Tuesday, 24 August 2010

နေ့စွဲလေးတစ်ခု



ရက်စွဲတွေ နေရာချိန်းပေမယ့်
ပန်းနုရောင်သွေးစက်ပျောက်တွေ
ရင်ဘတ်အောက်မှာရှိနေတယ်။
ဆောင်းနှင်းတွေဝေခဲ့ပြီးနောက်
နွေပေါက်ပြီးသစ်ခြောက်ကြွေသော်လည်း
နောင်တစ်ချိန်နှင်းတွေကြားမှာ
ပျော်ချင်သေးတဲ့အသိတွေရှိတယ်။
မိုးစက်တွေ မြေခနေသော်လည်း
သက်တန့်ရောင် မြက်အစုံကြားမှာ
အရိပ်တွေထင်ကျန်နေတယ်။
ရွှေရောင်ချောကလက်တစ်ခု
ရင်ငွေ့လှုံသောနေ့လေးမှာ
အသဲကျောက်စာအဖြစ်နဲ့
အချစ်ကိုတည်ဆောက်ထားတယ်
ရှင်သန်သောခြေလှမ်းတွေ
ခိုင်မာသောသတိတွေ
ပြီးတော့...ပြီးတော့...
တည်ရှိနေတဲ့ ဒီနေ့တွေပေါ့.........

စကားဝါတစ်ပွင့်ပေးပြီး ခရီးရှည်ကြီးထွက်သွားသူ (၂)

ရာသီအဖုံဖုံက
ဝတ်ရုံအထပ်ထပ်မလို့ ကပွဲကပြန်လာကြပြီ
မြေနီလမ်းမဆီမှာတော့ ငါတစ်ယောက်တည်း
မင်းကိုမျှော်ငေးရင်း စကားဝါပွင့်တွေဝေသီ
ငါ့တစ်ယောက်တည်းအတွက် မြူခိုးတွေမိုးလိုရွာပြီ
မြူခိုးတွေမိုးလို၇ွာပြီ...............

ကြာခဲ့ပါပြီ
ဒီစကားဝါပင်ကြီးအောက်မှာပဲ
ပြန်လာမယ်ဆိုတဲ့အသိနဲ့
ပန်းတစ်ပွင့်ကိုပေးရင်း
နှုတ်ဆက်နမ်းခဲ့တဲ့နဖူးပြင်ကို ဖွဖွလေးထိတွေ့ရင်း
လှိုက်မောစွာနဲ့ပင်အိုကိုမော့ကြည့်
စကားတစ်ခွန်းမေးမိတယ်
သူဘယ်မှာလဲ သိပါသလားကွယ်.............

ခဏချင်းငြိမ်သက်
အကိုင်းအလက်တွေလဲ တောင်ပံခတ်လို့
ဝင်းလက်ဆူးရဲတဲ့အလင်းတွေနဲ့
ဖြုန်းခနဲသက်ဝင်လှုပ်ရှား
ဆိတ်ငြိမ်တဲ့သူ့နှလုံးသားက
စကားဝါပန်းနဲ့အလွမ်းသည်မ ငါ့ကို
သနားလိုသည်ထင်ရဲ့
ပင့်သက်ကိုဖွဖွလေးထုတ်
ငါမသိတဲ့ပုံပြင်တစ်ပုဒ်ကို
မြေနီလမ်းထက်မှာဖြန့်ကြဲ
အနီရောင်တွေရဲခနဲပါပဲလေ

တကယ်တော့.......
စကားဝါတစ်ပင်တည်းအောက်မှာနားပြီး
ကမ္ဘာခြားနေတဲ့အဖြစ်
နာကျင်ဖို့ကောင်းလိုက်တာ
သံယောဇဉ်မီးစက်တွေက ပရိဒေ၀နဲ့ပေါင်းပြီ
နက်ရှိုင်းစွာရှိုက်အော်
မင်းခေါ်သံကိုငါကြားရပြီ
နွေမိုးဆောင်းအလီလီကို
သူတစ်ယောက်တည်းအံတုလို့
ဒြပ်ထုမရှိတဲ့ခန္ဓာနဲ့
ပူလောင်ပင်ပန်းစွာ မင်းငိုကြွေးနေတာကို
သိခွင့်မရတဲ့အဖြစ်
ဘယ်သူဖွင့်လှစ်ခဲ့တဲ့ကျိန်စာဆိုးလဲ
ရှင်သန်မှုနဲ့သေဆုံးမှုကြားက
ခြားထားတဲ့စည်းတစ်ခုဟာ
နှလုံးသားတစ်စုံကိုဟန့်တားနိုင်တဲ့
ဓါးသွားတစ်လက်သာဆိုရင်...........................


ဟေ့ချစ်သူရေ
မီးဖိနပ်ကိုစီး ခရီးကြမ်ကိုနှင်
မင်းရင်ခွင်ကို ကိုးစား
ငါ့မှာခွန်အားအပြည့်ပါ
ဆတ်ဆတ်ခါနေတဲ့ပီတိအဟုန်နဲ့
အဖန်ငါးရာကိုဘေးချိတ်
ဟိုးတောင်ကုန်းထိပ်ကနေပြီး
မင်းရှိတဲ့ကမ္ဘာကို ငါလာမှာပေါ့ကွယ်
စကားပါတစ်ပွင့်သာပန်ခွင့်ပေး
အဖန်ငါးရာကိုလည်းဝန်မလေးဘူး
လွင့်ခနဲဟာသွားတဲ့ခံစားမှုက
ရှင်သန်ခြင်းကိုဖောက်ထွက်
မိုးယံထိတက်မယ့်အချစ်က
ငါ့အချစ်ကိုကယ်မမယ်ဆိုရင်
ကယ်မမယ်ဆိုရင် .......ကယ်မမယ်ဆိုရင်...........

Sunday, 22 August 2010

အဖြူရောင်နှစ်ခုကြားက မျဉ်းဖြောင့်တစ်ကြောင်း

သူနဲ့ခင်ခဲ့တာတော့ကြာပါပြီ။ ခုထိတော့လူချင်းမဆုံဖြစ်သေးပါဘူး။ အခုခေတ်လူငယ်တွေကြားမှာ ခေတ် စား နေတဲ့အွန်လိုင်းကတစ်ဆင့် ခင်မင်ခွင့်ရခဲ့တာပါ။ အများနဲ့မတူတဲ့ထူခြားချက်ကတော့ သူမဟာရိုးသားတယ်၊ ပွင့်လင်းတယ်၊ ခေတ်အမြင်ရှိတယ်၊ ဘ၀ကိုသတ္တိရှိရှိရင်ဆိုင်ရဲတယ် ရင်ထဲရှိတာကို မကွယ်ဝှက်တတ် ပွင့်ပွင့် လင်းလင်း ဆက်ဆံတတ်တယ်၊ စာပေ၀ါသနာလေးလဲပါတယ်။ စိတ်ချင်းတူ ၀ါသနာချင်းလဲတူတော့ သူနဲ့စကား တွေပြောဖြစ် ငယ်သူငယ်ချင်းအရင်းအခြာလို ခင်မင်ခဲ့ကြတယ်။

သူနဲ့ခင်မင်သိကြွမ်းခဲ့တဲ့ 2007-ခုနှစ်နောက်ပိုင်းကစပြီး ယနေ့အချိန်အထိ ညီမငယ်တစ်ယောက်သဖွယ် သံယောဇဉ်ပိုမြဲသူကလဲအတူတူ အဖြူရောင်ချင်းယှက်နွယ်ခဲ့တယ်ပေါ့။သံယောဇဉ်တွေပိုလာတော့ တစ်ယောက် အကြောင်းတစ်ယောက် အမြင်ချင်းဖလှယ်ကြ တိုင်ပင်ကြ အကြံတွေပေးကြနဲ့ သူ့အတွင်းရေး ကိုယ့်အတွင်းရေး အသိပေး ယုံကြည်စွာအကုန်လုံးဖွင့်ဟဖြစ်ကြတယ်လေ။

အချိန်တွေဝါးမျိုကုန်ဆုံးခဲ့ပေမယ့် သူနဲ့ခင်မင်မှုအဖြူရောင်သံယောဇဉ်တွေကတော့မကုန်ဆုံး ပိုလို့ တောင် တိုးခဲ့သေးတယ်။ ညီမငယ်တစ်ယောက်ရဲ့ ပိုင်ဆိုင်မှု ဆိုးနွဲ့ဟန်လေးတွေနဲ့သူဆိုးနွဲ့ခဲ့တယ်။သူ့ရင်ထဲမှာမွန်းကျပ် လာတဲ့အခါ သူ့ကိုအားပေး စကားတွေအကြာကြီးပြောဖြစ်ခဲ့ကြတယ်။ သူ့ဘ၀ရဲ့ မိဘအပေါ်သိတတ် မှုတွေကို ဂုဏ်ယူဝမ်းသာမိသလို နာကျည်းမှု ခံစားမှုတွေကိုလဲ အကြီးတစ်ယောက်အနေနဲ့ မျှဝေခံစားပေးခဲ့တယ်။ သနား ကရုဏာသက်မိတယ်ပေါ့လေ။

ညီမငယ်နဲ့အနေဝေးပေမယ့် စိတ်ချင်းကတော့ နီးနေခဲ့တယ်၊ အဖြူရောင်သံယောဇဉ်တွေနဲ့ ချည်နှောင်လို့ တစ်ယောက်နဲ့တစ်ယောက် နားလည်ခံစားပေးခဲ့ကြတယ်လေ။ အွန်လိုင်းမှာတွေ့သိခင်မင်ခဲ့ကြပေမယ့်လေးလေး စားစားဆက်ဆံ အဖြူမှာအရောင်မစွန်းခဲ့ပါဘူး အဖြူရောင်အနားနှစ်ဖက်ကြားမှာ သံယောဇဉ်မျဉ်းဖြောင့်ကတော့ အကွေးအကောက်မရှိ ဖြောင့်တန်းလို့ပြေးနေဆဲ…။

ဒီလိုနဲ့ ညီမငယ်ရဲ့ 29 နှစ်မြောက်မွေးနေ့မှာ အကြီးတစ်ယောက်အနေနဲ့ ဘာလက်ဆောင်မှ မပေးဖြစ်ခဲ့ ပြန်ဘူး။ တစ်ယောက်နဲ့တစ်ယောက် တစ်နိုင်ငံစီဆိုတော့ မပေးဖြစ်ခဲ့တာပါ။ အလုပ်မအားတာလဲပါတာပေါ့လေ။ ရင်ထဲမှာတော့မကောင်း အကြီးမပီသတဲ့ငါပါလားလို့ ၀မ်းနည်းမိတာအမှန်။ လက်ဆောင်မပေးဖြစ်ပေမယ့် ညီမ ငယ်အတွက် ပါတီပွဲလေးတစ်ခုတော့ သူငယ်ချင်းတွေနဲ့ကျင်းပပေးဖြစ်ခဲ့တယ်။ (အဲဒီပါတီပွဲမှာတော့ မွေးနေ့ရှင် ညီမလေးမပါဘူးပေါ့လေ) ဆုမွန်ကောင်းတွေချွေရစ်ဖြစ်ခဲ့တယ်။ မွေးနေ့လက်ဆောင်မပေးဖြစ်ပေမယ့် ညီမငယ် ရဲ့ဘ၀အတွက် အဖြူရောင်သံယောဇဉ်တွေကတော့ လွှမ်းခြုံပေးလျှက်ပါ ညီမရယ်။

အွန်လိုင်းပေါ်မျာ တွေ့ခဲ့ကြတဲ့သူနှစ်ယောက် ဖြူစင်တဲ့စိတ်လေးတွေနဲ့ ချည်နှောင်လိုက်တော့ ပိုမိုခိုင်မြဲ ယနေ့အထိ ဆက်လက်ရှင်သန်ဆဲပေါ့။ စာလေးတစ်ခုဖတ်ဖူးတယ် “ အဖြူရောင်ပေါ် အမဲစက်ကျတော့ အဖြူ ရောင် ပျက်တယ်တဲ့” ဒို့နှစ်ယောက်ရဲ့ ခင်မင်မှုဟာ အရောင်မစွန်း အဖြူရောင်သက်သက် ရှင်သန်ခဲ့တယ်နော်။ အဖြူရောင်ကမ်းနှစ်ဖက်ကြားမှာ စီးဆင်းနေတဲ့ စီးကျသံလေးပေါ့။

နေရာချင်းမတူ နိုင်ငံချင်းမတူ အနားနှစ်ဖက်မှာရပ်နေကြတဲ့သူနှစ်ယောက် မျဉ်းဖြောင့်တစ်ခုအနေနဲ့ ဒီဘလော့ ပို့စ်လေးမှာဘဲ အတူစီးဆင်းရင်း ဆက်လက်ရှင်သန်ကြပါစို့…………..

“ဥပေက္ခာဖြင့် မျက်စိမှိတ်ခြင်းကို လမ်းခွဲဟု ငါမယုံ။

စူးစမ်း၊ ဆန်းစစ် ခွဲခြမ်းစိတ်ဖြာမှု၏ သိမ်မွေ့သော အထိအတွေ့သည်သာ

ရလာဒ်အမှန်ဖြစ်၏။

လာရာလမ်းသည် မှုန်သလော၊ ရှေ့ခရီးသည် ဖုံသလော

ဘယ်ပုံဆိုသည်ကိုတော့ အလွှာလွှာခွဲခြမ်းစိတ်ဖြာရပေမည်။””

(ညီမငယ်နဲ့ခင်မင်မှုအမှတ်ရအဖြစ်ရေးဖွဲ့ပါသည်။)

Friday, 20 August 2010

လမ်းပေါ်ရောက်ပြီလား




လမ်းပေါ်ရောက်ပြီလား ဆိုတဲ့စကားလေးဟာ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ရဲ့ စကားလုံးလေးပါ။မှတ်မှတ်ရရပေါ့ သူငယ်ချင်းတွေဆုံမိတုံး ၀ိုင်းထိုင်လို့ စပ်မိစပ်ရာ စကားလေးပြောဖြစ်ကြတယ်။ များသောအားဖြင့် လူတွေဟာ လမ်းဘေးကလူဆိုရင် သိပ်ပြီးအထင်မကြီးတတ်ကြဘူးလေ။စင်ပေါ်ရောက်မှ၊ အမြင့်ရောက်မှ အထင်ကြီးကြ တဲ့ လောကကြီးဆိုတော့လမ်းဘေးကလူဆိုရင် မျက်လုံးစိမ်းကြီးတွေနဲ့ အကြည့်တွေ က စိမ်းတတ်ကြတယ်လေ။
ဒါကလဲဖြစ်တတ်တဲ့နိယာမသဘောဆိုတော့ သူ့တို့ကိုလဲအပြစ်ကမဆိုသာဘူးပေါ့။ ခေတ်ကြီးကိုက ဂုဏ်ကိုခင် ပကာသနကိုမင်ကြတဲ့ခေတ်ကြီးဆိုတော့ လမ်းဘေးကလူဆိုရင် တေလေကြမ်းပိုး၊ ယောင်ခြောက်ဆယ်၊ အလုပ်မရှိအကိုင်မရှိတဲ့သူလို့ ထင်ကြတာကလား။
လမ်းပေါ်ကလူနဲ့ လမ်းဘေးကလူ သိပ်မခွဲခြားတတ်တာလဲ ဖြစ်နိုင်လောက်ပါတယ်။ လူဟာ သူ့ဟာနဲ့သူ
တန်ဖိုးတော့ရှိကြတာပေါ့၊ အကုန်လုံးသုံးစားလို့ မရတာတော့မဟုတ်ပါဘူး။ လမ်းဘေးရောက်တဲ့သူဟာ အတော် ရှားပါတယ်။ ပညာဘယ်လောက်တတ်တတ်၊ ပစ္စည်းဥစ္စာဘယ်လောက်ပေါပေါ လူအများနဲ့သဟဇာတမဖြစ် ၊ ကိုယ့်အကျိုး တစ်ခုတည်းကိုသာ ကြည့်တတ်တဲ့လူတန်းစားတွေဟာလမ်းပေါ်ရောက်တဲ့ လူတန်းစားထဲမပါနိုင် ပါဘူး၊ဘေးထိုင်ဘုပြော အကောင်းမမြင်ဝါဒ လက်ကိုင်စွဲထားတဲ့သူတွေပေါ့။
တစ်ခါတုန်းက ၀တ္ထုလေးတစ်ပုဒ်ဖတ်လိုက်ရတယ် စာရေးဆရာ ညီငယ်လေးရေးတဲ့ စာလေးပါ။ကိုသက်ပြင်း ဆိုတဲ့ ကြပ်မပြည့်သူတစ်ယောက်အကြောင်း ရေးထားတာပါ။ ကိုသက်ပြင်းဟာ ကြပ်မပြည့်ပေမဲ့ရေထမ်းပြီး သူဘ၀ ကို ရုန်းကန်ရှာတယ်၊ ရေပုံးရှိရင် ကိုသက်ပြင်းအတွက်ဘာမှပူစရာမလိုဘူး၊ ရေလိုတဲ့အိမ် ရေထမ်းပေး၊ ကျွေးတဲ့ထမင်းစားပေးတဲ့ပိုက်ဆံယူပြီး သူ့ဘ၀ သူ့လမ်းပေါ်သူလျှောက်နေတဲ့သူ။
တစ်နေ့အလှူအိမ်မှာ ကိုသက်ပြင်းတစ်ယောက် ထမင်းသွားစားတယ် တောဓလေ့အတိုင်း လူကဖိနပ်မစီးဘူး ၊
ဖိနပ်ကလူကိုစီးထားတယ်၊ ဖိနပ်ပျောက်မှာဆိုးလို့ ခါးကြားထဲမှာနေရာယူထားတယ်ပေါ့။
အဲဒီအချိန်မှာ ဖိနပ်မပါတဲ့ လူကြီးတစ်ယောက် တောင်ဝှေးကြီးနဲ့ အလှူအိမ်ကို သူလဲထမင်းလာစားတယ်၊ အရပ်ထဲမှာပေါ့အသက်ကြီးတော့ လူရိုသေ ရှင်ရိုသေပေါ့ ။ အလှူအိမ်ရောက်တော့ ထမင်းစားပြီး ပြန်မယ်အလုပ် သူ့ဖိနပ်ကိုလိုက်ရှာတယ်။ မျက်စိမှုန်ဝါးဝါး ဟိုရှာဒီကြည့်ပေါ့ အဲဒီမှာသူ့အကြည့် ကိုသက်ပြင်းစီရောက်သွာတယ်။ ဟော...ကိုသက်ပြင်းခါးကြားက ဖိနပ်ကိုမြင်ပါလေရော၊ အဲဒီမှာပဲ သူ့ဖိနပ်သက်ပြင်းခိုးပါတယ်ဆိုပြီး လိုက်လု လူတွေက၀ိုင်းဖမ်း သောက်ရူးက ထမင်းစားရုံမဟုတ်ဘူး ဖိနပ်တောင်ခိုးတယ်ဆိုပြီး တောင်ဝှေးနဲ့ကိုသက်ပြင်ကို ရိုက်ပါလေရော၊ ကိုသက်ပြင်းခမျာ လူးလိမ့်ခံရတော့သည်။ ဘေးကလူတွေကော ကိုသက်ပြင်းကို ဆဲဆို ကြိမ်းမောင်း လို့ပေါ့။
အဲဒီအချိန်မှာ ဘေးနားအိမ်ကလူတစ်ယောက်က ဖိနပ်မပါဘဲလာတဲ့ အဖိုးကြီးကိုသတိပြုမိထားတော့ သူက သွားပြောတယ် ဘကြီးခုနလာတုံးက ဖိနပ်မှမပါတာ ကျွန်တော်အိမ်ပေါ်ကလှမ်းကြည့်တာ မြင်တယ်လို့ ပြောတယ်။ သက်ပြင်းမှမခိုးတာ နဂိုထဲက ဘကြီးဖိနပ်မှမပါတာဆိုတော့ အဲဒီအခါကျမှ အဖိုးကြီးက အေး.. ဟုတ်သားဘဲ...ဘကြီးမေ့သွားတယ် ဖိနပ်ပါမလားဘူးတဲ့ ၊ဒါကြောင့်ထင်တယ် “မရှိခိုးနိုးနိုး” ဆိုတဲ့စကားပေါ်လာ တာ။ အဲဒီတော့မှ ကိုသက်ပြင်းခမျာသက်သာသွားတယ်။
ကိုသက်ပြင်းလဲ သက်သာရာရသွားရော လဲနေတဲ့နေရာကထပြီးပြောလိုက်တဲ့စကားက သိပ်မှတ်သားဖို့ကောင်း တယ် “သက်ပြင်းလေ မခိုးဘူး ငရဲကြီးတတ်တယ် တဲ့”ကဲဘယ့်နဲ့ရှိစ၊ အသိရှိတဲ့ ကြပ်ပြည့်တဲ့သူက ကြပ်မပြည့်တဲ့သူစီကဖိနပ်ကို လိုခြင်တယ်။ ကြီးနိုင်ငယ်ညှင်း မြေနိမ့်ရာ လှန်စိုက်ဆိုတာ ပေါ်လွင်တယ်လေ။ အဲဒီသူတွေ ဘယ်သူက လမ်းပေါ်ကလဲ ဘယ်သူကလမ်းဘေးလဲ စဉ်းစားကြည့်စေချင်တယ်။
လူ့လောကမှာ ကိုယ့်အတွက်ဘဲ ကြည့်တတ်တဲ့ တစ်ဖို့ထဲသမားတွေ အများကြီးပါ။ အဲဒီလူတွေကကော လမ်းပေါ်ကလား၊ လမ်းဘေးကလား ၊ မရှိဆင်းရဲလို့လမ်းဘေးမှာနေရတာဟာ လမ်းဘေးရောက်တာမှမဟုတ်တာ၊ စိတ်ဓာတ်ဆင်းရဲပြီး လမ်းလယ်ခေါင် ရင်ကော့လျှောက်သူတွေသာ လမ်းဘေးရောက်တာပါ။ ပစ္စည်းဥစ္စာ ဆင်းရဲပြီး စိတ်ဓာတ်ကောင်းတဲ့သူတွေကတော့ လမ်းဘေးမှာနေရပေမယ့် လမ်းပေါ်ရောက်တဲ့သူတွေပါ။
သူငယ်ချင်းကို သူ့ဆရားသမားက မေးတယ် မင်းဘာလုပ်နေလဲ ဘယ်မှာနေလဲ စသည်ပေါ့။အဲဒီလိုမေးတော့ သူငယ်ချင်းကဖြေတယ် အခုတော့ လမ်းပေါ်မှာဘဲလို့ ။အဲဒီတော့ သူ့ဆရာသမားကပြောတယ် အေးမင်းစာတတ် သွားပြီတဲ့။ လောကနိယာမသဘောအရ အဖြူနဲ့အမဲ အကောင်းနဲ့အဆိုးဒွန်တွဲနေပေမယ့် အဲဒါကို ခွဲခြားသိဖို့လို တယ်ဆိုတာတော့ ပြောစရာမလိုဘူးထင်ပါတယ်။ လမ်းပေါ်ကလူဆိုရင်ပေါ့။
ကဲမိတ်ဆွေတို့ ဒို့လဲ လမ်းပေါ်ကလား လမ်းဘေးကလား .........................

အိမ်အပြန်လမ်း …




(ခင်ထား) ဟား..ကျွတ်..လူတွေအများကြီးပဲ

ကျွန်မအလုပ်ကပြန်ချိန်မှာ ကားမှတ်တိုင်မှ လူအုပ်ကြီးကိုကြည့်ပြီး စိတ်အလိုမကျစွာ ရေရွတ်မိချင်းဖြစ်လေသည်။ဒီလောက်ထိလူများ နေလျှင်တော့ ဘတ်(စ်)ကားသည် လွယ်လွယ်နှင့်ရမည်မဟုတ်။ အောက်ဆိုဒ်ကားစီးရအောင်ပိုက်ဆံအိတ်ထဲပြန်ကြည့်လိုက်တော့ မဖြစ် ပိုက်ဆံလဲ အောက်ဆိုဒ်နေလေပြီ။ ဟူး..မတတ်နိုင် ရသည့်လိုင်းကားကို သူနိုင်ကိုယ်နိုင်အပြိုင်ကျဲရတော့မည်။ ကဲ အသင့်သာပြင်ထားပေတော့လို့ကိုယ့်ဘာသာကိုယ် စိတ်ထဲမှာတေးရင် သူမအသင့်အနေအထားပြင်လိုက်သည်။ ကျွန်မတို့ဘ၀တွေက မွေးကထဲက taxi ဖက်မွေးလာတာမဟုတ်။ကိုယ်ပိုင်ကားအိမ်မက်ထဲတောင်မပါ။ လိုင်းကား ရင်းနှီးပြီးသား။ ခြေတစ်ဖက် လက်တစ်ဖက်မိ စပါယ်ယာက ဆွဲ ဆရာရေ့ဆို အလိုက်သင့်လေး..ဒီလိုအတတ်တော့ ကျွန်မတို့ဘ၀တွေက ကျွမ်းကျင်ပြီးသား။ သင်စရာမလို။ဒီတော့တတ်သည့်ပညာမနေသာဆိုသလို ကျွန်မလဲ မှတ်တိုင်မှာလာရပ်သော လိုင်းကားပေါ် လွှားကနဲတတ်ပြီးသား
ကားပေါ်ဘယ်လိုရောက်လာသည်မသိ။ စပါယ်ယာပဲလား နောက်ကလူအုပ်ပဲလားမသိ.ကားပေါ်သို့ရောက်လေပြီ။ဘာပဲ
ဖြစ်ဖြစ်ကားပေါ်ရောက်ပြီဆိုတော့ နေရာကျအောင်တော့ နေရအုန်းမည်။ ဒါကလဲ လိုင်းကားစီးနေကျလူမှ အထာနပ်သည်လေ။ ဘေးကို တစ်ဖက်တစ်ချက်ကြည့် ကိုယ့်ရပ်နေတဲ့နေရာက အန္တရာယ်ကင်းရဲ့လား.. အားလုံးအိုကေ ..ဒီတော့မှ လက်ထဲက ထမင်းချိုင့်လေးကိုင်ပေးမယ့် ကယ်တင်ရှင်လိုက်ရှာရတယ်။ အဲလိုမှမဟုတ်ရင် ငါးပိသိပ်သလို ထိုးထည့်ထားသောဤလိုင်းကားပေါ်၌ လက်တစ်ဖက်ထဲကိုင်ထားလျှင် အခြေအနေမဟန်။ နှစ်ဖက်လုံးဆွဲပြီး တောင့်ထားနိုင်မှအနေအထားက အိုကေမှာစိုပြေမည်လေ။ ကျွန်မကံဆိုးသလားပဲ ထမင်းချိုင့်ကိုင်ပေးမယ့်သူမရှိ။ ကယ်တင်ရှင်မတွေ့သေပြီဆရာပဲ ပြီးတော့ကျွန်မရပ်နေသည့်နေရာက ဘတ်(စ်) ကားထဲလေးတန်းလိုင်းထဲမှာ ကျွန်မက အလယ်တန်းကဖြစ်နေသည်။ အလိုလေး ထွက်တဲ့သူ ၀င်တဲ့သူ ကျွန်မအတိုးခံရတော့မည်။ဒီလိုနဲ့ အလိုမကျတဲ့မျက်နှာ ဒေါသတွေခုန်ပေါက်ြ့ပီး ထွက် ချွေးတစ်လုံးလုံး ဒီကြားထဲဘေးနားမှ နောက်မှရောက်လာသော လူ၏တိုက်ကွက်များကိုလဲ ရှောင်နေတိမ်းနေရသေးသည်။ကြာတော့ ကျွန်မဒေါသတို့က အတားအဆီးမဲ့စွာပဲ။

(ခင်ထား) ဒီမှာ ရှင်ကျွန်မဘေးမှာမတ်တပ်ရပ်မှာလား နောက်ကိုမရောက်ရောက်အောင်တိုးမှာလား တိုးမယ်ဆိုလဲ
နောက်ကိုရွှေ့ ကျောခိုင်းပြီးရွှေ့နော် ကိုးလန့်ကန့်လန့် လာပြီးလုပ်မနေနဲ့။ အလုပ်ပင်ပန်းရတဲ့ကြားထဲမှ ဘုကြည့်လာ
ကြည့်မနေနဲ့ ရှင်ဘာလုပ်မှာလဲပြော

(ထိုလူ)ခင်ဗျားကလဲဗျာ လူကြပ်နေတာပဲ ဒီလောက်တော့သည်းခံမှပေါ့။

(ခင်ထား) ဒီမှာ ကျွန်မမွေးကထဲက လိုင်းကားစီးလာတာ လူတိုးတာလား..ကားကြပ်တာလား ကျွန်မခွဲခြားနိုင်တယ်။
ရှင်ပြောစရာမလိုဘူး။

ဒီလိုဆိုတော့လဲ သကောင့်သား နောက်ကိုရွှေ့သွား၏။ဟူးတစ်ရန်အေးပြီး။စိတ်အေးလို့မှမကြာသေး အပေါ်တန်းကိုကိုင်ထားသော သူမလက်များကို ခဏခဏလာလာထိနေသလိုနှင့် ခဏခဏလာလာကိုင်နေ၏။ ဘယ်သူ့လက်မှန်းမသိ.ဒီလက်ကိုလဲ လွှတ်လိုက်လို့မရ ဒါမှမကိုင်ထားရင် စကောထဲ ဇီးဖြူသည့်လိမ့်သည့်အလား။ဒါနှင့်လူကြပ်နေသည့် ကြားထဲသူမတရားခံအရှာ ထွက်ရ၏။ တွေ့ပြီး ရှပ်အင်ကျီ အပြာရောင်ဝတ်ထားသော တစ်ယောက်။ လက်ကိုရသည့်နေရာလိုက်ပြီးရွှေ့ကြည့်၏။ သေချာအောင်.. ၄င်းလက်လဲ လိုက်လာပြန်၏။ ဒီတော့ ထွက်သည့် ဒေါသမနေနိုင်စွာနှင့်

(ခင်ထား) ဟဲ့ ဟိုအကောင် လက်ကိုင်ရတဲ့ အရသာက တော်တော်ကောင်းနေလို့လား။

(ထိုသူ) မတော်လို့ထိမိတာပဲဗျာ ခင်ဗျားတို့ကလဲ လွန်တယ် အသားပဲ့ပါသွားတာမှတ်လို့။

ပြောသည့်ပုံက။ကောက်ရိုက်ချင်စရာ။တောက် ငါလေ ထမင်းဗူးနှင့် ကောက်ထုလိုက်ရလို့ကတော့ ကွဲရင်ကွဲ..မကွဲရင်ဖူးမှာတော့သေချာသည်။

(ခင်ထား) ဒီမှာ ငါစကားများများမပြောချင်ဘူး အေးလက်တော့ပါချင်နေတယ်။ နင်လက်ကို နင်ဆင်ခြင်လိုက်. အနေအထားက နင်ဆက်ပြီးမိုက်ချင်သေးတယ်ဆိုရင်တော့ လုပ်ကြည့်လိုက်..

သကောင့်သားက နဲနဲတော့ အကြောမာ၏။နေမြဲ။ ဘယ်ရမလဲ ဒါမျိုး..ခင်ထားတို့က လာထားဆိုပြီး ထမင်းချိုင့်က စတီးချိုင့်ဆိုတော့ ပိုအရသာရှိ၏ ကားကလဲအရှိန်နှင့် ဘရိတ်အနင်း ခင်ထားတို့လက်ကလဲ ကွက်တိ။ထိုသူ၏ ဒူခေါင်းနှင့်နှစ်ဆင့် ထမင်းချိုင့် တွေ့ပေးလိုက်၏။ ထိုသူလဲ အားကနဲ့ပဲ။အရသာရှိလိုက်သည်ဖြစ်ချင်း။

(ခင်ထား) မတော်လို့ ဆောရီး..

သူမ၏ ခပ်ထေ့ထေ့ တစ်ကယ်လုပ်မည့်ပုံကြောင့် ထိုသူဆက်ပြီး မထိတထိမလုပ်ရဲတော့…ဒီတော့ အ၀င်အထွက်တွေကို ကြိတ်မှိတ် တောင့်ခံသက်ပြင်းတွေ ဟူးကနဲဟူးကနဲ့ ချရင်း..ရှေ့မှတ်တိုင်ဆင်းရမည်ဆိုတော့တစ်မှတ်တိုင် ကြိုထွက်. ကားစပါယ်ယာ၏ အသံကနားထဲစူးကနဲ။

(စပါယ်ယာ) ဒီမှာ ဟိုအစ်မကြီး အပေါက်ဝမှာ ပိတ်မရပ်နဲ့လေ ဆင်းကာနီးကြမှ ထွက်ပါဗျ။ ကျုပ်တို့က ဒီအပေါက်တစ်
ပေါက်ထဲနဲ့ လုပ်စားနေရတာ။ ခင်ဗျားတို့က..xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(ခင်ထား) ဟဲ့ ငါရှေ့တစ်မှတ်တိုင်ဆင်းမှာ။ ဆင်းလို့ကြာလဲနင်တို့ပဲ..တက်တက်ဆင်းဆင်းနဲ့ ခုကြိုထွက်လဲနင့်ကားလဲ ထွက်နေပါပြီ လူမှမတင်တော့တာ.ဘာလို့ လူကြားထဲငါ့လာအော်ဟစ်နေရတာလဲ။

(စပါယ်ယာ)ခင်ဗျားထွက်လာတော့ အပေါက်ပိတ်သွားတာပေါ့ လူတင်လို့ဘယ်ရတော့မလဲဗျxxxxxxxxxxxxxxxxxxxxx

စပါယ်ယာသည် စကားတို့မရပ်သေး ပြောတုန်း။ ကျွန်မလဲ ကားကလဲ မှတ်တိုင်မှာအရပ်ဆိုတော့ ကွယ်နေသည့် စပါယ်ယာအား တွန်းကာဖြင့် ကားအောက်သို့ ဆင်းလိုက်သည်။ ကားကလဲ အရှိန်မသေသေးဆိုတော့ စပါယ်ယာသည် ကားအောက်သို့ ဖင်ထိုင်ရက် ဘုတ်ခနဲပြုတ်ကျ၏။စပါယ်ယာလဲ အသားနာသွားပြီး ရှက်ရမ်းရမ်းတော့၏။
ဒီတော့ စပါယ်ယာက ဒေါသတကြီး.. ခင်ဗျားမိန်းကလေးဖြစ်နေလို့ဆိုပဲ

(ခင်ထား)မိန်းကလေးဖြစ်လဲရတယ်။ အေးနင်စပါယ်ယာ အေးအေးဆေးဆေး ဆက်လုပ်ချင်သေးတယ်ဆိုရင် နင်ထွက်သွားတော့ နင့်ထမင်းအိုး ငါတုတ်နဲ့ မထိုးချင်ဘူး။

ကျွန်မလဲ ဒေါသတို့က အထွဋ်အထိပ်သို့ ရောက်ပြီလေ။ကျွန်မ၏ သွေးအေးအေးပြန်ပြောလိုက်ပြီး စူးရဲသော မျက်ဝန်းတို့ကြောင့် စပါယ်ယာလဲ ကားပေါ်ပြန်တက်က ထွက်သွား၏။တော်သေးသည် ပြုတ်ကျတုန်းက ကားအရှိန်က နဲနေလို့သာဒီလိုမှ မဟုတ်ရင်.. သူမနေရင်းထိုင်ရင်း ပြသနာတက်အုန်းမည်။ဟူး ဒေါသ ဒေါသ..
သူမသက်ပြင်း ..ဟူးကနဲ့ တစ်ချက်ထပ်မှုတ်ထုတ်ရင်း မှတ်တိုင်မှ အိမ်ကိုလမ်းလျှောက်လာခဲ့လေသည်။

ဒီတော့မှ ကျွန်မလဲသတိထားမိ၏။နောက်သို့လိုက်လာသော ခြေသံ။ လှည့်ကြည့်လိုက်တော့ အလုပ်ကင်တင်းမှာ ကျွန်မကို ခိုးကြည့်နေကြတစ်ယောက်။ သေရော..သေရော.သွားပြီး။ခုနက ဒေါသတို့က ကြက်ပျောက်ငှက်ပျောက် အတွေးနဲ့တင် ရှိန်းကနဲ ဖိန်းကနဲ ရှက်နေတာလား.ကြောက်နေတာလား ဘာမှန်းမသိ။ကျွန်မလဲ စိတ်ဝင်စားသည်လေသူ့ကိုခုတော့ ဒွတ်ခ။
သူစကားပြောဖို့လိုက်လာတာဖြစ်မည်။ကျွန်မက ကားပေါ်မှာအတော်လေးပွဲကြမ်းသွား၏။ တောက်..သေတာ သေလိုက်ချင်တော့တာပဲ ခင်ထားရယ်။သူကတော့ စိုးရွံနေပုံရ၏။ခုမှတော့ ပေါက်တဲ့နဖူးမထူးပြီ။
ကိုယ်ကစလိုက်မှကောင်းမည်။မျက်မှန်းလဲ တမ်းမိပြီးသားဆိုတော့.. သူမနောက်သို့ပြန်လှည့်လိုက်ပြီး..

(ခင်ထား) ဒီမှာ.. ဒီမှာ

စကားမဆုံးသေး ထိုလူသည် ဖနောင့်နှင့်တင်ပါးတစ်သားထဲကျအောင်များ ပြေးသလားထင်ရသည်။
မြန်လိုက်သည်ဖြစ်ချင်း။လှည့်တောင်မကြည့် လစ်လေပြီ။ခပ်ဝေးဝေး..ဝေး နောက်ဆုံးအကြိမ် သက်ပြင်းကို ဟူး..ကနဲ မှုတ်ထုတ်
ရှေ့ကိုဆက်လျှောက်ရမည့် လမ်း ခေါင်းကိုမော့ ရင်ကိုကော့ ထီမထင်သည့်မျက်နှာနှင့် ..
အိမ်အပြန်လမ်း …


ပုံလေးကိုတော့ Internet ကပဲယူသုံးထားတာပါရှင်။