ကျွန်မထံတွင်
သော့ခတ်သိမ်းဆည်းထားသည့် ဒိုင်ယာရီစာအုပ်လေးများစွာ ပိုင်ဆိုင်ခဲ့ဖူးသည်။ နေ့တိုင်း ဒိုင်ယာရီ ရေးသလားလို့မေးလျှင် မဟုတ်ပါ။
နေ့စဉ်မှတ်တမ်းသဖွယ် ရေးသားခြင်းမျိုးလည်း မဟုတ်။ ရင်းနှီးကျွမ်းဝင်ရာ သူငယ်ချင်းလေးအားရင်ဖွင့်
ပြောပြသည့်နှယ် ရေးခဲ့မိသည်။ ဒိုင်ယာရီစာအုပ်လေးတွင် ရေးရန်ပြင်လိုက်သည်နှင့် အစချီ
ရာသည် “စာအုပ်လေးရေ..” ဟု ကျွန်မရေးတတ်ခဲ့သည်။တစ်ခါတစ်ရံစာအုပ်လေး၏စာမျက်နှာ နှစ်မျက်နှာနီးနီး
ရေးချမိတတ်သည်။ ရေးပြီးပြီဆိုသည်နှင့် ကျွန်မက စာအုပ်လေးကို သော့ခတ် သိမ်းဆည်းလိုက်တတ်သည်။
တစ်ခါတစ်ရံ စပြီးရေးခဲ့သည့် ဒိုင်ယာရီစာအုပ်လေးမှ လတ်တစ်လောရေးနေသည့် စာအုပ်လေးထိတိုင်
တစ်ရွက် မကျန် ရေးထားသော စာများကို ပြန်ဖတ်နေတတ်သည်။
ထိုကဲ့သို့သော ကျွန်မအား အိမ်သားများက စိတ်ကူးယဉ်ရူးဟု
အမည်ပေးကြသည်။ ကျွန်မ၏ စာအုပ်လေးများကို မည်သူမျှ ယူဖတ်တာ မကြိုက်ပေ။ စာအုပ်လေးတိုင်း၏
သော့တံလေးများကိုလည်း ကျွန်မသွား လေရာ ယူဆောင်သွားလေ့ရှိသည်။ ကျွန်မစာရေးနေသည့်အချိန်
အနားကဖြတ်လျှောက်သွားသည့် လူရှိလျှင်တောင်မှ ကျွန်မနှစ်သက်ခြင်းမရှိပေ။ မေးစရာတစ်ခုရှိသည်က
စာအုပ်လေးထဲတွင် ဘာအကြောင်းအရာ များရေးသနည်း။ တစ်ခါတစ်ရံ ကိုယ်ခံစားရသည့် စိတ်ခံစားချက်များကိုရေးသည်။
တစ်ခါတစ်ရံ ကြည်နူးခြင်းများစွာ အကြောင်းရေးသည်။ တစ်ခါတစ်ရံ အမုန်းတရားတို့အကြောင်းရေးသည်။
တစ်ခါတစ်ရံ မျှော်လင့်ခြင်းအိမ်မက်များအကြောင်းရေးသည်။ တစ်ခါတစ်ရံ စိတ်ကူးယဉ် ဇာတ်အိမ်လေးများစွာရေးဖွဲ့ပြီး
စိတ်ကူးရသလိုရေးသည်။
ဘာဖြစ်လို့ရေးသနည်း
အဖြေရှိ ပါသည်။ ထိုကဲ့သို့စာအုပ်လေးထဲတွင် ကိုယ့်ရင်ထဲခံစားနေရသည့် အစိုင်အခဲ လေးတို့အား
ချရေးလိုက်သည့်အခါ စိတ်သည်ပေါ့ပါးလွတ်လပ်သွားသည်။ ကျွန်မကိုခံစားရစေသော ထိုအကြောင်းအ
ရာတို့သည် နာကျင်ခြင်းအမှုသည်၎င်း ပျော်ရွှင်ခြင်းအမှုသည်၎င်း ကြည်နူးခြင်းအမှုသည်၎င်း
အားလုံးသည်တစ်နေရာ ရာတွင် သိမ်းဆည်းထားလိုက်သကဲ့သို့ ခံစားနေပျော်သွားရသည်။ ထို့ကြောင့်
ကျွန်မရေးပါသည်။ ကျွန်မအတွက် စာအုပ်ကလေးများ ရှိနေလျှင် ပြည့်စုံနေခဲ့သည်။ ထိုမှတစ်ဖန်
မဂ္ဂဇင်းစာအုပ်လေးများကို ငှားပြီးဖတ်နိုင်လာသည့်အခါ ကျွန်မသည် မင်းသား မင်းသမီး အင်တာဗျူးများထက်
ပါဝင်လာသော အခန်းဆက် ၀ထ္ထုရှည်ကလေးများ ၀ထ္ထုတိုက လေးများကို ပိုပြီးစိတ်ဝင်တစ်စားဖတ်သည်။
ပြီးလျှင် ကျွန်မ၏သော့ခတ်ထားသော စာအုပ်လေးများထဲတွင် ကိုယ်တိုင် ဖန်တီးသော ၀ထ္ထုတိုလေးများကို
ရေးသည်။
ထိုကဲ့သို့
အေးဆေးစွာ တစ်ကုတ်ကုတ်ရေးနေသော ကျွန်မအား မိဘများက စိတ်ကူးယဉ်လွန်ကာ စောစီးစွာ အိမ်ထောင်ကျသွားမည်ကိုစိုးရိမ်ကြသည်။
ထို့ကြောင့် မဂ္ဂဇင်းစာအုပ်များငှားဖတ်လျှင် ဂမ္ဘီရနှင့် ပတ်သတ်သည့် မဂ္ဂဇင်း များကိုသာ
ငှားဖတ်ခွင့်ရလေတော့သည်။ သည်တွင်လည်း ကျွန်မ၏ စိတ်ကူးထဲတွင် ဂမ္ဘီရနှင့်ပတ်သတ်သည့် ၀ထ္ထုတို
လေးများကို ဖန်တီးကာရေးသာပြန်သည်။ ထိုကဲ့သို့ ကျွန်မက စာဖတ်လိုက်ရေးလိုက်လုပ်နေနိုင်သည်မှာ
အကြောင်းက လည်းရှိခဲ့သည်။ ကျွန်မတို့ ၁၀ တန်းအောင်စာရင်းထွက်ပြီး တက္ကသိုလ်တက်ရန် လေးနှစ်ကျော်မျှ
စောင့်ခဲ့ရသည်။ အိမ်မှာနေရင်း ဈေးထည်များယူချုပ်သောအခါ ကျွန်မအတွက်မုန့်ဖိုးရသလို
ပိုနေသည့်အချိန်တွင် ကျွန်မ၏အလုပ်သည် စာဖတ်လိုက် စိတ်ကူးယဉ်ရသမျှ ရေးလိုက် နှင့် ကိုယ့်ဘ၀ကိုယ်
အတော်ကြီးသာယာနေခဲ့ဖူးသည်။
ထိုကဲ့သို့နေရသည်မှာ
အေးချမ်းသည် ဟုထင်မိသည်။ ကိုယ့်ရဲ့စိတ်ကို အနားမပေးပဲ ကိုယ်လုပ်ချင်နေသည့် ၀ါသနာပါသည့်
အရာကိုလုပ်နေရသည်မှာ အချိန်တွေအကုန်မြန်သလို ဘ၀ကြီးထဲနေရသည်မှာ နေပျော်သည်ဟု ကျွန်မ
ထင်မိခဲ့သည်။ ထိုမှတစ်ဆင့် ကျွန်မသည် ၀ထ္ထုတိုကလေးများအား မဂ္ဂဇင်းတိုက်များသို့ပို့ရန်ပင်
ဆန္ဒရှိနေခဲ့သည်။ မဂ္ဂဇင်းတိုက်များ၏ လိပ်စာကိုရေးမှတ်ရသည်မှာလဲ အလုပ်တစ်လုပ်ဖြစ်လာခဲ့ပြီ။
သို့ပေမယ့် ပို့ရဲသည့် သတ္တိတော့ဖြင့် ကျွန်မထံတွင်မရှိပေ။ မိဘများလည်း သည်လိုသာ အိမ်တွင်းအောင်း
တစ်ကုတ်ကုတ်လုပ်နေလျှင်ဖြင့် ဆိုပြီးစိုးရိမ်လာကြ သည်။ ကျွန်မကငယ်စဉ်ကထဲကပင် စကားနည်းသည် တစ်ခါတစ်ရံ မိဘများကပင်သမီးရယ် အိမ်မှာသမီးရှိမှန်းသိ
အောင် အသံလေးဘာလေးထွက်ပါတော့လားဟုပင် ဆိုရသည်အထိ တိတ်ဆိတ်စွာနေတတ်သည်။ သို့ပေမယ့် ကျွန်မ ချစ်သည့် အဘိုးအဖွားတွေနှင့်ဆိုလျှင် စကားကိုရေပက်မ၀င်အောင်ပြောတတ်သည်။
ယခုကိုယ်စိတ်ဝင်စားသည့် အလုပ် ကိုလုပ်နေရသည့်အခါ ကျွန်မပိုပြီးစကားနည်းလာသည်။ နောက်ဆုံး
မိဘများက ကျွန်မကို သင်တန်းသွားတက်ရမယ် တစ်ယောက်တည်းသွားဟုဆိုကာအပြင်ကိုလွှတ်လာသည်။အိမ်မှာကျွန်မချုပ်နေသည့်
စက်အားရောင်း ပစ်လိုက်သည်။မိဘများကကျွန်မ၏ဘ၀ကိုပညာရေးနှင့်သာရပ်တည်စေချင်သည် သူတို့လိုစက်ချုပ်သည့် အတတ်ပညာဖြင့်
မပင်ပန်း စေလိုပေ။
ထို့နောက်ပိုင်း
တက္ကသိုလ်များပြန်ဖွင့်လို့ အဝေးသင်တက်ရသည့်အခါ ကျွန်မသည် ဒိုင်ယာရီစာအုပ်လေးများ ကိုခင်တွယ်နေစဲဖြစ်သော်လည်း
ဝထ္ထုတိုလေးများရေးခြင်းအမှုသည် ပျောက်ကွယ်သွားခဲ့သည်။ စာအုပ်တွေလဲ ငှားပြီး မဖတ်ဖြစ်တော့ပေ။
ဒိုင်ယာရီစာအုပ်လေးများထဲ စာရေးသားခြင်းအမှုသည်လည်း တစ်ဖြည်းဖြည်းဝေးကွာသွားခဲ့သည်။
တစ်ခါတစ်ရံ စိတ်ပါလျှင် ကဗျာတိုလေးများကိုသာ ရေးသားတတ်လေတော့သည်။ အရင်လို “စာအုပ်လေးရေ
”လို့ အစမချီတော့ပေ။ ရေးသားသောစာအုပ်များသည်လည်း ရိုးရိုးဗလာစာအုပ်ဖြင့်သာရေးလေတော့သည်။
ထို့နောက် အသက်အရွယ် ရလာခြင်းနှင့်အတူ ကျွန်မသည်လောကဓံ လှိုင်းတို့ထဲ လူးလိမ့်မျှော်ပါရင်း
စာရေးသားခြင်းအမှုနှင့် အတော်ကြီး ဝေးကွာသွားခဲ့သည်။ ထိုစာအုပ်ကလေးများကို မေ့လျော့ထားခဲ့လေတော့သည်။
ထုတ်လဲမဖတ် ဖြစ်သလို ရေးသားခြင်းလဲမရှိတော့ပေ။
ကံကြမ္မာအလှည့်အပြောင်းကြောင့်
ကျွန်မနိုင်ငံရပ်ခြားသို့ရောက်ရှိပြီး ငွေရှာနေသည့်အချိန် ကိုယ်ပိုင် ကွန်ပျူတာလေးတစ်လုံး
ပိုင်ဆိုင်လာသည့်အချိန် အင်တာနက်ပေါ်တွင် ဘလော့ရေးသူများ၏ စာတိုပေစလေးများအား ဖတ်လိုက်မိသည့်အချိန်တွင်
ကျွန်မ၏ သော့ခတ်ထားသော စာအုပ်ကလေးများကို လွမ်းလာခဲ့သည်။ အောက်မေ့လာ ခဲ့သည်။ သတိရလာမိသည်။
အစတွင်စာအုပ်လေးထဲ ချရေးခြင်းအမှုကို ပြုလုပ်ခဲ့သေးသည်။ ကိုယ်ပိုင်ဘလော့လေး ဆိုသည့်
သတ္တိကိုမွေးကာ 2009-July လတွင်ဘလော့လေးအားစပြီး တည်ထောင်ခဲ့မိသည်။ အစပိုင်းတွင် စာအုပ်လေး
ထဲရေးသားမိခဲ့သော ကဗျာလေးများကိုသာ ရေးတင်ဖြစ်လေသည်။ ထို့နောက် သွားခဲ့မိသော ခရီးတိုလေးတွေ
အကြောင်း ထိုမှတစ်ဆင့် စိတ်ကူးယဉ် ၀ထ္ထုတိုလေးများသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဘလော့ရေးသူ
မောင်နှမ များကလည်း လာဖတ်ပြီး အားပေးစကားဆိုကြ ဘယ်နေရာလေးတော့ လိုသေးတယ် ပြုပြင်ပေးရင်းဖြင့်
အားသန်ရာ ၀ထ္ထုတိုလေးများတစ်ပုဒ်ပြီး တစ်ပုဒ်ရေးဖြစ်လာခဲ့သည်။
ဒီအချိန်တွင်
ကျွန်မ၏စိတ်ကူးထဲရှိနေခဲ့သည်က ၀ါသနာပါသောအရာအား ရေးနေရုံ ကိုယ်ဖန်တီးထားသော စာတိုပေစလေးများအား
အချိန်ပေးဖတ်မည့်သူရှိလျှင်ဆိုသည့် စိတ်သာရှိတော့သည်။
ထို့ကြောင့် ကျွန်မရေးထားသော စာတိုပေစလေးများကို မည်သည့်မဂ္ဂဇင်းတိုက်ကိုမျှ မပို့ခဲ့ပေ။
ကျွန်မ၏စာရေး ခြင်းအနုပညာသည် အဲဒီလောက်ထိ လည်းမရနိုင်သေးဟု ကိုယ့်စိတ်ကထင်မြင်နေမိသည်။
အကြောင်းတိုက်ဆိုင်စွာဖြင့်ပင် Woman world မဂ္ဂဇင်းမှ ကျွန်မ ၏ စာတိုပေစလေးများအား
print စာမျက်နှာလေးအဖြင့် အသွင်ပြောင်းကာ ဖော်ပြခွင့်ရခဲ့သည်။ ကျွန်မကြည်နူး ရပါသည်။
ပျော်လဲပျော်ရွှင်ခဲ့ရသည်။ ကျေနပ်ခဲ့ရသည်။ ထိုအချိန်တွင် ကျွန်မသည် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိလာ
ခဲ့သည်။ ကိုယ်ရေးသည့်စာသည် စာဖတ်သူလက်ခံနိုင်သည်ဟူ သည့် ယုံကြည်ချက်ဖြစ်သည်။ အရင်တုန်းက
ရေးသာ ရေးခဲ့သည် ထိုကဲ့သို့သော ခိုင်မာသည့်ယုံကြည်ချက်မျိုး ကျွန်မထံတွင်မရှိခဲ့ပါ။
ထိုအချိန်မှစပြီး
ကျွန်မလက်သွက်လာခဲ့သည်။ ကျွန်မဖန်တီးပြချင်သည့် ပုစံဝထ္ထုတိုလေးများအား ခပ်ရဲရဲ ရေးချ
တတ်လာခဲ့သည်။ အင်တာနက်ပေါ်မှ ဒေါင်းလို့ရသမျှ စာရေးခြင်းအတတ်ပညာများအား ဖတ်ရင်းလေ့လာရင်း
ကျွန်မ လိုချင်သော ၀ထ္ထုတိုပုံစံလေးများအားဖန်တီးသည်။ ဘလော့ပေါ်ရေးပြီးတင်ခဲ့သည်။ ယခုအချိန်သည်
ဘလော့ရပ်ဝန်း လေးတိတ်ဆိတ်ငြိမ်သက်နေသည့်အချိန်ဖြစ်သည်။ ဖေ့ဘွတ်သည် ဆူညံပွက်လောရိုက်နေသည့်
အချိန်ဖြစ်သည့် အားလျော်စွာ ဖေ့ဘွတ်မှနေပြီး ကျွန်မ၏ဘလော့လေးအား share လုပ်ခဲ့သည်။
ဘာလို့လဲ share ခဲ့သနည်း လူသိများချင်လို့လား ဟုဆိုလျှင် စာရေးသူတစ်ယောက်၏ အလိုလောဘဟုသာ
ဝန်ခံချင်မိတော့သည်။ ဘလော့ရပ် ၀န်းလေးထဲတွင် ကိုယ်ရေးထားသည့်စာအား လာဖတ်သေးရဲ့လား မဖတ်တော့ဘူးလား
ဆိုသည့်ယုံမှားသံသယသည် ကျွန်မအားနှိပ်စက်လွန်းလှသည်။ ထိုသံသယကြောင့်ပင် ကျွန်မ၏ဘလော့လေးအား
ပိတ်ပစ်လိုက်ဖို့ စိတ်ကို အကြိမ်ကြိမ်ပိုင်းဖြတ်ခဲ့ဖူးသည်။ ငယ်ကသံယောစဉ်ကြောင့်လားမသိပေ။
ကျွန်မမစွန့်လွှတ်ရက်ပေ။ ရေးလဲရေးခဲ့ပြီ လက်ခံသူအနည်းငယ်လဲရှိနေခဲ့ပြီ။ ဒီအချိန်မှ မစွန့်လွှတ်ရက်ဘူးဆိုသည့်
စိတ်သည် ကျွန်မ၏ စိတ်ကို လွန်ဆွဲပြန်သည်။
ထိုအတွေး
ထိုလောဘစိတ်လေးကြောင့်ပင် ဖေ့ဘွတ်စာမျက်နှာလေးပေါ်သို့ ကျွန်မ၏ ဘလော့လေးအား share လုပ်ခါ
ကြော်ငြာသလိုဖြစ်ခဲ့မိသည်။ တစ်ခါတစ်ရံ ကျွန်မစဉ်းစားမိသည် စာရေးခြင်းအမှုအား ကျွန်မသည်
စွန့်လွတ်ပစ်လိုက်လျှင် ကောင်းမည်လား slient reader(တိတ်တဆိတ်စာဖတ်သူတစ်ယောက်) အနေဖြင့်သာ
ရပ်တည်မလား။ အဘယ့်ကြောင့်ဆိုသော် အထက်ကဆိုခဲ့သည့်အတိုင်း စိတ်ကူးယဉ် ၀ထ္ထုတိုကလေးများသည်
မည်သည့်အသိပညာကိုမျှ ပေးစွမ်းနိုင်ခြင်းမရှိပါ ပေ။ ရသဆိုလျှင်လည်း အဲဒီလောက်ကြီးအထိမဟုတ်ပေ။
ကိုယ်တိုင်က ၀ါသနာရှင်အဆင့်ဖြင့်သာ ရပ်တည်နေခဲ့သည် မဟုတ်ပါလား။ ထိုကဲ့သို့ တွေးမိသည့်အခါတိုင်း
ကျွန်မသည် တိတ်တဆိတ်စာဖတ်သူတစ်ယောက် အဖြစ်သာ ပြောင်းလဲ ရပ်တည်ချင်စိတ်တို့သည် ကျွန်မ၏စိတ်ကို
ပို ၍ပို ၍ ပြင်းထန်စွာ ရိုက်ခတ်ခံနေရလေတော့သည်။
--******
ချစ်သော ဘလော့မောင်နှမ များအားလုံးကျန်းမာလို့ ချမ်းသာကြပါစေရှင်။
အရင်က သော့တံနဲ့ ဒိုင်ယာရီ စာအုပ်လေးရှိ။သော့ကို ကိုယ်သာလျှင်ယူထား။
ReplyDeleteခုတော့ ကွန်ပျူတာထဲသိမ်း။ password ကို ကိုယ်ကလွဲ ဘယ်သူမှမသိ။
တိတ်တဆိတ်စာဖတ်သူတစ်ယောက်ဖြစ်ဘို့ လွယ်ကူပေမယ့် စိတ်ကူးစိတ်သန်းလေးတွေကို လက်တွေ့အကောင်အထည်ဖော်ရေးသားဘို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး မွန်လေးရေ။
ReplyDeleteလူတိုင်းမှာကိုယ်ပိုင်အရည်အချင်းရှိကြစမြဲမို့ ဆက်လက်ပြီး ဘလော့ဂင်းနိုင်ပါစေလို့ .... ♥♥♥
facebook ပေါ်မှာ လင်ခ့် share တာက ရှက်စရာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က နာမည်ကြီး ဘလော့ဂါတွေတောင် အဲ့လိုလုပ်သင့်တယ် ပြောထားကြပါတယ်။ အစ်မရေးတဲ့ စာတွေကို အချိန်ပေး လာဖတ်တဲ့သူ ရှိမှာသေချာပါတယ်။ ဒီလောက် အရေးကောင်းတာ။ ခုနောက်ပိုင်း ဘလော့က ခေတ်မစားတော့တော့ ကွန်မန့်ရေးဖို့ ပျင်းသွားကြတာဖြစ်မှာ။ မဗေဒါကတော့ ဘယ်တော့မှ ဘလော့ပိတ်မယ် မစဉ်းစားဘူး။ မရေးဖြစ်တော့ရင်တောင်ရေးပြီးသားတွေ ကို ဒီတိုင်းထားထားမှာ... မဗေဒါဆိုရင်လဲ ကိုယ်ရေးတဲ့ စာတွေ ကိုယ့်ကို အားမရပါဘူး။ဒါပေမဲ့ ဘာမှ မလုပ်တာထက် စာရင် ရေးနေသေးတာက ပိုအကျိုးရှိပါတယ်။ အစ်မရေ.. ဆက်ရေး အားပေးတယ်။
ReplyDelete