Saturday 26 June 2010

နွေလယ်ညရဲ့..အိမ်မက်တစ်ပိုင်းတစ်စ



နွေလယ်ညရဲ့ ခပ်ပြင်းပြင်း အပူရှိန်တစ်ခုနဲ့ အရာတစ်ခုခုက ငါ့ကိုမလွတ်တမ်း ခပ်မြဲမြဲ ဆုပ်ကိုင်ထားကြတယ်..။
ငါရုန်းတယ် ငါအော်နေတယ် ငါ့ကိုယ်မှာ ရွှဲရွှဲနှစ်နေတဲ့ချွေးတွေ..ငါအားတွေကုန်လာတယ်..ဒါပေမယ့် ဖမ်းဆုပ်ထားတဲ့
အရာတွေက မလွတ်နိုင်သေးဘူး..နောက်ဆုံး ငါ........
ငါတတ်နိုင်တာတစ်ခုပဲ ငါ့ကိုလွတ်ပေးလိုက်ကြပါ......
ငါ့ဘ၀ကြီးရဲ့ ချိုမြိန်ခြင်း..သစ်သီးလေးတစ်လုံးတော့..ပေးစားလိုက်ကြပါ..ဒါဟာငါ့ရဲ့ ပထမဆုံးနဲ့နောက်ဆုံး
ဆန္ဒလေးပါ...ငါ့ဘ၀ကြီးနဲ့လဲလှယ်ပြီး ငါတောင်းဆိုလိုက်တယ်...
ဒီလိုနဲ့
ဆုပ်ကိုင်ထားတဲ့အရာတွေ ဖြေလျှော့သွားကြတယ်..ငါအပြေးလာခဲ့တယ်..
ဒါပေမယ့်..ဒါပေမယ့် .....
အဲဒီသစ်သီးလေးကို ငါမတွေ့တော့ဘူး..
ငါမတွေ့တော့ဘူး....
စိတ်ရှိလက်ရှိ......ငါအော်ဟစ်ပစ်လိုက်တယ်..
အား...............................................။
နွေလယ်ညရဲ့ ပူပြင်းပြင်းအိုက်စပ်စပ် အခန်းငယ်လေးထဲမှာ ငါတစ်ယောက်ထဲ ရုန်းရင်ကန်ရင်း
အော်ရင်းဟစ်ရင်း အိမ်မက်ဆိုးကနေ လန့်နိုးလာတယ်။ချွေးတွေလဲရွှဲလို့ ပင်ပန်းလိုက်တာလဲလွန်ရော..
ပြီးတော့ သက်ပြင်းတစ်ချက်ခပ်လေးလေးမှုတ်ထုတ်လိုက်တယ်..ဖေးမမဲ့သူမရှိတဲ့ ငါ့အတွက်
ငါကိုယ်တိုင်ပဲ ရေတစ်ခွက်ယူပြီး အားရပါးရတစ်ချိုက်မော့ပစ်လိုက်တယ်။ ပြီးတော့ အိပ်မပျော်ခင်က
မဖွင့်မိတဲ့ air con ကိုလဲငါဖွင့်လိုက်တယ်..နေသာသွားတယ်..ကျေနပ်သလိုဖြစ်သွားတယ်။
ပြီးတော့ ကိုယ်ဘာသာကိုယ်စဉ်းစားရင် တစ်ချက်ပြုံးလိုက်မိတယ်..
တော်သေးတာပေါ သက်ပြင်းခပ်လေးလေးလဲ မှုတ်ထုတ်ပိုင်ခွင့်ရှိတယ်..ပြီးတော့
အိမ်မက်ထဲမှာ ရေရမယ်မထင်ဘူး..ပြီးတော့ air con လဲရှိမယ်မထင်ဘူး..
ပြီးတော့ ငါကိုယ်တိုင်လဲ ရေကိုထမယူနိုင်ဘူး....လို့......

ပုံလေးကိုတော့ http://www.westcoast-mountainguides.co.uk ဒီနေရာလေးကယူသုံးပါတယ်။

Friday 25 June 2010

စကားအချို့

ဒီဘလော့လေးကိုမရေးတာ တော်တော်ကြာပါပြီ။ ဘာလို့လဲဆိုတော့ မြန်မာပြည်ကိုအလည်တစ်ခေါက်သွားပြီး ပြန်လာထဲကစိတ်မှာ
အိမ်လွမ်းတဲ့စိတ်ကပ်ပါလာကြတာ။ ဒီကြားထဲ အလုပ်ကလဲ ခေါင်းလေးတောင်မဖော်နိုင်ပါဘူး။အဲလောက်ပဲလားလို့မေးရင် ပြန်ဖြေပါ့မယ်အဲလောက်ထိအောင်ပါပဲ။ဒီတော့ ဘလော့လေးပေါ်မှာဘာမှမလုပ်နိုင်မယ့် တူတူဆိုပြီး ပိတ်လိုက်မိတော့တယ်။ပြီးတော့ ခံစားချက်တွေဘာမှမရှိတော့သလို စိတ်ထဲမှာ ဘာမှမကျန်တော့ဘူး။ဘာဖြစ်သွားလဲဆွေလေးလဲမသိလိုက်ပါ။ခံစားချက်တွေမရှိတော့ စာရေးခြင်စိတ်လဲမရှိသလို ရေးမိရင်လဲ ဘာတွေရေးမိမယ်မှန်း သိတော့မှာမဟုတ်ဘူးလေ။ဒါနဲ့ ဆွေလေးလဲ ဘလော့ပေါ်ကနေ ခဏပုန်းနေလိုက်တယ်။ ခုတော့ နဲနဲ စိတ်ကအနည်ထိုင်သွားပြီဆိုတော့စာလေးလဲပြန်ရေးခြင်လာမိတယ်..တစ်ခါတစ်ခါတော့ ဘ၀ဆိုတာ အခက်အခဲလေးလဲရှိမှ အပျင်းပြေသလိုပါပဲ။
အခက်အခဲတစ်ခုကို ကျော်ဖြတ်ပြီးသွားရင်တော့ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာတယ် ပြီးတော့ အခက်အခဲဆိုတာကိုကြုံနေရတဲ့ အချိန်မှာ အဲဒါကြီးကဘယ်လိုမှ ဖြေရှင်းလို့ရနိုင်မယ်လို့မထင်ခဲ့ဘူး..ဒါပေမယ့် တတ်နိုင်သလောက် ရအားသမျှနဲ့ ကြိုးစားရင်း ကြိုးစားရင်း တစ်ကယ်ပဲ ကျော်ဖြတ်နိုင်ခဲ့ တယ်။
နောက်ထပ်ရခဲ့တဲ့ အသိတစ်ခုကတော့ တစ်ကယ့် ပြသနာကြုံတွေ့လာရပြီဆိုရင် သွေးအေးအေးနဲ့ ခေါင်းအေးအေးစဉ်းစားနိုင်ခြင်း ဟာလဲ ပြသနာကိုဖြေရှင်းတဲ့ နည်းတစ်ခုပဲဆိုတာကို သိလာရတယ်။တစ်ခါရင့်ကျက်လာပြန်တယ်..
ဒါပဲ ဘ၀ဆိုတာနေမှာပါ။ လဲကျသွားတယ် ပြန်ထလာတယ်။နောက်တစ်ခါ လဲကျတယ် တစ်ခါပြန်ထရပြန်တယ်။ဘယ်အချိန်ထိ
လဲကျနေမှာလဲလို့မေးရင် အသက်ရှင်နေသမျှ လဲကျနိုင်ပါတယ်။ လဲကျအောင်လုပ်ဖို့တာဝန်က လောကဓံတရားလေ.. လဲကျသွားရင်ပြန်ထလာနိုင်ဖို့ ကြိုးစားရမှာက လူ့တာဝန်ပါ။တစ်ခါတစ်ခါတော့ ဆွေလေးစဉ်းစားမိတယ်။
ပျော်ရွှင်ခြင်း ရှိမှတော့ ၀မ်းနည်းမှုလဲရှိမှာပေါ့။အချစ်ရှိမှတော့ မုန်းတာလဲရှိမှာပေါ့။ ချမ်းသာတာ ရှိမှတော့ ဆင်းရဲတာလဲရှိမှာ
ပါပဲ။အခက်အခဲဆိုတာရှိမှ အောင်မြင်မှုဆိုတာလဲရှိမှာပေါ့။ ရိုးရိုးလေးပဲစဉ်းစားမိတာပါ..တစ်ကယ်လို့ ပျော်ရွှင်မှုသာမရှိခဲ့ဘူးဆိုရင် ၀မ်းနည်းတယ်ဆိုတဲ့ ဝေါဟာရလဲရှိလာမှာမဟုတ်ဘူးလေ။ ပျော်ရွှင်တယ်ဆိုတဲ့ ပညတ်ချက်မရှိမှတော့ ၀မ်းနည်းတယ်ဆိုတာ ဘယ်လိုသိတော့မလဲ။ခံစားမှုက တစ်ခုတည်းပဲဖြစ်သွားပြီလေ။ ဒီလိုပဲလေ အချစ်မရှိဘူး ဆိုရင် မုန်းတယ်ဆိုတဲ့ ဝေါဟာရလဲ ရှိလာမှာမဟုတ်ဘူး။ခံစားချက်ကတစ်ခုတည်းပဲ အချစ်မရှိတော့ မုန်းတာလဲမသိတော့ဘူးလေ။ဒီတော့ လောကကြီးမှာ အရာရာတိုင်းဟာ တစ်လှည့်စီ လည်ပတ်နေကျတာပဲလေ။
တစ်ခါတစ်ခါ ချစ်တယ်..တစ်ခါတစ်ခါ မုန်းတယ်။ တစ်ခါတစ်ခါ ပျော်ရွှင်ခြင်းပန်းခင်းကြီးထဲကို ကိုယ်တစ်ယောက်တည်းပဲ ပြုတ်ကျနေသလိုပျော်နေတာ..တစ်ခါတစ်ခါကျတော့လဲ ငါ့လောက်ကံဆိုးတဲ့လူလောကကြီးမှာ ရှိသေးရဲ့လားပေါ့။ ဒီတော့ ကောင်းတာကို ရနေတဲ့အချိန်မှာအဲဒီကောင်းနေတဲ့ အရာလေးကို တန်ဖိုးထားပြီ မြတ်နိုးစေခြင်တယ်။ လည်ပတ်နေတဲ့ လူ့လောကကြီးမှာ ကောင်းတာတွေကိုပဲ အမြဲရနေမယ်လို့ ဘယ်သူမှ မပြောနိုင်ဘူးလေ။ စကားအချို့ဆိုပေမယ့် စကားတော်တော်များသွားပြီး။

ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံအရ ကိုယ်ခံစားနားလည်မိသလောက် ရေးမိတာပါ။ စာဖတ်ရင်းနဲ့ အရေးမတော်တာလေးတွေများ
ဖတ်မိခဲ့မယ်ဆိုရင် သည်းခံနားလည်ပြီး ဖတ်ပေးဖို့ မေတ္တာရပ်ခံရင်း စကားအချို့ကို ဒီနေရာကပဲ အဆုံးသတ်လိုက်ပါတယ်။