Sunday 26 July 2015

အိပ်စက်ခြင်း ဒုက္ခသည်.






ယခုတစ်လော စိတ်သည် ရောက်တတ်ရာရာ တွေဝေငေးမော ခြင်းတို့ဖြင့် ဘ၀၏ပြောင်းလဲမှုတွေကြား စီးဝင် မျောပါလျှက်ရှိသည်။ မည်သည့်အရာ မည်သည့်စိတ်ကူးမျှ အကောင်အထည်ပေါ်လာသည်မရှိ။ တွေး၏ အတွေးထဲမှာ တင် ပျက်ပြန်၏။ ထပ်တွေး၏ ထောင့်ပေါင်းစုံက တွေးကြည့်မိ၏။ အတွေးသံသရာသည် မဆုံးနိုင်စွာ ရှည်လျားနေပါလျှက် လက်တွေ့သည် နတ္တိ။ ကိုယ်တိုင်ဘာဖြစ်နေသလဲဟု တွေးမိသည့်အခါ သောကအားရှာဖွေ မွေးမြူနေသူဟု မိမိကိုယ်ကို သုံးသပ်မိပြန်သည်။ ညအိပ်ယာဝင်တိုင်း ပြူးကျယ်နေသော မျက်လုံးနှင့် ရင်ဆိုင်ရမည်ကို စိုးရွံသည်။ ခေါင်းအုံးနှင့် ဦးခေါင်းတို့ ခပ်ကြာကြာထိတွေ့မှုကြောင့် ပူနွေးလာသည့် ခံစားချက်ကို မလိုမုန်းထားဖြစ်မိသည်။ အိပ်မပျော်နိုင်သည့် အရေးကြောင့် အိပ်ယာထဲ ဟိုဘက်ဒီဘက် လူးလိမ့်နေရသည့် အရေးကို စိတ်ပျက်ရသည်။

          ခေါင်းအုံးနှင့် ဦးခေါင်းထိမိလိုက်သည်နှင့် အိပ်ပျော်သွားချင်မိသည်။ စိတ်ထဲမှတ်သည် မတွေးနဲ့ ဘာမျှ မတွေးနဲ့  မျက်လုံးကိုမှိတ် ဘုရားစာကိုဆိုခဏတာမျှ လောကကြီးနှင့်ကိုယ် အဆက်အသွယ်ပြတ်တောက်သွားသည်။  အိပ်ပျော် သွားသည်ဟု ထင်လေသလား မဟုတ်ပါ ကိုယ်သည် မရပ်မနား ပြေးလျှက်ရှိသည်။ ကိုယ့်နောက်တွင်လည်း ဘာမျှမရှိ ကိုယ့်ရှေ့တွင်လည်း ဘာမျှမရှိ  တစ်ယောက်တည်း ကိုယ်ပြေးသည်။ ဟိုနေရာဝင်လိုက် ဒီနေရာဝင်လိုက် အမှန်စင်စစ် မူ ဘယ်နေရာတွေလည်း ကိုယ်မသိ။ ခဏမျှကြာသော် ကိုယ်သည် မောဟိုက်စွာဖြင့် ချွေးများရွှဲနှစ်ပြီး လောကကြီးထဲ ကိုယ်ပြန်ရောက်လာသည်။ ငါ အိပ်ပျော်သွားသလား မသေချာ။ ကိုယ့်စိတ်ထဲ အိပ်မပျော်သေး။ အိပ်ယာထဲမှ ထွက်ပြီး ရေသောက် ရေအိမ်သွားကာ အိပ်စက်ခြင်းအမှုကို ပြန်လည်ကြိုးစားပြန်သည်။

          ဒီတစ်ချီတွင်လည်း မစဉ်းစားနဲ့ ဘာမျှမစဉ်းစားနှင့် ရသမျှဘုရားစာရွတ် အိပ်စက်ဖို့ အသည်းအသန် ကြိုးစား အားထုတ်နေရပြန်သည်။ ခေါင်းအုံးပူနွေးခြင်းအမှု ဟိုဘက်ဒီဘက်လှိမ့်နေသည့် အမှုကို ထပ်ရင်ဆိုင်ရပြန်သည်။ ကြာသော် စိတ်သည် ဒေါသအဖြစ်ကူးပြောင်းသွားသည်။ မနက်အလုပ်သွားရမည့် အရေးခုထိ အိပ်မပျော်နိုင်သေး။ ရုံးရောက်လို့ ငိုက်မြည်းခြင်းအမှု ပြုနေရလျှင်ဖြင့်  မဟန်ပေ။ ဖုန်းမှနာရီကိုကြည့်လိုက်တော့ မနက် ၁ နာရီ။ သြော် ဖုန်းလေးကလည်းဖွင့် အိပ်ခြင်းအမှုလည်း မအောင်မြင်သေး ဖုန်းထဲမှ game လေးအားဖွင့်ကာ လက်နှင့်တစ်ထပ်ထပ် နှိပ်ပြီး ဆော့ကစားမိပြန်သည်။ အချိန်အတော်ကြာ စီးမျောသွားပြီးနောက် နာရီအားပြန်ကြည့်မိသော် မနက် ၃ နာရီ ထိုး လုလု မဖြစ်ဘူး မဖြစ်ဘူး အိပ်လေမှ  အတွေးဖြင့် ကပျာကယာ မျက်လုံးကို  ဇွတ်မှိတ်အိပ်ဖို့ အမိန့်ပေးရသေးသည်။

          ဒါသည်ပင် နာခံချင်ပုံမပေါ်သေး ကျောတို့သည်ပူလာ၏။ စိတ်အကြံပေါက်ကာဖြင့် ၀ုန်းဒိုင်းကျဲကာ ထခုန်ချင် စိတ်များ ဖြစ်လာမိပြန်သည်။ ခြုံထားသည့် စောင်ကိုပင် ခြေထောက်နှင့် တွန်းကန်ကာ ခွာချပစ်လိုက်သည်။  တစ်ကိုယ် လုံး ပူနွေးလာသည့်နှယ် ခံစားရပြန်သည်။ ခဏမျှကြာသော် ပြန်အေးလာပြန်သည်။ မအေးနေမည်လား air con ဖွင့်ထား သည့်သည်အခန်းထဲ ချွေးပြန်အောင် အိပ်စက်ခြင်းအမှုအား ကြိုးစားနေရသည့် ကိုယ့်ကိုယ်ကို ရယ်ချင်လာ မိသည်။ ကိုယ့်ကိုယ်ကို ပြန်ချော့သိပ်နေရသည့် အမှုသည် သိပ်တော့ မလွယ်လှပေ။ ပြန်အေးလာသည့် အခြေအနေ အား ကာကွယ်ရန်အလို့ငှာ စောင်အားပြန်ယူပြီး ထခြုံလိုက်မိသည်။ ဒီတစ်ခါတွင်တော့ ကိုယ့်စိတ်သည် မနက်ကျလျှင် ငါဘာလုပ်ရမည်ဆိုသည်ကို အစီအစဉ်ထဆွဲနေပြန်သည်။ အတော်ကြာ စီးမျောနေပြီးသည့်နောက် နာရီကိုပြန်ကြည့် လျှင် မနက် ၄နာရီထိုးလုပြီ။

          သည်မှာပင် မျက်လုံးတော် အတော်ညောင်းကာ ငိုက်မြည်းခြင်းအမှုကို အစပြုလေပြီ။ ကိုယ့်စိတ်ထဲ ဟိုက် ကနဲ ၀မ်းသာသွားမိသည်။ ငါ အိပ်ရပေတော့မည်။ ဒင်းသောင်းကျန်းလို့ ၀လေပြီ။ မည်သည့်ဘုရားစာမျှ ရွတ်နေစရာမလို  စက္ကန့်ပိုင်းအတွင်း ကိုယ်လောကကြီးနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ အချိန်အပိုင်းအခြား အနည်းငယ် တို့ကို ခုန်ပျံကျော်လွှားပြီးနောက် တာဝန်ကျေလှသော နိုးစက်သည် ဆူညံစွာ နိုးလေသည်။  မနက် ၇ နာရီထိုးပြီး ကိုယ့် စိတ်ထဲ ၅ မိနစ်မျှသာ အိပ်ရသေးသည်ဟု တွေးထင်မိသည်။ တာဝန်ကျေစွာနိုးသော နိုးစက်လေးအား ပြန်ပိတ်လိုက် သည်။ ဒုတိယမိ အခွင့်အရေးကိုယ့်မှာ ရှိနေသေးသည်။  မျက်လုံးသည် မှိတ်ခိုင်းစရာမလို သူ့အလိုလို ပြန်ပိတ်ခြင်း အမှုဖြင့် သာသာယာယာ လောကကြီးနှင့် အဆက်အသွယ် ထပ်ပြတ်ပြန်လေသည်။ ၁၅ မိနစ်ခန့်ကြာသော် နိုးစက် သည် ဆူညံအော်ဟစ်သံ ခပ်ကြီးကြီးဖြင့် ဆောင့်ကြီးအောင့်ကြီးနိုးလေပြီ။ ပထမနိုးစက်အသံထက် ပိုပြင်းသော အသံတို့သည် ကိုယ့်နားစည်ကို လာရိုက်သည်။

          ကိုယ်သည် အလန့်တကြား ၀ုန်းကနဲထလျှက် အခန်းအပြင်သို့ ကမူးရှူးထိုးထပြေးသည်။ ရေတစ်ခွက်ကို နောက်ကလူလိုက်သည့်အလား ဂလု ဂလု သောက်သည်။ ရေချိုးခန်းထဲ ဒရောသောပါး ပြေးဝင်သည်။ ခပ်နွေးနွေးမျှ ပူသောရေတို့သည် ကိုယ်ပေါ်လောင်းကျလာမှ ကိုယ်သည် သေသေချာချာ အိပ်ယာမှ နိုးလေတော့သည်။ အရင်ဆုံး တွေးမိသည်က သည်ကနေ့တော့ ငါနောက်ကျလေပြီ။ ဒုတိယအကြိမ် အခွင့်အရေးအား ကိုယ်ယူလိုက်မိသည် မဟုတ် ပါလား။ လုပ်ငန်းဆောင်တာများအား ခပ်သွက်သွက် လုပ်သည်။ ၀တ်စရာအင်ကျီအား အရင်နေ့များကဲ့သို့ အတွေးမ ပွားနိုင်ပေ အဆင်ပြေမည့် တစ်ထည်အား ဇက်ကနဲယူကာ ၀တ်လိုက်ရသည်။ နာရီကိုကြည့်လိုက်တော့ အရင်နေ့တွေ ထက် ၅ မိနစ်နောက်ကျပေပြီ။
         
           ရုံးလွယ်အိတ်ကိုဆွဲ အခန်းထဲမှ  ခပ်သွက်သွက်ထွက်ရင်း ကားဂိတ်သို့ အသော့လေးနှင်ရပြီ။ ကားဂိတ်တွင်  ကိုယ်စီးနေကျကားသည် ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။ နောက်တစ်စီး စောင့်ရပေတော့မည်။ ကားပေါ်မှ ဆင်းသည်နှင့် ခပ်သွက်သွက် မနက်စာဝယ်ရမည့် မုန့်ဆိုင်ထဲ ၀င်ပြေးသည်။       ကိုယ်စားနေကျ ပေါင်မုန့်မရှိတော့ ပေ။ နောက်ကျလေပြီကိုး အဆင်ပြေမည်ထင်သည့် မနက်စာကိုဝယ်ကာ ရုံးသို့ အပြေးတစ်ပိုင်း လှမ်းရပြန်သည်။ ရုံးရောက်သည်နှင့် ကိုယ့်စားပွဲပေါ် မနက်စာထုပ်လေးအား ပစ်တင်ကာ အလုပ်ကွန်ပျူတာအား ပြေးပြေးလွှားလွှားဖွင့် ရသည်။  ထို့နောက် မနက်စာစားပြီးသော် အလုပ်လေးနည်းနည်းလုပ်ပြီးသော် ကိုယ်၏ မျက်လုံးသည် ကိုယ့်အား ဆန္ဒပြလေပြီ။ ခေါင်းသည် တစ်ချက်တစ်ချက် ငိုက်ငိုက်ကျသွားသည်။ စားပွဲပေါ်မှ သောက်ရေခွက်လေးအား ကိုင်ကာ ရေနွေးထခပ်ရသည်။ မျက်လုံးလေးများ ပြူးလာလေမလားဆိုသည့်အတွေးဖြင့်ပေါ့။ ခဏမျှသာ ပြီးဒင်းက ပြန်ငိုက် ပြန်လေသည်။

          မသက်သာတော့သည့်အဆုံး ကော်ဖီခါးခါးတစ်ခွက်အား ကိုယ်သည် ပူပူနွေးနွေး သောက်လိုက်သည့် အခါတွင် တော့ ထိုနေ့တစ်နေ့လုံးအဆင်ပြေသွားလေတော့သည်။ ဒင်းငါ့ကိုတော်တော်ဒုက္ခပေးနေပြီ။ ညအိမ်ပြန်ရောက်လျှင်  တော့တွေ့ပြီဟူ၍ ကြုံးဝါးလိုက်ရင်း ..  အိပ်စက်ခြင်း ဒုက္ခမှ ကင်းဝေးကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်ရှင်။


--
ချစ်သော…………… မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ ဆွေလေးကတော့ဖြင့် ခုတစ်လော ပထမဆုံးဆေးရုံတက်ဖူးသည့် အတွေ့အကြုံ ရလိုက်သည်မို့ နားနေရပါသည်။ အလုပ်တော့ ပြန်တက်နေနိုင်ပါပြီ။

သရုပ်ဖော်ပုံကိုဖြင့် google မှနေပြီး ရှာဖွေအသုံးပြုထားပါသည်ရှင့်။