Thursday, 6 November 2014

တစ္ဆေ




ကျွန်မရဲ့ ခြေအလှမ်းမှာ ကြွေကျနေတဲ့ တရုတ်စကားပန်းလေးတစ်ပွင့်ကို နင်းမိမှာစိုးလို့ အလျင်အမြန်ရှောင် လိုက်မိ တယ်။ ခန္ဓာကိုယ်က ဟန်ချက်ပျက်ပြီ ယိုင်ကနဲဖြစ်သွားတယ်။ လဲမကျအောင်  ပြန်ထိန်းရင်း ပန်းလေးကို ကျော်ဖြတ် ပြီး ရှောင်သွားဖို့ ကြိုးစားမိတယ်။ ဒါပေမယ့် မရပါဘူး ဆတ်ကနဲ ထိုင်ချလိုက်ပြီး အပင်ကကြွေနေတဲ့ ပန်းလေးတစ်ပွင့်ကို ကောက်ယူလိုက်တယ်။ ပြီးတော့ ပေနေတဲ့ သဲလေးတွေကို ခါထုတ်ရင်း နားရွက်ကြားထဲ ညှပ်ပစ်လိုက်သည်။ တရုတ်စကားပန်းလေးရဲ့ မွှေးပျံ့ပျံ့ ရနံ့က မွှေးကြူလို့။ 

 ကျွန်မက တရုတ်စကားပန်းဖြူဖြူလေးတွေဆို အရမ်းနှစ်သက်မိတယ်ရှင့်။ မြတ်လဲမြတ်နိုးမိတယ်။ ခြွေဖို့နေနေ သာသာ ကြွေကျခဲ့ရင်တောင် မြေခနေတဲ့ပန်းကလေးတွေကို မနင်းရက်တဲ့သူရှင့်။ အရင်ကဆိုရင် ကျွန်မနေတဲ့ အိမ်နဲ့ မနီးမဝေးမှာ တရုတ်စကားပင်တွေစီတန်းပေါက်နေတဲ့ စကားပင်တောလေးရှိတယ်။ မြေနီ လမ်းကလေးလဲရှိတယ်။ မနီးမဝေးမှာ ကန်ကြီးတစ်ကန်လည်းရှိတယ်။ ငယ်ငယ်လေးကထဲက တရုတ်စကားပွင့် အကြွေတွေကြား စကားပွင့် ကောက်တမ်း ဆော့ခဲ့ဘူးတဲ့သူ။ မြေပြင်မှာ ဖွေးနေအောင် ကြွေနေတဲ့ တရုတ်စကားပွင့်တွေကို လိုက်ကောက် ရတာ ကျွန်မအတွက်တော့ မရိုးနိုင်တဲ့ ဆော့ကစားမှု တစ်ခုပဲ။ 

အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတယ်။ ပန်းကြွေလေးတစ်ပွင့်ကို ကောက်ပြီး ထည့်လိုက်တယ်ဆိုရင်ပဲ စိတ် ထဲမှာ ကြည်နူးမိတယ်။ အိမ်ရောက်ရင် အဲဒီအပွင့်လေးတွေကို သီတယ် ပန်းလေးတွေ မခြောက်သွေ့သွားခင်အထိ တရှိုက်မက်မက်မွှေးတယ်။ ခြောက်သွေ့သွားပြီဆိုရင် မေမေ ပေးထားတဲ့ ဗူးကလေးထဲ ထည့်သိမ်းတတ်တယ်။ အဲဒီ ပန်းခြောက်ကလေးတွေကို ထုတ်ထုတ်ပြီးကြည့်နေရရင် အေးချမ်းတယ် စိတ်ချမ်းသာတယ်။ တရုတ်စကားပင်အုပ်အုပ် တွေကြားထဲမှာ ကျွန်မရှင်သန်ကြီးပြင်းလာရတယ်။ 

“မေမေ ရေ သမီး ကန်ကြီးဘက် ခဏသွားပါရစေနော်. ဒီအချိန် တရုတ်စကားပန်းတွေနဲ့ ဖွေးပြီး လှနေတာ့မှာ. ”

“အရမ်းမိုးမချုပ်စေနဲ့နော် သမီး င့ါသမီးက အရင်လို ကလေးလေး မဟုတ်တော့ဘူး တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့ အပျိုလေး ဖြစ်နေပြီ။ သွားသတိ လာသတိ နော် သမီး။ ဖေဖေ အလုပ်ကပြန်မလာခင် အိမ်ပြန်ခဲ့ ကြားလား”

“ဟုတ် မေမေ ”

မရောက်တာကြာပြီ မတွေ့တာကြာပြီဆိုတော့ အားရပါးရ တရုတ်စကားပင်တောကို ကျွန်မပြေးခဲ့တယ်။ အရွယ် ရောက်လာပြီဆိုတဲ့ ကန့်သတ်ချက်နဲ့အတူ အရင်လို ကျွန်မချစ်တဲ့ တရုတ်စကားပန်းတွေကောက်တမ်း ဆော့ကစားဖို့ မလွယ်တော့ဘူး။ ငယ်သူငယ်ချင်းတစ်ယောက်ကို ခွဲနေရသလို အဲဒီတရုတ်စကားပင်တောလေးကို ကျွန်မ အရမ်းလွမ်း မိခဲ့တယ်။ ဒါပေမယ့် လိမ္မာတဲ့ သမီးလေး တစ်ယောက်အနေနဲ့ ဖေဖေ မေမေရဲ့ ခွင့်ပြုချက်လေးမှ မပါရင် အဲဒီနေရာ လေးကို ကျွန်မ မရောက်ဖြစ်ခဲ့ဘူး။ အရင်က တစ်ပတ်တစ်ခါဆိုသလို ဆော့ကစားခဲ့တဲ့ နေရာလေးကို ခုဆိုရင် တရုတ်စကားပန်းတွေ ပွင့်ချိန်ရောက်မှသာ သွားခွင့်ရတော့တယ်။ 

တရုတ်စကားပင်တောတန်းလေးထဲရောက်တော့ ကျွန်မထင်ထား သလို မြေမှာဖွေးဖွေးလှုပ်အောင် ကြွေနေတဲ့ ပန်းကလေးတွေကို မတွေ့ရဘူး။ အိုး ဘာဖြစ်တာပါလိမ့်။  အတွေးနဲ့ အမြင် လွဲသွားတာမို့ ကန်ဘောင်ဘေးမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်မိတယ်။ ဒီနေရာလေးကို ရောက်မှပဲ တရုတ်စကားပွင့်ကြွေလေး တစ်ပွင့်လောက်တော့ ရအောင် ကောက်ယူမယ်လို့ ဆုံးဖြတ်လိုက်မိတယ်။ ပန်းလေးတစ်ပွင့် ကြွေမယ့်အချိန်ကို အပင်အောက်ကနေ ကျွန်မစောင့်နေခဲ့တယ်။ ဟော ..ပြောရင်း ဆိုရင်း ကြွေလာပြီ. ကြွေလာပြီ.. လေထဲမှာဝဲနေတဲ့ ပန်းပွင့်လေးကို ကျွန်မ အမိအရ လိုက်ဖမ်းတယ်။ ရုတ်တရက် မီးအလင်းရောင် ဖျတ်ကနဲ ဖြစ်သွားတာမို့ လန့်သွားမိသည်။ 

ပတ်ဝန်းကျင်ကို လှည့်ပတ်ပြီးရှာလိုက်တော့ ကင်မရာလွယ်ထားသည့် လူတစ်ယောက် ကျွန်မနဲ့ ခပ်ဝေးဝေး မှာ ရောက်နေတာကိုး။ ဒါဆိုခုနက သူကျွန်မကို ဓာတ်ပုံရိုက်လိုက်တာပေါ့။ ဖမ်းမိတဲ့ ပန်းကလေးကို ထုံးစံအတိုင်း နား၇ွက်ကြားထဲ ညှပ်ပြီး ထိုသူရှိရာကို ခြေလှမ်းကို ဦးတည်လိုက်မိတယ်။ ကျွန်မရဲ့ လှုပ်ရှားမှုမှန်သမျှကို ထိုသူကလဲ လက်ထဲက ကင်မရာနဲ့ အမိအရ မှတ်တမ်းတင်တယ်။ သူ့နားကို ရောက်ချိန်မှာတော့ သူ့ကင်မရာကို လက်နဲ့ ပုတ်ချ လိုက်တယ်။ သူက ရှောင်ရင်း

“ဟေ့ ဟေ့ ဒါဘာလုပ်တာလဲ ချာတိတ်”

အမယ် သူကပဲ ပြန်မေးရတယ် ရှိသေး။ လူကိုများ ချာတိတ်တဲ့။ သူများ ဓာတ်ပုံခိုးရိုက်တာက သူ။

“ဒီမှာ ဟေ့လူကြီး ဓာတ်ပုံခိုးရိုက်တာက ခင်ဗျားလေ။ အဲဒါ မကျေနပ်လို့ ကင်မရာကို လက်နဲ့ လှမ်းပြီး ပုတ်ချတာ ဘာဖြစ်တုန်း”

ဒီတော့မှ အဲဒီလူ့ ဘေးနားကြည့်မိတယ်။ ကြည့်စမ်း ကြွေနေတဲ့ တရုတ်စကားပွင့်တွေ သူ့ဘေးနားမှာ ပုံလို့။ လက်စသတ်တော့ တရားခံက ဒင်းပဲ။ စိတ်လဲတိုမိတယ်။ သူ့ဘာသာသူ မြေခပြီး လှတဲ့ ပန်းလေးတွေကို တစ်နေရာထဲ စုပုံထားတာ သိပ်လွန်လွန်းတာပဲလို့လဲ တွေးမိတယ်။

“သြော် ဒါလား… အဲဒီအတွက်တော့ တောင်းပန်ပါတယ် ခင်ဗျာ။ ပုံစံလေးက အရမ်းသဘာဝကျလွန်းလို့ ခွင့်မတောင်းပဲ ရိုက်လိုက်မိတာပါ။ ခွင့်တောင်းပြီမှ ရိုက်လိုက်ရင် သဘာဝကျကျမရမှာ စိုးလို့ပါ ခင်ဗျ။ မင်းလေး ကြည့်ရတာ ဒီပန်းတွေကို သိပ်ချစ်တဲ့ ပုံပဲ ။ ဟိုမှာ ကိုယ့်သူငယ်ချင်းတွေကို ၀ိုင်းပြီးကောက်ခိုင်းထားတဲ့ တရုတ်စကားပန်းတွေ မင်းကြိုက်ရင် အကုန်ယူသွားလေ”

ကျွန်မထက် အသက်ကြီးပုံရပေမယ့် စကားကို လေးလေးစားစားပြောသလို ပန်းတွေယူသွားလို့  ခွင့်ပေးလိုက် တာကြောင့် စိတ်ထဲအနည်းငယ်ကျေနပ်သွားမိတယ်။ 

“ဒီပန်းတွေကို ဘာလို့ အဲလိုပုံလိုက်တာလဲ။ မြေပြင်မှာပျံ့နေတာက ပိုလှတာမဟုတ်ဘူးလား”

သူက နှစ်လိုဖွယ် ပြုံးရင်

“မြေပြင်မှာပျံ့ကျဲနေတဲ့ ပုံလဲ ရိုက်ပြီးပြီဗျ။ အဲဒီလိုပုံပြီးရိုက်ရင်ရော ဆိုပြီး အိုက်ဒီယာ ရလာလို့ဗျ”

“ရှင်က ဓာတ်ပုံဆရာလား”

သြော် ..သေတော့မှာပဲ မဆီမဆိုင် သူများကိစ္စစပ်စုနေပြန်ပြီ။ 

“ဓာတ်ပုံဆရာရယ်လို့မဟုတ်ပါဘူး။ ၀ါသနာပါလို့ ၀ါသနာရှင်အဆင့် ဆည်းပူးနေတဲ့ အဆင့်ပေါ့။ ဒီနေရာလေးက အရမ်းလှတော့ တစ်ကူးတစ်က လာရိုက်ရတာဗျ။ ”

“အင်း ထားပါ။ ဟို ဟို..လေ ကျွန်မဓာတ်ပုံလေးတွေလေ ရှင်နဲ့ ကျွန်မက မသိဘူးလေ သူစိမ်းတွေ မဟုတ်လား”

“အဟင်း. မင်းက ငယ်ပေမယ့် လူကြီးဆန်သားပဲ. ကိုယ့်ကိုယ်ကို ကျွန်မ တဲ့။ ကျွန်တော့ကိုတော့ ရှင်တဲ့ စိတ်ဝင်စားဖို့ ကောင်းသား”

မျက်စောင်းတစ်ချက် ပစ်လွှတ်လိုက်ရင်း 

“ရှင် စိတ်ဝင်စားအောင် လုပ်ပြောနေတယ် ထင်လို့လား။ ဒီညနေတော့ ကျွန်မအတွက် ကံဆိုးတာပဲ။ ပန်းကြွေလေးတွေရဲ့ သဘာဝအလှလဲ မတွေ့ရဘူး။ စိတ်ရှုပ်စရာ ကောင်းတဲ့ လူနဲ့လဲ လာဆုံရတယ်။ ဒါပဲ ဓာတ်ပုံတွေကတော့ ရှင့်သဘောပဲ။ ပြန်တောင်းလဲ လေကြောက ရှည်နေအုံး မယ်။”
နောက်လဲကျနေပြီမို့ အိမ်ဘက်ကိုပဲ အသော့လေး ပြန်လာမိတော့တယ်။

“ဟေ့ ဟေ့ နေအုံးလေ။ သြော် ဘယ်လိုဖြစ်ရတာတုန်းကွာ။”

          အဲဒီအဖြစ်အပျက်ကို တစ်ပတ်လောက်အထိ အစာမကျေဘူး။ ရင်ထဲမှာ ခိုးလို့ ခုလို့။ အဲဒီနေရာလေးကို ထပ် ပြီးသွားချင်သလိုလို သွားရမှာကိုလဲ တစ်ခုခုကိုစိုးရွံနေသလိုလို။ ဖေဖေ နဲ့မေမေ ကတော့ အဲဒီနေ့က လက်ဗလာနဲ့  ပြန်လာတဲ့ ကျွန်မကို အံ့သြလိုကြည့်တယ်။ အရင်ကဆို တရုတ်စကားပန်းတွေ တစ်ပွေ့ တစ်ပိုက်နဲ့ အိမ်ပြန်လာနေကျ မဟုတ်လား။ ဘာမှတော့ ထွေထွေထူးထူး မမေးကြပါဘူး။ 

          အဲဒီနေ့က နေ့လည်နေ့ခင်း အိမ်အလုပ်ကိစ္စလဲ ပြီးပြီမို့ အိပ်ခန်းထဲဝင်ပြီး ပန်းခြောက်လေးတွေ ကြည့်နေမိ တယ်။ ရုတ်တရက်ဆိုသလို လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကင်မရာသမားရဲ့ မျက်နှာကိုလည်း မြင်ယောင်နေမိတယ်။ သူပြုံးလိုက်ရင်တော့ ဆွဲဆောင်မှုရှိသားလို့ တွေးမိသေးတယ်။ သြော် ဒုက္ခပဲ ငါဘာတွေ တွေးနေပါလိမ့်နော်။ 

          “အိမ်ရှင်တို့ အိမ်ရှင်တို့.. အိမ်ရှင်တို့ ရှိကြပါသလား ခင်ဗျာ”

ခြံပေါက်ဝက အော်သံကြောင့် ပြတင်းကနေလှမ်းကြည့်လိုက်တော့ မေမေ အိမ်ထဲကနေ ထွက်လာတာတွေ့တယ်။ ပြီး ခြံပေါက်ဝက လူတွေနဲ့ စကားအနည်းငယ်ပြောပြီး ခြံတံခါးဖွင့်ပေးတာ တွေ့သည်။ အိမ်နားနီးလာမှကြည့်လိုက်တော့ အမယ် တရုတ်စကားပင်တန်းက လူတော့်။ လက်ထဲမှာ ဓာတ်ပုံတွေလားမသိဘူး။ ကြည့်ချင်လိုက်တာ။ ဒါပေမယ့် မေမေ မခေါ်ရင် သူစိမ်းယောက်ျားလေးတွေနဲ့ တွေ့ခွင့်မရှိတဲ့ ဘ၀မို့ အိမ်ပေါ်ထပ်မှာပဲနေရတယ်။ အောက်ထပ် မဆင်းရဲဘူး.။ 

          ခဏကြာတော့ မေမေ အိမ်ပေါ်တက်လာပြီ လက်ထဲက အိတ်ညိုညို ကြီးကို ကုတင်ပေါ်တင်သွားပေးတယ်။ြ့ပီး အခန်းထဲကနေ ပြန်ထွက်သွားသည်။ ဟင် မေမေ ကလည်း. စကားလေးတောင်မပြောဘူး။ သိပ်နေနိုင်တာပဲ။ ရင်ခုန်စွာနှင့် အိတ်ညိုညိုကြီးကို ဖွင့်ပြီးကြည့်လိုက်သည်။ ဟယ်. ဓာတ်ပုံတွေ လှလိုက်တာ။ သူရိုက်ထားတာ အရမ်း အသက်ဝင်လွန်းတယ်။ ကျွန်မ ကိုယ့်ကိုယ်ကို ဒီလောက်ထိ ကြည့်ကောင်းလိမ့်မယ် လို့ တစ်ကယ်ကို မထင်မိဘူး။ အဓိကက ကျွန်မချစ်လွန်းတဲ့ တရုတ်စကားပွင့်တွေကြောင့် ကျွန်မပိုပြီးကြည့်ကောင်းလာတာဖြစ်မယ်။ 

          ကျွန်မနေ့တိုင်း သူရိုက်ပေးထားတဲ့ ဓာတ်ပုံတွေကို ထုတ်ကြည့်တယ်။ ပြုံးတယ်။ ပြီးစိတ်ထဲမှာ သူ့ကို ကျေးဇူး တင်ကြောင်းလဲ ပြောချင်လာမိတယ်။ သူ့အပြုံးကိုစိတ်ကူးထဲမှာတွေးရင်း ကျွန်မစွဲလန်းလာမိတယ်။ ဖေဖေ မေမေတို့ကို ပြောပြီး စကားပင်တန်းတွေစီပြန်သွားမယ်ဆိုလဲ ခွင့်ပြုကြမှာမဟုတ်ဘူး။ တစ်ကယ်ဆို သူဓာတ်ပုံတွေ လာပေးတဲ့ နေ့က မသိသလိုနဲ့ အိမ်အောက်ထပ်ဆင်းပြီး တွေ့လိုက်ရမှာ။ ၁ ရက် ၂ ရက် ၃ ရက် ဖေဖေနဲ့ မေမေ မသိအောင် အိမ်ကနေ ခဏ ခိုးထွက်သွားမယ်။ ဟုတ်တယ်။ ရှင့်ကြောင့် ပထမဆုံးအကြိမ် မိဘတွေ မသိအောင် အပြစ်တစ်ခု ခိုးလုပ် မိပြီ။ 

          ဖေဖေနဲ့ မေမေ အလစ်မှာ ကျွန်မတရုတ်စကားပင်တန်းတွေရှိရာ အရပ်ကိုပြေးထွက်လာခဲ့သည်။ ရှင်များ ရောက်နေရင် သိပ်ကောင်းမှာလို့လဲ ခြေလှမ်းတွေ ခပ်သွက်သွက်လှမ်းရင်း တွေးခဲ့မိသေးသည်။ ဟော.ရေကန်ဘေးနား မှာ ကျောခိုင်းပြီး လူတစ်ယောက်ထိုင်နေပါလား။ ရှင်များလား။ အိုး မဖြစ်နိုင်ပါဘူး။ ဒီလောက်ထိ တိုက်ဆိုင်စရာလား။ သေချာအောင် ခြေသံလုံလုံနဲ့ အနားကပ်သွားမိတယ်။

          “ချွတ် ..ချွတ်” အိုး ..ဒုက္ခပဲ ဒီသစ်ရွက်ခြောက်ကြွေတွေကြောင့်တော့ ခက်ပြီ။ ကျေခိုင်းထားသူက လှည့်ကြည့် တယ်။ သူ့မျက်နှာမှာ အံ့သြမှင်သက်မှုတွေ အပြည့်။ အိုး အဲဒီခံစားချက်တွေထက်ပိုတယ်။ ကျွန်မ မြင်သာအောင် မ ပြောပြတတ်ဘူးရှင့်။  ပြီး သူ့မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့  .ပြီး သူဆတ်ကနဲ မတ်တပ်ထရပ်တယ်။ ကျောခိုင်းထားရာ ကနေ ကျွန်မနဲ့ မျက်နှာချင်းဆိုင်နီးနီးကပ်ကပ် တိုးလာတယ်။ ရင်ခုန်သံတွေ ဆူညံလိုက်တာရှင်။ မပြောမဆိုနဲ့ ကျွန်မကိုလှမ်းပြီးဖက်တယ်။ ပြီးနှုတ်က တိုးတိုး ရေရွတ်တယ်။

          “ကိုယ်ကျေးဇူးအရမ်းတင်တယ် ပန်းကလေးရယ်။ မင်း..ကိုယ့်စီကို ခုလိုပြန်လာတာ ကျေးဇူးအရမ်းတင်တယ်။ ”

ဘုရားရေ ကျွန်မရဲ့နာမည် ပန်း ဆိုတာကို သူသိတယ်။ ပြီးတော့ ပန်းကလေးတဲ့။ ကျွန်မကဖြင့် သူ့ရင်ခွင်ထဲက ရုန်း ထွက်ဖို့ မကြိုးစားတော့ပါဘူး။ ရင်ခုန်သံကို မညာကောင်းဘူး မဟုတ်လား။ ဒါပေမယ့် သူ့မျက်ဝန်းတွေက ကျွန်မ သူ့အနားရောက်နေရဲ့သားနဲ့ အရမ်းမှိုင်းပြီ ရီဝေလွန်းနေတယ်။ ဘာတွေများ လွမ်းစရာ လိုနေသေးလို့ လဲ မောင်။ ဟုတ်တယ် ကျွန်မတို့ တရားဝင်ချစ်သူတွေ ဖြစ်သွားပြီးနောက် သူ့ကို ကျွန်မက မောင်လို့ ခေါ်တယ်။ သူကလည်း ကျွန်မကို ပန်းကလေးလို့ ခေါ်တယ်။

          ကျွန်မတို့ နှစ်ယောက်ရဲ့ ကမ္ဘာငယ်ဟာ အရမ်းသာယာလှပတယ်လို့ ထင်မိတယ်။ သူကလည်း မကြာခဏ ဆိုသလို တရုတ်စကားပင်တန်းရှိရာ တောအုပ်လေးကို လာတယ်။ ကျွန်မကလည်း မကြာခဏဆိုသလို အိမ်က လူကြီး တွေမသိအောင်သွားတွေ့ခဲ့တယ်။  ကျွန်မတို့သံယောဇဉ်က ငြိပြီးရင်းငြိတွယ် ခိုင်ပြီးရင်း ခိုင်မာလာခဲ့တယ်။  အဲ တစ်နေ့ လူကြီးတွေ လစ်အောင် စောင့်နေရင်း အိမ်ကထွက်ဖို့ ပြင်လိုက်တယ်။ ခုချိန်လောက်ဆို စကားပင်တောအုပ် လေးမှာ သူစောင့်နေလောက်ပြီ။ ဒီနေ့မှပဲ အိမ်မှာ လူအလစ်ကိုစောင့်နေရတာ တော်တော်ခက်ခဲနေသလိုပဲ။

          အဲလူလစ်ပြီဆိုတာနဲ့ ကျွန်မတောအုပ်လေးဘက်ကို တန်းပြီးပြေးထွက်ခဲ့တော့တယ်။ ဟော မောင်.. ရောက်နေပြီပဲ။ တရုတ်စကားပင်တစ်ပင်ရဲ့ အောက်မှာ မှီပြီးထိုင်နေတယ်။ ကျွန်မမောင်မသိအောင် မောင့်ကျောဘက် ကိုအသာလေးကပ်သွားပြီး မောင့်ပုခုံးကို လှမ်းကိုင်လိုက်တယ်။ ပြီးတော့ အသံထွက်တော့မယ့် ကျွန်မရဲ့ ပါးစပ်ကို မောင်က လှမ်းပြီးပိတ်လိုက်တယ်။ တစ်ခုခုကို စိုးရိမ်နေပုံပဲ။ မောင် မျက်လုံးတွေကြည့်နေတဲ့ နေရာကို ကျွန်မရဲ့ အကြည့်ကိုရွှေ့လိုက်မိတယ်။ လူတစ်စုပဲ။ သူတို့နဲ့ မောင်နဲ့ ဘယ်လိုပတ်သတ်လဲ။ မောင် ကရော ဘာလို့ အဲဒီလူတစ် စုကို ကြောက်ရွံ့နေရတာလဲ။ 

          ဟော ပြောရင်းဆိုရင်း လူစုထဲက လူတစ်ယောက် ကျွန်မတို့ကို တွေ့သွားပြီ။ 

   “ဟာ ဒီဘက်မှာ ဒီဘက်မှာ တွေ့ပြီ. တွေ့ပြီ”

ပြောပြောဆိုဆို အဲဒီလူက စပြီးကျွန်မတို့ရှိရာဘက်ကို ပြေးလာတယ်။ မောင်က ကျွန်မရဲ့ လက်ကိုပိုင်ပိုင်နိုင်နိုင် ဆွဲကိုင် လိုက်တယ်။ ပြီးနေရာကနေ ချာကနဲ လှည့်ပြီးထွက်ပြေးတယ်။ တော်တော်ကြာကြာ တောအုပ်လေးထဲပတ်ပြေးခဲ့ပြီး ပြေးနေတာကိုရပ်လိုက်တယ်။ ကျွန်မတို့ရဲ့ မျက်နှာချင်းဆိုင်မှာ လူတစ်စု။ ကျောပေးတဲ့အရပ်မှာ လူတစ်စု။ ကျွန်မတို့ ပြေးလို့ မလွတ်နိုင်တော့ဘူး။ မောင်လဲ မောပြီ။ ကျွန်မလဲ မောပြီ။ မောင်က ကျွန်မရဲ့ ပုခုံးလေးကို ညင်ညင်သာသာ ဆုပ်ကိုင်လိုက်တယ်။ 
ပြီးတော့
          “ကိုယ် မင်းကို အရမ်းချစ်တယ် ဆိုတာ ပန်းကလေး သိပါတယ်နော်”

ကျွန်မရှက်ရွံကြည်နူးစွာ မောင့်ကို ခေါင်းညိမ့်ပြမိတယ်။ လူနှစ်စုက မောင့်ကို အတင်းဖမ်းချုပ်ကြတယ်။ မောင် ကနှုတ်ကနေ ပလုံးပထွေးအော်ရင်း ဖမ်းချုပ်ထားတဲ့ လူတွေနောက်ပါသွားတယ်။ ကျွန်မလဲ တောအုပ်ကလေးထဲကနေ အိမ်ကို ပြန်လာခဲ့တယ်။ ကျွန်မနဲ့မောင် ဝေးကြတော့မှာလား။ တစ်ခုခုကို ဆုံးရှုံးသွားသလို ခံစားရသည်။ အသက်ရှုတွေ ကြပ်လိုက်တာ။ မောင် ကဘယ်နေရာမှာနေလဲ ကျွန်မမှ မသိတာ။ ခုနက မောင့်ကိုဖမ်းချုပ်သွားတဲ့ လူတွေ နောက်လိုက်သွားရမှာ။ ဘယ်အရာတွေကများ ကျွန်မကို မလိုက်နိုင်အောင် တားဆီးထားသလဲ။ ကျွန်မ မသိဘူး။ အိမ်ရဲ့ ခြံပေါက်ဝ ကိုရောက်တော့ အိမ်ထဲက အသံတစ်သံ ကြားလိုက်ရသည်။

“ကွယ်လွန်သူ မပန်း အားရည်စူး၍ ယနေ့ပြုသမျှသော ကုသိုလ်ကောင်းမှု အစုစုတို့အား အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော”

ကျွန်မရဲ့ ခန္ဓာကိုယ်က သိမ့်ကနဲ မြောက်တက်သွားသလို ခံစားလိုက်ရတယ်။ အိုး ကျွန်မတစ်ကိုယ်လုံး သွေးတွေ ရွှဲနှစ်လို့ပါလား။ ကျွန်မ မှတ်မိပြီ မောင်နဲ့ စတင်ဆုံဆည်းခဲ့တဲ့ ညနေခင်းမှာ အိမ်ကို ခပ်သွက်သွက် ကျွန်မပြန်ခဲ့ တယ်။ ဖေဖေ ပြန်လာလို့ ကျွန်မကို မတွေ့ရင် ဆူမှာကို စိုးရိမ်နေခဲ့တယ်။  အိမ်ရှိရာဘက်ကို ချိုးကွေ့ပြီး အပြေးလေး ၀င်လိုက်တယ် ဆိုရင်ပဲ မျက်နှာချင်းဆိုင်က အရှိန်ပြင်းပြင်းကားတစ်စီးနဲ့ ၀င်တိုက်မိခဲ့တယ်။ ဒါ..ဒါ ဆို.. ကျွန်မက သေဆုံးသွားခဲ့ပြီပေါ့။ ဟင့်.. အင်း အဲဒီလိုမဟုတ်ဘူး။ ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ လေထဲမှာလွင့်နေသလိုပဲ။ ဖေဖေ ..မေမေ သမီးကို ကယ်ပါအုံး။ မမြင်ရတဲ့ လှိုင်းတစ်ခုက ကျွန်မကို ဆွဲငင်နေသလိုပဲ

“သမီးလေးပန်းရေ ရောက်လေရာဘ၀က မေမေတို့ပေးလှူတဲ့ ကုသိုလ်ကို အမျှ ခေါ်ပါကွယ်။ အ..ဟင့် ဟင့် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့”

အိုး ဖေဖေ မေမေ တို့တောင် မကယ်နိုင်တော့ပါလား။ ကျွန်မရဲ့နှုတ်ခမ်းက လှုပ်လာတယ်။

“သာဓု သာဓု သာဓု ”

ပြီးတော့ ကျွန်မလွင့်မျောသွားတယ်။ အချိန်ဘယ်လောက်ကြာခဲ့တယ် မသိဘူး။ ကျွန်မမှတ်မိတာ တစ်ခုပဲ ရှိတယ်။ အချိန်တစ်ခုကိုရောက်ရင် အရမ်းလှပတဲ့ တရုတ်စကားပင်တောကို ကျွန်မရောက်သွားတယ်။ တရုတ်စကား ပန်းတွေ မြေမှာကြွေပြီးခနေတာ အရမ်းလှတာပဲရှင်။ ကျွန်မရဲ့ တာဝန်က အဲဒီပန်းလေးတွေကိုကျောခိုင်းပြီး ထွက်သွားရ မယ်။ ဒါပေမယ့် ကျွန်မမလုပ် နိုင်ဘူးရှင်။ ခြေလှမ်းလေး တစ်လှမ်း လှမ်းလိုက်ပြီးတာနဲ့ အဲဒီပန်းလေးကို ကောက်ပြီး နားမှာ ညှပ်လိုက်မိတော့တာပဲ။ အဲဒီလို ညှပ်လိုက်မိပြီဆိုတာနဲ့ ပတ်ဝန်းကျင်ဟာ တစ်ခါပြန် လည်မည်းမှောင်သွားပြီး အမှောင်ထဲမှာ ကျွန်မအော်ခေါ်နေတတ်တယ် ဖေဖေရေ မေမေရေ.. မောင်ရေ ဆိုပြီးတော့ပေါ့



စာဖတ်သူတို့လဲ လပြည့်တဲ့ညတိုင်းမှာ တရုတ်စကားပင်တောအုပ်ကလေးကနေ အဲဒီလို တမ်းတမ်းတတ ဆွေး ဆွေးမြေ့မြေ့ ခေါ်သံကို ကြားခဲ့ဖူးတယ်ဆိုရင် အဲဒါ သေချာပြီ တရုတ်စကားပန်းတွေကို ရူးသွပ်စွာချစ်ခဲ့ဖူး တဲ့ ပန်းကလေး ဆိုတဲ့ တစ္ဆေမလေးပဲ ဖြစ်ရမယ်။



---
ညီမလေး ပစ်ပစ်ရဲ့ tag ပို့စ်လေးကို ရေးပြီးပြီနော်။ ငယ်ရွယ်တဲ့ အချစ်အကြောင်းမဟုတ်ပေမယ့်  ငယ်ရွယ်သူလေး တစ်ယောက်ရဲ့ အချစ်အကြောင်းလေး ရေးပေးလိုက်တယ်နော်.
ချစ်သော မောင်နှမများအားလုံးကျန်းမာလို့ ချမ်းသာကြပါစေ၇ှင်။ သရုပ်ဖော်ပုံလေးကဖြင့် google ကနေပြီးတော့ ရှာဖွေ အသုံးပြုထားပါတယ်..

Wednesday, 5 November 2014

သံယောဇဉ် ရစ်ပတ်နှောင်ဖွဲ့လေသော အခါ (ဇာတ်သိမ်း)




ညကတစ်ညလုံး ကလေးမ ငိုရှိုက်နေသံကြားရသည်။ သြော် သူလည်း ခံစားရရှာတာပါလားလို့ တွေးမိပြီ စိတ်မကောင်းဖြစ်မိသည်။ လွန်ခဲ့သည့် လေး ငါးနှစ်ကျော်မှ အဖြစ်အပျက်တို့ကို ခုချိန်ထိ ကလေးမ ခံစားနေရ ပါလားလို့ သိခဲ့ရသည်။ ကလေးမ ဒီကိုစရောက်သည့် နေ့ကထဲက ဒေါ်နန်း သတိထားမိသည်။ ဟန်မဆောင်နိုင်စွာဖြင့် ပျက်ယွင်းနေသော သူမမျက်နှာလေးကို သနားမိသည်။ ထို့ကြောင့်ပင် ကလေးမနှင့် ပတ်သတ်၍ နားကျည်းချက် ဒဏ်ရာ ရှိသော်ငြား ဘာမှမဖြစ်သလို နွေးထွေးစွာ ဆက်ဆံပေးခဲ့သည်။ တစ်ကယ်ဆို သန်းခေါင်ယံ ငိုရှိုက်ခြင်းသည် ကလေးမ တစ်ယောက်တည်း မဟုတ်။ ဒေါ်နန်း ကိုယ်တိုင် ငိုကြွေးခဲ့ဖူးသည်။ လက်ရှိလဲ ငိုကြွေးမိနေစဲ။

သား အကြောင်းစဉ်းစားမိတိုင်း ကလေးမကို မုန်းသည့်စိတ်ကဖြင့် ပေါ်လာမြဲ။ လွန်ခဲ့သည့် ငါးနှစ်က ဒေါ်နန်းသည် မြစ်ဝကျွန်းပေါ်တစ်နေရာမှာ တာဝန်ကျနေခဲ့သည်။ သားက စာလှမ်းရေးခဲ့သည်။ သူတို့ ဆေးတက္ကသိုလ်မှ အတန်းတူ ကောင်မလေးနှင့် ချစ်သူဖြစ်နေကြတဲ့ အကြောင်း။ ဒီတစ်ခေါက် ကျောင်းပိတ်ရက်တွင် ဇာတိမြေ ဒီမြို့လေးကို အလည်ပြန်မည့်အကြောင်း။ သူ့ချစ်သူကောင်မလေးလဲ ပါမည် ဖြစ်နိုင်လျှင် အမေလဲ အဲဒီရက်ကို ပြန်လာပါဟု။ အမှာစာပါးထားခဲ့သည်။ သို့ပေမယ့် ထိုနှစ်က ဒေါ်နန်းမပြန်နိုင်ခဲ့။ တစ်ကယ်လို့ ဒီခရီးသည် သား၏ နောက်ဆုံးခရီးမှန်းသာ သိခဲ့လျှင် မဖြစ်ဖြစ်အောင် ပြန်ခဲ့မည်ဖြစ်သည်။

             မြို့ခံ ဆိုးမိုက်သော လူငယ်တစ်စုနှင့် ရန်ကြွင်းရန်စ ရှိသည်မို့ စိုးရိမ်မိသည်။ ဖြစ်နိုင်လျှင် ဇာတိမြို့ လေးသို့ သားနှင့်သူငယ်ချင်းတွေ ပြန်ကြမည်ကို ဒေါ်နန်း မလိုလားခဲ့။ ဆိုးမိုက်သော လူငယ်လေးများသည် မိဘများက လည်း ပိုက်ဆံတတ်နိုင်ကြသလို ဆိုဆုံးမမှုကလည်း သိပ်ပြီးမရှိလှ။ ဆောင့်ကြွားကြွားနိုင်လှသည့် လူငယ်ကလေးများ ဖြစ်သည်။ တစ်ခုခုဆိုလျှင် မိဘဖြစ်သည့် ကိုယ်တိုင်ပင်ရင်ကျိုးရမှာမို့ သားကို ဇာတိမြို့မှာ မထားခဲ့ပဲ ရန်ကုန်မြို့တွင်အဆောင်နေ ဆေးကျောင်းထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သားကို ဇာတိမြို့ကို မပြန်ဖို့ ဒေါ်နန်းတားခဲ့မိသည်။

          “စိတ်မပူပါနဲ့ အမေရဲ့။ သားကလေ သားတို့မြို့လေး ဘယ်လောက်လှကြောင်း သားချစ်သူကို ကြွားထားတာ။ ပြီးတော့ တစ်ခြား သူငယ်ချင်း လေးငါးယောက်လဲ ပါမှာ။ ဘာမှမဖြစ်လောက်ပါဘူး။”

          “အဲဒါဆိုလဲ သားရယ် အိမ်မှာတော့ ပြန်မတည်းနဲ့ မြို့ထဲ ဟိုတယ် တစ်ခုခုမှာပဲနေ။ အမေတို့အိမ်က မြို့ပြင်နည်းနည်းကျတယ်။ တစ်ခုခုဆို မြို့ထဲဆိုတော့ နည်းနည်း တော်သေးတာပေါ့”        

“ဟုတ် အမေ.. တစ်ကယ်ဆိုသားက သူငယ်ချင်းတွေကို အိမ်မှာပဲ တည်းစေချင်တာ။ သားတို့အိမ်ရဲ့ တောင်ကုန်းလေးပေါ်ကနေကြည့်ရင် မြင်နေရတဲ့ တောင်တန်းတွေ ဘယ်လောက်လှကြောင်း ပြချင်တာအမေရ။ ဒါပေမယ့် အမေစိတ်ချမ်းသာအောင် ဟိုတယ်မှာ ပဲ နေလိုက်တော့မယ်။ ”

“အေး အေး သား .. အိမ်ဘက်ကို မသွားနဲ့နော် တစ်ခြားလည်စရာတွေ အများကြီးပါ။”

“ဟုတ် အမေ” ဆိုပြီး သားဖုန်းချသွားခဲ့သည်။ ဖုန်းနှင့်သေချာမှာခဲ့သည် အိမ်ဘက်ကို မသွားပါနှင့်လို့။ စိတ်ထဲ တစ်ထင့်ထင့်ဖြစ်နေခဲ့သည် မဟုတ်လား ။ မိခင်ရဲ့ သောက စိုးရိမ်မှုကို မိခင်သာလျှင် နားလည်သည်။ ဖြစ်နိုင်လျှင် မသွားစေချင်။ သားက ဇွတ်အတင်းသွားမယ်ဆိုလို့သာ ဒေါ်နန်း ခွင့်ပြုခဲ့ရသည်။ တစ်ကယ်ဆို ဒေါ်နန်းရင်ထဲ သားက ဇာတိမြို့ ပြန်မည်ဟု အသိပေးလိုက်ကထဲက အမည်မဖော်နိုင်သည့် စိတ်ခံစားချက်တို့သည် လေးလံ ထိုင်းမှိုင်းလွန်း နေသည်။ တစ်ခုခုပင်။ သို့ပေမယ့် သြော် သားကို ချစ်လွန်းသည့် စိတ် စိုးရိမ်သည့်စိတ်တို့ကြောင့် ငါ့စိတ်က ဖြစ်တာပါ လေဟု ဖြေသိမ့်ခဲ့မိသည်။  

“ကိုလေး. တို့အိမ်ဘက် ဝေ့ကိုခေါ်ပြီး ပြမယ်ဆို.”

“အမေက မသွားနဲ့ဆိုလို့ ဝေရဲ့။သေချာမှာထားလို့လေ.”

“ဟင် ကိုလေးကလည်း ကိုယ့်အိမ်ကိုယ်ပြန်တဲ့ဟာ မသွားနဲ့ရယ်လို့ . ဝေ ကြည့်နေတာကြာပြီ သိလား ကိုလေး အမေက နေရာတစ်ကာ ချုပ်ခြယ်လွန်းအားကြီးတယ်။ တစ်ကယ်ပဲ .. မနက်ဖြန်ဆို ပြန်ရတော့မှာ။ ဇာတိမြို့ကိုရောက် ပြီး အိမ်လေးတောင် မမြင်ဖူးခဲ့ဘူး ဆိုတာကတော့ လွန်တယ် 

ဝေ ၏ စိတ်ကောက်ပြီး နှုတ်ခမ်းစူမူနွဲ့ သည့် ဒဏ်ကို ကိုလေး ကြာကြာမခံစားနိုင်ပါပေ။ အသင့်ရှိနေသာ ဆိုင်ကယ်ပေါ် တက်ခွလိုက်သည်။ ဝေ့ ကို ဆိုင်ကယ်စီး ဦးထုပ်လှမ်းပေးလိုက်သည်။ ဆိုင်ကယ်ကို စက်နိုးလိုက်တော့သည်။

          “ဟေ့ ဟေ့ ဟိုနှစ်ယောက် ဘယ်သွားမလို့တုန်း .. ခပ်ဝေးဝေး မသွားကြနဲ့နော်”

ဟိုတယ်ပေါ်မှ သူငယ်ချင်းများ အော်ပြောသည်ကို ဒီနားဆိုသည့်ပုံစံနှင့် လက်လှမ်းပြခဲ့ပြီး ဆိုင်ကယ်ကို မြို့ပြင်ဘက် သို့ဦးတည်လိုက်သည်။ သူ၏ အိမ်သည် မြို့ပြင်ဘက်တွင်ရှိသည်လေ။  မြို့ပြင်သို့ရောက်လာလေ အိမ်ခြေသည် ခပ်ကျဲကျဲဖြစ်သွားသည်။ မြို့ထဲမှာကဲ့ သို့ ဆိုင်များနှင့်စီကားမနေ။ ဆောင်းဝင်စမို့ နေ့တာတိုသည် မှောင်စပြုပေပြီ။          တော်တော်ကြာ သည့် တိုင်အောင် ကိုလေး အိမ်သို့ မရောက်သေး။ ဝေ နောင်တ ရချင်သွားသည်။ စိတ်ထဲ ကိုလေး ၏ အမေ ချုပ်ခြယ်မှုကို မကျေနပ် ၍သာ ဂျစ်တိုက်လာသော်လည်း ခုလောက်ဝေးမည်ဟူ ၍ မထင်။

ချစ်သူကောင်မလေးပါမည်ဟု ပြောသည်ကိုပင် အိမ်မှာမတည်းနဲ့ ဟိုတယ်မှာနေဆိုသည့် အစီအမံသည် ဘာသဘောလဲ။ အိမ်ကြီးကြီးတစ်လုံး ရှိနေပါလျှက် ဟိုတယ်မှာ တည်းခိုင်းသည် ဆိုကထဲက ဝေ့ ကို မကြည်ဖြူလို့ နေမှာပေါ့။ ကိစ္စမရှိပါဘူး ဝေ တို့က ပိုက်ဆံတတ်နိုင်နေသည်ပဲ။ ဟိုတယ်မှာ နေဆိုတော့လည်း နေရုံပေါ့။ သို့ပေမယ့် ကိုလေး အမေ မသွားစေချင်သည့် ကိုလေးတို့အိမ်ကိုဖြင့် ရောက်အောင်သွားမည်ဟု သည်ခရီးစပြီးထွက်လာကတည်း က ဆုံးဖြတ်ချက်ချပြီးသား။ ဒါကြောင့်ပင် ကိုလေးကို မရရအောင် ပူဆာခဲ့သည်။

 တုန့်ကနဲ ရပ်သွားသည့် ဆိုင်ကယ်ကြောင့် ..

“ရောက်ပြီလား ကိုလေး ”

“မရောက်သေးဘူး ရှေ့နည်းနည်းသွားဖို့လိုသေးတယ်”

“ဟင် အဲဒါကို. ဘာလို့ ဆိုင်ကယ်ရပ်လိုက်တာတုန်း။ ဒီနားက လူနေအိမ်ခြေလဲ မရှိပဲနဲ့”

“မသိဘူး ဝေရ။ ဆိုင်ကယ်က ရပ်သွားတာ ။ ကျွတ်. ကွိုင်ပဲကွာ.”

“အဲဒါ ဘယ်လိုလုပ်မှာလဲလို့။”

“ကားကြုံပဲ စောင့်စီးပြီး မြို့ထဲ ပြန်ဝင်ရတော့မှာပဲ။ ဝေကလည်းကွာ စိတ်မကောင်းမဖြစ်ပါနဲ့ နောက်တစ်ခေါက်ပေါ့.”

ဝေ မကျေနပ်စွာဖြင့် ကိုလေး ကိုမျက်စောင်းထိုးပစ်လိုက်သည်။ ကိုလေးက ရယ်ကျဲကျဲဖြင့် ဝေ့ကိုယ်လုံးလေး ကို သိမ်းကြုံးဖက်ပစ်လိုက်သည်။ ဒီလိုဆိုတော့လည်း ဝေ ဂျစ်မတိုက်လိုတော့ပါလေ။ ဟော .. မီးရောင်မြင်ရတယ် ကားလာပြီထင်တယ်။ ကားတော့မဟုတ် ဆိုင်ကယ် ၄ စီးမျှ သူမတို့လမ်းဘက်ကို လာနေသည်။

အနားနီးတော့ ဆိုင်ကယ်ပေါ်မှ ဝေ တို့နှင့် အသက် မတိမ်း မယိမ်း  ယောက်ျားလေး များဆင်းလာကြသည်။

“ဟေ့ ဘာဖြစ်နေတာလဲ လမ်းလယ်ခေါင်ကြီးမှာကွာ ..ညီလေး ကိုယ်တို့ကိုလည်း နည်းနည်း ပေးမြည်းပါလား ကွ”

ဒီအပြောကြားကထဲက ဝေ သေလောက်အောင် စိတ်ညစ်သွားသည်။ အကူအညီပေးမည့်သူ မျှော်ကာမှ နှောင့်ယှက်သူများရောက်လာရသည်လို့။

“ မဟုတ်ဘူး အစ်ကိုတို့ ကျွန်တော်တို့ ကျောင်းသားတွေပါ မြို့ထဲပြန်ဝင်လာတုန်း ဆိုင်ကယ်စက်ရပ်သွားလို့ လေ .အဲဒါ မြို့ထဲဝင်မယ့် ကားကြုံရှာနေတာ ”

ပြောလဲပြော ဝေ့ကိုလည်း သူ့ ခန္ဓာကိုယ်နှင့် မသိမသာ ကွယ်လိုက်သည်။  ဆိုင်ကယ် ဦးထုပ်ကိုတော့ မချွတ်သေး။

“ကူညီနိုင်ရင် ကူညီပါ အစ်ကို။ မကူညီနိုင်ရင်တော့ မနှောင့်ယှက်ပါနဲ့ ဗျာ။ တောင်းပန်ပါတယ်။ ”

ကိုလေးကိုကြည့်ပြီး ဝေ သနားသွားသည်။ ဝေ့ အတွက် အန္တရာယ်ဖြစ်မှာ စိုးရိမ်ရှာသည်ထင်။ ဝေ့ ကြောင့် ဒီခရီးကို မလာခဲ့မိရင်ကောင်းသား။ နောင်တ အလွန်ရချင်သွားမိသည်။ မှောင်ကလဲ မှောင်ပြီ။ ကားအသွားအလားက လဲ ကျဲသည်။
         
          “အေး ကုညီပေးမယ်ကွ မင်းက ဆိုင်ကယ်စောင့်ပြီးကျန်ခဲ့ပေါ့။ မင်းကောင်မလေးတော့ ကိုယ်တို့နဲ့ ထည့်လိုက်လေ မြို့ထဲပြန်ခေါ်သွားပေးမယ်”

လက်ရဲ ဇက်ရဲ နိုင်စွာဖြင့် တစ်ယောက်က ဝေ့ လက်ကို အတင်းလာဆွဲသည်။ ဝေ ဘာမျှ စဉ်းစားမနေတော့ ဆိုင်ကယ် ဦးထုပ်ကိုချွတ်ပြီး လက်လာဆွဲသည့် သူရဲ့ ခေါင်းကို ရိုက်ချလိုက်သည်။ မထင်မှတ်သည့် အပြုအမူကြောင့် ကိုလေးရော ထိုသူများပါ အံ့သြသွားသည်။

          “အောင်မာ ကောင်မက လူပါးဝလို့ ”

  ထိုသို့ကြိမ်းဝါးသူ၏ လက်ထဲ လက်ကနဲ တစ်ချက်မြင်လိုက်သည်.။ အရှိန်နဲ့ ပြေးဝင်ကာ ဝေ့ ကိုဓါးနှင့်ထိုးဖို့ ထိုသူကြိုး စားသည်။ ထိုသူသည် သူ၏ လက်ကို အချက်ပေါင်းများစွာလွဲကာ ဆင့်ကာ ဆင့်ကာ ဓါးနှင့်ထိုးနေသည်။ သို့ပေမယ့် ဝေ နာကျင်သည့်ဝေ ဒနာမခံစားရ။ လေးလံလွန်းသည် ဟုသည်ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ကိုလေးသည်သူမ နှင့် ထိုသူကြား ၀င်ခံလိုက်သောေ ကြာင့်ဖြစ်သည်။ ထိုသူဓါးနှင့်ထိုးလိုက်တိုင်း နာကျင်ရှုံ့မဲ့သွားသည့် ကိုလေး၏ မျက်နှာကို ဝေ အနီးကပ်မြင်နေရသည်။ ပွက်ခနဲထွက်လာသော ကိုယ်လေး၏ ပါးစပ်မှ သွေးတို့သည် မြင်မကောင်း။ ဓါးနှင့်ထိုးသည့်  အချက်ပေါင်းများလာသည်နှင့်အမျှ ကိုလေး၏ ခန္ဓာကိုယ်ကြီး သည် ဝေ့အပေါ် ပိကြ လေးလံလာသည်။

           ရုတ်တရက်ဖြစ်သွားသော အခြေအနေတွင် ဝေ အံ့သြမှင်သက်စွာ ထိန့်လန့်ကြောက်ရွံ သွားမိသည်။ အသံကုန်ေ အ်ာမိသည်။ ထိုလူစုမှလဲ ဓါးနှင့်ထိုးသည့် လူငယ်အား ကြောင်အမ်းအမ်းဖြစ်ကာ ကြည့်နေကြသည်။ မှင်သက်နေကြသည်။

“ကိုလေး … ကယ်ကြပါအုန်းရှင် .ဒီမှာ  ကယ်ကြပါအုန်း.. ကယ်ကြပါအုန်း ..ဟင့် ဟင့် တော်ပါတော့ တော်ပါတော့ ကိုလေး ကိုလေး .. ဝေ့ ကြောင့်.. ”

ဝေ အသံတွေပြာပြီး တုန်ရီနေသည်အထိ ပတ်ဝန်းကျင်ကို အော်ပြီး အကူအညီတောင်းမိသည်။ ဓါးနှင့်ထိုးနေသည့် လူကိုလဲ အင်အားရှိသမျှ လက်နှင့်တွန်းထုတ်ပစ်လိုက်သည်။ ဒီတော့မှ ထိုလူငယ်အုပ်စုသည် သတိပြန်ဝင်လာသလိုနှင့် ဓါးနဲ့ထိုးနေသည့်လူအား ၀င်ဆွဲကြသည်။ ဓါးနှင့်ထိုးသည့် လူသည်လည်း ယခုမှ အိပ်ရာမှ တစ်ရေးနိုးလာသကဲ့သို့

“ဟာ ..ငါလူသတ်မိပြီ ငါလူသတ်မိပြီ”

“ကျွတ် မင်းတော့ ကွိုင်ပဲ .. ထက်မြတ် ရာ..” ဟု ထိုလူအဖွဲ့ထဲမှနာမည်ခေါ်သံကို ဝေ ကြားလိုက်သည်။ ထို့နောက် ဆိုင်ကယ်များစက်နိုးကာ အလျင်အမြန် ထွက်ခွာသွားကြသည်။

          “ကိုလေး ..ကိုလေး . သတိထားနော်. ဝေ ရှိတယ်. ဝေ ရှိတယ် သိလား ..ဝေ့ကြောင့်..ကိုလေး ..ဝေ့ အနားမှာပဲ နေနော်.. ဝေ့ အနားမှာနေနော် မအိပ်နဲ့နော် သိလား”

နာကျင်သည့်ဒဏ်ရာများကြားမှ ကိုလေး ခေါင်းညိမ့်ပြသည်။ ပြီးတော့ ဝေ၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင် ထားခဲ့သည်။ ပါလာသည့် ပုဝါဖြင့် ကိုလေး၏ဒဏ်ရာကို ကြပ်စည်းပေး လိုက်သော် လည်း ဝေသိသည်။ ဒီလောက်အချက်ပေါင်းများစွာ အားနှင့် ထိုးစိုက်ခံခဲ့ရသည်။ ဆေးရုံပေါ်အထိ ကိုလေးသည် ဝေ၏ လက်တို့ကို တင်းကြပ်စွာဆုပ်ကိုင်ထားစဲ။ ဆေးရုံရောက်ပြီး နာရီဝက် အကြာတွင်တော့ ကိုလေးသည် ဝေ၏လက်ကိုလွှတ်ကာ ထွက်ခွာသွားခဲ့လေပြီ။

          “စံစံ .. ငါ့ကြောင့် ငါ့ကြောင့် ကိုလေး သေသွားရတာ။ ငါသာ မပူဆာခဲ့ဘူးဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ ငါ ကြောင့် ကိုလေး သေရ တာဟ.ငါ့ကြောင့် ။”

          “အေးပါ. ဝေ ရယ် နင့်ကြောင့်ရယ်လို့မဟုတ်ပါဘူး။ လူတိုင်းက သူ့ကံနဲ့သူလာတာမဟုတ်လား။ နင် နင့်အဖေနဲ့ပဲ ပြန်လိုက်သွားနော်။ ”

“ဟင့်အင်း .. မလိုက်ဘူး ကိုလေးရဲ့ နောက်ဆုံးချိန်ထိ ငါ ကိုယ်လေးနားမှာပဲ နေမှာ မလိုက်ဘူး။ ကိုလေး. ကိုလေး ရေ.”

 သေဆုံးခဲ့ပြီဖြစ်သော ကိုလေး၏ကုတင်နားပြေးသွားလိုက် တမ်းတမ်းတတ ငိုလိုက်နှင့် သောကဗျာပဒတွေ များနေခဲ့သည်။ နောက်ဆုံး လောကကြီး နှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်။ ဝေ ဘာတွေဖြစ်ခဲ့သလဲ မမှတ်မိတော့။  ဝေ ကောင်းကောင်း သတိပြန်ရလာသည့် အချိန်တွင် ရန်ကုန်သို့  ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။ ဝေ သည် ကျန်းမားရေး အခြေအနေကြောင့်  ဆေးကျောင်းကို တစ်နှစ် နားထားခဲ့ရသည်။      

ရဲ၏ စစ်ဆေးချက်တွင်တော့ ကိုလေးမြို့သို့ ပြန်ရောက်လာသည်ကို ဆိုးသွမ်းလူငယ်တို့ သိနေခဲ့ကြသည်။ အချိန်အခါ အခွင့်မသင့်သေးသဖြင့် စောင့်ကြည့်နေကြခြင်းသာဖြစ်သည်။ ညနေပိုင်း ကိုလေးနှင့်ဝေ တို့နှစ်ယောက် မြို့ ပြင်သို့ထွက်လာသည့် အချိန်မှာတော့  သူတို့အတွက် အခွင့်သာသွားခဲ့ကြသည်။ ကိုလေးမှန်း သိသဖြင့် နှောင့်ယှက်ခဲ့ ကြခြင်းဖြစ်သည်။ ဝေက လက်ဦးစွာ သူ့လူကို ရိုက်လိုက်သည့်အချိန်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲ ထားသည့် ထိုလူသည် သွေးကြွကာ လူသတ်ဖို့ အထိ ကြမ်းတမ်းသွားခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သေသူက သေဆုံးသွားခဲ့သလို ကျန်ရစ်သူကလည်း ပူပင်သောကဗျာပါဒ တို့ဖြင့် နှစ်လရှည်ကြာ ခံစားရသည့် သည်ဒဏ်ရာကဖြင့် ခုချိန်ထိ မပျောက်တတ်သေး။


“အန်တီရယ် ကိုလေးက လည်းဖြစ်ချင်လို့ပါ။ ဝေ့ကို သူ့ အိမ် လိုက်ပြမယ် ဆိုပြီး နှစ်ယောက်သားထွက်သွားကြတာ။ အုပ်စုလိုက်သာ သွားရင် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရမှာ မဟုတ်ဘူး။”

ဒေါ်နန်း သားရဲ့သတင်းကြောင့် ဇာတိမြေကို ပြန်လာခဲ့သည်။ သားချစ်သူကောင်မလေးဆိုသည်ကိုဖြင့် မတွေ့ ရတော့ပေ။ ကျန်းမာရေးအခြေအနေကြောင့် အဖေဖြစ်သူက ရန်ကုန်သို့ ခေါ်ဆောင်သွားသည်ဟူ ၍သာ သိခဲ့ရသည်။ ဆေးရုံမှ တာဝန်ကျသည့် ဒေါ်နန်း၏ မိတ်ဆွေ နပ်စ် မ၏ အပြောကြောင့် ပိုပြီး အသဲနာခဲ့ရသည်။ အသားတွေ တစ်ဆတ် ဆတ်တုန်သည်။

“ကောင်မလေးသနားပါတယ် မနန်းရယ်။ သူ့ခင်ဗျာ ကိုလေးကုတင်နားပြေးသွားလိုက် ငါ့ကြောင့် ကိုလေး သေရတာဆိုပြီ ပြောလိုက်နဲ့ ကောင်မလေးခင်ဗျာ အရူးတစ်ပိုင်းပါပဲ။ နောက်ဆုံး ဘယ်လိုမှ ထိန်းမရတော့လို့ ကောင်မလေးကို ဆေးထိုးပေးပြီး သူ့အဖေက ရန်ကုန်ပြန်ခေါ်သွားခဲ့တာ။ သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့။ ဖြစ်ချိန်တန် လို့ဖြစ်တယ်ပဲ မှတ်ပါ မနန်းရယ်”

သတ္တ၀ါတစ်ခု ကံတစ်ခုတဲ့လား။ ရှိသည်မှ ဒီသားနဲ့ ဒီအမေ။ ဖြစ်ချိန်တန်လို့ ဖြစ်သည်တဲ့လား။ ဟိုကလေးမ ကသာ  အိမ်ကိုသွားမယ်လို့ မပူဆာခဲ့ရင် ဒီလိုကိစ္စတွေဖြစ်လာစရာ အကြောင်းမရှိ။  ဘယ်လိုများ တရားအသိနဲ့ ဖြေလို့ရပါ့မလဲ။ အချိန်ကောင်း အရွယ်ကောင်း အညွန့်တစ်လူလူနဲ့ အချိန်မှ မဆင်ခြင်မှုကြောင့် ဒီလိုဆုံးရှုံးသွား ရတာ။ ဘယ်အမေရင်ထဲမှာ တရားအသိနဲ့ဖြေနိုင်ပါ့မလဲ။ ငါ့သားလေး ဆိုပြီး နှမျောတသဖြစ်ရ။ သားက ဆရာဝန်ကြီးဆိုရင် ဘေးကနေ အမေက နပ်စ် အဖြစ်ကူညီပေးချင်တဲ့ စိတ်ကူးယဉ်တွေ သဲထဲရေသွန်လိုက်သလိုပဲ။ ဒေါ်နန်းဘ၀ တွယ်စရာ မဲ့နေတဲ့ဘ၀ဖြစ်ခဲ့ပြီ။ အစကတော့ သားလေးက ဒေါ်နန်းရဲ့ တွယ်စရာ မှီစရာ။ ခုလောကကြီးထဲ ဆွေရင်းမျိုးရင်း သွေးရင်းသားရင်းဟာ ဒီသားနဲ့ ဒီအမေ။ ဒီသားမရှိဘူးဆိုမှဖြင့် ဒေါ်နန်းဘ၀ ရေစုန်မျောလိုက်ရုံပဲ ရှိတော့တာပေါ့။

          အဆောင်က သားပစ္စည်းတွေ သိမ်းလာသည့်အခါ စာအုပ်ကြားထဲတွင် ကောင်မလေး၏ ဓာတ်ပုံကို တွေ့ခဲ့ရသည်။ သွားထက်ကလေးများဖြင့် အပြစ်ကင်းစင်သည့် အပြုံးဖြင့် ရိုးရိုးယဉ်ယဉ်လှသည့် ကောင်မ လေးပဲဟု မှတ်ချက်ချမိသည်။ ဒါပေမယ့် ငါ့သားသေရတာ ဒင်းကြောင့် ဟူသည့် စိတ်သည် ကောင်မလေးအား အစွယ်ပြူးသည့် ဘီးလူးမအဖြင့် ဒေါ်နန်းမြင်မိသည်။ “နင့်ကြောင့် ငါ့သား မသေသင့်ပဲ သေရတာ” ဟဲ့လို့ အကြိမ်ကြိမ် ပြောမိသည်။ သားမရှိတော့သည့်နောက် အလုပ်မှ ပင်စင်ယူလာပြီး ဇာတိချက်ကြွေ ဒီမြို့လေးမှာပင် ဘ၀၏ အချိန်တို့ကို ကုန်ဆုံးနေခဲ့သည်။ မထင်မှတ်စွာ ရန်ကုန်ဆေးရုံကြီးတွင် တာဝန်တူတူကျဖူးသည့် ဆရာဝန်ကြီးမှ သူ့သမီးသည် ဒီမြို့လေးကို ဆရာဝန်အဖြင့် တာဝန်ထမ်းဆောင်ဖို့ ရောက်လာမည်ဖြစ်ကြောင်းနှင့် ဒေါ်နန်းကပင် စောင့်ရှောက်ပေးဖို့ အမှာတော်ပါးခဲ့သည်။ ကျေးဇူးလဲရှိသည့်အပြင် နဂိုထဲကလည်း လေးစားပြီးသားမို့ ဟုတ်ကဲ့ ကောင်းပါပြီ ဟူ ၍ တာဝန်.ယူခဲ့သည်။
         
ကလေးမကို သွားကြိုပြီး ကလေးမ မျက်နှာမြင်လိုက်ရသည့် အချိန်တွင် ဒေါ်နန်းတုန် လှုပ်သွားခဲ့ရသည်။ ထိုကလေးမသည် သား၏ချစ်သူ ဆေးကျောင်းသူမလေး ဆိုသည်ကို သိလိုက်သည်။ တစ်ချိန်လုံး မုန်းတီးစွာ ထိုင်ကြည့်နေမိသည် ဓာတ်ပုံပိုင်ရှင်သည် ထိုကလေးမဖြစ်သည်။ အေးလေ အလှည့်တော့ကျပြီပေါ့ဟူသည့် အတွေးဖြင့် မြို့ထဲ ဟိုတယ်တွင် ကလေးမကို တစ်ညထားခဲ့သည်။ ထိုတစ်ညထဲတွင် သားနှင့်ပတ်သတ်သည့် အသုံးအဆောင် ပစ္စည်း  အားလုံးကိုစုပြီး အခန်းတစ်ခုထဲ ထည့်ကာ သော့ခတ်ထားခဲ့သည်။ သား အိပ်ခဲ့သည့် အိပ်ခန်းတွင်ပင် ကလေးမအတွက် ပြင်ဆင်ပေးခဲ့သည်။  

ကလေးမကို မုန်းသည်။ နားကျည်းမိသည်။  ထို့ကြောင့် ကလေးမကို ဟန်ဆောင်ကာပြုံးရင် အချိန်အခါကို စောင့်နေခဲ့သည်။ သားသည်မိခင်၏ ဇောသည် ကြမ်းတမ်းလာခဲ့လေပြီ။ သို့ပေမယ့် ဒေါ်နန်းလုပ်ခဲ့သည့် အလုပ်က သူများအသက်ကယ်လာသည့် နပ်စ် အခုလို လူတစ်ယောက်အသက်ကို ကြက်ကလေး ငှက်ကလေးလိုသတ်ရမည် ဆိုတော့ ခြောက်ခြားမိ သည်ကတော့ အမှန်ပင်ဖြစ်သည်။ တွေဝေမှုတို့ဖြင့် ဇောသည် လွန်ဆွဲ၏။

          ဒီကြားထဲ ခက်လာသည်က အနေကြာလာသည်နှင့်အမျှ ကလေးမကို သမီးလေး သဖွယ်ချစ် လာရသည်။ သူမ၏ ငိုရှိုက်သံ နွမ်းနေသောမျက်နှာ။ တစ်ခါတစ်ရံ ခပ်ဆွေးဆွေး အကြည့်တို့သည် သြော် ငါခံစားရတာထက် ကလေးမလည်း မလျှော့အောင် ခံစားနေရပါလားလို့ သနားစိတ်ဝင်မိလာသည်။ ကလေးမက ပြောသေးသည် အမေငတ်ခဲ့သည်မို့ အမေသဖွယ်ချစ်ပါတယ်တဲ့။ ကလေးမ ရွှတ်ကနဲ့ ရွှတ်ကနဲ နမ်းလိုက်လျှင် ဒေါ်နန်းစိတ်ထဲ ကြည်နူး အေးမြသွားလိုက်တာ ဟန်ဆောင်လို့မရ။ ထိုအချိန်တွင် နှုတ်ဖျားက သမီးသမီးနှင့် မချတမ်း ဟန်ဆောင်မှု ကင်းစွာ ချစ်ခဲ့ရသည်။ တစ်ခါတစ်ခါ သားကိုသတိရစိတ်ဖြင့် သားရဲ့ အခန်းထဲ ၀င်ကြည့်မိလျှင်တော့ဖြင့် ထိုကလေးမကို မုန်းတီးစိတ်တို့သည် ထိန်းသိမ်း ၍ မရ။

ဟိုတစ်ခါ နွားနို့ထဲ ဆေးခတ်ပြီးနောက်ပိုင်း ဒေါ်နန်းကလေးမကို သတ်ဖို့ ထပ်ပြီးမကြံစည်ဖြစ်တော့.ပေ အဘယ်ကြောင့်ဆိုသော် ကလေးမအခန်းထဲမှ ညစဉ်ညတိုင်း “ကိုလေး ရေ” ဆိုသည့် လွမ်းမောတမ်းတဖွယ် ခေါ်သံကိုကြားနေရသည်။ ငိုရှိုက်သံတို့ ပျံ့လွင့်နေတတ်သည်။ သနားလွန်းလှသည်။ မနက်မိုးလင်းလျှင် ဘာမှ မဖြစ်သလိုနှင့် သူမကိုရွှတ်ကနဲ အနမ်းနှင့်နှုတ်ဆက်ကာ အလုပ်သို့ ထွက်ခွာသွားတတ်သည်။ သားအစား ကလေးမကို သမီးရင်းလေးသဖွယ် ဒေါ်နန်းချစ်မိခဲ့လေပြီ။ သံယောဇဉ် နှောင်တည်းမှုသည် ပို ၍ ခိုင်မြဲလာခဲ့လေပြီ။ ကလေးမ၏ အရယ် အပြုံး အမူအနွဲ့တို့သည် အထီးကျန်လှသော ဒေါ်နန်းအတွက် အိမ် ဆည်းလည်းသဖွယ်။ ကလေးမ မျက်နှာလေးကို မြင်နေရပင်လျှင် ဒေါ်နန်း စိတ်ထဲ ကြိတ် ၍ ကြည်နူးရသည်။ ပြုံးပျော်ရသည်။အေးမြရသည်။

 ညဘက် ဒေါ်နန်းအိပ်နေသည့်အခါ နဖူးကိုရွှတ်ကနဲနမ်း စောင်ကိုလုံခြုံအောင် ခြုံသွားပေးတတ်သည်။ တစ်ခါတစ်ရံ အလုပ်နားရက်များတွင် သူမ၏လက်ရာ ရန်ကုန်ထမင်း ဟင်းကိုလည်း ချက်ကျွေးတတ်သေးသည်။ တစ်ခါတစ်ရံ အမေနန်းအတွက်ဆိုပြီး အလုပ်မှ အပြန်မုန့်သရေစာများလည်း ၀ယ်လာတ်သည်။ ပညာတတ်သော် လည်း မာန်မကြီးသည့် ကလေးမဖြစ်သည်။ နှစ်ယောက်လုံး၏ အ၀တ်အစားကို ကလေးမလျှော်သည်။ မီးပူတိုက် သည်။ သပ်သပ်ရပ်ရပ်စီပြီး ထည့်ပေးတတ်သည်။ အခါကြီးရက်ကြီး အလုပ်ပိတ်ရက်များနှင့်ကြုံလျှင် ဘုရားဖူးကာ ကုသိုလ်ယူလိုက်ကြသေးသည်။ ကလေးမတွဲပေးသောလက်သည် ဒေါ်နန်းအတွက် အလွန်နွေးထွေးလှသည်။ ကလေးမကို ဒေါ်နန်း တွယ်တာလွန်းနေပြီဖြစ်သည်။ ကလေးမ ရန်ကုန်ပြန်သွားမှာကိုပင် စိုးရိမ်လှသည်။ ဒီအတောအတွင်း သား၏ အခန်းထဲသို့လည်း ဒေါ်နန်းမရောက်ဖြစ်။ ကလေးမကိုမုန်းတီးသည့်စိတ်များ မဖြစ်လို။ သားအစား ချစ်ရသည့် သမီးလေး ဝေ .

ဤသို့ဖြင့် ရက်မှလသို့  ဖြတ်ကျော်လာပြီးနောက်။

“မေနန်း အိမ်မှာလေ အခန်းတစ်ခန်းထဲ ဘာလို့ သော့ခတ်ထားတာလဲ”

          “သြော် အဲဒါလား။ ပစ္စည်းအဟောင်းတွေ ထည့်ထားတာပါ။ ဘာမှမဟုတ်ဘူး။ ”
         
          “သြော်..”

 ဝေ ၏နှုတ်က သြော်ဟု ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ ထူးဆန်းလွန်းနေသည်။ ပစ္စည်းဟောင်းတွေ ထည့်ထား သည့် အခန်းက သော့ခတ်စရာလိုလို့လား . နောက်တစ်ခုက ညတိုင်း ဝေ ၏ အိပ်ခန်းထဲတွင် ကိုလေးရှိနေသလို ခံစားနေရသည်။ အိပ်ချင်မူးတူးဖြစ်နေသည့် အချိန်များတွင် ကိုလေး၏ ပုံ၇ိပ်ကိုမြင်နေရသည်။ မနေ့ည ကတော့ နည်းနည်း ထူးဆန်းသည်။ အိမ်မက်ထဲတွင် အပေါ်ထပ်လှေကားမှ ကိုလေးဆင်းလာသည်။ သော့ခတ်ထားသော အခန်းတွင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။

          “သမီးက ဘာလို့မေးတာတုန်း”  

          “ဟို..ဟိုလေ အိမ်မက် မက်လို့လေ အဲဒီအခန်းထဲ လူတစ်ယောက်ဝင်သွားတယ် မက်လို့ မေးကြည့်တာ ဘာရယ်မဟုတ်ပါဘူး”



တစ်နေ့တွင်တော့ -

“မေနန်း ဒါသမီးပြောပြောနေကျ ဒေါက်တာသော်ကောင်းလေ ။ သမီးကတော့ ကိုကောင်းလို့ပဲ ခေါ်တယ်။”

အခြေအနေကိုကြည့်လိုက်သည်နှင့် ဒေါက်တာသော်ကောင်း၏ စိတ်သည် ကလေးမအပေါ်ညွတ်နေသည် ဆိုသည်ကို ဒေါ်နန်းရိပ်မိသည်။ သူ့သားမှာတော့ အသက်ပေးပြီးတော့ ချစ်ခဲ့ရသည်။  ခုတော့ ကြည့်အုန်း ဖြစ်နေကျပုံက မိုးမမြင် လေမမြင်။ စိတ်က အလိုလို ဒေါက်တာသော်ကောင်းကို အမြင်မကြည်ချင်။ ကလေးမအပေါ်တွင်လည်း အနည်းငယ် မျက်သွားမိသည်။

ထင်တော့ထင်သား ဒါကြောင့် ခုတစ်လော ကလေးမ ငိုသံမကြားရတော့တာကိုး။ အေးပေါ့ အသစ်တွေ့တော့ အဟောင်းမေ့တော့မှာပေါ့။ ငါ့မှာဖြင့် ငါ့သားလေးကို ချစ်ရှာတယ်ဆိုပြီး သမီးအရင်းလေးလို ချစ်လိုက်ရတာ။ ခုတော့ အသစ်တွေ့တော့ အဟောင်းမေ့တော့မှာပေါ့. သေသောသူ ကြာရင်မေ့ဆိုတဲ့ စကားဟာ တယ်မှန်တာပဲ။ ဝေ ကတော့ မရိပ်မိပါ။ ဒေါ်နန်း ပုံစံကိုရိပ်မိသွားသူက ဒေါက်တာသော်ကောင်းဖြစ်သည်။ ကြည့်ရတာ သူ့ကို မလိုလားသည့် ပုံပင်။ တစ်ကယ်ဆို ဝေနဲ့ ဒေါ်နန်းက ဘာမှ သွေးမတော်သားမစပ်ဟာပဲ ဒီလောက်ထိ မျက်နှာပျက်နေစ ရာမလိုပေ။ တစ်ခုခုပဲ. သော်ကောင်း တစ်ခုခုကို နားလည်လိုက်သကဲ့သို့ ရှိသည်။ သို့ပေမယ့် ဘာလဲ မသေချာ။

“သား .မင်းပြောတော့ မင်းကောင်မလေးက မင်းကို သိပ်ချစ်တာဆို။ ခုတော့ သူမင်းကို သစ္စာဖောက်တော့ မယ်. အသစ်တွေ့နေပြီ။”

မရောက်ဖြစ်ခဲ့တာကြာနေသည့် သော့ခတ်ထားသည့် အခန်းထဲ ပြန်ရောက်ခဲ့ပြန်သည်။ အခန်းထဲမှ သူ့သားဓာတ်ပုံများကို ကြည့်ပြီး တစ်ယောက်တည်း စကားပြောနေမိသည်။ ပြောနေရင်း ပြောနေရင်းမှ တစ်ဖြည်းဖြည်း ခက်ထန်လာသည်။ ပြီးတော့ သဘောကျစွာ တစ်ဟားဟားအော်ရီသည်။ ဤသို့ဖြင့် မရောက်ဖြစ်တာ ကြာခဲ့သည့် အခန်းထဲသို့ ဒေါ်နန်းသည် ကလေးမဆေးရုံသို့သွားသည်နှင့် တစ်နေကုန် ၀င်ခဲ့သည်။ ကလေးမပြန်ရောက်လာလျှင် ဘာမှမဖြစ်သလို အပြုံးမပျက်နှင့်နေသည်။ ရက်မှ လအနည်းငယ်ကြာခဲ့ပြီ။ တစ်နေ့.. ကလေးမ ပြန်ရောက်ချိန် တန်ရဲ့ သားနှင့် ခုချိန်ထိ ပြန်မလာသေး သေချာပြီ ဟိုမျက်နှာရူး ဖြူဖတ်ဖြူရော အကောင်နှင့် အကြည်စိုက်နေတာပဲ ဖြစ်ရ မယ်.

“အေး အေး ..သား အမေလေ အဲဒီသားရဲ့ ချစ်သူကို သားနှင့်ဘ၀တူအောင် လုပ်ပေးလိုက်မယ်။ ခုငါ့သားတို့ က ဘ၀ခြားနေလို့ မဆုံဆည်းနိုင်တာမဟုတ်လား။ အမေ ပေါင်းပေးမယ်သား …ဟားဟား…ဟီး ဟီး…အမယ်လေး သားရယ် အဖြစ်ဆိုးလိုက်တာ။ ငါ့သားလေး သနားစရာကွယ်။ ငယ်ရွယ်စဉ်ကလည်း အမေက မင်းနဲ့ တူတူနေပြီး အမိ မေတ္တာအပြည့်မပေးနိုင်။ အသက်ကြီးလာပြန်တော့ ငါ့သားလေး ရက်ရက်စက်စက် အသတ်ခံရတယ်။ အညွန့်တစ်လူလူနဲ့ ခုလောက်ဆို ငါ့သားလဲ ဆရာဝန်ဖြစ်နေပြီ။ အဲဒါ ဟို ကောင်မလေးကြောင့် ဟို ကောင်မလေးကြောင့်.. ဒီညငါ့သားချစ်သူကို အပိုင်ရပြီလို့သာ မှတ်လိုက်။ ဟားဟား …ဟား”

          တောင်ကုန်းလေးထဲက အိမ်ကြီးတွင် သောကပရိဒေ၀မီးတို့ဖြင့် ပူပြင်းလောင် မြိုက်နေသလောက်. အေးအေး လူလူ ရှိနေသည်မှာ ဒေါက်တာသော်ကောင်း နှင့်ဝေ တို့ဖြစ်သည်။

          “ဝေ .. သေချာ ပြန်စဉ်းစားပါအုန်း. သေတဲ့သူကလည်း သေသွားပြီပဲ ။ ဝေ့ ဘ၀ကို ဒီလိုပဲ အဆုံးသတ်တော့ မလို့လား. ”

          “ဝေ ကြောင့် သေသွားတဲ့ ချစ်သူပါ ကိုကောင်း။ ပြီးတော့ ခုချိန်မှာ နောက်ထပ်အချစ်သစ်ကို လက်ခံဖို့ ဝေ့စိတ်ထဲမှာ ဘယ်လိုမှ အသင့်မဖြစ်နိုင်သေးဘူး . နားလည်ပေးပါလို့ ပြောရုံက လွဲပြီး ဝေ့မှာ ပြန်ပြောစရာ စကားမရှိပါ ဘူး ”

သော်ကောင်း ရင်ထဲက အပူလုံးကို ဟူးကနဲ မှုတ်ထုတ်လိုက်မိသည်။ ခုလို ဝေ့ ဘက်ကယတိပြတ် ငြင်းလိုက်မည်ဟု မထင်မှတ်ခဲ့။ တစ်ကယ်လို့ ဝေ့ရဲ့ ချစ်သူက သက်ရှိထင်ရှားရှိနေခဲ့လျှင်လည်း သူကြည်ဖြူစွာ နောက်ဆုတ်ပေးမိမည်ဖြစ်သည်။ ခုဟာက သေဆုံးသွားသော ချစ်သူအတွက် အတင်းဇွတ်မှိတ်ငြင်းနေသည့် ဝေ့ကို နားလည်ပေး ရန်ခက်လှသည်။
         
          “အင်းပါ. ဒါပေမယ့် ဝေသိထားပါ. ဝေ ဒီမြို့လေးမှာ ရှိနေသမျှ ကိုယ် မင်းဘေးမှာ အမြဲရှိနေမယ် ဆိုတာကိုပေါ့”
    
ဝေ ဘာမှ ပြန်မငြင်းလို့တော့ပါ. မှောင်လာပြီ

          “ကျွန်မတို့ ပြန်ကြစို့ အတော်မှောင်နေပြီ။ မှောင်လွန်းရင် ဆိုင်ကယ်မစီးရဲဘူး။ ကျွန်မကြောက်တတ်နေတုန်း”

ဝေ့ကို အိမ်သို့ပြန်လိုက်ပို့ရာ လမ်းတစ်လျှောက်တွင်တော့ နှစ်ဦးသား စကားမဆိုဖြစ်ကြပေ။ ကိုကောင်းကို သံယော ဇဉ်ဖြစ်မိသည် ဆိုပေမယ့် ချစ်သည် မချစ်သည်ကတော့ ဝေ့ စိတ်ထဲမသေချာ။ ဖေးမပေးတတ်သော ကိုကောင်းကို ညှိတွယ်မိပေမယ့် ကိုလေးအပေါ်မှာတော့ဖြင့် မတရားရာများ ကျနေမလားဟု စိုးရိမ်မိသည်။ အထူးသဖြင့် ဒီမြို့လေးမှာ ချစ်သူ အသစ် တစ်ယောက် ထပ်ပြီး မလိုချင်။ ရန်ကုန်မှာဆိုလျှင် ကိုကောင်းအတွက် အဖြေသည်တစ်မျိုး ဖြစ်နိုင်သော်လည်း ဒီမြို့လေးမှာဖြစ်နေသဖြင့် စိတ်ထဲတွင် ကိုလေးကို အားနာမိသည်။ ကိုလေးအတွက် မတရားသလို ခံစားမိသည်။ ထို့ကြောင့် ကိုကောင်းကို ဝေ ချစ်သည် မချစ်သည် မစဉ်းစားမိတော့ပေ ဇွတ်မှိတ်လို့သာ ငြင်းခဲ့မိတော့သည်။

          အိမ်ရောက်တော့ ခါတိုင်းထက် တော်တော်နောက်ကျနေလေပြီ။ အမေနန်းသည် အိမ်ရှေ့တွင် ခုံလေးနှင့်ထိုင် ကာ သူမကိုစောင့်နေလေသည်။ မျက်နှာကြီးကဖြင့် သုန်မှုန်လို့။ သူမနောက်ကျလို့ စိုးရိမ်ကြီးနေပုံရသည်။ ကိုကောင်း ဆိုင်ကယ်ပေါ်က ဆင်းသည်နှင့် ထိုင်နေသည့် အမေနန်းနား သွားကာ ရွှတ်ကနဲ နမ်းမည့်ဟန်ပြင်လိုက်သည်။ အမေနန်းသည် မျက်နှာကို တစ်ဖက်သို့လွဲသွားကာ

          “သွားသွား အိမ်ထဲအမြန်ဝင် မိန်းကလေးဖြစ်ပြီး ဒီချိန်ကြီးကျမှ ပြန်လာရသလား”

ဝေ ကတော့ သဘောကျသည် သွားထပ် ကလေးများပေါ်အောင် ပြုံးကာ အမေနန်း၏ စိုးရိမ်ဂရုစိုက်မှုကို ကျေနပ်သည်။ ပြီး ဇက်ကလေးပုပြီး 

    “ ဟုတ် မေနန်း. ”

ကိုကောင်းကို နှုတ်မဆက်တော့ပဲ အိမ်ထဲဝင်လာခဲ့သည်။

   “အ အမေနန်း ကျွန်တော် ပြန်ပြီနော်”

  “ဟီး ဟီး အေး အေး ကောင်းကောင်းပြန် ကောင်းကောင်းပြန်”

ကိုကောင်းစိတ်ထဲ ထင့်ကနဲဖြစ်သွားသည်။ အမေနန်းပုံစံက ကြည့်ရသည်မှာ တစ်မျိုးဖြစ်နေသည်။ မလိုအပ်ပဲ သူ့ကို ဟီးဟီး လို့ရယ်ပြသည်။ တစ်ခုခုပင်။ ဘာလဲတော့မသိ။ အတွေးနှင့် ဆိုင်ကယ်ကို ပြန်လှည့်ကာ ခြံထဲမှ ထွက်ခွာလာခဲ့သည်။ စိတ်ထဲမှာတော့ မရှင်း။ တစ်ခုခုကို စိုးရိမ်နေသလိုပင်။

 ဝေ ရေမိုးချိုး အမေနန်းပြင်ပေးသော ထမင်းကို စားရင် မျက်လုံးများစင်းလာပြီး စားပွဲခုံပေါ် မှောက်ကျသွားသည်ကို သာ မှတ်မိသည်။ ခုလဲ ဦးခေါင်းတစ်ခုလုံး မူးဝေေ၀ နောက်ကျိကျိဖြစ်နေသည်။ ခန္ဓာကိုယ်ကို လှုပ်ကြည့်သည် မရ။ သေချာအားစိုက်ပြီး ကြည့်တော့မှ ထိုင်ခုံတစ်လုံးတွင် သူမကို မလှုပ်နိုင်အောင် ကြိုးများဖြင့် တုပ်နှောင်ထားသည်ကို သိရသည်။ ပြီးသူမ၏ အရှေ့တွင် ယောက်ျားတစ်ယောက်၏ ဓာတ်ပုံ။ သေသေချာချာ အားစိုက်ကြည့်တော့ မှ ကိုလေး၏ ဓာတ်ပုံဖြစ်မှန်း သူမ သိလိုက်ရသည်။

          “ဟင်း ဟင်း ကြည့် ကြည့် သေချာ စိုက်ကြည့် အဲဒါ ငါ့သား နင့်ကြောင့် သေသွားတဲ့ ငါ့သားရဲ့ ပုံလေ”

          “မေ ..မေ နန်း”

ဝေ အသံကြောင့် အခန်းထောင့်ကို လှမ်းကြည့်လိုက်တော့ အမေနန်းဖြစ်နေသည်။ ကိုလေးက အမေနန်းရဲ့သား ပါလားလို့ ခုမှ ဝေသိလိုက်ရသည်။ သြော် ဒါကြောင့် ကိုလေးရဲ့ အရိပ်တွေ ဒီနေရာမှာ ဒီအိမ်မှာ  တွေ့နေရသလိုပင်။ ဒါကိုလေးပြောပြဖူးသည့် ကိုလေးရဲ့ အိမ်။ နှလုံးသားတစ်ခုလုံး တင်းကြပ် စွာ စည်းနှောင်ထားခြင်း ခံရသကဲ့သို့ ခံစားရသည်။

    “မခေါ်နဲ့ ငါ့ကို မေနန်းလို့ မခေါ်နဲ့. နင့်အသံမကြားချင်ဘူး။ ”

အမေနန်းကိုကြည့်ပြီး  ဝေ တစ်ခုခုကို သဘောပေါက်လိုက်သကဲ့သို့ ရှိသည်။ သူမအတွက် အန္တရာယ်ရှိနေနိုင်သော် လည်း အမေနန်း၏ အဖြစ်ကိုကြည့်ပြီး ဝေ ၀မ်းနည်းရသည်။

 “မေနန်း ရယ်..ဟင့်ဟင့်..ဖြစ်မှ ဖြစ်ရလေ. ”

ဝမ်းနည်းစွာဖြင့် ငိုနေသည့် ဝေ့ အနားသို့ မေနန်း တိုးကပ်လာသည်။ ခုနက ခက်ထန်နေသော မျက်နှာမှသည် ချက်ချင်း နူးညံ့ပျော့ပျောင်းသွားပြန်သည်။

          “သ..သမီးလေး မငိုပါနဲ့ကွယ် မေနန်းကလေ ငါ့သမီးကို သိပ်ချစ်တာ.။ ငါ့သမီးများ မေနန်းပါးပြင်လေးကို ရွှတ်ကနဲ့ နမ်းလိုက်ရင်လေ ရင်ထဲကို ရေခဲတုံးကြီးပြုတ်ကျသွားသလိုပဲ ကွယ် အေးမြနေလိုက်တာ. မငိုနဲ့နော် တိတ် တိတ်… ပြီးတော့လေ သမီးလေး အမေနန်း ရင်ခွင်ထဲက ခွဲသွားမှာ အရမ်းကြောက်တာပဲကွယ်။.. ”
ယုယစွာ မျက်ရည်တို့ကို သုတ်ပေးနေပြန်သည်။  ရုတ်တရက်.

“ဖြန်း”

မျက်ရည်တို့သုတ်ပေးနေသော အမေနန်း၏ လက်တစ်ဖက်မြောက်တက်သွားသည်။ ဝေ့ ၏ ပါးကို မိမိရရ ရိုက်ချပစ် လိုက်သည်။ ဖြူဖွေးသော ဝေ၏ ပါးတစ်ဖက်သည် ချက်ချင်းနီမြန်းသွားသည်။

          “ဟား ဟား မှတ်ထား .. အဲဒါ ငါ့သားသေတဲ့အတွက်. နင့်ကိုလေ မသေမရှင် နှိပ်စက်မှာ။ အေးပြီးရင် သေအောင် သတ်မယ်။ ငါ့သားနဲ့ ဘ၀တူသွားအောင်လို့။ အဲဒီလိုမှ မဟုတ်ရင် ဟိုမျက်နှာရူး ဒေါက်တာဆိုတဲ့ ကောင်နောက် ပါသွားမှာ။ ဘ၀တူသွားရင် သမီးလေးနဲ့ ငါ့သားပေါင်းလို့ရပြီ. ဒါဆိုရင် သမီးလေးက ညဘက် ဆို ထပြီး ငိုစရာမလိုတော့ဘူး။ဟား…ဟား….ဟီး..ဟီး…ဟီး”

          အမေနန်း စားပွဲပေါ်မှ အရာတစ်ခုကို ဆွဲယူလိုက်သည်။ အမေနန်းလက်ထဲမှ ဓါးသည်တစ်ဖြည်းဖြည်း ဝေ့မျက်နှာ နားကပ်လာသည်။ ဝေ မကြည့်ရဲ့စွာ မျက်လုံးစုံမိတ်ပြီး မျက်နှာအတင်းဖွက်ထားသည်။ သေလိုလျှင် သေပါစေတော့ ကိုလေးရဲ့ အမေ ချစ်ရသည့် အမေနန်းပဲ ဟာ.

          “ကဲ .. သားဆီကို အရောက်ပို့ပေးတော့မယ်.. ပို့ပြီးဟေ့ ကဲဟာ”
          “အမေ . ”

ဒေါ်နန်း၏ ဓါးကိုင်ထားသည့်လက်သည် ဝေထံသို့မရောက် ။ လေထဲမှာပင် ရပ်တန့်သွားသည်။

          “အမေ.. ဝေ့ကို မလုပ်ပါနဲ့ အမေရယ် နော်။ သားကိုချစ်တယ်မဟုတ်လား။ သားကို ချစ်တယ် မဟုတ်လား.ဟင်”

          “ချစ်တာပေါ့ ငါ့သားကို အမေချစ်တာပေါ့. ချစ်လွန်းလို့… တစ်ကယ်က အမေ့သမီးလေးကို နာကျင်အောင် မလုပ်ရက်ဘူး. သိလား ငါ့သားကို ချစ်လွန်းလို့ အမေ က ဒီလိုလုပ်ဖို့ ကြံရတာ.. အမေ ဒီလိုမှ မလုပ်ရင် သားရော သမီးရော ဆုံးရှုံးတော့မှာ သိရဲ့လား ဟောဒီချစ်ရတဲ့ သမီးလေးနဲ့ ဒုတိယအကြိမ် ခွဲရအုန်းမှာ. အမေ မခွဲနိုင်လို့ပါ သားရယ်.. အီး ..ဟီး ….ဟီး…”

 ဒေါ်နန်းငိုပြန်လေသည်။  ကိုကောင်း တစ်ဖြည်းဖြည်း ဒေါ်နန်းအနားတိုးကပ်လာရင်း ဓါးကိုင်ထားသည့်လက်ကို ဖမ်းချုပ်လိုက်သည်။

          “ဟင် နင် နင်..ငါ့သားမဟုတ်ဘူး ဟိုမျက်နှာရူးကောင် လွှတ်စမ်း ငါ့ကိုလွှတ်စမ်း နင်တို့ နှစ်ယောက်လုံးကို သတ်မယ် သတ်မယ်...ဟားဟား …ဟီးဟီးး…။”

ကိုကောင်း လက်ချိန်ခပ်ဆဆနှင့် ဒေါ်နန်းကို ရိုက်ချလိုက်သည်။ ဒေါ်နန်းသတိလစ်သွားပြီး ကြမ်းပြင်ပေါ်ခွေကျသွားသည်။ ဝေ့ကိုချည်ထားသော ကြိုးတို့ကိုဖြတ်ပေးလိုက်သည်။ ဝေ သည်ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံးတုန်ရီနေမိသည်။ မေနန်းအတွက်လဲ စိတ်မကောင်း။ မေနန်းကို မလှုပ်နိုင်အောင် ကြိုးဖြင့်သေချာ အောင်တုပ်နှောင်ထားလိုက်သည်။ ခဏနေလျှင် ဆေးရုံမှကား လာလိမ့်မည်။  ဝေ သည် ခုနက ဒေါ်နန်းခပ်ထားသည့် ဆေးအရှိန်နှင့် သူ့ပုခုံးကိုမှီပြီး မှိန်းနေသည်။ ဒါကိုပင် တစ်ချက် တစ်ချက် ရှိုက်နေသေးသည်။ ကိုကောင်း ဝေကိုကြည့် ပြီး သနားလိုက်တာ။

သူအိမ်နားရောက်ခါနီးမှ ဆိုင်ကယ်ကို ဝေ တို့အိမ်ဘက်ပြန်လှည့်လာခြင်းဖြစ်သည်။ သူ့စိတ်ထဲ ဝေ့ အတွက် စိုးရိမ်သလိုဖြစ်နေသည်။ ဒီကနေ့ အမေနန်းရီပြလိုက်သည့် ပုံစံသည် သာမန်မဟုတ်။ မျက်လုံးတို့က ဂနာမငြိမ်လှ။ တွေးရင်းတွေးရင်း ဝေ့အတွက်ပိုစိုးရိမ်လာခဲ့သည်။ ထို့ကြောင့် ဆိုင်ကယ်ကို အပြင်းမောင်းလာခဲ့သည်။ အိမ်ထဲအ၀င် အမေနန်း၏ စကားများကို အခန်းအပြင်မှ သူကြားလိုက်ရသည်။ ထို့ကြောင့် ကိုလေး ကဲ့သို့ အမေနန်းကို ထင်ယောင် ထင်မှားဖြစ်အောင် သူစကားတွေပြောပြီး အနားကပ်ခဲ့ ခြင်းဖြစ်သည်။

          “သားရေ သားလေ။ သမီးလေး အမေ သမီးလေးနဲ့ နေမယ်လေ။ မခွဲနိုင်ဘူးဆို။ ဟဲ့ ကောင်မ ငါ့သားကို သတ်တဲ့ ကောင်မ. ညည်းကို ငါသတ်မယ်”

ဆေးရုံမှ လာခေါ်သူများကြားထဲမှ အမေနန်းအော်ပြောနေသေးသည်။ ဝေ သည်အမေနန်း၏ ဖြစ်အင်ကို မကြည့်ရက်စွာ မျက်နှာလွဲရင်း ကိုကောင်းရင်ခွင်ထဲ သို့ တိုးဝင်လိုက်မိသည်။ ကိုကောင်းသည်လည်း အဆင်သင့်စွာ ဝေ့ကို လက်ကမ်းကြို လင့်လိုက်လေသည်။ ပြီး ကိုလေး၏ ဓာတ်ပုံကို မျက်လုံးက ရောက်သွားသည်။ ပြီးစိတ်ထဲမှ သူငယ်ချင်း မင်းစိတ်ချပြီး သွားပါကွာ ငါဝေ့ကို တစ်ကယ်ချစ်တာပါ။ တစ်သက်လုံးကြင်ကြင်နာနာနှင့် သက်ဆုံးတိုင် ချစ်သွားမှာပါ။ ကိုကောင်း၏စိတ်ထဲ ဓာတ်ပုံထဲမှကိုလေး၏ အပြုံးသည်ခုမှပင် ပိုပြီး အသက်ဝင် သွားသကဲ့သို့ ရှိလေတော့ သည်။ မည်သည့်အချိန်က အိမ်ထဲရောက်နေသည် မသိသော သာမန်ထက်ကြီးမားသည့် လိပ်ပြာကြီးတစ်ကောင်သည် ကိုကောင်းနှင့်ဝေ တို့ အနီးအနားတွင် ပတ်၍ပျံဝဲနေသည်။အချိန်ခဏမျှ ကြာပြီးနောက် ထို အိမ်ကြီးထဲမှ ထွက်ခွာပျံသန်းသွားလေတော့သည်။ သြော် …. သံယောဇဉ်ချည်နှောင်ခြင်းတို့ဖြင့် လွတ်မြောက်ခဲ့လေပြီထင်.


---
ချစ်သောမောင်နှမများ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။သရုပ်ဖော်ပုံလေးကိုဖြင့် ရှာဖွေပြီးတော့  အသုံးပြုထားပါတယ်။ 

သံယောဇဉ် ရစ်ပတ်နှောင်ဖွဲ့လေသော အခါ (အပိုင်း - ၁) 
သံယောဇဉ် ရစ်ပတ်နှောင်ဖွဲ့လေသော အခါ (အပိုင်း-၂) 

လမ်းပျောက်တဲ့ တိမ်




ရုတ်တရက် ကိုယ်တိုင်ပျောက်ဆုံးသွားမိတယ်။ တိတ်ဆိတ်လွန်းတယ်။ ငြိမ်သက်နေလွန်းတယ်။ မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးလား။ အမည်မဖော်ပြတတ်တဲ့ ဆာလောင်မွတ်သိပ်ခြင်းမျိုးနဲ့ ဆာတယ်။ ရုတ်တ ရက် ကိုယ့်မှာ ဘာမှရှိမနေတော့ဘူး။ ကိုယ်မျှော်လင့်နေတဲ့ မျှော်လင့်ချက်တွေ ရုတ်ချည်း ပျောက်ကွယ်သွားတယ်။ ကိုယ်သိပ် မျှော်လင့်ထားတဲ့ အရာတွေကို မလိုချင်တော့ဘူး။ စွန့်ပစ်ချင်လာတယ်။ အဲဒါကို ဘာလို့ ခေါင်းစဉ်တပ်ရမလဲ။ စိတ်ဆာလောင် ငတ်မွတ်ခြင်းလား။

         ကိုယ်တိုင်တော့ ဒါဟာ စိတ်ဆာလောင်ခြင်းပဲ လို့ ခေါင်းစဉ်တပ်မိတယ်။ လောကကြီးထဲ ကိုယ်တစ်ဦးတည်း ထီးထီးကြီးရှိနေသလိုခံစားရတယ်။ Bus ကားတွေလဲ မောင်းနေတယ်။ လူတွေလဲ သွားလာနေတယ်။ လေလဲ တိုက်မြဲ။အေးလဲ အေးမြဲ။  ဒါပေမယ့် အဲဒီရုပ်ဝထ္ထုတွေနဲ့ ကိုယ်ဟာ အရမ်းသူစိမ်းဆန်လွန်းနေတယ်။ ကိုယ်နဲ့ မဆိုင်သလိုပဲ။ ဒါလေးသာ ဖြစ်ရင် တော့ ပျော်မှာပါလို့ထင်ထားတာ။ ရသွားတော့လဲ ဟက်ကနဲ တစ်ချက်ရယ်လို့ ပြုံးလိုက်မိတယ် ဆိုရုံထက် မသာပြန်ဘူး။

          ကိုယ်ဘာဖြစ်နေသလဲ။ ကိုယ်တိုင်နားမလည်မိဘူး။ ခဏလေးနဲ့ ပျော်တယ်။ ခဏလေးနဲ့ ၀မ်းနည်းတယ်။ ခဏလေးနဲ့ ကျောခိုင်းတယ်။ ခဏလေးနဲ့ ပြန်အေးစက်သွားတယ်။ လှမ်းမယ့် ခြေလှမ်းကို မစဉ်းစားပဲ လှမ်းတယ်။ လှမ်းပြီးမှ မသွားချင်တော့သလို ကျောခိုင်းပြီး လှည့်ပြန်လာခဲ့တယ်။  ငိုစရာရှိရဲ့သားနဲ့ မျက်ရည်မကျခဲ့ဘူး။ လွမ်းစရာ ရှိရဲ့သားနဲ့ အလွမ်းကဗျာလေး တစ်ကြောင်းလောက်တောင် မဖွဲ့နိုင်ဘူး။ ပြုံးရုံသာ ပြုံးနိုင်တဲ့ ကိစ္စကို ဟက်ဟက်ပက်  ရယ်မောခဲ့တယ်။

          ဘာများလဲ ကိုယ့်ကိုယ်ကို သံသယဖြစ်တယ်။ လိုချင်တာနဲ့ ဖြစ်ချင်တာ တစ်ထပ်တည်းမကျဘူးလား။ ကိုယ့် ခံစားချက်တွေ သိပ်များအေးခဲသွားသလား။ ဒါမှမဟုတ် ကိုယ်ဟာ အချိုးအကွေ့ကို မ၀ံ့ရဲတာများလား။လမ်းကြားတစ်ခု ကို ကိုယ်လျှောက်တယ်။ အဲဒီလမ်းလေးရဲ့ အဆုံးမှာ လမ်းကွေ့လေးတစ်ခုတွေ့တယ်။ သွားစရာဒီလမ်းပဲ သေချာတယ။် ဒါပေမယ့် ချိုးကွေ့လိုက်တဲ့ လမ်းဘက်မှာ ဘာတွေရှိနေလဲ ကိုယ်မမြင်ရဘူး။ မရေရာ မသေချာမှုတစ်ခုနဲ့ ကိုယ်ဟာ လမ်းထောင့်ချိုးမှာ မတ်တပ်ရပ်နေခဲ့တယ်။ ကွေ့လိုက်တဲ့ လမ်းကွေ့လေးထဲမှာ ဘာတွေရှိနေမလဲ စူးစမ်းချင်စိတ် က တစ်ဖက် ချိုးကွေ့လိုက်လို့ မထင်မှတ်တဲ့ အကြောင်းအရာတွေကို စိုးရွံမိတာက တစ်ဖက် ကိုယ်ခြေလှမ်းတွေ မရွှေ့ နိုင်ဘူး။
         
          တွေဝေမှုတွေနဲ့ ခြေဆုံရပ်နေလဲ လိုရာခရီးကို ကိုယ်ရောက်ဖြစ်ခဲ့မယ် မထင်ဘူး။ ဘာမှန်းမသိတဲ့ အာသီသ တစ်ခုနဲ့ ကိုယ့်စိတ်ကိုတင်းတယ်။ ကိုယ့်နှုတ်ခမ်းကို ကိုက်တယ်။အားမပါတဲ့ လက်သီးကို ဆုပ်တယ်။ လိုချင်တာ မရှိတဲ့ဘ၀မှာ ထပ်ပြီးဆုံးရှုံးစရာ ဘာမှ မရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကိုဖြေသိမ့်တယ်။ တစ်ကယ်တော့ ကိုယ်ဟာ လမ်းပျောက်နေတဲ့ တိမ်။ ခြေရာမရှိတဲ့ ကောင်းကင်ကြီးထဲ လေနှင်ရာ အပြင်းနှင်နေရတဲ့ ခရီးသည်။ ကိုယ် ဘယ်ကိုဦးတည်ြ့ပီးသွားမလဲ။ ကိုယ်ဘယ်လို ဆက်လက်ရွှေ့ရှားမလဲ။ ကိုယ်ဘယ်လို တိမ်အဖြစ်နဲ့ ရပ်တည်မလဲ။ တစ်ကယ်ကို မသေချာခြင်းများစွာဖြင့် ကိုယ်ဟာ လမ်းပျောက်တဲ့ တိမ်။ သေချာပါတယ် ကိုယ်ဟာ လမ်းပျောက်နေတဲ့ တိမ်ပေါ့။
          

---
အခန်းဆက်လေးကိုရေးရင် စိတ်တိုင်းမကျသေးတာနဲ့ .. ခုလို ပို့(စ်)အသေးလေးတစ်ပုဒ်နဲ့ ဧည့်ခံရပါကြောင်း အကြောင်းကြားအပ်ပါသည်ရှင့်။ 
ချစ်သော မောင်နှများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ 
သရုပ်ဖော်ပုံလေးကိုဖြင့် google ကနေရှာဖွေထားပါတယ်။