ကိုဖိုးသာရေ
တော်ကတော့ သံသရာခရီး ဦးအောင် သွားနှင့်ပြီကိုး။ ကျုပ်မှာဖြင့် ဒီသား ဒီသမီး ဒီမြေးတွေနဲ့
ရုန်းနေကန်နေရတုန်း။ တော်ကြီး သက်ရှိထင်ရှား ရှိစဉ်ကလည်း ဒီမြေ ဒီရေ ဒီလယ်တွေမှာ တော်တစ်ယောက်တည်း
ကြိုးစား လုပ်ကိုင်ခဲ့တာပဲ။ ကျုပ်တို့မိသားစုမှာ ၀မ်းဝရုံအပြင် ကိုယ်ပိုင်အိမ်လေး ရွှေစ
ငွေစ လေးတွေစုမိဆောင်းမိ ရှိခဲ့သေး။ ခုခောတ်တော့ ကျုပ်လဲ မတွေးတတ်ပေါင် ခုဆို ရှင့်လက်ထက်ပွား
ခုနေတဲ့အိမ်ကလေးတောင် ယိုင်နဲ့နဲ့ ဖြစ်နေတာ ထိုင်ကြည့်နေရတော့တာပဲ။
ပြင်ဖို့မဆိုသာဘု။ ကျုပ်လက်ထဲက ရွှေစ ငွေစလေးတွေများ
ပါးလိုက်လာလိုက်တာ ကျုပ်နားရွက်က နားပေါက် ကလေးတောင် ဟောင်းလောင်းဖြစ်နေတာကြာပေါ့။
ဒီမြေ ဒီရေ ဒီလယ်မှာ ကျုပ်သားသမီးတွေနဲ့ အလုပ်လုပ်တာပါပဲ တော်။ သဟာကြောင့် ကျုပ်တို့လုံးပါး
ပါးနေသလဲ ကျုပ်ဖြင့်စဉ်းစားလို့ကို မမှီဘူး။ တော့် သားသမီးတွေ ပြောတာတော့ ခောတ်ကိုက ဒီလိုပါးတဲ့ခောတ်တဲ့။
ပြီးပြောသေးတော် လယ်ရောင်းပြီး သိန်းရာချီ ကိုင်ပါလား အမေတဲ့။ ညဏ်တိမ်တယ်ပဲ ပြောပါ။
ဒီလောက် မြို့နဲ့ဝေး ခေါင်တဲ့ အရပ်မှာ ကျုပ်လယ်ကို သိန်းရာချီ ပေးဝယ်မယ့် သူရှိပါ့
မလားတော်။ လယ်ရောင်းပြီး နင်တို့က ဘာလုပ်စားကြမှာတုန်းလို့ ကျုပ်လဲမေးလိုက်တယ်။ ဘယ်နှယ့်တော်
လယ်သမား လယ်ရောင်းတော့ ထမင်းအိုးကွဲရုံသာရှိတော့မှာပေါ့။ ဒီလယ်တွေရောင်းပြီးတော့ အိမ်ကလယ်ထွန်တဲ့
နွားတွေ လှည်းတတ်ရုံအပြင် ဘာများ အသုံးကျတော့မှာတုန်း။ တော့်သားသမီးတွေများ တယ်ခက်တာပဲ။
သူများယောင် လိုက်ယောင်တာပဲကိုး။
ကျုပ်ဖြင့် တော့်လက်ထက်ကထဲက လုပ်လာတဲ့ ဒီလယ်
ဒီမြေ ဒီအိုး ဒီအိမ်ကနေ ဘယ်ကိုမှ ခွာမသွားနိုင်ဘူး။ တော်ကြီး ခေါင်းချတဲ့ ဒီနေရာမှာပဲ
ခေါင်းချပါရစေ။ ခုဆိုရင် တော့်မြေး တွေလဲ အရွယ်ရောက် လာပြီ ဆိုတော့ သင်္ကန်းလေး စီးပေးချင်တယ်။ ခက်တာက ကျုပ်လက်ထဲ ပိုက်ဆံ
မရှိဘူး။ သားသမီးတွေ မသိအောင် ကျစ်ပြီးသိမ်းထားတဲ့ ရွှေသားအတိ ဘယက်ကြီး တစ်ကုံးတော့
ကျုပ်သံသေတ္တာထဲ ရှိသေးပါ့။ ထုခွဲရမှာလဲ နှမျောပါဘိသနဲ့။ ကျုပ်တို့ မင်္ဂလာဦးမှာ တော်ပေးထားတဲ့
ပစ္စည်းလေး မဟုတ်လား။
ဒါပေမယ့် ကျုပ်လဲအသက်ကြီးပြီ။ တစ်နေ့ တော့်နောက်
လိုက်ရမှာပဲ။ သံသရာခရီးအတွက် ရိက္ခာထုပ် ပြင်မှ ဖြစ်တော့မယ်။ ဒီပစ္စည်းလေးကို ကျုပ်တပ်မက်နေလည်း
တန်ဆာလဲ လုပ်လို့ရတာမဟုတ်။ တော်ကြီး သတိရတိုင်း ထုတ်ထုတ်ကြည့်နေရတဲ့ တက်မက်မှုတန်ဆာ
ပဲ ဖြစ်နေတာ ကြာပေါ့။ အလှူလေး အတန်းလေးရှိလို့ ရှိတဲ့ရွှေစလေး တွေ ထုတ်ဝတ်လေးတိုင်း
တော့်သားသမီးတွေရဲ့ လောဘမီးနဲ့တွေ့လေတော့ အရည်ပျော်ပျော်သွားတာ နှမျှောလွန်း လို့။
နောက်ဆုံးကျန်တဲ့ ဟောဒီ ကျုပ်မြတ်နိုးလွန်းလှတဲ့ ဒီပစ္စည်းလေးကိုတော့ဖြင့် တန်ဆာလဲ မလုပ်ရဲပေါင်။
အရည်ပျော်သွားမှာ စိုးလှတယ်။
“ဆရာတော်ဘုရား မနက်ဖြန် မြို့တက်မယ် ဆို.ဘုရား”
“ဟုတ်တယ် ဒါယကာမကြီး ဘာဖြစ်လို့တုန်း”
“တပည့်တော်မ မြေးလေးတွေကို သာသနာဘောင်သွင်း သင်္ကန်းစီးပေးချင်လို့
ဘုရား။ အဲဒါ..ဟော..ဟောဒီပစ္စည်းလေး ကို မြို့မှာ ရသလောက်နဲ့ ရောင်းခဲ့ပေးပါ ဘုရား။ ပြီးလိုအပ်တဲ့
သင်္ကန်းပရိက္ခရာ အစုံလဲ ၀ယ်ခဲ့ပေးပါဘုရား။ ”
မျက်ရည်ဝဲ
လက်အစုံက တုန်ယင်လို့ လက်ကိုင်ပုဝါ ခပ်နွမ်းနွမ်းနဲ့ ထုတ်ထားသည့် အထုပ်လေး ဆရာတော့်
ထံ လှမ်းပေးလိုက်တယ်ဆိုရင်ပဲ ရှိုက်သံက အင့်ကနဲ။ ကိုဖိုးသာရေ ကျုပ်တို့အလှူကြီးပြီးလို့
ရေစက်ချ တရားနာတဲ့ အခါ တော်လဲရောက်ရာဘုံဘ၀ကနေ သာဓုခေါ်ပါတော်။ ဆရာတော်ကို ဦးချပြီး
ရွာဦးကျောင်းကနေ အိမ်ပြန်ရာ လမ်းတစ်လျှောက် အမေ့ညို စိတ်ထဲ ပစ္စည်းလေးရောင်းထုတ်လိုက်ရလို့
ဝမ်းနည်းနှမျှောမိသလို အလှူအတွက် ကြည်နူးရပြန်တယ်။
“ဒါယကာမကြီး
ပစ္စည်းက တော်တော်တန်ဖိုးကြီးတာလား။ သင်္ကန်းပရိက္ခရာ အပြည့်အစုံ ၀ယ်ပြီးတဲ့ အပြင် ၁၀ သိန်းကြီးများတောင်
ကျန်သကွဲ့။ ရော့ ရော့ ယူသွား အလှူလာတဲ့ သူတွေကို ကျွေးဖို့ မွေးဖို့ ပြင်ဆင်လှည့်။”
ကျုပ်တွေးထားတာက ဆရာတော့်ထံက ပိုက်ဆံရပြီးမှ သားသမီးတွေကို
အသိပေးမယ်။ ကျုပ်လက်ထဲ ပိုက်ဆံဘယ်လောက်ရှိလဲ တော့်သားသမီးတွေ သိလို့မဖြစ်ဘူး။ သိရင်
ကျုပ်အလှူလေးတောင် ဖြောင့်ပမလားလို့ စိုးရိမ်ရတယ်။ ခက်တာက ဆရာတော်နဲ့အတူ မြို့လိုက်သွားတဲ့
ဘုန်းကြီးကျောင်းသား ငကောက်ပဲ။ ကျုပ်ဘယက် ကြီးရောင်းတာ
၁၀ သိန်းကျော်ကြီးများတောင် ရတယ်ဆိုပြီး ရွာထဲလျှောက်ပြောလိုက်တာ ကျုပ်သားသမီးတွေတင်
မကဘူး တစ်ရွာလုံးသိ။
“အမေညို တို့များ မရှိဘူး မရှိဘူးနဲ့ အခုတော့
၁၀ သိန်းဖိုးကြီးများတောင် အလှူလုပ်မတဲ့ ”
“အဲဒါပြောတာပေါ့ ကျစ်ထားတာလေးတွေ ရှိပါသေးတယ်ဆို.
”
“အလှူအတွက် ၁၀ သိန်းတောင်ဆိုတော့ အိုး အလှူနေ့တော့ဖြင့်
မီးခိုးအတိတ်ပဲဟေ့”
“အေး
ရွာထဲ ဒီလို အလှူကြီး အတန်းကြီး မရှိတာကြာပေါ့ မယ်ညို တို့များ တယ်လျှိုထားသကိုး ”
ရွာထဲဟိုးလေး တစ်ကြော်ကြော်။ ပြောလို့မဆုံးနိုင်ကြဘူး။
လူတွေများ တယ်ခက်တာပဲ။ ဒီပိုက်ဆံတွေ ရွာဦးကျောင်း
ပြန်လှည့်ထားရကောင်းမလား။ အိမ်ပြန်သံသေတ္တာလေးထဲ သော့လေးခတ်ထားရကောင်မလား။ ချီတုံချတုံ။
အေးလေ မထူးပါဘူး။ အိမ်ယူသွားပြီး ကျုပ်သံသေတ္တာထဲထည့် သော့ခတ်ပြီး ညည အဲသေတ္တာကြီး ဖက်အိပ်ရုံပေါ့။
ကျုပ်က အပြင်ရန်ထက် အိမ်ထဲက ကျုပ်သားသမီးတွေ ကြောက်တာ။
“အမေ
.. ကျုပ်တို့သားသမီးတွေ ရှင်ပြုတာ ရွာထဲက သူများပြောမှ သိရတယ်။ တစ်ကယ်ဆို ကျုပ်တို့နဲ့
အရင် တိုင်ပင်သင့်တာ ”
“အိုး
အစ်ကို့နှယ် ခုလဲအလှူလုပ်မယ် ဆိုမှတော့ အမေ့ကို ၀ိုင်းကူကြရုံပေါ့။ အမေ ကျုပ်ဖြင့်လေ
ရွာထဲက ဒေါ်တရုတ်မဆိုင်သွားပြီး အင်ကျီထမီတောင် ၀ယ်ခဲ့ပြီတော့်။ အမေ့အတွက် ပုဝါပါ ဆွဲလာတယ်။
ပြီး ကျုပ်ယောက်ကျား အစ်ကိုတို့လင်မယားနဲ့ မောင်လေးတို့လင်မယားအတွက်ပါ ၀ယ်လာခဲ့သတော်။
ပိုက်ဆံတော့ အမေ့ အလှူထဲက ပဲ ရှင်းလိုက်။ အလှူရှင် ဆိုတာ တောက်တောက်ပြောင်ပြောင် ရှိမှ
ကောင်းမှာ မဟုတ်လား အမေရဲ့”
“ယောင်းမနှယ်
စေ့စပ်လိုက်တာ။ ဟုတ်ပ ကျုပ်တို့မှာ စားလောက်ရုံအပြင် ခါးမလှနိုင်တာကြာပေါ့။ ခုတော့
အမေ့အလှူမှီပြီး ကြံစုပ်ရအုန်းမှာ..ဟင်း ဟင်း .. ”
ဒီလိုနဲ့
ကျုပ်ရဲ့ အလှူငွေ ၁၀သိန်းထဲက ၁ သိန်း ကျော်ကျော် ဟာဖြင့် ခါးလှပြီး ကြံစုပ်တဲ့အထဲ ပါသွားပေါ့။
အေးလေ ဘာအရေးတုန်း လက်ထဲ ၈ သိန်းကျော်ကြီးများတောင် ရှိသေးတဲ့ဟာ။ အလှူမှာ ကျွေးဖို့
ဟင်းအမယ်ကို တော့ ငါးခြောက်ထောင်းကြော် စပ်စပ်လေး၊ သီးစုံပဲဟင်း ၊ ၀က်သနီချက်၊ အအီပြေ
သရက်ချဉ်သုပ်လေး ထည့်မယ်။ ပြီး ငါးပိကြော် နဲ့ တို့စရာအစုံ။
“အမေ.
မောင်ရင်လောင်းလှည့်ဖို့ မြင်းမငှားတော့ဘူးလား။ ”
“ဟုတ်သားပဲ
အမေရယ် အလှူလုပ်မှဖြင့် ခန့်ခန့်ထည်ထည်လုပ်တာ ပိုကောင်းတာပေါ့. ဒါမှ သူများတွေ အားကျမှာ။”
“အမေ
ကျုပ်ရွာထဲက အသီမထံက ၃ စုံစာ လက်ဝတ်လက်စားတွေ ငှားလာခဲ့တယ် ။ တန်လိုက်တာ ၃ စုံစာတောင် ယူလို့တဲ့ ၂ သောင်းပဲ ယူလိုက်တယ်။
ပြီး မောင်ရင်လောင်းတွေ မိတ်ကပ်ပြင်ဖို့နဲ့ အမေနဲ့ ကျုပ်တို့ မိတ်ကပ်ပြင်ဖို့က ၅ သောင်းတဲ့။
သမီးစီစဉ်ခဲ့ပြီ”
“အိမ်ရှေ့မှာ
မဏ္ဍပ်ထိုးဖို့လေ။ ကျုပ်ဖြင့် ၀ါးတွေကို အကောင်းပဲ သုံးတယ်။ ခိုင်ခိုင်ခန့်ခန့် ဖြစ်အောင်ပေါ့။
ရှင်လောင်းလှည့်ပြီး ညကျ မဏ္ဍပ်မှာ ကာရာအိုကေ ထည့်မယ်နော်။ သူများတွေဆို အငြိမ့်ပါသွင်းတာ။
ကျုပ်တို့က မထည့်နိုင်တော့ ကာရာအိုကေလေးတော့ လုပ်မှဗျ။ သူများလက်ညှိုးထိုးမခံရအောင်။
အဲဒါ စက်တွေငှားတာ ၂ ရက်ကို ၆ သောင်းကျတယ် ”
“သြော်
အမေရှင်လောင်းလှည့်တဲ့ နေ့ကျ ဟိုဘက်ရွာက ဒိုးပတ်ဝိုင်းငှားထားတယ်နော်။ ၃ သောင်း။”
စာရင်းချုပ်လိုက်တော့
ကျုပ်လက်ထဲ ကျွေးဖို့မွေးဖို့ကျန်တာ ၂ သိန်းကျော်ကျော်လောက်။ ကျုပ်တော့ ခေါင်းဆင်နင်းတာပဲ
။ တစ်ရွာလုံး ဒီပိုက်ဆံနဲ့ မီးခိုးတိတ် ဘယ်လိုလှူရပ။ ကျုပ်အလှူ ၁၀ သိန်းဆိုတာကြီးက
တစ်ရွာလုံး စိတ်ဝင်စားနေတာ မဟုတ်လား။ မတတ်နိုင်ဘူး ကဲ ကိုဖိုးသာရေ တော်ကြီး သာဓုသာ
ပိုခေါ်ပေတော့ တော်ဆုံးသွားတုန်းက ချွတ်ယူထားလိုက်တဲ့ ရွှေလက်စွပ်ကြီးနဲ့ ကျုပ်ရဲ့လက်က
လက်စွပ်မောင်းကွင်း လေးနှစ်ကွင်းတော့ဖြင့် သွားရှာပေါ့။
ရေစက်ချ
သာဓု ခေါ်တဲ့အချိန်များ ရင်ထဲလှိုက်ကနဲ ၀မ်းသာပီတိဖြစ်လွန်းလို့။
ဒါပေမယ့် ကျုပ်အတွက် ကျန်းမာရေး သာရေးနာရေးဆိုပြီး ချန်ထားတဲ့ တော့်ရွှေလက်စွပ်ကြီးနဲ့
လက်စွပ်လေးနှစ်ကွင်းတော့ နှမျှောလှသပေါ့။ ဒီလိုနဲ့ ကျုပ်အလှူကြီး စီစီကားကားသိုက်သိုက်မြိုက်မြိုက်နဲ့
ပြီးသွားလိုက်တာ။ အလှူပြီးတော့ ပြောစမတ်ကို တွင်လို့။
အမေ့ညို
အလှူက ထမင်းများ ကြမ်းချက်က စာဖွဲ့လောက်သတဲ့။ ၀က်သားဆိုလဲ ကန်တော့ပွဲနဲ့ မနည်းတောင်းပန်ပြီးမှ
စားရသတဲ့။ သရက်ချဉ်သုပ်ဆိုလဲ ပုစွန်ခြောက်ကို ဒိုင်ဗင်ပစ်ဖမ်းရသတဲ့။ သီစုံပဲဟင်း မဟုတ်ဘူး
သီးစုံပဲ ရေလုံပြုတ်တဲ့။ ငါးခြောက်ထောင်းကြော်တော့ အတော်စားကောင်းဆိုပဲ။ ငါးပိကြော်မဟုတ်ဘူး
ငါးပိလှော်တဲ့။ ကဲ အငြိမ့်မပါလို့ လက်ညှိုးထိုး မထိုးတော့ ကျုပ်မသိဘူးပေါ့။ လူအများပြောကြတာတော့
ကျုပ်အသိပဲ။
ဒါပေသိ
ကျုပ်မြေးတွေ သင်္ကန်းစီးလို့ တည်တည်ငြိမ်ငြိမ်မြင်ရတာဖြင့် စိတ်ချမ်းသာလှတယ်။ ကျုပ်တော့
သံသရာ ခရီးအတွက် ရိက္ခာထုပ်ခဲ့ပြီ ကိုဖိုးသာ ရေ။ ကျုပ်သေရင် ရွှေထီးဆောင်းပြီး ရဟန်းဒါယကာမ
ဒေါ်မယ်ညို ဆိုပြီး နာမည်တပ်ရမှာတော့ အသေအချာပဲ။
အဲ
မပြီးနိုင် မစီးနိုင်တာကတော့ တော့်သားသမီးတွေပဲ။ ဘယ့်နှယ်တော် အမေ့ သံသေတ္တာလေးထဲ ဟိုဟာလေး
ထည့်သိမ်းချင်လို့ ဒီဟာလေး ထည့်သိမ်းချင်လို့ဆိုပြီး ကျုပ်သေတ္တာသော့ ခဏခဏ လာလာတောင်းသတော့။
ပြီး ကျုပ်အခန်းထဲက အင်ကျီတွေဘာတွေဆို ကျုပ်သမီး ကျုပ်ချွေးမ အပြိုင် ရှင်းပေးကြတယ်။
အရင်တုန်းက ကိုယ့်အ၀တ်ကိုယ်လျှော် ဆိုပေမယ့် အခုတော့ ချွေးမနဲ့ သမီး အပြိုင် ကျုပ်ကို
ပြုစုနေလိုက်တာ။ ကျုပ်ဖြင့် သွားမရှိတဲ့ သွားဖုံးသားမပေါ်ပဲ နှုတ်ခမ်းတွန့်ရုံသာ အတွင်းကြိတ် ရီချင် လှသတော်
ဟင်း ဟင်း ဟင်း။
---
ချစ်စွာသော မောင်နှမများ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။
သရုပ်ဖော်ပုံလေးကိုတော့ဖြင့် google ကနေရှာဖွေပြီး အသုံးပြုထားတာပါရှင်။
ဆွေလေးရေ ဖတ်ကောင်းကောင်းဖတ်နေလိုက် ပြီးမှာတောင်စိုးမိတယ် အဲလိုမြင်ကွင်းလေးကိုလဲတကယ်ပဲမျက်စိထဲမြင်မိတယ် ကျစ်ပြီးသိမ်းထားတဲ့ ရွှေသားအတိ ဘယက်ကြီး အပြင် ထပ်ရှိမယ်ထင်နေကြတယ်ထငပါရဲ့နော်.....
ReplyDeleteမြင်ယောင်ရင်း မြင်ယောင်းရင်း
ReplyDeleteအော် ဆိုးလိုက်တာ..ဒီလိုသားသမီးမျိုးမဖြစ်ချင် :(
ReplyDeleteAhthu