Tuesday 15 October 2013

နင်းပြားခဲ့ရတဲ့ဘ၀တွေ



 
ကျွန်မနိုင်ငံရေးဆိုတာကို မည်သည့်အခါမှ စိတ်ဝင်စားခြင်းမရှိခဲ့ပါ။ ရေးလဲ မရေးခဲ့ဖူးပါ။ ဒါပေမယ့် ကြည့်နေမြင်နေ ကြားနေရတာတွေနဲ့တင် စိတ်ထဲမှာရှိနေတဲ့ တင်းကြပ်နေတဲ့ စိတ်တွေ ပေါက်ကွဲကုန်လို့ ဒီလိုပို့(စ်) လေး ကို ရေးမိလိုက်တာပါ။ 

          တစ်ကယ်ဆို ကြားထဲက မြေဇာပင် ဖြစ်ရတာ ကျွန်မတို့ ပြည်သူတွေပါပဲ။  စနစ်ကြီး မငြိမ်သက်တော့ ကျွန်မတို့ ပြည်သူတွေရဲ့ ဘ၀လဲ မုန်တိုင်းထန်ခဲ့ရတယ်။ ကျွန်မတို့ ပြည်သူတွေဆိုတာ အခြေခံလူတန်းစားကြီး တစ်ခုလုံးကို ရည်ညွှန်းချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ထစ်ကနဲရှိ ဗေဂျိဆို ကျွန်မတို့အခြေခံ လူတန်းစားကနေ စပြီးထိကြတာကိုး။ ပညာရေးဆိုလဲ ပိုက်ဆံမရှိလို့ မျက်နှာမွဲခဲ့ကြရတဲ့ အရည်အချင်းပြည့် ကျောင်းသူ ကျောင်းသားတွေ မှ ဒုနဲ့ဒေး။ ကိုယ်ဝါသနာ ပါရာ ကိုယ်ထူးချွန်ရာက တစ်ပိုင်း ဒါပေမယ့် စားဝတ်နေရေးအတွက် လုပ်လိုက်ရတာက တစ်ပိုင်း။ ဖြစ်ချင်တာတွေကို ဖိနှိပ် ဖြစ်သင့်တာတွေ အောက်မှာ ပြားပြားမှောက်ခဲ့ရတဲ့ ဘ၀တွေမှ လက်ညှိုးထိုးမလွဲနိုင်ဘူး။ 

          အရင်တုန်းက ဒီမိုကရေစီမရလို့ ဖိနှိပ်ချုပ်ခြယ်ခံရပြီ နေခဲ့ရတော့ နင်းပြားဘ၀။ ဒီနေ့အလုပ်ကနေ ပိုက်ဆံရှင်း ကားပေါ်ပြေးတက်မလို့မှ ကားခက မပြည့်။ ရတဲ့လစာက ကားခနဲ့တင် တစ်ဝက်။ ဒါတောင် စားတာသောက်တာက အိမ်ထမင်းချိုင့်။ အိမ်ထမင်းချိုင့်ဆိုလို့ အထင်မကြီးလေနဲ့ ထမင်းဖြူ နဲ့ တစ်ခါတစ်ရံ ပေါပေါလောလောရတဲ့ ဟင်းရွက်ကြော် ။ ဟင်းကောင်းတယ် ဟေ့လို့ဆိုမှ ကြက်ခြေထောက် ကြက်ရိုးဟင်း။ ဘဲဥတောင်မှ တစ်ခါတစ်ခါ အနိုင်နိုင်။ တစ်ခါတစ်ခါ လမ်းဘေး ထမင်း ၅၀ ဖိုးနဲ့ ငါးပိ တို့စရာ အစုံ တစ်ရာဖိုးနဲ့ ညနေစာ ဖြည့်ခဲ့ရတာ နေ့တွေ ရေတွက်လို့တောင် ကုန်နိုင်မယ် မထင်ဘူး။တစ်နေ့လုံး လုပ်လိုက်ရတာ ချွေးသံရွှဲရွှဲ စိုက်လိုက်ရတဲ့ ကာယအား ညာဏအားတွေ ဟော ညအိမ်ပြန်ရောက်ပြန်တော့ ရေလဲမရှိ မီးလဲ မလာ။ ရေလိုချင် ၀ယ်သုံး။ မ၀ယ်နိုင်လျှင် မသုံးရုံသာ ရှိကြတာ။ မီး အဲဒီအချိန်ပျက်တာက များခဲ့တယ်. ။ ဖယောင်းတိုင်ဖိုးတောင် မတက်နိုင်ခဲ့တဲ့ ဘ၀။ နေရာတစ်နေရာ ကျောချစရာကို အလုအယက်နဲ့ တစ်လတစ်လ ကားခတစ်ဝက်ကုန်ခဲ့တဲ့ လစာထဲက အိမ်လခတော့ မနိုင်နိုင်ရာ ရှာကြံပေးခဲ့ကြရတယ်။ မပေးနိုင် မနေနဲ့ပေါ့။ ကိုယ်ထူကိုယ်ထ ဆိုတာ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံကြီးမှာ တစ်ကယ်ကို ကျင့်သုံးခဲ့ကြရတာကိုး။ 

          အလုပ်ရှင်ကရော အလုပ်သမားတစ်ယောက်ရဲ့ နေစားစရိတ်တွေကို လုံလောက်လောက်ငှအောင်ပေးနိုင်လောက်တဲ့ income မျိုး သူ့တို့မှာရှိရဲ့လား။ အရမ်းကြီးကျယ်ခမ်းနားတဲ့ အချို့အချို့သော စီးပွားရေး လုပ်ငန်းရှင်ကြီးများကို မဆိုလိုပါ။ ကျွန်မ ဆိုလိုတာက ကိုယ်ထူကိုယ်ထ ရသမျှသော ကိုယ်ပိုင်ပိုက်ဆံလေးနဲ့ လုပ်ငန်းလည်ပတ်နိုင်အောင် ထိန်းထားနိုင်အောင် ကြိုးစားနေကြတဲ့ အချို့သော လုပ်ငန်းရှင်များကိုသာ ရည်ညွှန်းချင်တာပါ။ ဒီတော့ မနိုင်နိုင်ရာ မြေဇာပင်တို့က ကျွန်မတို့လို အခြေခံလူတန်းစားတွေပဲ ဖြစ်ပြန်ရော။ အလုပ်သမားတွေရဲ့ လစာကို တတ်နိုင်သလောက် ဂုတ်ခွစီးကြပြန်တာပဲ။

          ဒါဆို အလုပ်သမားတွေကရော လစာနည်းနေ မကျေနပ်မလုပ်နဲ့ ဆိုတော့။ ခုရတာကမှ ကားခ တစ်ဝက်ပေမယ့် အချိန်တန် ငါးပိရည်လေးတော့ စားနေရတာမဟုတ်လား။ ကဲ မကျေနပ် မလုပ်နဲ့ဆိုတော့ နောက်ထပ်အလုပ်တစ်ခုက ငါးပိရည်လေးတောင် နပ်မှန်ဖို့ ထပ်ရှာဖို့က  ငှက်ပျော်သီး အခွံခွာစားသလောက် လွယ်လှတာမဟုတ်ဘူး။ ဒီမှာ ပိုင်နေတုန်း ကိုင်ထားမှ မပိုင်ပဲ လွတ်လိုက်လို့ကတော့ မျောက်သစ်ကိုင်းလွတ်သလို ကိုယ်တိုင်ရော ကိုယ့်ကိုယ်မှီခိုနေရတဲ့ မိသားစုရော အကျနာတာမှ ဗုန်းကနဲတောင် မြည်နိုင်မယ် မထင်ဘူး။ အဲဒါ နင်းပြား အခြေခံလူတန်းစားတို့ရဲ့  ဘ၀။

          ဟောကဲခုကျတော့ရော ဒီမိုကရေစီ ရပြီ။အရင်လောက်တော့ မကြပ်ဘူးပေါ့။ အဲ ချောင်လောက်အောင်တော့ လဲ မဟုတ်သေးဘူး။ ဒါပေမယ့် နောက်အမှုတစ်ခု ထပ်တိုးတယ်။ ဘာသာရေး အဓိဂရုဏ်း။ ကျွန်မမေးလိုက်ချင်တယ် နိုင်ငံရေးသမား အားလုံးရော နောက်ကွယ်က ထိန်းနေတယ်ဆိုတဲ့ လူတစ်စုရော ။ အဲဒီလူမျိုးစု ပြသနာမှာ နိုင်ငံရေးသမား ဘယ်လောက်သေသွားလဲ။ ရှင်တို့ရဲ့ လူစုထဲကရော လူဘယ်နှစ်ယောက်လောက်များသေသွားလဲ။ ပြလိုက်ကြတာ ဓာတ်ပုံတွေ ပလူပျံ။ ဒေါသတွေ ထွက်ကြ ဆဲကြ ဆိုကြ မောဟတွေ ကြီးကြ။ ဒါပေမယ့် ကျွန်မပြောပြမယ် နောက်ဆုံး အရင်းကို စစ်လိုက် သေသွားကြတာ သေနေကြတာ ဘာဆိုဘာမှ မသိတဲ့ ကျွန်မတို့လို့ အခြေခံလူတန်းစားတွေ။ မီးရှို့ခံလိုက်ရတာ ကျွန်မတို့လို အခြေခံလူတန်းစားတွေ ရဲ့အိမ်။ ကိုယ့်စားဝတ်နေရေး ကိုယ်ဘာသာကိုယ် နပန်းလုံးနေတဲ့ အခြေခံလူတန်းစားတွေ ရဲ့ ဘ၀တွေ ဖျက်ဆီးခံနေရတာ။ 

          ဟိုနေရာ လူစုပြန်ပြီ။ ဟိုနေရာမှာ ရိုက်ကုန်ကြပြီ။ ရှို့ကုန်ကြပြန်ပြီတော့ ဘယ်ကောင်မလေးတော့ဖြင့် ရေတိမ်နစ်သွားရ ရှာပြီ။ စားဝတ်နေရေးအပြင် ကျီးလန့်စာစား ကြရပြန်တယ်။ အဲဒါလဲ ကျွန်မတို့လို အခြေခံလူတန်းစားပါပဲ။ တစ်ချို့ဆို ညည်းကြတယ် အမယ်လေးခုမှ အသက်ရှုဝမလိုရှိသေး ခုတော့ ကိုယ့် အသက်ကို သရဏဂုံ ပြန်တင်ရမလို ဖြစ်နေပြီတဲ့။ ဟော ခုနောက်ဆုံး ဘာသာရေးနဲ့ လှုံ့ဆော်လို့ မရတော့ ဘူးဆိုတော့ လာပြန်ပြီ နောက်တစ်ကြော့ ဆိုတာလို ဗုံး တဲ့ ။ 

          ကျွန်မသူတို့ရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး ထပ်ပြီး မေးလိုက်ချင်တယ်။ ငါတို့လို အကာအကွယ်မဲ့ အခြေခံလူတန်းစားတွေ သေနေမှ နင်တို့ စိတ်ချမ်းသာနေကြသလား။ ငါတို့လို လူတွေ ကျီးလန့်စာစားနေမှ နင်တို့ ထမင်းစား မြိန်ကြသလား။ ငါတို့တွေ ဒုက္ခနဲ့ နပန်းလုံးနေမှ နင်တို့ စည်းစိမ်ချမ်းသာ ခံစားနေရတာကို ပြည့်စုံတယ်များ ထင်နေကြသလား။ လူကိုလူလို့ မြင်တတ်တဲ့ အမြင်မှန်လေးများ မရှိကြဘူးလား။နင်တို့လို ဘီလီယံနဲ့ချီ မချမ်းသာကြတဲ့ ငါတို့ အခြေခံလူတန်းစားတွေကို တစ်နေ့ကို တစ်ရာဖိုးလောက်တောင် ကိုယ့်အားကိုယ်ကိုးပြီး လုံလုံခြုံခြုံနဲ့ စိတ်ချမ်းချမ်းသာသာလေးများ အလုပ်လုပ်ခွင့် မပြုနိုင်ကြဘူးလား။

          တစ်ခုပဲ ပြည်သူတွေဘက်ကတောင်းဆိုလိုက်ချင်တယ်။ အာဏာဆိုတဲ့ အရာတစ်ခုအတွက် တစ်တိုင်းပြည်လုံးက ပြည်သူတွေရဲ့ လည်ချောင်သွေးနဲ့များ လဲလှယ်ချင်နေကြသလား။ လဲလှယ်ဖို့ ကြိုးစားနေကြတာလား။ တစ်ခုပဲ တောင်းပန်ချင်တယ် ကျွန်မတို့အခြေခံလူတန်းစားတွေ ကြက်သားမစားရချင်နေပါစေ ငါးပိရည်တစ်ထုပ်နဲ့ တို့စရာ တစ်နပ်ကိုတော့ နောက်ကျောလုံလုံနဲ့ စိတ်ချမ်းချမ်းသာသာ မိသားစု ထမင်းတစ်နပ်တော့ စားပါရစေလို့။





ဘလော့မောင်နှမများအားလုံးလဲ ချမ်းသာလို့ ကျန်းမာကြပါစေနော်။ အစကတော့ မရေးဘူးလို့နေတာပဲ။ ခုတော့ မတတ်နိုင်တော့ ဘူး ပေါက်ကွဲကုန်ပြီ။ ဘာလို့လဲဆိုတော့ ကိုယ့်နိုင်ငံကြီးကို အားမလို အားမရဖြစ်တယ်။ ကိုယ်အပါအ၀င် ဒုက္ခရောက်နေတဲ့ သူအားလုံးကို သနားတယ်။ ဒီပို့(စ်) လေးမှာ အထူးပြောချင်တာကတော့ ကျွန်မနိုင်ငံရေး လုံးဝမသိပါ။ စနစ်အပြောင်းအလဲကြောင့် ဒုက္ခဆိုတာကို ခံစားခဲ့ရတဲ့ လူတစ်ယောက်အမြင်နဲ့သာရေးပါတယ်လို့ ပြောချင်ပါတယ်ရှင်။

သရုပ်ဖော်ပုံလေးကိုတော့ google ကနေပြီတော့ပဲ ရှာဖွေပြီး သုံးထားမိပါတယ်ရှင်။
         

1 comment:

  1. ဟန်ကြည်15 October 2013 at 13:17

    အေးဗျာ...ဖတ်ပြီးတော့ ရင်ထဲမှာ နင့်သွားတာပါပဲ...တကယ်တော့ ဘာသာတရားတိုင်းဟာ မွန်မြတ်သန့်စင်ကြတာတွေချည်းပါပဲ...ဘာဖြစ်လို့ ပြောနိုင်သလဲဆိုရင် ဦးဟန်ကြည်ကိုယ်၌က ဘာသာတရားနဲ့ပတ်သက်ရင် အားလုံးကို ဖွင့်ထားတဲ့စိတ်နဲ့ ကလေးဘ၀ကတည်းက အခုအချိန်အထိ လေ့လာနေတာကိုး...

    ဒီနေ့ပြဿနာတွေမှာ ပါနေတဲ့ ဘာသာဝင်တွေအားလုံးဟာ သူတို့ဘာသာအကြောင်းကို တိတိပပ မလေ့လာတဲ့လူတွေ အများစုဖြစ်နေသလို တခြားဘာသာအကြောင်း နကန်းတစ်လုံးမှ မသိတဲ့လူတွေ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်...ပြောရတာ စိတ်မကောင်းပါ...

    ပြောနေကျအတိုင်းပြောရရင် ရွှေပြည်သားအားလုံး လူကိုလူလို့ မြင်လာနိုင်ကြပါစေလို့ပဲ ဆုတောင်းရမှာပါပဲ...စစ်မှန်သော ဘာသာဝင်တွေ ဖြစ်လာကြရင်တော့ အားလုံး ငြိမ်းချမ်းလာပါလိမ့်မယ်...ဒါပေမယ့် ဒါကိုလုပ်ဖို့အတွက် ဦးဟန်ကြည်တို့ အတော်ခက်ခက်ခဲခဲ ကြိုးစားရဦးမှာပါပဲ...ဘာကြောင့်လဲဆိုရင် သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်း မသိတဲ့လူတွေ များနေပြီကိုး...

    ရွှေပြည်ကြီး အမြင်မှန် အမြန်ရပါစေဗျာ...

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......