Tuesday, 16 June 2015

မှိန်၍ဖျော့သော အနာဂတ် ..





ဆာသောဗိုက်သည် ဆန္ဒပြလျှက်ရှိသည်။ နေ့လည်ထမင်းစားချိန် ထမင်းဝယ်စားချင်သော်ငြား ပိုက်ဆံအိတ်ထဲ ငါးရာတန်တစ်ရွက်သာ ကျန်သောကြောင့်  ဆန္ဒကိုမလိုက်လျောနိုင်ပေ။ ထမင်းဝယ်စားခဲ့သော် အလုပ်မှ အိမ်အပြန် လမ်းလျှောက်ပြန်ရပေမည်။ နီးသောခရီးဆိုလျှင် လျှောက်၏။ ဘတ်စ်ကားစီးလျှင်ပင် ၂ ဆင့်စီးရသော အိမ်အပြန်ခရီး ဖြစ်ပေရာ လမ်းလျှောက်ဖို့ကား မတတ်သာပေ။ အငွေ့တစ်လူလူဖြင့် ကော်ဖီဟုသာဆိုသည် ကော်ဖီနံ့ နည်းနည်းလေးမှ မရပဲ ထန်းလျှက်နံ့ တစ်ထောင်းထောင်းထနေသော ကော်ဖီမစ်ကိုသာ တစ်ငုံယူငုံလိုက်မိသည်။ ပြီးတော့ လည်ပင်း ဆန့်ကာ ထမင်းဟင်းရောင်းလျှက်ရှိသော နေရာထံသို့ အကြည့်က ရောက်သွားပြန်သည်။ ပါးစပ်အတွင်း သရေတို့ပလုံစီလာသည်။ လည်ချောင်းထဲ ဂလုကနဲမြည်အောင် ပြန်မြိုချရင်း အကြည့်ကို တစ်နေရာသို့ ပို့လိုက်ရသည်။ နောက်ထပ်ကော်ဖီတစ်ငုံ ထပ်ငုံလိုက်သည်။ ပူနွေးခါးသက်သော အရသာသည် လည်ချောင်းတစ် လျှောက်ပူကနဲ နွေးကနဲ.. ဆာသည်ဝမ်းသည် တစ်ဂွီဂွီမြည်နေစဲ။

သြော်…ငါ့ဘ၀ ငါ့ဘ၀ အိမ်ရှိလူကုန် အလုပ်နှင့်လက်မပြတ်တမ်း လုပ်နေသည်တောင်မှ ထမင်းက နပ်မမှန်ချင်ဘူး။ ဒါတောင်မှ  ရုံးအလုပ် ကာယနဲ့ လုပ်တဲ့ အလုပ်မဟုတ်သေးဘူး။ ကိုယ့်ဘ၀ကိုပြန်တွေးကြည့်တော့ မကျေနပ်ချင်ဘူး။ အလုပ်လုပ်နေရက်နဲ့ ထမင်းငတ်ရတဲ့ ငါ့ဘ၀ပါလားလို့ တွေးရင်းစိတ်ဓာတ်ပဲ ကျသလိုလို ငါ ဒီလိုဘယ်အချိန်ထိ စခန်းသွားရမလဲ မေးခွန်းတွေများစွာ အတွေးထဲရောက်လာသည်။ ဒီထက်ပိုတဲ့ ၀င်ငွေ ငါ ဘယ်က သွားရှာရမလဲ။ တွေးကြည့်တော့ အနာဂတ်သည် မသေချာ မရေရာစွာနှင့် တွက်ကိန်းပေါင်းများစွာ ထွက်လာပြန်သည်။ အဖြေကား နတ္တိ။ ကန်တင်းတွင် အများတစ်ကာတို့၏ စားသုံးသော ထမင်းနံ့ ဟင်းနံ့တို့သည် မွေးကြိုင်နေလေစွ။ အိမ်က နေ ထမင်းချိုင့်လေးယူလို့ရလျှင် ကောင်းမည်။ ထမင်းလေးပဲရှိ ဟင်းကဘဲဥကြော်ကြော် ကန်ဇန်းရွက်ကြော်ကြော် စားနိုင်သည်။ ပဲပြုတ်ကလေး ဆီဆမ်းလျှင်တောင်မှ အဆင်ပြေသည်။ ငတ်နေပြီမဟုတ်ပါလား။ အမေကလည်း တစ်နေ့ကို ပိုက်ဆံ၁၀၀၀ ပြန်ပေးပါရဲ့။ သို့ပေမယ့် အလုပ်သွားအလုပ်ပြန် ကားခကြီးပဲ ၅၀၀ လောက်ဖြစ်နေသာ ခရီးတွင် ကျန်၅၀၀ သည်ထမင်းစားရိတ်မဖြစ်နိုင်ပေ။ လကုန်လျှင် ရှိသမျှ ပိုက်ဆံ အမေ့ထံအကုန်အပ် အမေ ပြန်ပေးသော ၁၀၀၀ သည်ကိုယ့်အတွက် နေ့စဉ်အသုံးစားရိတ်။အမေညည်းပြသော နေ့စဉ်ကုန်ကျစားရိတ် ညည်းချင်းတွေကြားမှာ အမေရယ် သမီးကို ၁၅၀၀ လောက်ပေးပါလားလို့ ပြောမည့်အသံတို့သည် လည်ချောင်းထဲမှာ တစ်ဆို့ ပျောက်ကွယ်ကြကုန်၏။

သို့ပေမယ့် အိမ်ရှိလူကုန် ညဘက် ၇ နာရီလောက်မှ အလုပ်ကပြန်ရောက်လာကြသည်။ မနက်ပိုင်း အမေဆိုင် မသွားခင် ချက်ထားခဲ့သော ထမင်းနှင့်ဟင်းသည်ပင် ညနေစာဖြစ်သည်။ မနက်ည ထမင်းနှစ်နှပ်မျှ စားပြီးသောအခါ ဟင်းအိုးတို့ပြောင်သလင်းခါ ဆေးကြောမှောက်ထားသည့်အဆင့်ရောက်သွားပြီ။ အိမ်ကနေ မနက် ၆ နာရီခွဲဆို ထွက်ရ သော ကိုယ့်အတွက် ထမင်းချိုင့်ယူမည်ဆိုလျှင် ညကထဲက ချက်ထားမှ အဆင်ပြေနိုင်သည်။ အလုပ်ကနေ မောမော ပြန်လာ ရေမိုးချိုး ထမင်းစား ညအိပ်စက်ဖို့ ပူလောင်လောင်ဖြစ်ရသည့်အထဲ ည ၉ နာရီလောက်မှ မီးသွေးမီးဖိုနှင့် မီးမွှေးပြီး ဟင်းချက်ရန်မှာ ဘယ်လိုမှ စဉ်းစားလို့မရပေ။  ဟိုတစ်လောကဖြင့် ထမင်းပေါင်းအိုးအသေးလေးတစ်လုံးဝယ် လိုက်တော့ တော်တော်အဆင်ပြေလိုက်သေးသည်။ ညဘက် မီးလာသည့်အချိန် ဆန်လေးတစ်လုံးနှင့်  ဘဲဥလေးတစ် လုံးလောက် ကောက်ထည့်ထား မနက်ကျ ဆီလေးဆမ်း ဆားလေးဖြူးပြီး ယူသွားလိုက်ယုံပင်။ တစ်ခါတစ်လေ ပဲပြုတ် သည်ကို အားပေးလိုက်လျှင် မနက်စာအရေး စိတ်အကြံအေးပြီး ဗိုက်အရေးပြေလည်လေပြီ။
         
          ခုတော့လေ အိမ်ရှင်အဒေါ်ကြီးက လာပြောပါရဲ့ လျှပ်စစ်ပေါင်းအိုး မီးပူ မီးဖိုတွေ မသုံးပါနဲ့တဲ့။ ၀ါယာကြိုးတွေကမကောင်းတော့ လျှော့ဖြစ်မှာစိုးသတဲ့။ ခုသူတို့ဘက်ခြမ်းက ၀ါယာခဏခဏလျှော့ဖြစ်နေလို့  ဒီဘက် လာကြည့်တာတဲ့။ဖြစ်ချင်တော့မီးပလပ်ခေါင်းအဆင်ပြေတဲ့ အိမ်ရှေ့မှာ ထမင်းပေါင်းအိုးလေးကလည်း အငွေ့တစ်ထောင်းထောင်းနဲ့ တာဝန်ကျေနေလိုက်တာ။ အဲဒါနဲ့ နောက်နေ့က စပြီး အဲဒီပေါင်းအိုးလေး ထုပ်ပိုးပြီး ပြန်သိမ်းလိုက်ရတော့တာပဲ။ မီတာခလဲကျသလောက်ပေးနေပါရဲ့ အိမ်ရှင်ပဲ မီးကြိုးမကောင်းရင်လဲပေါ့။ ကိုယ်က ဒေါပွ နေသလောက် အမေတို့က “သမီးရယ် အိမ်ငှားရတာ သူ့အိမ်က ဈေးသက်သာတယ် ပြီးတော့ အိမ်လခလဲ တစ်ရက် နှစ်ရက် နောက်ကျလို့ရတယ် သည်းခံလိုက်ပါကွယ်” ဆိုလေတော့ ကိုယ့်မှာ အောင့်သက်သက်။ အဲဒီ မီးကြိုးမကောင်း တဲ့ သူ့အိမ်သွားကြည့်ပါလား ရေခဲသေတ္တာနဲ့ အ၀တ်လျှော်စက်နဲ့ ကဲ မပြောတော့ပါဘူးလေ ဆိုပြီ ကိုယ်ဟာ မနက်စာ ငတ်ပြတ်တဲ့ဒဏ်ကို လှလှပပကြီး ခံစားရတော့တာပဲ။

          ကြာတော့လဲ တစ်ကယ်စိတ်ဓာတ်ကျမိတယ်။ ကြိုးစားနေပါလျှက် တိုးတက်မှုဆိုတဲ့ အရိပ်အရောင် လေးမျှတောင် မမြင်ရတဲ့ဘ၀။  နာရီကြည့်လိုက်တော့ ထမင်းစားချိန် ၁ နာရီပြည့်ပေတော့မည်။ အလုပ်ထဲပြန်လေမှ အမှန်ဆို အလုပ်ထဲသွားရမည်ကို အတော်စိတ်ကုန်နေပြီဖြစ်သည်။ လက်ကျန် ထန်းလျှက်နံ့ တစ်ထောင်းထောင်း ကော်ဖီကို မျက်စိမှိတ်မော့ပစ်လိုက်သည်။ အလုပ်နှင့်ပတ်သတ်လျှင် ကံမကောင်းနိုင်သော ကိုယ့်ဘ၀ကိုလည်း အားမလိုအားမရဖြစ်သည်။ သူများတွေကံများကောင်းလိုက်တာ ကျောင်းလဲပြီး ရသည့်အလုပ်ကလည်း လစာကောင်း နေရာကောင်း အားကျမိသည်။ ကိုယ့်မှာ ကျောင်းပြီးတော့ ဒီလိုဘွဲ့လက်မှတ်လေးနဲ့ဆို အလုပ်နေရာ ကောင်းကောင်းမရနိုင်ဘူး။ ကွန်ပျူတာသင်တန်းလေးတက် စားရင်းကိုင်အခြေခံလေးတော့ သိလေမှ ဒီလိုအတွေးမျိုး နှင့် အိမ်မှာစက်ချုပ်ရင်း ရသည့်ပိုက်ဆံနှင့်တက်ရသည်။ အချိန်ဘယ်လောက်ကြာကြာ ပိုက်ဆံဘယ်လောက်ရင်းရ ရင်းရ  ဘာအရေးလဲ အလုပ်နေရာကောင်းကောင်းတစ်ခုရလျှင် ပြီးသည်ပဲပေါ့ သည်လိုတွေးခဲ့သည်။

          အလုပ်လေးရပြန်တော့ အသစ်ဝင်လာသောကိုယ့်ကို အရောတစ်ဝင်မရှိကြပေ။ ကိုယ်ကလည်း သူတို့လို ထမင်းချိုင့်လှလှလေးမကိုင်နိုင် အ၀တ်အစားကြော့နေအောင်မ၀တ်နိုင် တစ်ခါတစ်လေ သူတို့ထွက်စားလေ့ ရှိသော အသားညှပ်ဘာဂါ ခြောက်ကပ်ကပ်လဲ လိုက်မစားနိုင် ကော်ဖီတစ်ခွက် ၄၀၀၀ ပေးပြီးလိုက်မသောက်နိုင်ပေ။ ထို့ကြောင့်အလုပ်တွင်ကိုယ်သည် လူရာမ၀င်ပေ။ အစပိုင်းထမင်းချိုင့်ထဲမှ ပဲပြုတ် ဘဲဥပြုတ်မြင်လျှင် သူတို့သည် လှောင်သလို ပြောင်သလို အထင်သေးသလိုနှင့် သူတို့ဟာသူတို့ မျက်စပစ်တတ်ကြသည်။ ပြီးကိုယ့်မျက်နှာသည် အမြဲတမ်း သနပ်ခါးပါးပါးနှင့် သပ်ရပ်စွာစီးနှောင်းထားသော ဆံပင်ပုံစံ အမေဆင်ပေးသော အပေါ်အောက် ၀မ်းဆက် ရိုးရိုး ဗမာအင်ကျီ ထမီသည်သာ ကိုယ်ဝတ်နိုင်သည်။ အရေးကြီးသည်က သန့်ရှင်းသပ်ရပ်နေဖို့ပင်။ သူတို့လို ရယ်ဒီမိတ် အင်ကျီdesign အမျိုးမျိုးနှင့် ဒေါက်မြင့် ဖိနပ် တစ်နေ့တစ်မျိုးမရိုးအောင် ၀တ်နိုင်သည့် လူတန်းစားထဲမှ မဟုတ်ပေ။ မသိလို့မေးလျှင် ဒါလေးတောင်မသိဘူးဆို သည့် မျက်နှာထားမျိုးနှင့် ရင်ဆိုင်ရသည်။ တစ်ခါတစ်လေ သူတို့အတွက် အရမ်းခက်ခဲနေသည့်အလုပ်ကို ကိုယ့်ဘက်ကို ဘောလီဘောပုတ်တတ်သည်။ ပြီးလျှင်သူတို့က ကိုယ့်ကွယ်ရာတွင် တောမင်းသမီး အန်းတိတ်မဟူပြီး တီတိုးတီတိုး သဖန်းပိုးကြသည်။ တစ်ခါတစ်လေ ကိုယ်ဝတ်သော ဖိနပ်အပါးတွင် ရွံကပ်ပါလာလေရာ အခန်းထဲမှ ကော်ဇောများ ညစ်ပတ်သည်ဟူပြီ ဆိုကြသေးသည်။ အလုပ်တာဝန်သည် ကိုယ့်အတွက်ပြသနာမရှိ ကိုယ်ကျွမ်းကျင်သည့် အလုပ် ကိုယ်ပိုင်နိုင်သည့်အလုပ် တာဝန်ကျေအောင်လုပ်နိုင်သည်။
         
          ပိုပြီးခက်နေသည်က ကိုယ့်အထက်မှ လူကြီးမင်းမသည် ထိုအဖွဲ့နှင့်တစ်ဖွဲ့တည်းဖြစ်နေသည်။ ဒီတော့ ကိုယ့်ကိုယ်နှိမ်နိုင်သမျှ နှိမ်သည်။ ကျော်နိုင်သမျှ ကျော်သည်။ တစ်ခါတစ်လေ ကိုယ်မလုပ်သည့်ကိစ္စများကိုပင် အစည်း အဝေးတွင် ကိုယ်မှားပြီး လုပ်မိသဖြင့် မှားသယောင်ယောင်ပြောသည်။ ခက်သည်က ကိုယ်သည်အလုပ်မှ အုပ်ချုပ်သူလူကြီးမင်းများနှင့် တိုက်ရိုက်ဆက်သွယ်ရသည်မဟုတ် ကိုယ်မမှားပေမယ့် ဖြေရှင်းခွင့်မရ။ ထို့ကြောင့် ကိုယ် သည်အမှားများစွာနှင့် အသုံးမကျသော ၀န်ထမ်းဖြစ်နေရပြန်သည်။ တတ်သည့်ပညာကိုထုတ်သုံးခွင့်မရသလို ရှေ့လဲ ကြိုပြေးလို့မရ ။ ကိုယ်၏ခံယူချက်မှာ ကိုယ်ယူသောတာဝန်ကျေရမည်။ မပြီးမချင်း ခက်ခဲနေပါစေ အချိန်ယူ စဉ်းစားပြီး လုပ်သည်။ အောင်မြင်သွားလျှင် ကိုယ့်ရှေ့မှလူကြီးသည် သူမည်မျှပင်ပန်းကြောင်း သူမည်မျှကြိုးစားခဲ့ရကြောင်း ချဲ့ပြောလျှက် ကိုယ့်ဦးဏှောက်အားဖောက်စားသွားတတ်သည်။ ယခုအလုပ်မှ ကိုယ်ထွက်ချင်လှပြီ။

ပြန်စဉ်းစားတော့လည်း လစာကကောင်းသည် အလုပ်လဲကိုယ်လုပ်နိုင်သည်။ ဘာကြောင့်ကိုယ်ထွက်ချင်သ နည်း။ အလုပ်မလုပ်နိုင်၍လည်းမဟုတ် လစာလဲသင့်တင့်မျှတသည်။ ကိုယ်သည်လိုအလုပ်မျိုး ရာထူးမျိုးလိုချင်လို့ ရင်း လာရသည့် အချိန်တွေ ပိုက်ဆံတွေအတွက်နှမျောသည်။ ထို့ကြောင့် ကိုယ်သည်အလုပ်တွင်မပျော်သော်လည်း ပေတေပြီး နေသည်။ ကိုယ့်ဘ၀အကြောင်းကိုယ်သာ သိသည်။ ပြီးတော့ကိုယ်မြင်နေရသည် သည်အလုပ်သည် တိုးတက်ဖို့ အခွင့်အလမ်းတွေရှိသည်။ ကံကောင်းလျှင် နိုင်ငံရပ်ခြားပင်ထွက်ပြီး အလုပ်လုပ်ရနိုင်သည်။ ထိုမျှော်လင့်ချက်တို့ဖြင့် ကိုယ်အသက်ဆက်ရှင်နေသည်မှာ ယခုဆိုလျှင် ၁ နှစ်ကျော်ကျော်ကြာခဲ့ပြီ။ တိုက်ခိုက်မှုတို့ကလည်း ပိုပြင်းထန်လာသည်။ သူတို့ကပင်ပြောသေးသည် ကိုယ်သည်မျက်နှာထူသတဲ့။ ရုံးနောက်ကျလျှင် လစာဖြတ်သည်။ တစ်ရုံးလုံးကလူတွေ နေ့လည်မှလာလျှင်တောင်မှ လစာမဖြတ်ပဲ။ ကိုယ်တစ်ယောက်တည်းကိုမှ ၅ မိနစ်နောက်ကျလျှင် လစာဖြတ်သည် ဆိုတာကတော့ ခံပြင်းလွန်းသည်။ သည်နှစ်ကုန်လောက်ကပင် လစာ ထပ်တိုးပေးထားသေးသည်။ထပ်တိုးသော လစာငွေသည် ကိုယ့်စိတ်ကို ထပ်တိုးချည်နှောင်ပြန်သည်။

 ခုလည်း အလုပ်တွင် ကိစ္စတစ်ခုကြောင့် ကျဉ်းထဲကြပ်ထဲပင် ကိုယ့်အရှေ့ကလူကြီးမင်းမသည် အစည်းအဝေးတွင် အာမခံလာခဲ့သည်တဲ့ နောက်တစ်ပတ် အစည်းအဝေးအမှီ အလုပ်ပြီးအောင်လုပ်မည်။ တစ်ကယ်က ထိုအလုပ်သည် သူကိုယ်တိုင်လုပ်လျှင် တောင်မှ တစ်လနေလို့မပြီးနိုင်ပေ။ ပြီးတော့ ကိုယ့်ကိုလုပ်ခိုင်းပါမည်ဟု By name ဖြင့်အာမခံလာခဲ့သည်။ သည်ကြားထဲ သူမသည်ခွင့် ၁ပတ်မျှယူမည်တဲ့။ ကိုယ်သည် တိုင်နှင့်ခေါင်းနှင့်သာစောင့်ပြီး သတ်သေချင်စိတ်များ တစ်ဖွားဖွားပေါ်မိသည်။ အလုပ်ကအဆင်မပြေသည့်ထဲ ထမင်းကငတ်သလို မနက်ကအမေ၏ ညည်းသံလဲ ကြားမိသည်။ အိမ်ငှားခ စာချုပ်ထပ်ချုပ်ရမည်တဲ့ အိမ်လခလဲ ထပ်တိုးတောင်းသည်ဟု ဆိုသည်။ တွေးကြည့်လျှင် သည်လူ့ဘ၀ကြီးထဲ မနေလျှင်တောင် ပိုကောင်းမည်။ လျှောက်နေပါလျှက် လမ်းပျောက်သည့်ဘ၀ ကြိုးစားနေပါလျှက် ပန်းတိုင်မရှိသည့် ဘ၀ မည်သူ့ကို လက်ညှိုးထိုး အပြစ် တင်ရမည်လဲ ကိုယ်မသိ။ ငယ်ရွယ်သူတစ်ယောက်၏ စိတ်ကျရောဂါများဖြစ်နေမလား။

          ယနေ့ဆိုလျှင် အလုပ်အပ်ရန် ၃ ရက်မျှသာလိုတော့သည်။ နောက်တစ်ပတ် တနင်္လာနေ့ဆိုလျှင် အပ်ရပေတော့မည်။ ကိုယ်ဖြတ်လမ်းနည်း စဉ်းစားရပေတော့မည်။ ကိုယ့်တွင် မေးခွန်းများစွာရှိနေသည်။ မတတ်နိုင်ပေ အရဲစွန့်ရပေတော့မည်။ ထိုမေးခွန်းတွေအတွက် အဖြေရှိလျှင် ကိုယ်ဖြေရှင်းနိုင်ပြီဖြစ်သည်။ ကိုယ်နောက်ဆုံးအကြိမ် အဖြင့် ကြိုးစားကြည့်မည်။ သည်တစ်ကြိမ်မအောင်မြင်ခဲ့လျှင် ဒီအလုပ်မှ ထွက်တော့မည်။ အလုပ်မှအုပ်ချုပ်သူအကြီး အကဲနှင့် တွေ့ခွင့်တောင်းခဲ့သည်။ ကိုယ်လိုအပ်သည့် မေးခွန်းများကိုမေးသည်။ အလုပ်အခြေအနေအကြောင်း သေချာနားလည်အောင် ရှင်းပြသည်။ ထို့အပြင် သည်တစ်ပတ်ထဲနှင့်ဆိုလျှင် တစ်ဝက်မျှသာ ပြီးနိုင်ပါကြောင်း လုပ်ရမည့်အလုပ်သည် လုပ်ဆောင်စရာတွေများပြားလွန်းနေသလို အချို့နေရာများတွင် တိကျသေချာသည် ဆုံးဖြတ် ချက်မရှိသဖြင့် မည်သို့မျှ ရှေ့ဆက်၍မရကြောင်း စာရွက်စာတမ်းအပြည့်အစုံ အထောက်အထားအစုံနှင့် ကိုယ်ရှင်းပြ ခဲ့သည်။ အုပ်ချုပ်သူအကြီးအကဲသည် အစတွင်အလုပ်များရသည့်အထဲဆိုသည့် အကြည့်မျိုးဖြင့် တုံ့ပြန်နေသော်လည်း နောက်ပိုင်းရှင်းလင်းရင်း နားထောင်ရင်းဖြင့် စိတ်ဝင်စားလာသည်။ ခေါင်းတစ်ညိမ့်ညိမ့် ဖြစ်လာသည်။ နောက်ဆုံး အခြေအနေတွင် နောက်တစ်ပတ်အစည်းအဝေးတွင် အချို့ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ကျွန်မကိုယ်တိုင် အစည်းအဝေး လာတက်ပြီး ယခုကဲ့သို့ အသေးစိတ်ရှင်းပြစေချင်ကြောင်း စာရွက်စာတမ်းများ အဆင်သင့်ပြင်ထားရန် ညွန်ကြားချက် ပေးလိုက်သည်။ အလုပ်ကိုလည်း ဘယ်၍ဘယ်မျှအထိသာ လုပ်ထားပါဟု သတ်မှတ်ပေးလိုက်သည်။

          အုပ်ချုပ်သူအကြီးအကဲ၏ ရုံးခန်းထဲမှ ပြန်အထွက်တွင် ကိုယ်၏ စိတ်သည် ပေါ့ပါးလတ်ဆတ်နေလေ ပြီ။ သို့ပေမယ့် အလုပ်သည်များနေသေးသည်။ မတတ်နိုင်ပေ အပြန်နောက်ကျလျှင် နောက်ကျပါစေတော့ သည်သုံး ရက်လေး ပင်ပန်းရသည်ပဲ အလုပ်ကိုပြီးအောင်လုပ်မည်။ လူပင်ပန်းခံနိုင်သည် စိတ်ပင်ပန်းကားလုံးဝ မခံနိုင်သော သူဖြစ်သည်။ လုပ်စရာရှိသည် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ထားလိုက်သည်။ သည်တစ်ပတ် ရုံးပိတ်ရက် ရွှေတိဂုံဘုရားသွားပြီး ပုတီးစိတ်မည်။ စိတ်တို့အေးချမ်းချင်လှသည်။ တနင်္လာနေ့ ကြုံလာသမျှကို စိတ်အေးအေးနှင့် ရင်ဆိုင်မည်။ ထို့ကြောင့် စိတ်တည်ငြိမ်ချင်သည် ရင့်ကျက်ချင်မိသည်။ အတတ်နိုင်ဆုံး စိတ်ကိုလျှော့ထားရပေမည်။ ကြုံလာသမျှ ကံကိုသာပုံချယုံရှိသည်။ အကောင်းဆုံးကြိုးစားထားခဲ့ပြီးပြီ။ သို့နှင့် တနင်္လနေ့ရုံးကို ခပ်စောစောပင် ထွက်လာခဲ့သည်။ ကိုယ်သည်ရုံးတွင် အစောဆုံး ရောက်ရှိနေသူဖြစ်သည်။ အစည်းအဝေးအတွက် လိုအပ်သည်များကို အသင့်ပြင်ဆင်ထားလိုက်သည်။ အခန်းအပြင်မှ စကားသံအချို့ ကြားရသည်။ သူတို့အဖွဲ့ တီးတိုးသဖန်းပိုးနေကြပြီ ဖြစ် သည်။ အမှန်စင်စစ်အားဖြင့် ကိုယ်ရုံးသို့မရောက်သေးဟု ထင်ပုံရသည်။ အသံခပ်ကျယ်ကျယ် ခပ်စာစာဖြင့်ပြောနေ ကြသည်။

          သူတို့ပြောသည်မှာ ကိုယ့်ရှေ့မှလူကြီးသည် ခွင့်တစ်ပတ်ယူလိုက်သည့်အတွက် ခြေတစ်လှမ်း နောက် ကျသွားပြီဖြစ်ကြောင်း ကိုယ်သည်ရုပ်ရည်လေးသနားကမားဖြင့် အုပ်ချုပ်သူအလုပ်ခန်းထဲဝင်သွားပြီး မည်သို့ မျက်ရည်ခံ ထိုးလိုက်သည်မသိ အလုပ်တာဝန်တို့လျှော့ပေါ့သွားကြောင်း ကိုယ်သည် ကိုယ့်နေရာအဆင့်အတန်းကို ကိုယ်တိုင် မသိကြောင်း သည်နေ့အစည်းအဝေးတွင် ကိုယ်မည်ကဲ့သို့ မျက်စိသူငယ် နားသူငယ်ဖြစ်မည်ကို စောင့်ကြည့်နေကြ ကြောင်း သူတို့လို နှစ်ချီလုပ်လာသည့်သူများပင် အစည်းအဝေးမတက်ရပဲနှင့် ကိုယ်ကျမှအစည်းအဝေးတက်ရသည်ဆို တော့ အုပ်ချုပ်သူလူကြီးမင်းအား ဘာများပေးလိုက်သလဲမှ မသိတာဟူ၍ လည်းကောင်း ချိုးချိုးဖဲ့ဖဲ့ ပြောနေကြတော့ သည်။ အစတော့ ကိုယ်သည်နားထောင်နေရင်းအသားတွေ တစ်ဆတ်ဆတ်တုန်လာသည် ဒေါသတွေဖြစ်သည် အခန်းတံခါးကို ၀ုန်းကနဲတွန်းဖွင့်ကာ ၀ုန်းဒိုင်းကျဲပစ်လိုက်ချင်သည်။ မျက်နှာချင်းဆိုင် ခပ်ကြမ်းကြမ်းရှင်းပစ်လိုက်ချင် သည်။ အံတွေဖိကြိတ်ထားမိသည်။ သည်းခံစမ်း ဒါဟာတစ်ကယ့်တိုက်ပွဲမဟုတ်သေးဘူးဟူ၍ ကိုယ့်ကိုယ်ကို အားပေး သည်။

          ခဏကြာသော် ကိုယ့်အရှေ့မှ လူကြီးမင်းမသည် အခန်းတံခါးတွန်းဖွင့်ပြီး အခန်းထဲဝင်လာ၏။ ကိုယ့် ကိုယ်တွေ့လိုက်သည့်အခါ သူ၏မျက်နှာသည် ဟန်မဆောင်နိုင်အောင် ပျက်ယွင်းသွားသည်။ ကိုယ်ဘာမှမဖြစ်သလို မသိသလိုသာနေလိုက်သည်။ လုပ်စရာရှိသည်များကိုသာ လုပ်နေလိုက်သည်။ အရေးကြီးသည်မှာ ဒီနေ့အစည်းအဝေး တွင် ကိုယ်သည်ပြီးပြည့်စုံစွာ ပြင်ဆင်ထားဖို့ပင်ဖြစ်သည်။ ပိုက်ဆံ ရသည့်လစာငွေကိုတော့ဖြင့် ကိုယ်မက်မောပါသည်။ အကြောင်းက ဆင်းရဲသားတစ်ယောက်ဖြစ်သော ကိုယ့်အတွက် ငွေသည် အလိုအပ်ဆုံးအရာဖြစ်သည်။ ရေရှည်တွင် ကိုယ့်တွင် တိုးတက်လမ်းမရှိ ကိုယ့်အတတ်ပညာအတွက် မတိုးတက်သည့် နေရာတွင်တော့ ကြာကြာမနေလိုတော့ ပေ။ အတတ်နိုင်ဆုံးအကောင်းဆုံး ကိုယ်လုပ်ပေးခဲ့ပြီးပြီ။ ကိုယ့်ကိုယ်ကို လိပ်ပြာလုံစွာ ဒီအလုပ်ကနေ ကျောခိုင်းနိုင်ပြီ ဆိုသည့် စိတ်မျိုးဖြင့် အစည်းအဝေးခန်းမထဲကိုယ်ဝင်ခဲ့သည်။ ကိုယ်ပြင်ဆင်လာသည်များကို သေချာတိကျစွာ ရှင်းပြခဲ့ သည်။ ကိုယ့်မှာရှိသလောက် အင်အားတို့ကို အကုန်ထုတ်သုံးခဲ့သည်။ စိတ်သည် စိုးရိမ်ကြောက်လန့်ခြင်း အလျင်းမရှိ။ တည်ငြိမ်နေခဲ့သည်။ ဘယ်သူတွေ ဘာပြောပြော ကိုယ့်တာဝန်ကိုယ်ကျေဖို့သည် အဓိကဖြစ်သည်။ ကိုယ်သည် အတိုင်းထက်အလွန် ကြိုးစားခဲ့ပြီးပြီ။ အင်အားတွေ ထည့်ခဲ့ပြီးပြီ။ ထို့ကြောင့် အောင်မြင်သည် မအောင်မြင်သည်ကဖြင့် နောက်တစ်ပိုင်းဖြစ်သည်။

          ထိုကိစ္စတွေအပြီး ကိုယ်နားလည်သွားခဲ့သည်မှာ ဘ၀သည်တစ်ကြိမ် တစ်ခါမျှတော့ဖြင့် သင့်ကိုချောက်ထဲကျ အောင် တွန်းပို့မည်မှာတော့ သေချာလှသည်။ သင်ဘယ်နှစ်ကြိမ် ချောက်ထဲမှ ပြန်တက်လာနိုင်သလဲ ဒါသည်သာ အဆုံး အဖြတ်ဖြစ်သည်။ သင်ကိုယ်တိုင် စိတ်ဓာတ်ကျပြီး ချောက်ထဲမှ ပြန်ပြီးမတက်လာလျှင်တော့ဖြင့် သင်သည် ချောက်ထဲ ကျမြဲကျနေစဲပင်ဖြစ်သည်။ ချောက်ထဲတွင် အမြဲနေရပေလိမ့်မည်။ ချောက်ထဲမှ တစ်ခါပြန်တက်လာတိုင်း သင်၏ တတ်ကျွမ်းမှုအတတ်ပညာသည်လည်းကောင်း အတွေ့အကြုံသည် တစ်ကြိမ်ထက် တစ်ကြိမ် ပိုပြီးတိုးတက်လာလိမ့်မည်။ စိတ်၏ ပင်ကိုယ်အရည်အသွေးကိုယ်က ခက်ခဲမှုကို မျက်မှောင်ကုတ်ကြည့်နေသည်ထက် ဖြေရှင်းဖို့အရာတစ်ခုအဖြစ်သာ မြင်လာလိမ့်မည်။ ထို့ကြောင့် ဘ၀တွင် ဘာတွေပဲဖြစ်နေနေ ချောက်ထဲမှ တစ်ကြိမ်တော့ ကြိုးစားရုန်းကန်ပြီး ပြန်တက်ခဲ့စေချင်မိသည်။ ဖြစ်နေရသော ဘ၀နှင့် ဖြစ်လာရသော ဘ၀တွင် မည်သူ့ကိုမျှ အပြစ်မတင်နိုင်ပေ။ ဘ၀ပေး အခြေအနေ မကောင်း လို့လား။ စနစ်ကြီးကပဲ မကောင်းလို့လား။ အင်အားကြီးသူတို့သည် အားနည်းသူကို ဖိနှိပ်ချင်နေကြတာလား။ တိုးတက်ချင်သူ အောင်မြင်ချင်သူတိုင်းတွင် အစမ်းသပ်ခံ အရာတွေပဲ ရှိနေတာလား သေချာမသိနိုင်ပေ။ သေချာသည်ကတော့ ဘယ်နေရာကိုရောက်နေနေ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် အကောင်းဆုံးကြိုးစားနေထိုင်ဖို့ ပင်ဖြစ်သည်ဟု  စိတ်ထဲမှ ခံယူထားမိလေတော့သည်။ 



*****
ချစ်သော မောင်နှမများ အားလုံး ကျန်းမာလို့ ချမ်းသာကြပါစေရှင်.

2 comments:

  1. ဘယ်လိုအခြေအနေမျိုး ဖြစ်နေပါစေ ကိုယ်လုပ်သင့်တာကို အကောင်းဆုံးလုပ်ခဲ့ခြင်းဟာ အမှန်ကန်ဆုံးအတွေးလို့ ယူဆတယ်။ ဘ၀မှာအကြိမ်ကြိမ်လဲကျစေအုံးတော့ ကြိုးစားပြီးပြန်ထရမှာ အောင်မြင်မှုရဲ့လမ်းစလို့ထင်တယ်။ ဆောင်းပါးလေးဖတ်သွားပြီ မွန်လေးရေ....

    ReplyDelete
  2. အလုပ်ဆိုတာကို စိတ်ကုန်နေတာကြာပြီ အမရေ
    ပစ်လည်းတကယ်စိတ်ကုန်တယ်..
    အစပိုင်းကတော့ သည်းခံပေါ့..
    သည်းခံလိုက်တာကောင်းပါတယ်ပေါ့
    လူဆိုတဲ့ အမျိုးကလည်းသည်းခံလေေ၇ာင့်တက်လေ
    နောက်တော့ စိတ်ကို ပုံစံပြင်လိုက်တယ်
    သင်ကောင်းလည်း ကျွန်ုပ် မဆိုးပါ ဆိုပြီး
    လုပ်လိုက်တယ် ပြီးရော..
    ကိုယ်လည်း ပုံစံပြောင်းရော သူတို့တွေလည်း
    ပုံစံပြောင်းသွားတယ်..
    အဲဒီတော့ သည်းခံခြင်းဆိုတာ အလုပ်ထဲမှာ
    မကောင်းတဲ့ အရာလို့ ဘဲသတ်မှတ်လိုက်တယ်အမရယ်..

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......