Wednesday 27 August 2014

ဘလော့ဒေး အမှတ်တရ



 


ကျွန်မကျင်လည်သော ပတ်ဝန်းကျင်တွင် စာရေးခြင်း ၀ါသနာဟူသည် ကျွန်မတစ်ဦးတည်းသာ ထူးပြီးရူးသော ၀ါသနာဟုဆိုရမည်။ ကွန်ပျူ တာမကိုင် နိုင်ခဲ့သည့် ဘ၀တွင် သော့ခတ်ထားသော စာအုပ်လေးတွေနှင့် ရေးသည်။ ခဏခဏ ပြန်ဖတ်သည်။ ကျွန်မတွင် သော့ခတ်ထားသော စာအုပ်လေးများစွာ ရှိခဲ့သည်။ ယခုချိန်ထိလည်း ရန်ကုန် အိမ်တွင် သိမ်းထားစဲ။ 

          အိမ်ရှိလူကုန်ပြောသည် ကျွန်မသည် စိတ်ကူးယဉ်ဆန်သည် ရူးသည်တဲ့။ ကျွန်မကတော့ဖြင့် ထိုစာအုပ်လေး များတွင် ရေးစရာရှိရေးပြီး သော့ခတ်ပြီး သိမ်းထားမိမြဲ။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့ရောက်ရှိလာခဲ့သည်။ ဘလော့ဆို တာကို စတင်ပြီး ထိတွေ့ခွင့်ရ လာခဲ့သည်။  ပျော်ရွှင်စရာများကို အသောလေးနှင့် ရေးထားသည့် ဘလော့။ မိသားစု ဘ၀ကို ချစ်စဖွယ်  ရေးသားတတ်သည့် ဘလော့။ အတွေ့အကြုံကနေ  ၀ါသနာပါရာ စာပေနှင့် မျှဝေပေးတတ်သည့် ဘလော့။ အချက်အပြုတ် နည်းလေးများနှင့် စားချင်စဖွယ် သရုပ်ဖော်ပုံလေးများနှင့်ဘလော့။ တစ္ဆေ သရဲ အကြောင်း လား  အချစ်အကြောင်းလား သို့တည်းမဟုတ် ကဗျာလား သည်လိုပျော်ဝင်သွားလိုက်တာ ၀ါသနာပိုး ရှိနေသည့် ကျွန်မ အတွက် ကိုယ်ပိုင် ဘလော့လေး တစ်ခုဖြစ်လာဖို့ တွန်းအားပေးလိုက်သလိုပင်။

           ကျွန်မအားသန်သည့် ကဗျာနှင့် မတောက်တစ်ခေါက် ပို့(စ်)လေးတွေ ရေးမိသည်။ ဘလော့ရပ်ဝန်းမှ  မောင်နှ မများသည် နွေးထွေးစွာ ကြိုဆိုကြသည်။ comments လေးတွေ ထင်မြင်ချက်လေးတွေ ဖတ်ရသည့်အခါ  ကြည်နူးပီတိ ဖြစ်မိသည်။ နိုင်ငံရပ်ခြားကို ရောက်ခါစ အထီးကျန်ဆန်သည့် အချိန်များကို ဘလော့တွေလည် စာတွေဖတ်နှင့် အဖော်ပြုခဲ့ရဖူးသည်။  အတွေ့အကြုံဘလော့လေးတွေ ဖတ်ပြီးသည့်အခါ သြော် ငါတစ်ယောက်တည်း ကြမ်းတမ်းခဲ့ ဖူးတာမှ မဟုတ်ပဲ။ အချစ်အကြောင်းတွေ ဖတ်ရသည့်အခါ သြော် လူတိုင်း အသည်းကွဲဖူးကြသကိုး။ အချက်အပြုတ် လေးတွေ ဖတ်ပြီးသည့် အခါ ဒီဟင်းလေးတော့ ချက်စားပစ်လိုက်မယ်။ တစ္ဆေ သရဲ အကြောင်းများ ဖတ်ပြီးသည့် အခါ တစ်ပတ်လောက်က နောက်ကျောမလုံ လှည့်လှည့်ကြည့်ရသည်မှာ အမော။       

          ဤသို့ ခံစားမှုရသများပေးတတ်သော ဘလော့ရွာကလေးအား ကျွန်မမြတ်နိုးပါသည်။ စည်စည်ကားကား ထိုဘလော့ရွာလေးတွင် ယခုတော့ဖြင့် ခြောက်သွေ့နေလေပြီ။ စာရေးကောင်းကြသော အချို့အချို့သော မောင်နှမ များ၏ ဘလော့များသည် တိတ်ဆိတ်လို့။  ကျွန်မထင်ပါသည် အကြောင်းကြောင်းကြောင့် ဘလော့ရွာလေးနှင့် ဝေး ကွာနေခဲ့သော်လည်း သူတို့၏ စိတ်ထဲတွင်တော့ ဘလော့ရွာလေးကို လွမ်းဆွတ်သည့် စိတ်ကလေးတော့ ရှိနေပါ လိမ့်မည်။ 

          ဘလော့တွင် စာရေးသားသူအများစုသည် နာမည်ကြီးလို၍ စာရေးခြင်းမဟုတ်။ ကျော်ကြားလို၍ စာရေးခြင်း မဟုတ်။ စာရေးဆရာ ဖြစ်လို၍ စာရေးခြင်းမဟုတ်။ ဘလော့ဂါ ဖြစ်လို၍ စာရေးခြင်းမဟုတ်။ ဘလော့တွင် စာရေး၍ ဘလော့ဂါ ဖြစ်လာသည်။ ပင်ကိုယ်ဗီဇ ၀ါသနာအထုံရှိပြီးသူများမို့ စာဖတ်သူလက်ခံလာ၍ နာမည်ထင်ပေါ်လာသည်။ လူသိများလာ၍ ကျော်ကြားလာသည်။ ကျော်ကြားလာ၍ အချို့ print စာပေ စာမျက်နှာများပေါ်ရောက်သွားသည်။ အကြိမ်များလာ၍ စာရေးဆရာဖြစ်လာသည်။ တွေးကြည့်လျှင် ပင်ကိုယ်ဗီဇ ပါရမီရှိသူမို့ စာဖတ်သူလက်ခံလို့ ဖြစ်လာသော စာရေးဆရာများဖြစ်သည်။ 

          လူအမျိုးမျိုး စိတ်အထွေထွေနှင့်မို့ ပထမဆုံး မုန်တိုင်းလေး ဘလော့ရွာတွင် စတင်တိုက်ခတ်သွားသည်။ ၄င်း မှာ ဘလော့ရေးသော ဘလော့ဂါများကို  ချိုးချိုးနှိမ်နှိမ်နှင့် အတင်းတုတ်ရေးကြသည်။ ဘလော့တွင် စာဖတ်သူများကို လည်း ကိုယ့်အတွက် အကျိုးမရှိသောစာပေများကို ဖတ်သည်။ ထင်မြင်ချက်တွေ မျိုးစုံပေးကြသည်။ ဘလော့ဂါများ မမှုကြပါ ဆက်ရေးနေကြသေးသည်။ မသိမသာပြောင်းလဲသွားသည်ကတော့ အရင်လိုမျိုး စိတ်ခံစားချက်နှင့် keyboard  လက်ကွက်လေးများက တစ်ထပ်တည်းမကျနိုင်ကြတော့ပေ။ အကြောင်းမှာ တွေဝေသွားကြသည်။ ရေးသောစာများသည် အဆိပ်လော သို့တည်းမဟုတ် မိမိရေးသည့်စာ မိမိ တာဝန်ယူရမည်လောဟူသည် တွေဝေမှု ဖြစ်သည်။ 

          အချို့ဆိုလျှင် ဘလော့ရွာလေးမှ အပြီးအပိုင်ထွက်သွားကြသည်။ အဲသည်အချိန်ကစလို့ မသိမသာ အေးခဲ သွားလိုက်တာ facebook ဆိုတာကြီး ပေါ်လာသည့် အခါတွင်တော့ ခြောက်သွေ့သွားလေပြီ။ ကျွန်မကိုယ်တိုင်သော်မှ မနက်မိုးလင်း ကွန်ပျူတာဖွင့်လျှင် facebook ဆိုသည့် စာမျက်နှာကို အရင်ကြည့် ဘာသတင်းများထူးသလဲ လို့  ကြည့်တတ် ရှာဖွေတတ်နေပြီကိုး။  ရသစာပေရေးသော ဘလော့များထက် နိုင်ငံရေး သတင်း သရော်စာများရေးသည့် ဘလော့များ အလျှိုလျှိုဝင်ရောက်နေရာ ယူကြလေတော့သည်။

          ပြောရလျှင် နိုင်ငံရေး သတင်းဆိုသည့် ဘလော့များသည် တစ်နေ့တစ်မျိုးမရိုးရအောင် ပို့စ်များတက်နိုင်ပါ သော်လည်း ရသစာပေးရေးသည့် ဘလော့များသည် တစ်လနေလို့မှ တစ်ပုဒ် အနိုင်နိုင်ရယ်။ အချို့ comments များဆို လျှင်လည်း ဘလော့ရေးသူများကို လှောင်ချင်သလိုလို နင့်အကြောင်းငါသိတယ်ဟု ခြိမ်းခြောက်ချင်သလိုလို နှင့် တစ်ချို့ဆိုလျှင် ရိုင်းစိုင်းစွာ မှတ်ချက်များရေးတတ်ခဲ့ကြသည်။ အချို့ဘလော့များတွင် message ရိုက်သည့် box များကို အပြီးအပိုင်ပိတ်လိုက်ကြသလို comments များကိုလည်း verify နှင့်သာထိန်းထားကြရသည်။ 

          ဘက်ပေါင်းစုံသော အကြောင်းတရားတို့ကြောင့် ဘလော့ရွာသည် လွတ်လပ်ခြင်းမှသည် တစ်ဖြည်းဖြည်း  ကျဉ်းမြောင်းလာကြသည်။  အရင်လိုခံစားချက်တို့ မလွတ်လပ်တော့ပြီ။ ထို့ကြောင့် ကျောခိုင်းသူ စွန့်ခွာသူတို့ တစ်ဖြည်းဖြည်း များလာခဲ့ကြသည်။      စာဖတ်သူနည်းလာတော့ comments လေးတွေလည်း နည်းလာသည်။ ကျွန်မကိုယ်တိုင်သော်မှ  ပို့(စ်) အသစ်တင်ပြီးဆိုလျှင် သွားဖတ်ပြီး comments မပေးဖြစ်။ slient reader တွေများလာသည်။ ဒီတော့ လတ်တစ်လော ဘလော့ရေးနေသူများအဖို့ ကိုယ့်ကိုယ်ကိုယုံကြည်ချက် အားနည်းလာရသည်။ ရေးတဲ့စာ ဖတ်သူမရှိမှတော့ ဘာလို့ ဆက်ရေးမလဲဆိုသည့် အတွေးများ ၀င်ရောက်နေရာ ယူလာခဲ့သည်။ 

          ထိုထဲတွင် ကျွန်မလဲ ပါဝင်သည်။ အကြိမ်ကြိမ် စဉ်းစားမိခဲ့သည် ဘလော့လေးကို ပိတ်ပစ်လိုက်ရင် ကောင်းမလားပေါ့။ ကျွန်မက ဘလော့ဂါ စစ်စစ်ကြီးလည်းမဟုတ်။ ၀ါသနာပါသော စာရေးသူသာဖြစ်သည်။  ဒါပေမယ့် ကိုယ်မြတ်နိုးသည့် အရာတစ်ခုကို ခုချက်ချင်းကြီး စွန့်လွတ်လိုက်ရမည် ဆိုတော့လည်း မလုပ်ရက်။ ဒါဆိုလျှင် ၀ါသနာကို ဆက်ပြီး ရှင်သန်ခွင့်ပြုရမည်လား။ ခုချိန်ထိတော့ မတွေးတတ်သေးပါ။ လွှတ်ချလိုက်သင့်သည့် အချိန်တွင် တော့ ကျွန်မလွှတ်ချလိုက်မိမည်ဖြစ်သည်။ ခုချိန်ထိတော့ ကျွန်မ တွယ်ညှိနေစဲပင်။ မြတ်နိုးမိနေစဲပင်။ 

          ဤသို့ဖြင့် ဘလော့ရွာထဲတွင် ခရီးဆက်နေစဲ ကျွန်မပါလို့ နှုတ်ခွန်းဆက်သရင်း Blog day အမှတ်တရအဖြင့်  ယခုပို့(စ်) လေးကို ရေးသားလိုက်ရပါတယ်ရှင်။ 


ချစ်စွာသော ဘလော့မောင်နှမများအားလုံး HAPPY BLOG DAY ပါရှင်။ မောင်နှမများအားလုံး ကျန်းမာလို့ ပျော်ရွှင်ချမ်းမြေ့ ကြပါစေရှင်။

သရုပ်ဖော်ပုံလေးကိုဖြင့် ထုံးစံအတိုင်း google ကနေရှာဖွေ အသုံးပြုထားပါတယ်ရှင်။
 

Tuesday 19 August 2014

အမိုက်မှောင်






အကြောင်းပြချက်တွေ ဖြေရှင်းချက်တွေ ဆင်ခြေတွေ ပေးပါတော့လား။ ဘာဖြစ်လို့ ခေါင်းကြီးငုံ့ပြီး အပြစ်ရှိသူ တစ်ယောက်လို ရေငုံနှုတ်ပိတ်နေသလဲ။ ဘာလဲ ထွက်ပေါက်တွေမရှိတော့ဘူးလား။ အကြောင်းပြချက်တွေ ရှားပါးသွား သလား။ တစ်ကယ်တော့ မပြောင်းလဲနိုင်တဲ့ ရှင့်ကို ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်ချက်တွေ ထားခဲ့မိတဲ့ ကျွန်မက ရှင့်ထက်ပိုမိုက်မဲတယ်။

          အစမကောင်းခဲ့တော့ အနှောင်းလဲ မသေချာခဲ့ဘူးပေါ့။ အစကထဲက ရှင်ကကောင်းခဲ့တဲ့သူ တစ်ယောက်မှ မဟုတ်တာ။ ဒါကိုကျွန်မသိတယ်။ မျက်ကန်းတစ်ယောက်လို အချစ်ကို ရူးရူးမူးမူး ချစ်တတ်တဲ့ ကျွန်မက ရှင့်ရဲ့ အယုအယ အပြစ်အချွဲတွေကြားမှာ သူငါ့ကို တစ်ကယ်ချစ်ရှာပါလားလို့  ညဏ်နည်းစွာ ယုံမိတာ ။ ရှင့်မှာ အရည်အချင်းတွေရှိတယ်။ ပြုပြင်ပြောင်းလဲပေး လိုက်မယ်ဆိုရင် ဆိုတဲ့စိတ် အဲဒီစိတ်က ကျွန်မရဲ့ ဘ၀ကြီးတစ်ခုလုံးကို သတ်ပစ်လိုက်တာ အခုချိန်မှ နားလည်ခဲ့တယ်။ နှောင်းသွားပြီ အချိန်တွေနှောင်းခဲ့ပြီ။

          ရှင်ကလည်း ချစ်စခင်စ ကြင်နာစတုန်းကတော့ဖြင့် အနေအထိုင်တွေ တယ်ပိရိခဲ့တာကိုး။ အလုပ်ဆိုလည်း ကြိုးစားလိုက်တာ။ ကျွန်မနာမည် (ထားထားမိ) ကို အဖျားစွတ်လို့ မိ ..မိ နဲ့ ပါးစပ်ဖျားကကို မချခဲ့ဘူးမဟုတ်လား။ အခြေကျ ပြီးပြည့်စုံနေတဲ့ ကျွန်မဘ၀မှာ အထီးကျန်မှုတွေ ပြည့်နှက်နေတဲ့ အချိန် ရှင် နဲ့ စတင်ဆုံဆည်းခဲ့ ရတဲ့ ကျွန်မဘ၀ရဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရမလား ညံ့ဖျင်းလွန်းတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလား။

          “သမီးရယ် သေချာစဉ်းစားပါအုန်းကွယ်။ ” ဆိုတဲ့  အမေ့ရဲ့ စိုးရိမ် မကင်းနဲ့ တောင်းပန်တိုးလျှိုးတဲ့ စကားသံ တွေကို နားမ၀င်ခဲ့ပဲ ဓါးသွားပေါ်က ပျားရည်စက်တွေကိုသာ တမ်းတမက်မောလွန်းခဲ့တဲ့  ကျွန်မ . အခုတော့ ခြေလှမ်း တွေ ကျွံခဲ့ပြီ။ သမီးပြန်နှုတ်လို့ မရတော့ဘူးအမေ။ မိသားစုတာဝန်ကို  ထမ်းထားရတယ်ဆိုတဲ့ ရင့်ကျက်တဲ့ မိန်းမတစ်ယောက် အနေနဲ့ သမီးကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လွန်ကဲ သွားမိတယ်။ ခုတော့ အဲဒီယုံကြည်ချက်တွေ အားလုံး ရိုက်ချိုးခံလိုက်ရပြီ ။

          ဗီဇ၀ါသနာဆိုတာ ပြုပြင်လို့မရမှန်း သိလိုက်ရတဲ့ အချိန်မှာ ကျွန်မပိုင်ဆိုင်တဲ့ အိမ်တစ်လုံးဟာ လောင်းကစား ၀ိုင်းထဲ အရည်ပျော်ခဲ့ပြီး ဖြစ်နေပြီ။ ဒါပေမယ့် ဘာမှ လုပ်လို့မရတော့ဘူး။ ကျွန်မရဲ့ ၀မ်းဗိုက်ထဲမှာ သားလား သမီး လား မသိသေးတဲ့ သားသမီးလေး ရှိနေခဲ့ပြီ။ ချစ်တဲ့စိတ်နဲ့ အော် သူ့ခင်ဗျာ အပေါင်းအသင်းတွေဆွယ် လို့ပါသွား ရှာတာ။ ရှင်ကလည်း ပြောခဲ့တယ်လေ ဒီတစ်ခါ နောက်ဆုံးပါတဲ့။ ဟောဒီဗိုက်ထဲက သားသမီးရတနာလေး အတွက် နောက်ဆို ဆင်ခြင်ပါ့မယ်တဲ့။

          ကျွန်မတို့ မိန်းမတွေများလေ ချစ်စိတ်နဲ့သာ ကွယ်လိုက် အရာအားလုံးဟာ လင်တော်မောင်အတွက် ပေးဆပ် ဖို့အသင့်ဖြစ်နေတတ်ကြတယ်။ ချစ်ကြတာကိုးရှင့်။ အဲဒါကိုက မိုက်မဲတတ်တဲ့ လင်တော်မောင်တွေ အတွက် အခွင့် အရေး ကြီးတစ်ရပ်ဖြစ်နေတော့တာပဲ။ ပြီးငါ့သားသမီးလေးအတွက်ဟဲ့ အိမိထောင်တစ်ခု တည်ထောင်ပြီးမှ ပဲလေ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ မျှဝေခံစားရမှာပေါ့။ အဲဒီ အတွေးနဲ့ပဲ ကျွန်မက ရေဆန်ကိုစပြီး လှော်ခဲ့ရပြီ။

          အေးအတူပူအမျှပေါ့ဆိုတဲ့ စိတ်ကလေးနဲ့ပေါ့။ ရှင်ကလဲ တော်ပါပေတယ်။ အဲဒီလောင်းကစားကလွဲရင် ရှင်ဟာ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် သားကိုချစ်တတ်တဲ့ အဖေကောင်းတစ်ယောက် ဆိုတာကို ပါးပါးလှပ်လှပ် ကျွန်မ သိအောင်နေတယ်။ ရှင့်ကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ ကျွန်မရဲ့ ရေဆန်ခရီးကို ဆက်ခဲ့ရတယ်။ ရှင်ကလည်း အေးပါ မိရယ် ဒီတစ်ခါ တည်းပါ။ ကိုယ်အဲလောက်ထိ မိုက်မဲပါ့မလား သားလေးမျက်နှာ ရှိသေးတယ်တဲ့ ။

          အိမ်တွင်းလှိုက်ပြီး လောင်နေတဲ့မီးဟာ ကျွန်မရဲ့ အမေဆုံးပါးသွားပြီနောက်တော့ အရှိန်ပိုရလာခဲ့တယ်။ တစ်မြေ့ မြေ့ လှိုက်လောင်နေခဲ့တာကိုး။ လောင်ပြီဆိုမှတော့ ပြိုက်ကနဲ ပြိုက်ကနဲ့ စည်းစိမ်တွေ ပြုန်းလာလိုက်တာ။ ခုနေတဲ့ အိမ်တစ်လုံးရယ် ကျွန်မရဲ့ လက်ငုပ်လက်ရင်း စီးပွားလေးရယ် အဲဒါအကုန်ပဲ။ ရှင်ဘက်ကတော့ အကြောင်းပြ ချက်တွေ ပိုပိုများလာတယ်။ လူလိမ်ခံလိုက်ရတာနဲ့ လှောင်ထားတဲ့ ပဲဈေး ထိုးကျသွားတာနဲ့ လှောင်ထားတဲ့ ဆန် ရေစိုကုန်တာနဲ့ ငွေမျော ငွေနဲ့သာ လိုက်တယ် ငွေတော့ ပြန်ပေါ်မလာခဲ့ဘူး။

          ကျွန်မကိုယ်တိုင်ကလည်း ရှင့်အရေးထက် သာလေးအရေးကို ပိုပြီး ဂရုစိုက်လာရပြီ။ မတော်လို့များ သားလေး အရွယ်ရောက်ခါမှ ပညာပြည့်ပြည့်စုံစုံမသင်နိုင် သူများတွေလို တန်းတူ ရည်တူ မစားနိုင် မ၀တ်နိုင် သားလေး မျက်နှာငယ်မယ့် အရေးတွေးလို့ စိုးရိမ်ပူပန်လာရပြီ။ ရှင်က ပါးစပ်ကပဲ သားကိုချစ်တတ်တာ။ ရှင့်ရဲ့ ၀ါသနာ ရှင့်ရဲ့ ဗီဇကိုတော့ မစွန့်လွှတ်နိုင်ဘူး မဟုတ်လား။ ကျွန်မကလဲ နုံလို့ ရှင်လိမ်တာကို ခံနေခဲ့တာမှ မဟုတ်ပဲ ချစ်လွန်းလို့ ရှင့်ကို အလိုလိုက်ခဲ့တာ။

          ဒီတော့ ပိုင်ဆိုင်သမျှ အားလုံးကို ကျွန်မနာမည်လွဲ အိမ်မှာတန်ဖိုး၇ှိတဲ့ ဘယ်ပစ္စည်းမှ မထားဘူး ယုတ်စွအဆုံး ခုနေတဲ့ အိမ်ပိုင်ဆိုင်မှုစာချုပ်တွေပါ အိမ်မှာမထားဘူး။ ရှင့်ကိုကြောက်လွန်းလို့။ လမ်းဘေးရောက်ခဲ့ရင် လင်ဆိုးလို့ ကျွန်မက တောင်းစားနိုင်ပေမယ့် အပြစ်မရှိတဲ့ သားလေးတော့ သူတောင်းစားလေး အဖြစ်မခံနိုင်ဘူး။ သားအတွက် ရှင့်ကိုကျွန်မ ပြန်ရင်ဆိုင်လာတယ်။ အရင်လို ခပ်လွယ်လွယ် ပိုက်ဆံမရတော့တဲ့ ရှင်ဟာ အရက်လေးသောက် အရင်က မိ မိ ဆိုတဲ့ နာမည်ဟာ ပျောက်လို့ ကောင်မ ..ကောင်မ ချင်းထပ်လာတယ်။

လင်ဆိုးမယား တစ်ဖားဖားဆိုသလို ဒူးနဲ့ မျက်ရည်သုတ်ရုံကလွဲပြီး ဘာတတ်နိုင်မှာတုန်း။ အိမ်အတွက် စီးပွားရှာရတာက တစ်ဖက် သားကတစ်ဖက် နဲ့ လင်တော်မောင်ကြီး နှိပ်စပ်သမျှ ခါးစည်းခံရတော့တာပဲ။ ပတ်ဝန်းကျင်က တော့ ပြောတာပေါ့ အရင်က မောက်မာခဲ့သမျှ ၀ဋ်လည်တာတဲ့.။ ပင်ပန်းတယ်ဆိုပေမယ့် သားအတွက်လို့ စိတ်က တင်းထားလေတော့ ကြုံသမျှ လောကဓံဆိုပြီး ခါးခါးသီးသီး မြိုချခဲ့ရတာပေါ့။

ဟင်း ဟင်း ဒင်းခုတော့ ဘာတတ်နိုင်သေးတုန်း။ ကျွန်မရဲ့ရှေ့မှာ ခေါင်းငိုက်စိုက်နဲ့ ဘာမှ ပြန်မပြောနိုင်တော့ ဘူး မဟုတ်လား။ ရေငုံနှုတ်ပိတ်နေရပြီ မဟုတ်လား။ အခန်းပြတင်းက နေရောင်ကို မော့ကြည့်လိုက်တယ် ပြီးတော့ ကျေကျေနပ်နပ်ကြီး အားရပါးရ ပြုံးပစ်လိုက်တယ်။ အိုး ..ဒီတစ်ခါ ပြုံးရတာ ကျွန်မအတွက် အကျေနပ်ဆုံးပါပဲ။

-------------

အဲဒီလို ကျေကျေနပ်နပ်ကြီး မော့ပြီး ပြုံးလိုက်တဲ့ မိန်းမဟာ ကျွန်တော့်ရဲ့ အမေပါ။ အခုတော့ သံတိုင်တွေနဲ့ ကွယ်ထားရတဲ့ အခန်းတစ်ခုထဲမှာ သူမ နေနေရတယ်။ ပြီးတော့ သူမရဲ့ ကုတင်ဘေးမှာ အရုပ်ကြီး တစ်ရုပ် ထားပေးရတယ်။ သူမက နေ့တိုင်း အဲဒီအရုပ်ကြီးကို ထိုင်ကြည့်တယ်။ သူမရဲ့ မျက်ဝန်းထဲမှာ  ဒေါသတွေ ပီတိတွေ အရယ်အပြုံးတွေ စိုးရိမ် သောကတွေ အမျိုးမျိုး ပြောင်းလဲနေတယ်။ ပြီးရင် သံတိုင်တွေကာထားတဲ့ အခန်းပြတင်းပေါက်က ဖြာကျလာတဲ့ နေရောင်ကို မော့ကြည့်တတ်တယ် ပြီးရင် သူမ အားရပါးရ ပြုံးတတ်တယ်။  

ကျွန်တော့်ရဲ့ အဖေလား  ဒီလောကကြီးမှာ မရှိတော့ဘူး။ သူဝါသနာပါတဲ့ လောင်းကစားအတွက် သူ့အသက်ကိုသူစတေးသွားတယ်။ ကျွန်တော်ကျောင်းကပြန်လာတော့  လှေကားခြေရင်းမှာ သွေးအိုင်ထဲလဲနေတဲ့ အဖေရယ်  လှေကားထိပ်ကနေ ကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ အမေရယ်။ ကျွန်တော့်ကို မြင်တော့ အမေက လှေကားထိပ်ကနေ ခပ်ဖြေးဖြေးဆင်းလာတယ်။ ပြီးကျွန်တော့် ကို ကြင်ကြင်နာနာ ယုယုယယ ဖက်ပြီး ပြောတယ်။

“အမေတို့ လွတ်မြောက်ပြီ သား” တဲ့ .…



----
ချစ်စွာသော မောင်နှမများအားလုံး ကျန်မာလို့ ချမ်းသာကြပါစေရှင်။ 
သရုပ်ဖော်ပုံလေးကိုတော့ google ကနေ ရှာဖွေပြီး အသုံးပြုထားပါတယ်။ 

Sunday 10 August 2014

မွေးနေ့ အမှတ်တရ





ခုလာမယ့် သြဂုတ် (၁၄) ရက်နေ့သည် ကျွန်မ၏ မွေးနေ့ဖြစ်သည်။သြော်…
ဘာလိုလိုနှင့် လူ့လောကကြီးတွင် အသက်ရှင် ရပ်တည်နေသည်မှာ ၃၃ နှစ်တိတိပြည့်ခဲ့ပြီ။ ငယ်ရွယ်စဉ်ကဖြင့် ကျွန်မ တွေးတောခဲ့ဖူးသည်။ လူ့လောကကြီးတွင် အနှစ် ၅၀ လောက်နေရတော်ရောပေါ့။ စိတ်ကုန်စရာ စိတ်ပျက်စရာ စိတ်ညစ်စရာတွေနဲ့ ပြည့်နေသည့် လောက။ အချိန်တိုင်း မျှော်လင့်ချက်တွေပေးပြီး ရိုက်ချိုးတတ်သည့် လောကကြီး အနေနှင့်သာ မြင်ခဲ့ဘူးသည်။

          ခဏတာ ပျော်ရွှင်ရပြီး တစ်သက်တာစိတ်ဆင်းရဲရသည်ဟုသာ ထင်ခဲ့ဘူးသည်။ ဒုက္ခ သောက ပူဆွေးမှုတွေနှင့် သာ ရောပြွမ်းနေသော လောကဟု တွေးခဲ့မိသည်။ အမှန်တော့ ကျွန်မ အနေမတတ်ခဲ့ခြင်းဖြစ်သည်။ လောကကြီးနှင့် သဟဇာတဖြစ်အောင် မနေတတ်ခဲ့ခြင်းဖြစ်သည်။ စိတ်ညစ်စရာရှိလျှင် င့ါကျမှ လောကကြီး ဒီလိုလုပ်ရက်လေတယ်။ ကိုယ်ချစ်တဲ့သူတွေများ ခွဲခွာသွားခဲ့လျှင် ငါ့မှာတော့ ချစ်လိုက်ရတာ နောက်ဆုံးတော့ ငါတစ်ယောက်တည်းပဲ။ ယုံကြည်မှုတွေများ အလွဲသုံးစားလုပ်ခံရလျှင် လုပ်ရက်လိုက်တာ။ စေတနာကိုစော်ကားတာ။ ခံစားစရာရှိ နင့်နင့်နဲနဲ။ ပျော်ရွှင်စရာရှိ မိုးမမြင် လေမမြင်။

          စိတ်ခံစားချက်တွေ ပြင်းထန်လွန်းတော့ ထွက်ပေါက်လိုက်ရှာမိသည်။ အဲဒီအချိန်လိုချင်မိတာက စိတ်ရဲ့အေး ချမ်းမှု။ တစ်ကယ်ဖြစ်နေတာက စိတ်ရဲ့အေးချမ်းမှုအတွက်  ကိုယ်ကြိုးစားရုန်းထွက်လိုက်တဲ့ ထွက်ပေါက်တွေ အားလုံး က ကိုယ့်အတွက် တစ်ကယ့်အေးချမ်းမှုအစစ်တွေမဟုတ်ဘူး။ ရှာလေဝေးလေ။ လိုက်လေပြေးလေ။ တစ်ခါတစ်လေ အေးချမ်းမယ်ထင်လို့ ထွက်လိုက်ကာမှ မီးမြှိုက်ခံရတဲ့ အဖြစ်မျိုးတောင် ရှိလာသေး။

          ဒဏ်ရာတွေပိုပိုများလာတော့တာပဲ။ ဘ၀ကြီးထဲသံသရာလည်နေတာ။ ဒါကြောင့် လူ့လောကထဲ အနှစ် ၅၀ လောက်သာ နေလိုစိတ်ရှိခဲ့သည်။ သေရမှာမကြောက်ဘူးလားလို့ မေးစရာရှိလာသည်။ တစ်ဘ၀မှာ တစ်ခါပဲသေရတာ မို့ လက်တွေ့ဆိုရင်တော့ ဘယ်လိုနေမယ် မသိရိုးအမှန်။ စိတ်ထဲမှာ ယခုရနေတဲ့ဘ၀ကြီးကို မနှစ်သက်ဘူး။ ဘာလို့များ ဒုက္ခခံနေမလဲ ဆိုတဲ့အတွေးက ပိုများတယ်။ မျက်ကန်းတစ္ဆေမကြောက်ဘူး ဆိုသလိုပေါ့။

          တစ်ကယ်က သေဖို့ဘာမှမပြင်ဆင်ရသေးပဲနဲ့ သေသွားမှာကို ကြောက်ရမှာ။ ကိုယ့်မိသားစု ကိုယ်ချစ်တဲ့သူ တွေနဲ့ ခွဲရမှာကို တွေးပြီးကြောက်ရမှာမဟုတ်ဘူး။ သံသရာခရီးအတွက် ဘာမှ မပြင်ဆင်ရသေးပဲ သေသွားမှာကို ကြောက်ရမှာ။ အဲဒီတုန်းကဖြင့် အဲဒီလိုအတွေးမျိုးမရှိဘူးပေါ့။ အသက်တွေကလဲကြီးလာ။ ဒဏ်ရာတွေကများဆိုတော့ နောက်ဆုံး စိတ်ဓာတ်တွေကျ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘူး။ တစ်နေရာရာမှာ ခပ်ခွေခွေ တစ်ယောက်တည်း နေလိုစိတ်တွေများလာတယ်။ အလုပ်လဲမသွားချင်တော့ဘူး။

          အဲဒီအချိန်မှာ မထင်မှတ်စွာပဲ စာအုပ်လေးတစ်အုပ် လက်ထဲရောက်လာတယ်။ ဆရာတော်အရှင် ဆန္ဒာဓိက ရေးသားထားတဲ့ “မြင့်မြတ်သူတို့၏ စံအိမ်” ဆိုတဲ့ စာအုပ်လေးတစ်အုပ်ပါ။ ငယ်စဉ်က မေသီလ၇ှင်ဝတ်နှင့် လပိုင်းမျှ နေဖူးတာမို့ တရားရဲ့ အေးငြိမ်းမှုကို သိနေပါသော်လည်းပဲ အဲဒီစာအုပ်လေးမဖတ်ခင်အထိ ကိုယ့်စိတ်ကို ကိုယ်တိုင် မဆင်ခြင်နိုင်သေး။ နေ့စဉ်နေ့တိုင်း ဘုရားရှိခိုး ရေချမ်း ဆီးမီးကပ် သည့်အလုပ်ကို မပျက်မကွက်လုပ်ခဲ့ပါသော်လည်း လုပ်နေစဲခဏ ၁ နာရီမျှသာအေးငြိမ်းသွားသည်ဟု ခံစားရသည်။

          တစ်ကယ်က ဘာမှလုပ်စရာမရှိလို့ စာအုပ်လေးကို စပြီးဖတ်မိခြင်းဖြစ်သည်။ အိမ်တွင်တစ်ယောက်တည်းမို့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စာအုပ်လေးကို စိတ်ပါဝင်စားစွာဖတ်ခဲ့မိသည်။ ဖတ်နေရင်း ဖတ်နေရင်း ကိုယ့်စိတ်ကို ကိုယ် ပြန်ဆန်းစစ်သည်။ သေသေချာချာ အနုစိတ်ဖတ်သည်။ မနက် ၁၁ နာရီကျော်ကျော်လောက်မှ စပြီးဖတ်ခဲ့သော စာအုပ်သည် ညနေ ၆ နာရီလောက်မှ ပြီးသည်။

          ထိုစာအုပ်လေးကိုဖတ်အပြီးမှာ အရင်ကမှောင်နေခဲ့သော စိတ်သည် ဖတ်ပြီးလင်းသွားသလို ခံစားရသည်။  အဲဒီအချိန် က အစပြုပြီး လောကကြီးနှင့် သဟဇာတဖြစ်အောင် နေတတ်လာခဲ့သည်။ စိတ်ကိုဆင်ခြင်သည်။ လက်လွှတ်သင့်တာ တွေအားလုံးကို လွှတ်ချပစ်လိုက်သည်။ ဖြစ်မလာတာတွေအားလုံးကို တောင့်တောင့်တတ မျှော်လင့် မနေတတ်တော့။ ထိုစာအုပ်လေးကို ခဏခဏအကြိမ်ပေါင်းများစွာ ကျွန်မပြန်ဖတ်ခဲ့သည်။

          ကိုယ်တိုင်ကိုယ့်ကြမ္မာ ကိုယ်မပိုင်တဲ့ သူတစ်ယောက်အဖို့ သူများကြမ္မာကို ဖန်တီးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။  စိတ်.မဆင်းရဲတော့ဘူးလားလို့ မေးရင် စိတ်ဆင်းရဲသေးတယ်။ ဒါပေမယ့် လူဖြစ်လာမှတော့ လောကသဘာဝကြီးကိုက ဆင်းရဲတစ်လှည့် ချမ်းသာတစ်လှည့် ပျော်စရာတစ်လှည့် ၀မ်းနည်းစရာတစ်လှည့် သံသရာလည်နေမှာပဲ။ အဲဒီသဘောတရားကို သေသေချာချာ နားလည် သဘောပေါက်သွားတယ်။

          ဖြစ်လာတဲ့ဘ၀မှာ ဖြစ်အောင်နေလိုက်တယ်။ ကိုယ့်တာဝန်ကိုယ်ကျေတယ်။ ကြိုးစားတယ်။ မှန်အောင်နေ တယ်။ အဲဒီကြားထဲက စိတ်ညစ်စရာဖြစ်လာတယ်။ စိတ်ညစ်လိုက်တယ်။ ပြီးလုပ်စရာရှိတာ ဆက်လုပ်တယ်။ စိတ်ညစ်စရာကြီးထဲ ခေါင်းစိုက်မနေတော့ဘူး။ ငါ့ကျမှဆိုတဲ့ အတွေးပျောက်သွားတယ်။ ပြသနာနဲ့ ရင်ဆိုင်ရလျှင် ငိုနေဖို့ထက် ရင်ဆိုင်လိုက်ဖို့ပဲ စဉ်းစားတယ်။ အဆိုးဆုံးတွေကိုပဲ ကြိုတွေးတယ်။ လောကကြီးနဲ့ သဟဇာတဖြစ်အောင် လိုက်လျောညီထွေနေတတ်လာတယ်။

          တစ်ကယ်တော့ စိတ်ရဲ့အေးချမ်းမှုဆိုတာ အပြင်မှာလိုက်ရှာစရာမလိုဘူး။ ကိုယ့်စိတ်ထဲမှာပဲ ရှိတယ် ဆိုတာကို သဘောပေါက်သွားတယ်။ အဲဒီနောက်ပိုင်း ဘ၀မှာစိတ်ညစ်စရာအကောင်းဆုံး စိတ်ပျက်စရာအကောင်းဆုံး အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်။ ငိုစရာရှိငိုခဲ့ တယ်။ ပြီး စိတ်ကအသင့်ရင်ဆိုင်ဖို့ ပြန်ဖြစ်သွားတယ်။ ပူလောင်နေလို့ လဲ ကိုယ်ဘာမှလုပ်လို့မရရင် ထိုင်ကြည့်ရုံအပြင် ဘာမှ မတတ်နိုင်ဘူးလေ။     

          အဲဒီတော့ အခုဆိုရင် အသက်က ၃၃ နှစ်ပြည့် အသက်  ၅၀ ဆိုသေတော့မယ်ဆိုပါတော့။ ကျွန်မသေရဲပြီလားလို့ တွေးကြည့်တယ်။ ကျွန်မသေရမှာ ကြောက်နေပါသေးတယ်။ ချစ်တဲ့သူတွေကို ခွဲခဲ့ရမှာမို့ ထားခဲ့ရမှာမို့ လား အဲဒီလိုမဟုတ်ပါဘူး။ အိုမှာပဲ ဆိုတာကို သိနေပေမယ့် နာမှာကို ကျွန်မ ကြောက်နေပါသေးတယ်။ တစ်ခါတစ်လေ အသေးအဖွားရောဂါ ဝေဒနာလေးတွေများ ခံစားလိုက်ရလျှင် ငါသေများသွားမလား။ အဲလိုတွေးမိတယ်။ နာလွန်းတာကိုး။

          သေရမယ့်ဝေဒနာဆို ဒီထက်အဆပေါင်းများစွာ နာရမှာပါလား။ အဲဒီလိုနာနေတဲ့ အချိန်ဆို စိတ်ထဲခုလို တရားအသိလေးမှ မှတ်နိုင်ပါ့မလား။ ဝေဒနာသေးသေးလေးတောင်မှ တရားအသိကို ခပ်စိပ်စိပ် မမှတ်နိုင်ရင် သေမယ့် ဝေဒနာကြီးဆို ဘယ်လိုမှတ်နေနိုင်ပါမလဲ။ ဒါကြောင့် ကျွန်မသေဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမယ့် မသေချင် ဘူးလို့တော့ ငြင်းလို့ရမည်မဟုတ်။ သေနေ့စေ့လို့ သေချိန်ကျရင် သေမှာပါပဲ။

          ငါသေရင် ငါ့သံယောစဉ်၇ှိတဲ့သူ ငါက ချစ်တဲ့သူတွေရောလို့ စဉ်းစားမိပါသေးတယ်။ ကိုယ်တိုင်တောင်မှ သေချိန်ကို ရွေးချယ်လို့မရသေးတာ ငါနဲ့ပတ်သတ်တဲ့ သူတွေကရော ဘာများလုပ်ပေးနိုင်မှာလဲ။ ကိုယ်သေပြီးဆိုရင် ကိုယ့်ကိုယ့်ကို ပိုချစ်ပါလို့ ပြောရမလိုပါပဲ။ ကျန်ရစ်နေခဲ့မယ့် သူတွေထက် ထွက်သွားရမယ့်ကိုယ့်အတွက်ကို ပိုပြီးစိတ်ပူပါ တယ်။ မသေခင်မှာတော့ လူ့တာဝန် လူတစ်ယောက်ရဲ့ တာဝန်ကို ကျေအောင်ကြိုးစားမယ်။ 

          ကိုယ့်ကလဲ သူများအပေါ် အကျင့်မယုတ်သလို သူများယုတ်လို့ခံလိုက်ရလဲ လက်တုန့်မပြန်ဖြစ်အောင် ကြိုးစားမယ်။ ဒီဘ၀မရ နောက်ဘ၀ပေါ့ လို့ ဆုတောင်းရင် အဲဒါ ကိုယ့်သံသရာ ကိုယ်ရှည်အောင် ဆွဲဆန့်တာနဲ့ တူပါတယ်။ ဒီတော့ေ အး ဒီဘ၀ဆပ်စရာရှိတဲ့ ၀ဋ်ကြွေးငါ ကျေကျေနပ်နပ်ကြီးဆပ်တယ် ဆိုတဲ့ စိတ်မျိုးထားနိုင်အောင် ကြိုးစားတယ်။

          ဘ၀မှာ အနေတတ်ပြီး အသေတတ်အောင် ကြိုးစားနေပါတယ်။ ဒါပေမယ့် သေဖို့တော့ အဆင်သင့်မဖြစ်သေး ပါဘူး။ လူ့သက်တမ်းကြီးကတော့ တစ်နှစ်ထက်တစ်နှစ်တိုးလို့ သေဖို့ကမ်းကို တစ်ရက်ပြီး တစ်ရက်နီးလာတော့တာ ပါပဲ။ ကျွန်မထင်မိပါတယ် ဒီနှစ်မွေးနေ့က ကျွန်မအတွက် တန်ဖိုးအရှိဆုံးလို့ ကျွန်မထင်မိတယ်။ အရင်နှစ်တွေက ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ရပေမယ့် ဒီနှစ်တော့ အိမ်ကဘုရားမှာ သစ်သီးဆွမ်းလောက်သာ ကပ်ဖြစ်မယ် ထင်ပါတယ်။

          ဒါပေမယ့် ကျွန်မရဲ့အသိမှာ အနေတတ်တဲ့နည်းကတော့ တစ်ဖြည်းဖြည်း ကျယ်ပြန့်လာနေပါတယ်။ ဒါဟာ ကျွန်မဘ၀ရဲ့ အနှစ်သာရ အပြည့်ဝဆုံး အချိန်ပါပဲ လို့။

----

ဒီမွေးနေ့ အမှတ်တရ ပို့(စ်)လေးကို ဖတ်ပြီး မောင်နှမတွေရဲ့ စိတ်ထဲမှာ အသိရစရာ ဆင်ခြင်နိုင်စရာ တစ်ခုခုများ ရသွားတယ် ဆိုရင်ဖြင့် ကျွန်မအဖို့ ဒီနှစ်မွေးနေ့က ပိုပြီးပီတိဖြစ်စရာပါလို့ အသိပေးရင်း …
ချစ်သော မောင်နှမများအားလုံး စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေရှင်။ 

သရုပ်ဖော်ပုံလေးကိုတော့ ထုံးစံအတိုင်း google ကနေရှာဖွေပြီး အသုံးပြုထားပါတယ်ရှင်။