Monday 28 October 2013

ကျွန်မ အမေ့ရဲ့ ဈေးခြင်းလေးကို ကူပြီဆွဲပေးပါတော့မည်




 ကျွန်မငယ်ငယ်ကဆိုလျှင် မနက်အစောကြီးထဖို့ အလွန်အပျင်းထူခဲ့ဘူးသည်။ တနင်္လာမှ သောကြာနေ့သည် ကျောင်းဖွင့် ရက် မနက် ၆ နာရီထရသည်။ စနေ တနင်္ဂနွေသည် လူကြီးများပြောသလို နေဖင်ထိုးအောင်အိပ်သောနေ့များ ဖြစ်ခဲ့ သည်။ အဲဒီလို စနေ တနင်္ဂနွေတွင် ကျွန်မက မနက်အစောကြီးထဖို့ ပျင်းနေပေမယ့် မပျင်းတတ်သူကတော့ ကျွန်မရဲ့ မာတာမိခင်ပင်ဖြစ်သည်။ သူဈေးသွားလျှင် ဈေးခြင်းတောင်း လိုက်ဆွဲဖို့ မရမကကျွန်မကို နိုးတက်သည်။ 

          ဘယ်လိုပင် ကျွန်မက complain တတ်တတ် အမေကတော့ အပတ်တိုင်း မရိုးရအောင် အိပ်ယာထဲမှ မထမချင်းနိုးနေတတ်သည်။ တစ်ကယ်ဆိုလျှင် တစ်နေ့ချက်စာ တစ်နေ့သာဝယ်တတ်သော အမေ့ရဲ့ ဈေးခြင်းတောင်းက ကူပြီးသယ်ပေးရလောက်အောင် လေးလံနေသည်မဟုတ်။ သက်သက်မဲ့ ကျွန်မသာလျှင် အစောကြီးထရတာပဲ အဖတ်တင်သည်ဟု ကျွန်မထင်သည်။ နောက်အိမ်ပြန်ရောက်လို့ ဈေးခြင်းထဲကြည့်လိုက် ဟင်းသီးဟင်းရွက်နှင့် ငါး သို့ အသား လေး အနည်းငယ်သာ။ကြာတော့ အမေ့ကို တစ်ကယ်ပဲ စိတ်မရှည်ချင်။ အမေကလည်း ဒီလောက်လဲ လေးတာမဟုတ်ပဲနဲ့ သမီးက စနေ တနင်္ဂနွေလေးပဲ အိပ်ရေး၀၀အိပ်ရတဲ့ဟာကိုလို့ အမေ့ကို အမြဲညည်းညူပြီး ပြောတတ်သည်။

          ကျွန်မကလဲ အိပ်ယာထရမှာပျင်း အမေကလဲနိုးဆိုတော့ တစ်ခါတစ်ရံ အမေက ထပြီးပွစိပွစိ လုပ်တတ်သည်။ ကြာတော့ အဖေကပင် မင်းကလည်းကွာ ကလေးကျောင်းပိတ်ရက်အိပ်တာပဲဟာ အိပ်ပါစေ မနက်စောစောစီးစီး အိမ်ဆူတယ်ဟ လို့ ပြောပြီး နောက်ပိုင်းတွင်တော့ အမေက သူတစ်ယောက်တည်းသာ ဈေးသွားပါတော့ သည်။ ဒီတော့မှပဲ ကျွန်မရဲ့ စနေ တနင်္ဂနွေများကို အိပ်ရေး၀၀ ပြန်ပြီးဇိမ်ယူခဲ့ရသည်။

          တစ်နေ့ စနေနေ့ မနက်ပိုင်းတစ်ရက်မှာ ကျွန်မအစောကြီးနိုးနေမိသည်။ ညဘက်ပူအိုက်တာလဲ ပါမည်ထင်။ ပထမတော့ အိပ်ယာထဲဆက်ပြီး လှိမ့်နေသေးသည်။ နောက်ဆုံးကဲ နိုးနေမှတော့ ထတာပဲ ကောင်းပါတယ်ဟူသော အတွေးနှင့် မျက်နှာသစ် ဘုရားသောက်တော်ရေလဲ ဘုရားပန်းအိုးထဲကရေတွေ အသစ်လဲ ပြီးသွားတော့ ဗိုက်ဆာသလို ရှိလာသည်။ ဒီတော့မှ အမေ့ကိုသတိရသည်။ ဒီအချိန်ဈေးထဲမှာပဲ ရှိနေအုန်းမည်။ အမှီလိုက်သွားပြီ ဈေးထဲမှ အုန်းနို့ခေါက်ဆွဲဝယ်လာပြီး စားမည်ဟူသော အတွေးဖြင့် အမေ့ရဲ့နောက်ကို ကျွန်မလိုက်သွားခဲ့မိသည်။

          ဈေးထဲရောက်ရောက်ချင်း အမေ၀ယ်နေကျ ဆန်ဆိုင် နောက် ကြက်သွန်ဘာညာဝယ်သည့်ဆိုင် အမေ့ကို မတွေ့သေး။ အင်း ဒါဆိုလျှင်တော့ ငါးစိမ်းတန်းထဲ အမေရောက်နေပြီထင်။ ကျွန်မ ငါးစိမ်းတန်းထဲတွင် အမေ့ကို ဟိုကြည့်သည်ကြည့် ရှာမိသည်။ဟောတွေ့ပါပြီ။ တစ်ကယ်ဆို ကျွန်မနှင့် အမေသည် အနည်းငယ်ဝေးနေသေးပေမယ့် မျက်နှာချင်းဆိုင်အနေအထား။ ကျွန်မလက်ပြနေသည်ကို အမေ မတွေ့ပါ။ နောက်အမေ ၀ယ်နေကျငါးဆိုင်ရှေ့တွင် မတ်တပ်ရပ်သည်။ဟိုကြည့်သည်ကြည့် ထို့နောက် ငါးဆိုင်နှင့် နှစ်ဆိုင်ကျော် ဆိတ်သားဆိုင်ကို အမေကြည့်ပြန်သည်။ နောက်တစ်ခါ ငါးစိမ်းတန်းထောင့်စွန်းရှိ ငါးသလောက်များ ရောင်းနေသော ဆိုင်ဘက်သို့ထွက်သွားပြန်သည်။

          ကျွန်မအမေ့ကို အနည်းငယ်စိတ်ဝင်စားသွားမိသည်။ အမေဘာလုပ်နေပါလိမ့်။ ထို့ကြောင့် အမေ့ကို မ ခေါ်တော့ပဲ အမေနောက်ကသာ လိုက်ကြည့်နေမိသည်။ ခုချိန်ထိ အမေ့ရဲ့ဈေးခြင်းတောင်းထဲတွင် ဆန်မ၀ယ်ရသေး ဆီလဲမ၀ယ်ရသေး။ ဒီလောက်အမေဈေးသွားတာ ကြာနေပြီ ခုချိန်ထိ ဈေးခြင်းတောင်းထဲဘာမှ မယ်မယ်ရရ မ၀ယ်ရသေး။ အမေ ငါးစိမ်းတန်းထဲက ပြန်ထွက်သွားပြန်သည်။ ထို့နောက် ဟင်းသီးဟင်းရွက်တန်းထဲ ခေါက်တုန့်ခေါက်ပြန်လျှောက်နေပြန်သည်။ ကြည့်လိုက် ပြန်လှည့်ထွက်သွားလိုက်နှင့် ၁၅ မိနစ်လောက်ကြာနေပြီ ဖြစ်သည်။ 

          ကျွန်မ မနေနိုင်တော့ အမေ့ကိုလှမ်းခေါ်လိုက်ရင်း အမေ့ဈေးခြင်းတောင်းကို လှမ်းဆွဲလိုက်သည်။
          “အမေ ဘာလုပ်နေတာတုန်း ဈေးထဲ မော်ဒယ်ရှိုးလျှောက်နေတာလား” လို့ အမေ့ကို ပြောလိုက်သည်။ ကျွန်မကို တွေ့သည်နှင့် ခုနက မျက်မှောင်ကြီးကုတ်ပြီး ဟိုလျှောက်ဒီလျှောက် လျှောက်နေသော အမေသည် ကယ်တင်ရှင်တစ်ဦးကို တွေ့လိုက်ရသည့်ပမာ 

          “ဟယ်…သမီး လိုက်လာတယ်.” ဟု အမောတကောဆိုသည်။ တစ်ကယ်ဆိုဒီလောက် မလိုဟု ကျွန်မထင်သည်။ 

          “အင်း ဟုတ်တယ်လေ အမေ ဘာချက်မှာတုန်း. သမီးကြည့်နေတာကြာပြီ ဘာမှလဲ ဟုတ်တိပတ်တိ မ၀ယ်ရသေးဘူး ” ဆိုတော့
          “ဟုတ်တယ်သမီးရဲ့ ဘာဝယ်ရကောင်းမလဲ စဉ်းစားနေတာ။  ဆန်နဲ့ဆီကလည်းဝယ်ရအုန်းမယ် နင့်ညီမနဲ့ နင့်အဖေကလည်း ဟင်းသီးဟင်းရွက်ကြီးပဲ ဆို စားတာမဟုတ်ဘူး။ ပြီးတော့ သမီးကလည်း ငါးသလောက်ကြိုက်တယ်မဟုတ်လား အမေဈေးထဲမှာ ငါးသလောက်တွေတွေ့ခဲ့တာ အကြီးကြီးတွေပဲ ဆူမှဆူ အဲဒါ အမေ့လက်ထဲက ပိုက်ဆံနဲ့ ချိန်လိုက် ပြန်လှည့်လိုက်နဲ့ ခုထိဘာမှကို ဟုတ်တိပတ်တိ မ၀ယ်ရသေးပါဘူး.”

ဆိုပြီး ညည်းသလိုလိုနဲ့ ပြောရှာတယ်။ ကျွန်မအမေ့ကို အားနာသွားမိသည်။ ဒီတော့မှပဲ အမေဘာကြောင့် မနက်တိုင်း ဈေးခြင်းတောင်းလိုက်ဆွဲခိုင်းသလဲဆိုတာကို သဘောပေါက်သွားမိသည်။ တစ်ကယ်တော့ အမေလိုချင်သည်မှာ ဈေးခြင်းတောင်းဆွဲပေးဖို့ မဟုတ် သူနှင့်အတူ စကားတစ်ပြောပြောနှင့် ဈေးထဲတွင် အမေ သမီးအဲငါးစားချင်တယ် ဒီနေ့တော့ ချဉ်ရည်ဟင်းလေးနဲ့ ငါးပိတို့စရာအစုံ ဒီတစ်ခါလောက်တော့ ဆိတ်သားလေးချက်ပါ အမေရယ်လို့ ဆိုပြီး စကားတွေ တွတ်တွတ်ပြောပြီး ဈေးခြင်းတောင်လိုက်ဆွဲပေးမည့် သမီးတစ်ယောက်ကို အလိုရှိခြင်းဖြစ်သည်။

          ခုကျွန်မ မပါပဲ တစ်ယောက်တည်းကျတော့ သူ့ခင်ဗျာရှိသည့်ပိုက်ဆံနှင့် ဘာဝယ်လို့ ဘာချက်ရမှန်းမသိ ယောင်ချာချာဖြစ်နေရှာသည်။ ဟိုဟာလေးကောင်းနိုး ဒီဟာလေးကောင်းနိုး အိမ်ကဘယ်သူက ဘာဆိုမကြိုက်လောက်ဘူး မစားတတ်ဘူးနှင့် အမေနေ့စဉ်ဈေးဝယ်တိုင်း စဉ်းစားရပါလိမ့်မည်။ နောက် အားလုံးစားတယ် အဆင်ပြေတယ် ဆိုပြန်တော့ လိုက်ထဲပါလာသည့် ပိုက်ဆံနှင့် ၀ယ်စရာ အမေ ပြန်ပြီး ချင့်ချိန်ရပြန်ပါ သည်။ တစ်ခါတစ်လေ အိမ်တွင် ဆန်ဝယ်ရမယ့်နေ့ ဆီဝယ်ရမယ့်နေ့များဆိုလျှင် ဆန် ဆီဝယ်အပြီး လက်ထဲမှာ ကျန်သော ပိုက်ဆံလေးနှင့် ဟင်းတစ်ခွက်ဖြစ်လာရန်မှာ မလွယ်လှ။ ကျွန်မ အဲဒီနေ့က ကောင်းကောင်းကြီး နားလည်သွားမိသည်။ 

          အမေလိုချင်သည်မှာ ကောင်းကောင်းဆိုးဆိုး တိုးတိုး တိုင်ပင်ဖော်သမီးအကြီးဆိုသည့် ကျွန်မသာဖြစ်သည်။ အဲဒီနေ့ နောက်ပိုင်းမှာတော့ ကျွန်မ မနက်စောစော အိပ်ယာထမပျင်းတော့ပါ။ အဲဒီနေ့က အမေ့ရဲ့ မျက်မှောင်ကုတ် ခေါက်တုံ့ခေါက်ပြန်လျှောက်လိုက် ၀ယ်မလိုလိုနှင့် ပြန်လှည့်သွားလိုက် ဝေခွဲမရသောစိတ်တို့နှင့် စဉ်းစားခန်းဝင်နေပုံကိုကြည့်ပြီး ကျွန်မအမေ့ကိုသနားသည်။ ပြီးတော့ အမေ့ကို မနက်ခင်း ဒီလောက်လေးဈေးဝယ်ရုံမျှလောက်ဖြင့် အမေ့ရဲ့ စိတ်ကို ဒီလောက်ထိ မပင်ပန်းစေလိုတော့ပါ။ 

ထို့ကြောင့်ပင် ကျွန်မရဲ့ဘ၀တွင် မနက်စောစာစီးစီး မြူ ခိုးတို့ ခပ်ဝေေ၀အချိန် အမေ့ကိုတွဲ အမေ့ရဲ့ ဈေးခြင်းတောင်းလေးကိုဆွဲပြီး တွတ်တီးတွတ်တာနှင့် ပြုံးပျော်ရွှင်သော မနက်ခင်းများစွာကို ကျွန်မပိုင်ဆိုင်ခဲ့ရလေတော့ သည်။


 *******
 အလည်အပတ်ရောက်လာပြီး ဆွေလေးရဲ့ဘလော့လေးကို လာလည်ကြတဲ့ မောင်နှမများအားလုံးနှင့် ဘလော့မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်.

သရုပ်ဖော်ပုံလေးကိုတော့ google ကနေပြီ ရှာသုံးထားပါတယ်လို့

Sunday 20 October 2013

သစ္စာစူး၍ ဝေးခဲ့သည်





“မြ နေကောင်းလား။ ကိုယ်သတိရတယ်။”

ကျွန်မလဲ သတိရပါတယ် မောင် လို့ စိတ်ထဲကပဲ ဖြေလိုက်မိသည်။ ပြီးတော့ ဖုန်းထဲဝင်လာတဲ့ message လေးကို  delete လုပ်ပစ်လိုက်သည်။ ဖုန်းထဲချန်ထားလျှင် ဒီ message လေး ပြန်ပြန်ကြည့်ပြီး လွမ်းရတဲ့ ဒဏ်ကို ကျွန်မခံစားနိုင်ခြင်း မရှိပါလေ။ တစ်ကယ်တော့ မောင်နှင့်ကျွန်မသည် တစ်ချိန်က အလွန်ချစ်ခဲ့ကြသော ချစ်သူတွေ ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် နားလည်မှုတွေနှင့် ဖေးမကူခဲ့ကြသော ချစ်သူနှစ်ဦးဖြစ်ခဲ့ ကြသည်။

မောင့် အပေါ်တွင် အပြစ်ဟူသမျှ မြူ တစ်မှုန်မျှ ပင် မမြင်နိုင်အောင် ချစ်ခဲ့ဖူးသည်။ မောင် ကိုယ်တိုင်ကလည်း ကျွန်မဆိုးခဲ့သမျှ ဗိုလ်ကျခဲ့သမျှ ကို မညည်းမညူနှင့် ကျွန်မအလိုကျ ချစ်ပြခဲ့သော ယောက်ကျားတစ်ယောက် ဖြစ်ခဲ့ဖူးသည်။တစ်ခါတစ်လေ မောင် ကလည်း အလုပ်များ ကျွန်မကိုယ်တိုင်ကလဲ ကလေးတွေ စာသင်ရက်များနှင့် ကြပ်နေပြီဆိုလျှင် တစ်ပတ်နေလို့မျှ တစ်ခါမတွေ့နိုင်ကြ။ အဲဒီလို အချိန်မျိုးဆိုလျှင်..

“မြ ..မောင်တို့မတွေ့ရတာ တစ်ပတ်ကျော်ပြီနော်လို့ ” သတိပေးသလိုလို အလိုမကျသလိုလိုနှင့် ပြောတတ်သည်။ အဲတွေ့ကြပြန်ပြီဆိုလျှင်လဲ တစ်ပတ်စာကို တစ်သက်စာလောက်များ စကားပြောစရာ ရှိသလား မသိပါ။ စကားတွေက ပြောလို့ပင် မကုန်နိုင် မခမ်းနိုင်။  တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့မပြီးနိုင်။ လွမ်းလို့မဆုံး ပြုံးလို့မဆုံး။ အိမ်ပြန်ချိန်ကျပြန်တော့လဲ တစ်ယောက်လက်ကို တစ်ယောက်တွဲထားသည့် လက်တွေကို ဖြုတ်မပစ်ရက်။ ဒီနေ့တွေ့ပြီး နောက်တစ်နေ့တွင် ပြန်မဆုံနိုင်တော့သည့်အလား အကဲပိုခဲ့ကြသည်။

သူငယ်ချင်းတွေကြားထဲတွင် အသည်းဆုံး မျက်စိစပါးမွှေး အစူးဆုံး စုံတွဲတစ်တွဲ ဖြစ်ခဲ့ ဖူးကြသည်။  မောင် နှင့် ကျွန်မ ခုလိုမျိုး ဝေးကွာသွားလိမ့်မည်ဟု ကျွန်မဘယ်တုန်းကမှ မတွေးမိခဲ့။ အနာဂတ်မှာ မောင့်ရဲ့ပါရမီ ဖြည့်ဖက်သည် ကျွန်မ ဖြစ်သလို ကျွန်မဘ၀ရဲ့ ကြင်ဖော်သည်လဲ မောင်ပဲ ဖြစ်လိမ့်မည်ဟု တစ်ထစ်ချ ယုံကြည်ထားခဲ့သည်။  မောင့်အပေါ်တွင် ယုံကြည်မှုတွေ လွန်ကဲထားခဲ့သည်။ မေတ္တာပေးလျှင် မေတ္တာပြန်ရတတ်သည် ဆိုသည့် စကားပုံကို ကျွန်မ အကြွင်းမဲ့ ယုံကြည်ထားခဲ့သည်။ ကျွန်မ မောင့်အပေါ်တွင်ထားခဲ့သည့် မေတ္တာသည် ဖြူစင်ခဲ့သည် အေးမြခဲ့သည်ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးပင်။

“မြ ..သက်တင်ကို ကောင်မလေး တစ်ယောက်နဲ့ တွေ့လိုက်တယ်နော်.”

          ဒါက သူငယ်ချင်းတွေပြောတဲ့ သတိပေးစကားပါ။ ဒါပေမယ့် ကျွန်မမောင့်ဘက်ကို အပြည့်အ၀ယုံကြည်ထားပေးခဲ့ သည်။ မောင့်ကို ကျွန်မမေးကြည့်လိုက်ပါအုန်းမယ်လို့။ရင်းရင်းနှီးနှီး အသိမိတ်ဆွေ တစ်ယောက်ပဲ နေမှာပါလို့ ချစ်တဲ့စိတ်နဲ့ မောင့်ဘက်က ကျွန်မကာပြီးပြောပေးခဲ့သည် တစ်ကယ်တမ်း မောင့်ကို မေးလိုက်သည့် အခါတွင်လည်း

“မောင့်ရဲ့ မြ ကိုလေ အရမ်းချစ်တယ် သိလား။ ဘာလို့လဲဆိုတော့ မောင့်အပေါ်မှာ နားလည်မှု အပေးနိုင်ဆုံး မိန်းမတစ်ယောက်ဖြစ်လို့”  တဲ့။

မောင့်ရဲ့ အဖြေကလည်း ကျွန်မနှင့် တစ်ထပ်တည်းပါပဲ။ သူ့ရဲ့ မိတ်ဆွေ ကောင်မလေးပါတဲ့။ ဒါပေမယ့် အဲဒီနေ့က မောင့်ထံမှ ဂတိစကားတစ်ခွန်းနဲ့သစ္စာစကားတစ်ခွန်းတော့ တောင်းခဲ့မိသည်။

          “ကျွန်မကို မည်သည့်အခါမျှ  လိမ်လည်ပြောဆိုခြင်း မပြုပါဘူး။ ထိုသစ္စာစကားမှန်ကန်ပါက ကျွန်မတို့ ချစ်သူနှစ်ဦး အသက်ထက်ဆုံး ပျော်ရွှင်စွာ ပေါင်းဆုံရပါစေ။ အကယ်၍များ ထိုသစ္စာစကားသည် မှန်ကန်မှုမရှိပါက ကျွန်မတို့ တစ်သက်တာဝေးကွာရပါလို၏”  လို့

ဘုရားတွင် သစ္စာဓိဌာန်ပြု ပြီး ဆုတောင်းခဲ့ကြသည်။ အဲဒီအချိန် အဲဒီအတွေးက ကျွန်မဘက်က ရိုးသားစွာတွေးပြီ ဆုတောင်းခိုင်းခဲ့တာပါ။ မောင့်ကို ကျွန်မယုံတယ်လေ။မောင်ဟာ  ဘယ်တော့မှ  သစ္စာမဲ့တဲ့ ယောက်ကျား တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးလို့။ ကျွန်မဘက်ကလည်း ကိုယ်တိုင်ယုံကြည်မှုကင်းမဲ့နေတဲ့ ချစ်သူတစ်ယောက်ကို ဘ၀ကြင်ဖော်အဖြစ်  လက်တွဲဖို့ ဘယ်လိုစိတ်မျိုးနဲ့ ဆုံးဖြတ်နိုင်မလဲ။ ဒါကြောင့် ကျွန်မအဲဒီနေ့က မောင့် ကို သစ္စာစကားဆိုခိုင်းခဲ့တာပါ။ 

          ဒါပေမယ့် ကျွန်မထင်ခဲ့တာ မှားသွားပြီမှန်း နောက်ကျစွာသိခဲ့ရသည်။ သစ္စာစကားဆိုအပြီးမှာတော့ မောင့်မျက်နှာ သိသိသာသာကြီးကို ပျက်ယွင်းနေတယ် ဆိုတာပဲ။ ကျွန်မကိုယ်တိုင်ကလဲ အဲဒီအချိန်မှ မောင့်ဘက်ကသာ မမှန်ခဲ့ရင်လို့ဆိုတဲ့ ကြောက်စရာကောင်းတဲ့ အတွေးကြီး စပြီးစဉ်းစားမိသွားတယ်။ သစ္စာစကားကနေ ကျွန်မဆိုခိုင်းလိုက်တာ ကြိမ်စာများ ဖြစ်သွားသလား မောင်ရယ်လို့ မောင့်ကို အဲဒီနေ့ ကမေးလိုက်ချင်မိတယ်။ ဒါပေမယ့် ကျွန်မ မမေးခဲ့ဘူး။ ဟုတ်များ ဟုတ်နေခဲ့ရင် တစ်ကယ့်အဖြစ်မှန်ကို ကျွန်မကိုယ်တိုင်က ရင်မဆိုင်ရဲသေးဘူးလေ။
         
          “မြ ကိုယ်ဖျားနေတယ်သိလား။ လွမ်းလိုက်တာ မြ ရယ်။ ”

မောင့်ထံမှ နောက်ထပ် message တစ်ခု ၀င်လာပြန်သည်။ မောင့်ရဲ့ message လေးကို ဖတ်မိတော့ ရင်ထဲမှာ မျက်ကနဲ ဖြစ်သွားတယ်။ မောင်သာ အစကထဲက အချစ်ကို တန်ဖိုးထားတတ်ရင် သစ္စာဆိုတာကို တစ်ကယ်သိခဲ့ရင် ခုချိန်မှာ မောင့်ဘေးနားကို ကျွန်မအပြေးအလွှား ရောက်ခဲ့မိမှာပါ။ ခုတော့ ကျွန်မ ဟိုးအရင်တစ်ချိန်က ချစ်ခဲ့ဖူးတဲ့ မောင်က  သေဆုံးသွားခဲ့ပါပြီလို့ မျက်လုံးအစုံကို မှိတ်ချလိုက်ရင်း ဖုန်းထဲက delete လေးကို နိပ်လိုက်မိသည်။  ဟင်….ဖုန်းလေးရဲ့ မျက်နှာပြင်မှာ စိုစွတ်နေပါရောလား။ ကျွန်မ ငိုနေမိသည်ထင်သည်။ ဟင့်အင်း မဟုတ်လောက်ပါဘူး ဒါ ပြတင်းပေါက်ကနေ လွင့်စင်လာတဲ့ မိုးရေစက်ကလေးတွေပဲ နေမှာပါ။ 

          ထို့နောက်ဖုန်းထဲမှ သီချင်း player လေးကို နှိပ်လိုက်သည် ပြီးတော့ နားကြပ်ကလေးတွေ ကို နားနှစ်ဖက်ထဲ ထည့်လိုက်သည်။ ပြီးနောက် မျက်လုံးကိုမိတ်ြပီး အိပ်ယာပေါ်လှဲချလိုက်သည်။ ဖုန်းထဲမှ သီချင်းသံတို့သည် ကျွန်မရဲ့ နှလုံးသားလေး နောက်ထပ်တစ်ရေးပြန်အိပ်ပျော်သွားအောင် တော့ ခိုင်းစေနိုင်မယ် ထင်ပါရဲ့။




         

ချစ်စွာသော ဘလော့ဂါ မောင်နှမများ လာရောက်လည်ပတ်သော စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်လို့ နှုတ်ခွန်းဆက်သရင်း ကျန်းမာလို့ ပျော်ရွှင်ကြပါစေနော်။ သရုပ်ဖော်ပုံလေးကိုတော့ ထုံးစံအတိုင်း google မှ ရှာဖွေပြီး တင်ထားပါတယ်လို့။

Wednesday 16 October 2013

ဝေးနေတာပဲ ကောင်းပါတယ်



ရင်ခုန်သံ တစ်ချက်တိုင်း
အလွမ်းတွေ တစ်ချက်တိုးတယ်။  ။


အလွမ်းတွေ တစ်ချက်တိုးတိုင်း
လွမ်းမျက်ရည် ဝေ့ကနဲ ဖြစ်တယ်။  ။

လွမ်းမျက်ရည်တွေ ဝေနေတိုင်း
တစ်သသ ရင်တွင်းကခေါ်ညည်းတယ်။  ။

တိုးတိုးညင်သာ တမိတိုင်းလည်း
နှလုံးသားက တစ်ဆစ်ဆစ် ကိုက်ခဲတယ်။  ။

တစ်ဆစ်ဆစ် ဖြစ်လာတိုင်းလည်း
ဘယ်ဘက်ရင်အုံကို အသာဖိတယ်
နှုတ်ခမ်းတစ်ဖက် ကိုကြိတ်ပြီးကိုက်တယ်
သက်ပြင်းရှည်ကြီးကို ဆွဲတယ်
ပြီးတော့ ...
တိုးတိုးညင်သာ ရေရွတ်လိုက်တယ်
တို့ဝေးနေတာပဲ ကောင်းပါတယ်..လို့။  ။










သရုပ်ဖော်ပုံလေးကိုတော့ google ကနေရှာပြီ ယူသုံးထားပါတယ်လို့။

ဘလော့ မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။

Tuesday 15 October 2013

နင်းပြားခဲ့ရတဲ့ဘ၀တွေ



 
ကျွန်မနိုင်ငံရေးဆိုတာကို မည်သည့်အခါမှ စိတ်ဝင်စားခြင်းမရှိခဲ့ပါ။ ရေးလဲ မရေးခဲ့ဖူးပါ။ ဒါပေမယ့် ကြည့်နေမြင်နေ ကြားနေရတာတွေနဲ့တင် စိတ်ထဲမှာရှိနေတဲ့ တင်းကြပ်နေတဲ့ စိတ်တွေ ပေါက်ကွဲကုန်လို့ ဒီလိုပို့(စ်) လေး ကို ရေးမိလိုက်တာပါ။ 

          တစ်ကယ်ဆို ကြားထဲက မြေဇာပင် ဖြစ်ရတာ ကျွန်မတို့ ပြည်သူတွေပါပဲ။  စနစ်ကြီး မငြိမ်သက်တော့ ကျွန်မတို့ ပြည်သူတွေရဲ့ ဘ၀လဲ မုန်တိုင်းထန်ခဲ့ရတယ်။ ကျွန်မတို့ ပြည်သူတွေဆိုတာ အခြေခံလူတန်းစားကြီး တစ်ခုလုံးကို ရည်ညွှန်းချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ထစ်ကနဲရှိ ဗေဂျိဆို ကျွန်မတို့အခြေခံ လူတန်းစားကနေ စပြီးထိကြတာကိုး။ ပညာရေးဆိုလဲ ပိုက်ဆံမရှိလို့ မျက်နှာမွဲခဲ့ကြရတဲ့ အရည်အချင်းပြည့် ကျောင်းသူ ကျောင်းသားတွေ မှ ဒုနဲ့ဒေး။ ကိုယ်ဝါသနာ ပါရာ ကိုယ်ထူးချွန်ရာက တစ်ပိုင်း ဒါပေမယ့် စားဝတ်နေရေးအတွက် လုပ်လိုက်ရတာက တစ်ပိုင်း။ ဖြစ်ချင်တာတွေကို ဖိနှိပ် ဖြစ်သင့်တာတွေ အောက်မှာ ပြားပြားမှောက်ခဲ့ရတဲ့ ဘ၀တွေမှ လက်ညှိုးထိုးမလွဲနိုင်ဘူး။ 

          အရင်တုန်းက ဒီမိုကရေစီမရလို့ ဖိနှိပ်ချုပ်ခြယ်ခံရပြီ နေခဲ့ရတော့ နင်းပြားဘ၀။ ဒီနေ့အလုပ်ကနေ ပိုက်ဆံရှင်း ကားပေါ်ပြေးတက်မလို့မှ ကားခက မပြည့်။ ရတဲ့လစာက ကားခနဲ့တင် တစ်ဝက်။ ဒါတောင် စားတာသောက်တာက အိမ်ထမင်းချိုင့်။ အိမ်ထမင်းချိုင့်ဆိုလို့ အထင်မကြီးလေနဲ့ ထမင်းဖြူ နဲ့ တစ်ခါတစ်ရံ ပေါပေါလောလောရတဲ့ ဟင်းရွက်ကြော် ။ ဟင်းကောင်းတယ် ဟေ့လို့ဆိုမှ ကြက်ခြေထောက် ကြက်ရိုးဟင်း။ ဘဲဥတောင်မှ တစ်ခါတစ်ခါ အနိုင်နိုင်။ တစ်ခါတစ်ခါ လမ်းဘေး ထမင်း ၅၀ ဖိုးနဲ့ ငါးပိ တို့စရာ အစုံ တစ်ရာဖိုးနဲ့ ညနေစာ ဖြည့်ခဲ့ရတာ နေ့တွေ ရေတွက်လို့တောင် ကုန်နိုင်မယ် မထင်ဘူး။တစ်နေ့လုံး လုပ်လိုက်ရတာ ချွေးသံရွှဲရွှဲ စိုက်လိုက်ရတဲ့ ကာယအား ညာဏအားတွေ ဟော ညအိမ်ပြန်ရောက်ပြန်တော့ ရေလဲမရှိ မီးလဲ မလာ။ ရေလိုချင် ၀ယ်သုံး။ မ၀ယ်နိုင်လျှင် မသုံးရုံသာ ရှိကြတာ။ မီး အဲဒီအချိန်ပျက်တာက များခဲ့တယ်. ။ ဖယောင်းတိုင်ဖိုးတောင် မတက်နိုင်ခဲ့တဲ့ ဘ၀။ နေရာတစ်နေရာ ကျောချစရာကို အလုအယက်နဲ့ တစ်လတစ်လ ကားခတစ်ဝက်ကုန်ခဲ့တဲ့ လစာထဲက အိမ်လခတော့ မနိုင်နိုင်ရာ ရှာကြံပေးခဲ့ကြရတယ်။ မပေးနိုင် မနေနဲ့ပေါ့။ ကိုယ်ထူကိုယ်ထ ဆိုတာ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံကြီးမှာ တစ်ကယ်ကို ကျင့်သုံးခဲ့ကြရတာကိုး။ 

          အလုပ်ရှင်ကရော အလုပ်သမားတစ်ယောက်ရဲ့ နေစားစရိတ်တွေကို လုံလောက်လောက်ငှအောင်ပေးနိုင်လောက်တဲ့ income မျိုး သူ့တို့မှာရှိရဲ့လား။ အရမ်းကြီးကျယ်ခမ်းနားတဲ့ အချို့အချို့သော စီးပွားရေး လုပ်ငန်းရှင်ကြီးများကို မဆိုလိုပါ။ ကျွန်မ ဆိုလိုတာက ကိုယ်ထူကိုယ်ထ ရသမျှသော ကိုယ်ပိုင်ပိုက်ဆံလေးနဲ့ လုပ်ငန်းလည်ပတ်နိုင်အောင် ထိန်းထားနိုင်အောင် ကြိုးစားနေကြတဲ့ အချို့သော လုပ်ငန်းရှင်များကိုသာ ရည်ညွှန်းချင်တာပါ။ ဒီတော့ မနိုင်နိုင်ရာ မြေဇာပင်တို့က ကျွန်မတို့လို အခြေခံလူတန်းစားတွေပဲ ဖြစ်ပြန်ရော။ အလုပ်သမားတွေရဲ့ လစာကို တတ်နိုင်သလောက် ဂုတ်ခွစီးကြပြန်တာပဲ။

          ဒါဆို အလုပ်သမားတွေကရော လစာနည်းနေ မကျေနပ်မလုပ်နဲ့ ဆိုတော့။ ခုရတာကမှ ကားခ တစ်ဝက်ပေမယ့် အချိန်တန် ငါးပိရည်လေးတော့ စားနေရတာမဟုတ်လား။ ကဲ မကျေနပ် မလုပ်နဲ့ဆိုတော့ နောက်ထပ်အလုပ်တစ်ခုက ငါးပိရည်လေးတောင် နပ်မှန်ဖို့ ထပ်ရှာဖို့က  ငှက်ပျော်သီး အခွံခွာစားသလောက် လွယ်လှတာမဟုတ်ဘူး။ ဒီမှာ ပိုင်နေတုန်း ကိုင်ထားမှ မပိုင်ပဲ လွတ်လိုက်လို့ကတော့ မျောက်သစ်ကိုင်းလွတ်သလို ကိုယ်တိုင်ရော ကိုယ့်ကိုယ်မှီခိုနေရတဲ့ မိသားစုရော အကျနာတာမှ ဗုန်းကနဲတောင် မြည်နိုင်မယ် မထင်ဘူး။ အဲဒါ နင်းပြား အခြေခံလူတန်းစားတို့ရဲ့  ဘ၀။

          ဟောကဲခုကျတော့ရော ဒီမိုကရေစီ ရပြီ။အရင်လောက်တော့ မကြပ်ဘူးပေါ့။ အဲ ချောင်လောက်အောင်တော့ လဲ မဟုတ်သေးဘူး။ ဒါပေမယ့် နောက်အမှုတစ်ခု ထပ်တိုးတယ်။ ဘာသာရေး အဓိဂရုဏ်း။ ကျွန်မမေးလိုက်ချင်တယ် နိုင်ငံရေးသမား အားလုံးရော နောက်ကွယ်က ထိန်းနေတယ်ဆိုတဲ့ လူတစ်စုရော ။ အဲဒီလူမျိုးစု ပြသနာမှာ နိုင်ငံရေးသမား ဘယ်လောက်သေသွားလဲ။ ရှင်တို့ရဲ့ လူစုထဲကရော လူဘယ်နှစ်ယောက်လောက်များသေသွားလဲ။ ပြလိုက်ကြတာ ဓာတ်ပုံတွေ ပလူပျံ။ ဒေါသတွေ ထွက်ကြ ဆဲကြ ဆိုကြ မောဟတွေ ကြီးကြ။ ဒါပေမယ့် ကျွန်မပြောပြမယ် နောက်ဆုံး အရင်းကို စစ်လိုက် သေသွားကြတာ သေနေကြတာ ဘာဆိုဘာမှ မသိတဲ့ ကျွန်မတို့လို့ အခြေခံလူတန်းစားတွေ။ မီးရှို့ခံလိုက်ရတာ ကျွန်မတို့လို အခြေခံလူတန်းစားတွေ ရဲ့အိမ်။ ကိုယ့်စားဝတ်နေရေး ကိုယ်ဘာသာကိုယ် နပန်းလုံးနေတဲ့ အခြေခံလူတန်းစားတွေ ရဲ့ ဘ၀တွေ ဖျက်ဆီးခံနေရတာ။ 

          ဟိုနေရာ လူစုပြန်ပြီ။ ဟိုနေရာမှာ ရိုက်ကုန်ကြပြီ။ ရှို့ကုန်ကြပြန်ပြီတော့ ဘယ်ကောင်မလေးတော့ဖြင့် ရေတိမ်နစ်သွားရ ရှာပြီ။ စားဝတ်နေရေးအပြင် ကျီးလန့်စာစား ကြရပြန်တယ်။ အဲဒါလဲ ကျွန်မတို့လို အခြေခံလူတန်းစားပါပဲ။ တစ်ချို့ဆို ညည်းကြတယ် အမယ်လေးခုမှ အသက်ရှုဝမလိုရှိသေး ခုတော့ ကိုယ့် အသက်ကို သရဏဂုံ ပြန်တင်ရမလို ဖြစ်နေပြီတဲ့။ ဟော ခုနောက်ဆုံး ဘာသာရေးနဲ့ လှုံ့ဆော်လို့ မရတော့ ဘူးဆိုတော့ လာပြန်ပြီ နောက်တစ်ကြော့ ဆိုတာလို ဗုံး တဲ့ ။ 

          ကျွန်မသူတို့ရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး ထပ်ပြီး မေးလိုက်ချင်တယ်။ ငါတို့လို အကာအကွယ်မဲ့ အခြေခံလူတန်းစားတွေ သေနေမှ နင်တို့ စိတ်ချမ်းသာနေကြသလား။ ငါတို့လို လူတွေ ကျီးလန့်စာစားနေမှ နင်တို့ ထမင်းစား မြိန်ကြသလား။ ငါတို့တွေ ဒုက္ခနဲ့ နပန်းလုံးနေမှ နင်တို့ စည်းစိမ်ချမ်းသာ ခံစားနေရတာကို ပြည့်စုံတယ်များ ထင်နေကြသလား။ လူကိုလူလို့ မြင်တတ်တဲ့ အမြင်မှန်လေးများ မရှိကြဘူးလား။နင်တို့လို ဘီလီယံနဲ့ချီ မချမ်းသာကြတဲ့ ငါတို့ အခြေခံလူတန်းစားတွေကို တစ်နေ့ကို တစ်ရာဖိုးလောက်တောင် ကိုယ့်အားကိုယ်ကိုးပြီး လုံလုံခြုံခြုံနဲ့ စိတ်ချမ်းချမ်းသာသာလေးများ အလုပ်လုပ်ခွင့် မပြုနိုင်ကြဘူးလား။

          တစ်ခုပဲ ပြည်သူတွေဘက်ကတောင်းဆိုလိုက်ချင်တယ်။ အာဏာဆိုတဲ့ အရာတစ်ခုအတွက် တစ်တိုင်းပြည်လုံးက ပြည်သူတွေရဲ့ လည်ချောင်သွေးနဲ့များ လဲလှယ်ချင်နေကြသလား။ လဲလှယ်ဖို့ ကြိုးစားနေကြတာလား။ တစ်ခုပဲ တောင်းပန်ချင်တယ် ကျွန်မတို့အခြေခံလူတန်းစားတွေ ကြက်သားမစားရချင်နေပါစေ ငါးပိရည်တစ်ထုပ်နဲ့ တို့စရာ တစ်နပ်ကိုတော့ နောက်ကျောလုံလုံနဲ့ စိတ်ချမ်းချမ်းသာသာ မိသားစု ထမင်းတစ်နပ်တော့ စားပါရစေလို့။





ဘလော့မောင်နှမများအားလုံးလဲ ချမ်းသာလို့ ကျန်းမာကြပါစေနော်။ အစကတော့ မရေးဘူးလို့နေတာပဲ။ ခုတော့ မတတ်နိုင်တော့ ဘူး ပေါက်ကွဲကုန်ပြီ။ ဘာလို့လဲဆိုတော့ ကိုယ့်နိုင်ငံကြီးကို အားမလို အားမရဖြစ်တယ်။ ကိုယ်အပါအ၀င် ဒုက္ခရောက်နေတဲ့ သူအားလုံးကို သနားတယ်။ ဒီပို့(စ်) လေးမှာ အထူးပြောချင်တာကတော့ ကျွန်မနိုင်ငံရေး လုံးဝမသိပါ။ စနစ်အပြောင်းအလဲကြောင့် ဒုက္ခဆိုတာကို ခံစားခဲ့ရတဲ့ လူတစ်ယောက်အမြင်နဲ့သာရေးပါတယ်လို့ ပြောချင်ပါတယ်ရှင်။

သရုပ်ဖော်ပုံလေးကိုတော့ google ကနေပြီတော့ပဲ ရှာဖွေပြီး သုံးထားမိပါတယ်ရှင်။