Monday 8 December 2014

ဘ၀ထဲမှာ ဘ၀ကိုရှာ



ဒီညမှ မိုးကလည်း ကောင်းပကွာ။ ညနေကထဲက တစ်စိမ့်စိမ့်ရွာနေခဲ့တာ။ ထီးခပ်ကြီးကြီးမိုးထားပေမယ့် နောက်ကျောဘက်က မလုံချင်ဘူး။ ကျောပြင်မှာ မိုးရေစက်တို့ဖြင့် စိုလို့ရွှဲနေပြီ။ သူရွာနေတာက အကြောင်းမဟုတ်ဘူး ဒီညနေအတွက် ချက်ထားတဲ့ မုန့်ဟင်းရည်တွေမှ မကုန်ရင် ဒုက္ခပဲ။ နေ့တိုင်း နေ့ပြန်တိုးယူထားတဲ့ ပိုက်ဆံဘယ်လို များဆပ်ရပါ့။ မနက်ဖြန် ဈေးဖိုး ဘယ်လိုများအပ်ရပါ့မလဲ။ သမီးလေးကျောင်းလခကလဲ မနက်ဖြန် နောက်ဆုံးတဲ့။

          ပိုက်ဆံ ပိုက်ဆံ … ရှိတဲ့ သူတွေအဖို့တော့ ခွက်ကြီးကြီးနဲ့ ရေခံရသလိုပဲ တစ်ဝေါဝေါ ၀င်လာမစဲ တစ်သဲသဲ သူတို့လို ခွက်တောင်မဟုတ် ဘူးသီးခြောက်နဲ့ ရေခံတဲ့သူတွေအဖို့တော့ဖြင့် ရေကျရာနေရာလဲ လိုက်ရှာရသေး ဟောရေကျတဲ့ နေရာရောက်ပြန်တော့ ကိုယ်လိုသူလိုဘ၀တူတွေနဲ့ အတင်းဝင်ရ  နေရာလေးရပြန်တော့ ပါလာတဲ့ ဘူးသီးခြောက် အပေါက်ဝနဲ့ရေကျတဲ့နေရာ တည့်အောင် မနည်း လိုက်ချိန် ပြီ ရေခံနေရသတဲ့ဘ၀။

          “အစ်ကိုကြီးရေ ထုံးစံအတိုင်းလေး ”

အတွေးနဲ့ ရေခံနေရာက အသံကြားလို့ မော့ကြည့်ပြန်တော့ သြော် မစမယ့် ဘိုးတော်လေးကို

“ရော့ ရော့ .. ဒီနေ့တော့ အိပ်စိုက်ပဲကွာ.. ခုထိ ဈေးဦးမပေါက်သေးဘူးဟ. ”

အခွန်ပြေစာဖြတ်ပိုင်း လှမ်းယူလိုက်ရင်း နှုတ်က မကျေနပ်သလို ရေရွတ်မိတယ်။ ကောင်လေးကတော့ သူယူစရာရှိတဲ့ ပိုက်ဆံယူပြီး ထွက်သွားလေရဲ့။ ရုတ်တရက် ခြေသလုံးကိုစူးကနဲ။ ကြည့်လိုက်တော့ လားလား နည်းတဲ့ ကောင်လား  သွေးတွေကို ၀နေတာပဲ။ ခပ်မြန်မြန် ဆတ်ကနဲ ရိုက်ချပစ်လိုက်တယ် ။ ဖြောင်းကနဲ ..ကဲ ကြွလေရော့ တစ်ကောင်.. ခြင် ခင်ဗျ မကျေနပ်မှုလက်ဝါးကြီးနဲ့ အ၇ိုက်ခံရရှာတယ်။ သတ္တ၀ါနဲ့ လက်နက် မမျှပုံများ သူ့ရုပ်ကြွင်းက ခြေသလုံးမှာ ပြားပြီးကပ်လို့။

          “အစ်ကိုရေ မုန့်ဟင်းခါး တစ်ပွဲပေးဗျာ။ ပါဆယ်ထုပ် ပေးလိုက်တော့”
         
ဟော ၀ယ်နေကျဖောက်သည်ကောင်လေးလာပြီပဲ။

“ဆိုင်မှာ မစားတော့ဘူးလား ကောင်လေးရ”

“မြန်မြန်လေးထည့် မစားတော့ဘူး အစ်ကို.. ဟင်းရည်လေး အပိုထည့်ပေးပါဗျာ။ ကျွန်တော် မနက်ကထဲက ထမင်းမစားရ သေးဘူး။ ဆိုင်မှာစားတစ်ပွဲဆို မရလောက်ဘူး။ အဲဒါ သူငယ်ချင်းချိုင့်ထဲကပိုတဲ့ ထမင်းကြမ်းလေးနဲ့ အစ်ကို့မုန့်ဟင်းခါး ခုမှ ရောမွှေရမှာဗျ။ ”

“ဟကောင်ရ မင်းဟာကလည်း တစ်ယောက်တည်းနဲ့ကို ကြပ်နေပါလားကွ ငါ့လို မိသားစုနဲ့မို့ဆို တော်သေး”

“အာ. မပြောချင်ပါဘူးဗျာ။ ဆိုက်ကားနင်းရင်း နယ်ကျော်သွားလို့လေ အဲဒါ ဒဏ်ကြေး ဆောင်လိုက်ရတယ်။ ဒီနေ့မိုးကလည်း အေးတော့ လူကလဲကျဲတယ်လေ အလုပ်မကောင်းဘူးဗျ”

          သူပြောမနေတော့ပါဘူး ကိုယ့်ထပ် ဘ၀ဆိုးတယ်မဟုတ်လား။ ကောင်လေးက နယ်ကနေလာပြီ ဆိပ် ကမ်းမှာ ကုန်လာထမ်းတာ။  နောက် ရန်ကုန်ပါးနည်းနည်းဝလာတော့ ဆိုက်ကားလေး အုံနာကြေးပေးပြီး နင်းနေရရှာတာ။ နယ်မှာ သူ့အမေကြီးနဲ့ ညီမလေးရှိတယ် ပြန်ထောက်ပံ့နေရတယ်လို့ သိထားလေတော့ မုန့်ဖတ်များများ ဟင်းရည်များများ ပိုပိုသာသာ ထည့်ပေးလိုက်တော့တာပဲ။ သားသမီးချင်း ကိုယ်ချင်းစာတယ်။ သူ့ခင်ဗျာ ပင်ပင်ပန်းပန်းပိုက်ဆံရှာရ တာ ခုလိုညဘက်မှ တစ်နပ်ဆိုတော့ကား.  ဆာနေရှာရောပေါ့။ ကောင်လေးကတော့ ပိုက်ဆံပေး မုန့်ထုပ်ကြီးဆွဲ ပြီး ခပ်သွက်သွက်လှမ်းထွက်သွားတာ အတော်ဆာနေရှာပြီ ထင်ပါရဲ့။

          “မုန့်ဟင်းခါး တစ်ပွဲ အကြော်ထည့်ပေး ပြီး ငါးဖယ်လေးပါထည့်နော်.. ဒီမှာပဲ စားမှာ”
         
          အမျိုးသမီးကြည့်ရတာ ပိုက်ဆံရှိမယ့်ပုံ။ ဒီအနီးအနားကပဲနေမှာ။ အိမ်နေရင် ၀တ်စုံ ခပ်နွမ်းနွမ်း ၀တ်ထားပေ မယ့် လည်ပင်းကဆွဲကြိုးကြီးက လက်လက်ကိုထလို့။ ကဲ ဘာပဲ ဖြစ်ဖြစ် မိုးနည်းနည်းစဲသွားပြီး ၀ယ်သူလာဖို့က အဓိ ကမဟုတ်လား။

“ဟုတ်ကဲ့ အစ်မ ရမယ် ထိုင် ထိုင် ”

အမျိုးသမီးက ရှေ့က ခုံမှာဝင်ထိုင်ရင်း သူကမ်းပေးလိုက်တဲ့ အမွှေ့တစ်ထောင်းထောင်း မုန့်ဟင်းခါးပန်းကန်ကို လှမ်း ယူတယ်။

          “ဟယ်.. ပန်းကန်ကြီးက ပဲ့နေတယ်တော့။ ပြီးမုန့်ဟင်းရည်က ကျဲလိုက်တာ. မုန့်ဖတ်လေး နည်းနည်းလောက် ထည့်ပေးပါအုန်း။ ”

 သူမုန့်ဖတ်နည်းနည်းယူပြီ လှမ်းထည့်ပေးလိုက်တယ်။ အမျိုးသမီးက တစ်ဇွန်းနှစ်ဇွန်းမွှေပြီ ငရုတ်သီးမှုန့်နဲ့ ငံပြာရည် ပေါက်ထည့်လိုက်တယ်။

          “အမယ်လေး စပ်ထှာ မောင်လေး ဟင်းရည်လေးနည်းနည်းနဲ့ မုန့်ဖတ်လေး နည်းနည်း ထပ်ထည့်ပေးပါ လား။ နည်းနည်းလဲ လေးသွားသကွဲ့”

ဒီလိုနဲ့ ပန်းကန်ထဲ နှစ်ပွဲစာ မုန့်ဟင်းခါးကို အားရပါးရ အမျိုးသမီးက ကြိတ်တော့တာပဲ။ ဟင်းရည် အပို တောင်းတာက နှစ်ခါ။ ပြီး ပိုက်ဆံထုတ်ပေးတော့ ငါးရာတန်က အပြဲ။ ပြဲတာမှ အလယ်တည့်တည့်က ပြဲနေသည့်  ပိုက်ဆံကို တိတ်ကပ်ထားသည့် ပိုက်ဆံ။

“အစ်မ ပိုက်ဆံက ပြဲနေတယ်.. နောက်တစ်ရွက်လဲပေးပါလား အစ်မ”

“မပါတော့ဘူးကွဲ့ အစ်မမှာလဲ အဲဒီတစ်ရွက်ပဲ ပါတာ။ ယူသာထားလိုက် နောက်နေ့ အစ်မလမ်းကြုံတော့ ပြန်လဲ ပေးမယ်။ အစ်မက ဒီနားမှာပဲ နေတာ”
         
ဒီလိုနဲ့ ငါးရာတန်အပြဲဟာ အိပ်ကပ်ထဲ မ၀င်ချင် ၀င်ချင် ၀င်သွားတော့တာပဲ။ လမ်းကြုံမယ်လို့တော့ ကျုပ် မထင်ပါဘူးဗျာ။ ဖြန်း ကနဲ ခြေသလုံးက နောက်ထပ် သွေးစုပ်သတ္တ၀ါကို ထပ်ရိုက်လိုက်ပြန်တယ်။ ဒီတစ်ခါ တော့ ပြားပြီး ကပ်ရုံမဟုတ်ဘူး အမှုန့်ပါ ကြေသွားသလားမသိ။ ရုပ်ကြွင်းတောင် ရှာမတွေ့။ မိုးကတော့ စွေကောင်းတုန်း။  တစ်စိမ့်စိမ့် ည ၈ နာရီရှိပြီ။ မုန့်ဟင်းရည်က တစ်ဝက်မကျိုးသေးဘူး။ စိတ်ထဲကနေ ခိုးပြီး သက်ပြင်းသာ ရှိုက်လိုက် မိတော့တယ်။

“အစ်ကိုရေ  မုန့် ရှစ်ပွဲပေးဗျာ။ အားလုံး အလွတ် အကြော်မထည့်ဘူး။ နံနံပင်ကို ပန်းကန်လေးတစ်ချက်နဲ့ ပိုထည့်ပေးပါလား”

ကောင်လေးနဲ့ ကောင်မလေးအုပ်စု ရုံးဝတ်စုံဆင်တူလေးတွေနဲ့။ အလုပ်ဆင်းလာတာနဲ့ တူပါရဲ့။ မုန့်မှာ ပေးတဲ့ ကောင်လေးဘေးနားမှာ ထိုင်နေတဲ့ ကောင်မလေးနဲ့က စုံတွဲတွေဖြစ်ပုံရတယ်။ ကျန်တာက သူငယ်ချင်းတွေ နဲ့ တူပါရဲ့။  မုန့်ထည့်ပေးနေရင်း သူတို့ဝိုင်းက စကားပြောသံ ကျုပ်နားထဲ ၀င်လာပြန်တယ်။

“မင်းတို့ အတွဲ ဘယ်တော့စားရမှာလဲ ကွ”

“ဘယ်တော့စားရမလဲ မမေးနဲ့ ဟေ့ ဖြစ်နိုင်ရင် ငါတို့က ခုတောင် လုပ်ပစ်လိုက်ချင်တာ ”

“ဟုတ်တယ်ကွ မေ ပြောသလိုပဲ ငါတို့က ဖြစ်နိုင်ရင် ခုပဲ လုပ်ပစ်လိုက်ချင်တာ”

“ဟ လုပ်ပစ်လိုက်လေကွာ ကြိုက်လာတာပဲ သုံးနှစ်သုံးမိုးရှိနေပြီ”


“အပြောသာလွယ်တာဟဲ့ မင်္ဂလာဆောင်စားရိတ်ကရှိသေးတယ်။ တွေးကြည့်ရင် အဝေးကြီးပါဟာ ငါတို့လို  လစာလေးက မဖြစ်စလောက် တစ်ခါတစ်ခါ အိမ်ကိုလဲ ပြန်ထောက်ရသေး။ နောက်နှစ်တောင် မလွယ်ပါဘူးဟယ်။ ”

ကောင်မလေးက အားလျှော့စကားဆိုပြန်တော့

“မေကလည်း မောင် ကြိုးစားနေပါတယ် အချိန်လေးပဲ စောင့်ပေးပါကွာ နော်..နော်”

ပြီး သူတို့ဝိုင်းလေးက တိတ်ဆိတ်သွားတယ် ။ ကိုယ့်ပန်းကန်ထဲကမုန့်ကိုပဲ ဂရုတစ်စိုက် ငုံ့ စားနေကြတယ်။ ကောင်လေးနဲ့ ကောင်မလေးအရွယ်က အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်နေပြီ။ အင်း ..သူတို့လဲ သူတို့ အပူနဲ့ သူတို့ပါလား။ အဲ သူ့အတွက်တော့ အခြေအနေကောင်းလာတယ်လို့ ပြောရမယ်။ ဆိုင်ထဲ လူအ၀င်စိတ်လာတာကိုး။ ဒီအပုံအတိုင်းသာ ဆက်ရောင်းရ ည ၁၀ နာရီလောက်ဆို ကုန်လောက်တယ်။ တော်ပါသေးရဲ့.။  အပြန်နောက်ကျလေ တော့ အောက်ဆိုဒ်ကားနဲ့ တိုးလောက်တယ်။ မတတ်နိုင်ဘူး အရင်းလေးပြန်ရတော်သေးတာပေါ့။

“ညီလေးရေ ပါဆယ် ၁၀ ပွဲစာ လုပ်ကွာ။ သေသေချာချာ ထုပ်ပေးလိုက်နော်။ အစ်ကို့ အိမ်က နည်းနည်း ဝေးသေးတယ်။ ဒီနားမှာ ကားပါကင်ထိုးနေကြကွ။ မင်းမုန့်ဟင်းခါးဟင်းရည်နံ့ လေးက မွှေးနေတာပဲ။ အိမ်ကို ကြော်ငြာလွန်းလို့ စားချင်ကြတယ်ဆိုလို့ အဲဒါ အိမ်အပြန်ဝယ်သွားမလို့ ကွ”

“ဟုတ်ကဲ့ အစ်ကိုရမယ်.. ခဏလေးထိုင်စောင့်နော်”

အမယ်လေး ညည့်နက်လေ ပွဲရေ အများကြီးနဲ့လာလေပဲ ။ အခြေအနေမကောင်းဘူးထင်ထားတာ။ ခုတော့ လဲ ဘယ်ဆိုးလို့လဲ။ သူ့နှုတ်က လေတောင် ချွန်လိုက်မိတယ်။ အရင်းအပြင် မနက်ဖြန် ဈေးဖိုးနဲ့ ကျောင်းလခတော့ အ ဆင်ပြေပဟ။ ခုနကလို ဘယ်နေရာကနေ ပိုက်ဆံရပါ့မလဲ လို့ ဦးဏှောက်ခြောက်အောင်ပင် စဉ်းစားစရာ မလိုတော့ ။ သူ ခပ်မြန်မြန် သွက်သွက်လက်လက် မုန့်ထုပ်တွေကို သေသေချာချာလေး ထုပ်ပေးလိုက်တယ်။ 
မိုးကလည်းတိတ် ခပ်အေးအေးနဲ့ သူ့မုန့်ဟင်းရည်နံ့ ပူပူနွေးနွေးနဲ့ ဆိုတော့ ရာသီနဲ့ အစာ ခုမှ ဓာတ်တည့် သွားပုံရတယ်။ ညနေပိုင်းက အေးနေသလောက်  ညည့်နက်လေ ပိုရောင်းကောင်းလေ။ လက်ကိုမလည်ဘူး။ ဒီလောက် မိုးစိမ့်နေတဲ့ကြား သူ့နဖူးမှာ ချွေးတွေ စို့လာသည်အထိပဲ။ ဒါပေမယ့် သူ့နှုတ်က သီချင်းလေးတောင် ညည်းမိနေလေ တာ။ ည ၉ နာရီခွဲ ကျော်ကျော်လောက်မှာ မုန့်ဟင်းရည်က ပြောင်သလင်းခါပြီ။ လူကျလွန်းအားကြီးလို့ နောက်ဆုံး ၅ ပွဲလောက် ပါဆယ်လာဆွဲတဲ့ ကောင်လေးတော့ဖြင့် ရေနွေးနဲ့ အရောလေး မိသွားရှာပေါ့။ နောက်တစ်ခေါက်ဆို ကောင်းကောင်းပိုထည့်ပေးပါ့မယ် ကောင်လေးရာ။ 

ဒီတစ်ခေါက်တော့ ဆောရီး။ ပန်းကန်တွေ အိုးတွေကို မလှမ်းမကမ်းက သူ့ပစ္စည်းတွေ သိမ်းနေကျ  တိုက်ခန်း က ရေကိုသယ် သေသေချာချာဆေးကြောသုတ်သင်။ ပြီး အိုးတွေထဲ အစီအရီထည့်။ ခုန်တွေကို ရေစိုအ၀တ်နဲ့ နည်း နည်း လိုက်သုတ်။ ဒါက သူနေ့စဉ်လုပ်နေကျ ၀တ္တရား။ ဘာပဲပြောပြော လမ်းဘေးရောင်းတယ်ဆိုပေမယ့် သန့်သန့် ပြန့်ပြန့်လေးမှ စားချင်စဖွယ်ရှိမှာပေါ့။ ဒါကြောင့်လဲ ဒီဆိုင်လေးနဲ့  အိမ်စီးပွားရေးကို အချိန်ကြာကြာ ထောက်ပံ့ပေး ထားနိုင်တာပေါ့။ အရသာဆိုလဲ မခိုဘူး။ စားသုံးသူဆိုတာ ပိုက်ဆံပေးရပါစေ အရသာကကောင်း သန့်သန့်ပြန့်ပြန့် ဆိုရင် ကျေနပ်ပြီး စားကြတာပဲ မဟုတ်လား။ ကိုယ်ပိုက်ဆံရသလောက် ထိုက်တန်အောင် ပြန်ပေးရတာပဲ စေတနာ သန့်သန့်လေးပါ ထည့်လိုက်တော့ သူ့အတွက် ဒီအလုပ်လေးက ပင်ပန်းပေမယ့် မိသားစု ၀မ်းဝအောင် ကျွေးနေ နိုင်တာပဲ။

          သူ့လိုမျိုးပဲ အလုပ်ဖြစ်ကျပါ့မလားလို့ သူ့ဘေးမှာ ဆိုင်တွေ အလျှိုလျှိုပေါ်ခဲ့ ဖူးပါရဲ့။ မကြာပါဘူး ပြန် ပျောက်သွားကြတာပဲ။ သူတို့က ပိုက်ဆံပဲ လိုချင်တာလား။ စားသုံးသူကို မလေးစား စေတနာကလည်းမပါ။ အရသာက လဲ စစချင်းသာကောင်းတာ။ နောက်ပိုင်း ခိုလာတော့ အရင်းတွေပြုတ်ပြီး နေ့ပျောက် ညပျောက် ပျောက်ကုန်ကြတာပဲ။ ရောင်းသူနဲ့ဝယ်သူပဲဗျာ မရှိလို့ ရောင်းပေမယ့် မြန်မာလူမျိုးပီပီ စိတ်အရင်းခံ စေတနာလေး ထည့်ရောင်းတော့ ၀ယ်သူလဲ စိတ်ချမ်းသာ ရောင်းသူလဲ အကျိုးအမြတ်ရပေါ့။ ဒါက ကျုပ်အယူအဆပါလေ။ တစ်ချို့ တစ်ပွဲတိုးတွေ တောင် ၇ှိသေး။

နောက်ဆုံး ဆိုင်စားပွဲကြီးကို လှမ်းပြီး သိမ်းလိုက်မှ ခုံအောက်မှာ ကြွပ်ကြွပ်အိတ် အမည်းနဲ့ အထုပ်တစ်ထုပ် ဗျာ။ ဘယ်သူကျန်သွားလဲ မသိပါဘူး။ သူကျောပိုးအိတ်ထဲ ကောက်ထည့်ထားလိုက်တယ်။ နောက်နေ့ ကျန်တဲ့သူ လာမေးမှာပဲ။ အဲတော့မှ ပြန်ပေးလိုက်မယ်။ ပစ္စည်းတွေလဲ သိမ်းလို့ပြီးပြီမို့ သူကားဂိတ်ရှိရာ လိုင်းကား အမှီ အသော့လေးနှင်လိုက်တယ်။ အိမ်ပြန်ရောက် ရေမိုးချိုး ညနေစာ ထမင်းစား။ သမီးနဖူးလေးနမ်းပြီး အိပ်ယာ ၀င် ခဲ့တယ်။  ပင်ပန်းလို့လား မသိပါဘူး။ နံနက်ခင်း နေခြည်ရယ်နွေးလာမှ တစ်ရေးနိုးတော့တယ်။
          ညနေဈေးပြန်ထွက်ဖို့ ပြင်နဲ့ တစ်နေ့လုံးနားရတယ် မရှိပါဘူး။ ညနေဆိုင်ပြန်ထွက်တော့ မဆိုးဘူး အခြေအ နေကောင်းတယ် ဆိုရမယ်။ မနေ့ကလို ပွဲရေအများကြီး ခပ်မြန်မြန်ရောင်းရ သိပ်ကောင်းမယ်ဗျာ။ ကျုပ် အိမ်မြန်မြန် ပြန် သမီးလေးနဲ့ေ တွ့ရတာပေါ့။ ခုက ကျုပ်ပြန်ရင် သမီးက အိပ်ပြီ။ နေ့လည်ဆို သမီးက ကျောင်းသွားနဲ့ ကျုပ်တို့ သား အဖ ဝေးနေတာကြာပေါ့။
“ညီလေးရေ တစ်ပွဲလုပ်ကွာ..ဟူး”         

“သြော် မနေ့က အိမ်အတွက် ပါဆယ်ဆွဲသွားတဲ့ အစ်ကိုကြီးပဲ။ ဘယ်လိုလဲ အိမ်သားတွေ သဘောကျရဲ့ လား”

“အေးကွာ ကျပါရဲ့ ဒါပေမယ့် ”

“ဘာလဲ ဒါပေမယ့် အစ်ကိုရ.. ကျွန်တော့် မုန့်ဟင်းရည် မကြိုက်ကြဘူးလား”

“ညီလေးနဲ့ မဆိုင်ပါဘူးကွာ။ မနေ့က အစ်ကိုဘဏ်ကနေ ပိုက်ဆံထုတ် လာတာကွ သွားတဲ့ နေရာကလည်းများ မိုးကလည်းရွာဆိုတော့ သုတ်သုတ်သွား သုတ်သုတ်ကားထဲပြန်ဝင်ထိုင်ဆိုတော့လေ အဲဒီ ပိုက်ဆံ ထုပ် ဘယ်နားကျခဲ့လဲ မသိဘူးကွ။ နည်းနည်းလဲ သောက်ထားတော့ ပြန်စဉ်းစားလို့ကို မရဘူးကွာ”

“ဘယ်..ဘယ်လောက် ထုပ်လာလို့လဲ အစ်ကို”

“၁၅ သိန်း ။ အစ်ကိုတို့အနေနဲ့ဆို ၁၅ သိန်းက မပြောပလောက်ပါဘူး။ ဒါပေမယ့် ကိုယ့်ပိုက်ဆံဆိုတော့ လဲ နှမျှောတာပေါ့ကွာ.. အဲတော့ စိတ်ထဲနေလို့တော့ မကောင်းဘူးကွ”

ဟာ.. ဟို အမည်းရောင် အထုပ်က ၁၅ သိန်းဆိုပါလား။ မိန်းမလည်ပင်း ရွှေဆွဲကြိုး တစ်ကုံးလောက် တင်ပေး နေချင်သည်မှာ ကြာပေါ့။ ဒီလူကိုယ်တိုင်ကလည်း ဘယ်နေရာ ကျန်လို့ ကျန်ခဲ့မှန်းမသိဘူး။ ဂွင်ပဲ။ သူတို့က သူဌေးပဲ သူတို့ အတွက် ၁၅ သိန်းလောက်က ဘာအရေးလဲ။ ကျုပ်တို့အတွက်သာ ၁၅ သိန်းဆိုတာ အိမ်မက်တောင် မမက်ဘူးတဲ့ ပမာဏ။ သို့ပေမယ့် သူက ငါ့ဆိုင်က စားသုံးသူ။ မနေ့က သူ့ခင်ဗျာ တစ်ကူးတစ်က လာဝယ်ရ ရှာတာ။ ငါ သူ့ပိုက်ဆံယူထားလဲ လိပ်ပြာလုံပမလား။ ငါ့ မိန်းမလည်ပင်း ရွှေမဟုတ်ပဲ မီးကျီခဲ စွတ်ထားသလို ဖြစ်နေမှာ။ ရိုးရိုး သားသားနဲ့ ရှာတဲ့ ပိုက်ဆံနဲ့ပဲ ငါ့မိန်းမကို ရွှေလုပ်ပေးမယ်။ လည်ချောင်းဝ ကထွက်လာတဲ့ အသံက ခြောက်ကပ်ကပ်

“အစ်ကို့ ပိုက်ဆံက..ကြွပ် …ကြွပ် အိတ် အ… အ မည်းရောင်နဲ့လား”

“ဟာ ..ဟုတ်တယ်ညီလေး.။ ဒီ..ဒီမှာ ကျန်ခဲ့တာလား”

သူခေါင်းညိမ့်ပြရင်း ကျောပိုးအိတ်ထဲက ကြွပ်ကြွပ်အိတ်အမည်းရောင်ကို ထုတ်လိုက်တယ်။ ပြီးတော့ အစ်ကို ကြီးလက်ထဲ ထည့်ပေးလိုက်တယ်။ သူ့လက်တွေတုန်နေတယ်။ ဒါကိုပိုက်ဆံလို့ မသိခင်က တစ်မျိုးပေါ့။ ခုတော့ သူ တို့ အိမ်မက်တောင် မမက်ဝံ့သည့် ၁၅ သိန်းဆိုတော့. စိတ်ထဲ ငိုချင်သလိုလို နမျှော    သလိုလိုကြီး။ ပိုက်ဆံပိုင်ရှင် အစ်ကို ကြီးကတော့ ၀မ်းသာလွန်းလို့ ။ သူ့ကို ကျေးဇူးဆပ်တာဆိုပြီး ၂ သိန်းပြန်ပေးခဲ့သေးတယ်။ ကျုပ်ကတော့ ၀မ်းနည်း ၀မ်းသာကြီးပါဗျာ။

အဲ..ဒါပေမယ့် ကျုပ်ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဗျ။ တစ်ခါတစ်ခါ အဲဒီအစ်ကိုကြီးက ကျုပ်ကို တစ်ကူးတစ်က မုန့်ဟင်းခါး အော်ဒါ လာမှာတတ်သေးတယ်။ သူ့ အလုပ်က လူတွေကို ကျွေးဖို့တဲ့။ သူတင်မက သူ့သူငယ်ချင်းတွေ ကပါ လာမှာသဗျ။ ကျုပ်ကတော့ စေတနာကောင်းပြီးမှန်လို့ ကံကောင်းတယ်လို့ပဲ မှတ်ပါတယ်ဗျာ။ ကျုပ်တို့ ငွေမရှိ လို့ ငွေရှာကြတယ်ဆိုပေမယ့် ငွေနောက်တော့ ကောက်ကောက်ပါအောင် မလိုက်ကြဖို့လိုတယ်ဗျ။ ငွေ ဆိုတာ ကိုယ်က လိုက်လွန်းရင် သူကအပြေးပိုမြန်လာလေ မဟုတ်လား။ အဲ ပြေးလွန်းတဲ့ ငွေနောက်ကို ခင်ဗျား လိုက်လို့ မှီပြီ   ဆိုရင်တော့ သေချာတယ် ခင်ဗျားဟာ ချောက်ကမ်းပါး အစွန်းကို တက်နင်းထားမိပြီဆိုတာ လေးကို သတိရကြဖို့ပါပဲ။ 



***
ချစ်သော မောင်နှမများအားလုံးကျန်းမာချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကိုဖြင့် google ကနေ ရှာဖွေပြီး သုံးထားပါတယ်။ 

No comments:

Post a Comment

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......