နှစ်တစ်နှစ်၏
နောက်ဆုံးလဖြစ်သည့် ဒီဇင်ဘာသို့ရောက်ရှိလာပြန်ပြီ။ အသက်အရွယ် ရလာသည်နှင့် အမျှ အချိန်တို့သည်
အကုန်မြန်လွန်းသည်။ မနှစ်က ဒီဇင်ဘာနှင့် ယခုဒီဇင်ဘာသည် သိပ်နီးကပ်နေလွန်းသည်ဟု ထင်မြင်
မိ သည်။ ဒီဇင်ဘာရောက်ပြီဆိုလျှင် အလုပ်ကနေခွင့်တွေယူ နေရပ်ကိုပြန်ပြီး မိသားစုနှင့်ပြန်လည်ဆုံဆည်းကာ
အပန်းဖြေ ခရီးတစ်ခုခု ထွက်ကြနှင့် ဒီဇင်ဘာသည် စည်ကားလျှက်ရှိသည်။ ခရစ္စမတ်နီးလာပြီမို့
ခဏကွန်းခိုရာ သည်တိုင်းပြည် တွင် မီးတွေအလှဆင်ထွန်းကြသည်။ ခရစ္စမတ်သစ်ပင်ကြီးများ အလှဆင်ကြသည်။
သာယာငြိမ့်ညောင်းဖွယ် ခရစ္စမတ် တေးများ နေရာတိုင်းတွင်ကြားနေရသည်။
အချို့ကလည်း အလှဆင်ထားသည့် ခရစ္စမတ်မီးရောင်စုံ
ခရစ္စမတ်သစ်ပင်ကြီးများနှင့် နွေးနွေးထွေးထွေး အနွေး ထည် ထူထူထဲထဲကြီးများနှင့် ဓာတ်ပုံရိုက်ကြသည်။
တစ်ခါတစ်လေ သူတို့ကိုကြည့်ရင်း ကိုယ်သည်ပြုံးပျော်ခဲ့ရသလို
တစ်ခါတစ်ရံ တစ်ကိုယ်တည်းသာဖြစ်သော ကိုယ့်ကိုယ်ကို အထီးကျန်ဆန်လှသည်ဟု တွေးမိသည်။ ထိုအရာများနှင့်
ကျွန်မသည် လားလားမှ မသက်ဆိုင်သလို ခံစားရသည်။ နှစ်တိုင်းတွေးမိသည် ငါဘာလို့များ မပျော်သည့်အရပ်တွင်
နှစ်ချီကြာညောင်းအောင်နေခဲ့မိသနည်း။ အဖြေသည် တစ်မျိုးတည်းသာ။ money ဟုခေါ်သည့် ငွေ(ပိုက်ဆံ)
ကြောင့် ဖြစ်သည်။ ဒီငွေရှိမှ မိဘတွေကို စိတ်ချမ်းသာအောင်ထားနိုင်မည်။
ဒီငွေရှိမှ ကိုယ်လိုချင်သည့် ဘ၀တစ်ခုကို တည်ထောင် နိုင်မည်။ ဒီငွေရှိမှ အနာဂတ်ခြေလှမ်းတို့
လှပနိုင်မည်။ ဒီငွေသည် ကျွန်မတို့ကို ခိုင်းနေသည်။ ဒီငွေနှင့်အတူ ငယ်ရွယ်နုပျိုမှုများနှင့်
အချိန်တို့သည် တစ်ရွေ့ရွေ့ တိုက်စားခံနေရသည်။
ဒီငွေ၏ အခိုင်းခံရခြင်းမှ မလွတ်မြောက်နိုင်ကြပေ။
ဒီငွေနောက်သာ ကောက်ကောက်ပါအောင် လိုက်နေကြရသည် ။ သူတစ်ပါးနိုင်ငံတို့တွင် ဒီငွေကို
ရှာဖွေလို့ရနေလျှင် ငါ့နိုင်ငံမှာ ဘာလို့များ ရှာလို့မရသနည်းဟု တွေးမိသည့်အခါ ၀မ်း
နည်းစိတ်တို့သည် လှိုက်ကနဲ ခံစားမိပြန်သည်။ ခုတော့ဖြင့် ကိုယ်ချစ်ခင်တွယ်တာသူတို့နှင့် ဝေးကွာနေရသည်။ ညဘက်တွင်
မီးရောင်စုံတို့နှင့် ထွန်းလင်းတောက်ပနေသော မြို့တော်ကြီးတွင် ကိုယ်တစ်ယောက် တည်း မှောင်မိုက်နေသကဲ့သို့
ခံစားရသည်။ ထိုမီးရောင်စုံတို့သည် ကိုယ်နှင့်မဆိုင်သလိုကြီး ခံစားမိသည်။ အလွန်လှပသော
မီးရောင်စုံတို့ဖြင့် ဒီဇင်ဘာညသည် အထီးကျန်ဆန်လွန်းလှသည်။ နွေးထွေးစွာ ထွေးပွေ့မည်
လက်တစ်စုံအစား ငွေနှင့် ၀ယ်၍ရသော အနွေးထည်ခပ်ထူထူတို့ဖြင့်သာ နွေးစေခဲ့ရသည်။
အထီးကျန်ဆန်လှသည့် ဒီနေရာအား ကျောခိုင်းပစ်လိုက်ချင်မိသည်။
ချန်ထားရစ်ခဲ့ချင်မိသည်။ ထိုအခါ အနာဂတ်သည် ခပ်ရေးရေး မှုံပြပြသာ ရှိတော့သည်။ တစ်ကယ်တမ်းတွင်မူ
ထိုကဲ့သို့မာန်တင်း ငြီးငွေ့ဖွယ်ဘ၀ကို ဖက်တွယ်လျှက်
ဒီငွေကို ရှာနေကြသော်လည်း ဒီငွေသည်အမှန်စင်စစ်အားဖြင့် ကိုယ့်နိုင်ငံတွင် ချမ်းသာရန်မဆိုထားဘိ
အခြေခံအဆင့် ကိုပင် မနည်းဖြတ်ကျော်ရမည့် အနေအထားရှိသည်။ အချို့ဆိုလျှင် နိုင်ငံရပ်ခြားတွင်
ငွေကိုကုန်းရုန်းရှာ နှစ်နှစ်ဆို အပြီးပြန်ပြီ
ဒီလိုနေရာမျိုးမှာ ဘာလို့အကြာကြီးနေမလဲ။ နှစ်နှစ်ပြည့်ပြီးနောက် ပြန်သွားသည် မကြာပေ နှစ်နှစ်လုပ်ထားသည်များ ကုန်သွားသဖြင့် ဒီလိုနေရာမျိုးကို
ပြန်ရောက်လာကြပြန်သည်။ မိသားစုတို့သည်၎င်း အိမ်သူ ဇန်ီးမယားတို့သည်၎င်း နိုင်ငံရပ်ခြားမှ
ရသည့် ၀င်ငွေမျိုးကိုသာ အလိုရှိကြသည်။ ကိုယ့်နိုင်ငံထဲ လုပ်သည့် ၀င်ငွေသည် တစ်ဝမ်းတစ်ခါး
ပင်အတော်ညှိယူရသည့် အခြေအနေရှိသည်။ အိုးပိုင်အိမ်ပိုင်များမရှိလျှင် လောကဓံထဲ ယက်ကန်
ယက်ကန်နှင့် ပက်လက်မျှောလိုက် မှောက်ခုံမျှောလိုက် အလျင်သင့်သလို စီးဝင်မျှောပါကြရသည်။
ရပ်ဝေးမှာ နေကြသည့်သူများက မိသားစုနှင့်အတူတကွ
ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းလိုကြသည်။ သူတို့၏ အထီးကျန်ဆန်မှုကို သူတို့လိုမျိုး
သွားရောက်အလုပ်လုပ်ဖူးမှသာ သိရှိနိုင်ကြသည်။ နောက်ကွယ်မှ မိသားစု ဇနီးမယားတို့ကလည်း
နိုင်ငံရပ်ခြားမှ ၀င်ငွေတို့ကိုသာအလိုရှိကြသည်။ မြန်မာပြည်ထဲနေ ဒီလောက်ပိုက်ဆံဘယ်ရမလဲ
။ နိုင်ငံရပ်ခြားသို့သာ အတင်းလွတ်ကြသည်။ ပိုပြီးဆိုးရွားလှသည့် အဖြစ်များလည်းရှိသည်။
ရပ်ဝေးမှနေသူတို့သည် ကိုယ့်နေရပ်သို့ ပြန်ရောက်သောအခါ ကိုယ့်မိသားစုသည် ဒုံရင်းက ဒုံရင်း
ဘာမှလည်းမဖြစ် ဘာမှလည်း မစု ဘာမှလည်း မတွေ့ လက်ကြီးဗလာဖြင့် တွေ့လိုက်ကြရသည်အခါ ရင်ကွဲပက်လက်များဖြစ်ကြရသည်။
နိုင်ငံရပ်ခြားတွင် ဘယ်လောက်ခက်ခဲစွာ စိတ်ဖိစီးစွာနေခဲ့ရလည်း ကိုယ်တိုင်သိကြသည်ပင်။
ဒီလိုဖြတ်သန်းပြီး ရလာသည့် ရလဒ်သည် ဘာမှ မရှိဟုဆိုသည့်အခါ စိတ်ဓာတ်ကျဆင်းသွားလေတော့သည်။
ပြည်တွင်းမှ
မိသားစုများကလည်း နေထိုင်စားသောက်စားရိတ်ကြီးသည်။ မည်သို့ပင်ခြွေတာစေကာမူ ကုန်ကျ စားရိတ်များသည်။ ကျွန်မတို့သည် ကိုယ့်ဘဝ
ကိုယ့်ကံဟု ဆိုရမည်လေလား။ ထိုသို့လဲ လွဲမချချင်မိပေ။ အလုပ်လုပ် နေပါလျှက် ကြိုးစားနေပါလျှက်
ရလာဒ်ကို မတွေ့ရသည်အခါ မခံချင်စိတ်လေများဖြစ်လာမိသည်။ ကျွန်မအလုပ်လုပ်နေသည့် ကျွန်းနိုင်ငံသေးသေးလေးတောင်မှ
ဒီလိုအခြေအနေ အဆင့်အတန်းရနေလျှင် ကျွန်မ၏ မိခင်ရင်းနိုင်ငံသည် ဘာကြောင့် ဒီကျွန်းနိုင်ငံလေး၏
ခြေဖျားတောင် မမှီရသနည်း။ ထိုသို့အကြိမ် ကြိမ်
တွေးမိလိုက် တိုင်း ဆစ်ကနဲ ဆစ်ကနဲ နာကျင်သွားတတ်သည်။
ဒီကျွန်းနိုင်ငံလေးမှ
လှည့်ပြန်သွားဖို့ ချန်ထားရစ်ခဲ့ဖို့ ကျောခိုင်းခဲ့ဖို့ကို မည်သို့ပင် ကြိုးစားနေစေကာမူ
ဒီမိုး ဒီရေ ဒီလေ နှင့်တော့ ရွက်လွင့်လို့မှ
လိုရာမပေါက်နိုင်ဟူသည့် ရာခိုင်နှုန်း ပိုများနေခဲ့သည်။ အနာဂတ်သည် ခပ်နက်နက်တူးလေ အရာမထင်သည့်
ဂလိုင်ပေါက်ကြီးသာ ဖြစ်လေလေ။ ဘယ်ချိန် ဘယ်မျှ ဘယ်အခါကျမှများ လှပသော ဒီဇင်ဘာညတစ်ညကို
ကိုယ်ချစ်ခင်သော သူများနှင့် ဖြတ်သန်းနိုင်ပါ့မလဲ။ မျှော်လင့်ရသည်မှာလဲ မျှော်လွန်းလို့
လင့်လှပြီ။ ခပ်ရေးရေးမျှပင် မမြင်ရသေး။ ဒီဇင်ဘာသည် လှပစွာဆိတ်ငြိမ်နေသော်လည်း ကျွန်မအတွက်
တော့ဖြင့် ရှေ့ဆက်လျှောက်ရမည့် အနာဂတ်အရေးအတွက် အတွေးပွားစရာ ဖြစ်နေပြန်သည်။
ဒီဇင်ဘာသည် အသက်အရွယ်အရ တစ်နှစ်ကြီးရင့်သွားပြီဆိုသည့်
အကြောင်းကို သတိချပ်မိသည်။ ဘာမှ ဖြစ်မလာသေးသော
ဘ၀ကို သတိပြုမိသည်။ အထီးကျန်ဆန်မှုတွေ ပိုပြီးသိပ်သည်းလာသည်ကို သိလာရသည်။ မျှော်လင့်ချက်တို့သည်
တစ်ဖြည်းဖြည်း မှေးမှိန်လာနေသလို ခံစားရသည်။ ပြီးခဲ့သော ဖြတ်သန်းခဲ့သော အချိန်တို့ကို
နှမျောတမ်းတမိသည်။ လက်ဝယ် ပိုင်ပိုင် ဆုပ်ကိုင် မထားနိုင်သော အနာဂတ်အတွက် အားလျော့လာသည်။
ကိုယ်ချစ်ခင် တွယ်တာရသောသူများ၏ လက်တို့ကို ဖမ်းဆုပ်မထားနိုင်သည်နှစ် တစ်နှစ် တိုးလာပြန်ပြီဟု
ရေတွက်ရလေသည်။ အိမ်ပြန်ချိန်တွေကို လှမ်းလို့သာ မျှော်ကြည့်ရင်း စိမ့်ကနဲ အေးလာသည့်
ဒီဇင်ဘာ၏ အအေးဒဏ်ကို ကာကွယ်ရန်အလို့ငှာ အနွေးထည်ထူထူမှ ဇစ်ကိုသာ မေးစေ့ရောက်သည်အထိ
ဆွဲတင်ပစ်လိုက်သည်။
ကဲ .... နင်ကပဲ အေးခဲနိုင်မလား ငါ.....ကပဲ တင်းခံနိုင်မလားပေါ့။
....
ဒီဇင်ဘာ သရုပ်ဖော်ပုံလေးကိုတော့ google ကနေရှာဖွေ အသုံးပြုထားပါတယ်။ ချစ်သော မောင်နှမ များ အားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင့်။
----
No comments:
Post a Comment
ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......