ ကျွန်မလဲ မတတ်နိုင်။ ဒါက ကျွန်မကြိုးစားလို့ ရနိုင်တာမှမဟုတ်တာ။ အချိန်ရယ် အခါရယ် ..ရောက်မလာသေးတော့လဲ ရွှေပြည်တော်မှောင်မှောင်မဲမှာ တီဗွီဆိုတာကြီး ဖယောင်းတိုင်သာ ထွန်းကြည့်ကြပေါ့လေ။ ဘယ်တတ်နိုင်မလဲ။စိတ်ထဲမှာ ဟိုတွေး ဒီတွေး ဘယ်တွေရောက်နေမှန်းကို မသိဘူး။ ဒီနေ့ အိမ်မှာနားရက်ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး ယောင်တောင်တောင်ဖြစ်နေတာ။ကျွန်မက အိမ်မှာနေခဲတယ် ပြောရမယ်။ အလုပ်အပြင် ဆယ်တန်းကျောင်းသားလေးတွေကို GUIDE လဲလုပ်ပေးသေးတာကိုး။ညဆိုလဲ အလုပ်က အပြန်ဆို ကျောင်းသားအိမ် တန်းဝင် စာသင် အိမ်ပြန်ရောက်တော့ ည ၁၀ နာရီ ၁၁ နာရီ။ဘာပဲဖြစ်ဖြစ်လေ ချစ်သူကို လွမ်းတဲ့ စိတ်တွေကို အလုပ်ချိန်တွေနဲ့ အစားထိုးပစ်နေတာ။ မိသားစုကိုလဲ ကိုယ့်ကိုယ်ကို ပိုင်တဲ့အချိန်လေးမှာ တတ်နိုင်သလောက် လုပ်ပေးချင်တာ ကျွန်မရဲ့ စေတနာလေ။ဒီနေ့တော့ နေ့လည်ပိုင်း စာသင်ချိန်လဲမရှိတာနဲ့ ကာရာအိုကေလေးလဲ ဟဲမယ်ဟဲ့ ဆိုပြီးနေ့လည်နေ့ခင်း တစ်ရေးအိပ်ရာကနေ ထလာတဲ့ ကျွန်မ ..ညီမလေးက အရင်ဦးပြီးဟဲနေတဲ့ သီချင်းကို လိုက်ညည်းရင် အိမ်ရှေ့ သစ်ပင်ရိပ် နေအေး လေရတဲ့နေရာမှာထိုင်နေတာလေ။ ဟွန်း ကံကပဲကောင်းတာလား မကောင်းတစ်ကောင်းလားတော့မသိဘူး..ဒီနေ့ မီးလာနေတယ်။ အဟဲ ရာသီဥတုကတော့ ကိုယ့်ဘက်ပါနေပြီ။လွမ်းတဲ့ စိတ်ကလေးကို အပီဟစ်လိုက်အုန်းမှလို့ ကျွန်မတွေးနေမိတာ။ ချစ်သူသာ ဘေးနားမှာ ရှိရင် အရမ်းကောင်းမှာလို့လဲ စဉ်းစားမိသေး။ ဟိုတွေး ဒီတွေး မြင်ကွင်းထဲဝင်လာတဲ့ ပုံရိပ်တစ်ခု စက်ဘီး။
ချစ်သူစီးနေကျ စက်ဘီး မမြင်ရတာ ၁ နှစ်လောက်ရှိပေမယ့် ကျွန်မမှတ်မိနေသေးတာ။ ရုတ်တရက်ဆိုတော့ ချစ်သူများပြန်ရောက်လာပြီ လား။ စိတ်ထဲမှာ ၀ုန်းကနဲ ဘယ်လိုကြီးမှန်းကိုမသိ။ အလျှင်အမြန်ခြံရှေ့ပြေးထွက်ခဲ့မိတာ။ ကိုယ့်ဘာသာကိုယ် သတိထားမိတော့ ခြံပြင်တောင် ရောက်နေပြီလေ။အနားရောက်လို့လူမြင်လိုက်မှပဲဝုန်းကနဲတောက်တဲ့မီးရေစိုဝတ်နဲ့ငြိမ်းလိုက်သလိုပဲဘယ်လိုကြီးမှန်းမသိ ချစ်သူရဲ့ ညီအရင်းခေါက်ခေါက်ကြီးလေ။ဟွန်း လူကိုမထိတထိ လာစနေသလိုပဲ။စက်ဘီးစီးလဲ သူ့စက်ဘီးသူစီးပါလား။ ချစ်သူရဲ့ စက်ဘီးများစီးပြီး အိမ်ကိုလာရတယ်လို့။ ငါလေ..ငါ..ဟွန်း...

"မကြီး အဖေနဲ့အမေက အိမ်ကိုလာခဲ့ပါအုန်းလို့ ပြောပြီး ခေါ်ခိုင်းလိုက်လို့"

အင်း ဘာများပါလိမ့် အကြောင်းတော့မရှိပါဘူး။ ချစ်သူ ရဲ့အိမ်က ကျွန်မတို့အကြောင်းသိပေမယ့် ကျွန်မကတော့ မိဘတွေကိုမပြောရသေး။ သမီးအကြီးဆုံးက ပိုက်ဆံလဲရှာနိုင်ရော ယောက်ကျားလဲ ယူလေရောလို့ မိဘတွေ စိတ်ဓာတ်ကျမှာစိုးလို့ ကျွန်မ မပြောရသေး။ဒါပေမယ့် ခုတော့ရပါတယ်။အိမ်မှာ မိဘတွေမရှိ နေ့လည်ဆို..စက်ချုပ်ဆိုင်သွားကြပြီလေ။ ညီမလေး၊တစ်ခါတစ်လေ နားသောကျွန်မ နှင့် ဖွားဖွား သာရှိသည်မို့ လိုက်သွားလို့ အဆင်ပြေ၏။ဒါနဲ့ပဲ ခဏလေးဆို အင်္ကျီလေးလဲပြီး မတော်ရသေးသော ယက္ခမကြီးများခေါ်တော်မူရာသို့ သွားရလေတော့သည်။ ချစ်သူစက်ဘီးလေး စီးနေရတာကိုးကအလွမ်းပဲပြေနေသလိုလို။

"ကိုလတ် ဘဘနဲ့ အန်တီက မကြီးကို ဘာလို့ ခေါ်တာတုန်း။မင်း..အစ်ကိုများတစ်ခုခု.."

ကျွန်မမေးတဲ့ စကားမဆုံးသေးခင်မှာပဲ ချစ်သူရဲ့ ညီက

"ကိုကြီးက ဘာမှ မဖြစ်ပါဘူး..အဖေ တို့ဘာလို့ ခေါ်ခိုင်းလဲ ကျွန်တော်လဲ မသိဘူးဗျ။ ကိုကြီးနဲ့ အဆက်အသွယ်မရတာကြာတော့ မကြီးနဲ့ရော အဆက်အသွယ်ရလားလို့. မေးမလို့နေမှာပေါ့"

အင်း သူပြောတာတော့ ဟုတ်လောက်တယ်။ဒါပေမယ့် ကျွန်မလဲ အဆက်အသွယ်မရှိ။ ချစ်သူအတွက် စိတ်ပူမိပြန်သေးသည်။
ဒါနဲ့ ချစ်သူရဲ့ အိမ်ကိုရောက်တော့..မတော်ရသေးသော ယောက္ခမကြီး များအား သာကြောင်းမာကြောင်းမေး စကားနဲနဲ ပြောပြီးစမှာပဲ ချစ်သူရဲ့အဖေ ပြောသောစကားတို့က တစ်မျိုးမည်လာလေပြီ။

"ဘဘ တို့က သမီး တို့ ချစ်နေကြတာ သိထားပြီးသားပဲ။ သားကြီးပို့ထားသမျှ ပိုက်ဆံလဲ ဘဘတို့က မသုံးပါဘူး။ သမီးတို့ မင်္ဂလာဆောင်ရင်သုံးဖို့ ဘဘ တို့က စုပေးထားတာလေ။ ဒီတော့ သမီးတို့လူငယ်တွေ အချင်းချင်း လူကြီး မိဘတွေမသိပဲ ဘာတစ်ခုမှ မလုပ်ပါနဲ့လို့ ဘဘ တို့ကပြောချင်တာ။ သားကြီးက ဘဘတို့အိမ်မှာ အချစ်ဆုံး သမီးကိုလဲ ဘဘ တို့က ချစ်ပြီးသားပါ ကျန်တဲ့သား အငယ်ကောင်တွေ မိန်းမယူလို့ကတော့ မင်းတို့အိမ်နဲ့ မင်းတို့နေ အိမ်ပေါ်ခေါ်မလာကြနဲ့လို့ဘဘ ကပြောထားပြီးသား။ သမီးနဲ့ သားကြီးတို့ကတော့ဘဘ တို့ရဲ့ အချစ်ဆုံးတွေမို့ ဒီအိမ်ပေါ်မှာပဲနေကို နေရမှာ။ အစ်ကိုကြီး အဖရာ အစ်မကြီး အမိရာမဟုတ်လား။ "

အင်း ဘာတွေပြောနေပါလိမ့် တစ်ခုခုတော့တစ်ခုခုပဲ။ကျွန်မကတော့ သဘောပေါက်ဖို့မလွယ်သေး ချစ်သူရဲ့အဖေလွတ်နေသောစကား လုံးများက ဘာကိုရည်ရွယ်သနည်း။ စိတ်ထဲမှာ သိလိုက်သလိုလိုနဲ့ မရှင်းလင်း။ဒါနဲ့ပဲ ကျွန်မ ပွင့်ပွင့် လင်းလင်း ပဲမေးလိုက်သည်။

"ဟိုလေ ဘဘ.အားမနာပါနဲ့ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောပါ။သမီးလဲ အရွယ်ရောက်ပြီးသား မိန်းကလေး တစ်ယောက်အနေနဲ့
ရင့်ကျက်ပြီးသားပဲ။ဘဘ မေးလာမယ့် မေးခွန်းတွေကိုလဲ အမှန်အတိုင်းပဲပြောမှာပါ။
စိတ်မပူပါနဲ့ ပြောစရာရှိတာသာ ပွင့်ပွင့်လင်းလင်းပြောပါ"

ကျွန်မက ဒီလို လမ်းဖွင့်ပေးလိုက်တော့မှ ပြောလာတဲ့စကားကဒီလို..

"ဟိုလေ ဘဘတို့သားနဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီလေ။ပြီးတော့ ပိုက်ဆံလဲ မပို့တာ ၃ လလောက်ရှိပြီလေ။ ခု သမီးတို့အိမ်
မှာ တီဗွီ အပေါ်စက် အောက်စက် ၀ယ်တယ်ဆိုလို့လေ..အဲဒါ.."

ကြားလိုက်ရပြီးပြီးချင်းကိုပဲစိတ်ထဲမှ မခံချင်စိတ်။ပြီးတော့ မာန ..ပြီးတော့ကိုယ့်နောက်ခံ မိဘတွေရဲ့သိမ်ငယ်သွားမှုခံစားချက်တွေ။ဒါပေမယ့် ကျွန်မကလဲ လောကဆိုတာကို လွယ်လွယ်နဲ့ကျော်ဖြတ်လာခဲ့ရတဲ့ မိန်းမမှမဟုတ်တာ။ဖြစ်သွားတဲ့ ခံစားချက်တွေကို ခဏလောက်ပြန်မျိုသိပ်.ပြီးတော့ မျက်နှာထားကို သကာရည်လောင်းထားသလို အချိုသာဆုံးပြုံးလိုက်တယ် ပြီးတော့
ဘာမှ မဖြစ်သလို မျက်နှာထားမျိုးနဲ့ ကျွန်မ တိုက်ပွဲ ပြန်ဝင်လိုက်တယ်...

"အော်.. ဘဘ တို့ က အဲဒါကို စိုးရိမ်နေတာလား။သမီးက ဘာများလဲလို့။
စိတ်ချပါ ဘဘ။ခုချိန်မှာ သူနဲ့သမီးက လက်မထပ်ရသေးဘူးလေ သူရှာထားသမျှ ဘဘတို့နဲ့ပဲ ဆိုင်တာပေါ့။သမီးကလဲ သူများပစ္စည်း အထူးသဖြင့် ပိုက်ဆံနဲ့ ပတ်သတ်ရင် အမြဲတမ်းသတိထားပါတယ်။ဘာလို့လဲ ဆိုတော့ သမီးတို့က ဆင်းရဲလို့။အဲဒီ ငွေနဲ့ ပတ်သတ်ပြီး သူများတွေ အထင်သေးမှာစိုးလို့ပါ။ ပြီးတော့ မိန်းကလေးဆိုတာ ကိုယ့်ဘာသာကိုယ် တန်ဖိုးထားလေ ကိုယ့်ရဲ့ တန်ဖိုးကလဲ တက်လေမဟုတ်လား။ဒီတော့ ခုချိန်မှာ သမီးရဲ့ဘ၀ သမီးရဲ့ အနေအထားက ဘဘတို့နဲ့စာရင် နိမ့်ကျရင် နိမ့်ကျနေမယ်..ဒါပေမယ့် တစ်ချိန်ချိန်မှာ ဘဘတို့ထက် သာတဲ့ ဘ၀တစ်ခုခု ကိုများရွေးချယ်ခွင့်ရခဲ့မယ် ဆိုရင် ခုဘဘတို့ စိုးရိမ်နေတဲ့ ငွေဆိုတာကြီးက သမီးကို ချုပ်ကိုင်ခံနေရမှာစိုးလို့။ ဘဘရဲ့သားက ပို့မယ်လို့ပြောတာတောင်သမီး လက်မခံခဲ့ပါဘူး။ မစိုးရိမ်ပါနဲ့ ဒီအတွက်တော့။ခုလဲ သမီး မိသားစု အတွက် သမီးချွေးတွေနဲ့ ရှာလို့ရတဲ့ ပိုက်ဆံနဲ့ဝယ်ပေးထားတာပါ။ပြီးတော့ သမီးရဲ့မိဘတွေကိုလဲ မျက်နှာငယ် စိတ်အားငယ်ရမယ့် အလုပ်မျိုး သမီးလုပ်မှာ မဟုတ်ပါဘူး။"

မတော်ရသေးသော ယောက္ခမတွေရဲ့ မျက်နှာကတော့မည်းလို့ ဒါပေမယ့်ကျွန်မက ပြုံးပြုံးလေးနဲ့ အေးအေးဆေးဆေး ပြန်ပြောနေတာမို့ သူတို့မှာ ရန်ပြန်တွေ့လို့လဲမရ။ ပြီးတော့ သူတို့သားထက် သာတဲ့ လူကိုရွေးလို့မရမှာစိုးလို့ ပို့တဲ့ ပိုက်ဆံတောင် ကျွန်မက လက်မခံဘူးလို့ ပြောတော့ ပိုပြီး စွေ့စွေ့ခုန်ပါလိမ့်မည်။မတတ်နိုင် ကျွန်မသည် နေရာတစ်ကာမှာ မာန ထောင်လွှားပြီး ငါဟဲ့ လို့ မောက်မာနေသည့် မိန်းမတစ်ယောက်တော့မဟုတ်။ဒါပေမယ့် ဒီလိုအပြောခံလိုက်ရတာကိုလဲ ငြိမ်ပြီးငုံ့ခံကာ ပြန်သွားမည့် မိန်းမတစ်ယောက်လဲမဖြစ်။ဒီတော့ သိမ်းထားသော မာနလေးများအား ခဏတော့ အမောက်ထောင်ပြလိုက်ရသည်။ ချစ်သူ နားလည်နိုင်မည်ဟုတော့မျှော်လင့်မိသည်။ နားမလည်နိုင်လျှင်ရော..ကျွန်မပြောစရာ တစ်ခုပဲ ရှိပါသည်။ ကျွန်မ ချစ်သူကို ချစ်ခဲ့သော အချစ်တို့တွင်ရုပ်ဝထ္ထုပစ္စည်းများမပါခဲ့ အတ္တဖြူဖြူလေးများတောင် ချစ်သူ့အပေါ်တွင် ကျွန်မ မထားရှိခဲ့။ ချစ်သူကမင်းကိုထားခဲ့ပါတော့မယ်လို့ တောင်းဆိုလာလျှင်တောင် ကျွန်မသည် စဉ်းစားချင်းအလျှင်းမရှိ ချစ်သူသာ ပျော်မယ်ဆိုရင် ကျွန်မခွင့်ပြုလိုက်မည်သာ ဖြစ်သည်။

ဘာလို့လဲ ဆိုတော့ ..........................

ချစ်သူအား ချစ်သော အချစ်တို့တွင် အကြောင်းပြချက် တစ်စုံတစ်ရာမရှိပဲကို ကျွန်မ ချစ်သူကို ချစ်ခဲ့မိချင်းကြောင့်သာ....ဖြစ်သည်။

တစ်ကယ်တော့ ....
အဲဒီနေ့ကျွန်မကံကောင်းမလိုလိုနှင့် ကံဆိုးခဲ့သည်။ နေသည် ပူမလိုလိုနှင့် မိုးတွေ သည်းထန်စွာ ရွာသွန်းခဲ့သည်။ ပျော်မလိုလိုနဲ့
ဝမ်းနည်း ချင်းခြောက်ကမ်းပါးထဲ တစ်သက်လုံးကျခဲ့ရသည်။ချစ်ရတော့မလိုလိုနှင့် အလွမ်းတွေဆင့်ကာဆင့်ကာ ပွားခဲ့ရသည်။ ချစ်သူကို မြင်ရတော့မလိုလိုနှင့် ချစ်သူနှင့် တစ်သက်တာဝေးသွားခဲ့ရသည်။ ချစ်သူသည် ကျွန်မထံသို့ အဲဒီနောက်ပိုင်းဘာအဆက်အ
သွယ်မှ မလုပ်တော့...
ဘာပဲပြောပြော..
ကျွန်မသည် မာန နံရံ၏အခြားတစ်ဖက်၌ အကြောင်းပြချက်မရှိသော ချစ်ချင်းတို့နှင့် ချစ်သူအား ချစ်နေမြဲ ချစ်နေစဲ သာ..................