Monday, 7 March 2011

မျက်တော်ဖြေ




ညိုငြင်တော်မူနဲ့ ချစ်သူရယ်
တစ်ကယ်ဆို မင်းမကမ်းခင်က
လှမ်းချင်တဲ့ ဒီလက်ရယ်ပါ
ဒါပေမယ့် ငါလဲရင်
လိုက်ပြိုမယ့် လူတစ်စုကြောင့်
ဒီလက်ကို ငါ.မလှမ်းဖြစ်ခဲ့ဘူး။ ။

တစ်ကယ်ပါ ငါလိုရာစေလို့
ကိုယ့်လမ်းကိုယ်ဖြောင့်ပေမယ့်
နောက်ကောက်မှာ ကျန်နေမယ့်
လမ်းကောက်တစ်ကြောင်းကို
ငါမပြင်ရင်ဖြင့် သူတို့တွေ
ဘယ်လိုများ နင်းဖြတ်ကြမလဲ။ ။

ဒါပေမယ့် ငါပြင်ပြန်တော့
ငါ့ဘ၀ခင်းလို့ ငါ့နှလုံးသားတစ်ထပ်နဲ့မှ
ဒီလမ်းက ဖြောင့်ပြီးချောသတဲ့
ဒါတောင်မှ ဒီလမ်းဟာ
လမ်း လို့သာ ဆိုသာရုံရှိသေးတယ်။ ။

ငါ့ကိုယ်နဲ့ ငါ့စိတ်
ငါ့သဘောသာဆို
ကမ်းလျှင့်မယ် ဒီလက်တစ်စုံဟာ
ဒီဘ၀ မင်းအတွက်ရယ်ပါ။ ။

လိမ်လည်ကာ လျှာဖျားမှာတင်ရုံနဲ့
ထွက်ခဲ့တဲ့ ဒီနှုတ်က စကားမဟုတ်ဘူး
နှလုံးသွေးနဲ့တည်ပြီး လှိုက်လှဲကာ
ပြောခဲ့တဲ့ ဒီစကားပါ..

မျက်တော်ရယ် မမူလိုက်ပါနဲ့
ဒီနှလုံးသား ငါချကာခင်းခဲ့လို့
တစ်မြည့်မြည့်ရယ်ဆွေး
ခံစားကာ အသက်ရှုနေခဲ့တာ
ငါကိုယ်တိုင်သာလျှင် အသိဆုံးပါ။ ။

Friday, 4 March 2011

ဖတ်ခဲ့ဘူးသော အချစ်စာမျက်နှာများ(၂)




မနက်ဖြန်ချိန်းထားသည်ကို ဒီနေ့ည မင်းကြည် ကိုသွားပြောမှ ဖြစ်မည်။မအားသည့်အကြောင်း။ သူတို့နှစ်ဦး ချစ်သူ ဘ၀ရောက် ခဲ့ကြသည်မှာ နှစ်နှစ်တိတိပြည့်မြောက်သောနေ့။ အဲဒီနေ့မှ သူ့အဖေကလည်း ခိုင်းစရာပေါ်လာရသည်လို့။ ပြီးတော့ လုပ်စရာက တစ်နေ့လုံး။ သူ့ချစ်သူ မင်းကြည် တော့ စိတ်ဆိုးပေတော့မည်။ မတတ်နိုင်ပေ။ ကြည့်ရှင်းရမည်။ ဒီလိုအတွေးနဲ့ချစ်သူ လေးရဲ့ အိမ်ကိုထွက်လာခဲ့သည်။ သီတင်းကျွတ်အခါသမယမို့ ကလေးတွေ မီးပန်းလွှတ်လိုက် ငရဲမီးဆော့လိုက် မီးပုန်းလေးတွေ တွန်းလိုက်နှင့် အလုပ်ရှုပ်ပြီး ပျော်နေကြသည်။ အိမ်တိုင်း အိမ်တိုင်းတွင်လဲ ဖယောင်းတိုင်မီးလေးတွေကို အလှဆင်ကာ ထွန်းထားကြ သည်။ အင်း မီးရေးတော့ စိုးရိမ်စရာ။ချစ်သူလေးရဲ့ အိမ်ရှေ့ကိုရောက်တော့ အဲ..ဘယ်လိုဖြစ်တာတုန်း အိမ်ကမှောင်လို့ပါလား။ ဘယ်သူမှလဲ မတွေ့ဘူး။ ဟိုကြည့် ဒီကြည့် သူမတို့မိသားစုဘာလုပ်နေပါလိမ့်။ ရှာနေတုန်းရှိသေး..

(၀င်းမောင်) ကိုမင်းကြည် ပါလား ဘာလာလုပ်တာလဲ ယမင်းကြည် ကိုလာရှာတာလား။

(ကိုဇော်) တိုးတိုးလုပ်ပါကွ။ တော်ကြာသူ့အမေတွေကြားသွားမှ ဖြင့်။ ကိုဇော်လို့ပဲ နာမည်ရင်းခေါ်စမ်းပါကွာ။ မင်းကြည်နာမည်ကို ထည့်ထည့်ခေါ်မနေနဲ့ သူငယ်ချင်း အချင်းချင်းဆို ကိတ်စမရှိဘူး။ သူ့အမေတွေကြားသွားတော့ အားနာစရာကွ။

(၀င်းမောင်) ပူမနေနဲ့ဟေ့ တွေ့ချင်ရင် ရပ်ကွက်ရုံးလိုက်သွား။ သူတို့တွေအဲဒီမှာ။ မင်း ကောင်မလေးကို တိုင်တဲ့လူရှိလို့ အဲဒါ ရ၀တ ရုံးကခေါ်လို့ သွားကြတယ် တစ်မိသားစုလုံး

ဝင်းမောင်က စပ်ဖြဲဖြဲ မျက်နှာနှင့်ပြောနေသော်လည်း ကိုဇော်တစ်ယောက် ခေါင်းတော်တော်ကြီးသွားသည်ဟု ထင်သည်။

(ကိုဇော်) ဘာ!!!!!!!!!!!!!!!!!!!!!!!!!!!... ဘယ်လို မင်းကြည် ကို

(၀င်းမောင်) အေး ..တိုင်တဲ့လူရှိလို့

(ကိုဇော်) ရပ်ကွက်ကောင်စီရုံးမှာ

(၀င်းမောင်) အေး..ဟုတ်တယ်

ဗုဒ္စေါ သူမဘာတွေများလွဲပြန်ပြီးလဲ မသိဘူး။ ငိုများနေမလား။ မျက်နှာငယ်လေးနဲ့များ သူမတစ်ဖက်ကို တောင်းပန်နေသလား။

(ကိုဇော်) ဘာဖြစ်လို့တိုင်တာလဲကွ။ သူ..သူ ဘာလွဲလို့လဲ

(၀င်းမောင်) သိချင်ရင် လိုက်သွားလေကွာ။ဝေးတာမှာ မဟုတ်တာ။စက်ဘီးလဲ ပါနေတာပဲ။ သိပ်တော့ စိုးရိမ်မနေနဲ့။ မင်းကောင်မလေးက ရပ်ကွက်လူကြီးတွေနဲ့က ရင်းနှီးနေတာပဲ။
ဝတ်ရွတ်လဲပါ။ တရားပွဲဆိုလဲ ဓမ္မာရုံသွား။ ရပ်ကွက်လူကြီးတွေနဲ့ လူရင်းတွေလိုဖြစ်နေတဲ့ဟာကို။ လိုက်သွားလဲ့ ...အင်း ... မင်းအစားတော့လေ ငါ.တော့ ကျောချမ်းမိပါရဲ့.. တစ်ကယ်ပဲ

(ကိုဇော်) အေး အေး ဒါဆိုလဲ ပြီးရော ငါလိုက်သွားမယ်

ပြောပြောဆိုဆို သူ့စက်ဘီးလေးပေါ်တက်ပြီး ရပ်ကွက်ရုံးဘက်သို့ ဦးတည်လိုက်သည်။ ရုံးရှေ့ရောက်တော့ သူ၏ မတော်ရသေး သော် ယောက္ခမကြီးမျက်နှာ မသာမယာနှင့် မတ်တပ်ရပ်နေသည်။

(ကိုဇော်) အန်တီ ဘယ်လိုဖြစ်တာတုန်း ဦးရော။ ခု ယမင်းကြည်ရော။

(ဒေါ်လှတင်) အေး မင်းညီမကတော့ ရုံးအတွင်းခန်းထဲမှာကွဲ့ လူကြီးတွေနဲ့ စကားပြောနေတယ်။ မင်းဦးလေးကမရှိဘူးကွဲ့ ညဘက် ဘုရားတက်မယ်ဆို သွားလေရဲ့။ အိမ်မှာ မင်းညီလေးနဲ့ အန်တီပဲရှိတာ။ အမယ်လေး ဖြစ်ပုံကတော့ ပြောချင်ပါဘူးကွယ်။ မင်းညီမကတော့ ဒီလိုရှပ်ပြာပြာနဲ့ ရင်လေးတယ်။ အန်တီက ပြောတယ် ကလေးလဲမဟုတ်တော့ဘူး တက္ကသိုလ်တက်နေတာပဲ ဒုတိယနှစ်ပြီးတော့မယ်။ လမ်းထဲက ကလေးတွေနဲ့ မဆော့နဲ့။ အဲဒါကိုကွယ် အန်တီလစ်တုန်း လမ်းထဲ ကကလေးတွေနဲ့ မီးပန်း ရှုးဒိုင်းဆိုတာကြီး ၀ယ်ပြီးလွှတ်သတဲ့။ အဲဒါလေ လမ်းထဲက နှလုံးရောဂါရှိတယ်ဆိုတဲ့ မိန်းမရဲ့ ရင်ဘတ်တည့်တည့်ကို သွားမှန်လို့ကွဲ့။

(ကိုဇော်) အမ်.. အဲတော့ အဲမိန်းမ ဘာဖြစ်သွားလို့လဲ ဆေး..ဆေးရုံမှာလား

(ဒေါ်လှတင်) မရောက်ပါဘူးကွယ်။ သူက လန့်ရုံလန့်သွားတာပါ။ ပြီးတော့ လမ်းထဲက လူတွေကလဲ ပြောကြပါတယ်။ ကလေးတွေနဲ့ ဆော့နေတာ လူရှင်းသွားမှပဲ အဲဒီရှုးဒိုင်းကြီးဖောက်တာတဲ့။ ပထမဒီတိုင်း ငရဲမီးဆော့နေကြတာ။ ဘေးနားမှ ထိုင်ကြည့်နေတဲ့ လူကြီးတွေလဲရှိပါတယ်ကွယ်။ ကံကဆိုးချင်တော့ အဲဒီမိန်းမက အိမ်တစ်အိမ်ထဲကနေ ရုတ်တရက်ထွက်လာတာ ကွဲ့။ဒါနဲ့ပဲ အဲမိန်းမကတိုင်လို့ ရုံးရောက်တယ်ဆိုပါတော့။ သမီး ရှင်းတတ်ပါတယ်ဆိုပြီး ရုံးခန်းထဲမှာကွဲ့။ အန်တီ့ကိုနေခဲ့ဆိုလို့ ဒီမှာ မတ်တပ်ရပ်စောင့်နေတာ။

ကိုဇော် ရီလဲရီချင်သွားသည်။ သြော် ကြောက်ခမန်းလိလိ ချစ်သူတစ်ယောက်ကို သူရထားတာပါလားလို့လဲ တွေးမိလိုက်သည်။ တော်သေး ဟိုမိန်းမ HEART ATTACH တွေဘာတွေမဖြစ်လို့ပေါ့။ ဟူး..လွဲတာဆိုပေမယ့် လဲ ကြောက်စရာ..
ဒီလိုတွေးတုန်းရှိသေး ရုံးခန်းထဲက မိန်းမတစ်ယောက်ထွက်လာသည်။

(ဒေါ်လှတင်) အဲဒီ မိန်းမ မောင်ဇော် အဲဒီမိန်းမ

ဒါနဲ့ သူလှည့်ကြည့်လိုက်တော့ သြော် သူ့ကိုမျက်မုန်းကျိုးနေတဲ့ မိန်းမကြီးကိုး။ အဲဒီမိန်းမကြီးက သူတို့ကို တစ်ချက်လှည့်ကြည့် ပြီး မျက်စောင်းထိုးသွားသေးသည်။ မှတ်ပလား ဆိုသည့် သဘောမျိုး။ ဟွန်း မင်းကြည်မို့လို့ သူသာဆိုလျှင် လက်ထဲကနေ တုတ်လွတ်သွားသလိုနှင့် ကွဲအောင်ရိုက်ပစ်လိုက်မည်။သူတို့ ရည်းစားမဖြစ်ခင်တုန်းက မင်းကြည် နှင့် သူ့အကြောင်းကို ရပ်ကွပ်ထဲ သတင်းတွေလုပ်ပြီး အတင်းတုတ်ခဲ့သော မိန်းမကြီးဖြစ်သည်။ မင်းကြည် ကပဲ ဖလမ်းဖလမ်းထနေသလို။ သူ့မိဘတွေကိုတောင် လာပြောလို့ သူ့မှာ မင်းကြည်နဲ့ ပတ်သတ်ပြီး မိဘတွေအမြင်ကြည်အောင် မနဲဖြေရှင်းယူခဲ့ရသည်။ဟင်း ကိုယ့်ကောင်မလေး ဒုက္ခရောက်မှာစိုးလို့။ အမှန် အသက်ပါ ပါသွားသင့်တာ။ ဘာနှလုံးရောဂါသည်လဲ။ အားနေမောနေလို့ မူးနေလို့နဲ့ အိမ်မှာ ဘာအလုပ်မှမလုပ်ပဲ ရပ်ကွက်ထဲ အတင်းလှည့်ပြောနေတဲ့ သူကများ။ အဲဒီမိန်းမကြီးယောက်ကျားက သူ့အဖေနဲ့ အသိ။ သူ့ယောက်ကျားက အိမ်မှာလာလာရင်ဖွင့်နေတာ မကြားချင်မှအဆုံး အဲဒီမိန်းမအကြောင်းကို။

ထိုမိန်းမကြီး ထွက်သွားပြီးနောက် မင်းကြည်လဲ ရုံးထဲမှထွက်လာသည်။ မျက်နှာက ပြုံးစိပြုံးစိနှင့်။

(ဒေါ်လှတင်) သမီး အဆင်ပြေသွားပြီလား။ ဘာတွေလုပ်ပေးလိုက်ရလဲ။

(မင်းကြည်) အော် ကိုဇော်လဲရောက်နေတာကိုး။ ရပ်ကွက်လူကြီးတွေက အဲဒီမိန်းမကြီးကို
ဝိုင်းပြီးတောင်းပန်လိုက်တယ်။ နောက်မဖြစ်စေရဘူး။ သမီးကိုလဲ ၀န်ခံလက်မှတ် ထိုးခိုင်းလိုက်မယ်ပေါ့။ ပြသနာမရှာနဲ့တော့ပေါ့။ ကလေးနဲ့လူကြီးပဲဟာ ပေါ့။
ပြီးတော့ အဲဒီမိန်းမကို အရင်ပြန်လွှတ်လိုက်တယ်။ သမီးကတော့ ဘာမှ မလုပ်ခဲ့ရဘူး။ ဟီးဟီး။ နောက်ဆို ကလေးတွေနဲ့ ၀င်ဝင် မဆော့နဲ့တော့တဲ့။ ပြသနာရှင်းပေးရတာ သေးရင်တော်သေး ကြီးနေရင်းသမီး ဒုက္ခတွေ့မယ်တဲ့။ အဲဒါပဲ ပြီးတော့ သမီးကို လက်ဘက်ရည်တိုက် မုန့်ကျွေးပြီး ပြန်လွှတ်လိုက်တယ်။ ဒီမှာ ကိတ်မုန့်တောင် ပါလာသေးတယ်။ မောင်လေးရော့
နင်စားလိုက်တော့ ငါ ဗိုက်ပြည့်ပြီ..

အံ့ဖွယ်သူရဲ ပါလားနော်။ ရပ်ကွက်ရုံးကတောင် မုန့်ကြွေး လက်ဘက်ရည်တိုက်ပြီး ပြန်လွှတ်လိုက်သည်တဲ့။ အင်း. အေးလေ ချစ်နေတာကိုး ဘယ်တတ်နိုင်မတုန်း။ ကြိတ်မှိတ် သည်းခံရမှာပေါ့။

(ကိုဇော်) အင်း ဟုတ်တယ် မင်းကြည် ဟိုလေ..

ဒီလို တစ်ဝက်တစ်ပျက်ပြောပြီး ယောက်က္ခမကြီး အားနာသလိုကြည့်လိုက်တော့

(ဒေါ်လှတင်) အေးအေး ဒါဆိုလဲ မင်းတို့နှစ်ယောက် နောက်ကလိုက်ခဲ့တော့ အန်တီရှေ့ကသွားနှင့်မယ်။ လမ်းလျှောက်စကား ပြောပြီးပဲ လိုက်ခဲ့ကြနော်။ ဘယ်မှ မသွားနဲ့တော့။ အိမ်ကိုတန်းပြန်ခဲ့။ ကြားလား မိကြည်

(ယမင်းကြည်) ဟုတ် မေ..

ဇက်လေးပု မျက်လုံးလေးစင်းပြီး ဟုတ်..မေ ဟု ကလေးလိုလိုနှင့် ဆိုးနွဲ့နွဲ့ပုံလေးသည်ပင် အလွန်ကို ချစ်စရာကောင်းနေသည်။ အင်း သူငယ်ချင်းတွေပြောသလို မင်းလဲ ဒါနဲ့ သေမှာပဲ.. ဆိုတာမျိုးတော့ဖြစ်နေပြီ။

(ကိုဇော်) မင်းကြည် မနက်ဖြန် ကိုယ်တို့ချိန်းထားတာ မအိုကေဘူး။ အဖေ ခိုင်းထားလို့။

ဒီလိုသူပြောလိုက်တော့ သူမမျက်နှာ ချက်ချင်း စူပုပ်ပုပ်။

(ယမင်းကြည်) ဟင်. အမှတ်တရနေ့ဟာကို မအားရင် အားတဲ့ အချိန်လာခဲ့ မရဘူး။ မြို့ထဲမသွားရရင် အိမ်လာခဲ့။ တစ်ခုခု သွားစားမယ်။ ဒါပဲ. နောက်ထပ်ဘာမှ ထပ်မပြောနဲ့

ဟူး...

(ကိုဇော်) အင်းအင်း..ပြီးရော နောက်ကျမှာနော်။ ကြိုပြောထားတယ်။ နောက်ကျရင် စိတ်မကောက်ကြေး

ဒီလိုဆိုပြန်တော့ သူမမျက်နှာက ချက်ချင်း ပြုံးတုံ့တုံ့။ တတ်လဲတတ်နိုင်ပါပေ့ ကျွန်တော့ အလွဲလေးရယ်။

(မင်းကြည်) အင်း ရတယ်မနက်ဖြန် တွေ့ရရင်ပြီးရော။ မင်းကြည် ကနားလည်ပါတယ်လို့။ဒါပေမယ့် လာဖြစ်အောင်တော့ လာနော် မလာရင်တော့ သိတယ် မဟုတ်လား

(ကိုဇော်) အိုကေ။ ဟုတ်ကဲ့သိပါတယ် ခင်ဗျာ။ ရပ်ကွက်လူကြီးကတောင် ပြန်ပြီးလက်ဘက်ရည်တိုက်လိုက်သေးတာ။ ဟားဟား
နဲနဲနော်နော် အရှိန်ကြီးမှ မဟုတ်တာ။ ကဲကဲ ဟိုမှာ လမ်းထဲရောက်တော့မယ် ကို ပြန်တော့မယ်နော် လမ်းထဲဝင်သွားတော့ ခွေးလဲသတိထားအုန်း။ ကိုယ်နောက်ကနေ လှမ်းကြည့်နေမယ် ဟုတ်ပြီလား မင်းကြည် အိမ်ထဲဝင်သွားမှပဲ ကိုယ်လဲပြန်တော့မယ်
မင်းကြည်ကို.ကိုယ် အရမ်းချစ်တယ်။

(မင်းကြည်) ဟွန်း ကိုနော် လိုက်စမနေနဲ့။ အင်း ကိုလဲ အိမ်တန်းပြန်နော်။ သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်မနေနဲ့အုန်း တော်ကြာ ကိုယ့်အဖေ ဦးဒေါသက ဆူနေအုန်းမယ်။ ဒါပဲ သွားပြီး။ မင်းကြည်လဲ ကို့ ကိုယ်အရမ်းချစ်တယ်။

သူတို့နှစ်ဦးသားချိန်းတွေ့ပြီး ပြန်ကာနီးတိုင်း နှုတ်ဆက်လေ့ရှိသော စကား။ ပေါ့ပေါ့ ပါးပါးပြောချင်မဟုတ်။ တစ်ကယ့် စိတ်ထဲက ပြောကြချင်းဖြစ်သည်။တစ်ခြားစကားတွေ ပြောနေချိန်မှာ မည်သို့သော် အမူအရာပဲရှိရှိ အဲဒီစကားလေးပြောချိန်ကျလျှင်တော့ နှစ်ဦးစလုံးတည်ငြိမ်လျှက် သူတို့၏ မျက်ဝန်းတွေထဲမှာ အိမ်ပြန်ချိန် ခွဲရမည်ကို လွမ်းနေသည့် အရိပ်အယောင်လေးများတွေ့နေရ တတ်သည်။

နောက်တစ်နေ့..

မင်းကြည် တို့အိမ်ဘက်သူရောက်တော့ ညနေ ၆ နာရီကျော်ပြီ။ သူ့ကိုတွေ့တာနှင့် မင်းကြည် အိမ်ပေါ်ကဆင်းလာသည်။

(မင်းကြည်) အမေရေ သမီး ကိုဇော်နဲ့ ခဏအပြင်သွားအုန်းမယ်နော်။

(ဒေါ်လှတင်) အေးအေး သမီး။ အိမ်ပြန်တာတော့ နောက်မကျစေနဲ့နော်။ ည ၈ နာရီ မကျော်စေနဲ့ ကြားလား။ညည်း အဖေ ပြန်လာလို့ ညည်းမတွေ့ရင် ပြောနေအုန်းမယ်။ လူကြီးတွေ သိတာလဲသိတာပေါ့။ ပတ်ဝန်းကျင်မှာ မျက်စိနောက်အောင်တော့ မလုပ်နဲ့နော် ကြားလား

(မင်းကြည်) ဟုတ်ကဲ့ မေ။ သမီး တို့တစ်ခုခုသွားစားမှာ။ စားပြီးတာနဲ့ ပြန်လာမှာပါ မေရ။ ဒီနေ့ ညနေစာတော့ အိမ်မှာမစား တော့ဘူးနော် သမီးတွက် ထမင်းတွေ ဟင်းတွေ မချန်ထားနဲ့တော့။ ဟိုဘက်အိမ်က မုဆိုးမ သားအမိပဲ ပေးလိုက်တော့နော် မေ။ သူတို့တွေ သနားစရာ ထမင်းတစ်နပ်လောက်ပေမယ့် သူတို့အတွက်ဆို အရမ်းသက်သာသွားတာ အမေရ။

သူတို့ သားအမိပြောနောတာကြားရတော့ သူ့ချစ်သူလေးရဲ့ စိတ်ထားကောင်းပုံကိုလဲ သဘောကျမိသည်။ တစ်ခါတစ်ခါ လမ်းမှာ အဲလို သနားစရာ တောင်းစားနေသော အဘိုးကြီး အဖွားကြီးများနှင့် ကလေးငယ်ချီထားသော မိန်းမများတွေ့လျှင် သူမကူညီ တတ်သည်။ တစ်ခါတစ်လေ ထမင်းဝယ်ကျွေးသည်။ တစ်ခါဆို နေ့လည်စာ စားရန်ပိုက်ဆံအားလှူလိုက်သဖြင့် သူမနေ့လည်စာ မစားရ။ ဒီတော့ သူကပြောသည် ညာပြီးအလှူခံတာဆို ဘယ်လိုလုပ်မလဲဆိုတော့ လှူပြီးသား ပစ္စည်း အလှူခံတဲ့သူက ဘာလုပ်လုပ်တဲ့။ သူမလဲ ဒါကတစ်ကယ်လိုအပ်တာလား ညာပြီးလှူခံတာလားဆိုတာ စမ်းစစ်ပြီးမှ လှူသည်ဟု ဆို၏။ သူမ လှူလိုက်လို့ ရသွားတဲ့လူတွေရဲ့
ဝမ်းသာမှုကိုကြည့်ပြီး ပီတိဖြစ်ရသည်ကို သူမက နှစ်သက်သည်ဆို၏။ အင်း ဒါမျိုးကျတော့လဲ သူမက ဟုတ်သလိုလို...


(မင်းကြည်) ကို..သွားမယ်လေ

(ကိုဇော်) အော် အင်း ဘာစားမှာလဲ

(မင်းကြည်) မုန့်တီ သွားသောက်မယ်

ဟောကြည့် လုပ်ကပီ။ ကောင်းကွက်လေးမှ တွေးတာမဆုံးသေး။ ခုသူ့ကို နှိပ်စက်ပြီ။ သူက မုန့်တီဆို မသောက်ချင်။ မုန့်တီထဲ ထည့်ထားသည့် ပဒဲဂေါ်နှင့် ငရုတ်ကောင်းတို့ သည်ပင် သူ့အတွက် တော်တော်စပ်နိုင်လွန်းသော အရာများဖြစ်နေလေပြီ။ဒါကို သူမသောက်သလို ငရုတ်ရည်တွေ မန်ကျည်းရည်တွေနဲ့ ငံပြာရည်နဲ့များ လိုက်စားရလျှင်ဖြင့် သူ့အနေနဲ့ စပ်သည်ဆိုတာထက် သူ့ဒုက္ခ သူရှာသလိုဖြစ်ပေတော့မည်။သူသည်ငယ်ငယ်လေးထဲက အစပ်ကြောက်သည်။ ဟင်းချက်သည့် ငရုတ်သီး အစပ်ပင် သူ့အတွက်တော်တော် စပ်သည်။ ခုလိုကျတော့ ဆိုဖွယ်ရာမရှိ။ သူမကတော့ ကြောက်ခမန်းလိလိ အစပ်ကြိုက်လှသည်။

(ကိုဇော်) အာ..မင်းကြည်ကလဲ ကိုယ်မှ မကြိုက်တာကို။ ဒီပြင် အစားအသောက်ရွေးကွာ

(မင်းကြည်) မရဘူး မရဘူး အဲဒီ မုန့်တီပဲသောက်မယ်။ ကို နော် ကိုယ့်ဘက်ကစမှားတာ။ မြို့ထဲကိုသာ ဒီနေ့ သွားဖြစ်ရင်ဒါစားစရာမလိုဘူး မသွားဖြစ်လို့ ကို့ ကိုယ် တမင်တကာ ညင်းတာ သိပြီးလား။ မရဘူး မုန့်တီပဲသောက်မယ်။

(ကိုဇော်) ဟိုလေ ချစ်သက်တမ်းနှစ်နှစ်ပြည့်တာ မုန့်တီသောက်ရတယ်လို့ ကြားလို့မကောင်းပါဘူး မင်းကြည်ရယ် နော်..နော်

(မင်းကြည်)မရဘူး ဒီရက်ကွက်ထဲမှာ ကြိုက်တဲ့အစားအစာက မုန့်တီဆိုင်ရယ် အသုတ်ရယ် ဒေါ်ဖွား မုန့်ဟင်းခါးရယ် ပြီးတော့ ဒိန်ချဉ် ရယ် အဲဒါတွေထဲက တစ်ခုရွေး ဒိန်ချဉ်တော့ သွားမသောက်ဘူးနော် ဒီနေ့ မသောက်ချင်ဘူး.

(ကိုဇော်) ကြေးအိုးဆိုင်လဲ ကောင်းပါတယ်..ပြီးတော့လေ ကြာဇံချက်နဲ့ ကော်ပြန့်ကြော်သုတ်

(မင်းကြည်) အာ..ကိုနော် ဆင်ခြေဆင်လက်တွေ ပေးမနေနဲ့ အဲကြေးအိုးအရသာ မကြိုက်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ။
ကြာဇံကြော်နဲ့ ကော်ပြန့်က အချိန်ကြည့်အုန်းလေ ဒီအချိန်ကုန်နေပြီဟာကို။ စထဲက အဲဒါတွေမစားချင်ရင် မြို့ထဲသွားဖို့ကိစ္စမဖျက်နဲ့ပေါ့
ပြီးတော့ လာတာလဲနောက်ကျသေးတယ်။ မရဘူး ခုနပြောတဲ့ဟာတွေထဲက တစ်ခုရွေး

သူမဂျီကျနေပြီ။ ဟူး . တစ်ခြားကျန်သောအချိန်များတွင် ချစ်စရာကောင်းသလောက် ဤကဲ့သို့ ဂျစ်ကျပြီး ဂျီတိုက်သည့်နေရာတွင် သူမအား တော်တော် စိတ်ညစ်သည်။ ငါတယ်လေ.. ပစ်သွားလိုက်ရ။ အဲ ..မဖြစ်သေးပါဘူး။ သူမကို ၂ ရက်လောက်မတွေ့ရသည်ပင်
နေမထိ ထိုင်မသာဖြစ်နေတာ။ အေးလေ ဒီတော့လဲ

(ကိုဇော်) ကဲ ..ကဲ နှမတော်လေး သဘောတိုင်းပါ......... ခင်ဗျ။ သွားကြစို့နော် မုန့်တီဆိုင်.

ဇာတ်သံနှောလို့ ရွှတ်နောက်နောက်ပြန်ပြောလိုက်တော့မှ.. ရာသီဥတုကပြောင်းသွားတယ်။
ဒီတော့မှ သူမ၏ မျက်နှာတော်က ရွှင်လို့လန်းလို့။ ငါတယ်လေ... ဟင်း..ဟင်း

(မင်းကြည်) ဟီး ..အဲဒါဆိုသွားမယ်။

အဲဒီနေ့က သူမက ကြာဇံ ခေါက်ဆွဲသုတ်နှစ်ပွဲစားပြီး မုန့်တီသောက်သည်။ သူက အသုတ်ကို အချိုသုတ် သုတ်ခိုင်းပြီး မုန့်တီတစ်ပွဲ သောက်သည်။ ပြီးတော့ သူမအတင်းထည့်ပေးသော ငရုတ်ရည်များများနှင့်လဲ သူကြိတ်မှိတ်ပြီးသောက်ခဲ့ရသည်။ ပါးစပ်ထဲ မုန့်တီ တစ်ဇွန်း
ဝင်သွားတိုင်း ပူပူလောင်လောင်စပ်စပ်နှင့် ဒိန်းကနဲ ဒိန်းကနဲ မီးပွင့်သွားသကဲ့သို့ပင်။ အိမ်အပြန်လမ်းတွင်တောင် ဘယ်လိုကြီး မှန်းမသိ လူက ထူထူအန်းအန်းကြီး ဖြစ်လို့နေသည်။ အဲဒါနဲ့ မပြီးသေး နောက်တစ်နေ့ ဆေးခန်းသို့ပြေးရသည်။ အစာအိမ်ရောင်သည် ဟုဆိုသည်။ တစ်ပတ်လောက်နီးနီး မာတဲ့အစာ မစားရဆို၍ ဆန်ပြုတ်သောက်ခဲ့ရသည်။
သူနေကောင်းသွားမှ သူမပြန်ပြောသလောက်ကတော့. တမင်တကာ သူအစပ်မကြိုက်မှန်းသိသဖြင့် မုန့်တီကိုရွေးရသည်။ သူဒီလောက် ထိ အစပ်ကြောက်မယ်လို့ မထင်ခဲ့မိကြောင်း။ အမှန်ကချိန်းထားတာကို ဖျက်တဲ့အတွက် စိတ်ကောက်ချင်ကြောင်း။ သို့သော် စိတ်ကောက် လိုက်လျှင်လဲ သူမဘက်ကလွန်သွားမည်ဖြစ်ကြောင်း။ ထို့ကြောင့် စိတ်မကောက်ပဲ ဤသို့ ပညာသားပါပါ နှိပ်စက် ရပါကြောင်း စိတ်လိုလက်ရရှင်းပြပြီးတောင်းပန်ရှာ၏။

ကဲ..ကျွနုပ်တို့ဇာတ်လိုက်ကျော်ကြီး ကိုမင်းကြည်ကရော ဤသို့ဖြစ်ခဲ့ရသည်ကို စိတ်ဆိုးမည်ထင်ပါသလား။

(ကိုဇော်) အဖေ နောက်တစ်ခါ ခိုင်းစရာရှိရင် တစ်ပတ်ကြိုပြောဗျာ။ ဒါမှ ကျွန်တော်လဲ စီစဉ်စရာရှိတာ ကြိုပြီးစီစဉ်ထားရမှာ..
ဟူသတဲ့....


ပို့(စ်)မှာ သုံးတဲ့ ပုံလေးကတော့ google ကပဲရှာပြီး သုံးထားတာပါ။ ဘလော့အလည်လာကြသော ချစ်စွာသောမောင်နှမအပေါင်း ကျန်းမာချမ်းသာ ကြပါစေလို့ ဆန္ဒပြုရင်း..ဖြင့်

Sunday, 20 February 2011

သံသရာ တစ်ကွေ့မယ်




လူတွေ လူတွေ တော်တော်ခက်ကြတာပဲ။ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားနေရတာ။ ပိုက်ဆံမရှိရင် စိတ်ဆင်းရဲရတာ ကိုယ်ကိုယ်တိုင်ပဲ သိတာ။ ဘေးကနေ သူတို့လဲကူနိုင်တာမဟုတ်။ ကိုယ်လုပ်နေတာကျတော့လဲ ဘေးကနေစေ့စေ့ကြည့်ပြီး အတင်းဆိုတာ တုတ်ကြ သေးတာ။ ကျွန်မလဲ အစကတော့ ဂရုစိုက်ပါတယ်။ လူပြောစရာလေးများ ဖြစ်မလားဟဲ့ပေါ့။ ဒါပေမယ့် ဘယ်လိုပဲနေနေ ပတ်ဝန်းကျင် ဆိုတာက ချီးမွှမ်းဖို့ဆိုရင်သာ ခက်နေတာ ကဲ့ရဲ့တာကျတော့ နေ့မကူးဘူးရက်ကွက်ထဲသတင်းပြန့်တာမြန်ပ။ အင်း ကျွန်မလုပ်နေတဲ့ အလုပ်ကလဲ ကြည့်အုန်းလေ ငါးရောင်းတာကိုး။ ဒီတော့ ဈေးသည်ဆိုတာမှ အော်ကြော်လန် ၀က်ဝက်ကွဲ ငါးစိမ်းသည် ဆိုတာကို ယူထားတာ။ ဒီလိုပြောလို့ ကျွန်မလို ဘ၀တူတွေကို နှိမ်လိုက်တာမဟုတ်ရပါဘူး။ လူတိုင်းရဲ့စိတ်ထဲမှာကိုက ငါးစိမ်းသည် ဆို အပေါက်ဆိုးတယ် အလေးခိုးတယ် စွာလန်ကျဲတယ် အဲဒီလိုမူသေ မှတ်ယူထားကြတာမဟုတ်လား။တစ်ကယ်လဲ ကျွန်မစွာပါတယ်။ မဟုတ်ရင် မခံတာလေးတစ်ခုပါပဲ။ အဖေဆုံးသွားပြီးထဲက အမေကလဲ ဘာမှ မလုပ်တတ် မောင်လေးကလဲ သုံးလေးနှစ်လောက်ရှိသေးတာ။ ပိုက်ဆံ ဆိုတာတော့မေးမနေနဲ့ အမေ့လည်ပင်းက ရွှေကြိုးလေးတောင် အဖေ့အသုဘစားရိတ် လုပ်လိုက်ရပါရောလား။ ဒီတော့ ရက်လည် ကရတဲ့ ကူငွေလေးနဲ့ အမေ့နားကတ်လေးထပ် ရောင်းပြီး ကျွန်မလဲ လောကကြီးထဲ ကုန်စိမ်းသည် အနေနဲ့ ခြေပစ်လက်ပစ်ဝင်ချလိုက်ရတာ။ အဲဒီအချိန်ကကျွန်မရဲ့ စိတ်အားငယ်မှုကို ပြန်တွေးကြည့်ရင် ခုချိန်ထိမျက်ရည်ဝဲမိနေတုန်း။

ဒါပေမယ့်တစ်ခုတော့ရှိတယ် ကျွန်မက ငယ်ငယ် လေးထဲကစွာတယ်။ရဲတယ်။ လူသိပ်မကြောက်တတ်ဘူး။ ကုန်စိမ်းစပြီးရောင်းစကတော့ ဘာပြောကောင်းမလဲ နေ့တိုင်းမျက်ရည်နဲ့ မျက်ခွက်။ ဈေးရောင်းလို့မကောင်းတာကတစ်မျိုး။ ဘ၀တူတွေအချင်းချင်း အလိမ်ခံလိုက်ရတာက တစ်ဖုံ။ နေရာမရလို့ ဗန်းကြီး ခေါင်းရွက် ဟိုရွှေ့ဒီရွှေ့နဲ့ ဈေးကောက်ကို မျက်နှာလုပ်ရတာကတစ်မျိုး။ အရင်းလေးများပြုတ်တော့ မလားဟဲ့လို ရင်တစ်မမနဲ့စ ခဲ့ရတာ။ တစ်ခါတစ်လေများဆို အိမ်မှာဆန်ပြုတ်တောင်နပ် မှန်တာမဟုတ်ဘူး။အိမ်လခကလဲ ပေးရသေး။ မပေးရင်လဲ လမ်းဘေးတဲ ထိုးနေရတော့မှာလေ။ ဒီတော့ လျှော့စားပြီး အိမ်လခပေးရတော့တာပဲ။ အဲဒီအချိန်ကများဆို အမယ်လေး ကူမယ့်သူမပြောနဲ့ ပိုက်ဆံမွဲလို့ မျက်နှာတောင်မွဲတာ ရပ်ကွက်ထဲခေါ်မယ့် ပြောမယ့်သူ ရှိကို မရှိတာ။ ပိုက်ဆံလေးများချေးလိုက်မယ်လေလို့ မတွေးနဲ့ နေ့ပြန်တိုးနဲ့ကို နစ်မှာ။ ဒီလိုနဲ့ပဲ လူရည်လေးလည်လာတော့ ကိုယ်က အပြောကောင်း အဆိုကောင်း စေတနာလေးလဲ ထည့်ရောင်း တော့ ကျွန်မတို့မိသားစု ထမင်းနပ်မှန်ရုံတင်မက။ ငွေလေးကြေးလေး နဲနဲ စုမိလာတယ်။ပြီးတော့ အိမ်ကအငယ်ကောင်လဲ ကျောင်း တက် ရတော့မယ်ဆိုတော့ ကျွန်မလဲ အကုသိုလ်ပေမယ့် ပိုက်ဆံရဖို့က အဓိကမဟုတ်လား။ ငါးစိမ်းသည်ဘ၀ ပြောင်းလိုက်ရတာ။ မပြောင်းလို့လဲ မဖြစ်ဘူး ဒီခောတ် ကန်းဇွန်းရွက် တစ်စီး ၁၀၀ လောက်ဖြစ်နေတဲ့ အချိန် မိန်းကလေးတစ် ယောက်အနေနဲ့ အိမ်မှာရှိတဲ့ မောင်လေးကျောင်းစားရိတ် နဲ့အမေ့ဖို့က ဒီလိုမှ အကုသိုလ်နဲ့ ငွေမရှာရင် ကျွန်မလိုမိန်းမမျိုး ခပ်ရိုင်းရိုင်းပြောရ ဟိုလိုမိန်းမပဲဖြစ်တော့မှာပေါ့။ နှိမ်ပြောတာ မဟုတ်ရပါဘူး။ တစ်ကယ်တော့ ဒီခောတ်ဒီအခါ ဒီလိုအချိန်မျိုးမှာ ပိုက်ဆံဆိုတာရှာရတာခက်နေတာ လူတိုင်းလဲသိနေကြတာပဲ။ တစ်ကယ်ကို ကျွန်မကိုယ်ချင်းစာတွေးတတ်ပါတယ်။လူတိုင်း လူတိုင်းမှာ အကြောင်းပြချက်ကလေးတော့ ရှိကြတာပဲလေ။ အရေးကြီးတာက ကိုယ်လုပ်နေတာပဲ ကိုယ်သိဖို့လိုတာပါ။ ငါးရောင်းတယ်ဆိုမှတော့ ရှင်တာလဲပါတာပေါ့လေ။

ဘယ်တတ်နိုင်မလဲ မျက်လုံးမှိတ်လို့ သတ်ရတာပဲ။ အကုသိုလ်နဲ့တော့ ကျွန်မမပျော်ပါဘူး။တစ်ကယ်ပါ။ သို့ပေမယ့် ကံဆိုတာကလဲ ခက်သားလား။ စီးပွားရေးများတက်လာလိုက်တာ ဒီရေအလား။ ပထမ ကျွန်မငါးရောင်းတဲ့ဆိုင်လေး ကိုယ်ပိုင်ဝယ်လိုက်နိုင်တယ်။ ဘယ်လိုပြောရမလဲ ဒီခောတ်စကားနဲ့ ဆိုရင်တော့ ဆိုင်ပိုင်ရှင်က နှစ်လုံးထိုးတာ ဗိုက်နာနေတဲ့အချိန်ပေါ့ ။ ဒီတော့ ဗိုက်နာတဲ့ဈေးလေးနဲ့ ကျွန်မ၀ယ်လိုက်နိုင် တယ်။ ပြီးရက်ကွက်ထဲ ငွေတိုးချေးစားတာလဲ ကျွန်မပဲ။ ပြောရရင် ကျွန်မနဲ့ ကိုက်တယ်ပေါ့။ ကျွန်မက အော်နိုင်တာကိုး။ သို့ပေမယ့် မရှိတဲ့ လူတွေဆို ကျွန်မကိုယ်ချင်းစာပါတယ်။ နိုင်ထက်စီးနင်းမလုပ်တတ်ဘူး။ ခက်တာကလူတွေပဲလေ တစ်ချို့ကြတော့လဲ တစ်ကယ်ကို ဒုက္ခ ရောက်တာ။ တစ်ချို့ဆိုလည်း သူများပိုက်ဆံယူပြီး ပြန်မပေးချင်တာ။ အို လူအမျိုးမျိုးစရိုက် အဖုံဖုံပါပဲ။

နောက်တော့ ကိုယ်ပိုင် "၁၀" ပေအိမ်လေးတောင် ၀ယ် ထားလိုက်နိုင်တာ။ အမယ်လေး ဒီတော့ ရပ်ကွက်ထဲက ဘာပြောကြတယ် မှတ်သလဲ။ အကုသိုလ်နဲ့မှ စီးပွားဖြစ် တာတဲ့လေ။ နောက်ပြီး ငါးယူနေကြ ငါးဆိုင်ပိုင်ရှင်ဒိုင်နဲ့က ဘာလိုလို ပြောနေကြသေးတာ။ သူတို့မို့လို့ ကိုယ်ချင်းရယ် မစာမနာ ကျွန်မလို အပျိုလေးတစ်ယောက်ကို ဒီလိုမျိုးပြောရဲလိုက်ကြ တာ။ သို့ပေမယ့် ကိုယ်ကလဲ စီးပွားရေးဆိုတာ ရှိသေးတာကလား။ မျက်နှာလေးပြစားတယ်ဆိုလားပဲ။ ဒေါသတွေထွက်လိုက်တာ။ ပြီးတော့ ပြောရက်လိုက်ကြတာ။ ဘယ်လောက်တောင်ဆိုးခဲ့သလဲဆို ငယ်ချစ်ဦးကတောင် တစ်ကယ်ပဲဖြစ်နေသလိုလိုနဲ့ သံသယတွေ ၀င်ပြီး ကွဲကွာသွားကြတဲ့အထိ။ ရက်ကွက်ထဲက မိန်းမတွေပါးစပ်များ အဲဒီထဲက စိတ်ကလဲနာ ပြီးတော့ သူတို့ကို ဂရုစိုက်ချင်စိတ်လဲ မရှိတော့ဘူး။ သူတို့လဲပြောချင်ရာပြော ကျွန်မလဲ ကျွန်မလုပ် စရာရှိတာလုပ်တယ်။ရှေ့တင်လာပြီး စောင်းသလို ရွှဲ့သလိုဆိုရင်တော့ ပါးစပ်နဲ့မပြောဘူး လက်နဲ့ကိုပြောပစ်လိုက်တယ်။ ကဲ ဘယ်သူ ပြောရဲသေးလဲ။
ဒီတော့ ကျွန်မကကြမ်းတယ်ပေါ့။ ရိုင်းတယ်ပေါ့။ ရှင်တို့ပဲ စဉ်းစားကြည့်လေ သူတို့ကမှ မကောင်းတော့ ကျွန်မလဲ မကောင်းနိုင် တော့ဘူး။ ဘာပြောကောင်းမလဲ ကျွန်မနဲ့ မတည့်တဲ့ ကောင်မတွေများ ငွေတိုးယူထားလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။

နောက်ပြီး ဒီလိုအချိန် ဒီလိုအခါက နှစ်လုံးတို့ဘာတို့ နှိပ်စက်တဲ့ အချိန်မဟုတ်လား။ ခောတ်ပျက်သူဌေးပဲခေါ်ခေါ် ။အပိုင်လုပ်ပြီးသူတို့နေတဲ့ အိမ်တွေပါသိမ်းပစ်တာ။ ငိုလဲ မသနားနိုင်ဘူး။ အရင်သူတို့အလှည့်တုန်းက လုပ်ထားတာ..ခု ကျွန်မ အလှည့်။

အဲဒါလေးတစ်ခုတော့ ကျွန်မဆိုးတယ်ပြောရမယ်။ ကိုယ့်ကိုယ်နစ်နာအောင်လုပ်ထားပြီဆိုရင်။ အချိန်ဘယ်လောက်ပဲကြာကြာ မှတ်ထားပြီး ကျွန်မအလှည့်ဟေ့ဆိုတာကို ရောက်အောင်စောင့်တာ။ အလှည့်ကျတော့ မနွဲ့ စတမ်းပေါ့။ ကိုယ့်အလှည့်တုန်းကလဲ ကိုယ့်မာန ကိုယ့်သိက္ခာကျအောင် ကိုယ့်နာမည်ပျက်အောင် ဖျက်ထားသေးတာ။သူတို့အလှည့်ကျ ဘာများငဲ့ကွက်စရာ လိုတုန်း။ ဆိုင်ပိုင်ရှင်မိန်းမက အဆိုးဆုံး။ သူကလဲပိုက်ဆံလိုလို့ ကိုယ်ကလဲ ဒီပိုက်ဆံနဲ့ဝယ်နိုင်လို့ ၀ယ်တာကိုပဲ။ သူ့မှာ မကျေနပ်ဘူး။ ကျွန်မ ထင်တာတော့ စီးပွားရေးတက်လာတော့ မလိုမုန်းထား ဘ၀တူအချင်းချင်း မနာလိုတာပိုများပေါ့။ ဒီတော့ ဟုတ်သလိုလိုနဲ့ အတင်းကနေ သတင်းတွေဖြစ်တော့တာပဲကိုး။ ဒီတော့ ကျွန်မဘ၀မှာ အသက်ကသာ ၃၀ စွန်းရော ယောက်ကျား မယူဖြစ်ဘူး။ ဘယ်လိုယူမတုန်း နာမည်ကပျက်နေတာကိုး။ ဒါပေမယ့် တန်ပါတယ်။ ခုဆို ကျွန်မအမေ ကျွန်မမောင်လေး လူတန်းစေ့စားနိုင် နေနိုင် ကျောင်းတက်နိုင်။ အမေ နဲ့မောင်လေးကတော့ ပြောပါတယ်။ ဒီအကုသိုလ် အလုပ် သူများ မျက်ရည်ပေါက်ကြီးငယ်ကျမှ ရတဲ့ပိုက်ဆံ တွေကို ရပ်လိုက်ပါတော့တဲ့။ နို့ပေမယ့် လူ့စိတ်ဆိုတာလဲခက်သား။ ဒီအလုပ်နဲ့မှ ဒီလိုဖြစ်လာတာဆိုတော့ ကျွန်မကတော့ မစွန့်နိုင် ဘူး။ လောဘက ဦးဆောင်နေတာကိုး။ အလှူအတန်းတော့ ရက်ရောတယ်။ နှမျှောတယ် တွန့်တိုတယ်လို့ မရှိဘူး။ ရွက်ကွက်ထဲ သာ ရေးနာရေးဆို ရှေ့ဆုံးကနေကို လှူတာ။ ဒီတော့ ကျွန်မနာမည် ကြီးတာပေါ့။ ဒီတော့ ဘာပြောတယ်မှတ်တုန်း။ အမယ်လေး ရက်ကွက်ထဲ ငါးစိမ်းသည်မက သူဌေးနာမည်ခံနေပါရောလားဆိုပဲ။ လှူလိုက်တာတော့ ကျုပ်လှူတာပေါ့။ ဈေးသည် ဈေးထဲဆိုတော့လဲ သတင်းကအကုန်ပြန် ကြားရတာ။ စေတနာတစ်ကျပ်ဖိုးအပြင် ဒေါသနဲ့မောဟပါ ထည့်ပေါင်းတော့ ကျွန်မအကုသိုလ်ပိုများပေါ့။

ပြန်ပြီးကြားကြားနေရတဲ့ သတင်းစကား အတင်းတွေကြောင့် ကျွန်မစိတ်မှာ တစ်နေ့တစ်နေ့ ဒေါသ၊မာန နဲ့ မောဟမီးများ လောင်လိုက်တာ မပြောပါနဲ့။ နားရတယ်ကိုးမရှိဘူး။ ဒီကြားထဲ လုပ်နေတာက ငါးရောင်းတာ။ ငါးကလဲ သတ်ရင်းသတ်ရင်း လက်ကလဲယဉ်လာလိုက်တာ။ မနောကံနဲ့ပါ ကျူးလွန်မိလာတယ်။ အဲဒီပြောနေတဲ့ ကောင်မတွေကိုလဲ ငါးတွေရဲ့ ခေါင်းကို ဓါးမနဲ့ တိကနဲ့ ဖြတ်လိုက်သလို ဒင်းတို့ကိုပါ အဲလိုဖြတ်ချင်လာတာ။စိတ်ထဲမှာ အချိန်ပြည့်။ ကျွန်မမှားနေလို့ ပြောတယ်ဆိုပြောပါ။ သို့ပေမယ့် ကိုယ်မှမဟုတ်တဲ့ဟာကို ဒင်းတို့က တစ်စိတ်တစ်အိတ်လုပ်ပြီးပြောနေတာ ရင်ထဲမှာခံပြင်းလွန်းလို့။
ဘယ်လောက်တောင်လဲဆို ကျွန်မရဲ့မျက်နှာမှာ ဒေါသရဲ့ အရှိန်နဲ့အချိန်ပြည့် နီမြန်းလာတာ။ အရင်လိုစကားတွေ မချိုသာနိုင်တော့ ဘူး။ ပိုက်ဆံလေးလဲရှိလာတော့ မာန်ဆိုတာလေးကလဲ ရောက်လာပြီးကိုး။ ဒီတော့ ကျွန်မက အသက်ကြီးလေ မိုက်လုံးကြီးလေပေါ့။ ဒီလိုဆိုကြပြန်တာလား။ ကျွန်မရဲ့ စိတ်တွေကလဲ ကြိတ်မနိုင်ခဲမရပေါ့။ ပူလောင်လိုက်တာ ပြောမနေပါနဲ့ နေ့တိုင်းအဲဒီခံပြင်းတဲ့ စိတ်ကြီးနဲ့နေရတာ။ အမယ်လေး ပူလောင်လိုက်တာ။ ဒီကြားထဲ ကျွန်မခေါင်းကလဲ ပိုပိုပြီး ကိုက်လာတယ်။ဆေးခန်းပြ ခဏပါပဲ။ နောက်နေ့ ပြန်ကိုက်မထနိုင်ဘူး။ထင်တော့ ငါးတွေရဲ့ခေါင်းကို ထုထုသတ်ခဲ့တဲ့ဝဋ်ကတော့ ဘ၀မကူးခင်လည်ပြီထင်ပ။

ဒီကြားထဲ ခေါင်းကကိုက်နေတာတောင် စိတ်ထဲဂယောင်ဂတမ်းနဲ့ ငါးခေါင်းတွေ ထုနေသေးတာ။ ဒီလိုနဲ့ ကျန်းမာရေးကလဲ တစ်နေ့ရွှေ တစ်နေ့ငွေ ဒီကြားထဲ အမေကလဲ အသက်ကြီးတော့ဆုံးသွားပြန် တယ်။ မောင်လေးကလဲ အရွယ်ရောက်ပြီ ပညာလဲစုံ ကြင်ယာလဲစုံပြီးပေါ့။ ဒီတော့ ကျွန်မတစ်ယောက်တည်း အထီးကျန်လိုက်တာ။ အသက်ကလေးကလဲ ရလာ ဘ၀ကလဲ ကြမ်းဆိုတော့ ဇရာရဲ့နှိပ်စက်ချင်းကို လူးလိမ့်ပြီးခံရတော့တာပဲ။ ကျွန်မရဲ့ မျက်နှာကလဲ တေးထားတဲ့ အာဂတတွေ လုပ်နေတဲ့ အကုသိုလ်တွေ လောဘတွေ မောဟတွေ မာန်တွေမချနိုင်သေးတော့ ရှိရင်းစွဲ အသက်ထက် ပိုကြီးနေသလားမှတ်ရတယ်။ ခုဆို ကျွန်မအသက် ၅၀ နားနီးပြီးကိုး။ ဒါတောင် လူတွေကပြောနေသေး တာ အဲဒီမိန်းမကြီး သေရင်ဥစ္စာစောင့်ဖြစ်မှာတဲ့လေ။ ကိုယ့်ပစ္စည်းကိုယ်စောင့်တာ ဘာဖြစ်တုန်း။ ဒင်းတို့အပူလား။ အသက်ကကြီးလေ တစ်ယောက်တည်းဖြစ်လေ ဒေါသကပိုကြီးလေ အပေါက်ကပိုဆိုးလာလေနဲ့ သံသရာလည်နေတာမပြောပါနဲ့တော့။

ကိုယ်တိုင်ကိုယ်ကလဲ အချိန်ပြည့် အဲဒီလို အော်ပြီးပြောရဆိုရတာကို ပိုပြီးတော့ပဲ နှစ်သက်လာသလိုလို။ဆိုင်မထွက်လို့ ငါးညှီနံ့လေး များမရရင် တစ်ခုခုများလိုနေသလိုလို။ အဲဒီလိုကိုဖြစ်နေတာ။ မနက်မိုးလင်း မျက်နှာသနပ်ခါးသာ မလိမ်းရင်နေမယ် ဟောဒီက ကျော့မေ တို့က ငါးဆိုင်တော့ ဖွင့်ပြီးနေပြီ။ကျန်းမာရေးကတော့ အရင်လိုမကောင်းဘူးပေါ့။ပြီးတော့ လူဖြစ်ရတဲ့ ကိုယ့်ဘ၀ကိုယ်လဲ မကျေနပ်ဘူး။ ငယ်ဆိုတဲ့ အရွယ်ထဲကသူများတွေလို မလှရ မပျော်ရ။ ဟော အသက်ကြီးလာတော့လဲ ဘာများပျော်စရာ ကောင်းတုန်း။ ဘ၀နဲ့ ကျွန်မနဲ့ နပမ်းလုံးရင်း တစ်နေ့တော့..

ကျွန်မတို့ ရပ်ကွက်ထဲ ၁၀ ရက်တရားစခန်းဖွင့်တယ်။ အလှူဆိုရင်တော့ ကျွန်မကရှေ့ဆုံးကပေါ့။ ဒီတော့ ရက်ကွက်ကလူကြီး တွေက တိုက်တွန်းတယ်။ လှူလဲလှူကိုယ်တိုင်လဲ ရိပ်သာစခန်းဝင်ပေါ့။ ပြောလွန်းမက ပြောကြလွန်းတော့လဲ အားနာတာနဲ့ လိုက်ဝင်ဖြစ်တာပေါ့။ စစချင်းရက်များတုန်းကဆို ငါးဆိုင်ကိုကြီး စိတ်ကမြင်နေတာ။ ပြီးတော့ ငါးတွေကလဲ ယူထားပြီးသားဆို တော့ ပိတ်လို့ကလဲမရဘူးလေ။ ဒီတော့ သူများကို ရောင်းခိုင်းခဲ့ရတာ။ အဆင်မှ ပြေပါ့မလား။ ရှုံးများနေပြီလား။ မျက်စိထဲ သတ်ထားတဲ့ ငါးတွေပြန်မြင်လာလိုက်။ သွေးသံရဲရဲနဲ့။ ဒီကြားထဲ စိတ်ထဲမှာ အော်ဟစ်နေချင်တာများ ထိန်းမနိုင်သိမ်းမရ။အင်း ဒီလိုဆိုရင်တော့ ခက်ရချေရဲ့။ ရက်ကွက်ထဲ လူကြီးတွေပြောပြီး ထွက်ပစ်လိုက်ဖို့ကိုစိတ်ကူးတာ။ ၄ ရက်မြောက်ညဘက် အရောက် အိပ်ခါနီးမှာတော့ ဆုံးဖြတ်လိုက်တယ် မနက်ဖြန်မနက် ရိပ်သာကနေထွက်တော့မယ်။

မနက်မိုးလင်းအိပ်ယာကနိုးတော့ လူတွေရုတ်ရုတ်ဖြစ်နေတယ်။ ဘာများပါလိမ့်ပေါ့။ အမယ်လေး ကျွန်မရဲ့ရန်သူတော်ကြီးတစ် ယောက်လေ အိပ်နေရင်းနဲ့ ဆုံးသွားပါရောလား။ မနက်မိုးလင်း သူ့ဘေးက တူတူအိပ်တဲ့ မိန်းမက ခေါ်ကြည့်လို့မရတော့မှ ဆုံးမှန်းသိတယ်တဲ့။ သူ့ကြည့်ရတာ ဝေဒနာတော့ တော်တော်ခံစားသွားရပုံပဲ။ သူ့ရဲ့လက်တွေက အိပ်ယာခင်းကို ကိုင်ပြီးဆုပ်ထားတာ တော်တော်နဲ့ဖြည်လို့မရဘူး။ပြီးမျက်လုံးကလဲ တစ်ဝက်ကပွင့်နေသေးတယ်။ သူ့ရဲ့ နဂိုရှိရင်းစွဲ သွားခေါတာ ကလဲ ပိုခေါနေသလိုပဲ အပြင်ကိုငှောထွက်နေတာ။ ကြည့်ရဆိုးလိုက်တာလို့ စိတ်ကတွေးနေသလို စိတ်ထဲမှာလဲ သူ့ကိုသနား သွားတယ်။အရင်က မကျေနပ်ချက်တွေ ဘယ်ကိုရောက်ကုန်ပြီလဲ မသိဘူး။ အော် သေသွားတော့လဲ ဘာမှမဟုတ်ပါလားလို့ တွေးလိုက်မိတယ်။

ဒါဆိုရင် ငါကိုယ်တိုင်ရော သေဖို့အသင့်ပဲလားလို့ စဉ်းစားလိုက်မိတယ်။ ကျွန်မလဲ သေသွားနိုင်တာပဲမဟုတ် လား။ အဲဒီတော့မှ ကြောက်လိုက်တာ။ ဘုရား ဘုရား လို့တမိတယ်။ ခုလောလောဆယ် ကိုယ့်ဒီခန္ဓာကြီးက ဘာရောဂါမှ မခံစားရတာတောင် ကျွန်မရဲ့ လောဘ ဒေါသ နဲ့ မောဟတွေကို သတ်လို့မရတာ။ ဒီခန္ဓာကြီးနာနေတဲ့ အချိန်များဆို ကျွန်မ ဘယ်လိုများ တရားသိတော့မှာတုန်း။ တရားမသိဘူးဆိုမှတော့ နောက်ဘ၀ဒီခန္ဓာကြီးရ ဒီလိုပဲ လောဘတွေ ဒေါသတွေဖြစ်။ ဒါတောင် ကျွန်မမှာ ငါးတွေသတ်ထားတဲ့
ဝဋ်ကြွေးဆိုတာရှိသေးတယ်။ မတ်တပ်ရပ်လို့ သေဆုံးသူရန်သူတော်ကြီးရဲ့ ရုပ်အလောင်းကို ကြည့်ပြီး ကျွန်မဒူးတွေ တုန်လာတယ်။ ရင်ထဲမှာလဲ တစ်လျှပ်လျှပ်ဖြစ်လာတယ်။ ဘုရား..ဘုရားဆိုပြီးတနေတာ လဲ ဘယ်နှစ်ကြိမ်မြောက်မှန်းကို မသိတော့ဘူး။ ကျွန်မရဲ့အသိကလေး လျှပ်ကနဲ တစ်ချက်ဝင်လာတယ် ဒီဘ၀ ဒီသံသရာကတော့ လွတ်အောင်တော့ ရုန်းမှဖြစ်တော့မယ်လို့...။ ။

(သီလရှင်..ဆရာလေး)အင်း..ဒါကတော့ ဆရာလေးရဲ့ ဘ၀ဇာတ်ကြောင်းပဲ ဒါယကာမလေးရယ်။ ခုတော့ ဆရာလေးလဲ တစ်ယောက်တည်း ဖြစ်တာလဲ မကျေနပ်တာမရှိတော့ပါဘူးကွယ်။ အကြောင်းရှိလို့ အကျိုးဖြစ်တာမဟုတ်လား။ ပြီးတော့ သူများကလိုက်ပြောနေတာကို ကိုယ့်စိတ်က လက်ခံလိုက်မှ ကိုယ်ကရတာပါကွယ်။ ကိုယ့်စိတ်ထဲမထည့်ဘူးဆိုရင် ဘာများရနိုင်အုန်းမလဲ။သံသရာမှာ ကိုယ်ကသူများကို ဒီလိုတစ်ကြိမ်ပြောခဲ့ဘူးတာမို့ ကိုယ့်အလှည့်ဒီဘ၀မှာ ၀ဋ်ဆိုတာ ပြန်ဆပ်တယ် လို့မှတ်ပါကွယ်။ ကိုယ့်ဘက်ကသာ မှန်နေတယ်ဆိုရင် တစ်ချိန်ချိန်မှာ သူ့အလိုလို အမှန်တရားဆိုတာ ပေါ်ပေါက် လာမှာပါ။ မေတ္တာသည်သာ အမြတ်ဆုံးပဲကွဲ့။ အဲဒီလိုမဟုတ်ပဲနဲ့ သူကပေးနေတဲ့ မနာလိုမုန်းတီးချင်း မရှုတဲ့စိတ်ထားတွေကို ကိုယ့်ဘက်က မာန်မာန ဒေါသနဲ့ မောဟတွေ ပြန်ပေးနေရင်းဖြင့် နှစ်ဘက်စလုံးဟာ ဘဲစားဘဲချေးဖြစ်တော့မှာပေါ့ကွယ်။
ကဲ ဆရာလေးလဲ ဆွမ်းစားချိန် နီးပြီးမို့ ကြွတော့မယ်ကွဲ့။
ဒါယကာမလေးတို့လဲ တစ်သက်တာလုံး မေတ္တာရေဖြန်းလို့ မေတ္တာနဲ့ အေးချမ်းပါစေကွယ်....

(ဖူး) တင်ပါ့ ဆရာလေးဘုရား။ ဆရာလေးကို ဒီနေ့အဖို့ ဆွမ်းကပ်ပါရစေဘုရား..

(သီလရှင် ဆရာလေး) အိမ်း အိမ်း သာဓု သာဓု သာဓု ပါကွယ်။


ဖူးတို့ သူငယ်ချင်းတစ်သိုက် ကျိုက်ထီးရိုးဘုရားဖူးထွက်လာကြသည်။ကျောင်းတွင် ဖူးတို့အဖွဲ့နှင့် အပြိုင်အဆိုင် မတည့်သော အဖွဲ့ကလဲ ကားချင်းကလဲ တူတူ။ တည်းခိုတော့လဲ တူတူ။ သူတို့ကမတူတူအောင် လိုက်ပြိုင်ဆိုင်နေကြသည်။ ဒီတော့ ဖူးတို့တစ်ဖွဲ့လုံး မပျော်ရ။ ဒေါသတွေသာ အလိပ်လိုက်ထွက်နေကြသည်။ ရေတံခွန်သွားတော့လည်း အတူတူလိုက်ပြီး ဖူးတို့အဖွဲ့ကို တစ်လမ်းလုံး မခံချင်အောင် လိုက်ပြောသည်။ ဒီတော့ အဖွဲ့မှ ယောက်ကျားလေးများက ထိုးမယ် ကြိတ်မယ် တစ်ကဲကဲနှင့် မိန်းကလေးတွေကလဲ ပြသနာတက်မှာစိုးသောကြောင့် လိုက်ထိန်းနေရနှင့် ဘုရားကိုပင်ဖြောင့်ဖြောင့် ရှိခိုးမိရဲ့လားတောင် မသေချာ။
မနက်ဖြန်ဆိုပြန်ရတော့မှာမို့ နံနက်စာအဆာပြေစားအပြီး ဘုရားရင်ပြင်တော်ပေါ်တွင်
ဝိုင်းဖွဲ့ထိုင်ရင်း မခံချင်သည်များကို အဖွဲ့ထဲ တစ်ယောက်တစ်ပေါက်ပြန်ပြောနေတုန်း ခုနက သီလရှင်ဆရာလေးက
ဝင်ရောက်ပြောဆို ဖျန်ဖြေပေးသွားချင်သာ ဖြစ်သည်။ ခုတော့လဲ အဖွဲ့ထဲက လူများတိတ်လို့..စိတ်ထဲမှာတော့ ကြည်နူးမိကြ သည်။ သီလရှင် ဆရာလေးအားလဲ မနက်ဆွမ်းကပ်လိုက်ကြသည်။ ပြီးတော့ ဆန့်ကျင်ဘက်အဖွဲ့အားလည်း ဥပက္ခာပြုလိုက်ကြ သည်။ သူတို့ဘာသာ ဘာပြောပြော။ အရေးကြီးတာက ကိုယ်တွေရဲ့ စိတ်ထဲမှာ ကြည်နူးစွာနဲ့ ကျိုက်ထီးရိုးဘုရားကြီးအား အေးအေးချမ်းချမ်း ဖူးကြဖို့သာ အဓိက။
နှစ်တိုင်းကျိုက်ထီးရိုးဘုရားကြီးကိုလာဖူးပြီးပြန်နေကျ ဖြစ်သော်လည်း။ ဒီနှစ်ဖူးပြီးပြန်ရတဲ့ အပြန်လမ်းတွင်တော့ စိတ်ထဲမှာအားလုံး ပေါ့ပါးနေကြသည်။ ပြီးတော့ ကြည်နူးနေကြသည်။ဘာရယ်တော့မဟုတ်။ သူတို့သူငယ်ချင်းအားလုံး၏ မျက်နှာသည် ကြည်လင်ပြီး ပြုံးရိပ်သန်းနေကြသည်။ ဆရာလေးပြောသော မေတ္တာ၏ အေးချမ်းသော အရိပ်ကြောင့်သာ ဖြစ်မယ်လို့ ဖူးတစ်ယောက်တွေးနေမိ တော့သည်။

ဘလော့မှာတင်ထားတဲ့ ပုံလေးကိုတော့ internet ကနေပဲ ရှာပြီး ယူသုံးထားမိတယ်။

Monday, 14 February 2011

MALWARE ကင်းရှင်းပါကြောင်း (2)



ဒီနေ့ ရသဝတ္ထုရွေးချယ်ခြင်းအဖွဲ့ ရဲ့ သတင်းပေးချက်အရ ထပ်စစ်လိုက်တော့ ထပ်တွေ့ပါတယ် ၀ဲတွေ တဲ့။ ဒါနဲ့ အနီလိုင်းတွေနဲ့
ဖြစ်နေတဲ့ links များကို ပြန်ပြီး ဖျက်လိုက်ရပါတယ်။ နောက်များမှ ပြန်ပြီး ထပ်ချိတ်ပါတော့မယ်။
အနီလိုင်းတွေ ဖြစ်နေတဲ့ ညီအစ်ကိုမောင်နှမ ဘလော့ဂါများကတော့
၁) ဆင်တဲ့ ကဖီး
၂) ရင်မှမိုးစက်ပွင့်များ ဘလော့title နဲ့ ဇူး
၃) Myanmar Food House title နဲ့ Sunny
၎) ဘလော့ဂါအများမှ ချစ်စနိုးခေါ်နေကြသော မယ်ကိ..ကိကိ..

အဲဒီ မောင်နှမများရဲ့ links တွေကိုဖျက်ပစ်လိုက်ပြီးမှ ပဲ ၀ဲကင်းကြောင်း ထောက်ခံစာ ပြန်ထွက်လာပါတယ်။
အမှန်တော့ ဆွေလေးကိုယ်တိုင်က လောဘကြီးတာပါ။ စာဖတ်ကာနီးရင် links တွေပြန်ရှာနေရတာ စိတ်မ၇ှည်တာနဲ့
ပြန်ချိတ်လိုက်တာ ၀ဲပြန်ကူးသွားတယ်။ နောက်အေးအေး ဆေးဆေး ဖြစ်တော့မှ ပြန်လင့်ပါတော့မယ်။

ဘလော့ညီအစ်ကိုမောင်နှမများ အားလုံး ၀ဲပျောက်ကင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းရင်း..
ဝဲကင်းကြောင်း ထောက်ခံစာ ပြန်တင်လိုက်ပါတယ်။

Thursday, 10 February 2011

MALWARE ကင်းရှင်းပါကြောင်း




ကြိုးစားပမ်းစား ချိတ်ထားသော LINKS များကို ဖျက်ပစ်လိုက်ပြီးနောက်.. ၀ဲ ပျောက်ကင်းသွားပါပြီ ဆိုတဲ့ အကြောင်း.