Thursday, 30 October 2014

သံယောဇဉ် ရစ်ပတ်နှောင်ဖွဲ့လေသော အခါ (အပိုင်း-၂)





ညနေ ဝေ ဆေးရုံမှ ပြန်လာသောအခါ-

  “မေနန်း မျက်နှာလဲ မကောင်းပါလား နေမကောင်းဘူးလားဟင်။ သမီး စမ်းကြည့်မယ်နော်”

လှမ်းလိုက်သော ဝေ့ လက်ကို အသာဖယ်ချရင်း

“နေကောင်းပါတယ် ဆရာမလေးရဲ့။ ရေချိုးနည်းနည်းကြာသွားလို့ ဖြစ်မယ်။ အသက်ကကြီးပြီး မဟုတ်လား။”

 မနက်ကနှင့် ခြားနားစွာ အမေနန်း၏ အမူအရာကြောင့် ဝေ အနည်းငယ် စိတ်မသက်မသာဖြစ်သွားမိသည်။ စိတ်ထဲမကောင်းမိ။ အေး..လေ အမေနန်းနဲ့ ငါက ခုမှ မြင်ဖူးတာ။ သူလဲ ငါ့အကြောင်းမသိ ငါလဲသူ့အကြောင်းမသိနဲ့ ငါ ကိုက အမေငတ်နေလို့ သံယောဇဉ် ပိုမိသွားတာဖြစ်မယ်။ တစ်ကယ်ဆို ဒီညနေသည် သူစိမ်းနှစ်ဦးရဲ့ ဒုတိယ ညနေခင်း မဟုတ်လား။ အေးလေ သူနေတတ်သလို နေပါစေ.

“အဲဒါဆို မေနန်းစားပြီးရင် ပန်းကန်တွေထားခဲ့ လေ သမီးဆေးလိုက်မယ်။ မေနန်း အိမ်မှာ ဆေးဆောင်ထား တာရှိရင် ဆေးလေးသောက်ပြီးမှ အိပ်နော်”

ဟုတ်တယ်လေ တစ်ချိန်တုန်းက နပ်စ်အဖြစ် နယ်တစ်ကာလှည့်ပြီး  တာဝန် ထမ်းဆောင်ခဲ့သော မေနန်း သည် ကိုယ်လက်မအီမသာဖြစ်သည့်အခါ ဘာဆေးသောက်ရမည်ဆိုသည်ကိုဖြင့် ညွန်းစရာမလိုပါလေ။ မေနန်းသိပါလိမ့်မည်။

 “ဟုတ်ကဲ့ ဆရာမလေး. မီးဖိုပေါ်မှာ နွားနို့ အိုးရှိတယ်နော် . ညဘက် စာဖတ်ရင်း သောက်ချင်ရင် ထည့်သောက်နော် ဆရာမလေး”

သမီးလို့ပဲ ခေါ်ပါလား မေနန်းရယ်လို့ ပြောလုနီးနီး ပါးစပ်ကို အ၇ှိန်သတ်ရင်း

“ဟုတ် မေနန်း သမီးထည့်သောက်လိုက်ပ့ါမယ် ပြီးရင် မေနန်းလဲ အခန်းထဲဝင်ပြီး နားတော့နော်.”

အမေနန်း၏ မျက်နှာတွင် အမည်ဖော်ရန်ခက်ခဲသည့် ဟန်ဆောင် အပြုံးတစ်ချို့ ဖြတ်ပြေးသွားသည်။ ထို့နောက် ရက်စက်သည့် မျက်နှာအသွင်။ ခက်ထန်သည့်အသွင်။ ဝေ ကတော့မမြင်ပါလေ။ ကျောခိုင်းလို့ ပန်းကန်တွေ ဆေးနေသည်မဟုတ်ပါလား။

  နံနက်ခင်းလို့ အလင်းရောက်ခဲ့ပြီ...

“ဒုန်း ဒုန်း ဒုန်း ဆရာမလေး ဆရာမလေး ”

အခန်းအပြင်မှ အမေနန်း၏ တံခါး ထုသံကြောင့် ဝေ နိုးလာရပြန်သည်။ ဒီနေ့တော့ ဘာအိမ်မက်မှ မမက် ပင်ပန်းစွာ အိပ်မောကျသွားချင်းဖြစ်သည်။ အခန်းတံခါးကို ထဖွင့်ပေးလိုက်တော့

          “ဟင် ..ဆရာမလေး ဘာမှမဖြစ်ဘူးလား”

အမေနန်း၏ အမေးကြောင့် သူမမျက်လုံးပြူးပြီး ကြည့်မိသည်။ မေးပုံကြီးက ညက အိမ်မှာ တစ်ခုခုများဖြစ်လို့လား။ သူမ တော်တော်အိပ်ပျော်သွားသလား။ ဝေ ၏ အံ့သြသည့် အကြည့်ကြောင့် အမေနန်း အမူအရာကို ပြန်ပြင်လိုက်ရင်း
         
          “သြော်.ဒီ ..ဒီလိုပါ. ညက မုန်ညင်းချဉ်တွေစားတယ်လေ။ မနက်က နိုးတော့ နွားနို့တွေလည်း ကုန်နေ တာ တွေ့တယ်။ ပြီး အိပ်ယာထလဲနောက်ကျလို့လေ.. ၀မ်းများပျက်နေလား. ဘာလား ဆိုပြီးတော့ ”

ဒီတော့မှ ဝေ သဘောပေါက်သည်။ အမေနန်းရယ် ကြံဖန်ပြီး တွေးပူတတ်ရန်ကော။ ဒီလိုဆိုတော့လည်း အမေနန်းက ငါ့ ကိုချစ်ရှာသားလို့ သဘောပေါက်လိုက်ပြီး ပြုံးမိလိုက်သည်။

          “ဟုတ်တယ် မေနန်းရဲ့ နွားနို့က သောက်မလို့ပဲ ပန်းကန်လုံးထဲထည့်ပြီး စားပွဲ အစွန်းမှာ တင်ထားတာ ဘယ်လိုကနေ ဘယ်လိုဖြစ်တယ် မသိဘူး ကြမ်းပြင်ပေါ် အကုန်မှောက်ကျကုန်တယ်လေ။ အဲဒါ ညက ပန်းကန်လုံး တစ်လုံး ကွဲသွားတယ် မေနန်း ရဲ့ ”

          “သြော် ဟုတ်လား။ ရ ..ရ ပါတယ် ပန်းကန်လုံးကွဲ သွားတာက ကိစ္စမရှိပါဘူး . အဆင်သင့်ပြင်ပြီး အောက်ဆင်း ခဲ့တော့နော် နောက်ကျနေပြီ”
         
          “ဟုတ် မေနန်း .. ရွှတ်”

ရုတ်တရက် ဝေ ၏ အပြုအမူကြောင့် ဒေါ်နန်းမှင်သက်မိသွားသည်။ ဟုတ် မေနန်း ဆိုပြီး ဒေါ်နန်း၏ ပါးတစ်ဖက်ကို ရွှတ်ကနဲ အားရပါးရ ဖက်နမ်းသွားသည်မဟုတ်ပါလား။ သား..လဲအဲလိုပဲ သူမကို နမ်းတတ်သည်။ ဝေနမ်းလိုက်သော ပါးတစ်ဖက်ကိုပွတ်ရင်း ရင်ထဲမှာ လှိုက်ကနဲနွေးသွားသလို မျက်ရည်တို့က ပါးပြင်ပေါ် တစ်လိမ့်လိမ့်ဆင်းလာသည်။ တစ်ကယ်လို့သာ ညက နွားနို့ကို ဝေသာ သောက်လိုက်မိရင်ဖြင့် ဒီမနက်တွင် ဝေသည် အသက် ဝိညာဉ်ကင်းမဲ့နေ လောက်ပြီ။ နွားနို့ထဲတွင် အိပ်ဆေးအများအပြားထည့်ကာ ကျိုချက်ထားခဲ့သည်ကို ဒေါ်နန်းတစ်ယောက်သာလျှင် သိသည်။

 “လာ လာ သမီး . မနက်စာ စား။ ဒီကနေ့ ထမင်းချိုင့်ပါ ပြင်ပေးထားတယ်သိလား။ ”

ရေမိုးချိုး အောက်ဆင်းလာတော့ မေနန်း၏ နွေးနွေးထွေးထွေးပြန်လည်ဆက်ဆံမှုကြောင့် ဝေ ပီတိဖြစ်သွား မိ သည်။ 

“ မေနန်းရဲ့ သမီးကို ဆရာမလေးလို့ မခေါ်ပါနဲ့ သမီးလို့ပဲခေါ်ပါ။ ဝေ ကလေ မေနန်းကို မြင်မြင် ချင်း သမီးရဲ့ အမေလိုပဲ ခင်တွယ်မိတယ် ချစ်မိတယ်။ ငယ်ငယ်လေးထဲက အမေကိုငတ်ခဲ့တာလေ။ ခုမေနန်းကို မြင်တော့ မေမေ အစားရပြီဆို ပျော်နေတာ။ သမီးကို သမီးရင်း တစ်ယောက်လို ချစ်ပါနော် မေနန်း”

ဝေ့ အပြောကြောင့် ဒေါ်နန်းညက ကိစ္စကို နောင်တ အတော်ရသွားမိသည်။ မနေ့က သားဓာတ်ပုံတွေကြည့် ရင်း သားဇောကပ်သွားမိသည်ထင် တစ်ကယ်တမ်းက သားသည် မသေသင့်ပဲ သေခဲ့ရတာ။ ပြီးတော့ ရိုးရိုးသာမန် ရောဂါကြောင့် သေတယ်ဆိုလည်း ဖြေသာသေးတယ်။ ခုဟာက သူများက သတ်လို့သေရတာ။ နောက်ကျောကို ဓါးနဲ့ အချက်ပေါင်းများစွာတဲ့။ စဉ်းစားကြည့် မိခင်တစ်ယောက်ရဲ့ သောက ငါ့သားလေး မသေခင် ဘယ်လောက်များ နာကျင်ခဲ့လေမလဲ အဲဒီလိုတွေးမိတဲ့ အချိန်တိုင်း ဒေါ်နန်းရဲ့ အသည်းနှလုံးကို တစ်စုံတစ်ယောက်က လက်နှင့်ခြေဖွ ဆုပ် ကိုင်ထားသည့်နှယ် ခံစားရတယ်။ ပြီးတော့ ပြီးတော့..

“မေနန်း ဘာတွေတွေးနေတာလဲ ဝေ ခေါ်နေတာကြာပြီ ”

“သြော် အေး ..သမီး ပြော. ”

“ဟိုလေ ညနေကျရင်လေ အိမ်ကနေလှမ်းကြည့်ရင် မြင်ရတဲ့ စေတီလေးလေ အဲဒါသွားဖူးမလို့ မေနန်း လိုက်ခဲ့ပါလားလို့ ပြီးတော့ သမီး ဓာတ်ပုံလဲရိုက်ချင်လို့”

“သမီးရဲ့ ကြည့်ရင်သာနီးတယ်ထင်ရတာ လမ်းလျှောက်သွားဝေးကြည့်ကွဲ့ ဆိုင်ကယ်နဲ့သွားမှ ရမှာ”

“ဟင် အဲလိုလား”

“ဟုတ်ပ”

“ဝေမှ ဆိုင်ကယ်မစီးတတ်တာ။ ဒေါက်တာသော်ကောင်းကတော့ သူလိုက်ပို့ပေး မယ်ပြောသား။ မေနန်းနဲ့ တူတူ သွားချင်လို့ ရတယ် ကိုယ့်ဘာသာကိုယ်သွားမယ်လို့ ပြောခဲ့တာ”

“လူငယ်တွေပဲ သွားပါသမီးရယ်။ မေနန်း က အသက်လဲကြီးပါပြီ။”

 “ဝေ ..ဝေ ..”

အနားကပ်ပြီး ခေါ်နေသလိုလိုပင် ။ ညနေက ဘုရားသွားဖူးပြီး ဆိုင်ကယ်စီးထားသည့် အရှိန်ကြောင့် လူကပင်ပန်း နုံးချိနေပြီ။ မျက်ခွံတို့ လေးလံလွန်းလှပြီ။ အသံရှင်၏ အဆက်မပြတ်ခေါ်သံကြောင့်သာ သူမအားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ သူမအိပ်သည့် ကုတင်ဘေးတွင် လူရွယ်တစ်ရောက် မတ်တပ်ရပ်နေသည်။ ဟင် ငါ့ အိပ်ခန်းထဲ ယောက်ကျားလေးတစ်ယောက် ယောက်နေပါလားဆိုသည့် အသိကြောင့် သူမဆတ်ကနဲ ထထိုင်လိုက်မိ သည်။

ကြည်လင်သွားသော မျက်ဝန်းထဲတွင် ၀င်လာသည့်ပုံရိပ်သည် ကိုလေး။ ဟုတ်တယ် ထိုယောက်ကျားသည် ကိုလေး ဖြစ်သည်။ 

          “ကိုလေး .”

 ဝေ ၀မ်းသာအားရပြေးဖက်မိသည်။ သို့ပေမယ့် ဝေ့ခြေထောက်တွေ လှုပ်ရှားလို့မရ။ ခြေထောက်မှ မဟုတ် ဝေ့တစ်ကိုယ်လုံး လှုပ်ရှားလို့မရ။ ကိုလေး၏ ပုံစံက ဝေ့အတွက်စိုးရိမ်နေပုံရသည်။  ဝေ့နှုတ်မှ အသံတို့ တစ်စုံတစ်ရာ မထွက်။

          “ဝေ.. ဒီအိမ်မှာ မနေနဲ့။ ဝေ့အတွက် အန္တရာယ်ရှိတယ်။ ပြန်တော့.. ရန်ကုန်ကိုပြန်တော့ ..”

ကိုလေးပြောသည့် စကားကို ဝေ ကြားရသည်။ ဝေ ပြန်မေးချင်သည်။

     “ဝေ့ကို ဘာလို့ ပြန်ခိုင်းနေတာလဲ”

ဝေ့ စိတ်ထဲမှ အမေးကို သိနေသည့်အလား.

  “ကိုလေးကို ဘာမှ ပြန်မမေးနဲ့ တောင်းပန်ပါတယ် ဝေရယ် ရန်ကုန်ကို ပြန်တော့နော်. ပြန်တော့”

အစိုးရိမ်ကြီးသော မျက်ဝန်းတို့ဖြင့် ကိုလေး တိုးလျှိုးတောင်းပန်သည်။ ပြီး မြင်ကွင်းမှနေပြီး အခိုးအငွေ့သဏ္ဌာန် ဖြင့် ပျောက်ကွယ်သွားသည်။ ဒီတော့မှ ဝေ့ နှုတ်မှ စကားသံတို့ ပလုံးပထွေးထွက်ကျလာသည်။

    “ကိုလေး နေအုန်းလေ ကိုလေး.”

 ဒီတော့မှ သတိထားမိသည် ။ ကိုလေး က သေသွားပြီပဲ ။ ဘယ်လိုလုပ် ဝေ့ အခန်းထဲ ရောက်လာရသနည်း။ စိတ်သည် မကြောက်လန့်သော်ငြား လှုပ်ရှားမိသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဒါ. အိမ်မက်မဟုတ် တစ်ကယ် ဖြစ်သည်။ ကိုလေး ဘာကြောင့် ဒီအိမ်မှာ ဝေ့ကို မနေစေချင်သနည်း။ ဝေ့ကို စိတ်နာသွားလို့လား။ ဒါမှ မဟုတ်.. ဝေ့ကိုမုန်းသွားလို့လား။ တည်ငြိမ်နေသော စိတ်သည် ၀ရုန်းသုန်းကား ဖြစ်ကြရပြန်သည်။ ညည့်လယ် သန်းခေါင်ယံတွင်  အထီးကျန်စွာ လွမ်းဆွတ်တမ်းတခြင်းတို့ဖြင့် ငိုကြွေးမိသည်။ သန်းခေါင်ယံသည် ရှိုက်သံတို့ဖြင့် ဖုံးလွှမ်းသွားပြန်လေသည်။


----
ချစ်သော မောင်နှမများ ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ အပိုင်း (၃) ကို မကြာခင် တင်ပေးပါ့မယ်။ 
သရုပ်ဖော်ပုံလေးကိုတော့ဖြင့် ရှာဖွေအသုံးပြုထားတာပါရှင်။  

2 comments:

  1. ဖတ်ရတာဆန့်တငန့်ငန့်ကွာာာာာာာာာာာာာာာာာ

    ReplyDelete
  2. စိတ်စွဲလန်းတဲ့အခါလဲ ဖြစ်တတ်ပါတယ်။ အပိုင်း ၃ ဆက်မျှော်နေမယ် မွန်လေးရေ....

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......