Saturday 29 March 2014

မျှ..ခြေ



မောင်က လှိုင်းဆိုရင် ကျွန်မကလှေ
လှိုင်းရှိမှလှေကို လိုအပ်သလို
လှေရှိမှလဲ လှိုင်းကို
ဖြတ်နိုင်တယ်....။   ။

မောင်က သစ်တောဆိုရင် ကျွန်မကသစ်ပင်
သစ်ပင်ရှိမှ သစ်တောဖြစ်သလို
သစ်တောမှာလဲ သစ်ပင်
ရှိကိုရှိရတယ်..။   ။

မောင်က ကောင်းကင်ဆိုရင် ကျွန်မကတိမ်
တိမ်ရှိမှ ကောင်းကင်ကြီးလှသလို
ကောင်းကင်ကြီးရှိမှ တိမ်
ဆိုတာလဲ ခိုလှုံခွင့်ရတယ်။  ။

မောင်က အချစ်ဆိုရင် ကျွန်မကနားလည်မှု
နားလည်မှုရှိမှ အချစ်ကခိုင်မြဲသလို
အချစ်ရှိမှလဲ နားလည်မှုက 
ရှင်သန်နိင်တယ်။ ။


-----
ဒီတစ်ပတ်မှာ ပို့(စ်)လေးရေးပြီး အသစ်တင်ဖို့ ကြိုးစားပေမယ့် လဲ  အချောမသတ်နိုင် မပြီးနိုင် မစီးနိုင်သေးပဲ သိမ်းထားတဲ့ ဖိုင်လေးတွေကြောင့် မျက်နှာငယ်ငယ်နဲ့ပဲ ကဗျာလေး တစ်ပုဒ်ရေးတင်လိုက်ရတယ် ချစ်သော ဘလော့မောင်နှမများအားလုံး ကျန်းမာလို့ချမ်းသာကြပါစေရှင်။

သရုပ်ဖော်ပုံလေးကိုတော့ google ကနေရှာဖွေအသုံးပြုထားပါတယ်ရှင်။

Wednesday 26 March 2014

အချစ်ကိုကြောက်တတ်သူကြီး ကျွန်မပါရှင်




 လူတိုင်းလူတိုင်းအတွက် အချစ်သည်မည်သို့ပင် အဓိပ္ပါယ်ဖွင့်ဆိုစေကာမူ ကျွန်မအတွက်တော့ စနက်တံဖြုတ်ထားတဲ့ ဗုံးတစ်လုံးကို သရေကြိုးနဲ့ပြန်သိုင်းပြီး ရင်ခွင်ပိုက်ထားသလို ခံစားရတယ်။ ကျွန်မတစ်ချက်လှုပ်လိုက်တာနဲ့ အုန်းကနဲ ပေါက်ကွဲသွားနိုင်တဲ့ မီးတောင်ကြီးတစ်ခု မျိုချထားရသလိုပဲ။ အချိန်တိုင်း စိုးရိမ်တယ်။ အားငယ်တယ်။ ဘာကိုစိုးရိမ်တာ လဲလို့မေးရင် မသိဘူးရှင့် ကိုယ့်ကိုယ်ကိုယ်အချစ်နဲ့ပတ်သတ်ပြီး အဲလောက်ထိကံမကောင်းနိုင်ဘူးလို့ စိတ်ထဲစွဲနေ တာ။

          ကျွန်မအထင်တော့ အချစ်ကိုကြောက်တတ်တဲ့ စိတ်တ္တဇရောဂါ စွဲကပ်နေတယ်ထင်တာပဲ။ ဒီထက်ဆိုးတာက အိမ်ထောင်ရေး။ အလိုကြီးတာ လောဘကြီးတာလို့ပဲပြောပြောပါရှင် အချစ်ကိုကြောက်ပေမယ့် ချစ်တဲ့သူနဲ့ပဲ ဘ၀ကို လက်တွဲပြီးလျှောက်ချင်တာတဲ့။ ဦးဏှောက်ရဲ့ စေစားမှုတိုင်းတော့ ဘ၀လက်တွဲဖော်ဆိုတာကို မရှာလိုဘူးတဲ့။ အဲဒါလဲ ကျွန်မရဲ့ စိတ်တ္တဇတစ်ခုပဲ။ 

          ခက်တာပဲရှင်။ ကြောက်ပါတယ်ဆိုတဲ့အရာကိုမှ တစ်သက်လုံးဖက်တွယ်ပြီး နေသွားရမယ်တဲ့။ ကျွန်မအတွက် အရမ်းခက်ခဲတယ်။ ပူနေမှန်းကို သိသိကြီးနဲ့ တစ်သက်လုံးကိုင်ထားရမှာ။ ဒါဆိုမကိုင်နဲ့ပေါ့ ကျောခိုင်းနေဆိုတော့  ဘ၀အတွက်မျှော်လင့်ချက်အလင်းရောင် လိုပြန်ပါသတဲ့။ အလင်းမရှိတော့ စမ်းတစ်ဝါးဝါးလျှောက်နေတဲ့ လမ်းလိုပေါ့ ဘာမှမမြင်ရ ရှေ့မှာဘာရှိမှန်းလဲမသိ။ ကိုယ့်ကိုယ်ကိုတောင် ပြန်ပြီးမမြင် မစမ်း။ ကိုယ်တိုင်ဘာအရောင်ဖြစ်နေသလဲ ခွဲခြားဖို့ခက်တဲ့ အခြေအနေ။ ကြာတော့လဲ ပုံစံက ပင်အိုကြီး အမှိုက်တွေ ဖုံးနေသလိုပေါ့ရှင်။ 

          ကျွန်မကို ရှင်တို့က သတ္တိနည်းလိုက်တာ သွေးကြောင်လိုက်တာလို့များ ထင်နေကြသလား။ အမယ်လေး ကျွန်မတို့သွေးရဲတုန်းကဆိုရင်လေ လောကကြီးတစ်ခုလုံးမေ့။ အရာအားလုံးမေ့။ တဲအိုပျက်မှာနေရရ။ ထမင်းရည်ပူပဲ သောက်ရရ။ ရူးခဲ့တာ။ စင်အောက်ကပွဲကြည့်ပရိတ်သတ်ကတော့ မင်းသမီးလေး သနားရှာတာပေါ့။ သူ့ခင်ဗျာ တဲအိုမှာနေပြီး ထမင်းရည်ပူသောက်မယ် ဆိုတာတောင် နောက်ကျောမှာ ဓါးတန်းလန်းကြီးနဲ့ ။ မကြာခင်ဒင်းတော့ သွေးရဲရဲ သံရဲရဲ ဖြစ်တော့မယ်ပေါ့။ ဖြစ်တာပါပဲ။ အဲချိန်ထဲက ကျွန်မလဲ ရူးတာပျောက်သွားတာ ခုချိန်ထိပဲ။

          တစ်ခါတစ်လေတော့ ကိုယ့်ကိုယ်ကိုတွေးပါတယ်။ အတွေးများလွန်းနေသလားပေါ့။ အဲတော့ မတွေးဘူးပေါ့ ရှင်။ အဲမရပါဘူး နောက်ဆုံးကျတော့ အဲဒီဘူတာပဲ ပြန်ဆိုက်တာပါပဲ။ မတွေးတွေးအောင် အကြောင်းအရာတွေက ပေါ်လာကြပြီလေ။ ခက်တယ်ရှင်။ ကျွန်မက ကိုယ်တိုင်ပျော်ရွှင်ဖို့ထက် ကိုယ့်ဘေးနားရှိသူတွေ ပျော်ရွှင်ဖို့ကို ပိုများ အလေးထားနေသလား။ သူများတွေ လွယ်သလောက် ကျွန်မကြမှ ဘာလို့များ ခက်နေသလဲ။ 

          ရှင်တို့ရော ဘယ်လိုထင်ကြလဲ။ ဘာပဲဖြစ်ဖြစ် မီးတောင်ကြီးပေါက်ကွဲတော့လဲ နင့်အမှုန့် ဖြစ်မှာပဲ။ ဗုံးပေါက် တော့လဲ အစကရှာရမှာမဟုတ်ဘူး။ အလင်းရောင်မရှိတော့လဲ နင်ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရမယ့်တူတူ ချောက်ထဲသာ ခုန်ချပါလို့ တိုက်တွန်းကြမှာလားဟင်။ ကျွန်မကို အကြံညဏ်ပေးတယ် ဆိုတာထက် ဝေဖန်ကြည့်ကြ ပါလား။ ထမင်းငတ်မှာလဲ မကြောက်ဘူး။ ဆင်းရဲမှာလဲ မကြောက်ဘူး။ စိတ် ဆင်းရဲမှာတော့ ကျွန်မကြောက်တတ်တယ် ရှင့်။ 

          ကဲ ဒီတော့ ပူမှာကြောက်ရင် မကိုင်နဲ့ပေါ့။ ဝေးဝေးမှာနေလေ လို့ ဂရုဏာဒေါသောနဲ့ ဝေဖန်ကြမည်လား သို့တည်းမဟုတ် အသက်ရှင်နေမှတော့ ဖြစ်သမျှကို ရင်ဆိုင်လိုက်ပါလို့ အကြံညဏ်ပေးကြမှာလား။ ဒါမှမဟုတ် အခန်းတံခါးကို အသေပိတ် ဘာဖြစ်ဖြစ်ပြန်ကိုဖွင့်မပေးနဲ့။ နင်လဲအဲထဲမှာ ပျော်အောင်နေလို့များ ပြောခဲ့ကြမလား။ ကျွန်မကို ဝေဖန်ကြပါရှင်။ ကျွန်မက အချစ်ကိုကြောက်တတ်သူကြီးပါလို့။ 


------
ချစ်စွာသော မောင်နှမများ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ အရင်ကရေးထားတဲ့ ပို့(စ်) အဟောင်းလေးတွေ့တော့ ဆွေလေးမွန်လဲ ဆားချက်လိုက်ပါအုန်းမယ်။ :) :) :)

Saturday 22 March 2014

ချစ်ခဲ့မိပါသော်…လည်း




မောင် ကပြောဖူးသည် စိတ်ခံစားချက်တို့ကို သိုဝှက်မြိုသိပ်ပြီး ဟန်ဆောင်ကောင်းသည့် နေရာတွင် ကျွန်မက နံပါတ်တစ်တဲ့။ မောင့် အပေါ်ကျွန်မဘာတွေများ ဟန်ဆောင်သိုဝှက်ခဲ့ပါလိမ့်။ တစ်ကယ်တော့ ဟန်ဆောင်တယ် လိမ်ညာတယ်ဆိုတာ ကျွန်မကိုယ်တိုင် အမုန်းဆုံးအရာတွေပါ။ မောင် မသိခဲ့တာက မိန်းမတွေအကြောင်းပါ။ မိန်းမတွေဟာ ကိုယ်တစ်ကယ်ချစ်ရတဲ့ ချစ်သူကို ဘယ်တော့မှ မညာတတ်ဘူး ဟန်မဆောင်တတ်ဘူးဆိုတာ မောင် မေ့လျော့နေခဲ့တာဖြစ်မယ်။ 

          ကျွန်မက မြက်ခင်းစိမ်းစိမ်းနဲ့ လွင်ပြင်တွေကိုချစ်တယ်။လတ်ဆတ်တဲ့ လေသင်းနံ့ကိုမြတ်နိုးတယ်။ လွင်ပြင်ကျယ်တစ်ခုကိုရောက်ပြီဆိုရင် အဲဒီလွင်ပြင်ကို မျက်နှာအပ် မျက်လုံးအစုံကိုမိတ် လက်နှစ်ဖက်ကို ဆန့်တန်းပြီး လေတွေတစ်ဝကြီး ရှူသွင်းပလိုက်။ နားဖျားလေးတွေကို လေပြေတွေတိုးဝှေ့သွားတဲ့ ခံစားချက်ဟာ ဘာနဲ့မှ နှိုင်းလို့ မရတဲ့ စိတ်ရဲ့ ပြီးပြည့်စုံချင်းပဲ။ မောင် ကတော့ အဲဒီလိုမဟုတ်ခဲ့ဘူး။ လွင်ပြင်တွေကို တံတိုင်းခတ်ချင်တယ်။ သတ်မှတ်ချက်ပေတံတွေနဲ့ တိုင်းကြည့်ချင်တယ်။ လွင်ပြင်ကျယ်ထဲမှာ ဒါက မင်းနေရာ ဒါက ငါနေရာဆိုပြီး စည်းတွေ တားချင်တယ်။ ပြီးတော့ ဟာလာဟင်းလင်းလွင်ပြင်ကျယ်ကိုမကြိုက်ဘူးတဲ့။ အမိုးအကာနဲ့ နေရာတစ်ခုလုပ် တံတိုင်းခတ်ပြီး လုံလုံခြုံခြုံနေချင် တဲ့သူတဲ့။ 

          တစ်ကယ်တော့ မောင်ရောကျွန်မရော နှစ်ယောက်စလုံးက လွင်ပြင်ကျယ်ကနေ လာခဲ့ရတဲ့ သူတွေပါ။ လွင်ပြင်ကြီးရဲ့ ဟိုတစ်ဖက်ခြမ်းကိုရောက်မှ အဲဒီဘက်က အမိုးအကာနဲ့နေရာတစ်ခုကို လိုချင်တက်မက်နေခဲ့တဲ့ မောင့် ကိုအဲဒီတုန်းက ကျွန်မအရမ်းသနားမိခဲ့သေးတယ်။ ဒါပေမယ့် မောင် လိုချင်တဲ့အရာကို ရယူပေးနိုင်စွမ်းတွေ ကျွန်မမှာမှမရှိခဲ့ပဲ။ နှလုံးသားတွေနာတာပေါ့ ဒါပေမယ့်   မောင်လိုချင်တာရသွားတဲ့ အတွက် မောင့်ကို တောက်ပတဲ့ အပြုံးတစ်စုံနဲ့တော့ နှုတ်ဆက်နိုင်ခဲ့တယ်။ ကျွန်မကတော့ လွင်ပြင်ထဲမှာလေသင်းနံ့တွေ ရနေရင် ကျေနပ်နေတတ်တဲ့ သူပါမောင်။ မောင်လိုချင်တဲ့ အမိုးအကာ အဆောင်အယောင် တောက်တောက်ပြောင်ပြောင်တွေကြားထဲမှာ မောင့်ရဲ့ တစ်ဘ၀လုံး ပျော်မွေ့နေပါစေလို့ စိတ်ရင်းအမှန်နဲ့ ဆုတောင်းပေးခဲ့မိသေးတယ်။    

          မောင် ဘယ်တော့မှ နောင်တမရပါစေနဲ့လို့လဲ ကြိတ်ပြီးဆုတောင်းမိခဲ့သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောင်တတွေနဲ့ ကြေကွဲနေမယ့် မောင့်ရဲ့ နှလုံးသားကို ကျွန်မမမြင်လိုဘူး။ မကြည့်ရက်ဘူး။ မနာကျင်စေချင်ဘူး။ မောင့်ကို လွင်ပြင်တစ်ဖက်မှာ ထားခဲ့ပြီး ကျွန်မကတော့ မောင်နဲ့ဝေးရာ ဆန့်ကျင်ဘက်ကို မျက်နှာမူပြီ ဆက်လျှောက် လှမ်းခဲ့တယ်။ ခရီးအစမှာ မောင့်လက်တွေကို တွဲထားနိုင်ခဲ့လို့ ကြည်နူးခဲ့ရပေမယ့် လမ်းမဆုံးခင် လက်တွဲဖြုတ်ခဲ့ လိုက်ရတာ ရင်နာရတယ်မောင်။ 

          ပြီးတော့ ကျွန်မစိုးရိမ်မိသေးတယ် မောင်အရမ်းပင်ပန်းပြီး စိတ်တွေရှုပ်ထွေးနောက်ကျိနေတဲ့အခါ မှီခိုစရာ အေးမြတဲ့ ရင်ခွင်တစ်စုံမှ ရှိရဲ့လားလို့ပေါ့။ တစ်ခါတစ်လေ ရှူံးနိမ့်မှုတွေနဲ့ ကြုံတွေ့လာတဲ့ မောင့်ကို ဖြေသိမ့်ပေးနိုင်မယ့် သူရော ရှိရဲ့လား။ တစ်ခါတစ်လေ စိတ်မောလူမောကြုံတွေ့လာရတဲ့ အခါ ကျွန်မလို ပုခုံးတစ်ဖက် ကိုခဏငှားပေးနိုင်မယ့် သူရောရှိရဲ့လား။ တစ်ခါတစ်လေ မောင့် ရဲ့စိတ်ထဲက ခံစားချက်တွေကို စိတ်လိုလိုက်ရ နားထောင်ပေးမယ့်သူရော ရှိပ့ါမလား။ ပြီးတော့ မောင်ကရော အဲဒီလူကို ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်နိုင်ရဲ့လား။ ကံကောင်းပါစေလို့ ကျွန်မအမြဲဆုတောင်းနေပါတယ် မောင်။ 

          အဲဒီလိုနှစ်ဦးဟာ ဒီနေ့တော့ မထင်မှတ်စွာနဲ့ ပြန်ဆုံတွေ့ခဲ့ကြတယ်။ အံ့သြစရာကြီးပါလား လောကကြီးရယ်။ လောကကြီး ဒီလောက်ကျယ်တာ ဆုံမယ့်ဆုံတော့ နီးနီးကပ်ကပ်။ ကျွန်မနဲ့လက်ထပ်မယ့် ခင်ပွန်းလောင်းက မောင်နဲ့ဆို ယောက်ဖတော်စပ်ပါတယ်တဲ့။ ဒီနေ့က ရုံးတော်တက်ပြီး လက်မှတ်ထိုးတဲ့ ပွဲ။ နောက်တစ်ရက်ခြားမှာ မင်္ဂလာပွဲ။ မောင် ငိုနေလား မငိုပါနဲ့မောင်။ ဒါ ကျွန်မဖန်တီးခဲ့တဲ့ အရာမဟုတ်ပါဘူး။ ကျွန်မက ကံပေးသလောက်ကိုပဲ စိတ်လိုလိုက်ရ ယူခဲ့တဲ့သူပါ။မောင့် အလှည့်တုန်းကလို လိုလားတောင့်တစိတ် လိုချင်တဲ့စိတ်တွေနဲ့ ဒီနေ့ ဒီလိုဖြစ်လာခဲ့တာမဟုတ်ပါဘူး။ မောင့် မျက်ဝန်းတွေကို ကျွန်မ မကြည့်ချင်ဘူး။ 

          ဘာလို့လဲဆိုတော့ မောင့်မျက်ဝန်းထဲမှာ ကြေကွဲရိပ်တွေစွန်းထင်းနေတယ်။ နောင်တတွေ ရောင်ပြန်ဟတ်နေတယ်။ အို မောင့်မျက်ဝန်းထဲက စကားလုံးတွေကို ကျွန်မ မဖတ်ပါရစေနဲ့။ မဖတ်ပါရစေနဲ့။ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းပဲမောင်ရယ် ပျော်အောင်နေမှပေါ့။ ခုမောင်လိုချင်တာတွေ အားလုံးရနေတာပဲ။ ဘာအတွက်များ ကြေကွဲမှုတွေနဲ့ စွန်းထင်နေသလဲကွယ်။


          “မင်းအရမ်းတော်တယ် မြရည်ဝေ.တဲ့”

          “အဟင်းဒါပေါ့ အမောင်ရဲ့ အမောင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းဆိုတော့ အမောင့်ခြေရာ အတိုင်းလိုက်ရတာပေါ့လို့”


အဲဒီစကားကို အပြုံးမပျက်ပြန်ပြောလိုက်ရင်းက စိတ်ထဲမှာတွေးလိုက်မိတယ်။ တစ်ကယ်ပဲ ကျွန်မက ဟန်ဆောင်သိုဝှက်မှုတွေနဲ့ ပြည့်နှက်နေခဲ့သလားလို့ပေါ့ ။ ခုပဲ ကြည့်လေ ဒီစကားဟာ မောင့်နှလုံးသားကို  နာကျင်စေမယ့် မြှားတစ်စင်းဖြစ်တယ်ဆိုတာ သိရက်သားနဲ့ ကျွန်မ အပြုံးမပျက် ပစ်လွှတ်လိုက်မိပြန်ပြီ။ ခွင့်မလွှတ်ပါနဲ့မောင်။ ကျွန်မက ကြေကွဲနေမယ့် မျက်ဝန်းတွေထက်  နာကျည်းနေတဲ့ မျက်ဝန်းတွေကိုပဲ ပိုပြီးအလိုရှိနေတဲ့ မိန်းမတစ်ယောက်ပါ။
          

------********
ချစ်စွာသောဘလော့မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။

Wednesday 12 March 2014

ရင်လှိုင်းခတ်သံ


လွမ်းမပြေ ရပ်ဝန်းမှာ
အလွမ်းပြေ နွမ်းအကြွေ
ခရေ ကောက်ခဲ့သူမို့
ပင်မြင့်ကိုလဲ မမျှော်ရဲတယ်
ပင်ယံကိုလဲ မမှန်းရဲတယ်
သူခြွေမှ ကိုယ်ပိုင်မယ့် ပန်း
သူလန်းလိုချင် လန်းပါစေတော့
သစ္စာကိုပျိုး မေတ္တာကိုမိုးလို့
အကြင်နာ ရိပ်က 
ကိုယ်..စောင့်လို့နေမယ်ပျို ။   ။ 






 ချစ်စွာသောမောင်နှမများ အားလုံးကျန်းမာလို့ ရွှင်လန်းကြပါစေရှင်။
သရုပ်ဖော်ပုံလေးကိုတော့ google ကနေရှာဖွေပြီး အသုံးပြုထားပါတယ်။

Sunday 9 March 2014

ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရား နဲ့ ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား





အိပ်နေရင်းမှ မျက်လုံးအစုံသည် ဖျတ်ကနဲပွင့်လာ၏။ အကြည့်က အလိုလိုရွေ့လျားသွားသည်။ အိမ်အောက်မှနေပြီး ကြမ်းကြားအပေါက်မှ အပေါ်သို့လျှံတက်နေသော ၀ါဖန့်ဖန့်မီးရောင်ဆီသို့ ။ တစ်ကယ်ဆို ဒီလိုမျိုးမရှိသင့်။ ခြေတံရှည်ဆောက်ထားသော အိမ်အောက်သို့ အဘယ်သူသည် လျှပ်စစ်မီးလုံး လာပြီးထွန်းထားသနည်း။ အမှိုက်သရိုက်များနှင့် အနည်းငယ်စိုစွတ်ပြီးပျော့အိအိ ရှိသောရွံ့မြေသာရှိသည့် အိမ်အောက်တွင် အဘယ့်ကြောင့် မီးထွန်းထားသနည်း။ 

          အိပ်ရာခေါင်းရင်းမှ စားပွဲတင်နာရီအသေးလေးကို မီးခလုတ်လေးနိပ်ပြီး ယူကြည့်လိုက်သည်။ ဟင် ည ၁ နာရီပဲရှိပါသေးလား။ ည ၁ နာရီကြီးကို အိမ်အောက်လာပြီး ဘယ်သူမီးထွန်းထားသလဲ။ သိချင်သည့် စိတ်နှင့် ကြမ်းပေါက်ထဲသို့ ငုံ့ကြည့်လိုက်သည်။ ဘုရား ဘုရား ဒါကြီး အိမ်အောက်ကို ဘယ်လိုရောက်နေပါလိမ့်။ ကြောက်စရာကောင်းလိုက်တာ နမိတ်မကောင်းလိုက်တာ။ ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားနေရသည်။ မည်းမှောင်နေသည့် အိပ်ခန်းထဲ ထပြီး မီးခလုတ်နှိပ်ဖို့ပင် လက်က တွန့်ဆုတ်နေမိသည်။

          သူမမြင်လိုက်ရသည်က နက်မှောင်ပြောင်ချောနေသည့် ခေါင်းတလားကြီးတစ်ခု။ ၀ါဖန့်ဖန့် မီးရောင်သည် ထိုခေါင်းတစ်လားအပေါ်တည့်တည့်မှ ဖွင့်ထားသော မီးလုံးဖြစ်သည်။ ခေါင်းတစ်လားကြီး၏  အဖုံးသည် ဖွင့်ထားလျှက်။ သူမငုံ့ကြည့်နေသည့် နေရာသည် ခေါင်းတလားထဲတွင် ဘာရှိနေသလဲ ဆိုသည်ကိုမမြင်ရ။ သူမ၏တည်နေရာသည် ခေါင်းတစ်လားကြီး၏ ခြေရင်းပိုင်း အနည်းငယ်ကွာဝေးသော အနေအထားတွင်ဖြစ်သည်။ ကုတင်ကဲ့သို့ သော စင်ပေါ်တွင် ထိုခေါင်းတလားကြီးကို တင်ထားသည်။ 

          သို့ပေမယ့် ခေါင်းတစ်လားထဲ ဘာများရှိနေမလဲဆိုသည့် အတွေးကို သူမ မလွန်ဆန်နိုင်။တစ်စုံတစ်ရာသော မမြင်ရသည့် ဆွဲအားတစ်ခုသည် သူမအားညှို့ငင်ခေါ်နေသလိုပင်။  ထို့ကြောင့် ခေါင်းတစ်လား၏ အတွင်းထဲကို မြင်နိုင်လောက်သည့်နေရာသို့ သူမ၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းရွေ့လိုက်သည်။ နဖူးတွင် ချွေးတွေ သီးလာသည်။ တစ်ချက်တစ်ချက် ထရံပေါက်မှ တိုးဝှေ့လာသော ဆောင်းလေနှင့် အနည်းငယ်စို့နေသော ချွေးတို့နှင့် တွေ့ထိကြသောအခါ  ကြက်သီးတို့ တစ်ဖြန်းဖြန်းထကုန်၏။

 အနည်းငယ်မျှသာရွှေ့ရသော အကွာအဝေးသည်ပင် အလွန်ခက်ခဲ လွန်းပေစွ။ ခေါင်းတစ်လား၏ အတွင်းထဲသို့ မြင်နိုင်သည့် အနေအထား ကြမ်းပေါက်နားသို့ ရောက်လေပြီ။ နှလုံးခုန်သံတို့ ပိုမြန်လာကြသည်။ ရွှဲစိုလာသောနဖူးမှ ချွေးတို့ကို လက်နှင့်သပ်ချလိုက်သည်။ စိတ်ကိုတင်းပြီး ကြမ်းပေါက်ထဲသို့ သူမငုံ့ကြည့်လိုက်သည်။

          သည်တစ်ကြိမ်တွင်တော့ ဦးခေါင်းသည်  သုံးလေးဆမျှကြီးသွားသလိုခံစားရ၏ ။ လူတစ်ကိုယ်လုံး ထုံသွားသလိုခံစားရသည်။ အတွင်းလေးဘက်လေးတန်ကို ဖြူဝင်းသော ပိုးဖဲသားတို့ဖြင့် ကပ်ထား၏။ထို့အပြင် ပိတ်သားဘောင်းဘီအမည်းရောင် အကျီ င်္အမည်းရောင်တို့ကို ဆင်ယင်ထားပြီး ရှည်သောမျက်နှာနှင့် ဖြူရော်ရော်ရှိနေသော လူသေအလောင်းတစ်ခုရှိနေ၏။

 ဖြူဝင်းသော ပိုးဖဲသားပေါ်တွင် အနက်ရောင်ဝတ်စုံဖြင့် ဖြူရော်ရော်လူသေအလောင်းသည် ပိုပြီးထင်းနေသကဲ့သို့ရှိ၏။နှုတ်ခမ်းသားတွေတဆတ်ဆတ်တုန်လာသည်။  ကြောက်စိတ်ကအသက်ရှု
ကြပ်လာသည်အထိ ဒုက္ခပေးလာသည်။ သူမဘာလုပ်ရမည်နည်း။ သူမကြည့်နေစဉ်ပင် အလောင်းက လှုပ်သွားသကဲ့သို့ရှိ၏။ မျက်လုံးတို့ပြာဝေသွားသည်။ အသံထွက်အောင် အော်မိမလိုဖြစ်သွားသော ပါးစပ်အား အလျင်အမြန်လက်ဖြင့် ဖုံးပိတ်လိုက်မိသည်။ ရင်ဘတ်ထဲထိုးအောင့်လာသည်။ လူတစ်ကိုယ်လုံး ရေခဲတုံးတစ်မျှ အေးစက်နေပြီ။ ဒီတော့မှ အားကိုးရာ အကူအညီပေးမယ့် သူကိုရှာဖွေမိသည်။ 

အဖွား ဟုတ်တယ် သူမနဲ့တူတူအိပ်နေသည့် အဖွားကိုသတိရလိုက်သည်။ အဖွားကိုနိုးလိုက်မည်။ ထိုအချိန်မှာပင် အလောင်းကောင်ကြီးက ရုတ်တရက် ဖျတ်ကနဲ ထထိုင်လာ၏။ ထို့နောက် သူမငုံ့ကြည့်နေသည့် ကြမ်းပေါက်သို့ သိနေသည့်အလား မျက်လုံးလှန်ကြည့်၏။ သူမ၏အကြည့်နှင့် အလောင်းကောင်ကြီး၏ မျက်လုံးဆုံ သကဲ့သို့ ဖြစ်သွားသောအခါ သူမ၏ကြောက်စိတ်သည် အထိတ်အထိပ်သို့ ရောက်ရှိသွားသည်။တုန်လှုပ်ခြောက်ခြားသွား၏။ သူမကိုယ်ကိုနောက်သို့ ဖျတ်ကနဲရွေ့လိုက်မိသည်။ အဖွားရှိရာသို့ ထပြေးသည်။ အား..ခြေထောက်တွေလှုပ်လို့မရ။ အဖွား အဖွားရေ။ အသံထွက်ပြီးအော်ခေါ်သည်။ နှုတ်မှ အသံတို့တစ်စုံတစ်ရာမထွက်။ သူမမျက်လုံးအိမ်မှ မျက်ရည်တို့ ကျလာ၏။ ပြီးအိမ်အောက်မှ ရွံဗွံထဲသို့ အရာဝထ္ထုတစ်ခုခု ပြုတ်ကျသည့်အသံကြားလိုက်ရ၏။ ပြီးခြေလှမ်းမှန်မှန်နဲ့ ရွံ့ဗွက်ထဲလမ်းလျှောက်လာသောအသံ။

ဘုရား..ဘုရား အလောင်းကောင်ကြီးထလာပြီ။ ထလာပြီ။ လူကခုထိ လှုပ်လို့မရသေး။အခုမှ ပွင့်လျှက်ရှိသောပြတင်းပေါက်ကိုလရောင်အောက်တွင်တွေ့လိုက်ရသည်။ဒီအချိန်မှာပဲမည်းမည်းအရိပ်ကြီးတစ် ခု ပြတင်းပေါက်နားကပ်လာသည်ကို တွေ့လိုက်ရသည်။ဘုရား ဘုရား အိမ်ပေါ်ကိုသာ တက်လာရင်။ သူမကြောက်ဇောကပ်နေလေပြီ။ ဘာမျှစဉ်းစားမနေတော့။ ပြတင်းပေါက်နားကိုပြေးသွားလိုက်သည်။ ပြတင်း ပေါက်ဘောင်ပေါ် တွယ်တက်ရန်ပြင်နေ သော အလောင်းကောင်ကြီး၏ လက်အားအနား တွင်တွေ့ရသော တံမြက်စီးရိုးဖြင့် မျက်စိမှိတ်ပြီး အကြိမ်ပေါင်းများစွာ ကောက်ရိုက်ပစ်လိုက်သည်။ ရွံ့ဗွက်ထဲသို့ ၀ုန်းကနဲ ပြိုလဲသည့် အသံကြားမှ သူမမျက်လုံးပြန်ဖွင့်ကြည့်၏။ သူမပြတင်းတံခါးနှစ်ချက်ကို အားကုန်ဆွဲ ပိတ်ပစ်လိုက်သည်။

          ဒီအချိန်မှာပဲ အိမ်ရှေ့တံခါးမကြီးက ပွင့်လျှက်သား။ သူမ၏စိတ်သည်လည်း ဟာကနဲဖြစ်သွား၏။ အလောင်းကောင်ကြီး၏ ရွံ့ဗွက်ထဲလမ်းလျှောက်သံ တစ်စွပ်စွပ်ကလဲ ကြားရသည်မှာ ပိုမြန်လာသလိုရှိ၏။ သူမ အိမ်ရှေ့တံခါးမကြီးကိုပြေးပိတ်ဖို့ ကြိုးစားသည်။ ခါတိုင်းပေါ့ပါးစွာသယ်ဆောင်နေရသော သည်ခန္ဓာသည် ယခုလေးလံလွန်းလှပေစွ။ ပြေးနေရင်း ဒူးတွေညွတ်ညွတ်ကျ၏။ခြေတစ်လှမ်းကို ခန္ဓာကိုယ်အတွင်းရှိ အင်အားတွေ အားကုန်သုံးပြီး လျှောက်နေရ၏။ တံခါးနားရောက်သည်နှင့် တံခါးတစ်ချက်ကို အားကုန်ဆွဲပိတ်လိုက်သည် ။ နောက်တံခါးတစ်ချက် ပိတ်ဖို့ကြိုးစားလိုက်သည်။ သူမနောက်ကျသွားပြီ။ 

အလောင်းကောင်ကြီး၏ လက်တစ်ဖက်က တံခါးကိုဆွဲထားသည်။ နောက်ထပ်လက်တစ်ဖက်က သူမရဲ့ လည်ပင်းကို အမိအရ ကိုင်တွယ်မိသွား၏။ အလောင်းကောင်၏ လက်နှင့် သူမ၏အသား ထိလိုက်တယ်ဆိုရင်ပဲ သူမတစ်ကိုယ်လုံးရှိ သွေးတို့အေးခဲသွားသည့် အလား ကျင်ခနဲ သူမ အားရှိသမျှ ရုန်းကန်ရင် အားကုန်အော်ပစ်လိုက်သည်။ 

          အား….အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

“မြေး.. သတိထားလေ သတိထား။ ဟဲ့ ရေတစ်ခွက်အမြန်ခပ်ခဲ့စမ်း။ ကလေးလန့်တယ်ထင်တယ်။ မြန်မြန်လုပ်”

နားထဲတွင် အဖွားအသံကြားလာရသည်။  ပြီးအဖွားထိုးပေးသော ရေခွက်ကို တုန်ရီနေသောလက်ဖြင့် လှမ်းယူပြီး အငမ်းမရသောက်၏။ အဖွားကို ကွယ်ပြီး အိမ်အောက်သို့ မ၀ံ့ရဲစွာ ငုံ့ကြည့်လိုက်သေးသည်။ ပကတိအမှောင်။ဒီတော့မှ တင်းနေတဲ့စိတ်ကြီး ဟင်းကနဲချ။ အဖွားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော လက်ကို ဖြေလျှော့လိုက်မိသည်။ တစ်ကိုယ်လုံးချွေးတို့ ဖြင့် ရွှဲနစ်လို့။လူလဲ အားအင်တွေကင်းမဲ့လို့။ တော်ပါသေးရဲ့ အိမ်မက်မို့လို့ ။မနက်ကျတော့ ကျွန်မဖျားပါတော့တယ်။

ဘ၀မှာ အခြောက်ခြားဆုံး မက်ခဲ့ဘူးတဲ့ အိမ်မက်ပါပဲ။ ကျွန်မ ၁၀ ရက်လောက်နေပြီးမှ နလန်ပြန်ထနိုင်ခဲ့ပါတယ်။ ဒါတောင် အဲဒီအချိန်တုန်းက ကျွန်မရဲ့ အသက်က ၂၀ ကျော်နေပါပြီ။ အဲဒီနောက်ပိုင်း အမှောင်ထဲကို တစ်ယောက်တည်း မသွားရဲဘူး။ အခန်းတစ်ခုထဲမှာ တစ်ယောက်တည်း မနေရဲဘူး။ အထူးသဖြင့် အဲဒီအခန်းက မီးလုံးအ၀ါရောင်ထွန်းထားရင် ပိုပြီး ကျွန်မမနေရဲဘူး။ ပြီး အိပ်တဲ့ ကုတင်ကို ခြင်ထောင် သို့ လုံလုံခြုံခြုံကာပြီးမှ အိပ်တတ်လေ့ ရှိတယ်။ ဟာလာဟင်းလင်း မအိပ်ရဲဘူး။ အဲဒီလိုအိပ်တဲ့နေ့များဆို တစ်ညလုံး ၁၀ ခါထက် မနည်း လန့်လန့်နိုးတတ်ပါတော့တယ်။ 

ဒီတော့ကျွန်မစဉ်းစားမိတယ်။ လူတစ်ဦးရဲ့ အကြောက်တရား။ တစ်ကယ်လို့ ဒီအကြောက်တရားကို တစ်ကယ် ရင်ဆိုင်နေရပြီ ကိုယ်လဲအဲဒါကြီးကို ကြုံတွေ့နေရပြီဆိုရင် လူဆိုတာ ထွက်ပေါက်တော့ ရှာတတ်စမြဲပါပဲ။ ဘာလို့လဲဆိုတော့ ငါဆိုတဲ့ အတ္တရှိလို့ပါ။ ငါ မသေချင်သေးဘူး။ ငါနာမှာ ကြောက်တယ်။ ဒီတော့ ပြောရရင် ကြောက်တတ်တဲ့ စိတ်ဇောကနေ ဖြစ်ပေါ်လာတဲ့ ပြန်လည်ခုခံလိုတဲ့စိတ်။ အဲဒီစိတ်ကလည်း ကိုယ်တိုင်တစ်ကယ့် အကြောက်တရားကို ရင်ဆိုင်လိုက်ရတဲ့ အချိန်မှ ပေါ်လာတတ်တဲ့စိတ်ပါ။  ဒါပေမယ့် ရင်ဆိုင်ပြီးသွားပြီဆိုရင် အဲဒီအကြောက်တရားက ပြီးသွားပြီ။ ပျောက်သွားပြီး။ ခုနက ကျွန်မရဲ့အိမ်မက်မျိုး တစ်ကယ့်လက်တွေ့မှာ ဖြစ်သွားမယ်ဆိုရင် အများဆုံး  မိနစ် ၃၀ပေါ့။ မိနစ်သုံးဆယ်ပြီးနောက်မှာ အဲဒီအကြောက်တရားဟာ ပျောက်သွားပါပြီ။

အဲ ကျန်နေတာကတော့ ကျွန်မကိုအကောင်အထည်မမြင်ရပဲ ကြောက်လန့်နေတတ်တဲ့ စိတ်ပါပဲ။ တစ်ကယ်ဖြစ်လာသလားဆိုတော့လဲ ဖြစ်မလာပါဘူး။ ဒါပေမယ့် အဲဒီမမြင်ရတဲ့ ဟာကြီးကို ကျွန်မကြောက်နေတတ် တယ်။ လန့်တတ်တယ်။ နောက်ကျောမလုံသလိုခံစားရတယ်။ ကျွန်မရဲ့ စိတ်ထဲမှာစွဲလန်းစိတ်ကြီးနဲ့ ကြောက်တယ်။ သိတယ် ဒါဟာ တစ်ကယ့်လက်တွေ့မဟုတ်ဘူး။ ဒီလိုမျိုး အကြောင်းအရင်း တိတိကျကျမရှိပဲ ကြောက်တတ်တဲ့ စိတ်ကြီးက ဘယ်အချိန်ထိ လွှမ်းမိုးထား မှာလဲလို့  မေးရင် ကျွန်မလဲ မသိနိုင်ပါဘူး။တစ်သက်လုံးလား။ အကြောင်း တစ်စုံတစ်ရာ တိုက်ဆိုင်ရင် ပျောက်သွားမှာလား။ ဒါပေမယ့် အဲဒီအိမ်မက်က ကျွန်မကိုခုချိန်ထိတိုင်အောင် လွှမ်းမိုးထားစဲပါပဲ လို့ပြောရင်းနဲ့

“ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရားနဲ့ ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား။ ဘယ်အရာက သင့်ကိုပိုပြီး ကြောက်လန့်စေပါသလဲ” ဆိုတဲ့ Tag ပို့(စ်)လေးကို အဆုံးသတ်လိုက်ပါရစေရှင်။ ကျွန်မရေးထားတာနဲ့ အစ်မ နှင်းနဲ့မာယာ ရဲ့ တစ်ကယ့်ရေးစေချင်တဲ့ အကြောင်းအရာနဲ့ မှ တိုက်ဆိုင်ပါ့မလားလို့တော့ စိုးရိမ်မိတယ်။ ဒါဟာ ဘလော့ရေးလာတဲ့သက်တမ်း ၆ နှစ်အတွင်းမှာ တတိယအကြိမ်မြောက်လိုက်ရေးလိုက်မိတဲ့ Tag ပို့(စ်)ပါ။ ရေးလာတာ ၆ နှစ်ဆိုပေမယ့် တစ်ကယ်တမ်းတော့ ကျွန်မရဲ့ စာရေးနိုင်တယ်ဆိုတဲ့ အတတ်ကတော့ အလွန်ကို ငယ်နုနေပါသေးတယ်။ ဒါကြောင့် ကျွန်မရေးထားတဲ့ ဒီပို့(စ်)လေးမှာ အကြောင်းအစုံတစ်ရာများ အမှားအယွင်း ရှိရင် ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်စကားဆိုရင်း 
မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။
သရုပ်ဖော်ပုံလေးကိုတော့ ထုံးစံအတိုင်း google ကနေ၇ှာဖွေပြီးသုံးထားတာပါရှင်။


Wednesday 5 March 2014

နွေ



ရော်ရွက်ဝါကြွေ
ညှာတံတို့ ညွန့်ဖူး
ရိုးတံက ပြိုင်းပြိုင်း
နွေသရုပ်ကို..
လစ်ဖော်ကြူးပြီ။   ။

ပင်ယံဆီက ဥသြငယ်
သူဖော်ကွဲလို့ တေးကိုဆို
နားဆင်သူ
ဟောင်းကို သစ်ဖြစ်တယ်
လွမ်းရ ရတက်ပွေ။  ။

နွေဦးရဲ့လေ
တိုက်ပါသော်လည်း
သူမအေး တိုးလို့သာ
ရင်မှာ ပူတော့တယ်.
သြော်...ဒီရင်ထဲက
ကယ်သူမဲ့ ...နွေ။ ။