Saturday, 16 October 2010

အတွေးစိတ်

ရှမ်းပြည်နယ်တောင်ပိုင်း မြို့ငယ်လေးတစ်ခုမှာ
ငှက်ခလေးတွေရဲ့တွန်မြူးသံ
သူနားထောင်ခဲ့ဘူးတယ်။
အင်ဒိုနီးရှားရဲ့ ကျွန်းစုတွေပေါ်
ငှက်ပေါင်းစုံတို့ရဲ့ ကြွေးကြော်သံ
ဦးပုညရဲ့ပြဇာတ်မှာ ဖတ်ဘူးတယ်။
ခက်တာက ဦးပုညအဲဒီကျွန်းပေါ်မရောက်ဖူးပြန်ဘူး
အဲဒီတုံးက တီဟိတိကျွန်းပေါ်ရောက်နေတဲ့ ဂေါ်ဂင်က
ဦးပုညစီစာတစ်စောင်လှမ်းပို့လိုက်တယ်တဲ့။
ဒါပေမယ့် အဲဒီငှက်လေးတွေရဲ့အသံ
သူလွမ်းနေပြန်ရော။
ကမ္ဘာကြီးရဲ့ဒဏ်ရာတွေ တစ်နေ့ထက် တစ်နေ့
တိုးတိုးလာတာကို ကြေကွဲနေမိပြန်ရော။
ဖြစ်ပုံက ပုပ္ပားတောင်ကြောတစ်လျှောက်
ရေတိုက်စာလို့ မြေဆီလွှာပျက်သုဉ်းတာကို
သူမမြင်ရက်နိုင်ပြန်ဘူး။
အာတိတ်သမုဒ္ဒရာကြီးကို ငါးနိုင်ငံလက်ဝါးကြီးအုပ်
သယံဇာတတွေ ပျော်ပျော်ပါးပါကြီးစားလို့
ရေခဲပြင်ကြီး ဆုံးရှုံးသွားမှာကို သူတို့ဝမ်းမနည်းကြပေမယ့်
သူကတော့ ၀မ်းနည်းလို့မဆုံးဘူးတဲ့။
ဒါတွေနဲ့ဝေးရာ ဗြဟ္မာပြည်ကိုတောင်
စတေးရှောင်ရမလို သူ့ရင်တွေမွန်းကြပ်နေပြန်ရော။
သဘာဝတရားတွေက ကမ္ဘာကြီးကိုအလှဆင်
သူတို့ကမင်းမူ ခိုတစ်ကောင်လိုကျင့်သုံး
ဒီလောကကြီးမှာ သူတစ်ကောင်တည်းရှိသလို
ငြီးညူနေတတ်ပြန်ရော။
အသုံးချခွင့်မရှိရင်တောင် တန်ဖိုးထားတတ်တဲ့ ၀န်းကျင်ရှိရင်
လောကကို သူ တာဝန်ကျေပွန်ချင်ပြန်ရော။
ဘ၀ကိုတည်ထောင်ရင်း ပျော်တတ်ရင်
တည်ထောင်ချင်တဲ့စိတ်ကစပြီး ပျော်ရမှာပေါ့
ခုတော့............ သူကပဲ အလှမဆင်တတ်တာလား
ကမ္ဘာကြီးကဘဲ အိုဇုန်းလွှာပေါက်လို့လားမသိ
သူ့စိတ်ထဲမှာတော့ အတွေးတွေကဝေး၀ါးဆဲ......

Sunday, 10 October 2010

ဖတ်ခဲ့ဘူးသော အချစ်စာမျက်နှာများ (၁)




(ထွန်းလင်း) ဟိုမှာ ကိုမင်းကြည်တော့ ဘီလူးသိုင်းနင်းလာပြီဟေ့... ဒီနေ့သူ့ကောင်မလေး
ယမင်းကြည်နဲ့ သွားတွေ့မယ်လို့ပြောတာကွဘာလွဲလာပြန်ပြီလဲ မသိဘူးကွ။ အသာနေ မသိချင်ယောင်ဆောင်နေ...

ကိုဇော် စကားပြောလျှင်သူ့ကောင်မလေးအကြောင်း ခဏခဏကြားနေရသောကြောင့် နာမည်ရင်းပျောက်ပြီး သူငယ်ချင်းများက ကိုမင်းကြည်ဟုသာခေါ်နေကြလေသည်။ထွန်းလင်း၊စောကြီးနဲ့ ဝေဖြိုးတို့ ထိုင်နေရာလက်ဘက်ရည် ၀ိုင်းသို့ နီမြန်းသောမျက်နှာ.ခုနှစ်ခေါက်ချိုး ရှစ်ခေါက်ချိုးလမ်းလျှောက်လာပုံ ကလဲ နင်းလာသော မြေကြီးအား မညှာမတာ စောင့်ကာ စောင့်ကာနင်းရင်းဖြင့်လာ နေသော ကိုဇော် တစ်ယောက်။
ဝိုင်းအနီးသို့ရောက် လာပြီး ရေနွေးကြမ်းအိုးထဲမှ ရေနွေးများအားငှဲ့ပြီးသောက်နေပုံမှာလဲ အငမ်းမရ။ သူ့ခင်ဗျာရေ တော်တော်ပြတ်လပ်လာပုံရသည်။ ရေနွေးကြမ်းတစ်ခွက်သောက်ပြီးမှ နဲနဲနေသာထိုင်သာရှိသွားသလိုပုံနှင့်သောက်ပြီးသောရေနွေးကြမ်း ခွက်အား ခုန်ပေါ်သို့ခပ်ကြမ်းကြမ်းစောင့်ချလိုက်၏။ ပြီးသော မကျေနပ်သော မျက်နှာထားနှင့်..

(ကိုဇော်) မင်းကြည်ကွာ ဒီတစ်ခါလွဲတာ တော်တော်ဆိုးတယ်..တောက်..

ပြောလို့မှ မဆုံးသေး စကားစတာ မင်းကြည်ကစသည်။နာမည်ပျောက်တာတောင် နဲသေး။

(ထွန်းလင်း) ဘာလဲ ရုပ်ရှင်ရုံထဲမှာ အိမ်မြှောင်ထပ်ကျွေးပြန်ပြီလား။

စာကြွင်း။ ။
(၄င်း အိမ်မြှောင်ကျွေးဇာတ်လမ်းအား ဘလော့လာလည်သော
မောင်နှမများမှ စိတ်ဝင်စားတယ်ဆိုရင်ဖြင့်ကျွန်မ ပြောပြပါ့မယ့်။ခုတော့စာရှည်မှာဆိုလို့ ကျော်လိုက်တယ်...ဟီး..)

(ကိုဇော်) ဒီတစ်ခါ အဲလိုထပ်လုပ်ကြည့်ပါလား ငါဆိုတဲ့ကောင်က လှည့်တောင်ကြည့်မှာ မဟုတ်တော့ဘူး။

(ဝေဖြိုး) သြော် ..ဒီတစ်ခါကတော့ သည်းခံနိုင်တယ်ပေါ့ ဂလိုလား။ကောင်းပါတယ်ကွာ။
ဟားဟား မင်းနောက်နှစ် မင်းတို့ ရဲ့ ချစ်သက်တမ်း ၃ နှစ်ပြည့်ကြရင် မုန့်တီထပ်သောက်ပေါ့ကွာ။ဟားဟား...

စာကြွင်း။ ။
(ဒါလဲ ကြုံရင်ပြောပြမယ်နော် ခုတော့ဆက်လိုက်အုန်းမယ်...ကျလိ ..ကျလိ လုပ်တာ။)

(ကိုဇော်) ဟေ့ကောင် ဒေါသထွက်လာတယ်နော် မင်းပေါ်ပုံပစ်လိုက်ရမလား ပြော။

(စောကြီး) လွှတ်ထားလိုက်စမ်းပါကွာ..ဒီကောင် ယုဇန ပလာဇာရဲ့ အမြဲတမ်းထိုးထိုး ရပ်နေတဲ့ စက်လှေကားပေါ်က ကားကနဲကျအောင်။ဟိုတစ်ခါလွတ်သွားပေမယ့် ဒီတစ်ခါ ဒီကောင် လူဖြစ်ပါရှုံးမှာ..ဟားဟား

(ကိုဇော်) ဟေ့ကောင်တွေ ဟေ့ကောင်တွေ ငါနော်..ငါ..

ဟားဟား ...

ကိုဇော် တစ်ယောက် လက်သီးရွယ်ပြီး ပြုံးစိစိဖြစ်လာသောကြောင့် သူငယ်ချင်းတွေအားလုံး
ဝိုင်းရီကြသည်။ဟုတ်တော့လဲ ဟုတ်သည် သူ့ကောင်မလေး ယမင်းကြည်၏ လွဲချက်တွေမှာ ကိုမင်းကြည် တစ်ယောက် အလူးလူး အလဲလဲ နဲ့ ခါးစည်းခံနေရသည် မဟုတ်လား။

(ထွန်းလင်း) ကဲ ..ကိုမင်းကြည် ဆိုစမ်းပါအုန်း ဘာလွဲလာတုန်း။

(ကိုဇော်)ဟူး....ပြောကိုမပြောချင်တော့ပါဘူးကွာ။ ဒီနေ့တစ်နေ့လုံးအိုကေတယ်ကွ။အပြန် ကားဂိတ်ရောက်မှ ဖြစ်တာ။

(ဝေဖြိုး) ဆိုစမ်းပါအုန်း

(ကိုဇော်) ဒီလိုကွာ..မင်းကြည် အစားအသောက်ငမ်းတာ မင်းတို့သိတယ်ဟုတ်။

(ဝေဖြိုး)အေး သိတယ်လေ။ သူစားချင်တဲ့ အစားအသောက်များဆို ကားတစ်တန် ရေတစ်တန် သွားရရင်တောင် မရမက သွားစားတဲ့ အမျိုးဟာ။ သိပြီးသား လာကြော်ငြာမနေနဲ့။တစ်ခါတစ်ခါ မင်းတောင် ငတ်ငတ်လာတာ တွေ့သားပဲ။ လက်မြန်ချက်ကတော့ငါတို့တောင် လိုက်လို့မမှီဘူး။

(ကိုဇော်)ဟေ့ကောင်...
တော်ပြီး အဲလောက်ပြောတော်ရောပေါ့။ ဇာတ်လမ်းက အဲကစတာ။ညနေပိုင်း အိမ်ပြန်ချိန်ဆိုတော့ ကားမှတ်တိုင် ကလူကများတာကွာ။ဒါနဲ့ ငါတို့လဲ ကားစီးဖို့စောင့်နေတုန်း မင်းကြည်က ကားမှတ်တိုင်နောက်က ကြာဇံနဲ့ဝက်အူစုံနဲ့ သုပ်တဲ့ဆိုင်မှာစားမလို့တဲ့ကွာ။ငါကလဲဆိုင်နဲ့ဘာနဲ့ဆိုစားပါတယ်ကွာ။ ခုဟာက လမ်းဘေးဆိုင်ကလဲဖြစ်လူတွေကလဲများဆိုတော့ကွာငါကမစားဘူး ပြန်မယ်ပဲပြောပြီး ကားလာရင်တက်ရအောင် မှတ်တိုင်ရှေ့ နဲနဲထွက်ရပ်နေလိုက်တာ။ပထမတော့ သူငါ့ဘေးမှာပဲကွ။ဒါနဲ့ငါနဲ့သူဟိုပြောဒီပြောနဲ့ နောက်တော့ ငါလဲ ကားလာရင် ဒီလူအများကြီးကိုကျော်ပြီး မင်းကြည်နဲ့တက်ရမှာ အိမ်တောင်ရောက်ပမလားလို့ စိုးရိမ်တဲ့စိတ်ရယ်..သူက ကားကြပ်ရင်လဲ ဂျီးကများသေးတယ်လေ။ဒီတော့ ငါလဲ ကားပေါ်တက်ဖို့ပဲ စိတ်ကရောက်နေတာကွာ။ဒါနဲ့ ငါလဲကားလာတော့ မင်းကြည်လက်ကိုဆွဲပြီး ငါလဲ ကားပေါ်ပြေးတက်ရတာပေါ့ကွ။ ရန်ကုန်လိုင်းကားဆိုတာကလဲ တက်လဲတိုးတိုး ဆင်းလဲခက်ခက်ဆိုတာ မင်းတို့လဲသိတဲ့တိုင်း။

(စောကြီး) အေးပါ မင်းဟာက လိုရင်းကိုမရောက်ဘူး။လိုင်းကားစီးတာ လာပြီး စာဖွဲ့နေတယ်။

(ကိုဇော်) အေးပါကွ။ဖြစ်တာကအဲဒီလိုင်းကားပေါ်ရောက်မှ စတာလေ။အင်း ငါလဲကားပေါ်ရောက် နေရာ အပီအပြင်ယူပြီးရော ကားပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်ကွ ငါလဲ မြင်ဘူးပါတယ်ပေါ့ ဒီအင်ကျီနဲ့ ထမီနဲ့ .သေချာကြည့်မှဟေ့ အဲဒါငါ့ရည်းစား မင်းကြည်ကွ။ဟား အဲမှာ ငါခေါင်းကြီးသွားတာ ငါလက်ဆွဲပြီးတွဲတင်လာတာ ဘယ်သူလဲပေါ့။ပြီးတော့ အဲဒီသူက ရုန်းလဲမရုန်းဘူးလေ ..
လားလား.. အင်ကျီကတော့ အေ၇ာင်ဆင်တယ်ကွ..ဘာဖြစ်နေလဲသိလား မင်းတို့သိလား..

ဒါနဲ့ သူငယ်ချင်းသုံးယောက်လုံးလဲ သိချင်ဇောနဲ့ ပြိုင်တူမေး၏။

(အေး ...ဘာဖြစ်နေလဲ)

(ကိုဇော်) အေးဟေ့ မာမီ ဖြစ်နေတာ မာမီဖြစ်နေတာ.ဟာ ငါကွာ ရှက်လိုက်တာ မျက်နှာဘယ်နားထားရမလဲ မသိဘူး..ကားပေါ်က ပြေးဆင်းမယ်လုပ်တော့ ကားကလဲ ထွက်နေပြီ..အဲ မာမီ ကြီးက လဲ သား...မာမီကိုဆွဲတုန်းကတော့ ဆွဲလာပြီးတော့ ခုကြမှ ဘာလို့ပြေးတာလဲဆိုပြီးတော့ဟေ့ အပီလက်ကိုဆွဲထားတာ။

ဟား....ဟားဟား ဟားဟား................... သူငယ်ချင်းတွေ အားလုံး တစ်ဝါးဝါး တစ်ဟားဟား။..

(ထွန်းလင်း) ဟားဟား နေပါအုန်း မင်းရဲ့ ကောင်မလေး က မှတ်တိုင်မှာ ရပ်ပြီးဘာလုပ်နေလဲ ကိုယ့်ရည်းစားတစ်ယောက်လုံး ကားပေါ်တက်သွားတာ ကို မမြင်လိုက်ရအောင်။

(ကိုဇော်) ဘာလုပ်ရမှာလဲကွ နောက်ကိုလှည့်ပြီး အဲဒီ အသုပ်ဆိုင်ကို ငမ်းနေတာလေကွာ။ငါ့မှာကွာ အဲဒီမာမီကို ဘယ်လိုရှင်းပြရမလဲကို မသိဘူး။ ဟိုမာမီကြီးကလဲ အပြီကပ်တာကွ။မင်းကလဲ လွတ်ကိုမလွတ်တာ။ရှက်ကလဲ ရှက်။ထူပူနေတာပဲ။ ဒါနဲ့ ငါလဲရှေ့မှတ်တိုင်ပါတယ်ဆိုပြီး အတင်း မာမီကြီးကို လွတ်အောင်ရုန်း ပြီးတော့ ကားပေါ်ကနေ ဆင်းပြေးခဲ့ရတာဟေ့။

(စောကြီး) ဒါဆို မင်းကောင်မလေးကရော...

(ကိုဇော်) အဲဒီထိက ရှက်ပဲရှက်သေးတာ ဒေါသမထွက်သေးဘူး။ ဒါနဲ့ ငါလဲ နောက်ကို တစ်မှတ်တိုင်ပြန်လျှောက်ပြီး မင်းကြည် ကျန်ခဲ့တဲ့မှတ်တိုင်ကို ပြန်သွားရော..အဲကျေးဇူးရှင် ဘာလုပ်နေလဲ သိလား..

ဒီတစ်ခါလဲ သံပြိုင် သူငယ်ချင်း သုံးယောက် ခေါင်းလေးတွေ ရှေ့ကိုကိုင်းပြီး

(အေး ဘာလုပ်နေလဲ)

(ကိုဇော်) အဲဒီ အသုပ်ဆိုင်မှာ ၀င်တွယ်နေတယ်လေကွာ။

ဟားဟား..ဟားဟား..

(ထွန်းလင်း)ဟားဟား ဒါဆိုမင်းပါဝင်တွယ်ခဲ့တယ်ပေါ့။

(ကိုဇော်) ဘယ်ကလာကွာ။ မင်းကြည် ဘာလုပ်နေတာလဲဆိုတော့ သူ့ကိုထားခဲ့ပြီး စိတ်ဆိုးပြီး ကားပေါ်တက်သွား တယ်ထင်လို့တဲ့။ အဲဒါနဲ့ အသုပ်ဝင်ဆွဲပြီးမှ အိမ်ပြန်မလို့တဲ့လေကွာ။စိတ်ဆိုးမယ့်တူတူ မထူးဘူးဆိုပြီးတော့တဲ့။
မတွေ့ဘူးဖူး ရည်းစားက စိတ်ဆိုးပြီးထားသွားတယ် လို့ထင်တာတောင် စားချင်တဲ့ ဟာလေးတော့ ရအောင်ဝင်စားလိုက်သေးတယ်။ အဲမှာ ဒေါသပါထွက်လာတာ။

(ဝေဖြိုး) ဒါနဲ့ မင်းဘယ်လိုပေါက်ကွဲလိုက်လဲ မင်းကြည်ကို စိတ်ဆိုးဆိုးနဲ့ အပြတ်ပြောခဲ့တာပေါ့။ မင်းနဲ့ငါ ဇာတ်လမ်းဒီမှာတင် ပြတ်ပြီး နောက်တစ်ခါဆိုတာ မရှိတော့ဘူး။ခဏခဏ အရှက်ကွဲပြီး အကျိုးနဲလွန်းလို့ဆိုပြီးတော့လေ။

(ကိုဇော်) မင်းတို့ကလဲ အဲလောက်တော့ ငါက လုပ်မလားဟ။

(စောကြီး) မင်းခုနတုန်းကပုံက လူသတ်တော့မယ့်တိုင်းပဲလေ။

(ထွန်းလင်း) အေးလေ..ချက်ချင်းပဲ သတ်သေတော့မယ့်မျက်နှာမျိုးနဲ့။ အေးပါ ဆက်ပြော အဲလောက်တော့ လုပ်မလားဆိုတော့ မင်းဘယ်လောက်လုပ်ခဲ့လဲ။

အဲ ကိုမင်းကြည် ပြန်လာမယ့် စကားကို စောင့်ရင်း စောကြီး၊ထွန်းလင်းနဲ့ ဝေဖြိုးတို့က မသိမသာ ရရာလက်နက်တွေဆွဲကိုင်ထားကြပြီ။ ဘာလို့လဲ ဆိုတော့ ကိုမင်းကြည် ဘာဖြေလာမလဲ သူတို့သိပြီးသား..ဆွမ်းကြီးဝိုင်းလောင်းဖို့ အသင့်ပြင်ထားလိုက်သည်။ကိုမင်းကြည် ကတော့ သူ့ဖီလင်နဲ့ သူ။

(ကိုဇော်) မင်းတို့လဲ သိသားနဲ့ သူ့ကိုသွားဆူလို့မှ မရတာ။ဆူလိုက်လို့ စိတ်ကောက်ရင် ငါချော့ရတာ ပင်ပန်းတာမင်းတို့လဲ သိသားနဲ့။ ဒီတော့ သူ့ကိုနောက်တစ်ခါဒါမျိုးမဖြစ်စေနဲ့လို့ ချော့မော့ပြောပြီး အိမ်လိုက်ပို့လိုက်တာပေါ့ကွ။

ကိုမင်းကြည် စကားဆုံးသည်နှင့်
ထွန်းလင်းကလဲ ကုန်နေသော ရေနွေးကြမ်းခရားနှင့် ကိုမင်းကြည်၏ခေါင်းအား
ဒေါင်ကနဲ ဟဲ လိုက်သလို
ဝေဖြိုးကလဲ သူသောက်နေသော ရေနွေးကြမ်းခွက်နဲ့ အဆက်မပြတ် ဒေါက်.ဒေါက်.ဒေါက် ဟူ၍၄င်း.
စောကြီးကလဲ ကုန်နေသော ပလာတာပန်းကန်နှင့် ဂွက်ဂွက်ဟူပြီး ၄င်း ချီးကျူးထောပနာ ပြုလိုက်ကြလေတော့....သည်။


အလွမ်းတွေကြီးပဲရေးမိနေလို့ ဒီတစ်ခါ ကြည်နူးစရာလေးတစ်ခု ရေးဖြစ်သွားတယ်။
ဘလော့ လာလည်ကြသော မောင်နှမများ စိတ်ရွှင်လန်း ကျန်းမာ ချမ်းသာပါစေလို့ ဆန္ဒပြုရင်း....

Friday, 8 October 2010

အသံမဲ့ကျသောမျက်ရည်

အိမ်တံစက်မြိတ်ရဲ့ ကောင်းကင်ရှေ့မှာ
ဝါဆိုမိုးတို့ ရွာသွန်းချိန်
မိုးစက်မိုးပေါက်တို့ရဲ့ ကြုံးဝါသံ
ဆူညံလို့နေပေါ့....
လျက်တစ်ပျက် လင်းလက်လိုက်တဲ့
လျှပ်ပန်းရဲ့ အရိပ်အောက်မှာ
ဝိုးတ၀ါး ချစ်သူရဲ့ မျက်ဝန်းတစ်စုံ
သူပြုံးနေလား..ငိုနေလား....
မိုးရေလား..မျက်ရေလား
ငါမခွဲတတ်ဘူး...
ငါ့ ကိုယ်မှာဝတ်ထားတဲ့
အရောင်မဲ့ ည၀တ်အင်ကျီ
ဒဏ်ရာပေါင်းများစွာ
ချုပ်ရိုးတွေခြံရံလို့
နဂိုဟန် မူမပျက်အောင်
တဲတဲလေး ပွေ့ဖက်ထားတယ်
နလုံးသားရပ်ဝန်း ငိုရှိုက်သံ
မျော်လင့်ခြင်းကင်းမဲ့တဲ့
လင်းရောင်ခြည်
ကမ်းလှမ်းလိုက်တဲ့
လက်အစုံပေါ် ပစ်ချလိုက်တဲ့ကံကြမ္မာ
အဆိပ်ဆူးတွေ ပလူပျံပေါ့
ပူလောင်နေတဲ့ ရင်တွင်းဝေဒနာ
ဘယ်သူများသိနိုင်ပါ့မလဲ
ခုတော့.........
ချုပ်ရိုးတွေနဲ့ အင်ကျီမှာ
အနီရောင်သွေးတွေ
မျက်ရည်မိုးတွေနဲ့အတူ
စီဆင်းလို့နေပြီလေ.........

Wednesday, 6 October 2010

HEART HOLE



ဘ၀ရယ်....သနားကာ
ငါ့ ကို ငဲ့ညာတယ်ဆိုရင်ဖြင့်
ခပ်ဖြေးဖြေး မျှင်းပြီးတော့
ရင်ဒဏ်ရာ ဗလပွနဲ့
မသေမရှင် မျှော်လင့်ကာ
ဇောသွယ်သွယ်တွေနဲ့
ရှင်ကာလေ ထားမနေစမ်းပါနှင့်.....
တစ်ကယ်ဆို
တစ်ခါဆို ဖြိုသလောက်
ဇီဝပါ နှုတ်လိုက်စမ်းပါ
ငါ့..ရင်ကိုဖွင့် ခေါင်းကိုမော့ပြီး
မမှိတ်စတမ်း ဒီအမြင်တွေနဲ့
ငါ..ရဲကာ ၀ံ့လိုက်စမ်းခြင်ပါဘိ....
ဝံ့ကာလေ ဘယ်လိုပင်
ငါရဲသော်လည်း အကြံပိုင်တဲ့
ဒီဘ၀ ကျောဘက်က
လှည့်ကာ ချဲတယ်
အငိုက်ဆို တစ်ခဏ
အင့်..ကနဲ
ငါ အသံထွက်သွားတယ်
ဒီရင်မှာ..
နှလုံးသား ဗလာကြီးနဲ့ပါလား............................................။

Friday, 1 October 2010

အသံမဲ့ကြိုး



နွေကိုချစ်တဲ့ ဥသြငယ်

ဆောင်းနှင်းကွယ်မိုးကာနေတာကြောင့်

သစ်တောတောင် ဘယ်လိုမှိုင်းပေမယ့်

သူ့ဌာနေ နွေမှာမြူးတာကြောင့်

ဆောင်းမပါ နွေမရှိခဲ့ရင်ကွယ်

မေရှိတဲ့ ရင်ခွင်စမ်းအိုင်မှာ

သစ်ခြောက်ပင် တဖက်ကိုင်းကို

ဖက်သိုင်းလို့ တူပျော်ချင်တယ် ။


ရေမှာဖွားတဲ့ ရွှေငါးငယ်

ရွေပင်လယ် အနက်ရှိုင်းပေမယ့်

ငွေစင်ကြယ် ငယ်ဖော်မဲ့ရင်တော့

လှိုင်းခွပ်တာ ကဗျာလွတ်ရယ်လို့

အိပ်မက်တွေ အရောင်ပျောက်ခဲ့တယ်

အို..ပင်လယ် ဖေါ်မပြုနိုင်ဘူး

သူ ထူးတာဘဲ ကြားချင်တယ်။


အိုဘယ့်...ငါ့နှယ်..

မျက်ကြည်လွှာ အဆာပါးလေးမှာ

တိုက်နံရံ အကာများပေမယ့်

သူ့မျက်ချယ် ရွှေအိုရောင်ကိုတော့

ဘယ်ဖုန်း မကွယ်

တွယ်မှိတဲ့ ဒီကြိုးငယ်တန်း

အတွေးတိတ်ပြီး တမှေးအိပ်တာတောင်

သူ့ကိုယ်ရောင် ၀ိညာဉ်အနမ်းတွေနဲ့

ဆံနွယ်တွေ လာရာလမ်းသွယ်ကို

အခန်းငယ် လေပြူတင်းမှာ

မှန်းမျှော်မိယောင်

မြို့ရွှေပြည် စည်သံခြိမ့်ရင်တော့

စို့နေမည့် ချွေးနှင်းစက်တွေကို

ပြေးဖက်ကြို ကဗျာပေါင်းကြမယ်

စောင့်နှင့်ပေတော့ ။