Tuesday, 8 September 2015

ရရ..စားစား..ခဲ့သော်.









မိဌေး ၏ဇာတိချက်ကြွေ မွေးရပ်မြေဟုဆိုလောက်သည့် မြို့စွန်မြို့ဖျား သည်ရပ်ကွက်လေးထဲမှာ နေလာတာ ကြာလှပြီ။ အထူးသဖြင့် မိဌေးနေသည့် သည်လမ်းသွယ်လေးထဲမှာ မိဌေးက မသိသူမရှိသလောက်ပေ။ မိဌေးသည် မိခင်အိုကြီးနှင့်အတူတူနေထိုင်ကာ အနီးအနားရပ်ကွက်ဈေးထဲတွင် ဟင်းသီးဟင်းရွက်ရောင်းသည့် အလုပ်ဖြင့် အသက်မွေးသည်။ ရုပ်ရည်ကလည်းသူတစ်ထူးအောင် ပြောပလောက်စရာမရှိပေရာ သည်လိုပဲ သူလိုကိုယ်လို ရုန်းရင်းကန်းရင် ရိုးရိုးအေးအေးမျှသာနေတတ်သည်။ မိဌေး စိတ်ထဲတွင် အမေနှင့် မိဌေးသည်သာဘ၀ တစ်ခြားချစ်စရာ မျက်စိကျစရာယောက်ကျားလဲ မတွေ့သလို စိတ်လဲမ၀င်စားပေ။ ယောက်ကျားများကလည်း မိဌေးကို စိတ်မ၀င်စားပေ။ အချိန်ပြည့် အရောင်အဆင်းခပ်မွဲမွဲ အ၀တ်အစားအချို့နှင့် ဟင်းရွက်ဗန်းကြီးခေါင်းပေါ်တင်သည့် အချိန်သာ မိဌေး အပြင်ထွက်သည့် အချိန်ဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ဘာမှမဘာနိုင်သော ပြားချပ်ချပ်ဖြစ် ပေရာ မည်သည့်ဆန့်ကျင်ဘက် ပုရိသယောက်ကျားမှ မိဌေးကို စိတ်ဝင်စားခြင်းမရှိလှပေ။ တစ်ခါတစ်ရံ အလေးအပင် မသည်မှာ များလှပေရာ လမ်းလျှောက်ရာတွင် ခါးလေးက ခပ်ကိုင်းကိုင်း မိဌေး၏ အသက်သည် အမှန်ဆိုလျှင် ၃၀ ကျော်ကျော်မျှသာရှိသေးသည်။ သို့သော် ၅၀ နားနီးနီး မိန်းမကြီးတစ်ယောက်ပမာဟုပင် ထင်မြင်ရသည်။

မိဌေးကလည်း သူများမည်သို့မြင်သည် ဂရုမစိုက်။ သူ့စိတ်ထဲရှိသည်မှာ ဈေးရောင်းမည် ပိုက်ဆံရမည် အမေအိုကြီးလုပ်ကျွေးမည်။ ဒါသည်ပင် မိဌေး စိတ်ချမ်းသာလှပြီ။ မိဌေး၏ အမေသည် အဖေ့ကိုကြောက်ရသည်။ အဖေသည်လည်း ညနေစောင်းဆိုလျှင် အရက်ကမူး သွေးကဆိုးဆိုးဖြင့် မိဌေးတို့ သားအမိနှစ်ယောက်သည် အဖေ့၏ စိတ်ထွက်ပေါက်ဖြစ်ရရှာသည်။ တစ်ခါတစ်ရံ မူးသည်ယစ်သည် တစ်ခါတစ်ရံ လက်ပါခြေပါနှင့် နှိပ်စက်သည်။ မိဌေး ငယ်ငယ်က အမေ့ကိုပြောမိသည်။

 “အမေရယ် သမီးတို့သားအမိ ပြေးကြပါစို့ “ လို့ ဒီတော့အမေက

“မဖြစ်သေးပါဘူး သမီးရယ် ညည်းအဖေတစ်ယောက်တည်း ဒီထက် ပိုပျက်စီးသွားမှာပေါ့။ ပြီးအမေတို့သားအမိ ဘယ်လိုရှာဖွေ စားသောက်ကြမလဲ။ အမေက ဘာမှ လုပ်တတ်ကိုင်တတ်တာမဟုတ်ဘူး။ တောသူမဆိုတော့ ရွာပြန်ကောက်စိုက်ဖို့သာ တတ်တာအေ့” လို့ ဆိုတတ်တယ်။

နှစ်ခါသုံးခါဆိုတော့ မိဌေး လည်းအမေ့ကို မတိုက်တွန်း ဖြစ်တော့ပါဘူး။ အဖေနှိပ်စက်သမျှ ကြိတ်ခံရနေရတော့တာပဲ။ နောက် မိဌေး အသက် ၂၀ ကျော်ကျော်လောက်မှာ အဖေသည်အရက်ကြောင့်ပင် အသက်ဆုံးရှုံးခဲ့ရသည်။ ဘာလို့မှန်းတော့ မိဌေးမသိပေ။ အဖေဆုံးသွားတော့ မိဌေး လည်းမငို အမေလည်းမငိုခဲ့ပေ။ မျက်ရည်သည်သူ့အလိုလိုမကျခဲ့။ မိဌေးတို့သားအမိနှစ်ယောက် ငိုခဲ့ရလွန်းသဖြင့် မျက်ရည်တို့ခန်းသွားခဲ့ပြီလား မသိနိုင်ပေ။ သားအမိနှစ်ယောက် သွားလေသူအဖေ့အတွက် တာဝန်ကျေအောင်တော့ ကုသိုလ်ကောင်းမှု ရသမျှ ပြုပေးခဲ့သည်။

 မိဌေး၏ ဟင်းရွက်ဆိုင်လေးသည် ရောင်းအားကောင်းလှသည်။ မိဌေးက အပြောအဆိုယဉ်ကျေးသည်။ တတ်နိုင်သမျှ ဟင်းရွက်များကို စိမ်းနေအောင်ထားသည်။ နွမ်းပြီးရိသွားသည်များဆိုလျှင် ရှုံးသော်လည်း လွှတ်သာပြစ် လိုက်တတ်သည်။ စပြီးရောင်းကာစက ဆိုလျှင် တစ်ပတ်တစ်ကြိမ်သာ ဈေးကြီးထဲသွားဖောက်သည်ယူနိုင်သော မိဌေးသည် ယခုဆိုလျှင် ၂ ရက်တစ်ကြိမ်မျှ ဈေးကြီးထဲ ဆင်းရသည်။ မနက်မိုးမလင်းခင် ဝေလီဝေလင်းကပင် ဈေးကြီးထဲ ဖောက်သည်ယူ ရပ်ကွက်ဈေးအမှီပြန်ခင်း ရသမျှရောင်း ထမင်းစားချိန် အမေချက်ထားတာလေးပြေးစား ညနေစောင်းဆိုလျှင် ညဈေးထဲတစ်ခါဆိုင်ထွက်နှင့် မိဌေး ဘ၀ကျင်လည်နေခဲ့သည်။ ယခုတော့ဖြင့် လောကအလယ်တွင် မိဌေး တစ်ယောက်သာရှိတော့သည်.။ အမေသည် မိဌေးကို စိတ်ချလက်ချထားခဲ့လေပြီ။ ဒီတော့ မှ မိဌေးသိသည်။ မိဌေး၏ မျက်ရည်တို့မခန်းသေးပေ အော်ကြီးဟစ်ကျယ်မငိုမိသော်ငြား စိတ်ထဲကဖြင့် ကြိတ်ပြီး ရှိုက်ခဲ့ရလေသည်။

          “အမေရယ် မိဌေးပိုက်ဆံရှာနိုင် ကျွေးနိုင်မွေးနိုင်သည့်အချိန်များ အေးအေးချမ်းချမ်း အသက်ရှည်ရှည်လေး နေပါရော့လား ။ ဒီလောက်ထိ အဖေ့နောက်ကို အလောတကြီး လိုက်သွားစရာများလိုသလားလို့” မိဌေး ၀မ်းနည်းရသည်။  ပြီးတော့ အမေမရှိတော့ မိဌေး၏ဘ၀သည် တွယ်စရာမရှိသည့် နွယ်တစ်ပင်လိုပင်။ ငါဘာအတွက်များ လောကကြီးထဲ အသက်ရှိနေသလဲဟု တွေးမိသည်အထိ။

          အမေမရှိသည့်နောက်ပိုင်းတွင်လဲ မိဌေး၏ဘ၀သည် ထူးပြီးပြောင်းလဲမသွားခဲ့ပေ။ သည်လိုပင် တစ်ကိုယ်တည်း ရှာလိုက်ဖွေလိုက် ကျင်လည်လာလိုက်နှင့်သာ အချိန်တွေကုန်လွန်လာခဲ့သည်။ အဲ ထူးသည်မှာ ရပ်ကွက်လူကြီး ဖြစ်သည်။ မိဌေး၏ ဆိုင်မှ ဟင်းရွက်တို့ကို လာဝယ်သည် စကားများဖောင်ဖွဲ့အောင် ပြောသည်။ ကြာသော် အရိုးခံ မိဌေးသည် ရယ်ရယ်ပြုံးပြုံးဖြင့် စကားပြန်ပြောတတ်လာသည်။ တစ်ခါတစ်ရံ ဒန့်သလွန်သီးနုနုလေးများရလျှင် အိမ်သို့လာပို့ပေးပါဟု မှာတတ်လေရာ. မိဌေးကလည်းရလာသည့်နေ့ဆိုလျှင် တကူးတကပင် အိမ်သို့ဝင်ပို့ ပေး တတ်သည်။ ဟိုဟင်းရွက်လေးရလျှင် လာပို့ပေးပါ ဒီဟင်းရွက်လေးများရလျှင် လာပို့ပေးပါဟု အမှာတော်ရှိတိုင်း မိဌေးကလဲ ပို့မြဲ။ ကြာသော် သူများကို ငါးကျပ်ရောင်းလျှင် သူတို့အားခင်မင်လာသဖြင့် လေးကျပ်သာပေးပါဟု တောင်းတတ်သည်။ တစ်ခါတစ်ရံလည်း ထိုအိမ်မှ ဘာဟင်းလေးချက်လို့ဆိုပြီး ဟင်းခွက်ကလေးများလည်း ရောက်လာ တတ်ခဲ့ပြီ မဟုတ်ပါလား။ ထို့ကြောင့်  တစ်ကိုယ်တည်း တွယ်ရာမဲ့နေသော  မိဌေးသည် ကျေကျေနပ်နပ်ကြီး အတွယ် ခံလေတော့သည်။
         
          အစတွင်ပြသနာမရှိသော်လည်း အချိန်တို့ကြာလာလေ အစိုင်အခဲသည် ကြီးလာလေဖြစ်ရသည်။ အစက စကားသာဖောင်ဖွဲ့အောင် ပြောတတ်သော်လည်း ခင်မင်ရင်းနှီးလာသည့်အခါ လက်လေးပုတ် ခြေလေးတို့နှင့် စကား ပြောလာပြန်သည်။ မိဌေးက ထိုသို့ဖြစ်လာတော့ မကြိုက်ချင်။ လူမြင်ကွင်းမှာ သည်လို လက်တို့ ခြေတို့စကားပြောစရာ မလိုဟုထင်သည်။ အများအမြင်လဲ မသင့်တော်ပေ။ မိဌေး၏ စိတ်အရင်းခံကလည်း အဖေ့ကြောင့် ယောက်ကျားဟူသည် သိပ်ပြီးအမြင်ကြည်လင်လှသည်မဟုတ်။ ထို့ကြောင့် မိဌေးက သည်းမခံနိုင်သည့် အဆုံးတွင် ခပ်ပြတ်ပြတ် ခပ်ရိုင်းရိုင်းပြောလွှတ်လိုက်သည်။ လူကြားထဲ ပက်ကနဲ ပြောလိုက်သည်မို့ မျက်နှာကြီးမည်းပြီး ထွက်သွားသည်။ ထိုပြသနာသည် သည်တွင်ပြီးပြီဟု မိဌေးထင်လိုက်သည်။ သြော် တစ်ကိုယ်တည်းဖြစ်နေသည်မို့ မိတ်ဆွေဟု မိဌေးထင်ခဲ့သမျှ ခုတော့ တက်တက်စင်အောင် လွဲလေပြီ။
         
အစကတည်းက တစ်ယောက်ထဲ ခုလဲတစ်ယောက်ထဲ မိဌေးအတွက် ထူးခြားမနေတော့ပါလေ။ ဒီလိုပဲ မေ့မေ့ ပျောက်ပျောက် ရရစားစားရှာရှာဖွေဖွေသာနေခဲ့သည်။ အတွယ်မရှိသောဘ၀သည် ပြန်ပြီးလွတ်လပ်သွားပြန် သည်။

“ဟဲ့ မိဌေးညည်း တုံးသလိုလို အသလိုလို လုပ်မနေနဲ့ ညည်းတော့ ဒုက္ခလှလှတွေ့တော့မှာပဲ။ ညည်းကို မမြင့်က သူ့ယောက်ကျားနဲ့ ဖောက်ပြန်နေတယ်လို့ ရပ်ကွက်ထဲ လျှောက်ပြောနေတယ်တဲ့” သည်စကားသယ်ဆောင် လာသူက ဈေးထဲမှာ မိဌေးနဲ့အတူ ဘေးချင်းယှဉ်လျှက် မျှစ်ရောင်းနေသည့် အမေကြည် ပေါ့။

“မဟုတ်တာ အမေကြည် ရယ် မိဌေးဘယ်တုန်းကများ အနေအထိုင် လှပ်ပေါ်လော်လည်နေမိလို့တုန်း.” မိဌေးက ဒီလိုဆိုပြန်လေတော့

“ညည်းသူတို့အိမ် ဟင်းရွက်တွေသွားသွားပေးတယ်ဆို။ ဈေးလည်းလျှော့ပေးတယ်ဆို။ ပြီးသူ့ယောက်ကျားများ ဈေးလာဝယ်ရင် ပြုံးလို့ရွှင်လို့ဆို. သူ့ယောက်ကျားကလည်း ကလေးတွေကို ဟင်းခွက်ကလေးတွေ လာလာပို့ခိုင်းတယ် ဆို..”


“ဟင်းရွက်တွေ သွားပေးတာက သူတို့ကမှာထားလို့ပါ။ မိဌေးသွားပေးရင် အဲဒီမမြင့်ကိုယ်တိုင်ပဲ ကျေးဇူးတင်တယ်နော် မိဌေး သိလားဆိုပြီး စကားတွေဖောင်ဖွဲ့အောင်ပြောပြီး ထွက်ထွက်ယူတာပါတော့် သည်တော့ မိဌေးက သြော် သူတို့ ငါ့ကို ခင်ကြရှာတယ်ဆိုပြီး ဈေးလျှော့ပေးမိတာပါ”

အမေကြည် သဘောပေါက်လိုက်ပြီး အရိုးခံ မိဌေးဒီကလေးမတော့ ထောင်ချောက်မိပြီထင်။ ခက်သည်က အမေကြည်ကသာ မိဌေးကိုအမြင်ရှင်းခြင်းဖြစ်သည်။ ကိုယ့်သမီးလေးလို ချစ်သည် သံယောစဉ်လဲ ဖြစ်မိသည်။ သူတို့ သားအမိဘ၀ သနားလည်းသနားသည် ကိုယ်ချင်းလဲစာမိသည်။ အမေကြည်ကိုယ်တိုင် ခုထိမြေးတွေကို ရှာဖွေလုပ်ကျွေး နေရတုန်း အသက်ကြီးတယ်ရယ်လို့ မနားနိုင်သေးဘူးမဟုတ်ပါလား။ ကိုယ့်ဒုက္ခမှ ကိုယ်အနိုင်နိုင်ရယ် သူများဒုက္ခ ကိုယ်ဘယ်လိုများကယ်နိုင်မတုန်း။ သက်ပြင်းခပ်လေးလေးသာချပြီး ခေါင်းလေးသာခါလိုက်မိသည်။

“သမီး မိဌေးညည်းဒုက္ခတစ်ခုခုဖြစ်ပြီဆို အမေကြည်ကို တိုင်ပင်နော်။ အမေကြည် တတ်နိုင်သလောက်တော့ ကူညီနိုင်ပါတယ်ကွယ်။”

မိဌေးက မသိသလို နားမလည်သလို ပြန်ကြည့်ရင်း ယောင်နနနှင့် ခေါင်းညိမ့်ပြလိုက်သည်။ ပတ်ဝန်းကျင်မှ လူများကဖြင့် တစ်ချို့လည်းမမြင့်၏ စကားကိုချဲ့ကားပြီး ဟုတ်သယောင်ယောင်ပြောကြသည်။ တစ်ချို့လဲ သူတို့ပဲ တစ်ကယ်ကြီး မြင်ခဲ့ရသလိုမျိုး။ တစ်ချို့ကလဲ မဟုတ်ပါဘူးအေ ဒီကလေးမ ခပ်ရိုးရိုးနေတာပါ။ ဒင်းတို့လင်မယား ဘယ်လိုစိတ်ထားမမှန်လဲ ဆိုတာအကုန်သိပ။ ဒါပေမယ့် သူများဓါးခုတ်ရာ လက်တော့ဝင်မလျှိုနိုင်ဘူးဟူ သည့်သဘောဖြင့် ရေငုံနှုတ်ပိတ်နေကြသည်။ မိဌေးကတော့ သတင်းအတော်ကြီးနေသည့် ရွှေမင်းသမီးဖြစ်ပေပြီ။ အချို့ကလည်း ယောက်ကျားသားများဖြစ်နေပါလျှက် သနားသလိုလို ကိုယ်ချင်းစာသလိုနှင့် “ဒီလိုပုံကိုများ ဒင်းကခိုးစား ၀ှက်စားတာ အံ့ပါရဲ့.။ သူ့မိန်းမ မမြင့်ရင်နာမယ်ဆိုလဲ နာလောက်ပါရဲ့” လို့ ဆိုကြပြန်သေးသည်။ မိဌေးလည်း တစ်နေ့ထက်တစ်နေ့ မျက်နှာသည် ထူအမ်းအမ်းဖြစ်လာသည်။ ဈေးရောင်းလဲ အရင်ကလောက် မသွက်တော့ပေ။ ပိုပြီးခက်သည်က ရပ်ကွက်ရုံးမှ စာလာသည် မိဌေးယခုနေသောအိမ်နေရာသည် မိဌေးတို့အပိုင်မဟုတ်ပါတဲ့။ မိဌေးကို ဘယ်နေ့နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ သတိပေးစာဖြစ်သည်။

နောက်ဆုံးတော့ မိဌေးသည် ကိုယ်၏ ဇာတိချက်ကြွေမွေးရပ်မြေကိုစွန့်ခွာခဲ့ရလေသည်။ အမေကြည်က တိုင်ပင်ဆိုတော့ အမေကြည်ကိုသာ တိုင်ပင်လိုက်မိသည်။ အမေကြည် ကလည်း  ကဲ ညည်းကျုပ်ညီမရှိတဲ့ ရွာကိုသာ သွားနေပေတော့။ သူက ညည်းကိုစောင့်ရှောက်ပါလိမ့်မယ်။ ညည်းစုမိဆောင်းမိထားတဲ့ ငွေလေးနဲ့ ရွာမှာခုလိုပဲ ဈေးရောင်းစားပေါ့။ မဟုတ်လဲ ကျုပ်ရဲ့ညီမသီလရှင်ဆရာကြီးက ညည်းကိုနေဖို့ထိုင်ဖို့ စီစဉ်ပေးမှာပါ။ ကဲ သွားပေအုန်း တော့ သမီးမိဌေးရေ.. ဘ၀သံသရာဆိုတာဒီလိုပဲ ရတက်ပွေအောင် လျှောက်လှမ်းရတယ်မဟုတ်လားလို့ မျက်ရည်လေး စမ်းစမ်းနဲ့ အားပေးလွှတ်လိုက်ရတော့သည်။

နောက် ၃ လလောက်အကြာတွင် မိဌေး၏ အိမ်နေရာသည် ဘီယာဆိုင်ကြီးကြီး တစ်ဆိုင်ဖွင့်လာသည်။ ရပ်ကွက်ရုံးမှမြေနေရာ ငှားသည်ဟု သိရသည်။ မိဌေး၏ ဟင်းရွက်ဆိုင်နေရာကို မမြင့်က သေသေချာချာပြန်လည် ပြုပြင်သည်။ သူမ၏နာမည်ဖြင့် ဆိုင်နေရာကျအောင်လျှောက်ထားသည်။ ထိုဆိုင်ပေါ်တွင် ဆန် ဆီ ဆား ငရုတ် ကြက်သွန် ကုန်ခြောက်များအား အကြီးအကျယ်တင်ရောင်းသည်။ ဒီတော့လည်း ပတ်ဝန်းကျင်မှ အသံအချို့ ထွက်လာ ပြန်သည်။ မမြင့်တို့တွင် ဒီလောက်ထိရင်းနှီးစားသောက်နိုင်လောက်သည့် ငွေရင်းမရှိဘူးဆိုတာ အကုန်သိသည်။ ဘယ်က ငွေများရသနည်း။ မမြင့်အဆိုအရဆိုလျှင် မိဘအမွေဟု နာမည်တွင်၏။ မမြင့်၏လည်ပင်းတွင် ရွှေဆွဲကြိုးတုတ် တုတ်ခိုင်ခိုင်ကြီး တစ်ကုံးနှင့် လက်ကောက်ကွင်းများခြင်း တစ်ချွင်ချွင်ထိပွတ်သံတို့သည် ဆိုင်ချင်းဘေးချင်းယှဉ်လျှက် ရောင်းနေသော အမေကြည်နားကြားမြင်ကပ်လှသည်။ စိတ်ထဲမှလည်း ပြောမိသည် ဒင်းတို့ချွင်နိုင်ကြပါစေ။ ချွင်နိုင် ကြပါစေ။ ယခုဆိုလျှင် အမေကြည်၏ ဆိုင်ကလေးပင် ခပ်ယဲ့ ယဲ့ ဖြစ်လှပြီ။ မမြင့်က သူ့ဆိုင်ကိုချဲ့လိုလှသည်ဟု အမေကြည်မကြားကြားအောင် ပြောနေတတ်သည်မဟုတ်ပါလား။ ငွေကလေး မြိုးမြိုးမြက်မြက်ရလျှင်ဖြင့် အမေကြည်ဆိုင်လေးအား ပြန်ထုတ်လိုက်မည်ဟု တွေးထားပြီးသား အမေကြည်လည်း လူထဲကလူဖြစ်သည့်အပြင် သည်နှစ် မြေးအကြီးဆုံးလေးက ၁၀ တန်းအောင်ပြီးဆိုတော့ တက္ကသိုလ်စားရိတ် ကြိုရှာထားရပေမည်။

     သည်လိုနှင့် ရက်တွေလပြောင်း ရာသီတွေပြောင်းရင်း အမေကြည်၏ ဆိုင်လေးလဲ ပျောက်ကွယ်သွားခဲ့ပြီ။တစ်နေ့ တော့ ..ဈေးဝယ်လာသူတစ်ဦး၏ ညည်းသံကြားရသည်။
“ဟင်းရွက်တွေကလည်း ပိုက်ဆံပေးပြီးဝယ်ရတာတောင် အကောင်းမရဘူး.။ နွမ်းဖတ်လို့။ အရင်ကဆို ဟိုကောင်မလေး ရောင်းသည့် ဟင်းရွက်များ စိမ်းပြီးလတ်နေတာပဲ.။”

ဈေးသည်အချင်းချင်းပြောကြသည့်စကားသည်
“ဟဲ့ မိသက် ညည်းယောက်ကျားလူအေးကြီး ဘယ်လိုဖြစ်သွားတုန်း။ အရင်ကဆိုစကားတောင် ခပ်ဟဟ ပြောတာ မဟုတ်ဘူး ညက မူးပြီး ရပ်ကွက်ထဲ ရမ်းလို့ဆို”

“အေးလေ သူကိုယ်တိုင်ကလည်းကြီးမှ မိုက်တဲ့ ကြီးမိုက် သည်ကြားထဲ အလွယ်တစ်ကူ သောက်ချင်မူးချင်တိုင်း မူးလို့ရတဲ့ ဟိုဆိုင်ကြီးကလည်းရှိ. အကြွေးကလည်းရ။ အရင်ကဆိုရင် အရက်ဆိုင်ဆိုတာ ခပ်ဝေးဝေးလျှောက်ရ တစ်ကူးတစ်က ကားစီးရနဲ့ ခုခောတ်က လိုချင်တိုင်းအလွယ်တစ်ကူနေရာတစ်ကာရနေပြန်တော့..”

“အေးလေ မိဌေးသာဟင်းရွက်ဆက်ရောင်းနေရင် ကျုပ်ယောက်ကျားအရက်သမားလည်း အသေစောမှာမဟုတ်ဘူး. ညည်းယောက်ကျားလည်း အရက်သမားဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် တွေးကြည့်တော့လည်း မဆိုင်ပါဘူးအေ။ ဒင်းတို့ကိုးက ..မိုက်တာ”

     ဟင်းရွက်သည်မလေးအား အချို့ကလည်း သတိရကြသည်။ အချို့ကလည်း မေ့မေ့ပျောက်ပျောက်။ သူမ ပျောက်သွားသည်မှာ သူမ၏ဘ၀တစ်ခုသာပျောက်သွားခြင်းဖြစ်သည်။ ယခုချိန်ဆိုလျှင် မိဌေးသည် ဘ၀သစ်တွင် အခြေကျလျှင်လည်း အခြေကျနေလောက်ပြီ။ သည်ရပ်ကွက်ထဲ ကျန်ခဲ့သည့်သူများသည်သာ ကောင်းလျှင်လည်း ကောင်းသည်ခံစားရမည်။ ဆိုးလျှင်လဲ ဆိုးသည်ခံစားရမည်။ သို့ပေမယ့် ပြန်စဉ်းစားကြည့်လျှင်လည်း ဟင်းရွက်သည်မ လေးတစ်ယောက် ပျောက်ရှသွားခြင်းသည် သည်ရပ်ကွက်၏ ကောင်းခြင်းဆိုးခြင်းကို မလှုပ်ခတ်နိုင်ပါပေ။

          အမှန်တစ်ကယ် အားနည်းချက်မှာ မကောင်းသည့်သူအား မကောင်းဘူးလို့ မပြောရဲခဲ့ကြပေ။ ငါကိုယ်တိုင် တောင် အနိုင်နိုင် ငါ့နဲ့မှ မဆိုင်တာဟူသည့် အတွေး သူ့ပြသနာ သူရှင်းလိုက်မယ်ဟူသည့် သဘော၊ ကိစ္စတစ်ခုကို ခြေခြေမြစ်မြစ် ဘာလဲဟု သေချာမတွေးတော မဆင်ခြင်ပဲ သူများအပြောနဲ့ ရောယောင်လိုက်ကြသည့် သဘော၊ အဓိက အားနည်းချက်မှာ စိတ်ထားအခြေခံမကောင်းသည့်သူအား ခေါင်းဆောင်တင်မြှောက်ထားခြင်းပင်ဖြစ်သည်။ 

မကောင်းဘူးဟုသိသည့်အခါ စည်းစည်းလုံးလုံးဖြုတ်ချခဲ့သော် ..

မကောင်းဘူးဟုသိသည့်အခါ မှန်ကန်သော လမ်းကိုလျှောက်ခဲ့သော်….

--
တွေးမိသမျှအား ၀ါသနာအရသာ ဒီပို့စ်လေးကို ရေးခဲ့မိပါသည်။ အားနည်းချက်များရှိခဲ့သော် ဖြည့်စွက်နားလည်ပေးကြဖို့ တောင်းပန်စကားဆိုရင်း ချစ်စွာသော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။    



1 comment:

  1. ဖတ်သွားပြီ မွန်လေးရေ.... ကျေးဇူးနော်။

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......