Wednesday 26 March 2014

အချစ်ကိုကြောက်တတ်သူကြီး ကျွန်မပါရှင်




 လူတိုင်းလူတိုင်းအတွက် အချစ်သည်မည်သို့ပင် အဓိပ္ပါယ်ဖွင့်ဆိုစေကာမူ ကျွန်မအတွက်တော့ စနက်တံဖြုတ်ထားတဲ့ ဗုံးတစ်လုံးကို သရေကြိုးနဲ့ပြန်သိုင်းပြီး ရင်ခွင်ပိုက်ထားသလို ခံစားရတယ်။ ကျွန်မတစ်ချက်လှုပ်လိုက်တာနဲ့ အုန်းကနဲ ပေါက်ကွဲသွားနိုင်တဲ့ မီးတောင်ကြီးတစ်ခု မျိုချထားရသလိုပဲ။ အချိန်တိုင်း စိုးရိမ်တယ်။ အားငယ်တယ်။ ဘာကိုစိုးရိမ်တာ လဲလို့မေးရင် မသိဘူးရှင့် ကိုယ့်ကိုယ်ကိုယ်အချစ်နဲ့ပတ်သတ်ပြီး အဲလောက်ထိကံမကောင်းနိုင်ဘူးလို့ စိတ်ထဲစွဲနေ တာ။

          ကျွန်မအထင်တော့ အချစ်ကိုကြောက်တတ်တဲ့ စိတ်တ္တဇရောဂါ စွဲကပ်နေတယ်ထင်တာပဲ။ ဒီထက်ဆိုးတာက အိမ်ထောင်ရေး။ အလိုကြီးတာ လောဘကြီးတာလို့ပဲပြောပြောပါရှင် အချစ်ကိုကြောက်ပေမယ့် ချစ်တဲ့သူနဲ့ပဲ ဘ၀ကို လက်တွဲပြီးလျှောက်ချင်တာတဲ့။ ဦးဏှောက်ရဲ့ စေစားမှုတိုင်းတော့ ဘ၀လက်တွဲဖော်ဆိုတာကို မရှာလိုဘူးတဲ့။ အဲဒါလဲ ကျွန်မရဲ့ စိတ်တ္တဇတစ်ခုပဲ။ 

          ခက်တာပဲရှင်။ ကြောက်ပါတယ်ဆိုတဲ့အရာကိုမှ တစ်သက်လုံးဖက်တွယ်ပြီး နေသွားရမယ်တဲ့။ ကျွန်မအတွက် အရမ်းခက်ခဲတယ်။ ပူနေမှန်းကို သိသိကြီးနဲ့ တစ်သက်လုံးကိုင်ထားရမှာ။ ဒါဆိုမကိုင်နဲ့ပေါ့ ကျောခိုင်းနေဆိုတော့  ဘ၀အတွက်မျှော်လင့်ချက်အလင်းရောင် လိုပြန်ပါသတဲ့။ အလင်းမရှိတော့ စမ်းတစ်ဝါးဝါးလျှောက်နေတဲ့ လမ်းလိုပေါ့ ဘာမှမမြင်ရ ရှေ့မှာဘာရှိမှန်းလဲမသိ။ ကိုယ့်ကိုယ်ကိုတောင် ပြန်ပြီးမမြင် မစမ်း။ ကိုယ်တိုင်ဘာအရောင်ဖြစ်နေသလဲ ခွဲခြားဖို့ခက်တဲ့ အခြေအနေ။ ကြာတော့လဲ ပုံစံက ပင်အိုကြီး အမှိုက်တွေ ဖုံးနေသလိုပေါ့ရှင်။ 

          ကျွန်မကို ရှင်တို့က သတ္တိနည်းလိုက်တာ သွေးကြောင်လိုက်တာလို့များ ထင်နေကြသလား။ အမယ်လေး ကျွန်မတို့သွေးရဲတုန်းကဆိုရင်လေ လောကကြီးတစ်ခုလုံးမေ့။ အရာအားလုံးမေ့။ တဲအိုပျက်မှာနေရရ။ ထမင်းရည်ပူပဲ သောက်ရရ။ ရူးခဲ့တာ။ စင်အောက်ကပွဲကြည့်ပရိတ်သတ်ကတော့ မင်းသမီးလေး သနားရှာတာပေါ့။ သူ့ခင်ဗျာ တဲအိုမှာနေပြီး ထမင်းရည်ပူသောက်မယ် ဆိုတာတောင် နောက်ကျောမှာ ဓါးတန်းလန်းကြီးနဲ့ ။ မကြာခင်ဒင်းတော့ သွေးရဲရဲ သံရဲရဲ ဖြစ်တော့မယ်ပေါ့။ ဖြစ်တာပါပဲ။ အဲချိန်ထဲက ကျွန်မလဲ ရူးတာပျောက်သွားတာ ခုချိန်ထိပဲ။

          တစ်ခါတစ်လေတော့ ကိုယ့်ကိုယ်ကိုတွေးပါတယ်။ အတွေးများလွန်းနေသလားပေါ့။ အဲတော့ မတွေးဘူးပေါ့ ရှင်။ အဲမရပါဘူး နောက်ဆုံးကျတော့ အဲဒီဘူတာပဲ ပြန်ဆိုက်တာပါပဲ။ မတွေးတွေးအောင် အကြောင်းအရာတွေက ပေါ်လာကြပြီလေ။ ခက်တယ်ရှင်။ ကျွန်မက ကိုယ်တိုင်ပျော်ရွှင်ဖို့ထက် ကိုယ့်ဘေးနားရှိသူတွေ ပျော်ရွှင်ဖို့ကို ပိုများ အလေးထားနေသလား။ သူများတွေ လွယ်သလောက် ကျွန်မကြမှ ဘာလို့များ ခက်နေသလဲ။ 

          ရှင်တို့ရော ဘယ်လိုထင်ကြလဲ။ ဘာပဲဖြစ်ဖြစ် မီးတောင်ကြီးပေါက်ကွဲတော့လဲ နင့်အမှုန့် ဖြစ်မှာပဲ။ ဗုံးပေါက် တော့လဲ အစကရှာရမှာမဟုတ်ဘူး။ အလင်းရောင်မရှိတော့လဲ နင်ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရမယ့်တူတူ ချောက်ထဲသာ ခုန်ချပါလို့ တိုက်တွန်းကြမှာလားဟင်။ ကျွန်မကို အကြံညဏ်ပေးတယ် ဆိုတာထက် ဝေဖန်ကြည့်ကြ ပါလား။ ထမင်းငတ်မှာလဲ မကြောက်ဘူး။ ဆင်းရဲမှာလဲ မကြောက်ဘူး။ စိတ် ဆင်းရဲမှာတော့ ကျွန်မကြောက်တတ်တယ် ရှင့်။ 

          ကဲ ဒီတော့ ပူမှာကြောက်ရင် မကိုင်နဲ့ပေါ့။ ဝေးဝေးမှာနေလေ လို့ ဂရုဏာဒေါသောနဲ့ ဝေဖန်ကြမည်လား သို့တည်းမဟုတ် အသက်ရှင်နေမှတော့ ဖြစ်သမျှကို ရင်ဆိုင်လိုက်ပါလို့ အကြံညဏ်ပေးကြမှာလား။ ဒါမှမဟုတ် အခန်းတံခါးကို အသေပိတ် ဘာဖြစ်ဖြစ်ပြန်ကိုဖွင့်မပေးနဲ့။ နင်လဲအဲထဲမှာ ပျော်အောင်နေလို့များ ပြောခဲ့ကြမလား။ ကျွန်မကို ဝေဖန်ကြပါရှင်။ ကျွန်မက အချစ်ကိုကြောက်တတ်သူကြီးပါလို့။ 


------
ချစ်စွာသော မောင်နှမများ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ အရင်ကရေးထားတဲ့ ပို့(စ်) အဟောင်းလေးတွေ့တော့ ဆွေလေးမွန်လဲ ဆားချက်လိုက်ပါအုန်းမယ်။ :) :) :)

1 comment:

  1. အချစ်ကို ကြောက်သူ အဖွဲ့ဝင် တစ်ယောက်ပါရှင့်..

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......