Wednesday, 15 April 2015

ချစ်စရာ့ ပုံရိပ်





ခုတစ်လော ချစ်စရာကောင်းသော အတိတ်တစ်ခုကို ပြန်ပြီး အမှတ်ရနေမိသည်။ ကျွန်မအသက် ၁၅ နှစ်အရွယ်ခန့်ကဖြစ် လိမ့် မည်ထင်သည်။ တွေးမိတိုင်းလည်း ပြုံးမိသည်။ ကျွန်မငယ်ငယ်က ပန်းနုရောင်ဖျော့ဖျော့ အသားလေးကအိအိ အရှည်သည် အရမ်းကြီးလည်း မရှည် ဒူးလယ်ကျော်ကျော်လောက်နှင့် အထူးသဖြင့် စကတ်လေး၏ ခါးပတ်လေးကို ပိုပြီး နှစ်သက်မိ သည်။ ခပ်ပြားပြားကိုယ်လုံးနှင့် သေးသွယ်သောခါးသည် ထိုစကပ်လေးဝတ်လိုက်သည့်အခါ ပုံပြင်ထဲမှ စင်ဒရဲလား မင်းသမီးလေးနှယ် ကိုယ့်ကိုယ်ကို ထင်မိတတ်သည်။ (စာကြွင်း -  ငယ်ငယ်ထဲက ဇ ကလေးနှင့် ရူးမိသည်)။ အဘယ်ကြောင့်ဆိုသော် ထိုစကတ် လေး မပိုင်ဆိုင်ခင်အထိ အမေ ၀ယ်ပေးသော စကတ်များသည် မာခေါက်ခေါက်နှင့် ခပ်ကားကား ပုံမကျ ပန်းမကျများ ဖြစ်နေတတ်သောကြောင့် ဖြစ်သည်။ အရောင်သည် စပ်ဖြဲဖြဲ (ခရမ်းရင့်ရောင် ပန်းနုရောင်ရင့်ရင့် အစိမ်းပုတ်ရောင်) ထို ကဲ့သို့ အရောင်များဖြစ်သည့် အပြင် အားလုံးသည် ဗြောင်ကြီးနှင့် မည်သည့်အပွင့်မှမပါ ထို့အပြင် အချိုးမပြေစွာ  တွန့်ထားသော အတွန့်ကြီးများသည် ထင်းထင်းကြီးဖြစ်နေတတ်ပြီး ခပ်ကားကားကြီးဖြစ်နေတတ်သည်။

          ဒီကြားထဲ စကတ်၏ခါးပတ်သည် လက် ၅ လုံးမျှကြီးကာ ၀မ်းဗိုက်တွင် စည်းထားသလိုကြီး ဖြစ်နေပေ ရာ ချပ်ချပ်ရပ်ရပ်မရှိ ထိုစကတ်များဝတ်လျှင် ကျွန်မစိတ်ထဲ ကောက်ညှင်းထုပ်ကြီးနှင့် တူသည်ဟု ထင်မိသည်။ ထို့ ကြောင့် ပူဖောင်းနေသော ဗိုက်အား ဖုံးအုပ်ရန်အလို့ငှာ. အင်ကျီခပ်ပွပွ ခပ်ရှည်ရှည်ကြီးများနှင့် ၀တ်မိလေရာ ကျွန်မ၏ ပုံသည် တုံးယုံမျှမက လုံးလျှက်သာနေတော့သည်။ မြင်ကြည့်တော်မူကြပါကုန် တစ်ဖြောင့်တည်း အင်ကျီခပ်ပွပွကြီး တို့အား အောက်ဘက်အရမ်းကားနေသည့် စကတ်နှင့်ဝတ်သည်။ ပြီးစကတ်၏ အသားသည် မာခေါက်ခေါက် ခပ် တောင့်တောင့်ကြီး အရောင်တို့သည် စပ်ဖြဲဖြဲ။ ကျွန်မက အသားဖြူသဖြင့် မည်သည့်အရောင်မဆို လိုက်သည် ထို့ကြောင့် အရောင်လွင်လွင်လေးများသာ ၀ယ်ဆင်ပေးတတ်သော ကျွန်မ၏ အမေဖြစ်သည်။

          ထိုကဲ့သို့ ပုံမကျပန်းမကျ စကတ်များထဲတွင် တစ်ထည်တည်းသော ထိုစကတ်လေးသည် အရောင်က လည်းကိုယ့်အကြိုက် ၀တ်လိုက်လျှင်လည်း စကတ်အသားအိအိလေးက လေထဲ တစ်လွင့်လွင့် လမ်းလျှောက်နေရင်း လက်လွဲမိသည့်အခါ ထိုစကတ်လေးနှင့်လက် ပွတ်တိုက်မိသည့် ခံစားချက်ကလေးကိုပင် ကျွန်မ အလွန်နှစ်သက်မိလေ သည်။ အရွယ်ကလည်း မြီးကောင်ပေါက်အရွယ်မို့ လှချင်ပချင်။ ထိုစကတ်လေးကို ဒေါက်မြင့်ဖိနပ်ကလေးများနှင့် တွဲ ၀တ်မိသည့်အခါ ကျွန်မသည် ငါအရမ်းလှတာပဲဟု ကိုယ့်စိတ်ဝယ် ဘ၀င်ကိုင်မိခဲ့သည်။ အမှန်မူကား မျက်နှာ ခပ်ဝိုင်းဝိုင်းပြည့်ပြည့်နှင့် အရှေ့ဆံမြိတ်ချကာ ဆံပင်ကုပ်ဝဲ ညှပ်ထားသော ကျွန်မသည် မည်သည့်နည်းနှင့်မျှ လှပရန် မဖြစ်နိုင်လောက်ပေ။ လည်ပင်းကလည်း ခပ်တိုတိုမို့ လည်ကုပ်သည် တိုနေသည့်သဖွယ်ပင် ထင်ရလေသည်။ သို့သော် ငယ်စဉ်ကဖြင့် ဒါသည်ပင် လှသည်။
          ကျွန်မသည် ထိုစကတ်လေးကို အပြင်သွားတိုင်း ထုတ်ဝတ်လေ့မရှိ။ အရောင်နုလွန်းသဖြင့် အစွန်းအထင်းလွယ်လှသည်။  လှလှပပ ခပ်ကြော့ကြော့ သွားရမည့် နေရာတွင်သာ ထိုစကတ်လေးကို ထုတ်ဝတ်လေ့ ရှိသည်။  တစ်နေ့ မင်္ဂလာဆောင်သွားရမည်ဟုဆိုလာသောအခါ ထိုစကတ်လေးကို ထုတ်ဝတ်ခဲ့မိသည်။ ရွယ်တူ ၀မ်းကွဲအစ်မလဲ ပါမည် အပြန်ကျလျှင် အဒေါ်ကရွှေတိဂုံဘုရားလိုက်ပို့ပေးမည်ဟု ဆိုသည်။ မနက်ထဲက ၀ီရိယ ကောင်းစွာ ရေမိုးချိုးအလှပြင် ထိုစကတ်လေးဝတ် ဒေါက်မြင့်ဖိနပ်ထုတ်စီးရင်း မှန်ရှေ့ တွင် တစ်ဒေါက်ဒေါက်လမ်း လျှောက်လေသောအခါ အမေသည် မျက်စောင်းလှမ်းချိတ်လေ၏။
         
          လမ်းထွက်လာသည့်အခါမှပင် အဒေါ်က သူ့အလုပ်သို့အရင်သွားမည် ပြီးမှရုံးကလူတွေနှင့် မင်္ဂလာဆောင် သွားမည်ဟူသည့် အစီအစဉ်ကို သိရသည်။ သို့နှင့် အဒေါ်၏အလုပ်သို့ ကျွန်မတို့နှစ်ယောက် ပါသွားခဲ့သည်။ ရုံးသို့ရောက်သောအခါ ကျွန်မတို့ညီမအစ်မနှစ်ယောက်ကို ဧည့်နားနေခန်းတွင် အအေးဗူးများနှင့်ထားကာ အဒေါ်သည် သူ့ရုံးခန်းရှိရာ အပေါ်ထပ်သို့တက်သွားလေသည်။ အခန်းထဲတွင် ကျွန်မတို့ညီအစ်မနှစ်ယောက်သာ ကျန်ခဲ့သည်။ တစ်ခဏမျှ ထိုင်နေမိသေးသည်။ ပြင်ထားဆင်ထားပြီး လိုရာမရောက်သေးသည့် အတွက် စောင့်ရသည်မှာ ကြာသည်ဟု ထင်မိသည်။ ဧည့်ခန်းမှ အပြင်သို့ထွက်ကြည့်မိသော်. အဆင်းလှေကားကိုတွေ့ရသည်။ ကျွန်မတို့ညီအစ်မနှစ်ယောက် စိတ်အ၀င်စားဆုံးမှာ အဆင်းလှေကားအောက်ဘက်တည့်တည့်ရှိ ကိုယ်လုံးပေါ်မှန်ချပ် အကြီးကြီးဖြစ်သည်။

          လှေကားပေါ်မှ ဒေါက်မြင့်ဖိနပ် တစ်ဒေါက်ဒေါက်နှင့် ဆင်းလေသော်. မှန်ကြီးထဲ ကြွကြွရွရွ လမ်းလျှောက်ဟန် ပေါ်နေသည့် ပုံရိပ်သည် စိတ်ထဲတွင် အတော်လှပကျော့ရှင်းနေပေသည်။ ထို့ကြောင့် အထက်ကဆိုခဲ့ သည့်အတိုင်း စင်ဒရဲလားအငုံ့စိတ်သည် ထွက်ပေါ်လာခဲ့သည်။ ခြေတစ်လှမ်းအဆင်း စက်ကတ်အသား အိအိလေးကို ခပ်ရွရွကိုင် ဆင်းရင်း စကတ်လေးတစ်ချက် ကားကနဲ ဖြစ်သွားသည်ကိုပင် ညီအစ်မနှစ်ယောက် နှစ်ခြိုက်စွာရယ်မောမိကြသည်။ ကျွန်မတို့ညီအစ်မနှစ်ယောက်သည် ဧည့်ခန်းကို၎င်း စောင့်နေခြင်းအမှုကို၎င်း မေ့လျောသွားခဲ့လေတော့သည်။ ပြီး စိတ်နောက်ကိုယ်ပါဆိုသလိုပင် ကဲလာပြီ စင်ဒရဲလား စကတ်ကိုင်ပြီး လှေကားက ဆင်းလာသည့်အခန်း။ မျက်နှာ အမူအရာကလည်း ပါသေးသည်။        ခပ်မော့မော့ အရေးထဲ လှေကားအောက်ထစ်ကျမှ ဒေါက်ကချောသလိုဖြစ်လေရာ ဟန်ချက်ပျက်သွားသော ကျွန်မအား အစ်မလုပ်သူက လက်ညှိုးထိုးကား တစ်ဟားဟား ရီ၏။

          ကျွန်မပြီးသွားတော့ အစ်မကလည်း မခေစွာ သူလဲ စင်ဒရဲလား စကတ်ကိုင်ဆင်းလေ၏။ သူ့အလှည့်ကျမှ ပိုဆိုးခြေချောကာ အရှိန်လွန်သွားသောနဖူးသည် ရှေ့ကမှန်နှင့် ပြေးဆောင့်၏ ဒိန်းကနဲ။ ညီအစ်မနှစ်ယောက် ရီသံ သည် တစ်ဝါးဝါး တစ်ဟားဟား။ အစ်မသည် အရှက်ပြေ ခြေထောက်က ခြေဆီတွေထွက်နေလို့ပါနော်ဟု ဆို၏။ အရှိန်က ပိုတတ်လာပြီ။ ခပ်ကျော့ကျော့ လှေကားပေါ်ပြန်တက်သွားရင်း လှေကားအလယ်လောက်တွင် မတ်တပ် ရပ် နောက်ပြန်လှည့်ကာ ကပွဲအလယ်ဟောခန်းကြီးထဲက မင်းသားလေးကို ရှာခန်း။ မျက်နှာအမူအရာနှင့် မျက်လုံးသည် တစ်ခုခုကိုရှာဖွေဟန်ပြု၏။ ထို့နောက် မင်းသားလေးကို တွေ့ဟန်နှင့် စကတ်လေးမ အသော့ကလေး အောက်ပြေး ဆင်းလာဟန် စကတ်လေးမ ခါပြီးပြေးဆင်း၏။ အစ်မကလည်း အားကျမခံ သူကလည်း ဘုရားသွားလျှင် ၀တ်ပြုဖို့ ယူလာသည့် ပုဝါခပ်အိအိလေးအား ခေါင်းတွင်ချည်ကာ မင်းသားလေးကို ရှာပြပြန်လေသည်။  အောက်ရောက်လျှင် ညီအစ်မနှစ်ယောက် လက်ဝါးပြိုင်တူရိုက်ကာ ရူးချက်ဟုဆိုကာ ရီကြပြန်လေသည်။
         
          ကဲလာလေ့ နောက်တစ်ခန်း. ဖိနပ်ချွတ်ပြီး ပြေးသည့်အခန်း။ အဟမ်း .. အခန်းကျယ် မြေပြန့်မရှိသည်မို့ ရှိ သည့်လှေကားပေါ်သာ ပြန်တက်၏။ ပြုံးပျော်နေရင်း တစ်ခုခုကိုစိုးထိတ်သွားဟန် လှေကားတစ်ထစ်ဆင်း၏ ပြီး ထိန့် လန့်သွားသည့် အမူအရာဖြင့် ဖိနပ်တစ်ဖက်ကိုချွတ်ခါ ထော့နင်းထော့နင်း စကတ်မပြီး အောက်သို့ဆင်းပြန်လေ ၏။ မှန်ချပ်ကြီးကို ပြန်ပြန်ကြည့်ပြီး မျက်နှာအမူအရာကလည်း လုပ်နေရသေးသည်မဟုတ်ပါလား။ ကျွန်မပြီးသွားတော့ အစ်မအလှည့် သူလဲကျွန်မလိုပင် ဖိနပ်ချွတ်သည် အောက်ကိုထော့နဲထော့နဲ့ ဆင်းသည်။ ခြေဆီတို့ဖြင့် ချော်နေသာ ခြေထောက်သည် အရှိန်လွန်ကာ ဟိုက်ကနဲ မှန်ကြီးကို ပြေးဝင်ဆောင့်၏။ အရှိန်နည်းနည်းပြင်းသဖြင့် မှန်ကွဲမှာစိုးရိမ် ကာ ထိတ်ထိတ်ပြာပြာ ကျွန်မက ၀င်ထိန်း၏။ ကျွန်မ အစ်မကို မမိလိုက်ပါ။ မှန်ဘေးနားရှိ ဘုကလေးကို နိပ်မိလိုက် သည်။ မှန်ကြီးသည် တံခါးသဖွယ် ပွင့်သွားလျှက် အစ်မသည် ထိုအခန်းထဲ ပုံကနဲ လှဲကျ၏။ ကျွန်မသည် မျက်လုံးအပြူးသား နှင့်လဲနေသော အစ်မကိုသွားဆွဲထူရင်း မှန်ကြီးကို ကြည့်လိုက်သောအခါ အမယ်လေး ဘုရားဘုရား  အပြင်ကိုအတိုင်းသားမြင်နေရပါလား။

          မယုံနိုင်သည့်သဖွယ် အစ်မကိုပြန်ဆွဲမထူပဲ အပြင်သို့နောက် တစ်ခေါက် သွားထွက်ကြည့်မိသေးသည်။ ဟုတ်ပါ တယ် ကိုယ်လုံးပေါ်မှန်ချပ်ကြီးပါ။ အထဲပြန်ဝင်ကြည့် အပြင်ကလှေကားကို ကောင်းစွာ မြင်ရလေသည်။ ပထမဆုံးသော နှစ်ဖက်မြင် မှန်ချပ်ကိုတွေ့ဖူးမိချင်းဖြစ်သည်။ အူကြောင်ကြောင်နှင့် နှစ်ခါလောက်ကြည့်ပြီးမှ အစ်မကို သွားဆွဲထူလေ သည်။ အစ်မ၏ လက်များသည် အေးစက်နေ၏။ ပြီး တုန်တုန်ချိချိဖြစ်နေ၏။ စိတ်ထဲမှဒီလောက်လေး ချောလဲတာကိုး သူက နုနေသေးသည်ဟု တွေးမိသေးသည်။ အစ်မ မတ်တပ်ရပ်သည့်အချိန်တွင် တစ်ခစ်ခစ်ကြိတ်ရီသံများ ၀ါးဟားဟား ဆိုသည့် အသံကျယ်ကြီးများထွက်လာ၏။ ဒီတော့မှ ရောင်ရမ်းကာ အခန်းတွင်းထဲ လှည့်ကြည့်မိသည်။

          အောင်မယ်လေး  အဒေါ်တို့ တစ်ရုံးလုံးသည် အစည်းအဝေး ထိုင်နေကြခြင်းဖြစ်သည်။ ကျွန်မတို့နှင့် မတိမ်းမယိမ်း ကောင်လေးတစ်ယောက်သည် တံခါးနှင့်အနီးဆုံးနေရာတွင်ရှိလျှက် မတ်တပ်ရပ်ပြီး ရုပ်ကြီးက စပ်ဖြဲဖြဲ ဒင်းသေချာပြီး ခုနက ကျွန်မတို့ရူးသမျှ လိုက်ကြည့်ခဲ့ပုံပေါ်သည်။ ဘုရား ဘုရား ခုနက မှန်နားကပ်ခါ ၀က်ခြံပင်ညှစ်လိုက်သေးသည်။ ဘာတဲ့ စင်ဒရဲလား ငိုလို့ မျက်ရည်မကျသည်နှင့် တံတွေးလေးစွတ်ကာ မျက်လုံးမှ မျက်ရည်တုလုပ်ခဲ့ကြသေးသည်။ ဟင်.ဟင် ဒါတင်ပဲလား မကသေးပါဘူး မှန်နားကပ်ခါ “အချစ်ရယ်.. ကျွန်မတော့ အရမ်း လွမ်းနေပြီ သိလား” မာန်ပါပါ ပြောခဲ့ကြ သေး သည်။ မျက်လုံးကြီးပြူးကာ(အမှန်က ချစ်သူကိုတွေ့လို့ ၀မ်းသာသွားဟန်) “မောင်” ဟု မပွင့်တစ်ပွင့် မောင် လို့ပင်ခေါ်ခဲ့ကြသေးသည်။ ဖိနပ်လေးနှစ်ဖက်ကိုခြွတ် ပြိုင်တူကောက်ကိုင်ခါ ညီအစ်မနှစ်ယောက် လှေကားပေါ် အလုအ ယက် ပြေးတက်ခဲ့ကြသည်။ ဧည့်ခန်းတံခါးကို ဖွင့်ကြသည့်အခါ  တံခါးသည် ဆွဲဖွင့်သော်လည်း မပွင့်။ အထဲကနေ  ဖွင့်ပေးမှ ရသည့် တံခါးကို။ မသိလေ အားကုန်းသုံးပြီး ညီအစ်မနှစ်ယောက် ဆွဲဖွင့်ကြသည်။ အောက်ထပ် လှေကား ရင်းမှ သူများသည် ကျွန်မတို့နှစ်ဦးကို ကြည့်ကာ တစ်ဟားဟား ရယ်ကြပြန်သည်။

          ရှက်ကလည်းရှက် တံခါးကလည်းမပွင့် ပြေးစရာမြေကလည်း မရှိသည်မို့ ညီအစ်မနှစ်ယောက် မျက်နှာကြီးတွေ နီရဲလာကာ တစ်ဟီးဟီး နှင့် ပြိုင်တူငိုကြသည်။ မင်္ဂလာဆောင် မသွားတော့ ဘူး တံခါးအပေါက်ဝတွင် ဖင်ချထိုင်ကာ ပြန်မယ် ပြန်မယ်ဟု အော်ငိုကြသည်။ ဇာတ်ပေါင်းသော် ထို့နေ့က မင်္ဂလာဆောင်မသွားဖြစ်တော့ပေ။ အဒေါ်ရုံးကနေ ချက် ချင်း ပြန်လာကြသည်။ အဒေါ်ရုံးမှသူများသည် အဒေါ်အား မကြာခဏမေးသည်။ စင်ဒရဲလား ညီအစ်မနှစ်ယောက် ဘယ်တော့ ရုံးကိုခေါ်လာအုန်းမှာလဲဟု မေးကြသည်။ ကျွန်မသည်လည်း လူကြားသူကြားထဲသွားလျှင် ထိုစကတ် ပန်း ရောင်လေးကို ၀တ်ဖို့ရာ မ၀ံ့မရဲ။ တော်ကြာ အဒေါ်၏ ရုံးမှ လူများသည် ဒီစကတ်လေးကြောင့် ကျွန်မကိုမှတ်မိသွား လျှင် မခက်ပါလား။ ထို့အပြင် စကတ်လေးသည် အရောင်တစ်ချို့ စွန်းထင်သွားခဲ့သည်။ တံခါးအပေါက်ဝတွင် ထိုင်ချ လိုက်မိသော အချိန်ကဖြစ်လိမ့်မည်။ အိမ်က အမေကတော့ ပြောသည် ခုမှပဲ မျက်စိနောက်သက်သာသွားတော့သည် တဲ့။ နို့မို့ အဲဒီစကတ်ကြီး ဘတ်လက် ဘတ်လက်ကို သူပဲ ကြိုက်တတ်တယ်တဲ့လေ။ 

--
မြန်မာနှစ်သစ်ကူးသင်္ကြန်ချိန်ခါတွင် ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကဖြင့် google ကနေ ရှာဖွေပြီး ယူသုံးထားတာပါရှင့်။  
 ဆွေလေး ခရီးထွက်မှာမို့  ၁ လကျော်ကျော်လောက် ပျောက်နေပါမည်လို့ အကြောင်းကြားထားပါရစေရှင့်။ 

Sunday, 8 March 2015

ဤခရီးနီးသလား



       



    ဤခရီးနီးသလားဟု ကျွန်မကိုမေးလာခဲ့လျှင် ဝေးပါသည် ကျွန်မအတွက် ဝေးလွန်းနေပါသည်ဟုသာ ကျွန်မ ၏ ကိုယ်ပိုင်ဘ၀နှင့် နှိုင်းယှဉ်ရင်းဖြေမိမည်ဖြစ်သည်။ ကျွန်မ၏ နာမည်ကို လူတိုင်းက အလွယ်ခေါ်ကြသည်မှာ အညို ဟု ခေါ်သည်။ အညို တွင် အညိုအပါအ၀င် မွေးချင်းမောင်နှမ သုံးယောက်ရှိသည်။ အညိုသည် သမီးအကြီးဆုံးဖြစ်သည်။ အညို တို့မိသားစု သည် သာမန်လက်လုပ်လက်စား မိသားစုသာဖြစ်သည်။ ဆင်းရဲတွင်းနက်သည်။ အညိုတို့သည် ရပ်ကွက်မှ ယာယီပေး ထားသော မြေနေရာတွင် သက်ကယ် ဓနိမိုး အိမ်ကလေးတစ်လုံး ကိုယ်ပိုင်ဆောက် ကာနေကြသည်။ အလကားတော့ မဟုတ် လစဉ်ရပ်ကွက်ရုံးသို့ အိမ်လခတော့ဖြင့်ပေးရသည်။ သို့ပေမယ့် တစ်ခြားအိမ်တို့ကို ငှားနေသည်နှင့်စာလျှင် အများကြီးသက်သာသဖြင့် ထိုကဲ့သို့ပေးနေရသည်ကိုပင် ကျေနပ်လှပြီ။ ကျေးဇူးကြီးလှပြီ. ဒါသည်အညိုတို့၏ မိသားစုဘ၀။

          သို့ပေမယ့် ကျီးလန့်စာစားဆိုသလိုပင် ဘယ်အချိန်များ ဒီနေရာကနေ ဖယ်ခိုင်းမလဲ ဆိုသည်ကို အစဉ်အမြဲ ပူပန်ကြောင့်ကြနေရတတ်သည်။ သည်နေရာကနေ ဘယ်ပြောင်းရမှန်းလဲမသိ။ ဒီကြားထဲ အိမ်ငှားလျှင် အရင်လိုစပေါ် တင် လစဉ်ပေးမဟုတ် ၆ လ အပြတ် တစ်နှစ်စာ အပြတ် ပိုက်ဆံပုံပေးပြီး ငှားရသဖြင့် လက်လုပ်လက်စား အညို တို့ မိသားစုအတွက်တော့ တာဝန်ကြီးလှသည်။ သူများတွေ ကြေးအိုးတစ်ပွဲ ငွေ ၅ ထောင်ပေးကာစားသောက်နေနိုင်သော ခောတ် တွင် အညိုတို့မိသားစုအတွက် ငွေ ၅ ထောင်ဆိုသည့် ပမာဏမှာ များပြားလွန်းနေသေးသည်။ အညို ငယ်စဉ်
ကထဲက အိမ်မက်မက်လာခဲ့သည်မှာ ကိုယ်ပိုင်အိမ်လေးတစ်လုံး ရရှိဖို့ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အိမ်ပြောင်း ကာနီးလျှင် အမေသောကရောက်ရသည်။ ငိုကြွေးရသည်။ အဖေ့ မျက်နှာသူများအောက်ကျို့ ရသည်။ ကိုယ့်ကို ငွေ မချေးချင်လို့ ရှောင်နေမှန်းသိရက်နှင့်  ဒီတစ်လမ်းသာရှိလေတော့ ခေါင်းငုံ့ကာ ကိုယ်လိုချင်သမျှ ပိုက်ဆံကိုချေးရ သည်။ အတိုးသည် မတန်တဆပေးရသည်။ အိမ်တစ်ခါပြောင်းလျှင် အကြွေးသည်နှစ်ချီ၍ ပြန်ဆပ်ရသည်။

ခရီး၏ အစ..
          ပထမတစ်အိမ်ပြောင်းတုန်းကဆိုလျှင် အညို ကျောင်းမှထွက်လိုက်ရသည်။ ထိုနှစ်က အညိုသည် ၁၀တန်း ကျောင်းတက်နေစဲ ဖြစ်သည်။ အညို စိတ်ထဲတွင် ၁၀ တန်းအောင်လျှင် တက္ကသိုလ်တက်မည်။ ပညာတတ်ကြီး ဖြစ် လာလျှင် ပိုက်ဆံတွေရှာမည် ။ ပြီးလျှင် အမေတို့အတွက် အိမ်လေးတစ်လုံးဝယ်ပေးမည်။ သို့သော် ၁၀ တန်းနှစ်စမှာပင် အမေတို့အိမ်ပြောင်းရမယ် သမီး။ ငါ့သမီးကိုလည်း ကျူရှင်ကောင်းကောင်းလဲ မထားပေးနိုင်။ အောင်ချင်မှလဲ အောင်မှာ။ ဒီတော့ တစ်နှစ်လောက်အောက်လိုက်ပါသမီးရယ်လို့ အမေက သနားစဖွယ်ဆို လာပြန်တော့ အညိုမှာ ခေါင်းညိမ့်နာခံရုံကလွဲ ပြီး တစ်ခြားနည်းမရှိ။ ကျောင်းမတက်ရပေမယ့် အမေက တစ်နှစ်ပဲ အောက်လိုက်ပါ ဆိုလာသဖြင့် အညိုသူငယ်ချင်းများ ထံမှ စာအုပ်တွေငှားပြီး  စာကျက်ထားခဲ့သည်။ နောင်နှစ် စာမေးပွဲ ၀င်ဖြေလိုက်လျှင် အညို အောင်ကို အောင်ရမည်။

          အိမ်တွင်အားလပ်နေသော အညိုအတွက် ပိုက်ဆံရမည့်အလုပ်ကို ရှာလာရသည်။ စက်ရုံတစ်ခုတွင် လုပ်ရမည်ဖြစ် သည်။ အအေးခန်းထဲတွင် ငါးများရွေးရသောအလုပ်။ တစ်နေကုန် ပိုးသတ်ဆေးနံ့ တစ်ထောင်းထောင်းနှင့် အေးခဲနေ သောအခန်းထဲတွင် မတ်တပ်ရပ် ငါးရွေးရသောအလုပ်သည် မသက်သာလှပေ။ ညဘက်ပြန်လာလျှင် စာကလည်း  ကျက်ရသေးသည်။ အညို ပညာတတ်မိန်းမတစ်ယောက်ဖြစ်ချင်မိသည်။ သူများထက် တော်ချင်တတ်ချင်လျှင် သူများထက် ပိုအပင်ပန်းခံပြီး ပိုကြိုးစားရမည်ဟု အညိုမှတ်သားထားဖူးသည်။ သို့ပေမယ့် အညို တစ်ယောက် အလုပ် ထွက်လုပ်သဖြင့် တစ်နှစ်တိတိတွင် အိမ်ပြောင်းထားသော အကြွေးကျေခဲ့သည်။ အမေနှင့်အဖေ၏ မျက်နှာသည် ကြည်နူးနေခဲ့သည်။ အညိုလဲ ပျော်သည်။ ပြီးတော့ ပိုက်ဆံ၏ အသုံးဝင်ပုံကို အညို နည်းနည်းရိပ်မိသလိုရှိလာ သည်။ စာကျက်ပျက်လိုလျှင် ပျက်ပါစေတော့ အချိန်ပိုရှိလျှင် အညိုဆင်းသည်။ အချိန်ပိုလစာသည် အညို အတွက်အင်ကျီ ၀မ်းဆက် လှလှလေးများ ဖြစ်လာနိုင်သည် မဟုတ်ပါလား။

          ၁ နှစ်ခွဲကျော်ကျော်မျှ အလုပ်လုပ်ပြီးသောအခါ အညို လူရည်လည်လာခဲ့ပြီ။ ငါးရွေးသည့်အလုပ်ထက် ပိုပြီး အဆင်ပြေမည့် အလုပ်တစ်ခုကို အညို ရှာမိသည်။ ဒုတိယအလုပ်သည် အထည်ချုပ်စက်ရုံတွင်ဖြစ်သည်။ ပထမထိတွေ့ ခဲ့သည့် အသိုင်းအ၀န်းထက် လူပိုများသည်။ အမြင်ပိုကျယ်လာခဲ့သည်။ ထိုအချိန်တွင် အညိုသည် အချစ်ကို စတင် မြည်းစမ်းဘူးခဲ့ပြီဖြစ်သည်။ အိမ်တွင် အညို၏ ၁၀ တန်းမှတ်စုစာအုပ်ကလေးများ ဖတ်စာအုပ်များသည် ဖုန်အလူးလူး နှင့် ဒေါင့်ကပ်နေ ခဲ့ပြီဖြစ်သည်။  ဒုတိယအကြိမ်မြောက် အိမ်ထပ်ပြောင်းရပြန်သည်။ သြော် ပြေလည်သလိုလို ရှိလေမှ လို့ အညိုစိတ်ထဲ မချိတင်ကဲဖြစ်မိသေးသည်။ အေးလေဘယ်တတ်နိုင်မလဲ ပြောင်းဆိုတော့လဲ ပြောင်းရမှာပေါ့။ ခက်သည်က အညိုအလုပ်ထွက်လုပ်ပြီး လစာလေးပြေလည်လာစကထဲက အဖေသည် အလုပ်ကောင်းကောင်းမလုပ် တော့ပေ။ အကြောင်းပြချက်မှာ ပင်ပန်းပြီ အသက်ကြီးပြီ နားချင်လှသည်ဟု ဆိုသည်။ အမှန်က ၁ ကို ၁ ပေါင်းလျှင် ၂ ရမည် ဖြစ်သော်လည်း ယခုမှု ဒုံရင်းက ဒုံရင်း ၁ ယောက်ရှာသော ပိုက်ဆံအား တစ်မိသားစုလုံး ထိုင်စားနေသကဲ့ သို့ ရှိသည်။အဖေသည် ပုံမှန်ဝင်ငွေမရှိသော်လည်း  သုံးလတစ်ခါမျိုး လေးလတစ်ခါမျိုးဆိုလျှင်တော့ အဖေ့ဝင်ငွေရတတ် သည်။ အမေနှင့်အညို သည် အေးလေ မရတာထက်စာလျှင် ရနေလျှင်တော်သေးသည် ဟူသည့် အတွေးနှင့်ပင် အဖေ ပေးသမျှသော ပိုက်ဆံတို့အားလက်ခံရလေသည်။ ထိုအချိန်တွင် ပိုက်ဆံသည် ဘ၀တွင် အရေးကြီး ပစ္စည်း တစ်ခု ဖြစ်သည်ဆိုသည်ကို အညို သဘောပိုက်မိလာခဲ့သည်။ အညို၏ စာအုပ်လေးများမှ စာရွက်လေးများ တစ်ရွက်စီ တစ်ရွက်စီ ဆုတ်ဖြဲ ခံနေရပြီဖြစ်သည်။

ခရီး၏ အလယ်…
          အညိုတို့မောင်နှမထဲတွင် အညိုအောက်မှ ဒုတိယမြောက် ညီမသည် စာတော်သည်။ ညဏ်ထက်သည်။ ထို့ ကြောင့် အညိုမအောင်ခဲ့သည့် ၁၀ တန်းကို ညီမလေးအောင်စေရမည်ဟု အညို ဆုံးဖြတ်သည်။ ကျန်သော မောင် လေး တစ်ယောက်သည် စာလဲသေချာမသင်။ ဆေးလိပ်သောက် ရန်ဖြစ် ကျောင်းမှ ခဏခဏ တိုင်စာရောက်လာသဖြင့် ကျောင်းထုတ်လိုက်ရသည်။ ဒီတော့ ပညာရေးတွင်  ညီမလေးအတွက် အညိုကြိုးစားရမည်။ အမေကဖြင့် ဖြစ်ပါ့မလား သမီးရယ်ဟု ဆိုသည်။  အညို လိုမျိုး ညီမလေး လမ်းမပျောက်စေရ။ အညိုပခုံးမှ တာဝန်ထုပ်သည် ပိုပြီး ကြီးလာသည်။ အဖေ၏ ၀င်ငွေသည် ၃ လတစ်ကြိမ်တောင် မမှန်ချင်တော့ပေ။ ဒီကြားထဲ အညိုတို့ အထည်စက်ရုံတွေ ပိတ်သိမ်းသွား ကြသည်။ အညို အကြပ်ရိုက်လေပြီ။ ကံက ဆိုးလျှင် အုံနှင့်သင်းနှင့်ဆိုသကဲ့သို့  တတိယအကြိမ်မြောက် အိမ်ပြောင်း ရမည့် အကြောင်းက ပေါ်လာခဲ့သည်။ ဒီတစ်ခါ ပိုက်ဆံချေးရမည့်သူသည် အဖေ မဟုတ်တော့ပေ။ အညိုဖြစ်သည်။ အညို သူငယ်ချင်းတစ်ယောက် အလုပ်ပြောင်းသွားပြီး နောက်ပိုင်း အဆင်ပြေသည်ဟု ကြားရသည်။ ဟုတ်သည် ထိုသူငယ်ချင်းထံတွင် အကူအညီသွားတောင်းကြည့်မည်။ ရေနှစ်နေသူသည် ကောက်ရိုးတစ်မျှင်ကိုပင် ရလိုရငြား ဆွဲ မိမည်မှာ သေချာလှသည် မဟုတ်ပါလား။

          သူငယ်ချင်းသည် အညိုလိုချင်သည့် ငွေကြေးပမာဏကို  ကြည်ဖြူစွာ ကူညီရုံမက သူနှင့်အတူ အလုပ်လုပ်ရန် ပါ တိုက်တွန်းခဲ့သည်။  သူငယ်ချင်းမက ပြောသည်မှာ တစ်လမျှ အလုပ်လုပ်ရုံဖြင့် အကြွေးကျေသည်ဟူသတဲ့။ အညို ဦးဏှောက်တွင် သူငယ်ချင်းမစကားပြောသံများကို ကြားတစ်ချက် မကြားတစ်ချက် ။ အထိေ၇ာက်ဆုံးနှင့် အညို နားထဲကြားယောင်နေသည်မှာ တစ်လ၀င်ငွေသည် အညို အရင်အလုပ်လုပ်ခဲ့သည် လစာထက် များစွာ သာလွန်နေခြင်းပင်။ ဒါပေမယ့် အညို ယတိပြတ်ငြင်းဆန်ခဲ့သည်။ သူငယ်ချင်းမသည် အကူအညီလိုလျှင် ထပ်လာခဲ့ပါဟုဆိုကာ သူမကိုဆက်သွယ်ရမည့် ဖုန်းနံပါတ်ပင်ပေးလေသည်။ သူမဆိုသည်မှာ ဘ၀တူတွေမို့ ကိုယ်ချင်းစာပါသည်တဲ့။ ဟင့်အင်း အညို လူပင်ပန်းလျှင် ပင်ပန်းပါစေ။ စိတ်ပင်ပန်းစေ မည့် အလုပ်တော့ မလုပ်လိုပေ။

          သူငယ်ချင်းမထံမှ ပိုက်ဆံကိုယူခဲ့ပြီး အိမ်အပြန်သည် သာယာလှပနေခဲ့သည်။ ပြသနာတစ်ခု ဖြေရှင်းလို့ ပြီးပြီ။ အလုပ်အသစ်ရရေးသာ ကြိုးစားရပေတော့မည်။ ကြိုးစားလျှင် ဘာမဆိုဖြစ်ပါသည်လေ။ အိမ်ပေါ်သို့ လှမ်းတက် လိုက်သည်နှင့် အညို၏ နေ၀င်ချိန်ကို လှမ်းမြင်လိုက်ရသည်။ မောင်လေးကို ရဲများလက်ထိတ်ခတ်၍ ဖမ်းသွားခြင်းပင်။ ဘာဖြစ်လို့လဲဟု ဆိုသော် လူရိုက်မှု။ ဆေးဖိုးပေးလျှင် ကြေအေးပေးမည်ဟု ဆိုသည်။ ပြသနာ၏အစမှာ အဖေ့ ချဲကြွေးများ ကို လာတောင်းသော ချဲဒိုင်လုပ်သူ၏ ခေါင်းအား ရိုက်ခွဲလိုက်ခြင်းပင်ဖြစ်သည်။ ပြသနာ၏ အဆုံးတွင် အညို သူငယ်ချင်းမထံမှာ ချေးလာသော ပိုက်ဆံသည် မလုံလောက်သဖြင့် ဒုတိယမိ သွားထပ်ချေးရသည်။ အဖေ့ချဲကြွေး များ အကုန်ဆပ်ပေးလိုက်ရသလို ဆေးဖိုးလဲရောကြေး ပေးလိုက်ရသည်။ အိမ်ကလည်းပြောင်းရပေတော့မည်။ အမေက အညို ကို ကြည့်ကာ “အားနာလိုက်တာ သမီးရယ်” ဟုဆိုသည်။ အညို စိတ်ထဲက ပြန်ပြောမိသည်။ အမေ အားနာသင့်ပါတယ် အမေ သမီးကို အားနာသင့်ပါတယ်လို့ မနက်ဖြန်ဆိုလျှင် သူငယ်ချင်းမ၏ အကူအညီဖြင့် အညို အလုပ်စဆင်းရပေတော့ မည်။

          ထိုအချိန်တွင် အညို၏ ဒုတိယအရွယ်အချစ်သည် ပြတ်စဲသွားခဲ့သည်။ အကြောင်းပြချက်မှာ အညို၏ အလုပ်သစ်ကြောင့် ဖြစ်သည်။ အညိုလည်း ကျေနပ်မိပါသည်။ ကိုယ်ချစ်သောသူကို ကိုယ့်ကြောင့် မစွန်းထင်စေလို။ ချစ်သူကို ကျေကျေနပ်နပ် အပြုံးဖြင့် လမ်းခွဲလေးသော အခါ ချစ်သူသည် နောက်ဆုံးအကြိမ်အဖြင့် အညိုကို မေးခဲ့သေး သည်။ အညို တစ်ယောက်စာကိုဖြင့် သူဝမ်းဝအောင်ရှာဖွေကျွေးမွေးနိုင်ပါသည်တဲ့။ အညို ပြန်မေးခဲ့သည့်  နောက်ဆုံး မေးခွန်းကိုဖြင့် သူ ပြန်မဖြေခဲ့ပါ။ သူသည် အညိုကိုထားရစ်ခါ ကျောခိုင်းထွက်ခွာသွားခဲ့သည်။ အညိုမေးသည့် မေးခွန်းမှာ ရှင်းပါသည် တိုပါသည် ပြတ်ပါသည်။ “အညို မိသားစုကိုရော ” ဟူသည် မေးခွန်းတိုလေးမျှသာ အညို မေးခဲ့မိခြင်း ဖြစ် သည်။ အညိုတွင်ငယ်ဂုဏ်လေးရှိသလို ရွက်ကြမ်းရေကျိုထက် သာလွန်သည့် ရုပ်ရည်လေး ရှိလေရာ အညို အတွက် အလုပ်သည် ကောင်းသည်ဆိုခြင်းထက် သာလွန်နေသေးသည်။ သည်ပုံအတိုင်းဆိုလျှင် အညို မျှော်လင့်ခဲ့မိသော် ကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ဖြင့် နောင်နှစ်များမကြာမှီ ပိုင်ဆိုင်ရပေလိမ့်မည်။

          ညီမလေးသည်လည်း တက္ကသိုလ် ကျောင်းသူကြီးဖြစ်ခဲ့ပြီ။ အိမ်၏ တာဝန်များအားလုံးသည် အညိုပုခုံးတွင် နှစ်ဖက်လုံး ထမ်း ထားပြီးသားဖြစ်လေပြီ။ ယခုနေသော အိမ်လေးအား ရပ်ကွက်ရုံးသို့ ပြန်အပ်ခါ များမကြားမှီ ခပ်ယိုင်ယိုင် အိမ်အိုလေး တစ်လုံးအား အညိုတို့ ပိုင်ဆိုင်တော့မည်ဖြစ်သည်။ အညို အိမ်ဝယ်လိုက်နိုင်ပါသည်။ အိမ်သည် များစွာမကောင်းလှပါ ။ သို့ပေမယ့် ဓနိမိုးပျဉ်ကာ အိမ်ကလေး။ ဆွေးနေပေမယ့် နေလို့ရနေသေးသည်။ ဟောင်းနေပေမယ့် ပြိုမကျနိုင်သေး။ နွေအခါ အပူလုံသလို မိုးအခါ မိုးစိုမည့်အရေးတော့ ကာကွယ်လို့ ရနေသေးသည်။ သို့ပေမယ့် အညိုတို့မိသားစုအတွက်တော့ ရွှေဘုံရွှေနန်း တမျှ ခမ်းနားလှပလွန်းနေပြန်သည်။ အိုးပိုင် အိမ်ပိုင်ဟူသည့်ဘ၀ နေစရာမပူမပင်ရသည့် ဘ၀ အသက်၀၀ ရှုနိုင်သည့် အခွင့်အရေး ငါ ဘယ်အချိန် ဒီအိမ်ပေါ်ကဆင်းပေးရမလဲဟူသည့် ဝေဒနာ ပျောက်ကင်းသွားသည့် ခံစားချက် သူများတွေအတွက်တော့  ဘယ်လိုနေမည်မှန်းမသိသော်လည်း အညိုအတွက်တော့ ရင်ထဲမှ နှစ်ရှည်လများ တစ်ဆို့နေခဲ့သည် အလုံးကြီးတစ်ခု လျှော့ကျသွားသလိုပင်။ လေးလံလှသော ၀န်ထုပ်ဝန်ပိုးတစ်ခုကို နေရာအတည်တ ကျ ထားလိုက်နိုင်သကဲ့သို့ ကြည်နူးပီတိဖြစ်ရသည်။ အမေပြုံးသည် အဖေ၏ အပြုံးသည် ကျေနပ်သည့်အပြုံး။ ထိုအရာတို့နှင့်ပင် အညိုသည် ၁၀ တန်းမှ ဖတ်စာအုပ်ကလေးများကို ၄င်း သူများထက် ပိုကြိုးစားမှ ပိုပြီးတိုးတက်သည် ဟူ သည့် အဆိုအမိန့်တို့ကို ၄င်း အချစ်ကို ၄င်း လုံးလုံးလျားလျား မေ့လျှော့ နေခဲ့လေတော့ သည်။

ခရီး၏ …အဆုံး
          ညီမလေးသည် ဘွဲ့ရပညာတတ်ရုံမျှမက ကြင်ယာပါစုံသွားခဲ့သည်။ သို့သော် ဝေဒနာကြီးကြီးမားမား တစ်ခု တော့ဖြင့် ပေးခဲ့သေးသည်။ အမေ့သမီးအကြီးကို မင်္ဂလာပွဲ မလာပါစေနှင့်တဲ့။ သြော်…ပြောရက်နိုင်ပါပေ့ ဆိုသည့် အတွေးနှင့်ပင် ရင်နင့်နေခဲ့ရသည်။ အမေတို့ကို ထောက်ပံ့စေချင်လျှင် အမေ့သမီးအကြီးကို အမေတို့ အိမ်ရိပ်တောင် မနင်းစေပါနှင့်လို့ ဆိုခဲ့သေးပါသတဲ့။ ဘာဖြစ်လို့လဲဟု မေးသည့်အခါ အညို၏ အလုပ်ကို ရှက်လို့ပါတဲ့။ ဒီလိုမသန့် ရှင်းပဲ ရလာသည့် ငွေများနှင့် အညိုကို ရွံလို့တဲ့။ မောင်လေးကလည်း အညိုရှိလျှင် အိမ်တွင် မနေဘူးဟုဆိုသည်။ ရှက်လို့တဲ့။ သားယောက်ကျားလေး အပြင်မှာလေလွင့်နေလျှင် ပျက်စီးသွားနိုင်သည်။ သမီးမောင်လေးကို အိမ်ပြန် လာပါစေလို့ အမေက ဆိုလာသည့်အခါ အညိုသည် အိမ်ပေါ်က အလိုလို ဆင်းပေးရလေတော့သည်။ ယခုတော့ အညိုချစ်သော မိသားစုသည် အညို ကိုအလိုမရှိတော့ပါ။ အညိုသည် တစ်ဦးတည်း အထီးကျန်စွာ တိုက်ခန်းကျဉ်း ကျဉ်းလေး တစ်ခုထဲတွင်နေရသည်။ တော်သေးသည်က နောက်ဆုံးတစ်ခေါက်ဖမ်းမိခဲ့သည့် ငါးသည်ကြီးလွန်းသဖြင့် ယခုကဲ့သို့ တိုက်ခန်းကျဉ်းကျဉ်းလေးတစ်ခု ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ အိမ်ရိပ်တောင် မနင်းရဘူးဆိုသဖြင့် အညို အဝေးကနေသာ လှမ်းကြည့်ခွင့်ရရှိခဲ့သည်။ ဒုတိယ အရွယ်အချစ်နှင့်လည်း ကြုံကြိုက်သဖြင့် တစ်ခါဆုံခဲ့သေးသည်။ သူသည် သမီးလေးတစ်ယောက်ရနေပြီဖြစ်သည်။

          အညို ကိုဂရုဏာသက်စွာ ကြည့်ရင်း အညို ရယ် မိသားစုကို ဒီလောက်တောင် ချစ်ရသလားဟု ပြစ်တင် ဆို ညည်းသွားခဲ့သည်။ ကိုယ့်ကိုယ်ကို လည်းဂရုစိုက်လို့ဆိုသည်။  သူ့အမျိုးသမီးရောက်လာပြီ ပြန်ကြရအောင် ဆိုသဖြင့် အညိုနေသော အိမ်ကိုပင် ကားကြုံ လိုက်ပို့ခဲ့ကြသေးသည်။ အညို၏ ဒုတိယအချစ်သည် ယခုကားနှင့်အိုးပိုင် အိမ်ပိုင် နှင့်ဖြစ်သည်။ သူ့အမျိုးသမီးနေရာတွင် အညို ကိုယ့်ကိုယ်ကိုမြင်ကြည့်သည်။ အညို နှလုံးသားတွေ တစ်ဆစ်ဆစ် နာပြီး အောင့်လာရသည်။ လက်က ရင်ဘတ်နေရာကိုဖိရင်း ကျွတ်ကျွတ်ဟု ညည်းမိသည်အထိ နာကျင်ရသည်။ ဒုတိယ အချစ် သည် အညိုကို စိတ်မကောင်းစွာနှင့် ကားမှန်မှ တစ်ဆင့်ခိုးကြည့်သည်။ သူ့အမျိုးသမီးသည် ကျေနပ်ပုံမရ။ အညို နားလည်ပါးနပ်စွာဖြင့်  အိမ်မရောက်သေးခင် နည်းနည်းခပ်လှမ်းလှမ်းမှာပင် ဆင်းလိုက်သည်။ ဈေးဝယ်စရာခုမှ သတိရ လို့ဟု ဆိုကာ ရှောင်ထွက်လာခဲ့သည်။ လမ်းဘေးတွင် ဆင်းရပ်ရင်း သူတို့ကားလေး မျက်ဝန်းမှ ပျောက်သွားလေမှ အညိုသည် ၀မ်းနည်းပက်လက် ကလေးတစ်ယောက်ကဲ့သို့ ငိုကြွေးခဲ့မိသည်။ လမ်းသွားလမ်းလာတို့သည် အညိုကို ရူးနေသလားဟု ဆိုသည့်အကြည့်ဖြင့်ကြည့်သည်။ အညိုမရှက်နိုင်တော့ပါ။ ဒီထက်ပင် အညို အရှက်နည်းခဲ့ရသည်မှာ သူတို့မှ မသိကြလေပဲ။

          ထိုနေ့က အညို အိမ်ပြန်ရောက်တော့ အိမ်ပေါက်ဝတွင် မျက်နှာငယ်လေးနှင့် ထိုင်နေသော အမေ့ကို တွေ့ လိုက်ရသည်။ ယခုအချိန်တွင် အညိုသည် အမေ့ရင်ခွင်ထဲတိုးဝင်ကာ ငိုလိုက်ချင်သည်။ သို့သော် အိမ်တံခါးဖွင့်ပြီး အထဲရောက်လို့ ထိုင်သည့်အခါ အညို ပုခုံးကိုမှီကာ အမေ ငိုခဲ့သည်။တစ်ခုခု ဆိုသည်ကို အညိုသိလိုက်သည်။ အမေ့ကို နှစ်သိမ့်အားပေးစကားဆိုရင်း အကြောင်းကိုမေးသည့်အခါ အညို၏ အိမ်အိုလေးကို ပေါင်ထားကြောင်း အကြွေးနှင့်ဆုံးတော့မည်ဖြစ်ကြောင်း။ အမေပင် မသိခဲ့ကြောင်း ။ မောင်လေးနှင့် အဖေသည် အမေ မသိအောင် အိမ်ဂရံကို ယူပေါင်ထားခြင်းဖြစ်ကြောင်း။ ညီမလေးသည် စားဖို့သာ ထောက်ပံ့နိုင်မည် ဓါးခုတ်ရာ လက်ဝင်မလျှိုနိုင်ဟု အပြတ်ပြောလွှတ်လိုက်သည်ဟုဆိုသည်။ ညီမလေး၏ ယောက်ကျားသည် ယခုအခါ အမေတို့ကို ထောက်ပံ့ နေသည်ကို မကြည်ဖြူနိုင်တော့ပေ။ အညို ၏ ဗီဒိုထဲမှ အမေတို့အတွက် စုထားသည့် လစဉ်ထောက်ပံ့ငွေကို အမေ့ လက်ထဲ ထည့်ပေးလိုက်သည်။

 ခရီး၏ …
          အမေ့ မျက်နှာပြုံးပျော်သွားသည်။ ကျေးဇူးတင်ပါတယ် သမီးကြီးရယ်။ အမေကလေ ငါ့သမီးကြီးကို အမြဲ ကျေးဇူးတင်နေရတယ်ဟုဆိုသည်။ နောက်များ အမေကြုံရင်လေ ငါ့သမီးကြီးအတွက် ဟင်းလာချက်ပေးမယ် သိလား တဲ့။ ရပါတယ်အမေ အညိုအတွက် လျှောက်ခဲ့ရတဲ့ လမ်းကလည်းများခဲ့ပါပြီ။ ခရီးအကွာအဝေးကလည်း ဝေးလွန်းခဲ့ပါ ပြီ။ သာယာလှပသည့် မိသားစုဘ၀ အပူအပင်ကင်းသည့် မိသားစုဘ၀ သောကများကင်းစင်သည့် မိသားစု ဘ၀ မိသားစု လက်စုံထမင်းစားဝိုင်း ဆို သည်မှာ အညို နှင့် မအပ်စပ်သော အရာတွေပါအမေ။ အညို လေ ပန်းတိုင်ဆိုတာကို အိမ်မက်ထဲတောင် ထည့်ပြီး မမက်ကြည့်ချင်တော့ပါ ဘူး။ ခုချိန်မှာတော့ အညို ၁၀ တန်းတုန်းက စာအုပ်လေးတွေကို အရမ်းပဲ လွမ်းမိတယ် အမေ။ အမေသည် အညိုကို လက်ပြနှုတ်ဆက်ကာ အိမ်အိုလေးစီသို့  ပြန်သွားခဲ့ပြီဖြစ်သည်။ အညိုကဖြင့် မှောင်မည်းတိတ်ဆိတ်နေသော တိုက်ခန်းကျဉ်းလေးထဲတွင် မှီစရာရင်ခွင်မရှိ ပုခုံးမရှိ ရှိုက်၍ ရှိုက်၍ ငိုရင်း မောပန်း ပင်ပန်းလွန်း လှသဖြင့် တစ်ခဏမျှ အိပ်ပျော်သွားမိသည်။ သို့ပေမယ့် ခန္ဓာကိုယ်သည် ပင်ပန်းနွမ်းနယ်လွန်း လှသဖြင့် အိပ်ပျော်သွားသော်ငြား စိတ်သည်မအိပ် စိတ်တွင်းမှ အကြိမ်ကြိမ်ရွတ်ဆိုမိသည့် စကားသည် တစ်ခွန်းတည်း သာ။   အညို အတွက် တော့ ဤခရီး ဝေးလွန်း လှပါသည် ။ အညို အတွက် တော့ ဤခရီး ဝေးလွန်းသည်။ အညို အတွက် တော့ ဤခရီး မနီးခဲ့ပါလေ။ 



************
စာမရေးတာကြာလို့ ဘလော့မောင်နှမတွေများ ဆွေလေးကို မေ့နေပြီလား မသိပါဘူး။ ခုတော့ ခံစားလို့ ရသမျှ ၀ါသနာကို ပို့စ်လေးတစ်ခုအဖြစ်မွေးဖွားခဲ့ပြန်ပြီ။ ဒါပေမယ့် အားက ခပ်ငယ်ငယ်ရယ်။ စာဖတ်လာသူတွေ နည်းတယ်။ 
ချစ်စွာသော မောင်နှမများအားလုံး ကျန်းမာလို့ လန်းဖြာ ချမ်းသာကြပါစေရှင်.။ 
 သရုပ်ဖော်ပုံလေးကိုဖြင့် google ကနေရှာဖွေပြီး တင်ပေးလိုက်ရပါကြောင်း။

Tuesday, 3 February 2015

ဖေ့ဘွတ်နှင့်တစ်နေ့တာ




ဒီနေ့  … ကိုယ်လဲအေး သူ(customer)လဲအေး  မည်သည့် email မျှ မလာ။ လုပ်လိုက်စတွေ လည်း မရှိ။ အေးအေးဆေးဆေး အလုပ်တွင်နှပ်နေလိုက်ရုံသာရှိသည်။ အားနေတော့ လက်က Browser ပေါ်မှာ အလိုလိုရိုက်လိုက်မိပြီးသား www.facebook.com.  တစ်ကယ်တော့ စာရေးချင်နေတာ။ ဒါပေမယ့်  ဘာရေးလို့ ရေးရမှန်းမသိ။ ဘာခံစားချက်မျှ မရှိ။ အကြောင်းအရာလည်းမရှိ။ စာရေးဖို့လက်လျှော့ရင်း facebook ပေါ်ကူးလာမိခြင်းဖြစ်သည်။ 


စစချင်းတွေ့လိုက်ရသည်က ရုံးက အစ်မကြီး မနေ့က သူပြောတော့ နေမကောင်းလို့ ခွင့်ယူတာတဲ့ ခုကျ back date နှင့်တက်လာသည့် ဓာတ်ပုံတွေမနည်း။ ဒီမှာက ကျွန်းတွေဘက်ကို နေ့ချင်းပြန်ခရီး သွားလို့ရသည်။ သူ့ ကြည့်ရတာ ဒီမနက်မှ ကျွန်းဘက်ကနေ သင်္ဘောနဲ့ အပြေးလာပုံရသည်။ ညက ကျွန်းမှာ သူငယ်ချင်းတွေနှင့် မီးပုံပွဲ သောက်ခဲ့ စားခဲ့ကြပုံရသည်။ ခုလိုဆောင်းတွင်းဆိုလျှင် ဒီကလူအများစုက အပျော်ခရီးတိုလေးများအနေဖြင့် ကျွန်းတွေ ဘက်ကို သွားလေ့ရှိကြသည်။ ရာသီဥတုက ခပ်အေးအေး ဆောင်းရာသီပြယုဒ် သစ်ပင်ဖူးနုသစ်တို့က နီနီညိုညို တောရိုင်းပန်းလေးများက လမ်းဘေးတစ်ဖက်တစ်ချက် ပွင့်နေတတ်ကြသည်။ ကိုယ်သည်ပင် ထိုကဲ့သို့ ကျွန်းတွေဘက် သွားရလျှင် ဓာတ်ပုံတွေရိုက် လမ်းလျှောက်ရင်း လျှောက်ရင်း ချွေးလေးကစို့လာ ခရီးသွားဖော်ခြင်း အော်ဟစ်နှုတ်ဆက်နှင့် ကြဉ်းကြပ်နေသမျှ လူနေမှုဘ၀ထဲမှ လွတ်မြောက်သွားသလို ခံစားချက်တို့ ပေါ့ပါးလာတတ်သည်။ သို့ပေမယ့် ညအိပ်ညနေထိတော့ ကျွန်းများဘက်တွင် မနေဖူးပေ။ ဒီနှစ်ဆောင်းတွင်းသွားမည် ဟု အားခဲထားသော်လည်း ခုထိ မရောက်သေး။ ရုံးက အစ်မကြီးကတော့ဖြင့် မနေက သွားခဲ့ပေပြီ။ အဲ သူသွားသည်က ကိုယ့်လို အလုပ်ပိတ်ရက်မဟုတ်ပဲ နေမကောင်းဟု ရုံးကိုခွင့်တင်ပြီး ခရီးသွားခဲ့ခြင်းကသာ တစ်မူထူးသည်။ ထားပါလေ နောက် ထပ် feed လေး ဆက်ဖတ်ကြည့်လိုက်အုန်းမည်။ 


ထိုင်ဝမ် လေယာဉ်ပျက်ကျမှုအကြောင်း။ ဘုရား ဘုရား ဒဏ်ရာရသူရ သေဆုံးသည့်သူနှင့် ကျန်ခဲ့မည့်သူတွေ အတွက် စိတ်မကောင်းဖြစ်မိသည်။ ခုတစ်လော လေယာဉ်ဘေးဒဏ်တွေ အတော်များလာသည်။ အရင်က လေယာဉ်စီး မကြောက်တတ်သော် ကိုယ်တိုင်ပင် လေယာဉ်ပျံတတ်ချိန်နှင့် ဆင်းချိန်ကြလျှင် ဘုရားစားရွတ်တတ်လာသည်။ အသက်ကြီးလေ သေရမှာပိုကြောက်လေ ဖြစ်နေမိသလား မသိ။ အရင်က ငါသေရင်လို့ မစဉ်းစားမိ။ ခုငါသေရင် ငါသေရင် အဲဒီလိုတွေ အများကြီး စဉ်းစားမိလာသည်။ သို့ပေမယ့် မတတ်နိုင်ပေ ရှောင်လွဲနိုင်စရာမရှိ။ ကိုယ်သည် ပြည်ပမှာ အလုပ်လုပ်နေသည့်လူဖြစ်သည့်အတွက် လေယာဉ်ပျံသည် ကိုယ့်အတွက် အိမ်ကို အရောက် ပြန်ပို့ပေးနိုင် သည့် တစ်ခုတည်းသောအရာဖြစ်သည်။ ထို့ကြောင့် ကြောက်နေလျှင်လည်း ဘာမျှ မထူး။ ကံပေါ့လို့သာ တွေးယုံရှိသည်။ ခုလို မျိုး စိတ်မချမ်းသာစရာများကို မဖတ်လိုလှပေ။ စိတ်လေးလေးနှင့် နောက်ထပ် feed တစ်ခုကို ထပ်ဖတ်သည်။ 


အစ်ကိုတော် ဏီလင်းညို ၏ စတေးတပ်အားတွေ့ရသည်။ အမယ် feeling ဟော့ရှော့ထလုပ် ဆိုပဲ။ စတေး တပ်လေးဖတ်နေရင်း ပြုံးမိပြန်သည်။ မနေ့က “ဘာလဲ အဲတော့ ငါက ထကပြမှာလား” ဟူသည့် အခန်းဆက်ဖြစ်သည်။ အစ်ကိုတော်တင်ထားသည့် ပုံထဲမှ ကောင်လေးအစား ဟိုတစ်လောတုန်းကမှ ဖေ့ဘွတ်တွင်တွေ့ဖူးသည့် photo နှင့် မျက်လုံးထဲ အစားထိုးကြည့်သည်။ ဂျယ်ထောင်ထားသည့်ဆံပင်နှင့် နှုတ်ခတ်မွှေးရေးရေးနှင့် မာဖလာပတ်ကာ ကနေသည့် အစ်ကိုတော်ပုံမြင်ကြည့်မိသည်။ ဟတ်ကနဲ သွားကြီးဖြီးလာသည်။ အဲ..ရုံးကအစ်မကြီးနှင့် မျက်လုံးချင်းဆုံမိသည်။ တစ်ယောက်ထဲ ဟတ်ကနဲ သွားဖြီးပြီးရီမိသည့် ကိုယ့်အားသူသည် သူ့ကို ရီပြသည်အထင်နှင့် ကြောင်တောင်တောင်ပြန်ရီပြသည်။ ဒီတော့မှ  ပိုရီချင်သွားမိသည်။ ငါ့နှယ် ကြုံတတ်ပလေတယ်။ ကဲ..ကဲ နောက်ထပ် feed အသစ်လေး ဖတ်လေအုန်းမှ။ 


  7Day News Journal ဂျာနယ်မှ သတင်း။ ယာယီသက်သေခံကတ်ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုမှုတုံ့ပြန်ရန် ရခိုင် လူထုသဘောထားရယူမည်ဟု ဆိုသည်။ နိုင်ငံရေးသတင်း ဖတ်ဖြစ်တိုင်း အားမလို အားမရဖြစ်ရသည်။ တစ်ခါတစ်လေ စိုးရိမ်သောကရောက်ရသည်။ တစ်ခါတစ်လေ သြော် ငါတို့မျှော်လင့်နေတဲ့ အနာဂတ် တိုင်းပြည်ကြီး ဘယ်ချိန်များမှ ရပါ့မလဲဟု ညည်းညူမိသည်အထိ စိတ်ဓာတ်တွေကျချင်သည်။ သို့ပေမယ့် ကိုယ်သည် သတင်းဖတ်သူသာ နိုင်ငံ အတွက်တော့ ကိုယ်ဘာမှ လုပ်ပေးနိုင်ခြင်းမရှိပါ။ ထိုင်ပြီး စိတ်မကောင်းဖြစ်နေရုံ ကြည့်ြ့ပီး စိတ်မချမ်းသာရုံသာ တတ်နိုင်သည်။ တစ်ခါတစ်ခါ ဖတ်ဖြစ်သည့် သတင်းတိုင်းကလည်း အမှန်မဟုတ်။ အောက်က comments များကို ပြန်ဖတ်တော့မှ သိရသည်။ ဘယ်နေရာက photo ကြီးကို ဘယ်လို အတုပြုထားပါသည်ဆိုသည့်အကြောင်း။ တစ်ခါ တစ်ခါ မြန်မာနိုင်ငံသားတို့၏ ဆဲဆိုနေသောမှတ်ချက်များလည်း ဖတ်ရသည်။  တစ်ခါတစ်ခါ သာသနာတော်နှင့် မလျော်ကန်သည့် အကြောင်းများလဲပါသည်။ တစ်ခါတစ်လေ သူ့ခြေလှမ်းနှင့်သူ သူ့အရွယ် လှမ်းနေနိုင် သမျှ လှမ်းနေသည့် မိန်းမတစ်ယောက်ကို ခပ်ရိုင်းရိုင်းပြောထားသည့် မှတ်ချက်များလည်းတွေ့ရသည်။ ဘယ်သူအဖွဲ့ ဘယ်ဝါအဖွဲ့ ရောကြိတ်အဖွဲ့ မြင်မြင်ရာဆဲ အဖွဲ့ အစုံ။  ထိုသို့တွေ့ရသောအခါ ကိုယ့်စိတ်ထဲ တို့နိုင်ငံကြီးသည် ချီသာ ချီနေသည် အလံသာလွှင့်နေသည် လေသာတိုက်နေသည် ရှေ့သို့ကားမရောက်ဟု စိတ်ထဲတွေးမိသည်။  


          ကဲ  နောက်တစ်ပုဒ် Myanmar Job DB မှ အလုပ်ခေါ်နေသည်ကိုတွေ့ရသည်။ ရှေ့နေလိုင်စင်ရထားသူဟု ပြောသည်။ ကိုယ်နှင့်တော့မဆိုင်ပေ။ ကိုယ်လည်းဘယ်အချိန် မြန်မပြည်ထဲပြန်ဝင်ပြီး အလုပ်လုပ်ရမည်မသိ။ ရည်မှန်း ချက်တော့ရှိသည်။ ရေခြားမြေခြားမှာ မိသားစုကို ရပ်တည်ဖို့ ကိုယ်မစဉ်းစားမိ။ သေလျှင်တောင်မှ ကိုယ့်အမိမြေတွင် ပင် သေချင်မိသည်။ သို့ပေမယ့် အနာဂတ်သည် မပြတ်သားလှပေ။ ဖြစ်တည်လာသည့်ဘ၀ကို ဖြစ်နိုင်သလို လျှောက် လှမ်းရမည်သာ။ ရွေးလို့ရရင် ရွေးချယ်မည်။ မရခဲ့လျှင် စေညွန်ရာ ကိုယ်သွားလိုက်ရုံသာ။ ပင်ပန်းလား ဆင်းရဲလား မမေးလေနှင့် ကိုယ့်ဘ၀သည် လှိုင်းထန်လေကြီးပြီး ကိုယ်ရုန်းခဲ့ရဖူးပြီ။ အဲဒီအချိန် သေမလား တိုက်မလားဆို ကိုယ်ရွေးခဲ့သည်က တိုက်ခဲ့သည်။ ကိုယ်သည် သေရင်ပြီးတာပဲဟု တစ်ခါမျှ မတွေးဖူးပေ။ တိုက်ရင်းသေလိုလျှင် သေပါစေတော့ဟုသာ ကိုယ်တွေးခဲ့ဖူးသည်။ ထို့ကြောင့် ကိုယ့်အတွက်တော့ စိန်ခေါ်မှုတိုင်းသည် တိုက်ရုံသာ. လာမည့်ဘေး ပြေးတွေ့ရုံ။

         
          ဘာတဲ့ မိုးယံမ ၏ woman အဓိပ္ပါယ်ဖွင့်ဆိုချက်ကြီးသွားတွေ့သည်။
women
want
owner
money
economic
news
စတေးတပ် အောက်ကနေ ရီသလိုလို ပြုံးသလိုလို လှောင်သလိုလို မဲ့ ကာပြုံးနေသည့် ကတုံးသုံးကောင်ပုံတွေ့ရသည်။  အမယ် ဒင်းက.. ဒါမျိုးလဲရသည်။ သူသည် အစုံအဖွဲ့များအား လှည့်ပတ် ဆေးထိုးနေသောသူဖြစ်သည်။ စကားဆန်းများ လည်း အလွန်တတ်သည်။ ကိုယ်နှင့်သူ မရင်းနှီးသော်ငြား သူ့ရေးသည့် စတေးတပ်နှင့် စာတွေတော့ ရင်းနှီးသည်။ တစ် ခါတစ်လေ သူဆေးထိုးထားသမျှသည် ကိုယ်နှင့်သဘောတွေ့လျှင် ကိုယ်သည် like ကိုနှိပ်ခဲ့တတ်သည်။


          ကဲ လာလေ့ နောက်ထပ်အသစ်လေး အစ်မကြာဖြူနွယ်၏ လာရောက်လေ့လာ ဂျပန်ဘာသာ page ဖြစ်သည်။ ဒီအစ်မ စာလဲရေးသည် ခရီးတွေလည်းသွားသည်။ မိဘကိုလည်း ပြုစုရသေးသည်။ တစ်ခါတစ်ရံ စာရေးဖော် မောင်နှမ များကိုလည်း စနောက်နေတတ်သေးသည်။ သူသည်လည်း ကိုယ်နှင့် သိပ်ပြီး ရင်းနှီးလှသည် မဟုတ်။ ကိုယ်သည် သူရေးသမျှ စာတို့အားဖတ်နေသူ တစ်ယောက်သာ။ 

         
          အစ်မ ချစ်ကြည်အေး၏ ခပ်ဆွေးဆွေးရိုက်ထားသော  ပုံလေးအားတွေ့ရသည်။ လှသောသူများမည်သို့နေ နေ လှကြသည် ။ စိတ်ထဲတွင် မှတ်ချက်ပြုမိသည်။ အစ်မစံပယ် ၏ တို့ဖူးသုပ် တင်ထားသည်မှာ နှစ်ရက်သုံးရက်မျှ ရှိပြီ။ ဘယ်နှစ်ခါကြည့်ကြည့် သရေတများများနှင့်စားချင်မိသည်။ ဟော ခုပဲ အစ်မသက်ဝေ ၏ ရောင်စုံကာလ လှလှ Photo လေးများတတ်လာသည်။ စိတ်ကူးကောင်းလွန်းသည့် အစ်မ။ အသစ်စက်စက် နယူးကလိုရီ မည်သော အစ်မနတ်သမီးမှ လည်း သားဓာတ်ပုံတွေရော အမေဓာတ်ပုံတွေရောတင်သည်။ ဓာတ်ပုံရိုက် ၀ါသနာကြီးလွန်းသော အစ်မဖြစ်သည်။ 

         
          အဲအဲ.. ညနေ ၃နာရီခွဲတော့မှာပါလား. ထမင်းစားပြီးကထဲက ဖေ့ဘွတ်ထဲ ၀င်မွှေနေတာ ..ဒီနေ့တော့ ဒီလောက်နှင့်ပင် ဖေ့ဘွတ်ကြီးကို နှုတ်ဆက်လိုက်တော့မည်။ ဖေ့ဘွတ်နှင့်တစ်နေ့တာ ဤတွင်ပြီး၏။ 



         
--
ချစ်သောမောင်နှမများ ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ လောလောဆယ်ဘာကိုမျ ခံစားချက်နှင့် ရေး လို့မရသော အခြေအနေမှာ ခုလိုမျိုး ပေါ့ပေါ့ပါးပါးလေးနှင့် ဧည့်ခံလိုက်ရပါတယ်ရှင့်။