ကျွန်မလေ
ကိုယ့်ရင်ထဲက မြိုသိပ်လို့ထားရသမျှ ခံစားချက်တွေ အားလုံးကို အန်ထုတ်လို့ရရင် အန်ထုတ်
ပစ်လိုက်ချင်တယ်။ ဆို့နင့်နင့် ခံစားရတဲ့ အရသာဟာ
တစ်ကယ့်ကို ခံစားရခက်လှတယ်။ ကျွန်မက နုံတယ်တဲ့ အေးတယ်တဲ့။ ကျွန်မတော့ ကိုယ့်ကိုယ်ကို
အဲဒီလို မထင်မိဘူး။ နုံတယ်ဆိုတာမျိုးက ဘာဆိုဘာမှန်းမသိတတ်တဲ့သူ ဘာဆိုဘာမှ မသိတဲ့သူကိုမှ
ခေါ်လို့ရမယ် ထင်တယ်။
ကျွန်မက
စကားတစ်ခွန်းဟလို့ ပြောလိုက်တယ် ဆိုတာနဲ့ ဘယ်ရည်ရွယ်ချက်ကို ရောက်အောင်သွားတော့ မလဲ
ဆိုတာကို ခန့်မှန်းမိတယ်။ ကျွန်မရဲ့ ဘ၀ကသိသိရက်ကြီးနှင့်
နှုတ်ကဖွင့်ဟပြီး ရင်ဖွင့်လို့ ချပြစရာ မရှိတဲ့ အဖြစ်။ ကျွန်မက နယ်မြို့လေးတစ်မြို့က
ပိုက်ဆံအတော်အသင့်ရှိတဲ့ မိသားစုမှာ တစ်ဦးတည်းသော သမီး။ မိဘများက ထိန်းသိမ်းတော်ခဲ့လေတော့
ဘွဲ့သာရပြီတယ် ရည်းစားသနာမရှိ။ အိမ်မှုကိစ္စနိုင်နင်းတဲ့ မိဘမျက်နှာပွင့်စရာ သမီးတစ်
လိမ္မာတစ်ယောက်ဖြစ်ခဲ့တယ်။
မိဘတွေရဲ့
ဆန္ဒအရ ရွေးချယ်ပြီး ပေးစားလိုက်တဲ့ လင်တော်မောင်ကို ရိုသေလေးစား အားကိုးပြီချစ်ခဲ့တယ်။
မိဘများကလည်း စိတ်ချလို့သွားပြီနှင့်တူပါရဲ့ ကျွန်မအိမ်ထောင်ကျပြီ တစ်နှစ်အတွင်းမှာ
ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကွယ်လွန်သွားကြတယ်။ ဒီတော့ ကျွန်မအတွက် ဆွေရင်း မျိုးရင်း
သွေးရင်းသည် လင်တော်မောင်နှင့် လင်တော်မောင် ဘက်က မိဘတွေပေါ့။ လင်တော်မောင်ဘက်က စည်းစိမ်ချမ်းသာပြည့်စုံတာနှင့်အညီ
တိုက်ကြီး ကားကြီးတစ်ဝီ၀ီနှင့် တော့ နေရစားရပါရဲ့။ အိပ်တော့လဲ ဖဲမွေ့ယာပေါ် အိစက်ညက်ညောစွာ
အိပ်ရပါရဲ့ သို့ပေမယ့် နှစ်ယောက်အိပ် ကုတင် အကြီးကြီးမှာ တစ်ခြမ်းလှစ်လက်လို့ အိပ်ခဲ့ရတဲ့
ညပေါင်းဟာ အများအပြား။ ကားကြီးကလည်း တစ်ဝီ၀ီပါပဲ သို့ပေမယ့် တစ်ပတ်မှာ တစ်ခါ အိမ်အတွက်ဈေးဝယ်ခြမ်းရုံသာ
စီးရတဲ့ကား။
အ၀တ်ဘီဒိုထဲမှာလဲ
တန်ဖိုးကြီး အ၀တ်အစားတွေ အပုံအပင်ရယ်ပါ။ တစ်ချို့ဆို အသစ်စက်စက်။ လက်ဝတ်လက်စားဆိုလဲ
မိဘလက်ငုတ်လက်ရင်းနှင့် ယောက္ခမဘက်ကဆင်ပေးထားတာဖြင့် ပြည့်စုံသည်ထက် ပိုတောင်နေလှပြီ။
ဒါပေမယ့် သနားစရာက တစ်နှစ်နေလို့မှ တစ်ခါလင်တော်မောင်ရဲ့ အပြမယားအဖြင့် ရွှေလက်တွဲ လို့
ပွဲတက်ရသည့်အခါမှ ထုတ်ဝတ်ဖြစ်တဲ့ အဆင်တန်ဆာ။ အိမ်မှာနေလို့ကဖြင့် နံနက်စာ နေ့လည်စာ
နေ့လည်ခင်း အချိုတည်းသည့်ပွဲ ညနေစာဖြင့် အိမ်ရှိလူကုန် အတွက် မနေမနားချက်ပြုတ် ပြင်ဆင်ပေးရတဲ့
ကျွန်မရယ်လေ။ တစ်အိမ်လုံးသန့်ရှင်းရေးလဲ ကျွန်မ။ အ၀တ်အစားလျှော်ဆိုလဲ ကျွန်မ။ မီးပူတိုက်လို့
ဘီဒိုတွေထဲ လိုက်ထည့်ပေးရင် တောင်မှ ကျွန်မကိုယ်တိုင်စီထည့်ပေးမှ နှစ်သက်သဘောကျသတဲ့။
တော်သေးတာက တစ်ယောက်တည်းမဟုတ်ပဲ အိမ်အကူ မိန်းကလေးတစ်ယောက်ထားပေး ပေလို့ပေါ့။
ကျွန်မကဖြင့်
ညအိပ်ယာဝင်ချိန်တိုင်း လွတ်နေတတ်တဲ့ ပိုင်ရှင်မဲ့ ခေါင်းအုံးလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်
ရပေမယ့် ပိုင်ရှင်ပြန်လာတဲ့နေ့မှာ ခေါင်းအုံးလေးဟာ ကိုယ်ငွေ့နဲ့နွေးနေပြီ အေးခဲမသွားတာလေးပဲ
ကျေးဇူးတင်မိ လှပါတယ်။ အမှန်ဆို ကျွန်မက အချစ်ဆိုတာကို လင်တော်မောင်နဲ့မှ စတင်ထိတွေ့
အစပြုခဲ့ဘူးတာလေ။ မမြင်ဘူး မူး မြစ်ထင်ဆိုသလို ရူးခဲ့ပေတာကိုး။ ချိုချိုသာသာ နူးနူးညံ့ညံ့
သကာလူးထားတဲ့ စကားတွေကြားထဲမှာ မလူးသာ မလွန့်သာ ။ တစ်ချို့စကားလုံးတွေဆို နူးညံ့သလောက်
ဓါးတစ်လက်လောက်နီးနီး ထက်ကြပေတာပဲလို့ ကြုံဖူးမှ သဘောပေါက်လာတဲ့ အဖြစ်။ တစ်ခါတစ်လေမှ
ပြန်လာတတ်တဲ့ လင်တော်မောင်ရဲ့ ကိုယ်သင်းနံ့မှာ မွှေးမွှေးကြိုင်ကြိုင် ထုံထုံအီအီ ရေမွှေးနံ့တွေ
ကပ်ပါလာတတ်တယ်။ တစ်ခါတစ်လေ အနီရောင် ပန်းရောင် ခပ်တောက် တောက် ရောင်ခြယ်တွေ စွန်းထင်းလာတတ်တယ်။
ဘာလဲလို့ မေးတဲ့အခါ မသိဘူး ဘယ်လိုစွန်းလဲ ဆိုတဲ့ စကားအပြင် ပိုမရခဲ့ဘူး။ သြော်.. မိန်းမတစ်ယောက်ရဲ့
ရင်ထဲက မြိုသိပ်မှုဟာ တစ်ဖြည်းဖြည်းနဲ့ ပွယောင်းနေရာက ကျစ်လစ် အေးခဲ မောကြောလာခဲ့ပြီ။
အားကိုးရာ
ယောက္ခမကို တိုင်တည်ပြန်တော့ အချိန်တန် အိမ်ပြန်လာ ကျွန်မကတရားဝင် ဇနီးမယား ဖြစ်နေတာ
နဲ့တင် အားရကျေနပ်စရာ ကောင်းနေပြီတဲ့။ ကျွန်မလို အဆင့်အတန်းဟာ ဖဲမွေ့ယာကို အိမ်မက်တောင်
မက်ဖူးမယ် မထင်ဘူးတဲ့။ ခုဆိုရင် ဖဲမွေ့ယာကို ပိုင်ဆိုင်နေပြီပဲ လှစ်လပ်နေတဲ့ ခေါင်းအုံးလေးကို
ဘာလို့ စာဖွဲ့နေမလဲ သမီးရယ်တဲ့။ ကဲ ကျွန်မပြောပါတယ် ဘယ်လောက်ထိ နူးညံြ့ပီး ထက်မြနေလိုက်တဲ့
စကားလုံးတွေလဲ။ ရင်ဘတ်စည်တီးလို့ ပြေးငိုစရာ အမေလဲမရှိခဲ့ပါဘူး။ လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ရင်း ငရုတ်သီး ဆီသတ်လို့ အခိုးရိုက်တာနဲ့ မျက်ရည်ကို အားရပါးရ ရောကျနေရတဲ့ ကျွန်မရယ်ပါ။
သတ္တိရှိရှိရင်ဆိုင်လိုက်ချင်ပေမယ့်
တွယ်နေတဲ့ သံယောစဉ်နှောင်ထုံးကို ဖြတ်မရနိုင်ခဲ့ဘူး။ ကျွန်မရဲ့ လင်တော်မောင်ကို အချစ်ပိုလွန်းမိခြဲ့ပီလေ။
စူးပါစေတော့ တစ်ဆုံးထိနစ်ဝင်အောင် အစူးခံခဲ့ပြီပဲ ပထမဆုံးအကြိမ် စူးခဲ့တာထက်တော့ ပိုပြီး
မနာကျင်မိတော့ပါဘူး။ အနာဆိုတာ ကျင့်သားရနေတဲ့ ကျွန်မအတွက် အားကစားနည်း တစ်ခုလိုတောင်
ဖြစ်နေခဲ့ပြီ။ ဒီလိုနဲ့ အိမ်ထောင်သက် သုံးနှစ်နီးနီးကပ်လာသည့်အခါ တောင်းဆိုမှုတစ်ခုနှင့်
ကြုံဆုံ လာခဲ့ရတယ်။ မြေးချီချင်သတဲ့။ အဖေ ဖြစ်ချင်လာသတဲ့။
ဟင့်အင်း
မဖြစ်နိုင်တာ။ ကျွန်မက လင်တော်မောင်ကို ချစ်လွန်းလို့ ဒုက္ခတွင်းထဲ နေနိုင်ပေမယ့် ကျွန်မရဲ့
သွေးသားထဲကဖြစ်တဲ့ သားသမီးလေးကိုဖြင့် ဟောဒီလို ဒုက္ခတွင်းထဲ ခေါ်ပြီး မသွင်းပါရစေနဲ့။
အမေနေရာ ဖြစ်လာမယ့် ကျွန်မရဲ့ မျက်ရည်တွေကို ရင်သွေးလေး မမြင်ရပါစေနဲ့။ လူ့လောကထဲခေါ်ပြီး
အမေ မင်းကို ဒုက္ခမပေးရက် ပါဘူးကွယ်လို့ စိတ်ပိုင်းဖြတ်မိတယ်။ ရင်သွေးလေးက အမေ့အတွက်
အားဖြစ်လာပေမယ့် အမေ့ရဲ့ မျက်ရည်တွေက မင်းအတွက် အားငယ်မှုတွေ ဖြစ်စေလိမ့်မယ်။ ငါ့သား
ငါ့သမီးလေး ကြီးလာရင် အမေ့ဘ၀က ဒီလိုပါ လားလို့ နားလည်ပါ့မလား အမေက အတာ နုံတာကို ခံပေါ့လို့
ဆိုလေမည်လား။ ဒါမှမဟုတ် စကားလုံးလှလှတို့ ကြားမှာ အမေနဲ့ ရင်သွေးလေး စည်းတစ်ဖက်စီခြားနေမလား။
သေချာတာတော့ဖြင့် အဲဒီလို ဖြစ်ရက်တွေအားလုံးကို အမေ မခံစားနိုင်ဘူးကွယ်။ အမေရင်မဆိုင်နိုင်ဘူး။
ဒီတော့ င့ါသား ငါ့သမီးလေးကို အမေ့ရဲ့ ဘ၀ထဲ ခေါ်ပြီး မသွင်းပါရ စေနဲ့။ ဘာလို့လဲ ဆိုတော့
မင်းကို အမေ ချစ်လွန်းလို့။ အမေ ချစ်လွန်းလို့ပါကွယ်။
တောင်းဆိုသူနှင့်
ငြင်းဆန်သူတို့ ကြားထဲမှာ မုန်တိုင်းဟာ ပြင်းထန်လာခဲ့တယ်။ ကျွန်မကို စိတ်ကုန်တယ်တဲ့။
ကျွန်မက စိတ်တောင်ပြတ်နေခဲ့ပြီလို့ စိတ်ထဲက ဆိုနေခဲ့သေးတယ်။ ကျွန်မက ခေါင်းမာလွန်းသတဲ့။
မဟုတ်ဘူး ယုံကြည်ချက်တွေ ပြင်းထန်လွန်းနေသာတာ ဖြစ်တယ်။ မိန်းမ မပီသဘူးတဲ့။ မိန်းမအတွေး
မရှိဘူးတဲ့။ မိန်းမတစ်ယောက်ရဲ့ ပြည့်မှီတဲ့ အရည်အချင်းမရှိဘူးတဲ့။ အတ္တကြီးလွန်းသတဲ့။
မိခင်စိတ်မရှိဘူးတဲ့။ စွပ်စွဲ ချက်တွေ သိပ်များတယ်။ ကျွန်မကို အသိုင်းအ၀ိုင်းကနေ ဖယ်ကြဉ်ကြတယ်။
လိမ္မာတယ်လို့ ထင်ခဲ့သလောက် မိုက်မဲတဲ့ ချွေးမ တစ်ယောက်ဖြစ်နေမှန်း အခုမှသိသတဲ့.။ ဖွတ်ထွက်မှ
တောင်ပို့မှန်းသိသတဲ့။ အဲဒီစကားသံကြားမိတော့ ရေငုံပြီး ပိတ် နေတဲ့ နှုတ်က အလိုလိုစကားပုံတစ်ခု
ပြန်ထွက်ကျလာခဲ့တယ်။ သူခိုးက လူပြန်ဟစ်တယ်လို့ ခပ်ကျယ်ကျယ် ရေရွတ် လိုက်မိတယ်။ တစ်ကယ်ပါ
မြိုချထားသမျှ မဆန့်တော့လို့ အန်ကျလာတဲ့ ရင်ထဲက
စကားလုံး အချို့ပါ။
ဘယ်လောက်ထိ
နာသွားသလဲမသိဘူး လင်တော်မောင်ရဲ့ အမေဟာ ဆရာဝန်ပင့်ပြီး အလုပ်ကနေ တစ်ရက်တိ တိ အနားယူလိုက်ရတဲ့
ဖြစ်စဉ်လေးတောင် ဖြစ်သွားသေး။ တစ်သက်နဲ့ တစ်ကိုယ် တစ်ကယ်ပြောတာပါ အိမ်မှာ လူစုံ တက်စုံ
လင်တော်မောင်အပါအ၀င် မိသားစုတွေ အစုံမြင်ရတာ အဲဒီတစ်ရက်တည်း။ ကျွန်မကလား ခုလိုလူစုံတော့
ပျော်မိတာပေါ့ရှင်။ ဒါကြောင့် ဈေးကိုထပ်သွား ဟင်းတွေကို ဖွယ်ဖွယ်ရာရာ ထပ်ပြီးချက်
လူစုံတုန်းလေး ထမင်းလက်စုံ စားကြတာပေါ့လို့ ရယ်ရယ်မောမော အခန်းထဲသွားခေါ်တော့ အံ့သြ၀ိုင်းစက်တဲ့
မျက်လုံးအစုံနဲ့ ကြည့်ခြင်းကို ခံရပြန် တယ်။
သူတို့တွေ
အခန်းထဲက ထွက်မလာတဲ့အဆုံး ရှည်လျားတဲ့ ထမင်းဝိုင်းမှာ ကျွန်မတစ်ယောက်တည်း အားရ ပါးရ
ဟင်းတွေ ကို နယ်စားပစ်လိုက်တယ်။ အရသာရှိလိုက်တာ။ ခုလိုမျိုး မစားရပဲ ဇွန်းလေး ခရင်းလေးနဲ့
တို့ကနဲ ဆိတ်ကနဲ စားခဲ့ရတဲ့ ရက်တွေများသကိုး။ ဆီဦးထောပတ် ကောင်းပေ့ ညွတ်ပေ့ဆိုတာ အိမ်ရှိ
လူကုန်ပြီးမှ ကျွန်မထမင်းစားပန်းကန်ထဲ တစ်ဖတ်တစ်လေ ရောက်တဲ့ဟင်းဖတ်မဟုတ်လား။ ခုလိုမျိုး
ဦးဦးဖျားဖျား ကောင်းပေ့ ညွတ်ပေ့ဆိုတာကို လက်နဲ့ အားရပါးရနှိုက် သူတို့နံတယ်ဆိုတဲ့
ငါးပိရည်စပ်စပ်လေးနဲ့ နှယ်စားလိုက်တာ ကျွန်မအတွက်တော့ သုံးနှစ်တာမှာ အရသာအရှိဆုံး ထမင်းတစ်နပ်ပဲ။
မဆီမဆိုင် အိမ်အကူကောင်မလေးကိုတောင် ကျွန်မနဲ့ အတူတူ ထမင်းစားခိုင်းလိုက်သေးတယ်။
ထမင်းစားလို့
ဗိုက်ပြည့်သွားတဲ့ ခံစားချက်နှင့်အတူ ကျွန်မရဲ့ စိတ်ဟာလဲ အဆာပြေသွားတယ်။ တစ်ကယ်ပါ အလွတ်လပ်
အပေါ့ပါးဆုံး ဖြစ်နေတဲ့တစ်ရက်ပဲ။ စားပြီး ဗိုက်ပြည့်သွားတော့ မျက်လုံးက လေးလာတယ်။ အိမ်အကူ
ကောင်မလေးကို ပန်းကန်ဆေးတဲ့ တာဝန်ပေးခဲ့ပြီး အခန်းထဲက အိပ်ယာပေါ် ခြေပစ်လက်ပစ် နှစ်နှစ်ခြိုက်ခြိုက်
အိပ် ပစ်လိုက်တယ်။ အိမ်မက်ထဲမှာ ကျွန်မအရမ်းလွတ်လပ်ပြီး ပျော်နေခဲ့တယ်။ အားရပါးရ ဟန်ဆောင်မှုမရှိပဲ
လွတ်လွတ် လပ်လပ် ရယ်မောတယ်။ စားချင်တာစားတယ်။ ပြောချင်တာပြောတယ်။ လုပ်ချင်ရာ လုပ်တယ်။
ဘ၀ဟာ ခုမှပဲ နေသာ ထိုင်သာ ရှိသွားတော့တယ်။
ကျွန်မနိုးလာတော့
ဘေးနားက ပိုင်ရှင်လွတ်နေတဲ့ ခေါင်းအုံးလေးကို မျက်လုံးထဲ အရင်မြင်မိတယ်။ြ့ပီးတော့
နှလုံးသားမှာ တစ်ဆစ်ဆစ်နာကျင်လာတယ်။ မခံစားနိုင်တော့ဘူး။ ခေါင်းအုံးလေးကို မမြင်ရတဲ့ဘက်
အခြမ်းကို ကျောခိုင်းပြီးလှည့်ပစ်လိုက်တယ်။
ကျွန်မရဲ့ လက်အစုံကိုတော့ ခြုံထားတဲ့ စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့တယ်။
ကျောခိုင်းလိုက်တော့ ကျွန်မနာကျင်ရတယ်။ ဒါပေမယ့် ကျွန်မကျောခိုင်းလိုက်ချင်တယ်။ ဘာလို့လဲဆိုတော့
အိမ်မက်ထဲကလို လွတ်လွတ်လပ်လပ်ရယ်မောချင်တယ်။ ပြုံးနေချင်တယ်။ စားချင်တာစားပြီး သာယာတဲ့
မိသားစု ဘ၀လေးလိုချင်တယ်။ ကျွန်မနှစ်နှစ်ခြိုက်ခြိုက် နောက်ထပ် တစ်ရေးထပ်အိပ်ချင်တယ်။
ခုနက လို အိမ်မက်မျိုးထပ်မက်ချင်တယ်။ ပိုင်ရှင်မဲ့နေတဲ့ ခေါင်းအုံးလေးကို မြင်နေရင်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မယ် မထင်ဘူးလေ။
******
“လူနာက ခုလိုမျိုးဖြစ်နေတာ
ဘယ်လောက်ကြာပြီလဲ”
“ပြီးခဲ့တဲ့
တစ်ပတ်ကပါ ဆရာ။ သုံးရက်တိတိ အိပ်နေတာ။ ဘယ်လိုမှ နိုးလို့မရဘူး။”
“အင်း ပြန်နိုးလာတော့
.. သူ့မျက်လုံးထဲ ဘာမှ မမြင်တော့ဘူးလား”
“အဲဒီလိုလဲ
မဟုတ်ဘူး ဆရာ။ သူ့မျက်လုံးထဲ မြင်နေရတယ် ထင်တယ်။ မမြင်တော့တာက သူ့ရဲ့ စိတ် ဖြစ်မယ်
ထင်တယ်”
“ခင်ဗျားဘာကြောင့်
ဒီလိုပြောနိုင်တာလဲ”
“ဒီ ဒီ ဒီလိုပါ..
ကျွန်တော်သူ့ဘေးမှာ တူတူလှဲပြီး အိပ်နေရင်တောင် သူ့ရဲ့ မျက်လုံးဟာ ကျွန်တော် အိပ်တဲ့
ခေါင်းအုံကနေ မခွာဘူး။ ဘေးနားမှာ ဘယ်သူတွေ ရှိနေလဲ သူသိပုံမရဘူး။ ရှင်း ရှင်း..ပြောရ
ရင် ဗျာ.. သူ ..သူ့ ဘေးနား ရှိနေတဲ့ ကျွန်တော့်ထံကိုတောင် သူ့မျက်လုံးမရွှေ့ဘူး”
“သြော် အဲလိုလား..”
“ဆ..ဆရာ
..သူ ပြန်ကောင်းလာနိုင်သလား ခင်ဗျာ”
“သူ့ရဲ့
စိတ်ကိုပြန်မြင်လာအောင် ကြိုးစားကြည့်တာပေါ့ ”
“သူ့ကို
ဂရုစိုက်ပြီး ကုသပေးပါဆရာ။ ကျွန်တော် ..ကျွန်တော့် ဘ၀ထဲမှာ သူဟာ အရေးပါတဲ့ သူတစ်ယောက်
ဖြစ်နေပြီ။ သူမရှိရင် ကျွန်တော်မနေတတ်တော့ဘူး။ သူ့ကို ကျွန်တော် အရမ်းကို မြတ်နိုးနေမိပြီ။
ကျွန်တော့် အတွက်..သူ”
ဆရာဝန်လက်ကာပြလိုက်ရင်း
“ခင်ဗျား
အတွက်သူဟာ အရေးပါလွန်းနေမှန်း အစောကြီးကထဲက ခင်ဗျား ကြိုသိဖို့ ကောင်းပါတယ် ဗျာ.”
ထိုယောက်ျားသည်
ခေါင်းငိုက်စိုက်ကျသွားသည်။ သူ၏ မျက်ဝန်းမှ မျက်ရည်တို့သည် သူ့ လက်ဖမိုးပေါ်သို့ တစ်ပေါက်ပေါက်ကျလာသည်။
နောင်မှ တသည် နောင်တသည် မျက်ရည်တို့အဖြင့် တစ်သွင်သွင် စီးဆင်းနေပေလိမ့် မည်။
---
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကဖြင့် google ကနေ ရှာဖွေအသုံးပြုထားပါတယ်ရှင်။
ရင်နင့်နင့်ခံစားရင်းဖတ်သွားတယ် မွန်လေးရေ။ ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့အရာဟူသမျှရဲ့
ReplyDeleteတန်ဘိုးကို မရှိတော့တဲ့အချိန်ကျမှ နောင်တကြီးစွာနဲ့ တမ်းတတတ်ကြတာ သဘာဝတရားပေါ့ကွယ်။
တီတင့်ဖတ်ဘူးတဲ့ စာသားလေးတစ်ကြောင်း-
လိုအပ်တဲ့အရာ မရတဲ့တိုင် ရထားတဲ့အရာကို တန်ဘိုးထားတတ်ခြင်းဟာ အကောင်းဆုံးစွမ်းဆောင်ချက်တဲ့။