ဟင့်အင်း
မရေးဘူး။ ဒါပေမယ့် စိတ်အလိုကို ဆန့်ကျင်ပြီး တစ်ခြားအကြောင်းအရာတွေကို တွေးနေမိတာ ရေးချခဲ့မိတာ။
စာတစ်ကြောင်း စကားလုံးတစ်လုံးဟာ ကျွန်မအတွက် မောဟိုက်နွမ်းလျနေသလို။ စကားစုတွေ က ဟိုတစ်စု
ဒီတစ်စု။ ဘာကိုဆိုလိုမှန်း ရေးမိတဲ့ ကျွန်မကိုယ်တိုင် အဓိပ္ပါယ်ကို မသိနိုင်ခဲ့။ ကျွန်မရူးနေပြီ
ထင်တယ်။
“မောင်.. ”
ဘာလို့မှန်းမသိပါဘူး။
ခုချိန်မှာ မောင့် အကြောင်းတစ်စုံတစ်ရာကို ကျွန်မရေးချချင်နေမိတယ်။ ကျွန်မ ရဲ့ ကွန်ပျူတာထဲမှာ
ရေးလက်စ file လေးတွေမြောက်များစွာရှိတယ်။ အဲဒီ မြောက်များစွာသော file လေးထဲက စကား လုံးတွေကိုလည်း
စိတ်အလိုမကျစွာ ရေးလိုက် ပြန်ဖျက်လိုက်နှင့် ဘယ်နှစ်ကြိမ်လဲလို့တောင် မမှတ်မိနိုင်တော့ဘူး။
တစ်ကယ်က ကိုယ့်ခံစားချက်တွေကို လိမ်နေတဲ့ ကျွန်မအပြစ်လို့ပဲ ဆိုရမယ်ထင်တယ်။ မောင့်ကို
သတိရတဲ့စိတ် တမ်းတတဲ့စိတ်က ဘာဆိုဘာမှကို အလိုမကျဘူး။ ချုပ်တီးထားတဲ့ စိတ်တစ်စုံကို
နှောင်ကြိုးကနေ လွတ်ပေး လိုက် ရင်ကောင်းမယ်ထင်တယ်နော်… အဲဒီလိုမှ မဟုတ်ဘူးဆိုရင်..
မောင် လို့
စကားလုံးလေးတစ်လုံးကို ရေးလိုက်မိတယ်ဆိုရင်ပဲ
ကျွန်မရဲ့ လက်ချောင်းလေးတွေက ကီးဘုတ် စ်ပေါ် သွက်လက်စွာ လှုပ်ရှားသွားကြတယ်။ စကားလုံးလှလှလေးတွေ
စီးမျောထွက်ကျလာတယ်။ စိတ်ဟာ ပေါ့ပါး လွတ်လပ်လို့ ကြည်နူးမိသလိုလို ရှိလာတယ်။ ကျွန်မဘာလို့များ ခံစားချက်တွေနှင့် သွေဖီစွာ နေခဲ့မိ
ပါ လိမ့်။ ဒါပေမယ့် ကျွန်မရဲ့ အတွေးထဲ ဘ၀ထဲမှာ မောင် ဆိုတဲ့ လူတစ်ယောက်ကို ရှိမနေစေချင်ဘူး။
ကျွန်မရဲ့ ဘ၀ထဲကို ပြန်ရောက် မလာစေ ချင်ဘူး။ မေ့ချင်တယ်။ မုန်းချင်တယ်။ အားလုံးကို
ခံစားချက် အသစ် တစ်ခုရယ်လို့ ထပ်ပြီး မခံစားချင်ဘူး။ ကျေးဇူးပြုပြီး ကျွန်မရဲ့ အတိတ် ကနေ မောင် ထွက်ခွာသွားပေးပါလား။
ပြောသာနေရတာ တစ်ကယ်တော့ မောင် ကထွက်ခွာသွားခဲ့တာကြာခဲ့ပြီပဲ လက်မလွှတ်နိုင်ခဲ့တဲ့ သူက
ကျွန်မ ။ ပိုက်ထွေးထားခဲ့သူက ကျွန်မ။ စွဲလန်းရူးသွပ်နေမိတဲ့သူက ကျွန်မ။
မောင်နဲ့ပတ်သတ်တဲ့ အရိပ်အငွေ့ ဟူသမျှ အရာအားလုံးကို
မှတ်ညဏ်တွေထဲက ဖျောက် တယ် ။ ရုပ်ဝထ္ထုပစ္စည်းမှန်သမျှ လွှတ်ပစ်တယ်။ အမှတ်တရတွေမှန်သမျှ
မေ့ပစ်တယ်။ ခက်တာတစ်ခုပဲ နှလုံးသားထဲ မှာ ဖျက်လို့မရဘူး။ မောင့် အပြုံး မောင့် အကြည့်
ချိုမြတဲ့ အနမ်း မောင့် အပြောတွေက ကျွန်မရဲ့ နှလုံးသားထဲမှာ စွဲမြဲစွာ ကျန် ရစ်နေတယ်။
ကျွန်မရေးနေတဲ့ စကားလုံးတွေထဲမှာ မောင် လို့  မသုံးနှုံးမိအောင် တမင်သက်သက်ကို ရှောင်ခဲ့တယ်။
မောင် ဆိုတာ ကျွန်မရဲ့ အတွေးထဲ စိတ်ထဲ သမိုင်းတစ်လျှောက်မှာ မရှိခဲ့ဘူးတဲ့ သူတစ်ယောက်အဖြစ်
ကျွန်မရဲ့ စိတ်နှလုံးကို ပုံသွင်းယူတယ်။ အချိန်တွေကို စတေးတယ် အတွေးတွေကို သတ်ပြစ်တယ်။
ဒါပေမယ့် ကျွန်မရှုံးနေစဲပါပဲ ။ ရှုံးနေစဲပါပဲ။ မျက်ဝန်းမှာ မျက်ရည်ကြည် တို့ ဝေ့လာပြန်ပြီ။
အမြင်တွေက ၀ိုးတစ်ဝါးရယ်။ ဟင့်အင်း ကျွန်မက မျက်ရည်ခပ်လွယ်လွယ် မကျတတ်တဲ့ မိန်းမ အချစ်နဲ့
ပတ်သတ်ရင် ဘယ်တော့မှ မငိုတတ်တဲ့ မိန်းမ။ စာရိုက်နေတဲ့ လက်ဖမိုးပေါ် မျက်ရည်တစ်ပေါက်
ကျလာပြန် တယ်။
ကျွန်မအတွက်တော့
ခက်ခဲပြီး ပင်ပန်းလွန်းလှတယ်။ မောင့်အကြောင်းရယ်လို့ မဟုတ်တဲ့ ရေးထားခဲ့မိသမျှ စကားလုံးတိုင်းဟာ
အနှစ်မပါသလို ပြန်ဖတ်လိုက်တဲ့ အခါဟာတာတာနဲ့ အကာတွေကြီးဖြစ်နေတတ်တယ် ။ ဆားမပါတဲ့ ဟင်းလိုပဲ
အရသာက ပေါ့ပျက်ပျက်။ ဇာတ်ကောင်တွေဟာ ကြိုးဆွဲရာကရတဲ့ စက္ကူရုပ်လေးတွေလို အချိုးမကျ မလှမပ
ခြေကားယား လက်ကားယား။ ဖတ်သူကို ပျက်ရယ်ပြုသလိုတောင် ဖြစ်နေခဲ့ပြီ။ အသိက မောင်နဲ့ အဝေးမှာနေချင်
ပေမယ့် သံလိုက်လို ပြေးပြေးကပ်နေတဲ့ နှလုံးသားကြောင့် ကျွန်မရဲ့ စကားလုံးတွေဟာ လိုင်းကြောင်နေသလို
ဖြစ်နေ ခဲ့ပြီ။ ရေးချလိုက်ချင်တယ် မောင် ဆိုတဲ့ လူတစ်ယောက်ကို မုန်းနေတဲ့ မိန်းမ တစ်ယောက်
အကြောင်း ဟင့်အင်း ရေးမိလိုက်တာက မောင့်ကို ကျွန်မအရမ်းလွမ်းနေမိတယ် ဆိုတဲ့ အကြောင်း။
မောင် ကျွန်မကို မေ့နေသလားလို့ မတွေးမိဘူး ကျွန်မရဲ့ နှလုံးသားထဲက မောင့် ကိုအဝေးနှင်ထုတ်ဖို့ပဲ
ကြိုးစားမိနေတယ်။ မောင် ကျွန်မကို ချစ်သေးရဲ့လားလို့ မစဉ်းစားမိဘူး ကျွန်မကပဲ မောင့်ကို
မုန်းတတ်သွားအောင် ကြိုးစားမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်မမောင့်ကို မုန်းတတ်ချင်လို့ပါ။
လိမ်ညာတတ်တဲ့သူကို
ကျွန်မ မုန်းတယ် မောင်။ အထူးသဖြင့် အချစ်နဲ့ပတ်သတ်ပြီး လိမ်ညာခံရပြီ ဆိုရင် အညာခံရတဲ့သူက
ပိုပြီးထိခိုက်နာကျင်ကြေကွဲ ခံစားရတယ်။ ယုံကြည်မှု အားကိုးမှု နားလည်မှုတွေနဲ့ အနားသတ်
ထားတဲ့ အချစ်ပါ မောင်။ မီးဆိုတာကို အလွန်ကြောက်တတ်ပေမယ့် အလင်းရောင်ကို တွယ်တာလွန်းလို့
အနားကပ် လာတဲ့သူကိုမှ ဒီမှာရော့ မီးဆိုတာ ဒီလိုပူတတ်တယ်လို့ နာမူနာအဖြစ် မီးနဲ့ရှို့ပြလိုက်သလိုပါပဲ။
ခုတော့ ကျွန်မ မီးဆိုတာ အဲဒီလို ပူတတ်တယ်လို့ နားလည်ခဲ့ပါပြီ။ ဒါပေမယ့် တစ်ချိန်က ပိုင်ဆိုင်ခဲ့ဘူးတဲ့
အလင်းရောင်ကိုတော့ ကျွန်မ ခုချိန်ထိ မျှော်လင့်မိနေတုန်းပဲ။ အညာခံရမှာ တွေးကြောက်တတ်သည့်သူကိုမှ ပိုင်ပိုင်နိုင်နိုင်
အညာခံလိုက်ရတဲ့ အဖြစ်။ ကျွန်မ သိပ်ညံ့ သွားခဲ့တယ်။ စိတ်ကူးယဉ် အချစ်တွေကို ရေးနေခဲ့သူမို့
အချစ်နဲ့ ပတ်သတ်ရင် ကျွမ်းကျင်ပိုင် နိုင်ဆုံးလို့ ခံယူထားမိတဲ့ ကျွန်မ ..ခုတော့ ပရိတ်သတ်ရှေ့မှာတော့
အပြုံးတွေနဲ့ မတုန်မလှုပ် ကန့်လန့်ကာနောက် ကွယ်မှာ ရင်ကွဲအောင် ငိုနေရသူက ကျွန်မ။
ကျွန်မ
ရူးနေသလား မသိဘူးနော်။ မောင် ကတော့ ပြောခဲ့ဘူးပါတယ် မင်းက အတ္တတစ်ခုနှင့် ခပ်ထူထူ ရူးနေတဲ့
မိန်းမတဲ့။ ထူးတော့ ထူးဆန်းပါတယ် အချစ်ကို ယုံကြည်မှုအားနည်းတဲ့ မိန်းမတစ်ယောက်ဟာ စိတ်ကူးယဉ်
အချစ်တွေကို ရေးတတ်တဲ့ စာရေးဆရာမတစ်ယောက် ဖြစ်နေတာ အဆန်းတော့ အဆန်းပါပဲ။ ဟူး..ခက်တော့တာပဲ
မောင့် အကြောင်းရေးဖို့ ကျွန်မကိုယ်တိုင် ငြင်းဆန်နေတဲ့ကြားက ရေးမိပြန်ပြီ။ ကျွန်မ
မောင့် ကို မချစ်ဘူး။ မချစ်ခဲ့ဘူး သေချာတယ်။ ကျွန်မမောင့်ကို လွမ်းနေတာလေးတစ်ခုပဲရှိတာပါ
ဟုတ်ပါတယ်. ကျွန်မ မောင့်ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူး မုန်းသွားခဲ့တာ ကြာခဲ့ပါပြီ
…………………..
မောင်။
--
ချစ်သော မောင်နှမများအားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကဖြင့် google ကနေ ရှာဖွေအသုံးပြုထားပါတယ်။ ခုတစ်လော ဘလော့လောကကြီး ငြိမ်သက်နေလွန်းတယ်။
ခံစားဖတ်သွားတယ် မွန်လေးရေ....
ReplyDeleteအချစ်ရှိသူတိုင်း အတ္တနဲ့မကင်းသလို အတ္တကြီးသူတိုင်း အချစ်ရူးလေးတွေပေါ့နော်။